Saturday, February 20, 2010

Classroom Jokes စာသင်ခန်းဟာသများ


စာသင်ရင်းနဲ့ ကျွန်တော့်တပည့်တွေ ငြီးငွေ့လာတဲ့အခါမျိုးမှာ ပြောပြဖို့အတွက် ဟာသလေးတွေ ရှာထားရတာလည်း ကျွန်တော့်ရဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အချို့ဟာသလေးတွေကြောင့် သူတို့တွေ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တဲ့အခါမျိုးမှာ အိပ်ငိုက်ပြေသွားတာမျိုး၊ စိတ်ပေါ့ပါးပြီး လန်းဆန်းသွားတာမျိုး မကြာခဏ ကြုံရပါတယ်။ တစ်ချို့သော ဟာသတွေကျတော့လည်း သူတို့တွေရယ်ကြတာ တော်တော်နဲ့ အတောမသတ်နိုင်တဲ့အတွက် အတော်စောင့်ရပါတယ်။ သူတို့နားမလည်လိုက်တဲ့ ဟာသတွေအတွက် ကျွန်တော့်မှာ အောင့်သက်သက် ဖြစ်ရတာမျိုးလည်း မကြာခဏ ကြုံရတတ်ပါတယ်။ ကိုယ်နားလည်သလို သူတို့တွေအားလုံး နားလည်ကြမှာပဲလို့ တွေးမိပြီး ကိုယ်ကပြောလိုက်ပြီးကာမှ သူတို့က မရယ်ဘဲ အကြောင်သားနဲ့ ကိုယ့်ကို ကြည့်နေတဲ့အခါမျိုးဆိုရင် အဲဒီအဖြစ်အပျက်ကို သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်မှာ စကားစပ်မိပြီး ဟက်ဟက်ပက်ပက် ရယ်မောရတာက ကျွန်တော်ပါ။ အဲဒါကြောင့် ဟာသတွေပြောတဲ့အခါ သူတို့တွေ လက်ခံနားလည် တွေးနိုင်လောက်တာတွေကိုပဲ စဉ်းစားရပါတယ်။ တစ်ချို့ဟာသတွေကတော့ မူရင်းကို နည်းနည်းလေးကွန့်ပြီး လုပ်ဇာတ်ကလေးနဲ့ ပြောရတာပေါ့ခင်ဗျ။

ထားပါတော့လေ။ မြန်မာ့သွေးဘလော့ဂ်မှာ စာလေးလေးပင်ပင်ကြီးတွေကိုပဲ ဖတ်နေရသူတွေအတွက် အပျင်းပြေ ပေါ့ပေါ့ပါးပါးလေးတွေလည်း ဖတ်စေချင်တဲ့အတွက် ဟာသလေးတွေ စုစည်းပေးလိုက်ပါတယ်နော်။ မူရင်းအင်္ဂလိပ်ဟာသတွေက အရမ်းရယ်ရပေမယ့် ကျွန်တော့်ရဲ့ မတောက်တခေါက် ဘာသာပြန်အားနည်းမှုကြောင့် ရသပျက်သွားခဲ့ရရင် နားလည်ပေးလိုက်ကြပါဦး။ ရယ်မောပျော်ရွှင်နိုင်ကြပါစေဗျာ။

(၁)
ကထိကရဲ့ အဓိပ္ပါယ်က ဘာလဲ?
...
....
.....
ကထိကဆိုတာ အခြားလူတွေအိပ်နေတဲ့အချိန်မှာ အလိုက်ကမ်းဆိုးမသိ ပြောချင်ရာတွေ ပြောတတ်တဲ့အကျင့်ဆိုးရှိတဲ့ လူတစ်ယောက် ဖြစ်ပါသည်။

(၂)
စာမေးပွဲဆိုတာ ချစ်သူမိန်းကလေးလိုပါပဲ။

  • မေးခွန်းတွေအများကြီးမေးတယ်။
  • နားလည်ဖို့ ခက်ခဲတယ်။
  • အများကြီး ရှင်းလင်းဖြေဆိုရတယ်။
  • နောက်ဆုံးရလဒ်ကတော့ အမြဲတမ်း ကျရှုံးမှုပဲ။

(၃)
တက္ကသိုလ်ကောလိပ် ဥပဒေသ (၃)ချက်
  1. စာသင်ခန်းများအတွင်း၌ ဆူညံမှုမပြုရ၊ တိတ်ဆိတ်ငြိမ်သက်စွာ နေရမည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများ အိပ်မောကျနေသောကြောင့် ဖြစ်သည်။
  2. စာသင်ခန်းလာရာတွင် သင်တို့၏ လွယ်အိတ်များကို မမေ့မလျော့ ယူဆောင်လာရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ခေါင်းအုံးအဖြစ် အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။
  3. ကျောင်းပုရိဝုဏ်ကို သန့်ရှင်းအောင် လုပ်ဆောင်ရမည်။ ထို့ကြောင့် ညစ်ပတ်အောင် အရင်လုပ်ရမည်။

(၄)
မေး - သူလျှိုတစ်ယောက်ရဲ့သား စာမေးပွဲကျလာတဲ့အခါ သူ့အဖေကို ဘာပြောမယ်ထင်သလဲ?
ဖြေ - အဖေ၊ သူတို့တွေ ကျွန်တော့်ကို (၃)နာရီလုံး မေးခွန်းတွေ မေးကြတယ်၊ ဒါပေမယ့် ကျွန်တော် သူတို့ကို ဘာတစ်ခွန်းမှ ပြန်မပြောဘဲ နေနိုင်ခဲ့တယ်။

(၅)
ကျွမ်းကျင်ထက်မြက်တဲ့ ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက် ကျောင်းစာတွေကို အမြဲတမ်း စာမေးပွဲနီးမှပဲ ပြင်ဆင်ကျက်မှတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို စာမေးပွဲနီးမှ ဖုတ်ပူမီးတိုက်ပြင်ဆင်ခြင်းက အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာနဲ့ အရေးပေါ်အခြေအနေတွေကို ဘယ်လိုဖြေရှင်း ကိုယ်တွယ်ရမယ်ဆိုတာကို သင်ကြားပေးလို့ပါပဲ။

(၆)
ကားမောင်းသူတစ်ဦး အမှားတစ်ခုလုပ်မိရင် မတော်တဆမှုတစ်ခု ဖြစ်တယ်။
သိပ္ပံပညာရှင်တစ်ယောက်က အမှားလုပ်မိရင်တော့ တီထွင်မှုတစ်ခု ဖြစ်တယ်။
စက်ချုပ်သမားတစ်ယောက်က လုပ်မိရင် ဖက်ရှင်အသစ်တစ်မျိုး ဖြစ်တယ်။
ပရော်ဖက်ဆာတစ်ယောက်က အမှားလုပ်မိရင် သီအိုရီအသစ်တစ်ခု ဖြစ်တယ်။
ကျောင်းသားတစ်ယောက်က အမှားလုပ်မိရင်ကော.... ?
အဲဒါဆိုရင်တော့ အမှားက အမှားပဲဖြစ်ပါတယ်။ အပြစ်ပေးခံရမလား၊ တိုင်စာပို့ခံရမလား၊ စာမေးပွဲကျမလား တစ်ခုခုတော့ ဖြစ်လာမှာပါပဲ။

(၇)
ဆရာမ - ကဲ... သီတာ၊ ဆရာမကို ရေသတ္တ၀ါ (၅)မျိုး ပြောပြပါဦး။
သီတာ - ငါး။
ဆရာမ - မှန်တာပေါ့။ ကျန်တဲ့ (၄)ကောင်ကို ပြောပြပါဦး။
သီတာ - ငါးအဖေ၊ ငါးအမေ၊ ငါးညီလေး၊ ငါးညီမလေး။

(၈)
ငါ... ဘာများ အမှားလုပ်ခဲ့မိသလဲကွာ။
မင်းဘာကြောင့် ငါ့ကို ရှောင်ဖယ်ပစ်ခွါနေရတာလဲ။
တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ မင်း...ငါ့ကို သတိရတဲ့အတွက် ငါ...ဘယ်လောက် နာကျင်ကြေကွဲရတယ်ဆိုတာ မင်းသိရဲ့လား။
အချစ်များစွာဖြင့်
မင်းရဲ့
ပြဋ္ဌာန်းစာအုပ် (Text book)

(၉)
  • ကထိကတစ်ယောက်မှာ မိခင်တစ်ယောက်ထက် သာတဲ့အချက်တွေများ ရှိသလား?
  • ရှိတာပေါ့။ မိခင်တစ်ယောက်က သားတစ်ယောက်ကိုပဲ အိပ်ပျော်အောင် ချော့သိပ်နိုင်တယ်။ ကထိကတစ်ယောက်ကတော့ တစ်ခန်းလုံးကို အိပ်မောကျစေနိုင်တယ်လေ။

(၁၀)
သမိုင်းဆရာ - ၁၉၁၅ မှာ ဘာဖြစ်ခဲ့သလဲ။
ကျောင်းသား - ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့ပါတယ်ဆရာ။
သမိုင်းဆရာ - ကောင်းပြီ၊ ၁၉၂၀ မှာရော ဘာဖြစ်ခဲ့သလဲ။
ကျောင်းသား - ဗိုလ်ချုပ်အောင်ဆန်း အသက်(၅)နှစ် ပြည့်ပါတယ်ဆရာ။

*********************
အင်တာနက်ပေါ်မှာတွေ့သမျှတွေထဲကနေ ဘာသာပြန်ပေးလိုက်တာပါ။ တချို့ဟာသတွေက အချို့အချို့သော လူပုဂ္ဂိုလ်တွေကို စော်ကားသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်နော်။ ဟာသသက်သက် ဖြစ်ပါတယ်။ ရယ်မောပျော်ရွှင်စေချင်ရုံ သက်သက်ပါ။ မရယ်ရတဲ့ဟာသတွေ၊ သိပြီးသားဟာသတွေ ပါနေခဲ့ရင် တောင်းပန်ပါ၏။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်၊ စနေနေ့။
နေ့လည် ၁ နာရီ ၅၅ မိနစ်တွင်ပြီး၏။

Friday, February 19, 2010

ဗြိတိသျှခေတ် (၄)


ဤတွင် ခွဲရေး၊ တွဲရေး ပြဿနာ၌ အမျိုးသားခေါင်းဆောင်များ သဘောကွဲလွဲလေသည်။ အချို့က အိန္ဒိယလက်အောက်ခံအဖြစ် နေရသည်ထက် သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် အုပ်ချုပ်ရေး တသီးတသန့် ဖြစ်စေလိုသဖြင့် ခွဲရေးကို သဘောကျလေသည်။ နိုင်ငံခြားသားများ စီးပွားရေး၊ အလုပ်သမားအရေး၊ ၀န်ထမ်းအရေးများတွင် အခွင့်အရေး ပိုမိုခံစားရသည်ကိုလည်း ထိုသူများက မခံမရပ်နိုင်ဖြစ်၍ ခွဲရေးကိုသာ ကြွေးကြော်ကြလေသည်။ တစ်ဖက်တွင်လည်း ကျွန်ဖြစ်သူချင်း ဘ၀တူသော အိန္ဒိယနိုင်ငံနှင့်တွဲ၍ အရေးဆိုဆောင်ရွက်ခြင်းဖြင့် တိုးတက်သော အိန္ဒိယနိုင်ငံက ရရှိသမျှ အခွင့်အရေးကို နောက်ကျန်မနေဘဲ ရရှိနိုင်မည်ဟု ယူဆ၍ လွတ်လပ်ရေးမရမီ ယာယီတွဲလိုကြပေသည်။ ဤနည်းဖြင့် ခွဲရေးတွဲရေး ငြင်းခုံမှုများ တစ်ပြည်လုံး ပျံ့နှံ့သွားလေသည်။ အချို့လည်း မိမိကြည်ညိုရာ ခေါင်းဆောင်၏ ၀ါဒကို လိုက်ကြလေသည်။ ဆရာတော် ဦးဝိစာရနှင့် ဦးဥတ္တမတို့သည်လည်း အမျိုးသားနိုးကြားရေး တရားများကို ဟောပြော၍ အကြိမ်ကြိမ် ဖမ်းဆီးခြင်း ခံခဲ့ကြရလေသည်။

၁၂၉၂ ခုနှစ်တွင် ဘိလပ်၌ မျက်နှာစုံညီ စားပွဲဝိုင်းအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်များအဖြစ် ဦးဘဖေ၊ ဦးမောင်မောင်အုန်းခိုင်၊ ဦးအောင်သင်း၊ မစ္စတာဒီဂလန်ဗီးလ်တို့ တက်ရောက်ခဲ့ကြလေသည်။ ထိုစည်းဝေးပွဲတွင် မြန်မာကိုယ်စားလှယ်တို့မှာ အိန္ဒိယကိုယ်စားလှယ် တစ်စိတ်တစ်ဒေသအဖြစ် တက်ရောက်ရ၍ မြန်မာနိုင်ငံအတွက် အဖွဲ့ငယ်ဖွဲ့ပေးပြီး ထိုအဖွဲ့က ခွဲရေးနှင့်ပတ်သက်၍ အစီရင်ခံစာ တင်ရလေသည်။ ၁၂၉၃ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် သီးခြားမျက်နှာစုံညီ အစည်းအဝေး ကျင်းပပြန်ရာ မြန်မာနိုင်ငံမှ ဦးဘဖေ၊ ဦးမောင်မောင်အုန်းခိုင်၊ ဦးဘစီ၊ ဦးသိမ်းမောင်၊ အမ်အေမောင်ကြီး၊ ဦးချင်လှိုင်၊ ဦးစု၊ သာယာဝတီ ဦးပု၊ သီပေါစော်ဘွား၊ ညောင်ရွှေစော်ဘွား စသောပုဂ္ဂိုလ် ၂၄ ဦးတို့ တက်ရောက်ခဲ့လေသည်။ ထိုအစည်းအဝေးမှ ခွဲရေးတွဲရေးကို နိုင်ငံသားတို့ မဲပေးဆုံးဖြတ်ရန် သဘောတူညီခဲ့လေသည်။

ထိုအတောအတွင်း တောင်သူလယ်သမားများမှာ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ရရုံသာမက မျိုးချစ်ဝံသာနုများမှာ မင်းတိုင်း လူခွန်ကို အကြောင်းပြု၍ ဖိနှိပ်ခြင်းခံရလေသည်။ မျိုးချစ်မြန်မာများကလည်း လူခွန်တော်မှာ မတရားကောက်ခံသော အခွန်ဖြစ်၍ စီးပွားကြပ်တည်းနေပါလျက် အတင်းအကျပ် နှိပ်စက်ညှင်းပန်းကာ အိမ်ရာပစ္စည်းသိမ်းယူ၍ ကောက်ခံနေခြင်းဖြစ်သောကြောင့် အခွန်တော်မပေးရေး၊ အစိုးရနှင့် မဆက်ဆံရေး၊ ဘူး အသင်းများဖွဲ့ကာ ဆန္ဒပြဖီဆန် လာကြလေသည်။ အစိုးရကလည်း လူမျိုးခြားတပ်များဖြင့် ဖမ်းဆီးညှဉ်းဆဲခြင်း၊ အိုးအိမ်ပစ္စည်းသိမ်းယူခြင်း၊ မတော်မတရားပြုခြင်း စသည်ဖြင့် တုံ့ပြန်လေသည်။ ၁၂၉၂ ခုနှစ်တွင် ဘုရင်ခံ ဆာချားအင်းနစ် ခွင့်ယူ၍ ပြန်သောအခါ မြန်မာအမျိုးသား ဆာဂျေအေမောင်ကြီးအား ခေတ္တဘုရင်ခံ ခန့်အပ်လေသည်။ အင်္ဂလိပ်တို့က ယတြာပြုသည်ဟူ၍လည်း အချို့က ယူဆလေသည်။ ထိုအချိန်တွင် ဆရာစံ ခေါင်းဆောင်သော သာယာဝတီနယ်မှ မျိုးချစ်များမှာ အကျပ်အတည်းကို မခံနိုင်ဘဲ ရရာလက်နက်ဖြင့် အတိအလင်း ပုန်ကန်ကြရာ ခံစားမှုတူညီသော နယ်များစွာတွင်လည်း ကြိုတင်ချိန်းဆို စီစဉ်မှုမရှိဘဲ အုံကြွတော်လှန်ကြလေတော့သည်။ လွတ်လပ်ရေးအတွက် အားစမ်းကြလေသည်။ သို့ရာတွင် အင်္ဂလိပ်အစိုးရက ခေါင်းဖြတ်၍ သတ်ခြင်းမျိုးဖြင့် ရက်စက်ကြမ်းကြုတ်စွာ စစ်တပ်များ ထိုးဖြည့်နှိမ်နင်းသဖြင့် နောက်ဆုံးတွင် ဆရာစံလည်း အဖမ်းခံရ၍ ကြိုးပေးခြင်း ခံရလေသည်။ နှစ်အတော်ကြာလျှင် အုံကြွသူများလည်း လက်နက်ကိုင်တိုက်နည်းကို ရပ်နားလိုက်ကြရပြန်လေသည်။

Gtalk အတွေးစာသားများ စုစည်းမှု (၃)


ယခင်ပို့စ်အဟောင်းတွေကို ပြန်ဖတ်ချင်သူတွေအတွက် လင့်ခ်တွေ ပေးလိုက်ပါတယ်-
စုစည်းမှု (၁)
စုစည်းမှု (၂)

အစက ဒီလောက်အထိ စုစည်းလို့ရမယ်တောင် မထင်မိပါဘူး။ ဒါပေမယ့် ကျွန်တော့်ဘလော့ဂ်မှာ အခုလို စုစည်းပြီး တင်ပေးထားတာကို ဖတ်မိသူတွေက သူတို့မိတ်ဆွေတွေရဲ့ အတွေးကောင်းလေးတွေကို ဖတ်ရရင် သတိတရနဲ့ ကျွန်တော့်ဆီကို ပို့ပေးတတ်ကြလို့သာ အခုလိုမျိုး စုစည်းမှု(၃)အထိ ရောက်လာရတာပါ။ အဲဒီအတွက် ကျွန်တော့်ဆီကို သတိတရ Gtalk status message လေးတွေ ပို့ပေးခဲ့ကြတဲ့ မိတ်ဆွေအပေါင်းကို ကျေးဇူးမှတ်တမ်းတင်ပါတယ်။ တချို့တချို့သော အတွေးလေးတွေ၊ စာသားလေးတွေက အမှတ်မထင် မြင်နေကျဖြစ်ပေမယ့် တစ်ခါတစ်လေ တိုက်ဆိုင်သွားတဲ့အခါ အမှတ်တရ ဖြစ်သွားတာလေးတွေ ရှိတတ်ပါတယ်။ အခုလည်း ဒီစုစည်းမှုတွေက လောလောဆယ် အသုံးဝင်ချင်မှ ၀င်ပါလိမ့်မယ်။ စိတ်ဝင်စားချင်မှ စိတ်ဝင်စားပါလိမ့်မယ်။ အပျင်းပြေအနေနဲ့ ဖတ်ချင်ရင်လည်းဖတ်ပါ။ သို့မဟုတ် မဖတ်ချင်ရင်လည်း ကျော်သွားလိုက်ပါနော်။ အောက်က စာသားတွေထဲမှာ မိတ်ဆွေကိုယ်တိုင်ရဲ့ အတွေးတွေများ ပါနေခဲ့ရင် အသာလေး မသိချင်ယောင်ဆောင်ပြီး ပြန်ဖတ်လိုက်ပါနော်။


ဒီစောက်ချိုးမျိုး လာချိုးလို့ကတော့ အရမ်းသနားတယ်...
ချစ်လို့အလိုလိုက်ထားတာ ယောင့်မတက်နဲ့။
ယောင့်တက်ရင် ဘာဖြစ်တတ်သလဲဆိုတာ မင်းရှေ့က စီနီယာတွေ သွားမေးကြည့်။

အချစ်နဲ့ ပတ်သက်လာရင်...
ဘယ်သူ့ကိုမှ... ဒူးမထောက်တတ်ဘူး....
သောက်ရမ်းတော့ ချစ်ပြနိင်တယ်....။

အသစ်တွေ့ရင်လဲပြောပါချစ်သူ...
နာကျင်ပြီးသား နှလုံးသားလေးကို...
ထပ်ပြီးနာကျင်အောင် မလှည့်စားပါနဲ့တော့။

တကယ်ပါ ကောင်လေးရာ ငါမပစ်ခဲ့ပါဘူး။
လေးကြိုးကို ငင်ကြည့်ရင်း လွတ်ထွက်သွားတာပါ။
တကယ်ပါ ကောင်လေးရာ ကြုံကြိုက်တုန်း ခြွေချခဲ့တာမဟုတ်ပါဘူး။
ရင်တစ်ခုလုံး ပွင့်ထွက်မတတ် ချစ်ခဲ့တာပါ... တကယ်ပါ....။

ရပ်တန့်လိုမရတဲ့ ရင်ခုန်ခြင်းတွေက...
လေပြည်တွေ တိုက်နေတာတောင် ပိုပြီး နှလုံးခုန်နှုန်းမြန်နေခဲ့ရင်
တစ်နေ့မှာ ချစ်သူရဲ့ ယုယမှုတွေက သေစေနိုင်လောက်အောင် ချစ်တတ်မှုကို သင်ပေးမလား မသိဘူးနော်။

ကောင်းကင်က ကြယ်တွေကြွေတိုင်းသာ မင်းရဲ့ ဆုတောင်းတွေပြည့်မယ်ဆိုရင်
မင်းဆုတောင်းတွေ အမြဲပြည့်နေဖို့အတွက် မကြာခဏ ကြွေပေးနေမယ့်ကြယ်တွေ ငါဖြစ်ပါရစေ.....။

တစ်နေကုန် Chatting ၀င်....
အချိန်ရသမျှ Gtalk ပြော....
Monitor နဲ့  မျက်နှာ ခွါတယ်မရှိတော့....
မင်းမျက်ခွက်လည်း မှန်ထဲပြန်ကြည့်အုံးဟဲ့...။

လွမ်းတတ်သူအဖို့ အချိန်တိုင်းကလွမ်းစရာတွေချည်းပါပဲ...။


ကဲ... ပျော်ရွှင်ကျေနပ်နိုင်ကြပါစေနော်။ စိတ်ဝင်စားစရာလေးတွေ ဖတ်မိခဲ့ရင် လက်တို့ဖို့ မမေ့လိုက်ပါနဲ့ဦးနော်။ အခြားလူတွေကိုလည်း ဝေမျှရင်းပေါ့။ ဒီပို့စ်အတွက် မမေ့မလျော့ လက်တို့ပေးခဲ့ကြတဲ့ မိတ်ဆွေတွေကိုရော၊ ဖတ်ရှုပေးခဲ့ကြတဲ့ ဘလော့ဂ်ဖတ်သူတွေကိုရော ကျေးဇူးတင်ပါကြောင်း။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်၊ သောကြာနေ့။
ည ၉ နာရီ ၂၆ မိနစ်တွင်ပြီး၏။

Results & Standing, AFC Challenge Cup 2010


Results (Group-A)
TAJIKISTAN [1 - 2] BANGLADESH
MYANMAR [4 - 0] SRI LANKA
SRI LANKA [1 - 3] TAJIKISTAN
BANGLADESH [1 - 2] MYANMAR


TeamPlayedWinDrawLoseGFFAGDPts
Myanmar220061+56
Tajikistan210143+13
Bangladesh21013303
Sri Lanka200217-60

Results (Group-B)
INDIA [1 - 2] KYRGYZSTAN
DPR KOREA [1 - 1] TURKMENISTAN

Group (B)
TeamPlayedWinDrawLoseGFFAGDPts
Kyrgyzstan110021+13
DPR Korea10101101
Turkmenistan10101101
India100112-10

****************
၁၈-၂-၂၀၁၀ ရက်နေ့အထိ နောက်ဆုံးအခြေအနေဖြစ်ပါသည်။

AFC Challenge Cup 2010


၂၀၁၁ ခုနှစ် အာရှဖလားဘောလုံးပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် တစ်နေရာကို ဒေသတွင်းက ဘောလုံးအဆင့်နိမ့်ပါးတဲ့ အသင်းတွေအတွက် ပြိုင်ပွဲတစ်ရပ်ပြုလုပ်ပေးပြီး အာရှဖလားပြိုင်ပွဲမှာ တိုက်ရိုက်ဝင်ရောက်ယှဉ်ခွင့်ပေးမယ့် AFC Challenge Cup 2010 ကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။ အာရှဖလားခြေစစ်ပွဲ မအောင်မြင်သေးတဲ့ နိုင်ငံအသင်းတွေကို အဆင့်သတ်မှတ်ချက်များ၊ ခြေစစ်ပွဲများနဲ့ ၀င်ရောက်ယှဉ်ပြိုင်စေခဲ့တဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ရည်ရွယ်ချက်က ကောင်းသလိုရှိပေမယ့် ၀င်ရောက်ယှဉ်ပြိုင်စေတဲ့ အသင်းတွေက ပြောစရာဖြစ်နေတာကလည်း ဒီပြိုင်ပွဲရဲ့ ထူးခြားချက်တစ်ရပ်ဖြစ်ပါတယ်။

ဥပမာ - ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ထားတဲ့ မြောက်ကိုရီးယားလို အသင်းက အခုပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတာမျိုး၊ မနှစ်က AFC Challenge Cup မှာ ဗိုလ်စွဲခဲ့ပြီး အာရှဖလားအတွက် ၀င်ခွင့်ရပြီးသား အိန္ဒိယအသင်းကို ၀င်ရောက်ယှဉ်ပြိုင်စေတာမျိုးတွေဟာ ပြိုင်ပွဲရဲ့ တန်ဖိုးကို လျော့ပါးစေတာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒီနှစ်မှာများ အိန္ဒိယအသင်းက ထပ်မံဗိုလ်စွဲခဲ့ရင် ဒုတိယနေရာကအသင်းကို အာရှဖလားပြိုင်ပွဲဝင်ခွင့် ပေးမယ်ဆိုတော့ အပေါ်ယံကြည့်ရင် ဟုတ်သလိုလို ရှိပေမယ့် တကယ်တမ်းစဉ်းစားကြည့်ရင် ရယ်စရာလည်းကောင်း စိတ်ညစ်စရာလည်းကောင်းပါတယ်။ ဆိုပါတော့.... အိန္ဒိယသာ ဗိုလ်စွဲခဲ့ရင် ဆီမီးဖိုင်နယ်လိုပွဲစဉ်မှာ အိန္ဒိယကို ရှုံးနိမ့်ခဲ့ရတဲ့အသင်းမျိုးအတွက် အာရှဖလားဝင်ခွင့်တစ်နေရာအတွက် မနစ်နာဘူးလား။ ၀င်ခွင့်ရပြီးသားအသင်းတစ်သင်းနဲ့ ကန်ရတယ်။ နိုင်ရင်တော့ ဘာမှမဖြစ်ပါဘူး။ ရှုံးသွားခဲ့ရင် အဲဒီအသင်းအတွက် နစ်နာလှပါတယ်။ အိန္ဒိယအနေနဲ့ကတော့ နိုင်လည်းမထူး၊ ရှုံးလည်းမဆန်းတဲ့ အခြေအနေမျိုးပါ။ ဂုဏ်သိက္ခာအတွက် အလျော့မပေးဘဲ ကစားမှာပါတွေ၊ ဘာတွေ ပြောနေလို့လည်း အပိုပါပဲ။ အာရှဖလားအတွက် ၀င်ခွင့်တစ်နေရာက သူတို့အတွက် ရပြီးသားဖြစ်နေတော့ ဒီပြိုင်ပွဲမှာ သူတို့မွှေချင်သလို မွှေလို့ရနိုင်တဲ့အခွင့်အရေး ရနေသလို ဖြစ်နေပါတယ်။ ကိုယ်နဲ့ပလဲပနံသင့်တဲ့အသင်းကို အမှတ်ရစေချင်ရင် အရှုံးခံကန်တာမျိုးအထိ ဖြစ်နိုင်တာပါပဲ။ လုပ်တာ၊ မလုပ်တာကို ပြောတာမဟုတ်ပါဘူး။ လုပ်နိုင်တာကို ပြောတာပါ။

ဒီနှစ် AFC Challenge Cup 2010 ပြိုင်ပွဲကို သီရိလင်္ကာက အိမ်ရှင်အဖြစ် လက်ခံကျင်းပပါတယ်။ အိမ်ရှင်အသင်းအပါအ၀င် စုစုပေါင်း အသင်း(၈)သင်း နောက်ဆုံးအဆင့် ယှဉ်ပြိုင်ကစားနေကြတာ ဖြစ်ပါတယ်။ အသင်း(၈)သင်းကို အုပ်စုနှစ်ခုခွဲပြီး ကစားစေခဲ့တာ ဖြစ်ပါတယ်။ အုပ်စုခွဲဝေမှု အနေအထားကတော့-
အုပ်စု (က)
၁။ သီရိလင်္ကာ
၂။ ဘင်္ဂလားဒေ့ရှ်
၃။ မြန်မာ
၎။ တာဂျစ်ကစ္စတန်

အုပ်စု (ခ)
၁။ မြောက်ကိုရီးယား
၂။ အိန္ဒိယ
၃။ ကာဇက်စတန်
၎။ တာမင်နစ္စတန်

ကျွန်တော်တို့ မြန်မာ့လက်ရွေးစင်အသင်း အုပ်စု(က)မှာ ပါဝင်ယှဉ်ပြိုင်လျက်ရှိပါတယ်။ မြန်မာ့ဘောလုံးလောကကို ပရော်ဖက်ရှင်နယ်အဖြစ် ကူးပြောင်းပြီးတဲ့နောက် အားမလိုအားမရ ဖြစ်နေကြသေးတဲ့ မြန်မာဘောလုံးပရိသတ်တွေအတွက် ဒီပြိုင်ပွဲက ဘယ်လောက်အထိ ကျေနပ်မှုပေးနိုင်မလဲဆိုတာ အရမ်းကို အရေးကြီးနေပါတယ်။ မြန်မာဘောလုံး ပရော်ဖက်ရှင်နယ် ပြောင်းလိုက်တာဟာ နာမည်တစ်ခု၊ စနစ်တစ်ခုတင် ပြောင်းလိုက်တာမဟုတ်ဘဲ နိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းလည်း ပြောင်းသွားတယ်ဆိုတာ တစ်နည်း ရေမြင့်တဲ့အတွက် ကြာတင့်သွားတယ်ဆိုတာကို မဖြစ်မနေ ပြသဖို့လိုအပ်နေပါတယ်။ ဒါမှလည်း မြန်မာနေရှင်နယ်လိဂ်အပေါ်မှာ မြန်မာဘောလုံးပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေ လျော့ပါးမသွားမှာ၊ ယုံကြည်မှုတက်လာမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမသွားခင် အချိန်အလေးအတွင်းမှာကပဲ ခြေစစ်ပွဲတွေ ကစားအပြီးမှာ ရလဒ်တွေမကောင်းတဲ့အတွက် ခရိုအေးရှားလူမျိုးနည်းပြ ဒရာဂိုမာမစ်ကို ထုတ်ပယ်ခဲ့တဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်အတွက်လည်း ဒီပြိုင်ပွဲဟာ ထိုးထားတဲ့ ထီလက်မှတ်တစ်စောင်ပါ။ ဒီထီက ပေါက်ခဲ့ရင် အကြောင်းမဟုတ်ပေမယ့် ထင်ထားသလို ဖြစ်မလာဘူးဆိုရင်တော့ နိုင်ငံခြားသားနည်းပြကိုထုတ်ပြီး မြန်မာနည်းပြနဲ့ ခန့်အပ်ခဲ့တဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်အတွက် ပြောစရာဖြစ်လာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အမြင်ကတော့ လက်ရှိအချိန်မှာ မြန်မာအသင်းအတွက် မြန်မာနည်းပြကသာလျှင် အကောင်းဆုံးဖြစ်တယ်ဆိုတာကို အပြည့်အ၀ ထောက်ခံပါတယ်။ မြန်မာဘောလုံးသမားတွေက ပရော်ဖက်ရှင်နယ်စစ်စစ် မဖြစ်ကြသေးတဲ့အတွက် နိုင်ငံခြားနည်းပြတွေနဲ့ အဆင်ပြေဦးမယ်မထင်ပါဘူး။ အဲဒီအတွက် ကိုယ့်မြန်မာဘောလုံးသမားတွေ အကြောင်း၊ ကိုယ့်မြန်မာဘောလုံးသမားတွေရဲ့ စိတ်ဓာတ်၊ ကိုယ့်မြန်မာဘောလုံးသမားတွေရဲ့ အားသာချက်၊ အားနည်းချက်ကို သေသေချာချာ သိနားလည်တဲ့ မြန်မာလူမျိုးနည်းပြတွေသာလျှင် အကောင်းဆုံးဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ နောက်ပိုင်းမှာ မြန်မာဘောလုံးသမားတွေအားလုံးက ပရော်ဖက်ရှင်နယ် ပီပီသသ အဖက်ဖက်က ပြည့်စုံလာတဲ့အချိန်ကျရင်တော့ နိုင်ငံခြားသားနည်းပြ ငှားရမ်းမယ်ဆိုရင်လည်း အဆင်ပြေလိမ့်မယ်ထင်ပါတယ်။

အခုလည်း မြန်မာဘောလုံးအသင်း AFC Challenge Cup ၀င်ပြိုင်မယ်ဆိုကတည်းက လှုပ်စိလှုပ်စိဖြစ်နေတဲ့ မြန်မာဘောလုံးပရိသတ်ဟာ အခုဆိုရင် အားပေးမှုအရှိန် အတော်လေးကို မြင့်တက်နေတာ တွေ့ရပါတယ်။ ဘယ်လောက်ပဲ မြန်မာဘောလုံးအသင်းကို စိတ်နာတယ်ပြောပြော အချိန်တန်လို့ မြန်မာအသင်း ၀င်ပြိုင်ပြီဆိုတာနဲ့ လက်ဝါးတပြင်ပြင်၊ လေတချွင်ချွင်ဖြစ်နေတတ်ကြတာပါပဲ။ ကိုယ့်မြန်မာအသင်း အခြေအနေကောင်းရဲ့လား၊ ဘယ်အသင်းတွေနဲ့ ကန်ရမှာလဲ၊ ဘယ်သူတွေပါသွားလဲ စသည်ဖြင့် စိတ်ဝင်စားမှုများစွာနဲ့ စခဲ့တဲ့ ပြိုင်ပွဲကြီးဟာ အခုဆိုရင် ဘယ်လောက်နဲ့ပြီးသွားသလဲ၊ မြန်မာနိုင်လားဆိုတဲ့ ရေချိန်တွေအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကဲပါဗျာ....
AFC Challenge Cup မှာ မြန်မာအသင်း အနိုင်ရဗိုလ်စွဲပြီး အာရှဖလားပြိုင်ပွဲကို တစ်ကျော့ပြန် ခြေချနိုင်မလား?
မြန်မာနေရှင်နယ်လိဂ်ဟာ အမှန်တကယ်ပဲ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအပေါ် အကျိုးသက်ရောက်မှုရှိရဲ့လား?
လစာငွေများစွာရနေတဲ့ မြန်မာဘောလုံးသမားတွေကလည်း သူတို့ရဲ့အဆင့်နဲ့လျော်ညီစွာ တိုင်းပြည်အတွက် ခြေစွမ်းပြ ကစားနိုင်ကြမလား?
မြန်မာအသင်းမှာ ဒီလိုစွမ်းရည်တွေရှိတယ်ဆိုတာကို လက်ရှိနည်းပြ ဦးတင်မြင့်အောင်အနေနဲ့ ထုတ်ပယ်ခံနည်းပြ ဒရာဂိုမာမစ်ကို လက်မ,ထောင်ပြနိုင်မလား?
မြန်မာဆိုတာနဲ့ အားပေးဖို့ အမြဲအသင့်ရှိနေတတ်တဲ့ မြန်မာဘောလုံးပရိသတ်တွေအတွက် ပျော်ရွှင်ကျေနပ်မှုတွေကို မြန်မာဘောလုံးအသင်းက ဆောင်ကြဉ်းဖြည့်ဆည်းပေးနိုင်မလား?
.............................
စတဲ့ မေးခွန်းများစွာ၊ မျှော်လင့်ချက်များစွာ၊ ရင်ခုန်မှုများစွာ၊ စိတ်ဝင်စားမှုများစွာအတွက် ကျွန်တော်တို့တွေ စောင့်မျှော်ကြည့်ရှုရုံမှတစ်ပါး.........။

မြန်မာအသင်း အောင်မြင်ပါစေ...။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်၊ သောကြာနေ့။
နံနက် ၉ နာရီ ၅၂ မိနစ်တွင်ပြီး၏။

Thursday, February 18, 2010

အင်တာနက် သို့မဟုတ် ပညာရတနာသိုက်ကြီး - ဒေါက်တာခင်မောင်ညို


Just as steel can be used to build hospiitals or machine gun or nuclear power can either energize a city or destroy it.

Hillary Clinton
သံမဏိကို ဆေးရုံဆောက်ဖို့ သုံးလို့ရသကဲ့သို့ စက်သေနတ်လုပ်ရန်အတွက်လည်း သုံးနိုင်သည်။ ထို့အတူ အဏုမြူစွမ်းအင်ကို မြို့တစ်မြို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်သကဲ့သို့ ထိုမြို့ကို ဖျက်ဆီးပစ်၍လည်း ရသည်။
ဟီလာရီကလင်တန်

လူ၏ အရေးအကြီးဆုံးသော အစိတ်အပိုင်းသည် ဦးနှောက်ဖြစ်သည်။ သို့သော် ထိုဦးနှောက်သည် ထိုအတိုင်းသုံးလို့ မရပါ။ ဦးနှောက်ထဲသို့ တစ်စုံတစ်ခု ထည့်ရပေမည်။ ထိုတစ်စုံတစ်ခုသည် ဉာဏ်ပညာသာ ဖြစ်ရပေမည်။

ဦးနှောက်ထဲကိုထည့်သော အရာများသည် ပတ်ဝန်းကျင်မှ ရသည်။

ထို့ကြောင့် ဦးနှောက်ထဲကို ရောက်သောအရာများသည် ဉာဏ်ပညာသက်သက် ဖြစ်မလာတော့။

ဦးနှောက်ကိုယ်တိုင်က အမုန်းတရားတွေ၊ မနာလိုမှုတွေ၊ အညစ်အပတ်တွေကို သိမ်းဆည်းထားနိုင်ပါသည်။ ဦးနှောက်၏ ဆင်ခြင်တရားသည် အတ္တကြီးမားကာ ထူးထူးခြားခြား အဖျက်လုပ်ငန်းများကို ပြုလုပ်နိုင်သည်။

ဒီအတွက် ကျွန်တော်တို့၏ ကလေးများကို ကျောင်းသို့ပို့ကြသည်။ ရှေးအခါက ကျောင်းဆိုသည်မှာ ဘာသာရေးအဖွဲ့အစည်းတည်ရာ ဖြစ်သည်။ မင်းတုန်းမင်းကြီးသည် ငယ်စဉ်က ရွှေကျောင်းသို့ သွားရသလို ဂျော့ဘုရင်သည်လည်း ကင်းကောလိပ်သို့ သွားရသည်။ ထိုကျောင်းများသည် ဘာသာရေးဆိုင်ရာကျောင်းများသာ ဖြစ်သည်။

ကျောင်းနေပြီး အများစု လိမ္မာကြပါသည်။

ကျွန်တော်တို့ မြန်မာဘုရင်လက်ထက်က ဘုန်းတော်ကြီးကျောင်းတွေမှာ ပေစာတွေရှိသည်။ ပုရပိုက်တွေရှိသည်။ ၎င်းတို့ကို သိမ်းဆည်းထားရာဌာနကို စာတိုက်ဟု ခေါ်သည်။

အနောက်တိုင်းတွင် ဂူဒင်ဘာ့ခ်ျ၏ ပုံနှိပ်စက်တီထွင်ပြီးနောက်ပိုင်းတွင် စာအုပ်များ တွင်ကျယ်လာသည်။

၁၅ ရာစုတွင် တရုတ်နှင့် ဥရောပယဉ်ကျေးမှုကို ပြောရလျှင် တရုတ်ကပင် သာချင်သည်။ သို့သော် ပုံနှိပ်စက် ပေါ်ပေါက်ပြီးနောက် ဥရောပတိုးတက်မှုသည် တရုတ်နှင့် မယှဉ်သာအောင် မြင့်မားလာကြောင်း လေ့လာသူများက ဆိုထားကြသည်။

ကျွန်တော်ဆိုလိုသည်မှာ စာပေသည် အရေးပါသည်။

ကျွန်တော် ငယ်ငယ်က မော်လမြိုင်ကောလိပ်ကို တက်ရသည်။ ကျွန်တော်ဝါသနာပါသော သိပ္ပံဘာသာတွဲကို ယူသည်။ နားမလည်ပါ။ ထိုအတွက် ကျွန်တော် စာကြည့်တိုက်သို့ သွားသည်။ ထိုစာကြည့်တိုက်သည် ကျွန်တော်၏ ရတနာသိုက်ပင်ဖြစ်သွားသည်။ စာကြည့်တိုက်သွားပြီးနောက်ပိုင်း ကျွန်တော့်ဘ၀ သိသိသာသာ ပြောင်းလဲသွားခဲ့ပါသည်။

ကျွန်တော် တက္ကသိုလ်ဆရာ ဖြစ်လာသည်။ အင်္ဂလန်သို့ ပညာသင်သွားခွင့်ရသည်။ ပါရဂူဘွဲ့ရသည်။

ကျွန်တော် တောကလာသူ ဖြစ်သည်။ ငယ်စဉ်ကကျောင်းလည်း လွတ်လပ်ရေးရခါစ တောကျောင်းဖြစ်၍ အဆင့်မမီပါ။ ကျောင်းတွင် ကျောင်းအုပ်ကြီးကလွဲ၍ ဘွဲ့ရသူ ဆရာ၊ ဆရာမ တစ်ယောက်မှ မရှိပါ။

ကျွန်တော်တို့ကျောင်းမှာ ၁၀ တန်းအောင်သူ တစ်ခါတစ်ခါ နှစ်ယောက်သုံးယောက်ရှိပြီး တစ်ခါတစ်ခါ တစ်ယောက်မျှ မအောင်ပါ။ ကျွန်တော် ၁၀ တန်းအောင်သောနှစ်တွင် နှစ်ယောက်သာ အောင်ပါသည်။

ကျွန်တော် ကျောင်းကို အပြစ်တင်နေသည်မဟုတ်ပါ။ အခြေအနေကို တင်ပြနေသည်သာ ဖြစ်သည်။ ယနေ့ခေတ်တွင် တည်ရှိနေသော တော်ရုံတန်ရုံကျောင်းသည် ကျွန်တော်တို့ကျောင်းလောက် အခြေအနေမဆိုးနိုင်ပါ။

သို့သော် ကျွန်တော်သည် ပညာရေးကို အထွတ်အထိပ်ရောက်အောင် သွားနိုင်ခဲ့သည်မှာ စာကြည့်တိုက်ကြောင့်ပင် ဖြစ်သည်။

ကျွန်တော်တို့ ဉာဏ်ပညာရင့်သန်စေဖို့ စာအုပ်များက များစွာ အထောက်အကူပြုသည်ကို သက်သေပြခြင်းဖြစ်သည်။

တက္ကသိုလ်ဆိုသည်မှာ အဆောက်အဦး၊ ဆရာ၊ စာကြည့်တိုက်ဟူ၍ သုံးမျိုးသုံးစား ပါဝင်သည်ဟု သဘောပေါက်ခဲ့ပါသည်။

သို့သော် ၂၀ ရာစုနှောင်းပိုင်း ၂၁ ရာစု အ၀င်လေးတွေမှာ စာကြည့်တိုက်ပုံစံ ပြောင်းသွားလေသည်။

ကျွန်တော်တို့သည် သတင်းအချက်အလက် အများစုကို အင်တာနက်မှ ရသည်။ စွယ်စုံကျမ်းကြီးများသည် အင်တာနက်တွင် ရှိနေသည်။ အချို့သော ပညာရှင်များက စိတ်ပူသွားသည်။

သတင်းအချက်အလက် တော်လှန်ရေးခေတ်သည် အရှိန်အဟုန် အင်မတန်ကြီးမားသည်။ ထို့ကြောင့် အင်တာနက်ရှိသူနှင့် မရှိသူ (have and have-not) တို့အကြား ကွာဟမှုသည် များလာမည်ဟု ယူဆသောကြောင့် ဖြစ်သည်။

တကယ်တမ်းကွာဟမှုသည် သိသာထင်ရှားသော်လည်း လူတိုင်းလိုလို တစ်ဆင့်ခံသတင်းအချက်အလက်များ ရသည့်အတွက် ကွာဟမှု အင်မတန်နည်းပါးသည်ဟု ဆိုနိုင်ပေသည်။ ကျွန်တော့်ယူဆချက် မှားကောင်းမှားမည်။ သို့သော် တစ်ကမ္ဘာလုံး ခြုံကြည့်သည့်အခါ တိုးတက်လာမှုများကို တွေ့နေရသည်။

ကျွန်တော်တို့ရှေးခေတ်က ပေစာများကို ရေးကြသည်။ အချို့ပေစာ တစ်ဆူတည်းသာ ရှိသည်။ ကူးယူပွါးရသော်လည်း ဘုန်းကြီးကျောင်းအချို့တွင်သာ ထိုပေစာများ ရှိသည်။ သို့သော် တစ်နိုင်ငံလုံးက ထိုပေစာအကျိုးကို (တစ်ဆင့်) ခံစားကြရသည်။

တကယ်တမ်း အင်တာနက်မကြည့်နိုင်သော်လည်း ဂြိုလ်တုစလောင်းများလည်း သတင်းအချက်အလက်ကို ပေးနိုင်သည်။

ကမ္ဘာတစ်ဖက်ခြမ်းတွင်ရှိသည့် ဟေတီနိုင်ငံတွင် ဖြစ်ပွားသော ငလျင်ဒဏ်ခံရသူများကို ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်နေရသည်။ လူပေါင်းတစ်သိန်းခွဲကျော် သေဆုံးသည်။ အင်မတန် ဆိုးရွားသောငလျင် ဖြစ်သည်။ တစ်ကမ္ဘာလုံးက အကူအညီတွေ ရောက်လာသည်။ အကူအညီတွေအနက် ဟေတီသမ္မတ တောင်းဆိုသည်မှာ ဆက်သွယ်ရေးကွန်ယက် ပြန်လည်တည်ဆောက်ပေးရန် ဖြစ်သည်။ သူတို့ဖုန်းလိုင်းတွေအားလုံး ပျက်သွားပြီဖြစ်သည်။

အစိုးရအဖွဲ့ဝင်များ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်၍မရ၊ အင်ဂျီအိုနှင့် အစိုးရ ဆက်သွယ်၍မရ။ ထို့ကြောင့် ပြည်သူလူထု ဆက်သွယ်မှု ဘယ်လောက်ခက်မည်ကို တွေးတောနိုင်သည်။

ထို့ကြောင့် မိုဘိုင်းဖုန်းစနစ်ကို ချက်ချင်းပြင်ဆင် တည်ဆောက်ပေးလိုက်သည်။ မကြာမီမှာပင် ဆူပါမားကတ်ကုန်တိုက် အဆောက်အဦပျက်အောက်တွင် ပိတ်မိနေသော မိန်းကလေးနှစ်ယောက်နှင့် အဆက်အသွယ်ရရှိကာ ကယ်တင်နိုင်ခဲ့သည်။

သွားရေးလာရေး အုပ်ချုပ်ရေးကအစ အဆိုပါ ဆက်သွယ်ရေးသည် အဓိကကျသည်။ ကမ္ဘာတစ်ခွင်က ဟေတီကို မြင်နေရလျှင် သူတို့ကူညီနိုင်ကြမည် ဖြစ်သည်။

တကယ်တမ်း အင်တာနက်မိုဘိုင်းဖုန်း စသည်တို့သည် အဖျက်အမှောင့်လုပ်ငန်းအတွက်လည်း များစွာအသုံးဝင်သည်။ မိုဘိုင်းဖုန်းဖြင့် ဗုံးထောင်နိုင်သည်။ အင်တာနက်ထဲ ထိုးဖောက်ဝင်ရောက်ကာ အဖျက်လုပ်ငန်းများစွာ လုပ်နိုင်ပါသည်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အိုစမာဘင်လာဒင်၏ နယူးယောက်ကုန်သွယ်ရေးစင်တာကို ၀င်ရောက်တိုက်ခိုက်ပြီး အမြွှာညီနောင်မျှော်စင်ကို ပြိုပျက်စေသည်မှာ မိုဘိုင်းဖုန်းများဖြင့် ဆက်သွယ်မှုတွေ လုပ်နိုင်သောကြောင့် ဖြစ်သည်။

တကယ်တမ်း အင်တာနက်သည် လူသားများကို အထွတ်အထိပ် ရောက်စေနိုင်သော လက်နက်ကိရိယာဖြစ်သည်။ ကျွန်တော်တို့ ဒါကို အသုံးချတတ်ပါက အားလုံး အဆင်ပြေမည်။

ဆောင်းပါးအစတွင် ဟီလာရီကလင်တန် ပြောသွားသည့် ကောက်နုတ်ချက်ကို ထပ်မံတင်ပြလိုသည်။

Just as steel can be used to build hospiitals or machine gun or nuclear power can either energize a city or destroy it.
Hillary Clinton
သံမဏိကို ဆေးရုံဆောက်ဖို့ သုံးလို့ရသကဲ့သို့ စက်သေနတ်လုပ်ရန်အတွက်လည်း သုံးနိုင်သည်။ ထို့အတူ အဏုမြူစွမ်းအင်ကို မြို့တစ်မြို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်သကဲ့သို့ ထိုမြို့ကို ဖျက်ဆီးပစ်၍လည်း ရသည်။

ဒါက လူသားများအပေါ်တွင်သာ တည်သည့်အပိုင်းဖြစ်သည်။

စက်သေနတ်ထုတ်မည်စိုး၍ သံမဏိကို ပိတ်သည်။ အနုမြူဗုံးလုပ်မည်စိုး၍ အဏုမြူစွမ်းအင်ကိုပိတ်သည်။ ဓာတ်ပေါင်းဖိုများကို ကန့်သတ်သည်။ ထိုပုံစံကို ကျွန်တော်တို့ ရင်ဆိုင်ရမည်သာ ဖြစ်သည်။ အကျိုးအကြောင်းဆင်ခြင်ပြီး အသိဉာဏ် မကြီးရင့်သေးသရွေ့ ထိုပြဿနာသည် ပြဿနာအနေဖြင့် တည်နေမည်သာ ဖြစ်သည်။

အကြမ်းဖက်လုပ်ရပ်များနှင့် အခြားသော မလိုလားအပ်သည့် လုပ်ရပ်များကိုကြောက်၍ အင်တာနက်ကို ကန့်သတ်ချုပ်ချယ်ကြသည်။ ဒါကို ကျွန်တော်တို့ တွေ့နေရပေမည်။

ထိုအခါတွင် တစ်စုံတစ်ခုသော အတိုင်းအတာအထိ တိုးတက်မှု နှေးကွေးသွားမည်ဖြစ်သည်။ သို့သော် မရပ်ဆိုင်းသွားပါ။ လူသားတို့ ရင့်ကျက်လာသောအခါ မိမိဝီရိယဖြင့် ကြိုးပမ်းကြသည့်အခါ အနာဂတ်ကို လှလှပပ မြင်လာမည်သာဖြစ်သည်။

နိဂုံး
ဘယ်သူ့ကိုမှ အပြစ်မတင်ကြပါနှင့်။
အင်တာနက်ခေတ်ကို ရောက်လာကြပါပြီ။
ဒီရတနာသိုက်ကြီးက လူသားအားလုံး၏ လက်တစ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်သည်။
လူငယ်များ စွမ်းအားဖြင့် နိုင်ငံကို တည်ဆောက်ပါ။

Bi Weekly Eleven Journal
အတွဲ (၂) အမှတ် (၄၈)
Friday, February 19, 2010
စာမျက်နှာ - ၂၂

ကမ္ဘာ့လူသားမျိုးနွယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ မရှိပါလား - လူထုစိန်ဝင်း


ကျားနဲ့ရင်ဆိုင်တွေ့ရင် မေတ္တာပို့မနေနိုင်ဘူး။ ဓားဆွဲတန်ဆွဲ၊ တုတ်ဆွဲတန်ဆွဲလုပ်ရမှာပဲလို့ ရေးလိုက်တာနဲ့ ပတ်သက်ပြီး လူငယ်တစ်စုလာပြီး စကားနိုင်လုကြပါတယ်။ သဘောမတူဘူးရယ်တော့ မဟုတ်ပါဘူး။ ဒီလိုလှည့်ပြီး စဉ်းစားရင် ဘယ်လိုလဲ၊ ဒီနည်းနဲ့ ဖြေရှင်းလို့မရဘူးလားစသဖြင့် လူငယ်သဘာဝ လှည့်ပတ်စဉ်းစားကြည့်ကြတာပါ။

အာတွေ့တဲ့မြန်မာစကား
လူငယ်တွေက ဒီလိုစကားနိုင် လုပြောရတာကို တော်တော်ပျော်ကြတယ်။ ခုခေတ် 'အီလစ်' တွေ သည်းခြေခိုက်စကားနဲ့ ပြောရင်တော့ 'ဦးနှောက်မုန်တိုင်းဆင်ခြင်း'ပေါ့။ ကမ္ဘာအဆင့်မီ အရည်အချင်းမရှိဘူးပဲ ပြောပြော။ စကားနိုင်လုတယ်လို့ ပြောရတာကိုပဲ အာတွေ့ပါတယ်။ လူငယ်တစ်ယောက်က သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတို့ ဂေဟစနစ် ထိန်းသိမ်းရေးတို့ ရှုထောင့်က သူမြင်သလိုပြောပါတယ်။ ဟူးကောင်း တောင်ကြားမှာ ကျားဦးရေ တစ်နေ့တခြား လျော့ပါးလာနေတဲ့အတွက် မကြာခင်နှစ်များအတွင်းကျားတွေမျိုး ပြုန်းပျောက်ကွယ်မယ့် အန္တရာယ်ရှိ နေတယ်။ ဒါကြောင့်ကျားကို မသတ်သင့်ဘူးလို့ ပြောပါတယ်။ အဲဒီစကား နားထောင်ပြီးတော့ မိန်းကလေးတစ် ယောက်ကကျားကိုမသတ်ရင်ကျား က လူကိုသတ်မှာပေါ့၊ ဒီလိုတော့အဖြစ် မခံနိုင်ပါဘူးလို့ ၀င်ပြောပါတယ်။

ကြွက်နှိမ်နင်းဖို့ မြွေတွေလွှတ်ရမလား
ပထမလူငယ်က လူ့ရပ်၊ လူ့ရွာထဲကျားက အတင့်ရဲပြီးဝင်ဆွဲတာ မဟုတ်ဘူး။ ကျားတွေ၊ ဆင်တွေနေ တဲ့တောတွေ၊ တောင်တွေထဲကို လူတွေက ကျူးကျော်ဝင်ရောက် နေထိုင်ကြတာဖြစ်တယ်။ လူတွေက တရားပျက်ပြီး ကျူးကျော်တာလို့ ချေပပါတယ်။ အဲဒီအချိန်မှာပဲ နောက်လူငယ်တစ်ယောက်က အိမ်နီးချင်းနိုင်ငံတစ်ခုမှာ စပါးခင်းတွေကို ကြွက်အုပ်ကြီးတွေ ၀င်ရောက်ဖျက်ဆီးတဲ့အတွက် မြွေတွေကိုလယ်ကွင်းတွေထဲ ပြန်လွှတ်ပေးနေတဲ့ သတင်းကိုပြောပြပါတယ်။ မြန်မာပြည်က နာဂစ်ဒဏ်ခံဒေသတွေက လယ်ကွင်းတွေ၊ ကြွက်ဝင်ဖျက်နေတာကိုလည်း မြွေ တွေလွှတ်ပေးလိုက်ရင် ဘယ်လိုနေမလဲလို့ မေးလိုက်ပါတယ်။ အဲဒီမှာလည်း တစ်ယောက်တစ်မျိုးနဲ့ စကားနိုင်လုပြီး ပြောကြတာ ဆူညံနေတာပါပဲ။ ပျော်စရာအတော်ကောင်းပါတယ်။

လူတွေက ကျူးကျော်ဖျက်ဆီးတာ
လူငယ်တွေအားလုံးဟာ ပညာတတ်တွေဖြစ်ကြတော့ သူတို့ပြောကြ ဆိုကြတာတွေကို ခပ်ပေါ့ပေါ့သဘောထားလို့ မရပါဘူး။ ကျားမျိုးပြုန်းမှာ စိုးရိမ်တဲ့လူငယ်ရဲ့ ပြောကြားချက်တွေကလည်း မှန်ပါတယ်။ လူတွေက  တိရစ္ဆာန်များ ကျက်စားနေထိုင်ရာ ဒေသတွေကို ၀င်ရောက်ကျူးကျော် ဖျက်ဆီးကြတော့ သားရဲတိရစ္ဆာန်တွေမှာ နေစရာရော၊ စားစရာပါ ရှားပါးလာကြပါတယ်။ တောတောင်ရေမြေ သဘာဝတွေနဲ့ ဂေဟစနစ်ကြီး တစ်ခုလုံးကို လူသားတွေက ဖျက်ဆီးပစ်ခဲ့တာဖြစ်တယ်။ အဲဒီအကျိုးဆက်ကြောင့် ကျွန်တော်တို့တိုင်းပြည်မှာ ရာသီဥတုတွေ ဘယ်လောက်ဖောက်ပြန်နေတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တွေ့ပဲ။ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းစတဲ့ မြစ်ကြီးတွေမှာလည်း နွေမပေါက်ခင်ကပဲ သောင်ခုံကြီးတွေ ထွန်းနေတဲ့အတွက် သင်္ဘောတွေ၊ မော်တော်တွေ ခက်ခက်ခဲခဲ သွားလာနေကြရတယ်ဆိုတဲ့ သတင်းတွေ နေ့စဉ်ဖတ်နေကြရတယ် မဟုတ်လား။ နောက်ငါးနှစ်က ၁၀ နှစ်အတွင်း ၀င်ရိုးစွန်းဒေသက ရေခဲတောင်ကြီးတွေ ပျောက်ကွယ်သွားတော့မယ်ဆိုတဲ့ သတိပေးချက်တွေကလည်း ကြားနေရလေတော့ အဲဒီအချိန်ကျရင် ကျွန်တော်တို့ရဲ့ဧရာဝတီ ဘယ်လိုဖြစ်လေမလဲလို့လည်း ပူလိုက်ရတာ။

ကိုယ်မသတ်ရင် သူကသတ်မှာ
သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်အတွက် စိတ်ပူတာမှန်ပေမယ့် လယ်ကွင်းတွေထဲ မြွေဖမ်းပြီးလွှတ်တာမျိုးတော့လည်း သဘောတူရမှာ ခပ်ခက်ခက်ပဲ။ သူများနိုင်ငံတွေမှာ က လယ်ထွန်စက်တွေ၊ 'Combined harvester'လို့ ခေါ်တဲ့ စပါးရိတ်သိမ်း ရင်းနဲ့ တစ်ခါတည်း ဆန်ကြိတ်ပြီး သားထွက်လာတဲ့ စက်ကြီးတွေနဲ့ လယ်ထဲဆင်းကြတာဆိုတော့ မြွေကိုက်ခံရစရာအကြောင်းမရှိလှဘူး။ မြန်မာလယ်သမားတွေက ခြေဗလာ လက်ဗလာနဲ့ လယ်ထဲဆင်းရတာ။ မြွေဆိုတာက ဆင်လို၊ ကျားလိုမြင်ရ တဲ့ သတ္တ၀ါမဟုတ်ဘူး။ ကျေးလက် ဒေသတွေမှာ တစ်နှစ်၊ တစ်နှစ်ပိုးထိ လို့ အသက်ဆုံးရှုံးကြရတာတွေ ရာနဲ့ချီရှိနေတာမဟုတ်လား။ အဲဒီတော့ ဘယ်နှယ့်လုပ်မလဲ။ ကျားတွေ့ရင် သတ်ရမှာပဲ၊ မြွေတွေ့လည်း သတ်ရ မှာပဲ။ ဂေဟစနစ် ထိန်းသိမ်းရေးအသိဉာဏ် ခေါင်းပါးတယ်ပြောလည်း မတတ်နိုင်ဘူး။ မြွေဆိုးနဲ့ ရင်ဆိုင်တွေ့နေတာ ကိုယ်က သူ့ကိုမသတ်ရင် သူက ကိုယ့်ကိုသတ်သွားမှာ သေချာတယ်။

ဘယ်လောက်ပြောပြော မောရုံပဲ
တစ်ခါက မီးသွေးအကြီးအကျယ်ရောင်းတဲ့ ကျောင်းသားဟောင်းတစ်ယောက် အတန်းထဲမှာ စကားနိုင်လုပြောကြရင်း ပြောခဲ့တဲ့စကားကို ပြန်အမှတ်ရမိတယ်။ မီးသွေးမရှိရင် ခင်ဗျားတို့အိမ်တွေမှာ ဘာနဲ့ ထမင်းချက်စားကြမလဲ၊ တောကလူတွေကော မီးသွေးမဖုတ်ရရင် ဘာလုပ်စားကြမလဲလို့ သူကပြောသွားတယ်။ စဉ်းစားကြည့်တော့ သူပြောတာမှန်တယ်။ လျပ်စစ်တို့၊ ဓာတ်ငွေ့တို့နဲ့ ချက်ဖို့ဆိုတာ နေရာတိုင်းမှာ ဖြစ်နိုင်တာမဟုတ်ဘူး။ လူတိုင်းမတတ်နိုင်ဘူး။ ဆင်းရဲသားဆိုတာ ညနေအလုပ်ပြန် နေ့တွက်ခလေး ရလာမှ မီးသွေးလေးအစိတ်သား၊ ငါးဆယ်သားဝယ်ပြီး ချက်ကြ၊ ပြုတ်ကြရတာလေ။ ရေနံဆီမီးဖိုတွေ ပေါပေါလောလော သုံးနိုင်တဲ့အချိန်တုန်းက မြို့ကြီးပြကြီးတွေမှာ ဘယ်သူမှ မီးသွေးမီးဖို မသုံးဘူး။ မီးမွှေးရတာ လက်ဝင်ရုံတင်မက အိုးတိုက်ရတာအလုပ်ရှုပ်လို့။ အစားထိုးစရာ ဘာမှလုပ်မပေးနိုင်ရင်တော့ တောပြုန်းလို့ မီးသွေးမဖုတ်ကြပါနဲ့လို့ ဘယ်လောက်ပြောပြော မောရုံပဲရှိမယ်။ သုံးသူက သုံးနေသရွေ့ ဖုတ်ပြီးရောင်းသူက ရောင်းနေကြမှာပဲ။

လူသားမျိုးနွယ် မပြုန်းရေးအဖွဲ့မရှိ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ ဂေဟစနစ်ကာကွယ် စောင့်ရှောက်ရေးတို့၊ ရှားပါးတိရစ္ဆာန်များ မျိုးပြုန်းပျောက်ကွယ် မသွားရေးတို့ဆိုတဲ့ အသိရှိကြတာ အင်မတန်ကောင်းတယ်။ ကျားတွေ မသတ်ဖို့၊ မိကျောင်းတွေ မသတ်ဖို့ ပြောဟောနေကြတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကြီးဆိုတာ ရှိသလို လူသားမျိုးနွယ် စောင့်ရှောက်ရေးအဖွဲ့ဆိုတာမျိုး မရှိတာက တော့ အတော်အံ့သြစရာကောင်းတယ်။ ဆန်စင်ရာ ကျည်ပွေ့လိုက်သလို နေရာတကာလိုက်ပါပြီး အဖွဲ့ပေါင်းစုံ လျှောက်ဖွဲ့နေတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးတောင် ဒီကိစ္စတော့ မေ့နေတာလား၊ တမင်မေ့ချင်ယောင် ဆောင်နေတာလား မသိဘူး။ ဘာမှလုပ်တာ မတွေ့ရဘူး။ ကမ္ဘာပေါ်မှာ တစ်နှစ် တစ်နှစ်ကို ကျားတွေ၊ မိကျောင်းတွေ၊ ဝေလငါးတွေ အသတ်ခံရတဲ့ အရေအတွက်ဟာ အကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ လူသားတွေ အသတ်ခံရတဲ့ အရေအတွက်ရဲ့ တစ်ဝက်တောင် ရှိမယ်မထင်ပါဘူး။

အာရုံလွှဲဖို့ မီးမောင်းထိုးကာ
အာဖဂန်နစ္စတန်မှာ၊ အီရတ်မှာ၊ ဆူဒန်မှာ နေ့စဉ်အသတ်ခံရလို့ သေဆုံးသွားကြရတဲ့ တိုက်ခိုက်ရေးသမားမဟုတ်သူ သာမန်အရပ်သား ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်တွေရဲ့ အရေအတွက်ဟာ ထောင်ဂဏန်းအထိ ရှိပါတယ်။ ဒါတွေကိုတော့ ဘာမှမပြောဘဲ၊ ဘာမှမလုပ်ဘဲ ကျားမျိုးမပြုန်းရေးတို့၊ မိကျောင်း ကာကွယ်စောင့်ရှောက်ရေးတို့လောက်ပဲ မီးမောင်းထိုးပြနေကြတာဟာ ဘာသဘောလဲလို့ စဉ်းစားဖို့တော့ လိုပါလိမ့်မယ်။

Weekly Eleven News ဂျာနယ်
အတွဲ (၅) အမှတ် (၁၉)

နိုင်ငံရေးအသေးစားနှင့် ဒေသပုံပြင် - မောင်စူးစမ်း


နိုင်ငံရေးဟာလာပြင်
မြန်မာ့နိုင်ငံရေးသည် ၂၀၁၀ ပြည့်နှစ် အကြိုရွေးကောက်ပွဲကာလနှင့် ၂၀၁၀ ပြည့် ရွေးကောက်ပွဲအပြီး ကာလတို့ဟူ၍ ကာလနှစ်ရပ်ကို ဖြတ်သန်းရမည်။ ဤသို့ ဖြတ်သန်းရသောအခါ၌ အဆင့်နှစ်ဆင့် တွေ့ကြုံမည်။ ပထမအဆင့်၌ နိုင်ငံရေးပါတီများ လှုပ်ရှားခွင့်မရှိသော ကာလဖြစ်၍ နိုင်ငံရေးဟာလာပြင် Political Void ပေါ်သည်ဟု ဆိုရမည်။ ယခု ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ ကျင်းပတော့မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် နိုင်ငံရေးပါတီများဥပဒေတို့ ပြဋ္ဌာန်းပြီးလျှင် နိုင်ငံရေးပါတီတို့ လှုပ်ရှားလာကြမည်။ သို့ဖြင့် နိုင်ငံရေးဟာလာပြင်တစ်မျိုး ပီပြင်သွားမည်။

အခြေအနေအရပ်ရပ်ကို သုံးသပ်၍ စာရေးသူက အနာဂတ်မြန်မာနိုင်ငံရေး အထူးသဖြင့် ရွေးကောက်ပွဲနှင့် လွှတ်တော်နိုင်ငံရေးတို့တွင် သမိုင်း၊ အိုင်ဒီယိုလိုဂျီတို့သည် ဆီလျော်ဖွယ်မရှိဟု သုံးသပ်ရေးသားခဲ့သည်။ ရွေးကောက်ပွဲတို့တွင် သမိုင်းအကြောင်း အိုင်ဒီယိုလိုဂျီအကြောင်းတို့ကို ရှေ့တန်းတင်၍ မဲဆွယ်လျှင် မဲဆန္ဒရှင်လူထုသည် နားမလည်နိုင်တော့ပြီဟု တွက်သည်။ သို့တည်းမဟုတ် လူထုသည် သမိုင်းနှင့် အိုင်ဒီယိုလိုဂျီတို့ကို အမောဆိုက်နေပြီဟု ထင်သည်။

လူအုပ်စိတ်
ဤသဘောမှ ကြီးကျယ်ခမ်းနားသော စူပါအိုင်ဒီယာတို့သည် မြန်မာ့နိုင်ငံရေး၌ ထင်တိုင်းကြဲခံခဲ့ရပြီး ဖြစ်သည်။ ဥပမာ- ဆိုရှယ်လစ်စနစ်၏ အတွေ့အကြုံကို လက်တွေ့ဖြတ်သန်းခဲ့ဖူးပြီဖြစ်ရာ မြန်မာ့အနာဂတ်တွင် စူပါအိုင်ဒီယာကြီးတွေ ပွဲမတိုးနိုင်တော့ဟုထင်သည်။ အလားတူစွာ ခေတ်ပြောင်းတော်လှန်ရေး သဘောတရားတို့သည်လည်း ရွေးကောက်ပွဲတွင် ဆူဆူညံညံ ဂယက်မရှိနိုင်တော့ဟု ခန့်မှန်းရသည်။ မျိုးချစ်စိတ်ဖြင့် မဲဆွယ်ရန်မှာလည်း ဤစိတ်သည် စုပေါင်းအသိစိတ် ဘုံအသိစိတ် Collective Consciousness ဖြစ်သည်။ ထူးထူးခြားခြား စူးရှစရာ မရှိပေ။

ထို့ကြောင့် ကျန်ရှိသောအရာမှာ သုံးပါးသာဖြစ်မည်။ ပထမအချက်မှာ လူအုပ်စိတ် Crowd Mentality ဖြစ်သည်။ သူများလုပ်တာကိုကြည့်၍ ကိုယ်က လိုက်လုပ်ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ စီမံခန့်ခွဲမှုတုံ့ပြန်မှု Managed Response ဖြစ်သည်။ ပါဝါသြဇာအရှိန်ကိုကြည့်၍ တုံ့ပြန်ခြင်းဖြစ်သည်။ တတိယအချက်မှာ ဒေသပုံပြင် Local Narrative ဖြင့် တုံ့ပြန်ခြင်း ဖြစ်သည်။ ၎င်းကို နိုင်ငံရေးအသေးစား Micro Politics ဟူ၍လည်းကောင်း၊ နိစ္စဓူဝဘ၀ အခြေစိုက် နိုင်ငံရေးဟူ၍လည်းကောင်း ခေါ်ဝေါ်သည်။ နေ့စဉ်တွေ့နေရသော ဘ၀ပြဿနာတို့ကို အခြေခံ၍ လှုပ်ရှားမှုတုံ့ပြန်ခြင်းကို ရည်ညွှန်းသွားသည်။ ဥပမာ - ရေမရသည့် ပြဿနာ၊ မီးမလာသည့် ပြဿနာမျိုးတို့ ဖြစ်ကြသည်။ နိစ္စဓူဝ ဘ၀ပြဿနာတို့သည် ရွေးကောက်ပွဲ၌ လှုံ့ဆော်သောပြဿနာ ဖြစ်နိုင်သည်။

ဒေသပုံပြင်
ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် နိုင်ငံရေးစနစ်သစ်သို့ ကူးပြောင်းရန် ဖိုရမ်ဖြစ်သည့်အပြင် ဆိုခဲ့ပါ အချက်တို့ဖြင့်လည်း ထူးခြားနေမည်။ လမ်းညွှန်ဒီမိုကရေစီအရ စစ်ဘက်မှ စပွန်ဆာလုပ်သော ရွေးကောက်ပွဲဖြစ်သည်။ ဤရွေးကောက်ပွဲတွင် စူပါအိုင်ဒီယာနှင့် အိုင်ဒီအိုလိုဂျီတို့က လွှမ်းမိုးစရာမရှိ။ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်တို့က အသေးစား နိုင်ငံရေး (၀ါ) နိစ္စဓူဝဘ၀ပြဿနာတို့အပေါ် အာရုံထားပါလိမ့်မည်။ ရွေးကောက်ပွဲက တစ်မူထူးခြားပေသည်။ သို့သော် ရွေးကောက်ပွဲ၌ အဆုံးအဖြတ်ပေးမည့် ပြဿနာတို့က ဒေသပုံပြင် Local Narrative တို့ ဖြစ်ကြမည်။ နိစ္စဓူဝ ဘ၀ပြဿနာတို့ ဖြစ်ကြမည်။

ရန်ကုန်တိုင်းမ် ဂျာနယ်
အတွဲ (၆) အမှတ် (၇)
Political Times, Supplement (A)
ဖေဖော်ဝါရီ ၁၈-၂၄၊ ၂၀၁၀

နိုင်ငံရေးအဆိုအမိန့်များ - မောင်ဝံသ


Politics – I don't know why, but they seem to have a tendency to separate us, to keep us from one another, while nature is always and ever making efforts to bring us together.

- Sean O'Casey
သဘာဝတရားကြီးက ကျွန်တော်တို့ကို အမြဲတမ်းပေါင်းစည်းနေအောင် ကြိုးစားနေချိန်မှာ၊ ဘာကြောင့်လဲဆိုတာတော့ သေချာမသိဘူး။ နိုင်ငံရေးက ကျွန်တော်တို့ကို တကွဲတပြားစီဖြစ်အောင်၊ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေအောင် လုပ်ချင်ပုံရတယ်လို့ ကျွန်တော်ထင်တယ်။
- ရှောင်အိုကေစီ

There are only two great currents in the history of mankind: the baseness which makes conservatives and the envy which makes revolutionaries.
- Edmond de Goncourt and Jules de Goncourt
လူသားသမိုင်းမှာ အဓိက ရေစီးကြောင်းကြီး နှစ်ကြောင်းပဲရှိတယ်။ ယုတ်မာမှုဆိုတဲ့ ရေစီးကြောင်းကနေ ကွန်ဆာဗေးတစ်တွေ ဖြစ်ပေါ်လာတယ်။ မနာလိုမှုဆိုတဲ့ ရေစီးကြောင်းကနေ တော်လှန်ရေးသမားတွေ ဖြစ်ပေါ်လာပါတယ်။
- အက်ဒ်မန်ဒေဂွန်ကုတ် + ဂျူလီဒေကုတ်

A political leader is necessarily an imposter since he believes in solving life's problems without asking its question.
- Andre' Malraux
နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဟာ ဘ၀ပြဿနာတွေကို မေးမြန်းခြင်းမပြုဘဲ ဘ၀ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ သူယုံကြည်နေတယ်ဆိုရင် ဧကန္တ သူဟာ လူလိမ်ကြီးပဲ ဖြစ်ရမယ်။
- အန်ဒရေမာလ်ရိုး

I like the smell of a dunged field, and the tumult of a popular election.
-  Augustus William Hare and Julius Charles Hare,
Guesses at Truth, by Two Brothers, 1827
ကျွန်တော်က နောက်ချေးမြေဆွေးနံ့ကို ကြိုက်တယ်။ ရွေးကောက်ပွဲက ဆူဆူညံညံအသံတွေကိုလည်း သဘောကျတယ်။
- သြဂတ်စတပ်ဟဲနှင့် ဂျူးလိယက်ချားလ်ဟဲ

If God wanted us to vote, he would have given us candidates.
- Jay Leno
ဂေါ့ဒ်က ကျုပ်တို့ကို မဲဆန္ဒပေးစေချင်တယ်ဆိုရင် ကိုယ်စားလှယ်လောင်းတွေ ချပေးခဲ့ဖို့ ကောင်းတာပေါ့။
- ဂျေးလီနို

Do you ever get the feeling that the only reason we have elections is to find out if the polls were right?
- Robert Orben
ရွေးကောက်ပွဲတွေ လုပ်ရတဲ့ တစ်ခုတည်းသော အကြာင်းက လူထုသဘောထား စနည်းနာစစ်တမ်းတွေ မှန်၊ မမှန် စစ်ဆေးကြည့်ဖို့ပဲလို့ မထင်မိဖူးလား။
- ရောဘတ်အော်ဘင်း

Before you can begin to think about politics at all, you have to abandon the notion that there is a war between good men and bad maen.
- Walter Lippmann
နိုင်ငံရေးအကြောင်း ခင်ဗျားစပြီး မစဉ်းစားခင် ခင်ဗျားပထမဆုံး လုပ်ရမှာက လူကောင်းတွေနဲ့ လူဆိုးတွေအကြား စစ်ဖြစ်နေတယ်ဆိုတဲ့ အယူအဆကို စွန့်ပယ်ထားဖို့ပဲါ။
- ဝေါ်လ်တာလစ်ပ်မန်း
-*-*-*-*-*-*-*-*-*-*-*-*-
7Day News ဂျာနယ်
အတွဲ (၈) အမှတ် (၄၉)
စာမျက်နှာ - ၂၉
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၀။

Wednesday, February 17, 2010

New history for MU at San Siro Milan


ချန်ပီယံလိဂ်ပြိုင်ပွဲ (ရှုံးထွက် ၁၆ သင်းအဆင့်)မှာ တစ်ကမ္ဘာလုံးက ပရိသတ်တွေ စိတ်အ၀င်စားဆုံး ပွဲတစ်ပွဲဖြစ်ခဲ့တဲ့ အေစီမီလန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ပွဲမှာ ဧည့်သည်တို့က ခြေစွမ်းပြ အနိုင်ယူသွားခဲ့ပါတယ်။

A.C. Milan2 – 3Manchester United
ရော်နယ်လ်ဒင်ဟို ၃ မိနစ်၊ ဆီးဒေါ့ဖ် ၈၅ မိနစ်ပေါစခိုးလ် ၃၆ မိနစ်၊ ရွန်းနီ ၆၆ မိနစ်၊ ၇၄ မိနစ်

ရော်နယ်လ်ဒင်ဟို သွင်းတဲ့ဂိုး
အေစီမီလန်အတွက် ပထမအဖွင့်ဂိုးကိုတော့ တစ်ကျော့ပြန်ခြေစွမ်းပြနေတဲ့ ရော်နယ်လ်ဒင်ဟိုက သွင်းယူသွားခဲ့ပါတယ်။ တကယ်တော့ ကားရစ်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားတာဖြစ်ပါတယ်။ ကားရစ်နဲ့သာမထိရင် ဂိုးသမား ဗန်ဒါဆား ထိနိုင်၊ ပုတ်ထုတ်နိုင်တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ ဖရီးကစ်ကန်တင်ပေးတာကို အီဗရာဖျက်ထုတ်ရာမှာ ကန်တင်ပေးသလိုဖြစ်သွားပြီး ရော်နယ်လ်ဒင်ဟိုက မနားတမ်းကန်သွင်းခဲ့တာပါ။

မန်ယူကို ပါဝင်မြှင့်ပေးခဲ့တဲ့ ပေါစခိုးလ်ရဲ့ ချေပဂိုး
အလယ်တန်းသုံးယောက်ရဲ့ တွဲလုံးနဲ့အတူ ကစားကွက်ဖော်ပြီး သွင်းယူသွားတဲ့ဂိုး ဖြစ်ပါတယ်။ အထူးသဖြင့် ဒီနေ့အဖို့ ညာတောင်ပံက ဘောလုံးမထွက်တဲ့ နာနီနေရာကို ဖလက်ချာက ပေါစခိုးလ်နဲ့ တွဲလုံးရိုက်ထွက်ပြီး တင်ပေးလိုက်တဲ့ ဘောလုံးကို ပေါစခိုးလ်ကန်သွင်းရာမှာ ကန်တဲ့ညာခြေထောက်နဲ့ လွဲသွားသော်လည်း ကျန်တဲ့ဘယ်ခြေထောက်ရဲ့ ဒူးကို လာမှန်ပြီး အေစီဂိုးသမားဒီဒါရဲ့ ညာဘက်ထောင့်တိုင်ကို တလိမ့်ချင်းလိမ့်ပြီး ထိမှန်ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂိုးရလိုက်တဲ့အတွက် မန်ယူအသင်း အားတက်သွားပြီး ကစားကွက်ပိုကောင်းလာခဲ့တာ ဖြစ်ပါတယ်။

ရွန်းနီကို ဘယ်သူထိန်းမှာလဲ (မန်ယူရဲ့ ဒုတိယဂိုး)
နာနီနေရာမှာ လူစားဝင်လာတဲ့ ဗလင်စီယာဟာ သူ့ရဲ့ ပထမဆုံးဘောလုံးရရှိမှုမှာပဲ အံ့ဖွယ်တင်ပို့မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ညာခြမ်းကနေ ဂိုးရှေ့ကို အမြောက်ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို နောက်ခံလူနှစ်ယောက်ကိုကျော်ပြီး ရွန်းနီက ဂိုးသမားရဲ့ ဘယ်ဘက်အဝေးထောင့်ကို ချိန်သားကိုက် ခေါင်းတိုက်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီဒါ ဘယ်လိုမှ မတတ်နိုင်ဘဲ မတ်တတ်ရပ်ပြီး လိုက်ကြည့်နေခဲ့ရပါတယ်။

ရပ်တန့်မရတဲ့ ရွန်းနီ နဲ့ အကွက်မြင်တဲ့ ဖလက်ချာ (မန်ယူရဲ့ တတိယဂိုး)
မီလန်သားတို့ကို အိပ်မက်ဆိုးတွေမက်ဖို့အတွက် ထပ်မံနှိပ်စက်ခဲ့တာကတော့ ရွန်းနီပဲ ဖြစ်ခဲ့ပါတယ်။ ရော်နယ်လ်ဒင်ဟိုလို ကမ္ဘာ့အကောင်းဆုံးဆုရ ဘောလုံးသမားမဟုတ်ပေမယ့် ဒီနေ့ပွဲမှာတော့ ဒင်ဟိုတစ်ယောက် ပါးစပ်ဟပြီး ကျန်ခဲ့စေမယ့် ဘောလုံးပေးပို့မှုတစ်ခုကို မန်ယူရဲ့ ဖလက်ချာက လုပ်ပြခဲ့ပါတယ်။ ၁၈ ကိုက်ထဲမှာ ရနေတဲ့ဘောလုံးကို အသာလေးလက်ပြပြီး တောင်းနေတဲ့ ရွန်းနီအတွက် အလိုက်သင့်လေး ခေါင်းတိုက်သွင်းနိုင်အောင် နောက်တန်းကိုကျော်ပြီး ဖလက်ချာတင်ပေးခဲ့ပါတယ်။ အံ့သြဖွယ်ရာကောင်းပြီး လှပလွန်းတဲ့ ပေးပို့မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ရွန်းနီကလည်း သူ့ကို ဘယ်သူမှ မရပ်တန့်နိုင်ကြောင်းကို အပိုင်ခေါင်းတိုက်သွင်းပြီး သက်သေပြခဲ့ပါတယ်။ အဲဒီဂိုးဟာ မန်ယူအတွက် အနိုင်ဂိုးသက်သက်သာ မဟုတ်ခဲ့ပါဘူး။ အေစီမီလန်အသင်းသားတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ဓာတ်နဲ့ မျှော်လင့်ချက်တွေကိုပါ တစ်ခါတည်း ရိုက်ချိုးပစ်လိုက်တဲ့ ရိုက်ချက်ဖြစ်ပါတယ်။

ရာဖေးလ်အမှား၊ ရော်နယ်လ်ဒင်ဟိုအရုန်း၊ ဆီးဒေါ့ဖ်စကေးလ် (အေစီမီလန်အတွက် ဒုတိယဂိုး)
မန်ယူကရသွားတဲ့ဘောလုံးကို ရာဖေးလ်မလိုအပ်ဘဲ ဆွဲတက်သွားတဲ့အတွက် တန်ပြန်ပေးလိုက်ရတဲ့ဂိုး ဖြစ်ပါတယ်။ တကယ်ဆိုရင် ရှေ့မှာရှိနေတဲ့ ရှေ့တန်းလူတစ်ယောက်ယောက်ကို ပေးနိုင်ပါလျက်နဲ့ တိုက်စစ်အားသန်လွန်းတဲ့ ညာနောက်ခံလူ ရာဖေးလ်က ဘောလုံးနဲ့အတူ ဆွဲပြေးသွားပါတယ်။ အဲဒီဘောလုံးကို သက်လုံကျသွားတဲ့ ရော်နယ်လ်ဒင်ဟိုရပြီး ၁၈ ကိုက်အတွင်းမှာ အကောင်းဆုံးညှစ်ထုတ်ရုန်းကန်ပြီး အကွက်ဆင်ပေးတာကို လူစားဝင်ကစားသမား ဆီးဒေါ့ဖ်ကလည်း စကေးလ်ပြပြီး သွင်းယူသွားခဲ့ပါတယ်။ မန်ယူတို့အတွက် မပေးသင့်ဘဲ ပေးလိုက်ရတဲ့ဂိုး ဖြစ်ပါတယ်။ အဲဒီဂိုးကြောင့် နောက်ဆုံးမိနစ်တွေမှာ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကစားကွက်ပါ ပျက်သွားခဲ့ရပါတယ်။

သမိုင်းဟောင်းကိုဖျက်ပြီး သမိုင်းသစ်ရေးမယ်
မန်ယူအသင်းရဲ့ သမိုင်းမှာ အေစီမီလန်အသင်းရဲ့ ဆန်စီရိုကွင်းကြီးမှာ တစ်ကြိမ်တစ်ခါမှ အနိုင်ရခဲ့ဖူးခြင်း မရှိပါဘူး။ အဲဒါကြောင့် ဆန်စီရိုကွင်းဟာ သရဲနီတို့အတွက် သမိုင်းမလှတဲ့ ခက်ခဲမှုတွေပြည့်နေတတ်တဲ့ ခရောင်းပင်လယ် ဖြစ်နေခဲ့ရပါတယ်။ ဘောလုံးကျွမ်းကျင်သူတို့ကလည်း အဲဒီသမိုင်းအချက်အလက်ကြောင့်ပဲ ဆန်စီရိုကွင်းဆိုရင် မန်ယူကိုမေ့ထားပြီး အမြဲတစေ အေစီမီလန်ကိုပဲ အလေးပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ မန်ယူရဲ့ သရဲနီတပ်သားတွေက အဲဒီသမိုင်းကြောင်းကို ပြောင်းလဲပစ်လိုက်ကြပါပြီ။ သမိုင်းဝင် ထိုက်တန်တဲ့ခြေစွမ်းပြပြီး သူ့အိမ်၊ သူ့ကွင်း၊ သူ့ပရိသတ်ရှေ့မှောက်မှာ အေစီမီလန်ကို အနိုင်ယူနိုင်စွမ်းရှိကြောင်း သမိုင်းသစ်ရေးထိုးလိုက်ကြပါပြီ။

ဖာဂူဆန်ကိုတုပြီး လီယိုနာဒို မခုန်ပါနဲ့
ဒီနေ့အနိုင်အတွက် ဖာဂူဆန်ရဲ့ လူထုတ်ပုံတွေက ဘာမှအမှားမရှိခဲ့ပါဘူး။ ခြေမှန်ပြန်ရနေတဲ့ နာနီကို ညာတောင်ပံမှာ ပွဲထွက်ကြိုးစားခွင့်ပေးခဲ့ပေမယ့် ထိရောက်တဲ့ဖန်တီးမှုတွေ မလုပ်နိုင်ခဲ့တဲ့အတွက် ရဲဝံ့စွာပဲ လူစားလဲခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးရလဒ်အဖြစ် လူစားဝင်ဗလင်စီယာက သူ့ရဲ့ ပထမဆုံး ဘောလုံးဖန်တီးမှုကနေပဲ ရွန်းနီကို ခေါင်းတိုက်ဂိုးသွင်းနိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးသွင်းပြီးတဲ့အချိန်မှာတောင် ကစားအားချပြီး ခံစစ်မကစားစေဘဲ သက်လုံကျနေတဲ့ အေစီမီလန်ကို တောက်လျှောက်တိုက်စစ်ဆင်စေခဲ့တဲ့ ဖာဂူဆန်ရဲ့ ဆုံးဖြတ်ချက်လည်း မှန်ကန်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာလည်း သူ့ကြောင့်ပေးလိုက်ရတဲ့ ဂိုးအတွက် ဖိအားဝင်သွားတဲ့ ရာဖေးလ်ကို ဖာဂူဆန်က ချက်ချင်းလဲပစ်ခဲ့ပါတယ်။ ရာဖေးလ်ဟာ ကလေးသာသာပဲ ရှိသေးတဲ့အတွက် ဖိအားဝင်သွားချိန်မှာ အရမ်းကို သိသာသွားခဲ့ပါတယ်။ တစ်ပွဲလုံး ထိန်းချုပ်နိုင်ခဲ့တဲ့ ရော်နယ်လ်ဒင်ဟိုကိုတောင် မကပ်နိုင်တွေ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဒုတိယဂိုးရသွားတဲ့အတွက် ကစားအားတင်လာပြီး တောက်လျှောက်ဖိကစားလာတာကိုပါ မန်ယူခံခဲ့ရပါတယ်။ အဲဒါကိုမြင်တဲ့ ဖာဂူဆန်ဟာ အေစီမီလန်ရဲ့ တိုက်စစ်အရှိန် ရပ်သွားအောင်ရော၊ မန်ယူကစားသမားတွေ အနားရအောင်ရော၊ ရာဖေးလ်နေရာမှာ အချိန်မီပြန်ဖာနိုင်အောင်ရော တစ်မိနစ်တောင် မလိုတော့တဲ့အချိန်မှာ လူစားလဲမှုပြုလုပ်ခဲ့ပါတယ်။ ရာဖေးလ်နေရာမှာ ၀က်စ်ဘရောင်းကို ထည့်လိုက်တာပါပဲ။

လီယိုနာဒိုရဲ့ အေစီမီလန်ကတော့ ပထမပိုင်းမှာပဲ မန်ယူကို သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းတစ်ပိုင်းလုံး မန်ယူရဲ့တိုက်စစ်ကိုပဲ ထိန်းချုပ်ဟန့်တားနေခဲ့ရပါတယ်။ ဘာမှမလုပ်နိုင်တော့တဲ့ ဘက်ဟမ်းကို အစောကြီးလူစားမလဲခဲ့တာ၊ လုံးဝကို ခြေစွမ်းမပြနိုင်တဲ့ ဟန်တယ်လာကို လူစားမလဲခဲ့တာ၊ လှုပ်မရတဲ့ပါတိုအတွက် ကစားကွက်ပြောင်းမပေးခဲ့တာ၊ လက်စွမ်းကျနေပြီဖြစ်တဲ့ ဒီဒါကို အခုလိုပွဲမှာ ကစားစေခဲ့တာတွေက ဖာဂူဆန်ကို အရှုံးပေးဖို့အတွက် ဖြစ်သွားစေခဲ့ရပါတယ်။

ဘယ်သူမှားလဲ?
ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ ကားရစ်ကို နှစ်ဝါတစ်နီနဲ့ ထုတ်လိုက်တာနဲ့ပတ်သက်လို့ ဒွိဟဖြစ်စရာပါပဲ။ တကယ်ဆိုရင် အ၀ါမပြရင်လည်း ဖြစ်တဲ့ကိစ္စပါပဲ။ ပထမအ၀ါကတ်အတွက် မပြောလိုပါဘူး။ ရော်နယ်လ်ဒင်ဟိုရဲ့ ဘောလုံးသယ်ယူမှုကို ဘောလုံးမထိဘဲ လျှောထိုးဖျက်ထုတ်တဲ့အတွက် ပေးလိုက်တာကိုး။ ဒုတိယအ၀ါကတ်ကတော့ ကျွန်တော့်အထင် အချိန်ဆွဲတယ်ဆိုပြီး အ၀ါပြလိုက်တာလို့ ထင်ပါတယ်။ အချိန်ဆွဲတယ်ဆိုတာ ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဘောလုံးကို လက်နဲ့ကိုင်ပြီး သယ်သွားတာ၊ ဘောလုံးကို ကွင်းနဲ့အဝေးကြီးကို ကန်ထုတ်ပစ်လိုက်တာမျိုး မဟုတ်ဘဲ ပြစ်ဒဏ်ဘောဖြစ်တဲ့နေရာကနေ ဘာမှမပြောပလောက်တဲ့ နေရာအထိ ဆွဲယူသွားသလို ဖြစ်သွားတာကြောင့် အ၀ါကတ် ပြလိုက်တာကိုတော့ နားမလည်နိုင်ပါဘူး။ အထိုင်ကျနေတဲ့ အလယ်တန်းအတွက် နောက်ပွဲမှာ ကားရစ်မပါနိုင်တာဟာ အနည်းနဲ့အများဆိုသလို နစ်နာလှပါတယ်။

နောက်တန်းတွေ ညံ့ခဲ့တယ်
ဒီနေ့ပွဲမှာ နှစ်သင်းလုံးက နောက်တန်းကစားပုံတွေ အကောင်းဆုံးမဖြစ်ခဲ့ဘဲ ညံ့ဖျင်းခဲ့ပါတယ်။ ဖာဒီနန်ဦးဆောင်တဲ့ မန်ယူနောက်တန်းက နက်စ်တာဦးဆောင်တဲ့ အေစီမီလန်နောက်တန်းထက် နည်းနည်းလေးပဲ ပိုတည်ငြိမ်ပါတယ်။ ပေးလိုက်ရတဲ့ ဂိုးတွေအားလုံးထဲမှာ ရွန်းနီရဲ့ ပထမခေါင်းတိုက်ဂိုးကလွဲရင် ကျန်တဲ့ဂိုးတွေအားလုံးဟာ နောက်တန်းအမှားတွေကြောင့် မပေးသင့်ဘဲ ပေးလိုက်ရတာတွေ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ တောင်ပံခံစစ်နှစ်ခုလုံးက အီဗရာနဲ့ ရာဖေးလ်တို့ မာခဲ့တဲ့အတွက်သာ အေစီတို့ အခက်တွေ့သွားခဲ့ရတာ ဖြစ်ပါတယ်။

မလွယ်တော့တဲ့ အေစီနဲ့ လေချွန်နေပြီဖြစ်တဲ့ မန်ယူ
ဒုတိယအကျော့ကို မန်ယူရဲ့အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လာတဲ့အခါ လီယိုနာဒိုရဲ့ အေစီမီလန်အသင်းဟာ ဘယ်လိုအင်အားမျိုးနဲ့များ လာမလဲလို့ တွေးကြည့်နေမိပါတယ်။ မန်ယူအနေနဲ့ အဝေးကွင်းဂိုး (၃)ဂိုးအထိ ရလိုက်တဲ့အတွက် နောက်တစ်ဆင့်အတွက် သေချာသလောက် ဖြစ်သွားပြီလို့ ပြောနိုင်ပါတယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့် မန်ယူကွင်းမှာတော့ အဲဒီလောက်အထိ ဒင်ဟိုတို့အုပ်စု ပဉ္စလက်ဆန်ဆန် လုပ်မပြနိုင်လောက်ဘူးလို့ ယုံကြည်နေမိပါတယ်။ ရွန်းနီတို့လူသိုက်ကလည်း “သက်ငယ်ခြေစွမ်း သက်ကြီးလွမ်း” ဖြစ်ရအောင် အကောင်းဆုံးခြေစွမ်းပြပြီး ရော်နယ်လ်ဒင်ဟိုတို့ကို နှိပ်စက်ကြပါလိမ့်ဦးမယ်။ အိုးထရက်ဖို့ဒ်ပွဲကို မျှော်လင့်ရင်း …..။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၆ နာရီ ၁၄ မိနစ်တွင်ပြီး၏။

ဂျာနယ်တွေအကြောင်း မပြောချင်ဘူး၊ ဒါပေမယ့် ပြောဦးမယ် - ကိုဉာဏ် (ပန်းလောင်မြေ)


ခဏခဏပြောလွန်းတော့ ဘလော့ဂ်ကို လာဖတ်တဲ့လူတွေက စိတ်ညစ်နေလောက်ပါပြီ။ ဒါပေမယ့် ပြောစရာတွေကလည်း ကျွန်တော့်ကျမှများ လာလာပြီး ကြုံနေရသလား မပြောတတ်တော့ပါဘူး။ ထုံးစံအတိုင်း မရိုးနိုင်တဲ့ ဂျာနယ်တွေမှာ ပြီးစလွယ်လုပ်မှု၊ စာလုံးပေါင်းအမှားတွေကို အလှူကြီးပေးနေမှုတွေပေါ့။

တော်တန်ရုံအမှားလောက်ကို ကျွန်တော်မပြောဖြစ်တော့ပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ဘယ်နားမှာမှားတယ်၊ ဘယ်ဟာကလွဲနေတယ် စသည်ဖြင့် စာဖတ်ရင်းနဲ့ မင်နီတစ်ချောင်းနဲ့ တို့ထား၊ မှတ်ထားလိုက်ပါတယ်။ ဖတ်စရာဂျာနယ်တွေက များရတဲ့အထဲ စာလုံးပေါင်းမှားတာလောက်ကိုပါ လိုက်စစ်နေရင် တစ်ပတ်ကိုတစ်စောင်ပြည့်အောင် ဖတ်ဖို့ဆိုတာတောင် အတော်ကြိုးစားရမယ်။ ကျွန်တော်ဖတ်သမျှ ဂျာနယ်တွေကလည်း စာလုံးပေါင်းအမှား၊ အသုံးအနှုန်းအမှား အင်မတန်များပါလားဆိုတာ တစ်နေ့ပြီးတစ်နေ့ သိ,သိလာရတယ်။

ကဲ… ပြောပါရစေဦ။ ပထမဆုံးအနေနဲ့ ဒီပို့စ်ကို ရေးဖြစ်အောင်အထိ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာနဲ့ စပါ့မယ်။ ဆရာလူထုစိန်ဝင်းရေးတဲ့ ပညာရှင်ဆိုတာ ကြီးမြတ်သူဖြစ်တယ် ဆိုတဲ့ ဆောင်းပါးကို ဒီနေ့မနက်ပြန်ရိုက်နေရင်းနဲ့ နောက်ဆုံးအပိုဒ်ရောက်တော့ မအီမလည်ကြီးဖြစ်သွားရတယ်။ စိတ်လည်းညစ်သွားသလို အတော်လေးလည်း အောင့်သီးအောင့်သက် ဖြစ်သွားမိတယ်။ ကျွန်တော်သာ ဆရာလူထုစိန်ဝင်းဆိုရင် အဲဒီဂျာနယ်ကို စာမူပေးဖို့ အတော်လေးကို ပြန်စဉ်းစားမိမှာ အသေအချာပါပဲ။ နောက်ပြီးတော့ ရေးထားတဲ့အကြောင်းအရာကလည်း ပညာရှင်တွေနဲ့ ပတ်သက်တဲ့အကြောင်း။ တစ်ခါတစ်ခါ စဉ်းစားမိတယ်။ ကျွန်တော်တို့ကသာ ဖတ်စရာစာ၊ လေ့လာစရာစာ၊ မှတ်သားစရာစာလို့ ခံယူကြတာကိုး။ ဂျာနယ်လုပ်တဲ့လူတွေအတွက်ကျတော့ "စာ" ဆိုတာထက် "စီးပွားရေး" ဆိုတဲ့ အမြင်ပဲ ရှိမယ်ထင်တယ်လို့ တွေးမိတာလည်း ခဏခဏပါပဲ။ စကားပြန်ဆက်ရအောင်ပါ။

နောက်ဆုံးအပိုဒ်မှာ ဆရာလူထုစိန်ဝင်းပေးထားတဲ့ ခေါင်းစဉ်ခွဲက "ဆိုကရေးတီးလို" တဲ့။ ဆိုကရေးတီးကို လူတိုင်းနီးနီး သိကြပါတယ်။ ဘယ်သူမှန်းသေသေချာချာ မရှင်းပြနိုင်ပေမယ့် ဘယ်သူကွဆိုတာလောက်တော့ ပြောပြနိုင်ကြတဲ့ ပညာရှင်ကြီးဆိုပါတော့။ အဲဒါကိုလေ ကိုရွှေဂျာနယ် True News က ဘယ်လိုလုပ်လိုက်သလဲဆိုတော့ "ဆို၊ က၊ ရေး၊ တီးလို" တဲ့။ ကဲ… ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ။ ခေါင်းစဉ်မှာတင်မှားတာဆိုရင် ကျွန်တော် နားလည်ပေးဦးမလို့ပါပဲ။ ဒါပေမယ့် အထဲက စာမှာပါ အမှားအတိုင်းကြီး ရောချထားသဗျ။ ဂျာနယ်မှာ ဖော်ပြထားတဲ့ မူရင်းရေးသားချက်ကို ဖတ်ကြည့်ပါဦး။ စာဖတ်သူအနေနဲ့ ဘယ်လိုနားလည်သလဲ၊ ဘယ်သူ့အလွန်လဲဆိုတာကိုပေါ့။

ဆို၊ က၊ ရေး၊ တီး လို
"ပညာရှင်" ဆိုတဲ့ စကားလုံးရဲ့နောက်မှာ အင်မတန်ကြီးလေးတဲ့ တာဝန်တွေရှိသလို၊ အင်မတန်ကြီးမြတ်တဲ့ တန်ဖိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီစကားကို ပေါ့ပေါ့လွယ်လွယ် မသုံးစေချင်ဘူး။ ပညာရှင်ဆိုတဲ့ နာမည်ခံချင်ကြရင်လည်း ကိုယ်ကိုယ်ကိုယ် ဆို၊ က၊ ရေး၊ တီးလို ကိုယ့်ပညာရပ်ရဲ့ ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်မှု ပြုနိုင်ရဲ့လားဆိုတဲ့ မေးခွန်းကို အရင်ဆုံးမေးကြည့်ပါဦးလို့ ပြောလိုက်ချင်ပါတယ်။


အစပိုင်းမှာပြောခဲ့တာက သီချင်းတွေအကြောင်း၊ ဇာတ်သဘင်တွေအကြောင်းဆိုတော့ ကျွန်တော်ပဲ ဖတ်တာမှားတာလား၊ နားလည်မှုလွဲနေတာလား၊ သူပြောချင်တာကို ကျွန်တော်မသိတာလား စသည်ဖြင့် ခေါင်းခြောက်သွားသေးတယ်။ နောက်မှ ဆရာလူထုစိန်ဝင်းကတော့ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို မညွှန်းလောက်ပါဘူးလို့ တွေးမိလိုက်ပါတယ်။ မပြောချင်တော့ပါဘူးဗျာ။

တစ်လက်စတည်း ပြောဦးမယ်။ ဂျာနယ်တွေအကြောင်းပေါ့။ အကုန်လုံးတော့ မပြောတော့ပါဘူး။ နည်းနည်းပါးပါးပေါ့။ တော်ကြာနေ စာဖတ်သူတွေက သူတို့ထုတ်သမျှကို ပိုက်ဆံပေးပြီး ၀ယ်ဖတ်နေတဲ့ ခပ်ညံ့ညံ့တွေလို့ ထင်နေမှာစိုးလို့ပါ။ သူတို့ဂျာနယ်တွေကို ဖတ်ချင်တာမဟုတ်ပါဘူး။ အထဲမှာရေးထားတဲ့ စာရေးဆရာကြီးတွေရဲ့ စာတွေကြောင့် ဖတ်ဖြစ်နေတာပါ။ အဲဒီစာတစ်ပုဒ်ကိုပဲ ဂျာနယ်သုံးလေးခုမှာ အပြိုင်ပါပြီး ရွေးဖတ်လို့ရရင် အဲဒီလိုဂျာနယ်တွေကို မဖတ်ဖြစ်မှာ အသေအချာပါပဲ။

7Day News ဂျာနယ်က ဖတ်စရာစုံလင်ပါတယ်။ အမြဲတမ်းပါတတ်တဲ့ အစီအစဉ်လေးတွေ၊ ဆောင်းပါးလေးတွေလည်း ကောင်းပါတယ်။ ဒါပေမယ့် ဟိုစာမျက်နှာညွှန်း၊ ဒီစာမျက်နှာညွှန်း သိပ်လုပ်တဲ့ ဂျာနယ်ပါ။ ဂျာနယ်ဖတ်တဲ့လူကို စိတ်မရှည်အောင်၊ စိတ်တိုလာအောင်၊ ဖတ်ချင်စိတ်ကုန်အောင် တမင်လုပ်နေသလားလို့တောင် တွေးမိပါတယ်။ တစ်ချို့အကြောင်းအရာတွေများဆိုရင် သုံးခါလောက် စာမျက်နှာအညွှန်းနဲ့ ပြန်ဖတ်ရတာ အတော်ကို စိတ်ညစ်စရာ ကောင်းပါတယ်။ အဆိုးဆုံးကတော့ နောက်စာမျက်နှာက စာတွေကို ရှေ့စာမျက်နှာတွေမှာ ပြန်ညွှန်းတာပါပဲ။ ဆိုပါတော့ စာမျက်နှာ ၄၅ မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို စာမျက်နှာ ၂၆ မှာဆက်ဖတ်ဖို့အတွက် ညွှန်းတာမျိုးပေါ့။

လျှပ်တစ်ပြက်ဂျာနယ်ကတော့ သတင်းထူးတယ်၊ သူများနဲ့မတူတာ လုပ်တတ်တယ်၊ အယ်ဒီတာ ဆရာမြတ်ခိုင်ရဲ့ ဖွလုံးတွေကို သဘောကျလို့သာ ဖတ်နေရတယ်။ စာလုံးပေါင်းကို ရေးချင်သလိုရေးတဲ့ ဂျာနယ်ပါ။ လုံးဝကို ပြင်လည်းမပြင်၊ ဂရုလည်းမစိုက်တဲ့ ဂျာနယ်လို့ ကျွန်တော်မှတ်ထားပါတယ်။ မြန်မာစာလုံးပေါင်းတွေမှားလို့ အင်္ဂလိပ်စာလုံးပေါင်းရော မှန်သလားဆိုတော့လည်း တလွဲချည်းပါပဲ။ သူတို့ရေးချင်သလိုကို ရေးတာပါ။ သည်းခံရတာပါပဲ။

နောက်များမှ ဆက်ပါဦးမယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၇ နာရီ ၁၃ မိနစ်တွင်ပြီး၏။

ပညာရှင်ဆိုတာ ကြီးမြတ်သူဖြစ်တယ် - လူထုစိန်ဝင်း


အနုပညာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုသူတိုင်းကို အနုပညာသည်လို့ ခေါ်ချင်ခေါ်ပါ။ အနုပညာရှင်လို့တော့ဖြင့် မခေါ်ချင်ဘူးလို့ တစ်ခါက ရေးခဲ့ဖူးတဲ့ ဂျာနယ်ဆောင်းပါးတစ်စောင်ကို ယူလာပြီး မိန်းကလေးတစ်ဦးက မေးခွန်းတွေ မေးပါတယ်။ မြန်မာစာ ဆရာမလေးတစ်ဦးပါ။ သူက "ပညာရှင်"ဆိုတဲ့ စကားကို စေ့စေ့စပ်စပ် လေ့လာဆန်းစစ်နေပုံ ရပါတယ်။

သီချင်းသည်ဆိုတဲ့ အသုံး
အနုပညာရှင်ဆိုတဲ့ စကားရှိသလို မြန်မာစကားမှာ အနုပညာသည်ဆိုတဲ့ အသုံးလည်းရှိပါတယ်။ သဘင်သည်ဆိုတဲ့ အသုံးလည်း ရှိပါတယ်။ ရှေးက သီချင်းသည် (သာချင်းသည်) တို့၊ ပန်းပွတ်သည်တို့ ဆိုတဲ့အသုံးတွေလည်း ရှိပါတယ်။ အဲဒါကြောင့် သီချင်းဆိုသူတိုင်း အငြိမ့်က  ဇာတ်က,စားသူတိုင်းကို ဂီတပညာရှင်တို့၊ သဘင်ပညာရှင်တို့မခေါ်ဘဲ ပညာသည်လို့သာ ခေါ်စေချင်တာပါ။ ကိုယ့်တစ်ဦးတစ်ယောက်တည်းရဲ့ အမြင်သဘောထားပါ။ အဘိဓာန်ဖွင့်ဆိုချက်တွေ၊ ကျမ်းစာအလိုတွေနဲ့ ညီကောင်းမှညီပါလိမ့်မယ်။ အသက်ကြီးတဲ့ သတင်းစာဆရာတစ်ယောက် ပြောတာဖြစ်လို့ဆိုပြီး အမှန်လို့ မယူဆပါနဲ့။ မရေးလိုက်ပါနဲ့။ သတင်းစာဆရာ ဘယ်သူဘယ်ဝါကဖြင့် သူ့အယူအဆကို ဒီလိုဒီလို ပြောပါတယ်ဆိုတာမျိုးပဲ ရေးပါ။ အသက်ကြီးတဲ့သူရဲ့ စကားတိုင်း မှန်တယ်လို့ ပြောလို့မရပါဘူး။ မမှားတဲ့ သတင်းသမားလည်း မရှိပါဘူး။ ရှေ့ဆက်ပြီးရှာပါ၊ လေ့လာပါ၊ သုတေသနတွေလုပ်ပါလို့ ဆရာမလေးကို စကားခံပြီးမှ ကိုယ့်အမြင်အယူအဆတွေကို ပြောပြလိုက်ပါတယ်။

စည်းဝါးမသိအဆိုတော်
သီချင်းဆိုသူတိုင်း ဂီတသဘောတရား၊ ဂီတပညာကို တတ်သိနားလည်ကြတာ မဟုတ်ပါဘူး။ အထူးသဖြင့် ဒီခေတ်မှာ အသံအကြောင်း၊ စည်းဝါးအကြောင်း ဘာတစ်ခုမှ မသိဘဲနဲ့ အဆိုတော်ဖြစ်နေသူတွေ၊ သီချင်းရေးနေသူတွေ မနည်းလှပါဘူး။ တချို့များ တော်တော်အောင်မြင်ပြီး ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာတောင် ရှိပါတယ်။ အသံအကြောင်း၊ စည်းဝါးအကြောင်း နားမလည်သူတစ်ယောက်ကို နာမည်ကြီးအဆိုတော် ဖြစ်နေရုံနဲ့တော့ ဂီတပညာရှင်လို့ ခေါ်သင့်တယ်မထင်ပါဘူး။ စင်စစ် သူဟာ "သီချင်းသည်" ပါ။ သဘင်သည်ဆိုတဲ့ စကားရှိထားတဲ့အတွက် ဂီတပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုသူ "ဂီတပညာသည်" ဆိုတဲ့ အခေါ်မျိုးလောက်နဲ့ပဲ သင့်တော်မယ်ထင်ပါတယ်။ အဆိုတော်လိုပါပဲ၊ ဒီခေတ်မှာ အငြိမ့်က,စားတိုင်း၊ ဇာတ်က,စားနေတိုင်း ကတတ်တယ်လို့ မထင်နဲ့။ တချို့က လက်မြှောက်ခြေမြှောက်နဲ့ ဇာတ်ခုံပေါ် ပတ်ချာလည်ပြေးရင်း ခုန်ပေါက်နေတာလောက် လုပ်တတ်တာ။ "ခေါင်း၊ ခါး၊ ခြေ၊ လက်" တို့ ဘာတို့ သိတာမဟုတ်ဘူး။ အငြိမ့်ဆိုတဲ့ အကပညာရပ်တစ်ခုကို ဖျက်ဆီးနေတဲ့ "အငြိမ့်ခွေ" တွေထဲက မင်းသမီးတွေကို ကြည့်လိုက်ရင် လက်ခံသဘောတူမှာပါ။

ဆတ်ဆတ်ထိမခံသူ
ပညာရှင်ဆိုတာကတော့ ပညာရပ်တစ်ခုကို "ထုံးလိုချေ၊ ရေလိုနှောက်" နိုင်အောင် ပိုင်ပိုင်နိုင်နိုင် တတ်သိနားလည်ပြီး အဲဒီပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုသူ၊ အဲဒီပညာကို တိုးတက်သထက် တိုးတက်အောင် ရှာဖွေစမ်းသပ်၊ သုတေသနအလုပ်တွေ လုပ်နေသူ၊ အဲဒီပညာနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ရှာဖွေတွေ့ရှိချက်တွေ ဖြည့်စွက်ပေးနိုင်သူ၊ ကိုယ်ပိုင်အတွေးအခေါ် အယူအဆတွေနဲ့ ဝေဖန်သုံးသပ်ပြီး ကောက်ချက်တစ်ခု ချပေးနိုင်သူဖြစ်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် တစ်ချက်ထပ်ဖြည့်ပါသေးတယ်။ အဲဒီအချက်ကတော့ ပညာရှင်ဆိုတာ ကိုယ့်ပညာရပ်ရဲ့ ဂုဏ်သိက္ခာကို ကိုယ့်အသက်နဲ့ထပ်တူ လေးစားတန်ဖိုးထားပြီး အဲဒီဂုဏ်သိက္ခာကို "ဆတ်ဆတ်ထိမခံ" ထိန်းသိမ်းကာကွယ် စောင့်ရှောက်သူ ဖြစ်ရမယ်ဆိုတာ ဖြစ်ပါတယ်။

ကြောင်ဖြူကြောင်မည်း အယူအဆ
ဒီအချက်က ဒီခေတ်မှာ ပိုပြီး အရေးကြီးတယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ "ကြောင်ဖြူတာ မည်းတာက အရေးမကြီးဘူး၊ ကြွက်မိဖို့သာလိုရင်းပဲ" ဆိုတဲ့ အယူအဆ လွှမ်းမိုးပြီး နေရာတကာမှာ "ငွေ အဓိက" ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ပညာရှင်တွေကိုယ်တိုင်လည်း "အူမတောင့်မှ သီလစောင့်နိုင်တယ်" ဆိုတဲ့စကား အပြောများလာကြတာများ ကြားမိမြင်တွေ့နေရလို့ပါ။ ငွေအတွက်၊ ရာထူးအာဏာအတွက် ကိုယ့်ပညာရဲ့ ဂုဏ်သိက္ခာနဲ့ ပညာရှင်ဆိုတဲ့ ကိုယ့်ဂုဏ်သိက္ခာကို မငဲ့ကွက်တော့ဘဲ ငွေရှင် ကြေးရှင်များ၊ ရာထူးအာဏာရှင်များရဲ့ ရှေ့မှောက်မှာ ၀ပ်စင်းသါားကြတာတွေလည်း မနည်းပါဘူး။ လောလောဆယ်တောင် ပညာရှင်တချို့ဟာ ဆေးဝါးထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီးတွေ ခိုင်းစေတဲ့အတိုင်း ကြက်ငှက်တုပ်ကွေး ရောဂါနဲ့ပတ်သက်ပြီး  ပုံကြီးချဲ့အစီရင်ခံစာတွေ ရေးသားတင်သွင်းခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ နိုင်ငံတကာ စာနယ်ဇင်းတွေမှာ ဖတ်နေရပါတယ်။ ဓာတုလက်နက်တွေနဲ့ အဆိပ်ဓာတ်ငွေ့လက်နက်တွေ စမ်းသပ်တီထွင်ပေးနေကြသူတွေဟာလည်း သိပ္ပံပညာရှင်လို့ အမည်ခံထားကြတဲ့ ပါရဂူဘွဲ့ရတွေ ဖြစ်ကြပါတယ်။

သိက္ခာကို ရိက္ခာနဲ့ လဲသူတွေ
ကုမ္ပဏီပိုင်ရှင် သူဌေးဆိုသူတွေက ပိုက်ဆံရှာတတ်ရုံ၊ ငွေထုတ်ပေးရုံကလွဲပြီး ဘာမှတတ်တာ မဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေကသာ လူသတ်လက်နက်တွေဖြစ်တော့ မလုပ်နိုင်ဘူလို့ တင်ထားရင် သူဌေးတွေ ဘာလုပ်တတ်မှာလဲ။ ပညာရှင်တွေက ပညာရှင်ရဲ့ ကျင့်ဝတ်သိက္ခာနဲ့ ပညာရပ်ရဲ့ ဂုဏ်သိက္ခာကို မထိန်းကြလို့သာ ဒီလို လူသတ်လက်နက်တွေ အစုလိုက်၊ အပုံလိုက် ရှိနေတာဖြစ်ပါတယ်။ ပညာရှင်တွေကို ဒီလိုဖြစ်သွားအောင် လုပ်လိုက်တာက "ကြောင်ဖြူ ကြောင်မည်း" သမားတွေဖြစ်တယ်။ သူတို့သာ အဓိကတရားခံဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ပညာရှင်ဆိုတဲ့ ဂုဏ်သိက္ခာကို အသပြာနဲ့ ရောင်းစားဖို့ ၀န်မလေးတဲ့ ပညာရှင်တွေမှာလည်း တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။

ဆိုကရေးတီး လို
"ပညာရှင်" ဆိုတဲ့ စကားလုံးရဲ့နောက်မှာ အင်မတန်ကြီးလေးတဲ့ တာဝန်တွေရှိသလို၊ အင်မတန်ကြီးမြတ်တဲ့ တန်ဖိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီစကားကို ပေါ့ပေါ့လွယ်လွယ် မသုံးစေချင်ဘူး။ ပညာရှင်ဆိုတဲ့ နာမည်ခံချင်ကြရင်လည်း ကိုယ်ကိုယ်ကိုယ် ဆိုကရေးတီးလို ကိုယ့်ပညာရပ်ရဲ့ ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်မှု ပြုနိုင်ရဲ့လားဆိုတဲ့ မေးခွန်းကို အရင်ဆုံးမေးကြည့်ပါဦးလို့ ပြောလိုက်ချင်ပါတယ်။

(True News ဂျာနယ် အတွဲ ၂ အမှတ် ၂၇ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

ဗိုလ်ချုပ်နှင့် ခေါင်းဆောင်မှုရှာပုံတော် (၂) - ဇေယျသူ


မိမိအကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွား ဦးထိပ်ထားသူ
ဗိုလ်ချုပ်အောင်ဆန်းသည် "မိမိတစ်ကိုယ်ရေ အကျိုးစီးပွါးထက် နိုင်ငံ့အကျိုးစီးပွါးကို ဦးထိပ်ထားသူ" ဖြစ်သည်။ ခေါင်းဆောင်မှုပညာရပ် အလိုအရ 'Putting the organization's interests before personal interests' သဘောတရားနှင့် ဗိုလ်ချုပ်သည် လုံးဝကိုက်ညီသည်။ သူ့အတွက် "လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ" သာ ဖြစ်ခဲ့သည် မဟုတ်ပါလား။

ခေတ်ကာလတစ်လျှောက် နိုင်ငံစုံ၊ နယ်ပယ်စုံတွင် ခေါင်းဆောင်များ ရှိခဲ့ကြသော်လည်း ခေါင်းဆောင်အများအပြားသည် မိမိတို့ပန်းတိုင်ရောက်ရေးကိုသာ ဦးစားပေးတတ်ပြီး နိုင်ငံပန်းတိုင်ရောက်ရေး၊ မိမိအဖွဲ့အစည်း ပန်းတိုင်ရောက်ရေးကို နောက်တွင်ထားသူများ ဖြစ်သည်။ နိုင်ငံ သို့မဟုတ် အဖွဲ့အစည်း ပန်းတိုင်သို့ ချီတက်ရာတွင် အဖွဲ့အစည်းနှင့် နိုင်ငံ ပန်းတိုင်မရောက်မီ ကာယကံရှင် ခေါင်းဆောင်က ပန်းတိုင်သို့ ကြိုရောက်သွားသည့် အဖြစ်အပျက်များကို ကမ္ဘာ့နိုင်ငံရေးသမိုင်း၊ စီးပွါးရေးသမိုင်းတွင် များစွာ တွေ့ခဲ့ရသည်။ ဗိုလ်ချုပ်မှာ မိမိပန်းတိုင်ရောက်ရေးထက် နိုင်ငံပန်းတိုင်ရောက်ရေးကိုသာ ဦးထိပ်ထားသူ ခေါင်းဆောင်ကောင်းဖြစ်သည်။

ခေါင်းဆောင်လုပ်ရမှသာ အဖွဲ့အစည်းအတွက် ကြိုးစားအားထုတ်သည်မဟုတ်ဘဲ နောက်လိုက်နေရာရလျှင်လည်း ဗိုလ်ချုပ်သည် ကျရာနေရာမှ အစွမ်းကုန်ကြိုးပမ်းသူဖြစ်သည်။ မိမိခေါင်းဆောင်နေရာမှ မနေရလျှင် ဖျက်လိုဖျက်ဆီးလုပ်လိုသည့် "မင်းသားကြီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်မည့်" စိတ် ဗိုလ်ချုပ်တွင် လုံးဝမရှိပါ။ တက္ကသိုလ်ကျောင်းသားဘ၀က ဥက္ကဋ္ဌဖြစ်သင့်သော်လည်း အခြားကျောင်းသားကြီးတစ်ယောက် အရွေးခံလိုက်ရပြီး ကိုအောင်ဆန်းမှာ ဒုဥက္ကဋ္ဌသာ ဖြစ်ခဲ့သည်။ ခြေထိုးခံရသည်ဟု ယူဆကာ သူငယ်ချင်းများက မကျေမနပ်ဖြစ်ခဲ့သော်လည်း ကိုအောင်ဆန်း ကိုယ်တိုင်မှာမူ ကဖျက်ယဖျက်စိတ် လုံးဝမရှိဘဲ အဖွဲ့၏ ကျရာတာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သည်။ ယင်းကိုကြည့်လျှင် သူ့တွင် ထိုင်ခုံလုလိုစိတ် လုံးဝမရှိကြောင်း တွေ့ရသည်။ အဖွဲ့အစည်း ကောင်းစားရေးအတွက် မိမိ၏ အတ္တကို အလွယ်တကူ ချိုးနှိမ်နိုင်သည့်သူပင် ဖြစ်သည်။

ဗိုလ်ချုပ်သည် နိုင်ငံ့အရေးသာ ဦးစားပေးပြီး မိမိအကျိုးစီးပွားကို မဖွေရှာသဖြင့် ၎င်းနှင့်ဆက်ဆံရသည့် နိုင်ငံခြားသား ဗိုလ်ချုပ်များကပင် လေးစားကြရသူဖြစ်ကြောင်း အောက်ပါစာပိုဒ်က သက်သေထူနေသည်။

"မြန်မာပြည်ရောက် ဂျပန်စစ်တပ်များ၏ ပထမဆုံး  သေနာပတိချုပ် အီးဒါး (Lt.General Iida) က အောင်ဆန်းသည် ငွေလည်း မမက်၊ အာဏာလည်း မမက်၊ တစ်ကိုယ်ကောင်းလည်း မဆန်၊ ဒါကြောင့် ဂျပန်တွေက သူ့ကိုလေးစားသည်" ဟု ပြောဖူးသည်။
(အောင်ဆန်းမိသားစု-၁၇၀)

မြန်မာနိုင်ငံဘုရင်ခံ ဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်းအား ရာထူးနှင့် စည်းရုံးရန် ကြိုးစားသော်လည်း မရခဲ့ကြောင်းကို အောင်ဆန်းမိသားစု စာအုပ်တွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်။

"ထိုအချိန်အထိ ဘုရင်ခံ ဒေါ်မန်စမစ်သည် အောင်ဆန်းအကြောင်း ကောင်းစွာမသိသေးပေ။ ယခင်က တွေ့ဖူးသော ခေါင်းဆောင်များကဲ့သို့ အောင်ဆန်းကိုလည်း ရာထူးနှင့် ဆွယ် (၀ါ) ၀ယ်၍ ရလိမ့်မည်ဟု ထင်နေပုံပေါ်သည်။ ထို့ကြောင့် အောင်ဆန်းအား ပြန်ပြောမည့် မိတ်ဆွေတစ်ယောက်ကို I like Aung San very much. I don't mind taking him into the Executive Council or giving him a big post.

"ကျွန်ုပ် အောင်ဆန်းကို အလွန်သဘောကျသည်။ သူ့အား ၀န်ကြီးတစ်နေရာဖ်ြစစေ၊ ရာထူးကြီးတစ်ခုဖြစ်စေ ပေးဖို့ မခဲယဉ်းပါဘူး" ဟု ပြောသည်။ ထိုသတင်းကြားပြီးသောအခါ အောင်ဆန်းက ကျွန်တော့်အား "ဘုရင်ခံက ကျွန်တော့်ကို ဘယ်လိုလူစားမျိုးများ အောက်မေ့နေသလဲ မသိပါဘူး" ဟု ပြောသည်။

အင်္ဂလိပ်က ဖွဲ့ပေးသည့် Burma Army ဗမာ့တပ်မတော်အတွင်းသို့ ဖက်ဆစ်ကိုတော်လှန်ခဲ့သော တပ်မတော် PBF ပြောင်းလဲထည့်သွင်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးချုပ်ရာထူး (Brigadier General) ဖြင့် ဒုတပ်မတော် စစ်ဆေးရေးအရာရှိချုပ် ရာထူးထမ်းဆောင်ရန် ဗြိတိန် အရှေ့တောင်အာရှ စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ကမ်းလှမ်းသော်လည်း ဗိုလ်ချုပ်သည် တစ်ဦးတည်းမဆုံးဖြတ်။ သူ ပါဝင်နေသည့် ဖ.တ.ပ.လ အဖွဲ့ချုပ်နှင့် မျိုးချစ်ဗမာ့တပ်မတော်သို့ ထိုကမ်းလှမ်းချက်ကို တင်ပြပြီး အများ၏ အဆုံးအဖြတ်ကို နာခံကာ ရာထူးကို လက်ခံခြင်းမပြုခဲ့ဘဲ နိုင်ငံလွတ်လပ်ရေးအတွက် ပိုမိုစွမ်းဆောင်နိုင်မည့် ဖ.တ.ပ.လ ကိုသာ ပုံကာ ရွေးချယ်ခဲ့သည်။ ထိုသို့ လက်ရှိရာထူးမှ ထွက်လိုက်သည့်အတွက် ဗိုလ်ချုပ် စားဝတ်နေရေး အတော်ကျပ်တည်းသွားခဲ့သည်။

လော့ဒ်မောင့်ဘက်တန်ထံသို့ ဗိုလ်ချုပ်၏ ပြန်စာမူရင်းမှ ကောက်နုတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
I have placed befor my colleagues in the AFPFL and the PBF your offer to appoint me in the Burma Army… I regret very much that I shall not be able to serve further in the Army. But this is the majority decision, and I must abide by it.
(အောင်ဆန်းမိသားစု - စာ ၁၈၃)


၁၉၄၇ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့ (ဗိုလ်ချုပ်ကျဆုံးပြီး ၁၀ ရက်အကြာ) လွှတ်တော်တွင် "ကြေကွဲဝမ်းနည်းကြောင်းအဆို" ကို ၀န်ကြီးချုပ်ဟောင်း ဦးနု တင်သွင်းရာတွင်-
"ဗိုလ်ချုပ်နေရာမှာ ဗိုလ်ချုပ်မဟုတ်ဘဲနဲ့ တခြားက ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တဲ့ လူစားမျိုး၊ လောဘကြီးတဲ့ လူစားမျိုး၊ အဲဒီလို လူစားမျိုးတစ်ယောက် ရှိနေမယ်ဆိုရင် ဂျပန်ခေတ်တုန်းက တစ်သက်မဟုတ်ဘူး ဆယ်သက်မကုန်နိုင်အောင် ပစ္စည်းတွေစုနိုင်တယ်၊ အဲဒီအထိဖြစ်နိုင်တယ်။ ဂျပန်ခေတ်တုန်းက ဒီလိုရတဲ့ သြဇာအရှိန်အ၀ါတွေကို အလွဲသုံးစားပြုပြီးတော့ ပိုက်ဆံတွေဟာ သုံးမကုန်လောက်အောင် စုသွားကြတဲ့ လူတွေအကြောင်းကိုလည်း ဒီမှာကြွလာတဲ့ အမတ်မင်းတွေ အသိပါပဲ" ဟု ပြောကြားခဲ့သည့် စကားတွင်လည်း ဗိုလ်ချုပ်၏ ကိုယ်ကျိုးမရှာ ပြည့်အကျိုးကိုသာ ရှာခြင်းကို မြင်တွေ့ရမည်။
(အောင်ဆန်းမိသားစု - စာ ၁၇၀)

ဗိုလ်ချုပ်မဖြစ်မီ ကိုအောင်ဆန်းဘ၀ကပင် နိုင်ငံ့အကျိုးကိုသာ ရှေးရှုခဲ့သည်။ ထိုခေတ်က ဘီအေအောင်လျှင် မြို့ပိုင်၊ နယ်ပိုင်စသည့် ရာထူးများ အလွယ်ရနိုင်ပြီး သူဌေးသမီး ဥစ္စာပေါ ရုပ်ချောများကို ခေါင်းခေါက်ရွေးနိုင်သည့်တိုင် ဘီအေဘွဲ့ရ ကိုအောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် နိုင်ငံရေးနယ်ပယ်အတွင်းသို့သာ ခြေစုံပစ်ဝင်ခဲ့သည်။

လူဆိုသည်မှာ ပုထုဇဉ်မှန်လျှင် အတ္တရှိသည်။ အတ္တကို ချိုးနှိမ်ပြီး မိမိဦးဆောင်ရသည့် အဖွဲ့အစည်း သို့မဟုတ် နိုင်ငံအကျိုးစီးပွားကို ရှေ့တန်းတင်နိုင်ခြင်းသည် ခေါင်းဆောင်ကောင်း၏ အမှတ်လက္ခဏာပင်ဖြစ်ပြီး ထိုသူဦးဆောင်သော အဖွဲ့အစည်း သို့မဟုတ် နိုင်ငံသည်လည်း ပန်းတိုင်သို့ ရောက်ရှိပေမည်။ မိမိနောက်လိုက်အများ၏ ချစ်ခင်ကြည်ညိုခြင်းကိုလည်း ခံရပေမည်။ ဗိုလ်ချုပ်အား မြန်မာပြည်သူများကလည်း လေးစားကြည်ညိုကြသလို နိုင်ငံသည်လည်း လွတ်လပ်ရေးပန်းတိုင်သို့ အရောက်လှမ်းနိုင်ခဲ့သည်။ ယင်းမှာ ဗိုလ်ချုပ်သည် 'Putting the organization's interests before personal interests' သဘောတရားနှင့် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီသောကြောင့် ဖြစ်သည်။

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၅ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

Tuesday, February 16, 2010

Haiti ငလျင်က ပေးတဲ့အတွေး - ကိုဉာဏ် (ပန်းလောင်မြေ)


တစ်နေ့က မိတ်ဆွေတစ်ယောက် မေးလာတဲ့ မေးခွန်းတစ်ခုကြောင့် ဒီစာကို ရေးဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် ဒီစာကို ရေးချင်တဲ့အတွက် အဲဒီမေးခွန်းကို စောင့်နေခဲ့ရတာ တစ်လကျော်သွားပြီဖြစ်ပါတယ်။ ရှင်းပြပါရစေ။ မေးခွန်းမေးခဲ့တဲ့ မိတ်ဆွေက မြန်မာ့သွေးဘလော့ဂ်ကို ပုံမှန်ဖတ်ရှုသူတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော့်ကိုလည်း မကြာခဏ အားပေးတတ်သူ၊ တစ်ခါတစ်လေ ဝေဖန်ထောက်ပြတတ်သူ တစ်ဦးပါ။ ဘလော့ဂ်ကို ပုံမှန်ဖတ်နေသူဖြစ်တဲ့အတွက် ကျွန်တော့်ဘလော့ဂ်မှာ ဘယ်လိုအကြောင်းအရာတွေကို တင်ပေးတတ်တယ်၊ ကျွန်တော့်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေက ဘာလဲဆိုတာကို ကောင်းကောင်းသိတဲ့ လူနည်းစုထဲက တစ်ယောက်ပါ။ သူကတော့ ပြောရှာပါတယ်…. ငါလည်း မေးမလို့ မေးမလို့နဲ့ မမေးဖြစ်တာ၊ အခုတော့ကြုံလို့ မေးကြည့်ဖြစ်တာပါတဲ့။ ဟုတ်ကဲ့… သူမေးတဲ့ မေးခွန်းက ဘာမှ အထူးအဆန်းကြီး မဟုတ်ပါဘူး။
"မင်းဘလော့ဂ်မှာ ဒီလောက် စုံနေအောင် တင်ပေးထားပြီး ဟေတီသတင်းကို ဘာဖြစ်လို့ မတင်ပေးတာလဲတဲ့။ သတင်းတိုလေးတောင် မတွေ့ဘူး" တဲ့။

ကျွန်တော်ဖြေမည်
ဟုတ်ပါတယ်။ ဟေတီငလျင်သတင်းကို ကျွန်တော် သတင်းအဖြစ်နဲ့တောင် တင်မပေးထားပါဘူး။ တမင်ကို မတင်ပေးဖြစ်တာပါ။ အဲဒီလို မတင်ပေးဖြစ်အောင် အားတင်းရတာလည်း အတော်ပင်ပန်းပါတယ်။ ကျွန်တော်ပြောခဲ့သလို အခုရေးနေတဲ့စာကို ရေးချင်တဲ့အတွက် မေးခွန်းတစ်ခု ကျွန်တော့်ဆီကို ရောက်မလာမချင်း မရေးဘူးလို့ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်နေလို့ပါ။ တစ်ပတ်ကြာလည်း ဘယ်သူကမှ မမေး၊ နှစ်ပတ်လည်း မထူး၊ သုံးပတ်လည်း ဘယ်သူကမှ ပါးစပ်မဟ၊ လေးပတ်ကြာလည်း အသံမကြားဆိုတော့ အတော်လေးကို စိတ်ပျက်မိ၊ အားငယ်မိတာ အမှန်ပါပဲ။ ဟော… အခုတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို မေးလာပါပြီ။ ကျွန်တော် အင်မတန် ပျော်ပါသည်။ သူများတွေ ဒုက္ခရောက်နေတဲ့သတင်းကို ကျွန်တော်က ပျော်နေတဲ့အတွက် ကျွန်တော့်ကို ဝေဖန်ကြ၊ မေတ္တာပို့ကြမယ်ဆိုရင်လည်း ကျေကျေနပ်နပ်ကြီး ခံယူပါမယ်။ တစ်လကျော်လောက် ကျွန်တော့်ရင်ထဲမှာ ခိုးလုခုလု ဖြစ်နေခဲ့ရတဲ့ အလုံးတစ်လုံးကို ချေဖျက်လိုက်ရပြီဖြစ်တဲ့အတွက် ကျေနပ်ပါတယ်။ ကျွန်တော်ပြောချင်တာတွေကို ပြောပါမည်၊ မေးခွန်းတွေအတွက် ဖြေပါမည်။

ဟေတီနိုင်ငံဆိုသည်မှာ
ဟေတီနိုင်ငံဆိုတာ အတ္တလန္တိတ်သမုဒ္ဒရာတောင်ပိုင်း၊ မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်အကြား၊ မက္ကဆီကိုပင်လယ်ကွေ့၏ အရှေ့တောင်ဘက် ကာရစ်ဘီယံပင်လယ်ကြီးအတွင်းရှိ ဟစ်စပန်နီယိုလာဆိုသည့် ကျွန်းကြီးတစ်ကျွန်းပေါ်တွင် တည်ရှိသည့် နိုင်ငံငယ်လေးတစ်ခု။ ဟေတီက ကျွန်းအနောက်ပိုင်းမှာ တည်ရှိပြီး သူတို့နဲ့အတူ နှစ်ယောက်တစ်အိပ်မက်,မက်ကာ ထိုကျွန်းပေါ်တွင် နောက်ထပ်တည်ရှိသည့်နိုင်ငံက ဒိုမီနီကန်သမ္မတနိုင်ငံ။ ဟေတီနိုင်ငံရဲ့ အကျယ်အ၀န်းက ဧရိယာစတုရန်းမိုင် ၁၀၇၁၄ သာရှိသည်။ လူဦးရေ ၉ သန်းကျော်ရှိပြီး ၉၅ ရာခိုင်နှုန်းက လူမည်းများဖြစ်သည်။ ၁၈၀၄ ခုနှစ်တွင် ပြင်သစ်ကိုလိုနီ လက်အောက်ခံအဖြစ်မှ လွတ်လပ်ရေးရခဲ့သည်။ မြို့တော်မှာ ပို့(တ)အော်ပရင့်(စ)ဖြစ်ပြီး နိုင်ငံ၏ လက်ရှိသမ္မတက ရီနီပရီဗယ်ဖြစ်သည်။

ဟေတီမှာ ကမ္ဘာပျက်ခဲ့ရတဲ့ ဇန်န၀ါရီ ၁၂ ရက်
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၄ မိနစ်ခန့်မှာ ပြင်းအား ရစ်ခ်ျတာစကေး ၇.၀ အဆင့်ရှိသည့် ငလျင်တစ်ခုက မဖိတ်ခေါ်ဘဲနှင့် ဟေတီနိုင်ငံလေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ ဦးတည်ဗဟိုချက်ဖြစ်ခဲ့သည်က မြို့တော် ပို့(တ)အော်ပရင့်(စ)၏ အနောက်တောင်ဘက် ၁၀ မိုင်ကျော်ခန့်အကွာ မြေအောက် (၈.၁) မိုင် အနက်တွင်ဖြစ်သည်။ သူချည်းပဲ လာတာမဟုတ်ဘဲ နောက်တော်ပါရံရွေတော်တွေအဖြစ် ရစ်ခ်ျတာစကေး ၅.၀ မှ ၅.၉ အကြားရှိ ငလျင်လှုပ်မှုပေါင်း (၁၄)ကြိမ်အပါအ၀င် Aftershock များစွာ လှုပ်ခတ်ခဲ့သေးသည်။

တစပြင်ဖြစ်သွားတဲ့ ဟေတီမြို့တော်
အဲဒီငလျင်ကြောင့် လူဦးရေ (၂)သန်းကျော် နေထိုင်တဲ့ မြို့တော် ပို့(တ)အော်ပရင့်(စ)မှာရှိတဲ့ အဆောက်အအုံအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ပြိုလဲပျက်စီးကြေမွသွားသည်။ ငလျင်ဖြစ်ပြီးပြီးချင်း ချက်ချင်းရေတွက်လို့ရသမျှက လူ (၇)သောင်းကျော် သေဆုံးသွားခဲ့ရသည်။ လူ ခုနစ်သောင်းဆိုသည့် ပမာဏသည် မျက်လုံးပြူးရုံသာမဟုတ်၊ အသက်ရှူရပ်သွားလောက်သည်အထိ ဆိုးဝါးလှသည့် ပမာဏ။ သို့သော် ဘယ်သူမှ မျက်လုံးမပြူးနိုင်၊ အသက်ရှူ မရပ်နိုင်ကြသေး။ ပြိုလဲပျက်စီးနေသည့် အဆောက်အအုံ အပျက်အစီးတွေအောက်မှာ လူတွေ ဘယ်လောက်ရှိနေသေးလဲဆိုတာ ဘယ်သူမှ မပြောနိုင်၊ ဘယ်သူမှ မခန့်မှန်းနိုင်။ သမ္မတနန်းတော်လည်း ပြိုလဲသွားပြီ၊ လွှတ်တော်လည်း မြေခသွားပြီ။ အစိုးရအဖွဲ့ ဘယ်မှာရုံးစိုက်ရမှန်း မသိတော့။ ဘယ်သူတွေကို တာဝန်ပေးရမှာလဲ မဆုံးဖြတ်နိုင်တော့။ သေတဲ့လူတွေကို ဘယ်မှာထားရမလဲ မစဉ်းစားနိုင်၊ အပျက်အစီးတွေအောက်က လူတွေ၊ အလောင်းတွေကို ဘယ်လိုကယ်ထုတ်၊ ဖယ်ထုတ်ရမလဲဆိုတာ တွေးတောင်မတွေးတတ်။ မသေဘဲ ဒဏ်ရာဗရပွ၊ မျက်နှာမှာ မျက်ရည်မရှိဘဲ သွေးစည်းချောင်းပဲ ပြည့်နေတဲ့ လူတွေကို ဘယ်လို ဆေးကုပေးရမလဲ၊ စားနပ်ရိက္ခာ ဘယ်လိုလုပ်ပေးရမလဲ၊ ဘယ်နေရာမှာ နေရာချထားပေးပြီး အနားယူခိုင်းရမလဲ။ ကြည့်လေရာရာ မြို့တော်တစ်ခုလုံးက သုဿာန်တစပြင်သက်သက်၊ အလောင်းတွေက နေရာအနှံ့၊ ညည်းညူသံတွေက မသဲမကွဲ၊ အုတ်ပုံအပျက်အစီးတွေက ကမ်းမမြင်လမ်းမမြင် အပြည့်အနှက်၊ သွားလာနေသူတွေ ကြည့်တော့လည်း မျက်နှာက ဖြူဖပ်ဖြူရော်၊ သွေးစသွေးနတွေနှင့်၊ မျက်လုံးကြောင်တောင်နှင့်၊ ရီဝေသောအကြည့်တို့နှင့် ငိုစရာမျက်ရည်မရှိတော့သည့် လူသေကောင်မျက်နှာတို့နှင့် တကယ့်ကို လောကငရဲ ဖြစ်သွားရသည်။ ပင်လယ်ဆိပ်ကမ်း ပျက်စီးသွားသည်၊ လေဆိပ်က အပြည့်အ၀ သုံးမရတော့၊ လမ်းပန်းဆက်သွယ်ရေးတွေက အားလုံးကမောက်ကမ၊ ဆက်သွယ်ရေးဆိုတာ စဉ်းစားလို့မရတော့။

ကယ်ပါယူပါ တစာစာ
ဟေတီသမ္မတက ချက်ချင်းဆိုသလိုပဲ နိုင်ငံတကာသို့ မေတ္တာရပ်ခံသည်။ သူတို့နိုင်ငံအတွက် အကူအညီများ ပေးကြဖို့၊ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ပေါ့။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နိုင်ငံများအနေနှင့် လက်ပိုက်ကြည့်မနေကြပါနှင့်၊ ကူညီကြပါ၊ ရိုင်းပင်းကြပါဟု နှိုးဆော်ပေးနေရသည်။ အမေရိကန်တို့ ရုရှားတို့၊ ဂျာမနီတို့၊ ပြင်သစ်တို့ကလည်း နိုင်ငံတွေအားလုံး အကူအညီပေးကြဖို့၊ အလှူငွေထည့်ဝင်ကြဖို့၊ နည်းပညာတွေ အကူအညီပေးကြဖို့ ရွာဆော်လုပ်နေကြရသည်။

ဆိုးဝါးလွန်းတဲ့ စံချိန်တွေ
၂၀၁၀ ပြည့်နှစ်ရဲ့ ကန့်လန့်ကာအဖွင့်ကို ဟေတီငလျင်က မလှမပဖြင့် ခပ်ကြမ်းကြမ်း ဆွဲဖွင့်လိုက်သည်။ ခပ်ကြမ်းကြမ်းမှ တကယ့်ကို ကြမ်းရမ်းလွန်းလှသည်။ ဟေတီနိုင်ငံရဲ့ နှစ် ၁၀၀ ကျော်သက်တမ်းအတွင်းမှာ တစ်ကြိမ်မှ မကြုံဖူးသေးတဲ့ ဘေးအန္တရာယ်နှင့် ခါးသီးစွာ လက်တွေ့ကြုံလိုက်ရသည်။ ကာရစ်ဘီယံဒေသ၌ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အင်အားအပြင်းဆုံးနှင့် ပျက်စီးမှုပမာဏ အကြီးဆုံးငလျင်အဖြစ် စံချိန်တင်သွားခဲ့သည်။ လူဦးရေ ၉ သန်းကျော်သာ ရှိသော နိုင်ငံငယ်လေးတစ်ခုအတွက် လူ ၃ သန်းကျော် အတိဒုက္ခရောက်သွားစေခဲ့သည်ကလည်း ဆိုးဝါးလွန်းလှသည်။

ဝန်ခံပါတယ်
ဟေတီငလျင်အတွက် ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ အခုနောက်ဆုံး စာရင်းဇယားတွေအရ လူဦးရေ နှစ်သိန်းကျော် သေဆုံးခဲ့ရပြီဆိုသည့် သတင်းက ဘယ်လိုမှ ပျော်စရာမကောင်းတာ၊ ကြည်နူးစရာမကောင်းတာ အသေအချာဖြစ်ပါသည်။ လူတွေသေသွားတာကို ၀မ်းနည်းစိတ်မကောင်းဖြစ်မိသည်ထက် ကျန်ရစ်ခဲ့သူတွေအတွက် ပိုလို့ သနားမိသည်။ မိဘမဲ့သွားတဲ့ ကလေးငယ်တွေ ဘယ်လောက်များနေပြီလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမသိ၊ ဘယ်မှာနေရမှန်းမသိတဲ့ ဒုက္ခသည်တွေ ဘယ်လောက်များနေမလဲ၊ စားစရာမရှိ၊ နေစရာမရှိ၊ အကူအညီတောင်းစရာမရှိ ဖြစ်နေသည့် ဒုက္ခသည်က ရေတွက်နိုင်မှာမဟုတ်။ သို့သော် ထိုဝမ်းနည်းစိတ်ကို ကျွန်တော်အကြာကြီး မထိန်းထားနိုင်ပါ။ ဟေတီသတင်း ဖတ်ရသည့်ခဏတွင်တော့ သနားစရာကောင်းလိုက်တာ ဆိုတာလောက်ပဲ ဖြစ်မိပါသည်။ ကိုယ့်အလုပ်တွေနှင့်ကိုယ်မို့ ဟေတီကိစ္စကို အလေးထားပြီး အချိန်ပေးမနေနိုင်ပေ။ ရှင်းအောင်ပြောရလျှင် ဟေတီကဒုက္ခသည်တွေ စားစရာမှ ရှိပါ့မလားဆိုတဲ့အတွေးထက် မနက်မိုးလင်း အိပ်ရာနိုး၍ နံနက်စာစားဖို့ကိစ္စသည် ကျွန်တော်အတွက် ပိုအရေးကြီးတာကို မညာတမ်း ၀န်ခံပါသည်။ သူတို့အကြောင်းကို တွေးနေပြီး မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်၊ အလုပ်မလုပ်နိုင် ကျွန်တော်မဖြစ်မိပါ။ အခြားသူများတော့ ကျွန်တော်မသိပါ။

ကျွန်တော့်အတွက် ဟေတီကပေးတဲ့ အတွေး
ကျွန်တော်တစ်ခု စဉ်းစားမိတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း နာဂစ်ဆိုတဲ့ ကြီးကြီးမားမား သဘာဝဘေးအန္တရာယ်တစ်ခု ကိုယ်တွေ့ကြုံခဲ့ရဖူးတယ်။ ဘယ်လောက်ရုန်းကန်ခဲ့ရတယ်၊ ကြိုးပမ်းလုပ်ဆောင်ခဲ့ရတယ်ဆိုတာ အားလုံးအသိ။ အခုထိလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တာဝန်ရှိသူတွေက ဦးဆောင်ပြီး အင်တိုက်အားတိုက် လုပ်ဆောင်နေဆဲ။ ကျွန်တော်တို့တွေ နာဂစ်ဒဏ် ခံခဲ့ရတုန်းကလည်း အခြားနိုင်ငံတွေက ၀မ်းနည်းကြောင်း၊ စာနာကြောင်းတွေ ပြောခဲ့ကြ၊ ပြသခဲ့ကြ၊ ကူညီခဲ့ကြသည်။ သူ့အထွာနဲ့သူပေါ့။ ဒါပေမယ့် အချိန်တန်တော့လည်း ကိုယ့်အားကိုယ်ကိုး၊ ကိုယ်လှေကိုယ်ထိုးပြီး လုပ်ရတာပါပဲ။ ဘယ်နိုင်ငံကတော့ မြန်မာနိုင်ငံအတွက် ၀မ်းနည်းပါတယ်၊ ဘယ်လိုအကူအညီတွေ ပေးချင်ပါတယ် စတဲ့သတင်းတွေကို ဖတ်ရရင် အရမ်းကို ရယ်ချင်တာပဲ။ တစ်ချို့သတင်းတွေများဆိုရင် သူတို့တွေက ကိုယ်တွေမြန်မာတွေထက်ပဲ ပိုလို့ ၀မ်းနည်းနေသယောင်ယောင်၊ ပိုလို့ စိတ်ထိခိုက်နေသယောင်ယောင် ဖတ်ရ၊ မြင်ရ၊ ကြားရတော့ ဖတ်နေရင်းနဲ့ အော်ရယ်ချင်လိုက်တာမှ အရမ်းကိုပါပဲ။ ကိုယ့်မြန်မာတွေက ကူညီနေတာကိုတော့ အလေးမထားဘဲ နိုင်ငံခြားအကူအညီဆိုတာတွေကို လည်ပင်းရှည်အောင် မျှော်နေခဲ့တဲ့ လူမျိုးတွေအကြောင်းကိုလည်း ပြန်ကြားရ၊ ပြန်သိရတော့ စိတ်မကောင်းဖြစ်မိသေးတယ်။

အခုတော့ ပြောလို့ရပါပြီ။ ဟေတီနိုင်ငံမှာ အခု ကျွန်တော်တို့ နာဂစ်ထက် အဆပေါင်းများစွာဆိုးတဲ့ ငလျင်ဘေးဆိုးကြီးဒဏ် ခံလိုက်ရပါပြီ။ လူနှစ်သိန်းကျော် သေဆုံးခဲ့ရပြီဖြစ်တဲ့ ဟေတီနိုင်ငံအတွက် ကျွန်တော်တို့တွေ ကိုယ်ထိလက်ရောက် ဘာတွေလုပ်ပေးနိုင်ပါသလဲ။ ဘာတွေ ကူညီပေးနိုင်ပါသလဲ။ စာနာသနား စိတ်မကောင်းဖြစ်ပေးရုံမှတစ်ပါး ကျွန်တော်တို့တွေ ဘာများလုပ်ပေးနိုင်ခဲ့ပါသလဲ။

တိုက်တွန်းလိုပါတယ်
ကျွန်တော်တို့နိုင်ငံအတွက်၊ လူမျိုးအတွက် ကျွန်တော်တို့တွေမှာ လုပ်စရာတွေ အများကြီးရှိပါတယ်။ အခုဆိုရင် ကြီးမားတဲ့ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ မလွဲမသွေကြုံရမယ့် ၂၀၁၀ ကို ရောက်ရှိလာခဲ့ပါပြီ။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအားလုံးအနေနဲ့ အမေကျော် ဒွေးတော်လွမ်းမနေဘဲ၊ သူတစ်ပါးကို အားကိုးချင်စိတ်ပဲ မွေးမနေကြဘဲ မိမိကျရာတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ရင်း၊ ကိုယ့်ပြည်တွင်းရေးကို ကိုယ့်တိုင်းရင်းသား၊ ကိုယ့်သွေးသား ညီအစ်ကိုမောင်နှမအချင်းချင်း တိုင်ပင်ညှိနှိုင်းဆွေးနွေး အဖြေရှာရင်း ကိုယ့်အားကိုယ်ကိုးပြီး လက်ရှိရည်မှန်းချက်ဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီကို အရောက်လှမ်းချီတက်သင့်ပါကြောင်း မြန်မာ့သွေးမှ တိုက်တွန်းလိုပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၆ ရက်၊ အင်္ဂါနေ့။
နေ့လည် ၁၁ နာရီ ၀၆ မိနစ်တွင်ပြီး၏။

ပရဟိတ


မဂ္ဂဇင်း၊ ဂျာနယ် စာမျက်နှာများတွင် နိုင်ငံရေးဆိုင်ရာ အတွေးအခေါ် အယူအဆများနှင့် ပတ်သက်ပြီး အားထုတ်ရေးသားလာမှုများနှင့် ပတ်သက်ပြီး True News မှ ကြိုဆိုပါသည်။

အစဉ်အဆက်ဆိုသလို နားလည်ခဲ့ကြသည်မှာ နိုင်ငံရေးသမားဆိုလျှင် လူတန်းစားတစ်ရပ်သဖွယ် သီးခြားရှုမြင်တတ်ကြပြီး ခပ်ကင်းကင်းနေလိုကြခြင်း ဖြစ်သည်။

နိုင်ငံရေးကိစ္စ လုပ်ကိုင်သည် ဆိုသည်မှာ တကယ်တမ်း ပရဟိတလုပ်ငန်း လုပ်ကိုင်ခြင်းတစ်မျိုးပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူလူထု၏ကိုယ်စား တိုင်းပြည်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စသည့် အရေးကိစ္စမှန်သမျှကို ပြုလုပ်ရန် ပြည်သူက အာဏာအပ်နှင်းခြင်းကို ခံရသူများပင် ဖြစ်သည်။

ထို့ကြောင့် အရေးကိစ္စလုပ်သူများသည် နိုင်ငံရေးသမားစစ်စစ် ဖြစ်ရန်လိုအပ်သည်။ တစ်နည်းအားဖြင့် ပရဟိတလုပ်ငန်းဖြစ်၍ အများအကျိုးနှင့်ယှဉ်ပြီး ကိုယ်ကျိုးစွန့်၊ အနစ်နာခံတတ်ပြီး အဂတိတရား ကင်းရှင်းဖို့ အထူးအရေးကြီးသည်ဟု ယုံကြည်ပါသည်။

သို့ဖြစ်၍ နိုင်ငံအရေးကိစ္စ လုပ်သူမှန်သမျှသည် သီးခြားလူတန်းစားတစ်ရပ် မဟုတ်သလို ပြည်သူလူထု၏ အထက်တွင်လည်း ရှိမနေသင့်ပါ။ ပြည်သူများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရသည့် ကိုယ်စားလှယ်လောင်းများသာ ဖြစ်ပါကြောင်း။

အယ်ဒီတာ

(True News ဂျာနယ် အတွဲ ၂ အမှတ် ၂၇ တွင် ဖော်ပြပါရှိသည့် အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည်)

အိုက်ဒီယောလော်ဂျီခန်းခြောက်ရင် အိပ်မက်မမက်တတ်ဘူး - လူထုစိန်ဝင်း


အခြေအနေအရပ်ရပ်ကို လက်တွေ့ကျကျ ကြည့်ရှုသုံးသပ်ပြီး လက်တွေ့ဖြစ်နိုင်တာကိုပဲ လုပ်ရမယ်။ စိတ်ကူးယဉ်ပြီး ဖြစ်ချင်တာတွေကို လျှောက်လုပ်နေလို့ မဖြစ်ဘူးဆိုတဲ့ စကားများ အခုတလော ထပ်ခါတလဲလဲ ကြားနေ၊ ဖတ်နေရတယ်။ ပြောသူတွေက ဘိုလိုပြောကြ၊ ရေးကြတာပေါ့။ "ပရတ်မားတစ်" (Pragmatic) ဖြစ်ရမယ်ပေါ့လေ။

တောကလူ လယ်သမားပဲ လုပ်ရမှာလား
သူတို့ပြောတဲ့အတိုင်းဆိုရင် ကျေးရွာဇနပုဒ်က တောင်သူလယ်သမား သားသမီးတစ်ယောက်က ဆရာဝန်ကြီးဖြစ်ချင်တယ်၊ အင်ဂျင်နီယာကြီးဖြစ်ချင်တယ်ဆိုတာ လက်တွေ့မကျဘူး။ စိတ်ကူးယဉ်ပြီး လေထဲ တိုက်အိမ်ဆောက်နေတာသာ ဖြစ်တယ်။ ဘုန်းကြီးကျောင်းမှာ ဆယ်စောင်တွဲ ကုန်ရုံလောက်သာ မျှော်မှန်းပြီး လက်တွေ့ကျကျနဲ့ လယ်သမားပဲ လုပ်ရမယ်ဆိုတဲ့သဘော ဖြစ်နေတယ်။ ရှေးခေတ်လူသားတွေသာ စိတ်ကူးမယဉ်ခဲ့ကြဘူးဆိုရင် မီးရထားတို့၊ လေယာဉ်ပျံတို့ဆိုတာတွေ ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ။ လပေါ်ကို လူတွေ ခြေချနိုင်ခဲ့ကြတာလည်း စိတ်ကူးယဉ်တတ်ကြလို့ပဲ မဟုတ်ဘူးလား။ လပေါ်ကို လူလွှတ်ဖို့ ကြိုးစားနေကြဆဲအချိန်ကာလမှာ ပုပ်ရဟန်းမင်းကြီးတစ်ပါးက မဖြစ်နိုင်တာတွေကို စိတ်ကူးယဉ်နေကြတာဟာ မိုက်မဲမှုသက်သက် ဖြစ်တယ်လို့ ရှုတ်ချပြောဆိုခဲ့တယ်။ နောက် တကယ်လူရောက်သွားတော့မှပဲ ရှုတ်ချသံ ရပ်စဲသွားတော့တယ်။

ဘီအေအောင်သူ ၁၀၀ မရှိလို့
အင်္ဂလိပ်လက်အောက်မှာ နေကြစဉ်ကာလတွေတုန်းကလည်း မြန်မာပြည်မှာ ဘီအေအောင်တဲ့သူ ၁၀၀ ပြည့်အောင် မရှိသေးလို့ လွတ်လပ်ရေးနဲ့ မထိုက်တန်သေးဘူး။ ၉၁ ဌာန အုပ်ချုပ်ရေးလို၊ ကက်စဘီအုပ်ချုပ်ရေလို၊ ဟုမ္မရူးလို အဆင့်လောက်သာ တောင်းသင့်တယ်။ ဒါမှ လက်တွေ့ဖြစ်နိုင်ချေရှိတယ်လို့ အင်္ဂလိပ်ရဲ့လက်ဝေခံ အလိုတော်ရိတွေက ပြောခဲ့ကြတာပဲ။ နောက်ဆုံး ဘယ်လိုမှ တားမရတဲ့အခြေအနေမျိုး ရောက်တာတောင် အဲဒီ အလိုတော်ရိတွေက လွတ်လပ်ရေးယူပြီးရင် ဓနသဟာသအဖွဲ့ဝင်အဖြစ် ဆက်နေသွားဖို့ တိုက်တွန်းမှုတွေ မရပ်မနား လုပ်ခဲ့ကြပါသေးတယ်။

လူမိုက်ကလေးတွေရဲ့ ကျေးဇူး
ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေးအတုကြီးနဲ့ပဲ စိတ်ရှည်သည်းခံနေဖို့ ဂျပန်အလိုတော်ရိတွေက နှိုးဆော်ခဲ့ကြပါတယ်။ လွတ်လပ်ရေးတိုက်ပွဲဝင် လူမိုက်ကလေးတွေက ရတာကိုယူပြီး ကျေနပ်မနေဘဲ လိုချင်တာကို မရ,ရအောင် မိုက်မိုက်မဲမဲ လုပ်ခဲ့ကြလို့သာ ဒီနေ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံအဖြစ် ရပ်တည်နေနိုင်တာဖြစ်တယ်။ ဗိုလ်ချုပ်တို့ တစ်တွေသာ လူလိမ္မာတွေဖြစ်ပြီး "လူနပ်ချမ်းသာ" လုပ်ခဲ့ကြရင် လွတ်လပ်ရေးဆိုတာ ကျွန်တော်တို့ ခုချိန်ထိ ဘာမှန်းသိဦးမှာ မဟုတ်ပါဘူး။ ဟိုတစ်ချိန်က အင်္ဂလိပ်အလိုတော်ရိတွေ၊ ဂျပန်အလိုတော်ရိတွေက ဗိုလ်ချုပ်တို့တစ်တွေို "ပရတ်မားတစ်" မဖြစ်တဲ့ တစ်ဖက်စွန်းရောက် တဇောက်ကန်းသမားတွေလို့ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

အညွန့်ချိုးပစ်လိုက်တာ
ဖြစ်နိုင်ချေရှိတာပဲလုပ် ဆိုတာက ရသမျှနဲ့ ရောင့်ရဲကျေနပ်၊ ဆက်ကြိုးစားမနေနဲ့ ဆိုတဲ့သဘော။ ဒါမှမဟုတ်လည်း တန်ရာတန်ရာ ရတာပဲ ဘာမှ စောဒကတက်မနေနဲ့ ဆိုတဲ့သဘော ဖြစ်တယ်။ အညွန့်တလူလူတက်နေတဲ့ အပင်ကလေးကို အညွန့်ချိုးပြီး လက်စတုံးလုပ်လိုက်တာပဲဖြစ်တယ်။ လက်ခံထားရင် ဘယ်တော့မှ လူမွှေးလူတောင် ပြောင်လာမှာမဟုတ်တော့ပါဘူး။ တောရွာဇနပုဒ်က ကျေးတောသားလေး တစ်ယောက်လည်း ဇွဲလုံ့လ ၀ီရိယနဲ့ မနေမနား ကြိုးစားအားထုတ်မှုပြုခဲ့ရင် သူဖြစ်ချင်တဲ့အတိုင်း ဆရာဝန်ကြီးတစ်ယောက်၊ အင်ဂျင်နီယာကြီးတစ်ယောက် ဖြစ်မလာနိုင်စရာအကြောင်း မရှိပါဘူး။ ပန်းတနော်က ကျောင်းဆရာလေး ဦးသန့်ဟာ ဘီအေမအောင်ခဲ့ပေမယ့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ်ဆိုတဲ့ ကမ္ဘာ့ခေါင်းဆောင်အဆင့်ကို ရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တောသားတစ်ယောက်ဖြစ်သလို ၀န်ကြီးချုပ်ဖြစ်တဲ့ ဦးနုလည်း တောသားတစ်ယောက်ပါပဲ။ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်နေ၀င်းလည်း တောသားဖြစ်ပါတယ်။

တိုးတက်ချင်ရင် အိပ်မက်မက်
ရှေးလူကြီးတွေ စိတ်ကူးယဉ်ခဲ့ကြလို့ တိုင်းပြည်လွတ်လပ်ရေး ရခဲ့တာဖြစ်တယ်။ လူဆိုတာ စိတ်ကူးယဉ်အိပ်မက်တွေ၊ မျှော်လင့်ချက်တွေနဲ့ အဆက်မပြတ် ကြိုးစားအားထုတ်နေတဲ့ သတ္တ၀ါမျိုးဖြစ်တယ်။ ဖြစ်နိုင်တာကိုပဲလုပ်ပြီး ကျေနပ်နေတယ်ဆိုရင် ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တဲ့လူ ဘယ်ဖြစ်လာတော့မှာလဲ။ တိုးတက်ချင်ရင် အိပ်မက်,မက်တတ်ရမယ်။ အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင်လည်း အဆက်မပြတ် ကြိုးစားအားထုတ်နေရမယ်။ စိတ်ကူးမယဉ်နဲ့ ဖြစ်နိုင်တာပဲလုပ်ဆိုတဲ့ လူတွေဟာလည်း အများအားဖြင့် စိတ်ကူးအကြံဉာဏ်တွေ ခန်းခြောက်သွားပြီဖြစ်တဲ့ "အိုက်ဒီယောလော်ဂျီ" ချွတ်ခြုံကျနေသူတွေ။ ကြိုးစားအားထုတ်ရင် အားထုတ်သလောက် ခရီးရောက်တာ သေချာတယ်။ ကံပေးသမျှ ယူမယ်ဆိုတဲ့သူဟာ ဘာမှရမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဘာမှမလုပ်ဘဲ ထိုင်စောင့်နေသူကို ကံက ဘာမှမပေးဘူး။ အဲဒါ အမှန်တရားပဲ။ စိတ်ကူးယဉ်ပါ၊ အိပ်မက်တွေမက်ပါ။ "အိုက်ဒီယောလော်ဂျီ" ချွတ်ခြုံကျသူတွေကတော့ ဘယ်တော့မှ အိပ်မက် မမက်တတ်ကြဘူး။ သူတို့မှာ အတွေးအခေါ်တွေ၊ စိတ်ကူးတွေ ခန်းခြောက်သွားကြပြီ။

(News Watch Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၂၉ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

ကြော်ငြာမပါတဲ့တီဗီ မရှိဘူးလား - မယ်မင်းကြီးမ


  • ဟယ် ငါတော့ ဒီလိုနေရာမျိုးမှာထိုးပြတဲ့ တီဗီကြော်ငြာပစ္စည်းဆို မ၀ယ်ချင်တော့ဘူး၊ စေတနာပျက်တယ်။
  • ကြီးကြီးကလဲ လုပ်ပြန်ပြီ၊ ဒီလိုနေရာမျိုးမှာ ထိုးပြတဲ့ကြော်ငြာမှ လူများများ သတိထားမိမှာပေါ့။ ဒါကြောင့် ပိုက်ဆံ အများကြီးပေးပြီး ဒီလိုနေရာမျိုး၊ ဒီလိုအချိန်မျိုး ပါရအောင် ထည့်ထားတာဗျ။
  • ပိုက်ဆံပေးပြီး ပရိသတ်ကို မျက်မုန်းကျိုးအောင်လုပ်တာနဲ့ မတူဘူးလား။ ဟိုကားမှာ မို့မို့မြင့်အောင် ဘယ်လိုကောင်းထားတယ်၊ ပရိသတ်ကြီး ကြည့်ရအောင် ပြန်လွှင့်မယ်ကြံကာရှိသေး ဟိုကြော်ငြာ၊ ဒီကြော်ငြာတွေက ပြလို့မပြီးနိုင်ဘူး။ ပရိသတ်က သူတို့ကို ကြည့်ချင်တာမဟုတ်ဘူး။ မို့မို့မြင့်အောင်တို့၊ ခင်မို့မို့အေးတို့၊ ရဲအောင်တို့၊ ခန့်စည်သူတို့ကို ကြည့်ချင်ကြတာ။
  • ဟုတ်တယ် ကြီးကြီးရ၊ ကြော်ငြာဆိုတာ အဲလိုနေရာမျိုးမှာ ကြော်ငြာမှ လူကြိုက်တာ။
  • တော်စမ်းပါဟယ်၊ လူမကြိုက်ဘဲ လူမျက်မုန်းကျိုးတယ်။ ပရိသတ်ကို စော်ကားနေသလိုပဲ။ ငါကြည့်နေပါတယ်။
  • ဟုတ်တယ်ဗျ၊ ကြီးကြီးပြောမှ သတိထားမိတယ်။ ကြော်ငြာဆိုတာ လူမုန်းစရာကောင်းအောင် မပြရဘူးဗျ။ လူချစ်စရာဖြစ်အောင်၊ ယုံကြည်လက်ခံစရာဖြစ်အောင်ပြမှ အောင်မြင်တဲ့ကြော်ငြာ ဖြစ်မှာဗျ။ ခုတော့ တချို့ကြော်ငြာတာတွေက ပရိသတ်ကို ဆရာကြီးလုပ်သလိုလို၊ တချို့ဟာတွေကလည်း သဘာဝမကျတဲ့ အလွန်အကျွံတွေ ဖြစ်နေတယ်။ ဟိုကြော်ငြာတစ်ခု ကြည့်ပါလား၊ ရေမရှိ၊ နေမရှိ၊ လေမရှိပေမယ့် သူရှိရင်ဖြစ်တယ် ဆိုတာလေ။ ရေမရှိ၊ လေမရှိရင် လူဟာ ဘယ်လို အသက်ရှင်နိုင်မလဲ။ ဒါကို ထည့်မတွက်ဘဲ ပြချင်တာပြနေတော့တာပဲ။ သဘာဝမကျ၊ သိပ္ပံနည်းမကျတဲ့ ကြော်ငြာမျိုး။
  • ဟုတ်ပါ့ ငါ့တူ စောနေ၀န်းရေ၊ မင်းတို့လို လူငယ်လေးတွေတောင် ဒါမျိုးပြောရင် ကြီးကြီးတို့လို သက်ကြီးရွယ်အိုတွေ တစ်သက်လုံး အကောင်းတွေကြည့်၊ အကောင်းတွေဖတ်၊ အကောင်းတွေနဲ့ နေခဲ့ရတဲ့သူတွေက ချို့ယွင်းချက်၊ အားနည်းချက်တွေ့ရင် ပိုစိတ်ထိခိုက်တာပေါ့။ ခုတော့ ကြော်ငြာဝင်နေတာနဲ့ အကယ်ဒမီတောင် ကောင်းကောင်းမကြည့်လိုက်ရဘူး။ ဒီနှစ် အကယ်ဒမီကတော့ ကြော်ငြာအကယ်ဒမီလို့ပဲ ပြောရမှာပဲ။ အကယ်ဒမီကလဲဟယ်၊ ငါတို့ခေတ်ကလို ကား ၁၀၀၊ ၂၀၀ မှာ တစ်ကားလောက် ရွေးထုတ်ရတဲ့ အကယ်ဒမီမှ မဟုတ်တာ။ တစ်ကားလောက် ကောင်းကောင်းလေး ရိုက်လိုက်ရင် ရတာပဲ။
  • ဟာ ကြီးကြီးကလဲ၊ ရဖို့ ဘယ်လွယ်မလဲ။
  • ကြီးကြီးတို့ပြောလိုက်ရင် တလွဲချည်းပဲ၊ တော်ပါတော့ဗျာ။ ကြီးကြီးစကားပြောတာတွေက ကောင်းပါတယ်၊ စကားမပြောဘဲနေရင် ပိုကောင်းပါတယ်။

(News Watch Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၂၉ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

ဆေးလိပ်ဖြတ်ပါ


ဆေးလိပ်များသည် သင်၏ ကျန်းမာရေးကိုသာမက သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေနိုင်ပါသည်။ စီးကရက်ဆေးလိပ်များထဲတွင် ပါဝင်သော အဆိပ်များတွင် အပြင်းစား ဓာတ်သတ္ထုပစ္စည်းများ၊ ဒိုင်အောက်ဆင်းများနှင့် ပိုးသတ်ဆေးအကြွင်းအကျန်များ ပါဝင်ပါသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် သောက်သုံးနေကြသော သိန်းဂဏန်းနှင့်ချီသည့် သန်းပေါင်းများစွာသော စီးကရက်ဆေးလိပ်အရေအတွက်မှ ထွက်ရှိနေသည့် မီးခိုးငွေ့များက လူတိုင်းအတွက် လေထုညစ်ညမ်းမှု ပြဿနာကို ခံစားရစေလျက်ရှိပါသည်။ ဆေးရွက်ကြီးပင်များ စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာထဲမှ သတ္တုဓာတ်များ ဆုံးရှုံးရသည့်အပြင် ပိုးသတ်ဆေးအမြောက်အမြား သုံးစွဲရန်လည်း လိုအပ်ပါသည်။ ထိုပမာဏဟာ စတုရန်းမိုင် ၄၈၀၀ တွင် ပေါက်ရောက်လျက်ရှိသော သစ်တောများကို စီးကရက်စက်ရုံများအတွက် လောင်စာအဖြစ် နှစ်စဉ်သုံးစွဲခြင်း ခံနေရခြင်းလည်း ဖြစ်ပါသည်။ သင်ကိုယ်တိုင်နှင့် အခြားသူများကို ထိခိုက်စေသော ဆေးလိပ်သောက်ခြင်းကို ဖြတ်လိုက်ပါတော့။

(Health Digest ဂျာနယ် အတွဲ ၇ အမှတ် ၁၉ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

ဒဏ်ခံရတော့ ပို၍ကြံ့ခိုင်


တောင်ထိပ်သို့ တက်သောလမ်းတွင် ပုဆိန်တစ်လက် ကိုင်ဆောင်ထားလျက် တောင်ပေါ်သို့ တက်နေသူတစ်ဦးကို တွေ့ပါသည်။ ထိုလူနှင့်အတူ တောင်ပေါ်သို့ ခရီးနှင်ခဲ့ပါသည်။ ခရီးသွားဖော်အား "ဘာကိုဖြတ်ဖို့ ပုဆိန်ယူလာတာလဲ" ဟု မေးကြည့်မိပါသည်။ ထိုအခါ ပုဆိန်ကိုင်ထားသူက သူ့လှည်းတွင် ထည့်ဖို့လိုသော သစ်တစ်ပိုင်းခုတ်ဖြတ်ဖို့ တောင်ပေါ်သို့ တက်နေကြောင်း ရှင်းပြပါသည်။ ကျွန်တော်လိုချင်တဲ့ သစ်အပိုင်းအစက အမာကြောဆုံးသစ်ပါ။ အလွန်မာကြောတဲ့ သစ်တွေက တောင်ပေါ်ပိုင်းမှာ ပေါက်တတ်ပါတယ်။ တောင်ပေါ်ပိုင်းရောက်လေလေ လေပြင်းမုန်တိုင်းတိုက်လေ ဖြစ်ပါသည်။
လေပြင်းဒဏ်ကို အခံရဆုံးသော သစ်ပင်တွေဟာ အကြံ့ခိုင်ဆုံး သစ်ပင်တွေ၊ အမာကြောဆုံး သစ်ပင်တွေ ဖြစ်လာပါသည်ဟု ရှင်းပြပါသည်။

Revell
(ဒေါက်တာသိန်းလွင်၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

သရပါ - ဇော်ဂျီ


ကျန်စစ်သားမင်း၊ မြင်းမှဆင်း၍
နှင်းဆက်ထီးဖြူ၊ ခံယူမည်ထား
လက်ကာတား၏။

မတ်များသခင်၊ ငါ့အရှင်သည်
အကယ်ပင် ရှိမရှိ
အတပ်သိအောင်၊ ငါလှည့်စုံစမ်း
ကြိုးပမ်းဦးမည်၊ ရှာဦးမည်တည့်
ရှိသည်သိလျှင်၊ ငါ့အရှင်ကို
နန်းတင်ရမည်၊ ဦးညွတ်မည်ဟု
ဤသို့မိန့်ကြား၊ ကျန်စစ်သား၏
စကားသစ္စာ၊ သရပါ၌
ညင်သာပဲ့တင်၊ ခတ်ခဲ့ထင်၏
ညီခင်စိတ်မှာ၊ ကြားခဲ့ပါသည်
လွမ်းစရာပ၊ တံခါးဝ။
အစ်ကိုသတိရ လွမ်းကြည့်က။

*****
မနေ့ညက ဂျာနယ်ဖတ်တော့ True News ထဲမှာ "၁၈၈၆ ခုနှစ်က ပုဂံမြို့အ၀င်မှ သရပါတံခါး"ဆိုတဲ့ အမှတ်တရ ဓာတ်ပုံဟောင်းလေးကို တွေ့မိလိုက်ပါတယ်။ ဆရာဇော်ဂျီရဲ့ "သရပါ" ဆိုတဲ့ ကဗျာကို ပြန်ရွတ်ကြည့်ပေမယ့် ဘယ်လိုမှကို မမှတ်မိပါဘူး။ အတော်လေးလည်း စိတ်မကောင်းဖြစ်သွားပါတယ်။ အဲဒါကြောင့် မှတ်စုစာအုပ်တွေထဲမှာ ပြန်ရှာပြီး ဖတ်ရ၊ ကျက်ရပါတယ်။ အခြားရှာနေသူတွေများရှိခဲ့ရင် အလွယ်တကူရနိုင်အောင် တင်ပေးလိုက်တာပါ။

 
Web Statistics