Tuesday, January 05, 2010

ကြည့်ခဲ့ရတဲ့ Iron Cross


ကြိုတင်စိတ်ကူးယဉ်
လက်မှတ်တစ်စောင်ကို ၆၀၀၀ ကျပ် သတ်မှတ်ထားတဲ့အတွက် ပရိသတ်နည်းနည်းပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အရင်နှစ် ပန်းပွဲတော်တွေတုန်းက စတေ့ခ်ျရှိုးလက်မှတ်တစ်စောင်ကို ၃၀၀၀ ကျပ်နဲ့ ရောင်းတာတောင် မကုန်တဲ့အတွက် နောက်ဆုံး ရှိုးပွဲတွေ စတဲ့အချိန်မှာ ၂၅၀၀ ကျပ်အထိ ဈေးချပြီးရောင်းခဲ့ကြရတာ တွေ့ခဲ့ရလို့ပါ။ ဘာပဲဖြစ်ဖြစ် လူနည်းနည်းနဲ့ အိုင်စီရှိုးကို အေးအေးဆေးဆေးကြည့်ရတဲ့ အခွင့်အရေးရမယ်ဆိုရင်တော့ တကယ့်ကို ကံထူးတာပဲလို့ စိတ်ထဲမှာ တွေးမိပါတယ်။ ဒီကပရိသတ်တွေအကြောင်းကို အသိဆုံးမို့ပါ။ အလကားနေရင်းကို ရွှေဓူဝံသွေး၊ ၀မ်းချိုင်းသွေး အပြည့်ပါနေတဲ့လူတွေမို့လေ။ ဒီကြားထဲ ကိုကြီးကျော်သေလို့ ၀င်စားသလားမသိဘူး၊ ဒီကိုမလာခင်ကလည်း သောက်လာခဲ့တယ်၊ ဒီအထဲရောက်တော့လည်း ဘယ်နေရာမှာခိုးရောင်းတယ်မသိဘူး၊ ပုလင်းလိုက်၊ ခွက်လိုက်သောက်ကြတာတွေကလည်း ရှိသေးတယ်မဟုတ်လား။

ပွဲစချိန်အမီ သွားကြမည်
လက်မှတ်မှာ အချိန် - နေ့လည် (၁၂)နာရီ (ပွဲချိန်သတိပြု) လို့ ထင်ရှားစွာရေးထားပါတယ်။ စာစောင်တွေမှာ ကျွန်တော်ဖတ်ဖူးတာ၊ ရန်ကုန်ကသူငယ်ချင်းတွေ ပြောပြဖူးတာကလည်း အိုင်စီဟာ ပရိသတ်မစောင့်ဘူး။ သူစမယ်ဆိုတဲ့ အချိန်ရောက်ရင် ပွဲကို စဖြစ်အောင်စတယ်တဲ့။ ယုံစားမိလို့ ကျွန်တော်မောင်ဉာဏ် မှားခဲ့ပါတယ်ဗျာ။ နေ့လည် ၁၁ နာရီကတည်းက ကန်တော်ကြီးဥယျာဉ်က နန်းမြင့်မျှော်စင်ကို ချီတက်ခဲ့ကြပါတယ်။ သူငယ်ချင်းတွေကတော့ ပွစိပွစိပေါ့လေ။ ၁၂ နာရီမှ စမယ့်ပွဲကို ၁၁ နာရီကတည်းက ဘာသွားလုပ်မှာလဲပေါ့။ ကျွန်တော်တွက်တာက လမ်းမှာ ကား၊ ဆိုင်ကယ်တွေကို ရှောင်ရတာနဲ့ လုံခြုံရေးအရ စစ်ဆေးခံရတာတွေကို ရပ်စောင့်ရတာနဲ့၊ ဥယျာဉ်ဝင်ပေါက်ကနေ နန်းမြင့်မျှော်စင်ကို ၁၅ မိနစ်လောက် လမ်းလျှောက်ရမှာနဲ့ အဲဒီအချိန်တွေကိုတွက်ချက်ပြီး ၁ နာရီ ပိုယူလိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ ပြောဖြစ်အောင် ပြောလိုက်ပါသေးတယ်။ အိုင်စီက ၁၂ နာရီအတိမှာ စမှာကွလို့။ သူတို့က ပြန်မေးတယ်။ မင်းကို ဘယ်သူပြောသလဲတဲ့။ ဘယ်ရမလဲ ကျွန်တော်ကလည်း အိုင်စီမို့ ငါပြောရတာကွပေါ့။ ဒီလိုနဲ့ စတေ့ခ်ျရှိုးကို ချီတက်ခဲ့ကြရော ဆိုပါတော့။

မျက်လုံးပြူးသွားရတဲ့ ဆိုင်ကယ်အပ်ခ
ကန်တော်ကြီးဥယျာဉ်ဝင်ပေါက်ရောက်တော့ ဆိုင်ကယ်တွေကို အဲဒီနေရာမှာပဲ အပ်ခဲ့ရမယ်လို့ ဆိုပါတယ်။ အပ်ရမယ်ဆိုလည်း အပ်ပေါ့လေ။ တစ်စီးကို ၁၀၀၀ ကျပ် ဆိုတော့ ကျွန်တော်မျက်လုံးပြူးသွားတယ်။ ဘုရားရေ… ဘယ်တုန်းကမှ မရှိတဲ့ဈေးနှုန်းတွေနဲ့ တောင်းနေပါလား။ ဟုတ်ရဲ့လားကွာလို့ မေးမိတော့။ ဟုတ်ပါတယ်တဲ့။ လက်မှတ်မှာလည်း ဆိုင်ကယ်တစ်စီးလျှင် ၁၀၀၀ ကျပ်လို့ ရေးထားတဲ့အတွက် ပိုတောင်းတာတော့ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ ကန်ထရိုက်နဲ့ ဥယျာဉ်ကလူတွေ ဘယ်လိုပေါင်းပြီး ရိုက်လိုက်တယ်တော့ ကျွန်တော်မသိဘူး။ စတေ့ခ်ျရှိုး လက်မှတ်တစ်စောင်ကို ၆၀၀၀ ကျပ် ဖြစ်တဲ့အတွက် ဆိုင်ကယ်အပ်ခလည်း ၁၀၀၀ ကျပ် ယူလိုက်မယ်ကွာဆိုပြီး လုပ်လိုက်ကြသလားတော့ မသိပါ။ ကျွန်တော်တို့မြို့မှာ ပုံမှန် ဆိုင်ကယ်အပ်ခက ၂၀၀ ကျပ်မို့ပါ။ ဈေးရှေ့မှာ တစ်နေကုန်အပ်ပြီး ဈေးရောင်းသွားရင်လည်း ၂၀၀ ကျပ်ပဲ။ ရုပ်ရှင်ရုံတွေမှာ အပ်ရင်လည်း ၂၀၀ ကျပ်ပါပဲ။ အိုင်စီပွဲကျမှ ချက်ချင်းလက်ငင်းကြီး ၁၀၀၀ ကျပ်ဖြစ်သွားတာကတော့ စဉ်းစားစရာပါပဲ။

ဝင်ကြေးလည်းကောက်သဗျ
ဒါနဲ့ ဆိုင်ကယ်အပ်ပြီး ပြန်ထွက်လာတော့ ဥယျာဉ်ဝင်ကြေးပေးရပါမယ်တဲ့။ လုပ်ပြန်ပြီ။ အိုင်စီရှိုးကို ဒီအထဲမှာလုပ်တာ ဒီဥယျာဉ်အတွင်းဝင်ခွင့်အတွက် ပိုက်ဆံပေးရဦးမှာလား။ ဘယ်ကိုမှလည်း လျှောက်ကြည့်မှာ၊ လျှောက်လည်မှာမဟုတ်ဘူး။ အိုင်စီကိုကြည့်ဖို့ပဲလာတာ။ လက်မှတ်ခလည်း ၆၀၀၀ ကျပ် ပေးခဲ့ရပြီးပြီ။ ပွဲစီစဉ်သူကလည်း ဒီဥယျာဉ်အတွင်းမှာ လုပ်တဲ့အတွက် ထိုက်သင့်တဲ့ပိုက်ဆံပမာဏတစ်ရပ်တော့ ပေးရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဆိုရင် ဘာကိစ္စ လာကြည့်တဲ့ ပရိသတ်တွေဆီက ၀င်ကြေးတောင်းရသေးသလဲဆိုတာကို စဉ်းစားလို့မရဘူး။ ကျွန်တော်က ဉာဏ်မမီတာလည်း ဖြစ်နိုင်ပါတယ်။ ၆၀၀၀ ကျပ်ဆိုတာက အိုင်စီကိုကြည့်ဖို့သတ်သတ်၊ ၁၀၀၀ ကျပ်က ဥယျာဉ်ထဲကို ၀င်ဖို့အတွက် ၀င်ကြေးသတ်သတ်ပဲ ဖြစ်မှာပါလေ။ ဒါပေမယ့် ငါတို့တော့ အရိုက်ခံနေရပြီဆိုတာကို အလိုလိုသိနေမိတယ်။ ထားပါတော့လေ ကိုယ်တွေကလည်း ဒီအထဲမှာလုပ်တဲ့ ရှိုးပွဲကိုမှ လာကြည့်နေမိတာကိုး။ သူ့အရပ်ရောက်တော့လည်း သူ့ဇာတ်ကို ကရတော့မှာပေါ့။

အထင်နဲ့အမြင် တက်တက်စင်
နန်းမြင့်မျှော်စင်ရှေ့ရောက်တော့ ပရိသတ်က ချောက်တိချောက်ချက်ပဲ ရှိသေးတယ်။ ကြိုတွေးထားသလို လူမများလောက်ဘူးလို့ ထင်လိုက်မိတယ်။ ဟိုနားမှာ တစ်ဖွဲ့၊ ဒီနားမှာ တစ်အုပ်စုနဲ့ စကားပြော၊ နေကြာစေ့စား လုပ်နေကြတာပေါ့။ နေကလည်း ပူလိုက်တာမှအရမ်းပဲ။ လူတစ်ကိုယ်လုံး ပေါင်းတင်ခံနေရသလိုပဲ။ ညနေစောင်းတာနဲ့ အေးမှာသိနေတဲ့အတွက် အပေါ်အနွေးထည်ကလည်း မ၀တ်လာဘဲ မနေရဲဘူးလေ။ အခုတော့ နေ့ခင်းကြီး နေပူပူအောက်မှာ ချွေးသံတရွှဲရွှဲနဲ့ အတော်ကို ပူစပ်ပူလောင်ပါပဲ။

၁၂ နာရီထိုးခါနီးတော့ ပရိသတ်က အတော်လေးများလာပါပြီ။ ဒါပေမယ့် စင်ပေါ်မှာက ဘာအရိပ်အယောင်မှ မတွေ့ရဘူး။ ဒီအတိုင်းချထားတဲ့ တီးဝိုင်းပစ္စည်းတွေရယ်၊ အစောင့်တွေရယ်ပဲ ရှိတယ်။ ကျွန်တော်နည်းနည်းတော့ စိတ်ထင့်သွားတယ်။ အခုအချိန်အထိ အိုင်စီအဖွဲ့က အရိပ်အယောင်တောင် မမြင်ရဘူး။ ၁၂ နာရီထိုးဖို့ကလည်း မိနစ်ပိုင်းလောက်ပဲ လိုတော့တယ်။ ဘယ်လိုလုပ်ပြီး ၁၂ နာရီအတိမှာ စနိုင်မလဲမသိဘူးလို့ တွေးနေရပြီ။ ဘေးကသကောင့်သား သူငယ်ချင်းအကောင်းစားကြီးတွေကလည်း ကျွန်တော့်ကို မျက်လုံးစိမ်းတွေ၊ မျက်လုံးဝါတွေ၊ မျက်လုံးနီတွေနဲ့ ကြည့်ပြီး ရယ်နေကြပြီ။ ကျွန်တော်လည်း ဟန်ကိုယ့်ဖို့ပဲ မဟုတ်လား။ စောင့်ကြည့်ပါဦးကွလို့ အနည်းငယ်တုန်နေတဲ့အသံလေးနဲ့ မာန်တင်းရတာပေါ့။ ၁၂ နာရီ ၅ မိနစ်ကျတော့ စတေ့ခ်ျစင်ရှေ့က ပရိသတ်အချို့က မရတော့ဘူး။ မစသေးဘူးလား၊ ဘာလားဆိုပြီး အော်ဟစ်နေကြပြီ။ အမယ်.. အဲဒီတော့ ဘာလုပ်တယ်မှတ်လဲ သီချင်းဖွင့်ပေးထားလိုက်သဗျ။ စိတ်ညစ်လိုက်တာဆိုတာလေ။ အငဲရဲ့ "ကိုး" အခွေနဲ့ လေးဖြူရဲ့ "BOB" အခွေတွေကို အမုန်းကို ဖွင့်ပေးထားကြသဗျ။ ဆိုးဝါးလိုက်တဲ့ အိုင်ဒီယာဗျာ။ ဒီအဆိုတော်တွေ ဖျော်ဖြေတာကို လာနားထောင်တာပါဆိုမှ သူတို့ရဲ့ သီချင်းခွေတွေကို ဖွင့်ပြတဲ့စိတ်ကူးလောက် မိုက်မဲစုတ်ပြတ်နုံချာတဲ့ အတွေးအခေါ် ရှိဦးမလားဗျာ။ သူငယ်ချင်းတစ်ယောက်ပြောတဲ့ စကားနဲ့ပြောရရင်တော့ "စတေ့ခ်ျရှိုးလာကြည့်ပါတယ်ဆိုမှ လဘက်ရည်ဆိုင် ရောက်နေတယ်ကွာ" တဲ့။ တကယ်လည်း ပြောထိုက်ပါတယ်။ အငဲနဲ့ လေးဖြူကို စီးပွားဖြစ်ကို ဖွင့်ပေးထားတော့တာကိုး။ တစ်ပုဒ်ဆုံးသွားတဲ့အချိန်တိုင်း ပရိသတ်တွေက အော်ဟစ်ဆဲဆိုနေတာတွေကို ကြားနေရတယ်။ ဒီတစ်ခါတော့ ကျွန်တော်သူတို့ကို အပြစ်မတင်တော့ဘူး။ သူတို့မှန်တယ်။ သူတို့အော်သင့်တယ်။ ဆဲသင့်တယ်မဆဲသင့်ဘူးကတော့ သူတို့ခံယူချက်နဲ့သူတို့ပါ။ မကျေနပ်ချက်ကို ဖော်ထုတ်တဲ့အနေနဲ့ ဆဲတယ်လို့ယူဆရမယ်ဆိုရင်တော့ သူတို့ကို မှားတယ်လို့ မပြောချင်ဘူး။ ဘာပဲပြောပြော ကျွန်တော့်အထင်နဲ့ အမြင်တွေ တက်တက်စင်လွဲသွားရတာတော့ အသေအချာပါပဲ။ အိုင်စီအပေါ်ထားတဲ့ ကျွန်တော့်လေးစားမှုလေး တစ်ဆစ်လျော့သွားတယ်။

ပရိသတ်ကို မလေးစားတာလား၊ လုပ်ချင်ရာလုပ်တာလား
နေ့လည်ခင်း နေပူကြဲကြဲကြီးထဲမှာ အစောကြီးကတည်းက လာရောက်စောင့်မျှော်နေတဲ့ ပရိသတ်တွေကို အိုင်စီက စော်ကားလိုက်တာလို့ မြင်ပါတယ်။ အစကတည်းက ပွဲစချိန်ကို ၁၂ နာရီမှာ မစနိုင်ရင် အခြားအချိန်တစ်ခု ရေးပေါ့။ ပြီးတော့ သူတို့ကပဲ လက်မှတ်ထဲမှာ (ပွဲချိန်သတိပြု) ဆိုပြီး ကြီးကြီးကျယ်ကျယ် ထည့်ထားသေးတယ်။ ဒါဟာ ပရိသတ်ကို စော်ကားတာဖြစ်သလို သူတို့ကိုယ်တိုင်လည်း အချိန်ကို တန်ဖိုးမထားဘူး၊ အချိန်ကို မလေးစားဘူးဆိုတာကို ပြနေတာပါ။ အခုအချိန်မှာတော့ ပြိုင်ဘက်မရှိအနေနဲ့ သူတို့လုပ်ချင်သလို လုပ်နေတာ မှန်နေသလို ဖြစ်နေပါလိမ့်မယ်။ နောင်တစ်ချိန် တီးဝိုင်းတွေ အပြိုင်အဆိုင် ရှိလာတဲ့အခါကျရင် အများကြီး စကားပြောသွားပါလိမ့်မယ်။ သေချာတာကတော့ "အိုင်စီဟာ ပရိသတ်ကို မစောင်ဘူး၊ စမယ့်အချိန်မှာ အတိအကျကို စတယ်"ဆိုတဲ့ ကျွန်တော့်ယုံကြည်ချက်ကလေး လုံးဝကို ပျက်စီးသွားပါတယ်။ ကျွန်တော်တို့မြန်မာတွေက ပြောလိုက်ရင်တော့ ကမ္ဘာပတ်တော့မှာလိုလို၊ ကမ္ဘာကြီးကို အုပ်စိုးတော့မှာလိုလိုနဲ့ သောက်ကြီးသောက်ကျယ်နဲ့။ ပြီးတော့ ၁၂ နာရီမှာ စမယ်လို့ လက်မှတ်ထဲမှာရေးထားတဲ့ အချိန်ကိုတောင် မစနိုင်ဘူး။ ၁၀ မိနစ်လောက် နောက်ကျရင်တောင် မြန်မာတွေပဲလေဆိုပြီး နားလည်ပေးလို့ရသေးတယ်။ အခုတော့ ၁၅ မိနစ်လည်းမဟုတ်၊ နာရီဝက်လည်းမဟုတ်။ မိနစ် ၄၀ လောက်ကို နောက်ကျပစ်လိုက်တယ်။ ကြိုရောက်နေတာက ၁ နာရီ၊ သူတို့နောက်ကျတာက ၄၀ မိနစ် ပေါင်း ၁ နာရီနဲ့ ၄၀ မိနစ် (၂ နာရီနီးပါးလောက်) နေပူထဲမှာ ငုတ်တုတ်ထိုင်ပြီး လာစောင့်နေတဲ့ ပရိသတ်တွေက သောက်ရူးတွေကျနေတာပဲ။ ပြောလိုက်ရင် ပရိသတ်ဆိုတာ ကျွန်တော်တို့ ထမင်းရှင်ပါဘာညာနဲ့ အခုတော့ကြည့်ပါဦး ပိုက်ဆံ ၈၀၀၀ ကျပ်အကုန်ခံပြီး နေပူထဲမှာ ဒုက္ခလာခံနေရတယ်။ အဲဒါလား ပရိသတ်ကို လေးစားတာ။ ရထားတွေ အချိန်မှန်မထွက်ရင်၊ ကားတွေအချိန်မှန်မထွက်ရင် ဒင်းတို့တွေပဲ တောပြောတောင်ပြော ပြောကြတာ။ သူတို့ကျတော့ ပြောတဲ့အချိန်အတိုင်း လုပ်နိုင်ကြတာ မဟုတ်ပါပဲလျက်နဲ့။

၁၂ နာရီ ၄၀ မိနစ်ကျော်မှာ အသံစမ်းကြတယ်
တီးတဲ့အဖွဲ့တွေဖြစ်တဲ့ ကိုဗညား၊ ကိုခင်မောင်သန့်၊ ကိုခရမ်းနဲ့ ကိုချစ်စမ်းမောင်တို့ စင်ပေါ်တက်လာတယ်။ ဟိုတီးဒီတီးလုပ်ကြတာ ၁၀ မိနစ်လောက်ကြာတယ်။

ပွဲစပြီ
၁၂ နာရီ မိနစ် ၅၀ မှာတော့ ကိုဗညားက အစီအစဉ်ကြေညာသူအဖြစ်နဲ့ အိုင်စီရှိုးစတင်ပါတယ်။ အပိုင်း(၂)ပိုင်းခွဲပြီး ဖျော်ဖြေမယ်လို့ ကြေညာပါတယ်။

ပထမပိုင်းဖျော်ဖြေမှု
ချမ်းချမ်း
ပထမဆုံး ချမ်းချမ်းနဲ့ ဖွင့်ပါတယ်။ ပရိသတ်က အောက်ကနေပြီး လေးဖြူနာမည်ကိုပဲ တရစပ်အော်နေကြတယ်။ စီစဉ်ထားမှုဆိုးဝါးတာကတော့ ချမ်းချမ်းက ကြားလည်းမကြားဖူး၊ ဘယ်သူမှလည်း မရတဲ့ သီချင်းတစ်ပုဒ်နဲ့ ဖွင့်လိုက်တာပါပဲ။ အောက်ကပရိသတ်က ငြိမ်လို့။ စိတ်ဝင်စားလို့ နားထောင်နေတာမဟုတ်ဘူး။ ဘာတွေ အော်နေမှန်းမသိလို့။ သူကတော့ ခံစားချက်အပြည့်နဲ့ သီဆိုနေပုံပေါက်ပါတယ်။ ပြီးတော့ ဘာတွေပြောနေမှန်းလည်း မသိဘူး။ "ချမ်းချမ်း မေမြို့ကို ပထမဆုံး ရောက်ဖူးတာပါ" တဲ့။ အောက်ကလည်း ပြန်အော်တယ် "အဲဒါ ဘာလုပ်ရမှာလဲ" တဲ့။ တကယ်ဆိုရင် ပရိသတ်သိပြီးသား သီချင်းတစ်ပုဒ်နဲ့ စဖွင့်လိုက်ရင်တောင် အဲဒီလောက်အထိ မဆိုးလောက်ပါဘူး။ တစ်ပုဒ်ပြီးသွားတော့ အောက်ကပရိသတ်က လေးဖြူနာမည်ကိုပဲ အော်နေကြတယ်။ ချမ်းချမ်းက စုစုပေါင်း (၃)ပုဒ် ဖျော်ဖြေပါတယ်။ ကျန်တဲ့(၂)ပုဒ်ကတော့ ပရိသတ် သိပြီးသားသီချင်းတွေပါ။

တော်လိုက်တဲ့ပရိသတ်
စောစောက ကျွန်တော်ပြောသလို ပရိသတ်က လေးဖြူနာမည်ကို တရစပ်အော်နေပါတယ်ဆိုမှ ချမ်းချမ်းကလည်း ဘာတွေပြောနေ၊ လုပ်နေမှန်းကို မသိပါဘူး။ "အဆင်ပြေတယ်မလား" တဲ့ မေးတယ်။ အောက်ကပရိသတ်က "မပြေဘူး" ဆိုပြီး လက်တွေထောင်ပြီး လက်ခါပြကြတယ်။ အဲဒါကို "Thank you" တဲ့။ အံ့ရော။ အမယ် အဲဒါနဲ့တင် အရှက်မရှိသေးဘူးဗျာ။ ပရိသတ်အခြေအနေကို ကိုယ်က သိနေပြီပဲ။ ပြီးတော့ ကိုယ်က ပရိသတ်ကို ထိန်းတတ်တာလည်း မဟုတ်ပါဘဲနဲ့။ ဒီအတိုင်း ဆိုစရာရှိတာဆိုပေါ့။ မနေတတ်မထိုင်တတ် ထပ်ပြော၊ ထပ်မေးသေးတယ်။ "ချမ်းချမ်းက မေမြို့မှာ ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ မေမြို့ပရိသတ်ကြီးက ချမ်းချမ်းကို ကြိုဆိုတယ်ဆိုရင် လက်လေးတွေ ထောင်ပြပါဦး" တဲ့။ အဲဒီအချိန်မှာ ပရိသတ်က လေးဖြူနာမည်ကို အသည်းအသန်ကို အော်နေတဲ့အချိန်။ ကျွန်တော်ထင်လိုက်တာက သွားပြီ၊ ချမ်းချမ်းတော့ ကွဲပြီပေါ့။ ဒါပေမယ့် ပရိသတ်တွေကလေ တော်လိုက်တာဗျာ။ အားလုံးနီးပါးလောက် ချမ်းချမ်းကို လက်ထောင်ပြကြရှာပါတယ်။ ကွင်းတစ်ခုလုံး လက်တွေထောင်လိုက်တာမှ ဖွေးနေတာပဲ။ ပါးစပ်ကတော့ လေးဖြူ၊ လေးဖြူဆိုပြီး အော်နေကြတာ။ လက်တွေတော့ ထောင်ပေးလိုက်ကြရှာပါတယ်။ ဘယ်လောက်များတော်လိုက်တဲ့၊ ချစ်စရာကောင်းလိုက်တဲ့ မြန်မာလူမျိုးတွေလဲဗျာ။ ကိုယ်ကြည့်ချင်နေတာက အခြားအဆိုတော်တစ်ယောက်၊ ဒါပေမယ့်လို့ လက်ရှိသီဆိုနေတဲ့ အဆိုတော်ကိုလည်း အရှက်မကွဲရအောင် သူတို့တတ်နိုင်တဲ့ဘက်က လုပ်ပေးလိုက်ကြပါတယ်။ တကယ်လို့များ ပရိသတ်တွေကသာ လက်မထောင်ဘဲ အော်ဟစ်နေမယ်ဆိုရင် ချမ်းချမ်းခမြာ အတော်လေးကို စိတ်မကောင်းဖြစ်သွားမယ်ထင်ပါရဲ့ဗျာ။ ဒီလိုပရိသတ်တွေကို ပြောထားတဲ့အချိန်ထက် မိနစ် ၄၀ လောက်နောက်ကျပြီးမှ ရောက်လာတဲ့ အိုင်စီကို သနားသွားတယ်။ ပရိသတ်တွေကို နေ့တိုင်းကို ထိုင်ရှိခိုးသင့်တယ်။

ဝိုင်ဝိုင်း
ဒုတိယတစ်ယောက်အနေနဲ့ ၀ိုင်ဝိုင်းက ဖျော်ဖြေပါတယ်။ ထုံးစံအတိုင်း "အချိန်မှန်ရထားကြီး ခရီးဆက်ဆဲ" ဆိုပြီး စလိုက်တာပေါ့လေ။ အလွမ်းအဆွေးသီချင်းတွေချည်းပါပဲ။ သူ့သီချင်းတွေအများစုက ပရိသတ်ရပြီးသား ဖြစ်တဲ့အတွက် အောက်ကနေပြီး လိုက်ဆိုကြတာ တွေ့ရပါတယ်။

ခင်ဘုဏ်း
တတိယတစ်ယောက်အနေနဲ့ ခင်ဘုဏ်းက ဖျော်ဖြေပါတယ်။ သူကတော့ ပရိသတ်ကို ထိန်းတတ်သူဆိုတော့ သူပြောချင်ရာပြော သူဆိုချင်ရာဆိုပြီး မမောနိုင်မပန်းနိုင် သီဆိုဖျော်ဖြေသွားပါတယ်။ အောက်ကပရိသတ်ကိုပါ ပါအောင်ဆွဲခေါ်သွားတာကိုတော့ အသိအမှတ်ပြုမိပါတယ်။

အငဲ
အစီအစဉ်ကြေညာတဲ့ ကိုဗညားက မေမြို့သားမက် ကိုအငဲဖြစ်ပါတယ်ဆိုကတည်းက ပရိသတ်က ဟေးကနဲ ဖြစ်နေပြီ။ အငဲကလည်း စလာကတည်းက "၈၅ မန္တလေးညများတမ်းချင်း" နဲ့ ဟစ်ထုတ်လိုက်တယ်။ ပရိသတ်ဆိုတာ ဘယ်ပြောကောင်းမလဲ။ ကတဲ့သူက၊ ဆိုတဲ့သူဆို၊ လက်တွေမြှောက်သူမြှောက်နဲ့ အတော်လေးကို အရှိန်ရသွားကြတယ်။ အငဲကလည်း သီချင်းတစ်ပုဒ်မဆိုခင် သူဆိုမယ့် သီချင်းကို မိတ်ဆက်တဲ့အခါ အောက်ကပရိသတ်တွေက သဘောကျနေကြတာကို တွေ့ရပါတယ်။ ဥပမာ - "ကျွန်တော့်ညီတွေက မိန်းမတွေနဲ့ ပတ်သက်ရင် အရမ်းကို ခံစားကြလွန်းတယ်၊ သောက်သုံးမကျတဲ့ မိန်းမတစ်ယောက်ကြောင့် ကျွန်တော့်ရင်ဘတ်ကြီး စုတ်ပြတ်သွားတဲ့အကြောင်းကို ဆိုပြပါ့မယ်" တို့လိုပေါ့။ ပြီးတော့ ပြောသွားတယ်။ "မန္တလေးတက္ကသိုလ်က ထွက်တဲ့လူတွေက သီချင်းဆိုကောင်းတယ်" တဲ့။

လေးဖြူ
ကိုဗညားက အခုတစ်ခါ ခင်ဗျားတို့နာမည်အော်နေတဲ့လူကို စင်ပေါ်ခေါ်လိုက်မယ်လည်းဆိုရော ပရိသတ်က "လေးဖြူ၊ လေးဖြူ" ဆိုပြီး ဆူညံကုန်တော့တာပါပဲ။ လေးဖြူကလည်း အားပါးတရကို အများကြီး ဖျော်ဖြေသွားပါတယ်။ သူဆိုတဲ့အချိန်မှာ ရန်ဖြစ်နေလို့ "ငါ့ညီ… ရှော်လိုက်ကွာ.. အစ်ကိုတောင်းပန်ပါတယ်.. ကိုလေး ဆက်ဆိုချင်သေးလို့ပါ" လို့ပြောတော့ ရန်ဖြစ်နေတဲ့လူတွေက ရပ်သွားတာကို တွေ့ရပါတယ်။ လေးဖြူကိုယ်တိုင် တောင်းပန်နေတဲ့အတွက် ဘေးကလူတွေကလည်း ၀ိုင်းပြီး pressure ပေးလိုက်ပုံ ရပါတယ်။

မျိုးကြီး
ပထမပိုင်းဖျော်ဖြေမှုရဲ့ နောက်ဆုံးအဖြစ် မျိုးကြီးက သီဆိုဖျော်ဖြေပါတယ်။ သူကလည်း တကယ့်ကို အော်ဟစ်ရတဲ့ သီချင်းတွေချည်းပဲ ရွေးပြီး သီဆိုသွားပါတယ်။ ပရိသတ်ကဆိုလိုက်၊ သူကဆိုလိုက်နဲ့ ပရိသတ်နဲ့ တစ်လှည့်စီ ဆိုနေလိုက်တာများ မသိရင် ဇာတ်တိုက်ထားသလိုပဲ အဆင်ကိုချောလို့။ ပရိသတ်ကလည်း မျိုးကြီးကို အားပေးကြတာ တွေ့ရပါတယ်။ အမယ်… မျိုးကြီးက စင်ပေါ်မှာ အဆိုတော်တွေ သောက်ဖို့ချထားပေးတဲ့ ရေသန့်ဗူးတွေကိုတောင် ပရိသတ်ကို ပစ်ပေးပြီး ဝေငှနေသေးတယ်။ ဘေးကစောင့်နေတဲ့ လုံခြုံရေးတွေကတော့ မျက်လုံးတွေ ပြူးလို့ပေါ့။ မပြူးဘဲ နေမလား။ အပြင်မှာရေသန့်ရောင်းရင်တောင် ဗူးပေးလိုက်တာမဟုတ်ဘူး။ အိတ်ထဲကိုပြောင်းထဲပြီးပဲ သယ်လို့ရတာလေ။ တော်ကြာ ရေဗူးတွေနဲ့ ပစ်မှာကြောက်လို့။ အခုတော့ ကိုမျိုးကြီးက ရေဗူးတွေလှမ်းပစ်ပေးနေတော့ သူတို့မှာ တားရအခက်၊ အောက်ကပရိသတ်ကို ကြည့်ရထိန်းရတာတစ်ဖက်နဲ့ အတော်ကို ပူစပ်ပူလောင် ဖြစ်သွားကြပုံပါပဲ။ မျိုးကြီးအနေနဲ့လည်း စေတနာနဲ့ ပရိသတ်ကို ပေးတာဖြစ်ပေမယ့် တားမြစ်ထားတာတစ်ခုကို လုပ်တော့မယ်ဆိုရင်တော့ စဉ်းစားသင့်ပါတယ်။ တကယ်လို့များ သူပစ်ပေးလိုက်တဲ့ရေဗူးတွေက အရင်နှစ်တွေကလိုများ စင်ပေါ်ကို ပျံဝဲတက်လာရင် အလကားနေရင်း မခက်ချေဘူးလား။ ဘာပဲဖြစ်ဖြစ် မလုပ်သင့်ဘူးလို့ ကျွန်တော်က မြင်ပါတယ်။ လုံခြုံရေးရှုထောင့်ကပါ။ မျိုးကြီးရဲ့ စေတနာကိုတော့ နားလည်လေးစားပါတယ်။

ဒုတိယပိုင်းဖျော်ဖြေမှု
ချမ်းချမ်း
ပထမဆုံးအနေနဲ့ ချမ်းချမ်းကိုပဲ ပြန်ခေါ်ပါတယ်။ သီချင်း (၃)ပုဒ် သီဆိုဖျော်ဖြေသွားပါတယ်။ "I believe myself" ဆိုတဲ့ သီချင်းကိုတော့ အောက်ကပရိသတ်တွေပါ လိုက်ဆိုပြီး အားပေးခဲ့တာကို တွေ့ရပါတယ်။ "ဘ၀ခြားနေရင်တောင် ချစ်မှာ" ဆိုတဲ့ သီချင်းကိုတော့ ဘယ်သူမှ ရကြပုံလည်း မရပါဘူး။ အသစ်တစ်ပုဒ်ပဲ ဖြစ်မယ်ထင်တာပဲ။ အဲဒီသီချင်းနဲ့ နှုတ်ဆက်သွားပါတယ်။ ချမ်းချမ်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သတိထားမိတာတစ်ခုတော့ Body structure ပါပဲ။ ချမ်းချမ်းကလည်း ချမ်းချမ်းပါပဲ။ အခုလက်ရှိ သူ့ခန္ဓာကိုယ်ကိုပဲ ဂုဏ်ယူနေတာလားတော့ မပြောတတ်ပါဘူး။ ၀တ်ထားတာက သူနဲ့ လုံးဝကို မလိုက်ဖက်ဖူးလို့ မြင်မိပါတယ်။ ပိန်သော်လှ၏ ဆိုတာ သူ့ရဲ့ ခံယူချက်ဆိုရင်တော့ သူလှတယ်ပေါ့ဗျာ။ တကယ်ဆိုရင် တခြားအ၀တ်အစား ခပ်ဆန်းဆန်းလေးတွေ ၀တ်ပြရင် ဒီထက်ပိုပြီး ဆွဲဆောင်မှု ရှိမလားလို့ပါ။

ဝိုင်ဝိုင်း
ဒုတိယပိုင်းရဲ့ ဒုတိယမြောက်အဆိုတော်အနေနဲ့ ၀ိုင်ဝိုင်းက တက်လွမ်းပါတယ်။ အောက်ကပရိသတ်တွေကတော့ လက်ကလေးတွေယမ်းပြီး လိုက်ဆို၊ လိုက်လွမ်းကြရတာပေါ့။ ပြီးတော့ ၀ိုင်ဝိုင်းကပဲ ကိုခရမ်းရေ လက်စွမ်းပြစမ်းပါဦး ဆိုပြီး ထုံးစံအတိုင်း ကျန်တဲ့ တီးဝိုင်းအဖွဲ့တွေ အနားယူကြပါတယ်။ ကိုခရမ်းလက်စွမ်းပြနေတာကို ပရိသတ်က စိတ်ဝင်စားပုံ မပြပါဘူး။ အားလုံးက သူတို့လည်း အနားရပြီးဆိုတဲ့စိတ်နဲ့ အောက်မြေကြီးပေါ်မှာ ထိုင်ချတဲ့လူနဲ့၊ ဆေးလိပ်ထုတ်သောက်တဲ့လူနဲ့၊ ရေသောက်တဲ့လူနဲ့ပေါ့။ ပြီးတဲ့အချိန်မှာ ၀ိုင်ဝိုင်းက ဆက်ပြီး ဖျော်ဖြေပါတယ်။ နောက်ဆုံးပိတ်ကိုတော့ ပရိသတ်တွေနဲ့အတူ "ဖြေသိမ့်လိုက်" ကြပါတယ်။

ခင်ဘုဏ်း
ခင်ဘုဏ်းကတော့ သူ့ဟန်အတိုင်းပဲ mood အပြည့် feeling အပြည့်နဲ့ မြူးမြူကြွကြွ သီဆိုဖျော်ဖြေသွားပါတယ်။ "မေမြို့ပရိသတ်ကြီးက အရမ်းချစ်ဖို့ကောင်းတာပဲ" ဆိုပြီး ချွေးသိပ်သွားပါသေးတယ်။ နောက်ဆုံးပိတ်ကိုတော့ သူနဲ့ ရှင်ဖုန်း ဆိုထားတဲ့ Atomic Kitten ရဲ့ သီချင်းတစ်ပုဒ်ကို ပရိသတ်နဲ့အတူ စုံတွဲသီဆိုသွားပါတယ်။ "မင်းပေးခဲ့တဲ့ အိပ်မက်တွေ… အခုထိ မက်နေမိ… အမြန်ပြန်လာပါ ချစ်သူရယ်…. ကိုယ် ဆက်ဆက်စောင့်မယ်အချစ်လေး…. အတူတူတွဲထားတဲ့ တို့လက်တွေ… ချစ်သူလေးရေ… ဝေးခဲ့ရပြီ… အသည်းလေးတွေ ကွဲအက်ကြေ… လွမ်းနေရတယ် အချစ်ဆုံး.. ဘေဘီ" ဆိုတဲ့ စာသားတွေကို ပရိသတ်က အားပါးတရကို လိုက်လံသီဆိုပေးခဲ့ကြတာကို တွေ့ရပါတယ်။

မျိုးကြီး၊ လေးဖြူ၊ အငဲ
အလှည့်ကျတာက မျိုးကြီးဖြစ်ပါတယ်လို့ ကိုဗညားက ကြေညာပါတယ်။ ဒါပေမယ့် စင်ပေါ်ကို လေးဖြူ၊ အငဲ၊ မျိုးကြီး (၃)ဦးလုံး တက်လာပါတယ်။ မျိုးကြီးက "ကျွန်တော်တစ်ယောက်တည်း ဆိုနေတော့ ပရိသတ်က ပျင်းခြောက်ခြောက်ကြီး ဖြစ်နေမှာစိုးလို့ ကိုလေးဖြူနဲ့ ကိုအငဲကိုပါ စုံတွဲဆိုရအောင် တစ်ခါတည်း ခေါ်လာခဲ့တယ်" လို့ ပြောပါတယ်။ "ဒီဇင်ဘာ" များ ဆိုတော့မှာလားလို့ တွေးမိသေးတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ အခြားသီချင်းတွေကို ဆိုကြပါတယ်။ (၃)ယောက်လုံး စင်ပေါ်ကနေ ပြန်မဆင်းတော့ပါဘူး။ တစ်ယောက်တစ်ပုဒ်စီ ဆိုကြတာဖြစ်ပါတယ်။ မျိုးကြီးဆိုရင် လေးဖြူနဲ့ အငဲက ဟာမိုနီ လိုက်ဆိုပေးပါတယ်။ ကျန်တဲ့တစ်ယောက်ဆိုရင်လည်း အခြားနှစ်ယောက်က ဟာမိုနီ လိုက်ဆိုပေးပါတယ်။

ကြားထဲမှာ ကိုဗညားကို လက်စွမ်းပြတီးခတ်ခိုင်းပါသေးတယ်။ ပရိသတ်ကလည်း အနားရတာပေါ့လေ။ ဘာတွေတီးနေမှန်းကို သတိမထားမိပါဘူး။ မျိုးကြီးရဲ့ အိပ်ဖန်စောင့် သီချင်းနဲ့အတူ သီဆိုဖျော်ဖြေမှု ပြန်စမှ ပရိသတ်လည်း ပြန်အသက်ဝင်လာခဲ့ပါတယ်။ လိုက်ဆိုကြ၊ လိုက်အော်ကြ၊ လိုက်ကကြပေါ့လေ။ တစ်လှည့်စီ သီဆိုဖျော်နေလိုက်ကြရင်းနဲ့ "ချစ်စမ်းမောင်… solo လေး တီးပြစမ်းပါ" ဆိုပြီး အဆိုတော်တွေအားလုံး အောက်ကိုဆင်းသွားကြပါတယ်။ ချစ်စမ်းမောင်ရဲ့ လက်စွမ်းပြမှု အစီအစဉ်ပေါ့လေ။

ဒီတစ်ခါတော့ ပရိသတ်တွေ အနားမရတော့ပါဘူး။ ပရိသတ်က ချစ်စမ်းမောင်ရဲ့ တီးခတ်မှု၊ လက်စွမ်းပြမှုကိုတော့ အတော်လေးကို စိတ်ဝင်စားတာတွေ့ရပါတယ်။ လက်ခုပ်တွေတီးလိုက်၊ လက်ခေါက်တွေမှုတ်လိုက်၊ အပေါ်ကတီးတဲ့တီးလုံးအတိုင်း လိုက်ကလိုက်နဲ့ပေါ့။ ချစ်စမ်းမောင်ကလည်း အမျိုးမျိုးကို လက်စွမ်းပြနေပါတော့တယ်။ ဆိုင်ကယ်စက်နှိုးတာကနေ ထွက်သွားတဲ့အထိကို ဂစ်တာနဲ့ တီးပြသွားတော့ ပရိသတ်တွေက လက်ခုပ်သံတဖြောင်းဖြောင်းပေါ့။ ဘယ်လောက်အထိလဲဆိုရင် လျှာနဲ့တောင် တီးပြသွားလိုက်သေးတယ်။ အကူတစ်ယောက်ရဲ့ခေါင်းပေါ်ကို ဂစ်တာတင်ပြီး လက်စွမ်းပြတာကိုလည်း အောက်ကပရိသတ်တွေ အတော်လေးနှစ်ခြိုက်သဘောကျ အားပေးကြတာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ စတေ့ခ်ျစင်ရဲ့ ဘယ်ဖက်အခြမ်းမှာ ရန်ပွဲအကြီးအကျယ်ကို တွယ်နေကြတဲ့အချိန်ပါ။ ဘေးကပရိသတ်တွေခမြာ မဆီမဆိုင် ထိကုန်မှာစိုးတဲ့အတွက် ဘေးကို ရှဲထွက်သွားကြပါတယ်။ ရန်ဖြစ်တဲ့နေရာမှာ အယောက် (၂၀)ယောက် လုံးထွေးသတ်ပုတ်နေကြတာကို တွေ့ရပါတယ်။ ခါးပတ်တွေချွတ်ပြီး ရိုက်နေကြတာလည်း တွေ့ရပါတယ်။ ကန်တဲ့လူကကန်၊ ထိုးတဲ့လူကထိုး၊ ပြေးတဲ့လူကပြေး၊ လိုက်တဲ့လူကလိုက်၊ ရိုက်တဲ့လူကရိုက်နဲ့ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ကစားနေသလိုပါပဲ။ ဘေးကရှဲပေးလိုက်တဲ့အတွက် အဲဒီနေရာဟာ ကွက်လပ်ဖြစ်ပြီး စည်ဝိုင်းပုံစံမျိုး ဖြစ်သွားပါတယ်။ ပရိသတ်ကလည်း အုတ်အုတ်သည်းသည်း ဖြစ်သွားတာပေါ့။ လုံခြုံရေးတွေရောက်လာပြီး ရန်ဖြစ်တဲ့လူတွေကို ဆွဲခေါ်သွားတာတွေ့ရပါတယ်။ ပရိသတ်က ကြွက်စီကြွက်စီ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ချစ်စမ်းမောင်က လက်စွမ်းပြပြီး ပရိသတ်ရဲ့အာရုံ သူ့ဆီကို ပြန်ရောက်အောင် လုပ်လိုက်ပါတယ်။ "မြနန္ဒာ" သီချင်းကို တီးပြလိုက်တာပါ။ ပရိသတ်က လိုက်ဆိုတဲ့အပြင် ကခုန်ပြီး စတေ့ခ်ျစင်ပေါ်ကို ပြန်အာရုံရောက်သွားတာ တွေ့ရပါတယ်။ တော်ပါပေ့ ကိုချစ်စမ်းမောင်ရယ်…။

အဆိုတော်သုံးယောက် စင်ပေါ်ပြန်ရောက်လာပြီး တစ်လှည့်စီသီဆိုဖျော်ဖြေကြပါတယ်။ လေးဖြူရဲ့ "စာမျက်နှာတစ်ဆယ့်ငါး" တို့ အငဲရဲ့ "အကြည့်" တို့၊ မျိုးကြီးရဲ့ "ကျောက်စာများ" တို့နဲ့အတူ ပရိသတ်တွေ ထိန်းမရအောင်ကို လိုက်ဆိုကြ၊ လိုက်ကကြတာကို တွေ့ရပါတယ်။ လေးဖြူက "ကျွန်တော်တို့ အခုအချိန်ကစပြီး ဖြည်းဖြည်းချင်း နှုတ်ဆက်ပါပြီ" လို့ ပြောတဲ့အချိန်မှာ ပရိသတ်တွေက လက်တွေယမ်းပြီး မရဘူးလို့ အော်ကြပါတယ်။ အစောကြီးရှိသေးတယ်လို့ ၀ိုင်းအော်ကြပါတယ်။ လေးဖြူက နောက်ထပ်လေးပုဒ်ဆိုပြီးရင် ကျွန်တော်တို့အစီအစဉ် ပြီးပါပြီလို့ ကြေညာပါတယ်။ လေးဖြူ၊ အငဲ၊ မျိုးကြီး တစ်ပုဒ်ဆီ ဆိုပြီးတဲ့အချိန်မှာ နောက်ဆုံးအပုဒ်အဖြစ် လေးဖြူက "ဘ၀ဆိုတာ မရေရာ.." ဆိုပြီး သူ့ရဲ့ "မာယာ" ဆိုတဲ့ သီချင်းနဲ့ နှုတ်ဆက်သွားပါတယ်။

ပြီးသွားတဲ့အချိန်မှာ တီးဝိုင်းအဖွဲ့တွေနဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီးတို့လက်တွဲပြီး ပရိသတ်ကိုနှုတ်ဆက် ဂါရ၀ပြုခဲ့ကြတာ တွေ့ရပါတယ်။

ဒီလိုနဲ့ပဲ အိုင်းရင်းခရော့စ်တီးဝိုင်းရဲ့ ပြင်ဦးလွင်ဖျော်ဖြေပွဲဟာ ညနေ ၅ နာရီ ၁၅ မိနစ်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။

သုံးသပ်ချက်
လက်မှတ်ဈေးမြင့်မှုကြောင့် ပရိသတ်နည်းလိမ့်မယ်လို့ ထင်ထားပေမယ့် စတေ့ခ်ျစင်ရှေ့က ကွက်လပ်ကြီးတစ်ခုလုံး ပြည့်လျှံသွားတဲ့အထိ လူတွေများခဲ့တာကို အံ့သြမိပါတယ်။ လုံခြုံရေးတွေလည်း ယခင်ပွဲတွေကထက် ပိုမိုပြီး တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရပါတယ်။ ဂိတ်ပေါက်အ၀င်မှာလည်း ယခင်ကထက်ပို ပိုမိုတင်းကြပ်စွာ စစ်ဆေးတာကို ခံယူကြရပါတယ်။ လာကြည့်တဲ့ လူတစ်ယောက်ပြောသလိုပြောရရင် စတေ့ခ်ျရှိုးလာကြည့်တာ တရားစခန်းလာရသလိုပဲ၊ စိတ်ပုတီးလေးပါ ယူလာခဲ့ရမှာတဲ့။ ရယ်ရသလို တွေးစရာလည်း ဖြစ်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သဘောကျပါတယ်။ လာကြည့်တဲ့လူတွေ စိတ်အနှောင့်အယှက်ကင်းကင်း ကြည့်ဖို့အတွက် တာဝန်ရှိတဲ့လူဆိုတာ ဒီလိုပဲ အမုန်းခံရမှာပါပဲ။ အခုလောက်ထိ တင်းကြပ်ထားတာတောင် နောက်ပိုင်းမှာ အရက်ပုန်းရောင်းတဲ့လူ ရှိသေးတယ်။ မူးရူးပြီး ရန်ဖြစ်ကြသေးတယ်။ ရေဗူးတွေ၊ ဖိနပ်တွေနဲ့ စင်ပေါ်ကို ပစ်ကြသေးတယ်။ ဒီအတိုင်းသာ လွှတ်ပေးထားလို့ကတော့ ကြည့်ကောင်းလိုက်မယ့် ဖြစ်ခြင်း။ မန္တလေး၊ ပြင်ဦးလွင်၊ သီပေါ၊ နောင်ချိုတို့က အိုင်စီရဲ့ အမာခံပရိသတ်တွေဟာ ကားတွေ၊ ဆိုင်ကယ်တွေ၊ လိုင်းကားတွေနဲ့ လာအားပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် အိုင်စီရဲ့ ပါဝါကို တွက်ဆလို့ရပါတယ်။ ဆိုင်ကယ်အပ်ခ ၁၀၀၀ ကျပ် တောင်းတဲ့ကိစ္စ၊ ဥယျာဉ်ဝင်ကြေး ၁၀၀၀ ကျပ် ပေးလိုက်ရတဲ့ကိစ္စ၊ မိနစ်လေးဆယ်လောက် နေပူထဲမှာ ထိုင်စောင့်လိုက်ရတဲ့ ဒုက္ခ၊ ရန်ပွဲတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ ဒုက္ခတွေရှိခဲ့ပေမယ့် အိုင်စီအဖွဲ့သားတွေရဲ့ အားပါးတရဖျော်ဖြေမှုတွေကြားမှာ စောစောကအမောတွေ ပြေခဲ့ရတယ်လို့ ဆိုချင်ပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၅ ရက်၊ အင်္ဂါနေ့။
ညနေ ၄ နာရီ ၁၆ မိနစ်တွင်ပြီး၏။

Monday, January 04, 2010

၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့


၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

လွတ်လပ်ရေးနေ့ အခါသမယတွင် မြန်မာ့သွေးမိတ်ဆွေများအားလုံးနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်နှလုံးအေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

လွတ်လပ်ရေးနေ့


62ndindepday.png

လွတ်လပ်ရေး အောင်ပွဲနေ့ - ဇော်ဂျီ


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ မင့်မျက်ခြယ်သည်
လေးဆယ့်ရှစ်ခု၊ ပြည်ထောင်စုတွင်
ဖွားသန့်စင်၍
သခင်ဘ၀၊ ချက်ချင်းရသည်
ဖွားစဆင်သင့် လွယ်လွယ်နှင့်။

မင်းနှင့်ငါကား၊ လိုလားခုံမင်
သခင်ဘ၀၊ ကြီးမှရ၏
မရသေးမီ၊ ရကြောင်းရည်လျက်
ဇာနည်သွေးချွေး၊ ပေး၍ယူကြ
မြင်ခဲ့ရ၏
ဒုက္ခနှင့်ဝယ်၊ ရမလွယ်ကို
တကယ်တို့သိ ခံစားသိ။

ထို့ကြောင့်သားငယ်၊ မင့်မျက်ခြယ်သည်
မလွယ်ခဲ့ပုံ၊ သာနာစုံကို
အာရုံမျက်မြင်၊ စွဲစေချင်သည်
မင့်တွင်သတိ ရှိပါဘိ။

နှစ်စဉ် ဤနေ့၊ အောင်ပွဲနေ့ဝယ်
နှင်းငွေ့လေပင့်၊ အောင်လံလွှင့်သော်
မင့်တွင်အသိ ဖြစ်ပါဘိ။

လွတ်လပ်ရေးနေ့အတွေး - ကိုဉာဏ် (ပန်းလောင်မြေ)


နိဒါန်း
မြန်မာဟူသည် ဘာတွေညာတွေကို ပြောမနေတော့ပါ။ အားလုံးသိပြီးဖြစ်ပါသည်။ ကိုယ့်ထီးကိုယ့်နန်းတွေ၊ ကိုယ့်ကြငှာန်းတွေလည်း ဇာချဲ့မနေတော့ပါ။ လိုရင်းကိုပြောပါမည်။ ကျွန်တော်တို့မြန်မာတွေ သူ့ကျွန်ဘ၀ကို ရောက်ခဲ့ရဖူးပါသည်။ နယ်ချဲ့အင်္ဂလိပ်တို့၏ ဖိနှိပ်ချုပ်ချယ်မှု၊ ဖက်ဆစ်ဂျပန်တို့၏ ညှဉ်းပန်းနှိပ်စက်အုပ်ချုပ်မှုများကို မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတွေ ခံခဲ့ရခြင်းသည် ပုံပြင်မဟုတ်၊ ယုံတမ်းမဟုတ်ပါ။ အမှန်တကယ်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန်ဘ၀တွင် နေထိုင်ခဲ့ရသည့် နိုင်ငံတစ်နိုင်ငံ၏အဖြစ်ကို ခံစားကြည့်နိုင်မည်ထင်ပါသည်။ မိမိတို့မှာ လူတစ်ဦးချင်းအနေဖြင့်ပင် မိမိအိမ်မှ မိဘများ၊ ဇနီးမယားများ၊ လင်သားများကသော်လည်းကောင်း၊ မိမိအလုပ်ခွင်မှ အလုပ်ရှင်များ၊ မန်နေဂျာများ၊ အထက်အကြီးအကဲများက သော်လည်းကောင်း စည်းကမ်းနှင့်တင်းကျပ်အုပ်ချုပ်မှုများကို လွတ်လွတ်လပ်လပ်မရှိဟု ခံစားတတ်ကြသည်ဖြစ်ရာ နိုင်ငံတစ်ခုလုံးနှင့် လူမျိုးတစ်မျိုးလုံး တိုင်းတစ်ပါးသားများ၏ လက်အောက်တွင် သူတို့စံ၊ သူတို့ယဉ်ကျေးမှု၊ သူတို့စည်းမျဉ်းဥပဒေများနှင့် နေထိုင်ခဲ့ရသည့် ကျွန်ုပ်တို့ ဘိုးဘေးမြန်မာကြီးများ၏ စိတ်ခံစားမှုကို ကိုယ်ချင်းစာနိုင်လိမ့်မည်ထင်ပါသည်။ ကိုယ့်တိုင်းပြည်တွင်နေပြီး သူများကို ဘုရားထူးနေရသည့်ဘ၀၊ သူတို့ခိုင်းသမျှလုပ်ပေးနေရသည့်ဘ၀၊ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ထိပါးစော်ကားနေသည်ကို အားမတန်မာန်လျှော့ကာ လက်ပိုက်ကြည့်နေရသည့် အဖြစ်များသည် ထိုအချိန်က မြန်မာလူမျိုးများ၏ ရင်ထဲတွင် ဘယ်လောက်အထိ စူးဝင်နာကျင်နေခဲ့မည်ကို မှန်းဆကြည့်နိုင်လိမ့်မည်ထင်ပါသည်။ ပြောချင်သည်ကတော့ မြန်မာတွေကျွန်ဖြစ်ခဲ့ကြသည်။ တစ်နည်းဆိုရလျှင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရဖူးသည်။

လွယ်သလောက် ခက်လိုက်တာ
လွယ်တာက လွတ်လပ်ရေးဆုံးရှုံးသွားတာကို ပြောတာပါ။ မြန်မာဆိုတဲ့ နိုင်ငံတစ်ခုကို ၀င်ရောက်သိမ်းပိုက်သွားတဲ့ နယ်ချဲ့အင်္ဂလိပ်တွေရဲ့ လုပ်ရပ်ဟာ လွယ်ကူလွန်းလှပါတယ်။ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းနဲ့ နေခဲ့တယ်ဆိုတဲ့ မြန်မာတွေအတွက် အင်္ဂလိပ်တို့ရဲ့ ကျူးကျော်မှုကို ဘယ်လိုမှကို မတားဆီးနိုင်ခဲ့တာ၊ ကိုယ့်တိုင်းပြည်ကို သူများလက်ပါမသွားအောင် မကြိုးပမ်းနိုင်ခဲ့တာတွေအတွက် အကြောင်းပြချက်တွေ ပေးမနေလိုတော့ပါ။ ဘာကြောင့်၊ ညာကြောင့်စသည့် အကြောင်းပြချက်များသည် ခေတ်စကားနှင့်ပြောရလျှင် ချဲထီထွက်ပြီးကာမှ ဘယ်ဟာကို ပါဝါမချိန်းမိလို့၊ ဘာကို သတိမထားမိလိုက်ဘူး စသည်ဖြင့် ပေါက်ဖောက်ကြီးလုပ်နေသည်နှင့် တူနေသည်ဟု မြင်ပါသည်။ နဂိုကတည်းက ပေါက်အောင်ထိုးသင့်ပါသည်။ မိမိတို့၏ လက်နက်များသည် ခေတ်မမီတော့ခြင်းဟု အကြောင်းပြခြင်းသည် နဂိုကတည်းက ကိုယ့်လက်နက်များကို ခေတ်မီအောင်မလုပ်ခဲ့ခြင်းဆိုသည့် မသိခြင်းတရားကို ပြနေခြင်းပင်မဟုတ်ပါလော။ အင်္ဂလိပ်တို့သည် ကိုယ့်နိုင်ငံကို အရင်ဦးဆုံး ကျူးကျော်ခဲ့ကြခြင်းမဟုတ်ပါ။ အခြားနိုင်ငံများစွာကို သိမ်းပိုက်လာခဲ့ပြီး ဖြစ်ပါသည်။ နေမ၀င်အင်ပါယာထူထောင်ရန်အတွက် သူတို့တွေ အကြံကြီးကြံလာကြခြင်းကို ထိုအချိန်က မြန်မာတွေ သတိမထားမိနိုင်ခဲ့တာ၊ နိုင်ငံရေးအမြင်မရှိခဲ့တာ၊ စစ်ရေးအမြင်မရှိခဲ့တာတွေသည် သူများကို လက်ညှိုးထိုးတာထက် ကိုယ့်ဘာသာကိုယ် ညံ့ခဲ့ကြောင်းကိုသာ သင်ခန်းစာယူသင့်ပါသည်။

ခက်လိုက်တာဆိုတာကတော့ အင်္ဂလိပ်တွေ ကျူးကျော်စစ် သုံးကြိမ်မျှဖြင့် နိုင်ငံတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ကိုယ်မြန်မာတွေမှာဖြင့် ကိုယ့်နိုင်ငံကြီး ပြန်လည်လွတ်လပ်အောင် နှစ်ပေါင်းတစ်ရာကျော်အောင် ကြိုးစားအားထုတ်ခဲ့ရခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ နိုင်ငံကကိုယ့်နိုင်ငံ၊ နေတာက ကိုယ့်လူမျိုးတွေ၊ ထိုသို့သော အခြေအနေတွင်ပင် လူနည်းစုအင်္ဂလိပ်လူမျိုးတွေက နှစ်တစ်ရာကျော်အုပ်ချုပ်နိုင်ခဲ့သည်မှာ သူတို့တွေကို ချီးကျူးရမှာလား၊ ကိုယ်မြန်မာတွေကိုပဲ အားမလိုအားမရဖြစ်ရမှာလားဆိုတာကို မဝေခွဲနိုင်ပါ။ သေချာတာကတော့ စုစည်းမှုမရှိသည့် အရေအတွက်သည် ဘယ်လောက်ပင်များများ အသုံးမ၀င်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဟိုနေရာကပုန်ကန်လိုက်၊ ဒီနေရာကပုန်ကန်လိုက်ဖြင့် နှစ်ပေါင်းရာနှင့်ချီပြီး အသက်စွန့်ကာ တော်လှန်ကြပါသော်လည်း လွတ်လပ်ရေးနှင့် ဝေးနေခဲ့ရခြင်း ဖြစ်ပါလိမ့်မည်။

သင်ခန်းစာယူသင့်ပြီ
အတိတ်သမိုင်းဟူသည် ပြန်လည်လွမ်းဆွတ်နေဖို့ မဟုတ်ပါ။ ထိုသမိုင်းတို့မှ သင်ခန်းစာယူ၍ ယခုလက်ရှိတွင် မည်ကဲ့သို့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြမည်ဆိုသည်ကသာ တကယ့်အနှစ်သာရဟု ကျွန်တော်ယုံကြည်ပါသည်။ ငါတို့တွေ ကျွန်ဖြစ်ခဲ့တာပဲဟု တောက်တခေါက်ခေါက်ဖြစ်နေတာ၊ အင်္ဂလိပ်တွေလူပါးဝတယ်ဟု ဒေါသထွက်နေတာ၊ ဂျပန်တွေမိုက်ရိုင်းခဲ့လိုက်ကြတာဟု မခံချိမခံသာဖြစ်နေတာ၊ ငါတို့ဘိုးဘေးတွေ အသက်တွေဆုံးရှုံးခဲ့ရတယ်ဟု ၀မ်းနည်းနေတာတွေထက် ထိုအဖြစ်အပျက်တို့မှနေ၍ သင်ခန်းစာယူ၍ ကိုယ့်လက်ထက်တွင် မဖြစ်အောင် မည်ကဲ့သို့ ကာကွယ်ရမည်ကို ရှုမြင်သုံးသပ်ခြင်းသည်သာ ဓမ္မဓိဋ္ဌာန်ကျမည်ဟု ထင်ပါသည်။

နားလည်မှုမလွဲစေရန်
အပေါ်တွင် ရေးခဲ့သည်များအတွက် စာဖတ်သူအနေဖြင့် စိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်စရာတွေ၊ စာရေးသူကျွန်တော့်အပေါ်တွင် နှာခေါင်းရှုံ့ချင်စရာတွေ ရှိခဲ့ကောင်း ရှိခဲ့နိုင်ပါလိမ့်မည်။ သစ္စာဆိုဝံ့ပါသည်။ ကျွန်တော်၏ ရေးသားမှုများသည် ထိုစဉ်က မြန်မာကြီးများ၊ တစ်နည်း ကျွန်တော်တို့အားလုံး၏ ဘိုးဘေးများကို စော်ကားလိုခြင်းမဟုတ်ပါ၊ သူတို့တွေကို အပြစ်ပုံချနေခြင်းမဟုတ်ပါ၊ သူတို့တွေ ညံ့ခဲ့လိုက်တာဟု လက်ညှိုးထိုးနေခြင်း မဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် သူတို့တွေ အားမတန်မာန်လျှော့ခဲ့ကြရသည်များ၊ သူ့ကျွန်မခံစိတ်ဓာတ်ဖြင့် နှစ်တစ်ရာကျော်ကာလပတ်လုံး အသက်ကိုစွန့်၊ အိုးအိမ်ကိုစွန့်၊ မိသားစုကိုစွန့်ကာ တိုင်းပြည်အတွက် ပေးဆပ်ခဲ့သည်များကို အသိအမှတ်ပြုပါသည်။ သူတို့၏ ကျေးဇူးများကို ဦးထိပ်ထားပါသည်။ သူတို့၏ တိုင်းချစ်၊ ပြည်ချစ်၊ လူမျိုးချစ်စိတ်၊ လွတ်လပ်ရေးကို ချစ်မြတ်နိုးစိတ်များကို ကမ္ဗည်းတင်ပါသည်။ သူတို့တွေကြောင့်သာ ကျွန်တော်တို့တွေ အခုလို လွတ်လပ်သောတိုင်းပြည်နိုင်ငံတွင် နေထိုင်နေရသည့်ကျေးဇူးကို အမြဲမပြတ် အောက်မေ့မိပါသည်။ သူတို့တွေ၏ သွေးချွေးများကြောင့် ယခုအချိန်တွင် ကျွန်တော်တို့၏ ခံစားချက်ဝိညာဉ်များ လွတ်လပ်နေရသည်ကို ဆင်ခြင်မိပါသည်။ ကျွန်တော်ဆိုလိုသည်များကို အသေးစိတ်ရှင်းမပြလိုပါ။ နားလည်မှုမလွဲစေရန်သာ ဒီလိုစိတ်ကြောင့် ရေးတာမဟုတ်ပါဘူးဆိုတာတော့ ကျွန်တော်ရှင်းပြခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော့်၏ ဆိုလိုရင်းကို စာဖတ်သူက ဆင်ခြင်တွေးတောနိုင်လိမ့်မည်ဆိုတာ ကျွန်တော်လုံးဝ သံသယမရှိပါ။

နိဂုံး
ယနေ့အချိန်အခါတွင် ပြည်ထောင်စုမြန်မာနိုင်ငံအလံတော်သည်ုမြန်မာနိုင်ငံ၏ နေရာအားလုံးတွင် ပျံ့လွင့်နေပါသည်။ လွတ်လပ်ရေးတေးသံများကို နေရာတိုင်းတွင် ကြားရနိုင်ပါသည်။ ကမ္ဘာမကြေသီချင်းကို နေရာတိုင်းမှာ သီဆိုနိုင်ပါသည်။ လွတ်လပ်တဲ့နိုင်ငံကွဟု ကြိုက်သည့်အချိန် လက်မထောင်နိုင်ပါသည်။ ကိုယ့်စကား၊ ကိုယ့်စာ၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ် လွတ်လပ်စွာနေထိုင်နေနိုင်ပါသည်။ ထိုကဲ့သို့ နေထိုင်နေရသည့်အတွက် လွတ်လပ်ရေးကို ပေါ့ပေါ့တန်တန် သဘောမထားကြစေလိုပါ။ လွတ်လပ်ရေးဟူသည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်လေးအတွင်းမှာပင် ဆုံးရှုံးသွားနိုင်ကြောင်း အတိတ်သမိုင်းကို ဆင်ခြင်သင့်ကြပါသည်။ လွတ်လပ်ရေးဆုံးရှုံးသွားခြင်း၏ ဆင်းရဲဒုက္ခများ၊ လွတ်လပ်ရေးတိုက်ပွဲများ၏ ခက်ခဲကြမ်းတမ်းမှုများကို မြင်အောင်ကြည့်သင့်ကြပါသည်။ နိုင်ငံတစ်ခု၏ လွတ်လပ်ရေးဆိုသည်မှာ ထိုနိုင်ငံကို အုပ်ချုပ်နေသော အစိုးရ၏အလုပ်သက်သက်သာ မဟုတ်ပါ၊ အဖွဲ့အစည်းတစ်ခုချင်းစီ၏ တာဝန်လည်းမဟုတ်ပါ၊ နိုင်ငံအတွင်း နေထိုင်ကြကုန်သော နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပါသည်။ သမိုင်းပေးတာဝန်ဖြစ်ပါသည်။ ထိုလွတ်လပ်ရေးအမွေကို ကျွန်တော်တို့အားလုံး၏ ဘိုးဘေးဘီဘင်များက ပေးခဲ့ခြင်းဖြစ်ပါသည်။ ထိုအမွေကို ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်သည် သားသမီးမြေးမြစ်များဖြစ်ကြသော နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ လက်ဆင့်ကမ်းအမွေပင် မဟုတ်ပါလော။ ကိုယ့်လက်ထက်တွင်မှ မညံ့အောင် ကြိုးစားသင့်ကြပါသည်။ ကိုယ့်လက်ထက်တွင်မှ လွတ်လပ်ရေးပန်း မညှိးနွမ်းရအောင် ၀ိုင်းဝန်းကြိုးပမ်းသင့်ကြပါသည်။ သမိုင်းပေးတာဝန်ကို ကျေပွန်ခြင်းသည် သမိုင်းတွင်သည့် အနှိုင်းမဲ့ဂုဏ်တစ်ခုဖြစ်သည်ကို အားလုံးကိုယ်စီ ခံယူနားလည်ထားကြပါလျှင်….။

၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၄ ရက်၊ တနင်္လာနေ့။
နံနက် ၇ နာရီ ၁၇ မိနစ်တွင်ပြီး၏။

အင်စတီကျူးရှင်းနှင့် လုပ်ထုံးလုပ်နည်းကွာလတီတို့၌ ဒီမိုကရေစီတည်ငြိမ်မှုတည် - မောင်စူးစမ်း


နွားနှင့်ရေအိုး
ဒီမိုကရေစီတည်ငြိမ်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်မှာ အင်စတီကျူးရှင်းဖြစ်သည်။ ပုဂ္ဂိုလ်မဟုတ်ပေ။ ဤအခြေခံမူကို ဦးတည် စဉ်းစားကြည့်လျှင် မြန်မာ့ရိုးရာပြက်လုံးပုံပြင်တစ်ခုကို သွားသတိရသည်။ ဤပြက်လုံးပုံပြင်က ဒီလိုပါ။ ရွာတစ်ရွာတွင် အဘိုးကြီးတစ်ယောက်ရှိသည်။ ဤအဘိုးကြီးသည် ရွာသားတွေအပေါ်လည်း အတော်သြဇာရှိရာ သူ့ကို ရွာ၏အဖေကြီးလို့ ခေါ်ကြသည်။

ရွာမှာ ဘာကိစ္စဖြစ်ဖြစ် သူနှင့်တိုင်ပင်ကြသည်။ တစ်နေ့ နွားတစ်ကောင်က သောက်ရေအိုးထဲ ခေါင်းစွပ်သောက်နေရာ နွားချိုနှင့်ရေအိုး စွပ်မိသွားသည်။ ပြန်ထုတ်လို့မရပေ။ နွားဖြစ်ပုံကို မြင်သော ရွာသားတို့သည် ဘာလုပ်ရမှန်းမသိဘဲ အကြံအိုက်ပြီး အဘိုးကြီးအား ဘာလုပ်ရမလဲဟု သွားမေးသည်။

ဤတွင်အဘိုးကြီးက "မင်းတို့ရွာလည်း ငါမရှိရင် ဘာမှမဖြစ်တော့သလိုပဲ" ဟု မြည်တွန်တောက်တီးကာ စိတ်တိုတိုဖြင့် "နွားခေါင်းဖြတ်လိုက်ပေါ့" ဟု အကြံပေးလိုက်သည်။ သူအကြံပေးသည့်အတိုင်း နွားခေါင်းကိုဖြတ်လိုက်ရာ နွားလည်ပြတ်သွား၍ အမဲသားလုပ်လိုက်ကြရသည်။

အင်စတီကျူးရှင်းအဓိက
ဒီမိုကရေစီတွင် "ငါမရှိရင် ဘာမှမဖြစ်တော့သလို" ပုဂ္ဂိုလ်စွဲ မရှိထိုက်ပြီ။ ဤခေတ်လည်း ကုန်သွားပြီ။ အင်စတီကျူးရှင်းတို့ကသာလျှင် အရေးကြီးသည်။ ပေါ်လာမည့် လမ်းညွှန်ဒီမိုကရေစီတွင် (၁) လွှတ်တော်များ၊ (၂) စစ်တပ်နှင့် (၃) နိုင်ငံရေးပါတီ စသည့် အင်စတီကျူးရှင်းတို့က အဓိက အရေးကြီးသည်။ ဒီမိုကရေစီတည်ငြိမ်ရေးသည် ဤအင်စတီကျူးရှင်း သုံးပါးအပေါ် မူတည်သည်။ အင်စတီကျူးရှင်းတွေ ခိုင်မြဲအောင် ပြုလုပ်ဖို့ အရေးကြီးသည်။ ပုဂ္ဂိုလ်သြဇာ၊ ပုဂ္ဂိုလ်အာဏာ ထူထောင်ရန် အရေးမကြီးပေ။ ဤအချက်သည် အရပ်ဘက်၊ စစ်ဘက် နှစ်ဘက်စလုံးအတွက် အကျုံးဝင်ဖို့ကောင်းသည်။

အလွဲသုံးစားမပြုရေး
ခေတ်သည် အိုင်ဒီအိုလိုဂျီလွန်ခေတ်ဖြစ်ရုံမက သူရဲကောင်းတွေ ခေတ်ကုန်သောကာလလည်း ဖြစ်သည်။ ဟီးရိုးတို့က သမိုင်းကို ခါလှုပ်ပစ်နိုင်သည်ဆိုသောခေတ် မရှိပြီ။ မဟာလူသားခေတ်ဟူ၍ မရှိပြီ။ "ငါမရှိရင် ဘာမှမဖြစ်ပါဘူး" လို့ ခေါင်းဆောင်တို့က သဘောမထားသင့်သလို နောက်လိုက်တို့ကလည်း "သူမရှိရင် ဘာမှမဖြစ်ပါဘူး" ဟူ၍ ပုဂ္ဂိုလ်စွဲစိတ် မမွေးသင့်ပြီ။ ယခုခေတ်သည် ပညာခေတ်ဖြစ်သည်။ ပညာခေတ်သည် လူသားတို့၏ပါဝါကို မြှင့်တင်ပေးသည့်နည်းတူ အင်စတီကျူးရှင်းတို့၏ ပါဝါကိုလည်း မြှင့်တင်ပေးသည်။

လူသားတို့၏ပါဝါသည် အင်စတီကျူးရှင်း၏ပါဝါကို အသုံးချနိုင်သလို အင်စတီကျူးရှင်း၏ပါဝါကို အလွဲသုံးစားမပြုရန်လည်း ထိန်းရသည်။ အင်စတီကျူးရှင်းကို အလွဲသုံးစားမပြုနိုင်ရန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ထိန်းသိမ်းပေးသည်။ အင်စတီကျူးရှင်းတို့သည် လူသားတို့၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရုံသာမဟုတ်ဘဲ အင်စတီကျူးရှင်းတို့ကို အလွဲသုံးစားမပြုနိုင်ရေးအတွက်လည်း စောင့်ရှောက်ရသည်။

ကွာလတီသာကောင်း
ဒီမိုကရေစီ တည်ငြိမ်ရေးသည် အင်စတီကျူးရှင်းတို့အပေါ်၌ မူတည်သလို လုပ်ထုံးကျင့်ထုံးတို့၏ အရည်အသွေးကွာလတီ (Quality of Procedures) တို့အပေါ်၌လည်း မူတည်သည်။ ဒီမိုကရေစီသည် အခြေခံအားဖြင့် လုပ်နည်းလုပ်ထုံး ကျင့်ထုံးတို့အကြောင်း ဖြစ်ပေသည်။ ဒီမိုကရေစီဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ကွာလတီမြင့်သည်နှင့်အမျှ ဒီမိုကရေစီတည်ငြိမ်မည်။

ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပပေးရန် ကတိက၀တ်ပြုထားသည်။ လွတ်လပ်သော တရားမျှတသည့် ရွေးကောက်ပွဲ အမှန်တကယ် ဖြစ်ထွန်းရေးသည် လုပ်ထုံးလုပ်နည်းတို့အပေါ် မူတည်သည်။ နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးက ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတို့ကသာ လူအများမြင်သာ၍ ခန့်မှန်းနိုင်စွမ်းရှိလျှင် ရွေးကောက်ပွဲရလဒ်ကို ကြိုတင်မခန့်မှန်းနိုင်ဟု ထောက်ပြသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီလုပ်ထုံးတို့ကသာ ကွာလတီကောင်းလျှင် ရွေးကောက်ပွဲသည် လုပ်ပွဲပါဟု စွပ်စွဲရန် အလွန်ခက်မည်။ ဘယ်သူတွေနိုင်မှာလဲဟု ကြိုတင်မပြောနိုင်ခြင်းဖြစ်သည်။

အညွှန်း - The Limits of Electoral Engineering by Carrie Manning

(၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် The Waves မဂ္ဂဇင်း 8/09 မှ ပြန်လည်ကူးယူဖော်ပြပါသည်)

Sunday, January 03, 2010

လုပ်သင့်သည်များကို လုပ်ဖို့၊ မလုပ်သင့်သည်များကို မလုပ်ဖို့


ပါမောက္ခ စတစ်ဂလစ် မြန်မာနိုင်ငံသို့ လာရောက်ဟောပြောသော ကိစ္စနှင့် ပတ်သက်၍ အဆိုးမြင်ဝေဖန်မှု အမျိုးမျိုးကို အွန်လိုင်းမီဒီယာများတွင် ဖတ်ရသည်။ နိုင်ငံကောင်းစေလိုသောစိတ်ထားနှင့် အားမလိုအားမရ ဝေဖန်သူများရှိသကဲ့သို့ အဆိုးမြင်သက်သက် ဝေဖန်မှုများကိုလည်း တွေ့ရသည်။ များသောအားဖြင့် ခုရေတွင်းတူး ခုရေကြည်သောက် သဘောကို တွေ့မြင်လိုကြခြင်း ဖြစ်သည်ကို သတိပြုမိပါသည်။

ပါမောက္ခစတစ်ဂလစ်၏ Globalization and its discontents စာအုပ်သည် နိုင်ငံတကာတက္ကသိုလ်များတွင် ပြဋ္ဌာန်းစာအုပ် ဖြစ်ပါသည်။ ပါမောက္ခစတစ်ဂလစ်၏ ဟောပြောပွဲကို တက်ရောက်နားထောင်ခွင့်အတွက် နိုင်ငံအတော်များများတွင် ဈေးကြီးပေး၍ တက်ရောက်ကြရလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ၎င်း၏စာအုပ်များကို စာရေးဆရာကျော်ဝင်းက ဘာသာပြန်ထားပြီးဖြစ်ရာ ၎င်း၏ တန်ဖိုးကို စာဖတ်သူများ ခန့်မှန်းနိုင်ပါလိမ့်မည်။

ယခုတစ်ကြိမ်တွင် ပါမောက္ခစတစ်ဂလစ်ကို မြန်မာနိုင်ငံသို့ ဖိတ်ကြားခဲ့သူမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပတ်သက်နေသော လယ်ယာကဏ္ဍနှင့် ပတ်သက်၍ တာဝန်ရှိသူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပါမောက္ခကြီးကို ဖိတ်ကြားခဲ့ခြင်းသည် ပါမောက္ခကြီး၏ အကြံဉာဏ်များကို လက်ခံနားထောင်လိုပါသည်ဟူသော သဘောသက်ရောက်ပါသည်။ တစ်နည်းအားဖြင့်ပြောရလျှင် လယ်ယာကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ကြဉ်းရန် ဆန္ဒရှိပါသည်ဟု ဖော်ပြခြင်းလည်းဖြစ်ရာ ဤကိစ္စသည် များစွာ ကြိုဆိုရမည့် ကိစ္စဖြစ်ပေသည်။

State Building ခေါ် နိုင်ငံတည်ဆောက်ရေးနှင့် ပတ်သက်၍ State Failure ခေါ် မအောင်မြင်မှုများကို လန်ဒန် SOAS တက္ကသိုလ်မှ ပါမောက္ခ Khan က သင်ခန်းစာနှစ်ခုကို အောက်ပါအတိုင်း ထုတ်ဖော်ခဲ့ဖူးပါသည်။
"Errors of omission
မလုပ်သင့်သည်များကို လုပ်ခြင်း
Errors of commission
လုပ်သင့်သည်များကို မလုပ်ခြင်း"

မြန်မာနိုင်ငံ၏ ရေရှည်စီးပွားရေးနှင့်ပတ်သက်၍ ယခုကဲ့သို့ အကြံဉာဏ်များ ရယူခြင်းသည် မလုပ်သင့်သည်များကို လုပ်မိခြင်းနှင့် လုပ်သင့်သည်များကို မလုပ်မိခြင်းများ ရှောင်ရှားရန်အတွက် ပထမခြေလှမ်းဖြစ်သောကြောင့် များစွာ ကြိုဆိုလိုက်ပါသည်။

စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည် ကားတစ်စီးကို မောင်းနှင်နေစဉ် ပြုပြင်ရခြင်းဖြစ်၍ ထင်သလောက်မလွယ်ပါ။ မြန်မာနိုင်ငံ၏ အနေအထားသည် ပြုပြင်ပြောင်းလဲမှုများစွာ လိုအပ်ပြီး ဦးနင်းပဲ့ထောင် မဖြစ်စေရန် တစ်ပြိုင်နက် Comprehensive ပြုလုပ်မည့် ကိစ္စရပ်များစွာရှိရာ နိုင်ငံသားများ၏ ပူးပေါင်းပါဝင်မှု အထူးလိုအပ်ပေသည်။

အယ်ဒီတာ (၂၈-၁၂-၂၀၀၉)

(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၉ မှ အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည်)

နက်ဖြန် Iron Cross Show သွားကြည့်မည်


နက်ဖြန်တော့ အိုင်စီရှိုးပွဲလေး ကျွန်တော်တို့မြို့မှာ လုပ်ဖို့ရှိပါတယ်။ သွားကြည့်ဖို့အတွက် ကြိုတင်လက်မှတ် ၀ယ်ထားလိုက်ပါတယ်။ တစ်စောင်ကို မြန်မာငွေ (၆၀၀၀) ကျပ် ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့အဆိုတော်တွေကို မျက်မြင်ကိုယ်တွေ့ အရှင်လတ်လတ် တွေ့ရမှာဖြစ်တဲ့အတွက် တန်ပါတယ်။

အိုင်စီကို ကြည့်ချင်လွန်းလို့သာ သွားကြည့်ဖို့ အရဲစွန့်ပြီး ဆုံးဖြတ်ရတာပါ။ သိတဲ့အတိုင်းပဲ ကျွန်တော်တို့ မြန်မာအမျိုးကောင်းသားလေးတွေက ဘယ်လိုတွေ လက်စွမ်းပြကြဦးမယ်၊ ရေဗူးစွမ်းပြကြဦးမယ်ဆိုတာကို တွေးပြီးတော့ ရင်လေးနေမိတယ်။ စတေ့ခ်ျရှိုးကို ကြည့်ရတာထက် ဒင်းတို့တွေ ဘယ်အချိန်ရန်ဖြစ်မလဲ။ ဘယ်အချိန် ရေဗူးနဲ့ပေါက်ကြမလဲဆိုတာကို သတိထားနေရတာက အလုပ်တစ်ခုပါ။ မနက်ဖြန်ပွဲတော့ ပွဲစီစဉ်သူတွေက ဘယ်လိုထိန်းကြမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။

ဖျော်ဖြေမယ့်သူတွေကတော့

  1. လေးဖြူ
  2. အငဲ
  3. မျိုးကြီး
  4. ၀ိုင်ဝိုင်း
  5. ခင်ဘုဏ်း
  6. ချမ်းချမ်း တို့ပါ။
ဇော်ပိုင် မပါတာကို တွေ့ရပါတယ်။

လုပ်မယ့်နေရာက
နန်းမြင့်မျှော်စင်၊ ကန်တော်ကြီးဥယျာဉ်မှာပါ။

အချိန်က
နေ့လည် ၁၂ နာရီပါ။

ကျွန်တော့်ရဲ့ အိုင်စီရှိုးပွဲ အတွေ့အကြုံလေးတွေကို ပြန်တင်ပေးပါ့မယ်။ အဆင်ပြေရင် ဓာတ်ပုံလေးတွေလည်း ကြည့်ရနိုင်ပါတယ်။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၃ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၄ နာရီ ၀၂ မိနစ်တွင်ပြီး၏။

ငါ့ရဲ့အဘိဓာန် - မင်းခိုက်စိုးစန်


(အပိုင်းပိုင်းခွဲဖတ်နေရတာ စိတ်မရှည်ဘူးလို့ ဆိုလာသူတွေအတွက်ရော၊ မင်းကလည်း ကြီးကျယ်လိုက်တာကွာ တစ်ခါတည်းတင်ပေးရင် မိုးကြိုးပစ်မှာ ကြောက်လို့လားလို့ ရန်တွေ့လာကြတဲ့လူတွေအတွက်ရော၊ မင်းတင်ပေးတဲ့စာကို စောင့်ဖတ်ရတာ "ဟိုဟာကို ဟိုဟာမျှော်နေသလိုပဲ" လို့ ဇာတ်နာအောင် လာပြောတဲ့လူတွေအတွက်ပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်။ ပြန်ချော့တဲ့အနေနဲ့ အရင်တင်ပေးထားတာတွေကိုပါ အခုပို့စ်မှာ တစ်နေရာတည်း စုစည်းပေးထားလိုက်ပါတယ်။ A to Z ကို တ၀ကြီးသာ အားရပါးရ ဖတ်ကြပါတော့ခင်ဗျား။ ကျွန်တော်ပြောခဲ့ပါသကော… ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်လွန်းတဲ့အတွက် တစ်လလုံးလုံးတောင် စောင့်ဖတ်ခဲ့ရတာပါဆိုမှ။ကျွန်တော်ကတော့ အဲဒီလောက် မစောင့်ခိုင်းပါဘူးဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ အကြိုက်ချင်းတူတဲ့လူတွေရှိတဲ့အတွက် ကျေးဇူးတင်ရသလို၊ ပျော်ရွှင်ရပါတယ်။)

Air ဆိုတာ လေကို ဆိုလိုမှန်း အားလုံးက သိကြပြီးသားပါ။ အားလုံးက လေကို ရှူရှိုက်ရတယ်။ လူတစ်ယောက်ချင်းဆီအတွက် လေဟာ မရှိမဖြစ် အရေးကြီးတယ်။
ဗန်းစကားမှာတော့ give the air ဆိုတာ ချစ်သူကို စွန့်လွှတ်ရတယ်လို့ အဓိပ္ပါယ်ရပြန်ရော။ အဲဒီတော့ ချစ်သူဆိုတဲ့ စကားလုံးဟာ air (လေ) ဆိုတာနဲ့များ အဓိပ္ပါယ်ချင်း သွားညီမျှနေမလားလို့ ကျွန်တော် စဉ်းစားမိပြန်တယ်။
ဖြစ်နိုင်ပါတယ်။ လူတွေ အသက်ရှင်ဖို့ လေဟာ အရေးကြီးသလို ချစ်သူဟာလည်း မရှိမဖြစ် လိုအပ်တယ်မဟုတ်လား။ ချစ်သူနဲ့ လေဟာ အချိန်အဆချင်း တူနိုင်ပါတယ်။
နောက်ပြီး လေဟာ နေရာတိုင်းမှာ အလွယ်တကူ ရတယ်လေ။ ချစ်သူတွေကို လေလို့ သဘောထားရင် ကျွန်တော့်ကို စိတ်များ နာကြမလား။

ရိုးရိုးစင်းစင်း အဓိပ္ပါယ်လေးပါ။ Back က နောက်ဘက် ကျောဘက် bone က အရိုး။ အဲဒါကို ပေါင်းစည်းလိုက်တော့ backbone ဆိုတာ ကျောထောက်နောက်ခံလို့ အဓိပ္ပါယ်ရတယ်။ ကိုယ့်ကို နောက်ကနေ မားမားမတ်မတ် ထောက်ပံ့ပေးနေတဲ့ ငွေကြေး၊ အဖွဲ့အစည်း၊ ပြီးတော့ ဘာညာပေါ့။
ဗန်းစကားမှာတော့ နောက်ထပ် အဓိပ္ပါယ်တစ်မျိုး ရှိသေးတယ်။
Backbone ဆိုတာ သတ္တိလို့ အဓိပ္ပါယ်ရတယ်။ ခင်ဗျားမှာ သတ္တိရှိရဲ့လား။ ကျွန်တော်ကတော့ သတ္တိမရှိဘူးဗျာ။ Backbone မရှိလို့ပေါ့။
တချို့လူတွေက Backbone ကောင်းတော့ Backbone ကောင်းကြတယ်ဆိုပဲ။

Cheat ဆိုတာ မရိုးသားတာ၊ လှည့်ဖြားတာပေါ့။ ဒါပေမယ့် အဲဒီစကားလုံးကို er ပေါင်းထည့်လိုက်လို့ cheater ဖြစ်သွားရင်တော့ လှည့်စားသူ၊ မရိုးသားသူ ဆိုပြီး ပြုလုပ်သူ ဖြစ်မသွားပါဘူး။
ဗန်းစကားမှာ cheater ဆိုတာ မျက်မှန်လို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် နည်းနည်းစဉ်းစားကြည့်တယ်။ ကျွန်တော်တို့ မျက်လုံးတွေအပေါ်မှာ ဖုံးအုပ်တဲ့ မှန်ဟာ cheat (လှည့်စားတယ်)ဆိုတဲ့ စကားလုံးနဲ့ ဘယ်လိုများ ဆက်စပ်ပတ်သက်နေသလဲ ဆိုတာကိုပေါ့။
နည်းနည်းတော့ ဆိုင်မယ် ထင်တယ်။ ကျွန်တော်တို့ရဲ့ အမြင်တွေမှာ အယူဝါဒ အရောင်တွေ စွန်းထင်းနေပြီဆိုရင် အရှိကို အရှိအတိုင်း မမြင်နိုင်တော့ဘဲ (ကိုယ့်စိတ်ကိုယ် လှည့်စားပြီး) အစွဲအလမ်းတွေနဲ့ ပုံဖော် ကြည့်တတ်ကြတယ်မဟုတ်လား။
ကျွန်တော်တို့ဟာ ပကတိကို မမြင်ကြပါဘူး။ ကိုယ့်စိတ်အစွဲကိုပဲ မြင်ကြတာပါ။

Dead ဆိုတဲ့ စကားလုံးဟာ သေတာကို ဆိုလိုမှန်း အားလုံး သိကြပြီးသားပါ။ ဒါပေမယ့် ဗန်းစကားအုပ်စုထဲမှာ နောက်ထပ် စကားလုံးတစ်ခု ကျွန်တော်သွားတွေ့တယ်။ Dead heat တဲ့။ Dead က သေတာ၊ heat က အပူ ဆိုပြီး သေသွားတဲ့ အပူလို့တော့ ဖြစ်မလာပါဘူး။
Dead heat ဆိုတာ ပြိုင်တူ ပန်းဝင်တာကို ဆိုလိုတာပါ။ လှေနှစ်စင်း ပြိုင်တဲ့အခါ၊ လူနှစ်ယောက် အပြေးပြိုင်တဲ့အခါ အတူတူ တစ်ပြိုင်နက်တည်း ပန်းဝင်ခြင်းပေါ့။
ကျွန်တော်က Dead ဆိုတဲ့ စကားလုံးလေးကို သဘောကျတာ။ Dead (သေဆုံးပြီ) ဆိုရင် ခင်ဗျားရဲ့ အောင်မြင်ခြင်းတွေရော၊ ရှုံးနိမ့်မှုတွေရော မြင့်မားမှုတွေရော၊ နိမ့်ကျမှုတွေရော အားလုံးဟာ ပြိုင်တူပန်းဝင်ကြပါတယ်။

ဗန်းစကားထဲမှာ eighty-eight တို့ eight-six တို့ ဆိုတာတွေဟာ အတော့်ကို ကတ်သီးကတ်သတ် နိုင်ပါတယ်။
Eighty-eight ရဲ့ အဓိပ္ပါယ်က စန္ဒရားတဲ့။
Eight-six ရဲ့ အဓိပ္ပါယ် ကျပြန်တော့လည်း ၈၆ မဟုတ်ပြန်ဘူး။ "ဘာမှ မရှိဘူး (nothing)" လို့ အဓိပ္ပါယ်ရပါတယ်။
တကယ်လို့
တစ်စုံတစ်ယောက်က ကျွန်တော့်ကို "ဘာရည်မှန်းချက်တွေ ရှိပါသလဲ"လို့
မေးခဲ့မယ်ဆိုပါစို့။ ကျွန်တော်က "86" လို့ ပြန်ဖြေပါမယ်။ ရည်မှန်းချက်တွေ ၈၆ ခုတောင် ရှိတယ်လို့ မယူဆစေချင်ပါဘူး။
ကျွန်တော်ဆိုတဲ့ တေလေမှာ ဘာဆို ဘာမှ လုံးဝ မရှိတာပါ။

Filthy ဆိုတဲ့ စကားလုံးဟာ "ညစ်ပတ်ယုတ်မာသော" လို့ အဓိပ္ပါယ် ဆောင်ပါတယ်။ ဒါပေမယ့် စကားလုံးတွေရဲ့ အသွင်ပြောင်းမှုဟာ အံ့သြဖို့ကောင်းတယ်။ Filthy (ညစ်ပတ်ယုတ်မာသော) ဆိုတဲ့ စကားရဲ့နောက်ကနေ rich (ချမ်းသာ ကြွယ်ဝမှု) ဆိုတဲ့ စကားလုံး ပေါင်းထည့်လိုက်ရင် Filthy rich ဆိုတာ "အရမ်းကို အံ့သြဘနန်း ချမ်းသာတယ်"လို့ အဓိပ္ပါယ် သက်ရောက်သွားပါတယ်။
ဒါပေမယ့် ဒါဟာ စကားလုံး ကမ္ဘာထဲမှာပဲ ရှိတာပါ။
တကယ့် လူ့အဖွဲ့အစည်း လူ့လောကထဲမှာတော့ Filthy ညစ်ပတ်ယုတ်မာတဲ့လူတွေဟာ သူတို့ရဲ့ နောက်ကနေ rich (ချမ်းသာကြွယ်ဝမှု) ဆိုတဲ့ ဂုဏ်ပုဒ် ပေါင်းထည့်လိုက်ရုံနဲ့တော့ ကြီးကျယ်ခမ်းနားသွားလိမ့်မယ် မဟုတ်ပေဘူး။
လူယုတ်မာဟာ လူယုတ်မာပါပဲ။

Green ဆိုတာက အစိမ်းရောင်၊ Light ဆိုတာက မီးရောင်။
အဲဒီတော့ Green light ရဲ့ အဓိပ္ပါယ် တည့်တည့်က "မီးစိမ်းပြ"တာပါ။ ဆင့်ပွား အဓိပ္ပါယ်ကို ပြောရမယ်ဆိုရင်တော့ "ခွင့်ပြုတာ၊ လုပ်ပိုင်ခွင့်ပေးတာ" လို့ ပြောရမယ်ထင်တယ်။ မီးပွိုင့်တွေမှာဆိုရင် မီးစိမ်းပြမှ မောင်းခွင့်ရတာ မဟုတ်လား။
အခုလည်း ဒီလိုပါပဲ။
Green Light ပြပြီဆိုရင် ခင်ဗျား (လုပ်ချင်နေတာကို) လုပ်ပေတော့ပဲ။
ဒါပေမယ့် Green ဆိုတဲ့ စကားလုံး တစ်လုံးတည်းဆိုရင် အဓိပ္ပါယ် သပ်သပ် ရှိသေးတယ်။
ဗန်းစကားမှာ Green ဆိုတာ ပိုက်ဆံလို့ အဓိပ္ပါယ်ရပါတယ်။
တိုက်ဆိုင်လိုက်ပုံများနော်။ Green Lightဲ(လုပ်ခွင့်ပြုသည်) ဆိုတဲ့ အင်္ဂလိပ်စကားနှစ်လုံးမှာ Green(ပိုက်ဆံ)ဆိုတဲ့ စကားလုံးက ရှေ့က အရင်လာတာနော်။ ကတ်သီး ကတ်သတ်ဗျာ။ ဘာတွေမှန်းလည်း မသိဘူး။

High ဆိုတဲ့ စကားဟာ မြင့်မားတာပါ။ တိုက်တာတွေ၊ သစ်ပင်တွေ၊ တောင်တွေမြင့်မှ မဟုတ်ပါဘူး။ ရာထူးမြင့်မားရင်လည်း High ပဲ၊ ငွေကြေး ချမ်းသာကြွယ်ဝမှု မြင့်မားရင်လည်း High ပါပဲ။
ဒါပေမယ့် ဗန်းစကားမှာတော့ high ဆိုတာ "ယစ်မူးတာ"လို့ အဓိပ္ပါယ် ရပါတယ်။ သေရည်မူးတာမျိုးပေါ့လေ။
ကြံကြံဖန်ဖန်နော်။ "မြင့်မားတာ" နဲ့ "ယစ်မူးတာ" စကားလုံး တစ်လုံးတည်း ဖြစ်နေရတယ်လို့။ ဘယ်သူတွေကများ အဲဒီ စကားလုံးတွေကို တွဲစပ်ထားပါလိမ့်။
တချို့က အမြင့်ကိုတက်ရင် မူးတတ်တယ်နဲ့ တူပါတယ်။

ID ဆိုတာဟာ (I ကိုကော D ကိုပါ နှစ်လုံးစလုံးကို စာလုံးကြီးနဲ့ ရေးရင်) Identity လို့ ခေါ်တဲ့ ပုဂ္ဂလိက သတ်မှတ်ချက်ကို ဆိုလိုရာ ရောက်ပါတယ်။ မှတ်ပုံတင်တို့၊ ၀န်ထမ်းကတ်တို့ စတဲ့ မိမိ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံ အထောက်အထား လက်မှတ်ဟာ ID ပါပဲ။
ဒါပေမယ့် id ဆိုပြီး (i ကိုရော d ကိုပါ စာလုံးအသေးတွေနဲ့ချည်းပဲ) ရေးမယ်ဆိုရင် ကိုယ့်ရဲ့ မသိစိတ်ထဲမှာ ရှိနေတဲ့ "အတ္တ"လို့ အဓိပ္ပါယ် ရပါတယ်။
တကယ်တော့
ကိုယ့်အတ္တ (id)ဟာ ကိုယ် ဘယ်သူလဲဆိုတဲ့ သတ်မှတ်ချက် (ID) ပါပဲ။

မိန်းမတစ်ယောက်ကို အတိအလင်းမယူဘဲ အိမ်တစ်ဆောင် မီးတပြောင်နဲ့ စပွန်ဆာပေးထားတာကို John လို့ ခေါ်ပါတယ်။
ဒါပေမယ့် John မှာ နောက်ထပ် အဓိပ္ပါယ်တစ်မျိုး ရှိပါသေးတယ်။ အဲဒါကတော့ John ဆိုတာ "အိမ်သာ"တဲ့။
အိမ်တွေ၊ ကားတွေ၊ ဟန်းဖုန်းတွေ စပွန်ဆာ လိုချင်တဲ့ ကလေးမလေးတွေ စဉ်းစားကြည့်ဖို့ပါ။
"ငါတို့ဟာ အိမ်သာတွေ ဖြစ်နေကြပြီလား" လို့။
အဲဒီမေးခွန်းလေး တစ်ခုတော့ ကိုယ့်ကိုယ်ကိုယ် ပြန် မေးကြည့်စေချင်တယ်။

Kick က ကန်သည်၊ back က နောက်ကျောဆိုတော့ ကျောကို ခြေထောက်နဲ့ ကန်တယ်လို့ အဓိပ္ပါယ်ထွက်တယ် မထင်ပါနဲ့။ ဘာမှ မဆိုင်ပါဘူး။
Kick back ရဲ့ အဓိပ္ပါယ်က "သက်သောင့်သက်သာရှိတာ၊ ဇိမ်ကျတာ၊ အဆင်ပြေပြေ နေရတာ" ကို ဆိုလိုတာပါ။
ဒါပေမယ့် နောက်ထပ် အဓိပ္ပါယ်တစ်မျိုး ရှိသေးတယ်။ Kick ဆိုတဲ့ စကားလုံးနဲ့ back ဆိုတဲ့ စကားလုံးကြားမှာ ဟိုက်ဖင်လို့ ခေါ်တဲ့ (-) တုံးအတို အမှတ်အသားလေး ထည့်လိုက်မယ် ဆိုပါစို့။
Kick-back။ ဒါဆိုရင်တော့ အဓိပ္ပါယ်က "လာဘ်ထိုးတာ" ဖြစ်သွားပါတယ်။ ဟုတ်ကဲ့။ "လာဘ်ထိုးတာ" နဲ့ "သက်သာတာ" နှစ်ခုကြားမှာ တုံးတို (-)လေးပဲ ကွာပါတယ်။

နိမ့်တာတွေ၊ ကျတာတွေ လျှောက် မစဉ်းစားပါနဲ့။ ဒါက ဗန်းစကားဆိုတော့ အဲဒီလို တိုက်ရိုက်အနက်ကောက်လို့ မရဘူးပေါ့။
Low down မှာ နာမ်(noun) သဘောဆောင်တဲ့ အဓိပ္ပါယ်နဲ့ နာမ၀ိသေသန (adj) သဘောဆောင်တဲ့ အဓိပ္ပါယ်ဆိုပြီး နှစ်မျိုး ရှိပါတယ်။
Low down ဟာ (n) အနေနဲ့ဆိုရင် "အမှန်တရား၊ အချက်အလက်မှန်" လို့ အဓိပ္ပါယ်ရပြီး (adj) အနေနဲ့ဆိုရင် တရားမျှတမှု မရှိတာကို ဆိုလိုပါတယ်။
ကျေးဇူးပြု၍ Lown down ဆိုတဲ့ စကားလုံးကို နှစ်ခါဆက်တိုက် မရွတ်ဆိုကြပါနဲ့။

သိတယ်မဟုတ်လား။ Monkey ဆိုတာ မျောက်လေ။ ဘယ်တော့မှ အငြိမ် မနေတဲ့အကောင်၊ အာရုံနောက်တဲ့အကောင်။ မြန်မာစကားအသုံးအနှုန်းမှလည်း မျောက်ကို စိတ်မနှစ်မြို့စရာအဖြစ် သုံးနှုန်းကြတာပဲ မဟုတ်လား။
လင်ငယ်နေတာကို မျောက်မထားတယ်တို့၊ မသင့်တော်တဲ့ သူက နေရာ ရနေတာကိုလည်း "ဘုရားကား အောက်၊ မျောက်ကား အထက်" တို့ ဆိုတဲ့ စကားပုံနဲ့။
အမေရိကန်၊ အင်္ဂလိပ် ဗန်းစကားမှာလည်း မျောက်ကို နှစ်ခြိုက်ကြပုံ မပေါ်ဘူး။
Monkey business ဆိုရင် "မရိုးသားတဲ့ အလုပ်" လို့ အဓိပ္ပါယ်ရတယ်။ အဲ Monkey clothes ဆိုရင်တော့ ယူနီဖောင်းဝတ်စုံကို ခေါ်တာပါ။
ကျွန်တော်ကတော့ အဲဒီ စကားလုံးနှစ်ခု နီးနီးကပ်ကပ် ရှိနေတာကိုကြည့်ပြီး သိပ်ကို အသည်းယားတာပဲ။

နံပါတ်တွေကို ရေတွက်ကြည့်ရအောင်။
Number One ဆိုတာဟာ ဗန်းစကားမှာ "ရာထူးအကြီးဆုံးလူ၊ ထိပ်ဆုံးကလူ" လို့ အဓိပ္ပါယ်ရပါတယ်။ ကုမ္ပဏီတစ်ခုမှာ ရာထူး အကြီးဆုံးလူဟာ နံပါတ်ဝမ်းပေါ့။
Number Two ဆိုရင်တော့ ဒုတိယလူလို့ မဆိုလိုတော့ပါဘူး။ "မစင် စွန့်တယ်"လို့ပဲ အဓိပ္ပါယ်ရပါတယ်။ ကြည့်စမ်း… နံပါတ်တစ်ခု ကွာရုံနဲ့တင် တော်တော် အဓိပ္ပါယ်ပြောင်းတယ်နော်။
ကြံဖန်ပြီး ဂုဏ်ယူချင်ရင် ဂုဏ်ယူလို့တော့ ရတာပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးဟာ နံပါတ်ဝမ်းတွေ မဖြစ်ကြပေမယ့် အားလုံး နံပါတ်တူးတွေ ဖြစ်ကြတာပဲ မဟုတ်လား။
ကျွန်တော်ကတော့ ဘ၀မှာ Number One မဖြစ်ချင်ပါဘူးဗျာ။ တန်ဖိုးလေး နည်းနည်းတိမ်းစောင်းသွားတာနဲ့ အိမ်သာထဲ ရောက်သွားမှာကိုး။

Old ဆိုတာ အသက်ကြီးတာ၊ အိုမင်း ဟောင်းနွမ်းတာကို ခေါ်တာပါ။ Old နဲ့ ပေါင်းစပ်ရတဲ့ အတွဲအဖက် စကားလုံး အမျိုးမျိုးကိုလိုက်ပြီး အဓိပ္ပါယ်ပြောင်းသွားတဲ့ ဗန်းစကားတွေ အများကြီး ရှိပါတယ်။
Flame ဆိုရင် မီးတောက်မီးလျှံ မဟုတ်လား။ အဲဒါကို old နဲ့ တွဲလိုက်တော့ old flame ဆိုပြီး "အိုမင်းသွားတဲ့ မီးလျှံ" လို့ အဓိပ္ပါယ်မဆောင်ပါဘူး။ Old flame ဆိုတာ ကိုယ်နဲ့ မပေါင်းဖက်လိုက်ရဘဲ ကွဲသွားတဲ့ "ရည်းစားဟောင်း"ကို ခေါ်တာပါ။ (ရည်းစားဆိုတာဟာလည်း မီးတောက်မီးလျှံ တစ်မျိုးပဲ မဟုတ်လား)
နောက်တစ်မျိုးက old goat ပါ။ ဆိတ်အိုကြီး မဟုတ်ပါဘူး။ တကယ့် အဓိပ္ပါယ်ကတော့ "အသက်ကြီးလာတာနဲ့အမျှ စိတ်ပျက်စရာ ကောင်းတဲ့သူ" တဲ့။
ဆိုကြပါစို့ဗျာ။ အခု ခင်ဗျားမှာ ရည်းစားရှိနေပြီဆိုရင်… အဲဒီ ရည်းစားနဲ့ ပေါင်းဖြစ်မှာ၊ မပေါင်းဖြစ်ဘူးလား ဆိုတဲ့အပေါ် မူတည်ပြီး အခေါ်အဝေါ်တွေကို စဉ်းစားထားကြည့်ရအောင်။
ခင်ဗျားရည်းစားနဲ့ ကွဲသွားရင် နောင်တစ်ချိန်မှာ သူဟာ မီးလျှံအိုတစ်ခု (old flame) ဖြစ်မယ်။ ခင်ဗျားရည်းစားနဲ့  ယူဖြစ်ရင် နောင်တစ်ချိန်မှာ သူဟာ ဆိတ်အိုကြီးတစ်ကောင် (old goat) ဖြစ်လာပါလိမ့်မယ်။
ကဲ ခင်ဗျား ကိုယ်တိုင်ကရော မီးတောက်မီးလျှံလား၊ ဆိတ်လား။

P နဲ့စတဲ့ အင်္ဂလိပ်စကားလုံးတွေထဲမှာ Power ကို လူသိများပါတယ်။ Power ဆိုတာ သြဇာအာဏာ၊ ပြီးတော့ လျှပ်စစ်ဓာတ်အား၊ ပြီးတော့ စက်တစ်ခုခုကို သက်ဝင် လှုပ်ရှားလာစေတဲ့ အဖွင့်အပိတ်။ နောက် သင်္ချာမှာဆိုရင် "ထိပ်ကိန်း"။
သြော်… မေ့လို့။ Horse Power ဆိုတာ ရှိသေးတယ်။ သြဇာအာဏာရှိတဲ့ မြင်းကို ပြောတာမဟုတ်ပါဘူး။ "မြင်းကောင်ရေအား"ကို ဆိုလိုတာပါ။
ကျွန်တော်စဉ်းစားမိတာ တစ်ခု ရှိပါတယ်။ သြဇာအာဏာ (power) ဆိုတာ လျှပ်စစ်ဓာတ်အား (power) လိုပဲလို့။ ခံနိုင်ရည်ဝန်အား တစ်စုံတစ်ရာ သတ်သတ်မှတ်မှတ် ရှိရမယ်။ တိတိကျကျ တိုင်းထွာထားတဲ့ စနစ် ရှိရမယ်။ စည်းကမ်းတကျ အသုံးပြုနိုင်မှု ရှိရမယ်။
ဒီလိုမှ မဟုတ်ရင် လောင်ကျွမ်းနိုင်တယ်။ ဓာတ်လိုက်ပြီး သေနိုင်တယ်။ အန္တရာယ်ဖြစ်နိုင်တယ်လေ။
တချို့ ကျပြန်တော့လည်း သင်္ချာထပ်ကိန်း (power)နဲ့ တိုးပွားလာတဲ့ စားဝတ်နေမှု ဒုက္ခတွေကို ရင်ဆိုင်ဖို့ ဘ၀ကို မြင်းတစ်ကောင်ရဲ့ ခွန်အား (Horse Power) နဲ့ ရုန်းကန်ကြရတယ်။
သြော် နောက်စကားလုံးတစ်ခု ကျန်နေသေးတယ်။ Power nap တဲ့။ "အားသစ်မွေးဖို့အတွက် တစ်ရေး တစ်မော အိပ်တာ" ကို ဆိုလိုတာပါ။
ကဲ ခင်ဗျားတို့ ကျွန်တော်တို့ တစ်ရေးတစ်မောလောက် အိပ်လိုက်ကြဦးစို့။ မင်းတစ်ကောင်လို ရုန်းဖို့ အတွက်လေ။

Question လို့ ဆိုတိုင်း "မေးခွန်း" ကိုပြောတာ မဟုတ်ပါဘူး။
Question of Money ဆိုတာ "ငွေသာ အဓိက" လို့ အဓိပ္ပါယ်ရတယ်။
နောက်တစ်ခုက…
Question of How တဲ့။ "လုပ်နည်း ကိုင်နည်းက အရေးကြီးတယ်" ဆိုပဲ။
ကျွန်တော်ကတော့ Question နဲ့ စတဲ့ အဲဒီ စကားလုံးနှစ်လုံးကို ထပ်တလဲလဲ ရေရွတ်နေမိတယ်။
"ငွေသာ အဓိက" "လုပ်နည်းကိုင်နည်းက အရေးကြီးတယ်"။
အဲဒီလိုနဲ့ပဲ ကျွန်တော့်ဦးနှောက်ထဲမှာ Question (မေးခွန်း)တွေ အထပ်ထပ် တိုးပွားလာပြန်လေရော။

Roaring ဆိုတာ အသံကျယ်လောင်တာကို ခေါ်တာပါ။ အဲဒါကလည်း တွဲစပ်တဲ့ စကားလုံးနဲ့ လိုက်ပြီး အဓိပ္ပါယ်အမျိုးမျိုး ပြောင်းတတ်တာပဲ။
Roaring trade ဆိုတာက အစုလိုက် အပြုံလိုက် အများအပြား ရောင်းချလိုက်ရတာကို ဆိုလိုတာပါ။ အချီကြီး ပွတယ်ပေါ့လေ။
Roaring drunk ဆိုရင်တော့ (drunk ဆိုတာကတော့ အရက်သောက်တာကို ဆိုလိုမှန်း အားလုံး သိကြပြီးသားပဲ) "အရက်မူးပြီး သောင်းကျန်း ဆူပူတယ်" ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ Roaring success ဆိုတာကလည်း အဲဒီသဘော ခပ်ဆန်ဆန်ပါပဲ။ Success ဆိုတာက "အောင်မြင်မှု" မဟုတ်လား။
အဲဒီတော့ Roaring success ဆိုတာ အကြီးအကျယ် အောင်မြင်မှုရတာကို ဆိုလိုတာပါပဲ။
ထူးဆန်းတဲ့ စကားတစ်လုံးတော့ ရှိသေးတယ်။ Roaring twenties တဲ့။ ဒီနေရာမှာ twenties (၂၀) ဆိုတဲ့ စကားလုံးဟာ ၁၉၂၀ ပြည့်နှစ်များကို ဆိုလိုတာပါ။ ၁၉၂၀ ကနေ ၁၉၂၉ ခုနှစ်အတွင်း ကာလတွေဟာ သူတို့ ဗြိတိသျှပြည်သူ လူထုတွေအတွက် ပျော်ရွှင်ချမ်းမြေ့စရာ ကာလတွေဖြစ်ခဲ့လို့ အဲဒီ စကားလုံး "တွင်" ခဲ့တာ ဆိုပဲ။
ကဲ ခင်ဗျားတို့ရဲ့ ပျော်ရွှင်ချမ်းမြေ့စရာ ကာလတွေကကော။ Roaring ဘယ်လောက်ဖြစ်မလဲ။ ten လား၊ twenties လား၊ thirties လား။

Snoot ဆိုတာက နှာခေါင်းကို ခေါ်တာပါ။ အသက်ရှင်ဖို့အတွက် လိုအပ်တဲ့ "လေ" ကို ရှူရှိုက်ရတဲ့ အစိတ်အပိုင်းပေါ့လေ။ ကျွန်တော်တို့ဟာ ကိုယ့်နှာခေါင်းနဲ့ကိုယ် အသက်ရှူကြရတယ်မဟုတ်လား။
ဒါပေမယ့် snooty ဆိုတာကကျတော့ "ပိုက်ဆံချမ်းသာတဲ့သူတွေကို လိုက်ပြီး မျက်နှာလိုမျက်နှာရ ဖားနေတဲ့လူ" လို့ အဓိပ္ပါယ်ရပါတယ်။
တချို့က ကိုယ့်နှာခေါင်း (snoot)နဲ့ ကိုယ် အသက်ရှူကြတယ်။ တချို့ကျပြန်တော့ ပိုက်ဆံချမ်းသာတဲ့ လူတွေကို (snooty) လိုက်ဖားပြီး အသက်ရှူကြတယ်။
အသက်ရှင်သန်ပုံ နည်းတွေကတော့ အမျိုးမျိုး ရှိတာပေါ့လေ။

Twist ဆိုတာ ဗန်းစကားအနေနဲ့ဆိုရင် "ကောင်မလေး ငယ်ငယ်၊ မိန်းမပျိုလေး" တဲ့။
အဲဒီ စကားလုံးကို -ed ပေါင်းထည့်လိုက်ရင် twisted ဆိုတာဟာ "နည်းနည်းလေး ရူးသွပ်တယ်" လို့ အဓိပ္ပါယ်ရတယ်။
အဲဒီ twist ကိုပဲ -er ပေါင်းထည့်လိုက်တော့ twister ဖြစ်လာတယ်။ အဓိပ္ပါယ်ကတော့ "မုန်တိုင်း" တဲ့။
အဲဒီ စကားလုံး သုံးခုဟာ ဘာကြောင့် ဆက်စပ်နေရတာလဲ။
ကျွန်တော့်စိတ်အထင်ကို ပြောရရင်တော့ မိန်းမပျိုလေးတွေဆိုတာ နည်းနည်းပါးပါးလေးလောက်တော့ ရူးသွပ်တတ်ကြသူတွေလည်း ဖြစ်မယ်၊ ပြီးတော့ တစ်ချိန်တည်းမှာ "မုန်တိုင်း" တွေလည်း ဖြစ်နေကြတယ်နဲ့ တူပါတယ်။

Uncle (ဦးလေး) ဆိုတဲ့ ဝေါဟာရဟာ ကိုယ့်မိခင် ဖခင်ရဲ့ အစ်ကို (ဒါမှမဟုတ်) ညီကို ခေါ်တာပါ။ ဒါက ဆွေမျိုးစပ်တဲ့ သဘောနဲ့ပြောရရင်ပေါ့လေ။ အဲဒီလို မဟုတ်ဘဲ အလွတ်သဘောနဲ့ ပြောရရင် ကိုယ့်မိဘတွေရဲ့ ရင်းနှီးတဲ့ အမျိုးသား မိတ်ဆွေတွေကိုလည်း ဦးလေးအရင်းအချာလို သဘောထားပြီး Uncle John, Uncle Smith ရယ်လို့ နာမည်ရှေ့ကတပ်ပြီး တရိုတသေ ခေါ်လေ့ရှိပါတယ်။
ကျွန်တော်တို့ ဒီဘက်ခေတ်မှာတော့ "အန်ကယ်" ခေါ်ရတာတွေ သိပ်များတယ်။ အရိုအသေပေးရတာတွေလည်း သိပ် များတာပဲ။
(ကိုယ့်မိဘနဲ့ ရင်းနှီးသူတွေလည်း မဟုတ်ဘဲနဲ့) ဟိုနေရာရောက်ရင်လည်း "အန်ကယ်" ခေါ်ရ။ အရိုအသေပေးရ။ ဒီနေရာ ရောက်ရင်လည်း "အန်ကယ်" ခေါ်ရ အရိုအသေပေးရနဲ့။
နေရာတိုင်းမှာ မိန့်မိန့်ကြီး အရိုအသေခံနေကြတဲ့ "အန်ကယ်"တွေ အများကြီးပဲ။
Uncle ဆိုတဲ့ စကားလုံးတစ်လုံးတည်းရဲ့ ဗန်းစကားအဓိပ္ပါယ်ကတော့ "(ခိုးရာပါပစ္စည်း လက်ခံတဲ့) သူခိုးလက်ခံ" တဲ့။
ကျွန်တော့်ကို "အန်ကယ်" လို့ ခေါ်မယ်ဆိုရင် Uncle နောက်မှာ ကျွန်တော့်နာမည်လေးတော့ တပ် ခေါ်ပေးကြပါဗျာ။

VIP ဆိုတာ Very Important Person ကို ဆိုလိုပါတယ်။ "အလွန် အရေးကြီးသော ပုဂ္ဂိုလ်" လို့ အဓိပ္ပါယ် ရလေမလားပဲ။
နောက်တစ်မျိုးရှိသေးတယ်။ VIP နဲ့ ဆန့်ကျင်ဘက်လေ။ VOP တဲ့။ အဲဒါကတော့ Very Ordinary Person ကိုပြောတာပါ။ "ဘာမှမထူးခြားတဲ့ သာမန်လူပါ" တဲံ။
ကျွန်တော်ကတော့ စဉ်းစားမိတယ်။ လူလူချင်း အတူတူ အဲသည်လို နှစ်မျိုးနှစ်စား ခွဲခြားလို့ ရသလားလို့။
ဘယ်သူတွေက အရေးကြီးနေပြီး ဘယ်သူတွေကတော့ အရေးမကြီးဘဲ ဖြစ်နေရတာလဲ။ ဘယ်လိုအချက်အလက်တွေကို ကြည့်ပြီး လူတစ်ယောက်ကို VIP လား VOP လား ခွဲခြားတာလဲဟင်။ သူစီးလာတဲ့ ကားကို ကြည့်တာလား။ သူ ၀တ်လာတဲ့ အ၀တ်အစားကို ကြည့်တာလား။ သူ့ရဲ့ အောင်မြင်ကျော်ကြားမှုကိုလား။ သူ့ ပိုက်ဆံလား။
ကျွန်တော့် အတွက်ကတော့ အိမ်သာတွင်း ပြည့်လျှံနေတဲ့ အချိန်မှာ မစင်တွင်း ဆယ်တဲ့လူဟာ VIP ပဲ။ သူက အရေးကြီးတယ်လေ မဟုတ်ဘူးလား။
အင်း VIP ကို နောက်ပြောင်ပြီး ဖွင့်ဆိုတဲ့ အဓိပ္ပါယ်တစ်မျိုး သပ်သပ်ရှိသေးတယ်။ Very Idiotic Person တဲ့။ "ရူးကြောင်ကြောင် ပုဂ္ဂိုလ်ကြီး" လို့ ပြောတာပါ။
"ခင်ဗျားဟာ ဘယ်လို VIP မျိုးလဲ" လို့ တချို့လူတွေကို လက်တို့ပြီး မေးကြည့်လိုက်စမ်းပါဗျာ။

Woe ဆိုတာက "ဒုက္ခ" ပါ။ Man ဆိုတာကတော့ "လူ၊ ယောက်ျား" ကို ပြောတာပါ။
အဲဒီ စကားလုံးနှစ်လုံးကို ပေါင်းစပ်လိုက်တော့ Woe(to)Man "ယောက်ျားကို ဒုက္ခပေးသူ" ဖြစ်လာပါတယ်။ အဲဒီ Woe+Man=Woman ဟာ "မိန်းမ" ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
အင်း မိန်းမ ဆိုတာဟာ ယောက်ျားတွေကို ဒုက္ခပေးသူတွေပဲလား။

X ဟာ အနမ်းရဲ့ သင်္ကေတပါ။ ခင်ဗျားရဲ့ ချစ်သူဆီကို စာရေးတဲ့အခါ စာရွက်ပေါ်မှာ အနမ်းရဲ့ သင်္ကေတလေး ထည့်ပေးလိုက်ချင်ရင် "X" ဆိုတဲ့ စကားလုံးကို ရေးထည့်လိုက်ရုံပါပဲ။
ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက X ဟာ ကြက်ခြေခတ် အမှတ်အသား၊ အမှား လက္ခဏာလည်း ဖြစ်နေသေးတယ်။
အနမ်းတွေသာ မှားယွင်းခဲ့ရင် X ကို နှစ်ခါ ထပ်ရေးရမယ်ထင်ပါရဲ့။ ချစ်သူရဲ့ အင်္ကျီနောက်ကျောမှာ "XX" လို့ တံဆိပ် မကပ်ချင်ပါဘူး။

ကိုယ့်ရဲ့ အထက်လူကြီး လုပ်သမျှကို "ဟုတ်ပါ့ ဘုရား" "မှန်ပါ့ ဘုရား" ဆိုပြီး အမြဲတမ်း လက်ညှိုးထောင် ခေါင်းညိတ် လုပ်တတ်သူကို Yesman လို့ ခေါ်ပါတယ်။ ဘယ်တော့မဆို Yes လို့ပဲ ပြောနေတတ်သူပေါ့။
ဒါဖြင့်ရင် အထက်လူကြီးပြောတာကို ဆန့်ကျင် ကန့်ကွက်ရဲတဲ့ လူကိုကျတော့ကော  No man လို့ ခေါ်ဖို့ကောင်းတာပေါ့။ ဒါပေမယ့် No man ဆိုတာက ("ဘယ်သူ တစ်ဦးတစ်ယောက်ကမှ…" ဆိုတဲ့ အငြင်းသဘောနဲ့) လူတစ်ယောက်မှ မရှိတာကို ဆိုလိုရာလည်း ရောက်နေပါတယ်။
ဟုတ်ပါရဲ့။ ဘယ်ရှိနိုင်မှာလဲနော်။

ပြိုင်ပွဲတစ်ခုခု (ဒါမှမဟုတ်) ကစားပွဲ တစ်ခုခုမှာ တစ်စုံတစ်ယောက် အောင်မြင်ဖို့အတွက် တခြားတစ်စုံတစ်ယောက်က ရှုံးနိမ့်ပေးရတယ်ဆိုရင် အဲဒါကို Zero-Sum Game လို့ ခေါ်ပါတယ်။
ဥပမာပြောရရင် ကစားဝိုင်းမှာ ခင်ဗျားက ငွေတစ်သိန်း နိုင်လိုက်တယ် ဆိုပါစို့။ ဒါဆို အဲဒီငွေ တစ်သိန်းဟာ ခင်ဗျားလက်ထဲကို ဘယ်ကနေ ရောက်လာတာလဲ။
ရှင်းပါတယ်။ တခြား တစ်ယောက်က ငွေတစ်သိန်းကို ဆုံးရှုံးပေးလိုက် ရလို့ပေါ့။ (တစ်ဖက်မှာ အနုတ်လက္ခဏာပြမှ ခင်ဗျားဆီမှာ အပေါင်းလက္ခဏာ ပြလာတာပါ) အနုတ်နဲ့ အပေါင်းကို ချေလိုက်ရင် ဒီကစားဝိုင်းတစ်ခုလုံးရဲ့ ရလဒ်ဟာ "သုည" ပါပဲ။
၂၁ ရာစုရဲ့ လမ်းကြောင်းဟာ "သုည" ဆီကို ဦးမတည်တော့ဘူး။ ကစားဝိုင်းထဲမှာ တစ်ယောက်အပေါ်က တစ်ယောက် အမြတ်ထုတ်ဖို့ မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ညှိနှိုင်းခြင်းအားဖြင့် ရလဒ်အသစ်တွေ ထွက်ပေါ်လာစေဖို့ပါ။
Zero-Sum Game ဟာ ခေတ်တုံးသွားပြီဆိုတဲ့အကြောင်း မသိကြသေးတဲ့ အတ္တကြီးသူတချို့ကို တွေ့ရင် ပြောပြလိုက်ကြစမ်းပါဗျာ။
သူတို့တွေ တောက်လျှောက်နိုင်ဖို့အတွက် တခြားသူတွေက တောက်လျှောက်ရှုံးပေးနေရတာဟာ အဓိပ္ပါယ်ရှိရဲ့လား။

မှတ်ချက်
၂၀၀၉ ခုနှစ် နိုဝင်ဘာလထုတ် သရဖူ မဂ္ဂဇင်း နှင့်
၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် သရဖူ မဂ္ဂဇင်း တို့မှ ပြန်လည်ကူးယူဖော်ပြပါသည်။

ကြုံရဆုံရ ရှတတလေးတွေ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတဲ့အတွက် ၂၀၁၀ ခုနှစ် ဒိုင်ယာရီစာအုပ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မ၀ယ်လိုက်မိဘူး။ ရေးစရာမလိုသေးတဲ့အတွက် နောက်နေ့မှ ၀ယ်မယ်လို့ တေးထားလိုက်ပါတယ်။ ဇန်န၀ါရီလ ၁ ရက်နေ့ မနေ့ကတော့ ၀ယ်မှကိုဖြစ်တော့မှာမို့ သွားဝယ်ရတာပေါ့။ အဲဒီမှာ ရှတတလေးကို ကြုံခဲ့ရတာပါ။ တချို့များက ကျွန်တော်ပြောရင် ဟုတ်ရောဟုတ်လို့လားဆိုပြီး မေးတတ်ကြလို့ ကျွန်တော်က ဒီတစ်ခါတော့ နာမည်ပါ ထည့်ရေးလိုက်ပါသဗျာ။ ကျွန်တော်တို့မြို့လေးက "ဟိန်းဟိန်း"စတိုးကို သွားပါတယ်။ ဒီမြို့လေးမှာတော့ အကြီးဆုံးလို့ ဆိုလို့ရပါတယ်။ ပစ္စည်းလည်း အတော်လေးစုံပါတယ်။ မြန်မာဗီဒီယိုဇာတ်ကားအတော်များများမှာ ဒီမြို့လေးမှာရိုက်လို့ ဈေးဝယ်တဲ့အခန်းရိုက်ရင် ဒီစတိုးဆိုင်မှာပဲ ရိုက်ကြတာပါ။ အဲဒီလောက်အထိ နာမည်ကြီးပါတယ်။ ၂၀၁၀ ဒိုင်ယာရီစာအုပ် လိုချင်လို့ပါဆိုတော့ အရောင်းဝန်ထမ်းအမျိုးလေးက "ဆောရီးပဲ… ၂၀၁၀ ဒိုင်ယာရီစာအုပ်က မှာထားတာ မရောက်သေးဘူး၊ နောက်နေ့မှ ပြန်လာခဲ့ပါရှင်" တဲ့။ ဘုရားရေ… ကျွန်တော့်ကို နောက်နေတာများလား။ သေချာအောင် ထပ်မေးပါတယ်။ ၂၀၁၀ ဒိုင်ယာရီစာအုပ်ကိုပြောတာနော်လို့။ အဲဒီကောင်မလေးကလည်း ဟုတ်ပါတယ်တဲ့။ မနက်ဖြန်လောက်ဆိုရင်တော့ ရောက်နိုင်ပါတယ်တဲ့။ ကျွန်တော် အတော်လေးကို အံ့သြသွားတယ်။ ဒါနဲ့ သေချာအောင် ထပ်မေးတယ်။ ၂၀၁၀ ဒိုင်ယာရီစာအုပ်က ရောင်းကောင်းလို့ ကုန်သွားတာလား၊ အဲဒါကြောင့် ထပ်မှာထားတာလားလို့ပေါ့။ ဘာဖြေတယ်မှတ်လဲ… မဟုတ်ပါဘူးတဲ့။ အခုမှ တင်ရမှာမို့ပါတဲ့။ ကောင်းရောဗျာ။ ၂၀၁၀ ခုနှစ် ဒိုင်ယာရီစာအုပ်ကို ဇန်န၀ါရီလ ၁ ရက်နေ့အထိ ရောင်းဖို့မတင်နိုင်သေးဘူးတဲ့။ ကျွန်တော် အတော်လေးကို စိတ်ပျက်သွားမိတာ ၀န်ခံပါတယ်။ ဘာမှကို ပြောချင်စိတ်၊ မေးချင်စိတ် မရှိတော့လောက်အောင်ပါပဲ။ အဖေ့စကားကြီးက နားထဲကို ၀င်ဝင်လာတယ်။ "တတ်လို့လုပ်စားကြတာမဟုတ်ဘူး၊ ငတ်လို့လုပ်စားကြတာ"တဲ့။ အဖေရေ… တတ်လို့မဟုတ်ဘူး၊ ပိုက်ဆံရှိလို့ လုပ်စားနေကြတာတွေက အတော်လေးများနေပြီဗျ။

(၂)
ကျွန်တော်က မြန်မာရုပ်ရှင်ဝါသနာပါတော့ ရုပ်ရှင်ရုံမှာ ဇာတ်ကားသစ်တင်တိုင်းနီးပါး သွားကြည့်ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်အမြဲတစေကြုံရပြီး စိတ်ညစ်ရ၊ စိတ်တိုရတာတစ်ခုကတော့ နိုင်ငံတော်အလံကို အလေးပြုတဲ့အချိန်ပါ။ ဒီအလံလေးဟာ ကျွန်တော်တို့နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုတယ်ဆိုတာကို ဘာဖြစ်လို့များ မေ့ထားကြပါလိမ့်။ ဘာဖြစ်လို့များ ပေါ့ပေါ့တန်တန် သဘောထားကြပါလိမ့်။ ဘာကြောင့်များ တန်ဖိုးမထာကြတာပါလိမ့်။ ဒီအလံလေးကို မြင်ရခြင်းဟာ ငါတို့နိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်ဆိုတာကို သူတို့တွေ သတိမမူကြတာလား။ မေ့လျော့နေကြတာလား။ မဟုတ်ရင် ရုပ်ရှင်ကြည့်တိုင်း ယူနီယံဂျက်အလံကို အလေးပြုနေကြရမှာလေ။ အခုဆိုကြည့်စမ်း။ ကိုယ့်နိုင်ငံအလံကို မြင်ရတာ ဘယ်လောက်များ ကြက်သီးမွေးညင်းထစရာလဲ။ နိုင်ငံတော်သီချင်းတီးလုံးနောက်ခံနဲ့ တလူလူလွင့်နေတဲ့ နိုင်ငံတော်အလံကို မြင်ရတာထက် ဒီမြေ၊ ဒီရေ၊ ဒီလူမျိုးတွေကို ချစ်တဲ့စိတ်ပေါ်တာ ဘယ်မှာရှိလို့လဲ။ ထားပါလေ…။ အလံဋီကာ ဖွင့်မနေတော့ပါဘူး။ ရုပ်ရှင်မပြခင်မှာ နိုင်ငံတော်အလံအား အလေးပြုကြပါဆိုပြီး နိုင်ငံတော်အလံကို ပြပါတယ်။ တချို့က မတ်တတ်တောင် မရပ်ကြပါဘူး။ တိုက်ရိုက်ဘာသာပြန်ရင် နိုင်ငံတော်အလံကို အလေးမပြုကြဘူးပေါ့။ တချို့က ဖင်ကြွရုံ ထလိုက်တယ်။ ပြီးတော့ ချက်ချင်းပြန်ထိုင်လိုက်ကြပါတယ်။ မဆိုးလှဘူးလို့ ပြောရမယ်။ ဒါပေမယ့် မှန်ကန်တဲ့လုပ်ရပ်တော့ မဟုတ်ပါဘူး။ တချို့ လှိုက်လှိုက်လှဲလှဲ စိတ်ပါလက်ပါကို မတ်တတ်ရပ်ပြီး နိုင်ငံတော်အလံကို အလေးပြုကြပါတယ်။ တချို့က… အဲဒီတချို့က အတော်ဆိုးတယ်။ အခုပြောမယ့်တချို့က ဒီလိုပါ။ တီးလုံးမဆုံးမချင်း၊ နိုင်ငံတော်အလံ မပျောက်သေးမချင်း မတ်တတ်ရပ်နေတဲ့လူတွေကို ကြောင်လိုက်တာဆိုတဲ့အကြည့်၊ ဂေါက်တောက်တောက်နဲ့ကွာဆိုတဲ့အကြည့်၊ ရှေ့ကနေပြီး မတ်တတ်ကြီးရပ်ပြီး ဘာလုပ်နေတာလဲဆိုတဲ့အကြည့်နဲ့ ကြည့်တဲ့လူတွေပါ။ ကျွန်တော်အမြဲတမ်းကြုံရတဲ့ ပြဿနာပါ။ မျက်နှာကို လက်သီးနဲ့ဆွဲထိုးချင်တဲ့စိတ်ကို အတော်လေးကို အောင့်အီးထားရတဲ့ အခိုက်အတန့်တွေပါ။ ၂ နာရီခွဲလောက်ရှည်တဲ့ ရုပ်ရှင်ဇာတ်ကား မစခင်မှာ ၁ မိနစ်တောင်မကြာတဲ့ အချိန်လေးပေးပြီး ကိုယ့်နိုင်ငံတော်အလံကို ဘာဖြစ်လို့ အလေးမပြုချင်သလဲဆိုတာကို မေးချင်လိုက်တာဗျာ။ ကိုယ်တိုင်လည်း စဉ်းစားနေမိတယ်။ စဉ်းစားလို့ ရသလောက်ကတော့ တစ်ခုမှ အကောင်းမရှိဘူး။ ရင်လေးလိုက်တာဗျာ။ ဆိုပါတော့ ဒီဇာတ်ကားကို ထိုင်းနိုင်ငံမှာ သွားပြလို့ ထိုင်းမှာရောက်နေတဲ့ မြန်မာတွေကြည့်တဲ့အခါ အခုလိုမျိုး မြန်မာနိုင်ငံတော်အလံကို အလေးပြုခွင့်မရှိဘူးဆိုတာကို ဘာလို့မတွေးမိကြတာလဲ။ ကိုယ်နဲ့ နီးစပ်ရာကို ၀ိုင်းဝန်းပြောပြ ပြင်ဆင်ပေးကြပါဦးလို့ ကျွန်တော်က အနူးအညွတ် တောင်းပန်ပါတယ်ဗျာ။

(၃)
မနေ့က အချိန်အားလေးရတော့ စာသင်ဆောင်တွေဖက်ကို ရောက်သွားပါတယ်။ တမင်သွားတာမဟုတ်ပေမယ့် လမ်းကြုံသွားတဲ့အတွက် စာသင်ဆောင်တွေဘေးမှာ ခဏတော့ ရပ်ပြီးကြည့်နေမိပါတယ်။ သြော်.. လွန်ခဲ့ ၂ လလောက်က ဒီအခန်းတွေထဲမှာ ကျွန်တော်နဲ့ ကျွန်တော့်တပည့်လေးတွေ စာသင်လိုက်၊ ဟိုအကြောင်းဒီအကြောင်းပြောလိုက်၊ စာမေးလိုက်၊ စာရေးလိုက်၊ အိမ်စာမလုပ်လာရင် ဆူလိုက်၊ ငေါက်လိုက်၊ ရိုက်လိုက်၊ နေ့လည်ခင်း အိပ်ငိုက်ကြပြီဆိုရင် ဟာသလေးတွေပြောပြီး ရယ်လိုက်မောလိုက်နဲ့ပေါ့။ အခုတော့ အသက်မဲ့နေတဲ့ အလောင်းကောင်တစ်ခုလိုပဲ အရာအားလုံးဟာ ခြောက်သွေ့ငြိမ်သက်နေလိုက်တာ။ စာအံသံလည်း မကြားရ၊ စာချသံလည်း မကြားရ၊ စာပြတာလည်း မမြင်ရ။ ဒီလိုဆိုတော့လည်း လွမ်းစရာပါပဲလား။ နောက်တစ်လလောက်ဆိုရင် ဒီစာသင်ခန်းတွေ ပြန်ပြီး အသက်ဝင်လာကြဦးမယ်။ သွားလာလှုပ်ရှားကြဦးမယ်။ စာတွေသင်အံရွတ်ဖတ်ကြဦးမယ်။ ပြောရဆိုရ၊ ဆူရငေါက်ရ၊ ကြိမ်းရရိုက်ရ လုပ်ကြရဦးမယ်။ ကိုယ်သင်တဲ့အတိုင်း၊ ကိုယ်ခိုင်းတဲ့အတိုင်း မဖြစ်တာတွေအတွက် ဆရာတွေ၊ ဆရာမတွေ စိတ်ညစ်ကြရဦးမယ်။ ဒေါသထွက်ကြရဦးမယ်။ ဒါပေမယ့် ပန်းကောင်းလေးတွေ ပွင့်ဖို့၊ မွှေးပျံ့ဖို့အတွက်တော့ ရေလောင်းရ၊ ပေါင်းသင်ရ၊ မြေဆွရ၊ ညှပ်သင့်တာညှပ်၊ ဖြတ်သင့်တာဖြတ်၊ မြေသြဇာကျွေးသင့်တာကျွေး လုပ်ကြရဦးမှာပါပဲ။ ကျောင်းဆရာဆိုတာလည်း ၀ဋ်ခံနေကြရတဲ့ လူတန်းစားတစ်ရပ်လားလို့တောင် တွေးနေမိတယ်။ ဥယျာဉ်မှူးလို့လည်း ဆိုကြတယ်၊ ဓားသွေးကျောက်လို့လည်း ပြောကြတယ်၊ ငှက်ငယ်လေးတွေ နားခိုတဲ့ အကိုင်းအခက်လေးတွေလို့လည်း ဖွဲ့ကြတယ်၊ လှေကားထစ်တွေလို့လည်း ညွှန်းကြတယ်။ အမျိုးမျိုးပါပဲလေ။ ကျွန်တော်တို့ကို သင်ကြားပြသ ဆုံးမပဲ့ပြင်ပေးလိုက်ကြတဲ့ ဆရာ၊ ဆရာမတွေကို ပြန်သတိရပြီး ရင်ထဲမှာ အောင့်သွားသလိုပါပဲ။ အခုကျွန်တော်သတိရနေသလို သူတို့လည်း ကျွန်တော့်ကို သတိရနေကြမလား။ ကျွန်တော်ကတော့ သူတို့ကို မေ့နေခဲ့တာလေ။ ကိုယ်သင်ပေးနေရတဲ့၊ သင်ပေးခဲ့ရတဲ့ တပည့်တွေအတွက်ပဲ တွေးနေမိတာလေ။ ဒါဆိုရင် ကျွန်တော့်တပည့်တွေကရော…။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၃ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၀ နာရီ ၀၅ မိနစ်တွင်ပြီး၏။

အခုလောလောဆယ် ဟော့နေတဲ့သတင်းတွေ


ကြိုးဖုန်း၊ မိုဘိုင်းဖုန်းများအားလုံး၏ ဖုန်းခေါ်ဆိုခနှုန်းထားများကို တပြေးညီတိုးမြှင့်၊ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ တစ်မိနစ်လျှင် ငွေကျပ် ၅၀ သို့ ပြောင်းလဲမည်

(Bi Weekly Eleven Vol 2, No 41 မှ)

MNL ပြိုင်ပွဲတွင် ကလပ်အသီးသီး၌ ကစားနေသည့် ၀န်ကြီးဌာနအသီးသီးမှ ဘောလုံးသမားများအနေဖြင့် ယခုအမှတ်ပေးပြိုင်ပွဲပြီးလျှင် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပြန်လည်တာဝန်ထမ်းဆောင်မည်၊ သို့မဟုတ် ဘောလုံးကိုသာ ဆက်လက်ကစားမည်ကို ဆုံးဖြတ်အကြောင်းကြားရမည်ဟု သိရသည်။
(အပတ်စဉ်ထုတ် ဂျာနယ်များမှ)

ရတနာပုံတယ်လီပို့ကုမ္ပဏီ လုပ်ငန်းလေးမျိုး လုပ်ကိုင်ခွင့်ရရှိ
  1. တယ်လီဖုန်းဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း
  2. သတင်းအချက်အလက် ၀န်ဆောင်မှုလုပ်ငန်း
  3. စက်ပစ္စည်း တပ်ဆင်ထုတ်လုပ်မှုလုပ်ငန်း
  4. လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ပျိုးထောင်ရေးလုပ်ငန်း
ထိုကုမ္ပဏီအနေဖြင့် ပုဂ္ဂလိကတယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း (Private Telecommunication Operator) အနေဖြင့်လည်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိ
ထိုကုမ္ပဏီကို အစိုးရရှယ်ယာများအပါအ၀င် နာမည်ကျော်ကုမ္ပဏီကြီးအချို့၏ ရင်းနှီးမြှုပ်နှံမှုများဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
(မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၃၊ အမှတ် ၄၄၇ မှ)

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည့် သီချင်းရေးဆရာများ၏ သတိပေးကြညာချက်
သီချင်းရေးဆရာများဖြစ်ကြသော စိုင်းခမ်းလိတ်၊ ကိုနေ၀င်း၊ သုခမိန်လှိုင်၊ မောင်သစ်မင်း၊ ၀င်းမင်းထွေး၊ မင်းချစ်သူ၊ သော်ဒီဝေ၊ ဆဲ(လ်)၊ အောင်နိုင်စန်း၊ ညီညီသွင်၊ စောခူဆဲ၊ ထူးအိမ်သင်၊ ရွှေဂျော်ဂျော်၊ မြင့်မိုးအောင်၊ ကေအေတီ၊ နိုင်နိုင်း၊ Rခိုင်၊ ဇ၀ါ၊ အရိုးအပါအ၀င်… တို့၏ သီချင်း [တေးစာသား(သို့) တေးစာသားနှင့်သံစဉ်] များအား (ပြည်တွင်း/ပြည်ပ) မည်သည့်နေရာတွင်မဆို စီးပွားရေးအသွင်ဆောင်သော ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်မည်ဆိုလျှင် တာဝန်ခံစီစဉ်သူများသည် အထက်ပါသီချင်းရေးဆရာများ၏ သဘောတူခွင့်ပြုချက်ကို ယနေ့မှစ၍ ၁-၁-၂၀၁၀ ရက်မတိုင်မီ (၁) စီစဉ်သူကိုယ်တိုင်သော်လည်းကောင်း၊ (၁) တီးဝိုင်းမန်နေဂျာများမှ တစ်ဆင့်သော်လည်းကောင်း၊ (၃) အဆိုတော်များမှ တစ်ဆင့်သော်လည်းကောင်း တရားဝင်ရယူထားကြရန် အလေးအနက်သတိပေးအပ်ပါသည်။
မှတ်ချက်။ စီးပွားရေးအသွင်ဆောင်သော ဖျော်ဖြေတင်ဆက်မှုဆိုသည်မှာ အခကြေးငွေယူ၍ သီဆိုကြသော စင်တင်ဂီတပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ၊ မွေးနေ့၊ မင်္ဂလာဧည့်ခံပွဲများ၊ စားသောက်ဆိုင်၊ ကာရာအိုကေဖျော်ဖြေပွဲများနှင့် အလားတူဖျော်ဖြေတင်ဆက်မှု ပုံစံအမျိုးမျိုးအပြင် စီးပွားရေးအသွင်ဆောင်သော အသံလွှင့်ခြင်း၊ ရုပ်သံထုတ်လွှင့်ခြင်း၊ Online လွှင့်တင်ခြင်း အမျိုးမျိုးပါ အကျုံးဝင်ပါသည်။
ဆက်သွယ်ရန်
MCLC Co., Ltd. ဂီတအနုပညာထုတ်ဝေရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်း
အမှတ် ၃၅၁၊ မြေညီထပ်၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၉၂၅၆၆။

မာမီရှိန်း ကို ကြည့်ခဲ့တယ်


ခေါင်းစဉ်ကိုကြည့်ပြီး သို့လော… သို့လော… မတွေးကြပါနဲ့နော်။ ကျွန်တော်တို့မြို့လေးက ရုပ်ရှင်ရုံမှာ "မာမီရှိန်း" ဆိုတဲ့ ရုပ်ရှင်ကား အသစ်တင်တဲ့အတွက် သွားကြည့်ခဲ့တာကို ပြောတာပါ။ ရန်ကုန်မှာမပြခင်ကတည်းက စာနယ်ဇင်းတွေမှာ နာမည်ကြီးနေခဲ့တဲ့ မာမီရှိန်းကို ဒီနေ့တော့ အရှင်လတ်လတ်ကို မြင်ခဲ့ရပါပြီ။ မြင်ခဲ့တာတွေကို မြင်ခဲ့တဲ့အတိုင်း ပြန်ပြောချင်တာမို့ ဒီပို့စ်လေးကို ရေးတာပါ။ ကျွန်တော့်အမြင်လေးတွေကို ဖတ်ကြည့်ကြပါဦး။

ကမ်းထရီးစတား ရုပ်ရှင်ထုတ်လုပ်ရေး
ဇာတ်ကားအမည် - မာမီရှိန်း
ဇာတ်လမ်း - နေရီမင်း
ဇာတ်ညွှန်း - လွင်မင်းအံ့
တွဲဖက်ဒါရိုက်တာ - မောင်သီလ၊ သြရသ
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - ရန်အောင်၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်၊ နန်းဆုရတီစိုး၊ ကုသိုလ်၊ မိုးဒီ၊ မော့စ်၊ ဗေလုဝ၊ ခင်လှိုင်၊ ညောင်ညောင်၊ ငှက်ပျောကြော်၊ ပွင့်၊ တက္ကသိုလ်ဂွမ်းပုံ၊ အခြားသရုပ်ဆောင်များ
ကလေးသရုပ်ဆောင် - ယွန်းယွန်း

ဇာတ်လမ်းသဘော
အိန္ဒြာကျော်ဇင်က ဖခင်ဖြစ်သူ သဘောမတူဘဲ တက်သစ်စမင်းသားတစ်ဦးဖြစ်သူ နေတိုးနှင့် လက်ထပ်ခဲ့ရာ သမီးလေးယွန်းယွန်း ထွန်းကားခဲ့သည်။ သမီးလေးအရွယ်ရောက်လာသောအခါ လင်မယားအခန့်မသင့်ဖြစ်ပြီး ကွာရှင်းပြတ်စဲခဲ့ကြသည်။ နေတိုးက သမီးလေး၊ ဇနီးဖြစ်သူတို့နှင့်အတူ နီးစပ်ရန်ကြံစည်ရာမှ အိန္ဒြာကျော်ဇင်၏ဖခင် ရန်အောင်က ကလေးထိန်းခေါ်သည့်ကြော်ငြာကို တွေ့ရှိသွားခဲ့သည်။ ရုပ်ရှင်များတွင် မိတ်ကပ်ပြင်ပေးနေသည့် ကုသိုလ်ကို အကူအညီတောင်းကာ မာမီရှိန်းအဖြစ် ကလေးထိန်းအလုပ်ကို ၀င်လုပ်ခဲ့သည်။ ဖြစ်ချင်တော့ မာမီရှိန်းအဖြစ် ပြင်လိုက်သည့်ပုံစံသည် ကွယ်လွန်သွားသည့် ရန်အောင်၏ဇနီးဖြစ်သူနှင့် သွားတူနေသည့်အခါ….။ နေတိုးကလည်း ခေါင်းဆောင်မင်းသားအဖြစ် အောင်မြင်လာသည့်အချိန်၊ ရန်အောင်ကလည်း မာမီရှိန်းကို လက်ထပ်ခွင့်တောင်းနေသည့်အချိန်၊ အိန္ဒြာကျော်ဇင်ကလည်း ခင်ပွန်းဖြစ်သူအပေါ် စိတ်ပြေပြီး လွမ်းဆွတ်သတိရနေသည့်အချိန်တို့ တိုက်ဆိုင်လာသောအခါတွင်ကား….။

ဝေဖန်သုံးသပ်ချက်

  • အတော်လေးတော့ ရယ်လိုက်ရတဲ့ကားလို့ ဦးစွာပြောလိုပါတယ်။ ရယ်ရတယ်လို့ ပြောတာကလည်း ဟက်ဟက်ပက်ပက် မရှိလိုက်တာ၊ ၀တ်ကျေတန်းကျေကြီးလို့ ဆိုရင်လည်း ဟုတ်ပါတယ်လို့ ၀န်ခံပါတယ်။
  • မဆီမဆိုင်ဗျာ… ကိုယ့်ဘာသာကိုယ် ဘလော့ဂ်ရေးနေတဲ့ ချောက်ချီးချောက်ချက် ကျွန်တော်က မြန်မာ့ရုပ်ရှင်လောကကြီးအတွက် ရင်လေးမိတယ်လို့ပြောရင် ခင်ဗျားတို့က ကိုယ့်ဘာသာကိုယ် ကလိထိုးပြီး ရယ်ကြဦးမယ်နော်။
  • မတတ်နိုင်ဘူးဗျာ… ရယ်ချင်လည်းရယ်ကြပါတော့။ တကယ်ကို ရင်လေးနေမိတယ်ဗျာ။ ပထမဆုံး မြန်မာမင်းသား၊ မင်းသမီးတွေခမြာ ဒီမဲပြာပုဆိုးဇာတ်လမ်းတွေထဲကကို ရုန်းမထွက်နိုင်တာကို ရင်လေးမိတယ်။ နောက်တစ်ခု ဟာသကားမှ မရိုက်ရင် သေချာပေါက်ရှုံးမယ်ဆိုတာ သိနေတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေအတွက် ရင်လေးမိတယ်။ နောက် ဟာသကားဆိုရင် ဘာပဲပြက်ပြက် ရယ်ရရင်ပြီးရောဆိုတဲ့ ပရိသတ်တွေအတွက် ရင်လေးမိတယ်။
  • ရယ်မောတာဟာ ကောင်းပါတယ်။ ဟာသကိုဖန်တီးရတာ အခက်ဆုံးဆိုတာလည်း ကျွန်တော်နားလည်ပါတယ်။ လူတစ်ယောက်ကို ရယ်အောင်လုပ်ဖို့ဆိုတာ လွယ်တဲ့အလုပ်မှ မဟုတ်တာပဲဗျာ။ ကျွန်တော်သိတာပေါ့။ ဒါပေမယ့် အမြဲတမ်းရယ်နေလို့ ရတဲ့ဟာမှ မဟုတ်တာဗျာ။
  • လူတွေက ဘ၀အမောတွေကြားမှာ ရယ်စရာကားတွေကိုပဲ နှစ်သက်အားပေးကြတယ်။ ရယ်စရာကားတွေပဲ ကြည့်ချင်ကြတယ်လို့ ခဏခဏ ဖတ်ရတယ်။ ဟုတ်ပါတယ်။ ဘ၀အမောတွေပြေစေဖို့ ရယ်စရာကားတွေ လိုအပ်တာကို အကြွင်းမဲ့ လက်ခံပါတယ်။ ရှိကိုရှိသင့်တဲ့ ဇာတ်ကားတွေပါ။ ဒါပေမယ့် ထွက်သမျှ၊ တင်သမျှ ဇာတ်ကားအားလုံးက ဟာသကားတွေဆိုရင်တော့ ဒါဟာ တစ်ခုခုလွဲမှားနေပြီဆိုတာကို နားလည်သင့်ကြပါပြီ။
  • ဘ၀အမောတွေ ပြေစေဖို့ ဟာသကားတွေလိုအပ်သလို၊ လူတွေရဲ့ စာရိတ္တတွေကို ပြုပြင်ဖို့၊ လူတွေရဲ့ စိတ်အာဟာရတွေကို ဖြည့်ဆည်းပေးဖို့၊ လူတွေရဲ့ ရင်ထဲမှာ မေတ္တာတရား၊ သံယောဇဉ်တရား၊ ကရုဏာတရားတွေ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးမယ့် ရုပ်ရှင်ဇာတ်ကားတွေရော မလိုအပ်တော့ဘူးလား။
  • ရုပ်ရှင်ကြည့်လိုက်တဲ့ခဏမှာ ရယ်မောလိုက်တယ်။ အမောတွေ ခဏပြေသွားတယ်။ ကောင်းပြီ။ ပြီးလည်းပြီးရော အဲဒီလူတွေက ဘယ်သူသေသေ ငတေမာပြီးရောစိတ်ဓာတ်နဲ့ စီးပွားရှာနေကြရင်၊ ဆေးကုနေကြရင်၊ ရှေ့နေလိုက်နေကြရင်၊ စာသင်နေကြရင်၊ တိုက်တာအဆောက်အအုံတံတားတွေ ဆောက်နေကြရင် ဘယ်နှယ့်လုပ်ကြမလဲ အရပ်ကတို့။
  • ကာတွန်းလေးတစ်ကွက်ထဲကလို အခုလက်ရှိရုပ်ရှင်လောကကြီးက မာမီဘူတာကို ရောက်နေပြီလား မသိပါဘူးဗျာ။ အခုတလော မာမီဇာတ်ကားတွေ၊ အခြောက်ဇာတ်ကားတွေ အကြောင်း အများကြီးကို ဖတ်နေရ၊ ကြည့်နေရပါတယ်။ ကြာရင် မြန်မာတစ်ပြည်လုံး မာမီတွေဖြစ်ကုန်ကြမယ်ဗျို့။ ထုတ်လုပ်ရေးတွေ၊ ဒါရိုက်တာကြီးတွေ သတိထားကြပါဦးဗျို့။ အဲဒီ နွဲ့တဲ့တဲ့ မာမီတွေနဲ့ နိုင်ငံကို တည်ဆောက်လို့ မရနိုင်ဘူးဆိုတာကို မမေ့ကြဖို့ နှိုးဆော်လိုက်ပါတယ်။
ကဲပါဗျာ…။ ထားလိုက်ပါတော့၊ ဇာတ်ကားကို ပြန်ဆက်ရအောင်ပါ။
  • စစချင်းအခန်းမှာပဲ ရပ်ကွက်ရုံးမှာ လင်မယားကွာရှင်တဲ့အခန်းကို ပြတဲ့အခါ သူများတွေက ဘာတွေရယ်နေကြတယ်မသိဘူး။ ကျွန်တော်ကတော့ ဥက္ကဋ္ဌကြီး စာလုံးပေါင်းမှားတာကိုကြည့်ပြီး ရယ်နေရတယ်။ တကယ်ပဲ။ မြန်မာစာကျွမ်းကျင်သူတွေ၊ ပညာရှင်တွေသာ ကြည့်မိရင် ရင်နာလို့ကို ဆုံးမှာမဟုတ်ဘူး။ မြန်မာလူမျိုး ဇာတ်လမ်းရေးသူကရေးထားတာကို မြန်မာဒါရိုက်တာက မြန်မာပြည်မှာရိုက်တဲ့ မြန်မာဇာတ်ကားမှာ မြန်မာစာလုံးပေါင်းက မမှန်ဘူးဆိုတော့ ဒီ့ထက်ရယ်စရာကောင်းတာ ရှိသေးသလားဗျာ။ (ဆိုင်ဆိုင်မဆိုင်ဆိုင် ပြောဦးမယ်…. ဗြိတိန်မှာ အင်္ဂလိပ်စကားကို ဌာန်ကရိုဏ်းကျကျ အသံထွက် မှန်မှန်ကန်ကန် အပြောနိုင်ဆုံးက အင်္ဂလိပ်တွေမဟုတ်ဘူး၊ နိုင်ငံခြားသားတွေတဲ့။ အဲဒါ တကယ့်အဖြစ်အပျက်ပါ။ သုတေသနလုပ်ထားတဲ့ အမှန်တရားတစ်ခုပါ။ ရယ်ရမှာလား ငိုရမှာလားဆိုတာတော့ စာဖတ်သူရဲ့ စိတ်ကသာ စကားပြောပါတယ်) အခုလည်းကြည့်ပါဦး။ ဘာမှခက်တဲ့ စကားလုံးလေးလည်း မဟုတ်ဘူး။ သတင်းစာတွေ၊ ဂျာနယ်တွေမှာလည်း အမြဲတမ်းပါနေတဲ့ စကားလုံးပါဗျာ။ နိုင်ငံခြားသားရိုက်တဲ့ဇာတ်ကားကျမှပဲ စာလုံးပေါင်းမှန်တော့မယ်ထင်ပါရဲ့ဗျာ။ ဦးမိုးဒီကြီးရဲ့ရှေ့မှာ အခန့်သားကြီး ရေးထားတာက "ဥက္ကဌ" တဲ့။ ကောင်းရောဗျာ။ စာလုံးပေါင်းအမှန်က "ဥက္ကဋ္ဌ" ပါခင်ဗျာ။ လည်ရစ်ပါတယ်ခင်ဗျ။
  • အတင်းကလိထိုးနေတာတွေကိုတော့ အတော်လေးကို စိတ်ကုန်မိတယ်။ ဒီဇာတ်ကားမှာလည်း အများကြီးပါတယ်။ ပရိသတ်ကရယ်ရင်ပြီးရော လုပ်ပြနေပေမယ့် တချို့ဟာတွေက လုံးဝကို အဆင့်အတန်းမရှိလွန်းဘူးဗျာ။ ပရိသတ်တွေကို နလပိန်းတုံးတွေလို့ မှတ်ယူပြီး ပြချင်ရာပြနေတယ်လို့ မြင်လာတယ်။ (သူငယ်ချင်းယောက္ခမဇာတ်ကားကို ပြေးမြင်မိတယ်။ ယုတ္တိမရှိတဲ့ ဇာတ်လမ်းချင်းတူပေမယ့် အတင်းကလိထိုးတာမပါဘဲ ရယ်အောင်လုပ်ပြသွားတာကို ပြန်ကြည့်ကြစေချင်တယ်။ ဤကားစကားချပ်။ ကြော်ငြာတာမဟုတ်ပါ။ ချီးကျူးတာပါ။)
  • အပြာရောင်သန်းတဲ့ ပြက်လုံးတွေကိစ္စကလည်း ပြောရလွန်းလို့ စိတ်ညစ်လာပြီ။ ခေတ်ကြီးကိုက မကောင်းပါဘူးဗျာ။ ဆုတ်ကပ်ကြီးပါလို့ လူတွေခဏခဏ ပြောတတ်ကြတယ်။ မကောင်းအောင်လုပ်နေကြလို့ ခေတ်ကြီးက မကောင်းတာဆိုတာကိုကျ ဘယ်သူကမှ အလေးမထားကြဘူး။ လူတွေကောင်းတာလုပ်ရင် ခေတ်ကကောင်းမှာပဲ။ လူတွေဆိုးတာလုပ်ရင် ခေတ်ကဆိုးမှာပဲ။ အခုလည်းကြည့်ဦး အမျိုးသမီးငယ်တွေ အရွယ်မရောက်သေးဘဲ ဖြစ်ချင်ရာတွေ ဖြစ်ကုန်ကြတာလည်း မပြောနဲ့လေ။ ရုပ်ရှင်မှာ ခါးအောက်ပိုင်းမလွတ်အောင်ပြောတာက ၈၀ ရာခုန်နှုန်းလောက် ပါနေကြတယ်။ လာကြည့်ကြတဲ့ အမျိုးကောင်းသမီးတွေကလည်း ရှက်ရကောင်းမှန်းမသိတာလား၊ ရှက်ကိုမရှက်တာလားမသိဘူး။ ဘေးကသကောင့်သားတွေကိုတောင် ရိုက်ပြီး အူလှိုက်သည်းလှိုက် ရယ်နေကြသေးသဗျ။ ကျွန်တော့်မှာ ဘေးကနေ သူတို့ကိုကြည့်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ ဘုရား… ဘုရား… ဘုရား။ (ကျွန်တော်တို့ ငယ်ငယ်က အိမ်တွေမှာ နိုင်ငံခြားဇာတ်လမ်း ကြည့်နေရင်းနဲ့ မင်းသားနဲ့မင်းသမီး နမ်းတဲ့အခန်းများရောက်ပြီလားဆိုရင် အဖေ ဒါမှမဟုတ် အမေ ဒါမှမဟုတ် အစ်ကိုလုပ်တဲ့လူက အခွေကို ရှေ့အမြန်ရစ်ကြရ၊ အမျိုးသမီးတွေကလည်း မျက်နှာတွေငုံ့ထားကြတာကို လွမ်းမိသေးတယ်။ ပြောရင်လည်း ပုံပြင်တွေလို့ ထင်ကြဦးမယ်။ အဲဒါ တကယ်ပါ။ သိတဲ့မီတဲ့လူတွေကို မေးကြည့်ကြပါ။ ခေတ်နောက်ပြန်ဆွဲနေတာ မဟုတ်ပါဘူး။ ခေတ်မမီသင့်တာကို ခေတ်မမီစေချင်တာပါ။ ရုပ်ရှင်ရုံထဲမှာ လာကြည့်ကြတဲ့လူအများစုက ဆယ်ကျော်သက်တွေမို့ပါ။ သူများနိုင်ငံမှာ လူတိုင်းနီးနီးက ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တယ်။ ငါတို့လည်း သုံးတတ်အောင် လေ့ကျင့်ထားမယ်၊ သင်ထားမယ်ဆိုတဲ့စိတ်တော့ မရှိဘူး။ မဟုတ်တဲ့ဟာတွေကျတော့ ခေတ်မီရုံတင်မဟုတ်ဘူး။ ခေတ်ကိုတောင် ကျော်နေတယ်။ ဒုတိယအကြိမ် ဘုရား.. ဘုရား.. ဘုရား..)
  • ကလေးသရုပ်ဆောင် ယွန်းယွန်းကိုတော့ အမှတ်ပေးမိပါတယ်။ အတော်လေးကို သရုပ်ဆောင်ကောင်းလာတာကို တွေ့ရပါတယ်။ သူ့ပုံစံလေးနဲ့ လိုက်ဖက်တဲ့ ဇာတ်ရုပ်လေးဖြစ်သွားလို့လည်း ဖြစ်မှာပါ။
  • အိန္ဒြာကျော်ဇင်ကတော့ သိတဲ့အတိုင်းပဲ။ ရုပ်ရှင်ကဝေပီပီ မျက်နှာလေးကိုပဲ ရှုံ့လိုက်၊ မဲ့လိုက်၊ ပြုံးလိုက်၊ ထေ့လိုက်နဲ့ စကားလုံးတွေအများကြီး ပြောပြသွားပါတယ်။ ဒါကလည်း သူ့ရဲ့ သမ္ဘာပါပဲ။ အဲဒါကြောင့်လည်း နောက်တက်လာတဲ့ မင်းသမီးတွေ အိန္ဒြာကျော်ဇင်ကို မမီကြသေးတာပါ။ မျက်လုံးနဲ့ မျက်နှာပေးလေးနဲ့ စကားပြောတာတွေမှာ အိန္ဒြာကျော်ဇင်ဟာ တကယ့်အိတ်စပတ်ပါပဲ။
  • နေတိုးကလည်း မာမီရှိန်းအဖြစ် ပီပြင်အောင် သရုပ်ဆောင်နိုင်ပါတယ်။ အသံကအစ အတော်လေးကို ဂရုစိုက်ပြီး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။
  • ရန်အောင်ကြီးခမြာလည်း အသက်ကြီးကာမှ ပေါတောတော ဖြစ်နေတာကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိတယ်။ အခုနောက်ပိုင်းကားတွေမှာဆို ရန်အောင်ခမြာ အဲဒီလိုဇာတ်ကောင်တွေချည်းပဲ လုပ်နေရတယ်။ ကျွန်တော်သာ ရန်အောင့်နေရာမှာဆိုရင် လုံးဝကို အဲဒီလိုဇာတ်ကောင်တွေမရိုက်ဘူး။ ဘာကြောင့်လည်းဆိုတော့ ရန်အောင်ဟာ သာမန်ရုပ်ရှင်မင်းသားမဟုတ်ပါဘူး။ ရုပ်ရှင်လောကကို အနိုင်နဲ့ပိုင်းမယ်ဆိုရင်တောင် ပိုင်းလို့ရနေပြီဖြစ်တဲ့ မင်းသားပါ။ အခုပုံစံအတိုင်းဆိုရင်တော့ ရန်အောင်ရဲ့ သမိုင်းဟာ မကောင်းလှပါဘူး။ အခုခေတ်ကလေးတွေက အခုဇာတ်ကားတွေမှာ ပါနေတဲ့ ရန်အောင်ကိုပဲ မြင်နေရတာ။ အရင်တုန်းက ရန်အောင်ကို သိကြတာမဟုတ်ဘူး။ သူ့ရဲ့သရုပ်ဆောင်မှုတွေကို သဘောကျခဲ့တဲ့ ပရိသတ်တစ်ယောက်အနေနဲ့ စိုးရိမ်ပြီးပြောတဲ့စကားပါ။ ရန်အောင်ဆိုတာ ၀င်ဦးကိုယ်ပွားလို့တောင် ပြောခဲ့ကြတာမဟုတ်လား။
  • အဲဒီကားထဲမှာ နေတိုးကို ရုပ်ရှင်မင်းသားဇာတ်ကောင်အဖြစ် သရုပ်ဆောင်စေပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရိုက်တဲ့အကြောင်း ပြတဲ့အခန်းမှန်သမျှက တစ်ခုမှကို ကောင်းကောင်းမွန်မွန် မရှိပါဘူး။ အခြောက်ဓားပြလုပ်တဲ့အခန်း၊ ဂျစ်ကားကြီးနဲ့ တိုင်းခန်းလှည့်တဲ့ သိဝိမင်းအခန်း၊ ယောက်ျားတစ်ခြမ်း မိန်းမတစ်ခြမ်း မိတ်ကပ်ခြယ်ပြီး နှစ်ကိုယ့်တစ်စိတ်ဇာတ်ရုပ်နဲ့ ပိုးအိစံရဲ့ ကုလားသီချင်းကို ကပြတဲ့အခန်းတွေကိုပဲ ရိုက်နေတာ မြင်ခဲ့ရတယ်။ မြန်မာကားတွေလည်း တဖြည်းဖြည်း ဘောလိဝုဒ်က ဇာတ်ကားတွေနဲ့ တော်တော်တူလာပြီ။ သီချင်းဆိုလိုက် ကလိုက်ပေါ့။ အေးပေါ့လေ… အိမ်နီးချင်းတွေဆိုတော့လည်း သူတို့ဆီက ယဉ်ကျေးမှုတွေ ကူးမှာပေါ့။ နောက်ဆိုရင် ဆာရီတွေတောင် ခြုံကြဦးမလား မသိဘူး။
  • ဇာတ်လမ်းလေးကတော့ မဆိုးလှပါဘူး။ ဇာတ်ကွက်လေးသေသေချာချာချပြီး ရိုက်မယ်ဆိုရင် အတော်လေးကို ကောင်းမယ့်ဇာတ်လမ်းပါ။ ဒါပေမယ့် ပိုက်ဆံမျက်နှာတစ်ခုတည်းနဲ့ ဟာသကားမဖြစ်ဖြစ်အောင် ရိုက်သွားတဲ့အတွက် ကောင်းချင်နေတဲ့ဇာတ်က ပေါတောတော ဖြစ်သွားတော့တာပေါ့။
တစ်ခုပြောဦးမယ်။ ထူးဆန်းတယ်လို့ ဆိုရမလားပဲ။ ထူးတယ်ပဲဆိုပါတော့။
  • ပထမတစ်ချက် - ကျွန်တော်တို့မြို့လေးမှာ ရုပ်ရှင်ဇာတ်ကားသစ်တင်တိုင်း အားလုံးနီးပါးလောက် ကျွန်တော်သွားကြည့်ဖူးပါတယ်။ ဒါပေမယ့် တစ်ခါမှ လူပြည့်လျှံနေတာ။ လက်မှတ်ဝယ်လို့မရတာ မဖြစ်ခဲ့ဖူးဘူး။ ဒီနေ့ ကျွန်တော်လက်မှတ်သွားဝယ်တော့ အပေါ်ထပ်ကြည့်နေကျနေရာတွေ၊ အလယ်ခုံတွေ လုံးဝကို မရှိတော့ဘူး။ ညမှာပြတဲ့ပွဲကို နေ့လည်ကတည်းက လက်မှတ်ဝယ်တာပဲ။ တစ်နေကုန်လည်း (၄)ပွဲတောင် ပြနေတာပဲ။ တင်တာကလည်း သောကြာနေ့ကတည်းက။ လူများနေသေးလို့ ကျွန်တော်မကြည့်သေးတာ။ အမယ်လေး ထူးထူးဆန်းဆန်းဗျာ။ ဘေးခုံပဲရတယ်။ ဒီနေ့ကြည့်ဖို့အတွက် အချိန်ဇယားဆွဲထားပြီးသားဆိုတော့ ၀ယ်လိုက်ရတာပေါ့။ ၀ယ်ပြီးပြန်ထွက်လာတော့ အမယ်မင်း… အပြင်မှာ မှောင်ခိုလက်မှတ်ရောင်းသဗျာ။ အလယ်ခုံတန်းတွေ တစ်ဆက်တည်း ရှိတယ်အစ်ကိုတဲ့။ ဘုရားရေ… ဒီလိုမြို့လေးမှာတောင် ရုပ်ရှင်မှောင်ခိုလက်မှတ်ရောင်းသတဲ့လား။ အံ့သြစရာပါပဲ။ မာမီရှိန်းရေ… အရှိန်အ၀ါကြီးလွန်းလှပါတယ်ဗျာလို့ စိတ်ထဲက အော်လိုက်မိပါတယ်။ ၄၀၀ ကျပ်တန်လက်မှတ်ကို ၆၀၀ ကျပ်တဲ့။ ညပိုင်း ကျွန်တော်သွားကြည့်တော့ ပြခါနီးအချိန်မှာ ၈၀၀ ကျပ် ဖြစ်သွားတာ တွေ့ရတယ်။ ၀ယ်တဲ့လူတွေလည်း ၀ယ်နေကြသဗျ။ သြော်… နောက်နေ့လည်း ပြဦးမယ့်ဟာကိုနော်။ ကြည့်ရတာ ချစ်ချစ်ကလေးတွေကို မငြိုညင်စေချင်ဘူး ထင်ပါရဲ့။ ရောင်းတဲ့လူကလည်း အဲဒီလိုဂွင်တွေကို ရှာတာဖြစ်မှာပါ။ လူကဲခတ်မှားပြီး ကျွန်တော့်ကို လာရောင်းလို့သာ သူ့ခမြာ လေကုန်ပြီး မရောင်းရဖြစ်သွားတာ။ ဟား… ဟား…. ဟား…။ မာမီရှိန်းထက်ကို ရယ်ရတယ်။ (ဆိုင်ဆိုင် မဆိုင်ဆိုင်ဗျာ)
  • ဒုတိယတစ်ချက် - ဇာတ်ကားကြည့်နေရင်းနဲ့ ငါကြည့်နေတာ ရုပ်ရှင်ရုံလား၊ ရှေးခေတ် မြေ၀ိုင်းဇာတ်လားလို့ တွေးနေမိတယ်။ ဘယ်နှယ့်ဗျာ။ သဘောကျတဲ့အခန်းတွေဆိုရင် တစ်ရုံလုံး လက်ခေါက်တွေမှုတ်၊ လက်ခုပ်တွေတီး၊ ဓာတ်မီးတွေနဲ့ ပိတ်ကားကိုထိုး၊ ဝေးကနဲအော်ကြနဲ့ ကျွန်တော့်မှာ အံ့ကိုသြရောပဲ။ ရွှေဘလက်သီးနဲ့ထိုးလိုက်ရင် ရှေးခေတ်တုန်းက ၀ိုင်းပြီးလက်ခုပ်တီးကြ၊ အားပေးကြတယ်ဆိုတာ ဟုတ်မှာပဲလို့ တွေးမိတယ်။ ယုံလည်းယုံသွားတယ်။ အရင်တုန်းကတော့ ရွှေဘနိုင်မှာပါခင်ဗျာလို့ စာတန်းထိုးပေးရတဲ့အထိ အားပေးကြသတဲ့။ အခုလည်း စာတန်းတစ်ခု ထိုးပြသင့်နေပါပြီ။ ရုပ်ရှင်ကြည့်နေတာဖြစ်ပါသည်လို့။ ဘယ်နှယ့်ဗျာ။ ရပ်ကွက်ထဲက ဘောလုံးကွင်းမှာ ဗလာဇာတ်ပွဲ လာကြည့်နေရသလိုပဲ။ တရွှီရွှီ၊ တဖြောင်းဖြောင်းနဲ့။ ဗျာ… ကျွန်တော်က အကဲပိုတယ်ဟုတ်လား။ သြော်… ခင်ဗျားကလည်း သူတို့အဲဒီလို လက်ခေါက်မှုတ်တာ၊ ဝေးကနဲအော်တာ၊ လက်ခုပ်တီးကြတာတွေက တခြားအခန်းတွေမဟုတ်ဘူးဗျ။ ခါးအောက်ပိုင်းမလွတ်တဲ့အခန်းတွေ၊ အရောင်ပါတဲ့ပြက်လုံးအခန်းတွေကို အော်ကြဟစ်ကြတီးကြမှုတ်ကြတာဗျ။ ကျွန်တော်ဖြင့်လေ တစ်ခါမှ မကြုံဖူးတဲ့အတွက် ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး။ (ပြောတတ်သလို ပြောထားတာကို အပေါ်မှာ ရေးထားတယ်နော်။ ဖတ်ကြည့်တော့။)

ကဲ နောက်ဆုံးအနှစ်ချုပ်လိုက်ရင်တော့ အတင်းကလိထိုးတာတွေများ ခံချင်ရင် မာမီရှိန်းကို သွားကြည့်ကြပါ။ ကိုယ့်သားငယ်၊ သမီးငယ်၊ ညီငယ်၊ ညီမငယ်တွေကို အပြာရောင်စကားလုံးတွေ ကိုယ်တိုင်မသင်ပေးချင်ရင် မာမီရှိန်းဇာတ်ကားကိုသာ ပြလိုက်ပါ။ ကြည့်ပြီးသွားရင် အသင်လွတ် တတ်သွားပါလိမ့်မည်။

အခုနောက်ပိုင်း ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေဟာ ပြဇာတ်ဆန်လာတာတွေ့ရပါတယ်။ အဲဒီလိုဆိုတော့ ပြဇာတ်တွေကများ ရုပ်ရှင်ဆန်နေကြသလားလို့ တွေးမိသွားပြန်တယ်။ `ကိုးဆယ်ဆသာလိမ့်မယ်´ ပြဇာတ်ကြီးကို ရုပ်ရှင်အဖြစ် အောင်မြင်အောင် ရိုက်ပြနိုင်ခဲ့တဲ့ မြို့တော်မောင်ယဉ်အောင်ကိုပဲ ခေါ်မေးရတော့မယ်ထင်ပါရဲ့ဗျာ။

အားမနာတမ်းပြောရလျှင်တော့ မာမီရှိန်းဇာတ်ကားကို ပိုက်ဆံရအောင် ခါတော်မီရိုက်ကူးထုတ်လုပ်လိုက်တဲ့ "မန်းနီးရှိန်း" ဇာတ်ကားအဖြစ်သာ မြင်မိပါကြောင်း။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂ ရက်၊ စနေနေ့။
ည ၁၁ နာရီ ၂၅ မိနစ်တွင်ပြီး၏။

ဒီသတင်းတွေ ဖတ်မိတယ်


ဒီအပတ်ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၆၆ ထဲက ကျွန်တော်စိတ်ဝင်စားမိတဲ့သတင်းတွေကို ထုတ်နုတ်ပြထားတာပါ။ စိတ်ဝင်စားမှုချင်း မတူတာတွေအတွက်တော့ ဆောရီးပါဗျာ….။

(၁) ဒွေးအမှတ်တရ သီချင်းခွေ မေတ္တာဖြင့်သာ ဖြန့်ဝေမည်
အချပ်ပိုမျက်နှာဖုံးမှာ ဒွေးရဲ့ဇနီး (မ)မိုးမိုး၊ သားဖြစ်သူ ဝေယံမိုးနဲ့ ဒွေးရဲ့ညီ (ကို)ရန်အောင် တို့ရဲ့ ဓာတ်ပုံတွေနဲ့ မျက်နှာဖုံးတင်ထားတယ်ဆိုတော့ တစ်ခုခုပေးချင်လို့ ဖြစ်မှာတော့ အသေအချာပါပဲ။ ဆရာမြတ်ခိုင်ရဲ့ လျှပ်တစ်ပြက်ဟာ အကြောင်းမဲ့တော့ အဲဒီလိုမျိုး တင်လေ့မရှိပါဘူး။ သူတို့ သုံးဦးလုံးနဲ့ အင်တာဗျူးလုပ်ထားတာလည်း ဖော်ပြထားပါတယ်။ အကျဉ်းချုပ်ပြောရရင် ဒီလိုပါ။
(မမိုးမိုးနှင့် အင်တာဗျူးမှ)

  • 5 Movies က ပြပြီးရင် ဒီအခွေ ပရိသတ်ကို ဝေမယ်
  • လောလောဆယ် အခွေ ၁၀၀၀ ကူးထားတယ်
  • ဒီအခွေမှာ သားဖြစ်သူ ဝေယံမိုးလည်း သရုပ်ဆောင်ထားတယ်
  • (ကို)သားညီရဲ့ ကလေးလေးက ဒွေးဝင်စားတယ်လို့ ပြောကြတာနဲ့ပတ်သက်လို့တော့ ယုံတယ်လည်းမဟုတ်ဘူး၊ မယုံဘူးလည်းမဟုတ်ပါဘူး။ အခုနည်းနည်းကြီးလာတော့ ဘာမှတော့ မပြဘူး။ ငယ်ငယ်တုန်းကတော့ ပြန်မယ်ဆိုတဲ့စကားပြောလို့ကို မရဘူး။ ငိုတာပဲ။
  • ဒွေးရဲ့ဓာတ်ပုံတွေကို ဘုရားခန်းထဲမှာ ထားတဲ့အကြောင်းက ကျေးဇူးရှင်မို့ပါ။ နောက်အိမ်ထောင်ပြုရင်လည်း ဒီအတိုင်းပဲ ရှိမှာပါ။ နောက်အိမ်ထောင်က နားလည်ပေးရမယ်။ နားမလည်လည်း မတတ်နိုင်ဘူး။ နားကိုနားလည်ပေးရမယ်။ ဒါဟာ အစ်မရဲ့ ကျေးဇူးရှင်လေ။
(ကိုရန်အောင်နှင့် အင်တာဗျူးမှ)
  • သားညီနဲ့လိုက်မနေဘဲ ဘာဖြစ်လို့ မမိုးမိုးနဲ့ လိုက်နေတာလဲဆိုတော့ အစ်မက ကိုယ့်ငယ်ငယ်လေးကတည်းက မရီးဆိုပေမယ့် အစ်မလိုပဲလေ။ စောင့်ရှောက်ရမယ့် ၀တ္တရားလည်းရှိလို့။ အစ်မကလည်း တကယ့်ကို မောင်တစ်ယောက်လိုပဲ ကောင်းလို့။ သားညီကလည်း အိမ်ထောင်ကျသွားပြီဆိုတော့လေ။ အဲဒါကြောင့်ပါ။
  • အိမ်ထောင်ပြုဖို့ ကြိုးစားတုန်းပါပဲ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အခုမှ ဦးကျော်လည်း မရှိ၊ အစ်ကိုလည်း မရှိတော့ဘူး။ အခုမှ တစ်က ပြန်စတဲ့သဘော ရှိပါတယ်။
  • အိမ်ထောင်ကျသွားရင်ရော မမိုးနဲ့နေမှာလားဆိုတော့ အဲဒီလိုတော့လည်း မဟုတ်ပါဘူး။ အစ်မကို ကျွန်တော် စောင့်ရှောက်မယ့် အချိန်အတိုင်းအတာ တစ်ခုပေါ့နော်။ အချိန်ကျရင်တော့ ကိုယ်လည်း ကိုယ့်လမ်းနဲ့ ကိုယ်ပေါ့နော်။ အစ်မ ဒီလောက် စောင့်ရှောက်တာပဲ ကျေးဇူးတင်ပါတယ်။
  • ဦးကျော်နဲ့ ကိုသားကြီးတို့က အလုပ်အပေါ်မှာ ရူးသွပ်တာချင်းတော့ အတူတူပါပဲ။ ဒါပေမယ့် အလုပ်တစ်ခုကို အကောင်အထည်ဖော်တဲ့ နေရာမှာတော့ မတူဘူးပေါ့။ ဦးကျော်ကတော့ ဆင်ကြီးလိုပဲ။ သူသွားမယ့်လမ်းကို ရအောင်ဖောက်တာပေါ့။ အစ်ကိုကျတော့ မတူဘူးလေ။
(ဒါတွေကတော့ အင်တာဗျူးတွေထဲက ကောက်နုတ်ပြထားတာတွေပါ။ အဲဒါတွေပြီးတဲ့အချိန် နောက်ဆုံးမှာ ရေးထားတာလေးက ဒီလိုပါ။)
ဓာတ်ပုံတွေရိုက်၊ မေးခွန်းတွေမေးပြီးတဲ့အခါ ကျွန်မတို့ ကြိုးပမ်းလာမှုတွေထဲက ပရိသတ်စိတ်အ၀င်စားဆုံး အချက်တွေဟာ ဘာတွေဖြစ်လေမလဲလို့ ကျွန်မတို့ စဉ်းစားကြည့်လိုက်တဲ့အခါ….။

(ကဲ… စာဖတ်သူလည်း ကိုယ့်ဘာသာကိုယ်သာ စဉ်းစားကြည့်ပါတော့နော်။ ကျွန်တော်ကတော့ သိပ်မသိတော့ စဉ်းစားလို့ မရဘူး။ သိထားတာမှန်သမျှကလည်း အင်တာနက်ပေါ်က ဟိုလိုလို ဒီလိုလိုတွေချည်းပဲလေ။ ဘယ်ဟာကအမှတ် ဘယ်ဟာက ကောလာဟလဆိုတာလည်း မသိဘူးလေ)

(၂) ပုဂ္ဂလိက စာပေဆုပေးပွဲများ၊ စာမူဆုပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဆိုပါက မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့သို့ ဆက်သွယ်ရန်လိုအပ်

(၃) မြန်မာနိုင်ငံ နယ်စပ်နှင့် တောင်တန်းဒေသ ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာနုဂ္ဂဟအသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဖွဲ့စည်း
  • ဥက္ကဋ္ဌအဖြစ် ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေ

(၄) ရတနာပုံဝဘ်ပေါ်တယ်ကို မြန်မာ့အကြီးဆုံး အင်တာနက်စာမျက်နှာအဖြစ် ၀ဘ်ဆိုက်လိပ်စာအတည်ပြု စမ်းသပ်လွှင့်တင်
  • (www.yatanarpon.com.mm)
  • လက်ရှိတွင် Beta Version အနေဖြင့် လွှင့်တင်ထားခြင်းဖြစ်

(၅) မခိုင်ရွှန်းလဲ့ရည်အားရည်စူးကာ ကျန်ရစ်သူ မိသားစုများက ငွေကျပ် သိန်း(၂၉၀)လှူဒါန်း
  • ရွှေတိဂုံဘုရားဂေါပကအဖွဲ့သို့ ကျပ်သိန်း (၅၀)
  • ရန်ကုန်နာရေးကူညီမှုအသင်း ဓာတ်မှန်ခန်းအဆောက်အဦအတွက် ကျပ်သိန်း (၁၅၀)
  • ဇီဝိတဒါနသံဃာဆေးရုံကြီး၌ ငွေကျပ်သိန်း (၂၀)
  • ရန်ကုန်ကလေးဆေးရုံကြီး၌ ကျပ်သိန်း (၃၀)
  • ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်းသို့ ကျပ်သိန်း (၂၀)
  • သာကေတမြို့နယ်၊ (၇)ရပ်ကွက်၊ မြင်တော်သာလမ်းရှိ အာယုဝဎုန အခမဲ့ဆေးကုခန်းပြုပြင်ရန် (၁၀)သိန်းကျပ်
  • မုံရွာမြို့ရှိ ရေရှားပါးရပ်ဝန်းဒေသသို့ ရေတွင်းရေကန်အလှူ (၁၀)သိန်းကျပ်

(၆) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့မှ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၀၉ ထုတ်ပြန်ကြေညာ၊ ရတနာပုံတယ်လီပို့ Co.,Ltd. အား စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြု
  • နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (စ)အရ အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး လုပ်ငန်းတွင်ပါဝင်သော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဝန်ဆောင်မှုလုပ်ငန်းများကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်

(၇) သီချင်းရေးဆရာများ၏ ကြေညာချက်နှင့်ပတ်သက်၍ ဇော်ဝင်းထွဋ် သဘောထား
  • ဒီကိစ္စ မလွယ်ဘူးလို့ ထင်တယ်။
  • ပွဲစီစဉ်တဲ့သူတွေက သီချင်းရေးဆရာတွေဆီက ခွင့်တောင်းဖို့ကျတော့ မလွယ်လောက်ဘူးထင်တယ်။
  • ဒီကိစ္စ အားလုံးပါဝင်ပူးပေါင်းမှ အောင်မြင်မယ်လို့ ကျွန်တော်တော့ထင်တယ်။
  • မုန့်ဟင်းခါးတစ်ပွဲကောင်းဖို့က မုန့်ဖတ်ရယ်၊ ငါးရယ်၊ အစပ်အဟပ်တွေက အရေးကြီးတယ် မဟုတ်လား။
  • သီချင်းရေးဆရာတွေရဲ့ ဖြတ်သန်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ လေ့လာမှု၊ ၀မ်းစာရှိမှုတွေကို ကျွန်တော် လေးစားတန်ဖိုးထားပါတယ်။ သူတို့တောင်းဆိုမှုတွေက မလွယ်လောက်ဘူးလို့ ကျွန်တော်တော့ထင်တယ်။

(၈) အွန်လိုင်းမှတစ်ဆင့် ပေးပို့နိုင်သော e-telegram ကြေးနန်း ၀န်ဆောင်မှုသစ်
  • (www.etelegram.net.mm)
  • အဆိုပါဝက်ဘ်ဆိုက်သို့ဝင်ပြီး Ready Made Telegram Form ကို အလွယ်တကူဖြည့်စွက်ကာ Fill up လုပ်ပြီး ပို့ရမည်ဖြစ်
  • မြန်မာနိုင်ငံအတွင်း e-telegram ဆောင်ရွက်သည့်မြို့ပေါင်း (၈၅)မြို့သို့ လျင်မြန်စွာရောက်ရှိသွားမည်ဖြစ်
  • ကြေးနန်းတစ်စောင်လျှင် (၃၀၀)ကျပ်
  • တစ်ခါပို့လျှင် မြန်မာစာလုံးရေ ၅၀၀ နှင့် အင်္ဂလိပ်စာလုံးရေ ၃၀၀ ပေးပို့နိုင်ကြောင်း သိရှိရ
  • e-telegram Prepaid ကတ် တစ်ကတ်လျှင် မြန်မာငွေ (၁၀၀၀၀)ကျပ်

Friday, January 01, 2010

ငါ့ရဲ့အဘိဓာန် - မင်းခိုက်စိုးစန်


အရင်တင်ပေးထားတဲ့ ငါ့ရဲ့အဘိဓာန် (A to J) က အဆက်ပါ။

Kick က ကန်သည်၊ back က နောက်ကျောဆိုတော့ ကျောကို ခြေထောက်နဲ့ ကန်တယ်လို့ အဓိပ္ပါယ်ထွက်တယ် မထင်ပါနဲ့။ ဘာမှ မဆိုင်ပါဘူး။
Kick back ရဲ့ အဓိပ္ပါယ်က "သက်သောင့်သက်သာရှိတာ၊ ဇိမ်ကျတာ၊ အဆင်ပြေပြေ နေရတာ" ကို ဆိုလိုတာပါ။
ဒါပေမယ့် နောက်ထပ် အဓိပ္ပါယ်တစ်မျိုး ရှိသေးတယ်။ Kick ဆိုတဲ့ စကားလုံးနဲ့ back ဆိုတဲ့ စကားလုံးကြားမှာ ဟိုက်ဖင်လို့ ခေါ်တဲ့ (-) တုံးအတို အမှတ်အသားလေး ထည့်လိုက်မယ် ဆိုပါစို့။
Kick-back။ ဒါဆိုရင်တော့ အဓိပ္ပါယ်က "လာဘ်ထိုးတာ" ဖြစ်သွားပါတယ်။ ဟုတ်ကဲ့။ "လာဘ်ထိုးတာ" နဲ့ "သက်သာတာ" နှစ်ခုကြားမှာ တုံးတို (-)လေးပဲ ကွာပါတယ်။

နိမ့်တာတွေ၊ ကျတာတွေ လျှောက် မစဉ်းစားပါနဲ့။ ဒါက ဗန်းစကားဆိုတော့ အဲဒီလို တိုက်ရိုက်အနက်ကောက်လို့ မရဘူးပေါ့။
Low down မှာ နာမ်(noun) သဘောဆောင်တဲ့ အဓိပ္ပါယ်နဲ့ နာမ၀ိသေသန (adj) သဘောဆောင်တဲ့ အဓိပ္ပါယ်ဆိုပြီး နှစ်မျိုး ရှိပါတယ်။
Low down ဟာ (n) အနေနဲ့ဆိုရင် "အမှန်တရား၊ အချက်အလက်မှန်" လို့ အဓိပ္ပါယ်ရပြီး (adj) အနေနဲ့ဆိုရင် တရားမျှတမှု မရှိတာကို ဆိုလိုပါတယ်။
ကျေးဇူးပြု၍ Lown down ဆိုတဲ့ စကားလုံးကို နှစ်ခါဆက်တိုက် မရွတ်ဆိုကြပါနဲ့။

သိတယ်မဟုတ်လား။ Monkey ဆိုတာ မျောက်လေ။ ဘယ်တော့မှ အငြိမ် မနေတဲ့အကောင်၊ အာရုံနောက်တဲ့အကောင်။ မြန်မာစကားအသုံးအနှုန်းမှလည်း မျောက်ကို စိတ်မနှစ်မြို့စရာအဖြစ် သုံးနှုန်းကြတာပဲ မဟုတ်လား။
လင်ငယ်နေတာကို မျောက်မထားတယ်တို့၊ မသင့်တော်တဲ့ သူက နေရာ ရနေတာကိုလည်း "ဘုရားကား အောက်၊ မျောက်ကား အထက်" တို့ ဆိုတဲ့ စကားပုံနဲ့။
အမေရိကန်၊ အင်္ဂလိပ် ဗန်းစကားမှာလည်း မျောက်ကို နှစ်ခြိုက်ကြပုံ မပေါ်ဘူး။
Monkey business ဆိုရင် "မရိုးသားတဲ့ အလုပ်" လို့ အဓိပ္ပါယ်ရတယ်။ အဲ Monkey clothes ဆိုရင်တော့ ယူနီဖောင်းဝတ်စုံကို ခေါ်တာပါ။
ကျွန်တော်ကတော့ အဲဒီ စကားလုံးနှစ်ခု နီးနီးကပ်ကပ် ရှိနေတာကိုကြည့်ပြီး သိပ်ကို အသည်းယားတာပဲ။

နံပါတ်တွေကို ရေတွက်ကြည့်ရအောင်။
Number One ဆိုတာဟာ ဗန်းစကားမှာ "ရာထူးအကြီးဆုံးလူ၊ ထိပ်ဆုံးကလူ" လို့ အဓိပ္ပါယ်ရပါတယ်။ ကုမ္ပဏီတစ်ခုမှာ ရာထူး အကြီးဆုံးလူဟာ နံပါတ်ဝမ်းပေါ့။
Number Two ဆိုရင်တော့ ဒုတိယလူလို့ မဆိုလိုတော့ပါဘူး။ "မစင် စွန့်တယ်"လို့ပဲ အဓိပ္ပါယ်ရပါတယ်။ ကြည့်စမ်း… နံပါတ်တစ်ခု ကွာရုံနဲ့တင် တော်တော် အဓိပ္ပါယ်ပြောင်းတယ်နော်။
ကြံဖန်ပြီး ဂုဏ်ယူချင်ရင် ဂုဏ်ယူလို့တော့ ရတာပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးဟာ နံပါတ်ဝမ်းတွေ မဖြစ်ကြပေမယ့် အားလုံး နံပါတ်တူးတွေ ဖြစ်ကြတာပဲ မဟုတ်လား။
ကျွန်တော်ကတော့ ဘ၀မှာ Number One မဖြစ်ချင်ပါဘူးဗျာ။ တန်ဖိုးလေး နည်းနည်းတိမ်းစောင်းသွားတာနဲ့ အိမ်သာထဲ ရောက်သွားမှာကိုး။

Old ဆိုတာ အသက်ကြီးတာ၊ အိုမင်း ဟောင်းနွမ်းတာကို ခေါ်တာပါ။ Old နဲ့ ပေါင်းစပ်ရတဲ့ အတွဲအဖက် စကားလုံး အမျိုးမျိုးကိုလိုက်ပြီး အဓိပ္ပါယ်ပြောင်းသွားတဲ့ ဗန်းစကားတွေ အများကြီး ရှိပါတယ်။
Flame ဆိုရင် မီးတောက်မီးလျှံ မဟုတ်လား။ အဲဒါကို old နဲ့ တွဲလိုက်တော့ old flame ဆိုပြီး "အိုမင်းသွားတဲ့ မီးလျှံ" လို့ အဓိပ္ပါယ်မဆောင်ပါဘူး။ Old flame ဆိုတာ ကိုယ်နဲ့ မပေါင်းဖက်လိုက်ရဘဲ ကွဲသွားတဲ့ "ရည်းစားဟောင်း"ကို ခေါ်တာပါ။ (ရည်းစားဆိုတာဟာလည်း မီးတောက်မီးလျှံ တစ်မျိုးပဲ မဟုတ်လား)
နောက်တစ်မျိုးက old goat ပါ။ ဆိတ်အိုကြီး မဟုတ်ပါဘူး။ တကယ့် အဓိပ္ပါယ်ကတော့ "အသက်ကြီးလာတာနဲ့အမျှ စိတ်ပျက်စရာ ကောင်းတဲ့သူ" တဲ့။
ဆိုကြပါစို့ဗျာ။ အခု ခင်ဗျားမှာ ရည်းစားရှိနေပြီဆိုရင်… အဲဒီ ရည်းစားနဲ့ ပေါင်းဖြစ်မှာ၊ မပေါင်းဖြစ်ဘူးလား ဆိုတဲ့အပေါ် မူတည်ပြီး အခေါ်အဝေါ်တွေကို စဉ်းစားထားကြည့်ရအောင်။
ခင်ဗျားရည်းစားနဲ့ ကွဲသွားရင် နောင်တစ်ချိန်မှာ သူဟာ မီးလျှံအိုတစ်ခု (old flame) ဖြစ်မယ်။ ခင်ဗျားရည်းစားနဲ့  ယူဖြစ်ရင် နောင်တစ်ချိန်မှာ သူဟာ ဆိတ်အိုကြီးတစ်ကောင် (old goat) ဖြစ်လာပါလိမ့်မယ်။
ကဲ ခင်ဗျား ကိုယ်တိုင်ကရော မီးတောက်မီးလျှံလား၊ ဆိတ်လား။

P နဲ့စတဲ့ အင်္ဂလိပ်စကားလုံးတွေထဲမှာ Power ကို လူသိများပါတယ်။ Power ဆိုတာ သြဇာအာဏာ၊ ပြီးတော့ လျှပ်စစ်ဓာတ်အား၊ ပြီးတော့ စက်တစ်ခုခုကို သက်ဝင် လှုပ်ရှားလာစေတဲ့ အဖွင့်အပိတ်။ နောက် သင်္ချာမှာဆိုရင် "ထိပ်ကိန်း"။
သြော်… မေ့လို့။ Horse Power ဆိုတာ ရှိသေးတယ်။ သြဇာအာဏာရှိတဲ့ မြင်းကို ပြောတာမဟုတ်ပါဘူး။ "မြင်းကောင်ရေအား"ကို ဆိုလိုတာပါ။
ကျွန်တော်စဉ်းစားမိတာ တစ်ခု ရှိပါတယ်။ သြဇာအာဏာ (power) ဆိုတာ လျှပ်စစ်ဓာတ်အား (power) လိုပဲလို့။ ခံနိုင်ရည်ဝန်အား တစ်စုံတစ်ရာ သတ်သတ်မှတ်မှတ် ရှိရမယ်။ တိတိကျကျ တိုင်းထွာထားတဲ့ စနစ် ရှိရမယ်။ စည်းကမ်းတကျ အသုံးပြုနိုင်မှု ရှိရမယ်။
ဒီလိုမှ မဟုတ်ရင် လောင်ကျွမ်းနိုင်တယ်။ ဓာတ်လိုက်ပြီး သေနိုင်တယ်။ အန္တရာယ်ဖြစ်နိုင်တယ်လေ။
တချို့ ကျပြန်တော့လည်း သင်္ချာထပ်ကိန်း (power)နဲ့ တိုးပွားလာတဲ့ စားဝတ်နေမှု ဒုက္ခတွေကို ရင်ဆိုင်ဖို့ ဘ၀ကို မြင်းတစ်ကောင်ရဲ့ ခွန်အား (Horse Power) နဲ့ ရုန်းကန်ကြရတယ်။
သြော် နောက်စကားလုံးတစ်ခု ကျန်နေသေးတယ်။ Power nap တဲ့။ "အားသစ်မွေးဖို့အတွက် တစ်ရေး တစ်မော အိပ်တာ" ကို ဆိုလိုတာပါ။
ကဲ ခင်ဗျားတို့ ကျွန်တော်တို့ တစ်ရေးတစ်မောလောက် အိပ်လိုက်ကြဦးစို့။ မင်းတစ်ကောင်လို ရုန်းဖို့ အတွက်လေ။

Question လို့ ဆိုတိုင်း "မေးခွန်း" ကိုပြောတာ မဟုတ်ပါဘူး။
Question of Money ဆိုတာ "ငွေသာ အဓိက" လို့ အဓိပ္ပါယ်ရတယ်။
နောက်တစ်ခုက…
Question of How တဲ့။ "လုပ်နည်း ကိုင်နည်းက အရေးကြီးတယ်" ဆိုပဲ။
ကျွန်တော်ကတော့ Question နဲ့ စတဲ့ အဲဒီ စကားလုံးနှစ်လုံးကို ထပ်တလဲလဲ ရေရွတ်နေမိတယ်။
"ငွေသာ အဓိက" "လုပ်နည်းကိုင်နည်းက အရေးကြီးတယ်"။
အဲဒီလိုနဲ့ပဲ ကျွန်တော့်ဦးနှောက်ထဲမှာ Question (မေးခွန်း)တွေ အထပ်ထပ် တိုးပွားလာပြန်လေရော။

(၂၀၀၉ ခုနှစ် နိုဝင်ဘာလထုတ်နှင့် ဒီဇင်ဘာလထုတ် သရဖူမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြပါသည်)

ကျွန်တော်နှင့် အခြေခံမဟာဗျူဟာ ပြဿနာများ - မောင်စူးစမ်း


လမ်းရိုးမလိုက်သူ
စာရေးသူသည် နိုင်ငံရေးလုပ်ခဲ့ဖူးသည်။ ပထမတစ်ကြိမ်ကတော့ ကိုယ့်ဟာကိုယ်ရွေးပြီး နိုင်ငံရေးလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်ခေတ် စစ်တက္ကသိုလ်၌ ကွန်မြူနစ်ဖြစ်ခဲ့သည်။ တောခိုခဲ့သည်။ တောမှ ပြန်ရောက်ပြီးနောက် နိုင်ငံရေးနှင့် အဆက်ပြတ်သွားသည်။ ဒုတိယတစ်ကြိမ်၌မူ ၈၈ ခုနှစ် အရေးအခင်း လှိုင်းတံပိုးကြီးက စာရေးသူအား နိုင်ငံရေးထဲ ရိုက်ပုတ်သွင်းလိုက်သည်။ သို့သော် ယခု နိုင်ငံရေးနှင့် ဝေးနေသည်။

သို့ဖြင့် စာရေးသူ၏ နိုင်ငံရေးအတွေ့အကြုံကို ပြန်စဉ်းစားမိသည်။ အသိပညာရှင်တစ်ဦး ဖြစ်သော်ငြားလည်း ဗီဇနှင့် ပညာတို့ကြောင့် စာရေးသူသည် non conformist ဖြစ်နေသည်။ လမ်းရိုးမလိုက်သူ၊ အစဉ်အလာမလိုက်သူ၊ သူများနှင့်တစ်မူထူးခြား စဉ်းစားသူဟု ဆိုသော် ဆိုနိုင်သည်။ စာရေးသူ၏ ငယ်သူငယ်ချင်း ကွယ်လွန်သွားသူ လန်ဘားကြီး (သူ့ကို ငယ်သူငယ်ချင်းတို့က "ကျောက်ရှည်" လို့ ခေါ်သည်) ၏ စကားနှင့်ပြောရလျှင် "ကလန်တတ်သူ" လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒါက စာရေးသူ၏ သဘာဝကို ပဏာမခင်းပြခြင်းဖြစ်သည်။ စာရေးသူ "ကလန်တတ်သည်"ဟု ဆိုလျှင်လည်း စာရေးသူက "ကလန်" သည့်အရေးတို့မှာ basic strategic issue အခြေခံမဟာဗျူဟာပြဿနာတို့ အပေါ်တွင်ဖြစ်သည်။ နိုင်ငံရေးသမား တစ်ယောက်အနေဖြင့်လည်းကောင်း၊ နောက်ပိုင်း နိုင်ငံရေးဝေဖန်ဆန်းစစ်သူ ဂျာနယ်လစ်တစ်ယောက် အနေဖြင့်လည်းကောင်း စာရေးသူကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခြေခံမဟာဗျူဟာတို့ကို စီတန်းပြရလျှင် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည်။

  1. ဒုတိယ ကမ္ဘာစစ်အပြီး "ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်မှု" အယူအဆ၊ ဘရောက်ဒါဝါဒလို့လည်း ခေါ်သည်။
  2. တိုင်းရင်းသား အရင်းရှင်စနစ်သည် နယ်ချဲ့သမားနှင့် ပြန်မလာစတမ်း ပူးပေါင်းသွားပြီဆိုသော အယူအဆ။
  3. လွတ်လပ်ရေး စစ်-မစစ်ဆိုသော အယူအဆ။
  4. လက်နက်ကိုင်တိုက်ပွဲ လိုအပ်-မလိုအပ်။
  5. တိုက်ပွဲပုံသဏ္ဍာန် သပိတ်လား-လယ်သမားစစ်ပွဲလား။
  6. လက်ဝဲတပ်ပေါင်းစုပြဿနာ။
  7. မြို့သိမ်းနှင့် တောရွာ။
  8. တိုက်ပွဲပုံသဏ္ဍာန် ပြောင်းသင့်-မသင့်။

အထက်ဖော်ပြပါ အခြေခံမဟာဗျူဟာ ပြဿနာ (၈) ချက်သည် ကွန်မြူနစ်ဘ၀၌ ကိုယ်တိုင်ရင်ဆိုင်ပြီး ငြင်းခုံခဲ့ရသော ကိစ္စတို့ ဖြစ်ကြသည်။ ဤပြဿနာရပ်များတွင် စာရေးသူနှင့် ကွန်မြူနစ်ပါတီတို့ သဘောကွဲလွဲခဲ့သည်။

သမိုင်းလိုအပ်ချက်လား
၁၉၆၂ ခုနှစ်၌ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ ဖွဲ့စည်းခဲ့သည်။ ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ခဲ့သည်။ စာရေးသူအား အမျိုးသားစီမံကိန်းဝန်ကြီးဌာနတွင် အထူးအရာရှိအဖြစ် ခန့်အပ်ခဲ့သည်။ အထူးအရာရှိအဖြစ် ဆောင်ရွက်နေစဉ် ဆိုရှယ်လစ်စနစ်နှင့်ပတ်သက်ပြီး အခြေခံမဟာဗျူဟာပြဿနာ (၃) ရပ်ကို စာရေးသူက တင်ပြပြောဆိုသဖြင့် သဘောထားကွဲလွဲခဲ့သည်။

စာရေးသူတင်ပြသော အခြေခံမဟာဗျူဟာပြဿနာ (၃)ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
  1. ဆိုရှယ်လစ်စနစ်သည် မြန်မာနိုင်ငံတွင် သမိုင်းလိုအပ်ချက် (historical necessity) မဟုတ်ဟု စာရေးသူ တင်ပြခဲ့သည်။
  2. အာဏာရှိလျှင် အခြေအနေ မမှည့်သေးသော်လည်း လူမှုစနစ်အပြောင်းအလဲကို ပြုလုပ်နိုင်သည်ဆိုသော အယူအဆကို စာရေးသူက ဆန့်ကျင်သည်။ လက်ဝဲဒဿနစကားနှင့်ပြောလျှင် ကတ္တားပိုင်း(subjective factor) ပြည့်စုံလျှင် ကမ္မပိုင်း(objective condition)ကို ပြောင်းလဲပစ်နိုင်သည်ဆိုသော အယူအဆကို စာရေးသူက ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။
  3. ဆိုရှယ်လစ်စနစ်ကို ဗဟိုဦးစီးစနစ်၊ ဗဟိုစီမံကိန်းစနစ်ဖြင့် စခန်းသွားလိုခြင်းကို စာရေးသူက ဆန့်ကျင်၍ ဆိုရှယ်လစ်စနစ်နှင့် ဈေးကွက်ယန္တရားတို့ကို ထိမ်းမြားပေးရန် စာရေးသူက တင်ပြခဲ့သည်။ Marriage between Socialism and Market ဟု ဆိုရမည်။

ဤပြဿနာများတွင်လည်း စာရေးသူနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့ သဘောထားကွဲလွဲခဲ့သည်။

ဂုဏ်ရှိထွက်ပေါက်
ဆိုခဲ့ပါအတိုင်း သဘောထားကွဲလွဲတော့လည်း စာရေးသူ ရာထူးအသီးသီးမှ နုတ်ထွက်ခဲ့ရသည်။ သို့ဖြင့် နိုင်ငံရေးနှင့် ပြန်ဝေးခဲ့ပြီး အေးအေးဆေးဆေး ရှေ့နေလိုက်နေသည်။ အခွင့်သင့်သလို ဆောင်းပါးတွေရေးသည်။ ထိုစဉ် ၈၈ အရေးအခင်းကြီး ဖြစ်လာသည်။ စာရေးသူလည်း စာရေးဆရာတစ်ယောက် အနေဖြင့်လည်းကောင်း၊ ရှေ့နေတစ်ယောက် အနေဖြင့်လည်းကောင်း ပါဝင်ပတ်သက်ခဲ့ရသည်။

တပ်မတော်မှ အာဏာသိမ်းပြီး ပါတီစုံထူထောင်ခွင့်ပြု၍ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးသည်။ စာရေးသူလည်း အရွေးခံရသည်။ ဤတွင် အခြေခံကျသော မဟာဗျူဟာပြဿနာ (၃)ရပ် ပေါ်ခဲ့ပြန်သည်။ ဤပြဿနာတို့အပေါ် စာရေးသူ၏အမြင်ကို တင်ပြခဲ့သည်။ ၎င်းပြဿနာ(၃)ခုတို့မှာ
  1. ရွေးကောက်ပွဲနိုင်သော ပါတီသည် အုပ်စိုးသောအစိုးရပါတီ မဖြစ်နိုင်သေး (Winning party cannot be ruling party)။ အနိုင်ရပါတီက အတိုက်အခံပါတီအဖြစ် နေရဦးမည်။
  2. ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီ တစ်ပြိုင်နက်တည်း ချက်ချင်းပူးတွဲမလာနိုင်။ ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီ သူ့လမ်းနှင့်သူ သီးခြားစီရွှေ့မည် နှင့်
  3. တပ်မတော်၏အခန်းကဏ္ဍကို အသိအမှတ်ပြုရမည်၊ ဟူ၍ ဖြစ်သည်။

ဤတွင် စာရေးသူနှင့် NLD ခေါင်းဆောင်တော်တော်များများ သဘောထားကွဲသည်။

စပွန်စာ
သို့ဖြင့် တပ်မတော်အစိုးရက လမ်းစဉ် (၇)ရပ် ချမှတ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲချမှတ်ရန် ပြင်ဆင်သည်။ ထိုအခါ အခြေခံမဟာဗျူဟာပြဿနာ (၃)ရပ် ပေါ်လာသည်။ နိုင်ငံရေးပါတီတို့အဖို့ ဖြစ်တည်မှုအကျပ်အတည်း (existential crisis) နှင့် ရင်ဆိုင်ရသည်။

ဤအခြေခံမဟာဗျူဟာ ပြဿနာ (၃)ရပ်မှာ
  1. စစ်တပ်က စပွန်စာပြု ရေးဆွဲပြဋ္ဌာန်းပေးသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရှောင်ဖယ်လို့ရမလား။ (Can we avoid the military sponsored constitution?)
  2. စစ်တပ်မှ စပွန်စာပြု ရေးဆွဲပေးသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအောက်တွင် နိုင်ငံရေးပါတီတို့ ဆောင်ရွက်ရန် အဆင်သင့် ဖြစ်-မဖြစ်။
  3. ရွေးချယ်စရာ အစီအစဉ်တို့သည် ဖြစ်နိုင်ခြေ ရှိပါသလား။ (ဤနေရာ၌ Politics is the Art of Possibles ဆိုသော အနက်အဓိပ္ပါယ် ဖွင့်ဆိုမှုကို နှလုံးမူရန်ဖြစ်သည်။ စာရေးသူက ဖြစ်နိုင်ခြေကိုသာ ဦးတည်စဉ်းစားသည်။)

ခေါင်းစဉ်လောက်
အထက်ပါတို့ကား စာရေးသူ၏ နိုင်ငံရေးသမားတစ်ယောက် အနေဖြင့်လည်းကောင်း၊ နိုင်ငံရေးဝေဖန်ဆန်းစစ်သူ ဂျာနယ်လစ်အဖြစ်လည်းကောင်း၊ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသော အခြေခံမဟာဗျူဟာပြဿနာတို့ ဖြစ်သည်။ ၎င်းတို့နှင့် ပတ်သက်သော အငြင်းအခုံတွင် စာရေးသူက မလွဲမရှောင်သာ ပါဝင်ပတ်သက်ခဲ့ရသည်။ စာရေးသူ ပါဝင်ပတ်သက်ပုံကို ထောက်ချင့်၍ စာရေးသူသည် လမ်းရိုးလိုက်တတ်သူမဟုတ်ကြောင်း အကဲခတ်နိုင်ကြပါလိမ့်မည်။ အထက်တွင် ကွန်မြူနစ်ဘ၀အနေဖြင့် တွေ့ကြုံခဲ့ရသော အခြေခံမဟာဗျူဟာ ပြဿနာတို့ကို စာမျက်နှာငဲ့ကွက်၍ ခေါင်းစဉ်တို့လောက်သာ ဖော်ပြထားရသည်ကို ခွင့်လွှတ်စေလိုပါသည်။

(၂၀၀၉ ခုနှစ် ဇန်န၀ါရီလထုတ် The Waves မဂ္ဂဇင်း 1/09 မှ ပြန်လည်ကူးယူဖော်ပြပါသည်)

၂၀၁၀ ပြည့်နှစ်ရောက်ပြီ


ပြောရမှာ နည်းနည်းတော့ခက်သည်။ ထူးလည်းထူးဆန်းသည်။ ဘာမှမကြာသေးသော အချိန်ကလေးကမှ ၂၀၀၉ ခုနှစ်သည် ပြီးဆုံးသွားခဲ့ပြီ။ သမိုင်းစာအုပ်ထဲတွင် အိပ်ရာဝင်သွားခဲ့ပြီ။ ဘယ်လိုပဲပြန်ခေါ်ပါစေ... သူကပြန်လာမည်မဟုတ်တော့။ သူနှင့်အတူ တစ်နှစ်တာပတ်လုံး ကျွန်တော်တို့လုပ်ခဲ့သမျှ ကောင်းတာ၊ ဆိုးတာ၊ သင့်တာ၊ မသင့်တာ၊ ချစ်တာ၊ မုန်းတာတွေအားလုံး ပြီးဆုံးသွားပြီဟု လူတွေက ပြောလေ့ရှိကြသည်။

၂၀၀၉ ခုနှစ်ဆိုသည်မှ ၂၀၁၀ ဆိုသည့် ဂဏန်းလေးသို့ ပြောင်းလဲသွားရုံဖြင့် တကယ်ပဲ ထိုကဲ့သို့ ပြီးဆုံးသွားခဲ့ပါသလား။ ကျွန်တော်စဉ်းစားနေမိသည်။ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်ဆိုတဲ့လူကလည်း ရှိသေးသည်။ ဘုရားရေ... စိတ်သစ်၊ လူသစ်ဆိုတော့ အသက်ကသာကြီးနေပြီး ကလေးစိတ်ကြီးနှင့် ဖြစ်နေမှာပေါ့နော်။ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး။ ပိုဆိုးသွားဖို့ပဲ ရှိသည်။ နှစ်တစ်နှစ် ကုန်ဆုံးသွားသည့်အတွက် စိတ်တစ်နှစ် ပိုကြီးလာရမည်၊ ပိုပြီးရင့်ကျက်လာရမည်၊ အသစ်ဖြစ်ကိုမဖြစ်စေရ၊ အဟောင်းစိတ်တွင် အတွေ့အကြုံဆိုသည့် ဒဏ်ရာဒဏ်ချက်တို့ဖြင့် အသားကျနေသော စိတ်တစ်ခု ဖြစ်ကိုဖြစ်နေရမည်။ သို့မှသာ နှစ်သစ်တွင် အောင်မြင်မှုအသစ်များ ရနိုင်မည်ဖြစ်သည်။ မနှစ်က ဆုံးရှုံးခဲ့သည်များကို ဒီနှစ်အောင်မြင်အောင် ကြိုးစားရန်မှာ စိတ်သစ်ဖြင့် မရနိုင်ဟု မြင်မိသည်။ အဟောင်းတစ်ခုကို ပြင်ဆင်ရုံဖြင့် အသစ်ဟုယူဆလျှင်တော့ စိတ်သစ်ဟုသုံးနှုန်းကြသည်ကို လက်ခံပါသည်။ ဆိုပါတော့ စာအုပ်အဟောင်းတစ်အုပ်ကို အဖုံးလေးဖုံး၊ ခေါက်ရိုးကျေနေသည့် စာရွက်လေးများကို မီးပူတိုက်ရုံမျှဖြင့် စာအုပ်အသစ်တစ်အုပ် ဖြစ်လာပါသလား။ ပုံစံသစ်တစ်အုပ်ဖြစ်လာသည်ဟုသာ ကျွန်တော်နားလည်ပါသည်။ မှားလျှင် ပြင်ပေးကြပါကုန်။

ကဲ.... ထားပါတော့။ ၂၀၁၀ ပြည့်နှစ်က ရောက်လာပြီ။ ဘလော့ဂ်က စီဘောက်တွင် Happy New Year ဟု ကျွန်တော်အော်လိုက်ပါသည်။ သူများတွေလို အခမ်းအနားကြီးတွေ၊ စားပွဲသောက်ပွဲကြီးတွေဖြင့် ဟက်ပီးနယူးရီးယားဟု မအော်လိုက်ရ။ ထိုကဲ့သို့ မအော်လိုက်ရသဖြင့် ၂၀၁၀ သည် ကျွန်တော့်အတွက် ကောင်းမွန်ပျော်ရွှင်ဖွယ်ရာ နှစ်သစ်တစ်ခု ဖြစ်မလာဟုဆိုလျှင်လည်း ရှိပါစေတော့။ ကျွန်တော်ကတော့ ပျော်ရွှင်သောနှစ်သစ်ကို ကျွန်တော်ကိုယ်တိုင်သာ ဖန်တီးနိုင်သည်ဟု ယုံကြည်သည်။ ဘီယာဘူးကို လက်မှာကိုင်ပြီး ဟက်ပီးနယူးရီးယားဟု အော်နေကြသူတွေ ပျော်မပျော်ကို ကျွန်တော်မသိပါ။ သေချာသည်ကတော့ နှစ်သစ်ကူးအတွက် ဘလော့ဂ်ပို့စ်များရေးရင်း၊ ထိုပို့စ်များကို ဘလော့ဂ်တွင်တင်ရင်း ကျွန်တော်ပျော်ရွှင်နေသည်ကတော့ သေချာပါသည်။ ထို့အတွက် ကျွန်တော်တစ်ခု ရလိုက်သည်။ ကိုယ်လုပ်ချင်ရာလုပ်နေခွင့်ရခြင်းသည် ပျော်ရွှင်မှုတစ်ရပ်ပင်ဟု။ ထိုသို့ဆိုတော့ စောစောကပြောသည့် ဘီယာခွက်ကိုင်ပြီး ဟက်ပီးနယူးရီးယားဟု အော်နေကြသူတွေ ပျော်နေမှာသေချာသည်ဟု ကျွန်တော်မြင်သွားသည်။ သူတို့အတွက် ကျွန်တော် နားလည်သွားသည်။

၂၀၁၀ ကတော့ ဆောင်းတွင်းချမ်းချမ်းစီးစီးနှင့် နှင်းမှုန်များကြားတွင် ရောက်ရှိလာခဲ့ပါပြီ။ အေးချမ်းမည့်နိမိတ်ဟု ယူဆသူတို့ကလည်း ယူဆကြသည်။ တစ်ကမ္ဘာလုံး အအေးလှိုင်းဖြတ်သည့်ဒဏ်ကို ခံစားနေရသည့်အချိန် ဖြစ်သည့်အတွက် အေးနေတာ အဆန်းမှတ်လို့။ အပြင်ထွက်သည်နှင့် တစ်ကိုယ်လုံးကို မံမီလိုမျိုး ၀တ်စားပြီးမှ ထွက်ရသည်။ မဟုတ်လို့ကတော့ နားရွက်တွေစပ်ပြီး ထူပူနေသည်။ ချက်ချင်းပင် ခေါင်းတွေအုံလာသည်။ လူကြီးတွေအတွက်တော့ မကောင်းသည့် ရာသီဥတုဟု ဆိုရမည်။

ပြောချင်သည်ကတော့ ၂၀၀၉ သည် ကျွန်တော်တို့ကို လက်ပြနှုတ်ဆက်သွားပါပြီ။ ၂၀၁၀ ပြည့်နှစ်ကတော့ ကျွန်တော်တို့ ကြိုဆိုသည်ဖြစ်စေ၊ မကြိုဆိုသည်ဖြစ်စေ ရောက်ရှိလာခဲ့ပါပြီ။ ဘာတွေဘယ်လိုကြုံမလဲ၊ ဘယ်လိုပြောင်းလဲမလဲဆိုတာ ဘယ်သူမှ မသိနိုင်။ သေသေချာချာသိတာတစ်ခုကတော့ ပြက္ခဒိန်အသစ် ၀ယ်ရပြီ၊ ဒိုင်ယာရီစာအုပ်အသစ် ၀ယ်ရပြီ။ ဒိုင်ယာရီစာအုပ်ရဲ့ ပထမဆုံး စာမျက်နှာမှာ ဘာရေးရမလဲ။ ထုံးစံအတိုင်း... Happy New Year 2010 လို့ ဦးစွာရေးရမည်။ ဒါမှ သူများတွေနဲ့ အတူတူဖြစ်မည်။ မဟုတ်လျှင် မပြောခံရဦးမည်။ မနှစ်က ဒိုင်ယာရီစာအုပ်စတော့ "လာခဲ့စမ်း ၂၀၀၉ ရေ... ငါဖြစ်ချင်တာတွေကို ဖြစ်အောင်ကို လုပ်ပစ်မယ်" လို့ ရေးလိုက်မိလို့ သူငယ်ချင်းတစ်ယောက်က သြဘာပေးဖူးသည်။

သူများတွေက ၂၀၀၉ ခုနှစ်မှာ ဘာဖြစ်တယ် ညာဖြစ်တယ် စသည်ဖြင့် ရေးကြတာကို ဖတ်ရသည်။ တချို့ဆို ဖတ်လို့လဲကောင်း၊ မှတ်သားစရာလဲကောင်းသည်။ သို့သော် ကျွန်တော်ကတော့ ၂၀၀၉ ခုနှစ် ကျွန်တော်ဘာတွေလုပ်ခဲ့တယ်ဆိုတာထက် ၂၀၁၀ ပြည့်နှစ်မှာ ဘာတွေလုပ်မလဲဆိုတာကို ပိုပြီး စိတ်ဝင်စားသည်။ ထို့ကြောင့်လည်း ၂၀၀၉ ခုနှစ် ကျွန်တော်အကြိုက်ဆုံး ပို့စ်တို့၊ အကြိုက်ဆုံး ဘလော့ဂ်တို့၊ အကြိုက်ဆုံး အဆိုတော် ဘာညာတွေကို မရေးဖြစ်ခဲ့ခြင်းပါ။ ၂၀၀၉ ခုနှစ်ကို သမိုင်းမှတ်တမ်းတစ်ခုအနေဖြင့်တော့ စိတ်ဝင်စားပါသည်။ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများအပေါ် အခြေခံပြီး နောက်လုပ်မည့်အလုပ်များကို ပြင်ဆင်ရပါမည်။ ကျော်ဖြတ်ရပါမည်။ သို့သော် ၂၀၀၉ ကို ဖက်တွယ်ထားမည့်သူတော့ မဟုတ်ပါ။ ဒီနေ့နှင့် မနက်ဖြန်သည်သာ ကျွန်တော့်အတွက် အရေးအကြီးဆုံး ဖြစ်ပါသည်။

၂၀၁၀ ပြည့်နှစ်ကို ကျွန်တော်စိတ်ဝင်စားပါသည်။ ဒါက အမှန်အတိုင်း ပြောခြင်းပါ။ ကျွန်တော်စိတ်ဝင်စားတာတွေ ၂၀၁၀ ပြည့်နှစ်မှာ အများကြီးဖြစ်လာမည်ကိုး။ မြန်မာတစ်ယောက်အနေဖြင့် ပြောရလျှင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ရှိသည်။ ဘောလုံးဝါသနာအိုး တစ်ယောက်အနေဖြင့် ပြောရလျှင် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှိသည်။ အခြားသော ကျွန်တော်၏ ကိုယ်ရေးကိုယ်တာတွေလည်း ရှိသေးသည်။ ထို့အတွက် ၂၀၁၀ ကို ကျွန်တော်လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ လာစမ်းပါ ၂၀၁၀ ရယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်၊ သောကြာနေ့။
နံနက် ၀ နာရီ ၅၁ မိနစ်တွင်ပြီး၏။

 
Web Statistics