Wednesday, March 04, 2009

Important Report for Buddhism


ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး၌ မိန့်ကြားတော် မူအပ်သော သဘာပတိ၊ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ မဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ မကွေးဆရာတော်ဘုရားကြီး၏ သာရဏီယသြ၀ါဒကထာမှာ အောက်ပါအတိုင်းဖြစ်သည်-





[၁၃၇၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၅ ရက်၊ ၂၈-၂-၂၀၀၉ ရက် (စနေနေ့)]



ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်နယ်၊ တိုင်းအသီးသီးတို့မှ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဦးတည်ချက်ဖြင့် ထက်သန်တက်ကြွသော သာသနာပြုစိတ်ဓာတ်အပြည့်အ၀ထားကာ ကြွရောက်တော်မူလာကြကုန်သော သာသနာ့ဦးသျှောင် ဖြစ်တော်မူကြသည့် နိုင်ငံတော်သြ၀ါဒါစရိယဆရာတော်ဘုရားကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အရှင်မြတ်တို့ဘုရား။

ဆရာတော်အရှင်မြတ်တို့ သက်တော်ရာကျော်ရှည်တော်မူကြလျက် ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်လန်း ချမ်းမြေ့စွာဖြင့် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေဟု ပတ္ထနာပြုလျက် နှုတ်ခွန်းဆက်သပါသည်ဘုရား။

ဆရာတော်ဘုရားများနှင့် ယခုလိုတစ်နှစ်လျှင် တစ်ကြိမ်ကျ စုံညီတွေ့ဆုံကြရ၍ သာသနာတော်အတွက် အရေးကြီးသောကိစ္စများကို တိုင်ပင်ညှိနှိုင်းဆွေးနွေးကြရ၊ အသိအမြင်ချင်း ဖလှယ်ကြရသောကြောင့် သာသနာတော် အတွက် အထူးပင်နှစ်သက် ၀မ်းမြောက်ရပါကြောင်း ထပ်လောင်းလျှောက်ထားပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

ဗုဒ္ဓမြတ်စွာသည် “ပဉ္စိမာနိ ဘိက္ခဝေ အနာပတဘယာနိ ဧတရဟိ အသမုပ္ပန္နာနိအယတိံ သမုပ္ပဇ္ဇိဿန္တိ တာနိဝေါ ပဋိဗုဇ္ဈိတွာ စ တေသံ ပဟာနာယ ၀ါယမိတဗ္ဗံ”

(အံ-၂-၉၃၊ ၉၅)

“ရဟန်းတို့ ဤအနာဂတ်ဘေးငါးပါးတို့သည် ယခုအခါမဖြစ်ပေါ်သေးကုန် နောင်အခါ၌ ဖြစ်ပေါ်ကုန်လိမ့်မည်၊ ထိုအနာဂတ်ဘေးတို့ကို သင်တို့ကြိုတင်သိထားကြရမည် (ကြိုတင်သိထားအောင် လေ့လာစုံစမ်းထောက်လှမ်းထားကြ ရမည်)။ ကြိုတင်သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင်ပယ်ရှားတားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်” စသည်ဖြင့် အနာဂတ်ကာလ၌ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့ပါသည်ဘုရား။

ထိုအနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့ကို အကျဉ်းချုပ်၍ လျှောက်ထားပါမည်ဘုရား-

(၁) ကာယာနုပဿနာကို ပွားများပြီးမဟုတ်ကြကုန်သော၊ သီလကိုပွားများပြီး မဟုတ်ကြကုန်သော၊ သမာဓိစိတ်ကို ပွားများပြီး မဟုတ်ကြကုန်သော၊ ပညာကို ပွားများပြီးမဟုတ်ကြကုန်သော ဥပဇ္ဈာယ်ရဟန်းတို့သည် မိမိတို့ကိုယ်တိုင် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြပါဘဲလျက် အခြားတပည့်လူသာမဏေတို့ကို ပဉ္စင်းခံပေးကြလိမ့်မည်။

(၂) ထိုကဲ့သို့သော ရဟန်းတို့က နိဿရည်းဆရာလုပ်၍ တပည့်မွေးကြကုန်လိမ့်မည်။ ထိုဥပဇ္ဈာယ်ဆရာ၊ နိဿရည်း ဆရာတို့၏ တပည့်အဆက်ဆက်တို့သည်လည်း ကာယာနုပဿနာကို မပွားများကြကုန်၊ သီလကိုမပွားများကြ ကုန်၊ သမာဓိစိတ်ကို မပွားများကြကုန်၊ သီလကိုမပွားများကြကုန်၊ သမာဓိစိတ်ကို မပွားများကြကုန်၊ ပညာကို မပွားများကြကုန်၊ တပည့်အဆက်ဆက်တို့ကိုလည်း ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများအောင် ဆုံးမခြင်းငှာ စွမ်းနိုင်ကြလိမ့်မည်မဟုတ်ကုန်။

ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။ ၀ိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မ ပျက်စီးကွယ်ပ၏။

(၃) ရဟန်းတို့သည် ဆိုအပ်ပြီးသည့်နည်းတူ ကာယ၊ သီလ၊ စိတ္တ၊ ပညာကို ပွားများပြီး မဟုတ်ကြပါဘဲလျက် အဘိဓမ္မာနှင့်စပ်သော တရားစကား၊ ဉာဏ်ပညာနှင့်စပ်သော တရားစကားတို့ကို ဟောပြောကြရင်းပင် သူတစ်ပါးတို့၏ ပျော့ကွက်၊ ဟာကွက်၊ အပြစ်အနာအဆာကဲ့ရဲ့ဖွယ်ရာတို့ကို ရှာဖွေသောအားဖြင့် ဒေသနာ လမ်းကြောင်း တစ်မျိုးပြောင်းကြကုန်သည်ဖြစ်၍ သန့်ရှင်းစင်ကြယ်သော တရားမှန်ကို မသိနိုင်ကြကုန်လတ္တံ့၊ (ဒေါသစိတ်ဖြင့် သူတစ်ပါးကို ပုတ်ခတ်လျက်လည်းကောင်း၊ ထိုတရားဓမ္မကို မိမိကိုယ်တိုင်သိသော တရားအနေအားဖြင့် သတ်မှတ်လျက်လည်းကောင်း၊ လာဘသက္ကာရကို မျှော်ကိုးလျက်လည်းကောင်း ဟောပြောသောအားဖြင့် မည်းညစ်နောက်ကျုသော အကုသိုလ်ဘက်သို့ သက်ရောက် ကူးပြောင်းသွားကြလိမ့် မည်။)

ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။ ၀ိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီးကွယ်ပ၏။

(၄) ထိုရဟန်းတို့သည် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြခြင်းကြောင့် ခက်ခဲနက်နဲကုန်၊ ခက်ခဲ နက်နဲသော အနက်အဓိပ္ပါယ်ရှိကြကုန်သော လောကုတ္တရာတရားကိုးပါးကို ဖော်ပြကုန်သော သတ္တ၀ါကောင်၊ အသက်ကောင်၊ အတ္တကောင်မှ ဆိတ်သုဉ်းသော ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပာဒ် တရားသဘော သက်သက်နှင့်သာ သက်ဆိုင်ကုန်သော ဘုရားဟောတရားတော်တို့ကို ဟောပြအပ်ကုန်သည်ရှိသော် မနာယူချင်ကြ၊ နားမထောင်ချင်ကြ၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ် မရှိကြကုန်လတ္တံ့။

ထိုဘုရားဟောတရားတော်တို့ကို သင်ကြားလေ့လာဆည်းပူးထိုက်ကုန်၏ဟူ၍ မမှတ်ထင်ကြကုန်၊ သာသနာပြင်ပ ပုဂ္ဂိုလ်များ ရေးသားအပ်သော တရားသဘော အချက်အလက်များကိုသာ လိုလိုချင်ချင် နားထောင်ကြကုန်၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ်ရှိကြကုန်၊ သင်ကြားဆည်းပူးထိုက်ကုန်၏ဟူ၍ မှတ်ထင်ကြကုန် လတ္တံ့။

ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။ ၀ိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီးကွယ်ပ၏။

(၅) ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီးမဟုတ်ကြကုန်သော ထေရ်ကြီးရဟန်းတို့သည် ပစ္စည်းလာဘ်လာဘ ပေါများအောင် အားထုတ်ကြကုန်၊ သိက္ခာသုံးဖြာသာသနာတော်ကို ပေါ့ပေါ့လျော့လျော့ကျင့်ကြကုန်၊ အောက် အပါယ်ဘုံသို့ရောက်ကြောင်း မကောင်းသောအကျင့်များ၌ ရှေ့သွားပဓာနထားကြကုန်၊ မဂ်ဖိုလ်ရကြောင်း ကောင်းမြတ်သောကျင့်စဉ်များ၌ တာဝန်မဲ့အားထုတ်မှု လုံ့လ၊ ၀ီရိယကို လျှော့ချထားကြကုန်လတ္တံ့။

ထိုရဟန်းတို့၏ နောင်လာနောက်သားတပည့်များလည်း ဒိဋ္ဌာနုဂတိလိုက်ကာ ဆရာ့အပြုအမူအတိုင်း ပြုကျင့်ကြလိမ့်မည်။

ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ၀ိနည်းပျက်စီးကွယ်ပ၏။ ၀ိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီးကွယ်ပ၏။

ထိုဘေးကြီးငါးမျိုးတို့ နောင်အခါဖြစ်ပေါ်လာကြလိမ့်မည်ကို သင်တို့ကြိုတင်သိထားကြရမည်။ (ကြိုတင် သိထားအောင် လေ့လာစုံစမ်းထောက်လှမ်းထားကြရမည်။) ကြိုတင်သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင် ပယ်ရှားတားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်ဟု ဟောတော်မူခဲ့ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား- မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ထိုဘေးကြီးငါးမျိုးတို့သည် ယခုအခါ မြန်မာနိုင်ငံတော်အတွင်း၌ အနည်းအများပမာဏ ကွာခြားသော်လည်း ငါးမျိုးစလုံး ဖြစ်ပေါ်နေပါသည်ဘုရား။

ထိုငါးမျိုးတို့အနက် လွန်စွာတုန်လှုပ်ချောက်ချားဖွယ်ကောင်းလှသော ဘေးကြီးနှစ်မျိုးတို့ကို အနည်းငယ်မျှ ထုတ်ပြ လျှောက်ထားပါမည်ဘုရား။

ထိုနှစ်မျိုးတို့မှာ တတိယဘေးကြီးနှင့် စတုတ္ထဘေးကြီးများဖြစ်ပါသည်ဘုရား။ ထိုတတိယဘေးကြီး၊ စတုတ္ထ ဘေးကြီးများနှင့် ဆက်နွှယ်နေသော အဓမ္မ၀ါဒများ ရှေးအခါက ပေါ်ပေါက်ခဲ့ဖူးပါသည်ဘုရား။

ထိုပေါ်ပေါက်ခဲ့ဖူးသော အဓမ္မ၀ါဒများကို သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်း၍ ငါးနှစ်သက်တမ်းမှာပင် နိုင်ငံတော် သီးခြား ၀ိနည်းဓိုရ်အဖွဲ့များဖွဲ့စည်း၍ သုတ်သင်ပယ်ရှား တားမြစ်ခဲ့ပါသည်ဘုရား။

ထို့နောက် ဆက်လက်ပေါ်ပေါက်လာသော အဓမ္မ၀ါဒများကိုလည်း နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့များဖြင့်ပင် သုတ်သင်ပယ်ရှား တားမြစ်ခဲ့ပြီးဖြစ်ပါသည်ဘုရား။ သို့ရာတွင် ထိုသုတ်သင်ပယ်ရှား တားမြစ်ခဲ့ပြီးသော အဓမ္မ၀ါဒများ တစ်စတစ်စ ခေါင်းထောင် ထလာနေသည်ကိုလည်းကောင်း၊ ထိုအဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်အပ်ပြီးသော စာအုပ်စာတမ်း များကို မိတ္တူကူး၍ အတိအလင်းရောင်းချနေသည်ကိုလည်းကောင်း ယခင်အစည်းဝေးများ၌ ဘုရားတပည့်တော် လျှောက်ထားခဲ့ဖူးပါသည်ဘုရား။

ယခုအခါ ထိုအဓမ္မ၀ါဒများထက်ပင်သာလွန်၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အဓမ္မ၀ါဒများကို ဟောပြောခြင်း၊ သင်တန်းပေးခြင်း၊ စာအုပ်စာတမ်း ထုတ်ဝေဖြန့်ချိခြင်း စသည်တို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နေသော အဓမ္မ၀ါဒီပုဂ္ဂိုလ်များ ထင်ထင်ရှားရှား မြောက်မြားစွာ ပေါ်ပေါက်နေသည်ကို ဆရာတော်ဘုရားများလည်း ကြားသိသင့်သမျှ ကြားသိနေကြပါလိမ့်မည်ဘုရား။

ထိုအဓမ္မ၀ါဒဘေးဆိုးကြီးသည် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီးကို ဖြိုချဖျက်ဆီးပစ်မည့် ဘေးဆိုးကြီးဖြစ်ကြောင်း ကို အရိပ်အမြွက်မျှ လျှောက်ထားပါမည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား- ယခုခေတ်သည် အသစ်အဆန်းကို အထင်ကြီးကာ မြတ်နိုးတတ်သော အချို့ ရဟန်းရှင်လူများ များပြားနေသောခေတ်ဖြစ်ပါသည်။ ယင်းအချက်ကို အခွင့်ကောင်းယူကာ အဓမ္မ၀ါဒထူထောင်လိုသူ အဓမ္မ၀ါဒီများသည် မိမိတို့၏ သာသနာတော်၌ ပြုပြင်၍မရနိုင်သော အပြစ်တစ်စုံတစ်ရာ အကြောင်းတစ်မျိုးမျိုးကြောင့် ထွက်ပေါက်ရှာသောအနေအားဖြင့် ဤအဓမ္မ၀ါဒကို ဟောပြောပြသ ဖြန့်ချိလိုက်ကြလေရာ ထိုအဓမ္မ၀ါဒီများ၏ ဆောင်ရွက်ချက်သည် တစ်ဟုန်ထိုးကျယ်ပြန့် ပွားများလာခဲ့ပါသည်ဘုရား။

ထိုအဓမ္မ၀ါဒီများသည် မြတ်စွာဘုရားဟောကြားခဲ့သည့် သံဂါယနာ (၆)ကြိမ်တင် ဗုဒ္ဓပါဝစန ပါဠိတော်ကြီးများ ကိုပင် ဘုရားဟောမဟုတ်လေဟန်၊ ဗြဟ္မဏ၀ါဒ (ဟိန္ဒူဝါဒ)ဖြစ်လေဟန်လည်းကောင်း၊ ထေရ၀ါဒဗုဒ္ဓသာသနာ၌ ဘုရားဟောပါဠိတော်လောက်နီးနီး အားထားပို့ချ သင်ယူနေကြရသည့် အဋ္ဌကထာများ၏ လွဲမှားစွာဖြင့် ဖွင့်ပြမှုကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓ၀ါဒအစစ်အမှန်များ ကွယ်ပျောက်နေရသည်ဟုလည်းကောင်း ဤသို့စသော အဓမ္မ၀ါဒများကို သင်ကြား၊ ပို့ချ၊ ရေးသား၊ ဖြန့်ချိနေကြပါသည်ဘုရား။

ထိုအဓမ္မ၀ါဒဘေးဆိုးကြီးသည် ယခင်ကပေါ်ပေါက်ခဲ့ဖူးသော အဓမ္မ၀ါဒများထက်ပင် လွန်စွာတုန်လှုပ်ချောက်ချား ဖွယ်ကောင်းသော ဘေးဆိုးကြီးဖြစ်ပါသည်။

“တာနိဝေါ ပဋိဗုဇ္ဈိတဗ္ဗာနိ” “ထိုဘေးဆိုးကြီးများကို သင်တို့ ကြိုတင်သိထားကြရမည်” ဟူသော မြတ်ဗုဒ္ဓ၏ အမိန့်တော်အတိုင်း ထိုဘေးဆိုးကြီးများကို တပည့်တော်တို့ ဆရာတော်တို့ ကြိုတင်သိထားအောင် လေ့လာစုံစမ်း ထောက်လှမ်းထားကြရပါမည်ဘုရား။

“ပဋိဗုဇ္ဈိတွာစ တေသံ ပဟာနာယ ၀ါယမိတဗ္ဗံ” “ကြိုတင်သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင်ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်” ဟူသော မြတ်ဗုဒ္ဓ၏အမိန့်တော်အတိုင်း ယခုပေါ်ပေါက်နေသော သာသနာ့ဘေးဆိုးကြီးကို နိုင်ငံတော်သံဃမဟာနာယကအပါအ၀င် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များနှင့် အခြားရဟန်းပညာရှင်၊ လူပညာရှင်များ ညီညီညွတ်ညွတ် ညှိနှိုင်းတိုင်ပင်၍ သုတ်သင်ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရန် အချိန်ကျရောက်နေပါပြီဘုရား။ ထိုသို့ အားထုတ်ကြရာ၌ သူ့တာဝန် ငါ့တာဝန်ဟု မခွဲခြားဘဲ သာသနမာမက ရဟန်းရှင်လူအားလုံး ညီညာဖြဖြ ဆောင်ရွက်ကြရန် လျှောက်ထားပါသည်ဘုရား။

ယင်းသို့ ဆောင်ရွက်ရာ၌ သံဃာထုအင်အားကို များစွာလိုအပ်ပါသည်ဘုရား။ ကိဋာဂိရိအရပ်၌ အဿဇိပုနဗ္ဗသုကမည်သော အလဇ္ဇီရဟန်းဆိုးတို့ သာသနာတော်၌ မသင့်မတော် မလျော်မလျောက်သည့် အကျင့်ဆိုး တို့ကို ပြုကျင့်နေကြသည်ကို မြတ်စွာဘုရားကြားသိတော်မူရ၍ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကို ခေါ်တော်မူပြီးလျှင် “သာရိပုတ္တရာ၊ မောဂ္ဂလန်တို့ …… သင်တို့သည် ကိဋာဂိရိသို့သွား၍ အဿဇိပုနဗ္ဗသုကတို့ကို ကိဋာဂိရိမှနှင်ထုတ်ကြ၊ ထိုရဟန်းများသည် သင်တို့၏ တပည့်များဖြစ်ကြသည်” ဟု စေခိုင်းတော်မူလေရာ အရှင်သာရိ ပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့က “ရှင်တော်မြတ်ဘုရား ….. အဿဇိပုနဗ္ဗသုက ရဟန်းများသည် ခက်ထန်ကြမ်းကြုတ် ကြပါသည်၊ ဘယ်ပုံဘယ်နည်း နှင်ထုတ်ကြရပါမည်နည်း” ဟု လျှောက်ထားသောအခါ ဘုရားရှင်က “ဒီလိုဆိုလျှင် များစွာသောရဟန်းတို့ကို ခေါ်သွားကြ” ဟု မိန့်တော်မူခဲ့ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား- ဤမြတ်စွာဘုရားမိန့်ကြားတော်မူသည့် နည်းအတိုင်း ယခုပေါ်ပေါက်သော သာသနာ့ဘေးဆိုးကြီးသည်လည်း သာသနာတော်နယ်ပယ်အတွင်း စိမ့်ဝင်ထိုးဖောက်၍ အတွင်းမှလှိုက်စားလျက် သာသနာတော်ကို ဖြိုချဖျက်ဆီးမှု၊ အပြင်မှ အထင်အရှားရေးသားဟောပြောခြင်း၊ ဖြန့်ချိခြင်း၊ သင်တန်းပေးခြင်း၊ စည်းရုံးခြင်း စသည်ပြုလျက် သာသနာတော်ကို ဖြိုချဖျက်ဆီးမှုတို့ဖြင့် ဘက်စုံထောင့်စုံမှ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို အမြစ်ပါမကျန်အောင် တွန်းလှန်ဖြိုဖျက်နေသော လွန်စွာအင်အားကြီးမားသည့် သာသနာ့ ဘေးဆိုးကြီဖြစ်ရကား ထိုသာသနာ့ဘေးဆိုးကြီးကို သုတ်သင်ပယ်ရှား တားမြစ်ရာ၌ သံဃာအင်အားကို များစွာ လိုအပ်လှပါသည်ဘုရား။

သို့ဖြစ်ပါ၍ ဆရာတော်ဘုရားများသည် မိမိတို့နေရပ်ဒေသ၊ မိမိတို့ရောက်ရာဒေသ ဟူသမျှတို့၌ ထေရ၀ါဒသာသနာဝင် ရဟန်းတော်အားလုံး ဤသာသနာ့ဘေးဆိုးကြီး ပေါ်ပေါက်နေသည်ကို သဘောပေါက်လောက် အောင် ရှင်းလင်းပြောပြ၍ ထိုသာသနာ့ ဘေးဆိုးကြီးကို သုတ်သင်ပယ်ရှားတားမြစ်ရာ၌ သာသနာ့စိတ်ဓာတ် အပြည့်အ၀ဖြင့် တက်တက်ကြွကြွ ပါဝင်လာကြအောင် လှုံ့ဆော်စည်းရုံးတော်မူကြရန် တောင်းပန်လျှောက်ထားပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား- ယခုဖြစ်ပေါ်နေသည့် သာသနာ့ဘေးဆိုးကြီးကို သုတ်သင်ဖယ်ရှားတားမြစ်ရာ၌ ဓမ္မစက်သက်သက်ဖြင့်သာ ဆောင်ရွက်၍ အောင်မြင်နိုင်မည်မဟုတ်ပါ။

“သာသနံနာမ ရာဇာနံ၊ နိဿာယ တိဋ္ဌတေဣဓ= ဤလောက၌ သာသနာတော်မည်သည် မင်းကိုမှီ၍ တည်တံရ၏” ဟူသော က၀ိထေရ်မွန်ပညာဝန်တို့၏ အဆိုအမိန့်အတိုင်း နိုင်ငံတော်အစိုးရမင်းတို့၏ အာဏာစက်နှင့် တွဲဖက်၍ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါသည်ဘုရား။

မှန်ပါသည်ဘုရား။

သာသနာ့သမိုင်းကို လေ့လာပါလျှင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးကျင်းပ၍ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ဖွဲ့စည်းကာ သာသနာတော်တည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည့် ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်အထိ သာသနာတော် ၂၅၅၂ ခုနှစ်အတွင်း ဓမ္မစက်၊ အာဏာစက်တွဲဖက်၍ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည်မှာ ခြောက်ကြိမ်မျှသာ ထင်ထင်ရှားရှား တွေ့မြင်ရပါသည်ဘုရား။

ပထမအကြိမ်

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည်မှ လေးလမြောက်တွင် အရှင်မဟာကဿပထေရ်သည် အဇာတသတ်မင်း၏ အကူအညီဖြင့် သုဘဒ္ဒကဲ့သို့သော ရဟန်းဆိုးများ၊ မဂဓတိုင်း၊ ရာဇဂြိုဟ်၌ ၀ါဆိုဝါကပ် မနေကြစေရန် ဉတ်ကမ္မ၀ါစာဖြင့် ပယ်ရှားတားမြစ်၍ မဂဓတိုင်း၊ ရာဇဂြိုဟ်မြို့တော် သတ္တပဏ္ဏိလိုဏ်ဂူအနီး မဏ္ဍပ်ကြီး၌ ရဟန္တာငါးရာတို့ဖြင့် ပထမသံဂါယနာ တင်တော်မူကာ ဓမ္မစက်၊ အာဏာစက်တွဲဖက်လျက် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်တော် မူခဲ့ပါသည်ဘုရား။


ဒုတိယအကြိမ်

သာသနာတော်နှစ် ၁၀၀ အရောက်တွင် ၀ဇ္ဇီတိုင်းသားရဟန်းများ၏ ပြောဆိုကြေညာသည့် အဓမ္မ၀တ္ထု ၁၀ ပါးကို အကြောင်းပြု၍ အရှင်မဟာယသ အမှူးရှိသော ရဟန္တာ ခုနစ်ရာတို့သည် ကာလာသောကမင်း၏ အကူအညီဖြင့် ၀ါဠိကာရုံ ကျောင်းတိုက်၌ ဒုတိယသံဂါယနာတင်တော်မူကြ၍ ၀ဇ္ဇီတိုင်းသားရဟန်းများကို ဖယ်ရှားနှင်ထုတ်လျက် ဓမ္မစက်၊ အာဏာစက်တွဲဖက်ကာ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည်ဘုရား။


တတိယအကြိမ်

သာသနာတော်နှစ် ၂၃၆ ခုနှစ်တွင် မဂဓတိုင်း၊ ပါဋလိပုတ်မြို့တော် အသောကာရုံကျောင်းတိုက်၌ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿထေရ်အမှူးပြုသော ရဟန္တာတစ်ထောင်တို့သည် သီရိဓမ္မာသောကမင်း၏ အကူအညီဖြင့် အန္ဓက ဂိုဏ်းသားအစရှိသော ရဟန်းများ၏ အဓမ္မအယူဝါဒကို ဖယ်ရှား၍ တိတ္ထိတို့ကို သာသနာတော်မှ နှင်ထုတ်ပြီးလျှင် တတိယသံဂါယနာတင်တော်မူကြ၍ ဓမ္မစက်၊ အာဏာစက်တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည်ဘုရား။


စတုတ္ထအကြိမ်

သာသနာတော် ၁၀၆၁ ခုနှစ်၊ သက္ကရာဇ် ၄၁၉ ခုနှစ်တွင် စတင်ကြွရောက်တော်မူလာသော အရှင်အရဟံသည် အနော်ရထာမင်း၏ အာဏာစက်အကူအညီဖြင့် ပုဂံပြည်တွင် အဓမ္မ၀ါဒဟောကြားပြုမူနေကြသော အရည်းကြီးတို့ကို လူဝတ်လဲစေပြီးလျှင် ထေရ၀ါဒဗုဒ္ဓသာသနာတော် တည်စေတော်မူခဲ့ပြီး သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ပါသည်ဘုရား။


ပဉ္စမအကြိမ်

သာသနာတော် ၁၇၀၇-၁၇၄၀ ခုနှစ်တွင် သိဟိုဠ်ကျွန်း၊ ပုလတ္ထိမြို့၌ နန်းတက်သော ပရက္ကမဗာဟုမင်းလက်ထက်၌ ဒိမ္ဗုလာဂလ အရှင်မဟာကဿပအမှူးပြုသော သာရတ္ထဒီပနီဋီကာကျမ်းပြု အရှင်သာရိ ပုတ္တရာအပါအ၀င် မဟာထေရ်အရှင်မြတ်တို့သည် ပရက္ကမဗာဟုမင်း၏ အကူအညီဖြင့် အချင်းချင်းကွဲပြားနေသော မဟာဝိဟာရဂိုဏ်းကြီး၊ အဘယဂိရိဂိုဏ်းကြီး၊ ဇေတ၀နဂိုဏ်းကြီး သုံးဂိုဏ်းတို့ကို ညီညွတ်အောင်ပြု၍ အလဇ္ဇီ ရဟန်းများကို စစ်ဆေး၍ လူဝတ်လဲစေခြင်း၊ သာမဏေ၀တ်ဖြင့် နေနိုင်လောက်သူကို သာမဏေ၀တ်ဖြင့်နေစေခြင်းဖြင့် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည်ဘုရား။


ဆဋ္ဌအကြိမ်

သာသနာတော် ၂၅၂၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် မှ ၁၄ ရက်အထိ လေးရက် တိုင်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို ကျင်းပ၍ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းစသည်တို့ကို ပြဋ္ဌာန်းကာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့စသော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်း၍ ဓမ္မစက်၊ အာဏာစက်တွဲဖက်လျက် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့ပါသည်ဘုရား။

ဤသို့လျှင် မဇ္ဈိမဒေသ၌ သုံးကြိမ်၊ သီဟိုဠ်ကျွန်း၌ တစ်ကြိမ်၊ မြန်မာပြည်၌ နှစ်ကြိမ်အားဖြင့် (၆)ကြိမ်မျှသာ ဓမ္မစက်၊ အာဏာစက်တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည်ကို ထင်ထင်ရှားရှား တွေ့မြင်ရပါသည်ဘုရား။

ထိုဓမ္မစက်၊ အာဏာစက်တွဲဖက်ကာ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့ရသည့် (၆)ကြိမ်တို့တွင် တတိယအကြိမ် မဇ္ဈိမဒေသ၌ ပေါ်ပေါက်ခဲ့သော သာသနာ့ဘေးဆိုးကြီးသည် အကြီးမားဆုံး ဖြစ်သည်ဟု ထင်မြင်ပါသည်ဘုရား။

ယခုမြန်မာပြည်၌ ဖြစ်ပေါ်နေသော သာသနာ့ဘေးဆိုးကြီးသည် ထိုမဇ္ဈိမဒေသ၌ ဖြစ်ပေါ်ခဲ့သော ဘေးဆိုးကြီး ကဲ့သို့ပင် အလွန်ကြီးမားသော ဘေးဆိုးကြီး ဖြစ်ပါသည်ဘုရား။ ဤမျှလောက်ကြီးမားသော သာသနာ့ဘေးဆိုးကြီးကို သာသနာမာမက အာဏာပိုင်အဖွဲ့အစည်းများနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင် ရဟန်း၊ ရှင်၊ လူအပေါင်းတို့ ညီညာဖြဖြ လက်တွဲကြလျက် သုတ်သင်ပယ်ရှားတားမြစ်ကြပါစို့ဟု လေးလေးနက်နက် တိုက်တွန်းနှိုးဆော်လျက် ဘုရားတပည့်တော်၏ သာရဏီယသြ၀ါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အရှင်မြတ်တို့ဘုရား။


ဘဒ္ဒန္တ ကုမာရ

ဥက္ကဋ္ဌ

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့



( ၁၃၇၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၆ ရက်၊ ၂၀၀၉ ခုနှစ် မတ် ၁ ရက်၊ တနင်္ဂနွေနေ့၊ အတွဲ(၄၈)၊ အမှတ်(၁၅၂) ဖြင့် ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၆ မှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ )
Ko Nyan (Panlaung Myay)
4 Mar 2009 (10:58)

Monday, December 22, 2008

ရတနာပုံအိုင်စီတီပွဲတော်သို့တစ်ခေါက်


ပြောရဦးမယ်။ ၁၆-၁၀-၂၀၀၈ ရက်နေ့က ရတနာပုံမြို့သစ်မှာ ကျင်းပပြုလုပ်တဲ့ အိုင်စီတီ ပြပွဲကို သွားခဲ့တဲ့အကြောင်းပါ။ သူငယ်ချင်းတွေက အတန်တန်တားတဲ့ကြားက ကျွန်တော်ကိုက တစ်ခါမှ မရောက်ဖူး၊ မကြုံဖူးတဲ့အတွက် သွားချင်လွန်းလို့ သွားခဲ့တဲ့ခရီးပါ။ သူတို့တွေက ယခင်နှစ် အတွေ့အကြုံတွေကို ပြောပြကြတယ်။ ဘာမှဟုတ်တိပတ်တိမရှိဘူးတဲ့။ အဖြစ်ပဲများတယ်တဲ့။ ကျွန်တော်က လက်မခံပါဘူး။ ဒီလောက် အကုန်အကျခံပြီး တကူးတကလုပ်တဲ့ပွဲကတော့ အဲဒီလိုမဟုတ်လောက်ပါဘူးပေါ့။ အရင်နှစ်တွေကနဲ့ မတူဘဲ ဒီနှစ်မှာ ကောင်းရင် ကောင်းနေမှာပေါ့ဆိုပြီး သူတို့တွေကိုပါ ရအောင်မဲဆွယ်ပြီး ချီတက်ခဲ့ကြပါတယ်။ ပြင်ဦးလွင်ကနေ မိနစ်၂၀ လောက် ဆိုင်ကယ်နဲ့ ဆင်းရပါတယ်။ လမ်းကောင်းတော့ လူလည်းသက်သာပါတယ်။ ဟိုရောက်တော့ မနက် ၉ နာရီခွဲလောက်ရှိပါပြီ။ လူကျိုးတိုးကျဲတဲသာ တွေ့ရပါတယ်။ ဆိုင်ကယ်အပ်ရပါတယ်။ တစ်စီးကို ၅၀၀ိ/ ပေးရပါတယ်။ ပထမဆုံး ပြခန်းတွေပြတဲ့ အဆောက်အဦးကို ၀င်ကြည့်ကြပါတယ်။ အပြင်မှာတော့ LCD Screen အကြီးကြီးနဲ့ ဘာတွေပြနေမှန်းသေချာမသိပါ။ ဗီစီဒီထိုးပေးထားတာလား၊ တိုက်ရိုက်ပြနေတာလား ဘာမှ မကွဲပြားပါ။
ဝင်ပေါက်ရောက်တော့ လုံခြုံရေးက နည်းနည်းပါးပါးစစ်ပါတယ်။ အမှန်အတိုင်းပြောရရင် နည်းနည်းများ ပြီးစလွယ်ဆန်နေသလားလို့ပါ။ စစ်ချင်သလိုမစစ်ချင်သလိုနဲ့ ၀တ်ကျေတန်းကျေလုပ်နေရတဲ့ပုံပါ။ ဒီအဆောက်အအုံအတွင်းမှာ ဘာပြဿနာမှမဖြစ်ဖို့ ငါ့မှာ တာဝန်ရှိတယ်ဆိုတဲ့ စိတ်နဲ့ စစ်ဆေးတာမဟုတ်တာတော့သေချာပါတယ်။ စစ်ဆေးရေးကိရိယာလေးနဲ့ ဟိုရမ်းဒီရမ်းလုပ်ပြီး ဘာမှလည်း မမေးသလို ဘာမှလည်းမပြောပါဘူး။ တွေးလိုက်ပါတယ်။ စစ်ဆေးရေးကိရိယာက အင်မတန်ကောင်းတဲ့အတွက် တကယ်လို့ တစ်ခုခု အန္တရာယ်ရှိတာပါလာရင် သေချာပေါက်အချက်ပြမှာပဲလို့ ယုံကြည်လို့ဖြစ်မယ်လို့ပေါ့။ ဒါပေမယ့် နောက်ဘက်လှေခါးကနေ ပြန်ထွက်တဲ့အချိန်ကျမှ ရှေ့ပေါက်မှာသာစစ်ဆေးနေတာ နောက်က ထွက်ပေါက်မှာကျတော့ ဘယ်သူမှလည်းမရှိ၊ မစစ်ဆေးဘဲနဲ့ကိုး။ ဘာနဲ့တူသလဲဆိုတော့ မျက်နှာမှာသနပ်ခါး အဖွေးသားလိမ်းထားပြီး နောက်ကျောမှာ ရွှံ့တွေဖုန်တွေ ဗရပွနဲ့ ပေကျံနေတဲ့လူတစ်ယောက်လို ပါပဲ။ ထားပါတော့။ အထဲက ပြခန်းတွေကို လိုက်ကြည့်ကြတယ်။ ဘာတွေပြထားမှန်းတော့ သေချာမသိပါဘူး။ ဘယ်သူကမှလည်း ဒါကဘာပါတို့ ဒါကိုဘယ်လိုသုံးရတယ်တို့ ရှင်းမပြကြပါဘူး။ လက်ကမ်းစာရွက်တွေတော့ အများကြီးရခဲ့တယ်။ ဘယ်လောက်များဆိုးသလဲဆိုရင် အခုပဲ သူ့ဆီက လက်ကမ်းကိုယူခဲ့တယ်။ အဲဒီရှေ့က နောက်တစ်ခေါက်ထပ်ဖြတ်တော့ ထပ်ပေးတယ်။ ဒါနဲ့ မသင်္ကာလို့ တမင်ရွဲ့ပြီးကို နောက်ထပ်ဖြတ်လျှောက်တယ်။ အောင်မယ်လေးဗျာ။ အဲဒီ ကိုကိုမမတို့က ထပ်ပေးတာပဲဗျ။ ပေးပြီးပြီလေလို့ ဆိုတော့ ရယ်ရယ်မောမောပဲ။ ရပါတယ်။ ယူသွားပါတဲ့။ တော်သေးတာပေါ့။ အခြားလူတွေကို ပေးလိုက်ပါဆိုပြီး ကိုယ့်ကို ပြန်ပြီး လက်ကမ်းမဝေခိုင်းလို့။ လက်ကမ်းတွေကို ဖတ်လိုက်တော့လည်း အမှားတွေက ဗရပွနဲ့။ ပြီးတော့ အဖြစ်ပဲ လုပ်ထားလိုက်တာများ။ တကယ်တတ်သိနားလည်တဲ့ ပညာရှင်တွေများမြင်ရင် ရယ်လိုက်မယ့်ဖြစ်ခြင်းဗျာ။ ရှက်စရာကောင်းပါတယ်။ Beginner Course ကို Begineer Course ဆိုပြီး ရေးလို့ရေး။ British English နဲ့ American English ကို တွဲပြီးရေးလို့ရေးနဲ့။ ဘာတွေမှန်းကို မသိတော့ပါဘူး။ သူငယ်ချင်းပြောသလိုပါပဲ။ ကွန်ပျူတာကျွမ်းကျင်တဲ့လူတွေက အင်္ဂလိပ်စာကို သိပ်ပြီးအလေးမထားတော့ဘူး။ သိပ်ပြီး ဂရုမစိုက်တော့ဘူးတဲ့။ သူကဟာသပြောတာပါ။ ဒါပေမယ့် ကျွန်တော်တွေးစရာရလိုက်တယ်။ ထားပါတော့။ ဒါက ဘာမှမဟုတ်တဲ့အကြောင်းလေးတွေကို ကြုံလို့ပြောတာပါ။ အရေးမကြီးပါဘူး။ အရေးကြီးတာက အဲဒီပြခန်းတွေကို ၀င်ကြည့်ပြီး မေးလိုက်ရင် ဘာမှသေသေချာချာ ဂဃနဏရှင်းမပြနိုင်တာပါ။ ကိုယ်တင်ထားတဲ့ပစ္စည်းအကြောင်းကိုတောင် ကိုယ်သေချာမသိပါဘူး။ ဟိုလူ့ကို လှမ်းခေါ်လိုက်၊ ဒီလူ့ကိုလှမ်းခေါ်လိုက်နဲ့။ လိုချင်တဲ့ပစ္စည်းကိုမေးရင်လည်း ပါမှန်းမပါမှန်း မသိပြန်ဘူး။ လှမ်းမေးရပြန်ရော။ အဲဒီပစ္စည်းပါသလားပေါ့။ ဟိုကလည်း ပါတယ်မပါဘူး သေချာစဉ်းစားပြီး မပါဘူးချည်းပဲ လုပ်နေတော့တာပါပဲ။ ကျွန်တော် အတော်လေးကို လန့်သွားပါတယ်။ ဒီလူတွေ ဒီပြခန်းတွေလာလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ အဲဒီရည်ရွယ်ချက်တွေ အောင်မြင်ရဲ့လားဆိုတာကို တွေးမိလို့ပါ။
ဒါနဲ့ပဲ ဘာကိုမှ မမေးတော့ဘဲ ဆိုင်ခန်းတွေကို တစ်ခန်းဝင်တစ်ခန်းထွက် ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပဲ လုပ်ရတော့တယ်။ လက်ကမ်းစာရွက်တွေကတော့ ဘာရသလဲမမေးနဲ့။ အရေးထဲမှာ ဒုတိယထပ်ရောက်တော့ ကွန်ပျူတာသင်တန်းတက်ဖို့ လာဆွယ်နေသေးတယ်။ ဘယ်နှရာခိုင်နှုန်းလျှော့ဈေးနဲ့ အခုစာရင်းသွင်းလို့ရပါတယ်ဘာညာ လာလုပ်နေသေးတယ်။ လူက အတော်ကို စိတ်အချဉ်ပေါက်နေတာမို့ သင်တန်းမတက်ချင်ဘူး။ သင်တန်းနည်းပြဆရာလိုရင်တော့ အလုပ်လျှောက်ချင်ပါတယ်ဆိုပြီး ဘုတောလိုက်တော့မှ မရွှေချောက ပါးစပ်ဗျစ်တောက်ဗျစ်တောက်လုပ်ပြီး ကျန်ခဲ့လေရဲ့။
အပေါ်ဆုံးထပ်မှာတော့ ဖျော်ဖြေရေးခန်းမဆိုပြီး လူတွေပြည့်နေတာတွေ့ရတယ်။ သြော် လူတွေက ပြခန်းတွေကို လာကြည့်ကြတာမှ မဟုတ်ဘဲကိုး။ ဖျော်ဖြေရေးလာကြတာကိုး။ များလိုက်တဲ့လူတွေမှ တိုးမပေါက်အောင်ပါပဲ။ စင်ပေါ်မှာလည်း ဘာတွေကနေမှန်း မသိပါဘူး။ ညီလည်းမညီညာဘဲနဲ့ ကနေလိုက်ကြတာကို အားပေးနေတဲ့ပရိသတ်ကိုလေးစားလောက်ပါတယ်။ လူလည်း အတော်လေး စိတ်အိုက်လာတာမိုး အောက်ဆုံးထပ်ကို ပြန်ဆင်းလာခဲ့တယ်။ မြေညီထပ်နောက်ဖက်ကို ရောက်တော့မှ အဲဒီမှာ အင်တာနက်ကဖေး ဖွင့်ထားတာကို တွေ့ရတယ်။ စက်သုံးနေတဲ့လူတွေကတော့ သူတို့ဘေးကလူ ဘာလုပ်နေတယ်ဘာတွေရေးနေတယ်ဆိုတာကို မသိသလို သူတို့ရေးနေတာ၊ လုပ်နေတာတွေကိုလည်း မမြင်ရပါဘူး။ ဒါပေမယ့် နောက်ကျောဘက်ကနေ လာကြည့်တဲ့လူတွေက ဘယ်သူမဆို သူတို့ စာရေးနေတာတွေ၊ အင်တာနက်စာမျက်နှာတွေ ဖတ်နေတာတွေကို အတားအဆီးမရှိ မြင်နေရ၊ တွေ့နေရတော့ ရယ်ချင်သွားမိတယ်။ နည်းနည်းလေးနောက်ချင်တာနဲ့ Chatting လုပ်နေတဲ့ ကလေးမလေးတစ်ယောက်ကို ဟိတ်..ဘာတွေညာနေတာလဲဆိုပြီး လှမ်းနောက်လိုက်တော့ မရွှေချောက အဲဒီတော့မှ minimize တွေဘာတွေလုပ်လို့။ ဟားဟား။ ပါးစပ်ကဘာတွေရွတ်နေမှန်းမသိခင် အမြန် ထွက်လာခဲ့ရတယ်။
Stage Show လုပ်တဲ့စင်ကိုကြည့်ပြီး အဆိုတော်တွေကို အတော်လေးသနားသွားမိတယ်။ သူတို့တွေ ဒီလောက်နေပူကြီးထဲမှာ နေကိုမျက်နှာမူပြီး ဘယ်လိုများ ခံစားပြီးသီဆိုဖျော်ဖြေကြသလဲမသိဘူး။ စင်ကြီးက နေပူကြီးထဲမှာ ဟီးနေတာပဲ။ ပူလိုက်အိုက်လိုက်မယ့် ဖြစ်ခြင်းဗျာ။ ထားပါတော့။ နေ့လည် ၁ နာရီမှာ ပွဲစမယ်လို့ကြေညာနေတာ ကြားနေရတယ်။ စောင့်မကြည့်တော့ပါဘူး။ ပြင်ဦးလွင်ဂီတပွဲတော် ကိုယ်တွေ့လေးတွေက ရှိထားတော့ တော်ကြာ ကိုယ်ပါကြားထဲကနေ ဟိုရှောင်ရ၊ ဒီပြေးရ လုပ်နေရဦးမယ်။ ဂီတပွဲကို ကြည့်ရတာကနည်းနည်း စိတ်မချမ်းသာတာ၊ စိတ်တိုရတာက များများဆို မတန်ပါဘူးဆိုပြီး ပြန်လာခဲ့ကြကြောင်းပါ။
အမှတ်တရ
ကိုဉာဏ်(ပန်းလောင်မြေ)
(P.S. ကျွန်တော်ထင်တဲ့အတိုင်းပါပဲ။ စတေ့ခ်ျရှိုးမှာ ရန်ဖြစ်ကြတာမှ အကြီးအကျယ်ပဲလို့ ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ပြန်ပြောပြတော့ စိတ်မတိုနိုင်ဘဲ ရယ်မိပါတယ်)

Monday, December 15, 2008

ပြင်ဦးလွင်ပန်းပွဲတော်နှင့်ဂီတပွဲတော်ကိုယ်တွေ့


တစ်နေ့က ပြင်ဦးလွင် ပန်းပွဲတော်နှင့် ဂီတပွဲတော်ကို ရောက်ပါသည်။ ပန်းပွဲတော်ကို သွားသည်ထက် ဂီတပွဲတော်ကို သွားသည်ဟုဆိုလျှင် ပိုမှန်ပါမည်။ ပထမနှစ်ရက်ကတည်းက ကြည့်ချင်နေသော်လည်း ဘယ်လိုမှ
မအားသည့်အတွက် ကြည့်ခွင့်မရခဲ့ပါသည်။ ဂီတပွဲတော် နောက်ဆုံးနေ့တွင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ရောက်အောင်သွားမည်ဟုဆိုကာ သွားခဲ့သဖြင့် ရောက်ခဲ့ရခြင်းဖြစ်ပါသည်။ ကျွန်တော်ရယ် သူငယ်ချင်း ယဉ်ထွန်းရယ်၊ ဇော်လှိုင်ထွန်းရယ် သုံးယောက်သွားကြပါသည်။ အနယ်နယ်အရပ်ရပ်မှ တက်လာကြသော ပရိသတ်များဖြင့် စည်းကားသည်ကို တွေ့ရပါသည်။ ပထမဆုံး National Landmark ကိုသွားပါသည်။
ထိုနေရာတွင် မြို့မတီးဝိုင်းဖြင့် ဖျော်ဖြေရန် ပြင်ဆင်ထားသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့ရောက်တာ စောနေသေးသည့်အတွက် အစီအစဉ်များ မစသေးပါ။ ထို့ကြောင့် ဂီတပွဲတော်ကျင်းပရာ ကန်တော်ကြီးသို့ ချီတက်ကြပါသည်။ ဆိုင်ကယ်များ၊ ကားများဖြင့် ရှုပ်ရှက်ခတ်နေသောကြောင့် အတော်ကို သတိထားပြီး
ဆိုင်ကယ်စီးရပါသည်။ ၀င်ပေါက်ကိုရောက်တော့ ဆိုင်ကယ်အပ်ရပါသည်။ တစ်စီးလျှင် ၁၀၀၀ိ/- ပေးရပါသည်။ ပုံမှန် ဆိုင်ကယ်အပ်ခတစ်စီးလျှင် ၂၀၀ိ/- သာပေးရပါသည်။ ဘယ်လိုဖြစ်ပြီး...........။ ကျွန်တော်ဆက်မတွေးတော့ပါ။ ပေးလိုက်ပါသည်။ ကန်တော်ကြီးထဲသို့ ၀င်ခွင့်လက်မှတ်ဝယ်ရပါသည်။ ဥယျာဉ်တွင်းသို့ ၀င်ကြေးသက်သက်ဟု ဆိုပါသည်။ ဂီတပွဲတော် စတေ့ခ်ျရှိုးကြည့်ဖို့က လက်မှတ်သတ်သတ်ဝယ်ရမည်ဟု ဆိုပါသည်။ ဟုတ်ကဲ့ပါပေါ့။ ၀င်ကြေးက တစ်ဦးလျှင် ၁၀၀၀ိ/- ပေးရပါသည်။ ပေးလိုက်ပါသည်။ လမ်းကျတော့ ဂီတပွဲတော်လက်မှတ်ရောင်းသော နေရာလေးတစ်ခု တွေ့ရပါသည်။ လက်မှတ်တစ်စောင်လျှင် ၃၀၀၀ိ/- ပေး၍ ၀ယ်ရပါသည်။ ယနေ့ နောက်ဆုံးနေ့အဖြစ် Hip Hop ဖျော်ဖြေပွဲဖြစ်သည်ဟု သိရပါသည်။ ဘာပဲဖြစ်ဖြစ် ကြည့်ရတာပေါ့လေ။ ဂီတပွဲတော် ကျင်းပြပြုလုပ်သည့်နေရာက ကန်တော်ကြီးအတွင်းရှိ မျှော်စင်အောက်မှာ ဖြစ်ပါသည်။ ပြင်ဦးလွင်တစ်မြို့လုံးကို မြင်နိုင်သော မျှော်စင်အောက်တွင် စင်ထိုး၍ ပြုလုပ်ခြင်းဖြစ်ပါသည်။ Main စပွန်ဆာအဖြစ် ဒဂုံဘီယာမှ ပံ့ပိုးပေးထားသည်ဟု သိရပါသည်။ ကျွန်တော်တို့ရောက်တော့ အနည်းငယ်စောနေသဖြင့် ပွဲမစသေးပါ။ ပရိသတ်လည်း အတော်နည်းနေသည်ကို တွေ့ရပါသည်။ ဘယ်လိုဖြစ်တာလဲပေါ့။ မေးမြန်းကြည့်ရာ ပရိသတ်က အဓိက စိုင်းစိုင်းခမ်းလှိုင်ကို လာကြည့်ကြခြင်းဖြစ်ကြောင်း။ စိုင်းစိုင်းက နောက်ဆုံးမှ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ပရိသတ်များက အေးအေးဆေးဆေးမှ လာကြမည်ဖြစ်ကြောင်း သိရပါသည်။ သြော် ဂလိုကိုးဟုသာ မှတ်ချက်ချရပါသည်။ တကယ်လည်း နောက်ပိုင်းတွင် ကွင်းတစ်ခုလုံးအပြည့် ပရိသတ်များဝင်လာသည်ကို တွေ့ခဲ့ရပါသည်။ နေ့လည် ၁ နာရီတွင် ပွဲစမည်ဟု လက်မှတ်တွင်ရေးထားသော်လည်း ၁၀ မိနစ်ခန့်နောက်ကျပြီးမှ ပွဲကိုစတင်ပါသည်။
ကျွန်တော်ကိုယ်တိုင်က ဟစ်ဟော့ပ်နှင့် အလှမ်းဝေးသူမို့ ဘယ်သူတွေ တက်ဆိုနေကြမှန်း သေချာမသိပါ။ သေသေချာချာ သိသည်ကတော့ မြန်မာလူမျိုးများ၏ အကျင့်စရိုက်ဖြစ်ပါသည်။ စင်ပေါ်သို့ ရေသန့်ဗူးများ၊ တုတ်ချောင်းများ၊ ခဲလုံးများဖြင့် ပစ်ပေါက်ကြခြင်း ဖြစ်ပါသည်။ အတော်ကို အကြည့်ရဆိုးပါသည်။ ထို့ထက်ပိုဆိုးသည်က ရန်ပွဲများဖြစ်ပါသည်။ ကျွန်တော်ရေတွက်ခဲ့တာ မမှားလျှင် အနည်းဆုံး ရန်ပွဲ ခုနစ်ပွဲလောက် ကြည့်ခဲ့ရပါသည်။ မည်ကာမတ္တရန်ပွဲများမဟုတ်ပါ။ နှာခေါင်းကျိုး၊ ခေါင်းကွဲ၊ ဒူးပြဲ၊ နားထင်ပေါက်နှင့် တကယ့်ကို သွေးသံရဲရဲဖြင့် ဖြစ်ကြသော ရန်ပွဲများဖြစ်ပါသည်။ သို့သော် မည်သည့်လုံခြုံရေးမှ လာရောက်ဖျန်ဖြေခြင်း၊ ဖျန်ဖြေပေးခြင်း၊ ဖမ်းဆီးအရေးယူခြင်း ပြုလုပ်သည်ကို မတွေ့ရပါ။ အတော်လေးအံ့သြမိပါသည်။ ဖြစ်နေကျပဲလေဟု သဘောထားကြလေသလား မတွေးတတ်ပါ။ သေချာသည်ကတော့ ဘေးမှ ငြိမ်းချမ်းစွာ အားပေးနေသော ပရိသတ်ကိုတော့ ထိခိုက်သည်မှာ အမှန်ဖြစ်ပါသည်။ ရန်ဖြစ်ပြီဆိုသည်နှင့် ဟိုပြေးရဒီပြေးရ၊ သူတို့ပစ်ပေါက်သော တုတ်ချောင်းများ၊ ခဲများကိုလည်း ရှောင်ရတိမ်းရနှင့် အတော်ကို အနေအစားပျက်ရပါသည်။ ထားပါတော့။ ဖျော်ဖြေပွဲကို ပြန်ဆက်ပါမည်။ ဘယ်သူတွေမှန်းမသိ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တက်လာကြ၊ ဆိုကြ၊ ဆင်းသွားကြဖြစ်ပါသည်။ ထိုအထဲတွင် ပြင်ဦးလွင်သားနှစ်ယောက်အဖွဲ့ဆိုပြီး တက်ဆိုသော နှစ်ယောက်ကိုတော့ အတော်ကို မျက်မုန်းကျိုးသွားပါသည်။ စင်ပေါ်သို့ တက်လာကတည်းက သူများတွေလို မင်္ဂလာပါ ဘာညာမပြောဘဲ အင်္ဂလိပ်လို ဆဲဆိုပြီး တက်လာပါသည်။ သူတို့ကို ဘယ်သူတွေမှန်း ကျွန်တော်မသိပါ။ ကျွန်တော်သိသည်က လက်ထဲတွင် မိုက်ကရိုဖုန်းရသွားသည်နှင့် သူတို့လုပ်ချင်ရာကို လုပ်ခွင့်ရပြီဆိုသည့်ပုံစံနှင့် သီချင်ဆိုသွားသည်ကို တွေ့ရပါသည်။ ဘာတွေဆိုမှန်းလည်းမသိပါ။ တစ်ခါမှလည်း မကြားဖူးပါ။ ဘေးက လူငယ်တွေကို မေးကြည့်တော့လည်း သူတို့လည်း ထိုအဖွဲ့ကို မသိကြောင်း။ ထိုသီချင်းကို တစ်ခါမှ မကြားဖူးကြောင်း သိရပါသည်။ အတော်လေးကို ရိုင်းစိုင်းသည့်အဖွဲ့ဖြစ်ပါသည်။ စင်ပေါ်မှ ဆင်းကာနီးတွင် တစ်ခါထပ်ဆဲသွားပါသေးသည်။ ကျွန်တော့်မှာ စင်ပေါ်သို့တက်၍ ပြေးထိုးချင်စိတ်ကို အတော်ကိုထိန်းရပါသည်။
ကျွန်တော်သိသော အဆိုတော်များ တက်လာတော့ လူက နည်းနည်းတော့လန်းသွားပါသည်။ သီချင်းလေးတွေ လိုက်ဆိုလို့ရသည်။ စည်းချက်ဝါးချက်နှင့်အညီ လိုက်လှုပ်လို့ရသည်ကိုး။ ငယ်ငယ်က သီချင်း (၄)ပုဒ်ဆိုသွားသည်။ ဂျင်းနီက (၄)ပုဒ်။ ပြီးတော့ ဒီဂျေဂျေးက သီချင်း (၄)ပုဒ်ကို ဒီဂျေပွတ်ပြီး ပရိသတ်ကို ကခိုင်းသည်။ သူ့ဟာနဲ့သူတော့ ဟုတ်နေကြသည်။ ရဲလေးတက်လာတော့ ပရိသတ် နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ရဲလေးပရိသတ်အတော်များကြောင်း တွေ့ရသည်။ ရဲလေးဆိုသမျှကို အောက်ကနေ လိုက်ဆိုကြသည်။ ရဲလေးပြီးတော့ ဂျောက်ဂျက်ဆိုတာ တက်လာသည်။ စတက်လာကတည်းက အငြိမ်တက်မလာ။ ခုန်ပေါက်ပြီး ထွက်လာတာ တွေ့ရသည်။ ပရိသတ်ကလည်း အတော်လေးအားပေးသည်ကို တွေ့ရသည်။ ကျွန်တော့်မှာ အမှန်အတိုင်းပြောရလျှင် ဂျောက်ဂျက်ဆိုသည့်အဆိုတော် ရှိမှန်းပင်မသိ။ သူ့သီချင်းတွေ ကြားဖူးဖို့ဆိုတာ ဝေလာဝေး။ သို့သော် ပရိသတ်က သူဆိုသမျှ လိုက်ဆိုကြသည်ကိုတွေ့ရသည်။ ဟုတ်လှချည်လားပေါ့။ သူ့သီချင်းများတွင် စကားလုံးကြမ်းကြမ်းတမ်းတမ်းများ ပါနေသည်ကိုတွေ့ရသည်။ လူငယ်တွေက ထိုစကားလုံးတွေကိုပဲ ခုံမင်နေသလားဟု ရင်လေးစွာတွေးရင်း ဘုရားတမိသည်။ ပရိသတ်က ယောက်ျားလေးတွေချည်းပဲ မဟုတ်။ မိန်းကလေးပရိသတ်တွေလည်းအများကြီး။ သူဆိုသည့် စကားလုံးတွေက သေချာပေါက် မောင်နှင့်နှမ၊ သားနှင့်အမိ နားထောင်လို့ရသော စကားလုံးများမဟုတ်ချေ။ ခေတ်ကိုပဲ ပုံချရတော့မည်ထင်သည်။ ကျွန်တော်တို့တွေကိုက ခေတ်မမီတော့တာ ဖြစ်မည်။ နောက်ဆုံးဖျော်ဖြေသူက စိုင်းစိုင်းခမ်းလှိုင်။ ပရိသတ်အားလုံး ၀ရုန်းသုန်းကား အားပေးကြသည်။ စိုင်းစိုင်းခမ်းလှိုင်က သစ္စာတော် (၇) ဖြင့် စတင်ဖွင့်လှစ်သည်။ ထို့နောက် ကြေငြာရန်မလိုဖြင့် ပရိသတ်ကို လီဗာမြှင့်သည်။ သူ့သီချင်းတွေအားလုံးနီးပါးက လူတိုင်းရကြတော့ လိုက်ဆိုကြ ကကြနှင့် ပျော်စရာကြီးပဲဖြစ်သည်။ တစ်ခုရှိသည်က သူနှင့်အတူဆိုသည့် တစ်ယောက်က ယခင်ဆိုသည့် Litကောင်းမြတ်လို အဆိုမညက်ညောခြင်းဖြစ်သည်။ သူ့အသံကြီးက စူးပြီးထွက်ထွက်လာတော့ သီချင်းကို ခံစားရတာ အတော်ကို ရသပျက်စေသည်။ ထို့နောက် စိုင်းစိုင်းခမ်းလှိုင် နောက်ထွက်မည့် အဲဗားဂေါ်လီစီးရီးထဲက တိမ်တွေပေါ်မှာ သီချင်းကို ဆိုပြသည်။ သီချင်းအသစ်ဖြစ်သည့်အတွက် ပရိသတ်က ငြိမ်သွားသည်။ ဒါကို စိုင်းစိုင်းခမ်းလှိုင်က လူကြမ်းလေး သီချင်းဖြင့် ပြန်ဆွဲတင်သွားသည်။ `ပြင်ဦးလွင်နှင့် SAI ´ ဆိုပြီး ပရိသတ်ကို အော်ခိုင်းသွားသည်။ စိုင်းစိုင်းခမ်းလှိုင်က ``ကဲအားလုံး ထော်လာဂျီပေါ် တက်ကြမယ်´´ ဟု ပြောလိုက်တော့ ကွင်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဘယ်လိုမှ ထိန်းမရတော့။ တစ်ကွင်းလုံး အားလုံးကကုန်သည်။ ကျွန်တော်တို့နောက်နားတွင် ရေသန့်ဗူးခွံလိုက်ကောက်နေသော ကလေးတွေအားလုံး အိတ်တွေကိုပစ်ပြီး ပြေးထွက်လာကြသည်။ ဟိုက်ရှားပါ။ ကျွန်တော်အတော်ကို မျက်လုံးပြူးသွားသည်။ အံ့သြသွားသည်။ ကလေးတွေက သီချင်းကို အပီအပြင်လိုက်ဆိုပြီး ကနေကြသည်မှာ ကွေးနေသည်။ တစ်ချိန်က ဗဒင်၏ နေရာစီးရီးအောင်မြင်မှုကို ပြန်တွေးမိသည်။ ယခုဟာက ထို့ထက် ပိုသည်ထင်သည်။ စိုင်းစိုင်း၏ တောဂေါ်လီသည် ကလေးရောလူကြီးပါမကျန် လိုက်ဆိုနိုင်သော Icon သီချင်းတစ်ပုဒ်ဖြစ်နေပြီလားဟု ကျွန်တော်တွေးမိသည်။ စိုင်းစိုင်းက သီချင်းတွေဆက်ဆိုနေသည်။ အားလုံးပြီးမှထွက်လျှင် ဘယ်လိုမှ ဒီလူအုပ်နှင့်တိုးလို့မရနိုင်မှန်း သိသဖြင့် ကြည့်ချင်သေးသော်လည်း ပြန်ထွက်လာခဲ့ရသည်။ လမ်းမှကြားနေရသည်။ စိုင်းစိုင်းက ပရိသတ်နှင့် မိုက်တယ်၊ မိုက်တယ်တို့ အော်နေသံများ။ ပန်းပွဲတော်အတွက် ပြင်ဆင်ထားသည်များမှာ အင်မတန်လှပပါပေသည်။ ဂီတပွဲတော်အတွက် ဖျော်ဖြေမှုများကလည်း အဆင့်မီပါပေသည်။ သို့သော် ကျွန်တော်တို့ မြန်မာလူမျိုးများ၏ ပွဲလမ်းသဘင်တွင် ပြုမူတတ်သော အပြုအမူများ၊ အပြောအဆိုများကမူ အဆင့်မီရန် များစွာလိုအပ်နေပါသေးသည်။ ပိုက်ဆံရလျှင်ပြီးရောသဘောဖြင့် ပွဲစီစဉ်ရုံသက်သက်မလုပ်ဘဲ ပွဲကြည့်ပရိသတ်အားလုံး စိတ်အေးချမ်းသာစွာ ကြည့်ရှုခံစားနိုင်ရန်အတွက် လုံခြုံရေးအစီအမံများ သေသေချာချာပြုလုပ်၍ ထိန်းသိမ်းပေးလျှင် အရုပ်ဆိုးအကျည်းတန်သော မြင်ကွင်းများ ပပျောက်၍ ပိုမိုအဆင့်အတန်းမြင့်မားသော ဖျော်ဖြေပွဲများ၊ ပွဲလမ်းသဘင်များ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)

ပြောချင်လွန်းလို့ပါ


ကျွန်တော့်သူငယ်ချင်းတွေက မေးကြပါတယ်။ ဘယ်လိုဖြစ်ပြီး ဘလော့ဂ်က တင်လိုက်၊ မတင်လိုက် ဖြစ်နေတာလဲတဲ့။ အတော်ကို အဖြေရခက်တဲ့ မေးခွန်းပါ။ အမှန်အတိုင်းပြောရရင် ကျွန်တော့်မှာ ဘလော့ဂ်မှာတင်ဖို့ပို့စ်တွေ အများကြီးရှိပါတယ်။ ကျွန်တော် ကိုယ်ပိုင် တွေးခေါ်မိတာတွေရော၊ ဖတ်မိသမျှထဲကနေ ပြန်ပြီးတင်ပေးချင်တာတွေရောပေါ့။ ဒါပေမယ့် အများကြီးကို ဆင်ခြင်နေရပါတယ်။ ကိုယ်က အပြုသဘောနဲ့ပြောတာဖြစ်ပေမယ့် အခြားလူတွေအတွက် တစ်ခုခုနစ်နာသွားတာမျိုး ဖြစ်မှာကို မလိုလားတဲ့အတွက်ပါ။ နောင်များ အခွင့်အလမ်းတွေရလာခဲ့ရင် ကျွန်တော်ပြောချင်တာတွေကို ရေးထားတာတွေရှိပါတယ်။ တင်ပေးပါ့မယ်။ အခုတော့ ဆန္ဒကိုချိုးနှိမ်ပြီး အခြားတင်ချင်တာလေးတွေ (စာအုပ်တွေဖတ်ပြီးပြန်ရေးတာတွေပါ)ကိုပဲ တင်ပေးနေပါဦးမယ်။ ပြောတဲ့လူတွေကလည်း ပြောကြပါတယ်။ အလကားကောင်တဲ့။ ကိုယ့်ဘာသာအဖြစ်ရှိအောင်တော့ ပို့စ်တွေဟုတ်တိပတ်တိမရေးတတ်ဘူးတဲ့။ စာအုပ်တွေထဲကနေပဲ ကူးချပြီး တင်ပေးနေတာတဲ့။ ကျွန်တော်အတော်လေးကို ရယ်ချင်သွားမိပါတယ်။ ဒါပေမယ့် ဘာမှမပြောတော့ပါဘူး။ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာခံရပါတယ်။ အီးမေးလ်တွေပို့ပြီး ချီးကျူးထောပနာကပြုလိုက်ပါသေးတယ်။ ကျွန်တော်က ပြန်ပြီးအီးမေးလ်ပို့တော့ ပြန်ပြီး မဖြေရှင်းပါဘူး။ ကျွန်တော်က တစ်ခုပဲမေးလိုက်ပါတယ်။ ကိုယ်ပိုင်အရေးအသား၊ ကိုယ်ပိုင်ပို့စ်ဆိုတာ ဘယ်လိုအရည်အချင်းတွေနဲ့ ကိုက်ညီရသလဲလို့ပါ။ ပြန်မဖြေပါဘူး။ နောက်ပြီးတော့ ကျွန်တော့်ရဲ့ဘလော့ဂ်ဟာ ဟိုအဖွဲ့အစည်းရဲ့ ခိုင်းစေချက်အရလုပ်ရသလိုလို၊ ဒီအဖွဲ့အစည်းကပဲ ကျောထောက်နောက်ခံပြုနေသလိုလိုပြောပြန်ရော။ ကျွန်တော်အတော်ကို ဒေါသထွက်ပါတယ်။
တစ်ခါတည်း ပွင့်ပွင့်လင်းလင်းကျွန်တော်ပြောပါတယ်။ ကျွန်တော့်ဘလော့ဂ်ဟာ ဘယ်အဖွဲ့အစည်း၊ ဘယ်အသင်းအဖွဲ့ရဲ့ ထောက်ခံချက်၊ အားပေးချက်နဲ့မှ လုပ်နေတာမဟုတ်ပါဘူး။ ကျွန်တော့်ဝါသနာအရ ကျွန်တော်လုပ်ချင်တာကို လုပ်နေတာဖြစ်ပါတယ်။ အစကနေ မြေလှန်ချင်တယ်ဆိုရင်တော့ ရာဟုဂရု(ပ်)ကိုသာ ပြဖို့ရှိပါတယ်။ မြန်မာ့သွေးရာဟုဂရု(ပ်)နဲ့အတူ ကျွန်တော်အများကြီး တတ်နိုင်သလောက် လုပ်ပေးခဲ့ပါတယ်။ ဘလော့ဂ်ဆိုတာကိုတော့ အတော်ကြီးကို နောက်ကျပြီးမှ ကျွန်တော်မြီးစမ်းခွင့်ရခဲ့တာပါ။ ဘယ်သူကမှ ကိုယ့်ကို မကူညီခဲ့သလို အကြံဉာဏ်ပေးခဲ့တာ၊ နည်းပညာအကူအညီပေးခဲ့တာ မရှိပါဘူး။ ကိုညီလင်းဆက်ရဲ့ဘလော့ဂ်က ကုတ်ဒင်းတွေကို အကုန်ကူးယူပြီး ဟိုပြောင်းဒီပြောင်းနဲ့ စခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ အရိုးသားဆုံး ၀န်ခံတာဖြစ်ပါတယ်။ အဲဒီလို လုပ်ခဲ့ရတဲ့ ကျွန်တော့်ရဲ့ ဘလော့ဂ်ကို ဟိုပြောဒီပြော ပြောတာခံရတော့ ဘယ်လောက်ဒေါသထွက်မလဲဆိုတာကို စဉ်းစားကြည့်ပါတော့ဗျာ။ အခုဖြစ်နေတာက မြန်မာပြည်အကြောင်း အကောင်းရေးရင် အစိုးရဘက်တော်သားလို့ နာမည်တပ်ကြတယ်။ ဟော... မြန်မာပြည်အကြောင်း မကောင်းရေးပြန်တော့ နိုင်ငံရေးသမားလို့ တံဆိပ်ကပ်ကြပြန်ရော။ ကျွန်တော်ဘယ်လိုမှကို နားမလည်နိုင်ပါ။
ပွင့်လင်းစွာပြောပါသည်။ ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါ။ ထို့အတူ မြန်မာပြည်အကြောင်းမှန်သမျှ အကုန်ကောင်းပါတယ်ဟု မျက်မိမှိတ်ရေးနေသူလည်း မဟုတ်ပါ။ ကျွန်တော်မြင်သမျှ ကြုံသမျှကို မြင်သလို ကြုံသလိုသာ ရေးပါသည်။ မြင်သမျှကို မြင်သလို ရေးရန် အခွင့်မသာလျှင် ကျွန်တော်မရေးပါ။ ကျွန်တော်ရေးခဲ့သော ပို့စ်အားလုံးအတွက် ကျွန်တော်တာဝန်ယူပါသည်။
ထပ်မံ၍ပြောပါမည်။ ကျွန်တော်ဘလော့ဂ်ရေးနေပါသည်။ ရေးချင်၍ ရေးနေခြင်းဖြစ်ပါသည်။ သို့သော် ထိုရေးသားမှုများတွင် ရည်ရွယ်ချက် ပါပါသည်။ အကြောင်းမဲ့ရေးနေခြင်းမဟုတ်ပါ။ ဖတ်မိသမျှ စာအုပ်တွေထဲမှ ကောင်းနိုးရာရာများကို ကျွန်တော် ပြန်လည်ဝေငှပါသည်။ ထိုဝေငှမှုများတွင် ဘယ်သူပဲဖတ်ဖတ် အကျိုးယုတ်စေသော အကြောင်းအရာများ မပါပါ။ ကိုယ်ပိုင် ဘာမှမရေးတတ်ပါဘူးဟု ပြောသော မိတ်ဆွေကိုလည်း ပြောချင်ပါသေးသည်။ ကိုယ်ပိုင်ပို့စ်ဆိုတာ ဘာကိုပြောတာလဲ အရင်ရှင်းပြစေချင်ပါသည်။ တစ်နေ့တစ်နေ့ ကိုယ်ဘာလုပ်သည် ဘာတွေချက်စားသည် ဘယ်သူနဲ့တွေ့သည် စသည်ဖြင့် ရေးပြနေခြင်းသည် ကိုယ်ပိုင်ပို့စ်ဟု ယူဆပါသလား။ ကလေးတောင် ရေးတတ်ပါသည်။ ထိုအရေးအသားမျိုးကို (၁၄)နှစ်သားလောက်ကတည်းက ကျွန်တော်ရေးတတ်ပါသည်။ ဒိုင်ယာရီထဲတွင် ကျွန်တော်ရေးခဲ့သော နေ့စဉ်မှတ်တမ်းများသည် မိတ်ဆွေပြောတဲ့ ကိုယ်ပိုင်ပို့စ်ဆိုတာတွေထက် အများကြီးသာပါသည်။ ကျွန်တော် ရန်တွေ့နေခြင်း မဟုတ်ပါ။ လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကဘာမှန်း၊ ဘာလုပ်နေမှန်း သေသေချာချာ ဂဃဏနမသိပါဘဲ ဝေဖန်တတ်သည့် မြန်မာလူမျိုးအများစု၏ အကျင့်ကို မကြိုက်သောကြောင့် ရေးရခြင်းဖြစ်ပါသည်။
ကျွန်တော်၏ မြန်မာ့သွေးဘလော့ဂ်မှ ပို့စ်များကို အကုန်လုံးပြန်ဖတ်ပါ။ ပြီးမှ ကျွန်တော့်ကို ဘယ်လိုလူမျိုးလဲဟု မှတ်ချက်ချပါ။ ဝေဖန်ပါဟု ကျွန်တော်ပြောလျှင် လွန်အံ့မထင်ပါ။ ကျွန်တော်၏ ဒေါသသံစွက်သော အရေးအသားများအတွက် စာဖတ်သူအားလုံးကို တောင်းပန်ပါသည်။ အားလုံးပဲ စိတ်ဝမ်းနှလုံး ရွှင်ပြုံးနိုင်ကြပါစေ။
( အခုလောလောဆယ် ကျွန်တော်အင်တာနက်သုံးရန် အခက်အခဲရှိပါသည်။ ဘလော့ဂ်များသို့ ၀င်ရန် နည်းလမ်းပေါင်းစုံကို သုံးနေရသည့်အတွက် ဘလော့ဂ်ရေးချင်စိတ်ကို မြိုသိပ်ထားရပါသည်။ အခွင့်အရေးရလျှင်ရသလို ကျွန်တော် တင်ပေးသွားပါမည်။ စောင့်မျှော် ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါသည် )
လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)

Friday, November 21, 2008

Grand Royal Challenge Cup 2008


ဂရင်းရွိုင်ရယ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို ပြီးဆုံးသွားတဲ့ နေရာမှာ ဘာတွေအမြတ်ကျန်ခဲ့သလဲ၊ ဘာတွေပညာရလိုက်သလဲ စသည်ဖြင့် သင်ခန်းစာဖော်ထုတ်တာကို တာဝန်ရှိသူတွေအနေနဲ့ လုပ်ဖြစ်အောင် လုပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေနဲ့ ပြန်လည်သုံးသပ်တာတွေ၊ အားသာချက်၊ အားနည်းချက်ဖော်ထုတ်တာတွေကို မဖြစ်မနေ လုပ်ဆောင်သွားမယ်လို့ ယုံကြည်မိပါတယ်။
..........................................................................
ဂုဏ်ယူပါတယ် မြန်မာ
ပထမဆုံး နောက်ဆုံး ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရဗိုလ်စွဲသွားတဲ့ မြန်မာအသင်းကို ချီးကျူးပါတယ်။ ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပခဲ့သမျှ ဂရင်းရွိုင်ရယ်ဖိတ်ခေါ်ပြိုင်ပွဲအားလုံးမှာ ဗိုလ်စွဲထားတဲ့ မြန်မာအသင်းအတွက် ဂုဏ်ယူပါတယ်။ ဘယ်လိုပဲ ထောက်ပြစရာ၊ ပြောပြစရာတွေပဲ ရှိခဲ့ရှိခဲ့ပါ။ ဒီဖိတ်ခေါ်ပြိုင်ပွဲ ပြုလုပ်သမျှအကြိမ်တိုင်းမှာ ဗိုလ်စွဲခဲ့တယ်ဆိုတဲ့ အစဉ်အလာဟာ အခုအထိတော့ ဂုဏ်ယူစရာ ဖြစ်တယ်လို့ ကျွန်တော်က ခံယူပါတယ်။ အဲဒီအတွက် ဂုဏ်ယူပါတယ်။
............................................................................
ဗိုလ်လုပွဲ သို့လှမ်းခဲ့သောလမ်း
မြန်မာအသင်းဟာ အုပ်စု (က)မှာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
အုပ်စု တစ်ပွဲနိုင်၊ တစ်ပွဲသရေ (၄)မှတ်နဲ့ အုပ်စုပထမ ရခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို သရေကစားပြီး၊ အင်ဒိုနီးရှားကို အနိုင်ကစားခဲ့တာပါ။
အုပ်စု (ခ)မှာတော့ ဗီယက်နမ်ယူ-၂၃(လက်ရှိမာဒေးကားချန်ပီယံ)၊ မလေးရှားအသင်းနဲ့ ကိုရီးယားက အူလ်ဆန် ဟွန်ဒိုင်းကလပ်အသင်းတို့ ပါဝင်ခဲ့ကြပါတယ်။ ကိုရီးယားအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ (၄)မှတ်၊ မလေးရှား အသင်းကလည်း တစ်ပွဲနိုင်၊ တစ်ပွဲသရေ (၄)မှတ်ရရှိခဲ့ပေမယ့်လည်း ဂိုးကွာခြားချက်အသာနဲ့ အူလ်ဆန်ဟွန်ဒိုင်း အသင်းက အုပ်စုပထမရရှိခဲ့ပြီ၊ မလေးရှားအသင်းက အုပ်စုဒုတိယ ရရှိခဲ့ပါတယ်။
ပထမအကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက မလေးရှားအသင်းကို လေးဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်လှမ်းခဲ့ပါတယ်။
ဒုတိယအကြိုဗိုလ်လုပွဲမှာတော့ မြန်မာအသင်းကို ရအောင်ရှောင်ခဲ့တဲ့ ကိုရီးယားကလပ်အသင်း အူလ်ဆန်ဟွန်ဒိုင်းအသင်း ကံမကောင်းခဲ့ပါဘူး။ ပွဲကစားချိန်အတွင်း သရေကျနေတဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းကလည်း ထိုက်ထိုက်တန်တန်ကို အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
(ကျွန်တော့်ရဲ့ စိတ်ကူးကိုပြောရရင် မြန်မာအသင်းနဲ့ ကိုရီးယားအသင်းကို ဗိုလ်လုပွဲမှာ တွေ့စေချင်တာပါ။ နိုင်မှာ ရှုံးမှာမသေချာပေမယ့် အတွေ့အကြုံတွေရမှာကတော့ အသေအချာပါပဲ။ ကိုရီးယားကလပ်အသင်း တစ်သင်းနဲ့ ခြေစမ်းခွင့်ရမယ့် အခွင့်အရေးကို မြန်မာအသင်းလက်လွတ်ခဲ့ရတယ်လို့ ဆိုချင်ပါတယ်။)
..............................................................................................
ဗိုလ်လုပွဲ (မြန်မာ နှင့် အင်ဒိုနီးရှား)
မြန်မာအသင်းက အနီရောင်ဝတ်စုံ၊ အင်ဒိုနီးရှားအင်းက အင်္ကျီအဖြူရောင်နဲ့ ဘောင်းဘီအစိမ်းရောင်ဝတ်စုံကို ၀တ်ဆင်ပြီး ကစားခဲ့ပါတယ်။ ပွဲစတာနဲ့ မြန်မာအသင်းက လျင်လျင်မြန်မြန်ပဲ ထိုးဖောက်ကစားတဲ့အတွက် အင်ဒိုနီးရှားတို့ တောက်လျှောက်ပဲ ခံစစ်ကစားနေရပါတယ်။ မြန်မာတို့အတွက် အဖွင့်ဂိုးကိုတော့ ပွဲစပြီး ၅ မိနစ်အကြာမှာရတဲ့ ပြစ်ဒဏ်ဘော ဖရီးကစ်တင်ပေးတာမှတဆင့် စိုးမြတ်မင်းက ခေါင်းလှန်တိုက်ပြီး သွင်းယူခဲ့ပါတယ်။ စိုးမြတ်မင်းရဲ့ Goal Luck လို့ ပြောရင်ပိုမှန်ပါတယ်။ အဲဒီဂိုးရသွားတာဟာ မြန်မာအတွက် အများကြီး အပြောင်းအလဲဖြစ်သွားပါတယ်။ အင်ဒိုနီးရှားတို့က ခံစစ်ကစားနေရာကနေ တိုက်စစ်ပြန်ဖွင့်ပြီး တစ်သင်းလုံးတက်၊ တစ်သင်းလုံးဆင်း ကစားလာတဲ့အတွက် မြန်မာတို့ ဘောလုံးမထိရသလောက်အထိ ဖိကစားခံလာရပါတယ်။ အထူးသဖြင့် ကွင်းလယ်မှာ အဖျက်အားနည်းတဲ့အတွက် မလိုအပ်ဘဲ ဂိုးဧရိယာထဲအထိ ရောက်သွားတာကို တွေ့ရပါတယ်။ မြန်မာညာနောက်ခံလူဘက်ကနေ အထူးသဖြင့် ထိုးဖောက်ကစားတာကို တွေ့ရပါတယ်။ ဆက်တိုက် အဖိခံနေရတဲ့ မြန်မာတို့အတွက် အားလုံးထင်မြင်ထားတဲ့အတိုင်းပဲ ပထမပိုင်းမှာတင် ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ဒီဂိုးကိုတော့ မြန်မာညာနောက်ခံလူ မဖျက်ထုတ်နိုင်ဘဲ ကျွံထွက်သွားတဲ့ ဘောလုံးကို အင်ဒိုနီးရှား ဘယ်တောင်ပံက မတင်ပေးလိုက်ရာမှာ အောင်အောင်ဦး ထွက်ပုတ်ပြီး နောက်ခံလူ မိုးဝင်းကိုထိကာ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ Own Goal ပေးလိုက်ရတဲ့အတွက် မြန်မာအသင်းဟာ ကစားအား ပြန်တက်လာရမယ့်အစား အင်ဒိုနီးရှားတို့ရဲ့ ကစားကွက်ထဲမှာပဲ မျောနေခဲ့ပါတယ်။ အင်ဒိုနီးရှားဘက်က တိုက်စစ်မှူးတွေ ဂိုးပေါက်ပျောက်နေခဲ့တဲ့အတွက်သာ မြန်မာအသင်း ကံကောင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဘက်မှာ ရှေ့တန်းက စိုးမြတ်မင်းနဲ့ အလယ်တန်းက ရာဇာဝင်းသိန်း နှစ်ယောက်ကိုပဲ အားထား ကစားနေတာကို တွေ့ရပါတယ်။ အင်ဒိုနီးရှားအသင်းကလည်း ဒီအကွက်ကို သိပြီးဖြစ်ပုံရပါတယ်။ စိုးမြတ်မင်းနဲ့ ရာဇာဝင်းသိန်းကို ပြစ်ဒဏ်ဘောအဖြစ်ခံပြီးကို ဖျက်ထုတ်ဟန့်တားတာကို တွေ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဟာ ပထမပိုင်းကအတိုင်းပဲ ကစားကွက်ကို မပြောင်းလဲနိုင်ခဲ့ပါဘူး။ အင်ဒိုနီးရှားအသင်းရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရပါတယ်။ ရှေ့တန်းမှာ ကျော်သီဟအစား အောင်ကျော်မိုး၊ နောက်တန်းက မင်းသူအစားအခြားတစ်ယောက်နဲ့ လူစားလဲ ကစားခဲ့ပါတယ်။ မြန်မာတို့အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် မိနစ် ၇၀ ခန့်မှာ ပြစ်ဒဏ်ဘောရတာကို ကန်တင်ပေးတာတစ်ဆင့် စိုးမြတ်မင်းကပဲ ခေါင်းတိုက် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ တကယ့် ဂိုးပေါက်ထောင့်ကျဉ်းကျဉ်းလေးကို ချိန်သားကိုက် တိုက်နိုင်ခဲ့တဲ့အတွက်သာ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဘက်က ဘယ်တောင်ပံကစားသမား မျိုးမင်းထွန်း ခြေမှန်ပြန်ပေါ်လာတဲ့အတွက် ပြန်ပြီး ဖိအားပေးနိုင်လာတာကို တွေ့ရပါတယ်။ အင်ဒိုနီးရှားအသင်းအနေနဲ့ ဘယ်တောင်ပံက မျိုးမင်းထွန်းနဲ့ ညာတောင်ပံက ရာဇာဝင်းသိန်းကို အတော်ပဲ ထိန်းခဲ့ရပါတယ်။ အထူးသဖြင့် ဘောလုံး Skill ကောင်းပြီး ကစားပုံငြိမ်တဲ့ ရာဇာဝင်းသိန်းဟာ အင်ဒိုတို့အတွက် တကယ့်အန္တရာယ်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ၁၈ ကိုက်ထိပ်ကနေ ဂိုးကန်ချက် ဂိုးတန်းထိပြီး ထွက်သွားခဲ့တာရယ်၊ ရာဇာဝင်းသိန်းနဲ့ မျိုးမင်းထွန်းအပေးအယူလုပ်ပြီး မျိုးမင်းထွန်းအပြင်းကန်သွင်းတဲ့ကန်ချက် ဂိုးတန်းထိပြီးထွက်သွားတာတွေရယ်ကြောင့်သာ မြန်မာအသင်း ဂိုးပြတ်အနိုင်မရခဲ့တာပါ။ျ
........................................................................................................
ပရိသတ်တွေရဲ့ အားသာချက်၊ အားနည်းချက်
ဒီနေ့ဗိုလ်လုပွဲမှာ မြန်မာပရိတ်သတ်တွေဟာ လေးဘက်လေးတန်ကွင်းလုံးပြည့် လာရောက်ကြည့်ရှုအားပေးကြ တာကို တွေ့ရပါတယ်။ ဒါဟာ တကယ့်ကို ဂုဏ်ယူလေးစားစရာကောင်းသလို၊ မြန်မာအသင်းအတွက်လည်း တကယ့်ကို ခွန်အားဖြစ်စေပါတယ်။ ဘောလုံးကွင်းတစ်ခုလုံး မြန်မာနိုင်ငံအလံတွေ ရဲရဲနီနေတာကို ကြက်သီး မွေးညင်းထပြီး မကျေနပ်မယ့် နိုင်ငံသားဘယ်မှာရှိပါ့မလဲဗျာ။ ပြောရမယ်ဆိုရင်တော့ ဗိုလ်လုပွဲမှာ မြန်မာအသင်းဟာ ၁၂ ယောက်နဲ့ ကန်သွားခဲ့တာပါ။ ပရိသတ်တွေဟာ ၁၂ ယောက်မြောက် ကစားသမားပါ။
အဲဒီလို ဂုဏ်ယူတာလေးတွေကို တစ်ဝက်တစ်ပျက်ကနေ ရပ်သွားစေခဲ့တာကတော့ စည်းကမ်းမဲ့ ပရိသတ်အချို့ရဲ့ လုပ်ရပ်ကြောင့်ပါ။ မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိနဲ့ နိုင်နေတဲ့အချိန်တုန်းက အိုးစည်ဗုံမောင်း တွေတီးပြီး ပျော်ရွှင်နေတဲ့ မြန်မာတွေဟာ တစ်ဂိုးစီသရေဖြစ်သွားပြီးတဲ့နောက် ချက်ချင်းပြောင်းသွားပါတယ်။ ကိုယ့်မြန်မာအသင်းကို နိုင်စေချင်တာ မြန်မာတိုင်းရဲ့ဆန္ဒပါ။ ဒါကို နားလည်ပါတယ်။ ဒါပေမယ့် မှန်ကန်မျှတတဲ့ အနိုင်ကို လိုချင်ဖို့တော့ လိုပါတယ်။ ကိုယ့်ခြေအဆင့်အတန်း၊ ကိုယ့်အခြေအနေနဲ့ ကမ္ဘာ့ဖလားလောက်ကို လိုချင်နေလို့တော့ မရပါဘူး။ ဒါက သဘောကိုပြောတာပါ။ ဗိုလ်လုပွဲမှာ ဖြစ်ခဲ့တာကတော့ ကျွန်တော်ပြောခဲ့သလို သရေကျသွားတဲ့အချိန်မှာ ပရိသတ်တွေထဲကနေ ရေသန့်ဘူးတွေ၊ ရေထုတ်တွေနဲ့ ပစ်ပေါက်ခဲ့တာပါပဲ။ အဲဒီလိုပစ်ပေါက်ရင် မြန်မာအသင်းနိုင်မယ်လို့ ဘယ်သူကများပြောသလဲဗျာ။ အခုတော့ သေချာပါတယ်။ ပြောကြတော့မယ်။ မြန်မာအသင်းပရိသတ်တွေဟာ စည်းကမ်းတကျအားမပေးတတ်ကြဘူး။ အရှုံးကို လက်မခံတတ်ကြဘူးလို့။ ကိုယ့်မြေမှာ ဖိတ်ခေါ်ပြိုင်ပွဲလုပ်ပြီး ကိုယ့်ဆီကို လာကန်တဲ့ ဧည့်သည်တွေကို ရေသန့်ဗူးနဲ့ပေါက်တာဟာ ကောင်းတယ်မကောင်းဘူးဆိုတာကို အဲဒီပရိသတ်တွေ စဉ်းစားမိပါလေစလို့ ကျွန်တော် တွေးမိပါတယ်။
ကျွန်တော့်အနေနဲ့ အကြံပြုရရင် ပထမဆုံး အဲဒီလိုပစ်ပေါက်တဲ့လူတွေရဲ့ဘေးက ပရိသတ်တွေက အဲဒီလူတွေကို မလုပ်ဖို့ တားမြစ်သင့်ခဲ့ပါတယ်။ ကိုယ်တစ်ယောက်တည်းအတွက် တခြားစည်းကမ်းတကျလာအားပေးတဲ့ ပရိသတ်အားလုံးကို ထိခိုက်မှာမျိုး မဖြစ်စေရပါ။ တားမြစ်လို့မရရင် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ကျကို သတင်းပို့ပြီး တာဝန်ရှိသလို ဆက်လုပ်ရပါမယ်။ အခုတော့ ဖြစ်ပြီးသွားပြီဖြစ်တဲ့အတွက် ဘာမှပြောလို့ မရတော့ပါ။ ဒါပေမယ့် အဲဒီလို ရေသန့်ဗူးတွေပစ်ပေါက်ခဲ့တဲ့လူတွေကို ဖော်ထုတ်ပြီး အရေးယူပေးသွားမယ်ဆိုရင် နောင်ပြိုင်ပွဲတွေမှာ စည်းကမ်းမဲ့လုပ်ရပ်တွေ နည်းပါးသွားမယ်၊ ပပျောက်သွားမယ်လို့ ကျွန်တော်က မြင်မိပါတယ်။
ကောင်းတာနဲ့ ဆိုးတာမှာ ဆိုးတာက ပိုပြီးပျံ့နှံ့လွယ်ပါတယ်။ အခုလို ဖိတ်ခေါ်ပြိုင်ပွဲကြီးတစ်ခုလုံးကို အောင်အောင်မြင်မြင်ဖြစ်အောင် ကျင်းပနိုင်ခဲ့တာကို ပြောချင်မှပြောပါလိမ့်မယ်။ ဒါပေမယ့် ရေသန့်ဗူးနဲ့ ပေါက်တတ်တဲ့အကျင့်ရှိတယ်ဆိုပြီး မြန်မာပရိသတ်တွေကို မှတ်ချက်ချပြောကြမှာကတော့ အသေအချာပါပဲ။ နောင်နိုင်ငံတကာပြိုင်ပွဲတွေမှာ မြန်မာပရိသတ်တွေ တစ်ခုခုဖြစ်ခဲ့ရင် ဒီဖြစ်ရပ်တွေကို ပြန်ပြီး နောက်ကြောင်းပြန် ပြောကြပါလိမ့်မယ်။ အင်္ဂလန်ပရီးမီးယားလိဂ်က ပရိသတ်တွေ စည်းကမ်းတကျအားပေးကြတာကို ပြောကြသူ ရှားပါတယ်။ ဒါပေမယ့် အင်္ဂလန်ပရိသတ်ဆိုရင် လူဆိုးတွေလို့ မြင်ကြ၊ ပြောကြ၊ ရေးကြတဲ့လူက ပိုများပါတယ်။ အဲဒီလိုပါပဲ။ ဗိုလ်လုပွဲမှာ လေးဘက်လေးတန်အပြည့် လာအားပေးကြတဲ့ ပရိသတ် ထောင်ပေါင်းများစွာထဲက လက်တစ်ဆုပ်စာ လူလေး ၁၄-၅ယောက်ကြောင့် မြန်မာပရိသတ်တွေကို အခြားလူတွေ အထင်အမြင်သေးမှာကို ကျွန်တော် စိတ်မကောင်းပါဘူး။ ၀ိုင်းဝန်းအဖြေရှာကြဖို့လိုပြီလို့ ထင်မြင်မိပါတယ်။
.................................................................................................
ဘာပဲပြောပြော အားလုံးမျှော်မှန်းထားသလို မြန်မာအသင်း ဗိုလ်စွဲခဲ့ပါပြီ။
ဒီပြိုင်ပွဲက အတွေ့အကြုံကောင်းတွေကို အခြေခံပြီး ဆူဇူကီးပြိုင်ပွဲမှာ ဆက်လက်အောင်မြင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။Justify Full

Tuesday, November 18, 2008

Waves Magazine (Nov 08)


ပထမဆုံးပြောချင်တာကတော့ “အားနာလိုက်တာ” ဆိုတဲ့စကားပါပဲ။
ဘယ်သူ့ကိုလဲဆိုတော့ ဆရာထွန်းလှအောင်ကိုပါ။ ပြောချင်တာလောကြီးနေတော့ စာဖတ်နေသူတွေက ဘာတွေမှန်းမသိဖြစ်ကုန်ရောပေါ့။ ဒီလိုပါ။ ရှင်းပြပါ့မယ်။
ဆရာထွန်းလှအောင်က တစ်နေ့ကမှ ရန်ကုန်ကနေ ပြန်လာပါတယ်။ သူ့ရဲ့ခါးနာရောဂါကို သွားကုတာပါ။ ပြန်လာပြီး နောက်နေ့မှာ ဆရာနဲ့ လမ်းမှာတွေ့တော့ စာအုပ်တွေအများကြီးဝယ်လာတဲ့အကြောင်း ပြောပါတယ်။ ကျွန်တော်စာအုပ်ကြိုက်တတ်မှန်းသိလို့လည်း တခုတ်တရအသိပေးတာပါ။ ကျွန်တော်လည်း ဟုတ်ကဲ့ဆရာ၊ နောက်နေ့လာဖွပြီး ကြိုက်တဲ့စာအုပ်လေးတွေ ငှားပါမယ်လို့ပြောလိုက်တယ်။ ဒါပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ် စာမဖတ်နိုင်တာ၊ ဘလော့ဂ်မရေးနိုင်တာ၊ အင်တာနက်မသုံးနိုင်တာ အတော်ကိုကြာနေပါပြီ။ ဆရာ့ကို စကားကြီး အဖတ်တင်အောင်ပြောထားပြီး မသွားဖြစ်ပါဘူး။ နောက်တစ်နေ့ထပ်တွေ့တော့ သူ့ဆီက မဂ္ဂဇင်းတစ်အုပ် လာယူပါတဲ့။ သူ့အခန်းမှာ ယူလာတယ်တဲ့။ ဝေ့ဖ်မဂ္ဂဇင်းလို့ ပြောပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ နာမည်ပါ။ အဲဒီနာမည်နဲ့ မဂ္ဂဇင်းရှိမှန်း ကျွန်တော်မသိပါဘူး။ နောက်ပိုင်းအလုပ်ရှုပ်တော့ စာအုပ်ဆိုင်တွေဘက်ကိုမရောက်ဖြစ်တာ၊ စာအုပ်ဆိုင်တွေမှာ အချိန်ပေးပြီး မမွှေနိုင်တာ အတော်ကို ကြာနေပြီမို့ပါ။
ဆရာက နောက်ဆက်တွဲဆက်ပြောပါတယ်။ ဆရာကျော်ဝင်းတို့ထုတ်တာတဲ့။ ဆရာကျော်ဝင်းဆိုတဲ့အတွက် ကျွန်တော်ခေါင်းထောင်သွားပါတယ်။ ကျွန်တော်အနှစ်သက်ဆုံး စာရေးဆရာတွေထဲက တစ်ယောက်မို့ပါ။ မှတ်မှတ်ရရဖြစ်နေတဲ့ ကမ္ဘာပြားပြီ ရဲ့ ဘာသာပြန်ဆိုသူဖြစ်နေလို့လည်း လေးစားတာပါပါတယ်။ ဆရာက ဆက်ပြောပါတယ်။ အတွေးအမြင်စာစဉ်လိုပဲတဲ့။ ဟုတ်လား။ ကျွန်တော်က အတွေးအမြင်ကို အတော်ကြိုက်ပြီး လစဉ်ဝယ်ဖတ်နေတာကို ဆရာသိနေလို့ ဆွပေးတာပါ။ ကျွန်တော် သေချာပေါက်ဖတ်မယ်လို့ ပြောလိုက်ပါတယ်။ လာယူပါမယ်ပေါ့။ ဒါပေမယ့် ထုံးစံအတိုင်း မသွားဖြစ်ပါဘူး။ ဘာတွေနဲ့ရှုပ်နေခဲ့မှန်းလည်း ကိုယ့်ဘာသာမသိပါဘူး။
မနေ့က အပြင်ကပြန်လာတော့ အခန်းကိုဝင်လိုက်တာနဲ့ ဆရာနဲ့တန်းတွေ့ပါတယ်။ ဝေ့ဖ်မဂ္ဂဇင်းလာပေးတာပါတဲ့။ ကျွန်တော့်မှာလေ အားနာလိုက်တာမပြောပါနဲ့။ မအားလို့ လာမယူဖြစ်တဲ့အကြောင်း ပြောရတော့တာပေါ့။ တကယ်လည်း မအားလို့ သွားမယူဖြစ်သေးတာပါ။ တော်သေးတာပေါ့။ ဆရာက နားလည်တဲ့လူမလို့။ ဖတ်စေချင်လို့ကို သေသေချာချာ လာပေးတာဖြစ်ကြောင်း ပြောပါတယ်။ ဆရာနဲ့ ကျွန်တော်ဆိုတာက အသက်အားဖြင့်ရော၊ ရာထူးအားဖြင့်ရော အစစအရာရာ အလှမ်းကွာပါတယ်။ ဒါပေမယ့် ဆရာက စာဖတ်ဝါသနာပါတဲ့လူတွေကို အင်မတန် တန်ဖိုးထားပါတယ်။ အင်မတန် ချီးကျူးပါတယ်။ တွေ့တဲ့လူတိုင်းကို စာဖတ်ဖို့ တိုက်တွန်းတတ်ပါတယ်။ တိုက်တွန်းရုံတင် မဟုတ်ပါဘူး။ စာဖတ်နည်းနဲ့ စာမှတ်နည်းကိုပါ တစ်ခါတည်း သင်ပေးလေ့ရှိပါတယ်။ ပတ်ဝန်းကျင်မှာတော့ အင်မတန်ရှားတဲ့ လူစားမျိုး ဖြစ်ပါတယ်။ ဆရာကဆက်ပြောပါတယ်။ သူမဖတ်ရသေးတဲ့အတွက် တစ်ပတ်ပဲ ဖတ်ပါတဲ့။ ပြီးရင် ပြန်ပေးပါတဲ့။ ပိုပြီးတော့ အားနာသွားမိပါတယ်။ သူတောင်မဖတ်ရသေးတဲ့စာအုပ်ကို ကျွန်တော့်ကို အရင်လာပြီး ပေးဖတ်တဲ့အတွက် ဘာပြောရမှန်းမသိပါ။ ပြန်ပေးရင်လည်း မယူဘူးဆိုတာ သိနေတဲ့အတွက် သူပြောတဲ့ တစ်ပတ်အတွင်းမှာ အပြီးဖတ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။
စာမဖတ်ဖြစ်ဘူး၊ မဖတ်ဖြစ်ဘူးနဲ့ ကျွန်တော်ကသာ ပြောနေတာ။ ဖတ်လိုက်တော့လည်း သုံးရက်နဲ့ ပြီးသွားပါတယ်။ တချို့ဟာလေးတွေဆိုရင် လက်ရေးနဲ့ကူးဖို့ အချိန်မရတဲ့အတွက် မိတ္တူကူးလိုက်ရပါတယ်။ ပိုက်ဆံတော့ အတော်လေးထွက်သွားတယ်။ တော်တော်များများကလည်း ကောင်းနေတော့ ကူးချင်စရာတွေ ချည်းပါပဲ။ အဲဒီလို ကူးချင်စရာတွေချည်းထဲကနေမှ တချို့ကို ဝေမျှပေးလိုက်ပါတယ်။ တစ်ခုကြိုပြောချင်တာက မိတ်ဆွေတို့နဲ့ ကျွန်တော် အကြိုက်ချင်းတူချင်မှတူမယ်ဆိုတာပါပဲ။ ကျွန်တော်က နှစ်သက်တဲ့၊ စိတ်ဝင်စားတဲ့ အကြောင်းအရာများဖြစ်ပေမယ့် မိတ်ဆွေတို့အတွက်က ဘ၀င်မကျစရာဖြစ်နေခဲ့မယ်ဆိုရင် ဆောရီးပါလို့........။
-------------------------------------------------------------
WAVES Magazine
6/08. November 2008
မျက်နှာဖုံးခွင့်ပြုချက်အမှတ် ၅၄၀၉၈၀၁၀၀၈
ထုတ်ဝေသူ - ဦးကျော်ဝင်း
ပုံနှိပ်သူ - ဦးဝင်းကျော်ထွန်း
အယ်ဒီတာအဖွဲ့ - ကျော်ဝင်း၊ ရွှေကျော်၊ မောင်ဇေယျာ၊ နေမျိုးသူရ
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁၃၀၀ ကျပ်
--------------------------------------------------------------
အင်ဖလေးရှင်းဋီကာအကျဉ်း
မောင်စူးစမ်း
............................................
................ အချို့က inflation ကို ငွေကြေးဖောင်းပွမှုဟု ဘာသာပြန်သည်။
ငွေကြေးဖောင်းပွမှုဆိုတော့ မြန်မာ့နား၌ အသိလွယ်သွားသလို ဖြစ်သွားဟန်ရှိသော်လည်း အဓိပ္ပါယ်က ကျဉ်းနေသည်။ လွဲနေသည်ဟု ယူဆမိသည်။............................
အင်ဖလေးရှင်းသည် ငွေကြေးဖောင်းပွမှု သက်သက်ကို ရည်ညွှန်းသည်မဟုတ်။ အရပ်ရပ်ဈေးနှုန်းများ တက်ခြင်းကိုလည်း ရည်ညွှန်းသည်။
စာရေးသူက အင်ဖလေးရှင်းကို ဈေးနှုန်းအရပ်ရပ်တက်ခြင်းဟု သုံးနှုံးရေးသားသည်။ ဈေးနှုန်းများတက်ခြင်းကို အင်ဖလေးရှင်းဟုလည်း ခေါ်သည်။ ပူဖောင်းများ (bubble) ဟုလည်း ခေါ်သည်။ ထို့ကြောင့် အင်ဖလေးရှင်း တိုက်ဖျက်ရေးတွင် မည်သည့်ပူဖောင်းကို ဦးစားပေးဖောက်မလဲဟု စဉ်းစားရသည်။...................................
.......................................................
ဖွံ့ဖြိုးပြီးနိုင်ငံတို့တွင် အင်ဖလေးရှင်းကိုတိုက်ဖျက်ရန် အဓိကလက်နက်အဖြစ် အတိုးနှုန်းကို အားကိုးသည်။
........................
မဖွံ့ဖြိုးသေးသောနိုင်ငံတို့တွင် ဘဏ္ဍာရေးစနစ်ကို မဖွံ့ဖြိုးသောဘဏ္ဍာရေးဈေးကွက်ထဲ အပြည့်အစုံ မချိတ်မိကြသေးသည့်အတွက် တစ်နည်းပြောလျှင် ဘဏ္ဍာရေးဈေးကွက် မဖွံ့ဖြိုးသေးသည့်အတွက် အတိုးနှုန်းသည် အင်ဖလေးရှင်းကို တိုက်ဖျက်ရန် အဓိကလက်နက် မဖြစ်နိုင်ပေ။
------------------------------------------------------------------------
အစိမ်းရောင်ကမ္ဘာပြား
အယ်ဒီတာအဖွဲ့
ကမ္ဘာကြီးပူနွေးလာမှုသည် အရေးကြီးသော ပြဿနာဖြစ်လာသည်။ တစ်ရှိန်ထိုးတက်လာသော ရေနံဈေးနှုန်းသည် ကမ္ဘာ့အစီအစဉ်ကို ဖျက်ဆီးလျက်ရှိသည်။ ထိုလမ်းကြောင်းသည် လူအများ၏ မိတ်ဆွေမဟုတ်သည်မှာ ထင်ရှားသည်။
.......................................................................
ကွန်ပျူတာအသုံးပြုသူများလာခြင်း၊ ကားတ၀ီဝီစီးသောလူတန်းစား တိုးပွားလာခြင်း၏ အဓိပ္ပါယ်သည် အရင်းအမြစ် အထူးသဖြင့် စွမ်းအင်ရှာတော်ပုံပြိုင်ပွဲကို ပို၍ အရှိန်မြင့်စေသည်။ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသော ဓာတ်ငွေ့ထုတ်လွှင့်မှု ပိုတိုးစေသည်။ ဒုက္ခပေါ်ဒုက္ခဆင့်စေမည့် အကြောင်းတစ်ခုမှာ ထိုဖြစ်စဉ်များ စုပေါင်းမိပါက သစ်တောနှင့် တိရစ္ဆာန်များ မျိုးတုံးပျောက်ကွယ်မှုကို ဆိုးဝါးသွားစေပြီး ရေနံအာဏာရှင်စနစ် (petro-dictatorship) ကို အားပေးသလိုဖြစ်လိမ့်မည်ဟု ဖရိုင်းမင်းက တင်ပြထားသည်။ ................
-----------------------------------------------------------
မြေကမ္ဘာကို လေးစားပါ
အယ်ဒီတာအဖွဲ့
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် လက်ဆုပ်လက်ကိုင် မမြင်နိုင်သော်လည်း အရေးပါလှသည့် အချက်တွေ ရှိပါသေးသည်။ ဤသည်မှာ လူ့အဖွဲ့အစည်းအပေါ် တာဝန်သိစိတ်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အချင်းချင်း တာဝန်သိရမည်။ အနာဂတ်မျိုးဆက်သစ်များအပေါ် တာဝန်သိရမည်။ ဘုရားသခင်ပေးထားသော မြေကမ္ဘာကို စောင့်ရှောက်ထိန်းသိမ်းရန် တာဝန်သိရမည်။ နှစ်သန်းပေါင်းများစွာ အချိန်ယူ၍ ပြုစုပျိုးထောင် ဖန်တီးရရှိခဲ့သော ဤကမ္ဘာ၏ သဘာဝသယံဇာတနှင့် သဘာဝအလှအပများကို ဆယ်စုနှစ်အနည်းငယ်အတွင်း ဖျက်ဆီးပစ်မည်။ တ်ကတက်ပြောင်အောင် သုံးစွဲပစ်မည်ဆိုလျှင် တာဝန်မဲ့ရာ ရောက်ပေလိမ့်မည်ဆိုသည့် လူ့အဖွဲ့အစည်းအပေါ် တာဝန်သိစိတ်ပင် ဖြစ်ပါသည်။ ...............................
သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်သိစိတ်ဖြင့် မှန်မှန်ကန်ကန် လက်တွေ့စောင့်ရှောက်ကြမည်ဆိုလျှင် ကမ္ဘာကြီးဆီမှ ၄င်း၏ သဘာဝလက်ဆောင်များကို ဆက်လက်ရရှိနေမည်သာမက ကျွန်ုပ်တို့အချင်းချင်းလည်း ပိုမိုရင်းနှီးချစ်ခင်လာကြပါလိမ့်မည်။
------------------------------------------------------------------------
ရခဲမှ ရတနာ သိခဲမှ ပညာ
ဒေါက်တာ နေဇင်လတ်
.................. ဓာတုပေါင်းစပ်မှုအချိုးတစ်ခုရလျှင် ကျောက်ဖြစ်ပါသည်။ ကျောက်တော့ကျောက်ဖြစ်၏။ ရတနာကျောက်တော့ကားမဟုတ်၊ ရတနာတန်းမ၀င်၊ ရတနာကျောက်တို့ကား အတွေ့ရနည်း၏။ လူတိုင်းလည်း မရနိုင်၊ မြေတိုင်းကလည်း မပေး။
ရခဲလှစွာ ရတနာဟု ခေါ်သည်။
............................
“စာသင်ကြားခြင်း”သည် တစ်စုံတစ်ရာသော အတိုင်းအတာတစ်ခုအတွင်း၌သာ ရှိသင့်သည်။ ပညာသင်ကြားခြင်းကား ဘ၀ဆုံးထိဖြစ်၏။ ““စာ””မှ ““ပညာ”” ဖြစ်သည်ဆိုသော်လည်း ပညာအဖြစ် ပြောင်းတတ်ရန်လိုသည်။ ပညာအဖြစ်မပြောင်းတတ်သမျှကာလပတ်လုံး စာသင်ခြင်းမှ လွတ်ကင်းနိုင်မည် မဟုတ်၊ စာသင်ခြင်းကိုပင် ပညာသင်ခြင်းဟု အမှတ်မှားကြသူတွေမနည်း။......................
.......................................
လီကွမ်ယူကျောင်းတက်စဉ်က အဓိကယူခဲ့သော ဘာသာရပ်မှာလည်း စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဟုတ်၊ သို့သော်လည်း Know Who ဆိုသော အဓိပ္ပါယ်ကို “လီ”က ကောင်းစွာသိခဲ့ အသုံးချနိုင်ခဲ့သည်။ ခေါင်းဆောင်သည် ခိုင်းတတ်ရန်လိုသည်။...........................
.......................................
စာသင်တိုင်း ပညာ မဖြစ်ပါ။
စာတတ်တိုင်းလည်း ပညာရှိ မဟုတ်ပါ။
လောကတွင်...
ပညာမတတ်သော ပညာရှိ
ပညာမရှိသာ ပညာတတ်တွေ အများကြီး ရှိနေပါသည်။
.........................................................................................
ပညာတွင် နွံနစ်ရိုးထုံးစံ မရှိပါ။
စာတွင် တစ်ခါတစ်ရံ နွံနစ်တတ်ပါသည်။
တတ်သောစာတိုင်းကို အသိသို့ပြောင်းနိုင်လျှင် ပညာဖြစ်လာပါသည်။
......................................
အနောက်နိုင်ငံများ ယနေ့တွင်ကျယ်စွာ သုံးနေသော Knowledge ဟူသော ပညာသည် ဗုဒ္ဓဟောခဲ့သော ပညာအဆင့်နှင့်ယှဉ်လျှင် အခြေခံအဆင့်သာ ဖြစ်သည်။ “သုတအခြေခံပညာ”ဟု အကြမ်းအားဖြင့် ဖွင့်ဆိုနိုင်မည် ဖြစ်သည်။ ဤသုတအခြေခံဟူသော ပညာကိုပင် အနောက်ဘက်ပညာရှင်များက -
Knowledge = Education + Experience
ဟု ကျောင်းပညာနှင့် အတွေ့အကြုံတို့ ပေါင်းစပ်သည့်အရာဟု အဓိပ္ပါယ်ဖွင့်ဆိုကြပါသည်။
...............................................................................
တွင်းထွက်သည် ကျောက်ဖြစ်သည်တော့ မှန်၏။ သို့သော် ရတနာတန်းဝင်နိုင်ရန်ကား အရည်အသွေးလိုသည်။ အပြစ်အနာအဆာကင်းရန်လိုသည်။ ကျောက်တိုင်းကို ဆိုင်ရာအမည်တပ်၍ ကျောက်စိမ်း၊ စိန်ဟူ၍ ခေါ်ဆိုနိုင်သော်လည်း ရတနာဟု ပြောရန် မဖြစ်နိုင်ပါ။
ရတနာအဆင့်သည် ရခဲ၏။
ရခဲမှလည်း ရတနာ မည်သည်။
စာကိုလည်း သင်ယူခွင့်ရှိသူများ ရရှိတတ်ကျွမ်းနိုင်သော်လည်း ပညာဖြစ်သည်မဖြစ်သည်မှာ အရေးကြီး၏။ အသိမဲ့စာတတ်ခြင်းထက် အသိဖြင့် စာတတ်ခြင်းက တစ်ဆင့်မြင့်သည်။ အသိစိမ့်ဝင်သော အမှားအမှန် ကောင်းစွာ ဝေဖန်ပိုင်းဖြတ်နိုင်သော အများအကျိုး သယ်ပိုးနိုင်သော အဆင့်ရောက်မှ ပညာသည် ပြည့်စုံသော အဆင့်သို့ ရောက်ပါသည်။
ဖတ်နိုင်၊ တတ်နိုင်သည်က “စာ”ဖြစ်ပါသည်။
ပညာမှာကား သိနိုင်ခဲသည်။
ထို သိနိုင်ခဲသောအရာကား ပညာဖြစ်၏။
-------------------------------------------------------------------
မြန်မာ့ရိုးရာ လိမ္မာရေးမှု
ဦးဝန်
............ မင်္ဂလသုတ်ထဲမှာတော့ ကျွန်တော်တို့လို အရပ်သားများအတွက် တစ်သက်ပန်လုံး လိုက်နာသင့်တဲ့ ဆုံးမသြ၀ါဒတွေ အများကြီးပါတာပေါ့။ ဒါတွေကိုတော့ လူတကာသိကြပါတယ်။ ဘယ်ဘုရားကို ကိုးကွယ်ကိုးကွယ်၊ ဘယ်ဝါဒကိုလိုက်လိုက် မကြိုက်နိုင်စရာမရှိတဲ့ သြ၀ါဒတွေပါ၊ ကမ္ဘာ့တရားရိုးကြီးတွေပါ။ အဲဒီ မင်္ဂလာတရား ၃၈ပါးကိုသာ လိုက်နာကျင့်ကြံနိုင်မယ်ဆိုရင် ကျွန်တော်တို့မှာ ဒီဘ၀အတွက်ရော၊ သံသရာအတွက်ပါ ဖူလုံနိုင်ပါတယ်။ ...........................
.......................
ငါ၏စိတ်တွင်။ ထင်၏မလွဲ
လိပ်ခဲတည်းလည်း၊ ဟုတ်အည်းဧကန်
အားမသန်နှင့်
မှန်သည်တစေ၊ မရှိချေတဲ့။
.......................
အဲဒီတော့ ဆိုလိုတာက ဘုန်းကြီးကျောင်းသားဘ၀လောက်ကို ရောက်နိုင်တဲ့ ရှေုးဖုန်းရှေးကံရှိတဲ့ အမျိုးသားကလေး တစ်ယောက်ဟာ ဆယ်တန်းပညာ၊ တက္ကသိုလ်ပညာတွေ သင်ခွင့်မရနဲ့ဦးတော့ လောကမှာ အဆင်ပြေပြေ လူတစ်လုံးသူတစ်လုံးလုပ်နိုင်ရုံ အဆုံးအမလောက်ကိုတော့ ရနိုင်ပါတော့တယ်။
(လူထုပညာရေးကောင်စီမှကျင်းပသည့် လူထုပညာရေးမှူးများ၏ စုပေါင်းပညာဖလှယ်ပွဲတွင် ဦးဝန်(မင်းသုဝဏ်) ဟောပြောချက်။ သွေးသောက်မဂ္ဂဇင်း၊ ၁၉၅၂ ခုနှစ် သြဂုတ်လ။)
-------------------------------------------------------------------------
ဒါတွေကတော့ ကျွန်တော်နှစ်သက်တာလေးတွေထဲက တချို့ဖြစ်ပါတယ်။ ဖြစ်နိုင်ရန် ဆောင်းပါးတွေကို အပုဒ်လိုက်ပြန်ရေးပြီး တင်ပေးချင်ပေမယ့် ဘယ်လိုမှ အချိန်မရတဲ့အတွက် ရသလောက်လေးတွေကို တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားမှုချင်းတူတဲ့လူတွေအတွက်တော့ ကျေနပ်မှုတစ်စုံတစ်ရာရလိမ့်မယ်၊ ဦးနှောက်ကို လာဆွလိမ့်မယ်လို့ ထင်မိပါကြောင်း။


Tuesday, November 11, 2008

သူတို့ဆီက စည်ပင်သာယာ


တစ်နေ့က အလုပ်ခန်းသို့ ဆရာက စာအုပ်တွေယူလာသည်။ စာကြည့်တိုက်က ငှားလာတာဟုပြောသည်။ အချိန်အား၍ပျင်းလျှင် ဖတ်လို့ရသလို၊ ဧည့်သည်လာလျှင် ဒီအတိုင်းထိုင်ခိုင်းထားတာထက် စာအုပ်လေးတွေ ပေးဖတ်ထားတော့ နည်းနည်းတော့ ကြောင်စီစီနိုင်တာ သက်သာသည်ဟု ဆိုသည်။ ဟုတ်လည်းဟုတ်သည်။ တစ်နေ့တစ်နေ့ ကျွန်တော်တို့အခန်းထဲသို့ လာသည့်ဧည့်သည်က မနည်းလှပေ။ လူကြီးက အချိန်အားရ၍ ထိုဧည့်သည်နှင့် ချက်ချင်းတွေ့နိုင်သည်၊ သို့မဟုတ် သူနှင့်ကြိုတင်ချိန်းချက်ထားပြီးသားလူဆိုလျှင် အကြောင်းမဟုတ်ချေ။ ရောက်သည်နှင့် သတင်းပို့ပြီး ချက်ချင်းခေါ်သွားရုံသာဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ပြင်ပ ဧည့်သည်များလာ၍ လူကြီးမအားသေးလျှင် ကျွန်တော်တို့အခန်းမှာ သောင်တင်နေတော့သည်။ ကျွန်တော်တို့ အခန်းကလည်း မူလတာဝန်ကို လုပ်ရသည်ထက် ဧည့်ကြိုတာဝန်များထမ်းနေရသလားဟုပင် တွေးရမိအောင် ဧည့်သည်ကများလှသည်။ လာသမျှဧည့်သည်ကလည်း စုံလင်လှသလို ကြုံရသည်များကလည်း အစုံပင်ဖြစ်သည်။ တစ်ချို့က နားလည်မှုရှိသည်။ စကားစမြည်ပြောရင်း ထိုင်စောင့်သည်။ တစ်ချို့ကျတော့ နာရီတကြည့်ကြည့်နှင့် စိတ်မရှည်ပုံစံနှင့်။ အပေါ်မှာမအားဘူးလား။ ကျွန်တော်တက်သွားလိုက်မယ်ဆိုတာက လာသေးသည်။ အေး တက်သွားလိုက်ဟုသာ လွှတ်လိုက်လျှင် ပွဲကတော်တော်ကြည့်ကောင်းသွားမည် ထင်သည်။ နဂိုကတည်းက မအားလျှင်လည်း မလာနဲ့ပေါ့။ ဒါမှမဟုတ် စောင့်သည့်အလုပ်ကို မလုပ်ချင်လျှင်လည်း ကြိုတင်ပြီး ချိတ်ထား၊ ရက်ချိန်ယူထား၊ အချိန်တောင်းထားပေါ့။ အခုတော့ သူ့မှာ အချိန်မရှိသည့်ရသည့်အထဲ စောင့်ရတာအလုပ်မဟုတ်ဘူးဆိုသည့် မျက်နှာပေးဖြင့် အတော်ကို စိတ်ပျက်စရာ ကောင်းသည်။ ပြီးတော့ သူတို့က လူကြီးနှင့်လာတွေ့တာဆိုပြီး ကျွန်တော်တို့ကို နည်းနည်းမှ မထီလေးစားသည့် ပုံစံနှင့်။ အတော်ကို စိတ်ညစ်စရာကောင်းသည်။ ကျွန်တော့်စိတ်နှင့်ကျွန်တော်သာဆိုလျှင် အဲဒီလိုလူတွေကို နရင်းတီးပစ်သည်။ ငယ်ငယ်ကတည်းက အိမ်ကသင်မပေးလိုက်ဘူးလားဟု မေးပြီး ဆုံးမလိုက်ချင်သည်။ တစ်ချို့ဆိုလျှင် ကိုယ့်ထက်အသက်အများကြီး ကြီးသည်။ လုပ်နေသည့်အလုပ်ကလည်း တကယ့်ဌာနကြီးတွေမှာ အဆင့်အတန်းရှိရှိ ရာထူးရာခံတွေနှင့်။ သို့သော် သူတို့၏ စိတ်ဓာတ်အဆင့်အတန်းက အင်မတန် အောက်တန်းကျလှသည်။ လူတိုင်းကို အထက်စီးကနေ ဆက်ဆံချင်သည့် ပုံစံမျိုှးနှင့်။ အားလုံးကို သူတို့ ရုံးက လက်အောက်ဝန်ထမ်းတွေချည်းပဲ မှတ်နေလားမသိ။
စကားကဘေးချော်သွားသည်။ ပြောချင်သည်က ထိုကဲ့သို့ ဧည့်သည်ဆောင်သည်များလာလျှင် အပျင်းပြေ ဖတ်ရအောင်ဆိုပြီး ဆရာက စာအုပ်တွေငှားလာသည်။ မဂ္ဂဇင်းတွေများသည်။ နှစ်ရက်သုံးရက် ကြာသည်အထိ ဘာစာအုပ်တွေပါမှန်း ကိုင်မကြည့်မိ။ စားပွဲပေါ်မှာ ဒီအတိုင်းပဲ တင်ထားတာကို နေ့စဉ်မြင်နေရသည်။ ဧည့်သည်လာလျှင် ဟိုလှန်ဒီလှန်နှင့် ဖတ်ကြသည်။ မဆိုးဘူးဟု တွေးမိသည်။ မနေ့ကတော့ အလုပ်ပါးလို့ အချိန်အားရနေတော့ အင်တာနက်သုံးမယ်ဆိုပြီးလုပ်တော့ ကိုရွှေအင်တာနက်ကမကောင်း။ ဘယ်စာမျက်နှာ ကိုမှ ဖွင့်လို့မရ။ တော်တော်စိတ်ညစ်သွားသည်။ ဒါနဲ့ စားပွဲပေါ်မှ တွေ့ရာစာအုပ်တစ်အုပ်ကို ဆွဲယူမိသည်။ ဟိုလှန်ဒီလှန်နှင့် လျှောက်ကြည့်နေရင်း တစ်ခုခုတော့ ဖတ်ဦးမှပါဆိုပြီး မာတိကာကို ကြည့်မိသည်။ အဲဒီမှာ ခေါင်းစဉ်တစ်ခုက ကျွန်တော့်ကို ဖမ်းစားသွားသည်။ ကျွန်တော်စိတ်ဝင်စားသည့် အကြောင်းအရာ။ “ သူတို့ဆီက စည်ပင်သာယာ ” တဲ့။ အတော်ကို သိချင်သွားမိသည်။ သေချာသည်ကတော့ အခြားနိုင်ငံတစ်ခုခုရဲ့ စည်ပင်သာယာအကြောင်းကို အနည်းနှင့်အများဆိုသလို သိခွင့်ရမည်ဟု သိလိုက်သည်။
ကြုံတုန်းစကားမစပ်ပြောလိုက်ချင်သေးသည်။ ကျွန်တော်သည် စည်ပင်သာယာဆိုသည့် စကားလုံးကို လည်းကောင်း၊ ထိုအတွက်လုပ်ရသည့် အလုပ်များကိုလည်းကောင်း အင်မတန် စိတ်ဝင်စားသည်။ အိမ်တွင် ပန်းပင်များစိုက်ခြင်း၊ ပန်းအိုးများကို အလှစီခြင်း၊ နေ့စဉ် တံမြက်လှည်း၊ ကြမ်းတိုက်၊သန့်ရှင်းရေး လုပ်ခြင်းများသည် စည်ပင်သာယာရေးလုပ်ငန်းများဟု ထင်သည်။ လူတိုင်းနှင့်၊ အိမ်တိုင်းနှင့်၊ ရပ်ကွက်တိုင်းနှင့်၊ လုပ်ငန်းတိုင်းနှင့်၊ မြို့တိုင်းနှင့် နိုင်ငံတိုင်းနှင့် စည်ပင်သာယာသည် မကင်းနိုင်ဟု ကျွန်တော်ထင်သည်။ နိုင်ငံတိုင်းတွင် စည်ပင်သာယာရေးအဖွဲ့များ ရှိကြမည်ဟု ယူဆမိသည်။ မြို့တစ်မြို့ကိုရောက်သည်နှင့် ကျွန်တော်တခုတ်တရ သတိထားမိသည်က ထိုမြို့၏ သန့်ရှင်းသာယာလှပမှုကို ဖြစ်သည်။ မြို့တွင် ဘာပင်တွေ စိုက်ထားသလဲ၊ လမ်းတွေက သန့်ရှင်းသာယာလှပသလား၊ အမှိုက်ကင်းသလား၊ မြို့တွင် ပန်းခြံရှိသလား၊ ထိုပန်းခြံကိုဘယ်လိုပြုပြင်ဖန်တီးထားသလဲ စသည့်အချက်များကို တမင်မဟုတ်သည့်တိုင် အမှတ်မထင် အလိုလို ဂရုတစိုက် ကြည့်မိတတ်သည်။
ဒီနေရာမှာ တစ်ခုပြောလိုသည်က တစ်ခါလာလည်း စင်ကာပူ၊ တစ်ခါလာလည်း စင်ကာပူဆိုသည့် စကားကို ဖြစ်သည်။ မှန်ပါသည်။ စင်ကာပူနိုင်ငံ သန့်ရှင်းသာယာလှပသည်ကို စည်းကမ်းရှိသည်ကို လက်ခံပါသည်။ သို့သော် ကျွန်တော်တို့ရော သူတို့လို စည်းကမ်းရှိအောင်၊ သန့်ရှင်းသာယာလှပအောင် မလုပ်နိုင်ဘူးလား ဆိုသည်ကို အမြဲတမ်းမေးမိသည်။ သူများတွေကို မေးလျှင် နှာခေါင်းရှုံ့ကြမည်ကိုသိနေ၍ လူတိုင်းကို မမေးမိ။ ရင်းနှီးသူတွေနှင့်တော့ ဆွေးနွေးကြည့်မိသည်။ အများစုက အားအားယားယား ခေါင်းခြောက်ခံတယ်ဆိုသည့် အကြည့်ဖြင့်ကြည့်ကြသည်။ မဖြစ်နိုင်တာကို စိတ်ကူးယဉ်တယ်ဆိုပြီး သူတို့မျက်လုံးတွေက ပြောနေတာကို ကျွန်တော်သိနေသည်။ ထိုအချက်ကို ကျွန်တော်မကြိုက်ပါ။ စင်ကာပူနိုင်ငံ သန့်ရှင်းခြင်းသည်၊ စည်းကမ်းရှိခြင်း သည် နဂိုသူ့နိုင်ငံကိုက အလိုအလျောက် သန့်ရှင်းခြင်း၊ စည်းကမ်းရှိခြင်းမဟုတ်ပါ။ ထိုနိုင်ငံတွင် နေထိုင်သည့် ပြည်သူလူထုအားလုံးက စည်းကမ်းရှိ၍ သန့်ရှင်းမှုကို ဂရုစိုက်ကြ၍ သန့်ရှင်းသာယာခြင်း၊ စည်းကမ်းရှိခြင်း ဖြစ်ပါသည်။
တစ်ယောက်က ပြောပါသည်။ သူတို့ဆီက စည်ပင်သာယာက အလုပ်လုပ်တယ်ကွ။ ငါတို့နိုင်ငံမှာလို မဟုတ်ဘူးတဲ့။ ကျွန်တော် တော်တော်ကို မြင်ပြင်းကတ်သွားသည်။ အေးဟုတ်ပါပြီ ငါတို့နိုင်ငံက စည်ပင်ထက် သူတို့ဆီက အများကြီးပိုအလုပ်လုပ်တယ်ဆိုတာကို ထားပါတော့။ သူတို့ဆီက နိုင်ငံသားတွေကလည်း မင်းလောက် အောက်တန်းမကျဘူးကွ။ အခု မင်းသောက်ပြီးလွှင့်ပစ်လိုက်သလို ဆေးလိပ်တိုကို တွေ့ရာ နေရာကို မပစ်ဘူးကွ၊ မင်းကွမ်းစားပြီး လမ်းပေါ်မှာ တွေ့ရာထွေးသလို သူတို့နိုင်ငံသားတွေက မထွေးကြဘူးကွ ဆိုတော့ စည်ပင်သာယာအကြောင်းကနေ သွေဖယ်ပြီး သူနဲ့ ကျွန်တော် စကားများကြပါလေရော။ ကျွန်တော့်မှာ မဆီမဆိုင် သူငယ်ချင်းနဲ့ စကားများရ၊ အမုန်းခံရနဲ့ သိပ်တော့ မနိပ်ပါဘူးလေ။
ကျွန်တော်က ကျွန်တော်သိသမျှ ဉာဏ်လေးတစ်ထွာတစ်မိုက်နှင့် စာအုပ်တွေထဲမှာ ဖတ်ဖူးထားသမျှ စင်ကာပူ သမိုင်းကြောင်းကို ပြောပြသည်။ သူတို့လက်မခံ။ သူတို့စိတ်ထဲမှာ စင်ကာပူဆိုသည့် နိုင်ငံကပင် အလိုလို ကြီးကျယ်ခမ်းနားနေသည်ဟု မြင်နေပုံရသည်။ မတတ်နိုင်ပြီ။ ကျွန်တော်တို့ဆီတွင် တစ်ခုခုဆိုတာနှင့် အစိုးရကို လက်ညှိုးထိုးတာက အကျင့်ပါနေပြီ။ အခုအစိုးရမလို့မဟုတ်။ နောက်အစိုးရတက်လာလည်း ဒီအတိုင်းပဲ ဖြစ်ဦးမည်မှာမလွဲ။ မယုံလျှင် စောင့်ကြည့်ဟုသာ ပြောချင်သည်။ တပ်မတော်က နိုင်ငံတော်ကို တာဝန်ယူထားလို့ပဲ တိုင်းပြည်က မတိုးတက်သယောင်ယောင် ရေးနေ၊ ပြောနေတာကို မြင်ရတော့ အတော်လေး စိတ်ထဲတွင် ဘ၀င်မကျဖြစ်ရသည်။ နောက်ထပ် အရပ်သားအစိုးရတက်လာလျှင်လည်း အပြန်အလှန် မကောင်းပြောကြ၊ လက်ညှိုးထိုးကြနှင့် ဒီလိုပဲ ဖြစ်နေဦးမည်ဆိုသည်ကို မြင်နေမိသည်။ ကျွန်တော်တို့ လူမျိုးတွေကိုက စည်းကမ်းဆိုတာကို ချုပ်ချယ်မှုဟု အပြည့်အ၀သတ်မှတ်ထားကြသည်ဟု ကျွန်တော်ထင်သည်။ စင်ကာပူတွင် အမှိုက်ပစ်မိ၍ ဒဏ်ရိုက်ခံရသည်ကို ဂုဏ်ယူသလိုလိုပြောကြသည်။ ရှက်ရကောင်းမှန်းမသိ။ ကိုယ်သောက်သုံးမကျလို့ အပြစ်ပေးတာဟု မခံယူ။ ငါအမှိုက်ပစ်မိလို့ ပိုက်ဆံဘယ်လောက် ဒဏ်ကြေး ဆောင်လိုက်ရတယ်ဟု ဖိုရမ်တွေထဲ၊ ဘလော့ဂ်တွေထဲမှာပင် ကြွားသလိုလို ပြောလိုက်သေးသည်။ အဲဒီကျေးဇူးရှင်များကို မြန်မာပြည်မှာ အမှိုက်ပစ်လို့ဆိုပြီး ဒဏ်ရိုက်ဖို့ဝေးစွ စည်ပင်သာယာမှ ၀န်ထမ်းတစ်ဦးဦးက လာပြောလျှင်ပင် မင်းကဘာကောင်မို့လဲ၊ ပစ်တော့ဘာဖြစ်လဲ ဘာလုပ်ချင်လဲဟု ပြန်ပြောဦးမည်ကို မြင်ယောင်နေမိသည်။ သူများနိုင်ငံတွင် ဒဏ်ရိုက်ခြင်းသည် စည်းကမ်းဖောက်ဖျက်၍ ပေးဆောင်ရခြင်းဖြစ်သည်၊ ကိုယ့်နိုင်ငံတွင် ဒဏ်ရိုက်ပါက အနှီအမျိုးကောင်းသားများ မည်သို့ပြောမည်ကို စာဖတ်သူတို့သာ တွေးကြည့်ကြပါလေ။ စာဖတ်သူတို့ ၀န်းကျင်တွင်လည်း ထိုကဲ့သို့ ပုဂ္ဂိုလ်များ အသေအချာ ရှိနေမည်ကို သိနေသောကြောင့် ဖြစ်ပါသည်။
ပြောချင်သည်ကို ဆက်ပါမည်။ ဖတ်မိသည့်စာအုပ်က LIVING COLOR NO.159, OCTOBER 2008 ဖြစ်ပါသည်။ ခေါင်းစဉ်က “ သူတို့ဆီက စည်ပင်သာယာ ” စာရေးသူက “ ကိုဝမ်း ”။ အပြည့်အစုံပြန်မရေးပြ တော့ပါ။ စည်ပင်သာယာနှင့် သက်ဆိုင်သည့် အကြောင်းအရာများကိုသာ ထုတ်နုတ်ကူးရေးသွားပါမည်။
.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.
သူတို့ဆီက စည်ပင်သာယာ
ကိုဝမ်း
......................................................................................................



......................................................................................................
မကာအို၏ ရေကိစ္စ၊ မီးကိစ္စသည် စည်ပင်သာယာ၏ ကိစ္စမဟုတ်ပါ။ ရေကုမ္ပဏီ၊ မီးကုမ္ပဏီကိစ္စသာ ဖြစ်သည်။ သူတို့၏ အဓိကလုပ်ငန်းသည် ပန်းပင်စိုက်ရသည်၊ ပန်းပျိုးရသည်၊ လမ်းပြင်ရသည်၊ ရေမြောင်းရှင်းရသည်၊ အခါကြီးရက်ကြီးများတွင် မီးအလှထွန်းရသည်။ စည်ပင်သာယာဆိုသည့် အတိုင်း မကာအိုမြို့ကို စည်ပင်ပြီး လှပနေအောင် သူတို့က လုပ်ကြရလေသည်။
သည်တော့ စာဖတ်သူက အမှိုက်သိမ်းသည့်ကိစ္စကရောဟု မေးလိုပေမည်။ မကာအိုတွင် အမှိုက်သိမ်းသည့် အလုပ်ကို စည်ပင်သာယာက မလုပ်ပါ။ ကျွန်တော်ရောက်ခါစ ၁၉၉၁-၉၂ ခုနှစ်ထိ စည်ပင်သာယာက သိမ်းသည်။ သို့သော် နောက်ပိုင်းတွင် ပုဂ္ဂလိကသို့ ကန်ထရိုက်ပေးသည်။ ကန်ထရိုက်ဆွဲသည့် C.S.R ဆိုသော ကုမ္ပဏီက ဒေသခံမဟုတ်ပါ။ နိုင်ငံတကာ ကုမ္ပဏီဖြစ်သည်။ အမှိုက်သိမ်းသည့်ကိစ္စကို စည်ပင်သာယာက မလုပ်တော့သော်လည်း စည်ပင်သာယာလုပ်ငန်းပင်ဖြစ်၍ ဤကိစ္စကစ၍ ပြောပြလိုပါသည်။
၁၉၉၂ ခုနှစ်တွင် မကာအိုအစိုးရက ပုဂ္ဂလိကသို့ လေလံပစ်၍ အမှိုက်သိမ်းဖို့ရန် စီစဉ်ခဲ့ရာ လက်ရှိ အမှိုက်သိမ်းနေသော စည်ပင်သာယာအလုပ်သမားများက သပိတ်မှောက်သည်။ နောက်တော့ အစိုးရနှင့် ဆွေးနွေးပြီး သပိတ်လှန်ခဲ့ရာ သူတို့သည် ပုဂ္ဂလိက C.S.R ကုမ္ပဏီ၏ အမှုထမ်းများ ဖြစ်လာခဲ့သည်။ တစ်ရက်ကို အလုပ်ချိန် ရှစ်နာရီ၊ တစ်လလျှင် နားရက် လေးရက် ရသည်။ မကာအိုမှာက လူစည်ကားရာနေရာတွေမှာ လူတစ်ယောက်၏ ပခုံးခန့်မြင့်သော အမှိုက်ပုံးကြီးတွေထားသည်။ အမှိုက်စွန့်မည့်သူက ခြေထောက်နှင့် မောင်းတံကိုနင်းသော် အဖုံးပွင့်လာမည်။ အမှိုက်စွန့်ပြီးသော် အဖုံးပိတ်သွားမည်။ ထို့ကြောင့် ဤအမှိုက်ပုံးကို ခွေး၊ ကြောင်တက်နှိုက်၍ မရပါ။ ဤအမှိုက်ပုံးတွေကို အမှိုက်များသောနေရာတွင် နေ့တစ်ကြိမ်၊ ညတစ်ကြိမ် သိမ်း၍ သာမန်နေရာတွင် ည၌သိမ်းသည်။ အမှိုက်သိမ်းသည့်ကားတွင်ပါ အလုပ်သမားက အမှိုက်ပုံးကိုဆွဲ၍ ကားနောက်တွင်ရှိ ချိတ်မှာချိတ်ပေးလိုက်သည်။ ထို့နောက် ရှေ့ကယာဉ်မောင်းက ကားစက်အား ယင်းပုံကို ချိတ်၍ ကားနောက်ခန်းထဲသို့ သွန်မှောက်ထည့်လိုက်သည်။ ယင်းကားထွက်သွားသော် ရေဆေးကား ၀င်လာသည်။ အမှိုက်ပုံးကို ရေပန်းနှင့် ပက်၍ဆေးသည်။
နေ့စဉ် လမ်းသန့်ရှင်းရေးအလုပ်သမားက မိမိစု၍ ရရှိသောအမှိုက်ကို ဤအမှိုက်ပုံးတွင် လာသွန်သည်။ တစ်ဦးတစ်ဦးကို ဤနေရာ၊ ဤနေရာအထိ နေရာသတ်မှတ်ပေးထားသည်။ ဦးဝိစာရလမ်းပေါ်ရှိ သန့်ရှင်းရေးအလုပ်သမားများကဲ့သို့ ဖြစ်သော်လည်း မကာအိုသန့်ရှင်းရေးသမားများက ပို၍ ပင်ပန်းလေသည်။ မကာအိုမြို့နှင့် ကျန်ကျွန်းနှစ်ကျွန်းတွင် တစ်ကျွန်းနှင့်တစ်ကျွန်းကူးသော တံတားများပေါ်မှအပ သစ်ပင်ကြီးများ ရှိသည်။ ညောင်ညိုပင်များဖြစ်ပြီး နွေရာသီတွင် ရှေ့ကနေ သစ်ရွက်ခြောက်တွေလှည်းသွားသော် နောက်က တဖြုတ်ဖြုတ်ကြွေ၏။ ယင်းလမ်းသန့်ရှင်းရေးသမားများကိုကြည့်သော် မည်သူမှ အဆီတွေနှင့် ၀ဖြိုး၍မနေ။ ကိုယ်ရေစစ်ကာ ပိန်နေကြသည်။ အဓိက အမှိုက်က လူစွန့်ပစ်အမှိုက်ကို သိမ်းရန် ဖြစ်ပေသည်။ ကျန်သစ်ရွက်ခြောက်တွေက သူတို့ကို ဒုက္ခပေးလှသည်။ တာဝန်ချိန်တွင် လက်ဖက်ရည်သောက်ခြင်း၊ ဈေးသွားခြင်း၊ ဘဏ်သွားခြင်း ပြုလုပ်၍ မရပါ။ ဒဏ်တပ်ခံရသည်။ ဒဏ်ငွေကမသေးပါ။ ၇၀၀ ပါတာကပ် ဖြစ်ပါသည်။ အမြဲပင် တာဝန်ကျက လာ၍ စစ်ဆေးသည်။
မကာအိုသည် တိုက်ခန်းများနှင့်သာ နေကြပေရာ ကိုလိုနီအစိုးရလက်ထက်ကတည်းက ပန်းခြံတွေ၊ ပန်းဥယျာဉ်တွေ လုပ်ပေးထားသည်။ ဘဏ်တွေပေါသလို ပန်းခြံတွေလည်း ပေါသောအရပ်ဖြစ်သည်။ သက်ကြီးရွယ်အိုများက သည်ပန်းခြံမှာပဲ လမ်းလျှောက်ရသည်။ အပန်းဖြေရသည်။ ဤပန်းခြံတွေ သာယာလှပဖို့၊ ထိုင်စရာထိုင်ခုံတွေထားဖို့၊ ညတွင် လျှပ်စစ်မီးထွန်းဖို့က စည်ပင်သာယာဌာန၏ တာဝန်ဖြစ်သည်။ ပန်းခြံများတွင် ကျားထိုးဖို့ ကျားကွက်ကအစ ကျောက်စားပွဲအလယ်ကောင်တွင် ရေးဆွဲပေးသည်။ မည်သည့်ပန်းခြံကိုမှ ၀င်ခ မပေးရပါ။ ဘန်ကောက်တွင်လည်း လုမ္ဗနီဥယျာဉ်အတွင်းသို့ ၀င်ရာ၌ ၀င်ခ မပေးရပါ။
နောက်တစ်ခုက အများသုံးအိမ်သာကိစ္စဖြစ်သည်။ လိုအပ်သောနေရာတွင် အများသုံးအိမ်သာ ထားပေးသည်။ ပိုက်ဆံမပေးရပါ။ စည်ပင်သာယာဝန်းထမ်းက အမြဲတမ်းသန့်ရှင်းရေးလုပ်ရသည်။ အိမ်သာတာဝန်ကျ စည်ပင်သာယာအမျိုးသမီး၏ လစာသည် တစ်လလျှင် ရှစ်ထောင်ပါတာကပ်ဖြစ်သည်။ ဒါကို ကျွန်တော့် ဘဏ်မန်နေဂျာ အပန်းက “ငါတောင် လုပ်လိုက်ချင်သေးရဲ့” ဟု ပြော၏။ ဘဏ်ခွဲတစ်ခု၏ မန်နေဂျာလခကလည်း ရှစ်ထောင်မို့ပဲဖြစ်သည်။ ဘဏ်မန်နေဂျာဆိုသည်က ဂုဏ်သိက္ခာရှိမှန်း သူလည်းသိပါသည်။ သို့ပေမယ့် တာဝန်ကြီးလှသည်။ အထက်က ဖိအားများသည်။ အိမ်သာသန့်ရှင်းရေး တာဝန်က ရေလောင်း၊ တိုက်ချွတ်ဆေးကြော၊ ရေလောင်းချလျှင် ကိစ္စပြီးသည်။ စိတ်ရှုပ်စရာ၊ ခေါင်းရှုပ်စရာ ဘာမှမရှိပါ။ ဒါကြောင့် မန်နေဂျာအပန်းက ဤစကားကို ပြောခြင်းဖြစ်ပါသည်။ နောက်တစ်ခုက ရွှေ့ပြောင်း အိမ်သာ ထားပေးသည်။ အောက်ခံပုံပါသော အိမ်သာကို ကားနှင့်ဆွဲလာပြီး ချထားပေးသည်။ သန့်ရှင်းရေးကားက မှန်မှန်လာ၍ သန့်ရှင်းရေးလုပ်သည်။
လမ်းကို ရေဆေးသည်ဆိုလျှင် စာဖတ်သူက အံ့သြမည်။ လမ်းပဲ မိုးရွာရင် စင်သွားမှာပေါ့ဟု ပြောလိုပေမည်။ တစ်ပတ်တစ်ခါ လမ်းကို ရေဆေးသည်။ ရေပိုက်နှင့် ဖျန်းသည်။ နောက်ကားတစ်စီးက လမ်းကို ဘရပ်ခ်ျနှင့် တိုက်သည်။ ယင်းကား၏ရှေ့တွင် ဘရပ်ခ်ျအကြီးစား အ၀ိုင်းပုံစံပါသည်။ အထူးသဖြင့် လမ်းနှင့်စင်္ကြန်အစပ်ထောင့်ရှိ ဖုန်တွေ၊ သဲတွေကို တိုက်ပစ်ခြင်းဖြစ်သည်။
ပန်းပင်များ ပျိုးရသည်။ ပန်းပင်တွေ စိုက်ရသည်။ ဟံသာဝတီအ၀ိုင်းလို အ၀ိုင်းတွင် ပန်းရောင်စုံတွေ စိုက်သည်။ မြို့လယ်ကောင် ဆမ်းမားလူးဆိုသည့် လူစည်ကားရာလမ်းမျိုးတွင် ပန်းရောင်စုံအိုးတွေ ချိတ်ဆွဲထားသည်။ တိုးရစ်မြို့တော်ဖြစ်၍ မျက်စိပသာရှိအောင် လုပ်စရာမှန်သမျှ အကုန်လုပ်သည်။ ရေမြောင်းတွေ၊ မိလ္လာမြောင်းတွေ ရှင်းရသည်။ မြန်မာနိုင်ငံတွင် ကြာပန်းသည် သီတင်းကျွတ်မှာပွင့်ပြီး မကာအိုမှာက ဇွန်လတွင် ပွင့်သည်။ ဇွန်လမတိုင်ခင်မှာ စည်ပင်သာယာစိုက်ပျိုးရေးအလုပ်သမားတွေက ကြာပန်းတွေပျိုးရသည်။ ဇွန်လရောက်သော် ရေကန်ရှိသည့် ဥယျာဉ်တွေကို ကြာပန်းအိုးတွေပို့သည်။ ရေကန်ထဲတွင်ဝါးဖောင်ခံ၍ ယင်းဝါးဖောင်ပေါ်တွင် ကြာပန်းအိုးတွေ တင်လိုက်သောအခါ ရေထဲက ၀ါးဖောင်နှင့်အိုးကို မမြင်ရတော့ဘဲ ရေထဲကနေ သဘာဝအလျောက် ကြာပန်းတွေပွင့်နေသလိုဖြစ်အောင် လုပ်ထားသည်။ ကြာနီကများ၏။ ကြာပြာ သို့မဟုတ် ကြာခရမ်းရောင်ကို မကာအိုရောက်မှ မြင်ဖူးသည်။ (ယခု မြန်မာနိုင်ငံမှာလည်း ရှိနေပါပြီ)
စည်ပင်သာယာ၏ နောက်အလုပ်တစ်ခုက ခွေးလေခွေးလွင့်တွေ လိုက်ဖမ်းရသည်။ မကာအိုတွင် ခွေမှတ်ပုံတင်ခက ဈေးကြီး၏။ ၂၅၀၀ ပါတာကပ်ဖြစ်သည်။ မှတ်ပုံတင်လည်ပတ်နှင့်ခွေးကို မဖမ်းရပါ။ ပိုင်ရှင်မဲ့ ခွေးသာ ဖမ်းရသည်။ ခွေးကိုက်သော် ကိုက်သည့်ခွေးကို ခွေးထောင်ချ၏။ ပိုင်ရှင်မဲ့ခွေး သို့မဟုတ် လည်ပတ်မပါသော ခွေးကို နှစ်ပတ်ထား၏။ လာမရွေးသော် လျှပ်စစ်နှင့်တို့၍ သတ်ပစ်သည်။ အိမ်မှာ ခွေးမွေးထားပြီး ရောဂါရ၍ သေသော် စည်ပင်သာယာကို ဖုန်းဆက်ရသည်။ စည်ပင်သာယာက သွားယူရသည်။ မကာအိုစည်ပင်သာယာဝင်းထဲတွင် ခွေးသင်္ချိုင်းရှိသည်။ မိမိ၏ အချစ်တော်ခွေးသေသော် ဤသင်္ချိုင်းမှာ မြေ၀ယ်၍ မြှုပ် အုတ်ဂူလုပ်၊ အုတ်ဂူပေါ်တွင် ခွေးဓာတ်ပုံနှင့် ဖြစ်သည်။ ဤသင်္ချိုင်းက သူ့ခွေးအုတ်ဂူတွင် ပန်းစည်းလာချပြီး တရှုံ့ရှုံ့ငိုသော ကောင်မလေးကို တွေ့ဖူးသည်။
နောက်တစ်ဖွဲ့က ကြွက်နှိမ်နင်းရေးအဖွဲ့ဖြစ်သည်။ မကာအိုအဖွဲ့က သတ်သတ်၊ တိုင်ပါလူဝမ်အဖွဲ့က သတ်သတ်ဖြစ်သည်။ ကြွက်သတ်ဆေးတွေကို ကြွက်တွင်းတွေရှာပြီး လိုက်ချရသည်။ ကြွက်ကောင်ရေ မည်မျှသေသည်ကို လိုက်ရှာရသည်။
မကာအိုတွင် တိရစ္ဆာန်ရုံမရှိပါ။ ထို့ကြောင့် မျောက်၊ ဒေါင်း၊ ကြက်ဆင်၊ လင်းယုန် သတ္တ၀ါအရေအတွက် နည်းနည်းကို လူဝမ်စည်ပင်သာယာဝင်းမှာ ခြံကိုယ်စီနှင့် မွေးထားသည်။ မကာအိုမြို့ထဲက ဥယျာဉ်တွေမှာ လှောင်ချိုင့်နှင့် ပြထားသည်။
သူတို့အရပ်က ခရီးသွားလုပ်ငန်းကို အဓိကထားသည်။ ဧည့်သည်ဆိုသည်မှာ အိမ်သာမှ ဧည့်လာသည်။ ထို့ကြောင့် သူတို့ အိမ်သာယာလှပအောင် နည်းအမျိုးမျိုးနှင့် ဆောင်ရွက်သည်။ စင်္ကြန်ခင်းသော အုတ်ကို သြစတြေးလျနိုင်ငံ ဘရစ္စတိန်းမြို့က အုတ်မှာပြီး ခင်းသည်။ ယင်းအုတ်အနီနှင့် အပြာကို လှပအောင် ရောင်စုံဖော်၍ ခင်းသည်။ ဤအုတ်တွေ လှလှချည်လားဆိုပြီး လူစပ်စု ကျွန်တော်က အုတ်ပုံက ထုပ်ပိုးလာသော အပြင်စက္ကူကို အသေအချာသွားလေ့လာ၍ ဤသို့သိရပါသည်။ လူဝမ်စည်ပင်သာယာတွင် ဘုရင်ခံ၏ မြင်းရှိသည်။ ယင်းမြင်းကိုကျွေးသော မြက်ခြောက်က ဂျာမနီက ဖြစ်သည်။ ပိုက်ဆံရှိသောအရပ်မို့လည်း ဤသို့ အကုန်အကျခံနိုင်၏။ ဤသို့အကုန်အကျခံ၍ လှပအောင်လုပ်သောကြောင့်လည်း ဧည့်လာကာ ၀င်ငွေရရှိလေသည်။

Tuesday, November 04, 2008

ကြီးပွားချမ်းသာမှု


အချိန်အားလေး နည်းနည်းရတာနဲ့ မှတ်စုစာအုပ်ကို ပြန်လှန်ပြီး ဖတ်မိနေပါတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ မှတ်စုမှတ်ခြင်းဟာ မှတ်နေတဲ့ အချိန်တုန်းကတော့ ဘာမှမသိသာပေမယ့် အခုလို ကာလတစ်ခုကြာတဲ့အခါမှာ ပြန်ဖတ်ရတဲ့အခါ အတော်လေး အဖိုးတန်တာကို တွေ့ရပါတယ်။ တချို့ဟာတွေဆိုရင် ကျွန်တော်ဘယ်လိုမှကို မမှတ်မိတော့တဲ့ အကြောင်းအရာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ကြည်နူးစရာတွေပါသလို အဲဒီတုန်းက မှတ်သားထားတာကို အခုမှ ပြန်ပြီးသတိရပြီး လုပ်ရတာတွေလည်း အများကြီးပဲ။ မှတ်သားခဲ့တဲ့အချိန်တုန်းကတော့ စိတ်ညစ်စရာ၊ ခံပြင်းစရာ၊ အဲဒီတုန်းက တော်တော်ကို အသည်းအသန်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေက အခုပြန်ဖတ်တော့ အတော်ကို ရယ်စရာကောင်းနေတာ တွေ့ရပြန်တယ်။ အခုမှ သတိထားမိတယ်။ အခုလက်ရှိ ကျွန်တော်ကြုံနေတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကလည်း နောက်တစ်လနှစ်လလောက်ဆိုရင် ရယ်စရာသမိုင်းလေးတွေ ဖြစ်တော့မှာ အသေအချာပါပဲ။
စကားက ဘေးချော်သွားတော့ ဘယ်ရောက်သွားမှန်းမသိပါဘူး။ ပြောချင်တာက မှတ်စုစာအုပ်လေးကို ပြန်ဖတ်ရင်းနဲ့ အထဲမှာ ကြီးပွားချမ်းသာနေသူ (၃)မျိုး ဆိုပြီး မှတ်ထားတာလေးကို တွေ့မိလို့ပါ။ ဘယ်စာအုပ်ထဲက၊ ဘယ်ဂျာနယ်ထဲက မှတ်မိမှန်းကို မသိတော့ပါဘူး။ ပြီးတော့ အဲဒီအကြောင်းအရာကို ကျွန်တော်ဖတ်ဖြစ်ခဲ့တာရော ဟုတ်ရဲ့လားလို့ တွေးမိပါတယ်။ ဘယ်လိုမှကို မမှတ်မိလို့ပါ။ အခုဖတ်တော့လည်း အသစ်ဖြစ်နေပြန်တာပါပဲ။ ရက်စွဲကတော့ ၂၈-၆-၂၀၀၈ လို့ တပ်ထားတာတွေ့ရပါတယ်။ တစ်နေရာရာကိုသွားရင်းနဲ့ ဖတ်မိပြီး ကြိုက်လို့ ကူးယူထားမိတာ ဖြစ်နိုင်ပါတယ်။ အခန်းမှာ အသေအချာ ဖတ်တယ်ဆိုရင်တော့ ဘယ်စာအုပ်ကကူးတယ်၊ ဘယ်သူရေးတဲ့စာထဲက စသည်ဖြင့် သေသေချာချာမှတ်တဲ့ စာအုပ်နဲ့ မှတ်တာမို့ပါ။
အဓိကအကြောင်းအရာကိုပဲ ပြောပါတော့မယ်။ လောကမှာ ကြီးပွားချမ်းသာနေသူ (၃)မျိုး(၃)စားဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။
(၁) အမွေရသူ
(၂) ကံကောင်းထောက်မပြီး နေရာကောင်းကို အချိန်ကောင်းမှာ ရောက်သွားတဲ့သူ
(၃) စိတ်ကူးဉာဏ်ရှိပြီး ကိုယ့်စိတ်ကူး အကောင်အထည်ပေါ်တဲ့အထိ ဇွဲလုံ့လ၀ီရိယနဲ့ လုပ်ဆောင်တဲ့သူ ပါတဲ့။
အတော်လေး သဘောကျသွားမိတယ်။ သဘောကျမိတာနဲ့ အတွေးလည်းဖြန့်ကျက်မိတယ်။ ဘေးနားမှာလည်း မှတ်ချက်လေးရေးထားတာကို ဖတ်မိတယ်။ အမှတ်စဉ်(၁)နဲ့(၂)က ""ကံ"" တဲ့။ အမှတ်စဉ်(၃)ကတော့ ""လူ"" လို့ မှတ်ထားပါတယ်။ ကံကြောင့်ချမ်းသာတာနဲ့ ဉာဏ်(လူ)ကြောင့် ချမ်းသာတာကို ပြောချင်တာဖြစ်ပါမယ်။ တစ်ဆက်တည်း စဉ်းစားမိတာက ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ကြီးပွားချမ်းသာနေတဲ့သူတွေ အများကြီးရှိပါတယ်။ သူတို့တွေ ဘယ်အမျိုးအစားမှာ ပါနေသလဲဆိုတာကို ကိုယ့်ဘာသာလိုက်ပြီး တွက်ကြည့်နေမိပါတယ်။ စိတ်မကောင်းစရာပဲ အမှတ်စဉ်(၁)နဲ့(၂)မှာ လူတွေများနေတာကို တွေ့ရပါတယ်။ သူတို့ကတော့ သူတို့ကိုသူတို့ ကံကောင်းကြသူတွေဆိုပြီး ဂုဏ်ယူနေကြမှာပါပဲ။ အဲဒီအထဲမှာ တစ်ခု ကျွန်တော်ဘ၀င်မကျတာက သူဌေးသား၊ သူဌေးသမီးကို ရပြီးချမ်းသာကြီးပွားနေတဲ့လူတွေကို ဘယ်အမျိုးအစားထဲမှာ ထည့်ရမလဲဆိုတဲ့ အတွေးပါ။ ကံကောင်းလို့ သူဌေးသား၊ သူဌေးသမီး၊ တချို့ဆိုရင် သူဌေးကိုယ်တိုင်နဲ့ ရတာလား၊ သို့တည်းမဟုတ် ကြီးပွားချမ်းသာရေးအတွက် မိမိကိုယ်ကို အရင်းအနှီးလုပ်ပြီး ဉာဏ်ကူခဲ့ကြတာလား ဆိုတာကိုတော့ ကျွန်တော်ပဲ ဉာဏ်မမီတာလား၊ ရိုးရိုးလေးကို ဆန်းနေတာလား မစဉ်းစားတတ်ပါ။ ရှိပါစေတော့။
ဒါဖြင့်ရင် ဒုတိယအမျိုးအစားဖြစ်တဲ့ ဉာဏ်ကြောင့်ကြီးပွားချမ်းသာတဲ့လူတွေကရော ဘယ်လိုများပါလိမ့်။ ကျွန်တော်မြင်သလောက်တော့ ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားပြီး ကြီးပွားချမ်းသာလာသူတွေသာလျှင် သမိုင်းတွင်ကျန်ရစ်တယ်လို့ မြင်မိပါတယ်။ ဒီနေရာမှာ ကံကြောင့် ချမ်းသာလာပြီး ကိုယ်တိုင်လည်း ဉာဏ်စွမ်းဉာဏ်စနဲ့ ကြိုးစားပြီး ကြီးပွားတိုးတက်နေသူတွေကိုလည်း ထည့်သွင်းပါတယ်။ ကျွန်တော့်အတွေးသက်သက်နဲ့ပြောရရင် ငွေကြေးပစ္စည်းဥစ္စာ ကြီးပွားတိုးတက်တာဖြစ်စေ၊ ပညာရပ်ပိုင်းဆိုင်ရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်တာဖြစ်စေ၊ သူ့တို့ကို တန်ဖိုးဖြတ်နိုင်တာက သူ့ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုသလဲဆိုတဲ့အချက်ပဲ ဖြစ်လိမ့်မယ်လို့ ထင်မိတာပါပဲ။ ကြွယ်ဝချမ်းသာမှုဟာ မြင်းကို ချိုတပ်ပေးသလို ဖြစ်နေသလား၊ ဒါမှမဟုတ် သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဆိုတဲ့အတိုင်း ကောင်းကျိုးပြုနေသလားဆိုတာကိုကြည့်ပြီး သူ့ကို အဆင့်အတန်းခွဲရမယ်လို့
ကျွန်တော်ကတော့ ထင်မြင်မိကြောင်းပါ။
ဒါဖြင့် ကျွန်တော်ရော ဘယ်လိုအမျိုးအစားထဲမှာ ပါချင်သလဲလို့ မေးလာရင်တော့ အဖြေရ အတော်ခက်ခဲ့ကိစ္စပါပဲ။ ဘာကြောင့်လဲဆိုတော့ အမှန်အတိုင်းဝန်ခံရရင် ကိုယ်စွမ်းကိုယ်စအရ ကြီးပွားတိုးတက်အောင် ကြိုးစားချင်စိတ်ရှိနေသော်လည်း ထီပေါက်ချင်စိတ်တို့၊ နေရာကောင်း၊ ရာထူးကောင်းကို လိုချင်တဲ့ စိတ်တို့လည်း ကျွန်တော့်မှာ ရှိနေတာမို့ပါ။ ဒါကြောင့်လည်း ဟိုမရောက်ဒီမရောက်နဲ့ မျောက်သစ်ကိုင်းလွတ်ဖြစ်နေတယ်လို့ ထင်မိတာပါပဲ။
ကျွန်တော့်မိတ်ဆွေများအားလုံးလည်း ကြီးပွားတိုးတက်သူများ ဖြစ်ကြပါစေ။
ကျွန်တော်လည်း ညောင်ပင်ကြီးတစ်ပင် ဖြစ်ချင်ပါသေးတယ်။
လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်

..::: WITHOUT KNOWING WHAT I AM AND WHY I AM HERE, LIFE IS IMPOSSIBLE.:::..
(LEO TOLSTOY)

Saturday, November 01, 2008

တွေးတောဆင်ခြင်လိုက်နာဖွယ်


မှားယွင်းမှုဟူသည်
မောဟမကင်းသူလူတိုင်းနှင့် ဆက်ဆံ၏။
သူတစ်ပါးမှားလျှင်
အမှန်ရောက်အောင် ငါပြင်မည်။
ငါမှားလျှင်
သူတစ်ပါးအပြင်ကို ငါခံမည်။
ငါ့ကို ပြုပြင်သူကို
ငါ့ဆရာဟု အသိအမှတ်ပြုမည်။
သူတစ်ပါးအကျိုးကို ငါလိုလားမှ
ငါ့အကျိုးကို သူတစ်ပါးက လိုလားမည်။
ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍
ဆောင်ရွက်မည်။
ငါ့အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ
ငါ့မိတ်ဆွေမဟုတ်။
သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို
ရဲဝံ့စွာ ငါခံယူမည်။
ဒုက္ခ၏မျိုးစေ့ဖြစ်သော သုခကို
ရဲဝံ့စွာ ငါရှောင်ရှားမည်။
ငါ့အလုပ်နှင့်တူသော အကျိုးကို
မချွတ် ငါရမည်။

(အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ
စတုတ္ထစံကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိမလ)

Friday, October 31, 2008

သူတို့ပြန်လာကြမှာပါ-လူထုစိန်ဝင်း


ဘရိန်းဒရိန်းလို့ လူတိုင်းပြောဆိုနေကြတဲ့ ဦးနှောက်ယိုစီးမှုကိစ္စနဲ့ ပတ်သက်ပြီး ဂျာနယ်တစ်စောင်က လူငယ်လေး တစ်ဦး ရောက်လာပြီး ဆွေးနွေးမေးမြန်းပါတယ်။ ဒီ နှစ်နှစ်၊ သုံးနှစ်အတွင်း ပန်းဆိုးတန်း ပတ်စပို့ရုံးရှေ့မှာ နေ့စဉ်နေ့တိုင်း လူတွေစည်ကားနေတာကိုမြင်ပြီး စိတ်ပူပုံရပါတယ်။

စိတ်ပူလို့
တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်တဲ့အခါမှာ အဲဒီခေတ်မတိုင်မီက နိုင်ငံခြားထွက်သွားခဲ့ကြတဲ့ တရုတ်လူမျိုး ပညာတတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တဖွဲဖွဲနဲ့ ပြန်ရောက်လာကြသလို မြန်မာတွေပြန်လာကြပါ့မလားလို့ လည်း သူက မေးပါတယ်။ ဒါအပြင် သူက သူ့ပတ်ဝန်းကျင်က သွားသမျှလူငယ်အများစုဟာ ပြန်မလာကြတော့ဘူး လို့လည်းပြောပြီး အပြစ်တင်ပါတယ်။ မျိုးချစ်စိတ်ရှိတဲ့ ဒီလူငယ်ရဲ့ခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။ ကိုယ်တိုင် ၁၉၈၀ ပြည့်နှစ်လောက်က အင်္ဂလိပ်စကားပြောသင်တန်းလေးတစ်ခု ဖွင့်လှစ်ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်၊ အစိတ်နီးပါး သင်ကြားပေးခဲ့လေတော့ ဒီအကြောင်းကို ကောင်းကောင်းကြီးသိပါတယ်။ သင်တန်းလာတက်ကြသူ အားလုံးဟာ လူငယ်ပညာတတ်ကလေးတွေချည်းပါ။
ဆရာဝန်နဲ့ ဆေးကျောင်းသူ၊ ဆေးကျောင်းသားတွေ၊ အင်ဂျင်နီယာနဲ့ စက်မှုတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား တွေက အများစုဖြစ်တယ်။ အားလုံးရဲ့ ရည်ရွယ်ချက်က တစ်နည်းနည်းနဲ့ နိုင်ငံခြားကို ထွက်ကြဖို့ဖြစ်တယ်။

ဟုမ်းဆွိဟုမ်း
အဲဒီအချိန်က အခုလို မလေးရှားတို့၊ စင်ကာပူတို့ ခေတ်မစားသေးဘူး။ ဂျပန်၊ အမေရိကန်နဲ့ ထိုင်ဝမ်တို့ ခေတ်စားတဲ့အချိန်။ ခုလောက်လည်း ပတ်စပို့တို့ ဗီဇာတို့ ရဖို့မလွယ်တာတောင် တစ်လကို သုံး၊ လေးခေါက်တော့ တပည့်တွေလိုက်ပို့ဖို့ လေဆိပ်ကို ရောက်နေရတယ်။ အဲဒီအချိန်က ကိုယ်တိုင်လည်း စိတ်ပူခဲ့တာပေါ့။ ဒါကြောင့် သင်တန်းမှာ There is no Place like home. Home Sweet Home အစချီတဲ့ ကဗျာလေးကို အမြဲသင်ပေးပြီး ထွက်သွားတဲ့ ကျောင်းသူကျောင်းသားတိုင်းကိုလည်း Home Sweet Home လို့ စာတန်းထိုးထားတဲ့ ကောက်ရိုး ပန်းချီကားချပ်လေးတွေ အမှတ်တရ လက်ဆောင်ထည့်ပေးလေ့ ရှိတယ်။

ဘရိန်ဒရိုင်းတောင်ဖြစ်နိုင်
သူများတွေက ဘရိန်းဒရိန်း Brain Drain လို့ပဲပြောကြတာ။ ကိုယ်ကဖြင့် ဒါထက်တောင်မက ဘရိန်းဒရိုင်း Brain Dry ဦးနှောက်ခြောက်ခန်းမှုဖြစ်မှာတောင် စိုးရိမ်တဲ့အကြောင်း သုံးလေးကြိမ်မက ရေးဖူးသေးတယ်။ အခုတလောတော့ အဲဒီဂျာနယ်ကလူငယ်သာမက ရန်ကုန်က လုပ်ငန်းရှင်တပည့်ဟောင်းတွေ ရောက်လာတဲ့ အခါမှာလည်း အလုပ်သမားရှားပါးမှုအကြောင်း ပြောရာကနေပြီး နောက်ဆုံး အဲဒီဘရိန်းဒရိန်းအကြောင်း ရောက်သွားလေ့ရှိတယ်။ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ အညာက ဆွေမျိုးမိတ်သင်္ဂဟတွေလာကြတဲ့အခါမှာလည်း လယ်ယာလုပ်သား ရှားပါးတဲ့ကိစ္စပြောရင်းက အဲဒီ ဘရိန်းဒရိန်း ရောက်သွားပြန်တာပါပဲ။ ဒါပေမယ့် ဂျာနယ်သမား လူငယ်စိတ်ပူသလို သူတို့ပြန်လာကြပါ့မလားလို့တော့ ကိုယ်ကစိတ်မပူဘူး။ တစ်နေ့နေ့မှာ သူတို့ ပြန်လာကြမှာပါလို့ စိတ်ချလက်ချယုံကြည်တယ်။

ပဋိရူပဒေသ
ဖြစ်စေချင်တဲ့ဆန္ဒစွဲ wishful kinking နဲ့ပြောတာ မဟုတ်ပါဘူး။ နှစ်ပေါင်းနှစ်ဆယ်အစိတ် နိုင်ငံခြားထွက်ချင်တဲ့ ထွက်ကြတဲ့ လူငယ်၊ လုံမငယ်တွေနဲ့ လက်ပွန်းတတီးနေလာခဲ့တဲ့ အတွေ့အကြုံကြောင့် ပြောတာဖြစ်တယ်။ ဒီနေ့အထိလည်း သူတို့တတွေနဲ့ ဖုန်းနဲ့၊ အီးမေးနဲ့၊ လူကြုံနဲ့ အဆက်အသွယ်မပြတ်ရှိနေတာကြောင့် နိုင်ငံခြားရောက် သူတို့ဘ၀၊ သူတို့စိတ်ဓာတ်တွေကို ကောင်းကောင်းကြီးသိနေပါတယ်။ မြန်မာလူမျိုး ၁၀၀ မှာ ၉၀ လောက်ဟာ ဘယ်နိုင်ငံကိုပဲရောက်နေရောက်နေ မြန်မာစိတ်ဓာတ်မပျောက်ဘူးဆိုတာ ပြောရဲတယ်။ ဘာကြောင့်လဲဆိုတော့ There is no Place like Home, Home Sweet Home ဆိုတဲ့အတိုင်း မြန်မာပြည်လောက် နေချင်စရာကောင်းတဲ့ နေရာ (ပဋိရူပဒေသ) ကမ္ဘာပေါ်မှာ ဘယ်မှမရှိဘူးဆိုတာ သူတို့အားလုံး သိနေကြလို့ပါပဲ။ တပည့်တော်တော်များများ ကတော့ သူတို့ရောက်နေတဲ့နိုင်ငံများဟာ မြန်မာနိုင်ငံနဲ့ ယှဉ်လိုက်ရင် ပစ္စန္တရာဇ် အရပ်တွေပါပဲလို့တောင် လွမ်းဆွတ် တသစွာနဲ့ ပြောကြတယ်။

ငတ်လို့ထွက်တာမဟုတ်ဘူး
နိုင်ငံခြားသွားပြီး အလုပ်လုပ်ကြတဲ့ တခြားအာရှနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ မတူတာတစ်ချက်လည်း ရှိသေးတယ်။ တခြားနိုင်ငံသားတွေက အများအားဖြင့် ပညာမတတ်တဲ့လူတွေ၊ နေရင်းနိုင်ငံမှာ ပါးရှားလွန်းလို့ ထွက်သွားကြတာ။ မြန်မာနိုင်ငံက ထွက်ကြသူ အများစုက အနည်းဆုံး ၁၀ တန်းပညာလောက်တော့ တတ်ထားကြ သူတွေဖြစ်တယ်။ ပြီးတော့ ငတ်လို့ ထွက်ကြတာမဟုတ်ဘူး။ မြန်မာပြည်မှာ စားနိုင်သောက်နိုင်ရုံတော့ ဘယ်သူမဆို ရှာနိုင်ကြတယ်။ ကျောင်းသားလူငယ်တွေနဲ့ လက်ပွန်းတတီးအရှိဆုံးသူ တစ်ယောက်အနေနဲ့ ပြောရရင် အကြောင်း နှစ်ခုနဲ့ သူတို့ ထွက်ချင်ကြတာဖြစ်တယ်။ ပညာသင်ချင်လို့ဆိုတဲ့ အကြောင်းနဲ့ မိဘတွေကို ကောင်းကောင်း ကျေးဇူးဆပ်ချင်လို့ဆိုတဲ့ အကြောင်းဖြစ်တယ်။ အဲဒါကြောင့် လူငယ်တွေကို အပြစ်မတင်ချင်တာ ဖြစ်တယ်။ ပညာသင်ချင်တာနဲ့ မိဘကျေးဇူးဆပ်ချင်တာဟာ မွန်မြတ်တဲ့စိတ်ဓာတ် မဟုတ်ဘူးလား။

မပူနဲ့ စိတ်ချနေ
ဂျာနယ်တိုက်ကလူငယ်လေးကိုလည်း ပြောလိုက်ပါတယ်။ ဘာမှစိတ်မပူနဲ့၊ သူတို့ ပြန်လာကြမှာပါလို့။ နိုင်ငံခြား ထွက်တဲ့ လူငယ်အများစုက ပညာသင်ချင်လို့၊ မိဘလုပ်ကျွေးချင်လို့ ထွက်ကြတာပဲ။ တစ်နေ့မှာ သူတို့ အမေ့အိမ်ကို အသေအချာပြန်လာကြမှာပါ။ မယုံမရှိပါနဲ့။ သံသယဖြစ်ရင် ခုလောလောဆယ်ကို သူများနိုင်ငံတွေပေးတဲ့ လုပ်ခမျိုး တစ်နာရီကို (၇)ဒေါ်လာ၊ (၈)ဒေါ်လာပေးပြီး ခိုင်းကြည့်ပါလား။ ကဆုန်စိုင်း ပြန်ပြေးလာကြမှာ သေချာပါတယ်။
တကယ်ပါ။ မပူပါနဲ့။ တစ်နေ့ သူတို့ ပြန်လာကြမှာပါ။
(29-10-2008 ရက်နေ့ထုတ် Weekly News Eleven ဂျာနယ်
အတွဲ(၄)၊ အမှတ်(၃)မှ ပြန်လည်ကူးယူဖော်ပြပါသည်)

Thursday, September 25, 2008

သိမှတ်ဖွယ်ရာစကားလုံးများ


အချစ်နှင့်ဆိုင်သော စကားလုံးများ
Love

ကွမ်းတောင်ကိုင်မိန်းကလေး - belle
ကြင်ဖော်ကင်းသော - mateless
ကြင်ယာ (ခင်ပွန်း၊ ဇနီး) - spouse
ချစ်သူ - lover
ချစ်သူ၊ ရည်းစား - sweetheart
ချစ်မှုရေးရာကိစ္စ - love affair
ခိုးရာလိုက်ပြေးခြင်း - alopement
ငယ်ချစ်ဦး - childhood sweetheart
စေ့စပ်ပြီးသောယောက်ျား - fiance
စေ့စပ်ပြီးသောမိန်းကလေး - fiancee
ပေါင်းဖော်(ဖက်)သည် - mate
ပိုးပန်းခြင်း - courtship
ဖူးစာရေးနတ် - cupid
မေတ္တာ - affection
မေတ္တာတု၊ မေတ္တာယောင် - affectation
မင်္ဂလာသတို့သမီး - bride
မြတ်နိုးသူ - adorer; admirer
ရည်းစားစာ - love letter
လင် (သို့) မယား - better-half
လက်မထပ်ရသေးသူ (မိန်းမပျို) - maiden
လက်ထပ်ပြီးကာစဇနီးမောင်နှံ - newly weds
သမီးရည်းစား - lovelass
သတို့သား - bridegroom
လူပျိုရံ - groomsman; bestman
အပျိုရံ - bridesmaid
အပျိုစင် - (pure) virgin
အချစ်ဇာတ်လမ်း - romance
အချစ်ဝတ္ထု - love story
အချစ်သီချင်း - love song
အချစ် - love
အချစ်အထိမ်းအမှတ်ပစ္စည်း - love token
အချစ်နာ၊ စိတ္တဇနာ - love-sick

တောင်ရောက်မြောက်ရောက်


တောင်ရောက်မြောက်ရောက် ဆိုသည့်အတိုင်း ရောက်ချင်သည့်နေရာကို ရောက်ပါမည်။ ပြောချင်သည့် အ ကြောင်းအရာကို ပြောပါတော့မည်။ ပထမဆုံး နည်းနည်းလေးတော့စကားပလ္လင်ခံလိုက်ချင်ပါသေးသည်။ ပုံမှန်အားဖြင့်တော့ ကျွန်တော့်အနေဖြင့် ဖတ်ရှုပြီးသောစာများထဲမှ ကြိုက်နှစ်သက်သည်များကို ဘလော့ဂ်မိတ်ဆွေများလည်း ဖတ်ရှုပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် ပြန်လည်ကူးယူကာ တင်ပေးမြဲဖြစ်ပါသည်။ စာဖတ်ချင်စိတ်ရှိသူ၊ ၀ါသနာပါသူတွေအတွက် ဘယ်လိုပဲစဉ်းစားစဉ်းစား အကျိုးရှိမည်ကို သိပြီးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ကိုယ်တိုင် စာကောင်းတွေကို တခုတ်တရ ခက်ခက်ခဲခဲ ရှာဖွေဖတ်ရှုရသော ကာလများကို ကြုံခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။
လွန်ခဲ့သော ၅ နှစ်ကျော် ၆ နှစ်ဝန်းကျင်ကာလဆီလောက်ကဆိုလျှင် ယခုကဲ့သို့ ဘလော့ဂ်ရွှေခေတ် မဖြစ်သေးပါ။ အင်တာနက်တွင် မြန်မာစာလုံးဖြင့် ဖတ်နိုင်ဖို့ဆိုသည်မှာ အင်မတန်မှ ရှားပါးသော အခွင့်အရေးဖြစ်ပါသည်။ အများအားဖြင့် မြန်မာစာလုံးများကို ဓာတ်ပုံအသွင်ပြောင်းကာ အင်တာနက် စာမျက်နှာများတွင်သာ တင်ကြသောကာလများဖြစ်ပါသည်။ ယခုနောက်ပိုင်းကျမှသာ အယ်လ်ဖာမန္တလေး၏ ကျေးဇူးဖြင့် ဇော်ဂျီကုဒ်ဆိုပြီး ပေါ်လာပြီး ဘလော့ဂ်တွေကလည်း အလျှိုလျှို ဖတ်၍မကုန်၊ လေ့လာ၍မခန်း၊ ရသအစုံစုံ၊ သုတအဖုံဖုံဖြင့် ပေါ်ပေါက်လာကြခြင်း ဖြစ်ပါသည်။ မှတ်မှတ်ရရ အဖြစ် စာအုပ်ဖတ်ချင်လွန်း၍ အင်တာနက်တွင် သူငယ်ချင်းများနှင့်တွေ့တိုင်း မေးဖြစ်သည်မှာ စာအုပ်အသစ် ဘာတွေရှိသေးလဲ။ မြန်မာအီးဘွတ်ခ်တွေရနိုင်တဲ့နေရာ ဘယ်မှာရှိလဲဆိုတာသာ ဖြစ်ပါသည်။ အီးမေးလ်ဖြင့် ပို့ကြ၊ ဖရီးရသော စာမျက်နှာများတွင် စာအုပ်တွေတင်ပေးကြနှင့် ထိုစဉ်က ကာလလေးကို လွမ်းမိပါသေးသည်။ နောက်တော့ မြန်မာပြည်သားတို့၊ ချယ်ရီသစ္စာတို့ကျေးဇူးဖြင့် မြန်မာစာအုပ်တွေရော၊ အခြားဘာသာများဖြင့် စာအုပ်တွေပါ စုံစုံလင်လင် ဖတ်ရှုခွင့်ရခဲ့သည်။ ဘယ်သူတွေဦးစီးလုပ်ကိုင်သည်၊ ဘယ်နေရာကနေ လုပ်နေခဲ့သည်ကို ဂဃနဏ ကျွန်တော်မသိခဲ့ရိုးအမှန်ဖြစ်သော်လည်း ယနေ့ထိ ဖတ်၍ မကုန်သေးသော မြန်မာအီးဘွတ်ခ် များအတွက် ဆောင်ရွက်ခဲ့သူအားလုံးကို ကျေးဇူးတင်လျက်ရှိပါသေးသည်။
ယခုအခါ ဘလော့ဂ်ဆိုသော စကားလုံးသည် မြန်မာတို့အတွက် အတော်ပင်ယဉ်ပါးနေပြီဟု ဆိုရမည်ဖြစ်ပါသည်။ ဘလော့ဂ်ဆိုသည်ကို ဘာမှန်းသာ သေသေချာချာ မသိလျှင်ရှိပေမည်။ ထိုစကားလုံးကိုတော့ ကြားဖူးကြသည်သာများပါသည်။ အချို့လည်း ဘလော့ဂ်ဟုဆိုလိုက်သည်နှင့် နှာခေါင်းရှုံ့ကြသည်များရှိပါသည်။ ဘာပဲပြောပြော မြန်မာတို့အတွက် ဘလော့ဂ်ဆိုသော စကားလုံးသည် အသစ်အဆန်းမဟုတ်တော့တာတော့ သေချာပါသည်။ အခုလို ဘလော့ဂ်ကို ရူးရူးမူးမူး ဖြစ်ကြသလို တစ်ချိန်ဆီကတော့ ရူးရူးမူးမူး ဖြစ်ခဲ့ကြသည်က ဖိုရမ်များ ဖြစ်ပါသည်။ အမြင်ကျဉ်းလို့ဟု ဆိုချင်လည်း ဆိုကြပါစေတော့။ ကျွန်တော့်အမြင်ကို ထုတ်ဖော်လိုပါသည်။ ထိုကဲ့သို့ ဖိုရမ်များ ခေတ်စားစဉ်က ကာလကရော၊ ယခုလို ဘလော့ဂ်များ ခေတ်စားစဉ်ကာလတွင်ပါ ကျွန်တော်မြင်မိသည်က ကျွန်တော်တို့ မြန်မာများသည် သက်ဆိုင်ရာကဏ္ဍများတွင် အခြားလူမျိုးများထက် မနိမ့်ကျသည့်အပြင် သာပင်သာချေသေးသည်ဟူ၍။
ဖိုရမ်ရွှေခေတ်က မြန်မာဖိုရမ်ရော၊ အခြားဘာသာများဖြင့် ဖိုရမ်များကိုပါ ထမင်းမေ့၊ ဟင်းမေ့ ကျွန်တော် လိုက်ဖတ်ခဲ့ဖူးပါသည်။ တစ်ခါတစ်ရံ ညမအိပ်ဘဲ ဖိုရမ်ထဲမှာ လမ်းသလားနေခဲ့ရသည့် ရက်တွေက မှတ်ပင် မထားမိတော့ပါ။ ထိုနေရာတွင် တစ်ခုတွေ့ရသည်က ကျွန်တော်တို့ ကိုရွှေမြန်မာတွေ၏ ဖိုရမ်များသည် အင်မတန်မှပင် အံ့သြစရာကောင်းလောက်အောင် အကြောင်းအရာစုံ၊ ရသစုံခြင်းပင် ဖြစ်ပါသည်။ အချို့သော နာမည်ကြီး နည်းပညာဖိုရမ်များမှလွဲ၍ ကျန်သည့်ကဏ္ဍအားလုံးတွင် ကျွန်တော်တို့မြန်မာတွေသည် ထိပ်ဆုံးတန်းမှ ရှိခဲ့သည်ဟု ကျွန်တော်ကဆိုချင်ပါသည်။ အမှန်အတိုင်းပြောရလျှင် မြန်မာဖိုရမ်တွေကို ကျော်လွန်ကာ ကျွန်တော့်ကိုပို၍ ဟဒယဖြစ်စေသည့်ဖိုရမ်ဆို၍ အိန္ဒိယဖိုရမ်များသာ ရှိပါသည်။ နည်းပညာလည်း ကျွမ်းကျင်၊ ပညာရှင်လည်းများ၊ လူကလည်းအဖုံဖုံအစုံစုံဖြင့် တင်ထားသော အိန္ဒိယ ဖိုရမ်များ ပြီးလျှင် မြန်မာဖိုရမ်များသည် ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်သည့် ရွှေတွင်းများ ဖြစ်ကြပါသည်။
(ဤနေရာတွင် ကြိုတင်စကားခံခဲ့သည့်အတိုင်း ကျွန်တော်လက်လှမ်းမီသမျှ၊ ကျွန်တော့်လက်ဖြင့် ဆုပ်ကိုင်မိသမျှထဲမှ နှိုင်းယှဉ်ခံစားထားခြင်းဖြစ်ပါသည်။ ကျွန်တော်လက်လှမ်းမမီခဲ့သော၊ သစ်ရွက်များကြားတွင် ကျွန်တော်မမြင်မိလိုက်သော အလုံးလှလှ၊ အရသာချိုချိုဆိုသည့် သစ်သီးကြီးများလည်း သေချာပေါက် ရှိမည်သာ ဖြစ်ပါသည်။)
ယခုဘလော့ဂ်ရွှေခေတ်တွင်လည်း မြန်မာတွေရဲ့ ဘလော့ဂ်တွေက အခြားဘလော့ဂ်များနှင့် တူကိုမတူပါ။ ပထမဆုံး ဘလော့ဂ်ကို လှပအောင်ပြုပြင်ခြင်း၊ စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ဆက်ခြင်း စသည်တို့တွင် မြန်မာတို့သည် အင်မတန်မှပင် အနုစိတ်ကြပါသည်။ အင်မတန်မှလည်း စိတ်ရှည်ကြပါပေသည်။ အင်မတန်မှလည်း ကြိုးစားကြပါပေသည်။ အခုမှ ဘလော့ဂ်လုပ်သူတစ်ယောက်ဆို၍လည်း ပြီးစလွယ် လုပ်ထားသည်ကိုတွေ့ရမည်ဟု မယူဆပါနှင့်။ အနည်းဆုံးတော့ သိသူ၊ တတ်သူကို မေးမြန်းပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားသည်ကို တွေ့ရပါလိမ့်မည်။ ကျွန်တော့်အမြင်ကို ထပ်ပြောရလျှင် အခြားလူမျိုးများသည် ဘလော့ဂ်ရေးခြင်းကို မှတ်တမ်းမှတ်ရာတစ်ခုအနေဖြင့်သာ ရေးခြင်းဖြစ်ပါသည်။ သူတို့ ပြောချင်တာ၊ စိတ်ထဲမှာဖြစ်တာကို ရေးချင်ရာရေးသည်။ ဖတ်ချင်သည့်လူက ဖတ်ပေါ့။ မဖတ်လို့လည်း ဘာမှမဖြစ်။ ကိုယ်စိတ်ထဲထင်ရာ ကိုယ်ရေးသည်။ ကိုယ့်အယူအဆကို ကိုယ်ထုတ်ဖော်သည်။ ဒါပဲ။ ပြီးပြီ။ အမလေး ကျွန်တော်တို့ မြန်မာများကတော့ အံ့သြစရာကောင်းလောက်အောင် ရှားမှရှား။ ကိုယ့်ဘလော့ဂ်ကို လူစိတ်ဝင်စားအောင် နည်းမျိုးစုံနှင့် သတင်းပေးသည် (ကြော်ငြာသည်ဟု ကျွန်တော်မသုံးပါ)၊ ဖိတ်ခေါ်သည်။ ကိုယ့်ဘလော့ဂ်ကိုလည်း ပြီးစလွယ်မဟုတ်။ ကမ္ဘာပေါ်မှာအကောင်းဆုံးဘလော့ဂ်ဖြစ်ချင်ကြသည်။ အမျိုးစုံစွာ ပါစေချင်သည်။ လူများများလာကြည့်စေချင်သည်။ အခြားလူမျိုးတွေကတော့ ဘလော့ဂ်ကို ဘယ်လိုခံစားသလဲ ဘယ်လိုခံယူသလဲ ကျွန်တော်မသိပါ။ ကျွန်တော်တို့ မြန်မာတွေကတော့ ဘလော့ဂ်ရေးခြင်းသည် အလုပ်တစ်ခု ဖြစ်ပါသည်။ ဘလော့ဂ်ကို သေချာရေးခြင်းသည် အလုပ်ကို သေချာလုပ်ခြင်း ဖြစ်ပါသည်။ ၀ါသနာပါလို့ ဘလော့ဂ်ရေးတာပါဟု ဆိုလာလျှင် ကျွန်တော်က ရယ်ချင်ပါသည်။ ဘလော့ဂ်ဆိုတာ မပေါ်ပေါက်လျှင် ထိုသို့ ပြောသူသည် ဘာတွေကို ၀ါသနာပါနေမည်လည်း မသိဘူးဆိုပြီး ပြုံးရသည်။ လက်ခံသည်၊ လက်မခံသည်က သက်ဆိုင်သူတို့၏ အပိုင်းဖြစ်ပါသည်။ ကျွန်တော့်အမြင်ပြောရလျှင်တော့ မြန်မာတွေဘလော့ဂ်ရေးခြင်းသည် အလုပ်တစ်ခုအနေဖြင့် အချိန်ပေးပြီး သေသေချာချာကို လုပ်ခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။
ပထမဆုံးအပိုဒ်တွင်ဆိုခဲ့သလို ဖတ်ခဲ့ပြီးသမျှထဲမှ ကျွန်တော်ကြိုက်သည်များကို အခြားသူများလည်း ဖတ်မိပါစေတော့၊ ဖတ်နိုင်ပါစေတော့ဟု ရည်ရွယ်ကာ ပို့စ်တွေ ကျွန်တော်တင်ပေးနေဦးမည်သာ ဖြစ်ပါသည်။ ထို့ပြင် ရဲရဲဝံ့ဝံ့အာမခံလိုက်ချင်ပါသေးသည်။ မြန်မာ့သွေးဘလော့ဂ်ပေါ်ရောက်ပြီးသား ပို့စ်ဆိုသည်နှင့် ဖတ်သူအတွက် တစ်ခုခုတော့ ကျန်ခဲ့ရမည်ဟူသော အရည်အသွေးဖြစ်ပါသည်။ ကျွန်တော့်ဦးနှောက်ကို လာဆွသော စာများဆိုလျှင် အင်မတန်သဘောကျပါသည်။ ထို့ကြောင့်လည်း ကျွန်တော်တင်ပေးသော ပို့စ်များသည် ဘလော့ဂ်ဖတ်သူအတွက် ဦးနှောက်ကိုသော်လည်းကောင်း၊ နှလုံးသားကိုသော်လည်းကောင်း နည်းနည်းလေးဖြစ်ဖြစ် လာဆွမည်မှာ အသေအချာပင် ဖြစ်သည်ဟု ကျွန်တော်ဆိုချင်ပါသည်။
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်
၀၁း၃၈ နာရီပြီး၏။

Wednesday, September 24, 2008

အတွေးကောင်းကင် - ကောင်းသန့်


တစ်ခါတစ်ရံ
ဘ၀ဆိုတာ
ဖရီးဝှီးချော်နေတဲ့ စက်ဘီးတစ်စီးကို
နင်းနေရသလိုမျိုး ဖြစ်တတ်တယ်။

အမြင့်ပျံတဲ့ငှက်
မုန်တိုင်းကိုမကြောက်သလို
ရည်မှန်းချက်ကြီးတဲ့သူ
လောကဓံကိုမကြောက်ရဘူး။

တစ်ခါတလေ
သစ်ပင်ကငြိမ်ချင်ပေမယ့်
လေကမငြိမ်တော့ခက်တယ်။

အရည်အသွေးကောင်းတဲ့ကျောက်
စောင့်ရှောက်ရခက်သလို
သိပ်တော်နေတဲ့သူကို
ထိန်းချုပ်ရခက်တယ်။

(ကောင်းသန့် ၏ အတွေးကောင်းကင် စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

ဥယျာဉ်မှူး - မိုးမိုး (အင်းလျား)


ဥယျာဉ်မှူး
မိုးမိုး (အင်းလျား)
အမှုထမ်း - အရှင်မဖုရား၏ ကျေးတော်မျိုးအား သနားကရုဏာ ထားတော်မူပါ သခင်မဖုရား
ဘုရင်မ - ညီလာခံပြီးဆုံးချေပြီ၊ မင်းမှုထမ်းအားလုံးလည်း ပြန်သွားလေပြီ၊ အဘယ့်ကြောင့် နောက်ကျ၍ ရောက်လာသနည်း မောင်မင်း
အမှုထမ်း - အခြားသူများနှင့် သခင်မ တွေ့ဆုံပြီးသည်ကား မှန်ပါသည်၊ ယခုအချိန်သည် ကျွန်တော်မျိုး၏ အချိန် ဖြစ်ပါသည်။ သခင်မ၏ နောက်ဆုံးကျန်ရှိသည့် အမှုတော်များကို ထမ်းရွက်ရန်လာပါသည်
ဘုရင်မ - နောက်ကျလှသည့် ဤအချိန်ဝယ် သင် ဘာကို မျှော်လင့်နိုင်မည်နည်း
အမှုထမ်း - သခင်မ၏ ပန်းဥယျာဉ်ဝယ် ဥယျာဉ်မှူးအဖြစ် ခန့်အပ်တော်မူပါ
ဘုရင်မ - သို့တောင်းဆိုခြင်းကား မိုက်မဲလေစွ
အမှုထမ်း - ကျွန်တော်မျိုး၏ အခြားအလုပ်ကို စွန့်လွှတ်ပါမည်၊ ကျွန်ုပ်၏ ဓားနှင့်လှံများကို မြေပေါ်သို့ လွှင့်ပစ်ပါမည်၊ ကျွန်တော်မျိုးအား အခြားတစ်ပါး ဝေးသောနေရာသို့ ပို့်တော်မမူပါနှင့်၊ တိုက်ပွဲသစ်များကို တာဝန်ယူတိုက်ခိုက်ရန် အမိန့်ပေးတော်မမူပါနှင့်တော့၊ သခင်မ၏ ပန်းဥယျာဉ်ဝယ် ဥယျာဉ်မှူးအဖြစ်သာ ခန့်အပ်တော်မူပါ
ဘုရင်မ - သင်၏ တာဝန်များကား အဘယ်နည်း
အမှုထမ်း - သခင်မ၏ ပျင်းရိငြီးငွေ့ဖွယ်နေ့များကို ဖျော်ဖြေလုပ်ကျွေးရန်သာ ဖြစ်ပါသည်။ နံနက်ခင်းဝယ် သခင်မ လမ်းလျှောက်သည့် မြက်ခင်းပြင်လေးကို စိုပြည်လန်းဆန်းနေစေရန် ပြုစုပေးပါမည်၊ သခင်မ ခြေချလိုက်တိုင်း အသက်စွန့်ရန် ၀န်မလေးသော ပန်းပွင့်လေးများက သခင်မ၏ ခြေဖ၀ါးတော်အောက်ဝယ် ၀ပ်စင်၍ သခင်မအား ချီးမြှောက်ကာ ခရီးဦးကြိုပြုစေပါမည်။ သစ်ကိုင်းတို့အကြားဝယ် ဒန်းပြုလုပ်၍ သခင်မအား စီးစေကာ ကျွန်ုပ်က လွှဲပေးပါမည်။ ညနေခင်း၏ ထွက်ပြူစလမင်းသည် သစ်ရွက်များ၏ကြားမှ သခင်မ၏ ၀တ်ရုံကို ထိနမ်းနိုင်ရန် ကြိုးစားပါလေမည်။ သခင်မ၏ဘေးဝယ် နံ့သာဆီဖြင့် မီးအိမ်ကို ထွန်းညှိပေးပါမည်။ သခင်မ၏ ခြေနင်းခုံကို ကျောက်မျက်များ၊ ပန်းများဖြင့် အံ့ချီးဖွယ် လှပစွာ တန်ဆာဆင်၍ ပေးပါဦးမည်
ဘုရင်မ - သင့်အတွက် ဆုလာဘ်အဖြစ် ဘယ်အရာကို ယူမည်နည်း
အမှုထမ်း - ကြာပန်းဖူးငုံကဲ့သို့သော သခင်မ၏ လက်ကလေးများကို ဆုပ်ကိုင်ခွင့်ပြုရန်၊ ပန်းကုံးလေးများကို သခင်မ၏ လက်ကောက်ဝတ်ဝယ် ဆင်မြန်းပေးခွင့်ပြုရန်၊ သခင်မ၏ ခြေဖ၀ါးလေးများကို နီမြန်းသော ပန်းရည်များဖြင့် ရေးခြယ်ခွင့်ပေးရန်နှင့် ဖ၀ါးထက်ဝယ် တွယ်ကပ်နေသော မြေမှုန်လေးများကို နမ်း၍ ဖယ်ရှားခွင့်ပြုရန်တို့ပင် ဖြစ်ပါသည်
ဘုရင်မ - သင်၏ တောင်းဆိုမှုများကို ပေးသနားတော်မူမည် မောင်မင်း၊ သင်သည် ကျွန်ုပ်၏ ပန်းဥယျာဉ်ဝယ် ဥယျာဉ်မှူးဖြစ်စေအံ့။ ။
( အိန္ဒိယကဗျာဆရာကြီး ရာဘင်ဒြာနသ်တဂိုး၏ ကဗျာများအား စုစည်းဘာသာပြန်ထားသော တဂိုးစာနုယဉ် စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

Sunday, September 21, 2008

ဖြောင့်မတ်မှန်ကန်မှု-မြတ်ငြိမ်း


ဖြောင့်မတ်မှန်ကန်မှု
မြတ်ငြိမ်း
“ဟေ့..အဲဒီစာရွက်ကို ပြန်ထားလိုက်စမ်း”
စာရေးစားပွဲပေါ်ရှိ ရုံးသုံးပစ္စည်းစင်ပေါ်မှ စာရွက်တစ်ရွက်ကို လှမ်းယူသည့် သားတော်မောင်အား သမ္မတကြီး ဂျွန်ကွင်စီအဒမ်က လှမ်းအော်၍ တားမြစ်လိုက်၏။
“အဲဒီစာရွက်တွေက အစိုးရပိုင်တာကွ။ ဟောဒီစားပွဲအစွန်က ပစ္စည်းတွေက ဖေဖေ့ကိုယ်ပိုင်ပစ္စည်းတွေ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက်ဆိုရင် ဖေဖေ ဒီပစ္စည်းတွေပဲ သုံးတယ်”
မစ္စတာအဒမ်ကား သည်နေရာတွင်သာ အသေးစိတ်တိကျသူမဟုတ်။ အခြားကိစ္စများတွင်လည်း တိကျမှန်ကန်သူ ဖြစ်၏။ သူ၏ တိကျမှု၊ သစ္စာရှိမှုနှင့် အချိန်မှန်မှုများအတွက် လူအများ၏ ချီးကျူးခြင်းခံရလေသည်။ သူ အောက်လွှတ်တော်အမတ်ဘ၀က လွှတ်တော်ခန်းမထဲသို့ သူဝင်လာချိန်သည် အစည်းအဝေး စရတော့မည့်အချိန်ဟု အများက လက်ခံသတ်မှတ်ထားကြလေသည်။ သူက ချိန်းဆိုချက်များကို ဘယ်တော့မှ မဖျက်။ ထို့ပြင် သူ့ဘက်က နောက်ကျသည့်အတွက် တစ်ပါးသူ၏ အချိန်များ မပုပ်စေရ။
“ချိန်းထားချိန်ထက် နောက်ကျမှရောက်ခြင်းသည် သူတစ်ပါး၏ အချိန်ကို ခိုးယူခြင်းဖြစ်၏။ အချိန်ခိုးခြင်းသည် ငွေကိုခိုးခြင်းနှင့် အတူတူဖြစ်သည်” ဟု သူက ယူဆလေသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“မစ္စတာဂျုံး… ဘော့စတွန်က ပုဂ္ဂိုလ်တစ်ယောက်ဆီက ပေါင်ခြောက်ဆယ် ကျွန်တော် ချေးထားတယ်။ အဲဒီလို ချေးထားကြောင်းကိုလည်း စာရွက်တစ်ရွက်ပေါ်မှာ ကျွန်တော် လက်မှတ်ထိုးထားတယ်။ အဲဒါ သူက ဗားမောင့် တရားရုံးကနေတစ်ဆင့် ကြွေးပြန်တောင်းနေတယ်။ ကျွန်တော်ကလည်း လောလောဆယ် မပေးနိုင်သေးဘူး။ ဒီတော့ ကျွန်တော် ငွေစုပြီးမှ ကြွေးပြန်ဆပ်ခွင့်ပြုဖို့ တရားရုံးတော်မှာ လျှောက်ထားပေးပါ”
အီသန်အယ်လင်က ရှေ့နေတစ်ယောက်ကို အထက်ပါအတိုင်း ရှင်းပြပြီး ငှားသည်။
ရုံးတော်၌ တရားဆိုင်ရသည့်နေ့တွင် ရှေ့နေက ထိုင်ရာမှထကာ “တရားသူကြီးမင်းခင်ဗျား..။ တရားလိုဘက်က သက်သေပြထားတဲ့ စာရွက်ပေါ်က လက်မှတ်ဟာ တရားဆိုင်သူရဲ့ လက်မှတ်အစစ်မဟုတ်ကြောင်း ကျွန်တော်တို့ လျှောက်ထားပါတယ်” ဟု ပြောဆိုလိုက်၏။
ထိုသို့ ငြင်းဆိုလိုက်လျှင် ရုံးတော်အနေဖြင့် ဘော့စတွန်မှ သက်သေများကို ဆင့်ခေါ်ပြီး စစ်ဆေးရမည်။ သို့ဆိုလျှင် အီသန်အယ်လင် ငွေရှာဖို့ အချိန်တွေအများကြီးရနိုင်ကြောင်း ရှေ့နေက သိသည်။
သို့သော် အယ်လင်က ထိုင်ရာမှ ခုန်ထပြီး “မစ္စတာဂျုံး” ဟု မိုးခြိမ်းသလို အော်ဟစ်လိုက်၏။ ထို့နောက် “ကျွန်တော် ခင်ဗျားကို ငှားထားတာ ရုံးတော်မှာလာပြီး လိမ်ဖို့ မဟုတ်ဘူး။ အဲဒီစာရွက်ပေါ်က လက်မှတ်ဟာ ကျွန်တော့်လက်မှတ်အစစ်ပဲ။ အဲဒါကို ကျွန်တော်ကျမ်းကျိန်ပြီး အစစ်ခံမယ်။ ချေးထားတဲ့ငွေကိုလည်း ကျွန်တော် ပြန်ဆပ်မှာ။ ဝေ့လည်ကြောင်ပတ်လုပ်တာ ကျွန်တော် မကြိုက်ဘူး။ ကျွန်တော် အချိန်ပဲ လိုချင်တယ်။ ကျွန်တော် ခင်ဗျားကိုငှားထားတာဟာ နောက်တစ်ချိန် ရုံးချိန်းကျမှ ကြွေးဆပ်ခွင့်ပေးဖို့ ရုံးတော်မှာ လျှောက်ထားပေးဖို့ပါပဲ။ ခင်ဗျား ဒီမှာလာပြီး မုသားစကားတွေနဲ့ ကလိမ်ကျဖို့ မဟုတ်ဘူး” ဟု ရှင်းရှင်း ဘွင်းဘွင်းကြီး ပြောချလိုက်လေသည်။
ရှေ့နေဖြစ်သူမှာ တုန်လှုပ်ချောက်ချားကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားလေသည်။
သို့သော် တရားရုံးတော်က အယ်လင်၏ ဆန္ဒအတိုင်း ကြွေးပေးဆပ်ရမည့်ရက်ကို ရွှေ့ဆိုင်းပေးလိုက်လေသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဖြောင့်မတ်မှု၊ မှန်ကန်မှု၊ တိကျမှု။ ဤကား လူတိုင်းလူတိုင်းတွင် ရှိသင့်သော အရည်အသွေးများ ဖြစ်ပါသည်။ ကမ္ဘာတစ်လွှား၌ အထူးတလည် အောင်မြင်ကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးများတွင် အဆိုပါ အရည်အသွေးများ ရှိသည်ကို တွေ့ရပါသည်။ သူတို့သည် ထိုသို့သော အရည်အသွေးများကို မပြည့်သေးလျှင် ပြည့်ဝလာအောင် ဖြည့်ဆည်းဆောက်တည်ခဲ့ကြသူများ ဖြစ်၏။
သည်တော့ မိတ်ဆွေ။ သင်ကော ထိုအရည်အသွေးများဖြင့် ပြည့်ဝပါပြီလား။ မိမိကိုယ်မိမိ မညာစတမ်း ဝေဖန် ဆန်းစစ်ကြည့်ပါ။ မပြည့်ဝသေးဟု ယူဆလျှင် စိတ်မပျက်ပါနှင့်။ အားမလျှော့ပါနှင့်။ အချိန်မနှောင်းသေးပါ။ အထက်ပါ အရည်အသွေးများနှင့် ပြည့်စုံအောင် သင့်ကိုယ်သင် ဖြည့်ဆည်းပေးပါ။ ဆောက်တည်ပါ။
ထိုအခါ သင်သည် လူတွေထဲတွင် တန်ဖိုးရှိသောလူတစ်ယောက် ဖြစ်လာပါလိမ့်မည်။ လူအများက သင့်အား လေးစားကြည်ညိုပြီး တန်ဖိုးထားလာပါလိမ့်မည်။ ဤကား သင်၏ အောင်မြင်မှု အခြေခံဖြစ်ပါသည်။
ဖြောင့်မတ်မှု၊ မှန်ကန်မှု၊ တိကျမှု အရည်အသွေးများကို ကျင့်စဉ်အဖြစ်လည်းကောင်း၊ မူဝါဒအဖြစ်လည်းကောင်း ကိုင်စွဲကျင့်သုံးနေသည်ကို ယခုခေတ် ယခုအခါတွင် မြင်ရတွေ့ရနည်းလာသည်။ ထိုအစား လိမ်ညာမှု၊ လှည့်စားမှုတို့ကိုသာ မြင်ရတွေ့ရ များလာသည်။ အထူးသဖြင့် အဆိုပါ အားနည်းချက်များကို စီးပွားရေးလောက၌ တွင်တွင်ကြီး ကျင့်သုံးနေသည်ကို တွေ့ရလေသည်။
ယခုခေတ် စီးပွားရေးလုပ်ငန်းရှင် အတော်များများသည် လိမ်လည်လှည့်ဖြားမှုကို မဖြစ်မနေ ပြုလုပ်နေကြ၏။ ကုန်ပစ္စည်းများ၏ လက်ရှိဖြစ်တည်မှုကို လျှော့လျှော့ပေါ့ပေါ့ လိုက်လိုက်လျောလျော သဘောထားနေကြ၏။ ချို့ယွင်းချက်များကို မသိယောင်ဆောင်နေကြ၏။ စည်းကမ်းဖောက်မှုများ၊ ထုံးတမ်းနှင့် မကိုက်ညီမှုများကို မမြင်ယောင် ဆောင်နေကြ၏။ ထိုသို့ ဖြစ်ရသည်မှာ အပြိုင်အဆိုင်တွေ များလွန်းလို့ဟု သူတို့က အကြောင်းပြသည်။
သည်တော့ အကောက်သွားနေသည့် ရှေ့ဆောင်နွားလားများကို ကြည့်ပြီး ယနေ့လူငယ်များ၊ အတုယူမှားလျှင် မခက်ပါလား။ ကောက်ကျစ်မှု၊ စဉ်းလဲမှုများဖြင့် လွှမ်းခြုံရစ်သိုင်းနေသည့် ပတ်ဝန်းကျင်၌ နေထိုင်ရသည့် လူငယ်များသည် စံနမူနာအမှားများကို အတုယူမိလျှင် မခက်ပါလား။
ယနေ့ ကျွန်တော်တို့ လိုလားတောင့်တသည်မှာ အမေရိကစက်ရုံများ၌ ထုတ်လုပ်သည့် သိုးမွှေးများကို အင်္ဂလန်ပြည်ဖြစ် သိုးမွှေးများဟု ပြောဆိုရောင်းချခြင်းမပြုသော လူငယ်များ။ နယူးယောက်တွင် ရက်လုပ်သည့် ပိတ်စများကို အိုင်ယာလန်ပိတ်စများဟု လိမ်လည်ရောင်းချခြင်းမပြုသော လူငယ်များသာ ဖြစ်၏။
ကျွန်တော်တို့ လိုလားတောင့်တသည်မှာ-
* မိမိလူနာ၏ရောဂါကို ဂဃနဏ မသိဘဲ သမားယောင်ဆောင်သည့် အကျင့်မျိုး မရှိသော ဆရာဝန်များဖြစ်၏။ ဆေးဝါးများကို မချင့်ချိန် မနှိုင်းဆဘဲ တိုက်ကျွေးပြီး လူနာအပေါ် စမ်းသပ်မှုပြုခြင်းကို ရှောင်ကျဉ်သော ဆရာဝန်များဖြစ်၏။
* အစည်းအဝေးတွေချည်း တစ်ထိုင်တည်း ထိုင်မနေသော၊ အလုပ်ထက် အပြောများမနေသော၊ ကွယ်ရာမှာ ကြိုးဆွဲပြီး စက်ပုန်းခုတ်သည့်အကျင့်မရှိသော နိုင်ငံ့ခေါင်းဆောင်များ ဖြစ်၏။
* မိမိအမှုလိုက်ခ မရလျှင် နေပါစေ။ မိမိအမှုသည် နိုင်ခြေမရှိမှန်းသိသော်လည်း တရားစွဲဖို့ အတင်းတိုက်တွန်းခြင်း မပြုသည့် ရှေ့နေများ ဖြစ်၏။
* ပိတ်စတစ်ကိုက်ဝယ်သူကို ပိတ်စသုံးဆယ့်ခြောက်လက်မ အပြည့်ပေးသော ဈေးသည်များ ဖြစ်၏။
* အယ်ဒီတာချုပ်က ရေးစေချင်သည့်အတွက် ရုန့်ရင်းကြမ်းတမ်းစွာ ပုတ်ခတ်သော၊ အပုပ်ချသော ဆောင်းပါးများ၊ သတင်းများရေးခြင်းကို ရှောင်ကြဉ်သည့် စာနယ်ဇင်းသမားများ ဖြစ်၏။
* အများမိုးခါးရေသောက်လို့ လိုက်သောက်တယ်ဟု မပြောတတ်သည့် ယောက်ျားကြီးများ၊ သမ္မာအာဇီဝ မဟုတ်သည့် လုပ်ငန်းဖြင့် မည်သည့်အကျိုးအမြတ်ကိုမျှမယူဟု ခံယူတတ်သည့် လူငယ်များသာ ဖြစ်၏။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဈေးဝယ်သူရဲ့ ကျင့်ဝတ်နှင့်အညီ ထိုက်သင့်တာထက် ပိုမယူဘူးဆိုတဲ့လူမျိုးတွေ တော်တော်နည်းတယ်ဗျ။ ကိုယ်ပေးဖို့ ရည်ရွယ်ထားတဲ့ငွေထက် ပိုပြီး အကျိုးခံစားစေချင်တဲ့သူဟာ ကိုယ့်အိမ်နီးချင်းကို ထိခိုက်အောင် လုပ်တဲ့သူပဲ။ သူက တစ်ပါးသူရဲ့ဥစ္စာကို ရသင့်တာထက်ပိုပြီး လိုချင်တဲ့သူကိုး။ ကျွန်တော်တို့လက်ထဲ ရောက်ရောက်လာတတ်တဲ့ အဲဒီပစ္စည်းတွေ ဘယ်လိုနည်းနဲ့ပဲရောက်လာလာ၊ တန်ရာတန်ဖိုး မပေးဘဲ ရယူချင်တယ် ဆိုရင်တော့ ဖြောင့်မတ်မှုကင်းတယ်ပဲ ဆိုရမယ်။
ဤကား အမေရိကန်တရားဟောဆရာနှင့် စာရေးဆရာကြီး ဘီချာပြောခဲ့သော စကားဖြစ်၏။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“ဟယ်… အလင်းရောင်ထွက်နေတဲ့ ဒီလက်ဆောင်ကတ်ပြားလေးတွေဟာ လှလိုက်တာ။ အထူးသဖြင့် ဖြောင့်မတ်ခြင်းသည် အကောင်းဆုံးကျင့်ဝတ်ဖြစ်သည် ဆိုတဲ့ ဆောင်ပုဒ်ကလေးထိုးထားတဲ့ ဟောဒီကတ်ပြားလေးက ပိုပြီးလှတယ်။
အမျိုးသမီးတစ်ယောက်က အံ့သြ၀မ်းသာရေရွတ်၏။
ထိုအခါ ကျန်အမျိုးသမီးက “ဟုတ်တယ်၊ ဒီကတ်ပြားလေးတွေကို ဥရောပက သွင်းလာတာလေ။ ကျွန်မ ကံကောင်းပါတယ်။ ဒီကတ်ပြားတွေကို တခြားပစ္စည်းတွေနဲ့ ရောပြီး သွင်းလာတာဆိုတော့ ဒီကတ်ပြားတွေ အတွက် အကောက်ခွန် တစ်ပြားတစ်ချပ်မှ မပေးခဲ့ရဘူးရှင့်” ဟု ပြန်ပြောလိုက်လေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ထိုက်သင့်သောလုပ်အားကို မပေးဘဲ ငွေတစ်ပြားတစ်ချပ်ရနိုင်သည်ဟု လူငယ်တစ်ယောက်၌ အကြံပေါ်သောနေ့သည် ကြေကွဲစရာကောင်းသောနေ့ပင် ဖြစ်၏။ ထို့ကြောင့် ဖြောင့်မတ်မှု၊ မှန်ကန်မှု၊ တိကျမှု (သမာသမတ်ရှိမှု)ကို လူတစ်ဦး၏ အခြေခံအရည်အသွေးအဖြစ် လိုအပ်ပါသည်။
ဤကမ္ဘာပေါ်ရှိ အထူးအောင်မြင်သူကြီးများတွင် ၄င်းအရည်အသွေးများရှိ၏။ ထို့အတူ သာမန်လူတော်တော် များများတွင်လည်း ၄င်းအရည်အသွေးများရှိ၏။ သင့်တွင်လည်း ၄င်းအရည်အသွေးများ ရှိနေဖို့ လိုအပ်ပါသည်။ ၄င်းအရည်အသွေးများဖြင့် ပြည့်စုံနေလျှင် သင်သည် လောကအလယ်၌ တန်ဖိုးရှိသော လူတစ်ယောက် ဖြစ်လာပါလိမ့်မည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၂၀၀၈ ခုနှစ် အောက်တိုဘာလထုတ် Youth မဂ္ဂဇင်း အတွဲ(၃)၊ အမှတ်(၁၀)မှ ပြန်လည်ထုတ်နုတ်ကူးယူ ဖော်ပြပါသည် )

Saturday, September 20, 2008

ပြန်လည်နှုတ်ခွန်းဆက်ခြင်း


မြန်မာ့သွေးမိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ။ အချိန်ရှားပါးမှုကြောင့် ကျွန်ုပ်အနေဖြင့် ပို့စ်များ မတင်ပေးနိုင်သည်မှာ ကာလအတော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ အခြေအနေပေးပြီဖြစ်ပါသဖြင့် ပို့စ်များ ပြန်လည်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးရင်း ပြန်လည်နှုတ်ခွန်းဆက်ရခြင်းဖြစ်ပါသည်။
တလက်စတည်း အနည်းငယ် ရှင်းပြလိုပါသည်။ အချို့က ပြောကြပါသည်။ မြန်မာ့သွေးတွင် တင်ပေးထားသော ပို့စ်များမှာ ကိုယ်ပိုင်အရေးအသားမပါ။ အခြားနာမည်ကြီး စာရေးဆရာများ၏ စာတွေသာဖြစ်သည်ဟူ၍။ မှန်ပါ၏။ ကျွန်ုပ်အနေဖြင့် တမင်တကာပင် ထိုသို့ တင်ပေးခြင်းဖြစ်ပါသည်။ ကျွန်ုပ်တွင် ရေးစရာများမရှိမဟုတ်ပါ။ ရှိပါသည်။ ကိုယ်ပိုင်ခံစားချက်များ မရေးတတ်၍မဟုတ်ပါ။ ရေးတတ်ပါသည်။ သို့သော် ကျွန်ုပ်၏ ခံစားချက်များသည် ပုဂ္ဂလိက ခံစားချက်များဖြစ်သည့်အတွက် အားလုံးအတွက် အသုံးဝင်မည်၊ အကျိုးရှိမည်ဟု အာမ မခံနိုင်ပါ။ နာမည်ရှိပြီးသား စာရေးဆရာကြီးများ၏ စာများကတော့ အားလုံးအတွက် ရည်ရွယ်ပြီး ရေးသားထားခြင်းက ပိုများသည့်အတွက် စာဖတ်သူအားလုံးအတွက် အကျိုးရှိမည် ဟု ယူဆပါသည်။ သင်ခန်းစာယူစရာများ၊ လေ့လာစရာများ၊ လိုက်နာကျင့်သုံးစရာများ ရရှိမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့်လည်း ကျွန်ုပ်ဖတ်ရှုပြီးသော စာအုပ်များထဲမှ ကောင်းနိုးရာရာများတွေ့လျှင် ပြန်လည်ကူးယူ၍ တင်ဆက်ပေးရခြင်း ဖြစ်ပါသည်။ အချိန်အားမရ၍ စာအုပ်အများကြီး မဖတ်နိုင်သူများအတွက် အင်တာနက်သုံးချိန်လေးခဏတွင် ကောင်းနိုးရာရာစာများကို ဖတ်ရှုစေလိုခြင်းသည် ကျွန်ုပ်၏ စေတနာ အမှန်ပင် ဖြစ်ပါသည်။

Tuesday, September 02, 2008

ကဗျာ


သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြှင့်ကျန်ကောင်းသင့်၏

Sunday, August 17, 2008

ရယ်စရာပြုံးစရာဟာသများ


မဖြစ်နိုင်လို့ပါ
ဆရာဝန်က သူ့ရဲ့လူနာကို အရက်ဖြတ်ဖို့ ခုလို တိုက်တွန်းပါတယ်။
“ခင်ဗျားအတွက် အရက်ဖြတ်ဖို့ လုံးဝ လိုအပ်နေပြီဗျာ။ ဒီတော့ ခင်ဗျားအနေနဲ့ အရက်သောက်ချင်စိတ် ပေါ်လာတိုင်း ပန်းသီးတစ်လုံး တစ်လုံး စားလိုက်ပါ”
“မဖြစ်နိုင်ပါဘူး ဆရာရယ်၊ တစ်ရက်တစ်ရက်မှာ ပန်းသီးအလုံး သုံးဆယ်လောက် စားဖို့ဆိုတာ ကျွန်တော် မတတ်နိုင်ပါဘူး”

ရှေ့နေရဲ့ပုံတူ
ရှေ့နေကြီးတစ်ဦးရဲ့ ပုံတူပန်းချီကားတစ်ခုမှာ ရှေ့နေကြီးဟာ ရှေ့နေ၀တ်စုံအပြည့်နဲ့ ခန့်ခန့်ညားညား မတ်တပ်ရပ်နေပါတယ်။ အဲဒီပုံမှာ ရှေ့နေကြီးက သူ့ရဲ့ အင်္ကျီအိတ်ထဲကို လက်တစ်ဖက်နှိုက်ထားပါတယ်။ ပန်းချီကားကို ရှေ့နေကြီးရဲ့ မိတ်ဆွေတစ်ဦးက “သိပ်ကောင်းတာပဲ”လို့ ချီးကျူးတော့၊ ခပ်ရိုးရိုးခပ်အအ အလုပ်သမားကြီးတစ်ဦးက ခုလို ဝေဖန်လိုက်ပါတယ်။
“ပန်းချီကားပုံက တူတော့တူပါရဲ့၊ ဒါပေမယ့် သဘာဝလေးနည်းနည်း လိုနေတယ်။ တကယ်ဆိုရင် ရှေ့နေကြီးရဲ့ လက်က သူ့အိတ်ထဲသူနှိုက်ရမယ့်အစား တခြားတစ်ယောက်ရဲ့ အိတ်ထဲကို နှိုက်နေမှ ပိုပြီး သဘာဝကျလိမ့်မယ်” တဲ့။

ကိုယ့်အတွေး
အသက် ၅၀ ၀န်းကျင်လောက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ မင်္ဂလာဧည့်ခံပွဲတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။ သူ အစားအသောက်တွေ သုံးဆောင်နေစဉ်မှာပဲ အင်မတန်စွဲမက်ဖို့ကောင်းတဲ့၊ သတို့သမီးအရံ ကောင်မလေးတစ်ယောက်က သူ့ကို စိုက်ကြည့်နေပါတယ်။ ကောင်မလေးရဲ့ အကြည့်က သူ့ဆီကကို မခွာနိုင်ပါဘူး။
ဒီလိုနဲ့ သူလည်း သွေးနားထင်ရောက်သွားပါတယ်။ သတို့သားနဲ့ သတို့သမီးမောင်နှံကို နှုတ်ဆက်ပြီး ပျော်ရွှင်မြူးကြွစွာနဲ့ သတို့သမီးအရံ ကောင်မလေးဆီကို တိုးကပ်လာခဲ့ပါတယ်။
ဒီတော့ ကောင်မလေးကပဲစပြီး ခုလို စကားဆိုပါတယ်။
“ဆရာ၊ ဆရာ့လည်စီးက ရှန်ပိန်ခွက်ထဲ ကျနေတယ်” တဲ့လေ။

( ၂၀၀၈ ခုနှစ် စက်တင်ဘာလထုတ် Youth မဂ္ဂဇင်းမှ ဖိုးစွံ(အောင်ပင်လယ်) ၏ ရယ်ရွှင်မြူးကဏ္ဍ ကို ပြန်လည် ကူးယူဖော်ပြပါသည် )

ကာလရေစီး - မောင်ခိုင်မာ


ကာလရေစီး
မောင်ခိုင်မာ

အို.... လူသား
ကိုယ် ရရှိထားတဲ့ ဘ၀လေးကို
စိတ်လို လက်ရ ချီးမွမ်းကြပါ
ဆွမ်းခံရင်း ငှက်သင့်ရတဲ့ အဖြစ်
ကာလ ဒေသကို စိစစ်ပါ
ရရှိဖူးတဲ့ ကျေးဇူးဟူသရွေ့ကို
အထူးတလည် အောက်မေ့တတ်ပါ
ဟိုကွေ့မှာ ဟိုတက် တစ်မျိုး
သည်ကွေ့မှာ သည်တက် တစ်မျိုးဆိုတဲ့
တက် အမျိုးမျိုး အားမကိုးဘဲ
တိုးတိုးဖော် တိုင်ပင်ဖော် ခရီးသွားဖော်
ကိုယ့်စိတ်နဲ့ ကိုယ် လှော်ကြည့်ပါ
အပျော်ရွှင်ဆုံး အချိန်မှာ ဖြစ်စေ
အပူဆွေးဆုံး အချိန်မှာ ဖြစ်စေ
အငြိမ်သက်ဆုံး ဣနြေ္ဒနဲ့ နေထိုင်ပါ
လောကဓံ မှတ်တိုင်ဟူသမျှ
လူသား ရင်ဆိုင်ရမှာချည်းပါပဲ....။

( ၂၀၀၈ ခုနှစ် စက်တင်ဘာလထုတ် Youth မဂ္ဂဇင်း အတွဲ ၃၊ အမှတ် ၉ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

ဘယ်သူတွေဘယ်မှာနေကြသလဲ


ဘုရင်တွေက နန်းတော်မှာနေတယ်....
သူတောင်းစားတွေက တဲကုပ်မှာနေတယ်....
သီလရှင်တွေက ဘယ်မှာနေသလဲ....
ဘယ်သူတွေ ဘယ်မှာနေသလဲဆိုတဲ့ အမေးတွေ၊ သိချင်စိတ်တွေအတွက်....

NAMES OF HOMES
နေထိုင်စရာ အိမ်ဂေဟာများ

သူတောင်းစား - တဲ
Beggar – hut

ရာဇ၀တ်သား/အပြစ်ရသူ - အချုပ်စခန်း၊ အကျဥ်းထောင်
Convict – prison

ဘုရင် - နန်းတော်
King – palace

လူ - အိမ်
Man – house

ခရစ်ယာန်ဘုန်းတော်ကြီး - ဘုရားကျောင်း
Priest – temple

လူနာ - ဆေးရုံ / လူအိုရုံ
Patient – hospital / infirmary

သီလရှင် - သီလရှင်ကျောင်း / သီလရှင်ကျောင်း
Nun – convent / nunnery

ဘုန်းတော်ကြီး - ဘုန်းကြီးကျောင်း
Monk – monastery

အကျဉ်းသား - အခန်း၊ အကန့် / ထောင်
Prisoner – cell / jail

စစ်သား - စစ်တန်းလျား
Soldier – barracks

စစ်သား - စခန်း
Soldier – camp

ကျောင်းသား - ဘော်ဒါဆောင်
Student – hostel

ခရီးသည် - ဟိုတယ် / တည်းခိုခန်း
Traveler – hotel / rest house

လှည့်လည်သွားလာသူ - ယာယီတဲ
Nomad – tent

အလုပ်သမား - အလုပ်သမားတန်းလျား
Worker – quarters

စိတ်မမှန်သူအရူးများ - အရူးထောင်
Lunatic – asylum

အမေရိကန်တိုင်းရင်းသားများ - တဲအိမ် / အဖျားစုတဲအိမ်
Red-Indian – wigwam / tepee

ဇူးလူးလူရိုင်းများ - တဲ
Zulu – kraal

အက်စကီးမိုးလူမျိုး - ရွှံ့အိမ်
Eskimo – igloo

အာရပ်လူမျိုး - အိမ်
Arab – dowar

ဂျစ်ပစီလူမျိုး - အမိုးအကာပါသောလှည်း
Gypsy – caravan

တောသား - တဲကုပ်၊ အိမ်ငယ်
Peasant – cottage

( မရှိမဖြစ်စကားလုံးများ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

Tuesday, August 12, 2008

ဓမ္မပဒဂါထာတော်များ


ဓမ္မပဒဂါထာ (၅)
န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

ရန်တုံ့မမူမှ ရန်ငြိမ်းမယ်
ရန်တုံ့မူခြင်းဖြင့်
ဘယ်တော့မှ
ရန်မငြိမ်းနိုင်ပါဘူး။
ရန်တုံ့မမူမှသာ
ရန်ငြိမ်းနိုင်ပါတယ်။
ဒါဟာ...
သူတော်ကောင်းတွေရဲ့
အစဉ်အလာ
သွားရိုးလမ်းကြောင်းပါပဲ။
---------------------------------------------------

ဓမ္မပဒဂါထာ (၆)
ပရေ စ န ၀ိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။
ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

သေမှာသိမှ ရန်ငြိမ်းမယ်
ခိုက်ရန်ပြုတတ်တဲ့သူတွေက
“ငါတို့ဟာ သေမင်းဆီကို
အမြဲမပြတ်
သွားနေကြရတဲ့သူတွေပါလား”လို့
မသိကြပါဘူး။
အဲဒီလို မသိကြတဲ့အတွက်
ခိုက်ရန်တွေသာ
တိုးပွားလာရပါတယ်။
ပညာရှိသူတော်ကောင်းတွေကတော့
“ငါတို့ဟာ သေမင်းဆီကို
အမြဲမပြတ်
သွားနေကြရတဲ့သူတွေပါလား”လို့
သိကြပါတယ်။
အဲဒီလို သိကြတဲ့အတွက်
ခိုက်ရန်တွေဟာ
ငြိမ်းအေးသွားကြပါတယ်။
-----------------------------------------
ဓမ္မပဒဂါထာ (၇)
သုဘာနုပဿိံ ၀ိဟရန္တံ၊ ဣန္ဒြိယေသု အသံဝုတံ။
ဘောဇနမှိ စာမတ္တညုံ၊ ကုသီတံ ဟီန၀ီရိယံ။
တံ ဝေ ပသဟတိ မာရော၊ ၀ါတော ရုက္ခံဝ ဒုဗ္ဗလံ။

ကမ်းပါးသစ်ပင်လိုလူ
ကြုံလာသမျှ အာရုံတိုင်းကို
တင့်တယ်တယ်၊ ကောင်းတယ်လို့
အဖန်ဖန်ရှုမြင်တဲ့သူ၊
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်
ဣနြေ္ဒခြောက်ပါးကို မစောင့်စည်းတဲ့သူ၊
အစားအသောက်နဲ့တကွ
ပစ္စည်းဝတ္ထုတွေရဲ့အပေါ်မှာ
အတိုင်းအရှည် မသိတဲ့သူ၊
ဝိတက်ဆိုးတွေရဲ့ အလိုကို လိုက်ပြီး
ပျင်းရိ တွန့်ဆုတ်နေတဲ့သူ၊
ကြိုးစားအားထုတ်မှု ၀ီရိယမရှိတဲ့သူကို
ကိလေသမာရ်(စိတ်ကောင်းတွေကို သေအောင်
သတ်တတ်တဲ့ ကိလေသာ)က
လွှမ်းမိုး နှိပ်စက်နိုင်ပါတယ်။
ဘာနဲ့ ဥပမာတူသလဲဆိုရင်
ချောက်ကမ်းပါးပြတ်မှာ ပေါက်နေတဲ့
အားချည့်အားနဲ့ သစ်ပင်ကို
အင်အားကြီးမားတဲ့ လေပြင်းလေထန်က
လွှမ်းမိုးချိုးဖျက်ပစ်နိုင်သလိုပါပဲ။
--------------------------------------------------

( အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့်ဓမ္မပဒ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြ၍ ဓမ္မဒါန ပြုပါသည်)

 
Web Statistics