ဒီနေ့ခေတ်ဟာ နည်းပညာတွေ ခုန်ပျံကျော်လွှား တိုးတက်နေတဲ့ခေတ်ဖြစ်လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ငေးမောကြည့်နေရုံမှလွဲပြီး ဘာမှမတတ်နိုင်ဘဲ လက်မှိုင်ချနေကြရတော့တယ်။ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးတိုးတက်သွားကြပြီး မဖွံ့ဖြိုးသေးတဲ့ ဆင်းရဲနိုင်ငံတွေက ဆင်းရဲတွင်း ပိုနက်သထက် နက်နေကြတယ်။
ဆင်းရဲခြင်းရဲ့ ကောင်းကွက်
ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခေတ်အထိ ဒီအခြေအနေက လွန်မြောက်နိုင်ဖွယ် မမြင်ခဲ့ကြရဘူး။ ဒါပေမယ့် အခုဆယ်စုနှစ်အတွင်းမှာတော့ ဆင်းရဲခြင်းနဲ့ ဖွံ့ဖြိုးမှုနောက်ကျခြင်းမှာလည်း ကောင်းကွက်တွေ ရှိနေပါလားဆိုတာ သိမြင်လာခဲ့ကြရတယ်။ သိသာထင်ရှားတဲ့ ပထမဆုံးကောင်းကွက်ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စက်ရုံ၊ အလုပ်ရုံကြီးတွေက လွှင့်ထုတ်တဲ့ အဆိပ်ဓာတ်ငွေ့ နည်းပါးခြင်းနဲ့ မြစ်ချောင်းအင်းအိုင်တွေ အဆိပ်သင့်မှု မရှိခြင်းဖြစ်တယ်။ မြို့ကြီးပြကြီးတွေမှာ မီးခိုးတွေ၊ မြူတွေ အုံ့မှိုင်းနေပြီး နေ့ခင်းကြောင်တောင် ကားမီးထိုး မောင်းရတာမျိုးနဲ့ လမ်းထောင့်တွေမှာ အောက်စီဂျင်ဘူးတွေ ထားပေးထားပြီး ရှူနေကြရတာမျိုး မရှိခြင်းဖြစ်တယ်။
တောင်းခံရသူအဖြစ်က ပေးကမ်းသူဖြစ်
တစ်နေ့က သတင်းစာတွေမှာ အိန္ဒိယနိုင်ငံဟာ အလှူခံဘ၀ကနေ အလှူရှင်ဘ၀ ကူးပြောင်းတော့မယ်ဆိုတဲ့သတင်း ဖတ်လိုက်ရတယ်။ ဆယ်စုနှစ်ပေါင်းများစွာ အိန္ဒိယနိုင်ငံမှာ အငတ်ဘေးပြဿနာကြောင့် နှစ်စဉ် လူတွေထောင်သောင်းချီပြီး သေခဲ့ကြရတယ်။ နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေကို လက်ဖြန့်ပြီး တောင်းခံခဲ့ရတယ်။ ဒီဆယ်စုနှစ်အတွင်းမှာ အိန္ဒိယစီးပွားရေးဟာ အံ့မခန်းတိုးတက်လာပြီး စားနပ်ရိက္ခာဖူလုံရုံမက တခြားနိုင်ငံများကိုတောင် ကူညီထောက်ပံ့နိုင်တဲ့ အခြေအနေကို ရောက်လာခဲ့တယ်။ တယ်လီဖုန်းဆက်သွယ်ရေးတောင် မြို့တိုင်း၊ နယ်တိုင်း အနှံ့မထားနိုင်တဲံ အခြေအနေက အခုဆိုရင် လက်ကိုင်ဖုန်းကို ဖောဖာသီသီကြီး ကိုင်တွယ်သုံးစွဲနေနိုင်ကြပြီ ဖြစ်တယ်။ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေအရောက် တယ်လီဖုန်းလိုင်း ဆက်သွယ်ရတာ နည်းတဲ့ကုန်ကျစရိတ် မဟုတ်ဘူး။ အခုတော့ ကြိုးတွေဆက်သွယ်စရာ မလိုတော့ဘူး။ ရွာတိုင်း လက်ကိုင်ဖုန်းနဲ့ ဟန်ကျနေကြပြီ။
ကြိုးဖုန်းထက် လက်ကိုင်ဖုန်းက ပိုများ
အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့မှာ ကြိုးတယ်လီဖုန်းအရေအတွက်ထက် လက်ကိုင်ဖုန်းသုံးစွဲသူ အရေအတွက်က အများကြီးပိုနေပြီလို့ သိရတယ်။ ဒါ ဖွံ့ဖြိုးမှုနောက်ကျမှုရဲ့ ကောင်းကွက်တစ်ခုပဲ။ ကြိုးဖုန်းဆက်သွယ်ရတဲ့ စရိတ်တွေ အများကြီးသက်သာသွားတာပေါ့။ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ရောင်စုံရုပ်မြင်သံကြားစနစ် ပထမဆုံးသုံးတဲ့ နိုင်ငံဖြစ်တယ်။ အခုတော့ အမေရိကန် ရုပ်မြင်သံကြားစနစ်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအနက် အညံ့ဆုံးဖြစ်နေတာ တွေ့နိုင်ကြတယ်။ မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြားသုံးနိုင်တာ သူများနိုင်ငံတွေထက် နှစ်ပေါင်းများစွာကို နောက်ကျတယ်။ ဒါပေမယ့် သုံးနိုင်တဲ့အခါကျတော့ ရောင်စုံစနစ်ကို တိုက်ရိုက်သုံးစွဲနိုင်ခဲ့တယ်။ အဲဒီအချိန်က မြန်မာထက်စောပြီး ရုပ်မြင်သံကြား သုံးနိုင်ခဲ့တဲ့ နိုင်ငံတွေက ရှေးဦးပေါ် အဖြူအမည်းစနစ်ကိုသာ သုံးနေကြရဆဲဖြစ်တယ်။
လိုရာသုံးလက်ကိုင်ဖုန်း
ဒီနေ့ ကမ္ဘာတစ်ခုလုံးက အိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ မြန်ဆန်လွန်းတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အံ့သြတကြီးနဲ့ ငေးကြည့်နေကြရတယ်။ ဒါလည်း ဖွံ့ဖြိုးမှုနောက်ကျခြင်းရဲ့ ကောင်းကွက်တစ်ခုလို့ ဆိုနိုင်တယ်။ ကွန်ပျူတာကို အစောဆုံးသုံးနိုင်တဲ့ နိုင်ငံကြီးတွေ အိမ်ခန်းတစ်ခန်းစာလောက်ကြီးတဲ့ ကွန်ပျူတာကြီးတွေ သုံးခဲ့ကြရတယ်။ နောက်ကျပြီးမှ သုံးနိုင်တဲ့ နိုင်ငံတွေကျတော့ ခပ်သေးသေး စားပွဲတင် (Desktop)ကို သုံးနိုင်ကြတယ်။ သူ့ထက်တောင် နောက်ကျပြီးမှ သုံးနိုင်တဲ့နိုင်ငံတွေက သွားလာရာ သယ်သွားလို့ရတဲ့ Laptop တွေ သုံးနိုင်ကြတယ်လေ။ ဟော.. အခု ကလေးတွေလက်ထက်ကျတော့ လက်ကိုင်ဖုန်းတစ်လုံးပဲ လိုတော့တယ်။ လက်ကိုင်ဖုန်းက ကွန်ပျူတာလည်း ဖြစ်တယ်။ ကင်မရာလည်းဖြစ်တယ်။ ဗီဒီယိုလည်း ရိုက်နိုင်တယ်။
ခုန်ပျံကျော်လွှားတိုးတက်ရေး
အစ္စရေး၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ်ကနေပြီး တခြားစက်မှုလုပ်ငန်း အဆင့်တွေကို မကူးကြတော့ဘဲ တစ်ခါတည်း ခုန်ပျံကျော်လွှား (Leapfrogged) လုပ်ပြီး (hightech) အဆင့်မြင့်နည်းပညာ လုပ်ငန်းဖြစ်တဲ့ ကွန်ပျူတာ Microchip နဲ့ Software လုပ်ငန်းတွေကို ကူးခဲ့ကြတယ်။ ဒီနေ့ Software လုပ်ငန်းမှာ အိန္ဒိယဟာ ကမ္ဘာမှာအကြီးမားဆုံး နိုင်ငံကြီးတစ်ခု ဖြစ်နေပါပြီ။ ဒါ့အပြင် ဒီနိုင်ငံတွေမှာ နောက်မှပေါ်ထွက်လာတဲ့ စက်မှုလုပ်ငန်းတွေဟာ သဘာ၀၀န်းကျင်ထိခိုက်မှု ကင်းဝေးရေးကို ဦးစားပေးတဲ့ green technology စက်ရုံကြီးတွေအဖြစ် ပေါ်ထွန်းလာကြပါတယ်။ အဲဒါကြောင့် ဆင်းရဲခြင်းမှာလည်း ကောင်းကွက်တွေရှိတယ်လို့ ဆိုလိုက်ချင်ပါတယ်။
Monday, May 31, 2010
ဆင်းရဲခြင်းမှာ ကောင်းကွက်ရှိတယ် - လူထုစိန်ဝင်း
Posted by Ko Nyan Posted Time 3:37 PM 0 Comment(s)
Labels ဆောင်းပါး-Article
ဝိရောဓိ အတွေးများ - သဲအောင်
အဓိပ္ပါယ်
ဂျပန်ပြည်မှာပါ။
ဇင်ဘာသာ ဘုန်းကြီးတစ်ပါးက ငရဲနဲ့နိဗ္ဗာန်အကြောင်း ဟောပြတာ သိပ်ကောင်းတယ်လို့ နာမည်ကျော်ကြားတာနဲ့ ဆာမူရိုင်းတစ်ယောက် အဲဒီဘုန်းကြီးဆီ သွားပါတယ်။ ပြီးတော့ လူအများရဲ့ရှေ့မှာ...
[ဆာမူရိုင်း] - ဘုန်းကြီး၊ ငရဲနဲ့နိဗ္ဗာန် အဓိပ္ပါယ် ဖွင့်ပြစမ်းပါ။ (ခပ်တင်းတင်းပါပဲ...)
[ဘုန်းကြီး] - မင်းလို အသုံးမကျတဲ့ကောင်ကို ငါကဘာဖြစ်လို့ ပြောပြရမှာလဲကွ။
ဆာမူရိုင်း ဒေါသဒီဂရီ တက်သွားပါတယ်။ ဓားကို ဆွဲထုတ်ပြီး ဘုန်းကြီးအပေါ် မိုးထားလိုက်ပါတော့တယ်။
[ဆာမူရိုင်း] - ပြန်ပြောစမ်း ဘုန်းကြီး၊ ခုတ်ပစ်လိုက်မယ်။
[ဘုန်းကြီး] - မင်းစိတ်ထဲမှာ အခု ဒေါသကြောင့် ပူလောင်နေတယ် မဟုတ်လား။ အဲဒါ ငရဲ။ ငါ့စိတ်ထဲမှာ သေမှာမကြောက်ဘဲ ငြိမ်းချမ်းလို့ အဲဒါ နိဗ္ဗာန်။
ဘုန်းကြီးရဲ့ စကားသံအဆုံးမှာ သာဓုခေါ်သံတွေ ဆူညံလို့။ ဆာမူရိုင်းလည်း ဦးညွတ်လို့....။
နှင်းတွေ တဖွေးဖွေးအောက်မှာပေါ့။
ဖြစ်စဉ်
လူ့မလိုင် ဒေါက်တာတစ်ယောက်က ချဉ်းကပ်မှု အသစ်တစ်ခု ပို့ချနေတာပါ။
"အခုလက်ရှိ ပကတိအနေအထားမှာ လူလူချင်းအကြောင်း ဆွေးနွေးတာထက် ပြီးတော့ ဖြစ်ရပ်အကြောင်း အကြောင်းချင်း ဆွေးနွေးတာထက် ပိုကောင်းတဲ့အရာဟာ အိုင်ဒီယာချင်း ဆွေးနွေးတာပဲကွ...။ အဲဒီခေတ်ကို ပညာခေတ်လို့ ခေါ်တယ်"
သူ့စကားအဆုံးမှာ တပည့်သေးသေးလေးတစ်ယောက် ထမေးပါတယ်။
"လူတွေအကြောင်း မသိရင်၊ ဖြစ်ရပ်တွေအကြောင်း မသိရင် အိုင်ဒီယာအချင်းချင်းကော သိပါ့မလားဟင်"
သူ့မေးခွန်းအဆုံးမှာ ၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်လို့........။
ပြီးမှ ဖိနပ်သံ တဖျတ်ဖျတ်နဲ့၊ ဖိနပ်သံတွေ ဦးတည်ရာက ထွက်ပေါက်တစ်ခုဆီသို့....
နောက်ပြန် မလှည့်တော့ပါဘူး..........။
Posted by Ko Nyan Posted Time 3:18 PM 0 Comment(s)
Labels စာအုပ်မှတ်စုများ
ကျွန်တော်နှင့် သိပ္ပံမှတ်စုများ - တာရာမင်းဝေ
၂၁။ OORT CLOUD - အူးတ်တိမ်တိုက်
စကြ၀ဠာထဲက တိမ်တိုက်ထုကြီးတစ်ခုကို "အူးတ်" တိမ်တိုက်လို့ ခေါ်တယ်။ ရှာဖွေဖော်ထုတ်ခဲ့တဲ့ သိပ္ပံပညာရှင် "ဂျွန်အူးတ်" ရဲ့ အမည်ကို အစွဲပြုပြီး ခေါ်တာပေါ့။ သတင်းစာပို့တဲ့ "တက်ပု" ကို ကျွန်တော်က အဲဒီအကြောင်း ပြောပြမိတယ်။
နောက်နေ့မှာ "တက်ပု" က ကျွန်တော့်ကို ကျောက်ခဲတစ်ခဲ လာပြတယ်။ ပုံစံထူးခြားနေတဲ့ လမ်းဘေးကျောက်ခဲ တစ်ခဲပါပဲ။ သူရှာဖွေဖော်ထုတ်လိုက်တာလို့ ပြောတယ်။ အဲဒီကျောက်ခဲကို "တက်ပုကျောက်ခဲ" လို့ သတ်မှတ်ကြောင်း သူကပြောတယ်။
ကျွန်တော်လည်း လက်ခုပ်လက်ဝါးတီးပြီး ထောက်ခံအားပေးလိုက်တယ်။
၂၂။ PHYSICS, GEOPHYSICS - ဘူမိရူပဗေဒ
ရူပဗေဒပညာရပ်ကြီးရဲ့ အခွဲတစ်ခုပေါ့။ ငလျင်ပညာ၊ မိုးလေ၀သပညာ... အဲဒါတွေကို လေ့လာတယ်။ ကျွန်တော် တတ်ချင်လိုက်တာ။
ကျွန်တော့်ဘ၀မှာ ဘယ်တော့ ငလျင်လှုပ်မလဲ၊ ကျွန်တော့်ဘ၀မှာ ဘယ်တော့ မိုးရွာမလဲ။ အဲဒါတွေကို သရုပ်ခွဲကြည့်ချင်လို့။
၂၃။ QUANTUM THEORY - ကွမ်တမ်သဘောတရား
အကူးအပြောင်းတွေဟာ ပွိုင့်တူပွိုင့် (Point to point) ကူးပြောင်းတာတဲ့။ မြင့်တက်သွားတဲ့ အကူးအပြောင်းပဲဖြစ်ဖြစ်၊ နိမ့်ဆင်းသွားတဲ့ အကူးအပြောင်းပဲဖြစ်ဖြစ် အကူးအပြောင်းဟူသမျှဟာ အမှတ်စက်လေးတစ်ခုကနေ အမှတ်စက်လေးတစ်ခုဆီကို ကူးပြောင်းတာပဲ။
လူ့သမိုင်း၊ ကမ္ဘာ့သမိုင်းထဲက ထင်ရှားလှတဲ့ ကြောက်မက်ဖွယ်ရာ အပြောင်းအလဲအားလုံးဟာ ဘာမှမဟုတ်လှပါဘူး။ ပြောထားပြီးပြီလေ။ Point to point တဲ့။
၂၄။ QUASAR - ကွေဆာ (ကြယ်နှင့်တူသောအရာ)
ဘယ်နယ်ပယ်မှာဖြစ်ဖြစ် "စတား" ဖြစ်ချင်တဲ့လူတွေ ရှိတယ်။ ကြယ်ပွင့်တစ်ပွင့်လို လင်းလက်တောက်ပချင်တာပေါ့။ တချို့လည်း ဖြစ်မြောက်အောင်မြင်ကြတယ်။ သူ့နယ်နဲ့သူတော့ "ကြယ်" တွေပေါ့။ တချို့ကျတော့လည်း ဖြစ်မလိုလိုနဲ့ မဖြစ်ဘူး။ ကြယ်နဲ့တူတဲ့အရာတစ်ခုအဖြစ်ပဲ ရပ်တည်သွားကြတယ်။
အဲဒီလိုလူတွေကို ကျွန်တော်က "ကွေဆာ" လို့ ခေါ်တယ်။
၂၅။ RADIANT ENERGY - ဖြာထွက်စွမ်းအင်
1. ဂမ္မာရောင်ခြည် Gamma rays
2. အိတ်စ်ရောင်ခြည် X-rays
3. ခရမ်းလွန်ရောင်ခြည် Ultraviolet rays
4. မြင်ရသောရောင်စဉ် Visible spectrum
- ခရမ်းရောင် Violet
- မဲနယ်ရောင် Indigo
- အပြာရောင် Blue
- အစိမ်းရောင် Green
- အ၀ါရောင် Yellow
- လိမ္မော်ရောင် Orange
- အနီရောင် Red
6. ရေဒါလှိုင်းများ Radar waves
7. တီဗီလှိုင်းများ TV waves
8. ရေဒီယိုလှိုင်းများ Radio waves
ကျွန်တော်တို့ရဲ့ ဘ၀တွေကို အဲဒီလှိုင်းတွေက လွှမ်းမိုးနေတယ်တဲ့။ အလွှမ်းမိုးခံရတယ်ဆိုတာ ကောင်းတဲ့အရာတော့ မဟုတ်ဘူး။ တွန်းဖယ်ကြည့်ရင် ကောင်းမလား။
Related:
ကျွန်တော်နှင့် သိပ္ပံမှတ်စုများ (၁ မှ ၁၀)
ကျွန်တော်နှင့် သိပ္ပံမှတ်စုများ (၁၁ မှ ၂၀)
Posted by Ko Nyan Posted Time 3:03 PM 1 Comment(s)
Labels ၀တ္ထု-Novel
စွန့်လွှတ်ဝံ့သူ
ဥယျာဉ်မှူးတစ်ဦး၏ ဥယျာဉ်ထောင့်တွင် ၀ါးရုံတစ်ရုံ ရှိသည်။ ၀ါးတို့သည် နှစ်နှင့်အမျှ ကြီးထွားသန်မာ မြင့်မားလာကြပါသည်။ တစ်နေ့တွင် ဥယျာဉ်မှူးသည် ၀ါးရုံထဲရှိ အကြီးမားဆုံးသော ၀ါးနားတွင်ရပ်လျက် "ကဲ... ကိုရွှေဝါး... ကျွန်တော် ခင်ဗျားကို လိုချင်ပါတယ်" ဟု ပြောပါသည်။
"ဆရာ လိုချင်ရင် ယူပါ၊ ကြိုက်သလိုသုံးဖို့ ကျွန်တော်အသင့်ပါ" ဟု ၀ါးက ပြန်ပြောပါသည်။
ထို့နောက် ဥယျာဉ်မှူး၏ လေသံမှာ ပိုမိုလေးနက်သည့်အသွင် ဆောင်လာပါသည်။ "ငါ မင်းကို သုံးနိုင်ဖို့ မင်းကို နှစ်ခြမ်းခွဲပစ်ရမှာ" ဟု ဥယျာဉ်မှူးက ပြောပါသည်။
"ဗျာ... ကျွန်တော့်ကို နှစ်ခြမ်းခွဲပစ်မယ်၊ ဟုတ်လား။ ဘာကြောင့်လဲခင်ဗျာ။ ဒီဥယျာဉ်ထဲမှာ ကျွန်တော်က အကောင်းဆုံးဝါးပါဗျာ။ နှစ်ခြမ်းခွဲတာတော့ မလုပ်ပါနဲ့ဗျာ။ နှစ်ခြမ်းခွဲတာကလွဲရင် ဆရာကြိုက်သလို သုံးပါ" ဟု ၀ါးက တောင်းတောင်းပန်ပန် ပြောပါသည်။
"အေးကွာ... ခက်တာပဲ။ မင်းကို ထက်ခြမ်းမခွဲရင် ငါ မင်းကို မသုံးနိုင်ဘူး" ဟု ဥယျာဉ်မှူးက ပြောပါသည်။ ဥယျာဉ်ထဲတွင် ဥယျာဉ်မှူးနှင့် ၀ါးပင်ကြား ဘာစကားမှ ဆက်မဆိုဘဲ ငြိမ်သက်နေပါသည်။ လေသည်ပင် ဥယျာဉ်မှူးနှင့် ၀ါးပင်တို့ အပြန်အလှန် ပြောစကားကြားပြီး အသက်မရှူနိုင်အောင် ဖြစ်နေပါသည်။ ထို့နောက် အလွန်အားနာတတ်သော ၀ါးသည် ဦးညွတ်ပြီး လေသံသဲ့သဲ့ဖြင့် "ဆရာရယ်၊ ဆရာ့အတွက် အသုံးတည့်ဖို့ ကျွန်တော့်ကို နှစ်ခြမ်းခွဲမှ ဖြစ်မယ်ဆိုရင် ခွဲပါဆရာ" ဟု ပြောပါသည်။
"အေးကွာ၊ မင်းကို ထက်ခြမ်းခွဲပစ်ရမယ်ဆိုတာက ငါလုပ်ချင်တာရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတာ၊ တကယ်တော့ မင်းရဲ့အကိုင်းတွေ အရွက်တွေအားလုံးကိုလည်း ဖြတ်တောက်ပစ်ရမှာ" ဟု ဥယျာဉ်မှူးက ပြောပြန်ပါသည်။
"အလို... ဘုရားရေ၊ အဲဒါကိုတော့ ချမ်းသာပေးပါဆရာရယ်၊ အခက် အရွက်တွေကိုသာ ဖြတ်လိုက်မယ်ဆိုရင် ကျွန်တော့်ဘ၀အလှအားလုံး ပျက်ကုန်မှာပေါ့၊ အဲဒါကိုတော့ ချမ်းသာပေးပါဆရာ" ဟု ၀ါးက တောင်းပန်ပါသည်။
"ငါ အဲဒီလို မဖြတ်မတောက်ရဘူးဆိုရင် ငါမင်းကို မသုံးနိုင်ဘူး" ဟု ဥယျာဉ်မှူးက ပြောပါသည်။
နေရောင်သည် ၀ါး၏မျက်နှာကို ထိုးနေပါပြီ။ လိပ်ပြာလေးတစ်ကောင်သည် ထိုဝါးနားတွင် ထိတ်ထိတ်ပြာပြာ ရစ်ဝဲပျံသန်းနေသည်။ နောက်ဆုံးတွင် ၀ါးသည် လက်လျှော့လျက် "ဆရာ့အတွက် အဲဒီလိုလုပ်မှ အသုံးတည့်မယ်ဆိုရင် ကျွန်တော့်ကို ဖြတ်လိုက်ပါတော့" ဟု ခွင့်ပြုလိုက်ပါတော့သည်။
"ကျေးဇူးတင်ပါတယ် မောင်ဝါးရယ်၊ ငါက မင်းကို ဒီထက် နာနာကျင်ကျင်ဖြစ်အောင် လုပ်ဖို့ရှိသေးတယ်"
"မင်းရဲ့ နှလုံးသားကိုခွဲ၊ အတွင်းသားကို လှန်ရဦးမှာ၊ ဒါမှ မင်းကို သုံးနိုင်မှာ" ဟု ဥယျာဉ်မှူးက ဆက်လက်ပြောရာ ၀ါးသည် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့၊ ဦးခေါင်းကို မြေသို့ထိလုညွတ်လျက် "ဆရာ လိုသလိုသာ စိတ်ကြိုက်သုံးပါတော့ဆရာ" ဟု အားလုံးကို လိုက်လိုက်လျောလျော ခွင့်ပြုလိုက်ပါတော့သည်။
ထို့ကြောင့် ဥယျာဉ်မှူးသည် ၀ါးပင်ကို ခုတ်လှဲသည်။ အကိုင်းအခက် အရွက်များကို ဖယ်ရှားသည်။ ထက်ခြမ်းခွဲပြီး အဆစ်ပိတ်များကို ဖယ်ထုတ်သည်။ ၀ါးခြမ်းချင်းဆက်လျက် စမ်းရေကို သွယ်ယူရာတွင် ၀ါးကို သုံးလိုက်သည်။ စမ်းရေအေးသည် ၀ါး၏နှလုံးသားကိုဖြတ်လျက် လယ်ထဲသို့စီးဝင်ပြီး လူသားအကျိုးပြုပါတော့သည်။
ဝါးကို ခုတ်လှဲ၊ ထက်ခြမ်းခွဲလျက် အလယ်ဆစ်များကို ဖယ်ရှားပြီး ရေသွယ်လိုက်သောအခါ လူသားတို့အတွက် အကျိုးများစွာ ဖြစ်စေပါတော့သည်။
Posted by Ko Nyan Posted Time 11:21 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ
Saturday, May 29, 2010
ဘ၀အတွက် စာဖတ်ရမယ်။ စာဖတ်ကြစမ်းပါ။
လူငယ်လေးတစ်ယောက်ရှိတယ်။ အမေရိကန်နိုင်ငံ အီလီနွိုက်မြစ်ကမ်းပါး ဆိပ်ကမ်းမြို့လေးတစ်မြို့မှာ နေတယ်။ ဘ၀ပေး အခြေအနေအရ သူဟာ ကျောင်းမနေနိုင်ဘူး။ အဲဒီလူငယ် သစ်ခုတ်သမား လှေထိုးသားဟာ ဘ၀ကို အရှုံးမပေးဘဲ စာအုပ်တွေဖတ်၊ ကျောင်းမှာမသင်ရတဲ့ ပညာရပ်တွေကို စာအုပ်ထဲမှာရှာတယ်။ အလုပ်နားလို့ အားလပ်တာနဲ့ စာဖတ်၊ ဖတ်စရာမရှိတော့ မနေနိုင်။ စုံစမ်းတော့ (၁၆)မိုင်ခန့် ဝေးတဲ့နေရာမှာ စာအုပ်တွေရှိကြောင်း သတင်းရတာနဲ့ ခြေလျင်လျှောက်ကာ သွားရောက်ငှားရမ်းတယ်။ စာအုပ်ပိုင်ရှင်ကလည်း ဒီလိုစာသမားမျိုးကို တန်ဖိုးထားတယ်။ ဘယ်လို စာအုပ်မျိုးတွေ ဖတ်ချင်သလဲမေးတော့ သူဝါသနာပါတဲ့ ဥပဒေစာအုပ်တွေ ဖတ်လိုကြောင်းပြောတော့ စာအုပ်ပိုင်ရှင်က ဖတ်ဖို့တိုက်တွန်းတဲ့ အမေရိကန်စာရေးဆရာ သောမတ်စ်ပိန်းရဲ့ "Give me Liberty or give me dead" "ငါ့ကို လွတ်လပ်ခွင့်ပေးပါ၊ ဒါမှမဟုတ် သတ်ပစ်ပါ" အမည်ရစာအုပ်ကို ဖတ်ပြီးကြိုက်သွား။ အဲဒီကရတဲ့ အားမာန်တွေ အလင်းရောင်တွေနဲ့ နောင်တစ်ချိန်သော ကာလမှာ အမေရိကန်နိုင်ငံရဲ့ သမ္မတကြီးဖြစ်လာ။ သူဟာဘယ်သူလဲ။ "Government of the people by the people for the people" လို ကမ္ဘာကျော် စာသားတွေပါတဲ့ မိန့်ခွန်းကို ပြောကြားခဲ့သူ သမ္မတကြီး လင်ကွန်း။ ဒီလိုပြောနိုင်တာ၊ သစ်ခုတ်သမားကနေ သမ္မတကြီးဖြစ်လာတာ ဘာကြောင့်လဲ။ စာဖတ်ခဲ့လို့။
ဒီလိုပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူငယ်လေးတစ်ယောက် ရှိတယ်။ သူဟာ ပခုက္ကူခရိုင် မြိုင်မြို့နယ်ဘက်က။ အချိန်ကား ဖက်ဆစ်ဂျပန်တွေရဲ့ သံဖနောင့်အောက် စစ်ပြေးပုန်းအောင်းနေရတဲ့ကာလ။ ကျောင်းမတက်ရတော့ စာအုပ်ထဲမှာ ပညာရှာတယ်။ စာဖတ်တယ်။ ဒါနဲ့ တစ်နေ့ စာရေးဆရာကြီး ရဲထွန်းလင်းရဲ့ "အရေးတော်ပုံတပ်သား" ကိုတွေ့တော့ ထမင်းမေ့ ဟင်းမေ့ဖတ်မိ။ စာအုပ်ဆုံးလို့ နောက်ဆုံးစာမျက်နှာလည်းရောက်ရော ဒုတိယတွဲဇာတ်သိမ်း ဆက်ဖတ်ပါဆိုတဲ့ စာကြောင်းကိုဖတ်ပြီး အလွန်အမင်း မောသွားတယ်။ ဘယ်လိုမှ နေလို့ထိုင်လို့ မရတော့။ စာဖတ်သမားဟာ စာအုပ်မရှိရင် နေလို့မရ။ ဒီလိုနဲ့ စုံစမ်းလိုက်တာ သူနေထိုင်ရာကနေ (၂၂)မိုင်လောက်ဝေးတဲ့ အခြားစစ်ပြေးရွာ တစ်ရွာမှာ ရန်ကုန်က စစ်ပြေးခိုအောင်းနေတဲ့ အရာရှိကြီး တစ်ဦးရဲ့အိမ်မှာ စာအုပ်တွေ အပုံလိုက်ရှိကြောင်း သတင်းရ။ အဲဒီအခါ လူငယ်လေးဟာ ဖက်ဆစ်ဂျပန်တွေရဲ့ အန္တရာယ်တွေကို မကြောက်အားဘဲ အဲဒီရွာကို ခြေလျင်လျှောက်ပြီး အရောက်သွားခဲ့တယ်။
အရာရှိကြီးနဲ့တွေ့၊ အကျိုးအကြောင်းပြောပြ စာအုပ်ငှားတော့ စာအုပ်ပိုင်ရှင်က ပြုံးပြီးခေါင်းခါ။ စာအုပ်က ရှိတယ်။ မငှားနိုင်။ မောင်ရင့် စာဖတ်ဝါသနာကို ခန့်မှန်းမိပါရဲ့။ လေးစားပါတယ်။ စစ်ကာလထဲ ရွှေငွေရတနာတွေ ဆုံးရှုံးခံပြီးပြီ။ အဲဒီဒဏ်ကို ခံနိုင်ပေမယ့် စာအုပ်ရတနာတွေကိုတော့ ထပ်ပြီးအဆုံရှုံး မခံနိုင်တော့ပါဘူး။ ဒါကြောင့် မောင်ရင့်ကို ထမင်းကျွေးမယ်။ ဒီမှာပဲ လိုရာကိုဖတ်ပါပြောတော့ လူငယ်လေးဟာ အငမ်းမရ ထမင်းမစား ဟင်းမစား မိုးချုပ်ကနေ မိုးလင်းအထိ ဖတ်လိုက်တာ ပြီးသွားတယ်။ အရာရှိကြီးကိုကန်တော့၊ ကျေးဇူးတင်ကြောင်းပြောပြီး (၂၂)မိုင်ခရီးကို လျှောက်ပြန်လာခဲ့တယ်။ တစ်နေ့မှာ ကြီးကျယ်ထင်ရှားတဲ့ စာရေးဆရာကြီး ဖြစ်လာခဲ့တယ်။ သူ ဘယ်သူလဲ။ ကျွန်တော်တို့ရဲ့ ခေတ်ရှေ့ဆောင် စာရေးဆရာကြီး မြသန်းတင့်။ ဒီလိုနဲ့ ဂန္ထ၀င်မြောက် စာအုပ်ပေါင်း မြောက်မြားစွာ ရေးသားနိုင်ခဲ့တာ ဘာကြောင့်လဲ။ စာဖတ်ခဲ့လို့ပါပဲ။
အမေရိကန်နိုင်ငံက သမ္မတကြီး လင်ကွန်း စာဖတ်ခဲ့တယ်။ ကျွန်တော်တို့ စာနိုင်ငံက သမ္မတကြီး မြသန်းတင့် စာဖတ်ခဲ့တယ်။ ကျွန်တော်တို့လည်း စာဖတ်ရမယ်မဟုတ်ပါလား။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
Googel Buzz မှာ ဖတ်ရတဲ့အတွက် ပြန်လည်ဝေငှတာပါ။ မဖတ်ဖူးသူတွေ ဖတ်ရအောင်ပါ။ ဖတ်ဖူးပြီးသားလူတွေအတွက်လည်း ပြန်ဖတ်လို့ အကျိုးမယုတ်နိုင်ပါဘူး။ နှစ်ခါဖတ်တော့လည်း မှတ်မိတာပေါ့လေ။ အကြိမ်ကြိမ်ပြန်ဖတ်နိုင်ရင် ပိုကောင်းတာပေါ့။ ဆရာမင်းချမ်းမွန်ရဲ့ ဆောင်းပါးထဲက ကောက်နုတ်ထားတာလို့ Buzz မှာ တင်ပေးထားသူက ရေးထားပါတယ်။ သြော်... ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာလို့လည်း ဆိုထားပါသေးတယ်။ စာလုံးပေါင်းလေးတွေ လိုက်ပြင်ထားတာကလွဲရင် Google Buzz မှာ ဖတ်ရတဲ့အတိုင်း ပြန်တင်ပေးထားတာပါ။ အချိန်ရသလောက် စာဖတ်နိုင်ကြပါစေ။ ဖတ်သလောက်လည်း သိကြပါစေ။ သိသလောက်လည်း လုပ်နိုင်၊ လိုက်နာနိုင်ကြပါစေ။ လုပ်နိုင်သလောက်လည်း အောင်မြင်ကြပါစေဟု....။
Posted by Ko Nyan Posted Time 11:38 PM 0 Comment(s)
Labels အောင်မြင်ရေး-Success
ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ
(၁)
မဆိုးပါဘူးလို့ ပြောရမယ့်ဇာတ်ကားပါ။ ကြည့်နေတဲ့လူတွေကို စိတ်ဝင်စားအောင်တော့ လုပ်ပြရှာပါတယ်။ ဒါပေမယ့် ရုပ်ပြဇာတ်လမ်းဆိုတော့ ကာတွန်းတွေဘာတွေကို ပြေးမမြင်လိုက်ပါနဲ့။ မျက်နှာ(ရုပ်)လေးပြပြီး လုပ်စားရတဲ့ဇာတ်ကားမို့ ရုပ်ပြဇာတ်လမ်းလို့ အမည်ပေးထားရခြင်းပါ။ အမြွှာညီအစ်ကိုနှစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားတယ်။ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်ဖြစ်အောင် ပြန်ဆုံပေးတဲ့ ဇာတ်လမ်းတွေကို ဒီဘက်ခေတ်မှာ မရှိတော့လောက်ဘူးလို့ ထင်ထားတာပါ။ အခုတော့ မရိုးသေးပါဘူး၊ မဟောင်းသေးပါဘူးလို့တောင် အော်ရမလိုပါပဲ။ မြင့်မြတ်သရုပ်ဆောင်မှုကတော့ လက်ခံလို့ရတဲ့ အတိုင်းအတာမှာ ရှိပါတယ်။ အရင်ဇာတ်ကားတွေမှာလို အိုဗာဖြစ်တာတွေ သိပ်မတွေ့ရတော့ပါဘူး။ အဲဒီအထဲမှာပြထားတဲ့ အဖြစ်အပျက်တစ်ခုကိုတော့ နည်းနည်းဘ၀င်မကျချင်ဘူး။ စာဖတ်လွန်းလို့ ရူးသွား၊ ကြောင်သွားတယ်လို့များ ပြောချင်နေသလားလို့ တွေးနေမိတယ်။ နဂိုကမှ ကျွန်တော်တို့ဆီမှာက စာဖတ်တဲ့လူဆိုရင် ဂေါက်တောက်တောက်၊ ကြောင်တောင်တောင်လို့ ထင်မှတ်ထားတဲ့ အစွဲမှားကြီးက ရှိနေပါဘိသနဲ့၊ ဒီဇာတ်ကားကို သာမန်လူတစ်ယောက်က ကြည့်ပြီးတော့ "တွေ့လား၊ စာဖတ်တဲ့လူတွေ ရူးသွားတာ" ဆိုပြီးများ ပြောလာခဲ့ရင် ဘယ်လိုပြန်ရှင်းပြရမလဲလို့ ကြိုတွေးနေမိတယ်။ အပျင်းပြေကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားပါ။
(၂)
ဝတ္ထု - နွေတမာန်
ဇာတ်ညွှန်း - ဇော်ဇင်
ဒါရိုက်တာ - နေပိုင်
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ မြတ်ကေသီအောင်
အပျင်းပြေကြည့်မယ်ဆိုရင်တော့ အချိန်ပေးပြီး ကြည့်လိုက်ပါ။ တကယ့်ကို အပျင်းပြေပါတယ်။ ဇာတ်လမ်းလေး လှည့်ထားပုံကလည်း မဆိုးလှပါဘူး။ ဒါပေမယ့် ဇာတ်ကားမှားပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ နာမည်ကို ဇာတ်ကားမစခင်မှာ စာတန်းထိုးထားတာဖြစ်တဲ့အတွက် သူတို့လှည့်တဲ့ဇာတ်ကို ကြိုတွေးလို့ရနေတာကလည်း တစ်ခုခုတော့ စဉ်းစားသင့်ကြပါပြီ။ သာမန်ဇာတ်လမ်းဆိုရင် အကြောင်းမဟုတ်ပေမယ့် လှည့်ကွက်တစ်ခုခုနဲ့ ဖမ်းထားတဲ့ ဇာတ်ကားမျိုးဆိုရင် နာမည်ကြီးမင်းသား၊ မင်းသမီး ဘယ်သူတွေပါနေတယ်ဆိုတာကို သိနေတော့ သူတို့ကဖျောက်ထား၊ လှည့်ထားရင်တောင် သိနေတော့တာပေါ့။ အမေရှာရင်း အစ်မတွေ့တာကတော့ အံ့သြဖွယ်ပါပဲ။ သိချင်ရင် ငှားသာကြည့်လိုက်ကြပါတော့။
(၃)
ဇာတ်လမ်း - အင်ကြင်းမေ
ဇာတ်ညွှန်း - မောင်လွင် (မြင်းမူ)
ဒါရိုက်တာ - သိန်းဟန် (ဖီးနစ်)
သရုပ်ဆောင်များ - ဖြိုးငွေစိုး၊ မေကဗျာ၊ ခင်လေးနွယ်
သောက်တလွဲဇာတ်လမ်း၊ ဘာမှန်းကိုမသိဘူး။ ကြည့်နေရင်းနဲ့ အထဲကလူတွေအကုန်လုံးကို အပြင်ထုတ်ပြီး ရိုက်ချင်လိုက်တာမှ လက်ကိုယားနေတာပဲ။ ဟုတ်မလိုလိုနဲ့ အဖျားရော၊ အရင်းပါ ရှူးနေတဲ့ဇာတ်လမ်း။
(၄)
ဝတ္ထု - ဂျူလိုင်ခင်ခင်သက်
ဇာတ်ညွှန်း - နေစိုးသော်
ဒါရိုက်တာ - ညွန့်မြန်မာညီညီအောင်
သရုပ်ဆောင်များ - နေတိုး၊ စိုးမြတ်နန္ဒာ၊ ချစ်သုဝေ
ဇာတ်သိမ်းပိုင်းကို စိတ်ထဲမှာ သိပ်မကျေနပ်တာကလွဲရင် သိပ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းပဲ။ ဘာဖြစ်မှာပါလိမ့်၊ ဘာဖြစ်မှာပါလိမ့်လို့ ပရိသတ်ကတွေးနေရအောင် ဆွဲခေါ်သွားနိုင်တယ်။ အဲဒါကိုက ဒီဇာတ်ကားရဲ့ အသက်ပဲ။ ဘာဆက်ဖြစ်မယ်ဆိုတာကို သိချင်တာကြောင့် ကြည့်နေရင်းနဲ့ပဲ ဇာတ်လမ်းပြီးသွားရမှာ။ အဲဒီထဲမှာပါတဲ့ ဒိုင်ယာလော့ခ်တွေထဲက အမှတ်ထင်ထင်နှစ်ခုကို ထုတ်ပြပါရစေဦး။ ကြားဖူးနေကျဖြစ်ပေမယ့် မှတ်မိသွားအောင်ပါ။ ငှားကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ ညွှန်းပါရစေ။
- လူဆိုတာ ဆန္ဒနဲ့ မရွေးချယ်ရဘူး၊ အသိတရားနဲ့ ရွေးချယ်တတ်ရတယ်။
- ----------*----------*----------*----------*----------*----------*----------
- တစ်ခါတစ်ရံမှာ ဖြစ်ချင်တာတွေကို နောက်ဆုတ်ပြီး၊ ဖြစ်သင့်တာတွေကို ဦးစားပေးရတယ်။
(၅)
ဝတ္ထု - လွန်းထားထား (ဆေးတက္ကသိုလ်)
ဇာတ်ညွှန်း၊ ဒါရိုက်တာ - ကြည်ဖြူသျှင်
အနုပညာအကြံပေး - အကယ်ဒမီ ခင်လေးသိမ့်
သရုပ်ဆောင်များ - အောင်ရဲလင်း (နှစ်ကိုယ်ခွဲ)၊ ခိုင်သင်းကြည်၊ ရတနာပုံ၊ ဒေါ်ခင်လေးဆွေ
ဇာတ်လမ်းရယ်၊ ကင်မရာအယူအဆလေးတွေရယ်၊ ရှုခင်းလေးတွေရယ်၊ အခြားဇာတ်ကားတွေနဲ့မတူတဲ့ ကာလာပုံစံနဲ့ ကြည့်ရတာတွေဟာ ဒီဇာတ်ကားကို စိတ်ဝင်စားမှု ပိုစေပါတယ်။ အောင်ရဲလင်းကို နှစ်ကိုယ်ခွဲဖြစ်အောင် ရိုက်ပြတာကိုလည်း ချီးကျူးရပါတယ်။ အခြားဇာတ်ကားတွေမှာလို ဟိုဖက်တစ်ခြမ်း၊ ဒီဖက်တစ်ခြမ်း ဆက်ထားတာမျိုးမဟုတ်ဘဲ အောင်ရဲလင်းနဲ့ အနီးစပ်ဆုံးအရပ်အမောင်း၊ အလုံးအထည်တူသူကို ထည့်ရိုက်ထားတာကို တွေ့ရပါတယ်။ အတော်လေးကို အဆင်ပြေတယ်လို့ ပြောရပါမယ်။ ကြည်ဖြူသျှင်ဟာ အောင်ရဲလင်းကို မရ,ရအောင် တင်ပေးနေတာကိုလည်း ချီးကျူးရပါတယ်။ တစ်ခုပဲပြောစရာဖြစ်တာက အောင်ရဲလင်းဟာ စိတ်တို၊ ဒေါသထွက်တတ်ပုံ မရတာပါပဲ။ လူပုံစံက အရမ်းကိုနုနေတော့ ဇာတ်လမ်းအရ ဒေါသထွက်တဲ့အခန်း၊ စိတ်တိုတဲ့အခန်းတွေမှာ ကြည့်ရတာ ဘယ်လိုမှကို အဆင်မပြေပါဘူး။ ဇာတ်လမ်းက တအားကြီးဆွဲတင်နေတဲ့အချိန် သူစိတ်တိုတာကို မြင်လိုက်ရတာနဲ့ ရယ်ချစ်စိတ်ပေါက်ပေါက်သွားတယ်။ ငှားကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။
(၆)
ဇာတ်လမ်း - ဂေါ်စိန်
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ချိုပြုံး၊ အောင်ခိုင်၊ ကိုပေါက်၊ ကေညီဦး၊ တက္ကသိုလ်ဂွမ်းပုံ၊ ယွန်းရွှေရည်၊ အေးသီတာ၊ ကြူကြူသင်း
တကယ့်ဝါရင့်နှစ်ယောက် တွေ့ကြပြီဆိုမှတော့ ဒီပွဲဟာ သေချာပေါက်လှပြီပေါ့ဗျာ။ စိုးမြတ်သူဇာက ယောက်ျားစိတ်ပေါက်နေတဲ့ကောင်၊ ကျော်ရဲအောင်ကို ငယ်နိုင်၊ ချိုပြုံးက စိုးမြတ်သူဇာရဲ့ အမေ၊ အောင်ခိုင်က ကျော်ရဲအောင်ရဲ့ ဦးလေး၊ အဲဒီလေးယောက်ကို အခြေတည်ပြီး အခြားဇာတ်ပို့တွေက အတင်းအဓမ္မကို ပို့လိုက်ကြတဲ့အခါ လုံးဝအကန်ဇာတ်ကားဟာ ပြီးသွားတဲ့အထိ မပျင်းလိုက်ရဘူး။ "ဟေ့ကောင်၊ အာကြီး" ဆိုတဲ့ စိုးမြတ်သူဇာရဲ့ ခေါ်သံဟာ ဇာတ်လမ်းပြီးတဲ့အထိ ကြည့်တဲ့သူရင်ထဲမှာ ကျန်နေရစ်ခဲ့ဦးမှာ အသေအချာပဲ။ အတော်ကြီးကို ကြည့်လို့ကောင်း၊ ပျော်ဖို့ကောင်းတဲ့ ဇာတ်ကားပါ။ ငှားကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။
(၇)
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ကိုလွင် (စနိုးဝှိုက်)
ဒါရိုက်တာ - မောင်မောင်ဦး (စနိုးဝှိုက်)
သရုပ်ဆောင်များ - နိုင်းနိုင်း၊ အိန္ဒြာကျော်ဇင်၊ မိုးဟေမာန်ခင်၊ မြင့်မိုရ်၊ ချိုပြုံး၊ ဦးခိုင်တင်၊ ဒေါ်အိအိစိုး၊ အေးအေးခိုင်
ဇာတ်လမ်းလေးက ကောင်းသားဟလို့ ချီးကျူးမလို့ပါပဲ။ ဒါပေမယ့် ဇာတ်လမ်းမဖြစ်ဖြစ်အောင် တမင်ဇွတ်ပို့ထားတဲ့ အခန်းတွေကြောင့် ကြည့်နေရင်းနဲ့ ဖီလင်ငုပ်ငုပ်သွားတယ်။ နိုင်ငံခြားပြန် သူဌေးသမီးကြီးက သူ့ဟာသူ လမ်းဘေးမှာ ပူစီဖောင်းရောင်းနေတဲ့လူကို ဇွတ်အတင်းအဓမ္မ သွားနွယ်တာ၊ တမ်းတမ်းစွဲ ကြိုက်သွားတာကလည်း စဉ်းစားစရာပါ။ ဇာတ်လမ်းကို ကြည့်ကောင်းရင်ပြီးရော လုပ်လိုက်လေသလားလို့တောင် တွေးမိတယ်။ နည်းနည်းပါးပါး အစွန်းရောက်အောင်ပို့ရင် တော်ရောပေါ့ဗျာ။ အခုတော့ မဟုတ်သေးပါဘူး။ နိုင်းနိုင်းတို့ကို လူတန်းစေ့ဖြစ်အောင် လုပ်ပေးချင်တော့လည်း ဇာတ်လမ်းကို ရေးပစ်လိုက်တာများ လွယ်လိုက်တာ။ ဇာတ်ကားမရိုက်ဘဲ တက်ကျမ်းရေးသင့်တယ်။ ပီမိုးနင်းစာအုပ်တွေကိုတောင် ဘယ်သူမှဖတ်ကြတော့မှာ မဟုတ်ဘူး။ သူဟာ မွေးစားသားဖြစ်ကြောင်းနဲ့ ပြည့်တန်ဆာခေါင်းလုပ်နေတဲ့ ချိုပြုံးက သူ့အမေဆိုတာ ပတ်ဝန်းကျင်က သူ့သူငယ်ချင်းတွေအပါအ၀င် အခြားလူတွေက သိနေပြီး နိုင်းနိုင်းက မသိဘူးဆိုတာကတော့ လွန်လွန်းတယ် ထင်တာပါပဲ။ အိမ်မှာရှိတဲ့ အစ်ကိုလုပ်သူနဲ့ ယောင်းမတို့ရဲ့ အမွေလုတိုက်ပွဲကို ပြောင်ပြောင်တင်းတင်း ဆင်နွှဲပုံကလည်း အံ့သြစရာပဲ။ မိဘတွေ သက်ရှိထင်ရှား ရှိနေပါလျက်နဲ့ သူတို့ရှေ့မှာပဲ ပြောဆိုရန်ဖြစ်နေကြပုံက မြန်မာတွေမှ ဟုတ်ရဲ့လားလို့တောင် တွေးမိတယ်။ ကျွန်တော်ဘာဆက်ပြောရမလဲ။
(၈)
ဝတ္ထု - မင်းလူ
ဇာတ်ညွှန်း - ဇော်ဇင်
ဒါရိုက်တာ - ဟိန်းစိုး
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ ရန်အောင်၊ ရဲအောင်၊ ပုလဲဝင်း၊ မေသဉ္ဇာဦး၊ စိုးမိုးကြည်၊ အုန်းသီး၊ ယွန်းရွှေရည်
မင်းလူဝတ္ထုကို ပြန်ရိုက်ထားတဲ့ဇာတ်ကားကို ကောင်းတယ်၊ မကောင်းဘူး မညွှန်းတော့ပါဘူး။ ပေါ့ပေါ့ပါးပါး၊ ကြည်ကြည်နူးနူး၊ ပျော်ပျော်ရွှင်ရွှင် ကြည့်ရမယ့်ဇာတ်ကား ဆိုတာကိုတော့ ပြောပါရစေ။ အတော်လေးကို အပျင်းပြေကြည့်ပျော်တဲ့ ဇာတ်လမ်းတစ်ခုပါ။ စိတ်ပြေလက်ပျောက် အနားယူရင်း ကြည့်ချင်တယ်ဆိုရင်တော့ ငှားကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။ တ၀ါးဝါးပွဲကျရမယ့် အခန်းတွေလည်း အတော်များများပါတယ်လေ။
(၉)
ဝတ္ထု - ပုညခင်
ဇာတ်ညွှန်း - မိုးကျော် (MKA)
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ပြေတီဦး၊ တင့်တင့်ထွန်း၊ စိုးမြတ်နန္ဒာ၊ ၀ိုင်းစုခိုင်သိန်း၊ ချောရတနာ၊ ခင်လေးနွယ်
ပုညခင်နဲ့ ကိုဇော် ခေတ်လို့တောင် ပြောရမလားမသိတော့ပါဘူး။ မနှေးအမြန်သာ ငှားကြည့်လိုက်ပါတော့ဗျာ။ ဒီလိုဇာတ်ကားလေးတွေ ကြည့်ခွင့်ရနေသေးလို့လည်း မြန်မာဗီဒီယိုတွေကို ကျွန်တော်စိတ်မကုန်နိုင်သေးတာပါ။ ဖျော်ဖြေရေးဆိုတာနဲ့တန်အောင် ကြည့်တဲ့လူကို ဖျော်ဖြေသွားပါတယ်။ ဇာတ်လမ်းကောင်းတစ်ခုပါ။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ခဏခဏ အသည်းကွဲတဲ့လူတွေကတော့ တိုက်ဆိုင်မှုတွေနဲ့ လွမ်းရဦးမယ်ထင်ပါရဲ့။
(၁၀)
ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - ဝေမှိုင်းညို
သရုပ်ဆောင်များ - ရဲအောင်၊ ထွန်းထွန်း၊ မေသန်းနု၊ ဇူးဇူးမောင်၊ စိုးမိုးကြည်၊ ဒေါ်နွဲ့နွဲ့စန်း
ဇာတ်ကားတစ်ခုလုံးကို အလှုပ်ဇာတ်ကောင်ဖြစ်တဲ့ ဒေါ်နွဲ့နွဲ့စန်းက ဆွဲခေါ်သွားတာ အံ့သြစရာပါ။ ဒါရိုက်တာကို ချီးကျူးပါတယ်။ ဇူးဇူးမောင်ရဲ့ သရုပ်ဆောင်မှုကြောင့် ဇာတ်ကားက ကောင်းသင့်သလောက် မကောင်းတာလို့ အားနာစွာနဲ့ ပြောပါရစေ။ စကားပြောတာကလည်း ဘာလိုနေမှန်းမသိ၊ မျက်နှာအမူအရာကလည်း မပီပြင်၊ အတော်ကြည့်ရဆိုးတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ကားအမည်ပေးထားတဲ့အတိုင်း သရုပ်ဆောင်အားလုံးရဲ့ ဒိုင်ယာလော့ခ်တွေဟာ လန်ထွက်နေတာပါပဲ။ ဝေမှိုင်းညိုရယ် လုပ်တတ်ပါပေ့ကွယ်လို့ပဲ အော်လိုက်ချင်ပါတယ်။ စကားပြောခန်းတွေကိုပဲ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရတာ ဒီဇာတ်ကားတစ်ခုပဲ ရှိမယ်ထင်ပါတယ်။ ဘီအီးဒီအောင်သိုက်ရဲ့ ကက်ဆက်ဇာတ်လမ်း နားထောင်ရတာနဲ့တောင် ဆင်တူနေသေးရဲ့။
(၁၁)
ဇာတ်လမ်း - သိန်းသန်းထွန်း
ဇာတ်ညွှန်း - ကိုချင်း
ဒါရိုက်တာ - အောင်ဆွေမြန်မာ
သရုပ်ဆောင်များ - မိုးအောင်ရင်၊ ရန်အောင်၊ ဇင်ဝိုင်း၊ ပုလဲဝင်း၊ မေသက်ခိုင်
ကျွန်တော့်အမြင်ပြောရရင် ပေးချင်တဲ့ message ကို ကြည့်တဲ့ပရိသတ်တိုင်း ရနိုင်မယ်မထင်ဘူး။ တင်ပြပုံက မြင့်လွန်းတဲ့အတွက် လိုက်မမီတာမျိုးလည်း မဟုတ်ဘူး။ ပေးချင်တဲ့ message က ကောင်းပါလျက်နဲ့ အခြားအကြောင်းအရာတွေ အပေါ်မှာသွားပြီး ဇောင်းပေးလိုက်တော့ မူလရည်ရွယ်ချက်ကို ပျောက်သွားစေတယ်။ သာမန်ကြည့်တဲ့ပရိသတ်ကတော့ မိုးအောင်ရင်က အဖေလုပ်သူ ရန်အောင်အတွက် အသေခံလိုက်တယ်လို့ပဲ နားလည်ကြမယ်ထင်ပါရဲ့။ အဓိကပေးချင်တဲ့ message ကို မရောက်တော့ဘဲ အဲဒီမှာတင် ရပ်သွားတယ်လို့ မြင်မိတယ်။ ဇာတ်ညွှန်းရေးသူနဲ့ ဒါရိုက်တာရဲ့ လိုအပ်ချက်လို့ မြင်တာပါပဲ။ မဆိုးဘူးလို့ ပြောလို့ရမယ့်ဇာတ်ကားပါ။ မဖြစ်နိုင်တဲ့ဇာတ်ကွက်တွေ ပါတာကလွဲရင်ပေါ့လေ။
(၁၂)
ဇာတ်လမ်း၊ ဇာတ်ညွှန်း - လင်္ကာ
ဒါရိုက်တာ - အာယု
သရုပ်ဆောင်များ - သူထူးစံ၊ နန္ဒာလှိုင်၊ အေးဝတ်ရည်သောင်း၊ ထွန်းထွန်းဝင်း၊ ရူပ၊ ဟိန်းစိုး
သူထူးစံကို ဘယ်လိုဖြစ်ပြီး ထွန်းထွန်းဝင်းက အိမ်ခေါ်ထားသလဲဆိုတဲ့ အကြောင်းအရာ၊ အဖေလုပ်တဲ့ ရူပက သူ့သားကို ဘာကိစ္စ အခြားတစ်ယောက်လက်မှာ စိတ်ချလက်ချ အပ်ထားရသလဲ၊ ပြောသမျှယုံရသလဲဆိုတဲ့ အကြောင်းအရာ၊ အိမ်မှာ ဒီလောက်လူတွေများတာ သူထူးစံကို နန္ဒာလှိုင်က ဘယ်သူမှမသိအောင် အပြင်ကို ခေါ်ခေါ်သွားနိုင်တယ်ဆိုတဲ့ အကြောင်းအရာ၊ ရူပက ရောဂါသည် သူ့သားကို လိုက်ခေါ်တာပါဆိုမှ နန္ဒာလှိုင်တို့က တားတဲ့အတွက် သူတို့တွေအလိုကျ စီမံတာကို နာခံတယ်ဆိုတဲ့ အကြောင်းအရာ၊ ထွန်းထွန်းဝင်းက ဇာတ်သိမ်းမှာ ဘာဖြစ်သွားတာလဲဆိုတဲ့ အကြောင်းအရာတွေအတွက် ဘယ်သူ့ဆီကမှ အဖြေမရလိုက်ဘူး။ တော်တော်ကို သပွတ်အူကျတဲ့ ဇာတ်လမ်းပါပဲ။ အပျိုးကလည်း မခိုင်ဘူး၊ နောက်ဆုံးအဆုံးသတ်ကလည်း ဘာမှန်းမသိဘူး။ သေချင်တော့လည်း လွယ်လိုက်တာ။ ငေါက်ကနဲပဲ။ ဇာတ်လမ်းက ပြစရာမရှိတဲ့အတွက် မလိုအပ်ဘဲ နောက်ခံတီးလုံးတွေထည့်ပြီး လမ်းလျှောက်တာတွေ၊ မြင်းစီးတာတွေ၊ ကားမောင်းတာတွေကို အသားလွတ်ကြီး ထည့်ထားတာကတော့ ပရိသတ်အပေါ်မှာ လုပ်စားလွန်းတယ်လို့ မြင်တာပဲ။ အာယုရိုက်တာဆိုလို့ အားခဲလိုက်ရတာ၊ ခဲလေသမျှ သဲရေကျပဲ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၉ ရက်၊ စနေနေ့။
ည ၁၁ နာရီ ၀၄ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 11:08 PM 0 Comment(s)
Labels ဗီဒီယို၊ ရုပ်ရှင် - Movies
စကားပုံဆုံးမစာ - သူတော်ဦးနု
- ဗုဒ္ဓဆာယာကိုတွယ်ရမည်၊ ယုတ်လှတာကိုပယ်ရမည်။ ဗုဒ္ဓဆာယာကိုတွယ်မှ အေးမြရာသည်။ ယုတ်လှတာကိုပယ်မှ ဘေးပကွာသည်။
- သေရည်ကိုမသောက်နှင့်၊ ရေကြည်ကိုမနှောက်နှင့်။ သေရည်ကိုသောက်က အပါယ်ဘုံသို့ကျတတ်သည်။ ရေကြည်ကိုနှောက်က အနယ်မှုန်တို့ ထတတ်သည်။
- ထင်တိုင်းလည်း နှိပ်၍မဆိုနှင့်၊ ၀င်တိုင်းလည်း သိပ်၍မမျိုနှင့်။ ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ်ပွားတတ်သည်။ ၀င်တိုင်းသိပ်၍မျိုက အန္တရာယ်များတတ်သည်။
- အယုတ်တရားကို အလိုမရှိနှင့်၊ မဟုတ်စကားကို မဆိုဘိနှင့်။ အယုတ်တရားကို အလိုရှိက ဘဂ၀ါ၏စကားကို ပယ်ရာကျချေသည်။ မဟုတ်စကားကိုဆိုဘိက သမာဓိတရားတို့ ကွယ်ပရလေသည်။
- အမျိုးယုတ်သူ အဆင်းလှလျှင်သတိထား၊ တန်ခိုးနုတ်သူ ထမင်းဝလျှင် မကြည်စားနှင့်။ အမျိုးယုတ်သူ အဆင်းလှက ဇာဂတန်တတ်သည်။ တန်ခိုးနုတ်သူ ထမင်းဝက မာနထန်တတ်သည်။
- မတော်ဘဲကိုမ၀ယ်နှင့်၊ မခေါ်ဘဲကိုမလာနှင့်။ မတော်ဘဲကိုဝယ်လေက သပြာဓနရှုံးတတ်သည်။ မခေါ်ဘဲကိုလည်ချေက မကြာခဏမုန်းတတ်သည်။
- ခရီးကိုလည်း အပြင်းမသွားနှင့်၊ မီးကိုလည်း အကြွင်းမထားနှင့်။ ခရီးကိုအပြင်းသွားက မှားတတ်သည်။ မီးကိုအကြွင်းထားက ပွားတတ်သည်။
- ဆရာပြောသမျှကို အပြီးမမှားလေနှင့်၊ အနာရောဂါကို မကြီးပွားစေနှင့်။ ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တတ်သည်။ အနာရောဂါကို ကြီးပွားစေက ဒုက္ခရောက်တတ်သည်။
- စကားစကားပြောဖန်များ စကားထဲက ဇာတိပြ၍ မာနတံခွန်ထူတတ်သည်။ တရားတရား ဟောဖန်များ တရားထဲကပါဠိရ၍ ဒါနအလွန်လှူတတ်သည်။
- သံသရာလောက၊ နှစ်ဝအကျိုး၊ ပွားတိုးစေမှု၊ အာရုံပြုလျက်၊ ဦးနုမည်ခေါ်၊ ငါသူတော်လျှင်၊ နာပျော်ဖွယ်ရာ၊ ဆုံးမစာကို၊ တကာ-တကာမ၊ မှတ်သားကြ၍၊ နေ့ညလေ့ကျက်ကြပါလော့။
Posted by Ko Nyan Posted Time 7:20 PM 0 Comment(s)
Labels အောင်မြင်ရေး-Success
Friday, May 28, 2010
မြင်သမျှ၊ တွေ့သမျှ၊ ကြုံသမျှ၊ ကြားသမျှ
(၁)
ဝန်းကျင်တစ်ခွင်လုံးဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြုံခဲ့ရတဲ့ပုံစံနဲ့ လုံးဝမတူတော့အောင် ပြောင်းလဲသွားတယ်။ သူမဟုတ်တဲ့ပုံစံနဲ့ စိမ်းကားနေလိုက်ပုံများက နရင်းအုပ်ချင်စရာတောင် ကောင်းသေးတော့တယ်။ အပင်လေးတွေကလည်း စိမ်းစိုလန်းဆန်းပြီး အရွက်တဝေေ၀နဲ့၊ ပုန်းလျှိုးကွယ်လျှိုးနေခဲ့တဲ့ မြက်ပင်တွေကလည်း ခေါင်းထောင်ရင်မော့လို့ ငွားငွားစွင့်စွင့်၊ လွင့်လွင့်ယိမ်းယိမ်းနဲ့ပေါ့။ ရေငတ်သူရေတွင်းထဲကျတာ ဘယ်လောက်ပျော်မလဲတော့ ကိုယ်တိုင်မကြုံဖူးတဲ့ အတိအကျမသိဘူး။ အခုတော့ နေပူပူအောက်မှာ ကော့နေအောင်ခံခဲ့ရတဲ့ သစ်ပင်ပန်းမာလ်တွေအားလုံး မိုးရေသောက်ခွင့် ရလိုက်တဲ့အတွက် ပြုံးပျော်စိမ်းစိုနေကြတယ်။ သူတို့ကိုကြည့်ပြီး ကိုယ်တောင်အလိုလို ပျော်လာသလိုလိုပါပဲ။ စိမ်းစိုနေတဲ့ ပတ်ဝန်းကျင်ဟာ ကျွန်တော့်စိတ်ကို ငြိမ်းချမ်းစေလိုက်တာ။
(၂)
လွန်ခဲ့တဲ့ အပတ်ကအထိ သတင်းစာထဲမှာ နေ့စဉ်ရက်ဆက် ဖတ်လာခဲ့ရတာက မြန်မာနိုင်ငံက မြို့အသီးသီးရဲ့ စံချိန်တင် အပူချိန်တွေ ဖြစ်ပါတယ်။ ကိုယ်တိုင်ခံစားရတာ မဟုတ်ပါဘဲ ဖတ်ရတဲ့ ကိန်းဂဏန်းတွေကို ဖတ်ရတာနဲ့တင် စိတ်ထဲမှာ အလိုလိုနေရင်း ပူအိုက်အိုက်ကြီး ဖြစ်လာရတာပေါ့။ ဟော.. မနေ့က သတင်းစာဖတ်တော့ အပူချိန်တွေ မပါတော့ဘူး။ မှတ်သားဖွယ်ရာ မိုးရေချိန်များဆိုပြီး ပါလာပြီ။ သြော်... မြန်လိုက်တာနော်။ ရာသီဥတုများ အစိုးမရဘူးဆိုတာ အဲဒါကြောင့် ပြောတာထင်ပါရဲ့။ လူတိုင်းတမ်းတနေတဲ့အချိန်မှာ ရွာတဲ့မိုးမို့ ကြိုဆိုကြရမယ်ထင်ပါရဲ့။ တောင်သူတွေရဲ့ အပြုံးမျက်နှာတွေကို မြင်ယောင်ပြီး အလိုလိုပျော်လာမိတယ်။ မိုးရွာပြီလေ... စပါးတွေစိုက်ဖို့ စိတ်မပူရတော့ဘူး။ ဆည်တွေထဲကို ရေတွေပြန်ဝင်လာတော့မယ်။ ရေအားလျှပ်စစ်အတွက် ရေအရင်းအမြစ်တွေ ပြန်ရပြီ။ သောက်သုံးရေရှားပါးနေတဲ့ ဒေသတွေက သောက်ရေကန်တွေ ရေပြန်ပြည့်တော့မယ်။ သြော်... မျက်နှာပွင့်လိုက်တဲ့ မိုးပါလားနော်။
(၃)
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရွှေမြန်မာတွေ မျှော်နေကြတယ်။ အသည်းအသန်ကို မျှော်နေကြတာ။ ဘောလုံးကို အဲဒီလောက်ရူးသွပ်တဲ့ လူမျိုးတွေပါလားလို့ တွေးမိသေးတယ်။ ဒါပေမယ့် အဲဒီအတွေးကို အကြာကြီးမတွေးရဲဘူး။ ရူးသွပ်မှုရဲ့နောက်ကွယ်က တွန်းအားကို သိနေရတာကိုး။ အင်္ဂလန်ပရီမီးယားလိဂ်ပြီးသွားတယ်။ မြန်မာအချို့ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ ဒါပေမယ့် အီတလီနဲ့ စပိန်အထိ သွားအလုပ်လုပ်ကြပြန်ရော။ အီတလီစီးရီးအေနဲ့ စပိန်လာလီဂါလည်း စခန်းသိမ်းသွားတယ်။ အင်္ဂလန်က ပထမတန်းကလပ်တွေ play-off ကန်တာကို အားပေးကြပြန်ရော။ ဘောလုံးအပေါ်မှာ သံယောဇဉ်ကြီးပုံများ ပြောပါတယ်။ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း မလွတ်တမ်းနွှဲလိုက်ကြသေးတာပဲ။ မော်ရင်ဟိုကို ထောက်ခံခဲ့ကြသူတွေကတော့ ပျော်တပြုံးပြုံးနဲ့ မော်မဆုံး ဖြစ်နေတာပေါ့လေ။ ဆရာကတော့ဆရာပါပဲလို့တွေးပြီး ရော်ဘင်ကို ယုံစားခဲ့သူတွေခမြာတော့ တောက်တခတ်ခတ်၊ လက်သီးတပြင်ပြင်နဲ့ပေါ့။ အင်တာမီလန်လည်း ချန်ပီယံလိဂ်ဖလား ရသွားတာကို မကျေနပ်ကြတာတော့ ဟုတ်ဟန်မတူပါဘူး။ သူ့အကြောင်းနဲ့သူ နေမှာပေါ့လေ။ ဟော... အခုကြည့်ဦး။ ဥရောပဘောလုံးပွဲတွေ မရှိတော့တဲ့အတွက် အလုပ်လက်မဲ့တွေ အများကြီးဖြစ်သွားတယ်။ ပြောစရာအလုပ်က တစ်ခုပဲရှိတော့တယ်။ လာမယ့်ကမ္ဘာ့ဖလားမှာ ဘယ်အသင်းတွေ ဘယ်လိုရှိတယ်ဆိုတာပေါ့။ ကြိုတင်စိတ်ကူး ပုံဖော်တွက်ချက် နေလိုက်ကြပုံများကတော့ ကိုယ့်မြန်မာအသင်းပဲ ကမ္ဘာ့ဖလားဝင်ကန်မှာလိုလို။ မြန်မာတွေ ဘောလုံးကို ရူးသွပ်အားပေးကြပုံ ပြောပါတယ်။ လူရွှင်တော်တွေပြောတဲ့ စကားကို ပြန်တွေးမိတယ်။ အဲဒီလိုများ ဖြစ်နေပြီလား မသိဘူး။ ရေးမပြတော့ပါဘူး။ အားလုံးလည်း သိနေတာပဲကိုး။
(၄)
မိတ်ဆွေတွေနဲ့စကားပြောလို့ သူတို့ဆွေမျိုးတွေ၊ မောင်နှမသားချင်းတွေအကြောင်း ပြောတဲ့အခါတိုင်း မကြာခဏ ကြားရတတ်တဲ့ စကားတစ်ခွန်း ရှိပါတယ်။ ဘယ်သူကတော့ ကျောင်းပြီးသွားပြီ။ အလုပ်ရှာနေတုန်းပဲ ရှိသေးတယ်ဆိုတဲ့စကားပါ။ အဲဒီအထိ လက်ခံပါတယ်။ နောက်ဆက်တွဲ ဆက်ပြောလာတဲ့ စကားကြောင့် ခဏခဏ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ လူမှုရေးအရ ဘယ်တုန်းကမှ ကျွန်တော့်ခံယူချက်ကို အဲဒီလိုစကားဝိုင်းတွေမှာ ပြောမပြဖြစ်ပါဘူး။ လူဆိုတာမျိုးက ကိုယ်လက်ကိုင်ထားတာတစ်ခုကို လွှတ်ချပစ်ဖို့ အင်မတန်ဝန်လေးတတ်ကြတာမဟုတ်လား။
ဒီလိုပါ။ ခေတ်ကလည်းကွာ၊ ဘွဲ့ရပြီးတာတောင် အလုပ်ရှာလို့မရတဲ့ခေတ် ဖြစ်နေပြီဆိုတဲ့ စကားပါ။ ဘွဲ့တစ်ခုရရင် အလုပ်တစ်ခုရမယ်လို့ ဘယ်သူကများ ပြောခဲ့ပါလိမ့်။ ထားပါတော့။ စနစ်တွေ၊ ဘာရေးတွေ၊ ညာရေးတွေကို မပြောလိုပါဘူး။ ဘွဲ့ရပြီးထိုင်နေရတယ်၊ အလုပ်လိုက်ရှာနေတယ် ဆိုကတည်းက အဲဒီဘွဲ့ရဟာ စာရွက်ပေါ်ကဘွဲ့ကိုသာ ရထားတဲ့လူလို့ တပ်အပ်ပြောလို့ရပါတယ်။ ဆိုလိုတာက ကိုယ်ရခဲ့တဲ့ ဘွဲ့နဲ့ပတ်သက်တဲ့ နယ်ပယ်မှာ ကျွမ်းကျင်ပိုင်နိုင်လို့ ရခဲ့တာမဟုတ်ဘူးလို့ ပြောချင်တာပါ။ တကယ်တမ်းသာ ကျွမ်းကျင်ပိုင်နိုင်ခဲ့မယ်ဆိုရင် အလုပ်ကို လိုက်ရှာစရာ မလိုပါဘူး။ အလုပ်ကသာ ကိုယ့်ကို လိုက်ရှာပါလိမ့်မယ်။ အချို့တွေများဆိုရင် ဘာဘွဲ့မှ မရပါဘူး။ ဒါပေမယ့် ကျွမ်းကျွင်ပိုင်နိုင်စွာ တတ်မြောက်ထားတဲ့ ပညာရပ်တစ်ခုခုကို အသုံးချပြီး အသက်မွေးဝမ်းကျောင်း လုပ်နေသူတွေမှ ဒုနဲ့ဒေးပါ။ စာမေးပွဲဖြေခါနီး နှစ်ပတ်လောက်အလိုမှ အနီးကပ်ကျူရှင်တက်၊ စာမေးပွဲဖြေပြီး အောင်လာပြီးကာမှ ဘွဲ့ရတဲ့အခါ အလုပ်ရှာလို့မလွယ်ဘူးလို့ ငြီးနေတာကတော့ သိပ်တော့ သဘာဝမကျဘူးလို့ ထင်တာပါပဲ။
တကယ်သာ အလုပ်မရှိဘူးဆိုရင် သတင်းစာမှာ၊ ဂျာနယ်တွေမှာ၊ မဂ္ဂဇင်းတွေမှာ၊ လူမြင်ကွင်းတွေမှာ အလုပ်ခေါ်တဲ့ကြော်ငြာတွေ မြင်စရာ၊ ဖတ်စရာအကြောင်းကို မရှိပါဘူး။ အလုပ်ရှားတာမဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့အလုပ် ရှားတာဖြစ်ပါတယ်။ လစာကောင်းကောင်းလိုချင်တယ်၊ သက်သက်သာသာနဲ့ လုပ်ရမယ့်အလုပ်မျိုး ဖြစ်ချင်တယ်၊ သဘောကောင်းတဲ့ဘော့စ်နဲ့ပဲ တွေ့ချင်တယ်၊ စတဲ့စတဲ့ အချက်တွေသတ်မှတ် ပြဋ္ဌာန်းပြီး အလုပ်လိုက်ရှာနေမှတော့ ဘယ်ကလာပြီး အလုပ်ရတော့မှာလဲ။ အလုပ်ခေါ်မယ့်လူက လိုချင်တဲ့အရည်အချင်းတွေ ကိုယ့်မှာပြည့်စုံနေရဲ့လားကိုတော့ စိတ်မ၀င်စားဘဲ ကိုယ်လိုချင်တဲ့အချက်တွေနဲ့ ပြည့်စုံတဲ့အလုပ် ဘယ်မှာရှိမလဲဆိုပြီး လိုက်ရှာနေမှတော့ ဘယ်ကလာပြီး အလုပ်ရတော့ပါ့မလဲ။
တကယ်အလုပ်လုပ်ချင်သူ၊ တကယ်အရည်အချင်းရှိသူအတွက် အလုပ်လုံးဝ မရှားပါဘူး။ ရွေးချယ်စရာတွေနဲ့တောင် ပြည့်နေပါသေးတယ်။ တစ်ခါတစ်ရံမှာ စာရွက်ပေါ်ကအရာတွေဟာ ဘာမှအသုံးမ၀င်ဘူးဆိုတာကို အဲဒီလူတွေ သဘောပေါက်နားလည်အောင် ဘယ်လိုများ ရှင်းပြရမလဲ။ ကြက်တူရွေးတစ်ကောင်ကို စကားပြောသင်ပေးပြီး အဲဒီကောင်လူဖြစ်ပြီလို့ တံဆိပ်ကပ်ပေးလို့ ရမလားဆိုတာကို မဆီမဆိုင် တွေးနေမိသေးတယ်။
အမြင်မတူတာတွေအတွက်၊ လက်မခံနိုင်တာတွေအတွက် တစ်စုံတစ်ရာ ပြောလိုသည်များ ရှိလာခဲ့ရင် ကြိုဆိုလျက်ပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၈ ရက်၊ သောကြာနေ့။
နံနက် ၉ နာရီ ၁၀ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 9:10 AM 0 Comment(s)
Labels ကျွန်တော့်အတွေးများ
Thursday, May 27, 2010
ကျွန်တော်နှင့် သိပ္ပံမှတ်စုများ - တာရာမင်းဝေ
၁၁။ ENERGY - စွမ်းအင်
အလုပ်တစ်ခုကို ဆောင်ကျဉ်းပေးနိုင်စွမ်းတဲ့ စွမ်းအားကို "စွမ်းအင်" လို့ ခေါ်တယ်။ ညက ကျွန်တော်စားခဲ့တဲ့ ကန်စွန်းရွက်ကြော်ဟာ ဘာအရသာမှ မရှိသလိုပဲ။ ကျွန်တော့်ကို စားမြိန်စေတဲ့စွမ်းအင် သူ့မှာ ပါမလာဘူး။ ဒီမနက်လည်း အဲဒီကန်စွန်းရွက်ကြော်ကိုပဲ ဆက်စားရဦးမယ်။
"စွမ်းအင်ကူးပြောင်းမှု" ဆိုတာ ရှိတတ်ကြောင်း ကျွန်တော် ကြားဖူးတယ်။ ဥပမာ - အလင်းစွမ်းအင်ကနေ အပူစွမ်းအင်ကို ပြောင်းတယ်။ အဲဒါဆိုရင် ကျွန်တော်ကလည်း တစ်မျိုးထွင်ရတော့မယ်။ "စွမ်းအင်ဘက်ပြောင်းမှု" လို့ ဆိုကြပါစို့။
နှုတ်မြိန်စေမယ့် စွမ်းအင်ကို ကန်စွန်းရွက်ပေါ်က ထုတ်ယူမယ့်အစား လျှာပေါ်ကပဲ ထုတ်ယူတော့မယ်။ မကောင်းတဲ့ ဟင်းတွေကို ကောင်းသယောင် စားတတ်ဖို့အတွက် ကိုယ့်လျှာမှာပဲ စွမ်းအင်တစ်ခုခု တပ်ပေးရတော့မယ်။
-------------------------------------------------------------------------------------------------------------------------
၁၂။ ENTROPY - နောက်ဆုံးအခြေအနေတစ်မျိုး
အမြင်ကျယ်တဲ့လူတွေကို ကျွန်တော် သဘောကျတယ်။ တိုးတက်ထက်မြက်တဲ့ လူတွေနဲ့တွေ့ရင်လည်း အရမ်းစိတ်အားတက်တာပဲ။ ဒါပေမယ့် ကပ်သီးကပ်သပ်နိုင်တဲ့ တချို့လူတွေကိုလည်း ကျွန်တော် တွေ့ဖူးတယ်။ သူတို့စွဲကိုင်ထားတဲ့ အယူအဆကလွဲရင် ကျန်တဲ့အယူအဆတွေကို အမှားလို့ထင်တယ်။
အတွေ့အဆုံများလာ၊ မှတ်ရပြုရ များလာတဲ့အခါမှာ အဲဒီလိုလူတွေကို ကျွန်တော်က "အင်ထရိုပီ" လို့ သင်္ကေတပြုလိုက်တယ်။ "အင်ထရိုပီ" ဆိုတာက ပြောင်းလဲမှုမရှိနိုင်တော့တဲ့ အဆုံးစွန်အခြေအနေလေ။ သူတို့ကို ပြောင်းလဲအောင် (ဒါမှမဟုတ်) အပြောင်းအလဲတစ်ခုခုကို သူတို့လက်ခံအောင် ဘယ်လိုမှ လုပ်လို့ မရတော့ဘူး။
-------------------------------------------------------------------------------------------------------------------------
၁၃။ EVOLUTION - ဆင့်ကဲဖြစ်စဉ်
ဒါဝင်ရဲ့ "အီဗော်လူရှင်း" သီအိုရီအရ လူဟာ မျောက်ဝံက ဆင်းသက်လာတာတဲ့။ လက်ရှိအခြေအနေမှာ ကျွန်တော်ဟာ နာမည်လေး အထိုက်အလျောက် ရနေတယ်။ ငယ်ငယ်တုန်းက ဆရာတစ်ယေက်က "မင်း လူဖြစ်ပြီပေါ့ကွာ" လို့ ကျောသပ်ပြီး ပြောသွားတယ်။
သူ့စကားအတိုင်းဆို ဒီအခြေအနေမတိုင်ခင် အစောပိုင်းကာလတွေမှာ ကျွန်တော်ဟာ လူမဖြစ်သေးဘူးပေါ့။ (တစ်နည်း) မျောက်ဖြစ်နေဆဲပေါ့။
လူဟာ မျောက်ကနေ ဆင်းသက်လာရုံတင် မဟုတ်ဘူး။ လူ့ဘ၀ထဲမှာကို မျောက်ဘ၀တစ်ပိုင်း ပါနေတယ်။
-------------------------------------------------------------------------------------------------------------------------
၁၄။ EXPANDING UNIVERSE - ပြန့်ကားစကြ၀ဠာ
အနန္တစကြ၀ဠာကြီးဟာ ပြန့်ကားနေတယ်တဲ့။ လူတွေကတော့ မူလအရွယ်အစားအတိုင်း ဆက်ရှိနေရင် ခက်မယ်။ အချိုးအစားအရ အရမ်းကွာသွားလိမ့်မယ်။
"ကြီးကျယ်" ချင်လို့ သိပ်မရတော့ဘူး။
ဟုတ်တယ်လေ။ "ဘယ်နေ့လဲ၊ ဘယ်တော့လဲ" .....။
-------------------------------------------------------------------------------------------------------------------------
၁၅။ GALAXY - မဟာစကြ၀ဠာ
ဖြစ်နိုင်ရင် မဟာစကြ၀ဠာထဲမှာ သွားနေမလားလို့ ကျွန်တော်စဉ်းစားတယ်။ အဲဒီလိုနဲ့ ဝေခွဲမရ ဖြစ်စရာလေးတွေလည်း ကြုံနေရတယ်။ မဟာစကြ၀ဠာက အမျိုးမျိုးရှိတယ်လေ။ ဘဲဥပုံသဏ္ဌာန် (Elliptical) စကြ၀ဠာထဲမှာဆိုရင် ကျွန်တော်လည်း ပုပုဝိုင်းဝိုင်း ရွေ့လျားနေရမှာပဲ။ ခရုပတ်ပုံသဏ္ဌာန် (Spiral) စကြ၀ဠာမှာဆိုရင် အနုစိတ်ဆန်လွန်းလှတဲ့ ပတ်ချာလည် မျဉ်းကွေး၊ မျဉ်းကောက်တွေထဲမှာ ကျွန်တော် မူးနောက်နေနိုင်တယ်။ ပုံသဏ္ဌာန်မမှန်တဲ့ စကြ၀ဠာ (Irregular) ထဲမှာကျတော့ ပိုဆိုးနိုင်ပါရော။
ဘာပုံပေါက်ပြီး ဘယ်လို ခုန်ပေါက်နေမိမယ်မှန်းကို မသိဘူး။
-------------------------------------------------------------------------------------------------------------------------
၁၆။ HEART ATTACK - နှလုံးအလုပ်ရပ်ဆိုင်းခြင်း
နှလုံးရပ်သွားတာကို Heart Attack လို့ ခေါ်သတဲ့။
ကျွန်တော့်ဘ၀မှာ ရင်ခုန်ခဲ့၊ မျှော်လင့်ခဲ့ရတဲ့ အရာတွေရှိတယ်။ သူ့အချိန်နဲ့သူ သူ့အရွယ်နဲ့သူတော့ အရေးကြီးခဲ့တာပဲ။
တချို့လည်း ဖြစ်မြောက်ခဲ့တယ်။ တချို့လည်း မဖြစ်မြောက်ခဲ့ဘူး။ တချို့အတွက် နှလုံးခုန်ခဲ့ရတာက တန်တယ်။ တချို့အတွက် နှလုံးခုန်ခဲ့ရတာက မတန်ဘူး။
နှမြောလိုက်တာ။ နှလုံးတစ်ချက်ခုန်ရင် သွေးက လက်ဖက်ရည်ဇွန်း (၃၀)လောက် ထွက်မြောက်လည်ပတ်ရတယ်တဲ့။ ခုအချိန် ပြန်စဉ်းစားတော့ ရယ်စရာမောစရာလေးတွေလည်း ပြန်ဖြစ်နေလေရဲ့။ ကျွန်တော့်မှာလည်း Heart Attack ဖြစ်နေပြီထင်တယ်။ ကျွန်တော် ဘယ်ကိုမှ ရင်မခုန်တော့ဘူး။ နှလုံးမလှုပ်ရှားတော့ဘူး။ နေတတ်လာတယ်လို့ ပြောရမလား၊ ရင့်ကျက်လာတယ်လို့ ပြောရမလား။ နှလုံး မခုန်တော့တာတော့ များတယ်။ သေနေတဲ့ နှလုံးသားနေရာကို Infarction လို့ ခေါ်တယ်။ ကျွန်တော်လည်း အဲဒီလို ဖြစ်နေပြီ။
ကျွန်တော်တော့ Heart Attack ဖြစ်နေပြီ။
-------------------------------------------------------------------------------------------------------------------------
၁၇။ IMMUNE SYSTEM - ကိုယ်ခံအားစနစ်
ခန္ဓာကိုယ်ကို ပြင်ပရောဂါကနေ ကာကွယ်ပေးတဲ့အဖွဲ့တဲ့။ ရုပ်ခန္ဓာအတွက် အင်မတန် လိုအပ်ပုံရတယ်။
ဒါပေမယ့် လူတွေမှာ အဲဒီထက်ပိုပြီး လိုအပ်နေတဲ့အရာရှိတယ်။ သိချင်လို့ ရှာဖွေဖော်ထုတ်နေတယ်။ "နာမ်" ခန္ဓာကို ကာကွယ်ပေးတဲ့ အဖွဲ့ပေါ့။ လူဆိုတာ လောကဓံရဲ့ ဓားရှစ်လက်ကြားမှာ အသက်ရှင်နေရတာ မဟုတ်လား။
နာမ်ခန္ဓာအတွက်လည်း Immune System လိုတယ်။ ဘယ်မှာလဲ။
-------------------------------------------------------------------------------------------------------------------------
၁၈။ LIGHT YEAR - အလင်းနှစ်
အလင်းဟာ တစ်စက္ကန့်မှာ ၁၈၆၀၀၀ မိုင် သွားတယ်။ တစ်နှစ်အတွင်းမှာ အလင်းပေါက်ရောက်တဲ့ အကွာအဝေးကို အလင်းနှစ်လို့ခေါ်တယ်။ အလင်းနှစ်နဲ့ တွက်ကြည့်တဲ့အခါ အကွာအဝေးအားလုံးဟာ ကြုံ့ကျဉ်းသွားကြလေရဲ့။
လ,တောင်မှ ကမ္ဘာနဲ့ (1.5 Light - second) ပဲ ကွာသတဲ့။ လက်တွေ့ဘ၀နဲ့ ကွာဝေးလွန်းနေတဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေကိုလည်း အလင်းနှစ်နဲ့ တွက်ကြည့်ပြီး "နီး" ယူကြရအောင်။ မကောင်းဘူးလား။
-------------------------------------------------------------------------------------------------------------------------
၁၉။ MATTER - ဒြပ်
စာပေလောက၊ အနုပညာလောကမှာ "တစ်နေရာတော့ လိုချင်တယ်" ဆိုတဲ့လူတွေ ကျွန်တော် တွေ့ဖူးတယ်။ စာပေအနုပညာလောကထဲမှာ သူတို့ကလည်း "ဒြပ်" တစ်ခုအဖြစ် ပါဝင်ချင်တယ်တဲ့။
"ဒြပ်" ဆိုတာက ဟင်းလင်းတစ်ခုထဲမှာ နေရာယူထားတဲ့အရာကို ခေါ်တာ။ စာပေအနုပညာလောကထဲမှာလည်း ဟင်းလင်းကွက်တွေ အများကြီး ကျန်နေတုန်းပါပဲ။ ဘယ်သူမှ မမြင်ကြသေးတဲ့ နေရာတွေ၊ မြင်ရက်နဲ့ မဖော်ထုတ်ကြရသေးတဲ့ နေရာတွေ အများကြီးပါပဲ။
အဲဒီအထဲကို တိုးဝင်ဖို့လိုတယ်။
-------------------------------------------------------------------------------------------------------------------------
၂၀။ MOLECULAR BIOLOGY - မော်လီကျူးဇီဝဗေဒ
စက်ယန္တရားဆန်နေတဲ့ သက်ရှိတွေရဲ့ ဘ၀အဖြစ်ကို ဖော်ပြတဲ့ သိပ္ပံပညာပေါ့။ လူတွေအတွက်တော့ မှန်ကန်လွန်းလှချည်ရဲ့လို့ မြင်မိပါတယ်။ မြေပုံစာရွက်ကိုင်ပြီး ရပ်တည်နေရတယ်။ နာရီဒိုင်ခွက်ကြည့်ပြီး လှုပ်ရှားနေရတယ်။ မွေးနေ့နဲ့ သေနေ့ကြားမှာ စားရေး၊ ၀တ်ရေး၊ နေရေး၊ ခရီးသွားလာရေးနဲ့အတူ....
သိပ္ပံနည်းကျ ကားရားကြီးဖြစ်လို့။
Related:
ကျွန်တော်နှင့်သိပ္ပံမှတ်စုများ (၁ မှ ၁၀)
Posted by Ko Nyan Posted Time 9:04 PM 0 Comment(s)
Labels ၀တ္ထု-Novel
မင်းတုန်းမင်းနှင့် ငါးခြောက်ပြား၊ ကြိမ်လုံးနှင့် ကျောင်းသား၊ ဆရာနှင့် .....
ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်းကျောင်းသား ဘ၀တုန်းက ကြုံခဲ့ရတာလေးတခုကို အမြဲ သတိရနေမိပါတယ်။
မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက "မင်းတုန်းမင်းနှင့်ငါးခြောက်ပြား" ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော်ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ အင်းသူကြီးငကြူက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေမေးမြန်း စုံစမ်းလို့မရဘဲ ဗျာများနေခိုက် "ဟဲ့ ငလွင်၊ မရသေးဘူးလား" လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့တယ်။ "ငလွင် လာခဲ့" လို့ ထားဝယ်ကြိမ်ကိုဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော့်အသံက ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ် ၀င်သွားပါသတဲ့။ "ဟဲ့ ငလွင်၊ နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွတ်ရင် နိုင်ငံကိုအုပ်ချုပ် မင်းလုပ်ရမယ့်သူ၊ ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့မလဲ" လို့ မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခုက "စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား" လို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာ အချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။ အဖြေလွှာတွေကို စားပွဲပေါ် ဘုန်းကနဲမြည်အောင် ပစ်ချလိုက်ပါတယ်။ ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီး ကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။
ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ ကျောင်းသားကို ပေးလိုက်တယ်။
"ဒါ မင့် အဖြေလား"
"ဟုတ်ပါတယ် ဆရာ"
"အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း"
နည်းနည်း အံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို သူမကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယဖြစ်မိကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိ အလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး ကြီးမားနေနိုင်ကြောင်း။ ပြီးတော့ ဒါဟာ ဒီလောက်ရိုက်နှက် အပြစ်ပေးစရာ မလိုကြောင်း၊ နားဝင်အောင် ဆုံးမလျှင် ရပါလျက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာရှိကြောင်း၊ ဘုရားသားတော်တို့မည်သည် ရသတဏှာဖြင့် ဆွမ်းဘုဉ်းမပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ၀ိနည်းကို မတိန်းသိမ်းနိုင်ဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲအောင် မှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်ကြောင်း အဲဒီလိုတွေ ဖြေထားတာဗျ။ သူတစ်ကြောင်း ဖတ်လိုက်၊ ခိကနဲ ကြိတ်ရယ်လိုက်ကြနဲ့ ။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။
ကျောင်းသား ဖတ်ပြီးသွားတော့ ဆရာက သူ့ကို မေးတယ်။
"မင်း ငါ့ကို နောက်တာလား"
"ဟာ.....၊ မဟုတ်ဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ"
"ကဲ....၊ အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီမေးမယ်၊ ကဲ မင်းကစ၊ သူဖြေတာ မှန်သလား မှားသလား"
ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံကကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကိုကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လို ခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံးလိုလိုလည်း ကျွန်တော့်လိုပဲလို့ ထင်တယ်။ သူတို့မျက်နှာတွေကိုကြည့်ရင် သိသာပါတယ်။
"ဟေ့ကောင် ဖြေလေကွာ"
ရှေ့ဆုံးက ကျောင်းသားခမြာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းငုံ့ချလိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား မှားသလားဆိုတဲ့ မေးခွန်း (၂) ခုကို မေးနေတယ်ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ဝန်းကျင် အငွေ့အသက်တွေက "မှားတယ်လို့ ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး" လို့ ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာ ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။
"သူဖြေတာ မှားပါတယ်"
"ဟုတ်ပြီ နောက်တစ်ယောက်"
"မှား....အဲ....မှားပါတယ်"
"နောက်တစ်ယောက်"
"မှားပါတယ်"
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။ ကျွန်တော် ထရပ်လိုက်တယ်။ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။
"မှားပါတယ်"
အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်ကစာအုပ်ကိုပဲ စိုက်ကြည့်နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း အဲဒီလိုပဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းရှေ့မှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာ,နာသွားသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုပဲ ခံစားနေရမှာပါ။
အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။
ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာ ဒီလိုကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါ ဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျက်နဲ့ သူ့လို မဖြေရဲခဲ့ရတာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့ရတာလဲ။
အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက်ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ.......။ ခက်ထန်တဲ့ အမူအရာတွေ။ ၀ဲခနဲ..... ၀ဲခနဲ၊ တင်းခနဲ...... တင်းခနဲ၊ ရွှမ်းခနဲ.......ရွှမ်းခနဲ၊ အမေရေ..........ကျွန်တော် ကြောက်လှချည့်။
Posted by Ko Nyan Posted Time 8:19 PM 0 Comment(s)
Labels စာအုပ်မှတ်စုများ
သတင်းထဲကဓာတ်ပုံ၊ ဓာတ်ပုံထဲက သတင်း
(၁)
သမိုင်းကြောင်း၊ အာဃာတ၊ အငြိုးအတေး၊ သံသယအရောင်များဖြင့် ရေးခြယ်ထားသည့် ပန်းချီတစ်ချပ်လေလား?
အပေါ်ကပုံကို ကြည့်ပြီးတော့ စစ်သမိုင်းပြတိုက်တစ်ခုကို လေ့လာနေကြတယ်၊ ရှေးဟောင်းလက်နက်တစ်ခုကို စိတ်ဝင်တစား ကြည့်နေကြတယ်လို့ မထင်မှတ်လိုက်ကြပါနဲ့။ မကြာသေးတဲ့ကာလအတွင်းက ပေါက်ကွဲနစ်မြုပ်သွားခဲ့တဲ့ တောင်ကိုရီးယားစစ်သင်္ဘော Cheonan နဲ့ ပတ်သက်ပြီး အားလုံးက မြောက်ကိုရီးယားအပေါ် သံသယနဲ့ စောင့်ကြည့်နေကြတာကို သိပြီးဖြစ်မယ်ထင်ပါတယ်။ သင်္ဘောပေါ်မှာပါရှိတဲ့ စစ်သည် (၄၆)ဦးလုံး သေဆုံးခဲ့ရတယ်လို့ အတည်ပြုခဲ့ကြပါတယ်။ အဲဒီလို သင်္ဘောပေါက်ကွဲခဲ့ရတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားတို့က မြောက်ကိုရီးယားအပေါ် စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားကတော့ တုံ့ပြန်မှု မပြုလုပ်ခဲ့ပါဘူး။ ခပ်မဆိတ်နေခဲ့ပါတယ်။ သင်္ဘောပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ သင်္ဘောဝမ်းဗိုက်ကို တစ်ခုခုထိမှန် ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့ရတာဖြစ်ကြောင်း တောင်ကိုရီးယားတို့က ကောက်ချက်ချခဲ့ပါတယ်။ အခုနောက်ဆုံး အခြေအနေအရတော့ တောင်ကိုရီးယားတို့ ရှာဖွေတွေ့ရှိထားတဲ့ တော်ပီဒိုဟာ မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တာဖြစ်ကြောင်း အတိအလင်း ဆိုနေပါတယ်။ ဒါကြောင့်လည်း မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတွေ ပြန်လည်တင်းမာလာပြီး နှစ်ဖက်စလုံးက စကားလုံးစစ်ပွဲတွေ ဆင်နွှဲနေတဲ့အဆင့်ကို ရောက်ရှိလာနေတာ ဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေက ကိုရီးယားကျွန်းဆွယ်မှာ နောက်ထပ်စစ်ပွဲတစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပေမယ့် ကျွန်တော့်အမြင်အရတော့ ဖြစ်လာနိုင်စရာ မရှိဘူးလို့ပဲ မြင်မိပါတယ်။ တောင်ကိုရီးယားအနေနဲ့ အခုကိစ္စဟာ ခံပြင်းစရာကောင်းလွန်းတာ အမှန်ပဲဖြစ်ပါတယ်။ စစ်ရေးအရရော၊ နိုင်ငံရေးအရပါ သိက္ခာကျအရှက်ရစရာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ထင်တိုင်းလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပြန်ပါဘူး။ တောင်ကိုရီးယားရဲ့ စီးပွားရေးကြောင့်ပါ။ မြောက်ကိုရီးယားကို ဒေါသထွက်တာ မှန်ပေမယ့် သူ့စီးပွားရေးကို ထိခိုက်လောက်တဲ့အထိတော့ တောင်ကိုရီးယားတို့ မိုက်မဲကြမယ် မထင်ပါဘူး။ အဲဒါကြောင့်လည်း ကိုယ့်နားရွက်ကိုလာပြီး ခဏခဏ တံတွေးဆွတ်တတ်တဲ့ မြောက်ကိုရီးယားအပေါ် သည်းခံစိတ်မွေးနေတာ ဖြစ်ပါတယ်။ တကယ်တမ်းစစ်ဖြစ်လို့ မြောက်ကိုရီးယားအပေါ် ဒုံးကျည် အစင်း(၁၀၀) ပစ်နိုင်မယ်ဆိုရင်တောင် မြောက်ကိုရီးယားက ပြန်ပစ်တဲ့ ဒုံးကျည်တစ်စင်းလောက် တန်ဖိုးကြီးမားမယ် မထင်ပါဘူး။ မြောက်ကိုရီးယားကလည်း ဒါကိုအပိုင်သိနေတဲ့အတွက် ဘာမထီလုပ်နေတာ ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် အမေရိကန်လည်းပါ၊ ကုလသမဂ္ဂလည်းရောက်၊ တစ်ကမ္ဘာလုံးလည်း အုံးအုံးကြွက်ကြွက် ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တစ်ခုအတွက် အခုအချိန်မှာ မပြောမဖြစ်ပြောနေကြရတာက အပေါ်မှာပြထားတဲ့ တော်ပီဒိုတစ်စင်း ဖြစ်နေတာပါပဲ။ အဲဒီတော်ပီဒိုကို မြောက်ကိုရီးယားတို့ တကယ်ပဲ ပစ်ခဲ့သလားဆိုတာကတော့ ဘယ်သူများ သိနိုင်ပါ့မလဲ။
(၂)
ရေနံပေါလော ဟိုဒီမျော
မက္ကစီကိုပင်လယ်ကွေ့မှာရှိတဲ့ Deepwater Horizon ရေနံတူးစင် ဧပြီလ ၂၀ ရက်နေ့က ပေါက်ကွဲသွားတဲ့ကိစ္စဟာ ကမ္ဘာ့နိုင်ငံတွေအကြား ပြောစရာသတင်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ သီတင်းသုံးပတ်ကျော် ကြာလာတဲ့အထိ ရေနံယိုစိမ့်မှုဖြစ်စဉ်ကို တားဆီးနိုင်ခြင်း မရှိသေးပါဘူး။ ပင်လယ်ထဲမှာ ပေါလောမျောနေတဲ့ ရေနံတွေကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို အနည်းနဲ့အများဆိုသလို ထိခိုက်လာတာ အမှန်ပါပဲ။ ရေနေသတ္တ၀ါတွေခမြာ ရေနံတွေပြည့်နေတဲ့ ရေပြင်ကျယ်ထဲမှာ ဘယ်လိုများ အသက်ရှင်နေထိုင်နိုင်ကြပါ့မလဲ။ ဒါ့အပြင် အဲဒီဒေသရဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းအပေါ်လည်း အကျိုးသက်ရောက်မှုရှိလာမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဗြိတိသျှရေနံကုမ္ပဏီ(BP)ကလည်း တတ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းတွေနဲ့ ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောဆိုပါတယ်။ တစ်နေ့ကို ရေနံစည်ပေါင်း ၅၀၀၀ ကျော်လောက် ပင်လယ်ထဲကို လျှံထွက်နေတာကို မနှေးအမြန် ဆောင်ရွက်ဖို့လိုနေတာတော့ အသေအချာပါပဲ။
ရေနံဆိုတာ ရွှေမည်းလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ အဖိုးတန်ရတနာပါ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မလိုအပ်တဲ့နေရာကို ရောက်သွားတဲ့အခါ ရွှေမည်းဘ၀ကနေ အမှိုက်ဘ၀၊ အညစ်အကြေးဘ၀ကို ရောက်သွားရပြန်ပါရော။ အခုဆိုရင် အဲဒီရေနံတွေဟာ ပင်လယ်ထဲမှာ ဒုက္ခပေးမယ့် အမှိုက်ဖြစ်နေတဲ့အတွက် နည်းလမ်းမျိုးစုံသုံးပြီး ဖယ်ရှားရှင်းလင်းဖို့ ဆောင်ရွက်နေကြပါတယ်။ တစ်ဆက်တည်း တွေးနေမိတာက ကျွန်တော်တို့လူတွေမှာလည်း ဘယ်လောက်ပဲ တော်နေပါစေ၊ မရှိသင့်တဲ့နေရာမှာ ရှိနေခဲ့ရင်၊ မရောက်သင့်တဲ့နေရာမှာ ရောက်နေခဲ့ရင် အမှိုက်ဖြစ်သွားသလားဆိုတာကိုပါပဲ။ လူမှန်နေရာမှန်ဆိုတဲ့စကားကို ခပ်ရေးရေးသဘောပေါက်လိုက်မိသလိုပါပဲ။
(၃)
အမှတ်တမဲ့ ပြောခဲ့တယ်၊ ဒါပေမယ့် အမှတ်တရတွေ ဖြစ်လာခဲ့ရပြီ
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲစဖို့ ဘာမှမလိုတော့တဲ့အချိန်မှာ ဘောလုံးလောကအတွက် အရှက်ရစရာကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။ အခြားတော့ မဟုတ်ပါဘူး။ အင်္ဂလန်အက်ဖ်အေအကြီးအကဲ ထရီးမင်းစ်တစ်ယောက် သူ့ရဲ့မကင်းရာမကင်းကြောင်း (ဘာလဲတော့ သေချာမသိဘူး) အမျိုးသမီးငယ်တစ်ဦးးကို စကားတွေကျွံမိရာကတစ်ဆင့် ဖြစ်ပွားခဲ့တဲ့ ဂယက်ပါ။ အဲဒါကြောင့်လည်း ရှေးလူကြီးတွေက ပြောခဲ့ကြတာ။ ကြမ်းကျွံတာနုတ်လို့ရတယ်၊ စကားကျွံတာ နုတ်လို့မရဘူးလို့။ အခုလည်း သူပြောခဲ့တဲ့ စကားတွေအတွက် သူတာဝန်ယူတဲ့အနေနဲ့ အက်ဖ်အေအကြီးအကဲ ရာထူးကနေပြီး နုတ်ထွက်လိုက်ပါပြီ။
သူ့စကားအတွက် သူတာဝန်ယူပြီး ရာထူးကနေ နုတ်ထွက်လိုက်တာမှန်ပေမယ့် သူ့စကားတွေရဲ့ နောက်ဆက်တွဲတွေကတော့ တသီတတန်းနဲ့ မပြီးနိုင်မစီးနိုင် ကျန်နေရစ်ခဲ့ပါတယ်။ သူနဲ့ပတ်သက်တဲ့ အမျိုးသမီးငယ်ကို ဘာပြောခဲ့သလဲဆိုတော့ အခုကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်း ဗိုလ်စွဲနိုင်ဖို့အတွက် ရုရှားဒိုင်တွေရဲ့ အကူအညီကို ရယူမယ်လို့ ဆိုလိုက်တာပါပဲ။ အတုံ့အလှည့်အနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားအိမ်ရှင် ကြိုးပမ်းမှုမှာလည်း စပိန်က ရုရှားကို ပြန်ကူညီရမယ်ဆိုတာပါပဲ။ သူကတော့ ဘယ်လိုသဘောနဲ့ ပြောခဲ့လေသလဲ မသိပါဘူး။ အမှတ်မထင်လား၊ ယုံကြည်မှုကြောင့်လား။ ဘယ်လိုပဲဖြစ်ဖြစ် သူ့စကားတွေကို နားထောင်ခဲ့ရတဲ့ အမျိုးသမီးကတော့ စီးပွားရေးဈေးကွက်မြင်တယ်လို့ ပြောရမယ်ထင်တယ်။ သူမသိထားသမျှကို မီဒီယာတွေဆီမှာ ပြန်ရောင်းစားခဲ့ပါတယ်။
ဖီဖာကိုယ်တိုင်က အဲဒီစကားရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ညွှန်ကြားထားပါတယ်။ နဂိုကမှ တောင်အာဖရိက အခြေအနေအရပ်ရပ်ကြောင့် ကမ္ဘာ့ဖလားကို လူစိတ်ဝင်စားအောင် မနည်းကြီးကို ကြိုးပမ်းနေရတဲ့အချိန်ချိုးမှာ အခုလိုစကားတွေ ပေါ်ထွက်လာတာဟာ အနည်းနဲ့အများဆိုသလို ထိခိုက်နစ်နာတာ အမှန်ပါပဲ။
ဘာပဲဖြစ်ဖြစ် ပြောတဲ့လူကလည်းပြောတယ်၊ နားထောင်တဲ့လူကလည်း နားထောင်တယ်၊ ပြီးတော့ ပြန်ရောင်းစားတယ်။ အင်း... လျှာနှစ်ချောင်းကြောင့် ဘောလုံးလောကတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ရတာကတော့ မထူးပေမယ့် ဆန်းချင်သလိုပါပဲ။ လျှာတွေများ ကြောက်စရာကောင်းပါတယ်ဆိုမှ...။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၇ ရက်၊ ကြာသပတေးနေ့။
ည ၇ နာရီ ၂၂ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 7:27 PM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, သတင်း-News
မှုန်တနွဲ့နွဲ့ - ဦးကြင်ဥ
အော် - မှုန်တနွဲ့နွဲ့၊ လွမ်းနယ်ချဲ့လို့၊ စုံသဲ့ကန္တာ၊ မြေထရံဆင့်၊ ကမ်းခုံမြင့်က၊ စွင့်စွင့်ငယ်ငြာသည်၊ ဘုတ်ဝါရွှေချိုးက ကူတော့တယ်။ သဇင်ဆော်လွင့်၊ ပင်တံမြင့်မှာ၊ ပွင့်ပန်းရည်စုတ်၊ ခါသံသဲသဲ၊ ညံမစွဲ၊ ပဲတောင့်ပြုတ်တို့၊ ရွှေစာလုတ်ချီ၊ ခွန်းသံငယ်စီသည်၊ ပြည်သီခေါင်ဖိုး၊ လူလိုက ဘက်၊ နှုတ်ခွန်းဆက်တယ်၊ ငှက်မယ်မျိုးတို့၊ ဆော်နှိုးငယ်ခေါ်သည်၊ မြိုင်မော်သစ်နန်းကလဲ ဆူတော့မယ်။ ကသယ်မြေမွ၊ ကြေပွပွနှင့်၊ မြသလင်းပြင်၊ မိုးနွေမခန်း၊ ယိုစိမ့်စမ်းနှင့်၊ အိုင်ကမ်းခွင်မှာ၊ ရွှေသမင်တောက်၊ စာမရီငွေ၊ တိုး အောင်း ချေ၊ ရေမိုးသောက်လို့၊ တောမျောက်ကယ်ငြာ၊ ကန္တာမြိုင်ကြီးကလည်း ပူဘို့ကွယ်။
ပူဘို့ညွှန်း၊ လွမ်းလိုက်က ပါဘိတယ်။ တောင်စောင်းထရံကွေ့မှာ၊ မိုးဝေ့လို့လယ်။ ရော်လို့သာ ဆွေးလိုက်ကဲ့၊ မဧနိုင် ပူနယ်ကို၊ ခြယ်ဖန်လဲ့တဘုန်း။ ဆင့်ဆင့်သာကဲတော့တယ်၊ ဖော်နဲသူကြွေကြွေရန်ဘို့၊ ကိုးတန်ဖွဲ့ချုန်း။
Posted by Ko Nyan Posted Time 6:59 PM 0 Comment(s)
Labels ကဗျာ-Poem
မိခင်တွေ အသိပညာမြင့်မှ
နပိုလီယန်နှင့် မဒမ်ကင်ပန်ဆိုသော အမျိုးသမီးကြီးတို့၏ အမေးအဖြေကို သွားပြီး သတိရလိုက်မိသည်။ နပိုလီယန်က -
"ပြင်သစ်လူငယ်တွေကို မြှင့်တင်ဖို့ အလိုအပ်ဆုံးဟာ ဘာဖြစ်မယ် ထင်ပါသလဲ"
"မိခင်ကောင်းတွေပါပဲရှင်"
"အောင်မယ်လေး၊ စကားတစ်လုံးတည်းနဲ့ စနစ်ကြီးတစ်ခု ပြီးသွားတာပါပဲလား ကရို"
မှန်ပါသည်။ မိခင်တွေ (အမျိုးသမီးတွေ) အသိပညာ မြင့်မလာဘဲ မျိုးဆက်သစ်လူငယ်တွေ မြင့်မလာနိုင်ပါ။ ပုခက်လွှဲသောလက်များ တိုးတက် မြင့်မားလာရန် လိုပါသည်။ သို့မှသာ "အမေ့သားကောင်းများ" မြောက်မြားစွာ ပေါ်ထွက်လာမည်ဟု ကျွန်တော် ယုံကြည်ပါသည်။
သရဖူ၊ ဇူလိုင်၊ ၉၅
Posted by Ko Nyan Posted Time 10:26 AM 1 Comment(s)
Labels အောင်မြင်ရေး-Success
Wednesday, May 26, 2010
ကျွန်တော်နှင့် သိပ္ပံမှတ်စုများ - တာရာမင်းဝေ
ဆင်းရဲတဲ့လူ အများကြီးကို ကျွန်တော် မြင်ဖူးတယ်။ တချို့ကလည်း ခြူသံပါအောင် ညည်းတတ်ကြတယ်။ တချို့ကတော့ ခပ်မာမာပဲ။ “ဆင်းရဲသားမာန” နဲ့ပဲ ၀၀ဖြိုးဖြိုး နေထိုင်ကြတယ်။
အဆိုတစ်ခုရှိတယ်။ “လူတိုင်းဟာ မွေးကာစထက်တော့ ပိုချမ်းသာကြတယ်” တဲ့။ အဲဒါလည်း ဟုတ်တာပဲ။ လူက မွေးတုန်းက ဘာမှပါတာမှ မဟုတ်ဘဲ။ ဘာမှမရှိဘူး။ အခု အင်မတန် ဆင်းရဲနေပါတယ်ဆိုတဲ့ လူကလည်း မွေးစကထက်တော့ ချမ်းသာတယ်။ အနည်းဆုံး ခါးဝတ်တော့ရှိမယ်။ ဘာမှမရှိအောင် ဆင်းရဲတဲ့လူကို ကျွန်တော်တော့ မတွေ့ဖူးသေးဘူး။ အဲဒီလိုလူတွေကို ကျွန်တော်က “ပကတိသုည” လို့ နာမည်ပေးထားတယ်။ ဒါပေမယ့် “သုည” ဟာလည်း တကယ်တမ်း သုညပီသလာရင် ရေးပြစရာ သင်္ကေတ(၀)တောင် မရှိဘူးလေ။ အဲဒါဆိုရင် သူ့ကို ဘယ်လိုသိရမလဲ။
အဲဒီလိုမျိုးပဲပေါ့။ တကယ်ဆင်းရဲတဲ့ “ပကတိသုည” ဆင်းရဲသားကို ရှိနေရင်တောင် ကျွန်တော် တွေ့နိုင်ပါမလား။ စဉ်းစားစရာပဲ...။
၂။ ACID RAIN - အက်ဆစ်မိုး
အက်ဆစ်မိုးတွေဟာ အင်မတန် ကြောက်စရာကောင်းတယ်လို့ ကျွန်တော့်ကို တင်နင်းလာတဲ့ ဆိုက်ကားသမားက ပြောတယ်။ ဆိုက်ကားစီးနေတဲ့ ကျွန်တော်က ထီးဆောင်းထားပေမယ့် ဆိုက်ကားနင်းနေတဲ့ သူကတော့ ဘာမှ ဆောင်းမထားဘူးလေ။ “မိုးမကြောက်ဘူးလား” လို့ ကျွန်တော်ကမေးတော့ “အက်ဆစ်မိုးမှ မဟုတ်တာပဲဗျာ” လို့ သူက ပြန်ဖြေတယ်။
၃။ ANTIMATTER - ဆန့်ကျင်ဒြပ်
လောကကြီးမှာ ဒြပ်တွေရှိသတဲ့။ သူတို့ကို တိုးဝင်တိုက်ဖျက်တဲ့ ဆန့်ကျင်ဒြပ်တွေလည်း ရှိတယ်။ သူတို့ချင်းတွေ့ရင် ကြေပျက်သွားကြတယ်။ တစ်ခုကိုတစ်ခုက ချေမှုန်းပစ်တယ်။ ဒြပ်မှုန်တစ်ခုရယ်၊ ဆန့်ကျင်ဒြပ်မှုန်တစ်ခုရယ်ဟာ ခမ်းခမ်းနားနား ၀င်းဝင်းလက်လက်နဲ့ပဲ တိုက်ဖျက်ပျောက်ကွယ်သွားကြတယ်။
အာရုံထဲမှာ မြင်ကြည့်မိတယ်။ အတော်လှမှာပဲ။ ရှက်သလိုလည်း ခံစားရတယ်။ လူတွေနဲ့ ယှဉ်တွေးမိလို့ပါ။
လူ့လောကမှာလည်း လူတွေရယ်၊ ဆန့်ကျင်လူတွေရယ် ရှိတယ်။ ဆန့်ကျင်လူတွေက ဆန့်ကျင်ဒြပ်တွေလို မဟုတ်ဘူး။ စကားတွေ လျှောက်ပြောတယ်။ ဘယ်သူ့ကိုမှလည်း အကောင်းမမြင်ဘူး။ စိတ်ပျက်စရာကောင်းလှတဲ့ရုပ်၊ နာမ် အတွဲကြီးတွေပေါ့။
အဲဒီဆန့်ကျင်လူတွေဟာ အခွင့်အရေးရတာနဲ့ အချို့အချို့သော လူတွေကို ကိုက်စားဖျက်ဆီးနိုင်အောင် ကြိုးစားတယ်။ ဆန့်ကျင်ဒြပ်တွေလို ခမ်းနားဝင်းလက်စွာ တိုက်ခိုက်လာခြင်းမျိုး မဟုတ်ဘူး။ စုတ်ပြတ်မည်းမှောင်စွာ တိုက်ခိုက်တတ်ကြတယ်။
သူတို့ကို ကျွန်တော် မကြိုက်ဘူး။ ဒါပေမယ့် မောင်းထုတ်လို့လည်း မရဘူး။ ဘာမှ မတတ်နိုင်ဘူး။ “လူ” ရှိနေရင် သူတို့လည်း ရှိနေမှာပဲ။ သဘာဝပဲလေ...။
၎။ ARIMUTH - ကြယ်တာရာထောင့်ချိုး
လူရဲ့မြောက်ဘက်တည့်တည့်ကို မျဉ်းဖြောင့်တစ်ခု ဆွဲလိုက်။ ကြယ်ရဲ့အောက်တည့်တည့် အမှတ်ကိုယူ။ ပြီးတော့ လူနဲ့ဆက်လိုက်။ လူရဲ့တည်နေရာမှာ ထောင့်ချိုးတစ်ခု ဖြစ်လာမယ်။ ကျွန်တော်က ကြယ်ထောင့်ချိုးလို့ နာမည်ပေးထားတယ်။
အသေအချာ “တွက်” တာတော့ မဟုတ်ဘူးပေါ့။ ပျင်းတဲ့အခါ အိမ်ရှေ့လမ်းပေါ်ထွက်ပြီး ကျွန်တော် အဲဒီလို လုပ်ဖူးတယ်။ ကြယ်တွေ၊ သင်္ချာသဘောတရားတွေနဲ့ ဆက်ဆံလုပ်ကိုင်ရတာမို့ ကိုယ့်ကိုယ်ကိုယ် ကြီးမြတ်လာသလိုတောင် ခံစားရသေးတယ်။
ခင်ဗျားလည်း အားရင် လုပ်ကြည့်ပါလား....။
၅။ ARTIFICIAL INTELLIGENCE - ဉာဏ်တု
ဟိုနေ့က မဂ္ဂဇင်းတစ်အုပ်ထဲမှာ ဖတ်လိုက်ရတယ်။ ကွန်ပျူတာတွေမှာ “ဉာဏ်တု” ကို ထည့်တော့မယ်တဲ့။ စာအုပ်ကို ဘေးချပြီး ကျွန်တော် မျက်မှောင်ကြုတ် စဉ်းစားနေမိတယ်။ ကွန်ပျူတာနဲ့ပတ်သက်မှ “ဉာဏ်တု” ရှိလာတာ မဟုတ်ပါဘူး။ လူတွေမှာလည်း အစောကြီးကတည်းက “ဉာဏ်တု” ရှိတယ်။
တချို့လူတွေမှာ ရှိတဲ့ဉာဏ်က အစစ်မဟုတ်ဘူး။ မွေးရာပါ အတုကြီး။ သူတို့ဉာဏ်နဲ့သူတို့ ဘာမှမလုပ်နိုင်ဘူး။ သူများဉာဏ်နဲ့ ဖော်ထုတ်တားတာတွေကိုပဲ အတုခိုးပြီး လိုက်လုပ်နေရတယ်။
ကွန်ပျူတာကို “ဉာဏ်တု” တပ်ပေးတာ ကောင်း,မကောင်းတော့ ကျွန်တော် မပြောနိုင်ဘူး။ လူတွေမှာ ဉာဏ်တုရှိနေတာတော့ မကောင်းဘူး။
၆။ ASTEROID - မျက်နှာမွဲဂြိုဟ်
ဗေဒင်ဆရာကြီးက ပြောတယ်။ ကျွန်တော့်ဇာတာက ဂြိုဟ်စီး ဂြိုဟ်နင်း အရမ်းကောင်းတယ်တဲ့။ ခုထိတော့ ကိုယ့်ကိုယ်ကိုယ် အဆင်ပြေတယ်လို့ကို မထင်မိသေးဘူး။ အနှောင့်အယှက်၊ အပျက်အစီးတွေနဲ့ချည်းပဲ။
ဟိုတစ်နေ့ကမှ ရေဒီယိုနားထောင်ရင်း အတွေးတစ်ခုရတယ်။ ကျွန်တော့်ဇာတာမှာ “စီး” ထားတဲ့ ဂြိုဟ်တွေက မျက်နှာမွဲဂြိုဟ်တွေ ဖြစ်နေလို့နေမှာပေါ့။
ကြေကွဲရပါတယ်။
၇။ BIOSPHERE - ဇီ၀၀န်းကျင်
သက်ရှိ ဇီဝရုပ်တွေရဲ့ နေထိုင်ရာဝန်းကျင်ကို “ဘိုင်အိုစဖီးယား” လို့ ခေါ်တယ်တဲ့။ ကမ္ဘာကြီးထဲမှာ မြေ၊ ရေ၊ လေထုတွေ ရှိတယ်။ အဲဒါမျိုးပေါ့။ ဒါဆိုရင် လူတစ်ယောက်ရဲ့ ဇီ၀၀န်းကျင်ဟာ ဘာဖြစ်မလဲ။ ငွေ၊ ရိက္ခာ၊ ကျော်ကြားမှု၊ လိင်ကိစ္စ အဲဒါတွေလား။ ဒါမှမဟုတ် မေတ္တာ၊ မျှော်လင့်ချက်၊ ကိုယ်ချင်းစာတရား အဲဒါတွေလား။
၈။ BLACK HOLE - တွင်းနက်
ကျွန်တော့်မှာ မိတ်ဆွေတစ်ယောက် ရှိခဲ့ဖူးတယ်။ ဆင်းရဲတယ်။ တွင်းဆုံးကျနေပြီလို့ သူ့ကိုယ်သူ မကြာမကြာ ပြောလေ့ရှိတယ်။ နောက်တော့ သူ ချမ်းသာသွားပါတယ်။ ချမ်းသာဖို့အတွက်လည်း နည်းမျိုးစုံကို သူသုံးခဲ့တယ်။
ဒါပေမယ့် တစ်ခုတော့ရှိတယ်။
ဆင်းရဲသားဘ၀တုန်းကလို ကြည်လင်နွေးထွေးတဲ့ ရယ်သံမျိုးကို မရယ်နိုင်တော့ဘူး။ သောကတွေကို ငယ်ထိပ်မှာ ရွက်ထားရတယ်။ သူ့ဘာသာသူပဲသိတဲ့ ဒုက္ခတွေ အများကြီးနဲ့၊ ဘ၀သေနေလေရဲ့။
ဆင်းရဲသားဘ၀တုန်းကလိုပဲ သူ... တွင်းဆုံးကျပြန်တယ်။ နိမ့်ဝပ်တဲ့ မြေပြင်ကတွင်းတော့ မဟုတ်ဘူး။ မြင့်မားတဲ့ ကောင်းကင်ပေါ်ကတွင်း။
သူမို့လို့ Black Hole ထဲ ဆင်းသွားတယ်။
၉။ COMET - ကြယ်တံခွန်
Comet ဆိုတာ “ဂရိ” ဘာသာနဲ့တော့ “ဆံရှည်ကြယ်“ လို့ အဓိပ္ပါယ်ရသတဲ့။ သူတို့မှာ တိကျတဲ့ ပုံသဏ္ဍာန်ရှိတယ်။ ခေါင်းပိုင်း၊ အတွင်းပိုင်းနဲ့ အမြီးပိုင်းဆိုပြီး သုံးပိုင်းရှိတယ်။
တချို့တွေက “ကြယ်တံခွန်” ကိုတုပြီး “လူတံခွန်” ဖြစ်အောင် လုပ်ကြတယ်။ ဖြစ်သူတွေလည်းရှိရဲ့။ မဖြစ်သူတွေလည်း ရှိရဲ့။ ဖြစ်သူတွေကတော့ ရင်ကော့ပြီး လမ်းလျှောက်ထွက်လေ့ရှိတယ်။ “လူတံခွန်” မှန်းလည်း သိသာတယ်။ သူတို့မှာလည်း ဦးခေါင်းပိုင်း၊ အတွင်းပိုင်းနဲ့ အမြီးပိုင်းဆိုပြီး အပိုင်းသုံးပိုင်းရှိတယ်။
၁၀။ DECIBEL - အသံယူနစ်တစ်မျိုး
နေ့ရှိသရွေ့ ကျွန်တော်တို့ ကြားနာထုတ်လွှင့်နေရသမျှ အသံတွေကို ဒက်ဆီဘယ်လ်စနစ်နဲ့ တိုင်းတာရင် အောက်ပါအတိုင်း တွေ့ရတယ်တဲ့။
လေသံတိုးတိုးဖြင့်ပြောခြင်း | 15 | - | 30 | db |
နာရီတစ်ချက်ချက်မြည်သံ | 20 | - | 40 | db |
စကားစမြည်ပြောခြင်း | 30 | - | 60 | db |
ဒစ္စကိုတေးသံ | 105 | - | 115 | db |
မိုးခြိမ်းသံ | 120 | - | 130 | db |
ပေါက်ကွဲသံ | 120 | - | 140 | db |
ကျွန်တော်စဉ်းစားမိတယ်။ တချို့လူတွေရဲ့ အကြည့်တွေ၊ တချို့လူတွေရဲ့ မျက်နှာတွေမှာလည်း “အသံ” တွေ ပါလာတတ်တယ်။ အဲဒီအသံတွေကို ဘယ်လိုတိုင်းတာမလဲ။
Posted by Ko Nyan Posted Time 11:07 PM 1 Comment(s)
Labels ၀တ္ထု-Novel
ဘယ်သူပေါင်ကျိုးသလဲ မသိဘူး၊ ညောင်ဦးကမ်းပါး ပြိုသွားတယ်
မကြာသေးတဲ့ တလောလေးဆီက အဖြစ်အပျက်တစ်ခုပါ။ ကျွန်တော်တို့မြန်မာတွေ အတော်များများ နေမသိထိုင်မသာ ဖြစ်သွားရတဲ့ ကိစ္စတစ်ခုပေါ့ခင်ဗျ။ အိမ်ရှင်မအစ၊ ဆိုက္ကားသမားအလယ်၊ ဈေးသည်အဆုံး အမျိုးမျိုးသော လူတန်းစားတွေခမြာ ဟာတိဟာတာ ယောင်ချာချာနဲ့ ဘာလုပ်ရမှန်းမသိ၊ ဘာကိုင်ရမှန်းမသိ ဖြစ်ခဲ့ကြရပါသတဲ့။ အိပ်မပျော်၊ စားမ၀င်ဖြစ်ခဲ့သူတွေတောင် ရှိဆိုပဲ။ သိထားသမျှ၊ တွေးမိသမျှကို ကျွန်တော်ကိုဉာဏ် ဖောက်သည်ချပါရစေဦး။
မိုးမရွာလို့ လွန်ဆွဲကြတဲ့အကြောင်း မဟုတ်ရပါဘူး။ တစ်နိုင်ငံလုံး အပူလွန်ကဲပြီး ဖျတ်ဖျတ်လူးခဲ့ရတာကလည်း သူတို့အတွက် စာမဖွဲ့လောက်ပါဘူး။ ရေချိုတွေရှားပါးပြီး အချို့နေရာတွေမှာ သောက်သုံးရေအခက်အခဲ ဖြစ်ခဲ့ရတာကလည်း သူတို့အပေါ် မလွှမ်းမိုးနိုင်ခဲ့ပါဘူး။ တချို့ဆိုရင် သိတောင်မသိလိုက်ကြဘူး။ "မြန်မာပြည်မှာ သောက်ရေမရှိလို့ အဲဒီလိုဖြစ်တာမျိုး ရှိသလား" လို့ ပြန်မေးတဲ့လူတောင် ရှိသေးသဗျ။ သူ့အတွက် တစ်သက်လုံးမှာ တစ်ခါမှ မကြားဖူးတဲ့စကားကို ကြားလိုက်ရတဲ့အတွက် အံ့သြလို့တောင် နေလိုက်ပါသေး။ ဒါဖြင့်ရင် စံချိန်တင်တဲ့ မင်္ဂလာဈေး မီးလောင်တဲ့ကိစ္စလား။ မဟုတ်ရေးချ မဟုတ်ရပေါင်ဗျာ။ သြော်.. သိပြီ ပြည်သူ့အချစ်တော် ထက်ထက်မိုးဦးကို ဂျာနယ်တိုက်တစ်ခုက တရားစွဲမယ်ဆိုတဲ့ သတင်းမဟုတ်လား။ ဟာ... အဲဒါလည်း မဟုတ်ဘူးဗျ။ ကဲပါဗျာ... အတော်ကြီးကို စိတ်မရှည်ဖြစ်နေပြီ ထင်ပါရဲ့။ မသိတော့ဘူးဗျာလို့ ဒေါသတကြီးနဲ့ မအော်လိုက်ပါနဲ့နော်။ ပြောပြပါမယ်ခင်ဗျ။ အဖြစ်က ဒီလိုပါ။
အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ကိုရွှေယိုးဒယားခမြာ အိမ်တွင်းရေး အဆင်မပြေဘူးလေ။ အရောင်မျိုးစုံကြားမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေမှာ ပြဿနာပေါင်းစုံနဲ့ နပန်းလုံးခဲ့ရတယ်။ ကြားဖြတ်ပြီး ပြောပါရစေဦး။ သူတို့ဆီမှာ ရှပ်နီတွေ၊ ရှပ်ဝါတွေ ဆန္ဒပြတဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို အများစုသော စာဖတ်သူတွေအနေနဲ့ မြင်ဖူးပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီလောက် အရေအတွက် မဟုတ်ရပါဘူးဗျာ။ ကျွန်တော်တို့ဆီမှာ လူလေး တစ်ဆယ့်ငါးယောက်လောက် ဟိုဆိုင်းဘုတ်ကိုင်၊ ဒီဆိုင်းဘုတ်ကိုင်ပြီး ဟိုဘက်လမ်းထိပ်ကနေ ဒီဘက်လမ်းထိပ်ကို ၁၅ မိနစ်လောက် လမ်းလျှောက်ပြရင်ပဲ မြန်မာပြည်က ချက်ချင်းပဲ နတ်တို့ဖန်ဆင်းတဲ့ဥယျာဉ်အလား ဖြစ်တော့မလိုလို၊ လက်ရှိအစိုးရပဲ မနက်ဖြန်သဘက်ခါ တာ့တာပြရတော့မလိုလို ပြောတတ်၊ ရေးတတ်တဲ့လူတွေကို တွေးမိပြီး ကျွန်တော်ကိုဉာဏ် ပြုံးဖြစ်အောင် ပြုံးမိရသေးတယ်ဗျ။ ဤကား ဘယ်လိုမှ မနေနိုင်လို့ သတိရတာလေးကို ထည့်ပြောမိခြင်းပါ။ အပြစ်တော်မယူကြပါနဲ့။ လိုရင်းကို ဆက်ပါ့မယ်။ ပြောခဲ့သလို ကိုရွှေယိုးဒယားတွေခမြာ နေ၀င်မီးငြိမ်းတွေဘာတွေ ဖြစ်တဲ့အထိ အခြေအနေတွေ ဆိုးသွားခဲ့တယ်လေ။
ထိုင်းစစ်တပ်ကပစ်ခတ်တယ်၊ ဆန္ဒပြသူတချို့သေတယ်၊ သတင်းထောက်တွေလည်း သေတယ်လို့ဆိုတယ်။ ကိုရွှေမြန်မာတွေ စိတ်မ၀င်စားဘူး။ သိလည်းမသိဘူး။ ရှပ်နီတွေ အညံ့ခံလိုက်တယ်။ ရှပ်နီခေါင်းဆောင်တွေ အထိန်းသိမ်းခံရတယ်။ ဒါလည်း ကိုယ်နဲ့ဘာဆိုင်တာမှတ်လို့။ ရွှေမြန်မာတွေ အလုပ်မပျက်၊ အစားမပျက်ပါပဲ။ အဲ... သပိတ်လှန်တဲ့ ရှပ်နီတွေက အဆောက်အအုံတွေ၊ ကုန်တိုက်တွေကို မီးရှို့မှုလုပ်တဲ့အချိန်မှာတော့ အပေါ်ဆုံးမှာ ကျွန်တော်ပြောခဲ့တဲ့ ကိုရွှေမြန်မာတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားရတော့တာပါပဲ။
အားလုံးသိကြတဲ့အတိုင်းပါပဲ၊ အဲဒီလို မီးရှို့ခံရတဲ့အထဲမှာ ထိုင်းစတော့အိတ်ချိန်း အဆောက်အအုံ ပါသွားတယ်လေ။ "ဟ... ထိုင်းစတော့ဈေးကွက်နဲ့ မြန်မာပြည်က လူတွေက ဘာဆိုင်လို့တုန်းကွ" လို့ မေးမယ့်လူတွေလည်း ရှိကြမှာပါပဲ။ သြော်... ဆိုင်ပါသကောလားဗျာ။ ကျွန်တော်တို့မြန်မာတွေကို လျှော့တွက်တာကိုး။ ထိုင်းစတော့ဈေးကွက်ကို မြန်မာတွေလောက် စိတ်ဝင်စားတဲ့လူ၊ လေ့လာထားတဲ့လူ ရှိနိုင်မယ်တောင် မထင်ပေါင်ဗျာ။ ယိုးဒယားက ငတိတွေတောင် သူတို့စတော့ဈေးကွက်ကို ကျွန်တော်တို့တွေလောက် စိတ်မ၀င်စားကြဘူးဗျ။ မြန်မာပြည်မှာနေပေမယ့် ဘန်ကောက်လိုနေရာက ထိုင်းစတော့ဈေးကွက်ကို မျက်ခြေမပြတ် ရှိနေကြတဲ့ လူမျိုးပါဗျ။ လျှော့မတွက်စမ်းပါနဲ့။
တစ်ရက်တစ်ရက် ထိုင်းစတော့ဈေးကွက်မှာ စတော့ဈေးနှုန်း ဘယ်လိုအခြေအနေရှိမလဲဆိုတာကို မြန်မာတွေလောက် စိတ်ဝင်စားတဲ့လူ၊ အလေးထားတဲ့လူ ရှိနိုင်မယ်မထင်ပါဘူး။ ဘယ်လောက်အထိများ ထိုင်းစတော့ဈေးကွက်ကို အားကိုးကြသလဲဆိုရင် ဘ၀တွေကို အပေါင်ထားတဲ့အထိပေါ့။ အိမ်ရှင်မကလည်း ဈေးသွားရင်းနဲ့ ထိုင်းစတော့ဈေးကွက်အကြောင်း တွေ့တဲ့လူနဲ့ စကားစပ်တယ်။ ဆိုက္ကားနင်းတဲ့လူကလည်း ခရီးသည်နဲ့ ဆွေးနွေးပြောဆိုတယ်။ ဈေးသည်တွေကလည်း ဈေးဝယ်ကို မမျှော်နိုင်ဘူး။ စတော့ဈေးကွက် ဘယ်ဈေးပေါက်မလဲဆိုတာကိုပဲ သူများပြောသမျှ နားစွင့်နေရတယ်။ အံ့သြစရာကောင်းလိုက်ပုံများတော့ တောရောမြို့ပါမကျန် ထိုင်းစတော့ဈေးကွက်ကို ရင်ထဲမှာထည့်ထားကြတာကိုး။
ဟော... ထိုင်းစတော့အိတ်ချိန်းကြီး မီးလောင်လို့ စတော့ဈေးကွက်လည်း ရပ်တန့်သွားရော၊ မြန်မာတွေ ပျားတုပ်ကုန်ကြတာပဲ။ ၀ယ်ထားတဲ့ ရှယ်ယာလေးတွေအတွက် စိတ်ပူနေကြတယ်လို့ မထင်မှတ်လိုက်ပါနဲ့။ နေ့စဉ်မြင်မက်နေရတဲ့ ဂဏန်းအိပ်မက်လေးတွေ ပျက်ပြယ်သွားလို့ပါ။ ညက အိပ်မက်ပေးလို့ ဂဏန်းလေးရထားတာ သွားပါပြီ။ ဒီနေ့က ငါမွေးထားတဲ့ဂဏန်းအလှည့် ရောက်နေပြီ။ ဘိုးတော်ပေးထားတဲ့ဟာကို ဒီနေ့အပိုင်ကိုင်မလို့ လစ်ပါပြီကွာ။ မနက်ကလာတော့ တွေ့ခဲ့တဲ့ ဂဏန်းလေးတွေကို ရင်ခုန်မလို့ဟာ သွားပါပြီ။ စတဲ့စတဲ့ အသံမျိုးစုံ၊ စိတ်ကူးမျိုးစုံနဲ့ မြန်မာတွေခမြာ နေမသိထိုင်မသာ ဖြစ်ခဲ့ရကြောင်းပါ။
စတော့ဈေးကွက်တွေအကြောင်းကို ကျွန်တော်ကိုဉာဏ် အများကြီးမသိပါဘူး။ ရှင်းပြစမ်းပါဆိုလည်း သေသေချာချာ ရှင်းမပြတတ်ပါဘူး။ ဒါပေမယ့် စတော့ဈေးကွက် ကမောက်ကမဖြစ်ရင်တော့ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုရှိတယ် ဆိုတာလောက်တော့ အကြမ်းဖျင်းသိထားပါတယ်။ အခုတော့ လက်တွေ့ကို ကြုံလိုက်ရပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာ စတော့ဈေးကွက် မရှိပါဘဲလျက်နဲ့ စတော့ဈေးကွက်တစ်ခုရဲ့ တွင်ကျယ်မှု၊ အကျိုးသက်ရောက်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရလိုက်တဲ့အတွက် ထိုင်းက ဆန္ဒပြသူတွေကိုတောင် "ကျေးဇူးပါပဲ ရှပ်နီတွေရေ" လို့ အော်ပြောရဦးမလိုပါပဲ။ အစကတော့ မီးရှို့တဲ့ ရှပ်နီတွေကို ကျေးဇူးတင်ချင်ပါသေးတယ်။ သူတို့ကြောင့် စတော့ဈေးကွက် ရပ်သွားရတယ်။ အဲဒီအတွက် ဂဏန်းချစ်သူမြန်မာတွေလည်း ငြိမ်သွားတယ်ပေါ့။ အခုတော့ အဲဒီလို မတွေးမိတော့ပါဘူး။ ကျေးဇူးလည်း မတင်ချင်တော့ပါဘူး။
ကျွန်တော်မြင်မိသမျှ ပတ်ဝန်းကျင်ကလူတွေကို ကြည့်ပြီးတော့ ကျွန်တော့်ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်။ စိတ်လည်းတိုရတယ်။ ဈေးဆိုင်မှာထိုင်ပြီး ဈေးရောင်းမယ့်လူကို မမျှော်ဘဲ ငိုင်ငေးနေသူတွေ၊ ဆိုက္ကားကို အရိပ်မှာထိုးပြီး ငိုက်မြည်းနေသူတွေ၊ အိမ်မှာရှိတဲ့ ကလေးတွေကိုပဲ အကြောင်းမရှိ အကြောင်းရှာ ဆူပူရိုက်နှက်ပြီး အလိုလိုစိတ်တိုနေတဲ့ အိမ်ရှင်မတွေ၊ စသဖြင့်ပေါ့လေ။ သူတို့တွေအတွက် ထိုင်းစတော့ဈေးကွက် ရပ်ဆိုင်းသွားတာဟာ အလုပ်လက်မဲ့ ဖြစ်သွားသလို ခံစားလိုက်ကြရတယ်။
ကျွန်တော့်ရင်ထဲမှာ မကောင်းလိုက်တာဗျာ။
ထိုင်းစတော့ဈေးကွက်ကိုပဲ အပြစ်တင်ရမှာလား။
တစ်နေ့တစ်နေ့ ကံတရားနဲ့မှ စိန်ခေါ်ပွဲမထိုးရရင် စားမ၀င်၊ အိပ်မပျော်တဲ့ မြန်မာတွေကိုပဲ ဒေါသထွက်ရမလား။
ဒါမှမဟုတ်... အခြားတစ်ခုခုကိုလား။
ဘယ်သူ့ကို အပြစ်တင်ရမလဲ၊ ဘယ်သူ့ကို လက်ညှိုးထိုးရမလဲ။ ဘယ်သူ့ကို ..........။
နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်ချင်ပါတယ်။ မြင်ရင်မြင်တယ်မှတ်၊ ကြားရင်ကြားတယ်မှတ်၊ သိရင်သိတယ်မှတ်လို့ ကြားဖူးဖတ်ဖူးပါလျက်နဲ့ မြင်တာကိုတွေး၊ ကြားတာကိုတွေး၊ သိတာကိုတွေးပြီး မြင်ကြားသိတွေးသမျှကို ရေးမိနေတာကိုး။ ကိုယ့်ရင်ထဲကအပူမီးကို ကိုယ်ကိုယ်တိုင်ကသာ မွှေးတယ်ဆိုတာ သိနေပေမယ့်လည်း အဲဒီမီးနဲ့မှ နွေးချင်တဲ့သူ ဖြစ်နေတော့လည်း ကျွန်တော်ကိုဉာဏ် တွေးရဦးမည်၊ ရေးရဦးမည်ပေါ့ခင်ဗျာ။
မြန်မာတွေအားလုံး ဂဏန်းတွင်းများထဲမှ အမြန်ဆုံးလွတ်မြောက်အောင် ရုန်းထွက်နိုင်ကြပါစေဟု ဆန္ဒပြုရင်း....။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၉ နာရီ ၂၀ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 9:46 PM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, ဆောင်းပါး-Article
ရုံးသုံးမြန်မာစာရေးသားနည်း - မောင်ခင်မင် (ဓနုဖြူ)
ဧကူမ ၀ီဿတိမ ငွေဆယ်သိန်း
အခုခေတ်မှာတော့ ဒါမျိုးတွေ မရှိတော့ပါဘူး။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တီဗီမပေါ်သေးတော့ သိန်းထီပေါက်စဉ်ကြေညာရင် ရေဒီယိုကနေ ကြေညာပါတယ်။ အဲဒီလို ထီပေါက်စဉ် နားထောင်ကြည့်တဲ့အခါ "ဧကူမ ၀ီဿတိမ ငွေဆယ်သိန်းကို ဆွတ်ခူးသွားပါတယ်" လို့ ကြေညာတာ ကြားရပါတယ်။ ဒီလူ ဘာပြောသွားပါလိမ့်လို့ မသိလို့ စာအုပ်လှန်ကြည့်တော့မှ "၁၉ ကြိမ်မြောက်" လို့ တွေ့ရပါတယ်။ ၁၉ ကြိမ်မြောက်လို့ပြောရင် လူတိုင်း နားလည်ရဲ့သားနဲ့ ဧကူမ၀ီဿတိမလို့ ပြောတော့ ဘယ်သူမှ နားမလည်တော့ပါဘူး။ ဒါကြောင့်မို့ ကိုယ်ပြောချင်တဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း ပေါ်စေချင်ရင် ခက်ခက်ခဲခဲ စကားလုံးတွေကို ရှောင်ကြဉ်ရပါမယ်။
အဓိပ္ပါယ်နှစ်မျိုးရှိတဲ့ စကားလုံးတွေကိုလည်း အဓိပ္ပါယ်နှစ်ခွမထွက်အောင် အဆက်အစပ်နဲ့ ရှင်းရှင်းလင်းလင်း ရေးရပါမယ်။ ဥပမာ "သင်ကြား" ဆိုတဲ့ စကားလုံးပါ။ "ကွန်ပျူတာသင်ကြားရန်အတွက်" "အင်္ဂလိပ်စာ သင်ကြားရန်အတွက်" လို့ သာမန်ရေးရင် အဲဒီသင်ကြားက To teach လား၊ To learn လား မသဲကွဲပါဘူး။ "သင်ကြား" ဆိုတဲ့ စကားဟာ ရှေးရှေးကတည်းက Teach ဆိုတဲ့ အဓိပ္ပါယ်ရသလို Learn ဆိုတဲ့ အဓိပ္ပါယ်လည်း ရပါတယ်။ အခုခေတ်မှာတော့ "သင်ကြား"၊ "သင်ယူ" လို့ ခွဲသုံးလေ့ရှိပါတယ်။ ဆရာက သင်ရင် "သင်ကြား" လို့သုံးပြီး တပည့်ကသင်ရင် "သင်ယူ" လို့ သုံးပါတယ်။
"ငှားရမ်းတယ်"၊ သို့မဟုတ် "ငှားတယ်" ဆိုတဲ့ စကားလုံးဟာလည်း To Borrow လား၊ To Loan လား ရောထွေးနိုင်ပါတယ်။ "အိမ်ငှားတယ်" လို့ဆိုရင် ကိုယ့်အိမ်ကို သူများကို ငှားတာလား၊ သူများအိမ်ကို ကိုယ်က ငှားတာလား။ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဲဒီလို အဓိပွါယ် နှစ်ခွထွက်နိုင်တဲ့ စကားလုံးတွေကို အဓိပ္ပါယ်ရှင်းအောင် သုံးဖို့လိုအပ်ပါတယ်။
ကျောင်းမှာတော့ သာဓကလေးပြပြီး ပြောလေ့ရှိပါတယ်။ "ကျွန်တော် ဆေးသွားဝယ်မလို့" ဆိုတဲ့ ၀ါကျလေးမှာ Context မစုံတဲ့အတွက် အဲဒီဆေးဟာ ဘာဆေးမှန်း မသိပါဘူး။ "ကျွန်တော် ဆေးသွားဝယ်မလို့၊ အမေ နေမကောင်းလို့" ဆိုရင်တော့ ဒါဟာ နေမကောင်းရင် သောက်တဲ့ဆေးလို့ သိနိုင်ပါတယ်။ "ကျွန်တော် ဆေးသွားဝယ်မလို့၊ ပန်းချီဆွဲမလို့" ဆိုရင်တော့ ပန်းချီဆွဲတဲ့ဆေးပေါ့။ "ကျွန်တော် ဆေးသွားဝယ်မလို့၊ ဆေးလိပ်ခုံမှာ ဆေးပြတ်နေပြီ" ဆိုရင်တော့ ဒါဟာ ဆေးလိပ်,လိပ်တဲ့ဆေးဆိုတာ မှားစရာ မရှိပါဘူး။ နောက်ဥပမာတစ်ခုက "အယ်ဒီတာချုပ်က မိမိ၏ ဆောင်ရွက်ချက်နဲ့ ပတ်သက်၍ ပြောကြားရာတွင်" ဆိုတဲ့ ၀ါကျမှာ "မိမိ" ဆိုတာ သူကိုယ်တိုင်လည်း ဖြစ်နိုင်သလို တခြားတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ "မိမိ" ဆိုတာ ကိုယ်တိုင်လည်းရတယ်။ သူများလည်း ရတယ်။ အကုန်လုံး သုံးနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီလို အဓိပ္ပါယ်နှစ်မျိုးသုံးမျိုး ထွက်နိုင်တဲ့ စကားလုံးတွေမှာ အဓိပ္ပါယ်ရှင်းအောင် စကားကို မြှုပ်မသုံးဘဲ တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံရေးဖို့ လိုအပ်ပါတယ်။
ဘူးသီးတံဆိပ် တံမြက်စည်း
ပညာရေးသုတေသနအဖွဲ့က အကူအညီတောင်းလို့ ကျွန်တော် မြန်မာစာ မြန်မာစကား ဇာတ်လမ်းလေးတွေ တစ်ပုဒ်စ နှစ်ပုဒ်စ ရေးပေးဖူးပါတယ်။ မြ၀တီရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ မြန်မာစာ မြန်မာစကား အမှတ် ၁၀ မှာ ဒီအကြောင်းကို ဇာတ်လမ်းလေးထဲ ထည့်ရေးထားပါတယ်။ များသောအားဖြင့် ကြည့်ဖူးကြလိမ့်မယ် ထင်ပါတယ်။ ကျွန်တော့်မိတ်ဆွေ ဆရာမကြီးတစ်ယောက်က တကယ်ဖြစ်တာလို့ ပြောပါတယ်။
ဇာတ်လမ်းလေးထဲမှာ မိန်းမလုပ်တဲ့သူက သူ့အိမ်ယောက်ျား ဈေးသွားခါနီးမှာ "ဘူးသီးတစ်စိတ်နဲ့ တံမြက်စည်းတစ်ချောင်း ၀ယ်ခဲ့ပါ" လို့ ကမန်းကတန်း မှာလိုက်ပါတယ်။ မိန်းမက အိမ်မှာ ထိုင်စောင့်နေပေမယ့် ယောက်ျားလုပ်သူက ပေါ်မလာပါဘူး။ တော်တော်ကြီး ကြာတော့မှ ချွေးတွေ သံတွေနဲ့ မောကြီးပန်းကြီး ပြန်လာပြီး "မင်းကွာ၊ ငါ့ကို ကြံကြံဖန်ဖန်ခိုင်းတယ်" လို့ မိန်းမကို အပြစ်တင်ပါတယ်။ "ဘာဖြစ်လို့လဲ" လို့ မေးတဲ့အခါ "မင်းပြောတဲ့ ဘူးသီးတံဆိပ်နဲ့ တံမြက်စည်းကို ငါတစ်ဈေးလုံး လိုက်ရှာတာ ဘယ်မှာမှ မတွေ့ဘူး" လို့ ပြန်ပြောသတဲ့။ မိန်းမမှာတာက ဟင်းချိုချက်သောက်ဖို့ ဘူးသီးတစ်စိတ်ရယ် အိမ်မှာ တံမြက်စည်းမကောင်းလို့ တံမြက်စည်းတစ်ချောင်းရယ် မှာလိုက်တာပါ။ "တစ်စိတ်" ဆိုတဲ့ စကားလုံးက အဆက်အစပ်မရှိတော့ အဓိပ္ပါယ်တစ်မျိုး ဖြစ်သွားပါတယ်။ "တံဆိပ်" လို့ ရေးတဲ့ ကပ်တဲ့ "တံဆိပ်" လား၊ အစိတ်အပိုင်းဆိုတဲ့ "တစ်စိတ်" လား။ မကွဲပြားတဲ့အတွက် ဒီပြဿနာ ဖြစ်ရတာပါပဲ။ ဒါကြောင့် စကားအဆက်အစပ်မှာ အဓိပွါယ်နှစ်မျိုး၊ သုံးမျိုးမထွက်အောင် ရေးဖို့လိုတယ်ဆိုတဲ့ အချက်ကို သတိထားဖို့ လိုပါတယ်။
ကျစ်လျစ်မှု
အခုခေတ်က အချိန်တိုတိုနဲ့ သိစရာအများကြီးသိအောင် ရေးသားကြရတဲ့ခေတ် ဖြစ်ပါတယ်။ ဆရာကြီး ဒေါက်တာမောင်ဖြူးရဲ့ စကားနဲ့ပြောရရင် အခုခေတ်က "ခေတ်မြန်" ပါ။ အရင်ခေတ်ကတော့ "ခေတ်နှေး"၊ စာကို ဇိမ်ယူပြီး ဖတ်လို့ရတဲ့ခေတ် ဖြစ်ပါတယ်။ အခုခေတ်မှာတော့ ဇိမ်ယူဖတ်လို့ မရတော့ပါဘူး။ လိုရင်းရောက်အောင် စကားအပိုမပါဘဲနဲ့ ကျစ်ကျစ်လျစ်လျစ် တတ်နိုင်သလောက် ကြိုးစားပြီး ရေးရပါတယ်။ ကျစ်လျစ်လွန်းအားကြီးလို့ အဓိပ္ပါယ်မပေါက်ဘဲ ပဟေဠိဖြစ်သွားပြန်ရင်လည်း တစ်ဖက်စွန်း ရောက်ပါတယ်။ ဒါကြောင့် ပဟေဠိလည်းမဖြစ်အောင် အဓိပ္ပါယ်လည်း မပျက်အောင် ရှင်းရှင်းလင်းလင်း ကျစ်ကျစ်လျစ်လျစ် ရေးသားကြဖို့ လိုအပ်ပါတယ်။
အကျင့်ပါနေတဲ့ စကားလုံးများ
ကျွန်တော်တို့ နေ့တိုင်း သုံးစွဲနေကြပြီး အကျင့်ပါပြီး ဖြုတ်မရတဲ့ စကားလုံးတွေ အများကြီးရှိပါတယ်။ "ကျေးဇူးတင်ပါသည်" လို့ရေးရင် ပြီးရဲ့သားနဲ့ "ကျေးဇူးတင်ရှိပါသည်" လို့ ဒီလိုသုံးတာ ထုံးစံပဲဆိုပြီး သုံးနေကြပါတယ်။ "ကျေးဇူးဥပကာရတင်ရှိပါသည်" လို့ ရေးတာဟာ စကားလုံးအနေနဲ့ ခံ့ညားပေမယ့် စကားလုံးတွေ ပိုသွားစေပါတယ်။ "မီးရထားလမ်းဖောက်သည်" လို့ ရေးရင် ရှင်းပါရဲ့သားနဲ့ ဘာဖြစ်လို့ "မီးရထားလမ်း သွယ်တန်းဖောက်လုပ်သည်" လို့ "သွယ်တန်း" ကြီး ပါလာရသလဲလို့ ဆရာကြီးပီမိုးနင်းက အပြစ်တင်ဖူးပါတယ်။
"ဘယ်နေရာသို့ ရောက်ရှိသည်" လို့ "ရှိ" ထည့်ရေးတာကလည်း စဉ်းစားစရာပါပဲ။ "သွားသည်" ကို "သွားရောက်သည်" လို့ သုံးတာကလည်း တွင်ကျယ်နေတဲ့ အသုံးအနှုန်းတစ်ခု ဖြစ်နေပါတယ်။ "သွားရောက်သည်"လို့ သုံးတဲ့ အသုံးဟာ မမှန်ဘူးကွ။ သွားတိုင်း ရောက်ချင်မှ ရောက်မှာ။ နိုင်ငံတော် အကြီးအကဲတစ်ယောက်က မြစ်ကြီးနားသို့ သွားရောက်သည်လို့ ရေးရင် သွားနေတုန်းရှိသေးတယ် ရောက်မှမရောက်သေးဘဲ။ အဲဒီတော့ သွားရောက်သည်လို့ ရေးတာမှားတယ်" ဟု ဆရာကြီး ရွှေဥဒေါင်းက ပြောခဲ့ဖူးပါတယ်။
လိုက်ဖက်မှု
လိုက်ဖက်မှုဆိုတာကို ဒီနေရာမှာ ပြောချင်တာကတော့ ရုံးစာဟာ တည်တည်တံ့တံ့ ရေးရမယ့်စာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အပြောစကားတွေ မရောဘဲ စာစကားသက်သက်နဲ့ ရေးတာကောင်းပါတယ်။ အပြင်စာရေးတာကိုတော့ မဆိုလိုပါဘူး။ တချို့နေရာတွေမှာတော့ အပြောစကားနဲ့ ရေးတာကောင်းပါတယ်။ သွက်လက်ပြီး ပေါ့ပေါ့ပါးပါး ရှိပါတယ်။ ဒါပေမယ့် ရုံးစာအဖြစ် Official ဆက်သွယ်တဲ့ နေရာမှာတော့ အပြောနဲ့အရေး မရောအောင် သတိထားဖို့ လိုအပ်ပါတယ်။
နောက်ထပ် ယနေ့ဖြစ်နေတဲ့ ပြဿနာက မြန်မာစာကြားမှာ အင်္ဂလိပ်စကားလုံးတွေ ညှပ်ရေးကြတဲ့ကိစ္စ ဖြစ်ပါတယ်။ ဂျာနယ်တွေကအစ တွင်ကျယ်နေတဲ့ အဲဒီကိစ္စကို တတ်နိုင်သလောက် ဘရိတ်အုပ်ထားရင် ကောင်းပါလိမ့်မယ်။ မြန်မာစာရေးသားတဲ့အခါမှာ တခြားသော အင်္ဂလိပ်စာလုံးတွေ လုံးဝမပါရဘူးလို့ မဆိုလိုပါဘူး။ သုံးဖို့လိုအပ်လာရင် အင်္ဂလိပ်စာလုံးတွေ ထည့်သုံးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအင်္ဂလိပ်စကားလုံးတွေ အသံလှယ်ပြီးသုံးလို့ ဖြစ်ရဲ့သားနဲ့ အသံမလှယ်ဘဲ ရေးသားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ "ကွန်ပျူတာကို အသုံးပြုရာတွင်" လို့ ရေးတဲ့နေရာမှာ "ကွန်ပျူတာ" လို့ ရေါ်ရင်ဖြစ်နေတာကို "Computer" လို့ အင်္ဂလိပ်လို ထည့်ရေးတဲ့ပုံစံဟာ ကြည့်လို့မကောင်းပါဘူး။ "ကွန်ပျူတာတွင် Download လုပ်ရန်" စသဖြင့် မြန်မာစာလုံးတွေမှာ အင်္ဂလိပ်စာလုံးတွေရောပြီး ကပြားစာလုံးတွေ ဖြစ်နေတဲ့ အသုံးအနှုန်းတွေကို တတ်နိုင်သလောက် ရှောင်ဖို့လိုအပ်ပါတယ်။
တစ်ခုတော့ ရှိပါတယ်။ ဒီအင်္ဂလိပ်စာလုံးတွေဟာ မပြမဖြစ်တဲ့ Technical Term ဖြစ်နေတယ်။ အင်္ဂလိပ်စာလုံးပြမှ ဖြစ်တဲ့နေရာမျိုး ဖြစ်နေတယ်ဆိုရင်တော့ အဲဒီအင်္ဂလိပ်စာလုံးကို ထည့်သုံးရပါတယ်။ ဆိုကြပါစို့။ "ကွန်ပျူတာကိစ္စများတွင် မော်ဒန် (Modern) ကို မော်ဒယ် (Model) ဟု မှားရိုက်လေ့ရှိသည်" ဆိုတာလိုမျိုး ဘယ်စာလုံးကို ဘယ်စာလုံးနဲ့ မှားရိုက်ပါတယ်ဆိုတဲ့ နေရာမျိုးမှာတော့ အင်္ဂလိပ်စာလုံးတွေကို မဖော်ပြလို့ မရပါဘူး။ ဒီလိုနေရာမျိုးမှာတော့ အင်္ဂလိပ်စာလုံးကို ရေးသားဖော်ပြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သာမန်မြန်မာလို အသံလှယ်ပြီး ရေးလို့ရရဲ့သားနဲ့ အသံမလှယ်ဘဲ အင်္ဂလိပ်စာလုံး ထည့်ရေးတဲ့အကျင့်မျိုးကို တတ်နိုင်သလောက် ရှောင်ကြဉ်ရပါမယ်။
Passive Voice Pattern ရှောင်ကြဉ်ပါ
ရေးလေ့ရှိတဲ့ အသုံးအနှုန်းတွေအထဲမှာ နောက်ထပ် သတိထားမိတာတစ်ခုကတော့ "ခံရသည်" ဆိုတဲ့ အသုံးအနှုန်းပါ။ အင်္ဂလိပ်လို Passive Voice Pattern ဖြစ်ပါတယ်။ မြန်မာစာရေးတဲ့နေရာမှာ "ခံရသည်" ဆိုတဲ့ အသုံးမျိုးဟာ ဆီလျော်တဲ့နေရာရှိသလို မဆီလျော်တဲ့နေရာလည်း ရှိပါတယ်။ မဆီလျော်တာကတော့ များပါတယ်။ "ချီးမြှင့်ခြင်းခံရသည်"၊ "၀ယ်ယူခြင်းခံရသည်"၊ "ရွေးချယ်ခြင်းခံရသည်" စတဲ့ အသုံးအနှုန်းတွေကို နေရာတိုင်းမှာ တွေ့နေရပါတယ်။ "အများဆုံး ၀ယ်ယူခြင်းခံရသော စာအုပ်မှာ" လို့ ရေးတာကိုလည်း ဖတ်ဖူးပါတယ်။ "အများဆုံး ရောင်းရသောစာအုပ်မှာ" လို့ရေးရင် ရရဲ့သားနဲ့ "ခံရ" ဆိုတဲ့အသုံးကို ဘာကြောင့် ထည့်သုံးကြမှန်း မသိပါဘူး။
ဒါတွေဟာ အင်္ဂလိပ်စာမှာသုံးတဲ့ Passive Voice ရဲ့ လွှမ်းမိုးမှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို မြန်မာမဆန်တဲ့ အသုံးအနှုန်းတွေကို ရှောင်ကြဉ်ဖို့၊ စာစကားနဲ့ အပြောစကား မရောထွေးစေဖို့ စာကိုလက်ခံတဲ့ ပုဂ္ဂိုလ်ရဲ့ အဆင့်အတန်း၊ ဆက်သွယ်တဲ့အခြေအနေ အကြောင်းအရာနဲ့ လိုက်ဖက်အောင် "တင်ပြပါသည်"၊ "အစီရင်ခံပါသည်"၊ "လျှောက်ထားပါသည်"၊ "မိန့်ကြားလိုက်သည်"၊ "နှိုးဆော်လိုက်သည်" စသဖြင့် လိုက်ဖက်အောင် သုံးဖို့ဆိုတဲ့ အချက်တွေဟာ အခြေခံ စာရေးသားတဲ့နေရာမှာ သိရှိထားဖို့ လိုအပ်တဲ့ အရေးကြီးတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
Posted by Ko Nyan Posted Time 8:19 PM 0 Comment(s)
Labels ဆောင်းပါး-Article
Gtalk အတွေးစာသားများစုစည်းမှု (၁၂)
(၁)
မင်းနဲ့ငါ ညှိလို့မရ၊ ရည်းစားသစ်ရှိလို့လား။
အပြင်သွားရင် သတိနဲ့သွား သတိနဲ့လာပြီး သတိနဲ့စား
စိတ်ပူတယ်သိရဲ့လား။
ငါ့ဘက်ကိုမကြည့်နဲ့ထား
မင်းပျော်ရင် ငါကျေနပ်တယ်၊
သေမလောက်ချစ်တာ သိရဲ့လား ........။
(၂)
လွမ်းလွန်လွန်းလို့
မျက်ရည်နဲ့ရိုက်တဲ့ ပါးပြင်တွေ
ဘယ်လောက်နာနေပြီဆိုတာ....
ချစ်သူတစ်ယောက် သိမှသိပါလေစကွယ် .........။
(၃)
အမှတ်တရ ဆိုသည်မှာ....
သိမ်းထားတတ်သူအတွက် အလွမ်းများသာ ဖြစ်သည်။
(၄)
နင်က ဂေါက်သီး၊
နင့်ရည်းစားက ဂေါက်တံ၊
နင့်အဖေက ဂေါက်အိတ်၊
နင့်အမေက ဂေါက်ကျင်း၊
နင်တို့တစ်အိမ်လုံး ဂေါက်ကွင်း။
(၅)
ပါးတိုင်းလည်း မနမ်းဖူးသလို
ညတိုင်းလည်း မလွမ်းမိဘူး။
လွမ်းမိတဲ့ညမှာ နမ်းမိတဲ့ပါးလေးကို
သတိရတယ်။
(၆)
ပြီးဆုံးသင့်လို့ အဆုံးသတ်ခဲ့ပေမယ့်....
တစ်ခန်းမရပ်နိုင်သေးတဲ့ ငါ့အချစ်တွေက....
တစ်ပင်တိုင်အလွမ်းနဲ့ နောက်ပိုင်းဇာတ်ထုပ်ကို....
မနိုင်မနင်း "က" လို့.....။
(၇)
အက်ဒီဆင်ကို ကျေးဇူးမတင်နိုင်ပါဘူး။
အခုလောလောဆယ် ဖရောင်းတိုင် တီထွင်ခဲ့သူကို ကျေးဇူးတွေ တင်နေရပါတယ်။
(၈)
ကိုယ့်ကို နားလည်တဲ့လူတစ်ယောက်ကို ရှာဖို့
ကိုယ်က သူ့နားလည်နိုင်တဲ့လူဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။
(၉)
ချစ်နေတာက (၁) ယောက်၊
ကြိုက်နေတာက (၂) ယောက်၊
အိပ်မက်ထဲမှာက (၃) ယောက်၊
ကျူနေတာက (၁၀) ယောက်၊
ဒါပေမယ့် ဘယ်သူမေးမေး (မရှိဘူး)ပဲ....။
(၁၀)
အင်ဒိုနီးရှား........
မလေးရှား..........
ငါတို့နိုင်ငံကိုလည်း အမည်ပြောင်းမယ်.....
ရေမီးရှား။
(၁၁)
လောကကြီးမှာ ကြောက်စရာအကောင်းဆုံးက မိမိချစ်သူ၏ လိမ်ညာခြင်းကို ခံရသည့်အချိန် ဖြစ်သည်။
ထိုအချိန်တွင် အမုန်းသင့်ဆုံးသူသည် အညာခံရသော မိမိကိုယ်တိုင်ပင် ဖြစ်သည်။
(၁၂)
ငါသတိရတဲ့အချိန် မင်းလွမ်းချင်မှ လွမ်းမယ်။
ငါရူးလောက်အောင် သတိရတဲ့အချိန် မင်းအိပ်ချင် အိပ်နေလိမ့်မယ်။
ငါအရမ်းကို တွေ့ချင်နေတဲ့အချိန် မင်း အခြားတစ်ယောက်နဲ့ တွေ့ချင်တွေ့နေမှာပါ။
(၁၃)
အဆိုးများထဲက အကောင်းတော့ ရှိနိုင်မယ်။
အမြဲတမ်းကြီးတော့ မဆိုးနိုင်ပါဘူး။
(၁၄)
အားပေးဖော်ဆိုတာက အားငယ်တတ်သူတွေအတွက်ပါ။
ငါလိုအပ်တာက.....
ပေးဆပ်သူမဟုတ်ဘူး.....
မျှဝေတတ်သူပဲဖြစ်တယ်။
(၁၅)
နင်လေ... သတိရရင် ဖုန်းဆက်ပါအချိန်တိုင်း။
ညညဆိုဖုန်းမဆက်ပါနဲ့ မေမေဆူလိမ့်မယ်။
****************************
ဂျီတော့ခ်မှာတွေ့မိ၊ ဖတ်မိသမျှတွေကို ပြန်တင်ပေးထားတာပါ။ စိတ်ထဲမှာရှိသလို ရေးချင်ရာရေးထားကြတာ ဖြစ်တဲ့အတွက် လူတိုင်းအတွက် ဖတ်လို့ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးလေးသာ ဖတ်ကြစေချင်ပါတယ်။ ဖတ်တဲ့လူအတွက် တစ်ခုခုအကျိုးရှိမယ်လို့ အာမ,မခံနိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပါပဲ။ ဒီစတေးတပ်မက်ဆေ့ခ်ျလေးတွေကို ဖတ်ရင်းနဲ့ ရေးထားတဲ့လူရဲ့ စိတ်အခြေအနေ၊ ခံစားချက်တွေကို ပုံဖော်ကြည့်ရတာ အင်မတန်မှကို ပျော်ဖို့ကောင်းပါတယ်။ အကျိုးမရှိရင်တောင် အပျင်းပြေတယ်ဆိုရင်တော့ စုစည်းပေးသူတစ်ယောက် အနေနဲ့ ၀မ်းသာရမှာပေါ့လေ။ ကျေးဇူးတင်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၃ နာရီ ၃၅ မိနစ်။
Posted by Ko Nyan Posted Time 3:35 PM 0 Comment(s)
Labels Gtalk - ဂျီတော့ခ်
မုန်လာဥ၀ါ၊ ကြက်ဥ၊ ကော်ဖီနဲ့ ဘ၀အမြင် - ဒေါက်တာ ခင်မောင်ညို
တောင်အမေရိကတိုက် ပီရူးနိုင်ငံရောက် မိတ်ဆွေတစ်ယောက်က အီးမေးလ်ပို့လိုက်ပါတယ်။
သူ့ရဲ့စာက အင်္ဂလိပ်လို ရေးထားပါတယ်။
Carrots, Eggs & Coffee တဲ့။
မှတ်သားစရာကောင်းတဲ့အတွက် ထပ်ဆင့်ဝေငှလိုက်ပါတယ်။
အကြောင်းအရာလေးကတော့ မုန်လာဥ၀ါ၊ ကြက်ဥတစ်လုံးနဲ့ ကော်ဖီတစ်ခွက်ပါပဲ။
ဒီစာဖတ်ပြီးတဲ့နောက် သင့်အနေနဲ့ ဘယ်တော့မှ ကော်ဖီတစ်ခွက်ကို အရင်လိုမြင်တော့မှာ မဟုတ်ဘူး။
အမျိုးသမီးငယ်လေးတစ်ယောက်က သူ့အမေဆီကိုသွားပြီး ငိုပြတယ်။ သူမရဲ့ဘ၀ ဆင်းရဲခက်ခဲတဲ့အကြောင်းတွေကို တင်ပြတာပေါ့။
သူမဟာ ဘ၀ခရီးရဲ့ ခက်ခဲပင်ပန်းကြမ်းတမ်းမှုတွေနဲ့ ဘယ်လို ခရီးဆက်ရမှာလဲ။ သူမရဲ့ဘ၀ကို ဒီနေရာကနေ အရှုံးပေးချင်လာပြီလို့ ညည်းညူမိတယ်။
"ကြည့်လေအမေရယ်။ ဘ၀မှာ ပြဿနာတွေ အများကြီး။ ဒီတစ်ခု ပြေလည်သွားရင် နောက်တစ်ခု လာပြန်ရော။ ဆုံးကို မဆုံးနိုင်တော့ဘူး"
အမေဟာ ကြေကွဲဝမ်းနည်းနေတဲ့ သမီးကို မီးဖိုထဲကို ခေါ်သွားတယ်။ ပြီးတော့ အိုးသုံးလုံးမှာ ရေထည့်ပြီး မီးဖိုပေါ် တင်ထားလိုက်တယ်။ ကံအားလျော်စွာပဲ သူတို့အိမ်မှာ မီးဖို(၃)ခု အဆင်သင့်ရှိနေတယ်။
အိုးတွေဆူလာတဲ့အချိန်မှာ ပထမအိုးထဲကို သူမက မုန်လာဥ၀ါတစ်လုံး ထည့်တယ်။
ဒုတိယအိုးထဲကျတော့ ကြက်ဥတစ်လုံး ထည့်တယ်။
နောက်ဆုံးအိုးထဲကိုတော့ အမှုန့်ကြိတ်ထားတဲ့ ကော်ဖီစေ့တွေ ထည့်သတဲ့။
အမေဟာ စကားတစ်ခွန်းမှမပြောဘဲ အိုးသုံးလုံးစလုံး ဆူနေတာကို စောင့်ကြည့်နေတယ်။
မိနစ် ၂၀ လောက်ကြာတော့ သူမဟာ မီးဖိုတွေကို ငြှိမ်းသတ်လိုက်တယ်။
ပထမ သူမဟာ မုံလာဥ၀ါကိုဆယ်ပြီး ပန်းကန်တစ်ခုမှာ ထည့်လိုက်တယ်။
နောက် ကြက်ဥကိုဆယ်ပြီး ပန်းကန်တစ်ခုမှာ ထည့်ပြန်တယ်။
ပြီးတော့ ကော်ဖီကို ခွက်ရှည်တစ်ခုထဲ ငှဲ့ထည့်လိုက်တယ်။
အမေဟာ သမီးဖက်ကိုလှည့်ပြီး မေးခွန်းထုတ်လိုက်တယ်။
"ငါ့ကို ပြောစမ်း၊ နင်ဟာ ဘာလဲ"
"မုန်လာဥ၀ါလား၊ ကြက်ဥလား၊ ကော်ဖီလား"
အမေဟာ သမီးရှိရာကို မုံလာဥ၀ါကို ယူလာပြီး စမ်းခိုင်းတယ်။
သူမစမ်းကြည့်လိုက်တယ်။
"အင်း၊ ပျော့ပျော့လေးပါလား"
နောက်... အမေက "သမီးရေ ကြက်ဥကိုယူပြီး အခွံခွာလိုက်ပါ" လို့ ပြောတယ်။
သမီးဟာ ကျက်နေအောင်ပြုတ်ထားတဲ့ကြက်ဥ မာနေတာကို တွေ့ရတယ်။
နောက်ဆုံးမှာ အမေဟာ သမီးကို ကော်ဖီတစ်ငုံလောက် မြီးကြည့်ဖို့ပြောတယ်။
သမီးဟာ မွှေးကြိုင်ပြီး အရသာရှိတဲ့ ကော်ဖီကို တစ်ငုံမျှ သောက်မိတဲ့အခါ ကျေနပ်ပြီး ပြုံးလိုက်တယ်။
ပြီးတော့ အမေ့ကို မေးတယ်။
"အမေ၊ ဘာကို ဆိုလိုတာလဲ"
အမေက ရှင်းပြတယ်။
"သမီးတွေ့တယ်မဟုတ်လား။ ဒီပစ္စည်းသုံးခုလုံးဟာ ကံကြမ္မာ ယိုယွင်းလို့ မီးအပူနဲ့ ဆူစေတဲ့ရေထဲကို ကျရောက်ခဲ့တယ် မဟုတ်လား။
သို့သော် တစ်မျိုးစီဟာ မတူညီတဲ့ တုံ့ပြန်မှုတွေ ပေးခဲ့ကြတယ်။
တကယ်တော့ မုန်လာဥ၀ါဆိုတာ မူလက မာကျောကျောနဲ့ ချိုးဖဲ့ရ ခက်တာပဲ။
ဒါပေမယ့် ရေနဲ့ ပြုတ်လိုက်တယ်ဆိုရင်ပဲ နူးညံ့ပျော့ပျောင်းသွားတယ်။ အလွယ်တကူ ဖဲ့ထုတ်ယူလို့ရတယ်။
ကြက်ဥဆိုတာ အထိမခံ ရွှေပန်းကန်လေ။ ထိမိခိုက်မိမယ်၊ လွတ်ကျမယ်ဆိုရင် ကွဲသွားတော့တာပဲ။
အပြင်က အခွံပါးပါးမာမာလေးက အထဲက အရည်တွေကို ကာကွယ်ထားတာပဲပေါ့။
သို့သော် ရေနွေးထဲကိုလည်းရောက်လို့ ခပ်ကြာကြာလေး ထားလိုက်လို့ကတော့ အထဲမှာ မာကျောလာတော့တာပဲ။ ကြာကြာဆူလေ မာလေပဲပေါ့။
ကော်ဖီစေ့တွေက ထူးကိုထူးခြားတယ်။
သူတို့ကို ဆူအောင်ပူအောင်လုပ်တဲ့ရေကို သူတို့ပြောင်းလဲသွားစေတယ်။
ဒီလိုပြောပြီး သူမဟာ သမီးကို မေးလိုက်တယ်။
"သမီးဟာ ဘယ်လိုအမျိုးအစားလဲ"
"တကယ်လို့ ဆိုးဝါးတဲ့အဖြစ်တွေ သမီးရဲ့ အိမ်တံခါးကို လာခေါက်ရင် သမီးဘယ်လို တုံ့ပြန်မလဲ။
"မုန်လာဥ၀ါလိုလား၊
ကြက်ဥလိုလား၊
ဒါမှမဟုတ်.... ကော်ဖီစေ့လိုလား"
"သမီးက ဘယ်လိုလူမျိုးလဲ...."
"စဉ်းစားကြည့်ပါ"
"တကယ်လို့ သမီးဟာ မုန်လာဥ၀ါလို ဖြစ်နေတယ်ဆိုရင် မူလက ခပ်မာမာပါပဲ။ သို့သော် တွန်းတိုက်ခံရတဲ့အခါ ခွန်အားချိနဲ့သွားကာ အသုံးမကျ ဖြစ်သွားမှာလား"
"သမီးဟာ.. ကြက်ဥလိုလား။ အစပိုင်းမှာတော့ အတွင်းမှာ ပျော့ပျော့လေး။ နူးညံ့တဲ့ နှလုံးသားရှိတာပေါ့။ သို့သော် အခက်အခဲတွေ ကြုံတဲ့အခါ မာကျောလာတယ်လေ။ အပြင်ကကြည့်ရင်တော့ အတူတူပါပဲ။ သို့သော် အတွင်းမှာ ခါးသီးနာကြည်း မာကျောနေတာမျိုးပေါ့။ မာကျောတဲ့ နှလုံးသားပိုင်ရှင် ဖြစ်လာတယ်"
"ဒါမှမဟုတ် သမီးဟာ... ကော်ဖီစေ့တွေလား"
"ကော်ဖီစေ့တွေဟာ ရေနွေးကို ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်။။ တကယ်တော့ ဒီလိုအခြေအနေမှာ ပူလောင်ခြင်း ပြင်းစွာ ခံစားရမှာပဲ မဟုတ်လား။ ဒါပေမယ့် ရေကပူလာလေလေ သူက အမွှေးအကြိုင်တွေ (အနံ့) အရသာတွေ ထုတ်လွှတ်လေပါပဲ။ သမီးဟာ ကော်ဖီစေ့တွေလိုသာဆိုရင် အခက်အခဲ တွေ့လေလေ ပတ်ဝန်းကျင်ကို ပိုပြီးကောင်းမွန်တဲ့ အခြေအနေရောက်အောင် တွန်းပို့လေပါပဲ"
မှောင်မိုက်တဲ့ အချိန်ရောက်လေလေ လမ်းပြဟာ အရေးကြီးလေပါပဲ။
အခက်အခဲတွေ ကြုံလာတဲ့အခါ သမီး ဘယ်လိုရင်ဆိုင်မလဲ။
သမီးဟာ "မုန်လာဥ၀ါလား၊ ကြက်ဥလား၊ ဒါမှမဟုတ် ကော်ဖီစေ့လား"
နိဂုံး
သမီးအနေနဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ လမ်းကြောင်းကို ချမှတ်ဆောင်ရွက်နိုင်ပါစေ။
မျက်ရည်ကိုသိမ်း၊ ၀မ်းနည်းတာကို ဘေးဖယ်၊ လူသားတွေရဲ့ အကျိုးကို ဆောင်ရွက်နိုင်တဲ့ သမီးကောင်းရတနာ ဖြစ်ပါစေ။
အတိတ်က မေ့ထားတဲ့အရာတွေကို အခြေခံပြီး အနာဂတ်အတွက် ထွန်းလင်းတောက်ပလာစရာ အကြောင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။
သင့်အနေနဲ့ အသည်းနှလုံးက နာကျည်းမှုတွေနဲ့ ဆုံးရှုံးမှုတွေ မရှိပါဘဲနဲ့ ဘ၀ခရီးကို ရှေ့မဆက်နိုင်ပါဘူး။
သင်မွေးလာတုန်းကလေ သင် ငိုနေတယ်။ ဘေးကလူတွေအားလုံး ပြုံးပျော်ရယ်မောနေကြတယ်။
ဘ၀ရဲ့နောက်ဆုံးအချိန်ရောက်အောင် နေပြီးတဲ့နောက် သင်ခွဲခွာတဲ့အခါ ပျော်ရွှင်ပြုံးပျော်နေစမ်းပါ။ ဒီလိုအချိန်မှာ သင်ရယ်မောနေပေမယ့် သင့်ဘေးကလူတွေအားလုံး ငိုကြွေးနေကြမှာ အသေအချာပါပဲ။
တို့တစ်တွေအားလုံး ကော်ဖီဖြစ်ကြရင် အကောင်းဆုံးပါပဲ။
ဘ၀မှာ ခါးသီးသော အတွေ့အကြုံတွေနဲ့ ဆုံလာတဲ့အခါ ဒီဆောင်းပါးလေးဟာ အားဆေးတစ်ခွက်ဖြစ်စေဖို့ ဝေငှလိုက်တာဖြစ်တယ်။
မိမိရဲ့အင်အားတွေ အများကောင်းကျိုးအတွက် ဖြစ်ပါစေ။
မာကျောတဲ့ နှလုံးသားကို မတည်ဆောက်မိစေဖို့ပါပဲ။
နှလုံးလှကို မျှဝေနိုင်ပါစေ။
Posted by Ko Nyan Posted Time 12:34 PM 0 Comment(s)
Labels အောင်မြင်ရေး-Success
လက်ရေးလက်သား ကောင်းစေချင်
ကွန်ပျူတာကို နေရာတိုင်းလိုလိုမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ဒီနေ့လို အချိန်မျိုးမှာ လက်ရေးလက်သားကိစ္စ ပြောရတာကတော့ နည်းနည်းများ ဂွကျကျ ဖြစ်နေမလားပါပဲ။ ရုံးမှာလည်း ကွန်ပျူတာလေးနဲ့ရိုက်၊ ပရင်တာလေးထုတ်လိုက်ရင် ပြီးသွားတာကိုး။ ကွန်ပျူတာမရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ လက်နှိပ်စက်လေးတစ်လုံးနဲ့ အလုပ်လုပ်ကြပါတယ်။ အဲဒီလိုဆိုတော့ လက်ရေးလက်သားကောင်းဖို့ဆိုတာ ကျောင်းတက်နေတဲ့ ကလေးတွေအတွက်ပဲ အသုံးဝင်တော့မှာပေါ့လို့ ပြောကြမယ်ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ အမြင်မတူနိုင်ပါဘူးလေ။
ရုံးမှာ ကွန်ပျူတာနဲ့စာရိုက်၊ ပြီးရင် ပရင့်ထုတ်တယ်ပဲ ထားပါတော့။ အဲဒီလိုရိုက်ဖို့စာကို မန်နေဂျာက၊ ကိုယ့်ဘော့စ်က အကြမ်းရေးပြီး ပေးတတ်ကြမယ် ထင်ပါတယ်။ ပါးစပ်ပြောတာကို လိုက်ရေးရတာလို့တော့ အငေါ်မတူးကြနဲ့ပေါ့ဗျာ။ ဘော့စ်အကြမ်းရေးပေးတဲ့စာဟာ လက်ရေးလက်သားကောင်းကောင်းနဲ့ ရှင်းရှင်းလင်းလင်းဆိုရင်တော့ ဘာအရေးလဲ။ ပြောစရာမရှိပါဘူး။ တကယ်လို့များ ရေးထားတဲ့လက်ရေးက ပဲပင်ပေါက်အညှောင့်ပေါက်၊ အသော့ကလည်း ရေးထားသေးတယ်ဆိုရင်တော့ အဲဒီစာကိုရိုက်ပေးရမယ့် ကွန်ပျူတာစာရေးခမြာတော့ သေပြီဆရာပဲ။
ကျွန်တော်တို့နိုင်ငံမှာ မေးတတ်၊ ပြောတတ်ကြတာတစ်ခု ရှိပါတယ်။ လက်ရေးဝိုင်းဝိုင်း၊ လက်ရေးလှလှရေးထားတာများတွေ့ရင် မင်းက ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းသားလား ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အချို့ကတော့ အဲဒီစကားကို နှိမ်တယ်လို့ ယူဆကြပေမယ့် ကျွန်တော်ကတော့ ကျေနပ်ဝမ်းသာပါတယ်။ လက်ရေးလှတာကိုမြင်တိုင်း ဘုန်းကြီးကျောင်းထွက်လားလို့ တွေးမိတယ်ဆိုကတည်းက မြန်မာတွေရဲ့ ဘုန်းကြီးကျောင်းတွေဟာ ဘယ်လောက်တောင် စည်းစနစ်ကျသလဲ၊ အကျိုးရှိစေ၊ ကောင်းမွန်စေတဲ့အရာတွေကို ဘယ်လောက်သင်ကြားပေးတယ် ဆိုတဲ့စိတ်နဲ့ပါ။
လက်ရေးလှတာကို လူတိုင်းသဘောကျပါတယ်။ ကိုယ်တိုင်လက်ရေးမလှရင်တောင် သူများရေးတဲ့စာကို ဖတ်ရတဲ့အခါ လက်ရေးလှလှ၊ သပ်သပ်ရပ်ရပ်လေးများ ရေးထားတာကိုဖတ်ရရင် အားလုံးပဲ စိတ်ကျေနပ်ကြမယ် ထင်ပါတယ်။ ကျွန်တော်တို့လို ကျောင်းဆရာတွေအတွက်ဆိုရင် ပိုလို့တောင် လက်ရေးလက်သားကို တန်ဖိုးထားပါသေးတယ်။ တပည့်တွေရဲ့ လေ့ကျင့်ခန်းစာအုပ်တွေ၊ စာမေးပွဲအဖြေလွှာတွေကို စစ်ရတဲ့အခါ လက်ရေးလေးသပ်သပ်ရပ်ရပ်နဲ့ ရေးထားတာဆိုရင် ဖတ်ရ၊ စစ်ရ၊ အမှတ်ပေးရတာ သိပ်စိတ်ချမ်းသာတာပါပဲ။ အဲလိုမှ မဟုတ်ဘဲ လက်ရေးကို ပြီးစလွယ်ရေး၊ ဖျက်ရာခြစ်ရာ ဗရပွနဲ့ဆိုရင်တော့ စာစစ်နေရင်းနဲ့ကို အလိုလို စိတ်တိုလာမိတာပေါ့။ အဲဒီအခါ တော်ရုံတန်ရုံ အမှားလေးဆိုရင်တောင် အမှတ်ပေးဖို့ စဉ်းစားရတဲ့အထိ ဖြစ်လာတော့တာပေါ့။ ဒါက စာစစ်ဖူးတဲ့ ဆရာတိုင်းနီးပါး သိပြီးသားဖြစ်မယ့် အကြောင်းအရာတစ်ခုပါ။
နောက်တစ်ခု ပြောစရာရှိတာကတော့ လက်ရေးလက်သား မကောင်းဘူးဆိုလို့ရှိရင် ပြောတတ်ကြတဲ့ စကားတစ်ခွန်းပါ။ လက်ရေးကို ပြီးစလွယ်ရေးပြီး ဖတ်မရအောင် ဖြစ်နေတယ်ဆိုရင် ပြောတတ်ကြတာပါ။ အားလုံးလည်း သိပြီးသားပါ။ "မင်းဟာက ဆရာဝန်လက်ရေး ကျနေတာပဲ" တဲ့။ အဲဒီစကားကိုသာ အဓိပ္ပါယ်ကောက်ရမယ်ဆိုရင် ဆရာဝန်ဆိုတဲ့လူတွေဟာ လက်ရေးကို ပြီးစလွယ်ရေးတတ်တယ်၊ ဖတ်တဲ့လူ ဖတ်မရအောင် ရေးတတ်တယ်လို့ အဓိပ္ပါယ်သက်ရောက်နေတယ် ထင်ပါတယ်။ ဘယ်ကနေဘယ်လိုဖြစ်ပြီး အဲဒီစကားတွင်ကျယ်လာတယ် ဆိုတာကိုတော့ ကျွန်တော်မသိတာ အမှန်ပါ။ ကျွန်တော့်စိတ်ထဲမှာတော့ အဲဒီစကားမျိုး ကြားရတဲ့အခါတိုင်း ဆရာဝန်တွေကို စော်ကားနှိမ့်ချသလို ခံစားရပါတယ်။ "အဲဒီဆရာဝန်ဆိုတဲ့လူတွေကကွာ၊ စာတော်လို့သာ ဆရာဝန်ဖြစ်လာတာပါ၊ လက်ရေးကျတော့ နားလည်အောင်တောင် မရေးတတ်ဘူး" လို့ ပြောနေတယ်လို့တောင် ခံစားရတယ်။ သေချာတာကတော့ ဆရာဝန်ဆိုတဲ့ လူ့အသက်ကို ကယ်တင်နေတဲ့ ပုဂ္ဂိုလ်တွေကိုတောင် လက်ရေးလေးတစ်ခုကိုကြည့်ပြီး ပြောတတ်ကြတယ်ဆိုတော့ လက်ရေးလက်သားဟာ ကျွန်တော်တို့အတွက် အနည်းနဲ့အများဆိုသလို အရေးပါတယ်လို့ ကောက်ချက်ချနိုင်မယ်ထင်ပါတယ်။
နောက်မကြာခဏဆိုသလို ကြားဖူးခဲ့တာတစ်ခုကတော့ စာရေးဆရာပေါက်စလေးတွေ စာတွေရေးပြီး စာမူပို့ကြတဲ့အခါ လက်ရေးလက်သား ညံ့လွန်းတဲ့စာမူဆိုရင် အယ်ဒီတာတွေက စိတ်ညစ်ခံပြီး မဖတ်ကြဘူးဆိုတာပါပဲ။ ကိုယ်တိုင်ကြုံဖူးတာ မဟုတ်ပေမယ့် စာအုပ်တွေထဲမှာ မကြာခဏ ဖတ်ဖူးနေတာပါ။ အခုခေတ်မှာတော့ ကွန်ပျူတာလေးစီပြီး ပို့လိုက်ရင် အဆင်ပြေသွားပါပြီ။ ဒါပေမယ့် လူတိုင်းက ကွန်ပျူတာကိုင်နိုင်တဲ့ လူတွေမှ မဟုတ်တာပဲလေ။ အဲဒီတော့ လက်ရေးနဲ့ စာမူရေးပေးတဲ့ခေတ်ဟာ တော်တော်နဲ့ တိမ်ကောမသွားနိုင်သေးဘူးလို့ မြင်မိပါတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်တွေ၊ စိတ်ကူးတွေ၊ အရေးအသားတွေ ကောင်းနေပါလျက်နဲ့ လက်ရေးလက်သားမကောင်းတဲ့အတွက် အယ်ဒီတာတွေ မဖတ်ဖြစ်တာကနေ စင်ပေါ်မရောက်လာတဲ့လူတွေ ဘယ်လောက်ရှိမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါ။
အခြားသော ဘာသာစကားတွေမှာ လက်ရေးလက်သားလှတာကို ဘယ်လိုသတ်မှတ်ကြသလဲတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ မြန်မာစာကတော့ ၀ိုင်းစက်နေရင် လက်ရေးလှတယ်လို့ သတ်မှတ်ကြပါတယ်။ (အချို့လည်း လက်ရေးက ၀ိုင်းစက်မနေပေမယ့် ဖတ်လို့အင်မတန်လှတာတွေကို တွေ့ဖူးပါတယ်။ အမြင်ဆန်းလို့ ဖြစ်မယ်ထင်ပါတယ်။) ကျွန်တော်တို့ရဲ့ စာလုံးလေးတွေကိုက ၀လုံးလေးတွေကို အခြေခံတာကိုး။ အခြားနိုင်ငံတစ်ခုမှာ စာသင်ခဲ့စဉ်က ကျွန်တော့်ရဲ့ ဆရာမက ကျွန်တော်တို့မိခင်ဘာသာနဲ့ ရေးထားတဲ့စာတွေကို ကြည့်ချင်တယ်ဆိုလို့ မြန်မာစာအုပ်တစ်အုပ်ကို ပြဖူးပါတယ်။ အဲဒီတော့ ဆရာမက ဘာပြောသလဲဆိုတော့ "အို... မင်းတို့စာလုံးလေးတွေက စက်ဝိုင်းလေးတွေပဲ" တဲ့။ မြန်မာစာကို နားမလည်ပေမယ့် စာလုံးလေးတွေကိုကြည့်ပြီး လုံးလုံးဝိုင်းဝိုင်းလေးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ပြီး ရေးထားတယ်လို့ သူခံစားမိပုံ ရပါတယ်။ အဲဒီတော့ ကျွန်တော်လည်း ပြောလိုက်ပါတယ်။ "ဟုတ်တယ်၊ ကျွန်တော်တို့ မြန်မာစာက နေလုံးလေးတွေ၊ လမင်းကြီးတွေ၊ ကမ္ဘာလုံးလေးတွေနဲ့ စုပေါင်းစပ်ပေါင်း ရေးရတဲ့စာ" လို့ပေါ့။ ဆရာမက အရမ်းသဘောကျသွားတယ်။ "ထူးဆန်းတယ်နော်" တဲ့။ အဲဒီလို စာလုံးလေးတွေကို သူမတွေ့ဖူးဘူးလို့လည်း ပြောပါတယ်။ ကျွန်တော်လည်း မတွေ့ဖူးသေးပါဘူး။ မြန်မာစာလုံးလေးတွေလို ၀ိုင်းဝိုင်းစက်စက်လေးတွေနဲ့ ရေးရတဲ့ စာမျိုး ကျွန်တော်မဖတ်ဖူးသေးပါဘူး။
ကဲ... လေရှည်တာလည်း အတော်များသွားတယ်။ တစ်နေ့က Buzz မှာ စာတွေလိုက်ဖတ်ရင်း လက်ရေးလက်သားနဲ့ ပတ်သက်တဲ့ ကဗျာလေးတစ်ပုဒ်ကို တွေ့မိတဲ့အတွက် သဘောကျပြီး ကူးယူထားလိုက်ပါတယ်။ အဲဒီအပေါ်မှာမူတည်ပြီး ရေးချင်စိတ်ဖြစ်လာတာလေးတွေကို ချရေးလိုက်တာပါ။ ကျွန်တော်တစ်ခါမှ မဖတ်ဖူးသေးတာမို့ တစ်ခါတည်း သိမ်းပြီးသားဖြစ်အောင် ဘလော့ဂ်မှာ တင်ပေးထားလိုက်ပါတယ်။ အခြားသောသူတွေအတွက်လည်း အသုံးဝင်ရင် ယူသုံးနိုင်ကြအောင်ပေါ့။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
ဘယ်သူရေးခဲ့တဲ့စာလည်း ဆိုတာတော့ ကျွန်တော်မသိပါဘူး။ အောက်ဆုံးမှာရေးထားတဲ့ မြင်သူနှလုံး ညွှတ်စေမင်းဆိုတဲ့ အဖွဲ့ကိုကြည့်ခြင်းဖြင့်တော့ ဘယ်သူဖြစ်နိုင်တယ်ဆိုတာကို ခန့်မှန်းလို့ရပါတယ်။ ရေးထားတဲ့အထဲမှာလည်း ကျွန်တော်နားမလည်တာတွေ အများကြီးပါနေပါတယ်။ မလျားမထောင့်၊ မမြှောင့်မယွန်း၊ မချွန်းမရှည် စတာမျိုးတွေကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် "မရှက်မမြှေးတို့၊ မလူးမနွှဲတို့၊ တန်ခွန်ဝှဲတို့" ဆိုတာတွေကိုတော့ ကျွန်တော်နားမလည်ပါဘူး။ လက်ရေးလက်သား ကောင်းကောင်းမွန်မွန် ရေးဖို့အတွက် လိုက်နာရမယ့် အချက်တွေဟာ နည်းမှမနည်းပဲလို့ သိရတဲ့အခါ အံ့သြမိတာတော့ အမှန်ပါပဲ။ ကျွန်တော်တို့မြန်မာစာမှာ လက်ရေးလေးတစ်ခုအတွက်တောင် အဲဒီလို အချက်အလက်တွေ ရှိတယ်ဆိုတော့ ဂုဏ်ယူစိတ်လည်း ဖြစ်မိပါတယ်။ အခုအပေါ်က ရေးထားသမျှဟာ မူရင်းအတိုင်း ဟုတ်မဟုတ်ဆိုတာလည်း နည်းနည်းတော့ တစ်မျိုးဖြစ်မိပါတယ်။ အချို့နေရာတွေမှာ ဆက်စပ်လို့မရဘဲ ဖတ်ရတာ တစ်မျိုးဖြစ်နေလို့ပါ။ ဒီလိုပြောတဲ့အတွက် Buzz မှာ ဝေငှထားတဲ့လူကို စော်ကားသလိုလည်း ဖြစ်မှာစိုးရိမ်မိပါတယ်။ အဲဒီလို မရည်ရွယ်တာ အမှန်ပါ။ မူရင်းကဗျာကို ပြန်ရှာပြီးဖတ်နိုင်အောင် ကြိုးစားပါဦးမယ်။ အခုဖတ်နေသူတွေထဲကလည်း အဲဒီကဗျာမှာ အမှားတွေပါနေကြောင်း သိတဲ့လူများရှိခဲ့ရင် ထောက်ပြပြောဆိုကြပါဦးနော်။ အင်တာနက်ပေါ်မှာ ရှိနေခဲ့ရင်လည်း လင့်ခ်ပေးကြပါဦး။
ငယ်ငယ်တုန်းက အမေနဲ့ကျွန်တော် နေ့စဉ်တကျက်ကျက် ဖြစ်ခဲ့ရတဲ့အချိန်တွေကို ပြန်သတိရမိတယ်။ ညရောက်ပြီဆိုတာနဲ့ အမေက စာကြည့်စားပွဲမှာထိုင်ပြီး လေးကြောင်းမျဉ်းစာအုပ်မှာ လက်ရေးလှရေးခိုင်းတယ်။ တစ်ရက်ကို (၄)မျက်နှာနှုန်းနဲ့ နေ့တိုင်းရေးနေရတာဆိုတော့ ကလေးဘ၀က ဘယ်ပျော်မှာလဲ။ အတော်ကြီးကို စိတ်ညစ်တာပေါ့။ ပြီးစလွယ်လည်း ရေးလို့မရဘူး။ အမေက ဘေးမှာထိုင်ပြီး သစ်သားပေတံတစ်ချောင်းနဲ့ ထိုင်စောင့်နေတာ။ တစ်လုံးနဲ့တစ်လုံး မညီရင်၊ တွန့်သွားရင် လက်ဆစ်ကို ပေတံနဲ့ခေါက်တော့တာပဲ။ အဲဒီတုန်းကတော့ ငိုခဲ့ရတာပေါ့။ စိတ်လည်းညစ်တယ်။ သားသမီးချင်းအတူတူ ကျွန်တော့်ထက် တစ်နှစ်ပဲငယ်တဲ့ ညီအငယ်ကောင်ကိုကျတော့ လေးကြောင်းမျဉ်းစာအုပ် မရေးခိုင်းဘူး။ သူ့ကိုကျတော့ မရေးခိုင်းဘူးဆိုပြီး ကြေးတန်းညှိရင်လည်း အရိုက်ခံရသေးတယ်။ သူက ဘယ်လောက်သင်သင် မတတ်ဘူး၊ အဲဒီတော့ မသင်ဘူးလို့ ပြန်ဖြေတယ်။ ဟိုကောင်ကလည်း တကယ့်ကို လူကတ်၊ ကြိုက်သလောက်ရိုက်၊ လေးကြောင်းမျဉ်းစာအုပ်ကို လုံးဝကို မရေးဘူး။ ကျွန်တော့်မှာသာ တစ်ရက်တစ်ရက် လက်ဆစ်တွေ အခေါက်ခံရ၊ အရိုက်ခံရနဲ့ ငိုရင်းရေးခဲ့ရတာ။
အဲဒါတွေတော့ ကျောင်းတက်တဲ့အချိန်မှာတော့ အသုံးဝင်ပါတယ်။ လက်ရေးလှတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် အတော်လေးကို မျက်နှာပွင့်တယ်။ ဆရာမတွေကလည်း တစ်ခုခုရေးစရာရှိရင် ခေါ်ရေးခိုင်းတတ်တယ်။ အခန်းထဲက အတန်းတက်စာအုပ်မှာလည်း တစ်ခန်းလုံးရဲ့ နာမည်တွေကို ရေးပေးရတတ်တယ်။ အတန်းကြီးလာတော့ အခန်းထဲမှာ သင်ပုန်းပေါ်ထွက်ပြီး စာရေးခိုင်းရင်လည်း ဆရာ၊ ဆရာမတွေက ကိုယ့်နာမည်ပဲ ခေါ်တာပဲ။ တစ်ခုတော့ မကောင်းဘူး။ သင်ပုန်းပေါ်မှာ စာထွက်ရေးနေရတော့ အဲဒီစာတွေကို အိမ်ပြန်ရောက်ရင် ပြန်ပြန်ကူးရတယ်။ ကိုယ့်အချိန်ထဲကပါတော့ နည်းနည်းတော့ စိတ်ညစ်မိတာ အမှန်ပဲ။
စာရေးချင်စိတ်ပိုးကလည်း ဒီလက်ရေးကနေ စတာလို့ ဆိုနိုင်တယ်။ ကျောင်းမှာတုန်းက ကျွန်တော်ဝင်မရေးတဲ့၊ ၀င်မပြိုင်တဲ့ စာစီစာကုံးပြိုင်ပွဲဆိုတာ မရှိသလောက်ပဲ။ တစ်ခုခုဆိုတာနဲ့ အတန်းပိုင်ဆရာမကလည်း ကျွန်တော့်နာမည်ကို ပေးပြီးသားဖြစ်နေတတ်တယ်။ ဖတ်ရမယ့်စာအုပ်တွေ ရှာပေးတယ်။ ပြီးရင် အစမ်းရေးခိုင်းတယ်။ အဲဒီမှာတင် စာဖတ်တာ၊ စာရေးတာက အမြစ်တွယ်သွားတယ် ထင်ပါရဲ့။ အခုမှပဲ ကျေးဇူးတင်နေမိတော့တယ်။
အထက်တန်းကျောင်းသားဘ၀နဲ့ တက္ကသိုလ်ကျောင်းသားဘ၀မှာတော့ အဲဒီလက်ရေးလှတာဟာ တော်တော်လေးကို အကျိုးပြုခဲ့တယ်လို့ ဆိုရမယ်ထင်တယ်။ စာလေးတွေကလည်း အနည်းအကျဉ်းဖတ်၊ စာတွေကဗျာတွေကလည်း မတောက်တခေါက်ရေး၊ လက်ရေးကလည်းလှဆိုတော့ သိတဲ့အတိုင်းပဲ ရည်းစားစာရေးခိုင်းတဲ့လူတွေ တစ်ပုံကြီးပေါ့။ အကြီးရော၊ အငယ်ရော အစုံပါပဲ။ မုန့်ဖိုးတောင် သိပ်မကုန်ဘူး။ ဟိုလူက ၀ယ်ကျွေးလိုက်၊ ဒီလူက ၀ယ်ကျွေးလိုက်ပေါ့။ ကိုယ်က ကိုယ့်ဘာသာကိုယ် အရူးထပြီး တောင်ရေးမြောက်ရေး ရေးထားတဲ့ စာညွန့်လိုလို၊ ကဗျာလိုလိုတွေကို အခြားလူတွေက သဘောကျနေတာ၊ ရေးခိုင်းနေတာမြင်တော့ ကိုယ့်ကိုယ်ကိုယ်တောင် ဘ၀င်မြင့်ချင်သလိုလို ဖြစ်မိသေးတယ်။ အခုမှပဲ ပြန်တွေးပြီး လွမ်းမိ၊ သတိရမိပါတယ်။
ကဲပါလေ... စကားကြောတောင် အတော်ရှည်သွားတယ်။ လက်ရေးလက်သားမလှလို့လည်း ဘာမှတော့ မဖြစ်ပါဘူး။ ဒါပေမယ့် လှလှပပ၊ သပ်သပ်ရပ်ရပ်လေး ရေးနိုင်ရင်တော့ ပိုကောင်းတာပေါ့လေ။ ကိုယ်တိုင်အတွက်ရော၊ အခြားသော ကိုယ်ရေးတဲ့စာကို ဖတ်မယ့်လူတွေ အတွက်ရောပေါ့။ အခုအချိန်မှာ စာဖတ်သူက လက်ရေးလှချင်မှ လှပါလိမ့်မယ်။ ပြင်ချင်မှ ပြင်ပါလိမ့်မယ်။ ဒါပေမယ့် သားသမီးတွေ၊ ညီငယ်၊ ညီမငယ်တွေကိုတော့ လက်ရေးလေးတွေလှအောင် သင်ပေးစေချင်၊ ပြုပြင်ပေးစေချင်တယ်။ ကိုယ်တိုင်လည်းလှ၊ အခြားလူတွေကိုလည်း ပြုပြင်သင်ကြားပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။
တငိုငိုတရီရီနဲ့ ဂျီကျတတ်တဲ့ ကျွန်တော့်ကို ချော့တစ်ခါ၊ ရိုက်တစ်လှည့်နဲ့ လက်ရေးလှအောင်သင်ပေးခဲ့တဲ့ အမေ့ကိုလည်း ဒီနေရာကနေပဲ သတိတရ ရှိခိုးကျေးဇူးတင်လိုက်ပါတယ်။ အားလုံးပဲ လက်ရေးလက်သား ကောင်းကောင်းနဲ့ စာရေးကြသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၉ နာရီ ၄၈ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 9:52 AM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, စု၊ တု၊ ပြု