Sunday, October 31, 2010

ကြည်ညိုဖွယ်ရာ မြတ်သာသနာ - ဓမ္မစေတီဆရာတော် ဦးကောသလ္လ


အခုဖော်ပြမယ့်ပို့စ်ဟာ စာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာ မဟုတ်ပါဘူး။ ဓမ္မစေတီဆရာတော်ရဲ့ တရားခွေတွေကို နာကြားရင်းနဲ့ ကျွန်တော်မှတ်သားခဲ့တဲ့ မှတ်စုလေးတွေကို ပြန်လည်ဝေငှတာပါ။ ပို့စ်ခေါင်းစဉ်ဟာ ဆရာတော်ဦးကောသလ္လဟောကြားခဲ့တဲ့ တရားခွေရဲ့ နာမည်ဖြစ်ပါတယ်။ ဖတ်တဲ့လူတွေအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကျွန်တော်မှတ်ထားသလိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ (၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၁ မိနစ်) မှာ ဗီစီဒီခွေနဲ့ နာယူမှတ်သားခဲ့တဲ့ တရားဖြစ်ပါတယ်။ ဖတ်ရှုဆင်ခြင်ပြီး အတွေးကောင်း၊ အတွေးမြတ်များ ကိန်းအောင်းနိုင်ကြပါစေလို့ စိတ်ရည်သန်လျက်.....။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
* * * * * * * * * * * * * * * * *
ဗုဒ္ဓ
ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာဝင် ဆိုပြီး ရှိရာမှာ...
တတိယအချက်ဟာ ပြောစရာရှိနေတယ်။

သာသနာတော်နှစ် ၂၃၈ ခုနှစ် (BC 306) မှာ ဗြဟ္မဇာလ သုတ္တန်ကြီး (မြတ်သောပိုက်ကွန်) ကို ဟောကြားခဲ့တယ်။

သာသနာတော်နှစ် ၂၃၁၂ ခုနှစ်မှ မြန်မာနိုင်ငံကို သာသနာ တိတိကျကျ ရောက်လာတယ်။

သံဃာယနာ တင်တဲ့အခါ
ပထမဆုံး ၀ိနည်း
ဒုတိယ သုတ္တန်ကို တင်ပါတယ်။
သုတ္တန်တွေထဲမှာမှ ဗြဟ္မဇာလသုတ်ကို အရင်ဆုံးတင်ပါတယ်။

မဟာဂန္ဓာရုံဆရာတော်
မင်းကွန်းဆရာတော်
စတဲ့ဆရာတော်တွေဟာ သုတဘုရားတွေ ဖြစ်ပါတယ်။

မင်းကွန်းဆရာတော်ကြီး ပေါ်ပေါက်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာရဲ့ သမိုင်းနဲ့ အခြားဘာသာတွေရဲ့ ဗုဒ္ဓဘာသာအပေါ်အမြင်တွေ ပြောင်းလဲလာရပါတယ်။

ဥပါလိ ဂါထာ (၁၀)ခု သိပ်လှတယ်။ ခက်လည်း ခက်တယ်။ ကမ္ဘာက သိပ်အံ့သြတယ်။

ရောဂါပြီးတဲ့ လူတစ်ယောက်ဟာ ဘယ်အဆိပ်ကိုကိုင်ကိုင် ဘာမှ မဖြစ်ဘူး။
အတွင်းကို မြင်အောင်ကျင့်ပါ။
အပြင်ပန်းကိုပဲ မကျင့်ပါနဲ့။

တရားကောင်းဆိုတာ စ၊ လယ်၊ ဆုံး သုံးပါးလုံး ကောင်းရပါတယ်။

ဓမ္မကထိက (၄) မျိုး ရှိတယ်။
၁။ နည်းနည်းဟောတယ်၊ အကျိုးရှိတယ်။
၂။ နည်းနည်းဟောတယ်၊ အကျိုးမရှိဘူး။
၃။ များများဟောတယ်၊ အကျိုးရှိတယ်။
၎။ များများဟောတယ်၊ အကျိုးမရှိဘူး။
နံပါတ် (၁) နဲ့ (၃) ကို ကိုးကွယ်ဆည်းကပ်ပါ။

မကောင်းတဲ့တရားဆိုတာ
၁။ မကောင်းသဖြင့်ဟော။
၂။ ကောင်းကောင်း မသိ။
၃။ သံသရာမှ မလွတ်မြောက်နိုင်။
၎။ ကိလေသာ ငြိမ်းအေးမှု မဖြစ်နိုင်။
၅။ ဘုရားမဟုတ်တဲ့ ပုဂ္ဂိုလ်တွေ ဟောပြောထား။
၆။ တည်ရာ မှီရာ မဖြစ်။
၇။ သံသရာတစ်လျှောက်လုံးအတွက် မှီခိုအားထားရာ မဖြစ်။

ပစ္စည်းဆိုတာ....
သူများ မလိုချင်လို့ ပစ်လိုက်တဲ့ဟာတွေကို ကိုယ်က ဆီးပြီး ဖမ်းဖမ်းနေတာကို ပြောတာ။

နိဗ္ဗာနံ (နိဗ္ဗာန်) ဆိုသော စကားလုံးကို
(ကိလေသာများ ငြိမ်းအေးသည်ဟု အဓိပ္ပါယ်ရ)
သာသနာတော်ပြင်ပတွင် ဘယ်မှာမှ ရှာလို့မရဘူး။
၃၂၂၉ ကြိမ် ရှိတယ်။
စာအုပ်ပေါင်း ၁၅၇ အုပ်မှာ တွေ့နိုင်တယ်။
မြတ်စွာဘုရားဟောကြားတာ ၈၃၇ ကြိမ် ရှိတယ်။
စာအုပ်ပေါင်း ၄၀ မှာ ဟောခဲ့တယ်။
ပါဠိတော် ၄၀ မှာ ၈၃၇ ကြိမ်တိုင်တိုင် နိဗ္ဗာန်ဆိုတဲ့ စကားကို ဟောခဲ့ပါတယ်။

May they listen to the Dhamma.
May they understand to the Dhamma.
May they practice to the Dhamma.

Saturday, October 30, 2010

Gtalk အတွေးစာသားများ စုစည်းမှု (၁၇)


အတွေးစာသား (၁)
အိပ်မက် တစ်ပွဲပေးပါ..
မျှော်လင့်ချက် များများထည့်…
အတိတ်ဆိုးတွေ မထည့်နဲ့…
အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ…
ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့…
ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်…
ကဲ… ဘယ်လောက်ကျလဲ???

အတွေးစာသား (၂)
သူရဲ့အပြောမှာ ရင်ခုန်သည်…
တစ်နေ့လုံး ဒီအတိုင်း Chat ချင်သည်…
အကြင်နာချစ်စကား ပြောခွင့်ပေးပါ အတည်….
သူ Block မှာလည်း စိုးရိမ်သည်….
သူ Sign Out မှာ သိပ်ကြောက်သည်…
အခုတော့သိပြီ သူ့ကို Q မိပြီ….။

အတွေးစာသား (၃)
ထမင်းကလွဲရင် အကုန်ချက်တယ်…
Gtalk နဲ့ Chat မယ်…
G-mail နဲ့ Chat မယ်…
Yahoo နဲ့ Chat မယ်….
VZO နဲ့ Chat မယ်….
Pfingo ပြောမယ်…

အတွေးစာသား (၄)
ဒီမယ် မောင်ရင်…
ဒါ မြန်မာပြည်ကွဲ့… မင်းဘာသာမင်း အဌာရသ ၁၈ ရပ်ကို မိုးပျံအောင်ပဲတတ်နေပါစေ…
ဂွင်ရယ်… လမ်းကြောင်းရယ်… အထာရယ် သဘောမပေါက်လို့ကတော့ ဘိန်းမုန့်တောင် ဖုတ်ရောင်းလို့ မရဘူးမှတ်။

အတွေးစာသား (၅)
စကြာဝဠာကြီး ပျက်စီးသွားမယ်ဆိုရင်တောင် မင်းနာမည်စာလုံးလေးတွေက ကိုယ့်နှလုံးထက်မှာ မပျောက်မပျက်ဘဲ ကျန်ရစ်နေခဲ့ပါလိမ့်မယ်…

အတွေးစာသား (၆)
အပျော်ကြိုက်ရင် ရင်ခုန်စရာမကောင်းဘူး…
အတည်ကြိုက်ရင် အသည်းကွဲတယ်…
ဖြစ်နိုင်မယ်ဆိုရင် အရာအားလုံးကို ကျောခိုင်းထားချင်တယ်….

အတွေးစာသား (၇)
နိုင်ငံတော်အလံ ပြောင်းသွားပြီ…
မကြာခင်မှာ အုပ်ချုပ်တဲ့အစိုးရလည်း ပြောင်းတော့မယ်…
ဒါပေမယ့်…
ငါ့အချစ်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

အတွေးစာသား (၈)
ငါတို့က…
မလုပ်ဘူးဟေ့ဆိုရင် အစကတည်းက လုံးဝ မလုပ်ဘူးပဲ…
လုပ်ပြီဟေ့ဆိုရင်လည်း အိယောင်ဝါးပဲ….။

အတွေးစာသား (၉)
စိတ်ညစ်ပါ၏ အဘယ်ကြောင့်မသိ
အဖြေရှာကြည့်တော့ ဝေဒနာအတိ
သေချာညှိ အဆင်မပြေမှုတွေများပါဘိ
သေရွာကိုပဲ သွားချင်မိ။

အတွေးစာသား (၁၀)
အလွမ်းတွေကိုသာ ဆေးအဖြစ် သုတ်လို့ရမယ်ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးဟာ မင်းကိုလွမ်းတဲ့ အလွမ်းတွေနဲ့ ပြည့်နေတဲ့ကမ္ဘာကြီး ဖြစ်နေပါလိမ့်မယ်။ အာကာသထဲကနေ မင်းလှမ်းကြည့်တဲ့အခါ ကမ္ဘာကြီးပေါ်မှာ မင်းနာမည်ကိုတောင် မြင်တွေ့နိုင်မယ်ထင်ပါရဲ့။

Friday, October 29, 2010

အလွမ်းရာသီ - ကိုဉာဏ် (ပန်းလောင်မြေ)


နေထွက်လေပြီ၊ စိတ်ကရည်သည်
တီတာငှက်ကျေး၊ တေးသံပေးလည်း
ဝေးလျက်ဖော်ကွာ၊ မပျော်ရှာခဲ့။

နွေနေ့လမ်းမ၊ ငရဲမျှသို့
ပူစွရာသီ၊ မှတ်မရည်ခဲ့
ရင်တွင်းလွမ်းမီး၊ ပိုလျှံငြီး၍။

မိုးစက်မိုးပေါက်၊ တဖြောက်ဖြောက်လည်း
စက်ပြောက်မထင်၊ ကျွန်မမြင်ခဲ့
ရင်လွမ်းမိုးဖွဲ၊ ပိုကာသည်း၍။

နှင်းငွေ့သိုင်းခြုံ၊ မြူမှိုင်းမှုန်လည်း
ရင်ခုန်ကြည်နူး၊ မပျော်မြူးခဲ့
ရည်စူးမျက်ရည်၊ ရင်တွင်းဝေ၍။

နေလုံးနီနီ၊ နောက်သို့မှီပြီ
ချိန်မီအိပ်တန်း၊ ငှက်ပျံသန်းတို့
ဒီအလွမ်းဒဏ်ရာ၊ ဝေဒနာကို
ချီကာပျံသန်း၊ ကူညီစမ်းပ
ရော်ရမ်းမျှော်မှန်း၊ ရင်ဝယ်လွမ်း၍။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)

After You - ဦးဘုန်း (ဓာတု-မန္တလေး)


ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကို သွားမယ့်လေယာဉ်ကို ကျွန်တော်စောင့်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကိုဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခုရှိတယ်။ အဲဒီ တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်းဆက်ဖို့ စောင့်နေတဲ့သူ လေးငါးယောက်လောက် ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကို မပြီးနိုင်ဘူး။ မိနစ် ၂၀ လောက် ကြာမှ နောက်တစ်ယောက် အလှည့်ရောက်တော့တယ်။ အဲဒီတစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့ လူတွေကိုကြည့်ပြီး “အားနာမှု မရှိလိုက်ကြတာ” လို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကို သွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ” က ကြေညာပါတယ်။ မန္တလေးကိုသွားမယ့် ခရီးသည်တွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကိုသွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီးခရီးသည်တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့ လေယာဉ်ဆီကို ကျွန်တော်ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနား အပေါက်က ကျွန်တော်တို့ တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီး တက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ကိုယ် ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးက ထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကို ဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက် အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကို တွန်းပြီး အစားအသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ်ပေါင်မုန့် တစ်လုံးစီ လိုက်ပြီးဝေတယ်။

ကျွန်တော့်ရဲ့ ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက် လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီး တစ်တန်း၊ တစ်ခုံပြီး တစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ် ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက်တယ်။ တကယ်တော့ အဲဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှ ယူရမှာ။ ဒါပေမယ့် ကျွန်တော်ကအရင် လက်ကို လှမ်းလိုက်တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။

“After you”

အဲဒီစကားကို ကြားကြားချင်း ကျွန်တော်နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော် စဉ်းစားမိတယ်။

“After you” တဲ့။
After ဆိုတာ... ပြီးနောက်။
You ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့ “After you” ဆိုတာ “မင်းပြီးမှ” လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး” ပါတယ်။ “မင်းအရင်လုပ်” ပါ။ ဒီလိုသဘောဆောင်တဲ့ အင်္ဂလိပ် ခေတ်ပေါ်စကားတစ်ခုပါ။

ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။
ကျွန်တော်ဟာ  “After me” သမားပဲ။
ကျွန်တော်ဟာ မီးရထားလက်မှတ် တန်းစီရင်လည်း ငါရဖို့...။
ဘတ်(စ်)ကား စီးရင်လည်း ငါအရင်တက်ဖို့။ ငါအရင် နေရာရဖို့။
ကားမောင်းရင်လည်း လမ်းဆုံမှာ ငါအရင် ကူးဖို့။ ငါအရင် ဖြတ်ဖို့။
လမ်းကူးရင်လည်း ငါအရင် ဟိုဘက်ရောက်ဖို့...။
အလုပ်လျှောက်ရင်လည်း ငါအရင် အလုပ်ရဖို့...။
ငါအဆင်ပြေဖို့...။
 “After me”....
 “After me”....
 “After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့ စကားဟာ မှတ်သားလောက်ပါတယ်။

“After you” ဆိုတဲ့စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစားဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်း သဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်း သဘောတွေ ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။
“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ် မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ များလေလေ” ဆိုရင် ဒါဟာ တော်တော် ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီး ရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေ နည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်း ပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”
ကိုယ်ကလည်း သူ့အပေါ် “After you”
မိဘကလည်း သားသမီးအပေါ် “After you”
သားသမီးကလည်း မိဘအပေါ် “After you”
လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”
လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”
ဆရာကလည်း တပည့်အပေါ် “After you”
တပည့်ကလည်း ဆရာ့အပေါ် “After you”
အပြန်အလှန် “After you” ဆိုတဲ့ ၀န်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။

* * * * * * * * * *
Google Buzz မှာ ဖတ်လိုက်ရတဲ့ စာတစ်ပုဒ်ပါ။ သဘောကျလွန်းလို့ ပြန်လည်ဝေငှတာပါ။ ရွှေမန္တလေးဂျာနယ်၊ အမှတ် (၂၇၁) မှာ ပါတဲ့စာလို့ သိရပါတယ်။ ကျွန်တော်ကိုယ်တိုင် ဖတ်ရတာမဟုတ်ဘဲ သူများတင်ပေးတာကို တစ်ဆင့်ပြန်ဖတ်ရတာ ဖြစ်တဲ့အတွက် ခေါင်းစဉ်တွေ၊ နေရာတွေ ကွဲလွဲနေခဲ့ရင်၊ လွဲမှားနေခဲ့ရင် နားလည်ပေးကြဖို့ တောင်းပန်ပါတယ်။ မိတ်ဆွေတွေအားလုံး ဖတ်သင့်တယ်ထင်လို့ ပြန်လည်ဝေငှခြင်းသက်သက်ပါ။ အများစုက ဖတ်ပြီးသားလည်း ဖြစ်ကောင်းဖြစ်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် နောက်တစ်ခေါက် ထပ်ဖတ်ဖြစ်တော့ နောက်တစ်ခေါက် အတွေးကောင်းလေးတွေ ရနိုင်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ အချို့သော စာလုံးပေါင်း အမှားလေးတွေနဲ့ စာကြောင်းအနေအထားတွေကို ပြင်လိုက်တာကလွဲလို့ Google Buzz မှာ ကျွန်တော်ဖတ်ခဲ့ရတဲ့အတိုင်း ပြန်လည်ဝေငှပါတယ်။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။

Thursday, October 28, 2010

မာတောဝါဒ ဆုံးမစာ


ရွှေကျောင်းဆရာတော် ဦးပညာ (မြန်မာ ၁၁၄၀-၁၂၀၀) ရေးသည်။
(၁)
ရိုညွတ်ကြည်စွာ၊ မြတ်ဆရာ၌၊ မကွာထံပါး၊ ပျပ်ဝပ်တွားလျက်၊ တည်ကြားကြုံ့ကြုံ့၊ မယွင်းယုံ့လျှင်၊ နှုတ်တုံ့မလှန်၊ ပန်းသို့ပန်၍၊ နေဟန်ကျစ်လျစ်၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ မြုတေလျှံပြေး၊ ကျောက်ကောင်းသွေးသို့၊ ပြန်မေးပျော်မွေ့၊ မငြီးငွေ့ဘဲ၊ တစ်နေ့သုံးခေါက်၊ ၀င်ရောက်ခစား၊ ၀တ်ငါးပါးလည်း၊ မမှားကျင့်နေ၊ ပြည့်စုံစေမှ၊ ခွဲဝေစိတ်ဖန်၊ အတန်တန်ကို၊ မကျန်ထိုးထွင်း၊ သိစေလျင်းသော်၊ မယွင်းမချွတ်၊ ပုဒ်ပါဋ္ဌ်ဂါထာ၊ အလင်္ကာနှင့်၊ ကဗျာရတု၊ ဖတ်ရွတ်မူလည်း၊ ငါးခုရပ်ဋ္ဌာန်၊ ကာရန်ပိုဒ်ပြည့်၊ ဓိပ္ပါယ်ရှည်လျက်၊ မျှော်ကြည့်ဉာဏ်မြူး၊ သူ့ထက်ထူးအောင်၊ မလူးမလွန့်၊ စက်နှယ်ရွန့်၍၊ ကွန့်ကွန့်နှုတ်ဝယ်၊ ပြတ်စေမင်း။

(၂)
လူရေးလူရာ၊ အဖြာဖြာ၌၊ လိမ္မာသိစေ၊ တတ်ကြောင်းဖွေ၍၊ မနေကြိုးကုတ်၊ အားအန်ထုတ်လျက်၊ မယုတ်စေထ၊ ၀ီရိယနှင့်၊ လုံ့လပင်ခိုင်၊ သံကျောက်တိုင်သို့၊ ခက်ဆိုင်ပညာ၊ ချိုမြတ်စွာသား၊ ချမ်းသာသီးပွင့်၊ ထူးထက်မြင့်တည့်၊ ထပ်ဆင့်ပွားလှောင်၊ သားထွေးမောင်လျင်၊ မရှောင်မပြေး၊ ကြိုးနှယ်ထွေးလော့၊ လက်ရေးလက်သား၊ စသည်များလည်း၊ မလျားမထောင့်၊ မမျှောင့်မယွင်း၊ မချွန်းမရှည်၊ မလည်မယိမ်း၊ မတိမ်းမငဲ့၊ မရွဲ့မစောင်း၊ မပျောင်းမယွတ်၊ မပွတ်မတွန့်၊ မလွန့်မထွတ်၊ မယှက်မမြှေး၊ မထွေးမပူး၊ မလူးမနွဲ့၊ မကျဲမစိတ်၊ မလိပ်မခွေ၊ တင့်ကြောင်းဝေမှ၊ အနေရှုအီ၊ ရွဲလုံးစီသို့၊ တညီသေချာ၊ အက္ခရာနှင့်၊ ရှေ့လာအမြစ်၊ အရစ်အပင့်၊ အဆင့်အတင်၊ အငင်အဆွဲ၊ တံခွန်ဝှဲလည်း၊ မလွှဲနှိုင်းညှိ၊ စက်ဖြင့်တိသို့၊ တရှိပုံတူ၊ တတ်ကြောင်းမူ၍၊ မြင်သူနှလုံး ဆွတ်စေမင်း။

(၃)
လောကလူတွင်၊ လမ်းသို့ထင်သည်၊ ဂုဏ်အင်ပညာ၊ မရှိရှာက၊ စေပါလက်သုတ်၊ လွန်ညံ့ယုတ်သား၊ မှိတ်တုတ်မီးခဲ၊ မပြောင်ရဲသို့၊ ဖန်လဲခေါက်ခေါက်၊ သူ၏နောက်ဝယ်၊ ချွေးပေါက်ကျယို၊ ဖတ်ဖတ်စိုမျှ၊ သက်ဖိုပန်းပင်၊ မရွှင်ပြောင်းနွမ်း၊ တသမ်းသမ်းနှင့်၊ ၀န်ထမ်းလှေခတ်၊ ဖြစ်တို့တတ်ရှင့်၊ တမှတ်မယွင်း၊ ပညာကင်းက၊ ရွှေဟင်္သာလယ်၊ ဗျိုင်းသဖွယ်လျှင်၊ ပွဲလယ်မတ်လတ်၊ မလျှောက်မတ်ရှင့်၊ မြ၀တ်ဆံရည်၊ သို့ဖြစ်သည်ကြောင့်၊ အရှည်အတို၊ တတ်ထိုထိုဝယ်၊ ကော်ကျိုသောလား၊ မှုန့်မှုန့်တွားအောင်၊ ကြိုးစားမပျင်း၊ သင်မှတ်ခြင်းဖြင့်၊ ရှင်းလင်းသေချာ၊ အရာရာကို၊ လိုခါစမ်းတိုင်း ရစေမင်း။

(၄)
မကောင်းမှုညစ်၊ သူမိုက်စစ်နှင့်၊ အချစ်ဖွဲ့ငြား၊ ပေါင်းယှက်မှား၍၊ ကျေထွားပျက်စီး၊ ထုံးတသီးလည်း၊ အစီးငါးရာ၊ လှည်းများစွာတွင်၊ ဘဏ္ဍာရောင်းဝယ်၊ ကုန်စလယ်နှင့်၊ အကျယ်ဉာဏ်အား၊ ရှေ့တည့်သွားသည်၊ ယောက်ျားလှည်းမှူး၊ ငရဲဘူးကို၊ ဘီလူးဖမ်းစား၊ ရွတ်ရွတ်ဝါး၍၊ လှည်းသားငါးရာ၊ တူမကွာလျှင်၊ ခန္ဓာပျက်ရှုံး၊ အသက်ဆုံး၏၊ နှလုံးကြွပ်ဆတ်၊ ဇာတသတ်ကား၊ ဒေ၀ဒတ်ကြီး၊ ခင်ပွန်းမီးကို၊ ထံနီးတစိ၊ ပေါင်းယှက်မိ၍၊ သက်ရှိစိုးရိမ်၊ ခန္ဓာငြိမ်လည်း၊ ပါယ်အိမ်ခေါင်းအုံး၊ မီးလျှံဖုံး၏၊ ရှေးထုံးလမ်းပြ၊ သာဓကကို၊ ယူဆမြော်ထောက်၊ ထိတ်လန့်ကြောက်၍၊ ထပ်လှောက်တုန်ဧ မြစေမင်း။

Wednesday, October 27, 2010

စွမ်းရည်ပြည့်ဝ ထေရ၀ါဒ - ဓမ္မစေတီဆရာတော် ဦးကောသလ္လ


ပထမဆုံး နိဒါန်းပျိုးပါရစေ။
အခုဖော်ပြမယ့်ပို့စ်ဟာ စာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာ မဟုတ်ပါဘူး။ ဓမ္မစေတီဆရာတော်ရဲ့ တရားခွေတွေကို နာကြားရင်းနဲ့ ကျွန်တော်မှတ်သားခဲ့တဲ့ မှတ်စုလေးတွေကို ပြန်လည်ဝေငှတာပါ။ ပို့စ်ခေါင်းစဉ်ဟာ ဆရာတော်ဦးကောသလ္လဟောကြားခဲ့တဲ့ တရားခွေရဲ့ နာမည်ဖြစ်ပါတယ်။ ဖတ်တဲ့လူတွေအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကျွန်တော်မှတ်ထားသလိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ အတွေးကောင်း၊ အတွေးမြတ်များ ကိန်းအောင်းနိုင်ကြပါစေလို့ စိတ်ရည်သန်လျက်.....။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
* * * * * * * * * * * * * * * * * * * * * * * * * * * * * *
ဗိုလ် (၅) ပါး
၁။ သဒ္ဒါဗိုလ်
၂။ ၀ီရိယဗိုလ်
၃။ သတိဗိုလ်
၎။ သမာဓိဗိုလ်
၅။ ပညာဗိုလ်

စွမ်းရည် (၄)ရပ်နှင့် ပြည့်ဝသော ထေရ၀ါဒ
၁။ ပညာစွမ်းရည် (ပညာ)
၂။ ၀ီရိယစွမ်းရည် (၀ီရိယ)
၃။ အပြစ်မရှိတဲ့စွမ်းရည် (အန၀ိဇ္ဇ)
၎။ ချီးမြှောက်တဲ့စွမ်းရည် (သင်္ဂဟ)

အပြစ်မရှိပေမယ့် ကောင်းကျိုးမဖြစ်ရင် “ကုသိုလ်” မဟုတ်ဘူး။
အပြစ်မရှိဘူး.... ကောင်းကျိုးပေးရင် မှီဝဲရမယ့်တရား ဖြစ်တယ်....။

ကောင်းတာရော ဆိုးတာရော နှစ်မျိုးလုံးကို သိရမယ်....
ပြီးမှ ကောင်းတာကို လုပ်ရမယ်....

မကောင်းမှုများ ရှောင်ရှားပယ်ခွာ
ကောင်းမှုအပေါင်း စုဆောင်းကြပါ
မိမိစိတ်ရင်း သန့်ရှင်စေရာ
ဤသုံးပါး ဘုရားသာသနာ...။

ကုသိုလ်က အစုန်လမ်း
အကုသိုလ်က အဆန်လမ်း။

စိတ်က (၂)ခုပဲ ဖြစ်တယ်။
1. I want to do good deeds.
2. I want to do evil deeds.

ကုသိုလ်ရနိုင်တဲ့ အကြောင်း (၅) ချက်
၁။ သင်ယူ
၂။ နာကြား
၃။ မေးမြန်း
၎။ ဆွေးနွေး
၅။ ကြံစည်

မင်းမြှောက် ခိုးယူ
မိုးကူ လေဖျက်
ပွဲမထွက်... (စရန်ပါဆုံးတယ်)

ဉာဏ် + ကာယကံ + ဉာဏ်
ဉာဏ် + ၀စီကံ + ဉာဏ်
ဉာဏ် + မနောကံ + ဉာဏ်
အဲဒီလို ပြု၊ ပြော၊ ကြံစည်တဲ့အခါ အပြစ်မရှိတော့ဘူး။

ပေးကမ်းရက်ရော ချစ်ဖွယ်ပြော၍
သူ့ကျိုးပြုမူ ကိုယ်တူထားမှု
ဤလေးခု မှတ်ရှုသင်္ဂဟာ။

အလှူအားလုံးထဲတွင် ဓမ္မဒါနသည် အမြတ်ဆုံး။

ထပ်ခါထပ်ခါ တရားဟောမှုသည် ချစ်ဖွယ်စကားထဲတွင် အမြတ်ဆုံး။

သဒ္ဓါမရှိတဲ့သူ ရှိလာအောင်
သီလမရှိတဲ့သူ ရှိလာအောင်
စွန့်ကျဲမှုမရှိတဲ့သူ ရှိလာအောင်
ပညာမရှိတဲ့သူ ရှိလာအောင်
အဲဒီလိုအလုပ်တွေကို လုပ်ပေးတဲ့သူဟာ သူများအကျိုးကို ဆောင်ရွက်သူများတွင် အမြတ်ဆုံးဖြစ်သည်။

ရဟန္တာ - ရဟန္တာ အချင်းချင်း
ဆရာ - ဆရာ အချင်းချင်း
သမ္မတ - သမ္မတ အချင်းချင်း
လူ - လူ အချင်းချင်း
အပြန်အလှန် လေးစားကြရမယ်။

အရိယာပုဂ္ဂိုလ်တွေကို ဆည်းကပ်ရင်/ စကားနားထောင်ရင် ဘေး (၅) မျိုး ကင်းတယ်။
၁။ အသက်မွေးမှုဘေး
၂။ ကျော်ဇောမဲ့တဲ့ဘေး
၃။ ပရိသတ်ကို ကြောက်ရွံ့တဲ့ဘေး
၎။ သေဘေး
၅။ ဒုက္ခဘေး

ဥပဒေသိက လူရေးလှ - ဦးကျော်ဇေယျ


အမေး။
မိန်းမတစ်ယောက်သည် ယောက်ျားတစ်ယောက်ထက် ပိုယူခွင့် ရှိသလား။
အဖြေ။
မိန်းမအဖို့ ယောက်ျားတစ်ယောက်ထက် ပိုယူခွင့်မရှိပေ။ တရားဝင် လင်ရှိမယားတစ်ယောက်သည် အခြား ယောက်ျားတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်၍ မဖြစ်ပေ။


အမေး။
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ထိမ်းမြားလက်ထပ်ရန်နှင့် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြရန် နှစ်ဦးသဘောတူညီချက်နှင့် ရည်ရွယ်ချက်မရှိဘဲ သာမန်ထွက်ပြေးရုံမျှနှင့် တရားဝင်ထိမ်းမြားခြင်း ဖြစ်သလား။
အဖြေ။
သာမန်ထွက်ပြေးရုံမျှနှင့် တရားထိမ်းမြားခြင်း မဖြစ်ပေ။

အမေး။
လင်မယားနှစ်ဦးပိုင် ပစ္စည်းများကို လင်ဖြစ်စေ၊ မယားဖြစ်စေ တစ်ဦးဦး၏ ဆန္ဒမရရှိဘဲ ပေးကမ်းလျှင် အတည်ဖြစ်ပါသလား။
အဖြေ။
လင်မယားနှစ်ဦးပိုင် ပစ္စည်းများကို လင်ဖြစ်စေ၊ မယားဖြစ်စေ ခင်ပွန်းသည်၏ ဆန္ဒမရဘဲ ပေးကမ်းလျှင် အဆိုပါ ပေးကမ်းသည့် ပစ္စည်းတွင် ပေးသူ အကျိုးခံစားခွင့်ရှိသည့် အစုအတွက်သာ အတည်ဖြစ်ပေသည်။ သဘောတူညီချက်မပေးသည့် ခင်ပွန်းသည်၏ အကျိုးခံစားခွင့်ကို ထိခိုက်ခြင်းမရှိချေ။

အမေး။
သတင်းစာတွင် လင်မယားပြတ်စဲကြောင်း လင်ဖြစ်သူက ကြော်ငြာရုံဖြင့် လင်မယားပြတ်စဲခြင်း ဖြစ်သလား။
အဖြေ။
လင်မယားပြတ်စဲကြောင်း သတင်းစာတွင် ကြော်ငြာကာမျှနှင့် လင်မယား ပြတ်စဲပြီဟု မဆိုနိုင်။

အမေး။
ဦးဝမ်တင်သည် မိမိခြံမှထွက်သော အုန်းလက်များ၊ သစ်ကိုင်းခြောက်များ၊ သစ်ခက်သစ်ရွက်များကို သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားသည့် အမှိုက်ပုံတွင် စွန့်ပစ်ခြင်းသည် တားမြစ်ချက်ကို ကျူးလွန်ရာ ရောက်ပါသလား။
အဖြေ။
မည်သူမျှ ခြံထွက် အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက် အမှိုက်၊ ဆေးရုံစွန့်ပစ်ပစ္စည်းများနှင့် စက်ဆုပ်ဖွယ် အရာများကို ကော်မတီက သီးသန့်သတ်မှတ်ထားသည့် နေရာမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ်ထားသည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင်လည်းကောင်း စွန့်ပစ်ခြင်းမပြုရ။
တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ အရေးယူခြင်းခံရမည်။

ဓမ္မပဒဂါထာ (၁၁၁)


ယော စ ၀ဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။
ဧကာဟံ ဇီဝိယံ သေယျော၊ ပည၀န္တဿ ဈာယိနော။

သမာဓိပညာရှိမှ အနေမြတ်
စူးစိုက်တည်ငြိမ်မှု
သမာဓိလည်းမရှိ
နားလည်သိမြင်မှု
ပညာဉာဏ်လည်း မရှိသူရဲ့
နှစ်ပေါင်းတစ်ရာ
အသက်ရှင်ရခြင်းထက်
စူးစိုက်တည်ငြိမ်မှု
သမာဓိလည်းရှိ
နားလည်သိမြင်မှု
ပညာဉာဏ်လည်းရှိသူရဲ့
တစ်ရက်တာ
အသက်ရှင်ရခြင်းက
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။

Tuesday, October 26, 2010

ရှင်လူထွက်သစ် - ရှင်ငြိမ်းမယ်


ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောင်းမတို့လေ၊ ရှင်လူထွက်သစ်၊ ဆယ့်သုံးနှစ်က၊ ချစ်တဲ့သူကို၊ အယူတခြား၊ မိထွေးများက၊ ဆီးတားဆို၊ ရစ်ကို ထောင်ကာထားရတယ်။

နွမ်းနယ်တစေ့၊ ရှေးကပါ ကြမ္မာငွေ့ကြောင့်၊ မတွေ့ရတာ၊ ကြာတောင်းကြာမှ၊ မျက်နှာတူရူ၊ သူလည်းအလာ၊ မယ်သာအမျှော်၊ နေ၀င်ကျော်၊ ဒွေးတော်အိမ်ပါး၊ တောင်ဆီနားသို့၊ ယာသွားပို့ပြန်၊ စောင်လျားခြံနှင့်၊ လက်ပံပင်ရှေ့၊ ကျဉ်းမြောင်းကွေ့ တွေ့သောခါ၊ ပုဝါယက်သစ်၊ မယ်ကပေးတဲ့၊ ပိုးသေးမည်းပါ၊ ခေါင်းပေါင်းပြာ၊ လည်မှာရစ်လို့၊ ဖွင့်လှစ်ကယ် မဆို၊ ပခုံးဘယ်တင်၊ မယ့်ကျောပြင်၊ လက်တင်ရပ်လို့၊ မတ်တတ်ကယ်ငို။

မောင့်ကိုစိမ်းကား၊ မယ်နှမက ဆိုသလား၊ တို့ချစ်ခြင်း ကွင်းအောင်တစေ၊ နေ့တိုင်းမွှေတဲ့၊ သက်ကြီးဝန်တို၊ မြင်တိုင်း မုန်းစရာ၊ ကုန်းမအို၊ ရေလို ခန်းခြောက်ပါစေသား။

ရယ်ရွှင်စရာဟာသပဒေသာ


အားကြီးချစ်တယ် – မောင်ကောင်းထိုက် (နှီးပဒေါ)
သမီးရည်းစားနှစ်ယောက် ချိန်းတွေ့ရင်း စကားပြောနေကြသည်။
“မောင်၊ မကို ချစ်ရဲ့လား”
“သိပ်ချစ်တာပေါ့”
“အာဒမ်က ဧ၀ကို ချစ်သလိုပဲလား”
“အဲဒီထက် ပိုတာပေါ့”
“ဟုတ်ရဲ့လား မောင်ရဲ့”
“သိပ်ဟုတ်တာပေါ့၊ အာဒမ်မှာ ရွေးစရာ မရှိခဲ့ဘူးလေ”

ငှက်တွေလို ပျံတတ်လို့လား - ဟာသဂျပိုး
သင်္ဘော ကပ္ပတိန်တစ်ယောက်သည် ၎င်းင်းတို့၏အသိုင်းအ၀ိုင်း၌ ရေးမကူးတတ်သူအဖြစ် လူသိများသူဖြစ်၏။
တစ်ရက်တွင် သတင်းထောက်တစ်ယောက်က ထိုသင်္ဘောကပ္ပတိန်ကို မေးလိုက်သည်။
ရေမကူးတတ်တဲ့ သင်္ဘောကပ္ပတိန်ဆိုတာ ခင်ဗျားလား”
ထိုကပ္ပတိန်က ပြန်ဖြေလိုက်၏။
ဟုတ်ပါတယ်၊ ကျုပ်ရေမကူးတတ်ပါဘူး။ ဒါပေမယ့်ဗျာ ငှက်တွေလို ပျံတတ်တဲ့ လေယာဉ်ပျံ ပိုင်းလော့ကိုရော ခင်ဗျားတို့ တွေ့ဖူးလို့လားဗျ”

အဓိပ္ပါယ်ရှိရှိပြောတတ်သူ – မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
ငါ့မိန်းမကကွာ၊ ငါနဲ့စကားများရန်ဖြစ်တိုင်း သူ့အမေအိမ်ပြန်မယ်ချည်းပဲ ပြောတယ်ကွ၊ အဲဒါ ငါ့ကို ခြိမ်းခြောက်တာလား၊ အကျပ်ကိုင်တာလား”
သူ့အမေအိမ် ပြန်သွားမယ်လို့ပြောရင် အဲဒါမင်းကို အကျပ်ကိုင်တာ၊ ဒါပေမယ့် သူ့အမေကို ခေါ်လာမယ်လို့ပြောရင်တော့ ဒါဟာ မင်းကို အကြီးအကျယ် ခြိမ်းခြောက်တာပဲ”

သင်ချင်တဲ့အပိုင်း - ကံချွန်
ပြင်သစ်စာသင်ရတာ ခက်သလား ဖေဖေ”
ပထမပိုင်းသာ ခက်တာပါ၊ နောက်ပိုင်းကျတော့ လွယ်သွားတာပါပဲ”
အဲဒါဆို နောက်ပိုင်းတစ်ဝက်ပဲ သင်ချင်တယ် ဖေဖေ”

သူ့မှတ်တမ်း - ခင်မောင်တိုး (မိုးမိတ်)
အမျိုးသားတစ်ဦး နေ့စဉ်မှတ်တမ်းရေးနေ၏။
ကျွန်တော်သည် စံပြယောက်ျားတစ်ဦး ဖြစ်၏။ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ညကလပ်များသို့လည်း မသွား၊ ကျွန်တော့် မိန်းမအပေါ်တွင်လည်း သစ္စာရှိသူဖြစ်သည်။ သူများသားသမီးအပေါ် စိတ်ဖြင့်ပင် မပြစ်မှားပါ။ ည ၈ နာရီဆိုလျှင် ပုံမှန် အိပ်ရာ ၀င်၍ မနက်စောစောထပါသည်။ အချိန်မှန် လေ့ကျင့်ခန်းလုပ်၍ အချိန်မှန်လည်း အလုပ်လုပ်ပါသည်။”
အင်း၊ ဒီအပြုအမူတွေအားလုံး ကျွန်တော်ထောင်က လွတ်တာနဲ့ ချက်ချင်းပြောင်းသွားတော့မှာ အမှန်ပါပဲ” ဟုလည်း မှတ်တမ်း ရေးအပြီးတွင် ညည်းညည်းညူညူ ရေရွတ်လိုက်ပါသေး၏။

* * * * * *
ဖတ်မိတဲ့ စာအုပ်အမျိုးမျိုးထဲက သဘောကျတာလေးတွေကို ရွေးထုတ်ဝေမျှလိုက်တာပါ။ ရယ်မောပျော်ရွှင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့သစ်တစ်ခု ဖြစ်ကြပါစေဗျာ။

Monday, October 25, 2010

အိပ်မက်အကျိုးပေးအဟော (မြင်ခြင်းစသည်ကို စွဲ၍မက်ခြင်းအဟော-၂)


အုန်းသီး၊ ထန်းသီး မြင်မက်သော် လာဘ်ရရာ၏။
ပုဆိုးဖြူ၊ ပန်းဖြူဝတ် မက်သော် သူကြီးဖြစ်ရာ၏။
ပချုပ်တွင်း၌ မီးတောက်သည်ကို မြင်မက်သော်၊ ဓား၊ လှံ အရောင်တောက်မက်သော် ကျွန်သားသော်လည်း တော်လှန်အံ့။ မတော်လှန်မူ အမတ်ဖြစ်ရာ၏။ အမတ်မူ မင်းဖြစ်ရာ၏။
ကိုယ်တွင် လောက်တက်မက်သော် ကျွန်၊ နွားများ ရရာ၏။
ငှက်ဖမ်းသည်ဟု မြင်မက်သော် ကျွန်၊ နွားများရအံ့။
နဂါးဖမ်းသည်ဟု မြင်မက်သော် သတ္တရုရန်ပျောက်အံ့။
အိမ်ရာထောင်သည်ဟု မြင်မက်သော် လာဘ်ကြီးစွာရအံ့။
တီ၊ မျှော့ တွယ်သည်ဟု မြင်မက်သော် သူကြီးဖြစ်အံ့။
ကောင်းကင်သို့ ပျံတက်သည်ဟု မြင်မက်သော် ထင်ရှားအံ့။
စည်ကြီး၊ ကြေးနင်း၊ မောင်းခွက်၊ ခွင်း၊ ပတ်သာ၊ နရီ၊ ခရာ၊ ခေါင်းလောင်းသံကို ကြားရသည်ဟု မြင်မက်သော် နှစ်လိုဝမ်းသာ များအံ့၊ သတင်းကောင်းကြားအံ့။
မိုးကြိုးသံ၊ စည်သံ၊ ခရာသံ၊ နှဲသံကြားရသည်ဟု မြင်မက်သော် မင်းအမတ်ဖြစ်အံ့။

ကျန်းမာရေးအသိလွဲနေမှုများ (ကျန်းမာရေးအသိအမြင်)


ကျန်းမာရေးနဲ့ပက်သက်လို့ အများလက်ခံသိရှိထားတဲ့ အချက်နဲ့ တကယ့်အဖြစ်မှန်တို့ဟာ ကွဲလွဲနေတတ်ပါတယ်။ အောက်ဖော်ပြပါ အမေး၊ အဖြေများကို ကြည့်လိုက်ရင် အထင်နဲ့ အမြင် ကွဲပြားခြားနားနေတာကို သိရှိနားလည် သွားနိုင်ပါတယ်။

လက်ဆစ်တွေကို ချိုးဖန်များရင် အဆစ်အမြစ်ရောင်ရောဂါ ဖြစ်တတ်တယ်။
မဟုတ်ပါဘူး။ လက်ဆစ်တွေကို ချိုးလိုက်တဲ့အခါ ဂျွတ်ခနဲ၊ ဗျစ်ကနဲ မြည်သွားတာက အရိုးများအကြားမှာ ပိတ်မိနေတဲ့ ဓာတ်ငွေ့တွေ ထွက်သွားလို့ အသံမြည်ရခြင်းသာ ဖြစ်ပါတယ်။ အရိုးကြားက အခိုးအငွေ့တွေ ထွက်သွားလို့ ပေါ့ပါးတောင် သွားပါသေးတယ်။

ဆံပင်၊ အမွှေးအမှင်တွေကို မကြာခဏ ရိတ်ပေးရင် ဆံပင်၊ အမွှေးအမှင်တွေ သန်လာတတ်ပါတယ်။
မဟုတ်ပါဘူး။ ကတ်ကျေးနဲ့ဆံပင်တွေကို ဖြတ်ချလိုက်သလိုပါပဲ။ ဆံပင်နဲ့ အမွှေးအမှင်တွေကို ရိတ်ပေးနေတာဟာ ငုတ်စကလေးတွေ တိုသွားရုံသက်သက်ပဲ ဖြစ်စေပါတယ်။

အိပ်လွန်းအားကြီးရင် ပင်ပန်းနွမ်းနယ်သွားတတ်တယ်။
မှားပါတယ်။ ကျန်းမာပျော်ရွှင်နေသူတွေဟာ အလွန်အမင်းအိပ်နေလေ့ မရှိပါဘူး။ အိပ်ရာထဲမှာ အစွဲအမြဲအိပ်နေလေ့ ရှိသူတွေဟာ သူတို့မှာ ရောဂါတစ်ခုခု စွဲကပ်ဝင်ရောက်နေတဲ့ လက္ခဏာကို ပြနေပါတယ်။ ဖျားနာလို့ သော်လည်းကောင်း၊ စိတ်ကျဝေဒနာ ခံစားရလို့ သော်လည်းကောင်း အိပ်ရာထဲမှာ မထတမ်း အိပ်နေကြခြင်းသာ ဖြစ်ပါတယ်။

နှာချေချင်လျက်သားနဲ့ နှာမချေဘဲအောင့်ထားရင် အန္တရာယ်ဖြစ်တတ်ပါတယ်။
မှန်ပါတယ်။ နှာချေခါနီးမှ နှာမချေဘဲ အောင့်ထားလိုက်ရင် တိုးထွက်သွားမယ့် လေတွေ၊ နှပ်တွေ၊ သလိပ်တွေဟာ အလွန်နူးညံ့သိမ်မွေ့တဲ့ နားအစိတ်အပိုင်းတွေဆီကို ရောက်သွားပါတယ်။ နားနဲ့ပက်သက်တဲ့ ကူးစက်ရောဂါတွေ ဖြစ်တတ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ တစ်ခါတစ်ရံမှာ နားပင်းသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ချက်ပြုတ်ပြီး မုန်လာဥနီက ဘယ်လိုလုပ်ပြီး ဆေးဖက်ဝင်အာနိသင်တွေ ဖြစ်လာရသလဲ။
လူအများစုက ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက်စားမှ ပိုကောင်းတယ်လို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် အာရ်ကင် ဆေးတက္ကသိုလ်မှ လေ့လာတွေ့ရှိချက်တွေအရကတော့ မုန်လာဥနီတွေကို ချက်ပြုတ်စားသောက်ရင် အာဟာရဓာတ်ပိုပြီး ထက်မြက်တယ်လို့ သိရပါတယ်။
မုန်လာဥနီတွေကို ချက်ပြုတ်လိုက်တဲ့အခါ အပူဓာတ်ရသွားလို့ မုန်လာဥနီတွေရဲ့ အမျှင်တွေဟာ နူးညံ့ပျော့ပြောင်း သွားပါ တယ်။ အမျှင်တွေပျော့ပြီး လျော့ရဲသွားတော့ ဖီနောလစ်ဓာတ်တွေဟာ ဥနီရဲ့ ကလာပ်စည်းတွေမှ ပိုမိုထွက်ခွင့်ရသွားပါတယ်။ ဖီနောလစ်ဓာတ်တွေ ပိုထွက်လာလို့ သွေးသန့်စေတဲ့ အာနိသင်တွေ ပိုမိုရရှိလာတာ ဖြစ်ပါတယ်။

ဒါကြောင့် မုန်လာဥနီကို အစိမ်းလိုက် စားတာထက် ချက်ပြုတ်စားတာက ပိုပြီး အကျိုးများပါတယ်။

ဓမ္မပဒဂါထာ (၁၁၀)


ယော စ ၀ဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလ၀န္တဿ ဈာယိနော။

သီလရှိမှ အနေမြတ်
ကိုယ်ကျင့်သီလလည်း မရှိ
စိတ်တည်ငြိမ်မှု
သမာဓိလည်း မရှိသူရဲ့
အနှစ်တစ်ရာပတ်လုံး
အသက်ရှင်နေရခြင်းထက်
ကိုယ်ကျင့်သီလလည်းရှိ
ကမ္မဌာန်းအာရုံပေါ်မှာ
စူးစိုက်ရှုပွားမှု
သမာဓိလည်း ရှိသူရဲ့
တစ်နေ့တစ်ရက် တစ်နံနက်မျှ
အသက်ရှင်ရခြင်းက
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။

Sunday, October 24, 2010

အားနာနာနဲ့ တောင်းပန်ပါရစေ


ကာလတစ်ခုအတိုင်းအတာအထိ အပတ်စဉ်ထုတ် ဂျာနယ်တွေထဲက ကောင်းနိုးရာရာလေးတွေကို ပြန်တင်ပေးနိုင်ဦးမယ် မဟုတ်ပါ။ အဲဒီအတွက် ကျွန်တော်တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ စာဖတ်ချင်လို့ ရောက်လာကြတဲ့ မြန်မာ့သွေးမိတ်ဆွေတွေကိုလည်း တကယ့်ကို အားနာမိပါတယ်။ အပတ်စဉ်ထုတ် ဂျာနယ်တွေထဲက ကောင်းနိုးရာရာတွေကို ပြန်လည်ဝေမျှခြင်း မပြုနိုင်ပေမယ့် ဖတ်သင့်ဖတ်ထိုက်တာလေးတွေ၊ စိတ်ဝင်စားမယ် ထင်တာလေးတွေကိုတော့ နည်းနည်းချင်း ဖတ်လို့ရအောင် စီစဉ်ထားပါရဲ့ဗျာ။

လုပ်ငန်းတာဝန်အရ ခရီးသွားရမှာမို့ အင်တာနက်စာမျက်နှာတွေနဲ့ ခေတ္တခဏ ကင်းကွာနေပါလိမ့်မယ်။ မြန်မာ့သွေးဘလော့ဂ်ကို ကာလတစ်ခုအထိ ပစ်ထားရပါလိမ့်မယ်။ ဒါပေမယ့်လည်း အဲဒီလို ပစ်ထားရမယ့် ကာလတွေအတွင်းမှာ လူမရှိ သူမရှိနဲ့ ပိုးအိမ်စွဲ၊ ဖုန်တက်၊ ခြောက်ကပ် မဖြစ်ရအောင် အတတ်နိုင်ဆုံး ပြင်ဆင်ထားခဲ့ပါတယ်။

အင်တာနက်သုံးလို့ရတာနဲ့ ဘလော့ဂ်အတွက် ပို့စ်တွေ တင်ပေးဖြစ်မှာ အသေအချာပါ။ ဒါပေမယ့် ကျွန်တော့်အတွေးတွေ၊ အတွေ့အကြုံတွေပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ ဂျာနယ်တွေထဲကတော့ ထုတ်နုတ်တင်ပြနိုင်မယ် မထင်သေးပါဘူး။ ကျွန်တော်ကိုယ်တိုင်တောင် သွားရမယ့်နေရာမှာ ဂျာနယ်တွေ ဖတ်ရပါ့မလားဆိုတာ မသိသေးလို့ပါ။ ကျွန်တော်လည်း စာဖတ်သမားကနေ စာငတ်သမား ဖြစ်တော့မယ်ထင်ပါရဲ့။

မြန်မာ့သွေးဘလော့ဂ်ကို ပုံမှန်လာရောက်ဖတ်ရှုကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ရပါကြောင်းနဲ့ ယခင်ကလို မြန်မာ့သွေး ထမင်းဝိုင်းစားပွဲမှာ ဖွယ်ဖွယ်ရာရာ စုံစုံလင်လင် ဧည့်မခံနိုင်တဲ့အတွက် အားနာရပါကြောင်း တောင်းပန်လိုပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။
ည ၁၀ နာရီ ၁၀ မိနစ်။

အိပ်မက်အကျိုးပေးအဟော (မြင်ခြင်းစသည်ကို စွဲ၍မက်ခြင်းအဟော-၁)


၁။ မိမိ၏ အူကိုထုတ်၍ ပြည်ပတ်မက်သော် တိုင်းပြည်အစိုးရသော ဘုရင်မင်းဖြစ်အံ့။ ၎င်းမိမိအူကိုထုတ်၍ ရွာကိုပတ်မက်သော် ရွာသူကြီးဖြစ်အံ့။ သူတကာတို့ထက် အကြီးအကဲဖြစ်အံ့။
၂။ ကောင်းကင်၌ နေ၊ လ ကြတ်သည်ကို မြင်မက်သော် မင်းနှင့်တူသော သားကို ဖွားမြင်အံ့။
၃။ ဆင်းတုရုပ်ပွား တရားဟောသည်ကို ကြားရမက်သော် ကျော်စောအံ့။
၎။ ၎င်း ဘုရားသခင်ရုပ်ပွား ကြွသွားတော်မူသည်ကိုမက်သော် ဘုန်းကျက်သရေ တိုးအံ့။
၅။ တောင်ဖျားတက်မက်သော်၊ အရပ်လေးမျက်နှာကလာမက်သော် လာဘ်ရအံ့။
၆။ အသီးရှိသော သစ်ပင်ကိုတက်မက်သော် နောက်မှ ချမ်းသာရအံ့။
၇။  အမှုများသည်မက်သော်၊ ကျွဲနွားကြီးစွာမြင်မက်သော်၊ သူကောင်းချီမက်သော် အတုမရှိအောင် ကောင်းအံ့။
၈။ သူငယ်ချီမက်သော်၊ ရွှေငွေကို အစိုးရမက်သော် ချမ်းသာရအံ့။
၉။ ထီးဆောင်းမက်သော် ချမ်းသာရရာ၏။
၁၀။ အသီး၊ အရွက်နှင့် ပြည့်စုံသော သစ်ပင်မြင်မက်သော် ဥစ္စာများစွာ ရရာ၏။ ကျေးဇူးကြီးရာ၏။

Saturday, October 23, 2010

ဓမ္မပဒဂါထာ (၁၀၈)


ပေးလှူခြင်းထက် ရှိခိုးခြင်းကပိုမြတ်
လောကမှာ…
ကောင်းမှုကုသိုလ် လိုချင်လွန်းလို့
မင်္ဂလာအထိမ်းအမှတ်
အလှူပွဲကြီးတွေ၊
ဧည့်သည်ကို ဧည့်ဝတ်ပြုခြင်း
အစရှိတဲ့…
သဒ္ဓါအထိမ်းအမှတ်
အလှူပွဲလေးတွေနဲ့
အနှစ်တစ်ရာပတ်လုံး
လောကီလူသား ပုထုဇဉ်အများကို
ပေးလှူပူဇော်တာရယ်…
ဖြောင့်မတ်စွာကျင့်လို့
ဖြောင့်မတ်သူဖြစ်နေကြတဲ့
အရိယာပုဂ္ဂိုလ်တွေကို
ကြည်လင်တဲ့စိတ်ထားနဲ့
ဝပ်တွားရှိခိုးတာရယ်…
အဲဒီနှစ်မျိုးထဲမှာ
အနှစ်တစ်ရာပတ်လုံး
လှူဒါန်းရတဲ့
ဒါနကုသိုလ်အားလုံးဟာ
တစ်ကြိမ်တစ်ခါ
ရှိခိုးရတဲ့
ဝန္ဒနာကုသိုလ်ရဲ့
လေးပုံတစ်ပုံကိုတောင်
မမီပါဘူး။
အရိယာပုဂ္ဂိုလ်တွေကို
ရှိခိုးရတဲ့ကုသိုလ်က
သာမန်လူသားတွေကို
လှူဒါန်းရတဲ့ကုသိုလ်ထက်
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။
ပိုပြီး အကျိုးပေးကြီးကျယ်ပါတယ်။

အလွမ်းပင်လယ် - ကိုဉာဏ် (ပန်းလောင်မြေ)


ချစ်သူတွေ ဝေးနေရင် လွမ်းရမှာ…
ချစ်သူတွေ ဝေးနေရင် ဆွေးရမှာ…
ချစ်သူတွေ ဝေးနေရင် သတိရမှာ…
ချစ်သူတွေ ဝေးနေရင် ……………..
..… ….… ……
အချစ်တွေကို ခဏသိမ်းထား
အလွမ်းတွေကို ကြိတ်မှိတ်မြိုသိပ်
အခုတော့ အိပ်စက်လိုက်ကြဦးစို့…
အိပ်မက်ထဲမှာ ဆုံကြမယ်လေ…။
…… ……. ……
အိပ်မက်ဆိုတာ လက်တွေ့အတွက်
ပေါင်းကူးတံတားတစ်ခုပါ။
ယုံကြည်ချက်တွေ ခိုင်မြဲ
မျှော်လင့်ချက်တွေကိုင်စွဲလို့
အားတင်းကြဦးစို့ချစ်သူ
ရွှေရောင်လွှမ်းတဲ့တစ်နေ့
မလွဲမသွေရောက်လာလိမ့်မယ်
ကဲ… အခုတော့
အလွမ်းပင်လယ် ရေပြင်ကျယ်မှာ ကူးခတ်ကြဦးစို့ရယ်…။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၂ နာရီ ၅၃ မိနစ်တွင်ပြီး၏။

အိပ်မက်အကျိုးပေးအဟော (စီးသည်ကိုစွဲ၍ မက်ခြင်းအဟော)


၁။ ထမ်းစင်သံလျှင်းစီးမက်သော် လာဘ်ရရာ၏။
၂။ ပုခက်စီးမက်သော် ထင်ရှားရာ၏။
၃။ မိကျောင်းစီးမက်သော် သတ္တရုရန်ကို နိုင်ရာ၏။ (မင်းဖြစ်ရာ၏လည်းဟူ)
၎။ သင်္ဘော၊ လှေစီးမက်သော် သူတကာထက် မြတ်သည်ဖြစ်ရာ၏။
၅။ ဆင်ဖြူစီးမက်သော် မင်သားကား မင်းဖြစ်ရာ၏။ သူကြီးသားကား အမတ်ဖြစ်ရာ၏။
၆။ နွားလည်ပင်းစီးမက်သော် ချမ်းသာရာ၏။
၇။ လှေစီးလျက် နစ်မြုပ်သည်မက်သော် မကောင်း။
၈။ လှေစီးမက်သော် ချစ်သာရရာ၏။
၉။ ရထားစီးမက်သော် မယားကောင်းရရာ၏။
၁၀။ ဖိနပ်စီးမက်သော် ဖျားနာရာ၏။
၁၁။ ငန်းမြွေစီးမက်သော် ဖျားနာရာ၏။
၁၂။ ပတ္တမြားစီးမက်သော် သားကောင်းရရာ၏။
၁၃။ ကျွဲစီးမက်သော် ကျွန်ရရာ၏။

Friday, October 22, 2010

ဥပဒေသိက လူရေးလှ - ဦးကျော်ဇေယျ


အမေး။
စိန်မဟုတ်ကြောင်း သိလျက်နှင့် ထိုပစ္စည်းကို စိန်ထည်အဖြစ်ဖြင့် ပေါင်နှံခြင်းသည် လိမ်လည်မှုဖြစ်သလား။
အဖြေ။
စိန်မဟုတ်ကြောင်း သိလျက်နှင့် ထိုပစ္စည်းကို စိန်ထည်အဖြစ်ဖြင့် ပေါင်နှံကာ တမင်လှည့်ဖြားပြီး ငွေချေးခြင်းသည် မရိုးမဖြောင့်သော သဘောနှင့် သွေးဆောင်ပြုရာရောက်၍ လိမ်လည်မှုဖြစ်သည်။


အမေး။
မောင်ဖြူသည် သေစေရန် ကြံရွယ်ချက်ဖြင့် လူသူမရှိသောအရပ်တွင် အသက်နုသောကလေးကို စွန့်ပစ်ထားသည်။ သို့သော် ကလေးမှာ မသေ။ ယင်းလုပ်ရပ်အတွက် မောင်ဖြူတွင် အပြစ်ရှိသလား။
အဖြေ။
ကလေးမသေစေကာမူ မောင်ဖြူသည် ဤပုဒ်မ (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇) တွင် ဖော်ပြထားသည့် ပြစ်မှုကို ကျူးလွန်သည်မည်၏။

အမေး။
အိမ်တွင်းရှိလူကို နာကျင်စေရန်အကြံဖြင့် ပုလင်းတစ်လုံး ပစ်သွင်းခြင်းသည် မဆင်မခြင် ပေါ့ပေါ့ဆဆ ပြုလုပ်ရာရောက်သလား။
အဖြေ။
အိမ်တွင်းရှိလူကို နာကျင်စေရန်အကြံဖြင့် ပုလင်းတစ်လုံး ပစ်သွင်းခြင်းသည် မဆင်မခြင် ပေါ့ပေါ့ဆဆ ပြုလုပ်မှုမဟုတ်ဘဲ လက်ရောက်မှုသာ ဖြစ်သည်။

လက်ဆောင် - ဖေမြင့်


ဘတ်စ်ကားတစ်စီးပေါ်မှာ…
အဘိုးကြီးတစ်ယောက် ပန်းလှလှတစ်စည်း ကိုင်လျက် လိုက်ပါလာသည်။ သူနှင့် လူသွားလမ်းခြားလျက် တစ်ဖက်ထိုင်ခုံမှာ မိန်းကလေးတစ်ယောက် ထိုင်နေသည်။

ကောင်မလေး မျက်လုံးတွေက ပန်းတွေဆီပဲ တရစ်ဝဲ၀ဲ ဖြစ်နေသည်။

ခဏနေတော့ မှတ်တိုင်တစ်တိုင်မှာ ဘတ်စ်ကား ရပ်သည်။

အဘိုးကြီးက အလျင်စလို ထကာ ပန်းစည်းကို ကောင်မလေးလက်ထဲ ထိုးထည့်သည်။ “ယူပါကွာ… မင်း ကြည့်ရတာ ပန်းသိပ်ချစ်ပုံရတယ်၊ မင်းကို ပေးခဲ့တဲ့အကြောင်း သိရရင် အဘဇနီးကလည်း ၀မ်းသာမှာပါ။ အဘ သူ့ကို ပြောပြလိုက်ပါ့မယ်”

ကောင်မလေး ပန်းစည်းကို ယူလိုက်ပြီး အဘိုးကြီး ကားပေါ်က ဆင်းသည်ကို လိုက်ကြည့်နေသည်။ ဘတ်စ်ကား ရပ်သည့်နေရာက သုသာန်တံခါးဝအနီးမှာ ဖြစ်သည်။ သုသာန်ထဲသို့ အဘိုးကြီး ၀င်သွားတာ သူမြင်လိုက်ရသည်။

မူရင်း - Bennet Cerf ၏ The Gift

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


ဘ၀အမှီကောင်း
လောကမှာ အမှီအခိုဆိုတာ ရှိရတယ်။ တပည့်ဟာ ဆရာကို မှီခိုနေရတယ်။ သားသမီးများဟာ မိဘများကို မှီခိုနေရတယ်။ ဒီအတိုင်းပဲ သံသရာသွားတဲ့အခါ တရားအမှီအခိုရှိမှ ကောင်းတယ်။ ဘ၀အမှီကောင်း ရှာရတယ်။

သူတော်ကောင်းတွေကို မမှီခိုရလို့
မိမိကိုယ်ကိုယ် ကောင်းကောင်းထားဖို့ရန် သူတော်ကောင်းကို မှီခိုဖို့ သိပ်လိုတယ်။ သူတော်ကောင်းဆိုတဲ့ မိကောင်း ဘကောင်း သားသမီးဖြစ်ဖို့ရန် နည်းနည်းလိုတာ မဟုတ်ဘူး။ များစွာကို လိုတယ်။

ခုကောင်းလိုက်ကြပါစို့ကွယ်
ရှေးက ကောင်းလို့ ခုကောင်းပါတယ်၊
အခုကောင်း နောင် ကောင်းပါလိမ့်မယ်။
ရှေးက ဆိုးလို့ ခုဆိုးပါတယ်။
အခုဆိုး နောင် ဆိုးပါလိမ့်မယ်။
နောင်ကို ကောင်းဖို့ ခု ကောင်းလိုက်ကြပါစို့ကွယ်။

Thursday, October 21, 2010

ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား အလေးပြု


myanmarflag.png

ကျွန်တော်ဖတ်မိသော သတင်းများနှင့် တွေးမိသော အတွေးများ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
ပြန်ပေးဆွဲခံရသလိုလို သတင်းထွက်ခဲ့တဲ့ မင်းသမီးလေးအကြောင်းကလည်း ပြောမဆုံးပေါင် တောသုံးထောင် ဆိုသလိုပါပဲ။ ပြန်ပေးဆွဲခံရတယ်ဆိုပြီး တိုင်ချက်ဖွင့်တယ်၊ နောက်တော့ ချစ်သူနောက် လိုက်ပြေးတာပါတဲ့။ ဖတ်ရ၊ ကြားရတဲ့လူတွေက သို့လော၊ သို့လောပေါ့လေ…။ ဟော… အခု နောက်ဆုံးအဲဒီမယ်တော်လေး ပြောတဲ့စကားကကြည့်ဦး။ ချစ်သူနောက်လိုက်ပြေးတာ မဟုတ်ပါဘူးတဲ့။ အမေနဲ့ စိတ်ကောက်ပြီး အဒေါ်အိမ်မှာ သွားပုန်းနေတာတဲ့။ တတ်လည်းတတ်နိုင်ပါပေ့ကွယ်။ အဒေါ်လုပ်သူကိုလည်း သူ့အမေ ဖုန်းဆက်ရင် မရှိဘူးလို့ ပြောပေးပါလို့ ပြောထားသေးဆိုပဲ။ အဒေါ်ကလည်း တူမစကားကို မြေ၀ယ်မကျ နားထောင်ရှာသားခင်ဗျ။ ဒီလောက် အုတ်အော်သောင်းနင်း၊ ဟိုးလေးတကြော်ကြော် ဖြစ်နေတာကိုတောင် မင်းသမီးလေးရဲ့အမေကို အကြောင်းမကြားဘဲ နေခဲ့သတဲ့လား။ အံ့…. အံ့ပါရဲ့ကွယ်။ အဲဒီသတင်းကို ဖတ်မိပြီး စိတ်တိုသလိုလို၊ ရယ်ချင်သလိုလို ဖြစ်နေပါတယ်ဆိုမှ ဂျာနယ်မှာ ဆက်ရေးထားတာလေးကို ဖတ်မိပြန်တော့ ပြုံးမိရပြန်ပါရော။ အဲဒီ မင်းသမီးလေးဘေးမှာ သက်တော်စောင့် အမျိုးသမီးတစ်ဦး ရှိနေတယ်တဲ့။ ဟားဟားဟား…. နောက်ဆိုရင် ဒါဟာ ဇာတ်လမ်းတစ်ပုဒ်တောင် ဖြစ်သွားနိုင်သေးသဗျ။ "အမျိုးသမီးသက်တော်စောင့်" ဆိုပြီး ရုပ်ရှင်တစ်ကား ရိုက်လိုက်ရရင် ဟောလီဝုဒ်ကလူတွေ ငိုပွဲဆင်သွားကြမယ်ထင်ပါ့။ အင်း… မိုးမမြင် လေမမြင် မလုပ်ပါဘူးဆိုတဲ့ မင်းသမီးလေးရေ….။ တကယ့်ကို မိုးမမြင် လေမမြင်ပါပဲဗျာ။

(၂)
၂၀၁၁ နှစ်ဆန်းပိုင်းမှာ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ နာမည်ကြီးမင်းသားနဲ့ မင်းသမီးစုံတွဲကလည်း သတင်းမေးသူတွေကို တစ်ယောက်တစ်မျိုး မရိုးရအောင် ဖြေနေတယ်ထင်ပ။ ထားပါလေ… အဲဒါက သူတို့အပိုင်း။ မင်းသမီးက အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်တဲ့။ ကောင်းတာပေါ့လေ။ အဲ… ဒါပေမယ့် ၁၈ နှစ် ၁၉ နှစ် မင်းသမီးငယ်လေးတွေနဲ့အပြိုင် သူငယ်ချင်းတွေအဖြစ် သရုပ်ဆောင်နေတာကတော့ နည်းနည်းများ လွဲနေသလားလို့ပါ။ ဘယ်အချိန်မှာ အမေခန်းတွေကို ကူးသွားလိမ့်မလဲရယ်လို့ စိတ်ဝင်စားမိပြန်ပါရောလား။ အနုပညာအလုပ်တွေကို အတူတူလုပ်ရင်း မင်းသားလေးကို ချစ်မိသွားတာပါတဲ့။ မင်းသားလေးက ဖြေတာကတော့ ပြင်ဦးလွင်မှာ သီချင်းတစ်ပုဒ်အတွက် ဗီစီဒီရိုက်ရင်း မင်းသမီးလေးကို ချစ်မိသွားတယ်ဆိုပဲ။ အဲ… ချစ်စကားပြောတာ၊ အဖြေတောင်းတာကိုတော့ တယ်လီဖုန်းနဲ့ ပြောတာပါတဲ့။ ကဲ… ဘယ်လောက်များ ခေတ်မီလိုက်ကြသလဲ။ မင်းသားလေးရေ… ဂရေဟမ်ဘဲလ်ကို ထိုင်ပြီးတော့ ဦးချလိုက်သင့်တယ်နော်။

(၃)
မြေအောက်မှာ ပိတ်မိနေရာက ပြန်လည်လွတ်မြောက်လာတဲ့ ငရဲပြန် ချီလီမိုင်းတွင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး လောင်းကြေးတွေ ဖွင့်ထားတဲ့ သတင်းကလည်း တစ်မျိုးစိတ်ဝင်စားစရာခင်ဗျ။ ရယ်စရာလည်းကောင်းတယ်လို့ ကျွန်တော်ကိုဉာဏ် ဆိုချင်တာပါပဲ။ ဇာတ်ကားနာမည်ကို "၃၃" နဲ့ စမယ်ဆိုပြီး ဖွင့်တဲ့ကြေး၊ "အရှင်လတ်လတ် မြှုပ်နှံခံရ" ဆိုတဲ့  စာသားတွေ ပါ-မပါဆိုပြီး ဖွင့်တဲ့ကြေး၊ မိုင်းလုပ်သားခေါင်းဆောင်အဖြစ် ဘယ်သူက သရုပ်ဆောင်မလဲဆိုပြီး ဖွင့်တဲ့ကြေး စသည်ဖြင့် စုံလို့ပါပဲ။ ကျွန်တော်သဘောကျတာက နောက်ဆုံးပိတ်ရေးထားတဲ့ စာသားလေးတွေပါ။ ဘာတဲ့….။ "အဲဒီအလုပ်သမား ၃၃ ယောက်ဟာ တွင်းထဲကို ရွှေရှာဖို့ ဆင်းသွားခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ ပြန်တက်လာကြတဲ့အခါမှာတော့ ရွှေထက်ပိုပြီး အဖိုးထိုက်တန်တဲ့အရာကို သယ်ဆောင်ခဲ့ကြပါတယ်။ အဲဒါကတော့ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကိုခံရတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ" တဲ့။ ကဲ… ဘယ်လောက်များ တွေးတတ်၊ ရေးတတ်လိုက်သလဲဗျာ။

(၄)
ချီလီမိုင်းလုပ်သား ၃၃ ယောက်ကို ကယ်တင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းမှ သန်း ၂၀ ကြား ကုန်ကျခဲ့တယ်တဲ့။ အင်း… တွေးစရာတွေ တစ်ပုံကြီးပေါ့ဗျာ။ ဒီဖြစ်ရပ်ရယ်၊ ဒီအလုပ်သမားတွေရယ်၊ ဒီပိုက်ဆံတွေရယ် စတာတွေကို ဆက်စပ်ကြည့်မိပြီး ကျွန်တော်ကိုဉာဏ်ဖြင့် တွေးလို့ကို မဆုံးနိုင်ပါဘူးဗျာ။ အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ လေသံကို ခဏငှားပြီး သုံးရမယ်ဆိုရင်ဖြင့် "တွေးစရာတွေ တစ်ပုံကြီးကျန်သေးတယ်" ပေါ့ခင်ဗျာ။

(၅)
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဇနီးဖြစ်သူကို ဦးခေါင်းရိုက်ပြီး ပိုက်ဆံတောင်းသွားတဲ့ တရားခံကို ဖမ်းမိပြီဆိုတဲ့ သတင်းအတွက် ၀မ်းသာရပါတယ်။ ဦးခေါင်းကို အုတ်နီခဲနဲ့ ထုရိုက်ပြီး ရှိတဲ့ငွေတွေ ယူသွားတယ်ဆိုတာကို တွေးကြည့်နေမိတယ်။ သူယူသွားတဲ့ပိုက်ဆံက ၅၀၀၀၀ (ငါးသောင်း) ကျော်ကျော်လေးပါ။ အဲဒီပိုက်ဆံဟာ သူ့အတွက် တစ်လစာ ထမင်းဖိုးတောင် ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် အဲဒီငွေအတွက် လူတစ်ယောက်လုံးရဲ့ ဦးခေါင်းကို အုတ်ခဲနဲ့ထုခဲ့တဲ့ သူ့လုပ်ရပ်ကို ဘယ်လိုနားလည်ရမှန်း မသိတော့ပါ။ အခန့်မသင့်လို့ သေသွားခဲ့ရင် ဘယ့်နှယ်လုပ်ပါ့မလဲ။ လူတစ်ယောက်ရဲ့အသက်ဟာ ငွေ ၅၀၀၀၀ လောက်တောင် မတန်တော့ဘူးလား။ သူများနိုင်ငံမှာ ဒေါ်လာသန်း ၂၀ နီးပါး အကုန်အကျခံပြီး လူ့အသက်တွေကို ကယ်တင်နေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံက လူတစ်ယောက်က ငွေငါးသောင်းလောက်အတွက် ခေါင်းကို အုတ်ခဲနဲ့ထုတာကတော့ နည်းနည်းများ လွဲချော်မနေဘူးလားဗျာ။ ငယ်ငယ်လေးကတည်းက နားထဲမှာ နားရည်ဝနေတဲ့ လာရှိုးသိန်းအောင်ရဲ့ သီချင်းသံအချို့ကို အလိုလို ပြန်ကြားလာနေမိတယ်။ "ဟေ့ကောင်မလေး၊ ကမ္ဘာပေါ်မှာ မြန်မာပြည်ဟာ၊ အယဉ်ကျေးဆုံး တိုင်းပြည်တစ်ခုပါ" တဲ့။

(၆)
ကန်တော်ကြီးပဲလေ့စ်ကို ၀ယ်မယ်၊ မ၀ယ်ဘူး၊ ၀ယ်ပြီးပြီ၊ မ၀ယ်ရသေးဘူး စသည်ဖြင့် အမျိုးမျိုးဖြစ်နေတဲ့အကြောင်း ဂျာနယ်တစ်စောင်မှာ ရေးထားတဲ့ သတင်းကလည်း စိတ်ဝင်စားစရာပါ။ ကျွန်တော် စိတ်ဝင်စားတယ်ဆိုတာ အဲဒီဟိုတယ်ကို ရောင်းတာ၊ ၀ယ်တာ၊ အဲဒီဟိုတယ်မှာရှိတဲ့ ဆိုင်ခန်းတွေက ပိုက်ဆံပြန်အမ်းတာယူပြီး စွန့်ခွာကြတာ စတဲ့အချက်တွေ မဟုတ်ပါဘူး။ သူတို့ဟာသူတို့ ပိုက်ဆံရှိလို့ လိုချင်တဲ့ဟာ လျှောက်ဝယ်နေတာကို စိတ်ဝင်စားမှု မရှိပါ။ ဘာကိုစိတ်ဝင်စားသလဲ ဆိုရင်တော့ အဲဒီဂျာနယ်မှာ ရေးထားတဲ့ အရေးအသားပုံစံကိုပါ။ စာနယ်ဇင်းဆိုတာ အလယ်ကလူကွ၊ စတုတ္ထမဏ္ဍိုင်ကွလို့ တစ်ယောက်ပြီးတစ်ယောက် ပြောတတ်ကြပါတယ်။ သတင်းရေးတဲ့လူရဲ့ ဒေါသသံတွေကို အဲဒီကုမ္ပဏီက တာဝန်ရှိသူတွေက သိလား၊ မသိလားဆိုတာ မသဲကွဲပါ။ ကျွန်တော်တို့ စာဖတ်ပရိသတ်ကတော့ ဒေါသသံတွေကို တနင့်တပိုး ခံစားလိုက်ရကြောင်းပါ။ သတင်းရေးသူခမျာ အမျိုးမျိုးပြောတတ်တဲ့ အဲဒီကုမ္ပဏီကို အတော်လေးကို ဒေါသထွက် စိတ်နာနေပုံ ရပါတတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၃၂ မိနစ်တွင်ပြီး၏။

မှတ်မှတ်သားသား အဆိုအမိန့်များ - Quote of the day


rabindranathtagorequote.png

အိပ်မက်အကျိုးပေးအဟော (သောက်သည်ကိုစွဲ၍ မက်ခြင်းအဟော)


၁။ နို့ကို ရွှေခွက်နှင့်ထည့်၍ သောက်မက်သော် လာဘ်ကြီးကောင်းစွာ ရရာ၏။
၂။ မြစ်ရေကို သောက်မက်သော် သူတကာတို့ထက် ကျော်စော ထင်ရှားရာ၏။
၃။ နွားနို့ သောက်မက်သော် ဥစ္စာများအံ့။ (သူတကာတို့အပေါ်၌ မိမိက ကျေးဇူးပြုရရာ၏လည်းဟူ)
၎။ သမုဒ္ဒရာရေ သောက်မက်သော် အလွန်ကောင်းစွ။
၅။ ပျားရည် သောက်မက်သော် ကြံသမျှပြီး၍ လာဘ်ကြီးရရာ၏။
၆။ နှမ်းဆီ သောက်မက်သော် ကြောင့်ကြစိုးရိမ်ခြင်း ပျောက်ကင်းရာ၏။
၇။ ရေ သောက်မက်သော် မင်းအရာရှိဖြစ်ရာ၏။
၈။ နို့ဟူသမျှ သောက်မက်သော် မင်းအရာရှိဖြစ်ရာ၏။
၉။ သေအရက် သောက်မက်သော် စိုးရိမ်ကြောင့်ကြများရာ၏။ (လာဘ်ကြီးရရာ၏လည်းဟူ)။

ဓမ္မပဒဂါထာ (၁၀၉)


အဘိဝါဒနသီလိဿ၊ နိစ္စံ ၀ုဍ္ဎပစာယိနော။
စတ္တာရော ဓမ္မာ ၀ဍ္ဎန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ။

ရှိခိုးလေကောင်းလေ ရိုသေလေမြတ်လေ
ရှိခိုးသင့် ရှိခိုးထိုက်သူတွေကို
အမြဲမပြတ်
ရှိခိုးတဲ့သူ၊
ကိုယ့်ထက် အသက်ကြီးသူ
ကိုယ့်ထက် သိက္ခာဝါများသူ
ကိုယ့်ထက် ဂုဏ်ရှိန်မြင့်မားသူတွေကို
အမြဲမပြတ်
ရိုသေလေးစားမှုပြုတဲ့သူမှာ
အကျိုးတရားလေးမျိုး
ပွားတိုးပြည့်စုံနိုင်ပါတယ်။
အဲဒီအကျိုးတရားတွေကတော့
အသက်ရှည်ခြင်း
အဆင်းလှခြင်း
ချမ်းသာကြီးခြင်းနဲ့
ခွန်အားကြီးခြင်းတို့ပါပဲ။


Wednesday, October 20, 2010

သစ်ရွက်ပုံပြင် - ကိုဉာဏ် (ပန်းလောင်မြေ)


စိမ်းစိမ်းဖားဖား
ငွါးငွါးစွင့်စွင့်
လှပစုံစွာ
ရှိခဲ့ပါလည်း
ဝေရာမှကြွေ
ကြွေရာမှခြောက်
ခြောက်ရာမှဆွေး
ဆွေးရာမှပျောက်
ဘယ်ကိုရောက်သည် မသိပြီ။

ငါဟဲ့လူသား
မာနများနှင့်
ငါကားဘာကောင်
ဘ၀င်ဆောင်ခဲ့
နောင်ခါတစ်နေ့
ခန္ဓာရွေ့သော်
ဘယ်ကိုရောက်မည် မသိပြီ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁ နာရီ ၃၀ မိနစ်တွင်ပြီး၏။

ဥပဒေသိက လူရေးလှ - ဦးကျော်ဇေယျ


အမေး။
အမွေပေးရန် ရည်ရွယ်ပြီး ကိတ္တိမ သားသမီးအဖြစ် မွေးစားရာတွင် အရပ်စာချုပ်ဖြင့် မွေးစားနိုင်သလား။
အဖြေ။
ကိတ္တိမ မွေးစားစာချုပ်ပြုလုပ်လျှင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံမတင်မနေရ မှတ်ပုံတင်ရသည်။


အမေး။
ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ အဆန်ဘက်တွင်ရှိသော သွေးရင်းဆွေမျိုးများနှင့် အစုန်ဘက်တွင်ရှိသော သွေးဝက် ဆွေမျိုးများ ယှဉ်ပြိုင်ပြီး အမွေလုသော် မျိုးဆက်တူလျှင် မည်သည့်ဘက်က ရမည်နည်း။
အဖြေ။
မျိုးဆက်တူစေဦးတော့ အဆန်ဘက်မှာရှိသော သွေးရင်းဆွေမျိုးများက ရရှိသည်။

အမေး။
လက်ထပ်ပေါင်းသင်းပါမည်ဟူသော ကတိပြုချက်မပါဘဲ မိန်းမနှင့် ယောက်ျား နှစ်ဦးသဘောတူ ဆက်ဆံခဲ့ကြပြီးနောက် မိန်းမတွင် ပဋိသန္ဓေရှိလာရာ မိန်းမက ယောက်ျားအပေါ် လျော်ကြေးတောင်းခွင့် ရှိသလား။
အဖြေ။
ဤကိစ္စမျိုးသည် နှစ်ဦးနှစ်ဖက် ကိုယ့်ကျင့်တရား ပျက်ပြားစေခြင်းကြောင့် ပေါ်ပေါက်လာသည့် ကိစ္စဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင် အကျင့်စာရိတ္တ ပျက်ပြားသဖြင့် ပေါ်ပေါက်လာသည့်ကိစ္စတွင် တရားဥပဒေ၏ အကူအညီကို တောင်းဆိုရန်မသင့်။ နှစ်ဦးစလုံး ညီတူညီမျှ အပြစ်ရှိသူများ ဖြစ်ခြင်းကြောင့် ရုံးတော် အကူအညီကို မည်သူမျှ မရထိုက်။ တရားမျှတမှုကို လိုလားသူသည် မိမိကိုယ်တိုင် သန့်ရှင်းရမည်ဟူသော ရောမလူမျိုးတို့၏ ဆိုရိုးစကားကိုလည်း သတိချပ်သင့်ပေသည်။
[မောင်သန်းဌေး နှင့် မပု (ခေါ်) မသန်းရင်၊ ၁၉၆၆၊ မြန်မာနိုင်ငံ စီရင်ထုံး၊ ၁၀၂၁]

ပုတ္တောဝါဒ ဆုံးမစာ (နှမက မောင်ကို ဆုံးမခန်း)


[အတုလဆရာတော် ခင်ကြီးဖျော် ဦးဉာဏ ရေးသည်။]

"ဤသို့သာယာ"၊ ပျားသကာလည်း၊ ပမာမမျှ၊ ချစ်နှမက၊ မောင်လှကိုသာ၊ လူရေးရာ၌၊ လိမ္မာစေလို၊ တစ်ဖန်ဆို၍၊ နားချိုမောင်လှ၊ မွေးဘမျက်စိ၊ မွေးမိမျက်တောင်၊ နှမမောင်၊ မောင်ငယ်ရင်သွေး၊ နာဘိသေးလော့၊ "ရှေးသရောအခါ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ သားတစ်ယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှာနေ၍၊ စာပေမကျ၊ မိဘစုတေ၊ ခန္ဓာရွေ့သော်၊ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သူဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကျေလျက်၊ ခွက်လက်စွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်။ ကောင်သေလင်းတ ကျ၏တည်း။

အမောပြေ ဟာသလေးတွေ ဖတ်ကြပါဦး


မင်းပဲမေးကြည့်
တပည့် - "ဆရာ… ကျန်စစ်သားမင်းက နတ်ပြည်မှာ နတ်သားများ ဖြစ်နေမလားပဲ"
ဆရာ - "အဲဒါတော့ ငါ နတ်ပြည်ရောက်မှပဲ မေးကြည့်ခဲ့ပါမယ်ကွာ"
တပည့် - "တကယ်လို့ ငရဲခံနေရရင်ကော ဆရာ"
ဆရာ - "ဒါဆို မင်းပဲ မေးကြည့်ခဲ့ပေါ့ကွာ"

ကြက်မ သွားပြော
"ဟေ့..သူငယ်၊ မင်းတို့ဆိုင်က ရောင်းတဲ့ ကြက်ဥက သေးလှချည်လားကွ၊ မင်းတို့နှယ် ကြီးကြီးလေး ရောင်းပေးမှပေါ့"
"အဲဒါ ကျွန်တော်တို့ ဥတာမှ မဟုတ်ဘဲ အကြီးရဲ့၊ ကြက်မက ဥတာ၊ ကြက်မ သွားပြောပါ"

ငါလည်းသူလို သူလည်းငါလို
"လူပျိုကြီး ဘယ်လိုလဲ၊ ဒီတစ်သက် အိမ်ထောင်မပြုတော့ဘူးလား"
"စံပြဖြစ်လောက်တဲ့ မိန်းမမျိုးရမှပဲ အိမ်ထောင်ပြုတော့မယ်လို့ စိတ်ကူးထားတယ်ကွာ"
"ဒါဆို စံပြဖြစ်လောက်တဲ့မိန်းမ မတွေ့သေးဘူးပေါ့"
"တွေ့တော့ တွေ့ပါရဲ့"
"ဒါဖြင့်…."
"သူကလည်း စံပြဖြစ်လောက်တဲ့ ယောက်ျားမျိုး ရမှတဲ့ကွ"


အိပ်မက်အကျိုးပေးအဟော (စားသည်ကိုစွဲ၍ မက်ခြင်းအဟော-၂)


၁၁။ ရွှေခွက်နှင့်ထည့်၍ ထမင်းစားမက်သော် လာဘ်ရအံ့။
၁၂။ အပုပ်စားမက်သော် လာဘ်ရအံ့။ ၎င်းအပုပ်စားပြီး အန်မက်သော် မကောင်း။
၁၃။ ထမင်းစားမက်သော် ရသောကျွန်ကြောင့် ဗျာပါကြီးအံ့။
၁၄။ မိကျောင်းသား စားမက်သော် လာဘ်ကြီးရအံ့။
၁၅။ လူသားစားမက်သော် ကျေးရွာ၊ ဆင်၊ မြင်း ရအံ့။
၁၆။ ချိုးသား၊ ကြက်သား စားမက်သော် လာဘ်ရရာ၏။
၁၇။ ငါးစိမ်း၊ သားစိမ်း စားမက်သော် မယား သူ့အိမ်တွင် နှံရရာ၏။
၁၈။ ကွမ်းရွက်၊ သစ်ရွက် စားမက်သော် ပုဆိုးကောင်းရ၏။
၁၉။ ကြက်စသော တိရစ္ဆာန် ခြေဖျား အတောင်အဖျားဟူသမျှကို စားမက်သော် ချမ်းသာရရာ၏။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


ပါးစပ်က ဘုရား ဘုရား လက်က ကားရား ကားရား
ဆုတောင်းလို့ရတာ ရှိတယ်၊ မရတာ ရှိတယ်။ ဆုတောင်းလို့ ရတယ်ဆိုတာ ဥပမာ "မိမိက သမ္မာသမ္ဗောဓိ ဆုတောင်းထားရင် အဲဒီဆုနဲ့ လျော်ကန်တဲ့အလုပ်တွေကို လုပ်ရလိမ့်မယ်။ ဒီလိုလုပ်မှလည်း တောင်းတဲ့ဆုအတိုင်း ရမယ်။ ဆုတော့ တောင်းပါရဲ့၊ ဆုတောင်းပြီး အပါယ်ရောက်ကြောင်းဖြစ်တဲ့ အကုသိုလ်ဒုစရိုက်တွေ လျှောက်လုပ်နေရင် မရနိုင်ဘူး။ "ပါးစပ်က ဘုရား ဘုရား၊ လက်က ကားရား ကားရား" ဆိုတာမျိုးလို မဖြစ်ကြစေနဲ့။ နိဗ္ဗာန်ရောက်ရာ ရောက်ကြောင်းဖြစ်တဲ့ ကုသိုလ်ပါရမီတွေကို ဖြည့်ကျင့်ကြ၊ ဆည်းပူးကြ၊ အားထုတ်ကြ။

ချစ်တတ်ကြရမယ်
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် ချစ်တတ်ကြရမယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုတာ လူဆိုလည်း မိမိတို့သီလကို လုံခြုံအောင် စောင့်ထိန်းကြရတယ်။ ဘုန်းကြီးရဟန်း သာမဏေတွေဆိုလည်း မိမိသီလကို လုံခြုံအောင် စောင့်ထိန်းကြရတယ်။ ဘ၀နာတရားကိုလည်း လက်မလွှတ်ရဘူး။
ကိုယ့်ကိုယ်ကိုယ် ချစ်ရင် ချစ်တတ်အောင် နေတတ်ကြရတယ်။ ကိုယ့်ကိုယ်ကိုယ် မချစ်တတ်ရင် သံသရာ နစ်ကြရဦးမှာ သေချာနေတာပဲ။

ပြိုင်ဆိုင်နေတာကတော့ မကောင်းဘူး
လူတွေက ရိပ်သာသွား တရားအားထုတ်ကြ၊ ဘုန်းကြီးက မသွားရဘူးလို့ မဆိုပါဘူး။ သွားရပါတယ်။ သွားပြီးတော့ စကားများနေတာကတော့ မကောင်းဘူး။ တကယ်တရားကို မိမိရရ အားထုတ်မှ ကောင်းတယ်။ ခုတော့ တချို့နေရာတွေမှာ ကြားနေရာတာက တယ်မကောင်းလှဘူး။ ဘုန်းကြီးက အပြစ်ပြောတာ မဟုတ်ပါဘူး။ တရားအားထုတ်တယ်ဆိုတာ လောဘ ဒေါသ နည်းအောင်လို့ အားထုတ်တာ၊ နည်းမှလည်း ကောင်းတယ်။ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်နေတာကတော့ မကောင်းဘူး။


Tuesday, October 19, 2010

လက်ဖက်ရည်ဆိုင်၊ စာကြည့်တိုက်နှင့် စာဖတ်ခြင်း - ကိုဉာဏ် (ပန်းလောင်မြေ)


teashoplibraryreading.png

ဒီပို့စ်ကို ရေးရခြင်းရည်ရွယ်ချက်က မနေ့ညက လက်ဖက်ရည်ဆိုင် ထိုင်တဲ့အချိန်မှာ ကြားခဲ့ရတဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်ကိုဉာဏ် အတွေးပွားခဲ့ရတာလေးတွေကို ဖွင့်အံချင်လို့ရယ်ပါ။ ဒါပေမယ့်လည်း ရေးမယ်လို့ စိတ်ကူးပြီးတော့ နိဒါန်းပျိုးဖို့ စဉ်းစားတဲ့အခါ လက်ဖက်ရည်ဆိုင်အကြောင်းကို မပြောမဖြစ် ပြောရဦးမှာမို့ လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေကို ကျွန်တော် မြင်၊ တွေ့၊ ခံစား၊ တွေးမိသလို ရေးဖြစ်လိုက်ပါတယ်။

ကျွန်တော်နှင့် လက်ဖက်ရည်ဆိုင်
ကျွန်တော်ဟာ လက်ဖက်ရည်ကို စွဲစွဲမြဲမြဲ မသောက်ရမနေနိုင် ကြိုက်နှစ်သက်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် ညနေခင်း ထမင်းစားပြီးချိန်တွေမှာ လက်ဖက်ရည်ဆိုင် မသွားရဘူးဆိုရင်တော့ နေမသိထိုင်မသာ ဖြစ်နေတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့အတူ စကားဝိုင်းဖွဲ့ ပြောဆိုရတာ၊ ငြင်းခုံဆွေးနွေးရတာ၊ သတင်းတွေ၊ အသိပညာတွေ ဖလှယ်ရတာကို စွဲမက်ခုံမင်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိပါတယ်။ ကိုယ်သိထားတဲ့ အကြောင်းအရာတစ်ခုကို အခြားလူတွေသိအောင် တစ်ဆင့်ပြန်ပြောရတာ ကျွန်တော်နှစ်ခြိုက်ပါတယ်။ အဲဒီလို ပြောပြတဲ့အခါ ပြန်ကြားရတဲ့ သူတို့တွေရဲ့ တုံ့ပြန်မှုတွေကို ပိုမက်မောပါတယ်။ အကြောင်းအရာတစ်ခုကို ကိုယ်မြင်တာနဲ့ မတူကွဲပြားခြားနားတဲ့ အမြင်တွေ၊ မှတ်ချက်တွေ၊ ငြင်းခုံမှုတွေများ ကြားရတယ်ဆိုရင် အင်မတန်မှကို ပျော်ရွှင်ရပါတယ်။ ဘာလို့များ ငါ အဲဒီလို မတွေးခဲ့မိပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်ခဲ့ရတာတွေလည်း မရေနိုင်တော့ပါဘူး။ ဘာပဲပြောပြော လူပေါင်းစုံရဲ့ အတွေးအခေါ်၊ အသိအမြင်တွေကို အမြဲမပြတ် သိခွင့်၊ ကြားခွင့် ရနေတဲ့အတွက် ကျွန်တော့်အတွက် အဖိုးတန်တာ အမှန်ပါပဲ။ ကိုယ့်ရှုထောင့်တစ်ခုတည်းကနေပဲ တွေးတာထက်စာရင် သူများတွေကရော ဘယ်လိုတွေးသလဲလို့ သိခွင့်ရတာဟာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်ပါပဲ။ အဲဒါကြောင့်လည်း အခြားသူတွေက မကြာခဏ မေးငေါ့တတ်ကြတဲ့ လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းခြင်းဆိုတဲ့ အလုပ်ကြီးကို ကျွန်တော်ကိုဉာဏ် စွဲစွဲမြဲမြဲ မက်မက်မောမော လုပ်ဖြစ်နေတာ ထင်ပါရဲ့။

လက်ဖက်ရည်ဆိုင်ဆိုတာ အချိန်ဖြုန်းတဲ့နေရာ
အဲဒီလိုပြောတဲ့လူတွေကိုလည်း အပြစ်မတင်ပါဘူး။ သူတို့အမြင်မှာလည်း လက်ဖက်ရည်ဆိုင်ထိုင်တာဟာ အချိန်ကို ဖြုန်းတီးနေခြင်းလို့ မြင်ကြမှာပါပဲ။ အဲဒီအချိန် တစ်နာရီအတွင်းမှာ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်နိုင်တယ်၊ တရားဓမ္မတစ်ပုဒ်ကို နာကြားနိုင်တယ်၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို (ပန်းချီဆွဲတာ၊ စာရေးတာ၊ ကဗျာစပ်တာ၊ သီချင်းရေးတာ စသဖြင့်ပေါ့လေ) လုပ်နိုင်တယ်၊ ဒါမှမဟုတ် အေးအေးဆေးဆေး အနားယူနိုင်တယ် စသဖြင့် တွေးကြမှာပါပဲ။ လူဆိုတာ ကိုယ့်အတွေးနဲ့ကိုယ်ပဲလေ။ အဲဒီအတွက် ဘယ်သူ့ဘယ်သူကိုမှ အပြစ်တင်မနေပါနဲ့။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်၊ ကိုယ့်ခံယူချက်နဲ့ကိုယ် လုပ်ကိုင်ဆောင်ရွက်နေကြတာကိုး။ ပတ်ဝန်းကျင်အတွက်၊ လောကအတွက် အကျိုးယုတ်စေမယ့် ကိစ္စမျိုးကို လုပ်နေတာမျိုးဆိုရင်တော့ တားသင့်ရင် တားရမှာပေါ့လေ။

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု
တစ်ချိန်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို ငြင်းဆန်ရှုံ့ချခဲ့သူ တစ်ယောက်ပါ။ လက်ဖက်ရည်ဆိုင်မှာ ဟေးလေးဝါးလေးနဲ့ အချိန်ဖြုန်းနေတဲ့ လူငယ်တွေကို မြင်ရတိုင်း နှာခေါင်းရှုံ့ခဲ့သူ၊ မျက်စောင်းထိုးခဲ့သူပါ။ အခုတော့ အဲဒီလို မဖြစ်တော့ဘူးလို့ ဆိုလိုတာမဟုတ်ပါ။ အချို့အချို့သော ဝေလေလေ လူငယ်တွေကို မြင်ရတဲ့အခါမှာတော့ မဆီမဆိုင် ဘေးကနေပြီး စိတ်တိုမိ၊ ဒေါသထွက်မိ နေသေးတာပါပဲ။ ဒါပေမယ့် လက်ဖက်ရည်ဆိုင် ထိုင်တဲ့လူတိုင်းဟာ အားအားလျားလျား လေကုန်ခံပြီး အချိန်ဖြုန်းနေကြတာပဲဆိုတဲ့ အမြင်ကတော့ ပျောက်သွားပါပြီ။ လက်ဖက်ရည်ဆိုင် ထိုင်တဲ့လူတွေမှာ သူ့ရည်ရွယ်ချက်နဲ့သူ ရှိကြသူတွေချည်းပဲလို့ မြင်မိပါတယ်။ အဲဒီလိုဆိုတော့ စောစောက ကျွန်တော်ပြောခဲ့တဲ့စကားနဲ့ ရှေ့နောက်မညီလိုက်တာလို့ ထောက်စရာဖြစ်ပါတယ်။ ဟုတ်ကဲ့… ရှေ့နောက်ညီအောင် ရှင်းရရင်တော့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းနေတဲ့ လူတွေမှာတောင်မှ အချိန်ကုန်ပြီးရောဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ဆိုချင်တာပါ။ ကောင်းမွန်တဲ့ရည်ရွယ်ချက် ဟုတ်တာ၊ မဟုတ်တာကို ပြောလိုရင်းမဟုတ်ပါ။

တချို့တွေက လက်ဖက်ရည်သောက်၊ မုန့်စားရင်း ဗိုက်ထဲကို အစာဖြည့်ချင်လို့ လက်ဖက်ရည်ဆိုင်ကို လာကြတယ်။ အချို့တွေကျတော့ လက်ဖက်ရည်ကို စွဲစွဲမြဲမြဲ မသောက်ရမနေနိုင်လို့ လာသောက်ကြတာ။ အချို့ကျတော့ လက်ဖက်ရည်ဆိုင်ကို စုရပ်တစ်ခုအဖြစ် သဘောထားပြီး အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ ရပ်ရွာရဲ့ သာရေးနာရေးကိစ္စတွေကို တိုင်ပင်ဆွေးနွေးကြတာ။ အချို့ကျတော့လည်း အိမ်မှာဆိုရင် တစ်ယောက်တည်းမို့ စကားပြောဖော်မရှိ၊ တိုင်ပင်စရာလူ မရှိတဲ့အတွက် လက်ဖက်ရည်ဆိုင်မှာ တွေ့တဲ့လူနဲ့ အလ္လာပသလ္လာပ စကားပြောဆိုရင်း အထီးကျန်မှုကို ဖြေဖျောက်ကြတာ။ ကျွန်တော့်လိုမျိုး အချို့အချို့တွေကတော့ လက်ဖက်ရည်ဆိုင်ကို ကုန်ကြမ်းရှာတဲ့ နေရာတစ်ခုအဖြစ် သဘောထားပြီး ထိုင်ကြတာပေါ့ဗျာ။

ကျွန်တော်အကြိုက်ဆုံး နေရာနှစ်ခု
အခုရေးနေတဲ့စာနဲ့ ဘာမှမဆိုင်ပေမယ့် စကားစပ်မိတုန်းမို့ ပြောချင်လေးတစ်ခု ရှိသေးရဲ့ဗျာ။ အခြားမဟုတ်ပါဘူး။ ကျွန်တော်က စာရေးချင်သူဆိုတော့ စာရေးဖို့အတွက် မလုပ်မဖြစ် လုပ်ရတဲ့အလုပ်ကတော့ စဉ်းစားခြင်းပါပဲ။ ဘာအကြောင်းအရာကို ရေးရမလဲဆိုတာကို စဉ်းစားရတာဟာ စာရေးတဲ့လူအတွက် အင်မတန်မှ အရေးကြီးတဲ့ အချက်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အင်မတန်မှ ကြုံတောင့်ကြုံခဲဆိုသလို တစ်ခုခုကို ချရေးရင်းနဲ့ မရည်ရွယ်ဘဲ လက်ကအလိုလို ရေးစရာတွေ ပေါ်လာတာမျိုးကို ကြုံရတတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ရေးမယ့် စာတစ်ခုကို စိတ်ကူးထဲမှာ အကြမ်းထည်ပြီးတဲ့အထိ စိတ်ကူးနဲ့ရေးကြည့်ပြီးမှ စာရေးရတာချည်းပါပဲ။ အခြားစာရေးသူတိုင်းလည်း ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ပြောချင်တာက ကျွန်တော်ရေးခဲ့သမျှ စာတွေအများစုကို စိတ်ကူးမိတာ၊ ရေးဖို့အတွေးရတဲ့ အဓိကနေရာနှစ်ခု ရှိပါတယ်။ အဲဒါကိုပြောချင်တာပါ။ အခြားမဟုတ်ပါဘူး။ လက်ဖက်ရည်ဆိုင်နဲ့ အိမ်သာပါ။

အဲဒီလိုပြောတော့ အချို့တွေက ရယ်ချင်ကြပါလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ မရယ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ဖက်ရည်ဆိုင်နဲ့ အိမ်သာဟာ ကျွန်တော့်အတွက် စဉ်းစားခြင်းအမှုကို အေးအေးဆေးဆေး အချိန်ပေးပြီး ပြုနိုင်စေတဲ့ နေရာတွေ ဖြစ်နေလို့ပါပဲ။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ လမ်းပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ လူတွေကို ကြည့်နေရင်းနဲ့လည်း ရေးစရာတွေ ပေါ်လာတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်ရှေ့က ဆိုင်ကယ်နဲ့အဖြတ်၊ ကားနဲ့အဖြတ်၊ မြင်းလှည်းနဲ့အဖြတ်မှာ ပြောသွားကြတဲ့ စကားတွေထဲက တစ်ခွန်းစ၊ နှစ်ခွန်းစကို အမှတ်မထင် ကြားလိုက်ရင်းနဲ့လည်း ရေးစရာကုန်ကြမ်း ရချင်ရတတ်တာမျိုးပါ။ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့ သူများတွေပြောတဲ့ စကားသံတွေကို နားထောင်ရင်း၊ သူတို့လှုပ်ရှားနေသမျှကို လိုက်ကြည့်ရင်းနဲ့လည်း ရေးစရာတွေ တွေးမိတတ်ပါတယ်။ တစ်ခါတလေတော့လည်း မှာထားတဲ့ လက်ဖက်ရည်ခွက်က တစ်ကျိုက်မှ မသောက်ရသေးဘဲ အတွေးတွေ ရွက်လွှင့်ပြီး တမေ့တမော ထိုင်မိနေတတ်တာမျိုးလည်း ရှိပါရဲ့ဗျာ။

အိမ်သာတက်ရင်းနဲ့ စာရေးဖို့ အတွေးရတာ၊ စဉ်းစားမိတာ၊ အိမ်သာတက်ရင်း စာအုပ်တွေဖတ်ရတဲ့ အကျိုးကျေးဇူးတွေကို ဒီပို့စ်မှာ မရေးတော့ပါဘူး။ ကျွန်တော့်အတွက် ရေးစရာဆိုပေမယ့် ဒီစာကို ဖတ်နေရတဲ့သူ အတွက်ကျတော့ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို ဖြစ်နေမှာမျိုးကို မလိုလားလို့ပါ။ အဲဒီအကြောင်းကို သီးခြားရေးပါဦးမယ်။

လက်ဖက်ရည်ဆိုင် ပေါမှပေါ
လက်ဖက်ရည်ဆိုင်အကြောင်း ဆက်ရမယ်ဆိုရင် ကျွန်တော်လက်လှမ်းမီသလောက် အတွေ့အကြုံလေးနဲ့ ပြောရမယ်ဆိုရင် မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်မရှိတဲ့ ရပ်ကွက်၊ ကျေးရွာ၊ မြို့ဆိုတာ ရှိမှရှိပါ့မလားလို့ တွေးမိပါတယ်။ ကျေးရွာတိုင်း စာကြည့်တိုက်တစ်ခု ရှိရမည်ဆိုတဲ့ စီမံချက်နဲ့ လုပ်ဆောင်နေတာတွေကို မြင်နေ၊ ကြားနေ၊ ဖတ်နေရပါတယ်။ ကျွန်တော်စဉ်းစားမိတာ တစ်ခုက လက်ဖက်ရည်ဆိုင်နဲ့ စာကြည့်တိုက်တွေကို တွဲပေးလို့ မရနိုင်ဘူးလား ဆိုတာကိုပါ။

စာဖတ်တာကောင်းပါတယ်၊ ဒါပေမယ့်
ကျွန်တော့်အတွေးက ဒီလိုပါခင်ဗျ။ စာဖတ်တာဟာ မကောင်းဘူးလား။ ကောင်းတာပေါ့ခင်ဗျာ။ ချွင်းချက်မရှိကို ကောင်းပါတယ်။ ဘယ်လိုစာပေတွေ၊ ညာလိုစာပေတွေ ဆိုတာမျိုးတွေ ကျွန်တော်မပြောသေးပါဘူး။ စာဖတ်တယ်ဆိုတာ တစ်ခုတည်းနဲ့တင် ပြောနေတာပါ။ ကောင်းတဲ့စာပဲဖြစ်ဖြစ်၊ မကောင်းတဲ့စာပဲဖြစ်ဖြစ် စာဖတ်တဲ့လူဟာ စာမဖတ်တဲ့ လူထက်တော့ သာတာအမှန်ပါပဲ။ ထားပါတော့ဗျာ။  ဆက်ပြောရမယ်ဆိုရင် စာဖတ်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် ဖတ်ဖို့စာတွေ ကောင်းဖို့လည်း လိုသေးတာကိုးခင်ဗျ။ အဲဒီတော့ ခင်ဗျားကပြောလိမ့်မယ်။ ဒါများ ဘာခက်တာမှတ်လို့၊ ဖတ်စရာ စာအုပ်ကောင်းတွေမှ အများကြီးပဲလို့။ ဟုတ်ပါတယ်၊ မြန်မာလို ရေးထားတဲ့ ဖတ်စရာ စာအုပ်ကောင်းတွေဟာ သေသွားတဲ့အထိ ဖတ်လို့မကုန်အောင် များပြားလှပါတယ်။ ဒါပေမယ့် အဲဒီလို ဖတ်လို့ကောင်းတဲ့ စာအုပ်တွေဟာ ဈေးနှုန်းကလည်း အင်မတန်ကောင်းတာကိုးဗျ။

ကျွန်တော်ပြောတာတွေက ပြောရင်းကနေ ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်သွားမယ်ထင်ပါရဲ့။ ဒါပေမယ့် အစအဆုံး ဖတ်ပြီးရင်တော့ ကျွန်တော်ပြောချင်နေတာတွေ၊ ကျွန်တော်တွေးမိနေတာတွေဟာ ဘာတွေလဲဆိုတာ စာဖတ်သူ နားလည်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က အရေးအသား ကျွမ်းကျင်လွန်းတဲ့ စာရေးဆရာ မဟုတ်လေတော့ အစီအစဉ်မကျ၊ အရေးအသားမပြေပြစ်၊ ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေခဲ့ရင် အနည်းငယ် သည်းခံပြီးတော့ ဖတ်ပေးစေချင်ပါတယ်။ ကျွန်တော်သေသေချာချာ တွေးမိတဲ့အရာ၊ ယုံကြည်တဲ့အရာကို ရေးနေတာ ဖြစ်တဲ့အတွက် ကျွန်တော့်ရင်ထဲက ခံစားချက်ဟာ စာဖတ်သူရဲ့ ရင်ထဲကို Heart to Heart ရောက်သွားမယ်လို့ ယုံကြည်ပါတယ်။ ရေးနေတာကို ဆက်ပါ့မယ်။

သိချင်စိတ်များနှင့် ပြည့်နေသော လူဆိုသည့်သတ္တ၀ါ
စောစောကပြောသလို လူတိုင်း စာဖတ်ကြပါ၊ စာဖတ်ကြပါလို့ တိုက်တွန်းကြပါတယ်။ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် စာမဖတ်ချင်တဲ့လူ မရှိဘူးခင်ဗျ။ အဲဒီလိုဆိုတော့ အချို့က ငြင်းချင်ကြလိမ့်မယ်။ ဘယ်သူကတော့ စာဖတ်တာကို လုံးဝကို ၀ါသနာမပါတာကွလို့။ ဟုတ်ကဲ့… ဒီလို စဉ်းစားရအောင်ပါ။ လူတိုင်းမှာ သူ့စိတ်ဝင်စားမှုနဲ့သူတော့ ရှိကြပါတယ်။ ဆိုပါတော့ဗျာ… လူပြိန်းကြိုက် ခပ်ပေါပေါဥပမာနဲ့ပဲ ပြောကြရအောင်ပါ။ ရုပ်ရှင် မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ အကြောင်းကို စိတ်ဝင်စားတဲ့လူပဲ ဆိုပါတော့။ (ဒီလိုရေးတဲ့အတွက် ကျွန်တော့်ကို မေတ္တာတော်တွေ အတုံးလိုက်၊ အတစ်လိုက်၊ အထုပ်လိုက်၊ အထည်လိုက် ပို့သကြမှာကိုလည်း မျှော်လင့်ထားကြောင်းပါ။ ဤကား စကားချပ်) ဘယ်မင်းသားက ဘယ်မင်းသမီးနဲ့ ဘာဖြစ်နေတာတဲ့ ဆိုတာမျိုးကို သူစိတ်ဝင်စားမှာ အသေအချာပါပဲ။ အဲဒီလို စိတ်ဝင်စားတယ်ဆိုတာဟာ စာဖတ်ချင်တာနဲ့ အတူတူပါပဲ။

ကိုဉာဏ်ရာ… မင်းဟာကလည်း ရှုပ်နေတာပဲလို့ မတွေးပါနဲ့ဗျာ။ စောစောကလို သတင်းမျိုးကို စိတ်ဝင်စားတော့ အဲဒီသတင်းအကြောင်း သိတဲ့လူပြောတာကို သူနားထောင်မှာပါပဲ။ ပြီးရင် သူ့အမြင်၊ သူ့မှတ်ချက်၊ သူသိထားတာတွေကို ပြောမှာပါပဲ။ ဒါဟာ စာဖတ်ခြင်းပါပဲ။ ဒါပေမယ့် သူကိုယ်တိုင် စာဖတ်တာ မဟုတ်ပါဘူး။ အခြားသူဖတ်တာကတစ်ဆင့် သူက ပြန်သိခြင်းပါပဲ။ တစ်ဆင့်ခံ စာဖတ်ခြင်းပေါ့ခင်ဗျာ။ အဲ… အဲဒီလိုလူမျိုးကိုပဲ စောစောကသတင်းကို ရော့.. ဒီဂျာနယ်ထဲမှာ ဒီလိုရေးထားတယ်၊ ဓာတ်ပုံနဲ့ ဒီလိုပါတယ်ကွဆိုရင် အဲဒီလူဟာ သေချာပေါက် အဲဒီဂျာနယ်ကို လှန်ကြည့်၊ ဖတ်ကြည့်မှာ အသေအချာပါပဲ။ အသေးစိတ် ရှင်းပြရမယ်ဆိုရင် မဆုံးနိုင်တာမို့ ဒီအကြောင်းကို ဒီလောက်နဲ့ပဲ ရပ်ပါရစေ။ ကျွန်တော်ဘာပြောချင်တယ်ဆိုတာ အတန်ငယ်တော့ဖြင့် ရိပ်စားမိမယ် ထင်ပါရဲ့။

ဘယ်လောက်ပဲ မအားလပ်တဲ့လူတွေ ဖြစ်နေပါစေ။ စာဖတ်တာကို ၀ါသနာပါသူချည်းပါပဲ။ ဥပမာတွေ နည်းနည်းပြောပါရစေ။ တစ်နေကုန် အိမ်ထဲကအိမ်ပြင် မထွက်နိုင်အောင် အလုပ်ရှုပ်နေတဲ့ အိမ်ရှင်မတစ်ယောက်ဟာ အင်္ကျီတွေ မင်စွန်းသွားရင် ဘယ်လိုလျှော်ရမလဲ၊ သံပုရာသီးကို အရည်ပိုထွက်အောင် ဘယ်လိုညှစ်ရမလဲ၊ အသားတွေကို အကြာကြီးခံအောင် ဘယ်လိုလုပ်ရသလဲ၊ ဘုရားပန်းအိုးတွေ ကြေးညှိတက်နေရင် ဘယ်လိုတိုက်ချွတ်ရသလဲ၊ ၀မ်းကိုက်တာပျောက်ချင်ရင် ကိုယ့်ဝန်းကျင်မှာရှိတဲ့ ဘယ်လိုအရွက်မျိုးကို စားနိုင်သလဲ၊ အသားတွေ မြန်မြန်နူးချင်ရင် ဘာထည့်ပြီး ချက်ရသလဲ စသည်စသည့်ဖြင့် သိချင်ကြသူချည်းပါပဲ။ တစ်နေကုန် ဖုန်းတစ်လုံး၊ ကားတစ်စီးနဲ့ အလုပ်ရှုပ်နေတဲ့ ပွဲစားလို လူမျိုးတွေကရော စာဖတ်တာ ၀ါသနာမပါဘူးလား။ ကြည့်ရအောင်ပါ။ ဘယ်မြို့မှာ ဘာလေလံပွဲရှိတယ်၊ ဘယ်ကားဈေးက ဘယ်လောက်ဖြစ်နေပြီ၊ ဘယ်မြို့မှာ ဘာလိုင်စင်တွေ ချပေးနေတယ်၊ ဘာဈေးနှုန်းကတော့ တက်သွားတယ်၊ ကျသွားတယ်၊ ရာသီဥတုကြောင့် စိုက်ခင်းအခြေအနေတွေ ဘယ်လိုရှိတယ်၊ ကမ္ဘာ့အရေးအခင်းကြောင့် ဘာပစ္စည်းတွေ ဈေးနှုန်းပြောင်းသွားတယ်၊ ဘယ်နိုင်ငံက မြန်မာပြည်မှာလာပြီး ရင်းနှီးမြှုပ်နှံမယ်၊ ဒါဆိုရင် ဘာတွေအလားအလာ ကောင်းနိုင်တယ် စသည်စသည်ဖြင့် သိချင်ကြတာပါပဲ။ နောက်ဆုံး ဆိုက်ကားနင်းနေတဲ့လူ၊ အငှားကားမောင်းနေတဲ့လူတောင်မှ ဘယ်နေ့မှာ ဘယ်ဘောလုံးပွဲရှိတယ်၊ ဘယ်ဘောလုံးသမားက ဒဏ်ရာရနေတယ်၊ ဘယ်အသင်းကတော့ ဘယ်သူ့ကိုဝယ်လိုက်တယ်၊ ဒီနေ့ကန်မယ့်ပွဲကို ဘယ်ဂျာနယ်က ဘယ်လိုခန့်မှန်းထားတယ် စသည်ဖြင့် စိတ်ဝင်စားကြတာပါပဲ။

စာအုပ်တွေရဲ့တန်ဖိုး
ကျွန်တော်ပြောခဲ့သမျှတွေကို ပြန်စဉ်းစားကြည့်ရင် အဲဒီလို သိချင်တာတွေအားလုံးကို ကျွန်တော်တို့တွေ ဘယ်ကနေ ရယူနိုင်သလဲ။ စာအုပ်တွေထဲမှာ ရှိပါတယ်။ အကြောင်းအရာအမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ဗဟုသုတအမျိုးမျိုးဟာ စာအုပ်တွေထဲမှာ ရှိနေကြပါတယ်။ ဒါဆိုရင် ကျွန်တော်ပြောခဲ့သလို လူတိုင်းဟာ သိချင်စိတ်တွေနဲ့ ပြည့်နေကြတာဆိုတော့ အဲဒီလိုသိနိုင်တဲ့ စာအုပ်တွေကို ဖတ်ချင်စိတ် ရှိကြမယ်ဆိုတာ မလွဲလောက်ဘူး ထင်ပါရဲ့။ ဒါကြောင့် ကျွန်တော်က ရဲရဲဝံ့ဝံ့ ပြောတာပါ။ လူတိုင်းမှာ စာဖတ်ချင်စိတ် (သိချင်စိတ်) ရှိကြပါတယ်။

ဒီနေ့ခေတ် ဂျာနယ်တွေ သိပ်အဖိုးတန်တယ် (ဈေးကြီးတယ်)
ဒီနေ့ဂျာနယ်တစ်စောင်ရဲ့ ပျမ်းမျှဈေးနှုန်းဟာ ၅၀၀ ၀န်းကျင်မှာ ရှိပါတယ်။ တစ်နေ့ဝင်ငွေ ၁၅၀၀ ကျပ်ပဲ ရှိတဲ့လူတစ်ယောက်ဟာ ဂျာနယ်တစ်စောင် ၀ယ်ဖတ်ဖို့အတွက် ဘယ်လောက်စဉ်းစားရမလဲဆိုတာ စာဖတ်သူပဲ စဉ်းစားကြည့်ပါ။ ၁၀ ယောက်လောက်စုပြီး ၀ယ်ဖတ်ရင် အဆင်ပြေမှာပေါ့လို့ ပြောမယ့်လူတွေ၊ အကြံပေးမယ့်လူတွေ ရှိမှာပါပဲ။ အဲဒီဆယ်ယောက်ဟာ ၀ါသနာ ၁၀ မျိုးဖြစ်နေရင် ဘယ်နှယ့်လုပ်ကြမတုန်း။ တစ်ယောက်က ဘောလုံး၊ တစ်ယောက်က အနုပညာ၊ တစ်ယောက်က ဈေးကွက်၊ တစ်ယောက်က နိုင်ငံရေး၊ တစ်ယောက်က သတင်းမှသတင်း၊ တစ်ယောက်က အလှအပ၊ တစ်ယောက်က နည်းပညာ၊ တစ်ယောက်က မှုခင်းသတင်း၊ တစ်ယောက်က ကျန်းမာရေး၊ ကဲ… မခက်ချေဘူးလား။ အဲဒါကြောင့်ပြောပါတယ်။ စာဖတ်တာကောင်းတယ်။ စာအုပ်တွေ၊ ဂျာနယ်တွေလည်း ကောင်းကြတယ်။ အဲ… ဈေးနှုန်းတွေလည်း ကောင်းကြတယ်လေ။ (ဒါတောင် ပိုက်ဆံရှိပေမယ့် ၀ယ်ဖတ်လို့မရတဲ့ နေရာတွေအကြောင်း မပြောသေးပါဘူး။)

စာကြည့်တိုက်တွေကို အားကိုးရမလား
အမေရိကန်သမ္မတကြီး လင်ကွန်းဟာ ဘယ်နှမိုင်ဝေးတဲ့ နေရာမှာရှိတဲ့ စာကြည့်တိုက်မှာ စာအုပ်တွေ သွားငှားဖတ်တယ်။ မြန်မာပြည်က အထင်ကရ စာရေးဆရာကြီးဟာ စာဖတ်ချင်လွန်းလို့ ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုဒုက္ခတွေကြားကနေ ခရီးအဝေးကြီးသွားပြီး စာဖတ်ခဲ့တယ်။ ဘယ်ပညာရှင်ကြီးဟာ သူ့ဘ၀ရဲ့ အချိန်အများစုကို စာကြည့်တိုက်ထဲမှာ မြှုပ်နှံထားခဲ့တယ် စသည်ဖြင့် ပြောကြ၊ ဆိုကြ၊ ထောက်ပြကြ၊ ရေးသားကြမယ့်သူတွေ ရှိပါလိမ့်မယ်။ ဟုတ်ကဲ့… သူတို့က သူတို့ပါခင်ဗျာ။ ဒီနေ့ခေတ်မှာ တစ်ပတ်လောက် အလုပ်မလုပ်ဘဲ စာကြည့်တိုက်ထဲမှာချည်း သွားထို်င်ပြီး စာဖတ်နေလို့ရှိရင် အဲဒီလူဟာ ပညာရှင်ကြီး၊ သူဌေးကြီး၊ နိုင်ငံ့ခေါင်းဆောင်ကြီး ဖြစ်မဖြစ်တော့ ကျွန်တော်မသိပါဘူး။ သေချာတာကတော့ တစ်ပတ်လောက် ဘာမှမစားဘဲ အာဟာရပြတ်ပြီး သေနိုင်တာပါပဲ။ ကျွန်တော်တို့ နိုင်ငံရယ်မှ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလိုမှာ လူတိုင်းလူတိုင်းဟာ နေ့စဉ်လှုပ်ရှားရုန်းကန်ပြီး ဘ၀တိုက်ပွဲ ၀င်နေကြရတာပါ။ နေ့စဉ် အလုပ်မလုပ်တဲ့လူဟာ သူ့ဘ၀ရပ်တည်ချက်အတွက် ခက်ခဲစေတဲ့ အချိန်ကာလကြီးပါ။ ဒါဖြင့် ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးတွေက စာဖတ်နိုင်တာပေါ့လို့ ပြောစရာရှိပါတယ်။ မထင်လိုက်ပါနဲ့၊ ကျားကြီးရင် ခြေရာလည်း ကြီးတယ်လေဗျာ။

စာကြည့်တိုက်နဲ့ လက်ဖက်ရည်ဆိုင် ဘယ်လိုကွာ
ကဲ… နည်းနည်းလေး ဆက်စပ်ကြည့်ရအောင်ဗျာ။ စာကြည့်တိုက်တွေမှာ အဖိုးတန်စာအုပ်တွေ၊ နေ့စဉ်ထုတ် သတင်းစာတွေ၊ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ၊ လစဉ်ထုတ် မဂ္ဂဇင်းတွေ အခမဲ့ ဖတ်ရှုနိုင်တယ်။ ဒါပေမယ့် အဲဒီစာအုပ်တွေ၊ ဂျာနယ်တွေ၊ စာစောင်တွေကို ဖတ်ချင်တဲ့အခါ အဲဒီနေရာကို သီးသန့်သွားရတယ်။ မှတ်ပုံတင်ရတယ်။ ဟိုဖြည့်ဒီဖြည့်တွေ ဖြည့်ရတယ်။ တစ်ခါတလေမှာ ဟိုပေးဒီပေးတွေလည်း ပေးရတတ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီက စာကြည့်တိုက်တွေဟာ သွားချင်စရာ မကောင်းပါဘူး။ ကျွန်တော်ဆိုလိုတာက ဘယ်လိုလူပဲဖြစ်ဖြစ် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဝင်သောက်ဖို့၊ မသောက်ဘူးဆိုရင်တောင် ခဏ၀င်ထိုင်ပြီး ရေနွေးကြမ်းသောက်ဖို့၊ တစ်ဆိုင်လုံး လူပြည့်နေရင်တောင် စားပွဲဝိုင်းတစ်ခုခုရဲ့ နေရာလွတ်တစ်ခုခုမှာ ဒီနေရာမှာ ထိုင်ပါရစေနော်ဆိုပြီး ခွင့်တောင်းပြီး ၀င်ထိုင်ဖို့ ၀န်မလေးကြပါဘူး။ လက်ဖက်ရည်ဆိုင်ဆိုတာ လူတိုင်းအတွက် တံခါးဖွင့်ထားတဲ့နေရာတစ်ခုလို့ ခံယူထားကြတာကြောင့် ဖြစ်ပါတယ်။ အဲဒီဆိုင်မှာ ဘယ်သူတွေထိုင်နေလို့ မသွားရဲဘူး၊ ဘယ်လိုလူမျိုးတွေပဲ အဲဒီလက်ဖက်ရည်ဆိုင်မှာ ထိုင်တတ်ကြတာ စတဲ့ သိမ်ငယ်စိတ်တွေ မရှိတတ်ကြပါဘူး။ ခပ်လွယ်လွယ်ပြောရရင် လက်ဖက်ရည်ဆိုင်ဆိုတာ လူတိုင်းအတွက် တကယ့်ကို ပြောမနာဆိုမနာ ငယ်ပေါင်းရောင်းရင်း ဘော်ဒါကြီးလို့ ခံစားမှတ်ယူကြတာပါပဲ။

အဲ… စာကြည့်တိုက်တွေကျတော့ အဲဒီလို မဟုတ်ဘူးခင်ဗျ။ သွားချင်စရာကောင်းတဲ့ အချက်အလက်တွေ နည်းပါးနေတတ်တယ်။ အကြောင်းအချက် အမျိုးမျိုးနဲ့ တသီးတခြား ဖြစ်နေတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်ရဲ့ အားသာချက်တွေကို ပြောခဲ့ပြီးဖြစ်တဲ့အတွက် ဆက်စပ်စဉ်းစားပြီး နားလည်ကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို ဆိုတဲ့အတွက် စာကြည့်တိုက်တွေကို စော်ကားတာ မဟုတ်ပါဘူး။ စာကြည့်တိုက်နဲ့ လက်ဖက်ရည်ဆိုင်ရဲ့ သဘောသဘာဝဟာ မတူကွဲပြားခြားနားတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ စာကြည့်တိုက်ဆိုတာ ဆိတ်ဆိတ်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ စာဖတ်ရတဲ့နေရာ။ လက်ဖက်ရည်ဆိုင်ဆိုတာက အဲဒါနဲ့ ဆန့်ကျင်ဘက်။

ဆူညံလို့ စာဖတ်လို့မရတာမဟုတ်ဘူး၊ စာတကယ်မဖတ်လို့ ဆူညံနေတာ
ဒါပေမယ့် အဲဒီအယူအဆက တစ်သက်လုံး ကျွန်တော်တို့ ခံယူလာခဲ့တဲ့ အတွေးအခေါ်အဟောင်းကြီးပါ။ ကျွန်တော်ကတော့ အဲဒီအယူအဆကို ဆန့်ကျင်ပါတယ်။ စာကြည့်တိုက်ဆိုတာ ငြိမ်သက်ပြီး သရဲခြောက်မတတ် တိတ်ဆိတ်နေရမယ် ဆိုတဲ့အယူအဆကို လက်မခံပါ။ ဆိတ်ဆိတ်ငြိမ်ငြိမ်၊ အေးအေးဆေးဆေးမှ စာဖတ်လို့ရတယ်ဆိုတဲ့ အယူအဆကို ကျွန်တော်လက်မခံပါ။ ရထားတွေပေါ်မှာ၊ မြေအောက်ရထားတွေပေါ်မှာ၊ ဘတ်စ်ကားတွေပေါ်မှာ ခရီးသွားရင်း စာမဖတ်ကြဘူးလား၊ လက်ဖက်ရည်ဆိုင်မှာ စာမဖတ်ကြဘူးလား၊ ရှေ့တန်းစစ်မြေပြင်က ဗုံးသံတွေ၊ သေနတ်သံတွေကြားမှာ စာမဖတ်ကြဘူးလား။ ကျွန်တော့်အမြင်ကတော့ ဖတ်နေတဲ့စာထဲမှာ တကယ်ပဲ အာရုံဝင်စားနေတယ်ဆိုရင် အခြားသောအသံတွေဟာ အလိုလို အသံမဲ့နေပါလိမ့်မယ်။ ကိုယ့်ရဲ့စိတ်ကလေးက တစ်နေရာတည်းမှာ ရှိနေဖို့ပဲ လိုတာပါ။

ဒါဖြင့်ရင် စာဖတ်ခြင်းဟာ လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာလည်း လုပ်လို့ရတဲ့အလုပ်ပဲ။ စာဖတ်တာကို ဘယ်နေရာမှဖတ်မှ၊ ဘယ်လိုအနေအထားမှာဖတ်မှ၊ ဘယ်လိုအချိန်မှာဖတ်မှ စသည်ဖြင့် သတ်မှတ်မနေကြပါနဲ့။ အဲဒါတွေက အခွံအကာတွေသာ ဖြစ်ပါတယ်။ အနှစ်သာရက စာဖတ်ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်နေရာမှာပဲဖတ်ဖတ် စာဖတ်ဖြစ်ဖို့ကသာ အဓိကပါ။

ကျွန်တော့်အတွေးတွေ
မြို့တိုင်းရွာတိုင်းမှာ တည်ထောင်ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်တွေကို လက်ဖက်ရည်ဆိုင်တွေနဲ့ တွဲဖွင့်ရင်ဖွင့်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်တွေဘေးမှာ ဖွင့်လှစ်ရင် မကောင်းဘူးလား။ လက်ဖက်ရည်သောက်ရင်း သီချင်းနားထောင်မယ့်အစား စာကြည့်တိုက်က ဂျာနယ်တစ်စောင်ကို ဆွဲယူဖတ်ရှုနိုင်တာပေါ့။ ရသမျှအချိန်လေးမှာ ပညာရပ်ဆိုင်ရာ စာအုပ်တစ်ခုခုကို လေ့လာနိုင်တာပေါ့။ ငြင်းရင်းခုံရင်းနဲ့ ကိုးကားစရာလိုလာရင် ဘေးနားမှာပဲ အလွယ်တကူ ရှာဖွေပြောဆိုနိုင်တာပေါ့။ ကဲ… အဆင်မပြေဘူးလား။ လက်ဖက်ရည်ဆိုင်က တကယ့်ဘော်ဒါကြီး၊ စာကြည့်တိုက်ဆိုတာက ရတနာသိုက်၊ အဲဒီနှစ်ခု ပူးပေါင်းမိတဲ့အခါ အကျိုးမဖြစ်ထွန်းနိုင်ဘူးလား။
bookstea.gif

အကျိုးရှိမယ်ဆိုရင် ကိုယ့်ပေါင်က အသားကိုတောင် လှီးထုတ်ရတယ်
တစ်ခါတလေမှာ စည်းကမ်းတွေ၊ ဘောင်တွေကို လျစ်လျူရှုသင့်ရင် ရှုရမယ်လို့ ကျွန်တော်ထင်ပါတယ်။ စည်းပျက်ကမ်းပျက် ဖြစ်လို့ရတယ်လို့ ဆိုလိုတာမဟုတ်ပါ။ ဆိုပါတော့ လက်ဖက်ရည်ဆိုင်ဘေးမှာ စာကြည့်တိုက် ဖွင့်တဲ့အတွက် စာအုပ်တွေ ပေရေကုန်မှာ၊ စည်းကမ်းမရှိသူတွေကြောင့် ပျက်စီးပျောက်ဆုံးမှာ စတာစတာတွေကို စဉ်းစားနေမယ်ဆိုရင်တော့ ကျွန်တော့်အတွေးဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ လူတိုင်းလူတိုင်း စာဖတ်ကြစေချင်တယ်။ ဖတ်လို့ရအောင်လည်း ဖန်တီးပေးကြစေချင်တယ်။ ၅၀၀ ကျပ်တန် ဂျာနယ်တစ်စောင် ပျက်စီးပျောက်ဆုံးသွားတာထက် လူတစ်ယောက်ဖြစ်စေ၊ နှစ်ယောက်ဖြစ်စေ အဲဒီဂျာနယ်က အသိအမြင်တစ်ခုခု၊ အကျိုးကျေးဇူးတစ်ခုခု ရလိုက်တာက ပိုပြီးကျေနပ်စရာကောင်းတယ်၊ တန်ဖိုးထားအပ်တယ်လို့ မြင်မိပါတယ်။ မဆီမဆိုင်လို့ ဆိုရမလားပဲ။ တွေးမိတာတစ်ခုက မျက်နှာအစားထိုး ကုသတဲ့အခါ၊ လက်အစားထိုး ကုသတဲ့အခါမျိုးတွေမှာ ပေါင်ကအသားကိုလှီးပြီး အစားထိုးကုသတာကို သတိရမိတယ်။

ကျွန်တော့်အိပ်မက်
နိဂုံးချုပ်ပါ့မယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်ဖက်ရည်ဆိုင်တွေက စာကြည့်တိုက်ဆန်လာတဲ့အချိန်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်နဲ့ စာကြည့်တိုက်တွေ တွဲဖွင့်နိုင်တဲ့အချိန်၊ ဒါမှမဟုတ် စာကြည့်တိုက်တွေက လက်ဖက်ရည်ဆိုင်ဆန်လာပြီး မွေ့လျော်ပျော်မွေ့ဖွယ် ကောင်းတဲ့နေရာတွေ ဖြစ်လာတဲ့အချိန်ဟာ မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမယ်လို့ ယုံကြည်နေမိကြောင်းပါခင်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ အင်္ဂါနေ့။
နေ့လည် ၃ နာရီ ၁၇ မိနစ်တွင်ပြီး၏။

မှတ်မှတ်သားသား အဆိုအမိန့်များ - Quote of the day


luduseinwinquote.png

မယားဆိုးလင် အိမ်မခင် (သို့မဟုတ်) မယားဂျီကျ လင်နေမရ


လျှပ်တစ်ပြက်ဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၇)၊ စာမျက်နှာ (၂၀) မှာ ဖတ်လိုက်ရတဲ့ ဆောင်းပါးတစ်ပုဒ်ကို သဘောကျလို့ ပြန်လည်ဝေမျှလိုက်တာပါ။ ခေါင်းစဉ်က "လင်နှင့်မယား အချစ်ပွား ဂျီတိုက်ခြင်းဖယ်ရှား" တဲ့။ ရွတ်လို့ဆိုလို့ကောင်းသလို ခပ်ဆန်းဆန်းလေးခင်ဗျ။ ရေးတဲ့လူက ဦးဟန်ညွန့် (ဥပဒေ) ပါ။ သူကလည်း သူဖတ်ခဲ့ရတဲ့ စာအုပ်တစ်အုပ်ကို ပြန်ညွှန်းထားကြောင်း ရေးထားပါတယ်။ သူပြန်ညွှန်းတဲ့စာအုပ်က ဆရာချစ်စံဝင်း ရဲ့ "တူနှစ်ကိုယ်ချစ်" တဲ့။ ၁၉၉၃ ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာအုပ်လို့ ရှင်းပြထားပါတယ်။ အဲဒီအထဲကမှ သူသဘောကျတာလေးတွေကို ထုတ်နုတ်ပြီး ရေးသားတင်ပြထားတာပါ။ ကျွန်တော်ကိုဉာဏ်ကလည်း သူထုတ်နုတ်တင်ပြထားတဲ့အထဲကမှ ထပ်ပြီးတော့ ထုတ်နုတ်ပြီး (ထပ်ဆင့်ထုတ်နုတ်ပြီး) သဘောကျတာလေးတွေကို ဘလော့ဂ်မိတ်ဆွေတွေအတွက် ပြန်လည်ဝေငှလိုက်ခြင်းဖြစ်ကြောင်းပါ။ ပို့စ်ခေါင်းစဉ်ကိုတော့ ကျွန်တော်စိတ်ကူးမိသလို ပေးလိုက်ရခြင်းကို နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
* * * * * *
(ပို့စ်ခေါင်းစဉ်ကို မယားဆိုးလင် တအင်အင်လို့ ပေးခဲ့ပေမယ့် တစ်ယောက်ပြီးတစ်ယောက် ဘာအဓိပ္ပါယ်လဲလို့ မေးလာကြပါတယ်။ ကျွန်တော်လည်း အမှန်အတိုင်းပဲ ပြန်ဖြေရတာပေါ့။ လင်ဆိုးမယား တဖားဖားတို့၊ သားဆိုးမအေ တပေပေတို့ စတာတွေကို အတုယူပြီး မယားဆိုးလင် တအင်အင်လို့ ရေးလိုက်တာပါ။ အခုတော့ ပို့စ်နဲ့ သက်ဆိုင်မယ်ထင်ပြီး ပိုကောင်းမယ်ထင်တဲ့ ခေါင်းစဉ်တစ်ခု စဉ်းစားမိတာကြောင့် အခု အဲဒီအတိုင်းပဲ ပြောင်းရေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။)

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ အင်္ဂါနေ့။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း ၏ အဖြစ်အပျက်
ဇနီးက မြည်တွန်တောက်တီးနေသဖြင့် အိမ်ကထွက်ပြေးဖို့ ကြံမိသော လင်သားယောက်ျားများ ရှိတတ်ပါ၏။ ဥပမာ - ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း ဖြစ်ပါ၏။

တော်စတွိုင်းနှင့် ဇနီးတို့သည် တစ်ဦးနှင့်တစ်ဥိး ညားခါစ အလွန်ချစ်ခင်စုံမက်၏။ ပစ္စည်းကလည်း ချမ်းသာ၊ ဂုဏ်ဒြပ်ကလည်း ရှိ၊ သူတို့ဇနီးမောင်နှံသည် လိုလေသေးမရှိ ဖြစ်ခဲ့၏။ အလွန်ပျော်ရွှင်ဖွယ်ကောင်းသော အိမ်ထောင်ရေးဖြစ်၏။

တစ်ခါက တော်စတွိုင်းသည် မိမိရေးသားထားသော စာအုပ်များကို အဖိုးအခ မယူဘဲ ပုံနှိပ်ရန် ပေးလိုက်သောအခါ မိန်းမသည် သည်းမခံနိုင်တော့ဘဲ ဆူပူရာမှ တက်သွားခဲ့၏။ အတက်ကျသွားသောအခါ သူသည် ဘိန်းပုလင်းကိုကိုင်၍ သူ့ဟာသူ သတ်သေတော့မည်ဟု ခြိမ်းခြောက်၏။ ထိုနောက်ပိုင်းတွင် မိန်းမသည် တော်စတွိုင်းအား နည်းပေါင်းစုံဖြင့် နားပူနားဆာ လုပ်တော့ရာ အိမ်ထောင်သက် (၄၈)နှစ်တွင် တော်စတွိုင်းသည် သူ့မိန်းမအား မျက်နှာချင်း မဆိုင်ချင်လောက်အောင် စိတ်နာနေတော့၏။ တော်စတွိုင်း အသက် (၈၂) သို့ ရောက်သောအခါ သူသည် ဇနီးမိန်းမ၏ နားပူနားဆာလုပ်မှု၊ ဂျီတိုက်မှုတို့ကို လုံးဝ ခံနိုင်စွမ်းရည် မရှိတော့ဘဲ အိမ်မှ ထွက်ပြေးသွားခဲ့၏။ ထိုညက ဆီးနှင်းများလည်း ပြင်းထန်စွာ ကျလျက်ရှိရာ ခြေဦးတည့်ရာ ထွက်လာခဲ့သော တော်စတွိုင်းသည် အိမ်မှထွက်လာပြီး (၁၁)ရက် အကြာတွင် မီးရထားဘူတာရုံတစ်ခုတွင် အအေးမိကာ သေဆုံးသွားရှာ၏။

tolstorywife.jpg

တော်စတွိုင်းက သေအံ့ဆဲဆဲတွင် နောက်ဆုံးမေတ္တာရပ်ခံသွားသော စကားတစ်ရပ်မှာ "ကျုပ်မိန်းမကို ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ကျုပ်ဆီကို ခေါ်မလာဖို့ပါပဲ" ဟူ၍ ဖြစ်ပါ၏။
- - - - - - - -

အမေရိကန်သမ္မတကြီး လင်ကွန်း ၏ အဖြစ်အပျက်
ဂျီတိုက်မှုကို ဆရာကြီးတော်စတွိုင်း တစ်ဦးတည်း ခံခဲ့ရသည်မဟုတ်။ လင်ကွန်းဆိုသော အမေရိကန် သမ္မတကြီးသည်လည်း သူ့ဘ၀တွင် ဇနီး၏ အဆိုးဆုံးဂျီတိုက်မှုများကို ခံခဲ့ရသူ ဖြစ်ပါ၏။

လင်ကွန်း၏ ဇနီး မေရီတော့သည် ဂျီတိုက်ရာတွင် ပထမတန်းစားထဲ၌ ပါဝင်သော သမ္မတကတော်တစ်ယောက် ဖြစ်၏။ မေရီတော့က သမ္မတကြီးလင်ကွန်းအား ဘာမှ ဂျီတိုက်စရာမရှိလျှင် "ရှင်ဟာ… နားရွက်ကလည်း ကြီးနေသေးရဲ့၊ နှာခေါင်းကလည်း ကောက်၊ အောက်နှုတ်ခမ်းကြီးကလည်း တွဲကျပြီး ကိုယ်လုံးကိုယ်ပေါက်ဟာ ရှူနာရှိုက်ကုန်းသည်နဲ့ တူတယ်။ လက်တွေ၊ ခြေတွေက သိပ်ကြီးပြီး ခေါင်းကလည်း သိပ်သေးတာပဲ" စသည့် စကားများဖြင့် ဂျီတိုက်နေတတ်၏။

lincolnmarytodd.jpg

မေရီတော့သည် လင်ကွန်းနှင့် ညားပြီး၍ မကြာမီကာလ၌ လူအများ၏ရှေ့တွင် ကော်ဖီပူပူနှင့် မျက်နှာကို ပက်ဖူး၏။ မစ္စက်လင်ကွန်းသည် အစဉ်သဖြင့် ကျယ်လောင်သောအသံဖြင့် ဒေါသတကြီး အမြဲတမ်း ကြိမ်းမောင်းနေတတ်၏။ မစ္စက်လင်ကွန်းသည် ဒေါသထွက်လာပါက အော်ဟစ်ဆူပူရုံသာမက မကြာခဏ ကိုယ်ထိလက်ရောက် ကျူးလွန်တတ်၏။ ထို့ကြောင့်လည်း လင်ကွန်းသည် ရှေ့နေလိုက်ရာ၌ တစ်နှစ်တွင် ခြောက်လလောက် အိမ်သို့ပြန်မလာဘဲ ဟိုတယ်များတွင် ဖြစ်သလိုတည်းကာ နေတတ်၏။ လင်ကွန်းသည် အလွန်ဝေးလံသော မြို့များမှ ရှေ့နေငှားသူတို့၏ အမှုများကို ၀မ်းမြောက်ဝမ်းသာ လက်ခံ၍ လိုက်တတ်၏။ မိန်းမနှင့် ဝေးဝေးနေရလေ လင်ကွန်းအဖို့ သက်သာရာသက်သာကြောင်း ဖြစ်လေ့ရှိ၏။ ထိုခေတ်က ဟိုတယ်များသည် တည်းခိုချင်စရာ မကောင်းလောက်အောင် အခြေအနေဆိုး၏။ လူများကလည်း မလွှဲသာမှ တည်းခိုတတ်ကြရာ လင်ကွန်းသည်လည်း မလွှဲသာသော လူတစ်ယောက်ဖြစ်ခဲ့၏။ လင်ကွန်းက "နားပူနားဆာ လုပ်ခြင်းသည် အမျိုးသမီးတို့အတွက် သူတို့အား အသည်းကွဲလောက်အောင် ချစ်ပါသည်ဟု ကတိပေးထားသော ယောက်ျားများက ထိုကတိကို ရုပ်သိမ်းကာ ယင်းတို့အနီးမှ ဝေးသည်ထက်ဝေးအောင် ထွက်ပြေးကြ၍ မိမိအား မရှုချင်၊ မမြင်ချင်လောက်အောင် ဖြစ်ရသည်မှလွဲ၍ နားပူနားဆာလုပ်ခြင်းသည် အခြားအကျိုးကျေးဇူး ကြီးကြီးမားမား သိပ်မရှိလှပါ" ဟု ဆိုလေ၏။

သတ္တိဆိုတာ - ဖေမြင့်


…………
"အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ ယူဆတယ်ပေါ့"
သူမက မေးသည်။
"ဟုတ်တယ်"
"အင်းလေ… ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ဒါပေမယ့် သတ္တိရှိတယ်ဆိုရင်လည်း အဲဒီလို ရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကြောင့်လို့ ဆိုရမှာပါ၊ ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ်"

* * * * * * * *

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ စတင်းဖို့ဒ် ဆေးရုံမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ လီဇာဆိုတဲ့ လူနာမိန်းကလေးတစ်ယောက် ကျွန်မတွေ့ရတယ်။ သူကလေးက အင်မတန်ဖြစ်ခဲတဲ့ ရောဂါဝေဒနာဆိုးတစ်မျိုးကို ခံစားနေရတာ၊ သူ နာလန်ပြန်ထူလာဖို့အတွက်က အသက်ငါးနှစ်ပဲ ရှိသေးတဲ့ သူ့မောင်လေးဆီက သွေးကို သွင်းပေးတဲ့နည်းလမ်း တစ်ခုပဲရှိတော့တယ်။ ဒီမောင်လေးက သူကိုယ်တိုင် သူ့အစ်မရဲ့ရောဂါမျိုး ဖြစ်ခဲ့ဖူးပြီး ထူးခြားအံ့သြဖွယ် ပြန်ကျန်းမာ ရှင်သန်လာခဲ့သူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေလည်း သူ့ရဲ့သွေးထဲမှာ ဖြစ်ပေါ်ခဲ့တယ်။ ဆရာဝန်က ဒီကလေးကို သူ့အစ်မရဲ့ ရောဂါအခြေအနေအကြောင်း ရှင်းပြပြီး အစ်မအတွက် သူ့သွေးကို ပေးလိုတဲ့ဆန္ဒ ရှိသလားလို့ မေးတယ်၊ ကောင်လေးဟာ ခဏတော့ တွေသွားတာ ကျွန်မ သတိထားမိတယ်။ အဲဒီနောက် သက်ပြင်းတစ်ချက် ရှိုက်ပြီး သူပြန်ဖြေတယ်။ "မမအသက်ကို ကယ်နိုင်မယ်ဆိုရင် ကျွန်တော် ပေးပါ့မယ်" တဲ့။

အဲဒါနဲ့ သူ့ဆီက သွေးကို သွင်းတဲ့အခါ အစ်မကုတင်ဘေးမှာ သူလည်း ခုတင်တစ်လုံးနဲ့ လှဲရင်း ကြည့်နေတယ်။ ကောင်မလေးပါးပြင်မှာ သွေးရောင်သန်းလာတော့ ကျွန်မတို့ ကြည့်နေသူတွေ အားလုံးနည်းတူ သူလည်း ပြုံးနေတာပဲ၊ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလည်း ပြယ်သွားတယ်။ ပြီးတော့ ဆရာဝန်ကို မော့ကြည့်ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့ သူ မေးရှာတယ်။ "ကျွန်တော် အခုတစ်ခါတည်း သေသွားတော့မှာလား" တဲ့။

ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာကို ကောင်းကောင်း သဘောမပေါက်ဘူး။ သူက သူ့အစ်မအတွက် သွေးပေးရမယ်ဆိုတာ သူ့သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ ထင်ထားတာကိုး

"အဲဒါပါပဲ၊ သတ္တိစိတ် မွေးပေးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလည်း သတ္တိဆိုတာ ရှိတတ်လာခဲ့တာပါ"

ကျန်းမာရေးအတွက် လက်ဆောင်စကား (၂) ခွန်း (ကျန်းမာရေးအသိအမြင်)


လူတိုင်း ကျန်းကျန်းမာမာဖြစ်စေချင်တယ်။ အရေးကြီးဆုံး စကားနှစ်ခွန်းလောက် လက်ဆောင်ပေးခဲ့မယ်။ ရှိသမျှဆေးဝါးတွေထက် ပိုပြီး ကောင်းတယ်။ ဘယ်လိုစကားနှစ်ခွန်းပါလဲ။

(တစ်)
ထမင်းစားရင် ခုနစ်ပုံရှစ်ပုံ ၀ရုံလောက်ပဲ စားပါ။
အဓိပ္ပါယ်ကတော့ ထမင်းဝိုင်းက ခွာလိုက်တဲ့အချိန်မှာ နည်းနည်းလေး ဆာနေသေးတယ်။ ထပ်ပြီး စားချင်သေးတယ်။ ဒီအချိန်မှာပဲ ထမင်းဝိုင်းကနေ ခွာထွက်သွားရမယ်။ အဲဒါဟာ "ခုနစ်ပုံ ရှစ်ပုံ ၀ရုံ" ဆိုတာပါပဲ။

(နှစ်)
လှေကားတက်ပါ။ လမ်းလျှောက်ပါ။ အနှေးပြေးပါ။
ကိစ္စရှိလို့ သွားတာလာတာ လမ်းလျှောက်သွားပါ။ အပေါ်ထက်တက်တာ ဓာတ်လှေကားမစီးဘဲ ခြေလျင်လျှောက်တက်ပါ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး အားကစားနည်းဟာ လမ်းလျှောက်ခြင်းပါပဲ။ စင်စစ်အားဖြင့် ပုံမှန်ကျန်းမာရေးလှုပ်ရှားမှုဟာ ဆီးချိုရောဂါကို ကာကွယ်နိုင်တယ်။ သွေးတိုးရောဂါကို ကာကွယ်နိုင်တယ်တဲ့။

အိပ်မက်အကျိုးပေးအဟော (၁-၁၀)


dreamoc.jpg
၁။ သစ်သီးမှည့်၊ သခွားသီးမှည့် စားမက်သော်လည်းကောင်း၊ လက်သုပ်အမြိန်၊ အရသာ စားမက်သော်လည်းကောင်း၊ အုန်းသီး၊ ထန်းသီး စားမက်သော်လည်းကောင်း လာဘ်ရအံ့။
၂။ ရှောက်သီး၊ သံပုရာသီး စားမက်သော် သတ္တရုရန်ပျောက်အံ့။
၃။ မန်ကျည်းသီး စားမက်သော် သူကောင်းဖြစ်အံ့။
၎။ ငရုတ်၊ ချင်း စားမက်သော် သူတကာတို့ဆရာဖြစ်အံ့။
၅။ ဟင်းမျိုး၊ သားငါး စားမက်သော်လည်းကောင်း၊ အရွက်ဟူသမျှ စားမက်သော်လည်းကောင်း လာဘ်ရအံ့။
၆။ လိပ်၊ ငါး စားမက်သော် စပါး၊ ဆန်ရေများအံ့။
၇။ လိပ်ဥ၊ ဖွတ်ဥမှစ၍ ဥမျိုးမှန်သမျှ စားမက်သော် ဆင်းရဲသော်လည်း ကြွယ်ဝချမ်းသာဖြစ်အံ့။
၈။ မြေခဲ စားမက်သော် မင်းက လာဘ်ကြီးပေးအံ့။
၉။ သူကောင်စားမက်သော် စစ်သူကြီးဖြစ်အံ့။
၁၀။ ထမင်းစားမက်သော် လာဘ်ရအံ့။

ပုတ္တောဝါဒ ဆုံးမစာ (အဘက သားကို ဆုံးမခန်း)


(၁)
"ပန်း၏ပမာ"၊ ဤလင်္ကာတွင်၊ မာတာပိတ၊ ဆိုဆုံးမသား၊ ထိုစကားကို၊ မှတ်သားကုန်ကြ၊ မိန့်လိုက်ပြအံ့၊ မွေးဘလက်ရုံး၊ မြပန်းကုံးသို့၊ နှလုံးဝမ်းက၊ ချစ်နိုးလှသည်၊ သားလှရွှေတောင်၊ ဘသည်းခေါင်၊ နားထောင်၍သာ၊ စေ့စေ့နာလော့၊ မိရာဘရည်၊ တည်မည်အကြောင်း၊ ကောင်းသားကျင့်ဝတ်၊ စာအတတ်ကို၊ သားမြတ်ယခု၊ တတ်ကြောင်းပြုလော့၊ ဗဟုသုတ၊ မရှိကမူ၊ နောင်တဆယ်ကြိမ်၊ ညှိုးပိန်မျက်နှာ၊ ပွဲမှာမ၀င်၊ ပြင်မှာမရောက်၊ တောမှာမျောက်သို့၊ ခြေထောက်လက်စုံ၊ ရှိပါတုံလျက်၊ လူပျက်လူနှမ်း၊ လူပေါက်ပန်းနှင့် လူသွမ်းလူပေါ့၊ ထဲသော့သော့ဟု၊ ကဲ့ရဲ့ပြုလိမ့်။ ညီပုရှက်မည်ထင်၏တည်း။
(၂)
"ထို့ကြောင့်သားထွေး"၊ ငယ်ထွေးလေးက၊ လူရေးလူရာ၊ ရှိစိမ့်ငှာဟု၊ ကျောင်းမှာမြဲနေ၊ စာပေသင်သင်၊ သို့လျှင်သို့ဖတ်၊ သို့မှတ်သို့ရေး၊ သို့မေးသို့ဖြေ၊ သို့နေသို့ထိုင်၊ သို့ကိုင်သို့ကြွ၊ သို့ကွသို့ကုန်း၊ သို့သုံးသို့စွဲ၊ သို့လဲသို့ထား၊ သို့စားသို့သောက်၊ သို့လျှောက်သို့ဆို၊ သို့ကိုသို့ကျင့်၊ သို့နှင့်သို့လျှိုး၊ သို့ရှိခိုးဟု၊ မြတ်နိုးလှစွာ၊ ညီ့ဆရာက၊ မိန့်သမျှကို၊ ညီလှမင်းရွှေ၊ မမေ့စေနှင့်၊ စေ့ရေမွေးဘ၊ မှာသမျှကို၊ ညီလှရွှေနား၊ ချပ်ခါထား၍။ သည်းဖျားမှတ်စေချင်၏တည်း။
(၃)
"သည်းဖျားမှတ်စိမ့်"၊ တဖန်မိန့်အံ့၊ နှစ်သိမ့်ဝမ်းသာ၊ ညီနားနာလော့၊ လူရွာလျှပ်ပေါ်၊ ရွှင်မြူးပျော်သည်၊ သူတော် မဟုတ်၊ လူယုတ်သူသောင်း၊ လူဗူးတောင်းနှင့်၊ မကောင်းမှုများ၊ နေ့တိုင်းပွားသည်၊ သောက်စားယစ်ဝ၊ လူ့ဗာလက၊ စသည်လူတွင်၊ လူလေဖင်နှင့်၊ ပျော်ရွှင်စကား၊ လူမိုက်များတို့၊ ပေါင်းညားရံခါ၊ နီးယှဉ်လာလည်း၊ ဝေးစွာသားလှ၊ ခွါနိုင်မှတည့်၊ သားလှကိုယ်ကျိုး၊ စုံပြည့်ဖြိုးလိမ့်၊ ကြိုးလေသားလှ၊ မှာသမျှကို၊ မချမြေ၀ယ်၊ အပယ်နှင့်ကား၊ ဘစကားကို၊ ရွှင်အားရ၍။ သားလှမှတ်စေချင်၏တည်း။

ဥပဒေသိက လူရေးလှ - ဦးကျော်ဇေယျ


အမေး။
သွာနုတ္တသားသမီး ဖြစ်သည့်အချက် ထင်ရှားလျှင် မိဘအမွေ ဆက်ခံရန် ဆုံးရှုံးသည်ဖြစ်ရာ ယင်းဆုံးရှုံးမှုသည် မြေးများတိုင်အောင် အကျုံးဝင်သလား။
အဖြေ။
သွာနုတ္တသားသမီး ဖြစ်သည်မှာ ထင်ရှားလျှင် မိဘအမွေ ဆက်ခံရန် ဆုံးရှုံးသော်လည်း အဆိုပါသားသမီးမှမွေးသည့် မြေးများသည် အဘိုးအဘွား၏ အမွေကို ဆက်ခံခွင့်ရှိသည်။


အမေး။
မုသားသက်သေခံရန် မောင်မောင်က မောင်ဘကို လှုံ့ဆော်သည်။ သို့သော် မောင်ဘက မုသားသက်သေ မပြု။ ယင်းအတွက် မောင်မောင်တွင် အပြစ်ရှိပါသလား။
အဖြေ။
မောင်မောင်သည် ပြစ်မှုကို ကျူးလွန်ရာရောက်သည်။ အပြစ်ရှိသည်။

အမေး။
လင်သည် မယား၏ ခွင့်ပြုချက်ဖြင့် ရဟန်းပြု (ဒုလ္လဘရဟန်းမဟုတ်) ပြီး လူပြန်ထွက်သော် လင်ခန်း မယားခန်း ပြတ်သလား၊ မယားစရိတ်ပေးရန် လိုသလား။
အဖြေ။
လင်သည် မယား၏ သဘောတူညီချက်ဖြင့် ရဟန်းပြုသည်။ (ဒုလ္လဘရဟန်းမဟုတ်) လေးနှစ်ကျော်သည့်အခါ ထိုသူ လူထွက်လာရာ မယားက မယားနှင့်ကလေးစရိတ်ရလိုကြောင်း လျှောက်ထားသည်။ ၎င်းအမှုတွင် ယောက်ျားသည် မယား၏ သဘောတူညီချက်ဖြင့် လူ့လောကကို စွန့်ခွာရန် ရည်ရွယ်၍ ရဟန်းဘောင်သို့ ကူးဝင်ခြင်းဖြစ်သောကြောင့် လင်ခန်းမယားခန်း ပြတ်စဲခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် မယားတွင် စားစရိတ်ရပိုင်ခွင့်မရှိ၍ ကလေးစရိတ်သာရသည်။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


ရှောင်တိမ်းမနေချင်နဲ့
"ငါ သေရဦးမယ်၊ တစ်နေ့ သေရမယ်" ဆိုတာ အမြဲ သတိရှိကြ။ "မသေပါဘူး" လို့များ တွေးမထားနဲ့။ မလွတ်နိုင်တဲ့လမ်းကို ရှောင်တိမ်းမနေချင်နဲ့၊ ရှောင်တိမ်းနေလို့လည်း မလွတ်နိုင်ပါဘူး။

အဆောက်အအုံကောင်းဖို့ထက်
သာသနာပြုပုဂ္ဂိုလ်ဆိုတာကို ပိုက်ဆံနဲ့ ၀ယ်ယူလို့ ရတာမဟုတ်ဘူး။ ကျောင်းကို မီးလောင်သွားရင် ပြန်ဆောက်လို့ရတယ်။ သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်တစ်ပါး လျော့သွားလျှင် အစားထိုးဖို့ မလွယ်ဘူး။ အဲဒီလို အဆောက်အအုံကောင်းဖို့ထက် ပုဂ္ဂိုလ်ကောင်းဖို့ ပိုပြီးလိုအပ်တယ်။

လူတွေကို အကျိုးပြုပေးနိုင်မှ
သာသနာတော်ကို သူဌေးသူကြွယ်များက ကြည်ညိုရုံနဲ့ အရာမထင်နိုင်သေးဘူး။ တိုင်းသူပြည်သားက ကြည်ညိုမှ ထွန်းထွန်းပေါက်ပေါက် အရာထင်နိုင်ပါတယ်။ "အရာထင်တယ်" ဆိုတာကလည်း ဘုန်းကြီးတွေ အရာရောက်မှသာ အရာထင်နိုင်တာပဲ။ "အရာရောက်အောင်" ဆိုတာကလည်း လူတွေကို အကျိုးပြုပေးနိုင်မှ ရောက်မှာပဲ။
"အကျိုးပြုပေးမယ်" ဆိုတာ ၀ိနည်းတော်နဲ့ မထိခိုက်စေဘဲ ပညာသင်ပေးတာတို့၊ ယဉ်ကျေးမှုအတွက် ရှေ့ဆောင်လုပ်ပေးတာတို့၊ အသိဉာဏ်ဖွင့်ပေးတာတို့ကို ဆိုလိုတာပါ။ မျက်နှာလို မျက်နှာရ အောက်ကျနောက်ကျ လုပ်ရမယ်လို့ မဆိုလိုပါဘူး။
နိုင်ငံအုပ်ချုပ်တဲ့ သူများကလည်း တိုင်းရေးပြည်ရေးကို မျက်ခြည်မပြတ်ရသလို သာသနာရေးကိုလည်း လွှတ်မထားရဘူး။ နှစ်ဖက်စလုံး ညီမျှမှ တိုးတက်နိုင်ပါတယ်။

Saturday, October 16, 2010

မြန်မာပြည်ရောက် ယနေ့နိုင်ငံခြားသားတို့၏ မာယာပရိယာယ် - ဒေါက်တာထွန်းဝင်း


မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်လွန်လောက်ကတည်းက အပြည်ပြည်ဆိုင်ရာ INGO များ လာရောက်လုပ်ကိုင်ကြရာ ယခုဆိုလျှင် ဆယ်စုနှစ်တစ်ခုကို ကျော်ဖြတ်၍ ဆယ်စုနှစ် နှစ်ခုထဲ ၀င်ရောက်ကြပြီ ဖြစ်ပါသည်။ ကျွန်တော်သည် INGO နှင့် UN စီမံကိန်းတို့၌ ၁၀ နှစ် လုပ်ကိုင်ခဲ့ဖူး၍ နိုင်ငံခြားသားတို့၏ ပရိယာယ်အချို့ကို လေ့လာခွင့်ရခဲ့ပါ၏။ ဤဆောင်းပါကို ရေးရခြင်းရည်ရွယ်ချက်မှာ သူတို့ကောင်းကွက်ကို အတုယူ၊ မကောင်းသည်ကို သင်ခန်းစာယူ၍ မိမိတို့လည်း လှည့်ဖြားခြင်း မခံရစေရန် ဖြစ်ပါ၏။

Interesting (စိတ်ဝင်စားဖို့ကောင်းတယ်) ဆိုတာ ဘာလဲ
ကျွန်တော်သည် ၂၀၀၀ ပြည့်နှစ်က UN အေဂျင်စီတစ်ခုတွင် အမျိုးသားစီမံကိန်း အရာရှိအဖြစ် အမှုထမ်းနေစဉ် ကျွန်တော်အသုံးမကျကြောင်း ကျွန်တော့်ကို တိုင်ထားသည့် စာတစ်စောင် ရုံးချုပ်ကိုရောက်လာသည်။ သို့နှင့် ကျွန်တော့်ကို စစ်ဆေးရန် မစ္စလာလီသာဆိုသော အိန္ဒိယအမျိုးသမီးကြီးတစ်ဦး ရောက်လာသည်။ ကျွန်တော်တို့ လုပ်နေသည့် စီမံကိန်းအကြောင်းကို ခရေစေ့တွင်းကျ ရှင်းပြရသည်။ ရှင်းပြအပြီးမှာတော့ အိန္ဒိယအမျိုးသမီးကြီးက Interesting (စိတ်ဝင်ဝင်စားဖို့ကောင်းတယ်) ဟု ပြော၏။ ကျွန်တော်ကတော့ သြော် - ငါပြောတာ သူ စိတ်ဝင်စားသားပဲဟု ပီတိဖြစ်မိပါ၏။ သို့သော် နောက်မှသိရတာက သူတို့က "မင်းပြောတာကို ငါ သဘောမကျဘူး" (I don't agree with you) ဟု ပြောချင်သည်။ သို့သော် အားနာလို့ မပြောဘဲ 'Interesting' ဟု ပြောလေ့ရှိသည်။ ဘာပဲဖြစ်ဖြစ် သူမက တစ်ဖက်သား စိတ်ချမ်းသာအောင် ပရိယာယ်သုံးသည်မှာ အတုယူထိုက်ပါသည်။

ထောက်ခံစာပေးခြင်း ပရိယာယ်
တစ်ခါတုန်းက INGO တစ်ခုမှ မြန်မာအရာရှိတစ်ယောက်က စည်းကမ်းကြီးပြီး စည်းကမ်းဖောက်သည့် လက်အောက်ငယ်သားကို တင်းတင်းကျပ်ကျပ် အရေးယူလေ့ ရှိပါသည်။ သို့သော် နိုင်ငံခြားသားကတော့ စည်းကမ်းဖောက်သည်ကို ခွင့်လွှတ်စေချင်သည်။ ဤအချက်ကြောင့် နိုင်ငံခြားသားနှင့် မြန်မာအရာရှိ သိပ်မတည့်တော့ပါ။ သို့ဖြစ်ရာ မြန်မာအရာရှိက နုတ်ထုတ်လွှာ တင်တော့မည်။ နုတ်ထွက်လွှာ တင်သည့်အချိန်တွင် မြန်မာအရာရှိက နိုင်ငံခြားသားကို "ငါ့ရဲ့ နောက်ထပ်အလုပ်သစ်အတွက် မင်း ငါ့ကို ထောက်ခံစာ ရေးပေးနိုင်မလား" ဟု မေးသည်။ နိုင်ငံခြားသားက ရေးပေးမည်ပြောပြီး "ဤသူသည် စီမံခန့်ခွဲရေး အားနည်းသော်လည်း သူ၏ အလုပ်ကြိုးစားပုံမှာ အထူးချီးမွမ်းထိုက်ပါ၏" ဟု ရေးသည်။ သူရေးပုံကို တဲ့တိုး ပြန်ရေးရလျှင် "အလုပ်တော့ ကြိုးစားတယ်။ စီမံခန့်ခွဲရေးတော့ အသုံးမကျဘူး" ဟု ရေးသလိုဖြစ်နေသည်။ ဒီလို ထောက်ခံစာယူပြီးနောက် အလုပ်သစ်လျှောက်လို့ ဘယ်လိုလုပ်ပြီး အလုပ်ရမှာလဲ။

ဒီတော့ မြန်မာအရာရှိက ပြောသည်။ "မင်းရေးတဲ့ ထောက်ခံစာပုံစံနဲ့ ငါက ဘယ်လိုလုပ်ပြီး အလုပ်သစ်ရမှာလဲ" မေးတော့ နိုင်ငံခြားသားဖြေတာက "ငါ ရိုးသားချင်တယ်၊ ထောက်ခံစာမှာ မညာချင်ဘူး" ဟု ဖြေသည်။ ဒီတော့ မြန်မာက "မင်း ကတယ်ရိုးသားချင်ရင် မင်းဟာ ငါ့ကို ထောက်ခံစာ ရေးမပေးနိုင်ဘူးလို့ ဗြောင်ငြင်းရမှာပေါ့။ လှည့်ဖြားထားတဲ့ ထောက်ခံစားကြီးက ရိုးသားတာမှမဟုတ်ဘဲ၊ ပရိယာယ်ထောက်ခံစားကြီး ဖြစ်တယ်" ဟု ပြောပြီး သူ့ထောက်ခံစာကို မယူတော့ဘဲ သူ့ကို ပြန်ပေးလိုက်သည်။

ထောက်ခံစာမပါဘဲ အလုပ်သစ်လျှောက်တော့လည်း ရတာပါပဲ။ ပတ္တမြားမှန်လျှင် နွံမနစ်ပါဘူး။ လှည့်ဖြားထားသည့် ထောက်ခံစာကြီးနှင့် အလုပ်လျှောက်မိလျှင် ရမည်မဟုတ်ပါ။ ဒီနေရာမှာ မြန်မာတွေက သူတို့ပရိယာယ်ကို သိဖို့လိုသည်။

ပရိယာယ်ဖြင့် အလုပ်ဖြုတ်ပုံ
တစ်ခါက မတင်တင် (နာမည်လွှဲထား) ဆိုသူ ငွေစာရင်းကိုင် မိန်းကလေးတစ်ယောက် INGO မှာ အမှုထမ်းသည်။ ပြဿနာတစ်ခုပေါ်တာက INGO ၏ ကျေးလက်ဝန်ထမ်းတွေ ငွေကြေးအလွဲသုံးမှု ကိစ္စတစ်ခုကို မတင်တင်က သိလျက်နှင့် သတင်းမပို့ဘဲ ဖုံးဖိထားသည်။ ထို့ကြောင့် မတင်တင်ကို အလုပ်ဖြုတ်ဖို့ အကြောင်းပေါ်လာသည်။ ဒီနေရမှာမှာ စကားမစပ် ပြောချင်တာက INGO ၀န်ထမ်းဆိုတာ ယာယီဝန်ထမ်းသာ ဖြစ်ပါသည်။ တစ်နှစ် ကန်ထရိုက်စာချုပ်ဖြင့် အလုပ်လုပ်ရသည်။ ယင်းကိစ္စဖြစ်သည်နှင့် မတင်တင်က တစ်နှစ်စာချုပ်ဖြင့် အလုပ်လုပ်ရာမှာ ၁၁ လ အလုပ်လုပ်ပြီးနေပြီ။ နောက်ထပ်တစ်လကြာလျှင် စာချုပ်သက်တမ်း တိုးရမည်ဖြစ်သည်။ မတင်တင်ကို ကျေးဇူးတင်လွှာရေးပြီး အလုပ်ဖြုတ်ပုံက ဒီလိုပါ။

သို့... လေးစားအပ်ပါသော မတင်တင်ခင်ဗျား
ရှေးဦးစွာ ပဏာမပြောလိုတာကတော့ မတင်တင်ဟာ ကျွန်ုပ်တို့ INGO မှာ စွမ်းစွမ်းတမံ အလုပ်လုပ်ခဲ့၍ ကျေးဇူးတင်ကြောင်းပါပဲ။ မတင်တင်ရဲ့ ဆောင်ရွက်ချက်တွေဟာ အမှန်တကယ် အကျိုးရှိခဲ့ပါတယ်။ ယခုအခါ မတင်တင်က ကန်ထရိုက်လုပ်သက် ၁၁ လ လုပ်ခဲ့ပြီဖြစ်လို့ နောက်တစ်လကြာရင် ကန်ထရိုက်စာချုပ် သက်တမ်းကုန်တော့မှာ ဖြစ်ပါတယ်။ ကန်ထရိုက်စာချုပ်သက်တမ်း ပြည့်တဲ့အခါ မတင်တင်အနေနဲ့ အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိပါစေလို့ ဆုတောင်းအပ်ပါသည်။ ကန်ထရိုက်ကုန်၍ မတင်တင် ကျွန်ုပ်တို့ INGO မှ ထွက်သွားပြီး နောက်ပိုင်းတွင်လည်း ကျွန်ုပ်တို့သည် မတင်တင်အား အမြဲသတိရနေမည် ဖြစ်ပါကြောင်း။

ခင်မင်မှုဖြင့်
MR .................
....................INGO
ဟူ၍ ဖြစ်သည်။

ဤသည်မှာ ပရိယာယ်များဖြင့် အလုပ်ဖြုတ်ခြင်း ဖြစ်သည်။

ပရိယာယ်ဖြင့် နုတ်ထွက်ခွင့်ပြုအမိန့်စာပေးပုံ
တစ်ခါတုန်းက INGO တစ်ခုတွင် မြန်မာတစ်ယောက်နှင့် နိုင်ငံခြားသားတစ်ယောက် ရန်ဖြစ်ကြပါသည်။ ဒီတော့ နိုင်ငံခြားသားက မြန်မာကို ခြိမ်းခြောက်သည်။ "မင်းထွက်ရင် ထွက်၊ မထွက်ရင် ငါက ထုတ်ပစ်မယ်" ဟုဆိုသည်။ သို့ဖြင့် မြန်မာက နုတ်ထွက်လွှာ တင်လိုက်သည်။ နုတ်ထွက်ခွင့်ပြုကြောင်း ရေးသည့်စာမှာ

သို့... ခင်မင်ရပါသော ဦး......... ခင်ဗျား
သင်၏ နုတ်ထွက်လွှာကို လက်ခံရရှိပါတယ်။ ရှေးဦးစွာ ပြောချင်တာတော့ သင်မနုတ်ထွက်မီ သင်၏ ကြိုးစားအလုပ်လုပ်ပုံအတွက် ကျွန်ုပ်တို့ INGO က ကျေးဇူးတင်ကြောင်းပါ။ ကျွန်ုပ် မေတ္တာရပ်ခံချင်တာကတော့ သင့်အား ကျွန်ုပ်တို့ အပ်နှံထားသော ရုံးသုံးပစ္စည်း၊ ကွန်ပျူတာ၊ ဆိုင်ကယ်၊ စာရေးကိရိယာများကို သက်ဆိုင်ရာဝန်ဝန်ထမ်းအား လွှဲပြောင်းပေးပါရန် ပြောကြားလိုပါတယ်။
ခင်မင်မှုဖြင့်
MR .................
....................INGO


ဟုဆိုသည်။ ဖုတ်ပူမီးတိုက် ပစ္စည်းများအပ်ခိုင်းသည် ဆိုသည်မှာ အလုပ်သစ်လျှောက်လွှာတွင် ပူးတွဲတင်လေ့ရှိသော နုတ်ထွက်ခွင့်တွင် ထည့်ရေးလေ့မရှိပါ။ ထိုသို့ရေးခြင်းဖြင့် ဒီဝန်ထမ်းမထွက်ခင်မှာ Problem လုပ်တာကို နောင်လာမည့် အနာဂတ်အလုပ်ရှင်သစ်အား သွယ်ဝိုက်အသိပေးခြင်း ဖြစ်သည်။ မြန်မာက လည်ရပါမည်။ အဆိုပါ နုတ်ထွက်ခွင့်မျိုးကို အလုပ်သစ်လျှောက်လွှာတွင် တွဲတင်လျှင် အလုပ်ရမည် မဟုတ်ပါ။

ရိုးရိုးသားသား လုပ်ကိုင်ပါဟု ပရိယာယ်ဖြင့်ပြောခြင်း သို့မဟုတ် Transparency
Transparency ဆိုသည်မှာ ဖောက်ထွင်းမြင်ရသော ကော်ပြားလေးတစ်ခုပါ။ ဥပမာ - စာအုပ်ဖုံးသည့် ကော်ပြားအကြည်တစ်ချပ်လို မိမိဘာလုပ်လုပ် သူများကနေ မိမိကို မြင်နေပါစေဟု ပြောခြင်းဖြစ်သည်။ သူတို့က Transparency ဒဿနကို ကျင့်သုံးပါဟု ပြောခြင်းပါ။ "ဆိတ်ကွယ်ရာမရှိအောင်နေ" ဟု ပြောခြင်းဖြစ်သည်။ ဥပမာ - ကျွန်တော်တို့ INGO ဒေါ်လာငွေကို ကိုင်သုံးစဉ်က ငွေစာရင်းရှင်းတမ်းကို လျှို့ဝှက်ထား၍ မရပါ။ လုပ်ဖော်ကိုင်ဖက်တွေကို ပြရသည်။ ဆိုလိုသည်မှာ ခိုးဝှက်၍ မရရန် လုပ်သည့်စနစ် ဖြစ်သည်။ မခိုးနဲ့ဟု မပြောဘဲ "ဆိတ်ကွယ်ရာမရှိစေနဲ့" ဟု ပြောခြင်းဖြစ်သည်။ ဤသည်မှာ ကောင်းသောပရိယာယ်ဟု မြင်ပါသည်။

မလိမ်နဲ့ကို ပရိယာယ်ဖြင့်ပြောခြင်း သို့မဟုတ် Accountability
Accountability ဆိုတာကို အဘိဓာန်မှာ ရှာလျှင် "တာဝန်" ဟု တွေ့ရပါမည်။ သို့သော် သေသေချာချာ အရင်းစစ်လျှင်တော့ "မှန်ကန်စွာ တင်ပြရန်တာဝန်" ဟု ခေါ်သည်။ နိုင်ငံခြားသားတွေက Concept of Accountability ကို ကျင့်သုံးပါဟု ပြောလေ့ရှိသည်။ အဓိပ္ပါယ်မှာ မှန်ကန်စွာတင်ပြပါဟု ပြောခြင်းဖြစ်သည်။ တဲ့တိုးပြောရလျှင် "မလိမ်နဲ့" ၊ "မညာနဲ့" ၊ "မထိန်ချန်နဲ့" ဟု ပြောခြင်းဖြစ်သည်။ ယဉ်ကျေးစွာပြောခြင်းဖြစ်၍ ဒီလိုပရိယာယ်မျိုးက အတုယူသင့်ပါ၏။

မတတ်တာကို တတ်ချင်ယောင်ဆောင်သော ပရိယာယ်
တစ်ခါက INGO တစ်ခုမှာ နိုင်ငံခြားသူ ဒါရိုက်တာမမ အုပ်ချုပ်နေစဉ် စီမံကိန်းကိစ္စတစ်ခု လုပ်ရန်ပေါ်လာရာ ၎င်းကိစ္စကို ဒါရိုက်တာမမက မလုပ်တတ်ပါ။ သို့သော် မှင်သေသေဖြင့် သူ့လက်အောက်က အမျိုးသားစီမံကိန်း အရာရှိကို "ဘယ်လိုလုပ်ရင် ကောင်းမလဲ အစီရင်ခံပါ" ဆိုပြီး အမိန့်ပေးသည်။

ခက်တာက အမျိုးသားစီမံကိန်းအရာရှိလည်း မလုပ်တတ်ပါ။ ဒါကြောင့် National Consultant ခေါ် ပြည်တွင်းက အကြံပေးအရာရှိ ငှားလျှင်ကောင်းမည်ဟု အစီရင်ခံ တင်လိုက်၏။ ဒါရိုက်တာမမက ချက်ချင်းပဲ ဘတ်ဂျက်ခွင့်ပြုသည်။ သို့နှင့် အကြံပေးအရာရှိငှား၍ သင်တန်းပေးစေပါ၏။

သင်တန်းပြီးသော အမျိုးသားစီမံကိန်းအရာရှိက တတ်သွားပါသည်။ (မှတ်ချက်။ ထိုသင်တန်းသို့ ဒါရိုက်တာမမကိုယ်တိုင် မတက်ပါ။ မြန်မာကပေးသည့် သင်တန်းကို G8 ခေါ် စက်မှုနိုင်ငံသူက ဘယ်တက်မလဲ။) သင်တန်းပြီးတော့ အမျိုးသားစီမံကိန်းအရာရှိကို Training Report ခေါ် သင်တန်းအကြောင်း အစီရင်ခံစာတင်ခိုင်းသည်။ ထိုအစီရင်ခံစာကို ဖတ်ပြီးသည်နှင့် ဒါရိုက်တာမမလည်း တတ်သွားပါသည်။ ထိုအခါ ဆရာကြီးလုပ်ပြီး ဟိုလိုနည်းနည်းပြင်လျှင် ကောင်းမည်။ ဒီလို နည်းနည်းပြင်လျှင် ကောင်းမည်ဆိုပြီး နှမ်းဖြူးလိုက်ပါသည်။ ပြီးတော့ လုပ်ငန်းအကောင်အထည် ဖော်ကြသည်။ သို့သော် အမျိုးသားစီမံကိန်းအရာရှိက အတွေ့အကြုံရင့်သူဖြစ်၍ ဒါရိုက်တာမမ တတ်ချင်ယောင်ဆောင်ပြီး နှမ်းဖြူးသည်ကို ရိပ်မိသည်။

သို့သော် မြန်မာအရာရှိက လူလည်တစ်ယောက်ဖြစ်၍ ဒါရိုက်တာမမက နှမ်းဖြူးသည့်အခါ အံ့သြချင်ယောင်ဆောင်ပြပြီး အဲဒီလိုလုပ်တာ ပိုကောင်းတာပေါ့။ ဟုတ်ပါ့၊ ဟုတ်ပါ့။ အင်္ဂလိပ်လို Oh Yes, Oh Yes ဆိုပြီး ပရိယာယ် ပြန်သုံးပါသည်။

မတတ်ချင်ယောင်ဆောင်သော ပရိယာယ်
တစ်ခါကတော့ ဂျပန်သူမမတစ်ယောက်၏ လက်အောက်မှာ ကျွန်တော် အလုပ်လုပ်ဖူးသည်။ ခုတော့ သူမ ဂျပန်ကိုပြန်သွားပြီ။ သူမက သီးသန့်ရုံးခန်းဖြင့် မနေ။ Hall Type အခန်းကျယ်ထဲတွင် ကျွန်တော်နှင့်သူ စားပွဲတစ်လုံးစီ ရုံးထိုင်ကြသည်။ နောက်တစ်ဦးက ငွေစာရင်းအရာရှိဖြစ်ပြီး စုစုပေါင်း သုံးဦး ရုံးထိုင်ကြသည်။ ဂျပန်မမက မြန်မာပြည်ရောက်ရောက်ချင်း လျှို့ဝှက်စွာ မြန်မာစာဆရာတစ်ယောက် ငှားပြီး မြန်မာစကား သင်ထားသည်။ နှစ်နှစ်လောက်ကြာတော့ သူတော်တော် တတ်နေပြီ။ အဲဒါကို ကျွန်တော်တို့ကမသိ။ တစ်နေ့တော့ သူမက ကျွန်တော့်ကို မေးခွန်းတစ်ခု မေးသည်။ "ထွန်းဝင်းရေ မြန်မာစကားထဲမှာ အမိန်းချီးပါ" ဆိုတာ ဘာလဲလို့ မေးသည်။ ကျွန်တော်က မြန်မာစကားမှာ "အမိန်းချီးပါ" ဆိုတာမှ မရှိတော့ မြန်မာအဘိဓာန်မှာ "အမိန်းချီးပါ" မရှိဘူးလို့ပြောတော့ သူက သူ့ကိုမညာနှင့်ဟု ပြောသည်။ ဒါတင်မက ကျွန်တော့်ကို မရမက မေးနေ၍ ကျွန်တော် ဒုက္ခရောက်သည်။ နောက်တော့ ကျွန်တော်က ပြန်မေးရသည်။ "အမိန့်ချီးပါ" ဆိုတဲ့စကားကို ဘယ်က ကြားလာတာလဲ။ ဗိုလ်ချုပ်ဈေးမှာ Shopping ထွက်ရင်း ကြားတာလား။

မေးတော့မှ သိရပုံက ဒိလိုပါ။ ကျွန်တော်တို့ရုံးခန်းမှာ ဖုန်းလာရင် ကျွန်တော်က "အမိန့်ရှိပါ" လို့ ပြောလေ့ရှိ၏။ သူက သေချာစိုက်နားထောင်ပြီး မြန်မာအသံထွက်တွေကို လိုက်မှတ်ထားပြီး သူ့ကို မြန်မာစကား သင်ပေးနေတဲ့ဆရာကို ကျွန်တော်တို့ ဘာတွေပြောလဲ မေးသည်။ "အမိန့်ရှိပါ" ဆိုတာကို အသံထွက်လွဲသွားပြီး မြန်မာစာဆရာမလည်း အဓိပ္ပါယ်မပြန်နိုင်၍ ကျွန်တော့်ကို ပြန်မေးတာပါ။ နောက်တော့မှ သူ မြန်မာလို တတ်နေပြီဆိုတာ ကျွန်တော်တို့ ရိပ်မိကြသည်။ သို့သော် ကျွန်တော်တို့ နောက်ကျသွားပါပြီ။ ကျွန်တော်တို့က သူမရဲ့ အတင်းတွေကို သူမရဲ့ရှေ့မှာ ပြောမိလျက်သား ဖြစ်နေပြီ။ ဒါကတော့ နိုင်ငံခြားသား ပရိယာယ်တစ်ခုပါ။

ကျွန်တော်တို့မြန်မာတွေ နိုင်ငံခြားသားနှင့် အတူအလုပ်လုပ်သည့်အခါ မမှားသင့်တာ မမှားရအောင် သူတို့ပရိယာယ်ကို သိဖို့တော့ လိုပါသည်။

မိမိကိုယ်မိမိ ကျန်းမာရေးစောင့်ရှောက်ခြင်း (ကျန်းမာရေး အသိအမြင်)


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ၆၅ နှစ် မတိုင်မီဟာ လူလတ်ပိုင်း၊ ၆၅ နှစ်နဲ့ ၇၄ နှစ်ကြားကို လူငယ်သက်ကြီးရွယ်အို၊ ၇၅ နှစ်နဲ့ အသက် ၉၀ ကြားကျမှ တကယ့်သက်ကြီးရွယ်အိုလို့ သတ်မှတ်ပါတယ်။ ကောင်းပြီ၊ ဒါဖြင့် လူ့သက်တမ်းဟာ ဘယ်အသက်အရွယ်ထိ ရှိသင့်သလဲ။ ဇီဝကမ္မရဲ့ မူရင်းသဘောအရဆိုရင် နို့တိုက်သတ္တ၀ါတွေရဲ့ သက်တမ်းဟာ "အရွယ်ရောက်ပြီးချိန်" ရဲ့ "၅ ဆ မှ ၇ ဆ" ရှိတယ်။ လူသားတွေရဲ့ အရွယ်ရောက်ချိန်ကို နောက်ဆုံးအံသွားပေါက်ပြီးချိန်၊ အသက် (၂၀-၂၅) နှစ်လို့ တွက်ချက်သတ်မှတ်ပါတယ်။ ဒါကြောင့် လူ့သက်တမ်းဟာ အတိုဆုံး အသက် ၁၀၀၊ အရှည်ဆုံး ၁၇၅ နှစ် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အများသတ်မှတ်ထားတာကတော့၊ လူ့သက်တမ်းဟာ အသက် ၁၂၀ ဖြစ်ပါတယ်။ ဒါဖြစ်ရင် ဒီသက်တမ်းကို ဘယ်လိုကျော်ဖြတ်သင့်သလဲ။ ဒီသက်တမ်း ၁၂၀ အတွင်း၊ အသက် ၇၀၊ ၈၀၊ ၉၀၊ ၁၀၀ အရွယ်မှာ ကျန်းကျန်းမာမာ ရှိနေရမယ်ဆိုတဲ့ အချက်ဟာ "အိပ်မက်" မဟုတ်ပါဘူး။

happylife.jpg

လူတိုင်း လူတိုင်း အသက် ၁၀၀ အရွယ်ထိ ကျန်းကျန်းမာမာ ရှိသင့်တယ်။ ဒါဟာ သက်ရှိသတ္တ၀ါတွေရဲ့ ပုံမှန်တရားပါပဲ။ ဒါပေမယ့် လက်ရှိအခြေအနေကကော ဘယ်လိုရှိနေလဲ။ ပျမ်းမျှ အသက် ၁၂၀ ထိ ရှင်နိုင်လျက်သားနဲ့ (၇၀) ပဲ ရှိတယ်။ သက်တမ်း အနှစ် (၅၀) တိတိ လျော့နေတယ်။ အသက် ၇၀၊ ၈၀၊ ၉၀ အရွယ်မှာ သန်သန်မာမာ ရှိသင့်ပါလျက်နဲ့ လူအတော်များများဟာ အသက် ၄၀ မှာ မကျန်းမာတော့ဘူး။ (၅၀) မှာ နှလုံးရောဂါဖြစ်ပြီး၊ အသက် (၆၀)မှာ သေရော။ နှစ်ပေါင်း (၅၀) စောပြီး ရောဂါရတယ်။ အခုလိုစောပြီး ရောဂါရတယ်။ စောပြီး ဒုက္ခိတဖြစ်ရတယ်။ စောပြီး သေဆုံးရတာဟာ ခုခေတ်ကာလမှာ သာမန်အခြင်းအရာတွေ ဖြစ်နေပြီ။

ယနေ့ ကျွန်တော်တို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတယ်။ ၀င်ငွေတိုးပွားလာတယ်။ သုံးဆောင်ရတဲ့ ပစ္စည်းကိရိယာတွေ အဆင့်အတန်း မြင့်မားလာတယ်။ ဘာကြောင့် သက်တမ်းပိုပြီး တိုလာရသလဲ။ အချို့လူတွေကတော့ ခုခေတ်မှာ ဦးနှောက်သွေးကြောရောဂါ၊ အဖုအကျိတ်ရောဂါ၊ ဆီးချိုရောဂါတွေ အဖြစ်များရတာဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တာကြောင့်၊ ကုန်ထုတ်လုပ်မှု ကုံလုံကြွယ်ဝတာကြောင့်လို့ ဆိုကြတယ်။ မှားပါတယ်။ လုံးဝကို မှားပါတယ်။ ဒီရောဂါတွေ ဖြစ်ရတာဟာ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်း မြင့်လာတာကြောင့် မဟုတ်ဘဲ စိတ်ဓာတ်ယဉ်ကျေးမှု အဆင့်အတန်း မမီလို့ရယ်၊ ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့လို့ရယ်ကြောင့် ဖြစ်ရတာလို့ ကျွန်တော်ယူဆပါတယ်။

အခု ကျွန်တော်တို့တစ်တွေ ရောဂါပိုမိုဖြစ်ပွားရတာဟာ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ အဆင့်အတန်း မြင့်မားလာလို့ မဟုတ်ဘဲ စိတ်ဓာတ်ရေးရာ အဆင့်အတန်းက လိုက်မမီလို့ပဲ ဖြစ်ရတာပါ။ တစ်ဖက်က တိုးတက်ပြီး တစ်ဖက်က မတိုးတက်ဘူး။ အကယ်၍ ကျွန်တော်တို့ဟာ မိမိကိုယ်ကို ကျန်းမာအောင် စောင့်ရှောက်ရေးပညာကို မြှင့်တင်နိုင်မယ်ဆိုရင်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တာနဲ့အမျှ ကျွန်တော်တို့ဟာ ပိုပြီး ကျန်းမာလာရမယ်။ ပိုပြီး ရောဂါဘယ ဖြစ်ပွားရမှာမဟုတ်ပါဘူး။ ဒါကြောင့် ဦးစွာခံယူရမှာက ရောဂါပိုမို ဖြစ်ပွားလာရခြင်းဟာ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်ပေါကြွယ်လာလို့ လုံးဝမဟုတ်ပါဘူး။ မိမိကိုယ်ကို ကျန်းမာရေးစောင့်ရှောက်ရေးပညာက လိုက်မမီလို့ ဖြစ်ရတာဆိုတာပါပဲ။

လွှတ်တော်တွင်းနိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေး


အစိုးရတို့၏ အာဏာသုံးရပ်ကို ပိုင်းခြား၍ အပြန်အလှန် ထိန်းကျောင်းရာတွင် အုပ်ချုပ်ရေးအာဏာတို့၏ သဘောတရားမှာ ဖြစ်နိုင်လျှင် ဥပဒေပြုအာဏာ၏ အပြန်အလှန်ထိန်းကျောင်းမှုကို ရလိုမည် မဟုတ်ပါ။ ထိုသို့သော ခုခံမှုများကြားမှ ဥပဒေပြုအာဏာက လုပ်ရသော အပြန်အလှန် ထိန်းကျောင်းမှုသည် ဥပဒေပြုအာဏာ၏ အနှစ်သာရလည်း ဖြစ်ပေသည်။

ဆိုလိုသည်မှာ ဥပဒေပြုအာဏာအတွင်း ရောက်ရှိသွားသည့် နိုင်ငံရေးအင်အားစုများအနေဖြင့် မိမိထမ်းဆောင်ရမည့် တာဝန်ကိုလည်း နားလည်ပြီး အခြေခံဥပဒေ ပေးထားချက်များကိုလည်း သဘောပေါက်ပါက တစ်မျိုးသားလုံး၏ ဘုံအကျိုးစီးပွားအတွက် ပါးနပ်စွာ အကောင်အထည်ဖော်နိုင်သော နည်းလမ်းများရှိပါသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ပေါ်ပေါက်မည့် လွှတ်တော်များက ထမ်းဆောင်ပေးရမည့် အရေးတကြီး တာဝန်အများစုမှာ သဘောထား ကွဲလွဲစရာမရှိဘဲ တစ်မျိုးသားလုံး၏ ဘုံအကျိုးစီးပွားအတွက် အားလုံးက သဘောတူနိုင်သော ကိစ္စရပ်များသာဖြစ်ရာ စနစ်တကျ ထုပ်ပိုးရောင်းချနိုင်သည်နှင့်အမျှ တိုးတက်အောင်မြင်မှုများလည်း မြင်တွေ့ရမည်သာ ဖြစ်ပေသည်။

ဤနေရာတွင် အရေးကြီးသည်မှာ အပြန်အလှန်ထိန်းကျောင်းမှု Check and Balance ပြုလုပ်သည်ဆိုခြင်းမှာ အရာရာ အတိုက်အခံလုပ်ရသည်၊ ဆန့်ကျင်ဘက်ကို ပြောရသည်ဆိုသော သဘောမဟုတ်ပါ။ ပေးပါမည်ဟု ပြောထားသော ကတိစကားအတိုင်း မလွဲမသွေရရှိအောင် ထိန်းကျောင်းပေးနိုင်လျှင်ပင် ပြည်သူလူထုအတွက် လွှတ်တော်များက ဆောင်ကြဉ်းပေးနိုင်သော ကောင်းကျိုးများစွာ ရှိနေသည်ဟု ဆိုချင်ပါသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကြာ မြင်တွေ့နေကြသော နိုင်ငံရေးအတိုက်အခံဆိုသော သဘောတရားနှင့် ယနေ့လွှတ်တော်ထဲသို့ ရောက်ရှိသွားတော့မည့် နိုင်ငံရေးအင်အားစုများ၏ သဘောသဘာဝမှာ များစွာ ကွာခြားသွားသည်ကို မကြာမီ ပြည်သူလူထု မျက်ဝါးထင်ထင် မြင်တွေ့ရတော့မည် ဖြစ်သည်။ ယခင် မြန်မာနိုင်ငံတွင် မြင်တွေ့ခဲ့ရသော နိုင်ငံရေးပါတီ၊ နိုင်ငံရေးအင်အားစု၊ နိုင်ငံရေး အတိုက်အခံများသည် လွှတ်တော်ထဲသို့ မရောက်သော လွှတ်တော်ပြင်ပ နိုင်ငံရေးကိုသာ လုပ်ကိုင်ခဲ့ကြရခြင်းဖြစ်ပြီး ယခု မြင်တွေ့ရမည့် နိုင်ငံရေးအင်အားစုများသည် လွှတ်တော်တွင်း နိုင်ငံရေးကို လုပ်ကိုင်ခွင့် ရကြသည်ဖြစ်ရာ သဘောသဘာဝချင်း လုံးဝကွာခြားသွားတော့မည် ဖြစ်သည်။

လွှတ်တော်တွင်းနိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေးတို့၏ ကွာခြားမှုကို မြင်နိုင်လျှင် နိုင်ငံရေးအင်အားစုများ ထက်မြက်ပါးနပ်သည်နှင့်အမျှ ရလဒ်ကောင်းများကိုလည်း မျှော်လင့်နိုင်ကြောင်း မီးမောင်းထိုးဖော်ပြလိုပါသည်။

အယ်ဒီတာ (၁၁-၁၀-၂၀၁၀)

 
Web Statistics