Wednesday, September 22, 2010

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


ရောယောင်နေကြတာပဲ
လူတွေမှာ ပိုက်ဆံပေါပြီးတော့ သာသနာပြုဖို့ အလုပ်ကျတော့ နားမလည်ကြဘူး။ တွေ့ရာကြုံရာတွေနဲ့ ရောယောင်နေကြတာပဲ။ ဒီတော့ အောက်တန်းကျကြတာပေါ့။ တချို့က ရဟန်းခံ ရှင်ပြပေးပြီးတော့ ပစ်ထားလိုက်ကြတာပဲ။ ရဟန်းဒကာ ရဟန်းအမတွေဆိုတာကလည်း သူတို့က ပစ္စည်းရှိလျှင် နှိမ်ချင်ကြတယ်။ ဘုန်းကြီးက သာသနာ့ဝန်ထမ်းတွေနဲ့ စပ်လာလျှင် အောက်တန်းက နေရတာကို မကြိုက်ချင်ဘူး။ မခံလည်း မခံချင်ဘူး၊ အဲဒီလို လူတွေနဲ့ဆိုလျှင် ဘယ်တော့မှ မဆက်ဆံကြပါနဲ့။

အထင်သေးနေကြပြီ
ယခုခေတ်က လူကြီးမိဘ ဆရာသမားကို မလေးစားတဲ့ခေတ်၊ ဒီခေတ်ကို တို့က မျက်စိမှိတ်လိုက်နေလို့ မတော်ဘူး။ သူတို့ကမှ ခေတ်မီတယ်လို့ ယူဆနေကြတယ်။ အလားတူပဲ ဆရာသမားတွေကိုလည်း တပည့်တွေက ခေတ်မမီကြဘူးလို့ အထင်သေးနေကြပါပြီ။ ဒါ ဘယ်လောက်မှန်သလဲ။

မဆန်းပါဘူး
ပညာကို တတ်အောင် သင်ကြပါ။ ပညာတတ်တော့ ကိုယ်လုပ်ချင်ရာ လုပ်လို့ဖြစ်ပါတယ်။ "လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖ၀ါးအောက်" ဆိုတာလို အလိုလိုပဲ ကိုယ့်အောက် ခ,လာကြရတာပဲ။ ဒါ သဘာဝပဲ၊ မဆန်းပါဘူး။

ဓမ္မပဒဂါထာ (၇၆)


နိဓီနံဝ ပ၀တ္တာရံ၊ ယံ ပေဿ ၀ဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊
သေယျော ဟောတိ န ပါပိယော။

အပြစ်ပြောမှန်ရင် ရွှေအိုးပေးသူ
အမှန်တကယ် မှားယွင်းနေတဲ့
ကိုယ့်ရဲ့အပြစ်ကို
သဘောထားမှန်မှန်နဲ့
ဝေဖန်ထောက်ပြတတ်သူ၊
လိုအပ်ရင် လိုအပ်သလို
နှိပ်ချပြောဆိုဆုံးမတတ်သူ၊
အပြစ်ထောက်ပြ
နှိပ်ချဆုံးမနိုင်လောက်အောင်လည်း
ပညာအစစ် ဉာဏ်အနှစ်ရှိသူကို
ရွှေအိုးမြှုပ်ထားတဲ့နေရာ
ညွှန်ပြလာသူတစ်ယောက်လို
သဘောထားပြီး ဆည်းကပ်ရပါမယ်။
အဲဒီလို ပညာရှိမျိုးကို
ဆည်းကပ်ပေါင်းသင်းတဲ့သူဟာ
မြင့်မြတ်သည်ထက် မြင့်မြတ်
တိုးတက်သည်ထက် တိုးတက် လာနိုင်ပါတယ်။
ဘယ်တော့မှ မယုတ်ညံ့
ဘယ်တော့မှ မဆုတ်ယုတ်နိုင်ပါဘူး။

Tuesday, September 21, 2010

ပြောကို မပြောချင်တော့ပါဘူးဗျာ.... - ကိုဉာဏ် (ပန်းလောင်မြေ)


နိဒါန်းဆိုပါရစေဦး။ အမှန်အတိုင်းပြောရရင် အစကတော့ ဒီပို့စ်ကို ရေးဖို့စိတ်ကူး မရှိသေးပါဘူး။ Google Buzz မှာ ဖတ်ရတဲ့ "အချိန်ရဲ့တန်ဖိုး" ဆိုတဲ့ ပို့စ်လေးကို ပြန်လည်ဝေငှမလို့ပါ။ ဒါပေမယ့် စိတ်ထဲမှာ အဲဒီအကြောင်းကို ဖတ်ဖူးသလို ဖြစ်နေတာမို့ ဘယ်မှာ ဖတ်ဖူးပါလိမ့်လို့ စဉ်းစားနေမိပါတယ်။ ဘယ်လိုမှ စဉ်းစားလို့မရတဲ့အတွက် ဂူဂဲလ်ရဲ့ အကူအညီကိုပဲ ယူရတော့တာပေါ့။ အောင်မလေး... အဲဒီတော့မှ စောစောစီးစီး ကျွန်တော်ကိုဉာဏ် မျက်လုံးတွေပြူး၊ ဆံပင်တွေထောင် ဖြစ်ကုန်ရပါရောလား။ အဲဒါကြောင့်ပဲ ဒီပို့စ်ကို ရေးဖြစ်သွားတာပါ။ အရင်ကတည်းက ရေးဖို့စုထားတဲ့ အကြောင်းအရာတွေကိုလည်း ရေးလက်စနဲ့ တဆက်တည်းပဲ ချရေးလိုက်ပါတယ်ဗျာ။ ကျွန်တော်ကိုဉာဏ် တွေးမိသလို ပြောဆိုခြင်းဖြစ်တာမို့ သဘောကျရင် လက်ခုပ်တီးပြီး၊ သဘောမကျရင် ခဲကြီးကြီးနဲ့သာ ပစ်လိုက်ကြပါလို့ ပြောပါရစေ။ ဆိုင်းသံကြားရင် မနေနိုင်သူမို့ ဘယ်လောက်ပဲ ခဲတွေဝဲနေပါစေ ကျွန်တော်ကိုဉာဏ်ကတော့ လက်ချိုး၊ ခြေချိုးတင် မဟုတ်ဘဲ တစ်ကိုယ်လုံးကွေးအောင် ကဖြစ်နေဦးမယ် ထင်ပါရဲ့ဗျာ။ မြို့မေတ္တာခံယူမယ့်သားပါဗျ။

ခေါင်းစဉ်မှာ ဖတ်ရတဲ့ "ပြောကို မပြောချင်တော့ပါဘူးဗျာ...." ဆိုတာက ပြောချင်လွန်းလို့ ပေးထားတဲ့ခေါင်းစဉ်ဆိုတာ သိပြီးဖြစ်နေပြီမို့ အထွေအထူး ရှင်းပြနေစရာ လိုအံ့မထင်ဘူးလို့ ယုံကြည်မိကြောင်းပါဗျာ။

ကဲ... စောစောက အချိန်ရဲ့တန်ဖိုးဆိုတဲ့ ပို့စ်အကြောင်း ဆက်ပါရစေဦး။ ဂူဂဲလ်မှာ ရှာလိုက်တဲ့အခါ အဲဒီအကြောင်းအရာကိုပဲ တင်ထားတဲ့နေရာ၊ ရေးထားတဲ့သူတွေက နည်းတာမှ မဟုတ်ပဲကိုး။ တော်သေးတာပေါ့ဗျာ... ကျွန်တော့်ဘလော့ဂ်မှာ အရမ်းကာရော မတင်ပေးလိုက်မိလို့။ တင်ထားသမျှ လူတွေကလည်း ဒီစာတစ်မျိုးတည်းကိုပဲ သူတို့နာမည်တွေနဲ့ချည်းပဲ တင်ပေးထားကြတယ်ဗျ။ တကယ်ဆိုရင် အောက်ဆုံးမှာ ဘယ်ကနေ ရပါတယ်၊ မူရင်းကတော့ ဘယ်သူက ဘယ်နေရာမှာ ဘာသာပြန်ထားတာပါ စသည်ဖြင့်တော့ မှတ်ချက်လေးတွေ ပေးသင့်ကြတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာအများစုဟာ သူများကို Credit ပေးဖို့၊ ချီးကျူးဖို့ အင်မတန်မှ ၀န်လေးတတ်ကြသူတွေ များလားလို့ တွေးနေမိတယ်။ ကိုယ်ဖတ်မိတဲ့ အကြောင်းအရာတစ်ခု၊ စာတစ်ခုကို အခြားသူတွေ ပြန်ဖတ်ရအောင် ဝေမျှတာ၊ ပြန်ညွှန်းတာ ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် အဲဒီစာကို မူလဖန်တီးသူ ဘယ်သူပါဆိုတာ မပြောဘဲ ကိုယ်ပဲရေးထားသယောင်ယောင် လုပ်တာမျိုးကတော့ မသင့်တော်ဘူးလို့ ထင်တာပါပဲ။ ဓမ္မစေတီဆရာတော်ရဲ့ လေသံကို ခဏငှားပြီး ပြောရမယ်ဆိုရင်တော့ "အခြားသူတွေ ဖတ်ရအောင် စာတွေ ပြန်တင်ပေးတာ၊ ပြန်လည်ဝေငှတာ သာဓု၊ ဒါပေမယ့် အဲဒီစာတွေကို ဘယ်သူရေးတယ်၊ ဘယ်သူ့ဆီက ရတယ်ဆိုတာကို မပြောဘဲ ကိုယ်ဖန်တီးသယောင်ယောင် လုပ်တာကတော့ NO သာဓု ပါဗျာ"။ မြန်မာစကားတစ်ခု ရှိတယ်ဗျ။ "သူ့ကို ဂုဏ်မြှင့်၊ ကိုယ့်ဂုဏ်တင့်၏" တဲ့။ တချို့ကလည်း "သူ့ကိုဂုဏ်မြှင့်၊ ကိုယ့်ဂုဏ်မြင့်၏" လို့ ဆိုကြသဗျ။ သဘောကတော့ အတူတူပဲ ထင်ပါရဲ့ဗျာ။ အင်း.... ပြောကို မပြောချင်တော့ပါဘူးဗျာ။

အရင်အပတ်က ဗုဒ္ဓဟူးနေ့ထုတ် ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် ကျွန်တော် အတော်လေးကို စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဗျ။ မျက်နှာဖုံးမှာက ရွေးကောက်ပွဲမှာ မဲပေးရမယ့် မဲပုံးတွေကို ဓာတ်ပုံတွေဘာတွေနဲ့ သေသေချာချာ ပြသရှင်းလင်းထားတယ်ဗျ။ အဲ... အထဲတစ်နေရာမှာပါတဲ့ သတင်းတစ်ပုဒ်ကတော့ ဘယ်လိုနားလည်ရမှန်း မသိရအောင် ဖြစ်ရတယ်ဗျ။ မဲရုံတာဝန်ကျသူတွေ ၀တ်ဆင်ရမယ့် သတ်မှတ်ဝတ်စုံတွေအကြောင်းကို သတင်းရေးထားတာပါ။ အနီရောင်ဆိုတဲ့ စကားလုံးကို ဘယ်အတွက် သုံးလိုက်သလဲဆိုတာ ကျွန်တော်စဉ်းစားမရဘူး။ ကျွန်တော်ဆိုလိုတာကဗျာ... ဘယ်လွှတ်တော်အတွက် မဲပုံးမှာ ရေးထားတဲ့စာလုံးတွေက ဘယ်အရောင်ဆိုတာ တွဲမသိသေးဘူးပဲထား၊ ဘာအရောင်တွေ ဆိုတာလောက်တော့ဖြင့် လူပြိန်းသိ သိသင့်တယ်ဗျ။ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင် ဆိုတဲ့ အရောင်သုံးမျိုးကိုတောင် မမှတ်မိဘဲ၊ မသိဘဲနဲ့ နာမည်ကြီး ဂျာနယ်ကြီးတစ်စောင်မှာ သတင်းထောက်ဆိုပြီး သတင်းရေးနေတာ ဘယ်လောက်ဆိုးသလဲဗျာ။ အဲဒီလို သတင်းထောက်တွေက လိုက်လာတဲ့ သတင်းတွေဟာ ကျွန်တော်တို့ စာဖတ်သူတွေအတွက် ဘယ်လောက်ယုံကြည်ရမလဲ၊ ဘယ်လောက်တန်ဖိုးထားရမလဲ။ ဒီလောက်အရေးကြီးတဲ့ သတင်းကိုတောင် မှန်အောင် မတည်းဖြတ်နိုင်တဲ့ အယ်ဒီတာတွေ ဖန်တီးလိုက်တဲ့ ဂျာနယ်ကို ကျွန်တော်တို့က ဘယ်လိုအားထားရမလဲ။ ဟူး....... ပြောကို မပြောချင်တော့ပါဘူးဗျာ....။

သတင်းဂျာနယ်တစ်စောင်ကလည်း လုပ်ထားသေးသဗျ။ မြန်မာနေရှင်နယ်လိဂ်အကြောင်း ရေးထားတဲ့သတင်းပါ။ ရခိုင်ပြည်နယ် ကိုယ်စားပြု ဘောလုံးအသင်း မိတ်ဆက်ပွဲအကြောင်း သတင်းရေးထားတာပါ။ အဲဒါက ပြဿနာမရှိဘူး၊ ပြဿနာရှိတာက သတင်းနောက်ဆုံးမှာ ကျေးဇူးရှင် သတင်းရေးသူက မြန်မာနေရှင်နယ်လိဂ်မှာ ယှဉ်ပြိုင်နေတဲ့ လက်ရှိအသင်းတွေဆိုပြီး အသင်းနာမည်တွေ ရေးပြတာပဲဗျ။ မှန်ရင်တော့ ဘာအရေးလဲဗျာ။ ဒါဆိုရင် ဘာဖြစ်တာလဲလို့ မေးချင်ကြပေမယ်။ အင်း... မှားနေလို့ပေါ့ဗျာ။ မှားတာမှ ပိုးစိုးပက်စက်ကို မှားတာခင်ဗျ။ အသင်းနာမည်တွေ မမှန်တာ ကျန်ခဲ့တာကို ကျွန်တော် မပြောတော့ပါဘူးဗျာ။ မြန်မာနေရှင်နယ်လိဂ်မှာ ကစားနေတဲ့အသင်း ဘယ်နှသင်းရှိသလဲ ဆိုတာတောင် အဲဒီသတင်းထောက် မသိဘူးခင်ဗျ။ ကြည့်ရတာ သူ့ခမျာ ဘောလုံးကို စိတ်ဝင်စားပုံ မရပါဘူး။ ဘောလုံးပွဲလည်း ကြည့်မယ့်ပုံ မရှိပါဘူး။ ဒီအပတ်ထွက် ဂျာနယ်မှာ သူ့သတင်း တစ်ပုဒ်မှ မပါသေးတဲ့အတွက် အလျင်အမြန် သတင်းတစ်ပုဒ် ထည့်မှဖြစ်ချေတော့မယ်ဆိုပြီး ရရာသတင်းကို ဆွဲစိလိုက်ရပုံ ပေါ်ပါတယ်။ ကျွန်တော်ဖြင့် ပြောကို မပြောချင်တော့ပါဘူးဗျာ....။

ရွေးကောက်ပွဲကြီး နီးလာပြီ။ နိုဝင်ဘာ ၇ ရက်နေ့ ရောက်ဖို့အတွက် ဘာလိုတော့တာမှတ်လို့။ ဂျာနယ်တွေမှာ ရေးကြပြောကြတာတွေကို ဖတ်ရတဲ့အခါ ကျွန်တော်ကိုဉာဏ် စာဖတ်သူတစ်ယောက်အနေနဲ့ အင်မတန် စိတ်တိုတယ်ဗျ။ ပြည်သူတစ်ယောက် အနေနဲ့တို့၊ နိုင်ငံသားတစ်ယောက် အနေနဲ့တို့ စတဲ့ စကားလုံး ကြီးကြီးကျယ်ကျယ်တွေကို မသုံးပါဘူးနော်။ သာမန် ဂျာနယ်ဖတ် စာဖတ်ပရိသတ် တစ်ယောက်အနေနဲ့ပဲ စိတ်တိုဒေါသဖြစ်တာပါ။ အယ်ဒီတာကပဲ ရေးရေး၊ သတင်းထောက်ကပဲရေးရေး၊ နိုင်ငံရေးပညာရှင်တွေကပဲရေးရေး၊ စာရေးဆရာတွေကပဲရေးရေး တူညီတာတစ်ခုက ဘာလဲဆိုရင် ဒီနေ့ ပြည်သူတွေဟာ နိုင်ငံရေးကို စိတ်မ၀င်စားကြဘူး၊ တက်ကြွမှုမရှိဘူးဆိုတဲ့ လေသံပဲဗျ။ အားလုံးနီးပါးက တစ်လေသံတည်း ထွက်ကြတယ်ဗျ။ အဲဒါဆို ကျွန်တော်မေးမယ်ဗျာ...။ ပြည်သူတွေက နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုမရှိဘူး၊ တက်ကြွမှုမရှိဘူးလို့ပဲ ထားလိုက်ပါတော့။ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ကြမယ့် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကရော အခုကျင်းပမယ့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုရှိရဲ့လား၊ တက်တက်ကြွကြွ လှုပ်ရှားကြရဲ့လားလို့ပါ။ စိတ်ဝင်စားတယ်လို့ လာမပြောနဲ့။ ဂျာနယ်တွေထဲမှာ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်လောင်းတွေ ဆိုသူတွေနဲ့ အင်တာဗျူးလုပ်ထားတာတွေ ဖတ်ကြည့်လိုက်တာနဲ့ သူတို့အခြေအနေကို ခန့်မှန်းလို့ ရတယ်ဗျ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကိုယ့်ပါတီနဲ့အပြိုင် ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီပေါင်း ဘယ်လောက်ရှိမှန်းတောင် မသိတဲ့လူတွေ အများကြီးဗျ။ မဲပေးမယ့်စနစ်ကိုလည်း အခုအချိန်အထိ ဇဝေဇ၀ါပဲ ရှိသေးတယ်လို့ အရှက်မရှိဖြေလိုက်တဲ့ ပါတီခေါင်းဆောင်တစ်ယောက်ရဲ့ စကားကိုတောင် အံ့သြစွာနဲ့ ဖတ်လိုက်ရသေးတယ်။ စဉ်းစားသာကြည့်ဗျာ။ သူတို့တောင် ဇဝေဇ၀ါဆိုရင် သူတို့ကို မဲပေးမယ့် ပြည်သူတွေက ဘယ်လိုဖြစ်ကုန်မလဲဗျ။ ဒါပေမယ့် သူတို့ ကံကောင်းပါတယ်ဗျာ။ သူတို့ကသာ ဇဝေဇ၀ါဖြစ်တာ။ ပြည်သူတွေကတော့ ဘယ်လိုမဲပေးရမယ်ဆိုတာ သိတယ်ခင်ဗျ။ သတင်းစာလည်းဖတ်တယ်၊ ရေဒီယိုလည်း နားထောင်တယ်၊ တီဗီလည်းကြည့်တယ်၊ လက်ဖက်ရည်ဆိုင်လို နေရာမျိုး၊ ဆိုက္ကားဂိတ်လို၊ မြင်းလှည်းဂိတ်လို နေရာမျိုးတွေမှာ သိတဲ့လူတွေက ပြောပြဆွေးနွေးတာကိုလည်း နားထောင်ထားကြတယ်ခင်ဗျ။ တက်ကြွမှုအပိုင်းကို ပြောရအောင်ဗျာ။ ဘယ်နိုင်ငံရေးပါတီက ပြည်သူတွေကြားထဲမှာ ထဲထဲဝင်ဝင် ၀င်ရောက်စည်းရုံးတာတွေ လုပ်နေသလဲဗျ။ အကြောင်းပြချက်တွေ အမျိုးမျိုးပြပြီး လက်ညှိုးထိုးဖို့ပဲ စဉ်းစားမနေပါနဲ့တော့ဗျာ။ ရထားတွေပေါ်မှာ ဆေးရောင်းတဲ့လူကမှ ဘယ်လိုအချိန်၊ ဘယ်လိုနေရာမှာ ဘယ်လိုပြောရမယ်ဆိုတာ ကောင်းကောင်းသိသေးတယ်လို့ ကျွန်တော်ကပြောရင် ဆွေ့ဆွေ့ခုန်ကြမှာဗျ။ တော်ပါပြီဗျာ... ပြောကို မပြောချင်တော့ပါဘူး...။

အမိုက်ခံ၊ အဆဲခံပြီး ပြောရဦးမှာပဲ။ အင်တာနက်ပေါ်ကနေ ပါးစပ်သေနတ်ပစ်တဲ့လူတွေ၊ ရွှေရောင်လွှမ်းတဲ့ မြန်မာပြည်ဖြစ်ရေး ကြိုးပမ်းသူတွေ အတော်များတာကိုးဗျ။ မြန်မာပြည်ကလူတွေ ဘယ်လိုဖြစ်နေသလဲ၊ ဘယ်လိုတွေ လှုပ်ရှားရုန်းကန် နေရသလဲဆိုတာကို နကန်းတစ်လုံး မသိဘဲနဲ့ ဘယ်လိုလုပ်လိုက်ကွ၊ ဘယ်လိုဆော်လိုက်ကွလို့ လိုက်ကာနောက်ကနေ ပါးစပ်ဆိုင်းတီးပေးနေတာကတော့ တဆိတ် လွန်လွန်းပြီ ထင်တယ်ဗျ။ လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်မို့ ကိုယ့်အမြင်၊ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောတာ၊ ဖော်ထုတ်တာ၊ ရေးသားတာကို လက်ခံပါတယ်။ ဒါပေမယ့် အဲဒီလို ဖော်ထုတ်တာဟာ အပြစ်ကင်းဖို့တော့ လိုတယ်ဗျ။ ပြောလိုရင်းကို တည့်တည့်ပဲ ပြောမယ်ဗျာ။ အခုပြုလုပ်မယ့် ရွေးကောက်ပွဲကို အကြမ်းဖက်နည်းလမ်းတွေနဲ့ ဆန့်ကျင်ဖို့ အားပေးအားမြှောက်ပြုနေတဲ့၊ သွေးထိုးပေးနေတဲ့ သူတွေကို အင်မတန်မှ ရွံတယ်ဗျ။ သူတို့တွေရဲ့ မိုက်ရိုင်းတဲ့စိတ်ကူးဟာ မြန်မာလူမျိုးမှ ဟုတ်ပါလေစလို့တောင် တွေးရတဲ့အထိပဲ။ ဘာအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် အကြမ်းဖက်မှု၊ ဆူပူမှု တစ်ခုခုဖြစ်လာရင် အရင်ဆုံး အထိနာတာက ပြည်သူတွေဗျ။ နိုင်ငံခြားမှာ ဘီယာလေးသောက်ပြီး နိုင်ငံရေးအကြောင်း ဆွေးနွေးနေတဲ့လူတွေကို ထိမှာမဟုတ်ဘူး။ သူတို့တွေရဲ့ အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ အဆိုအမိန့်တွေ၊ ဓာတ်ပုံတွေက ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဂန္ဒီတို့၊ ဦးသန့်တို့ရဲ့ စာတွေ၊ ဓာတ်ပုံတွေ။ သူတို့လုပ်နေတာတွေက အဲဒီပုဂ္ဂိုလ်ကြီးတွေနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း။ ကိုယ့်ဟာကိုယ်တောင် စဉ်းစားမိကြရဲ့လားလို့ တွေးနေမိတယ်။ သွေးမြေကျမှ၊ မတည်မငြိမ်ဖြစ်မှ၊ လူထုဆူပူမှ နိုင်ငံရေးမဟုတ်ဘူးဗျ၊ ပြုပြင်ပြောင်းလဲရေး မဟုတ်ဘူးဗျ။ အဲဒီခေတ်တွေက ဟိုးလွန်ခဲ့တဲ့ နှစ်တွေဆီမှာ ကျန်ရစ်ခဲ့ပြီဗျ။ ကဲပါဗျာ... ကျွန်တော့်ခေါင်းထဲ ၀င်လာတာလေးနဲ့ပဲ ပြောပါရစေဦး။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘ၀မှာ တံငါသည်ရဲ့ သားတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်တဲ့။ သူ့အဖေနဲ့ အမေက ဖမ်းမိလာတဲ့ ငါးတွေကို ခေါင်းတွေထုရိုက်ပြီး သတ်ဖြတ်တာကို နေ့စဉ်မြင်တွေ့နေကျ ဖြစ်ပါသတဲ့။ အဲဒီလို မြင်ရတဲ့အခါတိုင်းပဲ ဘုရားအလောင်းတော် တံငါသည်ရဲ့သားဟာ ရွှင်မြူးဝမ်းမြောက်သယောင် တဟားဟား အော်ရယ်ပြီး သဘောကျနေလေ့ ရှိပါသတဲ့။ အဲဒီလို ပြုလုပ်ခဲ့တဲ့ ၀ဋ်ကြွေးဟာ ဘုရားရှင်ဖြစ်တဲ့အထိ မကျေပါဘူးတဲ့။ ဦးခေါင်းတော် အလွန်အမင်း ကိုက်ခဲခြင်းဆိုတဲ့ ၀ိပါတ်တော်ကို ပေးဆပ်ခဲ့ရပါသတဲ့။ ကဲ... အဲလောက်ဆို ကျွန်တော် ဘာပြောချင်လဲဆိုတာ သိလောက်ပြီထင်ပါရဲ့ဗျာ။ အချို့တွေကတော့ ငါးတွေတောင် မဟုတ်ဘူးဗျ။ အပြစ်မဲ့ ပြည်သူတွေ သေကြေဒဏ်ရာရအောင် တိုက်ဟ၊ ချဟ၊ ဆော်ဟ၊ နှက်ဟ၊ ဖောက်ခွဲဟလို့ စာနဲ့တစ်မျိုး၊ အသံနဲ့တစ်ဖုံ နှိုးဆော်တိုက်တွန်း နေလိုက်ကြတာတွေကို ကြည့်ပြီးတော့ ကျွန်တော်ကိုဉာဏ်ဖြင့်လေ ပြောကို မပြောချင်တော့ပါဘူးဗျာ....။

တစ်ခါတုန်းက ကျွန်တော့်ဘလော့ဂ်ရဲ့ စီဘောက်တစ်ခုမှာ စာဖတ်သူတစ်ယောက် ရေးသွားတဲ့ ကွန်းမန့်လေးကို သတိရမိလို့ တဆက်တည်း ရေးလိုက်ပါတယ်ဗျာ။ သူရေးထားတာက "I LIKE လူထုစိန်ဝင်း BLOG" တဲ့။ သူဘာပြောချင်မှန်း၊ ဘာကိုဆိုလိုမှန်း အခုစာဖတ်သူတိုင်း သိပါတယ်ဗျာ။ ဟုတ်ပါတယ်... ကျွန်တော့်ဘလော့ဂ်မှာ ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေကို အများအပြားကို တင်ပေးခဲ့ပါတယ်။ အခုလည်း တင်ပေးနေဆဲပါပဲ။ နောက်လည်း ဆရာရေးနေသမျှ ကျွန်တော်ဖတ်မိသမျှ သဘောကျတာတွေရှိရင် တင်ပေးနေဦးမှာပါ။ ဘယ်သူရေးတဲ့စာပဲ ဖြစ်ပါစေ၊ ဖတ်တဲ့လူအတွက် မှတ်စရာ၊ တွေးစရာ၊ ကျေနပ်စရာ၊ ကြည်နူးစရာ၊ ခံစားစရာ တစ်ခုခုပါတယ်ဆိုရင် တန်ဖိုးရှိတာပဲ မဟုတ်ဘူးလားဗျာ။ ကျွန်တော်တို့ နိုင်ငံမှာ ဂျာနယ်မထွက်တဲ့နေ့ မရှိဘူးဗျ။ တစ်ပတ်လုံးမှာ သူ့နေ့နဲ့သူ ဂျာနယ်တွေ ထွက်ကြတယ်ဗျ။ ဆရာလူထုစိန်ဝင်း မရေးတဲ့ ဂျာနယ်ကလည်း မရှိသလောက်ပဲဗျ။ သူရေးတဲ့စာတွေမှာလည်း ပါပါတယ်။ တစ်နေ့ကို စာနှစ်ပုဒ် မဖြစ်မနေ ရေးတယ်ဆိုတာပါ။ ကဲ... အဲဒီလို စာရေးဆရာတစ်ယောက်က ရေးနိုင်တဲ့ဟာတွေကို ကျွန်တော်တို့ စာဖတ်သူတွေက ဘာလို့ မဖတ်နိုင်ရမလဲ။ သူရေးတဲ့စာတွေကလည်း ကျွန်တော့်ခေါင်းကို တစ်ခုမဟုတ်တစ်ခုတော့ လာဆွတတ်တယ်ဗျ။ အဲဒါကြောင့် သူ့စာတွေကို အမြဲလိုလို ပြန်တင်ပေးဖြစ်နေတာပါဗျာ။ သူရေးတဲ့စာတွေရဲ့ ဘာမှမပြောပလောက်တဲ့ ပမာဏကိုပဲ ကျွန်တော်က ပြန်တင်ပေးဖြစ်တာပါ။ ဒီဘလော့ဂ်ကို လာဖတ်တဲ့လူတွေအတွက် တစ်ခါလာလည်း လူထုစိန်ဝင်း၊ နောက်တစ်ခါလာတော့လည်း လူထုစိန်ဝင်း ဖြစ်နေလေတော့ အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင်လည်း ကျော်လွှားဖတ်သွားလိုက်ပါလို့ပဲ ကျွန်တော်ကိုဉာဏ်က တောင်းပန်စကား ဆိုလိုက်ပါတယ်ဗျာ။ အင်း... ကျွန်တော့်မှာလည်း တင်သာတင်ပေးနေရတယ်၊ ပြောကို မပြောချင်တော့ပါဘူးဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ အင်္ဂါနေ့။
နံနက် ၁၀ နာရီ ၄၃ မိနစ်တွင်ပြီး၏။

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


pmoeninquote.png

napoleonquote.png

သမ္ဖပလ္လာပ စာနယ်ဇင်းသမားများ - လူထုစိန်ဝင်း


useinwin.jpg

ဂျာနယ်တစ်ဒါဇင်လောက်မှာ အပတ်စဉ်ပုံမှန် စာတွေရေးဖြစ်နေတာကြောင့် စာဖတ်ပရိသတ် အမျိုးမျိုးဆီက ဖုန်းဆက်တာတွေ စာရေးတာတွေ အမြဲလိုလို လက်ခံရရှိလေ့ရှိတယ်။ တချို့က အားပေးတယ်။ တချို့က ဝေဖန်ထောက်ပြတယ်။ တချို့က တိုင်တမ်းတယ်။ တချို့က တိုင်ပင်တယ်။ တချို့က ရင်ဖွင့်တယ်။ အမျိုးစုံပါပဲ။

အပြုသဘော ဝေဖန်သုံးသပ်
ဒီအထဲမှာ ဂျာနယ်တွေနဲ့ ပတ်သက်ပြီး အားမလို အားမရဖြစ်လို့၊ မကြိုက်လို့၊ စိတ်ပျက်လို့ ပြောပါဦး၊ ရေးပါဦးလို့ တိုက်တွန်းတဲ့ စာမျိုးတွေက အများဆုံးပါပဲ။ အတတ်နိုင်ဆုံး တာဝန်ကျေအောင် ရေးခဲ့ပါတယ်။ စာနယ်ဇင်းသမားဆိုတာ အမြင်မတော်တာ၊ အကြားမတော်တာ မှန်သမျှ၊ တိမ်းစောင်းနေတာ မှန်သမျှ အပြုသဘော ဝေဖန်သုံးသပ် တင်ပြရမြဲ ဖြစ်တဲ့အတိုင်း မော်ဒယ်မိန်းကလေးတွေ ၀တ်စားဆင်ယင်ပုံ လျှပ်ပေါ်လော်လီတာကအစ၊ ၀န်ထမ်းကြီးငယ်တွေ အကျင့်ပျက်တာမျိုးအလယ်၊ လူတိုင်းလိုလို သိက္ခာကို ရိက္ခာနဲ့ လဲပစ်နေကြတာမျိုးအဆုံး ကြိမ်ဖန်များစွာ ရေးခဲ့ပါတယ်။ ဒီအထဲမှာ ကိုယ့်တာကိုယ်လုံအောင် လုပ်ဖို့အတွက် စာနယ်ဇင်းသမားများ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေအကြောင်း ရေးခဲ့တာက အများဆုံးဖြစ်ပါတယ်။

သမ္ဖပလ္လာပ ဂျာနယ်လစ်
ကျင့်ဝတ်အကြောင်း ရေးလွန်းအားကြီးလို့ ပွဲတကာလည်တက်ပြီး လက်ဆောင်ယူသူတွေ၊ ဂျာနယ်တွေကို ခုတုံးလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လူရာဝင်အောင် လုပ်သူတွေနဲ့ ကြော်ငြာဆောင်းပါးရေးပြီး ပိုက်ဆံရှာသူတွေ စတဲ့ စတဲ့ အသိမ်အဖျင်းရေးသူ "သမ္ဖပလ္လာပဂျာနယ်လစ်" များက ကွယ်ရာမှာ အောက်ကလိအာ ပြောကြတာတွေလည်း အများကြီး ပြန်ကြားရပါတယ်။ ဒါပေမယ့်လည်း အရေးလျှော့လို့ မဖြစ်ဘူး။ စာနယ်ဇင်းဆိုတာ စတုတ္ထမဏ္ဍိုင် ဖြစ်တယ်ဆိုတော့ တည့်မတ်ဖို့ အရေးကြီးတယ်။ ခြစား၊ လောက်ကိုက်လို့လည်း မဖြစ်ဘူး။ ခြတွေ၊ လောက်တွေ မကပ်နိုင်အောင် တားဆီးကာကွယ်ရမယ်။ လက်နှီးစုတ်ကို အိမ်ပြင် ထုတ်လှန်းသလိုဖြစ်လည်း မတတ်နိုင်ဘူး။ ရှက်တော့ ရှက်တာပေါ့။

ဖန်တရာတေနေပြီ
စာဖတ်ပရိသတ်တွေကတောင် ပြောလာရတာဆိုတော့ ပိုပြီး ရှက်စရာကောင်းတယ်။ အကြိမ်ကြိမ် ရေးခဲ့တာ "ဖန်တစ်ရာတေ" နေပြီ ဖြစ်ပေမယ့်လည်း စာဖတ်သူများက ရေးစေ၊ ပြောစေချင်တော့ ရေးရပါဦးမယ်။ အခုမှ ဂျာနယ်လောကထဲ လှမ်းဝင်ဖို့ ကြံရွယ်တဲ့ လူငယ်လေးတွေ ဆင်ခြင်နိုင်ကြစေဖို့ ဖြစ်တယ်။ အံတိုနေပြီဖြစ်တဲ့ "သမ္ဖပလ္လာပဂျာနယ်လစ်" များ မဖတ်ဘဲ ကျော်လွှားသွားကြပါလိမ့်မယ်။

အများဆုံးညည်းညူသံ
စာဖတ်သူများရဲ့ အများဆုံး ညည်းညူသံကတော့ သတ်ပုံမှားတာနဲ့ စာအကျအပေါက် မှားတာတွေဖြစ်တယ်။ ၀ါကျတစ်ခု မဆုံးခင် စာကြောင်းက ပြတ်သွား ပျောက်သွားတော့ အဓိပ္ပာယ်ဆက်စပ်မရဘဲ ဖြစ်တာကို သူတို့ တော်တော်စိတ်ပျက်ကြတယ်။ တစ်ခါတလေ စာပိုဒ်တစ်ပိုဒ်လုံး ကျန်ခဲ့လို့ စာရေးသူ ဘာပြောမှန်း မသိလိုက်ရဘူးလို့ ဆိုကြတယ်။ တချို့က ညွှန်းတဲ့စာမျက်နှာမှာ အဆက်ကို ရှာမရတာလည်း စိတ်မရှည်ကြဘူး။ တချို့က စာမျက်နှာနံပါတ်ထိုးတာ မထင်မရှားဖြစ်နေတာကို မကြိုက်ကြဘူး။ ကာတွန်းတွေမှာ ပါတဲ့စာက သတ်ပုံမှားနေတာကိုတော့ အများဆုံး ထောက်ပြကြတယ်။ ကာတွန်းဆိုတော့ ပိုပြီး သိသာထင်ရှားနေတာကိုး။

သတ်ပုံလေးတောင် မယုံရတော့
ဒီအချက်တွေအားလုံး အမှန်တွေချည်းပါပဲ။ ရှေးကဆိုရင် ကလေးတွေ သတ်ပုံမသိလို့ မေးတဲ့အခါ နီးရာသတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတစ်စောင် ဆွဲယူပြီး "အဲဒီထဲမှာရှာကြည့်" လို့ ပြောလိုက်ရုံပဲ။ အဲဒီလောက်အထိကို စာဖတ်ပရိသတ်က ယုံကြည်စိတ်ချထားကြတာ။ ခုခေတ်တော့ သတ်ပုံလေး တစ်ခုတောင်မှ စိတ်ချလက်ချ ယုံကြည်လို့ရတဲ့ စာနယ်ဇင်း တစ်ခုမှကို မရှိတော့ဘူးလို့ပြောရင် လွန်မယ်မထင်ဘူး။ နောက်ပြီး ကလေးတွေကို တောင်းရမ်းစားသောက်ခိုင်းတဲ့ သတင်းဖော်ပြရာမှာ ကလေးငယ်တွေရဲ့ ဓာတ်ပုံကို ထင်ထင်ရှားရှားကြီး ဖော်ပြတာကိုလည်း စာဖတ်သူများက ထောက်ပြ ဝေဖန်ကြတယ်။ ဂျာနယ်လစ်ဆိုပြီးတော့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို မသိရကောင်းလားလို့ အပြစ်တင်ကြတယ်။ ဒါလည်း မှန်တယ်။ မှုခင်းသတင်းတွေ ဖော်ပြရာမှာ ကလေးသူငယ်ဆိုင်ရာ သတင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သရေကို ထိခိုက်နစ်နာသွားစေတဲ့ သတင်းနဲ့ တရားရုံးကို မထေမဲ့မြင် ပြုရာရောက်တဲ့ ရေးသားမှုမျိုးကို သတင်းထောက်နဲ့ အယ်ဒီတာတိုင်း သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီခေတ်မှာ ဒီသုံးချက်နဲ့ လွတ်ကင်းအောင် မရေးတတ်ကြတာ များတယ်။ မှုခင်းဂျာနယ်၊ မဂ္ဂဇင်းတွေက အဆိုးဆုံး ဖြစ်တယ်။ အထူးသဖြင့် ရဲအမှုထမ်းတွေနဲ့ အငြိမ်းစား ရဲအမှုထမ်းတွေရေးတဲ့ သတင်းဆောင်းပါး မှန်သမျှဟာ တစ်ဖက်သတ် ရဲအမြင်နဲ့ ရေးသားလေ့ရှိပြီး ရုံးတော်က စီရင်ချက်မချမီကတည်းက စွပ်စွဲခံရသူများကို ပြစ်မှုကျူးလွန်သူအဖြစ် ကြိုတင်သတ်မှတ်ပြီး ဖြစ်ကြတာကို တွေ့ရတယ်။

ရဲက စွပ်စွဲသူသာဖြစ်တယ်
ရဲအလုပ်က ပြစ်မှုကို ခိုင်လုံအောင် တည်ဆောက်ပြီး ရုံးတင်တရားစွဲဖို့ ဖြစ်တယ်။ တရားစွဲတင် ခံရသူဟာ ရဲက တရားခံအဖြစ် စွဲတင်သူသာ ဖြစ်တယ်။ အမှန်တကယ် ပြစ်မှုကျူးလွန်သူ ဟုတ်၊ မဟုတ် တတ်အပ်သေချာ ဘယ်သူမှ မပြောနိုင်သေးဘူး။ သက်သေအထောက်အထား ခိုင်လုံလို့ ရုံးတော်က အပြစ်ရှိကြောင်း စီရင်ချက်ချပြီးမှသာ အပြစ်ရှိတယ်လို့ ပြောနိုင်တာ ဖြစ်တယ်။ ဒါတောင် အောက်ရုံးအဆင့်ဆင့်က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် အမြင့်ဆုံးရုံးတော်က အယူခံမှာ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တာမျိုးတွေ ရှိတတ်သေးတယ်ဆိုတာ သိထားရမယ်။

ပေါ့ပေါ့သဘောထားတဲ့ ကိစ္စများ
စာဖတ်ပရိသတ်များက မသိကြလို့ ပြောတဲ့ရေးတဲ့အထဲမှာ မပါပေမယ့် ခုခေတ်ဂျာနယ်သမားတွေ ပေါ့ပေါ့သဘောထားပြီး မှားတတ်ကြတာတွေလည်း ထောက်ပြချင်တယ်။ ပထမတစ်ချက်ကတော့ စာရေးသူတစ်ယောက် ရေးတဲ့စာကို ဂျာနယ်အယ်ဒီတာကလွဲပြီး တခြားသူကို ဂျာနယ်ထဲမပါခင်မှာ ပေးဖတ်တဲ့အလေ့ ဖြစ်တယ်။ (စာပေစိစစ်ရေးကို ၀တ္တရားအရ ပေးဖတ်ရတာက သီးခြားကိစ္စပါ)။ ဥပမာ လူထုစိန်ဝင်းနာမည်နဲ့ ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ပါ အယူအဆတစ်ရပ်ကို တခြားစာရေးသူတစ်ဦးက စောဒကတက်တာ၊ ကန့်ကွက်ချေပတာလုပ်ဖို့ ရေးလိုက်တဲ့ ဆောင်းပါးကို လူထုစိန်ဝင်းကို လာပြတာမျိုး ဖြစ်တယ်။ ဒါမျိုးက လုံးဝမလုပ်အပ်တဲ့ ကိစ္စဖြစ်တယ်။ အဲဒီဆောင်းပါးကို ဂျာနယ်ရဲ့ ပေါ်လစီနဲ့ ညီ၊ မညီ သုံးသပ်ပြီး အယ်ဒီတာက ထည့်လိုက ထည့်နိုင်တယ်။ ပယ်လိုက ပယ်နိုင်တယ်။ တခြားသူများကို မပြရပါဘူး။

မဖြစ်မနေ ထည့်ရတဲ့ကိစ္စ
စာတစ်ပုဒ် ဂျာနယ်မှာ ထည့်ခြင်း၊ မထည့်ခြင်းဟာ ဂျာနယ်ရဲ့ ပေါ်လစီနဲ့ ညီ၊ မညီ ဆိုတဲ့အချက်နဲ့ပဲ ဆုံးဖြတ်ရတယ်။ ဗဟုခေတ်မို့ ကိုယ့်ပေါ်လစီနဲ့ ဆန့်ကျင်တဲ့ အယူအဆကို ထည့်ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် မရှိဘူး။ ဂျာနယ်က ၀တ္တရားအရ မထည့်မနေ ထည့်ပေးရမယ့်စာက တစ်မျိုးပဲ ရှိတယ်။ သတင်းဆောင်းပါးပါ အချက်အလက် မှားယွင်းတဲ့အတွက် မှားယွင်းဖော်ပြခံရသူက အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြတာမျိုးဆိုရင် အယ်ဒီတာအဖွဲ့က သီးခြားအတည်ပြုချက် ပြုလုပ်ပြီး မှားယွင်းကြောင်း သေချာပါက ပြင်ဆင်ချက်နဲ့ မှားယွင်းဖော်ပြခံရသူကို တောင်းပန်ချက်ကို သိသာထင်ရှားစွာ ဖော်ပြပေးရခြင်း ဖြစ်တယ်။ အမှားပါတဲ့ သတင်း၊ ဆောင်းပါးကို ပြူးတူးပြဲတဲ ဖော်ပြထားခဲ့ပြီး အမှားပြင်ဆင်ချက်နဲ့ တောင်းပန်ချက်ကျတော့ မသိမသာ၊ မထင်မရှား ဖော်ပြထားတာမျိုး လုံးဝ မလုပ်သင့်ဘူး။

ဗိုက်အငှားနဲ့ ဓားထိုးခံ
နောက် မလုပ်သင့်တဲ့ အချက်တစ်ခုကတော့ ဂျာနယ်မဂ္ဂဇင်း တစ်စောင်ကို နာမည်တပ်ပြီး ဆန့်ကျင်ဝေဖန်တဲ့ (တစ်ခါတရံ ပုတ်ခတ်တိုက်ခိုက်တဲ့) စာမျိုးကို ကိုယ့်ဂျာနယ်မှာ ထည့်ပေးတာမျိုး ဖြစ်တယ်။ ဒါမျိုးက "ဗိုက်အငှားနဲ့ ဓားထိုးခံသလို" ဖြစ်ရုံမက စာနယ်ဇင်းအချင်းချင်း စည်းမစောင့်ရာလည်း ရောက်တယ်။ နောက်တစ်ချက်ကတော့ ရိုက်မစစ်ရဘဲနဲ့ ကလောင်နာမည်ကို အလွယ်တကူ ဖွင့်ဟပြောကြားမှုမျိုး ဖြစ်တယ်။ မြန်မာစာရေးဆရာ အများစုဟာ "ကလောင်အမည်" တစ်ခုခုခံယူပြီး စာရေးလေ့ ရှိကြတယ်။ တချို့က လောင်နာမည်တွေ အများကြီးထားပြီး ရေးကြတယ်။ သူ့အကြောင်းနဲ့သူ အမျိုးမျိုး ရှိကြတယ်။ တချို့က လူမသိစေချင်လို့ ကလောင်နာမည်ခွဲပြီး ရေးတာမျိုးလည်း ရှိတယ်။

အယ်ဒီတာဆိုတာ နှုတ်စောင့်စည်းရတယ်
ဒီလို လူမသိစေချင်လို့ နာမည်ဝှက်နဲ့ ရေးနေတာကို အယ်ဒီတာတွေက ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့နဲ့ လူရှေ့သူရှေ့မှာ ထုတ်ပြောလေ့ ရှိကြတယ်။ ဒါဟာ အယ်ဒီတာတစ်ယောက် စောင့်ထိန်းရမယ့် ကျင့်ဝတ်စည်းကမ်းကို ဂရုမစိုက်၊ အလေးမထားရာ ရောက်ပါတယ်။ အထူးသဖြင့် ဝေဖန်ရေးစာမျိုး ရေးတဲ့အခါ ရေးသူများဟာ သူတို့ရေးမှန်း လူမသိစေချင်ကြပါဘူး။ ဒါကို အယ်ဒီတာက နှုတ်စောင့်စည်းရပါတယ်။ အဲဒီစာရေးတာ ဘယ်သူလဲလို့ မေးသူကလည်း မမေးအပ်ပါဘူး။ စာရေးသူ အချင်းချင်း စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်မျိုးပါ။

မြောင်းထဲရောက်ပြီမှတ်
ဂျာနယ်မဂ္ဂဇင်းသမားတစ်ယောက်ကို သွားပြီး "စောင်ရေဘယ်လောက်ရှိသလဲ" ဆိုတဲ့ မေးခွန်းမျိုးလည်း မမေးအပ်ဘူး။ သူတို့ဟာသူတို့ ပြောချင်ပြောပါစေ။ ကိုယ်ကတော့ မမေးအပ်ပါဘူး။ ဒါမျိုးကို လုပ်ငန်းလျှို့ဝှက်ချက် (Trade Secret) လို့ ခေါ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေက စာနယ်ဇင်းပညာ စာအုပ်ကြီးတွေထဲမှာ ဘယ်ပါမှာလဲ။ လူကြီးသူမတွေက လုပ်ရင်းကိုင်ရင်း လူငယ်တွေကို နှုတ်ကပြောကြ၊ ဆုံးမသွားကြတာပါ။ အခုခေတ်တော့ အဲဒီလို ဆုံးမသွန်သင်မယ့် လူကြီးသူမတွေ ရှိကြတော့တာ မဟုတ်လေတော့ လူငယ်လေးတွေမှာ စမ်းတ၀ါးဝါးနဲ့ မှားပြီးရင်း မှားနေကြတာ တွေ့နေရတယ်။ လွန်ကဲလာတဲ့အခါ စာဖတ်ပရိသတ် မျက်စိဆံပင်မွေး စူးစရာ ဖြစ်လာတယ်။ အဲဒီကတစ်ဆင့်တက်ပြီး မျက်စိနောက်လာပြီ ဆိုရင်တော့ မြောင်းထဲရောက်သွားပြီသာ မှတ်ပေတော့။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


လူကဲ့ရဲ့ နတ်ကဲ့ရဲ့ ခံကြရမယ်
ဒီသာသနာတော်ကြီးကို ကျဆင်းမသွားအောင် ပျောက်ကွယ်မသွားအောင် ၀ိုင်းဝန်းထိန်းနေကြရတာ၊ ဘုန်းကြီး ရဟန်းတွေက အတွင်းဝန်ဆောင်၊ ဒကာ ဒကာမတွေက အပြင်ဝန်ဆောင်တွေအဖြစ်နဲ့ ထိန်းကြရတယ်။ ကိုယ်စွမ်းနိုင်ရာဘက်က တာဝန်ယူကြရတာပေါ့။ ဒီလို တာဝန်ယူ ထိန်းကြရတဲ့နေရာမှာ ကိုယ့်လက်ထက်ရောက်မှ ကျဆင့်နိမ့်လျှောကုန်မယ်ဆိုလျှင် လူကဲ့ရဲ့ နတ်ကဲ့ရဲ့ ခံကြရမယ်။ ဥပမာ ဘာနဲ့တူသလဲဆိုလျှင် မိဘတို့လက်ထက်က ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေ သားသမီးများလက်ထက်မှာ ယိုယွင်းကျဆင်းကုန်လျှင် အကဲ့ရဲ့ ခံကြရသလိုနေမှာပေါ့။

ရိုးရိုးကလေး နေရမယ်
သာသနာပြုတဲ့နေရာမှာ အနုတွေ အလှတွေ အကြွတွေ အရွတွေ ဇိမ်ခံပစ္စည်းတွေ မလိုဘူး။ အများတကာ ဘယ်လိုနေနေ၊ ဒီမှာတော့ ဒါတွေ လက်မခံနိုင်ဘူး။ နေထိုင်ကျင့်သုံးရေးစနစ်ဟာ ရှေးမူကို ပြန်ရမှာပါပဲ။ ရိုးရိုးကလေး နေရမယ်။ ရှေးမူစနစ်က လိုက်လို့မမီအောင် ကောင်းလွန်းလို့ပါ။

ဓမ္မပဒဂါထာ (၇၅)


အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ။
ဧ၀မေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိနန္ဒေယျ၊ ၀ိဝေကမနုဗြူဟယေ။

လာဘ်ကိုမမက် တရားဖက်
လာဘ်ရကြောင်းအကျင့်ဟာ နိဗ္ဗာန်ရောက်ကြောင်းအကျင့်နဲ့ တခြားစီဖြစ်သလို
နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဟာလည်း လာဘ်ရကြောင်းအကျင့်နဲ့ တခြားစီ ဖြစ်ပါတယ်။
ဘုရားစကား နားထောင်သူ ဘုရားတပည့်အစစ် ရဟန်းကောင်းမှန်ရင်
အဲဒီလို အကျင့်နှစ်မျိုးရဲ့
သီးခြားစီ မတူညီကြပုံကို ကွဲကွဲပြားပြား ခွဲခြားသိပြီးတော့
လာဘ်လာဘ, ပူဇော်သက္ကာရတွေကို မနှစ်သက်၊ မတောင့်တသင့်ပါဘူး။
ဆိတ်ငြိမ်ရာမှာနေ စိတ်ငြိမ်အောင်လုပ်ပြီး ရုပ်နာမ်ငြိမ်းရာ ရောက်ဖို့ပဲ ကြိုးစားအားထုတ်သင့်ပါတယ်။

Monday, September 20, 2010

တွေးစရာ၊ ပြုံးစရာ၊ ရယ်စရာ၊ ဟားစရာ


()
အထူးစုံထောက်
လူ (၃)ဦး အထူးစုံထောက်သင်တန်း တက်နေကြသည်။ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သင်တန်းပြီးဆုံးသည့်နေ့တွင် သင်တန်းဆရာက စားပွဲပေါ်တွင် သေနတ်တစ်လက်တင်၍ ပထမအမျိုးသားအား "ရော့၊ ဒီမှာ သေနတ်၊ နောက်ကအခန်းမှာ မင်းမိန်းမရှိတယ်။ သူ့ကို သွားပစ်ချေ" ဟု ပြောလိုက်၏။ ပထမအမျိုးသားမှာ ချုံးပွဲချငိုလေရာ ၎င်းအား အိမ်ပြန်ပို့လိုက်ပါတော့သည်။ နောက်အမျိုးသားအားလည်း ယင်းသို့ပင် စေခိုင်းရာ အမျိုးသားက အခန်းထဲဝင်သွားပြီး "ကျွန်တော် သူ့ကို မပစ်ရက်ဘူးဗျာ" ဟု ပြောပြီး ပြန်ထွက်လာ၍ ၎င်းလည်း အိမ်ပြန်ရပါလေတော့၏။ နောက်ဆုံး အမျိုးသမီးအလှည့် ရောက်လာသောအခါ အမျိုးသမီးက အခန်းထဲ တန်းဝင်သွားသည်။ အခန်းထဲမှ ၀ုန်းဒိုင်းအသံများလည်း ထွက်လာ၏။ ခဏအကြာတွင် အမျိုးသမီး ပြန်ထွက်လာရာ "သေနတ်က ကျည်ဆန်အတုတွေပဲ ပါတာပဲ။ ဒါနဲ့ ကျွန်မလည်း ယောက်ျားကို တွေ့ရာခုံနဲ့ ကောက်ရိုက်ခဲ့တယ်" ဟု ပြောပါလေ၏။

()
deadmousemyanmarthway.jpg

()
ကော်ဖီ
ပင်စင်စား အဘိုးကြီးလေးဦး စကားဝိုင်းဖွဲ့ကြသည်။
ပထမပုဂ္ဂိုလ် - ကျန်းမာရေးက အရင်လို မဟုတ်တော့ဘူးဗျာ။ ကော်ဖီခွက်ကိုတောင် တော်တော်အားစိုက်ပြီး "မ"နေရတယ်။ မသန်တော့ဘူးဗျို့။
ဒုတိယပုဂ္ဂိုလ် - ကျုပ်လောက် မဆိုးပါဘူးဗျာ။ ကျုပ်ဆို ကော်ဖီခွက်ကိုတောင် မမြင်ရတော့ဘူး။ အမြင်အာရုံ ကျသွားပြီဗျ။
တတိယပုဂ္ဂိုလ် - ကျုပ်က ပိုဆိုးတယ်။ သူများတိုက်တဲ့ ကော်ဖီကို အသင့်သောက်နေရပေမယ့် မျိုလို့ မရတော့ဘူး။ မျိုလို့ရခဲ့ရင်လည်း သိပ်မကြာခင် သွေးတိုးတော့တာပဲ။ အတွင်းအင်္ဂါတွေ ပျက်ကုန်ပြီ ထင်ပါရဲ့။
စတုတ္ထပုဂ္ဂိုလ် - ခင်ဗျားတို့တွေ စကားပြောရင် ကျယ်ကျယ်ပြောကြပါဗျာ။ အခု ခင်ဗျားတို့ ပြောနေတဲ့ကိစ္စကို ဗဟိုက သိသွားရင် ဒုက္ခရောက်သွားနိုင်တယ်။ သူတို့က ဝေဖန်မှာ ကြောက်နေတာကို ခင်ဗျားတို့ သိသားပဲဟာ။ ဟုတ်ဖူးလား။ "ဟေ့ ချာတိတ်၊ အန်ကယ့်အတွက် ကော်ဖီတစ်ခွက်"။

()
shadowmyanmarthway.jpg

()
သ၀န်တိုလွန်းသူရယ်
ဂျက်ရဲ့မိန်းမက အရမ်းကို သ၀န်တိုတတ်ပါတယ်။ ဂျက်ကို ဘယ်သွားသွား၊ ဘယ်လာလာ စိတ်မချတတ်သလို အမြဲတမ်းလည်း ကွယ်ရာမှာ တခြားမိန်းကလေးတွေနဲ့ ခြေရှုပ်နေပြီလားလို့လည်း အမြဲသံသယ ဖြစ်တတ်ပါတယ်။
တစ်ရက်တော့ ဂျက်က အိမ်ပြန်နောက်ကျပါတယ်။ ဒါနဲ့ မိန်းမဖြစ်သူက ဂျက်ရဲ့ ကုတ်အင်္ကျီကို အသည်းအသန်တောင်းပြီး မိန်းမဆံပင် တွေ့လိုတွေ့ငြား ရှာပါတော့တယ်။
ဆံပင်ချည်တစ်မျှင်မှ မတွေ့လို့ ဂျက်က စိတ်အေးသက်သာသွားချိန်မှာ သူ့မိန်းမက သ၀န်တိုတတ်သူပီပီ ဒေါသတကြီး ဆိုလိုက်တာက "ရှင် ကျွန်မကွယ်ရာမှာ ကတုံးမတစ်ယောက်နဲ့ ဖောက်ပြန်နေတယ် မဟုတ်လား..." တဲ့။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်တွေကို အမောပြေ၊ အပန်းပြေစေဖို့နဲ့ တစ်ပတ်တာရဲ့ အစဦးဆုံးနေ့မှာ ပြုံးပျော်ရွှင်လန်းစွာနဲ့ လုပ်ငန်းတာဝန်တွေ စတင်နိုင်စေဖို့ ရတတ်သမျှ စုစည်းပြီး ဝေမျှလိုက်တာပါ။ ကျေနပ်ပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၀ ရက်၊ တနင်္လာနေ့။
နံနက် ၁၁ နာရီ ၁၉ မိနစ်။

မြန်မာ့နိုင်ငံရေး ရောမနှင့် တူသလား - မောင်စူးစမ်း


mgsusan.jpg
လွတ်လပ်မှုနှင့် ပျော့ပျောင်းမှု
နိုင်ငံရေးသည် သဘာဝအရပင်လျှင် ပဋိပက္ခတို့နှင့် ပြွမ်းတီးနေသည်။ သို့ရာတွင် တစ်ဖက်၌ ဒီမိုကရေစီသည် ပဋိပက္ခတို့ကို တီထွင်ဖန်တီးသော စွမ်းပကားများအဖြစ်သို့ ပုံလောင်းနိုင်သည်။ ဤအချက်ကို အခြေခံအဖြစ် မှန်းဆကြည့်လျှင် ဒီမိုကရေစီ၏ အခြေခံသဘောသည် အကျိုးစီးပွားတို့ကို ညှိနှိုင်းဖြေရှင်းကြောင်း တွေ့ရမည်။ ထို့ကြောင့် မစေ့စပ်စတမ်း၊ အပေးအယူ မလုပ်စတမ်း၊ မူပိုင်း၌ တစ်ပြားသားမျှ မလျှော့ဟူသော အစွန်းရောက် သဘောထားတို့သည် ဒီမိုကရေစီနှင့် လားလားမျှ မအပ်စပ်သော သဘောထားတို့ ဖြစ်ကြသည်။

ဒီမိုကရေစီ၏ ကိရိယာသည် လွတ်လပ်မှုနှင့် ပျော့ပျောင်းမှုတို့ ဖြစ်ကြသည်။ မိမိခံယူချက်ကို တရားသေ ဆုပ်ကိုင်ထားခြင်း မရှိရ။ အပေးအယူ စေ့စပ်ရန် အဆင်သင့်ဖြစ်ရမည်။ ဤသို့ ပျော့ပျောင်းမှုရှိရန် အတွက်လည်း လွတ်လပ်မှုရှိရမည်။ ဤနေရာ၌ လွတ်လပ်မှုဆိုသည်မှာ စိတ်တံခါး ဖွင့်ထားနိုင်ခြင်းကို လည်းကောင်း၊ ပုံသေမဟုတ်သော အစွဲအလမ်းတို့ဖြင့် လွတ်ကင်းစွာ နေနိုင်ခြင်းကိုလည်းကောင်း ဆိုလိုသည်။ ဦးနှောက်ကို ရှင်းထားနိုင်ရမည်။ ကြိုတင်အစွဲအလမ်းနှင့် ကြိုတင်ကောက်ချက်တို့ ကင်းရှင်းနိုင်ရမည်။ အစွဲအလမ်းတို့သည် ဦးနှောက်ကို ပိတ်ဆို့သည်။

အခင်းအကျင်းအသစ်
ဒီမိုကရေစီ ခေါင်းဆောင်မှုဆိုသည်မှာ လူထု၏ သဘောတူညီချက်နှင့် အလုပ်လုပ်ခြင်းဖြစ်၍ လူထု၏ အကျိုးစီးပွားနှင့် လူထုက မြတ်နိုးသော လူ့တန်ဖိုးတို့ကို မျက်ခြည်မပြတ်ရပေ။ ထို့အပြင် ဆိုခဲ့ပါအတိုင်း စေ့စပ်ညှိနှိုင်းရန်နှင့် အပေးအယူပြုရန်လည်း အဆင်သင့်ရှိရမည်။ လေကြီးမိုးကြီး နိုင်ငံရေး မီးရှူးမီးပန်းများပစ်၍ နိုင်ငံရေးလုပ်သောခေတ် ကုန်ဆုံးနေပြီ။ အရာရာကို အကြောင်းအကျိုး ကောင်းမွန်စွာသုံးသပ်ပြီး အခင်းအကျင်း၌ ချပြရမည့်ခေတ်ထဲ ရောက်နေပြီ။ Sober Analysis ဟု ခေါ်သည်။ ဒီမိုကရေစီမှန်လျှင် အပေးအယူ ညှိနှိုင်းမှုရှိရမည်။

လူပြိန်းကြိုက်ကြွေးကြော်သံ၊ လေကြီးမိုးကြီး ကြွေးကြော်သံခေတ်သည် နောက်ကျကျန်ရစ်ခဲ့ပြီ။ လက်ရှိအခြေအနေကို ပကတိအရှိအတိုင်း သုံးသပ်နိုင်ရမည်။ နိုဝင်ဘာလ ၇ ရက်နေ့၌ ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်လေရာ ဤရွေးကောက်ပွဲကို လက်တွေ့ကျကျ ရှုမြင်ရန်လိုသည်။ စစ်ဘက်မှ ကမကထ ပြုလုပ်ပေးသော ရွေးကောက်ပွဲဖြစ်၍ အခွင့်အလမ်းများရှိသလို အကန့်အသတ်များ ရှိကြောင်းကိုလည်း အလိုအလျောက် သိရှိနိုင်ကြပါသည်။ စစ်ဘက်က အာဏာရပါတီ ထူထောင်လာသဖြင့် အခင်းအကျင်းသည် မကြုံဖူးသော အခင်းအကျင်းဟု ဆိုရမည်။

မျိုးဆက်သစ်မဲ
ဒီမိုကရေစီသီအိုရီအရ ပြည်သူ၏ သဘောထားအမြင်သည် အချုပ်အချယ်မရှိ လွတ်လပ်ရမည်ဟု အဆိုရှိသည်။

တစ်ဖက်မှကြည့်လျှင် ပြည်သူလူထုသည် နိုင်ငံရေးပုံသဏ္ဌာန် အမျိုးမျိုးကို ဖြတ်သန်းခဲ့ရသဖြင့် မအဟု အကဲဖြတ်လို့ရသည်။ ထို့ကြောင့် ကျင်းပမည့် ရွေးကောက်ပွဲသည် လစ်ဘရယ် မဆန်စေကာမူ ရလဒ်ကို ဧကန်ပြောနိုင်ရန် ခက်ခဲနေသေးသည်။ ဤနေရာ၌ အဆုံးအဖြတ်ပေးမည့် မဲသည် ၁၈ နှစ်အထက် မျိုးဆက်သစ်တို့ ဖြစ်လေရာ သူတို့သည် နိုင်ငံရေးဖြစ်ရပ်ကြီးတို့ကို မမီလိုက်ကြပေ။ သဘောမှာ သူတို့၌ သမိုင်းအတွေ့အကြုံကို အခြေခံ၍ ဆုံးဖြတ်နိုင်ရန် အခက်အခဲ ရှိနေခြင်းဖြစ်သည်။ ပစ္စုပ္ပန်၌ တွေ့နေရသော ဘ၀ကိုအခြေခံ၍ ဆုံးဖြတ်ကြမည့်ပုံ ရှိသည်။

တိုက်ခိုက်မှုနှင့် မဲ
နိုင်ငံရေးကို စိတ်ကူးယဉ်စံတို့ဖြင့် အကဲဖြတ်ခြင်းသည် အလွန် အလှမ်းဝေးလွန်းသည်။ နိစ္စဓူဝဘ၀တို့ကို အခြေခံ၍ အကဲဖြတ်ခြင်းသည်သာ လက်တွေ့ကျမည်ဟု ထင်သည်။ မဟာအိုင်ဒီယာတို့ထက် ဒေသပုံပြင်တို့ကို အခြေခံ၍ ဖြစ်ထွန်းမှုအသစ်တို့ ပေါ်ပေါက်ဖွယ်ရှိသည်ဟု မှန်းဆရသည်။ ဤဖြစ်ထွန်းမှု အဆင့်တို့ထဲတွင် ရွေးကောက်ပွဲအပြီး၌ လွတ်တော်နိုင်ငံရေး ပေါ်ပေါက်လာခြင်းသည် အလွန် အခရာကျမည်။ စစ်ဘက်အုပ်ချုပ်ရေးမှ စစ်ဘက်နှင့် အရပ်ဘက် အချိုးနှင့် ဆက်ဆံရေး ဖြစ်ထွန်းလာမှုသည် စမ်းသပ်ကြည့်သည့် စနစ်သစ်တစ်မျိုး ဖြစ်ဖွယ်ရှိသည်။

ဤစနစ်သစ်သည် ဥရောပ ရောမသမိုင်း၌ ပေါ်ပေါက်ခဲ့ဖူးသော စစ်ဘက်ပါဝင်မှုဆိုင်ရာ သဘောထားမှ ပေါ်ပေါက်ခြင်းလား မသိပေ။ ဤသဘောထားမှာ Fit to Fight, Fit to Vote "တိုက်ခိုက်ရန် အရည်အချင်းရှိလျှင် မဲပေးရန် အရည်အချင်းလည်း ရှိရမည်" ဟူသတည်း။ ထိုစဉ်က စစ်သားများမှာ မဲပေးခွင့် မရခဲ့ကြသေးပေ။
အညွှန်း - Democracy by Bern and Criek

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


bernardshawquote.png

ottovonbismarckquote.png

အဓိကနှင့် သာမည


ရွေးကောက်ပွဲများနှင့် နီးကပ်လာသည်နှင့်အမျှ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြမည့် Stakeholder များ အချင်းချင်း၏ ဆက်ဆံရေး၊ Stakeholder အုပ်စုအသီးသီး၏ ဆက်ဆံရေးအသစ်များ ဖြစ်ထွန်းလာနေသည်ကို တွေ့မြင်နေရပါသည်။ အထူးခြားဆုံးမှာ ယခင်က အရေးတကြီး ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတစ်ဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ အခန်းကဏ္ဍ ဖြစ်သည်။

တစ်ဖက်တွင်လည်း Stakeholder အုပ်စုအသီးသီး၏ ဆက်ဆံရေး၊ အင်အားပါဝါ ချိန်ခွင်လျှာ အလေး၊ အပေါ့တို့အပြင် Stakeholder အုပ်စုတွင်း အကျိုးစီးပွားဆိုင်ရာ ကိစ္စများ တဖြည်းဖြည်း ပေါ်ထွန်းလာနေသည်ကို တွေ့ရသည်။ အုပ်စုတွင် ဆက်ဆံရေးများသည် များသောအားဖြင့် ကိုယ်ကျိုးစီးပွားကို အခြေခံသည်ဖြစ်ရာ နိုင်ငံရေးအင်အားစုများသည် အုပ်စုတွင်း ကိုယ်ကျိုးစီးပွားဆိုင်ရာ ဆက်ဆံရေးများထက် နိုင်ငံအကျိုးဖြစ်သည့် အုပ်စုချင်း ဆက်ဆံရေးများဆီသို့ ရှေးရှုရန် လိုအပ်ပါသည်။

ပါတီတွင်း ညီညွတ်ရေးနှင့် ပါတီတွင်း စည်းလုံးညီညွတ်ရေးတို့အတွက် ကိုယ်ကျိုးအတ္တများကို လျှော့ချရန် လိုအပ်ပြီး ပါတီချင်း၊ အုပ်စုချင်း ဆက်ဆံရေးတွင်လည်း နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားကို အလေးပေးရန် လိုအပ်ပါသည်။ ရွေးကောက်ပွဲများနှင့် အလွန်အမင်း နီးကပ်နေချိန်ဖြစ်၍ အလုပ်များလာသည်နှင့်အမျှ ပွတ်တိုက်မှုများလည်း များပြားလာနိုင်ခြေရှိသည့် ယနေ့အချိန်တွင် နိုင်ငံနှင့် လူမျိုးအတွက် အရေးကြီးသည့် အပြန်အလှန် ထိန်းကျောင်းသူ အင်အားစုကြီးတစ်ရပ် ပေါ်ထွန်းရေးအတွက် အဓိကနှင့် သာမည ခွဲခြား၍ အလုပ်လုပ်နိုင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

အယ်ဒီတာ (၁၃-၉-၂၀၁၀)

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


လူတော်
ကိုယ့်သီလကို မစင်ကြယ်မှန်း သိနေလျှင် ဒီသီလကပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စွပ်စွဲတတ်တယ်။ သူများ အထင်ကြီးအောင်ဟန်ဆောင်နေနိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ်ကျတော့ ဟန်ဆောင်လို့ မရပါဘူး။ ဆရာသမားရဲ့ မျက်မှောက်မှာရော မျက်ကွယ်မှာရော ကိုယ့်သီလကို စောင့်ရှောက်တဲ့သူမှ "လူတော်" လို့ ခေါ်နိုင်ပါတယ်။ ကွယ်ရာမှာ လုပ်ချင်ရာတွေ လုပ်ပြီးတော့ လူရှေ့သူရှေ့ကျမှ သူတော်ကောင်း ဟန်ဆောင်တာမျိုးက မကောင်းဘူး။

အသိဆုံး
ပတ်ဝန်းကျင် ကြည်ညိုဖို့၊ အများကြည်ညိုဖို့၊ နတ်တွေ ကြည်ညိုဖို့ထက် ကိုယ့်ဟာကိုယ် ကြည်ညိုဖို့က ပိုအရေးကြီးတယ်။ ကိုယ့်အကြောင်းကိုယ် အသိဆုံး၊ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနိုင်အောင် ကြိုးစားပါ။ ဘာချို့ယွင်းချက်ရှိသလဲ၊ ချို့ယွင်းတာ ပြုပြင်ပေးပါ။
ရဟန်း ရှင် လူ မည်သူမဆို နေ့စဉ်နေ့တိုင်း အောက်မေ့နေရမှာက "ကံသာလျှင် အမိ၊ ကံသာလျှင် အဖ၊ ကံသာလျှင် ကိုယ့်အမွေ၊ ကံသာလျှင် ဆွေမျိုး၊ ကံသာ အားကိုးစရာ၊ ကံသာလျှင် စီမံပိုင်ခွင့်ရှိတယ်" ဆိုတာကိုပါပဲ။

စုံလင်ပါမှ
လူတစ်ယောက် လှတော့လှပါရဲ့၊ ကျန်းမာရေး မကောင်းဘူးဆိုလျှင် အကျိုးပေးဖို့ မလွယ်ဘူး။ အခွင့်ကာလ မပြည့်စုံလို့ပဲ။ လှလည်းလှတယ်၊ ကျန်းမာရေးနဲ့လည်း ပြည်စုံတယ်ဆိုလျှင်တော့ အကျိုးပေးဖို့ အခွင့်သာပြီ။ တစ်ခါ လှပကျန်းမာသော်လည်း ပညာမတတ်၊ အသိဉာဏ် နည်းတယ်ဆိုလျှင် အကျိုးပေးသင့်သလောက် အပြည့်အစုံ မလာတတ်ပြန်ဘူး။ အလိမ္မာ ဉာဏ်ပညာ၊ ကိုယ်မှု နှုတ်မှု ပယောဂ၊ ဇွဲ လုံ့လ စုံလင်ပါမှ အကျိုးပေးစုံနိုင်တာပဲ။ ဆိုလိုတာကတော့ ကာလ၊ ဂတိ၊ ဥပဓိ၊ ပယောဂဆိုတဲ့ အင်္ဂါလေးပါးတွင် တစ်ပါးပါး လျော့နေပါက အကျိုးပေး မစုံနိုင်ဘူးလို့ မှတ်ပါ။

ဓမ္မပဒဂါထာ (၇၃၊ ၇၄)


အသန္တံ ဘာဝနမိစ္ဆေယျ၊ ပုရေက္ခာရဉ္စ ဘိက္ခုသု။
အာဝါသေသု စ ဣဿရိယံ၊ ပူဇံ ပရကုလေသု စ။

မမေ၀ ကတ မညန္တု၊ ဂိဟီ ပဗ္ဗဇိတာ ဥဘော။
မမေ၀ါတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိစိ။
ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာ မာနော စ ၀ဍ္ဎတိ။

ထင်ပေါ်ချင်ရင် ရဟန်းမိုက်
တရားသဘောမသိတဲ့ ရဟန်းမိုက်ပုဂ္ဂိုလ်ဟာ
ကိုယ့်မှာ တကယ်မရှိတဲ့ ဂုဏ်ပုဒ်ဂုဏ်ဒြပ်တွေနဲ့ သူတစ်ပါးချီးမွမ်းတာမျိုး၊
ရဟန်းပရိသတ်က သူ့ကို ခြံရံဝန်းခပြီး ခေါင်းဆောင်တင်တာမျိုးကို လိုလားနှစ်သက်တတ်သလို၊
သံဃာပိုင် ကျောင်းအိပ်ရာနေရာတွေကို အစိုးတရ ချုပ်ကိုင်နိုင်တာမျိုး၊
မိဘဆွေမျိုး မဟုတ်တဲ့ သူစိမ်း ဒကာဒကာမတွေက
သူ့ကို ပစ္စည်းလေးပါး လှူဒါန်းပူဇော်ကြတာမျိုးကိုလည်း မက်မောတောင့်တတတ်ပါတယ်။
ပြီးတော့.... ဒီကျောင်း ဒီတိုက်တာရဲ့ ပြုဖွယ်ကိစ္စအားလုံးဟာ
ငါ့ရဲ့ အစွမ်းအစကြောင့်သာ ပြီးစီးသွားရတာပဲလို့
လူဒကာဒကာမတွေကရော ရဟန်းသာမဏေတွေကရော
နှစ်ဦးနှစ်ဘက်လုံးက မှတ်ထင်ယူဆကြပါစေ....
ကိစ္စကြီးငယ် ပြုဖွယ်တစ်စုံတစ်ရာရှိတိုင်း ငါ့အလိုလိုက် ငါ့အကြိုက်ဆောင်ကြပါစေ....
အဲဒီလိုလည်း ရဟန်းမိုက်ပုဂ္ဂိုလ်က ကြံစည်တွေးတောတတ်ပါတယ်။
တကယ်တော့.... အဲဒီရဟန်းမိုက်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ
အလိုကြီးမှု ရမ္မက်တဏှာတွေ၊ ထောင်လွှားမှု မာန်မာနတွေ တိုးပွားစည်ပင်နေတာပါပဲ။

Saturday, September 18, 2010

ကိုဉာဏ် မှတ်စုများ (၁၈၊ စက်တင်ဘာ၊ ၂၀၁၀)


မှတ်စု (၁)
ဆောင်းပါးအမည် - တောင်ဖြိုတဲ့ အဘိုးအိုများ
ရေးသူ - မောင်ဝံသ
နေရာ - ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၁၊ စာမျက်နှာ-၃။

.............
..............................

တကယ်တော့ နိုင်ငံရေးသမားဆိုတဲ့ အသုံးအနှုန်း အခေါ်အဝေါ်သည်ပင် မကြားရတာ အတော်ကြာခဲ့ပြီး ဒီဘက်ခေတ်ကျမှ ပြန်ကြားလာရတာပါ။ နိုင်ငံရေးသမားဆိုတာကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင် နာမည်ဖျက်သူတွေက ဖျက်ခဲ့ကြလေတော့ အများပြည်သူတွေရဲ့ သာမန်အသိထဲမှာ နိုင်ငံရေးသမားဆိုတာ အခွင့်အရေးသမားတွေ၊ အာဏာရူးသူတွေလို့ အစွဲအလမ်းကြီးနဲ့ မြင်နေကြတာလည်း ကြာပြီ။

.............
.........................

နိုင်ငံရေးသမားအားလုံးဟာ လူချွန်လူမွန်တွေချည်းပဲတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ကျောင်းဆရာတိုင်း အသင်အပြကောင်းရမယ်လို့ မပြောနိုင်သလို၊ ဆရာဝန်တိုင်း အကုအသ ကောင်းရမယ်လို့ မပြောနိုင်သလို၊ နိုင်ငံရေးသမားတိုင်းလည်း အတွေးအခေါ် ကောင်းရမယ်လို့ ဘယ်ပြောနိုင်ပါ့မလဲဗျာ။

................
.............................

မော်စီတုန်းရဲ့ နာမည်ကျော် လက်ရွေးစင် ဆောင်းပါးသုံးပုဒ်ထဲက "တောင်ဖြိုတဲ့ အဘိုးအိုမိုက်" ဆောင်းပါးကို သတိရတယ်။ အဘိုးအို ယွိကုံးကာ သူတို့လယ်မြေကို အနှောင့်အယှက်ဖြစ်နေတဲ့ တောင်ကြီးတစ်တောင်ကို တူရွင်းတစ်လက်နဲ့ နေ့တိုင်းပေါက်ပြီး ဖြိုဖို့ ကြိုးစားနေသတဲ့။ သူ့အကြံကို လူတိုင်းက ဟားတိုက်ကြပေမယ့် အဘိုးအိုက ဇွဲနပဲကြီးစွာဖြင့် ဆက်ဖြိုနေတာပဲတဲ့။ နောက်ဆုံးတော့ နတ်သိကြားတွေက အဘိုးအိုကို ၀ိုင်းကူဖြိုပေးလို့ တောင်ကြီးပြိုသွားရောတဲ့။ မော်စီတုန်းက နိဂုံးချုပ်ပေးရာမှာ နတ်သိကြားတွေဆိုတာ ပြည်သူတွေပဲတဲ့။ ဇွဲကြီးတဲ့ အဘိုးအိုရဲ့ စစ်မှန်တဲ့ လုပ်ရပ်ကို သဘောပေါက်လာတဲ့အခါ ပြည်သူတွေက သူ့ကို အားပေးထောက်ခံခြင်းဖြင့် တောင်ကြီးပြိုသွားတာပါပဲလို့ ဆိုတယ်ဗျ။

မှတ်စု (၂)
ဆောင်းပါးအမည် - ကျောက်စက်ရေ [နန်းတော်ရှေ့ကအသံ (၁၁)]
ရေးသူ - ဆူးငှက်
နေရာ - ENVOY (သတင်းတမန်) ဂျာနယ်၊ အမှတ်-၂၃၊ စာမျက်နှာ-၁၃။

...................
...........................

ကျွန်တော့်စကား မဆုံးခင် လက်ကာပြီး "တော်.... တော်... ကိုယ့်လူ ကျုပ်က စာအကြောင်း၊ ပေအကြောင်း ကြားချင်တာဗျ။ ဘာမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ အချိန်ကုန် မခံနိုင်ဘူး" လို့ ချက်ချင်းတုံ့ပြန်လိုက်တယ်။
ဒီတော့မှ ကျွန်တော်လည်း သတိရသွားပြီး စကားကို ချက်ချင်းရပ်လိုက်တယ်။ မျက်နှာတစ်ပြင်လုံးလည်း ထူပူပြီး ရှက်သွားတယ်။ သြော်... ကျွန်တော်တို့လည်း အဖိုးတန်အချိန်တွေကို ဘာမှမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ ကုန်လွန်ခဲ့ပါလားဆိုပြီး အသိတရား ရသွားတယ်။ ဟုတ်တယ်... စာဖတ်ပရိသတ်က ကျွန်တော်တို့ကို ဝေဖန်လိုက်တာပဲ။ သူ့ဝေဖန်ချက်က မှန်တယ်။ စာဖတ်ပရိသတ်က ဝေဒနာအားလုံးကို ကိုယ်စားပြုထားတာပဲ။ အကျိုးမရှိတဲ့၊ မလိုအပ်တဲ့ အချက်အလက်တွေအတွက် သူတို့ အချိန်ကုန်ခံမှာ မဟုတ်ဘူး။ သူတို့မှာ အားအားယားယား အချိန်မရှိခဲ့ဘူး။ မရှိတာမှ နှစ်ပေါင်း ဆယ်စုနှစ်တွေများစွာ အထပ်ထပ်ရှိခဲ့ပြီ။ သူတို့ မောလှပြီ။ သူတို့ ပင်ပန်းလှပြီ။ သူတို့အတွက် အမောပြေစေမယ့် ပင်ပန်းမှုပြေပျောက်စေမယ့် ကျောက်စက်ရေ တစ်စက်မျှ သောက်သုံးခွင့်ရလျှင်ပင် သူတို့က ကျွန်တော်တို့ရေးသော စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ကို တန်ဖိုးထားပေလိမ့်မယ်။

................
....................

တကယ်တမ်း ကျွန်တော်တို့စာတွေကို ဖတ်ကြမယ့် သန်းပေါင်းများစွာသော စာဖတ်ပရိသတ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ဆယ်ကျော်ကတည်းက အခြေအနေထက် အများကြီး မပြောင်းလဲသေးဘူး။ မောကြတုန်း၊ ပန်းကြတုန်း၊ မျှော်လင့်ကြတုန်းပါ။ သူတို့ လိုချင်တဲ့ အမောပြေ ကျောက်စက်ရေ တစ်ခွက်တလေ တိုက်နိုင်ပါပြီလား။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ စာမျက်နှာတွေ အားလုံးရဲ့ ရာခိုင်နှုန်း တော်တော်များများမှာ သူတို့အတွက် အကျိုးမရှိတဲ့၊ သူတို့ မလိုလားတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ၊ မျက်နှာဖုံးတွေ၊ သင်္ကြန်အမြောက်တွေ၊ ဇာတ်ဝင်ခန်း ကန့်လန့်ကာတွေ၊ လျှောက်လွှာတွေ၊ ပါမစ်တွေ၊ ဂုဏ်ထူးဆောင် လက်မှတ်တွေ၊ ထောက်ခံစာတွေ၊ ရွှေနားတော်သွင်း ဧချင်းတွေ၊ အမျက်ဖြေလင်္ကာတွေ၊ ဘောလယ်တွေ၊ ကိုယ်ရည်သွေး တီးလုံးတွေ၊..........။

မှတ်စု (၃)
ဆောင်းပါးအမည် - စီကြူ (CQ)
ရေးသူ - ပါမောက္ခဒေါက်တာအောင်ထွန်းသက်
နေရာ - မြန်မာပို့စ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၃၅၊ စာမျက်နှာ-၁၇။

.............
...................

လူတိုင်းမှာ ပြုစုပျိုးထောင်ရမယ့် ဉာဏ်ရည်ထက်မြက်မှု (Intelligence) လေးမျိုး
(၁) Physical Intelligence (PQ)
လူတိုင်း ကျန်းမာရေးကို ဂရုစိုက်ရမယ်၊ သတိထားရမယ်။ မကျန်းမာရင် ဘာမှလုပ်လို့မရဘူး။ ကျန်းမာရေးလိုက်စားမှုလို့ ပြောတဲ့နေရာမှာ ကျန်းမာရေးကို ထိခိုက်နိုင်မယ့် အပြုအမူတွေကို ရှောင်ကြဉ်ဖို့လည်း အရေးကြီးပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ဒါတွေဟာ မိမိရဲ့ ကျန်းမာရေးကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အပျော်အပါး ကြူးတာလည်း အလွန်ထိခိုက်နိုင်တဲ့ အပြုအမူ ဖြစ်ပါတယ်။

(၂) Intelligence Quotient (IQ)
လူတွေကတော့ IQ ဉာဏ်ရည်ထက်မြက်မှုကို ပညာရေးနဲ့ ကူညီတယ်လို့ ယူဆကြပါတယ်။ အမှန်တော့ IQ ဆိုတာဟာ မွေးရာပါ ဉာဏ်ရည်ထက်မြက်မှု ဖြစ်ပါတယ်။ ပျမ်းမျှခြင်းအားဖြင့် လူတိုင်းဟာ IQ တန်ဖိုး ၈၀ ကနေ ၁၂၀ အတွင်း ရှိတယ်လို့ ပြောကြပါတယ်။ ၈၀ ထက် နိမ့်နေရင်တော့ ဉာဏ်ရည်မမီဘူးလို့ သုံးသပ်ကြတယ်။ ၁၂၀ ကျော်ရင်တော့ ဉာဏ်ရည်သိပ်ထက်တဲ့၊ တော်တဲ့သူတွေပေါ့။ IQ ဟာ မွေးကင်းစကစပြီး အသက် ၁၂ နှစ်လောက်အထိ တိုးလာတာ တွေ့ရတယ်။ နောက်ပိုင်းမှာတော့ ဉာဏ်ကြီးလာပေမယ့် IQ ကတော့ မတိုးတက်နိုင်တော့ဘူး။ IQ ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရင် Mental intelligence အဖြစ် သတ်မှတ်တာ တွေ့ရပါတယ်။ Mental intelligence ကို ပြုစုနိုင်တာကတော့ စာဖတ်ခြင်း၊ စာကိုလေ့လာခြင်း၊ တွေးခေါ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

(၃) Emotional Intelligence (EQ)
EQ ရဲ့ ထူးခြားချက်ကတော့ လူမျိုး၊ ဘာသာ၊ အသက်၊ ကျား-မ မရွေး တိုးအောင်လုပ်လို့ ဖြစ်တယ်။ EQ မှာ အပိုင်းလေးပိုင်းရှိတယ်။

  1. Self Awareness မိမိကိုယ်မိမိ သိရှိခြင်း
  2. Self Management မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်ခြင်း
  3. Social Awareness အများနဲ့ပတ်သက်ပြီး သိနားလည်မှုရှိခြင်း
  4. Relationship Management အများနဲ့ ဆက်ဆံမှုကို စီမံထိန်းသိမ်းနိုင်ခြင်း

(၄) Spiritual Intelligence (SQ)
မိမိယုံကြညိကိုးကွယ်မှု၊ ယုံကြည်မှုအပေါ် အခြေခံပြီး မိမိဘ၀ကို စီမံနိုင်စွမ်းပဲဖြစ်ပါတယ်။ လူတွေဟာ ဘာသာရေးနဲ့ ပတ်သက်လာရင် ယုံကြည်မှုအမျိုးမျိုး ရှိနေကြတာပေါ့။ ဘယ်သာသာရေး အယူအဆကို လက်ခံသည်ဖြစ်စေ၊ မိမိရဲ့ တန်ဖိုးထားမှု၊ ယုံကြည်မှုတွေကို ဆုပ်ကိုင်ထားပြီး မွန်မြတ်တဲ့ အတွေးအခေါ်၊ အယူအဆ၊ အပြုအမူတွေကို ရင်ဝယ်ပိုက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

............
..............

Globalization ကြောင့် လိုအပ်လာတဲ့ intelligence ဉာဏ်ရည်ထက်မြက်မှု တစ်မျိုးဖြစ်တဲ့ Cultural Intelligence (CQ) အကြောင်း။
တလောက ဟောလိဝုဒ်အော်စကာဆုပေးပွဲမှာ ယှဉ်ပြိုင်ဖို့ အရွေးခံရတဲ့ ရုပ်ရှင်တစ်ခုမှာ မျက်မှောက်ခေတ်ကာလ စီးပွားရေးလုပ်ငန်းတွေကို သရော်ထားတာ တွေ့ရတယ်။ ဒီရုပ်ရှင်ထဲမှာ ၀န်ထမ်းတစ်ဦးက Glocal ဆိုတဲ့ စကားလုံးကို သုံးစွဲသွားခဲ့ပါတယ်။ Global နဲ့ Local ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာ ဒီအယူအဆကို အသုံးပြုပြီး ၀န်ထမ်းတစ်ဦး အလုပ်ဖြုတ်ချင်ရင် ကိုယ်တိုင်ရာရောက် ခရီးဝေးကြီးသွားပြီး မျက်နှာချင်းဆိုင် လုပ်စရာမလိုတော့ဘဲ အင်တာနက်ကတစ်ဆင့် လုပ်ဆောင်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။
...............
......................
အခုဆိုရင် ယဉ်ကျေးမှု မတူညီတဲ့ နိုင်ငံတွေမှာ အရေးအကြီးဆုံး စီမံခန့်ခွဲမှု စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ သုတေသန တွေ့ရှိချက်တစ်ခုအရ နိုင်ငံခြားတိုင်းပြည်တွေမှာ တာဝန်ပေးခြင်း ခံရတဲ့ မန်နေဂျာများအနက် ရာခိုင်နှုန်း ၄၀ ဟာ တာဝန်မပြီးဆုံးမီ အငြိမ်းစားယူခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ အခုလို အငြိမ်းစားယူရတဲ့အကြောင်းကို စုံစမ်းရာမှာ လုပ်ငန်းကျွမ်းကျင်မှု အားနည်းခြင်းကြောင့် မဟုတ်ဘဲ ယဉ်ကျေးမှု ပြဿနာများကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဒါတွေ အားလုံးကို ခြုံငုံပြီး စီမံခန့်ခွဲသူများအနေနဲ့ CQ ရှိသင့်ေဲကာင်း သုံးသပ်ခဲ့ပါတယ်။ CQ လို့ ဆိုရာမှာ မိမိဝတ်ထားတဲ့ ဖိနပ်ကို ဘယ်ဘက်ဦးလှည့်ရမလဲ၊ Business card တွေ လဲလှယ်တဲ့အခါ ဘယ်လောက်ကြာကြာ ကြည့်သင့်သလဲ စတဲ့အကြောင်းတွေ ပါဝင်ပါတယ်။

ပါမောက္ခ Livermon က CQ သည် ယဉ်ကျေးမှု မတူညီတဲ့ အဖွဲ့အစည်းများ၊ လူမျိုးခြားများနဲ့ နိုင်ငံခြားတွင် ထိရောက်စွာ ဆောင်ရွက်နိုင်မှုဟု အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါသည်။

မှတ်စု (၄)
ဆောင်းပါးအမည် - အဓိပ္ပါယ်ရှိတဲ့ဘဝ
ရေးသူ - မောင်ဝံသ
နေရာ - ပေါ်ပြူလာနယူးစ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၃၆၊ စာမျက်နှာ-၁၂။
...........
....................
"လူတွေဟာ အလုပ်များလေ၊ အလုပ်ပိုလုပ်လေ၊ အလုပ် ပိုလုပ်တတ်လေပဲ" ဆိုတဲ့ သူဌေးကြီး Aviator ဟောင်းဝပ်ဟျူးစ်ရဲ့စကားကို သတိရတယ်။ အလုပ်ကြီး အကိုင်ကြီး လုပ်နေတဲ့သူတွေဟာ သာမန်လူတွေ အံ့သြလောက်အောင် အလုပ်တွေ လုပ်တတ်ကြစမြဲပဲ။
...........
.....................
ဒေါက်တာခင်မောင်ဝင်း (အသည်း) ရဲ့ "နိုင်ငံခြားသွားမယ်ဆိုရင်" စာအုပ်ထဲမှာ ပထမဆုံး လူငယ်တွေကို နိုင်ငံခြားသွားချင်ကြတာ၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြတာကို မလိုတမာ ပြောသူတွေ စဉ်းစားစရာဖြစ်အောင် ရေးထားတဲ့ စာပိုဒ်တစ်ခုကို သတိထားမိပြီး အထူးသဘောကျမိတယ်။

"လူငယ်တွေဟာ တက်ကြွတယ်။ လူငယ်တွေမှာ အားမာန်ရှိတယ်။ လူငယ်တွေမှာ စွန့်စားစိတ်ရှိတယ်။ အဲဒီတော့ မရောက်ဖူး၊ မတွေ့ဖူး၊ မမြင်ဖူးတဲ့ နိုင်ငံခြားဆိုတဲ့ အရပ်ကို သိပ်သွားချင်တာပေါ့။ ပြီးတော့ ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရေးလမ်း အသွယ်သွယ်ကိုလည်း ပွင့်မယ်လေ။ အဲဒီတော့ လူငယ်တွေ နိုင်ငံခြားသွားချင်တာကို ကျွန်တော်တို့တစ်တွေ နားလည်ပေးရမယ်၊ လက်ခံပေးရမယ်" လို့ ရေးထားတယ်။
.............
.................
နိုင်ငံခြားကို သွားအလုပ်လုပ်ရတာ ဘယ်လောက် အောက်ကျ၊ ဘယ်လောက် မျက်နှာငယ်ရတယ်ဆိုတာ သွားဖူးမှသိမယ်။ ဒါပေမယ့် အဲဒါတွေကို သည်းခံပြီး သွားနေကြတာ ကြီးပွားချင်လွန်းလို့ဆိုတာ စာနာစိတ်ထားကြဖို့ ကောင်းတယ်။

........
..............

ဒေါက်တာခင်မောင်ဝင်းက မြန်မာလူငယ်တွေ မျိုးချစ်စိတ် ပြင်းပြပုံကိုလည်း အသိအမှတ်ပြုတယ်။ "ကျွန်တော့်အထင် မြန်မာတွေဟာ ဘယ်လူမျိုးနဲ့မှမတူအောင်ကို ကိုယ့်တိုင်းပြည် ကိုယ်ချစ်တယ်လို့ ထင်ပါတယ်။ နိုင်ငံခြားသွားမယ့် လူငယ်တွေ ကြိုတင်စဉ်းစားနိုင်အောင် လို့ပါ။ နိုင်ငံခြားမသွားခင် မြန်မာနိုင်ငံမှာတုန်းတော့ ငါဟာ တော်တော်စိတ်ခိုင်တဲ့လူပါ။ ဟိုရောက်လည်း ဘာမှဖြစ်မှာ မဟုတ်ဘူး၊ နေတတ်မှာပါလို့ တွေးကြတယ်။ တကယ်လည်း တိုင်းတစ်ပါးရောက်သွားရော မြန်မာတွေ ဆွေ့ဆွေ့ခုန်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အကုန်လုံးကို သတိရကြတာ၊ လွမ်းကြတာပါပဲ" (စာ-၁၄) လို့ ရေးထားတယ်။

..................
......................

"လူ့ဘ၀မှာ လူရယ်လို့ ဖြစ်လာရင် ကိုယ့်ရဲ့ ရပ်တည်မှု၊ ပတ်ဝန်းကျင်က အသိအမှတ်ပြုတဲ့ ရည်တည်ချက်တစ်ခုတော့ လိုတာပေါ့။ အင်္ဂလိပ်လိုတော့ identity လို့ ခေါ်ရပါလိမ့်မယ်။ အလုပ်အကိုင် ကြုံရာ ၀ါသနာမပါတာတွေ လုပ်၊ အသက်ရှင်ရုံ ရှင်နေတယ်ဆိုရင်တော့လည်း မဟုတ်သေးဘူးလေ။ ငါဟာ ဂီတပညာရှင် အဆိုတော်တစ်ယောက်ဆိုပြီး အဓိပ္ပါယ်ရှိတဲ့ ဘ၀တစ်ခုနဲ့ ရပ်တည်ရတာဟာ ပိုပြီး မက်မောဖို့ ကောင်းပါတယ်။ အမေရိကန်မှာတော့ ရောက်နေတယ်။ ဒါပေမယ့် တင်းနစ်ကွင်းမှာ ကွင်းစောင့်လုပ်နေရတယ်။ ကျွန်တော် စဉ်းစားလို့ မရဘူး...။ ကျွန်တော့်အတွေး၊ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ အဓိပ္ပါယ်ရှိတဲ့ ဘ၀ဟာ တန်ဖိုးရှိတဲ့ ဘ၀ပဲ..." လို့ ရေးထားတယ်။

မှတ်စု (၅)
ဆောင်းပါးအမည် - စင်ကာပူမှာ ကိုယ်ပိုင်ကားဒုက္ခ [ခြင်္သေ့မြို့မှ ဒိုင်ယာရီ-၁၀]
ရေးသူ - ထိုက်
နေရာ - ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၁၊ စာမျက်နှာ-၈။

...........
....................

စင်ကာပူမှာ ကားဝယ်စီးတယ်ဆိုတာ လွယ်တာမှ မဟုတ်ပဲ။ ကားဝယ်ဖို့ ငွေတတ်နိုင်ဦးတော့ (certificate of entitlement - COE) လို့ ခေါ်တဲ့ ကားဝယ်ခွင့် လက်မှတ်ကို ကားဖိုးလောက်နီးနီး ပေးပြီး အရင်ဝယ်ရသေးတာ။ အဲဒီ စီအိုအီး အရေအတွက်ကလည်း ကန့်သတ်ထားတော့ တစ်လစာ အစိုးရက ခွင့်ပြုတဲ့အရေးအတွက်ကို ကားဝယ်ချင်တဲ့လူက လေလံသဘောမျိုး ဈေးပြိုင်စနစ်နဲ့ တင်သွင်းရတယ်။ ပြီးတော့မှ ၂ ပတ် တစ်ခါ တင်ဒါဖွင့်ပြီး ဈေးအများဆုံး ပေးတဲ့သူတွေထဲက သတ်မှတ်ထားတဲ့ အရေအတွက်ကို ခွင့်ပြုပေးတယ်။ ၀ယ်ချင်တဲ့သူများရင် စီအိုအီး ဈေးကြီးမယ်၊ နည်းရင် ဈေးသက်သာမယ်ပေါ့။

..............
......................

တစ်နေရာလည်းရောက်ရော အရှိန်လေး လျှော့ချလိုက်ပြီး ရှေ့ကုန်းကျော် တံတားပေါ်မှာ အမြန်နှုန်းစောင့်ကြည့်နေတဲ့ လမ်းပြပုလိပ်ကား ရှိနေတယ်တဲ့။ ခုပဲ ရေဒီယိုက ပြောသွားတာ ကြားလိုက်ရလို့တဲ့။

ငါလည်း ကြောင်သွားပြီး၊ ဟင်.. ဖမ်းဖို့ စောင့်ကြည့်နေတာကို အဲလို တစ်တိုင်းပြည်လုံးကို ကြေညာပေးနေရင် အဲဒီပုလိပ်တွေက တစ်နေကုန် ဘယ်လိုလုပ် ဖမ်းမိတော့မှာလဲလို့ မေးလိုက်တော့ သူက ငါ့ကို အထူးအဆန်း သတ္တ၀ါတစ်ကောင်လို ပြန်ကြည့်ပြီး၊ အဲလို ကြေညာပေးနေတာက ကားတွေကို ဖမ်းချင်လို့မှ မဟုတ်တာ၊ ဖြည်းဖြည်း မောင်းစေချင်လို့ ယာဉ်အန္တရာယ် ကင်းအောင်လို့တဲ့လေ။ အဲ... ငါ ဘယ်သိမလဲ ၀လုံးရယ်.... နော်။

* - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - *
ဖတ်မိသမျှ ဂျာနယ်တွေထဲက အမှတ်ထင်ထင် ဖြစ်နေတာလေးတွေကို ပြန်လည်ရွေးထုတ် တင်ပြပေးလိုက်တာပါ။ တစ်ပုဒ်လုံးကို ပြန်တင်ပေးနိုင်ဖို့ အခွင့်မသာတဲ့အတွက် ဟိုတိုတိုထွာထွာ၊ ဒီတိုတိုထွာထွာ ထုတ်နုတ်ပေးရတာဆိုတော့ တကယ်လို့များ မူလဆောင်းပါးတွေရဲ့ အရသာတွေ ပျက်သွားခဲ့ရင် နားလည်ပေးကြဖို့ တစ်ဖက်တည်း ပြောလိုပါတယ်ဗျာ။ ကျွန်တော်ဖတ်ရသလို ဖတ်စေချင်တဲ့ စိတ်သက်သက်ကြောင့်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ စနေနေ့။
နေ့လည် ၃ နာရီ ၂၉ မိနစ်။

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


thomasjeffersonquote.png

marktwainquote.png

abigialadamsquote.png

ကောင်းတာကိုယူပြီး ကလေးတွေကို လက်ဆင့်ကမ်း - လူထုစိန်ဝင်း


useinwin.jpg

ဒီခေတ်မှာ လူငယ်တွေ နိုင်ငံရပ်ခြားကို အရောက်အပေါက် များတယ်။ မျက်စိပွင့်၊ နားပွင့် ဖြစ်စေနိုင်လို့ ကောင်းတယ်။ အားပေးရမယ်။ ဒီ အခွင့်အရေးမျိုးရတဲ့ လူငယ်များ အင်မတန် ကုသိုလ်ကောင်းကြတယ်ဆိုတာကို မမေ့သင့်ကြဘူး။

အသက်ကို ဖက်နဲ့ထုပ်သွားရ
ဒိလို သွားလာနိုင်တဲ့လူဟာ တကယ်တော့ လက်တစ်ဆုပ်စာလေးလောက်ပဲ ရှိတယ်။ လူဦးရေ အများစုကြီးဟာ ဒီလို အခွင့်အရေးမျိုး မရကြဘူး။ တချို့ဆို အခြေအနေအရ ပတ်စ်ပို့လေးကိုင်ပြီး ကြော့ကြော့ကလေး မသွားနိုင်ရှာကြဘူး။ အသက်ကို ဖက်နဲ့ထုပ်ပြီး တောင်တွေကျော်၊ တောတွေဖြတ် သွားကြရတယ်။ နယ်စပ်ကို နောက်ဖေးပေါက်က ခိုးဝင်ဖြတ်ကျော်ပြီး အထဲရောက်သွားပေမယ့်လည်း စိတ်ချလက်ချ မနေနိုင်ဘူး။ အလုပ်ရှင်မျက်နှာ ကြည့်ရ၊ ပုလိပ်ကြောက်ရနဲ့ အမြဲတမ်း ရင်တမမ နေကြရတာ။ အချုပ်ခန်းထဲရောက်ပြီး ဒုက္ခခံရတာတွေလည်း အကြိမ်ကြိမ်။ တချို့ဆို ညစ်ပတ်တဲ့ အလုပ်ရှင်က လုပ်ခမပေးချင်လို့ လူမိုက်ငှားပြီး အသတ်ခိုင်းတာတောင် ခံကြရရှာတယ်။ မြန်မာနိုင်ငံမှာ ကျန်ရစ်တဲ့ မိသားစုများကတော့ စာမလာ၊ သတင်းမကြားနဲ့ တစ်မျှော်တည်း မျှော်နေကြရတယ်။ လုံးဝ အဆက်အသွယ်ပြတ်ပြီး ဘာဖြစ်လို့ဖြစ်မှန်း မသိတဲ့သူတွေ ဘယ်လောက်များ ရှိနေသလဲဆိုတာ မခန့်မှန်းနိုင်ဘူး။

ပတ်ပုန်းပဲ သွားမနေနဲ့
အင်မတန့် အင်မတန်ကို ဘ၀ပေးကုသိုလ် ကောင်းကြသူများသာ ဈေးဝယ်ထွက်ကြ၊ အလည်ထွက်ကြ လုပ်နိုင်ကြတာ။ ဒီလို အခွင့်ထူး ခံစားရရှိကြတာကို ကိုယ့်အတွက် အကျိုးရှိအောင် အသုံးချတတ်ကြစေချင်တယ်။ ပတ်ပုန်းနဲ့ အခြောက်ကပွဲတွေသွား၊ နိုက်ကလပ်တွေသွားချည်း လုပ်မနေဘဲ နာမည်ကြီး ချူလာလွန်ကွန်၊ တပ္မာဆတ်၊ မဟီဒေါ၊ အေအိုင်တီ၊ အေဘက် စတဲ့ တက္ကသိုလ်ကြီးတွေ သွားရောက်လေ့လာ သင့်ကြတယ်။ မော်ဒယ်တို့၊ ဘာတို့ဆိုတာက ငယ်တုန်းရွယ်တုန်းသာ ရုပ်ကလေး ပြစားလို့ရတာ။ ကိုယ့်ဘ၀တစ်သက်တာအတွက် ပညာပြည့်စုံနေမှ စိတ်ချရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှာလို့ရတဲ့ပိုက်ဆံတွေကို ပညာရှာတဲ့နေရာမှာ သုံးကြစေချင်တယ်။

အိမ်ဦးနဲ့ ကြမ်းပြင်
မြန်မာနိုင်ငံ ဖျော်ဖြေရေးနယ်ပယ်က ယောက်ျားလေး၊ မိန်းကလေး အတော်များများဟာ တက္ကသိုလ်က ပထမဘွဲ့တစ်ခုခုတော့ ရထားကြတယ်။ ဘန်ကောက်တို့၊ စင်ကာပူတို့ကို အိမ်ဦးနဲ့ကြမ်းပြင် ကူးလူးသွားလာနေကြတာတွေလည်း တွေ့မြင်ကြားသိနေရတယ်။ ဒါပေမယ့် ဘယ်မင်းသားလေးက NTU မှာ မဟာဘွဲ့တက်နေတယ်၊ ဘယ်မင်းသမီးလေးက NUS မှာ ဘွဲ့လွန်တက်နေတယ်။ ဘယ်အဆိုတော်မလေးက ချူလာမှာ၊ ဘယ်အဆိုတော် ကောင်းလေးက တပ္မာဆတ်မှာ တက်နေကြတယ်ဆိုတာမျိုးတော့ တစ်ခါမှ မကြားမိဘူး။

အကျိုးရှိအောင် မလုပ်တတ်
ကြားမိ၊ ဖတ်မိတာတွေကတော့ ဖူးခက်သွားလည်ကြတာ၊ စင်ကာပူသွား အိတ်ဝယ်တာ၊ ဘန်ကောက်သွား ဖိနပ်ဝယ်တာ စတဲ့ သတင်းမျိုးတွေချည်းပဲ။ တိုင်းပြည်အတွက်တို့၊ ဘာတို့ဆိုတာထား၊ သူတို့အတွက်တောင် အကျိုးရှိအောင် အသုံးမချတတ်ဘူးဆိုတာ တွေ့ရတယ်။ အခုဆို မျက်စိပွင့် နားပွင့်ကြအောင်ဆိုပြီး တရုတ်၊ ကိုရီးယား၊ အိန္ဒိယနဲ့ အနောက်တိုင်းက ရုပ်ရှင်ဇာတ်ကားတွေ၊ တီဗီဇာတ်လမ်းတွဲတွေ နေ့စဉ်နေ့တိုင်း ပြသပေးနေတယ်။ ဒါတွေကြည့်ပြီး အတုယူကြမယ်ဆိုရင် မြန်မာဖျော်ဖြေရေးလောကလည်း အများကြီး တိုးတက်လာနိုင်တယ်။ ဒါပေမယ့် ကောင်းတာတွေတော့ အတုမယူကြဘဲ မကောင်းတာတွေပဲ အတုယူနေကြတာပဲ မြင်တွေ့နေရတယ်။

အတုယူစရာတွေ
ကိုရီးယားကားတွေထဲမှာ အတုယူစရာကောင်းတဲ့အချက်တွေ အများကြီးတွေ့နိုင်တယ်။ ရုပ်ရှင်သရုပ်ဆောင်ပညာဆိုတာ ဇာတ်သဘင်တို့၊ ပြဇာတ်တို့မှာ သရုပ်ဆောင်တဲ့ပညာနဲ့ မတူတာကို ကိုရီးယားမင်းသား မင်းသမီးငယ်လေးတွေတောင် ကောင်းကောင်းနားလည်ပြီး ရုပ်ရှင်ပီသအောင် သရုပ်ဆောင်နိုင်ကြတယ်။ ရုပ်ရှင်ဓာတ်ပုံပညာကို အနောက်တိုင်းကားတွေလို စက်မှုအတတ်ပညာ သက်သက်မဖြစ်စေဘဲ အနုပညာဖြစ်အောင် ဖန်တီးတတ်တယ်။ ကိုရီးယားကားတွေရဲ့ ရိုက်ချက်တွေဟာ ဓာတ်ပုံကြည့်ရတာနဲ့ မတူဘဲ ပန်းချီးကားတစ်ချပ် ကြည့်ရသလို ရင်ထဲမှာ ခံစားရစေတယ်။ နောက်ခံဂီတကလည်း ဇာတ်ဆိုင်းဝိုင်းနဲ့ မတူဘဲ ရုပ်ရှင်နောက်ခံဂီတ ပီသအောင် ဖန်တီးထည့်သွင်းတတ်တယ်။

အတုမယူသင့်တာတွေ
ကိုရီးယားကားတွေထဲမှာ သိပ်သဘောကျတဲ့ အကွက်ကတော့ လမ်းမှာ ရဲက မော်တော်ကားတွေကို ရပ်ပြီး ရှောင်တခင်စစ်ဆေးတဲ့ အခါမှာ ကားရပ်လိုက်တာနဲ့ ရဲက အလေးပြုပြီး စစ်ဆေးမေးမြန်းစရာရှိတာကို မေးမြန်းတဲ့အကွက်ပဲ။ စစ်ဆေးပြီးတော့လည်း ထွက်သွားတဲ့ကားကို သတိဆွဲ အလေးပြုပြီး ကျန်ရစ်တယ်။ ၀ါဒဖြန့်စကားလုံး တစ်လုံးမှမပါဘဲနဲ့ ၀ါဒဖြန့်သွားပုံလေးက လှလိုက်တာလို့ တွေးလိုက်မိတယ်။ ဒါမျိုးတွေ အတုယူမယ့်အစား ဖင်ပေါ်ရင်ပေါ် အ၀တ်ဝတ်တာ၊ မိန်းကလေးက အရက်မူးလို့ ယောက်ျားလေးက ထမ်းပြန်ပို့ရတာ၊ မိန်းမနောက်ပိုးလုပ်တာ၊ အထူးကုဆေးရုံကြီးတွေမှာ အထူးကုဆရာဝန်ကြီးတွေ အချင်းချင်း လူနာကို ဂရုမစိုက်ဘဲ ကိုယ့်သိက္ခာအတွက် သူတစ်ပါးကို ချောက်ချတာ၊ နောက်ကျော ဓားနဲ့ထိုးတာ၊ ဘယ်သူသေသေ ငတေမာပြီးရော လုပ်တာမျိုးတွေကိုပဲ အတုယူနေကြမှာကို စိုးရိမ်မိတယ်။

သားသမီး စွန့်ပစ်တဲ့စရိုက်
နောက်ထပ် အတုမယူသင့်တာတွေလည်း အများကြီးရှိသေးတယ်။

ကိုယ့်ရင်သွေးကို စွန့်ပစ်ပြီး ကိုယ်လွတ်ရုန်းတာမျိုးတွေလည်း ကိုရီးယားတွေ သိပ်ရိုက်လေ့ရှိတယ်။ အင်မတန် စက်ဆုပ်စရာ လုပ်ရပ်မျိုးဖြစ်တယ်။ ဘာအကြောင်းပြချက်နဲ့မှ ခွင့်မလွှတ်သင့်၊ အားမကျသင့်တဲ့ ကိစ္စဖြစ်တယ်။ နောက်တစ်ခုကတော့ တွေ့သမျှလူကို လွယ်လွယ်နဲ့ အဖေခေါ်တဲ့ စရိုက်ဖြစ်တယ်။ ပူပူနွေးနွေးဖြစ်စ ရည်းစားရဲ့အဖေကိုလည်း တွေ့တွေ့ချင်း အဖေခေါ်ပစ်လိုက်တာပဲ။ နောက်ရည်းစားတစ်ယောက် ပြောင်းသွားလည်း အဲဒီရည်းစားရဲ့ အဖေကို အဖေပဲ။ သူတို့ဓလေ့စရိုက်နဲ့ သူတို့ ရှိပါစေ။ ကျွန်တော်တို့တစ်တွေကတော့ တွေ့တဲ့လူတိုင်းကို အဖေလို့ လွယ်လွယ်မခေါ်စေချင်ဘူး။

ကောင်းတာလက်ဆင့်ကမ်း
ရုပ်ရှင်မင်းသား၊ မင်းသမီး၊ အဆိုတော် စတဲ့ ဖျော်ဖြေရေးသမားတွေဟာ လူမြင်ကွင်းမှာ အမြဲတမ်း မြင်တွေ့နေရသူတွေ ဖြစ်တယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်လေးတွေက မင်းသား၊ မင်းသမီးနဲ့ အဆိုတော်တွေကို စွဲလမ်းကြတယ်။ အားကျအတုယူတတ်ကြတယ်။ ကလေးတွေကို နမူနာကောင်းတွေ ပြသနိုင်ဖို့အတွက် ဖျော်ဖြေရေးသမားတွေကလည်း နိုင်ငံတကာက ကောင်းတာတွေကိုယူပြီး လက်ဆင့်ကမ်းပေးကြရမှာ ဖြစ်တယ်။ မကောင်းတဲ့ နမူနာတွေ မပြမိအောင်လည်း အထူးဂရုစိုက်ကြဖို့ လိုအပ်ကြောင်း မမေ့ကြစေချင်ဘူး။

အသုံးများသော မြန်မာဗန်းစကားများ (ဥပစာ ကြိယာဝိသေသနများ) (၂)


myanmarwords.png

တကူးတကန့် (လာသည်)
အခက်အခဲကို ကျော်ဖြတ်၍ အရောက်လာသည်။ လမ်းကြုံ၍ မဟုတ်ဘဲ တမင်လာရောက်သည်။
တစ်ရွာနှင့်တစ်ရွာ တစ်ရပ်နှင့်တစ်ရပ် ကူးသန်းရာတွင် မြစ်ချောင်းစသော ကူးစရာ အတန်တန်၊ ချုံတန်း နွယ်တန်း၊ တောင်ရိုး စသည့် အပိုင်းအကန့် အတန်တန်တို့ကို ကျော်ဖြတ်လာရသည့်အခါ လွယ်ကူချောပြေသော ခရီးမဟုတ်စေကာမူ အပင်ပန်းခံ၍ အကူးအကန့်တို့ကို အရေးမထားဘဲ ဖြတ်ကျော် လာရောက်ရပုံကို တင်စား၍ အခက်အခဲ လာသည်။ တမင်္ဂလာ လာသည် စသည်ဖြင့် အနက်၌သုံးသည်။

တို့မီးရှို့မီး (လုပ်သည်)
ကုန်းချော လှုံ့ဆော်သည်။

မီးတောက်လောင်နိုင်သည့် မြက်ခြောက်၊ ယမ်းအိုး စသည်တို့ကို ထ၍ တောက်လောင်လေအောင် မီးနှင့် တို့ကာ-ရှို့ကာ ပြုလုပ်သည်ကဲ့သို့ တစ်စုံတစ်ဦးအား မလိုလားသောအခါ ထိုလူအပေါ်တွင် အခြားသြဇာအာဏာ ရှိသူတို့က မလိုလားအောင် ချဉ်းကပ်၍ သြဇာအာဏာရှိသူတို့၏ မုန်းထား အပြစ်တင်မှု ပွားများတောက်လောင်အောင် တို့ကာ-တို့ကာ နှိုးဆွလှုံ့ဆော် ကုန်းချောခြင်း ပြုသည်ကိုဆိုသည်။

ကျားကို လှောင်ချိုင်မှနုတ်ပေးသော လယ်သမားမောင်ပိုအား ကျားက စားမည်ပြုရာ ကျားနှင့် မောင်ပိုတို့ စားသင့် မစားသင့် ငြင်းခုံသည်တွင် ယုန်က အသီးသီး မူလက နေကြပုံကို ကြည့်လိုဟန်ဖြင့် ပြစေပြီး၊ ကျားက လှောင်ချိုင့်အတွင်းသို့ ၀င်ပြလျှင် ထိုသို့ မူလကအတိုင်းပင် နေကြရန် ဆုံးဖြတ်ပေးသည်ကိုစွဲ၍ ပကတိ ရှိမြဲအတိုင်း အခြေသို့ ပြန်ရောက်စေသည်ကိုလည်းကောင်း တင်စား၍ သုံးသည်။

မပိုင်ဝက်မွေး (လုပ်သည်)
သူတစ်ပါးအကျိုးအတွက် ပင်ပန်းစိုက်ထုတ်သည်။
မိမိမပိုင်သော သူတစ်ပါး၏ ၀က်ကို ကျွေးမွေးပြုစုထားသော သူသည် နောင်အခါ ၀က်ပိုင်ရှင်က မိမိဝက်ကို ယူဆောင်သွားသောအခါ မိမိကျွေးမွေး ကုန်ကျရသော စားရိတ်စားခ နစ်နာဆုံးရှုံးရုံမျှ သက်သက်ဖြစ်သည်ကို တင်စား၍ သူတစ်ပါးအကျိုးအတွက် ပင်ပန်းစိုက်ထုတ်မှုမျိုးကို ဆိုသည်။

မတုန်တက်တေး (နေသည်)
ဖင့်နွဲ့လေ့လံစွာ ပြုမူသည်။
လှေလှော်ရာတွင် လှေကကြီး၍ တက်က သေးနေလျှင် လှေသည် မတုန်မလှုပ် မရွေ့မလျား နေသည်ကိုစွဲ၍ လှုံ့နှိုးတိုက်တွန်းသော်လည်း လေးလေးဖင့်ဖင့် မလှုပ်မယှက် နေပုံကို တင်စားသည်။ အချို့က မထုံတက်တေး ဟူ၍ လွဲမှားပြောဆိုကြသည်။

မလိမ့်တပတ် (လုပ်သည်)
မသိမသာ လိမ်လည်သည်။
လှည်းရထား၏ ဘီးကို မရွေ့မလည်စေရအောင် တန့်ရပ်ထားသည် ဆိုသော်လည်း မသိမသာ တွန်းလှိမ့်ပေးခြင်းဖြင့် အမြင်တွင် ဘီးလည်မှန်း လိမ့်မှန်း မသိရစေကာမူ၊ ရွေ့ဖန်များလတ်သော် နောက်ဆုံးတွင် ဘီးတစ်ပတ် လည်သွားစေနိုင်လေသည်။ ထိုသဘောကို တင်စား၍ ထင်ရှား မသိအောင် လိမ်လည်ခြင်း ပြုလုပ်သည်တွင် သုံးသည်။

မျောက်သတ္တ၀ါသည် သစ်ကိုင်းတစ်ခုမှ တစ်ခုသို့ လှမ်းကူးရာ၊ တစ်ဖက်သို့ မဆုပ်တွယ်မိမီ ကျန်တစ်ဖက်ကို လက်လွှတ်လိုက်သဖြင့် နှစ်ဖက်လုံး လွတ်ရပုံကို တင်စား၍ဆိုသည်။ တစ်နည်း မျောက်သတ္တ၀ါသည် သစ်ကိုင်း နှစ်ဖက်အနက် ဟိုတစ်ဖက် တွယ်ရကောင်းနိုး၊ သည်တစ်ဖက် တွယ်ရကောင်းနိုး တွေဝေနေသဖြင့် နှစ်ကိုင်းစလုံး လက်လွတ်ရပုံကို တင်စား၍ဆိုသည်။

ရေလာ မြောင်းပေး (လုပ်သည်)
အားပေး အားမြှောက်အနေဖြင့် စကားလမ်းသွယ်ပေးသည်။
ရေစီးလာသောအခါ ရှေ့က စီးစေလိုရာသို့ မြောင်းသဖွယ် ပြုလုပ်ပေးပါက ထိုမြောင်းအတိုင်း ရေက စီးဝင်လာမြဲဖြစ်သည်။ ထိုသဘောကို တင်စား၍ တစ်စုံတစ်ရာ ပြောဆိုပြုမူသူအား မိမိလိုရာအတိုင်း ပြောဆိုပြုမူစေရန် လမ်းကြောင်း၍ ပေးခြင်း၊ ဆွဲဆောင်ရန် မသိမသာ အားထုတ်ခြင်း၊ စကားစ ခင်းပေးခြင်း စသည်တို့တွင် သုံးသည်။

လက်ရေတပြင်စီး (နေသည်)
တစ်စီးပွားတည်း တစ်အိမ်ထောင်တည်းနေသည်။
ရှေးက ထမင်းစားသောအခါ အိမ်ထောင်စုသား အားလုံးသည် ပန်းကန်ကိုယ်စီမယူဘဲ ဗျပ်ခေါ် ယွန်းပန်းကန်ပြားကြီးထဲတွင် ကိုယ့်ထမင်းပုံနှင့်ကိုယ် ၀ိုင်းစုံစားသောက်ကြရာ တစ်ဖက်က ဆမ်းသော ဟင်းရည်တို့သည် တစ်ခြားတစ်ဖက်က ဆမ်းသော ဟင်းရည်တို့နှင့် တပြင်တည်း စီးဆုံပေါင်းစပ် သွားတတ်လေသည်။ ထိုသို့ လက်ရည် ဟင်းရည် (ရေ) တပြင်တည်းစီးအောင် စားသောက်နေထိုင်ကြသည်ကို တင်စား၍ အိမ်ထောင်စုမခွဲဘဲ မိဘ-မောင်ဖွားတို့ စုပေါင်းနေထိုင် လုပ်ကိုင် စားသောက်သည်ကို တင်စား၍ ဆိုသည်။

ကစ္ဆပ ဇာတ်တော်မှ လော်လည်သော မျောက်သည် လိပ်၏ ပါးစပ်သို့ မိမိတန်ဆာကို သွင်းရာမှ လိပ်က ကိုက်ခဲထားသဖြင့် မထုတ်နိုင်ဘဲ ရှိသည်ကို စွဲ၍ ရပ်လည်း မရပ်သာ၊ နုတ်လည်း မနုတ်သာ အခက်အခဲတွေ့ရသော အခြေအနေတွင် တင်စားသုံးသည်။ လိပ်ခဲတန်းလန်းဟုလည်း ဆိုသည်။

RELATED:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)
အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)
အသုံးများသော မြန်မာဗန်းစကားများ (တ)
အသုံးများသော မြန်မာဗန်းစကားများ (ထ၊ ဒ)
အသုံးများသော မြန်မာဗန်းစကားများ (ဓ၊ န)
အသုံးများသော မြန်မာဗန်းစကားများ (ပ)
အသုံးများသော မြန်မာဗန်းစကားများ (ဖ)
အသုံးများသော မြန်မာဗန်းစကားများ (ဗ)
အသုံးများသော မြန်မာဗန်းစကားများ (ဘ)
အသုံးများသော မြန်မာဗန်းစကားများ (မ)
အသုံးများသော မြန်မာဗန်းစကားများ (ယ၊ ရ)
အသုံးများသော မြန်မာဗန်းစကားများ (လ)
အသုံးများသော မြန်မာဗန်းစကားများ (၀)
အသုံးများသော မြန်မာဗန်းစကားများ (သ၊ ဟ)
အသုံးများသော မြန်မာဗန်းစကားများ (အ)
အသုံးများသော မြန်မာဗန်းစကားများ (ဥပစာ ကြိယာဝိသေသနများ) (၁)

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


မသိတော့ ခက်တာပေါ့
လောကကြီးက သူ့ဘာသာသူ သွားတတ်ခဲပါတယ်။ (ဂတာနုဂတိကော လောကော) တဲ့။ ရှေ့ကသွားတဲ့အတိုင်း နောက်က လိုက်သွားနေတတ်ကြတာ။ အခု လှူကြတန်းကြတဲ့နေရာမှာ အများတုပြီးတော့ မရှိလည်း ကျွေး၊ ရှိလည်း ကျွေး၊ အလှူဆို ဒီလိုလုပ်ရတယ်မှတ်ပြီး လုပ်ကြတော့ မွဲကုန်တာပေါ့။ လှူပုံလှူနည်းရဲ့ အရင်းအမြစ်ကို မသိတော့ ခက်တာပေါ့။

မြန်မာနိုင်ငံရဲ့ အသွားက
ဂုဏ်ပကာသနကို မငဲ့ဘဲ ပါရမီဖြစ်မှုကိုသာ ငဲ့တဲ့ ဝေဿန္တရာမင်းကြီးတို့ရဲ့ အလှူမျိုးကိုသာ အတုယူရမှာ။ ခုတော့ မဟုတ်ကြဘူး။ ဂုဏ်ပကာသန အသိုက်အ၀န်းက တယ်များကြတယ်။ ဘယ်လောက်မျှ မကြီးကျယ်တဲ့ မြန်မာနိုင်ငံရဲ့ အသွားက အဲဒီလိုဖြစ်နေတာ။

အရာရာမှာ စည်းကမ်း
မိကောင်းဖခင် သားသမီးများဆိုတာ နေရာတိုင်းမှာ ထိန်းသိမ်းရပါတယ်။ အိမ်မှာ အဖေနဲ့အမေနဲ့၊ ကျောင်းမှာ ဆရာ ဆရာမများနဲ့ အုပ်ထိန်းမှုမကွာမှ၊ ဆိုဆုံးမစကားကို လိုက်နာကျင့်သုံးမှ တိုးတက်လမ်း ရှိပါတယ်။ ဒါကြောင့် အရာရာမှာ စည်းကမ်းရှိရပါမယ်။

အဲဒီသုံးခုလောက် ကြည့်ရုံနဲ့
ကျောင်းတိုက်တစ်ခုမှာ စည်းကမ်းရှိမရှိ သိချင်လျှင် (က) ကုဋီအိမ်သာ၊ (ခ) သောက်ရေအိုးစင်၊ (ဂ) ဆွမ်းစားကျောင်း အဲဒီသုံးခုလောက် ကြည့်ရုံနဲ့ သိနိုင်တယ်တဲ့ လူတွေမှာလည်း ဒီအတိုင်းပါပဲ။ (က) မီးဖိုချောင်၊ (ခ) သောက်ရေအိုးစင်၊ (ဂ) အိမ်တွင်းနှင့် အိမ်ဝင်းလောက်ကို ကြည့်လိုက်လျှင်ပဲ သိနိုင်ပါတယ်တဲ့ ရှေးဆရာတော်ကြီးတွေက မိန့်ကြတယ်။

ဓမ္မပဒဂါထာ (၇၂)


ယာဝဒေ၀ အနတ္ထာယ၊ ဉ တ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုက္ကံသံ၊ မုဒ္ဓမဿ ၀ိပါတယံ။

လူမိုက်ရဲ့ပြည့်စုံမှုသည် ပျက်စီးဖို့
လူမိုက်တစ်ယောက်
တတ်မြောက်ထားတဲ့ ပညာရပ်တွေ၊
လူမိုက်တစ်ယောက်
ပိုင်ဆိုင်ထားတဲ့ ပြည့်စုံမှုတွေဟာ
အဲဒီလူမိုက်ရဲ့
အကျိုးစီးပွား ပျက်ပြားဖို့အတွက်
ဖြစ်ပေါ်လာတာပါ။
သူ့အတတ်ပညာ၊ သူ့ပိုင်ဆိုင်မှုတွေက
ဖြူစင်သန့်ရှင်းတဲ့ ကုသိုလ်တရားအစုကိုလည်း
ဖျက်ဆီးပစ်သလို
အသိဉာဏ်ပညာဆိုတဲ့ ဦးထိပ်ရတနာကိုလည်း
ပြတ်ကျသွားစေပါတယ်။

Friday, September 17, 2010

သူရဲကောင်းဝါဒက ကျဆုံးသွားခဲ့ပါပြီ - ဘုန်းနေသစ်


စဦးစွာအနေဖြင့် ဒီဆောင်းပါးဟာ လူငယ်တစ်ယောက်ရဲ့ အသံလို့ပဲ ပြောချင်ပါတယ်။ ဆရာ လူထုစိန်ဝင်း အနေနဲ့လည်း လူငယ်တွေရဲ့ အတွေးအမြင် သဘောထားတွေကို စိတ်ဝင်စားတတ်သူလို့ ဖတ်ဖူးမှတ်ဖူးတာကြောင့် ရေးလိုက်ရတာပါ။ ဆရာက Weekly Eleven ဂျာနယ်၊ အမှတ် ၃၉၊ အတွဲ ၅၊ စာမျက်နှာ ၂၁ မှာ "ရွက်ကြမ်းရေကျို ကမ္ဘာကြီး" လို့ ရေးခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး။ သူရဲကောင်းဝါဒ ကျဆုံးသွားရတာလို့ပဲ ထင်ပါတယ်။

တလောက စာအုပ်ဟောင်းတစ်အုပ်ကို ဖတ်လိုက်ရတာမှာ သူက (အဲဒီခေတ်) ဒီခေတ် လူငယ်တွေဟာ နိုင်ငံရေးမှာ စိတ်ဝင်စားမှု လျော့ကျလာတာတွေ ဘာတွေ ရေးထားတာကို သတိထားမိလို်က်ပါတယ်။ (? ဖေဘီယန် ဦးဘခိုင်၊ မြန်မာ့နိုင်ငံရေး ရာဇ၀င်၊ အမှတ်မှားရင်လည်း ခွင့်လွှတ်ပါ) အဲဒီတော့ ကျွန်တော်တို့ ၀န်းကျင်မှာလည်း အသံတွေ ကြားကြားနေရပါတယ်။ နောက်ဆုံး ကျွန်တော်တို့ကတောင် ငါတို့ ဆယ်တန်းတုန်းကဆိုရင် ဆိုပြီး ပြောမိကြတဲ့ အထိပါပဲ။ ဒါဆိုရင် ဒါဟာ ရှေ့မျိုးဆက်က နောက်မျိုးဆက်အပေါ် အားမရခြင်း ဖြစ်နေတာပဲဆိုတာ သိသာပါတယ်။ နောက်မျိုးဆက်ကများ ပိုညံ့နေသလားလို့ ဆိုတာကိုတော့ တွေးကြည့်စရာပါ။ ဆုတ်ကပ်များလားပေါ့။ ကျွန်တော့်အနေနဲ့ကတော့ ပိုမညံ့ဘူးလို့ ထင်ပါတယ်။ ရှုမြင်ပုံ၊ ပေတံတွေ မတူလို့ပါ။ ရှေ့မျိုးဆက်က သူ့အတွေ့အကြုံနဲ့ပဲ တန်ဖိုးဖြတ်လို့ ဖြစ်ပါလိမ့်မယ်။

ဆရာပြောခဲ့တဲ့ ဘောလုံးမှာပဲ ကြည့်လိုက်ပါ။ တစ်ဦးချင်း ခြေစွမ်းပြမှုက အားရစရာမရှိဘူးလို့ ပြောထားပါတယ်။ ကျွန်တော်ကတော့ တစ်ဦးချင်း ခြေစွမ်းပြဖို့ ကြိုးစားတဲ့ အသင်းတွေကို (ဥပမာ - အာဂျင်တီးနား) အသင်းလိုက် စုဖွဲ့မှုအားကောင်းတဲ့ အသင်းတွေက (ဥပမာ - ဂျာမနီ) အနိုင်ရသွားတာလို့ပဲ ဆိုချင်ပါတယ်။ စပိန်မှာဆိုရင် တစ်ဦးချင်း ထူးချွန်သူတွေ များပေမယ့် အသင်းလိုက် စုဖွဲ့မှုကိုပဲ အားပြုခဲ့တာပါ။ ဒါ ဒီဘက်ခေတ်ရဲ့ ပုံစံပါပဲ။ တစ်ဦးချင်း တစ်ယောက်ချင်း ထင်ပေါ်ကျော်ကြားပြီး သူရဲကောင်းဖြစ်အောင် ပံ့ပိုးဖို့ထက် အသင်းလိုက် စုစုစည်းစည်းနဲ့ ခြေစွမ်းပြဖို့က အဓိက ဖြစ်လာပါပြီ။ ခြေစွမ်းမထက်တဲ့သူတွေ စုနေတာ မဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်း အစွမ်းပြဖို့ကို စွန့်လွှတ်လိုက်တာပါ။ မစွန့်လွှတ်တဲ့ သူတွေလည်း ကျဆုံးသွားရပါပြီ။

ဒီလိုပဲ တခြားနယ်ပယ် အရပ်ရပ်မှာလည်း တစ်ဦးတစ်ယောက်တည်းကို စံပြုရလောက်အောင် ရှားပါးတဲ့ ခေတ် မဟုတ်တော့ပါဘူး။ ဂီတဘက်မှာ ဆိုရင်လည်း ပရက်စလေ တစ်ယောက်တည်း ရှိနေတာမျိုးထက် ဘာဂီတမျိုးလဲ၊ ဘာဂီတမှာ ဘယ်သူတွေဆိုပြီး တစ်နည်းတစ်ဖုံ ကောင်းကြသူတွေကို ပိုပိုပြီး သိနေရတာပါ။ စံပြခေါင်းဆောင် ဆိုတာလည်း တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ အိုဘားမားလို အပြောကောင်းကောင်း၊ ဆာကိုဇီလို စေ့စပ်ဆွေးနွေးမှု ကောင်းကောင်းဆိုပြီး အများကြီး သိခွင့်ရတော့ ချိန်ထိုးကြည့်လာတာပဲ ဖြစ်ပါတယ်။ စံပြပုဂ္ဂိုလ်ထားပြီး တခြားလူမှာ သူ့ထက်သာတဲ့ တခြားအရည်အချင်းတွေ ရှိနေတာကို မေ့ထားတဲ့ခေတ် မဟုတ်တော့ပါဘူး။

အရင်ခေတ်ကလို လင်ကွန်းဆို လင်ကွန်းပဲ သိရတဲ့ခေတ် မဟုတ်တော့ပါဘူး။ အိုဘားမားက ဘယ်လို၊ ဂျွန်မက်ကိန်းက ဘယ်လို၊ ဟီလာရီ ကလင်တန်က ဘယ်လို (ဒါ အမေရိကန် တစ်နိုင်ငံတည်းကို ပြောတာပါ) အမျိုးမျိုးပဲ သိနေရပါပြီ။ ပြီးတော့လည်း ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ စစ်အေး စသဖြင့် စစ်ရေးနဲ့ သက်ဆိုင်တာတွေကိုပဲ စိုးရိမ်ပူပန်နေရတဲ့ခေတ် မဟုတ်တဲ့အတွက် နိုင်ငံရေးခေါင်းဆောင်တွေတင် မကတော့ဘဲ စီးပွားရေးခေါင်းဆောင်တွေ၊ အိုင်တီဦးဆောင်မှု ပြုသူတွေကိုပါ တွေ့ကြုံ သိမြင်နေရတော့ စံပြခေါင်းဆောင် တစ်ယောက်တည်း မရှိတော့တာ အဆန်းမဟုတ်ပါဘူး။ အိုဘားမားကို ချီးကျူးချင်ပေမယ့်လည်း သူရေးတဲ့ စာအုပ်က အယ်လ်ဂိုးလောက် မကောင်းတာ၊ အလှူဒါနမှာ ဘီလ်ဂိတ်ကို မမီတာ စတဲ့ စတဲ့ ဟာတွေက အများကြီးဖြစ်လာတော့ သူ့ ခေါင်းဆောင်မှု အရည်အချင်းက ဘယ်လောက်မြင့်သလဲ ဆိုတာမှာ နယ်ပယ်ချုံ့ပြီးပဲ စဉ်းစားပါတော့တယ်။ စံပြခေါင်းဆောင်ကြီး အနေနဲ့ မယူဆကြတော့ပါဘူး။ ယူဆနေကြတဲ့ တိုင်းပြည်တွေမှာလည်း ဒုက္ခတွေ ရောက်နေကြပါပြီ။

ခေတ်ဟောင်းကို တမ်းတတတ်သူတွေဟာ အကောင်းဆုံးတွေနဲ့ပဲ ဒီဘက်ခေတ်ကို ယှဉ်ပြီး သုံးသပ်လို့ အားမရကြတာလည်း ပါမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ယှဉ်ပြီး အားမရ ဖြစ်နေကြပေမယ့် ဂဠုန်ဦးစောတို့ကိုတော့ မေ့ထားကြပါတယ်။ ဒီခေတ်မှာ မျိုးဖြုတ်သတ်ဖြတ်မှုတွေ ဖြစ်နေကြတယ် ဆိုပေမယ့် ကမ္ဘာစစ်ကြီးတော့ မဖြစ်ပါဘူး။ တစ်ချီတည်းနဲ့ လူတွေ အများကြီး သေကျေမှု ကမ္ဘာအနှံ့အပြားမှာ ဖြစ်နေတာမျိုး မရှိပါဘူး။ အဏုမြူကို လူတွေပေါ်ကြဲပြီး မစမ်းသလို အဏုမြူရန် တထိတ်ထိတ်နဲ့ နေရတဲ့ခေတ်ကာလလည်း မဟုတ်တော့ပါဘူး။

ခုမှ အကြမ်းဖက်မှုတွေ တိုးပွားလာတယ် ဆိုရာမှာလည်း တိုးပွားတာထက် ပိုသိလာရတာပဲ ဖြစ်မှာပါ။ အရင်ကတော့ ရှိနေခဲ့ပေမယ့် မသိရဘဲ ခုမှ သိသိနေရတော့ ပိုများလာသလို ထင်ရတာပါ။ ရောဂါဖြစ်နေမှန်း မသိဘဲ သေသွားရတာတွေနဲ့ ဘာရောဂါမှန်းသိတော့ ဘယ်နှယောက်သေသွားပြီ ဆိုတာမျိုးပါပဲ။ သတင်းဆိုတာကလည်း ဒီလို အဖြစ်မျိုးတွေ ဇောင်းပေးပြီး လိုက်ကြတဲ့အခါမှာ အရင်က အီရတ်မှာ ဗုံးပေါက်တာကို မသိလိုက်၊ မသိဘာသာ သြော်... ဆိုပေမယ့် ခုတော့ ဘယ်နှယောက် ရှိပြီ၊ ဘယ်နှခါ ရှိပြီရယ်လို့ ဖြစ်လာတာပါပဲ။ သတင်းသမားတွေက သတင်းဆိုးတွေကို ပိုပြီး ပြတတ်တာရယ်၊ သတင်းဆိုးတွေက စိတ်ထဲမှာ ပိုစွဲနေတာရယ်ကြောင့်လည်း ပါမှာပါ။

ခုနွေတုန်းကဆိုရင် ရေတွေရှားတဲ့ ကိစ္စမှာ အရင်ခေတ်တွေမှာလည်း တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ဖြစ်ခဲ့ဖူးမှာပါပဲ။ ဒါပေမယ့် ခုခေတ်မှာတော့ အားလုံး သိသွားကြရပါတယ်။ သိသွားကြရတဲ့အတွက် ဆုတ်ကပ်ကြီးဆိုပြီး လူငယ်တွေက ငြိမ်မနေခဲ့ကြပါဘူး။ ရတဲ့ သတင်းတွေကို လက်ဆင့်ကမ်း ဖြန့်ဝေပြီး အင်တာနက်ကို အသုံးပြုကာ သူငယ်ချင်းတွေ စုပြီး သွားလှူကြတာတွေ ရှိလာတာပါပဲ။ နာဂစ်တုန်းကလည်း ဒီလိုပဲ ဖြစ်သွားတာပါပဲ။

အဲဒီမှာလည်း ခေါင်းဆောင်ရယ်ဆိုပြီး ထင်ထင်ပေါ်ပေါ် လုပ်သွားတာထက် အဖွဲ့လိုက်ဆိုတဲ့ သဘောလေးတွေပဲ ဖြစ်သွားပါတယ်။ ဦးဆောင်စုစည်းသူပဲ ရှိပြီးတော့ သူကချည်း ရွပ်ရွပ်ချွံချွံ စွမ်းဆောင်သွားတယ်ဆိုတာ မရှိတော့ပါဘူး။ အားလုံးက ကိုယ့်အပိုင်းနဲ့ကိုယ် တာဝန်ခွဲဝေပြီးတော့ ပြီးမြောက်အောင် ဆောင်ရွက်သွားကြတာပါ။ တစ်ယောက်တည်းကချည်းပဲ သူ့သဘောနဲ့သူ လုပ်ချင်တိုင်းလုပ်တာကို ခွင့်မပြုတော့ဘဲ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ပြီး ရလဒ်ကိုသာ အခြေပြုပြီး လုပ်ဆောင်သွားကြတာမို့ သူရဲကောင်းတွေ မရှိတော့တာပါ။ စွမ်းတဲ့သူတွေ မရှိတော့တာ မဟုတ်ပါဘူး။ ဒါဟာ ဒီခေတ်ရဲ့ သရုပ်မှန်ပါပဲ။

အကောင်းကော အဆိုးပါ ပိုသိလာကြရတဲ့ ခေတ်ကြီးမှာ အကောင်းတွေကို စားသုံးပြီး အဆိုးတွေကို စုစည်းတွန်းလှန်ကြတဲ့ ကွန်ရက်ခေတ်ကြီးပါ။ သူရဲကောင်းဝါဒက ကျဆုံးသွားခဲ့ပါပြီ။ ဗဟိုချက်တစ်ခုတည်း မရှိတော့ဘဲ လူတိုင်းက ဗဟိုချက်လို့ ဆိုရမယ့် ကွန်ရက်ပုံ စုစည်းမှုပါ။ အရင်ကလို အထက်အောက်ပုံစံ မဟုတ်တဲ့အတွက် တစ်ယောက်တည်းထင်းပြီး ပေါ်မလာတာလို့ပဲ ကျွန်တော် ထင်ပါတယ်။

နောက်ပြီးတော့ အရေးအကြီးဆုံး အချက်က တော်လှန်ရေးတွေရဲ့ခေတ် ကုန်သွားတာပါ။ တစ်ခုကနေ တစ်ခုကို ပြောင်းတာမှာ အစွန်းရောက် ပုံစံမျိုးနဲ့ အဟောင်းဖြိုဖျက်ပစ်လိုက်တာမျိုးက ခေတ်မစားတော့ပါဘူး။ သိမ်မွေ့စွာ ပြောင်းလဲမှုကိုပဲ အကောင်းဆုံးအဖြစ် လက်ခံလိုက်ကြတဲ့ အနေအထားပါ။ သမိုင်းကလည်း ဒီလိုပဲ သင်ကြားပေးလိုက်တာ ဖြစ်ပါမယ်။ အဲဒီတော့ ၀ုန်းခနဲ ဒိုင်းခနဲ ပြောင်းလဲမှုကို မျက်လှည့်ပွဲတွေမှာပဲ တွေ့နိုင်တော့တာမို့ အပြောင်းအလဲကို ဆောင်ကြဉ်းပေးသူဆိုတဲ့ သူရဲကောင်းမျိုး မရှိတော့ပါဘူး။ လူတိုင်းက အပြောင်းအလဲမှာ ပါဝင်ပြီး ညင်ညင်သာသာနဲ့ ဆွဲယူသွားတာပါ။ သူတို့ဟာ ရွက်ကြမ်းရေကျိုတွေ မဟုတ်ပါဘူး။ သူရဲကောင်း မဖြစ်ချင်တော့တဲ့ ခေါင်းဆောင်တွေနဲ့ အားလုံးက တာဝန်ယူစိတ်နဲ့ ပါဝင်ပြီး ကိုယ့်အပိုင်းနဲ့ကိုယ် ဆောင်ရွက်သွားတာမို့ပါ။ ဒါဟာ လူငယ်တစ်ယောက်ရဲ့အမြင် (ခံစားချက်မဟုတ်ပါ) ပဲမို့လို့ လူကြီးတွေလို မတွေးမိတဲ့ အမှားတွေ ရှိရင်တော့ ခွင့်လွှတ်ပါ။ ကိုယ့်အမြင်ကို ထုတ်ပြောလိုက်ဖို့ကလွဲပြီး ဘာရည်ရွယ်ချက်မှ မရှိပါဘူး။

 
Web Statistics