Tuesday, November 19, 2013

အချိန်မီသာ ပြင်ဆင်ခွင့် မရှိခဲ့ရင်.....


ဒီကာတွန်းဟာ ဦးဘဂျမ်းကာတွန်းပွဲတော်မှာ ပထမဆု ရတယ်လို့ ရေးကြပြောကြတာကို ဖတ်ရပါတယ်။ အဲဒါကို ကျွန်တော်မသိပါ။ အတည်ပြုချက် မပေးနိုင်ပါ။ ဒီကာတွန်းနဲ့ ပတ်သက်ပြီး NLD က မကျေမနပ် ဖြစ်နေတယ်လို့လည်း ရေးကြပြောကြပါသည်။ အဲဒါလည်း ကျွန်တော်သေချာမသိပါ။ ကာတွန်းဆရာနဲ့ ဆုပေးတဲ့ အဖွဲ့ နှစ်ခုလုံးဟာ ဦးနှောက်မရှိဘူးဟု ဒေါ်စုဂုဏောများက ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်ဟုလည်း ကြားရပါသည်။ ထိုသတင်းကိုလည်း ကျွန်တော်တိတိကျကျ မသိပါ။

ကျွန်တော်ပြောလိုသည်က ၂ ချက်ရှိပါသည်။

၁။ ကာတွန်းဆရာသည် ယခုမှ စိတ်ကူးပေါက်၍ ထရေးသူတစ်ဦး မဟုတ်ပါ။ ဂျာနယ်တွေ၊ နေ့စဉ်ထုတ် သတင်းစာတွေမှာ ကျွန်တော်တို့ ဖတ်နေကျ၊ မြင်နေကျ ကာတွန်းဆရာ ဖြစ်ပါသည်။ သမ္မတအစ လွှတ်တော်အဆုံး အစိုးရအဖွဲ့မကျန် သူမြင်သမျှကို သရော်သော၊ ဝေဖန်သော၊ ထိုးနှက်သော ကာတွန်းများ ရေးဆွဲနေသူတစ်ဦး ဖြစ်ပါသည်။ ထိုစဉ်က အားလုံးဝိုင်း၍ လက်ခုပ်တီးခဲ့ကြပါသည်။

၂။ ယခု ကာတွန်းကို ကောင်းသည်၊ ဆိုးသည် ကျွန်တော် မဆွေးနွေး မငြင်းခုန်လိုပါ။ သို့သော် ဤကာတွန်းသည် လက်တွေ့ဘ၀မှ ပြည်သူများ၏ အမြင်ကို ထင်ဟပ်ကြောင်း ၉၉.၉၉ ရာခိုင်နှုန်း အာမခံပါသည်။ ကျွန်တော် မကြာခဏ ရေးခဲ့ပြီးဖြစ်ပါသည်။ NLD ထိပ်ပိုင်းက ဘယ်လိုပဲ အကြောင်းပြပြ တစ်နိုင်ငံလုံး နားလည်ထားတာက ဖွဲ့စည်းပုံကို ပြင်ဆင်လိုခြင်းသည် ဒေါ်စုကို သမ္မတနေရာ မရအောင် လုပ်ထားခြင်းကြောင့်ဟုသာ။ အခြားသော ဒီမိုကရေစီစံနှုန်းနှင့် ညီသည်၊ မညီသည်၊ တပ်မတော်ကို အာဏာ အလွန်အကျွံပေးထားသည်၊ မပေးထားသည် စသည်များကို သာမန်ပြည်သူတွေ မသိပါ။ ဘယ်သူကမျှလည်း သိအောင်မလုပ်ပေးကြပါ။ ရှေ့ကရေးခဲ့သည့် ပို့စ်မှာပဲ ကျွန်တော်ပြောခဲ့ပါသည်။ ကျွန်တော်တို့ရပ်ကွက်ထဲမှာ NLD က လူငယ်ပဲလာလာ၊ လူကြီးပဲလာလာ သူတို့ပြောတာ အရှင်းဆုံး။ ဒေါ်စုကို သမ္မတဖြစ်စေချင်သလား၊ အဲဒါဆိုရင် ဖွဲ့စည်းပုံကို ပြင်ရမယ်တဲ့။ ကျွန်တော်က ဒါမျိုးကို ကြိုက်သည်။ ကျန်တဲ့ စံနှုန်းတွေ၊ ဘာနှုန်းတွေကို သူတို့မသိ။ သူတို့သိတာ သူတို့ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါ်စုသည် ဖွဲ့စည်းပုံကို မပြင်လျှင် သမ္မတမဖြစ်နိုင်။ ထို့ကြောင့် အဲဒါကြီးကို ပြင်မှရမည်။ ဒါပဲ။ ဘယ်လိုပြင်ရမလဲ... လာမမေးနဲ့ မသိဘူး။ ပြင်ရမယ်ဆိုတာတော့ သေချာသိတယ်။ အဲဒါက ပြည်သူ့အမြင်နဲ့ ထပ်တူဖြစ်ပါသည်။ ထို့ကြောင့် ယခုကာတွန်းသည် ပြည်သူ့အမြင်ကို အပြည့်အ၀နီးပါး ထင်ဟပ်ကြောင်း ကျွန်တော်ဆိုခြင်း ဖြစ်ပါသည်။

သမ္မတကို ဒီကာတွန်းဆရာက ဝေဖန်ကလိနေတုန်းကတော့ အားလုံးက တပြုံးပြုံး လုပ်နေခဲ့ကြပြီးမှ သူတို့ကို တစ်ကွက်ကလေး ထိသွားတော့ ဆတ်ဆတ်နာသည်ဆိုတာကတော့ ဒီမိုကရေစီ မဆန်ဘူးဟု ထင်မိပါသည်။

ဘာပဲပြောပြော ဒီနှစ် ဦးဘဂျမ်းလမ်း ကာတွန်းပြပွဲကို မသွားဖြစ်နိုင်ခဲ့ပါ။ ထို့ကြောင့် အရင်နှစ်တွေကလို ဟိုကာတွန်းကြည့်လိုက်၊ လမ်းလယ်ခေါင်မှာ မတ်တတ်ရပ်ရင်း ရယ်လိုက်၊ ဓာတ်ပုံတွေရိုက်လိုက် မလုပ်ဖြစ်နိုင်ခဲ့ပါ။ အခုမြင်ရသည့် တစ်ပုံဆိုတစ်ပုံဆိုသလောက် ကာတွန်းကိုတော့ဖြင့် သဘောကျမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ အင်္ဂါနေ့။
ည ၈ နာရီ ၆ မိနစ်တွင်ပြီး၏။

Sunday, November 17, 2013

လတ်တလော မြန်မာ့နိုင်ငံရေး ၀ဲဂယက်များ


အခုရက်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေးသတင်းတွေက စုံလင်လှသည်။ ဂျာနယ်များ အကြိုက်တွေ့သည့် ရက်သတ္တပတ်ဟုပင် ဆိုရမည်ထင်သည်။

(က) နိုင်/ကျဉ်းတွေ ထပ်လွှတ်ပေးလိုက်သည်။ ဒါက ဘာမျှမထူးဆန်း။ ထူးဆန်းတာက ဦးနေ၀င်းရဲ့ မြေး ၂ ဦးပါ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ သူတို့လည်း သူတို့ဝဋ်ကျွေး ကုန်သွားသည့်အတွက် လွတ်မြောက်သွားတာဟုပဲ နှလုံးသွင်းလိုက်ပါသည်။ ကျန်တာတွေ လျှောက်စဉ်းစားနေလျင် စိတ်ညစ်နေရဦးမည်။ အသက်တိုနေဦးမည်။

(ခ) ၂၀၁၅ ကျော်မှ အကူအညီတွေ ပေးပါဟူသော ပြောစကားနှင့်ပတ်သက်၍ နိုင်ငံရေးအသိုင်းအ၀ိုင်း တစ်ခုလုံး ပွက်ပွက်ညံနေသည်။ ဘာရည်ရွယ်ချက်နှင့် ပြောတာလဲကတော့ ဂျာနယ်တွေ၊ သတင်းစာတွေရဲ့ တာဝန်ဟုထင်သည်။ ပြောခဲ့သည့် ကာယကံရှင်ကို မေးကြပေါ့။ သူ့ဘာသာသူ အပိုင်တွက်ပြီး ပြောတာလား ဆိုတာကလည်း ဂျာနယ်လစ်တွေကိုပဲ အားကိုးရမည်။ မေးကြည့်ကြပါ၊ ဗျူးကြည့်ကြပါ၊ ဂျာနယ်တွေ၊ သတင်းစာတွေမှာ ရေးပေးကြပါ။ စောင့်မျှော်ဖတ်ရှုနေပါသည်။

(ဂ) OIC ကိစ္စ အရမ်း ထိလွယ်ရှလွယ် ဖြစ်နေသည်။ စဉ်းစားဖို့တောင် ကောင်းသေးတော့သည်။ ဘယ်သူတွေက ဒီလိုတွေဖြစ်အောင် ကြံစည်နေကြတာလဲ။ သံဃာတွေ သူ့ဟာသူ ကျောင်းတိုက်တွေမှာ အေးအေးဆေးဆေး သီတင်းသုံးပါစေ။ စာဝါတွေ တက်ပါစေ။ ဘာဖြစ်လို့ သံဃာတွေကို လမ်းပေါ် ဆွဲဆွဲခေါ်နေကြတာလဲ။ ကိုယ့်ဘာသာသာသနာကို ကိုယ့်ဘာသာကိုယ် ပြန်ဖျက်ဆီးနေကြတာလားဟု မေးခွန်းထုတ်လျှင် ကျွန်တော့်ကို မွတ်စ်တို့၊ မျိုးမစစ်တို့ စွပ်စွဲကြဦးမည်။ သေချာတာကတော့ ကျွန်တော်က မျက်ကန်းမျိုးချစ် မဟုတ်ဘူး။ ဘာသာ သာသနာကို ဒီနည်းနဲ့ ထိန်းသိမ်းရမှာ မဟုတ်ဘူးဆိုတာ သေချာသိသည်။ ဘယ်ကျမ်းဂန်ထဲမှာမျှ မိမိဘာသာ သာသနာအတွက် ဒီလိုတွေ လုပ်ရမယ်ဟု မပါချေ။ တရားဓမ္မနှင့် မညီလျှင် အဓမ္မ၀ါဒီတွေသာ ဖြစ်သည်။ ဒါက ဘာသာရေးရှုထောင့်က ပြောသည့်ကိစ္စ။ နိုင်ငံရေးရှုထောင့်က ပြောရမည်ဆိုလျှင် OIC ဆိုသည်မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကမ္ဘာသိ နိုင်ငံတကာအဖွဲ့အစည်းတစ်ခု နိုင်ငံအတွင်း ၀င်ခွင့်ပေးသည့် ကိစ္စရပ်သည် ဘာမျှအထူးအဆန်း မဟုတ်ချေ။ အစိုးရတာဝန်ရှိသူတွေက ခံစားချက်တွေ၊ ဆန္ဒတွေနှင့် အလုပ်လုပ်ကြရတာ မဟုတ်၊ နိုင်ငံတကာဆက်ဆံရေး ဆိုတာကလည်း ရှိသေးသည်။ မိမိစိတ်နှင့် မကိုက်ညီတာမှန်သမျှ မှားသည်ဟု လက်ခံနေသေးသရွေ့ မြန်မာ့နိုင်ငံရေး ခရောင်းလမ်းက တက်နိုင်ဦးမည် မထင်ချေ။

(ဃ) စစ်တွေမှာ OIC ကို လူ ၈၀,၀၀၀ လောက် ဆန္ဒပြသတဲ့။ စံချိန်တင်လောက်သည်။ အံ့သြရလောက်သည်။ ဟိုးအရင်ကတည်းကသာ ရခိုင်တွေ အဲလို စည်းရုံးခဲ့လျှင်၊ အဲဒီလို ညီညွတ်ခဲ့လျှင် ၁၀ ရာခိုင်နှုန်းအောက် ရောက်စရာအကြောင်း မရှိပါချေ။ ဆဲချင်သည့် ရခိုင်များရှိပါက အချက်အလက်နှင့် လာဆဲကြပါကုန်။ တစ်လက်စတည်း အကောင့်နာမည်တပ်၍ ကွန်းမန့်မရေးလျှင်တောင် ဘယ်မှာနေသည်ကို ထည့်ရေးစေလိုသည်။ အွန်လိုင်းမှာ ၀ံသာနုစိတ်ဓာတ် ပြင်းထန်နေသည့် ရခိုင်အားလုံး နီးပါးက နိုင်ငံခြားတိုင်းပြည်များနှင့် ရန်ကုန်ကချည်းပဲ ဖြစ်သည်။ ကျွန်တော်ဘာပြောချင်သည်ကို ခင်ဗျားတို့ သိသည်။ ကြိုက်တဲ့အကြောင်းပြချက် ပေးကြပေါ့ဗျာ။

(င) ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စက ပါတီတစ်ခုတည်းရဲ့ ကိစ္စမဟုတ်တာတော့ သေချာသည်။ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းပုံကိစ္စကို ပါတီအရေးအလား မောင်ပိုင်စီးပြီး လုပ်ချင်ရာ လုပ်နေတာတော့ နည်းနည်းလွဲနေသည် ထင်ပါသည်။ ပါတီထိပ်ပိုင်းက ပြောလိုက်လျှင်တော့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီလို့ ပြင်ချင်တာဟု တတွတ်တွတ် ရွတ်နေသည်။ အဲဒါဆို ဘာဖြစ်လို့ အသည်းအသန် လိုက်လုပ်နေကြသလဲ။ ဘာလို့ ၂၀၁၅ မတိုင်မီ ပြင်ချင်တာလဲ။ ခင်ဗျားတို့ပဲ ၂၀၁၅ မှာ NLD က သေချာပေါက် နိုင်မှာဆို။ အဲဒီကျမှ လုပ်ရင် ပိုလို့တောင် အဆင်မပြေဘူးလား။ ခင်ဗျားတို့ ဖွဲ့တဲ့အစိုးရဆိုတော့ ခွင့်ပြုချက်ကိစ္စလည်း ပူစရာ မလိုဘူး။ အုပ်ချုပ်ရေးပိုင်းနဲ့လည်း ငြိစရာမရှိဘူး။ အများကြီး စောင့်ရမှာလည်း မဟုတ်ဘူး။ ၂ နှစ်လောက်လေးပဲဟာကို။ အပေါ်ကတော့ ဟိုပြောဒီပြောနဲ့၊ ရပ်ကွက်ထဲမှာ လိုက်စည်းရုံးတဲ့ NLD တွေကတော့ ပြတ်သားတယ်။ ဒေါ်စု သမ္မတဖြစ်တာကို မြင်ချင်တယ်မလား။ အဲဒါဆိုရင် ဖွဲ့စည်းပုံကို ပြင်ရမယ်။ ကျွန်တော်တို့ ပြင်ဖို့လုပ်နေတာကို ထောက်ခံကြတဲ့။ အေးရော... ဘယ်လောက် ရှင်းသလဲ။ အဲလို တဲ့(ဒဲ့)ပြော၊ တဲ့လုပ်စမ်းပါ။ ဝေ့လည်ကြောင်ပတ်နဲ့ ဒီမိုကရေစီစံနှုန်းတွေ၊ ဘာအခွင့်အရေးတွေ ညာအခွင့်အရေးတွေ လျှောက်ပြောမနေစမ်းပါနဲ့။ NLD ထဲမှာရော ဒီမိုကရေစီစံနှုန်း အပြည့်အ၀ ရှိလို့လား။ အာဏာရှင် ဒေါ်စုရဲ့ စကားမှန်သမျှ NLD မူဆိုပြီး လုပ်နေတာ ဘယ်လောက် ကြာနေပြီလဲ။ NLD ကို လွတ်လပ်စွာ ဝေဖန်သူတိုင်းကို ဘာဖြစ်လို့ အဖွဲ့ဝင်အဖြစ်က ထုတ်ပစ်ကြသလဲ။ တစ်ခါတလေကျတော့လည်း ဘာမျှမသိတာပဲ ကောင်းပါတယ်ဗျာ။ ခင်ဗျားတို့ နိုင်ငံရေးက ရှုပ်ထွေးတယ်ဗျ။ ညစ်ပတ်တယ်လို့ပြောရင် ပိုမှန်မယ်ထင်တယ်။

(စ) လွှတ်တော်နာယကကြီးရဲ့ အာဏာချဲ့ထွင်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ဆိုးလာပါလားဗျာ။ ပြောပြန်ရင်လည်း ဒေါက်တာဆိတ်ဖွားလို သန်းရှာခံရဦးမယ်။ ဖွဲ့စည်းပုံမှာ ပြင်လိုက်ဗျာ။ လွှတ်တော်တွေက အုပ်ချုပ်ရေးကိစ္စလုပ်၊ အစိုးရအဖွဲ့က ဥပဒေတွေ ရေးလိမ့်မယ်။ ပြီးရော... အဲဒါမှ ဒီ Check and balance အကြောင်းပြပြီး အာဏာလွန်ဆွဲနေတာတွေ တစ်ခန်းရပ်မှာ။ အခုတော့ ဘာတွေမှန်းကို နားမလည်တော့ဘူး။ ဥပဒေကို နားလည်တယ်ဆိုတိုင်း ဥပဒေကို လက်တစ်လုံးခြား လုပ်တာမျိုးကတော့ မလုပ်ကောင်းဘူး ထင်ပါတယ်ဗျာ။

(ဆ) သမ္မတ လစာလျှော့ယူတာကို ဘာဖြစ်လို့ အနာလုပ်နေရသလဲလို့ ကျွန်တော့်ကို လာမမေးနဲ့။ ကျွန်တော်မသိဘူး။ သိချင်ရင် အနာလုပ်တဲ့လူတွေကို သွားမေးကြည့်။ ခဏခဏမေးလာရင် ပေါက်ကရ ဖြေပစ်လိုက်မယ်။ လွှတ်တော်ကလူတွေက လစာတိုးပြီး လိုချင်နေတာ၊ သမ္မတနဲ့အဖွဲ့က လျှော့ယူနေတော့ ပြည်သူက လွှတ်တော်ကိုယ်စားလှယ်တွေကို တစ်မျိုးမြင်မှာကြောက်လို့ နေမှာပေါ့ကွလို့။ ဟုတ်တယ်လေ...။ ဘာဖြစ်လဲ... ကိုယ်တွေက အမြင့်ဆုံး အာဏာပိုင် လွှတ်တော်ကိုယ်စားလှယ်တွေပဲ။ သမ္မတနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ မယူတဲ့ ဥပဒေအရ ပေးထားပြီးသား လစာတွေကို အညီအမျှခွဲပြီး ကိုယ်စားလှယ်တွေအတွက် ထောက်ပံ့ကြေးအဖြစ် ပေးနိုင်မယ့် ဥပဒေတစ်ခု အတည်ပြုလိုက်ပေါ့။ ရှင်းရှင်းလေးဟာကို အလကားနေရင်း ခေါင်းခြောက်ခံနေကြတယ်။ ကိုယ့်မှာ ကြိုက်တဲ့ဥပဒေ ပြဋ္ဌာန်းခွင့် ရှိနေတာပဲ... လုပ်လိုက်ပါတော့လား။

(ဇ) မြန်မာ့နိုင်ငံရေးကို စိတ်ပျက်တဲ့အထဲမှာ ဒီလို ဓာတ်ပုံတွေကြောင့်လည်းပါတယ်။ ဘာမှတ်ချက်မျှ မရေးချင်တော့ဘူး။ စာဖတ်သူတို့ပဲ ကိုယ့်ဘာသာကိုယ် ကြိုက်သလို ခံစားကြပါကုန်။




အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁ နာရီ ၄၅ မိနစ်တွင်ပြီး၏။

Tuesday, November 05, 2013

မီတာခတွေ တိုးကောက်မယ်၊ ချီးမြှင့်ငွေတွေ တိုးတောင်းမယ်


အခုရက်ပိုင်း ဖတ်ရတဲ့ သတင်းနှစ်ခုကို သိပ်ပြီးတော့ သဘောမတွေ့လှဘူး။ ပထမသတင်းက လျှပ်စစ်ဓာတ်အား အသုံးပြုခတွေ တိုးမြှင့်ကောက်ခံမယ့် သတင်းပါ။ နောက်တစ်ခုက သမ္မတကစပြီး လွှတ်တော်ကိုယ်စားလှယ်တွေအထိ လစဉ်ရရှိနေတဲ့ ချီးမြှင့်ငွေ (စကားလုံးလှအောင် ဘယ်လိုပဲသုံးသုံး လစာပေါ့ဗျာ) ကို တိုးမြှင့်ပေးဖို့ လွှတ်တော်မှာ ဆွေးနွေးကြမယ့် သတင်းတွေဖြစ်ပါတယ်။

အပေါစားနိုင်ငံရေးနည်းနဲ့ အစိုးရကို မကောင်းပြောရင်ပြီးရောဆိုပြီး ပြောရမယ်ဆိုရင်တော့ မီတာခတွေ တိုးမြှင့်ပြီး ကောက်ခံမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုအဖွဲ့အစည်းဝင်တွေကပဲ လစာတိုးတောင်းသလိုလို ဖြစ်ရပ်ပါ။ ဒါမှမဟုတ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လစဉ်ချီးမြှင့်ငွေ တိုးမြှင့်ပေးဖို့အတွက် ပြည်သူတွေဆီက မီတာခတွေ တိုးမြှင့်ကောက်ခံရသလိုမျိုး ဖြစ်ရပ်ကြီးပါ။

ဆင်းရဲသူနဲ့ လူလတ်တန်းစား အများစုဖြစ်တဲ့ ပြည်သူတွေက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမှာမို့ ဟိုနားက ကန့်ကွက်လိုက်၊ ဒီနားက ကန့်ကွက်လိုက် ဖြစ်နေကြချိန်မှာ ပြည်သူ့အသံ လွှတ်တော်အသံ ဆိုတာကြီးရဲ့ လုပ်ပေါက်က ကြည့်ပါဦးဗျာ။ တကယ်ဆိုရင် လျှပ်စစ်မီတာခတွေကိစ္စကို အရင်ဆုံး လွှတ်တော်မှာ အကျေအလည် ဆွေးနွေးတာ၊ မေးခွန်းတွေ မေးမြန်းတာ၊ မီတာခတွေ မတက်သေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုတွေ တင်သွင်းတာတွေ လုပ်ရမှာပါ။ အခုတော့ ပြည်သူ့ကိုယ်စားလှယ်ကြီးများက သူတို့တွေ လစဉ် ၆ သိန်း ရဖို့အရေးကို အရေးတကြီး၊ အလေးထားပြီး ဆွေးနွေးကြတော့မယ်။ မီတာခတွေ ဈေးတက်တာ သူတို့နဲ့မှ မဆိုင်ဘဲကိုး။ မေးခွန်းလေး တစ်ခွန်း နှစ်ခွန်းမေးပြီး ၀န်ကြီးက ဈေးလျှော့ဖို့ အစီအစဉ်မရှိဘူးဆိုတာနဲ့ လွှတ်တော်က ငြိမ်ငြိမ်လေး ပြန်ထိုင်နေတာတော့ အလုပ်မဟုတ်ဘူး ထင်ပါရဲ့ဗျာ။ သူတို့အရေးများဆိုရင် ၀န်ကြီးမကလို့ သမ္မတကြီးကတောင် ဘယ်လောက်ပဲ မေတ္တာရပ်ခံသည်ဖြစ်စေ သူတို့လုပ်ချင်ရာ လုပ်ခဲ့ကြတာ မဟုတ်လား။ ထားပါတော့လေ။ ကျွန်တော် ဉာဏ်မမီတာတွေလည်း ရှိပေမပေါ့။

အခုလိုအချိန်မှာ မီတာခတွေ တိုးမြှင့်ကောက်ခံတာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ပါ။ နိုင်ငံတကာ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်တာတွေ၊ ဟိုပြဒီပြ အကြောင်းပြချက်တွေနဲ့ လုပ်ချင်တိုင်း မလုပ်သင့်ပါဘူး။ နိုင်ငံတကာမှာလို မြန်မာပြည်မှာ အနည်းဆုံး လုပ်ခလစာ ဥပဒေ ရှိပြီလား။ ပြဋ္ဌာန်းတဲ့ ဥပဒေတွေက နိုင်ငံတကာအဆင့် မမီသေးဘဲ၊ ဌာနဆိုင်ရာတွေရဲ့ လုပ်ထုံးလုပ်နည်းတွေက နိုင်ငံတကာ အဆင့်မမီသေးဘဲ၊ လျှပ်စစ်မီတာခကိုကျတော့မှ နိုင်ငံတကာဈေးနှုန်းအတိုင်း ကောက်ခံချင်နေလို့ကတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ မိသားစုတစ်ခုရဲ့ လူနေမှုအဆင့်အတန်းဟာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုအပေါ်မှာ အများကြီး မူတည်နေတယ်လို့ ကျွန်တော်က ကောက်ချက်ချချင်ပါတယ်။ လျှပ်စစ်ဓာတ်အား လုံးဝအဆင်မပြေတဲ့ ရခိုင်ပြည်နယ်မှာ နေခဲ့ရသူ တာဝန်ထမ်းဆောင်ခဲ့ရသူ တစ်ယောက်အနေနဲ့ ရခိုင်ဒေသ ဘာဖြစ်လို့ ဖွံ့ဖြိုးမှုနောက်ကျရတယ်၊ ရခိုင်ဒေသခံတွေ ဘာဖြစ်လို့ မျက်စိပိတ်၊ နားပိတ် ဖြစ်နေရတယ်ဆိုတာကို ကိုယ်တွေ့မျက်မြင် ကြုံလာခဲ့သူပါ။ တီဗီမကြည့်ရ၊ ဂြိုဟ်တုမကြည့်ရ၊ ကွန်ပျူတာမသုံးရတဲ့ လူတွေရဲ့ဘ၀ဟာ ဒီနေ့လိုခေတ်မှာ ဘယ်လိုအခြေအနေ ရှိမယ်ဆိုတာ နည်းနည်းလေး စဉ်းစားကြည့်စေချင်ပါတယ်။ ကိုယ်ချင်းမစာတတ်ဘူးဆိုရင်လည်း တစ်ပတ်လောက်ပဲ တီဗီမကြည့်၊ စလောင်းမကြည့်၊ ကွန်ပျူတာမသုံးဘဲ နေကြည့်စေချင်ပါတယ်။ ပြောလိုတဲ့ လိုရင်းကတော့ မီတာခတွေ တိုးမြှင့်ကောက်ခံမှာကို ကျွန်တော်ကိုဉာဏ် လုံးဝသဘောမကျဘူး။ အစိုးရကို အမြဲတမ်း ကန့်လန့်တိုက်နေတဲ့ (ထိန်းကျောင်းတယ်ဆိုတဲ့ စကားလုံးနဲ့ မတန်ဘူးထင်လို့ မသုံးပါ) လွှတ်တော်က အခုကိစ္စမှာ နှာစေးမနေသင့်ဘူး။ ထိထိရောက်ရောက် တိုက်တွန်းတာ၊ မေးမြန်းတာတွေ လုပ်သင့်ပါတယ်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေရဲ့ လစဉ်ချီးမြှင့်ငွေတွေကို တိုးမြှင့်ဖို့ လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး သဘောတူပါတယ်။ လုပ်သင့်တယ်လို့လည်း မြင်ပါတယ်။ သူ့ရာထူးနဲ့သူ ထိုက်တန်တဲ့ လစာရှိမှသာ (မက်လုံးရှိမှသာ) အဲဒီရာထူးအတွက် တာဝန်ယူမှု၊ တန်ဖိုးထားမှုတွေ ပိုလာမှာဖြစ်သလို အဲဒီရာထူးကို အသုံးချပြီး အကျင့်ပျက် ခြစားတာတွေလည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်တွေအတွက်ပဲ စဉ်းစားခြင်းမပြုဘဲ အခြားသော ၀န်ထမ်းများအတွက်လည်း စဉ်းစားကြဖို့ လိုပါတယ်။ အခုဆိုရင် အပြင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာငွေဟာ အင်မတန်မှ ကွာဟနေပါပြီ။ ဒါဟာ ၀န်ထမ်းတွေရဲ့ စိတ်ကို တစ်နည်းတစ်ဖုံ သိမ်ငယ်အောင် လုပ်နေသလိုပါပဲ။ အခုလို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေရဲ့ လစာတွေကို တိုးမြှင့်ဖို့ လုပ်နေတယ်ဆိုတော့ အခုဆွေးနွေးမယ့် ဘဏ္ဍာရေးအသုံးစရိတ်တွေမှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာငွေတွေ တိုးမြှင့်တော့မယ့် ဆွေးနွေးမှုတွေ မြင်လာရတော့မယ်လို့ ယုံကြည်မိပါတယ်။ အခြားသော နိုင်ငံ့ဝန်ထမ်း မဟုတ်တဲ့ လုပ်သားတွေအတွက်လည်း အနည်းဆုံးလုပ်ခလစာ ဥပဒေလေး အမြန်ဆုံး ပြဋ္ဌာန်းနိုင်အောင် ကြိုးစားကြပါဦးလို့ လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။ လွန်တာရှိရင် ၀န္ဒာမိပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင်ပြီး၏။

Monday, November 04, 2013

ပုဒ်မ ၁၈ နဲ့ ပတ်သက်တဲ့ ကျွန်တော့်အတွေးတွေပါ


လူပြောသူပြော များနေတဲ့ ပုဒ်မ ၁၈ ကို ပယ်ဖျက်ဖို့အတွက် လွှတ်တော်မှာ လုပ်ဆောင်နေကြတယ် ဆိုတဲ့သတင်းတွေ ဖတ်ရပါတယ်။ အင်း... ဘယ်လိုပြောရမလဲ။ ကောင်းပါတယ်လား... ကြိုဆိုပါတယ်လား။ ကျွန်တော်က ပြောရင်လည်း မင်းက လူတတ်ကြီးလားတို့၊ ဘာတို့ ၀ိုင်းကစ်ကြဦးမယ်။ ကျွန်တော်တို့ မြန်မာတွေက ဘယ်လောက်များ ဥပဒေပါး မ၀သလဲဆိုရင် သူများပြောလို့သာ အဲဒီ ပုဒ်မ ၁၈ ဆိုတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ မကောင်းဘူးဆိုပြီး ၀ိုင်းအော်ကြတာ။ တကယ်တမ်း အဲဒီ ပုဒ်မ ၁၈ ဟာ ဘယ်ဥပဒေက ပုဒ်မကို ပြောတာလဲလို့ အဲဒီလူတွေကို မေးကြည့်လိုက်။ ထားပါဗျာ... အဲဒါတွေ ပြောမနေတော့ပါဘူး။ ပြောလိုရင်းက ပုဒ်မ ၁၈ ကို ပယ်ဖျက်ပေးလိုက်ရုံနဲ့ ကြိုက်သလို ဆန္ဒပြလို့ရတယ်၊ ကြိုက်သလို စုဝေးလို့ရတယ်လို့ အယူမလွဲကြပါနဲ့လို့ ပြောချင်တာပါ။

သာမန်ပြော ပြောရမယ်ဆိုရင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေမှာ ပြစ်မှု၊ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ၃ ခု ရှိတယ်။
(၁) စုဝေးတာ၊ စီတန်းလှည့်လည်တာကို နှောင့်ယှက်ဟန့်တားတဲ့ လူတွေအပေါ် အရေးယူမယ့် ပြဋ္ဌာန်းချက်၊
(၂) ခွင့်ပြုချက်မယူဘဲ စုဝေးရင်၊ စီတန်းလှည့်လည်ရင် အရေးယူမယ့် ပြဋ္ဌာန်းချက် နဲ့
(၃) စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုလုပ်တဲ့အချိန်မှာ သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ရင် အဲဒီလူတွေကို အရေးယူမယ့် ပြဋ္ဌာန်းချက်တွေ ဖြစ်တယ်။

အခု လွှတ်တော်မှာ ပယ်ဖျက်ဖို့ လုပ်နေတယ်ဆိုတာက နံပါတ် (၂) အချက်ဖြစ်တဲ့ ခွင့်ပြုချက်မယူဘဲ စုဝေး၊ စီတန်းလှည့်လည်ရင် (တဲ့ပြောရရင် ခွင့်ပြုချက်မယူဘဲ ဆန္ဒပြရင်၊ ဆန္ဒဖော်ထုတ်ရင်ပေါ့) အရေးယူမယ့် အချက်ကို ပြောတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့ ကွဲလွဲနေတဲ့အတွက်လို့ အင်တာဗျူးတွေမှာ နားထောင်ရတယ်။ ဘာမျှမပြောလိုပါဘူး။

ပုဒ်မ ၁၈ ကို ပယ်ဖျက်လိုက်ရင် အဲဒီဥပဒေဟာ သောက်တလွဲဥပဒေ ဖြစ်သွားပြီ။ ပုဒ်မ ၁၈ နဲ့ ချိတ်ဆက်ပြီး ရေးထားတဲ့ ပြဋ္ဌာန်းချက်တွေက အဲဒီဥပဒေမှာ အများကြီးပဲ။ ပုဒ်မ ၁၈ လေးတစ်ခု ပယ်ဖျက်ပြီး သူ့နောက်က ပုဒ်မတွေကို အစဉ် ပြန်ပြောင်းရုံနဲ့ကတော့ အဲဒီဥပဒေဟာ ဟာသဥပဒေ ဖြစ်လာမှာပါပဲ။ မြင်သာတဲ့ ဥပမာ တစ်ခုပေးရရင် ပုဒ်မ ၁၈ မှ မလိုတော့ရင် ပုဒ်မ ၁၀ နဲ့ ၁၁ က ဘာကိစ္စ အသုံးဝင်တော့မှာလဲ။ ခွင့်ပြုချက် ယူစရာမလိုဘဲ ဆန္ဒပြတယ်ဆိုမှတော့ သတ်မှတ်နေရာလည်း မရှိတော့ဘူး၊ သတ်မှတ်လမ်းကြောင်းလည်း မရှိတော့ဘူး။ သူရဦးအောင်ကိုလည်း ၂၀၁၅ နီးလာလေ သွေးပျက်လာလေ ဖြစ်နေသလား မပြောတတ်ဘူး။ ဘာတွေ လျှောက်ပြောနေမှန်း မသိဘူး။

ပုဒ်မ ၁၈ မလိုတော့ဘူးဆိုရင် လုပ်ရမှာက အဲဒီဥပဒေကို ပြန်ရုပ်သိမ်းပြီး အသစ်ပြန်ရေးဆွဲတာပဲ။ ဆန္ဒဖော်ထုတ်လိုသူတွေ အနေနဲ့ ဘယ်လိုနေရာတွေကို ရှောင်ကြဉ်ရမယ်၊ အများပြည်သူကို အနှောင့်အယှက် မဖြစ်အောင် ဘယ်လိုအချက်တွေကို ရှောင်ကြဉ်ရမယ် အဲဒါတွေ ရေးပေါ့။ ပြီးမှ အဲဒါတွေ မလိုက်နာရင် ရင်ဆိုင်ရမယ့် ပြစ်မှုပြစ်ဒဏ်တွေကို ပြဋ္ဌာန်းပေါ့။ ဒါက ထွန်ကျူးတာလည်း မဟုတ်ဘူး၊ ရေခင်းပြတာလည်း မဟုတ်ဘူး၊ စာချတာလည်း မဟုတ်ဘူး။ ကျွန်တော်မြင်သမျှ ဉာဏ်မီသမျှနဲ့ ပြောကြည့်တာ၊ အကြံပြုကြည့်တာ။

အဲဒီိလိုမှ မဟုတ်ရင်တော့ မြန်မာပြည်နဲ့ အကိုက်ညီဆုံး ဥပဒေတစ်ခုကတော့
မိမိဆန္ဒရှိသည့် အချိန်တွင် မည်သည့်နေရာတွင်မဆို၊ မည်သည့်ပုံစံဖြင့်ဖြစ်စေ ခွင့်တောင်းခံစရာ မလိုအပ်ဘဲ လွတ်လပ်စွာ ဆန္ဒပြနိုင်၊ လှည့်လည်အော်ဟစ်နိုင်သည်။ လုံခြုံရေး တာဝန်ရှိသူများကလည်း ဖမ်းချင်လျှင် ဖမ်းမည်၊ မဖမ်းချင်လျှင် မသိချင်ယောင် ဆောင်နေမည်။

အဓိကပြဿနာက ဆန္ဒပြတဲ့လူတွေက ခွင့်ပြုမိန့် မတောင်းချင်ဘူး။ ငြင်းပယ်တာတွေ၊ ကန့်သတ်တာတွေကို မလိုချင်ဘူး။ သူတို့ ဆန္ဒပြချင်တဲ့အချိန် ပြချင်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် ပြချင်တယ်။ လွှတ်တော်က ဒါကို ဖြည့်ဆည်းပေးချင်တယ်။ အင်း... ကျွန်တော်တို့လို ဟိုမရောက် ဒီမရောက် ပြည်သူတွေက ဒင်းတို့တွေကြားမှာ ဘယ်လိုစိတ်ညစ်ရဦးမလဲ မသိပါဘူး။ ဆန္ဒဖော်ထုတ်တယ်ဆိုပြီး ကျွန်တော့်အိမ်ရှေ့မှာ ဟိုလူ့နာမည်အော်ပြီး အော်ဆဲလိုက်၊ ဒီလူ့နာမည်အော်ပြီး အော်ဆဲလိုက် လာလုပ်လို့ကတော့ အဲဒီကောင်တွေကို ထွက်ရိုက်မယ်။ ပြီးရင် ပုဒ်မ ၁၇ ကို ပယ်ဖျက်ပေးပါဆိုပြီး တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ပစ်မယ်။ သမ္မတကြီးဆီကို စာရေးပစ်မယ်။ ဘာမှတ်နေလဲ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်၊ တနင်္လာနေ့။
နံနက် ၁ နာရီတွင် ပြီး၏။

Wednesday, October 30, 2013

အဘနဲ့ အဘရွာ၊ တင်မိုး


ပြောင်းတစ်တင်းကို
ခေါင်းရင်းအိမ်က ပေးခဲ့တယ်။
ဟင်းရွက်တစ်ဆုပ်၊ ထင်းတစ်ခုတ်ကို
ကျုပ်မြေးတွေက ပေးခဲ့တယ်။

လျှာပွတ်ဆေးနဲ့
ဆေးခါးကြီးစ၊ လျက်ဆားစသည်
ကျောင်းကဘုန်းကြီး ပေးခဲ့တယ်။

သမီးအငယ်၊ အိမ်ထောင်သည်က
နေ့လယ်နေ့ခင်း၊ ခံတွင်းချဉ်ပြေ
အပျင်းပြေအောင်
အဖေလည်းဝါး၊ ဧည့်လည်းစား..တဲ့
လက်ဖက်သားကလေး ပို့ခဲ့တယ်။

ဝါကျွတ်ရက်က
အညှက်ဖြူဆုပ်၊ ပေါက်ပေါက်ဆုပ်တဲ့...
မွေးစုတ်တဘက်၊ ချည်စောင်ကွက်တဲ့...
သက်ကြီးဝါကြီး ကန်တော့ကြတယ်။

ငှက်ပျောသီးနဲ့
အုန်းသီးတစ်လုံး၊ ဘ မသုံးဘူး
ဘုန်းကြီးလှူလိုက်ရသေးရဲ့။

အဘီဆီက
ရှေးကသီချင်း၊ တက်ကြရင်းနဲ့
နင်းကြနှိပ်ကြ၊ ပြုစုကြနဲ့
ကာလသားတွေ၊ စည်ပါပေကွယ်
ပုလွေ မယ်ဒလင်၊ ဒေါင်ဒင်ဒင်နဲ့
ဘင်ဂျိုဝိုင်းက ညတိုင်းပ။

အဘအိုရဲ့
ပုံတိုပတ်စ၊ ကြားချင်ကြသတဲ့
ညခင်းညခါ၊ ၀ိုင်းလို့လာတဲ့
ရွာက ကလေး၊ အဘမြေးတွေ
အေး... အေး... ပြောရသေးတာပ။

အဘအိမ်သား၊ ကွယ်လွန်သွားလည်း
ဝမ်းခါးမပူရပေဘူး။

အဘရဲ့သား၊ ရန်ကုန်သွားလည်း
တအားမငယ်ရပေဘူး။

သည်မြေသည်ရွာ၊ အဘရွာပေါ့။
ရွာသူရွာသား၊ အဘသားပေါ့။
ရွာက ကလေး၊ အဘမြေးပေါ့။

သမီးနဲ့သား၊ မြေးငယ်များတို့
ငါ့ရွာနားက
တစ်ဖ၀ါးတောင်၊ ခွာနိုင်ပေါင်ဗျာ
နောင်ဘ၀လည်း၊ ဘ မခွဲဘူး
ခုလည်းသည်မှာ ခေါင်းချမယ်။

Monday, October 28, 2013

ကျွန်တော့်အမြင်၊ ကျွန်တော့်အတွေး သက်သက်ရယ်ပါ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်လေးတွေကို ပြောချင်ပါတယ်။ ပုဂ္ဂလအမြင်နဲ့ ခံစားချက် ဖြစ်တဲ့အတွက် မှားကောင်းမှားမယ်ဆိုတာ ၀န်ခံလိုပါတယ်။ အခြားသူများရဲ့ အမြင်၊ အတွေးတွေကိုလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ပါ။

ပထမဆုံး ချီးကျူးစကားနဲ့ စတင်ချင်ပါတယ်။ လူတစ်ယောက်ကို မကောင်းပြောရမှာထက် ကောင်းတဲ့အချက်၊ ချီးကျူးရမယ့်အချက်ကို ကျွန်တော်ပိုပြီး နှစ်သက်ပါတယ်။ ဒေါ်စုနဲ့ ပြုလုပ်ခဲ့သမျှ အင်တာဗျူးတွေမှာ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါ်စု ဖြေခဲ့သမျှတွေကို ချီးကျူးပါတယ်။ တော်ပါပေတယ်၊ ဖြေတတ်ပါပေတယ်၊ ပညာပါလှပေတယ်လို့လည်း အသိအမှတ် ပြုပါတယ်။ အဲဒီမေးခွန်းတွေနဲ့ အလားသဏ္ဌာန်တူတဲ့ မေးခွန်းပေါင်းများစွာကို လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ကျင်လည်နေကြတဲ့ ပုဂ္ဂိုလ်တွေ အများစု ဖြေဖူးကြပါတယ်။ ဒါပေမယ့် ဘယ်အဖြေကမျှ ဒေါ်စုရဲ့ အဖြေလောက် ပညာသားမပါသလို၊ တစ်ဖက်မေးသူကိုလည်း အကြပ်မရိုက်စေပါဘူး။ အဲဒီအတွက် ဒေါ်စုကို လှိုက်လှိုက်လှဲလှဲ ချီးကျူးပါရစေ။ ဒေါ်စု တော်ပါတယ်။

ချီးကျူးတာနဲ့ စပြီး နောက်ထပ်ပြောမှာတွေက ဝေဖန်သလို ဖြစ်နေလေတော့ ဒါတွေ ရေးချင်တဲ့အတွက် ဟန်လုပ်ပြီး ချီးကျူးခဲ့ရသလို ဖြစ်မှာကိုလည်း စိုးရိမ်မိတာ အမှန်ပါ။ ဒါပေမယ့် ကျွန်တော့်လိပ်ပြာ ကျွန်တော်ယုံတဲ့အတွက် ပွင့်လင်းစွာပဲ ရေးသားဝေဖန်ပါရစေ။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဒေါ်စုရဲ့ ဝေဖန်ထောက်ပြမှုတွေဟာ အင်မတန်မှ မှန်ကန်သလို၊ ပညာသား ပါလှပါတယ်။ ဒါပေမယ့် အဲဒီဝေဖန်မှုတွေကို ပြည်တွင်းမှာ မပြောဆိုဘဲ ဘာဖြစ်လို့ ပြည်ပခရီးစဉ် သွားတဲ့အခါတိုင်းကျမှ ပြောရသလဲဆိုတာ စဉ်းစားရခက်ပါတယ်။ ဒေါ်စု ပြည်ပကို ခရီးစဉ် တစ်ခုခုသွားတိုင်း ဆုတစ်ခုမဟုတ်တစ်ခု လက်ခံရယူတာကို သတိထားမိကြပါလိမ့်မယ်။ ဒါဟာ ပြည်ပ အထောက်အပံ့ကို တစ်ဖက်လှည့်နဲ့ ယူနေတာဆိုတာ မျက်စိမှိတ်ပြီး မငြင်းဘူးဆိုရင် အားလုံးသိနေတဲ့ အချက်တစ်ခုပါ။ ဆုတွေကလွဲရင် ဒေါ်စုမှာ အခြားဝင်ငွေ ရပေါက်ရလမ်း မယ်မယ်ရရ မရှိပါ။ ဟိုမျက်မှန်စိမ်းတပ် အမျိုးသမီးပြောသလို ဒေါ်စုဟာ တစ်နှစ်ကို စာအုပ်တစ်အုပ် ရေးတာနဲ့တင် ထိုင်စားလို့ ရတယ်ဆိုတာမျိုးတော့ ဒီခေတ်ကြီးမှာ လာမရွှီးနဲ့ပေါ့ဗျာ။ မြန်မာပြည်သူ သန်း ၆၀ မှာ ဒေါ်စုရဲ့ Freedom from Fear စာအုပ်ကို ဖတ်ဖူးတဲ့သူ ဘယ်နှဦးရှိသလဲ စစ်တမ်းကောက်ကြည့်ပါဦး။ အင်္ဂလိပ်လိုရေးပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ ထုတ်ဝေမယ်ဆိုရင်လည်း ကျွန်တော် လက်လှမ်းမမီတော့ မပြောတော့ပါဘူး။ ချင့်ပြီးတော့ စဉ်းစားကြပေါ့ဗျာ။ လမ်းလွဲသွားတဲ့အတွက် တောင်းပန်ပါတယ်။ ပြောချင်တာက နိုင်ငံခြားခရီးစဉ်သွားပြီး ဆုတစ်ခုခု ယူခါနီးတိုင်း ဒေါ်စုဟာ မြန်မာ့ပြည်တွင်းရေးနဲ့ ပတ်သက်ပြီး အတင်းတုပ်လေ့ ရှိပါတယ်။ မြန်မာ့ဓလေ့အရ ရှေ့မှာမပြောဘဲ ကွယ်ရာမှာပြောရင် အတင်းတုပ်တာပါပဲ။ ပြည်တွင်းမှာတော့ မသိချင်ယောင် ဆောင်နေပြီး ပြည်ပရောက်ပြီဆိုတာနဲ့ ၀မ်းသာအားရ ဝေဖန်တာ၊ ပြစ်တင်တာဟာ စဉ်းစားစရာ ကိစ္စတစ်ခု ဖြစ်လာပါပြီ။ ဒေါ်စုဟာ ပြည်တွင်းထက် ပြည်ပကို အားကိုးမှု ပိုတယ်ဆိုတဲ့ ကောက်ချက်ကို ချရပါလိမ့်မယ်။ ပြောရရင် ဒေသတွင်းနိုင်ငံတွေထက် အနောက်နိုင်ငံတွေကို အားကိုးမှု ပိုပြီးတော့ များပါတယ်။

ဒေါ်စုဟာ သူ့ကိုယ်သူ တစ်သက်လုံး အတိုက်အခံလို့ပဲ ခံယူတော့မှာလားဆိုတာ မေးခွန်းထုတ်စရာပါ။ အချို့က အင်တာနက်မှာ ပြောကြရေးကြပါတယ်။ မြန်မာလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ကော်မတီ ဥက္ကဋ္ဌတစ်ဦး ပြည်ပကိုသွားတာ ဘယ်သံရုံးကမျှ လာမကြိုကြဘူးတဲ့။ ခက်ချေပြီကော... လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်ပသွားရင် သံရုံးတွေက ကြိုဆိုနှုတ်ဆက်ရမယ်လို့ ဥပဒေ ပြဋ္ဌာန်းထားတာ ရှိလို့လားဗျ။ နောက်တစ်ခုက ဒေါ်စုဟာ သူ့ကိုယ်သူ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရယ်လို့ သတ်မှတ်ထားရဲ့လား ဆိုတဲ့မေးခွန်းပါ။ လွှတ်တော်နဲ့ပတ်သက်ပြီး သူဘာတွေ ဆောင်ကြဉ်းခဲ့ပါသလဲ၊ သူသွားမယ့် ခရီးစဉ်မှာ လွှတ်တော်နဲ့ ပတ်သက်ပြီး ဘယ်အကြောင်းအရာတွေ ဆွေးနွေးခဲ့ပါမယ်၊ စကားပါးခဲ့ပါမယ်လို့ မသွားခင် ပြည်ထောင်စုလွှတ်တော် နာယကနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကို တိုင်ပင်ခဲ့မယ်လို့ ခင်ဗျားတို့ ထင်လို့လား။ သူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ကော်မတီအတွက် ဘယ်လိုဆောင်ရွက်ခဲ့မယ်၊ ဘယ်လိုအကြံဉာဏ်တွေ တောင်းခဲ့မယ်လို့ ကော်မတီဝင်တွေကို ပြောခဲ့မယ်လို့ ထင်သလား။ ကျွန်တော့်အမြင်ကတော့ သူဟာ လေဆိပ်ကနေ ထွက်သွားကတည်းက သူ့ကိုယ်သူ မြန်မာ့အတိုက်အခံ ခေါင်းဆောင်၊ ဒီမိုကရေစီအရေး ဆောင်ရွက်နေသူလို့ စိတ်နှလုံးသွင်းပြီး မြန်မာအစိုးရမှာ ဘယ်လိုအားနည်းချက်တွေရှိတယ်၊ သူသာ လမ်းမပြရင် မြန်မာ့ဒီမိုကရေစီဟာ မှောင်အတိုက်ဖုံးနေမှာ စသဖြင့် ပြောဖို့ကိုသာ စီစဉ်ထားတယ်လို့ မြင်မိပါတယ်။ ဘယ်နိုင်ငံတကာ ခရီးစဉ်မှာမျှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ လွှတ်တော်ဟာ ဘာတွေဆောင်ရွက်နေတယ်၊ သူတို့ကော်မတီဟာ ဘာတွေကို တာဝန်ယူ ဆောင်ရွက်နေတယ် စသဖြင့် ပြောဆိုသံ မကြားရမိပါဘူး။

ဒေါ်စု ပြည်ပထွက်တိုင်း မအော်မဖြစ် အော်နေတာက တစ်ခုပဲရှိတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာပဲ။ ဖွဲ့စည်းပုံကို မပြင်လျှင်ဘဲ မြန်မာနိုင်ငံဟာ ချက်ချင်းလက်ငင်း သူ့ကျွန်ဘ၀ ရောက်သွားမယ့် ပုံစံမျိုးနဲ့ ပြောဆိုနေတာဟာ အတော်ရယ်စရာ ကောင်းပါတယ်။ မြန်မာပြည်ထဲက ဘယ်သူ့ကိုပဲ မေးမေး (ပြည်ခိုင်ဖြိုး လိုလားသူပဲဖြစ်ဖြစ်၊ NLD လိုလားသူပဲဖြစ်ဖြစ်၊ ကြားနေပဲဖြစ်ဖြစ် ဆိုလိုပါတယ်) ဖွဲ့စည်းပုံကို ဘာလို့ပြင်ဖို့ လိုတာလဲလို့ မေးကြည့်လိုက်။ ဘာအဖြေ ထွက်လာမယ်ထင်သလဲ။ ခင်ဗျားတို့ထင်တာ ကွက်တိပါပဲ။ ၁၀၀ % မှန်ပါတယ်ဗျာ။ အားလုံးက ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်ဖို့အတွက် ဖွဲ့စည်းပုံကို ပြင်ရမယ်၊ ပြင်ချင်တာလို့ ဖြေကြလိမ့်မယ်။ ခရိုင်အဆင့် ဆန္ဒကောက်ခံပွဲဆိုပြီး လူ ၄၀၀-၅၀၀ လောက် တက်တဲ့အခမ်းအနားမှာ လက်ထောင်ခိုင်းပြီး ပြင်ချင်တာမျိုးကိုတော့ ကလေးကလား လာမပြောနဲ့ဗျာ။ Mr.Bean ရဲ့ သရုပ်ဆောင်ချက်တွေတောင် အဲဒီလောက် မရယ်ရဘူး။ အတိုက်အခံတွေ ပြောနေသလို လက်ညှိုးထောင် ခေါင်းညိတ်ခိုင်းတာချင်း အတူတူ အရင် တပ်မတော်အစိုးရ လက်ထက်က ဆန္ဒခံယူပွဲတွေကမှ သူ့အဆင့်နဲ့သူ ပေမီဒေါက်မီ ရှိသေးတယ်။ :D အခုတော့ သူတို့စကားနဲ့သူတို့ အသံတောင် မထွက်ဘူး။ NLD လုပ်ရင် ဘာမဆိုဖြစ်မယ်လို့ ထင်နေတာကိုက သူတို့တွေရဲ့ အမှားပဲ။ အဲ... လိုရင်းကို ပြန်ဆက်ရရင် ဒေါ်စု နိုင်ငံတကာ ခရီးစဉ်သွားတိုင်း ရောက်တဲ့နိုင်ငံတိုင်းမှာ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အကြောင်း ပြောပြမယ်၊ ကူညီဖို့၊ ဖိအားပေးဖို့ ပန်ကြားမယ်။ ဒါပါပဲ။ အကွက်တွေက တအားရိုးလာတယ်။ ဖွဲ့စည်းပုံမှာ သူ့ကို သမ္မတမဖြစ်အောင် အဟန့်အတား ဖြစ်နေတဲ့ ပုဒ်မတစ်ခုတည်းကို ပြောလို့ရှိရင် သူအာဏာလိုချင်တာ ပေါ်ပေါ်ထင်ထင် ဖြစ်မှာစိုးတဲ့အတွက် လမ်းလွှဲလို့ အကောင်းဆုံး အကြောင်းပြချက်တစ်ခုက တပ်မတော်သား ၂၅ % ဆိုတာကို ထည့်ပြောဖို့ပဲ။ စစ်တပ်က လွှတ်တော်ထဲမှာ ၂၅ % ၀င်ထိုင်နေတာဟာ ဘယ်လို အနှောင့်အယှက်ဖြစ်ကြောင်း၊ ဘယ်စံတွေနဲ့ မကိုက်ညီကြောင်း ပြောပြလိမ့်မယ်။ ရှင်းရှင်းပြောလိုက်စမ်းပါ ဒေါ်စုရာ။ ၂၀၁၅ မှာ ကျွန်မ သမ္မတဖြစ်ခွင့် မရှိရင် ဘယ်အခြေခံဥပဒေပဲဖြစ်ဖြစ် ကျွန်မ လက်မခံဘူးလို့။ ကျွန်တော်ကတော့ ဒီနေရာမှာ သူ့လို မဟုတ်ဘူးဗျ။ ပြတ်ပြတ်သားသားပဲ ပြောရဲတယ်။ ဒေါ်စုတော်တာကို လက်ခံတယ်၊ အသိအမှတ်ပြုတယ်။ ဒါပေမယ့် နိုင်ငံခြားသားကို ယူခဲ့တဲ့ အကြောင်းပြချက်ရယ်၊ သားသမီးတွေ၊ မြေးတွေဟာ နိုင်ငံခြားသား ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ဒေါ်စုမျှ မဟုတ်ဘူး၊ သိကြားမင်းက လူဖန်ဆင်းပြီး သမ္မတ လာလုပ်မယ်ဆိုရင်လည်း လက်မခံနိုင်ဘူး။ ဘယ်နိုင်ငံခြားသားကိုမျှ မြန်မာ့သမ္မတ အိမ်တော်မှာ တော်ဝင်မိသားစုအဖြစ် နေထိုင်မှာကို ခွင့်မပြုနိုင်ဘူး။ ဘယ်နိုင်ငံခြားသားကိုမျှ သမ္မတရဲ့ မိသားစုဆိုပြီး အထူးအရေးကြီး ပုဂ္ဂိုလ်တွေအဖြစ် ကြိုဆိုတာ၊ နေရာပေးတာ မလုပ်နိုင်ဘူး။ မြန်မာသမ္မတရဲ့ သားသမီးမြေးမြစ်တွေဆိုပြီး မြန်မာလို မနှုတ်ဆက်ရဘဲ အင်္ဂလိပ်လိုပဲ ပြောဆိုနှုတ်ဆက်ရမှာကို မလုပ်နိုင်ဘူး။ အဲဒါ ဒေါ်စုမျှ မဟုတ်ဘူး။ နောင်လာလတ္တံ့သော သမ္မတဖြစ်ချင်သူ ဘယ်သူဖြစ်ဖြစ် အဲဒီအချက်တွေနဲ့ ငြိနေရင် ဆောရီးပဲ။ အင်္ဂလိပ်ကို ယူထားလို့ မြန်မာတွေက ခွင့်လွှတ်တတ်နေတာလားဆိုတာ စဉ်းစားလို့ မရဘူး။ တကယ်လို့ ဒေါ်စုယောက်ျားဟာ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီတစ်ဦး ဖြစ်နေမယ်ဆိုရင်၊ ဒါမှမဟုတ် တရုတ်ပြည်က ပေါက်ဖော်တစ်ဦး ဖြစ်နေမယ်ဆိုရင် ခင်ဗျားတို့ ဘယ်လိုစဉ်းစားမလဲ။ အသားဖြူမို့လို့၊ အနောက်နိုင်ငံသားမို့လို့ ခွင့်လွှတ်တယ်ဆိုရင်တော့ အလကား ဒီမိုကရေစီနဲ့ပဲ တန်တယ်လို့ ပြောချင်တယ်။

ဒေါ်စုသွားတဲ့ နိုင်ငံတိုင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံတယ်ဆိုတော့ရော ဘာလုပ်လို့ ရသလဲဗျ။ ခင်ဗျားတို့ ဖြေကြည့်ကြပါဦး။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁၂) မှာ ပြင်ဆင်ရမယ့် နည်းလမ်းတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်။ အဲဒီ အချက်တွေထဲမှာ ပြည်ပနိုင်ငံ ဘယ်နှခုက ထောက်ခံရမည်တို့၊ ထောက်ခံသည့် ပြည်ပနိုင်ငံ အနည်းအများအပေါ် မူတည်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်တို့ ဆိုတဲ့ပြဋ္ဌာန်းချက်တွေ မပါဘူးဗျ။ အဲဒီလောက်ဆိုရင် ဘယ်လောက်လွဲနေသလဲဆိုတာ သဘောပေါက်ပေါ့ဗျာ။ ဗြိတိန်ခမျာ သူ့ဟာနဲ့သူ မြောက်အိုင်ယာလန်က ဗြိတိန်ကနေ ခွဲထွက်ဖို့ လုပ်နေတဲ့ကိစ္စကို ဖြေရှင်းလို့ မရတဲ့ကြားထဲ မြန်မာ့ဖွဲ့စည်းပုံအတွက် ကူညီမယ်ဆိုတော့ ကျွန်တော်က ဒီိလိုတွေးမိတယ်။ ဦးသိန်းစိန် အစိုးရကလည်း ကြေညာချက် ထုတ်သင့်တယ်။ မြောက်အိုင်ယာလန် ဗြိတိန်ကနေ ခွဲထွက်မသွားဖို့အတွက် မြန်မာနိုင်ငံက ကူညီမယ်လို့။ မကောင်းဘူးလား။ ကျွန်တော် ဘာပြောချင်တယ်ဆိုတာ သဘောပေါက်မယ် ထင်ပါတယ်။

ဒေါ်စုဟာ သူ့ကိုယ်သူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလို့ မခံယူသမျှ ကျွန်တော်တို့ကလည်း သူ့ကို မြန်မာ့အရေးအတွက် ဥပဒေဘောင်ထဲကနေ ကြိုးပမ်းဆောင်ရွက်နေသူလို့ မြင်ဖို့ ခက်ခဲနေဦးမှာပါ။ သူ့ရဲ့အမြင်၊ သူ့ရဲ့အတွေးတွေကို ပြည်တွင်းမှာ နားလည်အောင် ပြောဆိုရှင်းလင်း ဆွေးနွေးခြင်း မပြုဘဲ ပြည်ပရောက်မှ ပြောဆိုမှုတွေ ပြုလုပ်နေသေးသ၍ သူဟာ ပြည်တွင်းအားကို ယုံကြည်သူမဟုတ်ဘဲ ပြည်ပအားကိုး ဆောင်ရွက်လိုသူလို့ ကျွန်တော်တို့ မြင်နေဦးမှာပါပဲ။ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌအဖြစ် အစိုးရနဲ့ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်တာတွေ မလုပ်သေးသ၍ သူဟာ အစိုးရဘာလုပ်လုပ် ဆန့်ကျင်ဝေဖန်မယ့် အတိုက်အခံ ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပဲ ကျွန်တော်တို့ မြင်ကြဦးမှာပါ။ နိုင်ငံခြားသားကို ယူခဲ့တာဟာ သူ့အခွင့်အရေးကို သူရွေးချယ်ခဲ့တာလို့ ခံယူနေသေးသမျှ နိုင်ငံခြားသားတစ်ဦးရဲ့ ဇနီးတစ်ဦးကို သမ္မတအဖြစ် လက်မခံနိုင်တာလည်း ကျွန်တော်တို့ရဲ့ အခွင့်အရေးတစ်ရပ် ဖြစ်တယ်ဆိုတာ သူနားလည်ပေးနိုင်ရမယ်လို့ ကျွန်တော်တို့က တွေးနေဦးမှာပါပဲ။ သူသမ္မတမဖြစ်ရင် မြန်မာ့နိုင်ငံရေးကို ဆူဆူပူပူ လှုပ်လှုပ်ရှားရှားဖြစ်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းမယ်ဆိုရင်တော့ ကျွန်တော်တို့ကလည်း တည်ငြိမ်အေးချမ်းရေးကို ထိပါးလာသူ မှန်သမျှကို ရန်သူအဖြစ် သတ်မှတ်ဆန့်ကျင် ချေမှုန်းသွားမယ်ဆိုတာ သံန္နိဌာန်ချပြီးဖြစ်ကြောင်း အတိအလင်း ပြောဆိုပါရစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ တနင်္လာနေ့။
ည ၁၀ နာရီ ၂၉ မိနစ်တွင်ပြီး၏။

Monday, October 14, 2013

ပေါက်ကွဲမှုတွေလား၊ သံချောင်းခေါက်သံတွေလား


မြို့ကြီးအချို့မှာ ဗုံးပေါက်ကွဲမှုသတင်းတွေ၊ ဗုံးမပေါက်ကွဲမီ ရှာဖွေတွေ့ရှိတဲ့ သတင်းတွေကို ဖတ်ရပါတယ်။ ကြီးကြီးမားမား ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိတဲ့အတွက် ရင်အေးရပါတယ်။ ဗုံးမပေါက်ကွဲမီ အချိန်မီ ရှာဖွေတွေ့ရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည့် နယ်မြေခံပြည်သူများနှင့် လုံခြုံရေးတာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရပါသည်။

အင်တာနက်ပေါ်တွင် ပေါက်ကွဲမှုများ၊ မပေါက်ကွဲမီ ရှာဖွေတွေ့ရှိမှုများနှင့် ပတ်သက်၍ စိတ်ပျက်စရာကောင်းအောင် ရေးသားနေသည်များကို တွေ့နေရပါသည်။ အစိုးရဘာလုပ်လုပ် ဆန့်ကျင်မယ်၊ ဝေဖန်မယ်၊ ပုတ်ခတ်မယ်၊ တိုက်ခိုက်မယ်၊ ရှုံ့ချမယ် ဆိုတဲ့ ၀ါဒကို ကိုင်စွဲထားကြသည့် ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ကြီးကြီး၊ ငယ်ငယ်၊ ပျိုပျို၊ ရွယ်ရွယ် အပေါင်းတို့ခင်ဗျား၊ ကျန်တဲ့ကိစ္စများတွင် အရေးမဟုတ်သော်လည်း ယခုကိစ္စသည် ကလေးအတွေးနှင့် ခြေထိုးရမည့် အလုပ်မဟုတ်ပါ။ ဗုံးပေါက်ကွဲမှု၊ ဗုံးထောင်ထားမှု၊ စသည်တို့သည် အများပြည်သူ လုံခြုံရေးနှင့် သက်ဆိုင်သည့် အရေးကိစ္စ ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်ဖြစ်ပါသည်။ လူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၊ တစ်ပါတီတည်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်မဟုတ်ပါ။ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ကိစ္စရပ်ဖြစ်ကြောင်းကို ပညာရှိသတိဖြစ်ခဲ ဖြစ်နေမည်စိုး၍ ဤနေရာက သတိပေးလိုပါသည်။

သာမန်လူပြိန်းတွေးပဲ တွေးကြည့်စေလိုပါသည်။ သင်သာ အစိုးရအဖွဲ့ဆိုလျှင် ယခုကဲ့သို့ ဗုံးထောင်သည့် လုပ်ရပ်မျိုးကို လုပ်ဆောင်ပါမည်လား။ ဗုံးထောင်မှုများကို လက်ရှိအစိုးရကပဲ အကွက်ကျကျ လုပ်ဆောင်နေသယောင်ယောင် အင်တာနက်ပေါ်တွင် ငါ့စကားနွားရ ရေးသားနေကြသူများနှင့် အဆိုပါ အရေးအသားများအပေါ် ထောက်ခံနေကြသူ၊ ပြန်လည်ဝေမျှနေကြသူများကို အံ့သြရပါသည်။ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ ရည်မှန်းကြပါသည်ဆိုသော ကျွန်တော်တို့ကိုယ်တိုင် ပညာဉာဏ်ရှေ့ပန်း၍ မစဉ်းစားနိုင်သေးသ၍၊ ပညာချွန်းဖြင့် ခံစားချက်များကို မထိန်းချုပ်နိုင်သေးသ၍ ရင်လေးဖွယ် ဖြစ်နေဦးမည်သာ ဖြစ်ပါသည်။ လက်ရှိ ပေါက်ကွဲမှုများ၊ ဗုံးထောင်မှုများနှင့် ပတ်သက်၍ လက်ရှိအစိုးရက လုပ်ဆောင်နေသကဲ့သို့ ပြောဆို၊ ဝေဖန်၊ ရေးသားကြသူများအားလုံးကို အတိအလင်း ရှုတ်ချပါသည်။

ကျွန်တော်တို့တွင် အမှားမခံသည့် အရေးကိစ္စများစွာ ရှိနေပါသည်-
မကြာမီ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပတော့မည်။ အာဆီယံ ၁၁ နိုင်ငံမှ အားကစားသမားတွေ၊ ဧည့်သည်တွေ လာကြတော့မည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို ရယူထားသည်။ နိုင်ငံတကာက ခေါင်းဆောင်တွေ၊ ဧည့်သည်တွေ ဥဒဟို လာရောက်ကြတော့မည်။
၂၀၁၅ တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်။
စသည် စသည် စသည်ဖြင့် များစွာရှိနေပါသည်။

ကလေးအတွေးဟုပဲ ဆိုပါစေ ဥပမာလေးတစ်ခု ပေးလိုပါသည်။
အိမ်တစ်အိမ်တွင် မိသားစု ၅ ဦး ရှိကြသည်။ အဖေ၊ အမေ၊ သားအကြီးဆုံး၊ သမီးလတ်၊ သားငယ် ပေါ့။ တစ်နေ့တွင် အိမ်ဘေးပြတင်းပေါက်က မှန်တစ်ချပ် ကွဲနေသည်ဆိုပါစို့။ အဖေကတွေ့လျှင် ဟေ့... ဒါ ဘယ်သူ့ကြောင့်လဲ မှန်ကွဲနေတယ်။ မိန်းမရေ ဒီနေ့ လက်သမားခေါ်ပြီး ပြန်တပ်ခိုင်းထားလိုက်။ စသဖြင့်ပေါ့။ သားအငယ်ဆုံးလေး တွေ့၍ ဖေဖေရေ၊ မေမေရေ... ဒီမှာ မှန်ကွဲနေတယ်ဟု ပြောလျှင်မူ သားလုပ်လိုက်တာလား၊ သားဆော့လိုက်လို့ ကွဲသွားတာမလား၊ မှန်မှန်ပြော၊ စသဖြင့် ဖြစ်နိုင်ပါသည်။ အစ်ကိုအကြီးဆုံး တွေ့လျှင်မူ အဖေ၊ အမေ ဒီမှာ မှန်တစ်ချပ် ကွဲနေပြီ၊ ဟိုကောင် အငယ်ဆုံးလေး ဘောလုံးကန်ရင်းနဲ့ မှန်သွားပြီထင်တယ်၊ အဖေ့သားက အရမ်းဆော့တာ စသဖြင့်ပေါ့။ ထိုအခါ အငယ်ဆုံးလေးက ပြန်ပြောမည်။ ကျွန်တော့်ကြောင့် မဟုတ်ပါဘူး။ အစ်ကိုကြီး မနေ့ကတုန်းက အဲဒီနားမှာ လေ့ကျင့်ခန်း လုပ်နေတာပဲ။ အစ်ကိုကြီးကြောင့် တစ်ခုခုဖြစ်သွားတာ နေမှာပေါ့။ စသဖြင့်ပေါ့လေ။ ထိုကဲ့သို့ တစ်ယောက်ဆီ တစ်ယောက်ဆီကို သူ့ကြောင့်နိုးနိုး၊ ကိုယ့်ကြောင့်နိုးနိုးနှင့် စွပ်စွဲပြောဆိုနေလျှင် အဖြေရစရာ အကြောင်းမရှိပါ။ အားလုံးစုံညီထိုင်၍ ဘယ်သူလုပ်သလဲ မေးရမည်။ တစ်ဦးဦးက လုပ်သည်ဆိုလျှင် နောက်မလုပ်ဖို့ ပြောရမည်။ မှန်ကိုပြင်ရမည်။ အကယ်၍ တစ်ဦးကမျှ သူတို့ကြောင့် မဟုတ်ကြောင်း ဖြေကြားလျှင်မူ မှန်ကိုတော့ သေချာပေါက်ပြင်ရမည်။ အခြားနည်းလမ်း စဉ်းစားရမည်။ ပြင်ပမှ ခဲလုံးတစ်ခုခု ၀င်လာသောကြောင့် ထိမှန်ပြီး ကွဲသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် လေပြင်းတစ်ချက်အတိုက် ပြတင်းပေါက်နှင့် နံရံရိုက်မိ၍ မှန်ကွဲသွားသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ စသဖြင့်ပေါ့။ အိမ်တစ်အိမ်တွင် မှန်လေးတစ်ချပ် ကွဲသည့်ကိစ္စကို အရေးတယူလုပ်၍ ဤမျှလောက် ရှင်းပြနေရသည်ကို အားနာရပါသည်။ ကျွန်တော်ပြောချင်သည်မှာ မှန်လေးတစ်ချပ်အတွက်တောင် ဒီလောက်ရှုပ်ထွေးသည် ဆိုပါလျှင် ဗုံးပေါက်ကွဲမှု ကဲ့သို့သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တစ်ခုသည် မည်မျှအထိ နက်ရှိုင်းမည်ကို နှို်င်းစာကြည့်စေလိုခြင်း ဖြစ်ပါသည်။ ဤမျှပြောလျှင် ကျွန်တော်ဘာပြောချင်သည်ကို စာဖတ်သူ သဘောပေါက်ပြီဟု အကြွင်းမဲ့ ယုံကြည်ပါသည်။ အသင်ဘုန်းကြီးကို ကျွန်ုပ် စာမချလိုတော့ပြီ။

ဗုံးပေါက်ကွဲမှုအတွက် တရားခံကို ရှာဖွေခြင်းသည် ကားပေါ်တွင် ခါးပိုက်နှိုက်ခံရ၍ ရဲစခန်းသို့ ကားမောင်းပြီး ကားပေါ်ပါ ခရီးသည်အားလုံးကို ရှာဖွေရသလောက် လွယ်ကူသည် မဟုတ်ကြောင်းကို စာဖတ်သူတို့ ငြင်းချက်မရှိ လက်ခံကြမည်ဟု ထင်ပါသည်။ ထိုအလုပ်ကို လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပါလိမ့်မည်။ တရားခံကို ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်ပါမည်။ သို့မဟုတ် ဖော်ထုတ်နိုင်ချင်မှလည်း ဖော်ထုတ်နိုင်ပါလိမ့်မည်။ တရားခံ ဖော်ထုတ်နိုင်လျှင် မသိချင်ယောင် ဆောင်နေမည်၊ သို့တည်းမဟုတ် အဆိုပါ တရားခံသည် စွပ်စွဲခံရသူသာဖြစ်သည်၊ သူ့ကို အပြစ်ပေးလျှင် နိုင်ငံရေးအကျဉ်းသား စာရင်းသွင်းမည်ဟု ဆုံးဖြတ်ထားသူများအတွက် တရားခံကို မဖော်ထုတ်နိုင်ခဲ့လျှင် လက်ရှိအစိုးရက အဆိုပါဗုံးကို ထောင်သည်ဟု ဝေဖန်ကြပါလိမ့်မည်။ ကိုယ့်ဘာသာကိုယ်သာ ဉာဏ်မျက်စိဖြင့် မြင်အောင်ကြည့်ကြစေလိုပါသည်။

တရားခံ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကျွန်တော်တို့ သေချာပေါက် လုပ်ရမည်က ကျိုးပေါက်သွားသော လုံခြုံရေးအတွက် ယခင်ကထက် ပိုမို၍ သတိရှိကြရန်၊ ကြပ်မတ်ကြရန်၊ အလေးထားကြရန်၊ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါသည်။ မိမိသွားလာနေထိုင်ရာ ပတ်ဝန်းကျင်တွင် အမှုမဲ့ အမှတ်မဲ့ မနေထိုင်ဘဲ စူးစမ်းသည့်အသိ၊ ဆင်ခြင်သည့် အသိဖြင့် မသင်္ကာဖွယ်ရာများ တွေ့ရှိပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့များသို့ ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ကြရပါမည်။ ဒါသည် နိုင်ငံသားတိုင်း မလွဲမသွေ လုပ်ဆောင်ရမည့် တာဝန်ဖြစ်ပါသည်။ မိမိတို့၏ လုံခြုံရေးကိစ္စ အ၀၀သည် ရဲတပ်ဖွဲ့အပေါ်တွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ မိမိတို့ ကိုယ်တိုင်တွင်လည်း တာဝန်ရှိကြောင်း မမေ့ကြစေလိုပါ။ ဘယ်နိုင်ငံမှာမှ သင့်လုံခြုံရေးအတွက် ကျွန်ုပ်တို့ ရဲတပ်ဖွဲ့က ၁၀၀% တာဝန်ယူပါသည်ဟု ပြောဆိုကြသည်ကို ကျွန်တော် မကြားဖူးသေးပါ။ ရှိသည်ဆိုလျှင်လည်း ညံ့ဖျင်းသည့် ကျွန်တော်ကိုဉာဏ်ကို အသိပေးကြစေလိုပါသည်။

ကျွန်တော်တို့နိုင်ငံ၏ ပုံရိပ်ကောင်းဖို့ ကျွန်တော်တို့အားလုံးတွင် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှုတွေ ခဏခဏ ဖြစ်နေတယ်ဟုဆိုလျှင် အစိုးရတစ်ခုတည်းအပေါ် သက်ရောက်မည် မဟုတ်ပါ။ ကျွန်တော်တို့အားလုံး အပေါ်တွင်လည်း အနည်းနှင့်အများ သက်ရောက်ပါလိမ့်မည်။ ငါတို့နိုင်ငံက ဗုံးခဏခဏ ပေါက်တဲ့နိုင်ငံလေကွာဟု ဘယ်သူကမျှ ဂုဏ်ယူစွာ ပြောဆိုလိုကြမည် မဟုတ်ပါ။ ထို့အတွက် ရွှေရောင်လွှမ်းသည့် Golden Land ဆိုသည့် နိုင်ငံကို သွေးရောင်လွှမ်းသည့် Terrorist Land ဖြစ်မသွားအောင် ကာကွယ်စောင့်ရှောက်ရန်သည် ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ဟု ခံယူပါကြောင်း အလေးအနက် ဖော်ပြလိုပါသည်။

ဗုံးပေါက်ကွဲမှု၊ ဗုံးထောင်မှုသည် အစိုးရ၏ လုံခြုံရေးစနစ်ကို စိန်ခေါ်ခြင်းသက်သက်ဟု ကျွန်တော်တို့တွေ ဥပေက္ခာ ပြုမထားသင့်တော့ပါ။ ဒါသည် ကျွန်တော်တို့အားလုံးကို စိန်ခေါ်ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ ညီညွတ်မှုကို စိန်ခေါ်ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ တာဝန်သိမှု၊ တာဝန်ယူမှုကို စိန်ခေါ်ခြင်း ဖြစ်ပါသည်။ အစိုးရကိုချည်း အပြစ်တင် ဝေဖန်မနေဘဲ ကျွန်တော်တို့တွေလည်း တစ်ဦးချင်းစီ ကိုယ်စီတာဝန်ကျေအောင် ဆောင်ရွက်ကြမည်ဆိုလျှင် ဘယ်အကြမ်းဖက်သမားကိုမျှ ဘယ်အစွန်းရောက်ကိုမျှ ကြောက်စရာ အကြောင်းမရှိပါ။ သူ့ကျွန်ဘ၀က လွတ်မြောက်အောင်ပင် ကြိုးပမ်းခဲ့ကြသည့် သမိုင်းကြောင်းရှိသော လူမျိုးများပီပီ ကြုံလာသမျှကို ညီညွတ်ခြင်း၊ စည်းလုံးခြင်း၊ နားလည်ခြင်း၊ အပြန်အလှန်ကူညီခြင်း၊ သံသယမထားခြင်းဖြင့် ၀ိုင်းဝန်းဆောင်ရွက်သင့်ကြပါကြောင်း အကြံပြုလိုပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသမျှ အရေးကိစ္စအားလုံးသည် မြန်မာနိုင်ငံသား အားလုံး၏ အရေးကိစ္စများ ဖြစ်ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့တွင်လည်း တာဝန်ရှိပါသည်။

မည်သူ လုပ်ဆောင်သည်ကို ကျွန်တော်တို့ မသိရသေးပါ။
သို့သော် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသည်။
မပေါက်ကွဲသေးတာတွေ တွေ့ခဲ့ပါသည်။
ဒါသည် သံချောင်းခေါက်သံတွေ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ကျွန်တော်တို့အားလုံး သတိရှိကြပါစို့၊ လက်တွဲကာကွယ်ကြပါစို့။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ တနင်္လာနေ့။
ည ၈ နာရီ ၅၀ မိနစ်တွင်ပြီး၏။

Monday, October 07, 2013

ပြောပြန်ရင်လည်း ကိုဉာဏ်လွန်ရာကျဦးမယ်


(က)
မူလတန်းကလေးတွေပါတဲ့ ဆန္ဒဖော်ထုတ်မှုတစ်ခု ရန်ကုန်မြို့က မဟာဗန္ဓုလပန်းခြံဘေးမှာ လုပ်ခဲ့တယ်တဲ့။ မူလတန်းကလေးတွေကို ဘာဖြစ်လို့ နိုင်ငံရေးဇာတ် သွင်းနေကြတာလဲ။ ဒီအရွယ်၊ ဒီအချိန်ဟာ ကျောင်းစာသင်ခန်းတွေထဲမှာ သူငယ်ချင်းတွေနဲ့အတူ စာသင်ကြားနေကြရမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကိုယ့်ဘာသာကိုယ် လုပ်တဲ့အလုပ်မှာ ကလေးတွေကို ခုတုံးလုပ်ချင်ရတာလဲ၊ ကာဗာလုပ်ချင်ရတာလဲ။ စီစဉ်တဲ့လူတွေ၊ ခွင့်ပြုတဲ့မိဘတွေကို သေဒဏ်သာ ပေးလိုက်ချင်တော့တာပဲ။


(ခ)
ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပြင်ဆင်ရေးဆွဲရေးနဲ့ပတ်သက်ပြီး အန္တရာယ်များနိုင်တယ်လို့ သဘောထားကြေညာချက် ထုတ်ပြန်တာဟာ တစ်ဖက်လှည့်နဲ့ ခြိမ်းခြောက်လိုက်တာပဲလို့ ဝေဖန်နေကြတယ်။ ဟ.... နိုင်ငံရေးကိစ္စရပ်တစ်ခုကို နိုင်ငံရေးပါတီတစ်ခုက ကြေညာချက်ထုတ်တာ ဘာထူးဆန်းလို့လဲကွ။ NLD ပါတီဆိုရင် တရားဝင်ပါတီအဖြစ်ကနေ ရပ်စဲထားခြင်းခံရတဲ့ အချိန်မှာတောင် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး တစ်ခုပြီးတစ်ခု စာရွက်တွေ ထုတ်နေခဲ့တာပဲ မဟုတ်ဘူးလား ဘယ်သူကမှလည်း အရေးတယူမရှိ၊ ဘယ်သူမှလည်း စိတ်မ၀င်စား၊ ဘာအကျိုးသက်ရောက်မှုမှလည်း မရှိဘဲနဲ့ ထုတ်ခဲ့ကြတာပါ။ အခုဟာက လက်ရှိ ရေပန်းအစားဆုံး ကိစ္စရပ်တစ်ခုအပေါ်မှာ တရားဝင်နိုင်ငံရေးပါတီ (ပြောရရင်တော့ အာဏာရပါတီ)က ကြေညာချက်ထုတ်တာကို ဘာဖြစ်လို့များ ရှဥ့်အ၀ှာ အနာလုပ်နေကြသလဲလို့ တွေးလို့မရကြောင်းပါ။

(ဂ)
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလား ဆိုတာနဲ့ပတ်သက်ပြီး ဆန္ဒမဲကောက်ခံရာမှာ ပြန်လည်ပြင်ဆင်ဖို့ သဘောတူထောက်ခံခဲ့ကြတယ်တဲ့။ အဲဒီအထိ ဘာမှမထူးခြားသေးဘူး။ ထူးခြားတာက ဒီလိုဒီလို။ ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒကောက်ခံမှုကို ပြန်ပြင်ဖို့ ထောက်ခံတယ်ဆိုတာက ဘားအံခရိုင်ပါ။ တက်လာတဲ့လူ ၃၀၀ လောက်ကို လက်ထောင်ခိုင်းရာမှာ ၉၀ ရာခိုင်နှုန်းလောက်က လက်ညှိုးထောင်တဲ့အတွက် ဘားအံခရိုင်က ထောက်ခံတယ်လို့ ဆုံးဖြတ်လိုက်ကြတာတဲ့။ ဘုရား... ဘုရား...။ လူ ၃၀၀ လောက်က ဘားအံခရိုင်တစ်ခုလုံးကို ကိုယ်စားပြုတယ်ဆိုပြီး အတည်ပြုလိုက်ကြသတဲ့လား။ အိုဘယ့် ကိုရွှေခမောက်တို့။ ရွှေဉာဏ်တော် ကြီးလှပါတယ်ဗျာ။ တကယ့်ကို လိုက်မမီလောက်အောင် အတွေးအခေါ် မြင့်မားကြပါပေတယ်။ အဲဒီလိုလူမျိုးတွေ မြန်မာပြည်မှာ အာဏာရစေချင်ပါတယ်။ အဲဒါမှလည်း တိုးတက်လာမှာ၊ ဖွံ့ဖြိုးလာမှာ၊ ခေတ်မီလာမှာ မဟုတ်ပါလား။ အပေါ်က သတင်းတွေက ကျွန်တော်လုပ်ကြံပြီး ရေးထားတာမဟုတ်ဘူး။ RFA မှာ ရေးထားတဲ့ဟာတွေ။ အဲဒီအကြောင်းအရာတွေကို ဖြေတဲ့လူက ဘားအံခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသန်းနိုင် ပါတဲ့။ မကျေလည်ရင် သူ့ကိုသာ ဆက်သွယ်ပြီး ရှင်းကြပေရော့။

(ဃ)
ရခိုင်ပါတီ ၂ ခုပေါင်းပြီး ပါတီသစ်တစ်ခု ဖွဲ့စည်းလိုက်တယ်တဲ့။ အဲဒီအထိ ပြဿနာမရှိဘူး။ စိတ်ဝင်စားတာက ပါတီကသာ တစ်ခုတည်းဖြစ်သွားတယ်။ ခေါင်းဆောင်ကိုလည်း ၂ ဦး ရွေးချယ်လိုက်ကြသတဲ့။ အံ့သြလိုက်တာမှ သေတောင်သေသွားနိုင်တယ်။ ဘာတဲ့... ပထမခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တဲ့။ အတော်ရယ်ရတဲ့လူတွေ....။ ဘာဖြစ်လဲဗျာ... တစ်ပါတီတည်းပဲဟာ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ စသဖြင့်ပေါ့၊ ဒါမှမဟုတ် တစ်ဦးက နာယက၊ တစ်ဦးက ဥက္ကဋ္ဌပေါ့။ အခုတော့ ဘယ့်နှယ် ခေါင်းဆောင်နှစ်ဦးရယ်လို့။ လေ့လာစရာ၊ လိုက်မေးစရာ မလိုပါဘူးဗျာ။ ခင်ဗျားတို့ဟာက ပါတီနာမည်ကသာ တစ်ခုတည်းဖြစ်သွားတာ၊ ပါတီကတော့ နှစ်ခုပဲမလား။ ကိုယ့်ပါတီဝင် ကိုယ့်ဘာသာကိုယ် ကွပ်ကဲကြမှာပဲမလား။ ကိုယ့်အချင်းချင်းတောင် မညီညွတ်နိုင်တာ အခြားတိုင်းရင်းသားတွေနဲ့ ညီညွတ်အောင် လုပ်ချင်နေတာကတော့ နည်းနည်းများ ဟာသဖြစ်မနေဘူးလား။ ပါတီနှစ်ခုပေါင်းပြီး ဖွဲ့တာဖြစ်တဲ့အတွက် မင်းလည်း တစ်ကျပ်၊ ငါလည်း တစ်ကျပ် ဆိုတဲ့မူနဲ့ လုပ်ကြတာဆိုရင်တော့ ဒင်းတို့သာ အာဏာရပါတီဖြစ်ရင် သမ္မတ(၁)၊ သမ္မတ(၂) ဆိုပြီး ရာထူးအသစ်တွေကို ဖွဲ့စည်းပုံထဲ ပြင်ကြဦးမလား မသိပါဘူးဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်၊ တနင်္လာနေ့။
နံနက် ၂ နာရီ ၂၂ မိနစ်တွင်ပြီး၏။

Sunday, October 06, 2013

သူငယ်ချင်းတွေနဲ့ ဆွေးနွေးဖြစ်တာလေးတွေပါ (၂)


ဦးသန်းရွှေနဲ့ ပတ်သက်လို့ အခုတလော လူပြောများနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး မင်းအမြင်လေး လုပ်ပါဦး။

တိုက်ရိုက်မပြောခင် အနည်းငယ်တော့ ခြေဆင်းလေးဝင်မှ အဆင်ပြေမှာမို့ စကားပလ္လင် ခံပါရစေဦး၊ နည်းနည်းလေး ဘုန်းကြီးစာချ လုပ်ပါရစေဦး။ ကျွန်တော်ရေးခဲ့ဖူးသလိုပါပဲ... ကျွန်တော်တို့မြန်မာတွေဟာ လူတစ်ယောက်ကို မုန်းပြီဆိုရင် ရေဆုံးရေဖျားအထိ မုန်းတတ်ကြပါတယ်။ အဲ... ချစ်မိပြီဆိုရင်လည်း အဲဒီလူ ဘာပဲလုပ်လုပ် ခွင့်လွှတ်ပေးနိုင်၊ လေးစားပေးနိုင်ကြတဲ့သူတွေပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအမျိုးအစားထဲမှာ ပါတယ်ဆိုတာကို ကျွန်တော်ပြောတိုင်း အတော်များများက လက်မခံကြဘူး။ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရှိန်အ၀ါဟာ ဒေါ်အောင်ဆန်းစုကြည်ကို အခြားသော နိုင်ငံရေးသမားတွေ အားလုံးထက် ခေါင်း ၃-၄ လုံးလောက် ပိုမြင့်စေခဲ့ပါတယ်။ တချို့တွေက ကျွန်တော့်ကို ဒေါသတကြီးနဲ့ မင်းကဘာကောင်မို့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရတာလဲ၊ မင်းအဆင့်က ဘယ်လောက်ရှိလို့ ဒေါ်စုကို အပြစ်တင်ရတာလဲလို့ ပြောတတ်ကြပါတယ်။ ဒီနေရာမှာ ဘာသာရေးကို ထည့်သွင်းမပြောလိုပေမယ့် ပြောသင့်တယ်ထင်လို့ ထည့်ပြောချင်တာလေး ရှိပါတယ်။ ကျွန်တော့်ပို့စ်ကို ဖတ်နေကြသူ အများစုဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဗုဒ္ဓမြတ်စွာထက် မြင့်မြတ်သူ မရှိတော့ပါဘူး။ သုံးလောကထွဋ်ထား ဂေါတမမြတ်စွာဘုရားက ဘယ်လိုမိန့်ကြားခဲ့ပါသလဲ။ ကာလာမသုတ်ကို ပြန်လေ့လာစေချင်ပါတယ်။ ဗုဒ္ဓလို ပုဂ္ဂိုလ်မျိုးကတောင် ဘယ်သူပြောပြော၊ ဘယ်မှာရေးရေး ကိုယ့်ဘာသာကိုယ် ဆန်းစစ်ဝေဖန် နှိုင်းချင့်ပြီးမှ ဘယ်အရာက အပြစ်ကင်းတယ်၊ ဘယ်အရာက အပြစ်မကင်းဘူးလို့ သုံးသပ်လက်ခံပါလို့ ဟောကြားခဲ့တာပဲ မဟုတ်ဘူးလား။ ငါက ဗုဒ္ဓကွ၊ မင်းတို့သိတာထက် အဆပေါင်းများစွာ ပိုသိတယ်၊ ငါပြောတာကလွဲရင် ကျန်တာအားလုံးက အမှားတွေပဲလို့ ဗုဒ္ဓပြောခဲ့ပါသလား။ ဒါက စကားစပ်မိလို့ ထည့်သွင်းပြောဆိုရတာပါ။

ဆိုတော့ဖြင့် ဒေါ်စုသည် သာမန်လူသားထဲက လူသားတစ်ဦးပါပဲ။ သူ့မှာလည်း တော်ကွက်၊ လျှော်ကွက်၊ ဟာကွက်၊ ပျော့ကွက်တွေ ရှိမှာပါပဲ။ ကျွန်တော်ပြောခဲ့သလို မြန်မာတွေက ချစ်စိတ်ဝင်နေကြလေတော့ ဒေါ်စုဘာလုပ်လုပ် အမှန်တွေလို့ပဲ လက်ခံလိုက်ကြတယ်။ ကိုယ့်အသိဉာဏ်၊ ကိုယ့်ပညာ၊ ကိုယ့်အတွေ့အကြုံနဲ့ ဒါကတော့ ဒီလိုဆိုရင် ပိုကောင်းမယ်၊ ဒီနေရာမှာ ဒေါ်စုပြောတာဟာ လက်တွေ့နဲ့ မကိုက်ညီဘူး စသည်ဖြင့် ဘယ်သူကမျှ မပြောရဲကြတော့ဘူး။ ဒေါ်စုရဲ့ အားနည်းချက်တွေကိုပဲ လိုက်ရှာရမယ်လို့ ကျွန်တော်က ပြောနေတာမဟုတ်ပါဘူး။ ထို့အတူ ဒေါ်စုကို ထောက်ခံအားပေးသူတွေကိုလည်း အသုံးမကျတဲ့လူတွေလို့ ကျွန်တော်အပြစ်တင်နေတာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းဟာ ကိုယ်နှစ်သက် သဘောကျသူကို ချစ်ခင်ခွင့်၊ ထောက်ခံခွင့် ရှိကြတာပါပဲ။ ကျွန်တော်ထောက်ခံတဲ့လူကို ဝေဖန်ကြတာကို နားလည်ပေမယ့် အဲဒီလို ထောက်ခံရမလားဆိုပြီး ကျွန်တော့်ကို အပြစ်တင်ရင်တော့ ကျွန်တော်လည်း လက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မျက်ကန်းထောက်ခံမှု လုပ်ခဲ့ရင်တော့ ကျွန်တော့်ကို တွယ်နိုင်ကြသလို ကျွန်တော်ကလည်း အခြားသူတွေကို တွယ်ဖို့ဝန်လေးမှာ မဟုတ်ပါဘူး။

မူလအကြောင်းအရာကို ပြန်ဆက်ရရင် တစ်ချိန်က နိုင်ငံ့အကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို လူတွေက မုန်းတီးကြတယ်။ ဦးသန်းရွှေကို ချစ်ပါတယ်လို့ လူကြားထဲမှာ ဘယ်သူမှ မပြောရဲဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံးက ဦးသန်းရွှေလို့ ပြောလိုက်တာနဲ့ မုန်းတီးရမယ်၊ တစ်စက်ကလေးမျှ မကောင်းဘူး၊ မြန်မာနိုင်ငံကို ပျက်စီးအောင်လုပ်သွားတာ စသည်စသည်ဖြင့် စွဲမြဲနေကြတာ ဖြစ်လို့ပါပဲ။ အနောက်နိုင်ငံတွေမှာလိုမျိုး လမ်းမှာတွေ့သမျှလူတိုင်းကို စစ်တမ်းလေးကောက်ပြီး ဦးသန်းရွှေကို သိသလား၊ သဘောကျလား၊ မကျဘူးလား၊ ဘာဖြစ်လို့ သဘောကျသလဲ၊ သဘောမကျတာလဲ၊ စသဖြင့် မေးခွန်းလေးတွေမေးပြီး စစ်တမ်းလေးတစ်ခု ကောက်ရရင် အတော်ကောင်းမှာပဲ။ ဘာကြောင့်မုန်းတီးတယ်ဆိုတဲ့ အဖြေတွေ ဘယ်လိုထွက်လာမလဲလို့ ကျွန်တော်အရမ်းသိချင်တာပဲ။ တစ်ဆက်တည်း ဘာကိုသွားပြီး သတိရသလဲဆိုတော့ ဆရာအော်ပီကျယ် ကာတွန်းလေးတွေနဲ့ ပြောပြခဲ့ဖူးတဲ့ မျောက်ပုံပြင်ကို သွားသတိရတယ်။ ဒီနေရာမှာ သွားဖတ်နိုင်ပါတယ်။

ဦးသန်းရွှေလည်း လူသားတစ်ဦး ဖြစ်တဲ့အတွက် အမှားကင်းမှာ မဟုတ်တာ အသေအချာပါပဲ။ သူဦးဆောင်တဲ့ အစိုးရလက်ထက်မှာ မူဝါဒဆိုင်ရာ အမှားလုပ်ခဲ့တာတွေ ရှိတာအသေအချာပါပဲ။ ဒါပေမယ့် ကောင်းတာတွေ၊ အသိအမှတ်ပြုသင့်တာတွေလည်း ရှိခဲ့တာပါပဲ။ ကျွန်တော်တို့ဆီမှာ တစ်ခုဆိုးတာက စစ်တပ်(တပ်မတော်အစိုးရ)က အုပ်ချုပ်ပါတယ်ဆိုမှ အရာရာကို ဒီမိုကရေစီစံနှုန်းနဲ့ တိုင်းတာနေကြတာပါပဲ။ စစ်တပ် အုပ်ချုပ်တဲ့ကာလမှာ ဘယ်အရာကတော့ ဒီမိုကရေစီစံနဲ့ မကိုက်ညီဘူး၊ ဘယ်အချက်ကတော့ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ မညီညွတ်ဘူး စသဖြင့် ဝေဖန်ကြတဲ့လူတွေကို ကျွန်တော်က သိပ်အံ့သြတာပဲ။ နည်းနည်းပါးပါး ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ်တွေကို လေ့လာစေချင်ပါတယ်။ ဘယ်နိုင်ငံမှာများ စစ်တပ်က ဒီမိုကရေစီနည်းကျ အုပ်ချုပ်လို့လဲ။ စစ်တပ်လော်ဘီလို့ပဲပြောပြော၊ စစ်တပ်ထောက်ခံသူလို့ပဲဆိုဆို ပြောရမယ်ဆိုရင် နိုင်ငံ့တာဝန်ကို ယူခဲ့တဲ့ စစ်အစိုးရတွေထဲမှာ မြန်မာနိုင်ငံလောက် ပျော့ပျောင်းတဲ့နိုင်ငံ ရှိနိုင်မယ်မထင်ဘူး။ စစ်တပ်က တာဝန်ယူခဲ့စဉ်အကြောင်း ပြောလိုက်တာနဲ့ မျက်စိမှိတ်ပြီး F*** လို့ ဆဲမယ့်လူတွေ အနေနဲ့ ကိုယ့်နိုင်ငံမှာ လက်ရှိအချိန်အထိ ကြုံတွေ့နေရတာတွေကို မြင်အောင်ကြည့်ပါဦးလို့ ပြောချင်ပါတယ်။ စစ်အစိုးရကြောင့် ပြေလည်သွားခဲ့တဲ့ ပြဿနာတွေ အများကြီးပဲ။ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုနဲ့ ပညာရေးပိုင်းမှာ အကြီးအကျယ် အားနည်းခဲ့တာကိုလည်း လက်ခံတယ်။ အဲဒီအတွက် ဦးသန်းရွှေ တစ်ယောက်တည်းမှာ တာဝန်ရှိတယ်၊ ဦးသန်းရွှေ တစ်ယောက်တည်းရဲ့ အပြစ်ပဲ ဆိုရင်တော့ဖြင့် ထားလိုက်ပါတော့လေ။

ဂဠုန်ဦးစောကို မြန်မာတွေ မေ့ကြပြီလား။ ကျွန်တော်အပါအ၀င် လူတိုင်းနီးပါးဟာ ဦးစောကို မုန်းတီးကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခဲ့ရာမှာ အဓိကတာဝန်ရှိသူအဖြစ် တစ်သက်လုံးက ခွင့်မလွှတ်ခဲ့ကြဘူး။ ဒါပေမယ့် ကျွန်တော်မေးမယ်... ခင်ဗျားတို့တွေ ဦးစောရဲ့ သားသမီးတွေ၊ မြေးတွေကို ဘာအပြစ်မှ ပြောကြတာ မတွေ့ရပါလား။ အပြစ်မပြောလို့ ကျွန်တော်က ဝေဖန်နေတာ မဟုတ်ပါဘူး။ ဂဠုန်ဦးစော လုပ်ခဲ့တဲ့ အလုပ်တွေအတွက် သူ့မိသားစုမှာ အနည်းနဲ့အများ သက်ရောက်မှုရှိမှာ မလွဲပါဘူး။ ဒါပေမယ့် အဲဒီအလုပ်ကို သူ့သားသမီးတွေ လုပ်ခဲ့တာမဟုတ်ဘူး။ သူ့မြေးတွေ လုပ်ခဲ့တာမဟုတ်ဘူး။ နောက်တစ်ခု အိုစမာဘင်လာဒင်ဟာ ကမ္ဘာ့အလိုအရှိဆုံး အကြမ်းဖက်ခေါင်းဆောင်။ ဒါပေမယ့် သူ့မိသားစုတွေ၊ သူ့သားသမီးတွေဟာ အကြမ်းဖက်သမားတွေ မဟုတ်ကြဘူး။ အမေရိကမှာ အလုပ်လုပ်နေတဲ့ ဘင်လာဒင်ရဲ့ ဆွေမျိုးတွေ တစ်ပုံကြီးပဲ။ အားလုံးအေးဆေးပါပဲ။ ဘယ်အမေရိကန်ကမှ ဘင်လာဒင်ရဲ့ အမျိုးတွေပဲဆိုပြီး ပစ်မယ်မထားကြပါဘူး၊ ၀ိုင်းမဆဲကြပါဘူး။

ဦးသန်းရွှေဟာ ဂဠုန်ဦးစောလောက် ဆိုးခဲ့သူလား။ ဘင်လာဒင်လို အကြမ်းဖက်သမားလား။ စဉ်းစားကြစေချင်ပါတယ်။ နိုင်ငံ့တာဝန်ကို အကြီးဆုံးလူ တစ်ဦးအနေနဲ့ တာဝန်ယူခဲ့ရာမှာ အမှားတွေ ရှိခဲ့ကောင်း ရှိခဲ့နိုင်ပါတယ်။ အဲဒီအတွက် ဝေဖန်ကြတာ၊ အပြစ်တင်ကြတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် အခု သူ့မြေးအထိ ရောက်လာပြီဆိုတာကတော့ နည်းနည်းလေးများ တရားလွန်သလားလို့ တွေးမိပါတယ်။ ငါသောက်မယ့်ရေကို နောက်အောင်လုပ်တာ မင်းမဟုတ်ရင် မင်းအဘိုးဆိုပြီး သမင်လေးကိုစားတဲ့ ကျားကြီးလိုများ ကျွန်တော်တို့တွေ ဖြစ်နေကြပြီလား။ ဒီလိုပြောနေတာတွေဟာ နေရွှေသွေးအောင်ဆိုတဲ့ လူငယ်တစ်ယောက်ကို ကာကွယ်ပေးနေတာ မဟုတ်ပါဘူး။ သူ့မှာလည်း မကောင်းတဲ့ သမိုင်းအတိတ်တွေ ရှိခဲ့မှာ အသေအချာပါပဲ။ သူလည်း ပုထုဇဉ်ပဲကိုး။ ကျွန်တော်ကြားဖူးတဲ့ မကောင်းတဲ့ သမိုင်းတွေတင် အများအပြားရှိပါတယ်။ ဒါတွေဟာ လူတိုင်းမှာ ရှိတတ်ကြတာမျိုးပါ။ အဲဒီအတွက် သူလုပ်တဲ့ အမှားတွေအတွက် သူ့မှာတာဝန်ရှိတာ၊ အဲဒါနဲ့ ပတ်သက်ပြီး ဝေဖန်တာကို လက်ခံပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အမှားတွေအတွက် ကျွန်တော့်ကို ဝေဖန်ရင်လည်း ကျွန်တော်လက်ခံရမှာပါပဲ။ ဒါပေမယ့် သူ့အဘိုးကို မုန်းတဲ့စိတ်နဲ့ သူ့ကိုပါ မဆီမဆိုင် မုန်းတီးနေတယ်၊ ပြစ်တင်နေတယ် ဆိုရင်တော့ ဒါဟာ ခင်ဗျားတို့ ပြောပြောနေကြတဲ့ ဒီမိုကရေစီ စံနှုန်းတွေ၊ လူ့အခွင့်အရေးတွေနဲ့ ကိုက်ညီပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။

မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ တက္ကသိုလ်များဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ဦးသန်းရွှေအကြောင်း ပြန်ဖွလာကြတာကို တွေ့ရပါတယ်။ အဲဒီအထဲက ဟာသအမြောက်ဆုံး ပြက်လုံးတစ်ခုကတော့ တပ်ထဲမှာ ဦးသန်းရွှေကို ဖြုတ်ချဖို့ ပြင်နေကြပြီ ဆိုတာပါပဲ။ လျှောက်ပြီးတော့ သွယ်ဝိုက်မနေဘဲ ပြောရမယ်ဆိုရင် လူအများစုက လက်ရှိနိုင်ငံရေး အခြေအနေတွေကို ဦးသန်းရွှေက နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ ထင်နေကြတာပါပဲ။ တပ်မတော်ကိုလည်း ဦးသန်းရွှေကပဲ မောင်းနှင်နေသေးတယ်လို့ ထင်နေကြဆဲပါပဲ။ အဲဒါကြောင့်လည်း အခုလို သတင်းမျိုးကို Like လုပ်သူ၊ Share လုပ်သူတွေ အများအပြား ဖြစ်နေကြတာပါ။ တပ်ထဲမှာ ဦးသန်းရွှေကို ဖြုတ်ချမယ်ဆိုတော့ ဦးသန်းရွှေက အငြိမ်းစားယူပြီးသား ဗိုလ်ချုပ်မှူးကြီးဟောင်းတစ်ဦးပဲ။ ပင်စင်စားတစ်ယောက်ကို ဖြုတ်ချဖို့ လိုလို့လား။ လက်ရှိ ကာချုပ်ဟာ ဦးမင်းအောင်လှိုင်ဆိုတာ အားလုံးသိနေတာပဲ။ နိုင်ငံတကာကို လှည့်သွားနေတာလည်း အားလုံးမြင်နေတာပဲ။ တပ်မတော်နေ့ အခမ်းအနားမှာလည်း တပ်မတော်ရဲ့ အကြီးဆုံးပုဂ္ဂိုလ်အဖြစ် မိန့်ခွန်းပြောနေတာ အားလုံးတွေ့နေတာပဲ။ သမ္မတကြီးတက်တဲ့ လွှတ်တော်အခမ်းအနားတွေမှာ တပ်မတော်ရဲ့ အကြီးအကဲအနေနဲ့ တက်ရောက်နေတာလည်း မျက်မြင်ကိုယ်တွေ့ပဲ။ ကဲ... ဦးသန်းရွှေက ဘယ်ကနေ ဘယ်လိုပါလာရတာလဲ။ တပ်ထဲမှာရှိတဲ့ ဘယ်စစ်သားကများ ဦးသန်းရွှေက သူတို့ကို ဖြုတ်ပစ်လိမ့်မယ်တို့၊ ဦးသန်းရွှေက သူတို့ကို ရာထူးတိုးပေးလိမ့်မယ်တို့ လက်ခံနားလည်နေကြသလဲဆိုတာ စိတ်ဝင်စားမိတယ်။ ချင့်ယုံကြပါကွယ်ရို့။

ဆရာအောင်ထွဋ် မဆုံးခင်က ပြောဖူးတာရှိတယ်။ ဦးသန်းရွှေဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အဓိက အခန်းကဏ္ဍတစ်ခုက ပါဝင်ခဲ့တယ်တဲ့။ အတိတ်က ကောင်းခဲ့တာ၊ ဆိုးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဆရာက မပြောပေမယ့် သေသေချာချာ ပြောတာတစ်ခုကတော့ အနာဂတ်မြန်မာ့နိုင်ငံရေးအတွက် ဦးသန်းရွှေဟာ လမ်းခင်းပေးခဲ့သူပါတဲ့။ မျက်မှန်စိမ်းနဲ့ ဆရာကြီးများ ဆဲလို့ကောင်းတဲ့ အရေးအသားပေါ့ခင်ဗျာ။ လွတ်လွတ်လပ်လပ် ဆဲနိုင်ကြပါတယ်။ ဒီနေ့လျှောက်နေတဲ့ ဒီမိုကရေစီ ခရီးလမ်းဟာ ဦးသန်းရွှေဦးဆောင်တဲ့ စစ်တပ်အစိုးရက ခင်းပေးခဲ့တဲ့လမ်းပါ။ နိုင်လွန်ကတ္တရာလမ်း ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါပေမယ့် လမ်းကြောင်းပေါ်နေတာကတော့ အသေအချာပါပဲ။ အဲဒီလမ်းကိုကောင်းအောင်လုပ်ဖို့၊ လမ်းမှာရှိတဲ့ မညီညာမှုတွေကို ပြင်ဆင်ဖို့၊ အန္တရာယ်ကင်းအောင်လုပ်ဖို့ စတာစတာတွေအတွက်ကတော့ နောင်လာမယ့် မျိုးဆက်တွေအတွက်ပဲလေ။ ဦးသိန်းစိန်က သူ့လက်ထက်မှာ သူနိုင်သလောက် ပြင်ဆင်မယ်၊ မွမ်းမံမယ်။ ၂၀၁၅ ကျရင် နောက်တစ်ဖွဲ့က ပိုကောင်းအောင် ပြင်ဆင်မယ်၊ မွမ်းမံမယ်။ ဒီလိုနဲ့ပဲ စင်းလုံးချောနီးပါးကောင်းတဲ့ လမ်းတစ်ခုကို ဖောက်ကြရမှာ မဟုတ်ဘူးလား။ ဘယ့်နှယ်လုပ်ပြီး သိကြားဖန်ဆင်းပေးတဲ့ လမ်းလိုမျိုး ဥုံဖွ ကောင်းစေသတည်း ဆိုတဲ့လမ်းတော့ ချက်ချင်းရလိမ့်မလဲဗျ။

ဦးသန်းရွှေအကြောင်းတွေ ဖွင့်ချဖို့ ပြင်နေကြပြီတဲ့။ အော်... လူတစ်ယောက်မှာ မကောင်းတဲ့ အဖြစ်အပျက်တွေ ရှိတာများ ဘာဆန်းတာမှတ်လို့။ ခင်ဗျားတို့ ကျွန်တော်တို့မှာရော မကောင်းတဲ့အကြောင်း၊ မကောင်းတဲ့အတိတ် မရှိဘဲနေလို့လား။ နေခဲ့ရတဲ့ ပတ်ဝန်းကျင်၊ ယူခဲ့ရတဲ့ တာဝန်ကိုလိုက်ပြီး အပြစ်တွေတော့ ဘယ်တူနိုင်မလဲ။ ကျွန်းပေါ်မှာ တစ်ယောက်တည်း နေတဲ့လူဟာ မုဒိန်းမှု ကျူးလွန်စရာ အကြောင်းမရှိသလို၊ ငါးစိမ်းသည်ကလည်း လာဘ်စားမှု ကျူးလွန်စရာ အကြောင်းမရှိပါဘူး။ အဲဒီ concept ကို သဘောပေါက်ရင် နားလည်ပေးနိုင်ကြပါလိမ့်မယ်။ အိုဘားမား အစိုးရတောင် တစ်ကမ္ဘာလုံးက သူ့မိတ်ဆွေတွေကို ခိုးကြောင်ခိုးဝှက် စပိုင်လုပ်နေသေးတာ ဦးသန်းရွှေကြီးက အဲဒီလောက် အပြစ်မကြီးလောက်ပါဘူး။

ကဲ... ကျွန်တော်မြင်သမျှ ဦးသန်းရွှေအကြောင်းက ဒီလောက်ပါပဲ။ လိုရင်းပြောရရင် ဦးသန်းရွှေ ဦးဆောင်တဲ့ တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့စဉ်ကာလမှာ မူဝါဒအမှားတွေ အများကြီးလုပ်ခဲ့တယ်၊ အဲဒါ အသေအချာပဲ။ စစ်တိုက်တော်တိုင်း ပညာရပ်တိုင်းကို နားလည်နိုင်တာမှ မဟုတ်တာ။ သူ့အစိုးရကို မှတ်တမ်းတင်ရလောက်တဲ့ လုပ်ရပ်တွေလည်း လုပ်ခဲ့တာ အသေအချာပဲ။ ဥပမာ - နေပြည်တော် မြို့တော်သစ်ကြီး တည်ဆောက်ခဲ့တာ။ နောက်ပိုင်းတက်မယ့် အစိုးရတွေ ကြိုက်သလောက် လူကြိုက်များ ထောက်ခံပါစေ မြို့တော်သစ်တစ်ခု တည်လို့ရစရာအကြောင်း တစ်စက်မျှကို မရှိဘူး။ ဦးသန်းရွှေကို မုန်းတီးတဲ့စိတ်ကြောင့် သူ့မိသားစုကိုပါ မုန်းတီးကြတာကို ကျွန်တော်လက်မခံဘူး။ သူတို့တွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ပြစ်တင်ဝေဖန်တာကိုတော့ အပြည့်အ၀ လက်ခံတယ်။ ဦးသန်းရွှေမြေးပဲဆိုပြီး နေရွှေသွေးအောင်ကို လိုတာထက်ပိုပြီး ပြစ်တင်ဝေဖန်ကြတာကို လက်မခံဘူး။ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ အခြားသော တာဝန်ရှိသူတွေနဲ့အတူ ဖဲကြိုးဖြတ်တာ၊ အတူတွဲထိုင်တာ၊ စတဲ့အကြောင်းပြချက်တွေလောက်နဲ့ မြောက်ကိုရီးယားက ကင်ဂျုံအန်လို ဖြစ်လာလိမ့်မယ်ဆိုပြီး ဇာတ်လမ်းဆင်ကြတာကတော့ ဉာဏ်နည်းလွန်းရာ ရောက်ပါတယ်ဗျာ။ ထမင်းစားတာလား၊ အခြားဟာစားတာလားဆိုတာ ကိုယ့်ဘာသာကိုယ် သုံးသပ်ကြစေချင်တယ်။

ကဲ.... ကျွန်တော့်ဆွေးနွေးမှု ဒီမှာရပ်ပါပြီ။ ၀င်ရောက်ဆွေးနွေးနိုင်ကြသလို အမြင်မတူသူများလည်း ၀င်ရောက် ဆဲဆိုဝေဖန်နိုင်ကြပါပြီ။ အားလုံးကို ကြိုဆိုလျက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်၊ တနင်္ဂနွေနေ့။
ည ၁၀ နာရီတွင်ပြီး၏။

ကျွန်တော်ကြိုက်သော ပုံပြင်များ (၂၄)


ရေအိုင်ထဲကခွေး

တစ်နေ့မှာ တွေးခေါ်ရှင်ကြီးကို ၀ိုင်းမေးကြတယ်။
ဆရာကြီးကို လမ်းမှန်ပေါ်ရောက်အောင် ဘယ်သူက ညွှန်လိုက်ပါသလဲ။
ခွေးပေါ့၊ တစ်နေ့ ရေအိုင်ဘေးမှာ ရပ်နေတဲ့ ခွေးတစ်ကောင်ကို ကျွန်တော်တွေ့တယ်။ အင်မတန် ရေဆာနေတဲ့ပုံပဲ။ ရေသောက်ဖို့ သူ အကြိမ်ကြိမ် ကြိုးစားတယ်။ ဒါပေမယ့် အကြိမ်တိုင်းမှာ ရေသောက်ဖို့ ခေါင်းကိုငုံ့လိုက်၊ ကြောက်ကြောက်နဲ့ နောက်ပြန်ဆုတ်လိုက် ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရေအိုင်ထဲမှာ နောက်ခွေးတစ်ကောင်ကို သူတွေ့နေလို့။ နောက်ဆုံး ရေသောက်ချင်တဲ့စိတ်ကို လုံးဝ တားမရတော့တဲ့အခါမှာ အကြောက်တရားကို ဖယ်ရှားပစ်လိုက်ပြီး ရေအိုင်ထဲကို သူခုန်ဆင်းလိုက်တယ်။ အဲဒီအခါမှာ ရေထဲက သူ့ရဲ့ရုပ်ပုံလည်း ပျောက်သွားတော့တယ်။ အဲဒီတော့မှ သူ့ကို ဟန့်တားနေတာဟာ သူကိုယ်တိုင် ဖြစ်နေပါလားဆိုတာကို ခွေး သဘောပေါက်သွားတယ်။
ဒါကိုကြည့်ပြီး ကျွန်တော်တို့အတွက် အခက်အခဲ အတားအဆီးဟာ ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်တယ် ဆိုတဲ့အသိတရားကို ရလိုက်တာပါပဲဗျာ။

[မောင်ကောင်းထိုက်၊ ငရဲတံခါး၊ နိဗ္ဗာန်တံခါးနှင့် အခြားဇာတ်လမ်းများ မှ]

Monday, September 30, 2013

သူငယ်ချင်းတွေနဲ့ ဆွေးနွေးဖြစ်တာလေးတွေပါ (၁)


ဒေါ်အောင်ဆန်းစုကြည်က အခုနောက်ပိုင်း တည့်(ဒဲ့)တွေ ပြောလာတယ်နော်။ အဲဒါ မင်းအမြင် ဘယ်လိုရှိလဲ။

ဘယ်လိုမှ မရှိဘူး။ သူပြောတာတွေကို သူတာဝန်ယူဖို့ပဲ လိုတယ်။ ခက်တာက ငါတို့ဆီက မီဒီယာတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုပြောတယ်သာ ရေးကြပြောကြတာ။ ဘယ်တုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကတော့ လက်ရှိအခြေအနေအရ မဖြစ်နိုင်ဘူး၊ ပကတိ အရှိတရားနဲ့ ကင်းကွာတယ်၊ ဘယ်တုန်းက ပြောခဲ့တာကတစ်မျိုး၊ အခုပြောတာက နောက်တစ်မျိုး ဖြစ်နေပြန်တယ် စသဖြင့် ဝေဖန်သုံးသပ် ရေးသားတင်ပြရဲတဲ့သူ မရှိသလောက် ဖြစ်နေတာပဲ။ တကယ်တမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟာကွက်၊ ပျော့ကွက်၊ ရှော်ကွက်၊ ချော်ကွက်တွေကို မီဒီယာတွေ ကောင်းကောင်းသိတယ်။ ဒါပမေယ့် ဘယ်သူမှ မပြောကြဘူး။ ခေတ်ကာလ အခြေအနေက ဒေါ်စုကိုမထိနဲ့၊ ဒေါ်စုကိုထိရင် ဒီမိုကရေစီဘက်တော်သား မဟုတ်ဘူးလို့ ခံယူထားကြသူ များနေတာကိုး။ အဲဒီတော့ မီဒီယာတွေက စာဖတ်သူရဲ့ ၀ိုင်းကျဉ်တာကို မခံဘူး။ မသိချင်ယောင်ဆောင်ပြီး နှာစေးနေလိုက်ကြတယ်။ စီးပွားရေးဆန်တာပေါ့နော်။ စီးပွားရေးအရ ကြည့်မယ်ဆိုရင် ဒင်းတို့တွေ မှန်တယ်။ ဒါပေမယ့် လိပ်ခေါင်းထွက်အောင် အော်နေကြတဲ့ စတုတ္ထမဏ္ဍိုင်တို့၊ တည့်မတ်ပေးသူတို့၊ ထိန်းကျောင်းပေးသူတို့ စတဲ့စကားလုံးတွေ အတွက်ဆိုရင်တော့ မြန်မာ့ဂျာနယ် အများစုဟာ ဟိုးအောက်ဆုံးအဆင့်မှာပဲ ရှိတယ်။ ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က သူဘာပြောပြော ဘယ်သူကမှ ဝေဖန်မယ့်သူ မရှိတဲ့အတွက် ပြောချင်ရာပြောတယ်။ အခုလိုပြောတာ သောက်ရမ်းနေရင်း အမုန်းစိတ်နဲ့ ပြောနေတာမဟုတ်ဘူး။ ဒေါ်စုပြောသမျှ အကုန်လုံး မဟုတ်ပေမယ့် ရတတ်သမျှကို နားထောင်တယ်၊ သိမ်းထားတယ်။ အဲဒီအတွေ့အကြုံအရ ပြောပြတာ။ ဒေါ်စုမိန့်ခွန်းများဆိုပြီး ဘော်ချက်တဲ့စာအုပ်ကိုလည်း ၀ယ်ထားလိုက်တာပဲ။ တမင်ကို အကိုးအကားဖြစ်အောင် ၀ယ်ထားတာ။ အကျယ်ချုပ်က လွတ်လွတ်ချင်း ပြောတဲ့ပုံစံတွေ၊ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလမှာ အမြှုပ်ထွက်အောင် ပြောခဲ့တဲ့ စကားလုံးတွေ၊ လွှတ်တော်ထဲကို ရောက်ကာစက ပြောခဲ့တဲ့ အထာတွေ၊ တရားဥပဒေစိုးမိုးရေးကော်မတီမှာ ဥက္ကဋ္ဌဖြစ်တော့ ဟိုပြောဒီပြော ပြောခဲ့တာတွေ၊ အခုနောက်ပိုင်း နိုင်ငံတကာလှည့်ပြီး သူ့ပါတီအတွက်၊ သူ့အတွက် ပိုက်ဆံလိုက်ယူတော့ လူရှေ့သူရှေ့တွေမှာ ပြောခဲ့တာတွေ စတာစတာတွေကို နားထောင်ပြီး၊ ဖတ်ရှုပြီးမှ ကျွန်တော့်ရဲ့ မှတ်ချက်စကားကို ပြောတာ။ ခင်ဗျားမယုံရင် စောင့်သာကြည့်၊ ဒေါ်စုကို တွယ်တဲ့နေ့ ရောက်လာဦးမှာပဲ။ အဲဒီအချိန်ကျရင် မြန်မာမီဒီယာတွေ ဒေါ်စုအကြောင်းကို ဘယ်လိုရေးကြမလဲဆိုတာ။ မေးခွန်းကို တည့်တည့်ဖြေရရင် ဒေါ်စုက အခုအချိန်မှာ လုပ်နိုင်တာဆိုလို့ စကားပြောတာပဲ ရှိတာကိုး။ အဲဒီတော့ ပြောချင်ရာ ပြောပါစေ။ လွှတ်ထားလိုက်ပါကွာ။ ထင်သာမြင်သာတဲ့ ဥပမာတစ်ခု ပေးရမယ်ဆိုရင်တော့ ဒေါ်စုခရေဇီတွေ၊ ဒေါ်စုဂုဏောတွေတောင် ငါတို့လောက် ဒေါ်စုမိန့်ခွန်းတွေကို နားမထောင်ဖူးဘူးကွ။ ကြိုက်ကြေးသာလောင်းကွာ။ အကုန်လုံးကို မပြောပါဘူး။ ကျွန်တော်က ဒေါ်စုမှဒေါ်စုဆိုတဲ့ ရဲရဲတောက် ၁၀ ယောက် ခေါ်လာခဲ့။ ၈ ယောက်က ဒေါ်စုမိန့်ခွန်းတွေပြောတာ ဘယ်နှခုရှိမှန်းတောင် သိမှာမဟုတ်ဘူး။ စိတ်သာချ။ ဒေါ်စုကို လူတွေက အဲဒီလိုချစ်ကြတာကွ။ အဲဒါကို ဒေါ်စုက သဘောကျနေရင်တော့လည်း ရှိပါစေကွာ။ :D

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိစ္စ အတော်လေးကို အသံထွက်လာတာ တွေ့ရတယ်နော်။ ဘယ်လိုမြင်လဲကွ။

အမှန်အတိုင်း ပြောရရင် သိပ်သဘောမကျဘူး။ အခုလုပ်နေတာက တကယ်ရော ငြိမ်းချမ်းရေးရမှာလား။ အခုလုပ်နေတဲ့ လူတွေရဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က ဘာလဲ။ အဲဒါက အရေးကြီးတယ်။ ငါဆိုလိုတာကကွာ... ကချင်ပြည်နယ်အတွက် ငြိမ်းချမ်းရေး လက်မှတ်ထိုးတယ်ဆိုပါတော့။ ကချင်ဒေသမှာ ဘယ်လိုအခြေအနေတွေ ဖြစ်ပေါ်လာတာကို ငြိမ်းချမ်းတယ်လို့ ခေါ်ဆိုအဓိပ္ပါယ်ဖွင့်မှာလဲ။ အစိုးရကျောင်းတွေ နေရာတိုင်းမှာ ဖွင့်လှစ်နိုင်တာ၊ ကလေးတိုင်း သူ့ဒေသအလိုက် ကျောင်းတက်နိုင်တာ၊ မည်သူမဆို ကချင်ပြည်နယ်အတွင်း လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း သွားလာနိုင်တာ၊ ကချင်ပြည်နယ်မှာ လက်နက်ကိုင်တပ်ဆိုလို့ တပ်မတော်တစ်ခုတည်းပဲ ရှိတော့တာ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ဆက်ကြေးတို့၊ လိုင်းကြေးတို့ ပေးစရာမလိုတော့ဘဲ သာမန်လုပ်နေကျ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နိုင်တာ၊ စတာတွေဆိုရင်တော့ အကျိုးရှိတယ်။ ဒီအစိုးရလက်ထက်မှာ လုပ်ဆောင်ချက်တစ်ခုခု အနေနဲ့ ပြချင်တာဆိုရင်တော့ နည်းနည်းအန္တရာယ်များတယ်။ ကျွန်တော့်စိတ်ထဲမယ် တိုင်းရင်းသားလက်နက်ကိုင် သူပုန်တွေအားလုံး KNU လို ရိုးသားမှု၊ စိတ်ပြတ်မှု မရှိကြရင် မငြိမ်းချမ်းနိုင်သေးဘူးလို့ မြင်မိပါတယ်။ တစ်ခုဖြတ်ပြောချင်တာက ဦးအောင်မင်းတို့ကို လက်နက်ကိုင်တွေနဲ့ အရင်မဆွေးနွေးဘဲ တပ်မတော်နဲ့ အရင်ဆွေးနွေးစေချင်တယ်။ မဟုတ်ရင် သူတို့က စကားတွေလွန်ပြီး တကယ်တမ်း အောက်ခြေမှာ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ တပ်မတော်အတွက်ကျတော့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ တစ်ဘက်က လက်နက်ကိုင်တွေအတွက်လည်း အဲဒီလိုပဲ။

သူငယ်ချင်းတွေ မေးတာတွေထဲက အချို့ကို အချိန်ရသလောက် ပြန်ရေးလိုက်တာပါ။ နောက်ထပ် ဆွေးနွေးထားတာလေးတွေကို အချိန်ရရင် ရေးတင်ပါ့မယ်။ စိတ်ဝင်တစားရှိကြတဲ့ သူငယ်ချင်းတွေအတွက် ၀မ်းမြောက်ဂုဏ်ယူရပါတယ်။ မြန်မာ့နိုင်ငံရေးကို မြန်မာတွေစိတ်ဝင်စားတာ ကြိုဆိုရမယ့် ကိစ္စရပ်ပါ။ အချို့သူငယ်ချင်းတွေ ကျွန်တော့်ထက် အဆပေါင်းများစွာ နိုင်ငံရေးအမြင် ကျယ်ကြတယ်၊ အသိပညာတွေ ရှိကြတယ်၊ ဒါပေမယ့် သူတို့စာမရေးကြဘူး။ ကျွန်တော်တိုက်တွန်းပေမယ့် သူတို့ဆီက ပြန်ကြားရတာ တစ်ခွန်းပဲ။ စာမရေးတတ်ဘူးကွတဲ့။ မတောက်တခေါက် ဟိုမရောက် ဒီမရောက် ကျွန်တော်က ဟိုရေးဒီရေး ရေးနေတာဟာ အန္တရာယ်များတယ်။ သူတို့ကို ရေးစေချင်တယ်။ ရေးကြပါ၊ ဆွေးနွေးကြပါ။ ဝေမျှကြပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်၊ တနင်္လာနေ့။
ည ၈ နာရီ ၅၈ မိနစ်တွင်ပြီး၏။

Thursday, September 26, 2013

လျှပ်တစ်ပြက် ရန်ကုန်


(က)
ရန်ကုန်လို့ ပြောလိုက်တာနဲ့ အားလုံးက နှာခေါင်းရှုံ့သွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ မိုးတွင်းကာလ အခက်အခဲတွေကြောင့်ပါ။ ကျန်တာတွေကို ကျွန်တော်သေသေချာချာ မသိသလို၊ ပြောလည်းမပြောချင်ပါဘူး။ ကိုယ်တွေ့ကြုံရတဲ့ အခက်အခဲ တစ်ခုကတော့ ချိန်းဆိုထားတဲ့ နေရာတွေကို အချိန်မီ ရောက်ဖို့အတွက် ၂ နာရီလောက် ကြိုတင်ပြီး ထွက်နေရတာပါပဲ။ အချိန် ၂ နာရီဆိုတာ အမှန်တကယ် အလုပ်လုပ်မယ်ဆိုရင် ဘယ်လောက်အဖိုးတန်သလဲဆိုတာ အားလုံးအသိပါ။ အခုတော့ အဲဒီအချိန်တွေကို လမ်းတွေပေါ်မှာ၊ တက္ကစီတွေပေါ်မှာ၊ ဘတ်(စ်)ကားတွေပေါ်မှာ၊ ဖယ်ရီတွေပေါ်မှာ အလဟဿ ဖြုန်းတီးပစ်လိုက်ကြရတယ်။ ရန်ကုန်မှာ နေထိုင်လုပ်ကိုင် ရှင်သန်ရပ်တည် နေကြသူတွေဟာ နေ့စဉ်နဲ့အမျှ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကြားမှာ အချိန်တွေ၊ စိတ်ရှည်မှုတွေ၊ သည်းခံမှုတွေ၊ နားလည်မှုတွေကို စတေးပစ်နေကြရတာ အင်မတန်မှကို နှမြောဖို့ကောင်းလှပါတယ်။

(ခ)
ဘတ်(စ်)ကားစီးဖို့ ဘယ်လိုမှကို သတ္တိမွေးလို့ မရတဲ့အတွက် တက္ကစီငှားစီးပြီး MICT ထဲကို သွားခဲ့ပါတယ်။ အဲဒီနေရာကို မရောက်ခင် ဖြတ်သန်းခဲ့ရတဲ့ လမ်းကွေ့တစ်နေရာကို ကျွန်တော်ဖြင့် အခုစာရိုက်နေရင်းနဲ့ ပြန်မြင်ယောင်နေမိတယ်။ အိမ်စီး၊ တက္ကစီ၊ ဖယ်ရီ စသဖြင့် ကားအမျိုးမျိုး အထွေထွေဟာ လှေငယ်လေးတွေအလား ရေပြင်ကျယ်ကြီးထဲမှာ ကူးခတ်ခုတ်မောင်းနေကြတာ၊ ရုံးသွားတာ ဖြစ်ပုံရတဲ့ အမျိုးသား၊ အမျိုးသမီးအချို့ဟာ ထီးလေးတွေဆောင်း၊ ထမင်းချိုင့်လေးတွေမပြီး သူတို့ပေါင်လယ်လောက်ရှိတဲ့ ရေပြင်ကျယ်ကြီးကို တစ်စက်ကလေးမျှ ဂရုမစိုက်ဘဲ ဖြတ်သွားနေကြတာကို မြင်ခဲ့ရတာ ကျွန်တော်ဖြင့် အံ့သြလွန်းလို့ တွေ့တဲ့လူတိုင်း၊ ကြုံတဲ့လူတိုင်းကို ပြန်ပြောဖြစ်ပါတယ်။ ခက်တာက ရန်ကုန်မှာ ဘယ်သူကမျှ ကျွန်တော်ပြောတာကို အထူးအဆန်း မဖြစ်ကြဘူး။ သူတို့ရဲ့ နေ့စဉ်လူနေမှုဘ၀မှာ ဒီလိုအရာတွေဟာ ဘာမျှမဆန်းတော့တဲ့ သာမန်ကိစ္စရပ်လေးတွေ ဖြစ်ကုန်ကြတယ်။ မြို့ရောက်တဲ့ တောသားကျွန်တော်က အဲဒီရေထဲကနေ ကားဖြတ်တော့ လန့်ဖြန့်ပြီး ခြေထောက်ကလေးကို ကြွလိုက်မိတယ်။ တက္ကစီမောင်းတဲ့လူက အကင်းပါးတယ်။ ရေမ၀င်ပါဘူးဆရာ တဲ့။ ပြတင်းပေါက်ကနေ ခေါင်းထွက်ကြည့်လိုက်တော့ ရေတွေက ကားတစ်ဝက်လောက်မှာ ဘောင်ဘင်ခတ်လို့။

(ဂ)
ကျွန်တော်သာ ရန်ကုန်တိုင်းဒေသကြီး အစိုးရဆိုရင် ကျန်တာတွေကို လုပ်တာမလုပ်တာ အပထား။ အရင်ဦးဆုံး ယာဉ်ကြောပိတ်ဆို့မှု ပြဿနာနဲ့ မိုးနည်းနည်းရွာတာနဲ့ ရန်ကုန်မြို့ကြီး ရေထဲမျောတဲ့ ကိစ္စရပ်ကို ဖြေရှင်းမိမှာ အမှန်ပဲ။ ဘာမှ ထွေထွေထူးထူး စည်းရုံးစရာမလိုပါဘူး။ ရန်ကုန်မြို့ကြီးကို မိုးရွာရင် ရေလုံးဝမမြုပ်အောင်၊ ဘယ်မီးပွိုင့်ကိုမျှ ယာဉ်ကြောပိတ်ဆို့မှု ၃မိနစ်ထက်ပိုပြီး မကြာစေရအောင် ဆောင်ရွက်မှာပါပဲ။ အော်... လက်တွေ့မဟုတ်ဘူးနော်၊ ကျွန်တော် စိတ်ကူးမိတာလေးတွေ ပြောတာပါ။ လက်တွေ့လုပ်နေသူတွေက ဒါတွေမသိဘဲ နေမှာမဟုတ်ပါဘူး။ မသိချင်ယောင် ဆောင်တာလည်း မဖြစ်နိုင်ပါဘူး။ အကြောင်းတစ်ခုခု ရှိလို့ဖြစ်မယ်ထင်ပါတယ်။

(ဃ)
ရန်ကုန်မှာ အခုအချိန်အထိ ကျွန်တော်နဲ့ သဟဇာတ မဖြစ်တာက ဈေးဝယ်ရတာပါပဲ။ အရောင်းစာရေးမတွေကို ဆိုင်ရှင်တွေ၊ မန်နေဂျာတွေက ဘယ်လိုများ လေ့ကျင့်ပေးထားလဲ မသိပါဘူး။ ဆိုင်ခန်းထဲကို ၀င်လိုက်တာနဲ့ သူတို့မျက်စိထဲမှာ ဈေးဝယ်လို့ မြင်ပုံမရဘူး။ အလစ်သမားတွေပဲ ၀င်လာသလိုလို၊ အကြမ်းဖက်သမားတွေပဲ ရောက်လာသလိုလို မျက်နှာပေးတွေနဲ့ ဟိုဟာမေးလည်း မဖြေချင်၊ ဒီဟာမေးလည်း နှာခေါင်းရှုံ့နဲ့ ကိုယ့်ဘာသာကိုယ်တောင် သံသယဖြစ်မိတဲ့ အထိပါပဲ။ ဆိုင်ရှင် သို့မဟုတ် မန်နေဂျာများ ရှိလို့ကတော့ ၀င်လာတဲ့ဈေးသည်ကို ထန်းလျက်ခဲလို ၀ိုင်းလျှက်ကြတာပါပဲ။ တစ်ခုခုကို ကိုင်လိုက်တိုင်း ဈေးနှုန်းအရင်စပြောတာဟာ ရန်ကုန်စတိုလ်ပဲ ထင်ပါရဲ့ဗျာ။ အဲဒီလို ပြောလိုက်တော့လည်း ကိုယ်မ၀ယ်နိုင်တဲ့ ဈေးနှုန်းဆိုရင် ကိုင်ကြည့်မနေနဲ့လို့ သွယ်ဝိုက်ပြီး သတိပေးပြီးသား ဖြစ်တာပေါ့။ မယ်မင်းကြီးမများ ကျန်းမာချမ်းသာကြပါစေ။

(င)
မြင်တွေ့ရသမျှ လူအားလုံးဟာ စိတ်ပျက်အားငယ်မှုကို မြိုသိပ်ပြီး ဘ၀ရည်မှန်းချက်တွေအတွက် သူတို့ရဲ့ စိတ်ခံစားချက်တွေကို လမ်းခင်းထားကြပုံ ရပါတယ်။ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ... အားလုံးဟာ ရန်ကုန်မြေကို မက်မောတွယ်တာ နေကြတုန်းပါပဲ။ ရန်ကုန်ဟာ အားလုံးအတွက် စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေကို တစ်ပွေ့တစ်ဝိုက်ကြီးနဲ့ အမြဲရင်ဖွင့်ထားဆဲ ဖြစ်နေပုံရပါတယ်။

ရန်ကုန် ကျန်းမာပါစေ...
ရန်ကုန် သန့်ရှင်းပါစေ....
ရန်ကုန် ဘေးကင်းပါစေ....
ရန်ကုန် ရန်ကင်းပါစေ....
ရန်ကုန် မေတ္တာလွှမ်းခြုံနိုင်ပါစေ....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၅၄ မိနစ်တွင်ပြီး၏။

Thursday, September 19, 2013

ကျွန်တော်ကြိုက်သော ပုံပြင်များ (၂၃)


မြေခွေး

ဟိုးတစ်ခါတုန်းက အိန္ဒိယအဘိုးအိုတစ်ဦးဟာ သူ့မြေးလေးကို ဘ၀သစ္စာတရားအကြောင်း အခုလို ပြောပြသတဲ့။

"လူတိုင်းရဲ့ အတွင်းစိတ်ထဲမှာ ဆန့်ကျင်ဘက် အားနှစ်ခု အမြဲတမ်း အားပြိုင်နေကြတယ်။ မြေခွေးနှစ်ကောင် အားပြိုင်တာနဲ့ အင်မတန်တူတယ်။ မြေခွေးတစ်ကောင်က အဆိုးတရားကို ကိုယ်စားပြုတယ်။ မနာလိုဝန်တိုမှု၊ အားကျမခံလိုမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ မျှော်မှန်းချက်ကြီးမှု၊ လိမ်ညာလှည့်ဖြားမှု တို့ကိုဖော်ဆောင်တယ်။ နောက်တစ်ကောင်က ကောင်းမြတ်ခြင်းတရားကို ကိုယ်စားပြုတယ်။ ငြိမ်းချမ်းရေး၊ အပြန်အလှန် မေတ္တာထားရေးကို ကြွေးကြော်တယ်။ စိတ်ထားကောင်းတယ်၊ စိတ်ပျက် အားငယ်တတ်ခြင်း အလျဉ်းမရှိဘူး။ သစ္စာနဲ့ အမှန်တရားတို့ကို ချစ်မြတ်နိုးတယ်"

အဘိုးရဲ့စကားဟာ မြေးကလေးရဲ့ အသည်းထဲရင်ထဲကို သံမှိုစွဲသလို စိမ့်ဝင်သွားတယ်။ နောက် စဉ်းစားရင်းက မေးခွန်းတစ်ခု မေးတယ်။

"အဆုံးကျတော့ ဘယ်မြေခွေး အနိုင်ရသလဲ အဘိုး"

အဘိုးရဲ့ မျက်နှာပေါ်မှာ အပြုံးပေါ်လာတယ်။ မြေးကို သူပြောတယ်။

"မင်း အစာပိုကျွေးတဲ့မြေခွေး အမြဲတမ်း အနိုင်ရတယ်" တဲ့။

[မောင်ကောင်းထိုက်-နှီးပဒေါ၊ ငရဲတံခါး၊ နိဗ္ဗာန်တံခါးနှင့် အခြားဇာတ်လမ်းများ စာအုပ်မှ]

Wednesday, September 18, 2013

ဆရာကျော်ဝင်းအင်တာဗျူး၊ ဝေဖန်သံများ၊ ကျွန်တော့်အတွေးများ


ကျွန်တော့်မှာ ပြောစရာ ၃ ခု ရှိပါတယ်။ စိတ်ထဲမယ် သိပ်ပြီးတော့ အစာမကျေတဲ့အတွက် ဒေါသသံတွေ စွက်နေခဲ့မယ်ဆိုရင် ကြိုပြီးတော့ တောင်းပန်လိုက်ပါတယ်။ အတတ်နိုင်ဆုံးတော့ စိတ်ခံစားချက်ကို ချုပ်တီးပြီး ရေးသားပါ့မယ်။ ပြောချင်တဲ့ အကြောင်းအရာတွေကတော့ -
(၁) ဆရာကျော်ဝင်း အင်တာဗျူးကိစ္စ
(၂) ဆရာကျော်ဝင်းကို ဝေဖန်ကြတဲ့ကိစ္စ
(၃) လက်ရှိနိုင်ငံရေးနှင့်တပ်မတော်ဆက်နွှယ်မှုကိစ္စ

အခုပထမဆုံးအနေနဲ့ ဆရာကျော်ဝင်းရဲ့ အင်တာဗျူးနဲ့ ပတ်သက်တဲ့အကြောင်းကို ပြောချင်ပါတယ်။ အများကြီး မပြောချင်ပါဘူး။ လိုရင်းကို တည့်တည့်ပဲ မသွယ်မ၀ိုက် ပြောရမယ်ဆိုရင် အရမ်းကြိုက်တယ်။ မေးတဲ့လူရော၊ ဖြေတဲ့လူရော သိပ်ပြီးတော့ သဘောကျဖို့ကောင်းတယ်ဗျာ။ အဆိုတော် ရဲရင့်အောင်ရဲ့ သီချင်းစာသား တစ်ပိုင်းတစ်စကို အစားထိုးပြောင်းလဲပြီး ပြောရမယ်ဆိုရင်တော့ နင် မသိဘူး ကြိုက်လွန်းလို့သေနိုင်တယ် ပေါ့ဗျာ။ ပြည်သူ့ခေတ်ဂျာနယ်မှာ ဆရာကောင်းဆက်နိုင် အမြဲပုံမှန် ရေးလေ့ရှိတဲ့ ခေါင်းစဉ်ကို ငှားပြောရမယ်ဆိုရင်တော့ အံ့သြလွန်းလို့ သေတော့မယ် ပေါ့ဗျာ။ ဒီလောက် ပညာရှင်ဆန်တဲ့ အဖြေကိုမှ သဘောမကျရင် ကျွန်တော်က ဘယ်လိုအဖြေကို သဘောကျရမလဲဗျ။ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပြု ဝေဖန်ကြတဲ့ အဖြေအားလုံးထဲမှာ အခု ဆရာကျော်ဝင်း ဖြေတဲ့အဖြေကို အကြိုက်ဆုံးပဲ။ ဘယ်နိုင်ငံခြားသား ပညာရှင်ပြောတာမှ ဆရာကျော်ဝင်းရဲ့ အဖြေလောက် လက်တွေ့နဲ့ မနီးစပ်ဘူး။ မကြိုက်တဲ့လူတွေ များကောင်းများနိုင်ပေမယ့် ပြောစရာရှိတာ ပြောရမယ်ဆိုရင် လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ၀င်ရောက်လှုပ်ရှားနေကြတဲ့ နိုင်ငံရေးပလေယာ (သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်အမတ်၊ အတိုက်အခံ၊ ပြင်ပအဖွဲ့အစည်း၊ စာရေးဆရာ စသည်) တွေထဲက ဒီလောက် ပညာရှင်ဆန်တဲ့အဖြေကို ဖြေနိုင်တဲ့လူ အခုထိ ကျွန်တော် မတွေ့မိသေးဘူး။ အချို့အကြောင်းအရာတွေမှာ တစ်ခုကောင်း ဖြေကြတာကိုတော့ ဖတ်မိတာတွေ၊ နားထောင်မိတာတွေ ရှိပါတယ်။ ကျွန်တော် လေ့လာမှု အားနည်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကဲပါလေ... ကျွန်တော်လို မြင်းထိန်းငတာက ဆရာကျော်ဝင်းကို အတင်းအဓမ္မ လော်ဘီလုပ်သလို၊ မတန်မရာ ချီးကျူးနေသလို ဖြစ်နေပါဦးမယ်။ ပြောချင်တဲ့လိုရင်းက ဆရာကျော်ဝင်းရဲ့ အင်တာဗျူးကို အရမ်းကြိုက်တယ်။
ဒီနေရာမှာ တင်ပေးထားပါတယ်။

ဒုတိယတစ်ပိုင်း ပြောချင်တာက ဆရာကျော်ဝင်းကို ရစရာမရှိအောင် ဝေဖန်ကြတဲ့ ကိစ္စပါပဲ။ အခုပြောနေတဲ့ အင်တာဗျူးနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ဆရာကျော်ဝင်းကို ဆော်ကြနှက်ကြတာတွေက အံ့သြစရာတောင် ကောင်းပါသေးတော့တယ်။ ဒီနေ့ အခြေအနေတွေ ဖြစ်လာအောင် ဆရာကျော်ဝင်း လုပ်ထားတာ မဟုတ်ဘူးလေ။ ပြည်သူတွေ အဆင်မပြေဖြစ်တာ၊ အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေးအပိုင်း ပါဝါအားပြိုင်နေတာ ဆရာကျော်ဝင်း မြှောက်ပေးနေတာ မဟုတ်ဘူးလေ။ တပ်မတော်နဲ့ လက်နက်ကိုင် သူပုန်တွေအကြား ငြိမ်းချမ်းရေးမရအောင် ကြားကနေ သွေးထိုးမြှောက်ပင့်နေတာ ဆရာကျော်ဝင်း မဟုတ်ဘူးလေ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆရာကျော်ဝင်းရဲ့ အမြင်ကို သိချင်တဲ့အတွက် ဆရာကျော်ဝင်းကလည်း သူမြင်တဲ့အတိုင်း ဖြေကြားတာကို ဘာဖြစ်လို့လား သမိုင်းတရားခံလိုမျိုး ရန်ရှာအပြစ်တင်နေကြတယ်ဆိုတာ ကျွန်တော်ဖြင့် စဉ်းစားလို့ကို မရဘူး။ အခု ဆရာကျော်ဝင်း ဖြေခဲ့တဲ့ အဖြေတွေထဲမှာ မကျေနပ်တဲ့ အဖြေ တစ်စုံတစ်ရာ ပါခဲ့တယ်ဆိုရင် အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုပြီးတော့ အမှန်နဲ့နီးစပ်မယ်ထင်တဲ့ အဖြေရှိတယ်ဆိုရင် ပြောကြရေးကြပေါ့ဗျာ။ ဒီနေ့ခေတ်လောက် ကိုယ့်အမြင်၊ ကိုယ့်အတွေးကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ ရေးသားခွင့်ရှိခဲ့တာ မြန်မာ့သမိုင်းမှာ ရှိမှရှိခဲ့ရဲ့လားတောင် မသိပါဘူးဗျာ။ ဆရာကျော်ဝင်းက မဟုတ်တမ်းတရား အမှန်တရားနဲ့ ဖီလာဆန့်ကျင် ပြောနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင် အခြားလူတွေနဲ့အတူ ချဲမယ်၊ ဆဲမယ်၊ ဖြဲမယ်၊ ဆွဲမယ်ဗျာ။ အခုတော့ သူများရေးတဲ့ တစ်ပိုင်းတစ်စ စကားလေးကို ကောက်နုတ်ပြီးတော့ ဆရာကျော်ဝင်းကို အပြစ်တော်မြင်ပြီး အဆဲတော်မ၀င်ကြပါနဲ့။ အင်တာဗျူးကို အစအဆုံးတစ်ခေါက် အရင်ဖတ်ကြပါ။ ပြီးမှ ဝေဖန်ကြပါ။ ဆရာကျော်ဝင်း ပြောသမျှကို အမှန်လို့ လက်ခံရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သေသေချာချာဖတ်ရင် ဆရာကျော်ဝင်းရဲ့ ပညာရှင်အမြင်နဲ့ စေတနာကို အထင်းသားမြင်နိုင်ပါတယ်။ ဆရာကျော်ဝင်း ဖြေထားတာတွေထဲက တစ်ပိုင်းတစ်စ စကားလုံးလေးတွေကိုထုတ်ပြီး မတန်တဆ ဝေဖန်နေကြသူတွေကိုတော့ ကျွန်တော်ကိုဉာဏ်ရဲ့ ခွေးရေပုရပိုက်မှာ မှတ်တမ်းတင်ထားလိုက်ကြောင်းပါ။

ဒီပို့စ်မှာ တတိယအပိုင်းနဲ့ နောက်ဆုံးပြောချင်တဲ့ အကြောင်းအရာအဖြစ် တပ်မတော်အပေါ် နားလည်မှုကိစ္စကို ကျွန်တော်ဆွေးနွေးလိုပါတယ်။ ဒီအင်တာဗျူးမှာ ဆရာကျော်ဝင်း ဖြေဆိုသမျှထဲက ကျွန်တော်အကြိုက်ဆုံး အဖြေတွေထဲမှာ တပ်မတော်နဲ့ပတ်သက်ပြီး ဖြေတဲ့အဖြေလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ အပြောခံရတဲ့ တပ်မတော်ဘက်ကရော၊ တပ်မတော်နဲ့ ပတ်သက်လုပ်ကိုင်နေရတဲ့ နိုင်ငံရေးသမားတွေအတွက်ပါ လိုလားကြည်ဖြူနိုင်မယ့် စကားလုံးကို ဆရာကျော်ဝင်း ရွေးချယ်သုံးစွဲသွားတာကို သတိထားကြည့်စေလိုပါတယ်။ ပြောရမယ်ဆိုရင် ဆရာကျော်ဝင်းရဲ့ အဖြေထဲမှာ တပ်မတော်ဘက်က နာမယ်ဆိုရင်တောင် နာလို့ရတဲ့ အဖြေအချို့ ပါဝင်ပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ ပတ်သက်ဆက်နွှယ် နေသူတွေဘက်က တစ်စုံတစ်ရာ တုံ့ပြန်မှု ကြီးကြီးမားမား မရှိတာကလည်း အံ့သြစရာပါပဲ။ လင်းလင်းရဲ့ အိပ်မက်ထဲကစစ်သားကြီးကို ဆတ်ဆတ်ထိမခံ ဖြစ်ခဲ့ကြသူတွေက ဆရာကျော်ဝင်းရဲ့ မှတ်ချက်အပေါ် တစ်စုံတစ်ရာ ကန့်ကွက်ပြောဆိုမှု မကြားရတာဟာ ကျွန်တော့်အတွက်တော့ အမှန်ကို ထူးဆန်းမှုပါပဲ။ မြန်မာပြည်သူတွေရဲ့ တပ်မတော်အပေါ် အမြင်တွေဟာ ပြည့်စုံမှု မရှိဘူးလို့ ကျွန်တော်သုံးသပ်မိပါတယ်။ ကြုံတွေ့ခံစားခဲ့ရတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံ၊ မီဒီယာတွေရဲ့ သရုပ်ဖော်တင်ပြပုံ၊ နိုင်ငံရေးသမားတွေရဲ့ အပြစ်ပုံချဝေဖန်မှုတွေကြောင့် တပ်မတော်ဆိုရင် မုန်းတီးရမယ်၊ တပ်မတော်ဆိုတာ အနိုင်ကျင့်တတ်တဲ့ အဖွဲ့အစည်း၊ တပ်မတော်ဆိုတာ အာဏာလိုချင်သူတွေ စတဲ့ခံယူချက်တွေဟာ မြန်မာပြည်သူ အချို့မှာ တူညီစွာပဲ တည်ရှိနေတာကို တွေ့ရပါတယ်။ တပ်မတော်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာခဲ့သူတွေ ရှိခဲ့တာ အသေအချာပါပဲ။ တပ်မတော်ကို အသုံးချပြီး အာဏာထူထောင်ခဲ့သူတွေ၊ စီးပွားရှာခဲ့သူတွေ ရှိခဲ့တာလည်း အသေအချာပါပဲ။ ဒါပေမယ့် အဲဒီလို လူပုဂ္ဂိုလ် တစ်စုတစ်ဖွဲ့ရဲ့ လုပ်ရပ်ဟာ တပ်မတော်တစ်ခုလုံးရဲ့ လုပ်ရပ်မဟုတ်ဘူး၊ တပ်မတော်တစ်ခုလုံးရဲ့ သဘောထားမဟုတ်ဘူးဆိုတာကို နားလည်ကြဖို့ လိုပါတယ်။ မြန်မာပြည်မှာ သူခိုးတွေရှိတယ်၊ ဓားပြတွေရှိတယ်၊ မုဒိန်းကောင်တွေရှိတယ်၊ မူးယစ်ဆေး သုံးတဲ့လူတွေလည်းရှိတယ်။ သောက်ပျင်းကြီးတဲ့ကောင်တွေလည်းရှိတယ်။ အဲဒီလိုတွေ ရှိတဲ့အတွက် မြန်မာပြည်ဆိုတာ သူခိုးတိုင်းပြည်၊ ဓားပြတိုင်းပြည်၊ မုဒိန်းတိုင်းပြည်၊ မူးယစ်ဆေးတိုင်းပြည်၊ သောက်ပျင်းတိုင်းပြည်လို့ အခြားနိုင်ငံတစ်ခုက ပြောမယ်ဆိုရင် ခင်ဗျားတို့ ကျွန်တော်တို့ ဘယ်သူကမျှ ကြိုက်ကြမယ်မဟုတ်ဘူး။ ပြီးခဲ့တဲ့သမိုင်းတွေကို ယထာဘူတကျကျ ပြန်ပြီးတော့ သုံးသပ်ကြည့်ရင် တပ်မတော်ထိပ်ပိုင်းက အာဏာအလွဲသုံးစားလုပ်သူ တချို့ကြောင့် တပ်မတော်က နာမည်ပျက်ခဲ့ရတယ်ဆိုတာ တွေ့နိုင်မှာပါ။ နောက်တစ်ခုက တပ်မတော်တွေရဲ့ သဘောသဘာဝကို နားလည်ဖို့လိုပါတယ်။ ကမ္ဘာပေါ်က ဘယ်တပ်မတော်မဆို အမိန့်နာခံမှုအပေါ်မှာ အခြေတည်ထားရတာကို မမေ့သင့်ကြပါဘူး။ အီရတ်မှာ စစ်တိုက်နေတဲ့ စစ်သားကို ငပဲ့လို့ သွားပြောလို့မရဘူး၊ အာဖဂန်နစ္စတန်မှာ ရောက်နေတဲ့ စစ်သားကိုလည်း လူသတ်ကောင်လို့ ပြောလို့မဖြစ်ဘူး။ အထက်က အမိန့်ပေးသူတွေ၊ ဆုံးဖြတ်သူတွေ၊ စီစဉ်သူတွေကို မြင်အောင်ကြည့်ဖို့လိုပါတယ်။ ကျွန်တော်က ၁၉၅၈ တို့၊ ၁၉၆၂ တို့ကို စာတွေထဲကပဲ ထိတွေ့ခဲ့ရသူဆိုတော့ အဲဒီတုန်းက တပ်မတော်နဲ့ အကြီးအကဲတွေအကြောင်း သိပ်မသိဘူး။ အခုလက်ရှိ ကျွန်တော်မြင်တွေ့ရတဲ့ တပ်မတော်အကြီးအကဲတွေကတော့ ဆရာကျော်ဝင်း ပြောသလိုပါပဲ နိုင်ငံရေးကနေ ဆုတ်ခွာဖို့ ကြိုးစားနေကြတာကို မြင်နေရတာ အမှန်ပါပဲ။ ဘယ်တပ်မတော် ခေါင်းဆောင်ကမျှ နိုင်ငံတော်အာဏာနဲ့ပတ်သက်ပြီး မျှော်မှန်းစော်ကားတဲ့ စကားပြောတာကို မကြားရဖူးတာ အမှန်ပါပဲ။ ဒါပေမယ့် တပ်မတော်က ခိုင်ခိုင်မာမာ ကာကွယ်မယ်ဆိုပြီး အတိအလင်းပဲ ပြောထားတာကတော့ ဆရာကျော်ဝင်း ပြောခဲ့သလိုပါပဲ။ ဒို့တာဝန်အရေးသုံးပါးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ရေးဆိုတဲ့ အချက်နှစ်ခုပါ။ ဒို့တာဝန်အရေးသုံးပါးကို ဝေဖန်နေကြသူတွေကို ကျွန်တော် တစ်ခါတလေ အံ့သြမိပါတယ်။ အဲဒီ အရေးသုံးပါးကို သိမှသိပါလေစလို့လည်း သံသယဖြစ်မိတယ်။ ကျွန်တော်တို့နိုင်ငံသားအားလုံး အလေးအမြတ်ထားရမယ့်၊ ကာကွယ်စောင့်ရှောက်ရမယ့် အချက် ၃ ချက်ကို တပ်မတော်က ကာကွယ်မယ်ဆိုတာ ကြိုဆိုရမယ့် အရာပဲ။ ပြည်ထောင်စုကြီး ပြိုကွဲသွားတာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲသွားတာ၊ အချုပ်အခြာအာဏာ ဆုံးရှုံးသွားတာကို ဘယ်မြန်မာနိုင်ငံသားက လိုလားတောင့်တပါသလဲ။ သေသေချာချာ စဉ်းစားကြည့်သင့်ကြပါတယ်။ ထားတော့... နောက်တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတာ။ အဲဒါကလည်း အများပြောစရာ အချက်တစ်ချက်ပဲ။ ကျွန်တော်တို့တွေဟာ စကားလုံးတွေနဲ့ ပတ်သက်ရင် သိပ်ပြီးတော့ ထိရှမခံတာ တွေ့ရပါတယ်။ ကာကွယ်စောင့်ရှောက်ခြင်း ဆိုတဲ့စကားလုံးကို ပြင်လို့မရအောင် စောင့်ကြပ်ခြင်းလို့ ဘယ်ပညာရှင်က အဓိပ္ပါယ် ဖွင့်လိုက်သလဲ မသိပါဘူး။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ ပြောဆိုတိုင်း လူတွေက နှာခေါင်းရှုံ့ကြတာချည်းပဲ။ အတွေ့အကြုံတွေအရ အစိုးရိမ်လွန်တာလို့ ဖြေတွေးတွေးလို့ ရနိုင်ပါတယ်။ ကျွန်တော်ကတော့ သံသယစိတ် ကြီးမားတယ်လို့ မြင်မိတယ်။ အပြစ်ဆိုရမယ့် အရာလို့တော့ မထင်မိပါဘူး။

ဆရာကျော်ဝင်းကို ဘ၀ဂ်ညံအောင် ဆဲသံဆိုသူ ဆူညံသွားစေတဲ့ မှတ်ချက်စကားက အခြားမဟုတ်ပါဘူး။
နိုင်ငံရေးမှာ တပ်ရဲ့သဘောတူညီမှုမရှိဘဲနဲ့ ဘာမျှလုပ်လို့မရဘူး
ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီစကားကို ဝေဖန်တဲ့လူတွေကို မေးချင်ပါတယ်။ အဲဒီ ဝေဖန်သူတွေထဲမှာ စာဖတ်သူလည်း ပါနေမယ်ဆိုရင် ဖြေပေးစေလိုပါတယ်။ ဆရာကျော်ဝင်းက ဒီလိုပြောတာဟာ တပ်မတော်ကို ကပ်ဖားလျှက်ဖား လုပ်တာလို့ တွေးထင်ပါသလား၊ တပ်မတော်ကို နှပ်ကြောင်းပေးနေတာလို့ ယူဆပါသလား၊ နိုင်ငံရေးပလေယာတွေကို ခြိမ်းခြောက်နေတာလို့ တွေးထင်ပါသလား။ မေးခွန်းတွေအားလုံးကို ရက်(စ်) လို့ ဖြေခဲ့မယ်ဆိုရင်တော့ ကျွန်တော်ပြောချင်တာက ၀မ်းနည်းပါတယ် ဆိုတာပါပဲ။ ဆရာကျော်ဝင်းဟာ အဲဒီမှတ်ချက်ကို အလကား သူ့ဟာသူ ထွင်ပြီးတော့ စိတ်ထဲထင်ရာ၊ တွေးမိတွေးရာ ပြောခဲ့တာ မဟုတ်ပါဘူး။

ပုံပြင်လေးတစ်ပုဒ် သွားသတိရမိပါတယ်။ တစ်ခါတုန်းဆီက ရှင်ဘုရင်တစ်ပါးဟာ ကျေးလက်တောရွာမှာ ဆင်ဖြူတော်ပေါ်တယ်လို့ သတင်းကြားတဲ့အတွက် ပညာရှိအမတ်ကြီးတစ်ဦးကို စေလွှတ်လိုက်ပါသတဲ့။ ဆင်ဖြူရဲ့ ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံလား၊ မပြည့်စုံလား၊ ဘယ်လိုဆင်မျိုးလဲ စသဖြင့်ပေါ့လေ။ အမတ်ကြီးဟာ သတင်းထွက်ပေါ်တဲ့ ကျေးရွာကို သွားရောက်ပြီးနောက် နန်းတော်ကို ပြန်ရောက်တဲ့အခါ ဘုရင်ကြီးကို လျှောက်ပါတယ်။ အရှင်ဘုရား.... ဆင်ဖြူတော် မဟုတ်ပါ။ သာမည ဆင်မည်းတစ်ကောင်သာ ဖြစ်ကြောင်းပါ။ ဘုရင်က သူ့အတွေးနဲ့သူ ပျော်နေခဲ့တာကိုး။ ဆင်ဖြူရှင်ဘွဲ့ခံ ရတော့မယ်လို့ စိတ်ကူးယဉ်ခဲ့တာလေ။ အမတ်ကြီးရဲ့ လျှောက်တင်ချက်ကြောင့် ဘုရင်လည်း စိတ်အနှောင့်အယှက် ဖြစ်သွားရှာတယ်။ ဟဲ့.... အမတ်ကြီး၊ ဆင်ဖြူတော်စစ်စစ် မဟုတ်ရင်တောင် နည်းနည်းပါးပါးတော့ ဖြူမှာပေါ့လို့ ထပ်မိန့်ရှာတယ်။ အမတ်ကြီးကလည်း ကိုယ်တိုင်သွားကြည့်လာသူ ဖြစ်လေတော့ လုံးဝမလျှော့ဘူး။ သာမန် ဆင်မည်းတစ်ကောင်သာ ဖြစ်ကြောင်းပါဘုရားပေါ့။ ဘုရင်ကြီးလည်း နည်းနည်းတော့ မျက်သွားတယ်။ ဒီအမတ်ကြီးနှယ် ဒီလောက် ပြောနေတာကို ပရိယာယ် မကြွယ်ဝလိုက်တာပေါ့။ ထပ်ပြောတယ်.... ဆင်ရဲ့အသွေးအရောင်က မည်းနေပေမယ့် ကြန်အင်လက္ခဏာတွေကတော့ ဆင်ဖြူလက္ခဏာ ရှိတယ်မဟုတ်လားပေါ့။ အမတ်ကြီးကလည်း သူလိုကိုယ်လို ဆင်မည်းတစ်ကောင်သာ ဖြစ်ကြောင်းပါပေါ့။ သူက အသေအချာ သိနေတာကိုး။ အဲဒီနေ့ကစပြီး ရှင်ဘုရင်တွေရဲ့ ထုံးစံအတိုင်း အမတ်ကြီးလည်း ချောင်ထိုးခံရသလား၊ အဝေးကို အပို့ခံလိုက်ရသလား ဘယ်သူမှ မသိရတော့ပါဘူး။ - - - - - - ဒီပုံပြင်ကို တစ်ခါမျှ မကြားဖူးပါဘူးလို့ ဒွိဟဖြစ်နေသူ မိတ်ဆွေများခင်ဗျား၊ အလကားနေရင်း ခေါင်းခြောက်ခံပြီး စဉ်းစားမနေကြပါနဲ့။ ကျွန်တော်ကိုဉာဏ် ကိုယ့်ဘာသာကိုယ် စိတ်ကူးပြီး ရေးထားတဲ့ ပုံပြင်တစ်ပုဒ်ပါ။ ဇာတ်ပေါင်းသော်ဆိုပြီး နိဂုံးချုပ်ရရင်တော့ ပညာရှိအမတ်ကြီးကား ဆရာကျော်ဝင်း၊ ရှင်ဘုရင်ကြီးကား ဆရာကျော်ဝင်းကို ဝေဖန်ကြသူများ၊ အမတ်ကြီးသွားကြည့်ခဲ့ရသည့် ဆင်ကြီးကတော့ ဝေဖန်ခံရသည့် မှတ်ချက်စကား ဖြစ်သည်ပေါ့ခင်ဗျာ။

ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို စိတ်ဝင်တစား ဖတ်ရှုလေ့လာဖူးသူများအနေဖြင့် ဆရာကျော်ဝင်း ဒီလို မှတ်ချက်ပေးတာကို အထူးအဆန်း ဖြစ်နေလိမ့်မည်မဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်၏ အခန်းကဏ္ဍများနှင့် ပတ်သက်၍ သီးသန့်ပို့စ်တစ်ခု ရေးသားမည်ဖြစ်ပါ၍ ဤနေရာတွင် အကျယ်မပြော တော့သည်ကို နားလည်ပေးကြစေလိုပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ အင်္ဂါနေ့။
ည ၁၁ နာရီ ၃၀ မိနစ်တွင်ပြီး၏။

ဆရာကျော်ဝင်း အင်တာဗျူး


မြန်မာနိုင်ငံ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေချိန် နိုင်ငံရေးဖြစ်စဉ်များတွင် အရေးပါသော လွှတ်တော် ခိုင်မာအားကောင်းရေး၊ သမ္မတဦးသိန်းစိန်အစိုးရ လပေါင်း ၃၀ အတွင်း ပြုပြင်ပြောင်းလဲမှုများနှင့် ရှေ့ဆက်ကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသားများနှင့် ဖက်ဒရယ်ပြည်ထောင်စုကိစ္စ၊ သမ္မတနှင့် လွှတ်တော်ကြား အာဏာလွန်ဆွဲမှု၊ ၂၀၁၅ ရွေးကောက်ပွဲ အလားအလာ၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ အပါအ၀င် အစိုးရ အဖြေမရှာနိုင်သေးသော ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ အကြောင်းတို့ကို မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူလည်းဖြစ်၊ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင် အဖွဲ့ဝင်လည်းဖြစ်သူ စာရေးဆရာ ကျော်ဝင်းကို ဧရာဝတီသတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။     ။ ဆရာကျော်ဝင်းအနေနဲ့ လွှတ်တော်မှာ ပါဝင်ပတ်သက်လာဖြစ်ပုံနဲ့ လွှတ်တော်ကို ဘယ်လိုမျိုး ကူညီဆောင်ရွက်နေလဲဆိုတာ သိချင်ပါတယ်
ဖြေ။     ။ ဖြစ်စဉ်ကတော့ သူတို့က ကျနော်ကို ဖုန်းဆက်ခေါ်တယ်၊ တတ်နိုင်သမျှ ပတ်ရှောင်တယ်။ ကျနော်က စာပဲ ရေးချင်တာ။ ဘယ်ထဲမှာမှ မပါချင်ဘူး။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဦးခင်အောင်မြင့် ကိုယ်တိုင်က တိုက်ရိုက် ဖုန်းဆက်ခေါ်တော့ လူကြီးဆိုတော့ အားနာတယ်။ နောက်ပြီးတော့ ဒီအလုပ်က နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဖို့မဟုတ်ဘူး။ လွှတ်တော်ရဲ့ Capacity Building ကို တတ်နိုင်သလောက် ကူညီပေးပါဖို့ပါ။ နောက်တစ်ခုက ပြန်ကြည့်လိုက်တော့ ဒီကော်မရှင်ထဲမှာက အသက် ၈၀ ကျော် အဘိုးကြီးတွေတောင်ပါတယ်၊ သူတို့တောင် အိုကြီးအိုမနဲ့ လုပ်နေတော့ ကိုယ်က ငြင်းလို့ မကောင်းဘူးလေ။ အဲဒါနဲ့ လက်ခံလိုက်တာ။

နောက်တခုက နိုင်ငံတကာ ကွန်စတီကျူးရှင်းတွေကို လေ့လာပြီးတော့ အစိုးရနဲ့ လွှတ်တော်နဲ့ ဘယ်လို Check and Balance လုပ်ရလဲဆိုတာ Paper တခုလုပ်နေတယ်။ အဲဒါကတော့ ဘယ်အစိုးရပဲ တက်တက် လွှတ်တော်မှာ နောင် အသုံးတည့်ကောင်း တည့်နိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ရေရှည် လုပ်သွား ရမှာကတော့ လွှတ်တော်မှာ သုတေသန ဌာနတခု ပေါ်အောင် ကူညီ ပေးရမှာ။ အဲဒါကတော့ နည်းနည်း ရေရှည်လုပ်ရမယ် ထင်တယ်။ အခု လွှတ်တော်အမတ်တွေ ညံ့တယ်၊ အသုံး မကျဘူးသာ ပြောနေကြတာ၊ ဒီအမတ်တွေကို အထောက်အကူ ပြုနိုင်တဲ့ Organ တခုမှ မရှိဘူး။ နိုင်ငံတကာမှာ ဆိုရင် လွှတ်တော် အမတ်တယောက်က ဥပဒေကြမ်း တခု တင်ချင်တယ်ဆိုရင် သုတေသန အဖွဲ့လိုဟာမျိုးကို အကူအညီ တောင်းရင် သူကအကုန်လုံး Set လိုက်လုပ်ပေးနိုင်တယ်။ သူမှာက Facilities အပြည့်ပဲ။ ဒီမှာက ဘာမှ မရှိဘူး။ အဲဒီ အနေအထားတွေ ဖြစ်နေလို့ ကျနော်က နိုင်သလောက် ကူမယ်ဆိုပြီး ၀င်လုပ်တာ။ ကျနော်က အမတ်မဟုတ်တဲ့အတွက် မဲပေးစရာလည်း မလိုဘူး။ လေ့လာသူအနေနဲ့ တက်ပြီးတော့ တတ်နိုင်သလောက် ၀င်ကူတာ။ တိတိကျကျပြောရရင် အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင် အဖွဲ့ဝင်ပါ။

မေး။     ။သမ္မတနဲ့ လွှတ်တော်အကြားမှာ အမြင်မတူတာတွေ ရှိတယ်၊ ပွတ်တိုက်မှုတွေ ရှိလာတယ်၊ အာဏာရပါတီ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေ အကြားမှာတောင် အမြင်မတူဘဲ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတော့ တိုင်းပြည်က နောက်ကြောင်းပြန်လှည့် ပြီးတော့ စစ်တပ်က အာဏာပြန်သိမ်းတာမျိုးအထိ ဖြစ်လာနိုင်မလား။
ဖြေ။     ။ ယေဘုယျ ပြောရင်တော့ Power Elite ပေါ့။ Elite ဆိုတဲ့စကားက စပြောရမယ်။ Elite ကို ဗမာ လက်ဝဲသမား တွေက လူ့မလိုင်တို့၊ ရေပေါ်ဆီတို့ ဆိုပြီး သုံးတယ်။ မကြိုက်တဲ့ အဓိပ္ပါယ်နဲ့ ဘာသာပြန်ကြတယ်။ အဲဒါက အရာခပ်သိမ်း မမှန်ပါဘူး။ Elite ဆိုတာက အစုအဝေး တခုမှာ လုပ်ပိုင်ခွင့် အာဏာအရ သူများထက် ခေါင်းတလုံး မြင့်တဲ့သူ။ Political Elite လို့ ပြောရင် နိုင်ငံရေးသြဇာမှာ သူများထက် ခေါင်းတလုံး မြင့်တဲ့သူကို ပြောတာ။ မြန်မာပြည်မှာ Political Elite လို့ပြောရင် ဒေါ်အောင်ဆန်းစုကြည်ပေါ့။ Power Elite က အခု အစုအနေနဲ့ ၃ စု ကွဲနေတယ်လို့ ပြောနိုင်တယ်။ တစုကတော့ သမ္မတ ဦးသိန်းစိန် အမှူးပြုတဲ့ အုပ်ချုပ်ရေး အာဏာပေါ့၊ တစုကတော့ ဦးရွှေမန်းတို့ ဦးခင်အောင်မြင့်တို့ ဦးဆောင်တဲ့ လွှတ်တော် အစုပေါ့၊ နောက်တစ်စုကတော့ တပ်ပေါ့။ အခု ပြန်ကြည့်တော့ တပ်က ဘယ်နိုင်ငံရေး ပါတီနဲ့မှ မပတ်သက်ဘဲ လွတ်လွတ် လပ်လပ် နေတဲ့ သဘောရှိတယ်။ ဒါကြောင့် လွှတ်တော်မှာ မဲပေးတဲ့ ပုံစံတွေကြည့်ရင် USDP က တင်လည်း တပ်က သူ့မူနဲ့သူပဲ။ အစိုးရက တင်တဲ့ဟာတွေလည်း သူ့မူနဲ့သူပဲ။ တပ်က တစုံတရာ လွတ်လပ်လာတယ်လို့ ယူဆရမယ်။ဒါက တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာလို့ ထင်တယ်။

လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုဆိုတာက သမ္မတကြီးသုံးတဲ့စကားပေါ့။ ပွတ်တိုက်မှုက သာမန်ပါပဲ၊ မဆန်းပါဘူး။ ဒါက ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ရှိတာပဲ။ သို့သော် ပွတ်တိုက်မှုထက် ကျော်လာရင်တော့ ပြဿနာ ရှိတယ်။ အခုဟာက သာမန် ပွတ်တိုက်မှု ဖြစ်ပါစေလို့ပဲ ကျနော်တို့က ဆုတောင်းနေရတာ။ ကျော်ပြီးတော့ ဂိုဏ်းဂဏတိုက်ပွဲ ဖြစ်သွားရင်တော့ မကောင်းဘူး။ တိုင်းပြည်အတွက်လည်း မကောင်းဘူး၊ သူတို့အတွက်လည်း မကောင်းဘူး။ ဒါက ဘယ်လို အခြေခံနဲ့ ဖြစ်နေလဲဆိုတာလည်း ကျနော်မသိဘူး။ အဲဒီဟာတွေဟာ အလွန်အကျွံတွေဖြစ်ပြီး ထိန်းနိုင်သိမ်းနိုင် မရှိရင် ပြုပြင် ပြောင်းလဲရေး ထိခိုက်နိုင်တယ်လို့ ထင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီပြုပြင်ပြောင်းလဲရေးက အင်အားစု တစုတည်းက ဦးဆောင်တာ မဟုတ်ဘူး။ အားလုံးပေါင်းလုပ်ရတာ။ ညီညွတ်ရေး အားကောင်းလေ၊ အပြောင်းအလဲက ချောမွေ့လေလေပဲ။ ဒီကိစ္စကြောင့် အာဏာသိမ်းသည် အထိတော့ မဖြစ်နိုင်ပါဘူး။ သို့သော် တခုတော့ ရှိတယ်၊ အာဏာသိမ်းနိုင်တဲ့ အလားအလာက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဆက်စပ် နေတယ်၊ ဖက်ဒရယ် ကိစ္စနဲ့ ဆက်စပ်နေတယ်။ အဲဒီနှစ်ခုနဲ့ ပတ်သက်ပြီး အတိုက်အခံဘက်က အလွန်အကျွံ တောင်းလာခဲ့ရင် ပြဿနာ ရှိကောင်း ရှိနိုင်တယ်။ အလွန်အကျွံကို ဘာနဲ့တိုင်းမလဲ။ တပ်ရဲ့ ရပ်တည်မှုကို ကျနော် အကဲခတ်ရသလောက်တော့ တပ်က ဒို့တာဝန်အရေးသုံးပါးနဲ့ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဆိုတဲ့ အပေါ်မှာ ထိုင်ထားတယ်။ ထိုင်ထားတယ်လို့ ယူဆရတယ်။ ဆိုတော့၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာတဲ့ ဘောင်အထိ အတိုက်အခံဘက်က တောင်းခဲ့ရင်၊ ဒါမှမဟုတ် အခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီး အသစ်ရေးရမယ် ဆိုတာမျိုး တောင်းခဲ့ရင်တော့ တပ်က တခုခု တုန့်ပြန်လိမ့်မယ်။ အဲဒီ တုန့်ပြန်မှုက အာဏာပြန်သိမ်းသည် အထိ အခြေအနေ ဆိုးသွားမလား မသွားဘူးလားတော့ မပြောတတ်ဘူး။ ဒါဆိုရင်တော့ တပ်နဲ့ ထိပ်တိုက်တွေ့နိုင်တယ်။ မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှုမရှိဘဲနဲ့ ဘာမှလုပ်လို့မရဘူး။

မေး။     ။ဆရာပြောတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ ပါလာတော့ အဲဒါကို ဘယ်လို နည်းလမ်းနဲ့ ပြင်ဆင်ကြမလဲ၊ အသစ်ဆွဲမှာလား၊ ဒါမှမဟုတ် ဖြည့်စွက် ပြင်ဆင်ရုံပဲ လုပ်မှာလား၊ ဘယ်လို လုပ်ကြမလဲ။
ဖြေ။ ။အခုက အမြင်နှစ်မျိုး ကွဲနေတယ်။ အပြင်က ချင်းမိုင်ဆွေးနွေးပွဲက ထွက်လာတဲ့ အသံနောက်မှာ ပြည်တွင်း ပြည်ပ မီဒီယာတွေက ၀ိုင်းပြီိး တင်ပေးနေကြတာ ရှိတယ်။ ပြည်တွင်း Opinion Leader တွေကလည်း ဒါကို ၀ိုင်းတင်ကြတာရှိတယ်။ အဲဒီ လမ်းကြောင်းက ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီ လုံးဝမဆန်လို့ ဒါကိုဖျက်ပြီး လုံးဝ အသစ်ပြန်ဆွဲဖို့ ပြောတဲ့လမ်းကြောင်း၊ လူကြိုက်များနိုင်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့တိုင်းပြည်မှာ Radical အစွဲကြီးတာကိုး။ အဲဒီတော့ လက်ခုပ်သံ တဖြောင်းဖြောင်း ရနိုင်တယ်။ အဖြေရမှာတော့ မဟုတ်ဘူး။ အသစ်ပြန်ဆွဲရင် တပ်နဲ့ ထိပ်တိုက် တွေ့နိုင်တော့ အန္တရာယ်ရှိတယ်။ နောက်တခုကတော့ ၂၀၀၈ အခြေခံဥပဒေကို ပေးထားချက်လို့ ယူဆပြီးတော့ အဲဒီ ဘောင်ထဲက လိုအပ်ချက်တွေကိုညှိနှိုင်း ဆွေးနွေးလိုက်ရင် အဖြေရလာနိုင်တယ်။ ဒီလမ်းကြောင်းကတော့ လူကြိုက် နည်းနိုင်တယ်။ ဒါပေမယ့် အဖြေရနိုင်ပြီး Side Effect နည်းတယ်။ လူကြိုက်များတဲ့ ပထမ လမ်းကြောင်းက အားကောင်း သွားရင်တော့ တိုင်းပြည်အနာဂတ်က ကောင်းမယ် မထင်ဘူးဗျ။

မေး။   ။အခု တိုင်းပြည် ပြုပြင်ပြောင်းလဲရေးက ၂၀၁၅ ကို စောင့်ကြည့်ရတော့မယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD သာ Landslide နိုင်ခဲ့ရင် အခု ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက ချောမွေ့ပါတော့မလား၊ စစ်တပ်က နိုင်ငံရေးမှာ ပြန်ပါလာ နိုင်လား၊ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီကရော ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်၊ တရားမျှတစွာနဲ့ လုပ်ပေးပါ့မလား။
ဖြေ။     ။ ၂၀၁၅ မရောက်သေးခင် ဘာဖြစ်မလဲဆိုတာတောင် မရေရာလှဘူး။ သူမတိုင်ခင်မှာ အရေးကြီးတဲ့ ပြဿနာတချို့ကို အရင် အဖြေ ရှာနိုင်ဖို့လိုတယ်။ အဲဒါက အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ဖက်ဒရယ် ကိစ္စပဲ။ တပ်နဲ့ထိပ်တိုက် တွေ့နိုင်မယ့်၊ တနည်း ပြောရရင် တပ်ကပြောထားတဲ့ ဘောင်ထက် ကျော်ပြီးတော့ တောင်းလို့ရှိရင် ပြဿနာ ရှိနိုင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကိုပဲ တမျိုးတမည် ဖြစ်သွားနိုင်တယ်။

NLD Landslide နိုင်မနိုင် ဆိုတဲ့ ကိစ္စကလည်း အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ဆက်စပ်နေတယ်။ တကယ်လို့ PR စနစ် ကျင့်သုံးလိုက်ခဲ့ရင် NLD အပါအ၀င် ဘယ်သူမှ Landslide နိုင်စရာ အကြောင်း မရှိတော့ဘူး။ အဲဒီလိုလုပ်လိုက်ရင် အားလုံး စိုးရိမ်နေကြတဲ့ တပ်အာဏာ ပြန်သိမ်းနိုင်တယ်ဆိုတဲ့ အန္တရာယ် လျော့ပါးသွား နိုင်တယ်။ ဒါဟာ PR ရဲ့ အားကောင်းချက်ပဲ။ ဒါပေမယ့် PR ရဲ့ ဖြစ်နိုင်တဲ့ အားနည်းချက်တခုက PR ရဲ့အောက်မှာ ရှုပ်ထွေးမှုတွေ အများကြီး ရှိနိုင်တယ်။ အထူးသဖြင့် လူထုက ဒီမိုကရေစီ အတွေ့အကြုံ၊ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းတဲ့အောက်မှာ ပိုပြီးတော့ အမှားအယွင်း တွေ ဖြစ်နိုင်တယ်၊ ညစ်ကွက်တွေ ပိုပေါ်နိုင်တယ်။ နောက်တချက်က အစွန်းရောက် အဖွဲ့အစည်းတွေ လွှတ်တော်ထဲကို ရောက်ကောင်း ရောက်လာနိုင်တယ်။ နောက်ဆုံး တချက်ကတော့ အရေးကြီးတယ်။ အဲဒါက PR စနစ်အောက်မှာ ဘယ်သူမှ Majority Vote မရှိတဲ့အတွက် သွားရမှာက ညှိနှိုင်းဆွေးနွေးပြီး သွားရမယ့်ပုံ။ ဗမာ ပြည်မှာက ညှိနှိုင်းဆွေးနွေးတဲ့ Culture သိပ်အားနည်းတယ်။ အဲဒီတော့ အလုပ်ဖြစ်ဖို့ ခက်တယ်။ PR မှာ ကောင်းတာ ရှိတယ်၊ ဆိုးတာ ရှိတယ်။

ရွေးကောက်ပွဲက Free and Fair ဖြစ်ရင် NLD Landslide နိုင်မှာ သေချာလောက်ပါတယ်။ NLD Landslide နိုင်ရင်တောင်မှပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ မသေချာဘူး။ အခြေခံဥပဒေနဲ့က ငြိနေတယ်။ ကျနော် သိသလောက်တော့ ၄၇ အခြေခံဥပဒေရဲ့ ရွေးကောက်ပွဲဥပဒေမှာရော နောက်ဆုံး ၉၀ အထိရော ပြဋ္ဌာန်းချက်က မှတ်မိသလောက်ပြောရရင် ရွေးကောက်ပွဲဝင်မယ့်သူ တစ်ယောက်ရဲ့ အရည်အချင်းကို စိစစ်တဲ့အခါမှာ သူကိုယ်တိုင်နဲ့ သူ့အိမ်ထောင်ဘက်က နိုင်ငံခြားအထောက်အပံ့ အမှီအခို ကင်းရမယ်ဆိုတာပဲ ပါတယ်။ အခု ၂၀၁၀ ကျမှ သားသမီး ပါလာတယ်။ အဲဒီတော့ အရင် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ခဲ့တဲ့အတိုင်းသွားရင် သားသမီးဆိုတာ ဖြုတ်လိုက်ရင် ဒေါ်စုဝင်နိုင်တယ်။ သို့သော် အဲဒါကို ပြင်ပေးမလား၊ မပေးဘူးလား မသေချာဘူး။ ပြင်ပေးမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှာ။ မပြင်ဘူးဆိုရင် သူ ဒုသမ္မတတောင် မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒုသမ္မတဖြစ်ပြီးမှ သမ္မတဖြစ်လို့ရတာ။ အင်တာဗျူးတစ်ခုမှာ ပြင်မပေးလို့ သူ ဒုသမ္မတပဲဖြစ်ရင် မကျေနပ်ဘူးလို့ပြောတာ မှားနေတယ်။

မေး။     ။ကျနော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ်ကစပြီး စစ်တပ်က နိုင်ငံရေးကနေ တစ်ဖဝါးမှ မခွာခဲ့ဘူး။ အခုချိန်အထိပဲဆိုတော့ သူမပါရင်ကို အပြောင်းအလဲ လုပ်လို့မရဘူးဆိုတဲ့ ယူဆချက်မျိုးတွေကလည်း ရှိနေတော့ တချို့ သုံးသပ်တာက စစ်တပ်က အာဏာသိမ်းစရာ မလိုပါဘူးတဲ့။ အခုတိုင်းပြည်ကို အုပ်ချုပ်နေတာက ဗိုလ်ချုပ်ဟောင်းတွေ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ၀န်ကြီးချုပ်တွေက စစ်တပ် အငြိမ်းစားတွေ။ နောက် ဌာနဆိုင်ရာတွေမှာ အရာရှိတွေကလည်း တပ်က မိုးကျရွှေကိုယ်တွေ။ အစိုးရ ၀န်ကြီးတွေကိုကြည့်လည်း တပ်က အများစုဆိုတော့ အာဏာထပ်သိမ်းဖို့ လိုသေးလား ဆိုတဲ့မေးခွန်း ဖြစ်လာတော့ ဘယ်လိုမြင်လဲဆရာ။
ဖြေ။     ။ ဗမာပြည်မှာ တပ်က နိုင်ငံရေး မက်ထရစ်ထဲကို ရောက်နေတာ ကြာလှပြီ။ တိတိကျကျ ရောက်လာတာတော့ ၆၂ ခုနှစ် ပေါ့။ အဲဒီမတိုင်ခင် ၅၈ ခုနှစ် မှာလည်း တပ်က တခါရောက်တယ်။ အဲဒီမတိုင်ခင်လည်း တပ်ကသြဇာ ကြီးတယ်။ ဘာလို့လဲ ဆိုတော့ ပြည်တွင်းစစ် ဖြစ်နေလို့။ ပြည်တွင်းစစ် ဖြစ်နေတဲ့ တိုင်းပြည်မှာ စစ်တပ်အင်အား ကြီးတာ သဘာဝ ကျတယ်။ တပြိုင်နက်တည်းပဲ စစ်ဖြစ်နေရင် စစ်ဘောင်ကျယ်မယ်၊ စစ်ဘောင်ကျယ်ရင် ဒီမိုကရေစီ ဘောင်ကျဉ်းမယ်။ ဒါကတော့ Reality ဆိုတော့ ကျနော်တို့ မတတ်နိုင်ဘူး။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စစ်တပ်နဲ့တော့ Deal လုပ်နိုင်ရမယ်။

ခုနက မေးခွန်းကို ပြန်ဆက်ရရင် အမှန်ပဲ။ အခု အပြောင်းအလဲကိုတောင် စလိုက်တာက အရင်အစိုးရ၊ တည့်တည့်ပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ သူခွင့်ပြုလို့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဖြစ်လာတာ။ သူခွင့်မပြုရင် ဘာမှ မတတ်နိုင်ဘူး။ အဲဒီအောက်မှာ အရင်အစိုးရက လူဟောင်းတွေ အာဏာ ဆက်ယူတာလည်း အမှန်ပဲ။ သို့သော် ဒါကို ရန်လုပ်နေလို့ မရဘူး။ သူ့ဟာသူ သဘာဝကျကျ ဖြစ်လာတဲ့ အချင်းအရာ။ အဲဒီတော့ ပြဿနာက အဲဒီလူတွေ အနေနဲ့က တဘက်က လူတွေ တောင်းတာတွေကို မလိုက်လျောဘဲ တောင့်ခံမယ်ဆိုရင် စစ်တပ်က အာဏာပြန်သိမ်းစရာ မလိုဘူး။ အဲဒီလူတွေ ကိုယ်တိုင်က တဘက်က အလွန်အကျွံ တောင်းဆိုလာရင်၊ အလွန်အကျွံလို့ ပြောရတာလည်း ကောင်းတော့ မကောင်းဘူး ပေါ့ဗျာ။ စံအရ ပြောရရင်တော့ လွန်တယ်ကျွံတယ် မရှိပါဘူး။ သို့သော် လက်တွေ့မှာ အန္တရာယ်ရှိလို့ ကျနော်က အလွန်အကျွံလို့ ပြောတာ။ လက်ရှိ ခေါင်းဆောင်တွေက အလွန်အကျွံ တောင်းဆိုတာတွေ လက်ခံလိုက်ရင် တပ်က ၀င်ပါနိုင်တယ်။

အခုတပ်က အခြေခံဥပဒေ ဖျက်ပစ်၊ အသစ်ပြန်ဆွဲ ဆိုတာမျိုးကို လက်ခံလက်မခံ မသေချာဘူး။ လက်ရှိ ခေါင်းဆောင်တွေက လက်မခံဖို့ များတယ်။ ဒါပေမယ့် ကံသေကံမ ပြောမရဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်သတိပြုမိတာ တခုရှိတယ်။ လွှတ်တော် ခေါင်းဆောင်တွေရော၊ အစိုးရအဖွဲ့က ခေါင်းဆောင်တွေရော တော်တော်များများဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ဦးဆောင်မှု ရချင်တယ်။ တနည်းပြောရရင် ဒီမိုကရေစီ ချန်ပီယံ ဖြစ်ချင်နေကြတယ်။

အဲဒီစိတ်က လွန်ကဲသွားလို့ရှိရင် လိုက်လျောမှုတွေ များသွားနိုင်တယ်။ လိုက်လျောမှုတွေ များသွားရင်တော့ တပ်ကလည်း အခြေခံဥပဒေ စောင့်ရှောက်ရေးနဲ့ ဒို့တာဝန်အရေး ၃ ပါး ထိပါးလာတဲ့ဘက် ရောက်သွားနိုင်တယ်။ အဲဒီလို ရောက်သွားရင် တော့ စစ်တပ် ပါလာနိုင်တယ်။ မရောက်သရွေ့ကတော့ မပါနိုင်ဘူး။ ဒါကြောင့်မိုလို့ အာဏာသိမ်းမလား၊ မသိမ်းဘူးလား ဆိုတာ ကံသေကံမ ပြောလို့မရဘူး။ ဘက်ပေါင်းစုံ ကြည့်ဖို့လိုမယ်။ အထူးသဖြင့် ရယ်ဒီကယ် ထောင်ခြောက်ထဲကို လိမ့်မကျဖို့ အရေးကြီးတယ်။

မေး။     ။အခု အသံပိုကျယ်လာတဲ့ ဖက်ဒရယ်ကိစ္စမှာ ၃ မျိုးလောက် ကွဲနေတာကို တွေ့ရတယ်။ လွှတ်တော်မှာ ပြောတဲ့ ဖက်ဒရယ်က ဗဟိုချုပ်ကိုင်မှု လျော့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် ပိုပေးရင် ရပြီပေါ့၊ ဦးခွန်ထွန်းဦး ပြောတဲ့ ဖက်ဒရယ်က လူမျိုးစုကို အခြေခံတဲ့ ဖက်ဒရယ်မျိုး၊ ဗမာတိုင်းရင်းသား အတွက် ဗမာ ပြည်ထောင်စု ဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောတာက အမေရိကန်ပုံစံ ဖက်ဒရယ် ဖြစ်နေတော့ ဘယ်လိုစနစ်မျိုးက နိုင်ငံအတွက် လိုက်လျောညီထွေမှု ရှိမလဲ။
ဖြေ။     ။ သီအိုရီ သဘောအရ ဖက်ဒရယ်ဆိုတာက တမျိုးပဲရှိတယ်။ ဗဟိုနဲ့ ဒေသအစိုးရကြားမှာ အာဏာခွဲဝေ ကျင့်သုံး ခြင်းပဲ။ Power Sharing ပေါ့။ တိတိကျကျပြောရရင် Power Sharing တင်မကဘူး၊ Taxes Sharing ပါတယ်။ Resource Sharing ပါတယ်။ ဒါဟာ ဖက်ဒရယ်ပဲ။ အဲဒီအပေါ်မှာ မူကွဲဖြစ်သွားတာက၊ တချို့က ပထ၀ီအရ ခွဲတာရှိတယ်။ အမေရိကားက ပထ၀ီအရ ခွဲတာ။ တချို့က လူမျိုး အခြေခံပြီး ခွဲတာ ရှိတယ်၊ အိန္ဒိယလို ဟာမျိုး၊ ဗမာလိုဟာမျိုး။ ကျနော်တို့က ၄၇ အခြေခံ ဥပဒေ စတည်ကတည်းက လူမျိုးကို အခြေခံခွဲလာတော့ အခုမှ ပထ၀ီအရ ပြောင်းခွဲလို့ မရနိုင်တော့ဘူး။ အဲဒီတော့ အမေရိကန်နဲ့ ပုံတူ ကူးချလို့ မရဘူး။

နောက်တချက်က ဦးခွန်ထွန်းဦးတို့ တင်နေတာ အရင် ရှမ်းမူပါ၊ ရှမ်းမူကို ပြန်ပြောရင် ဆန့်ကျင်ဘက် အင်အားစု နှစ်ခုပေါင်းပြီး ရှမ်းမူဆိုတာပေါ်လာတာ။ တခုက ရပလ၊ ရပလဆိုတာ တောင်ကြီး ဦးထွန်းမြင့်တို့ ပါတယ်။ ရပလက လက်ဝဲနွှယ်တယ်။ ရှမ်းမူ မပေါ်ခင် ဦးထွန်းမြင့်ရဲ့ စာတမ်းမှာ ခွဲထွက်လိုက ခွဲထွက်ခွင့်ဆိုတဲ့ အချက်တချက် ပါတယ်။ ဒါက စတာလင်ရဲ့ Self Determination က လာတာ၊ လက်ဝဲအယူအဆက လာတာ။ ဒါပေမယ့် စော်ဘွားတွေ၊ စပ်ခွန်ချိုတို့တင်တဲ့ဟာ ကျတော့ အဲဒါ မပါဘူး။ စပ်ခွန်ချိုတို့က အဲဒီကာလက Western Train ပဲ။ ဗမာပြည်မှာ အင်္ဂလန်သွား စာသင်နိုင်တာ သူတို့ပဲ ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်း တို့တောင် ရန်ကုန်တက္ကသိုလ်ပဲ တက်နိုင်တာ။ သူတို့က လက်ဝဲသမား မဟုတ်တဲ့အတွက် ခွဲထွက်ရေး မပါဘူး။ ဒါပေမယ့် သူတို့တင်တဲ့ ရှမ်းမူက ဘယ်ကလာလဲ ဆိုတော့ အမေရိကန် ဖွဲ့စည်းပုံရဲ့ ကနဦး ကာလပေါ့။ အခုလက်ရှိ အမေရိကန် ဖွဲ့စည်းပုံ မဟုတ်ဘူးနော်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နှစ်ပေါင်း ၂၀၀ ကျော်ပြီ။

စတည်ခါစက အမေရိကန်ဟာ ဖက်ဒရယ် စစ်စစ်လို့ ပြောရခက်တယ်။ ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရေးရှင်းနဲ့ ပေါင်းထားတာ။ အဲဒီတုန်းက တောင်ပိုင်း ပြည်နယ်တွေက ကွန်ဖက်ဒရေးရှင်းလို့ ခေါ်တဲ့ လျော့ရဲတဲ့ ဖွဲ့စည်းပုံနဲ့ သွားချင်တယ်။ အမေရိကန် မြောက်ပိုင်း ကတာ့ ဖက်ဒရယ် စစ်စစ်နဲ့ သွားချင်တယ်။ အမေရိကန် ကွန်စတီကျူးရှင်း ဆိုတာ ဖက်ဒရယ်လစ် ပေပါနဲ့ အင်တီ ဖက်ဒရယ်လစ် ပေပါ နှစ်ခုပေါင်းပြီးမှ ဖြစ်လာတာ။ အမေရိကန်ရဲ့ ကနဦး ကွန်စတီကျူးရှင်းမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို တော်တော်များများ ပေးထားတာ ရှိတယ်။ အားနည်းချက် တခုလို့လည်း ပြောနိုင်တယ်။ အဲဒီ အားနည်းချက်ကြောင့် နောက်ဆုံး ပြည်တွင်းစစ်ကြီး အထိ ဖြစ်ခဲ့ရတယ်။ ပြည်တွင်းစစ် နောက်ပိုင်းကနေ ဆင့်ကဲဆင့်ကဲနဲ့ ဒီနေ့ အမေရိကန်ဟာ ဗဟို အစိုးရ လုပ်ပိုင်ခွင့်ကို ပိုပေးထားတဲ့ Centralize Federalism ဘက် ရောက်လာတယ်။ ရှမ်းမူမှာ ပါတဲ့ဟာက ဒီနေ့ အမေရိကန် ကွန်စတီကျူးရှင်း မဟုတ်ဘူး။ ကနဦးက အမေရိကန် ကွန်စတီကျူးရှင်း။

မြန်မာပြည်မှာ လက်တွေ့ ကျင့်သုံးဖို့ကျတော့ စဉ်းစားစရာတွေ အများကြီးရှိတယ်။ ဦးထွန်းမြင့်တို့နဲ့ ရှမ်းမူ ပေါင်းလိုက်တော့ ခွဲထွက်ရေး ပြုတ်သွားတယ်။ သို့သော် အမေရိကန်ရဲ့ ကနဦး ကွန်စတီးကျူးရှင်းမှာ ပါတဲ့ ပြည်နယ်တွေကို အလွန်အကျွံ လုပ်ပိုင်ခွင့် ပေးတဲ့ဟာက အမွေခံ ပါလာတယ်။ ဒါကြောင့်လည်း အဲဒီတုန်းက နိုင်ငံရေးပါတီတွေ ဖြစ်တဲ့ ပမညတ ရော၊ ပထစ ရော၊ ဖဆပလ ရောက ဘယ်လို ဝေဖန်လဲဆိုတော့ ဒီအတိုင်းသွားရင် ဖက်ဒရေးရှင်းကို ကျော်ပြီးတော့ ကွန်ဖီဒရေးရှင်း ဖြစ်သွား နိုင်တယ်တဲ့၊ တချိန်မှာ ကွန်ဖီဒရေးရှင်းကို ကျော်လိုက်ရင် ဘော်ကန်နိုက်ဇေးရှင်း ဖြစ်သွားနိုင်တယ်ပေါ့။ ဘော်ကန်နိုက်ဇေးရှင်း ဆိုတာ အစိတ်စိတ် အမွှာမွှာ ပြိုကွဲမှုဆိုတဲ့ အဓိပ္ပာယ်ရတယ်။

ဒီနေ့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး တောင်းဆိုချက်က သီးခြားပြည်နယ်၊ သီးခြားအစိုးရ၊ သီးခြားတပ် ဆိုတာမျိုး ကြားနေရတယ်။ အဲဒီအတိုင်း ဖြစ်ရင် ပြဿနာ ရှိနိုင်တယ်။ ခုနက တပ်နဲ့ သွားညိနိုင်တယ်။ အန္တရာယ်ရှိတယ်။ အဲဒီတော့ ဦးခွန်ထွန်းဦးတို့ တောင်းတာကို နားလည်တယ်၊ ဒါပေမယ့် ရှမ်းမူ အခြေခံထားတော့ ကျနော် တဦးချင်းအတွက် ကျတော့ ရှမ်းမူ အခြေခံက Decentralize ဘက်ကို ကဲတယ်လို့ မြင်တယ်။ စိတ်ရှည်ရှည်နဲ့ အများကြီး ညှိကြဖို့ လိုလိမ့်မယ်။ ဘေးထွက်ဆိုးကျိုးတွေ မတိုးအောင်လည်း သတိကြီးကြီးထားဖို့ လိုမယ်ထင်တယ်။

တချို့ပြောနေကြသလို ပထ၀ီအရ ခွဲရမယ် ဆိုရင်တော့ လက်တွေ့ မကျဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ အမေရိကန်ပုံစံ ဖက်ဒရေးရှင်းကတော့ ဘာပြောမှန်း မသေချာဘူး။ ကနဦး အမေရိကန် ကွန်စတီကျူးရှင်းကို ပြောတာလား၊ ဒီနေ့ ဟာကို ပြောတာလား။ ဒီနေ့ဟာဆိုရင်တော့ ကျနော်တို့နိုင်ငံနဲ့ အထိုက်အလျောက် ကိုက်ညီနိုင်တယ်။

မေး။     ။အခုအစိုးရက ရှေ့လပေါင်း ၃၀ မှာသူတို့ ဘာတွေလုပ်နိုင်ခဲ့လဲ၊ နောက် လပေါင်း ၃၀ မှာ ဘာတွေလုပ်ဖို့ လိုလဲ။ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေက မြန်လား၊ နှေးနေလား။
ဖြေ။     ။ သူတို့ တတ်နိုင်သလောက်တော့ လုပ်ခဲ့တာပဲ။ လပေါင်း ၃၀ ကို ပြန်ကြည့်ရင် သူတို့ လုပ်နိုင်တယ်။ လုပ်တော့ ၃ ခု တပြိုင်တည်း လုပ်တယ်။ နံပါတ်တစ်က နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ အများကြီး ရှေ့ရောက်နေတယ်။ အတော်ကြီးကို လုပ်လိုက် နိုင်တယ်။ ကျနော်တို့ မျှော်လင့်တာထက် အများကြီး ပိုတယ်။ ကျနော်တဦးတည်းအရ ပြောရင် မြန်လွန်းတယ်လို့ ထင်တယ်။ မြန်တာကောင်းလားဆိုတော့ မြန်တာကောင်းတယ်၊ လူကြိုက်တယ်။ ဒါပေမယ့် မကောင်းတာက အဲဒီမြန်တဲ့ Speed ကို ထိန်းနိုင်မယ့် Organ မရှိရင် ဒုက္ခရောက်နိုင်တယ်။ Institutionalization လိုတယ်။ အဲဒါကမလွယ်ဘူး။ အထူးသဖြင့် ပညာရေချိန် နိမ့်တဲ့ တိုင်းပြည်မှာ ပိုကြာနိုင်တယ်။ Institutionalization ဘာမှမရှိတဲ့ အချိန်မှာ Libralization အရှိန်မြင့်လိုက်တော့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ပေါ်လာတယ်။ ဒီကနေ့ စိန်ခေါ်မှုတွေက ဒီကနေလာမှာ။

နံပါတ်နှစ်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုက နိုင်ငံရေးနဲ့ ယှဉ်ရင် အတော်နှေးတယ်။ ဘာကြောင့် နှေးလဲဆိုတော့ အကုန်လုံး လွှမ်းခြုံနိုင်တဲ့ Master Plan လုံးဝမတွေ့ဘူး။ အမှန်က အဲဒီ Master Plan ကြီး အောက်မှာမှ မြေယာ ပေါ်လစီ၊ Industrial ပေါ်လစီ စသဖြင့် ပေါ်လစီခွဲတွေနဲ့ သွားရင် တခုနဲ့ တခုဟန်ချက် ညီတာပေါ့။ အခုတော့ ဆန်စင်ရာ ကျည်ပွေ့လိုက်သလို ဟိုရောက် ဒီရောက် ဖြစ်ကုန်လိမ့်မယ်။ အဲဒီအတွက် အပြစ်ပြောဖို့ မလိုဘူး။ မြန်မာပြည်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့က အကန့်အသတ်တွေ၊ အဟန့်အတားတွေ သိပ်များတယ်။ ဦးသိန်းစိန်အစိုးရမှ မဟုတ်ဘူး။ ဘယ်အစိုးရ တက်တက် စီးပွားရေး ကတော့ အပြောင်းအလဲ သိပ်မမြန်နိုင်ဘူး။

တတိယ လုပ်ငန်းစဉ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်တာ။ အများကြီး အရှိန်ရနေပြီ။ အစိုးရ အဆက်ဆက် လုပ်ခဲ့တဲ့ အထဲမှာတော့ အထိရောက်ဆုံးလို့ ပြောနိုင်တယ်။ သို့ပေမယ့် ရှေ့ဆက်တိုးဖို့ နည်းနည်း ခက်နေတယ်။ ရှေ့ဆက်ဖို့ ဘာခက်နေလဲ ဆိုတော့ ဖွဲ့စည်းပုံ ပြင်ရေးမှာ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ သွားငြိနေတဲ့ အချက်တွေ ပါတယ်။ အဲဒါဘာလဲ ဆိုတော့ ဇယား ၁၊ ၂ အခြေခံပေါ်မှာ ဒါကိုဆွေးနွေးပြီး ပြင်နိုင်ရင်ကောင်းတယ်။ Taxes Sharing လည်း ဇယား ၅ မှာ ပြန်ဆွေးနွေးဖို့ လိုတယ်။ မပါသေးတဲ့ Resource Sharing ဖြည့်ပေးနိုင်ရင် ကောင်းတယ်။ အဲဒါတွေ ဆွေးနွေး နိုင်ခဲ့ရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးက အဖြေတခု ရကောင်း ရနိုင်ပါတယ်။ သို့သော်လည်း ဒီနေရာမှာလည်း အဟောင်းဖျက် အသစ်ရေး ဆိုရင်တော့ အဖြေရမှာ မဟုတ်ဘူး။ အခုက အဲဒီအဆင့် မရောက်သေးဘူးဗျ။ အပစ်အခတ် ရပ်စဲရေး ဖြစ်ဖို့ကို KIA နဲ့ ပြဿနာ ရှိနေတယ်။ ဒါက ပြီးခဲ့တဲ့ လ ၃၀ လုပ်ခဲ့တာနဲ့ ရှေ့ကြုံရနိုင်တဲ့ အခက်အခဲကို ပြောတာ။

မေး။  ။အခုနောက်ဆုံး သိချင်တာက သမ္မတ ဦးသိန်းစိန် လက်ထက်ရောက်မှ သိသာလာတဲ့ ပြဿနာပေါ့။ အဲဒါက ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ အကြောင်းပါ။ ဒီကြားထဲ မရိုးသားတဲ့သူတွေက ကောလာဟလတွေ ထုတ်တယ်။ လူတွေက ဒေါသတွေထွက်ကြ။ လိုအပ်တာထက် ပိုတုန့်ပြန်ကြတယ်။ အစိုးရကလည်း ကောင်းကောင်း မကိုင်တွယ်နိုင် သေးဘူး။ မိတ္ထီလာ ဖြစ်စဉ်မှာဆိုရင် ရဲတွေရပ်ကြည့်နေတဲ့ ဗီဒီယိုတွေ ထွက်လာတယ်။ အမျိုးသားရေးဟာ အာဏာရှင်တွေရဲ့ နောက်ဆုံး ခံတပ် ဖြစ်လာပြီလား။ ဒီဖြစ်စဉ်တွေက ရိုးသားမှုကော ရှိရဲ့လား။
ဖြေ။    ။ရခိုင်ပြဿနာက သမိုင်းနဲ့လည်း ဆိုင်တယ်၊ ပထ၀ီနိုင်ငံရေးနဲ့လည်း ဆိုင်တယ်။ အခုမှ ပေါ်လာတာ မဟုတ်ဘူး။ ပြောရရင်တော့ အကျယ်ကြီးပဲ။ အင်တာဗျူး တစ်ခုနဲ့တင် မလုံလောက်ဘူး။ သို့သော် ပြဿနာက အခုဖြစ်နေပြီ။ ဖြစ်လည်း ဖြစ်မှာပဲ။ ဖြစ်တာက သဘာဝကျတယ်။ ဖြစ်ရင် ရခိုင်ပြဿနာကို Local မှာ ထိန်းနိုင်ခဲ့ရင် ကောင်းတယ်။ ဒါပေမယ့် မထိန်းနိုင်ခဲ့ဘူး။ ရခိုင်ပြဿနာက သမိုင်းဇစ်မြစ်နဲ့ဆိုင်တဲ့ ပထ၀ီ နိုင်ငံရေး ပြဿနာ။ အဲဒီပြဿနာကို လူ့အခွင့်အရေးနဲ့ ရောထွေးလို့မရဘူး၊ ဘာသာရေးနဲ့ ရောထွေးလို့လည်း မရဘူး။ ဒါပေမယ့် တဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဘာသာရေး ဖြစ်အောင် လုပ်တာမျိုးတွေ ရှိနေတယ်။ ဘယ်သူဆိုတာတော့ အထောက်အထား မရှိလို့ မပြောနိုင်ဘူး။ ကိုယ့်ဘက်က ဖြစ်သင့်တာက ဘာသာရေးနဲ့ ဘာမှမဆိုင်ဘူး ဆိုတာမျိုး ဖြစ်အောင် လုပ်ရမယ်။ ဒီကိစ္စ တည့်တည့်ပြောရင် နယ်မြေ ပြဿနာပဲ။ ဘာသာရေးနဲ့ မဆိုင်ဘူး။ ဘာသာရေးဖြစ်အောင် လုပ်တာကိုက မရိုးသားဘူးလို့ ပြောလို့ရတယ်။

ဆရာတော် ဦးဝီရသူတို့ ဘာတို့ ကိစ္စတွေကိုတော့ ကျနော်က ဗုဒ္ဓဘာသာဖြစ်လို့ သိပ်မဝေဖန်ချင်ဘူး။ သတိတခုတော့ ပေးချင်တယ်၊ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေး မကျင့်သုံးမိစေဖို့ပါ။ ခင်ဗျားတို့ ပြောတဲ့ မိတ္ထီလာမှာ ရဲတွေက ရပ်ကြည့် နေတယ်ဆိုတာ ကျနော်ကြားတဲ့ သတင်းက တမျိုး၊ ခင်ဗျားပြောတဲ့ သတင်းက အနောက် မီဒီယာတွေက ဖွတာ။ အနောက် မီဒီယာတွေ မရိုးသားဘူး။ မလေးရှားမှာ ကျနော်တို့ အသတ်ခံရတာ၊ မုဒိန်းအကျင့် ခံရတာတွေကျတော့ ရည်ရွယ်ချက် ရှိရှိ မှိန်ထားတယ်။

မိတ္ထီလာ ကိစ္စဆို ကျနော်ကြားတာက သိပ်ပြီးတော့ သွေးပူနေတဲ့ လူတွေက ဆိုင်တဆိုင်ကို မီးရှို့မယ် လုပ်တယ်၊ အဲဒီတော့ ရဲကထိန်းတယ်၊ ထိန်းလို့မရတော့ နောက်ဆုံး ခွင့်ပြုလိုက်ရတယ်။ ဒါပေမယ့် တခြားဟာ မလောင်စေနဲ့လို့ဆိုပြီး အဲဒါကို ရပ်ကြည့် နေရတယ်။ အဲဒီဓာတ်ပုံတွေကို ရည်ညွှန်းပြီးတော့ သတင်း တမျိုးလုပ်လိုက်တယ်လို့ ကြားတယ်။ ဘယ်ဟာ အမှန်ဆိုတာတော့ မသိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရက ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက် ကိုတော့ ကျနော် လက်မခံဘူး။

လူမျိုးရေး အဓိကရုဏ်း ဆိုတာ အာဏာရှင်တွေရဲ့ လုပ်ကွက်ဆိုတဲ့ အယူအဆ ရှိကြတယ်။ အခါခပ်သိမ်း မမှန်ပါဘူး။ အခု လောလောဆယ် မဖြစ်နိုင်ဘူး။ အစိုးရက ဘယ်တုန်းကမှ မရဘူးတဲ့ နိုင်ငံတကာ ထောက်ခံမှု ရနေတဲ့ အချိန်မှာ ကိုယ်ရပြီးသား ထောက်ခံမှုကို ဆုံးရှုံးအောင် မလုပ်ဘူး။ ကျနော်ကတော့ အစိုးရရဲ့ ပယောဂ မပါဘူးလို့ ထင်တယ်။ ပြီးတော့ ကျနော်တို့ အတိုက်အခံ တချို့က ပြဿနာဆိုးဆိုးဝါးဝါး မဖြစ်ခင်က အစိုးရမပါနဲ့၊ စစ်တပ် မပါနဲ့ဆိုတဲ့ အသံတွေနဲ့ ဟန့်တယ်၊ စစ်တပ်က မပါဘဲနေတဲ့ အခါကျတော့ စစ်တပ်ကို လုံခြုံရေး တာဝန်ယူတာ ညံ့တယ်လို့ ဝေဖန်တယ်။ အဲဒါက အစိုးရဆိုရင် ဆဲရမယ် ဆိုတဲ့ သမားရိုးကျ အမြင်က လာတယ်။ ဒါက Radical လမ်းကြောင်းက လာတဲ့ဟာ။ အစိုးရ ပယောဂ ပါတယ် ဆိုတာ လက်မခံပေမယ့် ဒီပြဿနာက ပယောဂတော့ သေချာပေါက် ပါတယ်။ ဘယ်သူတွေ ဆိုတာတော့ အထောက်အထား မရှိလို့ လက်လွတ်စပယ် မပြောချင်ဘူး။ သေချာတာကတော့ ဗမာပြည်ရဲ့ အလွန်ကောင်းမွန်တဲ့ အပြောင်းအလဲကို မလိုလားတဲ့ အင်အားစုတွေရဲ့ ပရောဂ ပါနိုင်တယ်၊ နောက်တခုက နိုင်ငံတကာ အကြမ်းဖက်မှု ပယောဂ ပါနိုင်တယ်။ နိုင်ငံတကာ အကြမ်းဖက်မှုက ၂၁ ရာစု အစောပိုင်းမှာ အဓိက ထားတာက ဖွံ့ဖြိုးပြီး နိုင်ငံတွေ၊ အခုသူတို့ ပစ်မှတ် ပြောင်းလာတယ်။ နိုင်ငံကြီးတွေမှာ အကြမ်းဖက်မှုတွေ လုပ်ဖို့ သူတို့ မတတ်နိုင်တော့ဘူး။ ကျနော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဘက်ကို Target ရွေးလာတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာမှ သူတို့ပိုကြိုက်တာက အစိုးရနဲ့ ပြည်သူအကြားမှာ ယုံကြည်မှု ပျောက်နေတဲ့ Fail State တွေ။ အဲဒီ Concept က စဉ်းစားရင် နိုင်ငံတကာ အကြမ်းဖက်မှု ပယောက ပါကောင်း ပါနိုင်တယ်။ ဒီပြဿနာက တော်တော် ရှုပ်ထွေးတယ်၊ တော်တော် သိမ်မွေ့တယ်၊ လက်လွတ်စပယ် လုပ်လို့မရဘူး၊ ကျနော်တို့ သတိကြီးကြီး ထားရမယ်။ ကျနော်တို့က ဒီကိစ္စကို ဘာသာရေး ပြဿနာအနေနဲ့ တုန့်ပြန် လိုက်ရင် တစ်ဘက်က အကြိုက်ဖြစ်သွားမယ်။ အမှန်က ဘာသာရေး ပြဿနာ မဟုတ်ဘူး၊ နယ်မြေ ပြဿနာ၊ ပထ၀ီနိုင်ငံရေး ပြဿနာ။

[ဧရာဝတီ အင်တာနက်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်]

 
Web Statistics