Thursday, September 30, 2010

ဘာညာဘာညာ အင်တာဗျူးများ (ခန့်စည်သူ၊ အေသင်ချိုဆွေ)


kst.jpg
အခုအချိန်ထိ လူပျိုကြီး လုပ်နေရတာက....
(ရယ်လျက်)... အင်း လူပျိုကြီးဖြစ်ချင်လို့ လူပျိုကြီးလုပ်နေရတာပါ။ ဖူးစာမပါသေးလို့ နေမှာပေါ့။ ဘယ်လိုပုံစံမျိုးဆိုတာလည်း အစ်ကို့မှာ မရှိဘူး၊ ဘာကြီးဖြစ်မှ ညာကြီးဖြစ်မှ ဆိုတာမျိုး လုံးဝမရှိဘူး။

အဆိုတော် ကောင်မလေးတစ်ယောက်နဲ့ ဆိုတာက...။
ပြောလို့မရဘူး၊ မနက်ဖြန်တောင် အိမ်ထောင်ကျရင်ကျမှာ၊ ပြောလို့မရဘူး၊ လောကကြီးမှာ အားလုံး သေချာပါတယ်ဆိုတဲ့ အလုပ်ရှိရင်ပြော၊ ဘယ်အလုပ်မှ မသေချာဘူး၊ ဘယ်အရာကိုမှ ကြိုမပြောနိုင်ဘူး။


* - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - *

athen.jpg
အချစ်ရေးကို ပြောပါဆိုရင်...
အချစ်ရေးကို ပြောရမယ်ဆိုရင်တော့ အခုအရွယ်က စိတ်လှုပ်ရှားတဲ့ အရွယ်ပါ၊ လေတိုက်လို့ သစ်ရွက်လှုပ်ရင်တောင် ရယ်ချင်နေတော့ ဒီအရွယ်မှာ ရည်းစားရှိတယ်ဆိုတာ မဆန်းပါဘူး၊ ဒါပေမယ့် ဘ၀အတွက် ခိုင်ခိုင်မာမာ ရွေးချယ်ရမယ့်သူတော့ အေသင့်မှာ မရှိသေးဘူး။ ဒီအတိုင်းပဲ အပျော်ပေါ့နော်။ အေသင်လည်း အဲဒီကိစ္စကြီးအတွက်ကို အချိန်လည်း မပေးနိုင်ဘူး။ တစ်နာရီ နှစ်နာရီ မပေးနိုင်တဲ့အတွက်ကို ရှိတော့ရှိတယ် စိတ်ထဲမှာလည်း မပါဘူး၊ ဒါကို အပျင်းပြေလောက်ပါပဲ။

အကယ်ဒမီ မင်းသားနဲ့ ဆိုတာက....
ဘယ်လိုပြောရမလဲဆိုတော့၊ ပြောရမယ်ဆိုရင် ဟုတ်ချင်လည်း ဟုတ်မှာပေါ့နော်၊ ဒါပေမယ့် အေသင်ကတော့ ၀န်မခံပါဘူး၊ အပြင်မှာလည်း ရှိရင်ရှိနိုင်တာပါပဲ၊ ဒါ အထင်လွဲမှုတစ်ခုပါ။ သူနဲ့က ဆရာတပည့်လို ခင်နေကြတာပါ၊ အဲဒီလိုတော့ မဟုတ်ခဲ့ပါဘူး။

အသက်ကြီးတဲ့သူနဲ့ ငယ်တဲ့သူကို ရွေးပါဆို....။
အသက်ကြီးတဲ့လူကို ကြိုက်တယ်၊ ဘယ်လိုပြောမလဲ ဦးဆောင်နိုင်ပြီး လမ်းညွှန်ပေးမယ့်သူမျိုးကို သဘောကျတယ်။

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


bernardbaruchquote.png

fransisbaconquote.png

မျိုးဆက်သစ် စက်ဝိုင်းလား၊ ဒန်းလား - မောင်စူးစမ်း


newgeneration.png
ဋီကာတောင်းဆို
ဒီမိုကရေစီ၏ ကံကြမ္မာသည် မျိုးဆက်သစ်တို့ လက်ထဲတွင်ရှိသည်ဟု ပညာရှင်တို့က ကောက်ချက်ဆွဲထားကြသည်။ ဒီမိုကရေစီ၏ ကံကြမ္မာသာမက နိုင်ငံ၏ကံကြမ္မာ၊ လူ့အဖွဲ့အစည်း၏ ကံကြမ္မာတို့သည်လည်း မျိုးဆက်သစ်တို့လက်ထဲတွင် ကျရောက်နေသည်ဟု ပြောကြသည်။ ဤသို့သော ကောက်ချက်သည် အထူးအဆန်းတော့ မဟုတ်ပေ။ သမိုင်း၏ ပြဿနာတစ်ရပ်ကို သမားရိုးကျနည်းအတိုင်း ဖြေရှင်းပြခြင်းဖြစ်သည်။ အံ့သြစရာမဟုတ်ဟု ဆိုရမည်။

သို့သော် ဖြစ်ရပ်နှင့် အတွေးအခေါ်တို့က အလွန်လျင်မြန်စွာ ပြောင်းလဲနေသောအခါတွင် မျိုးဆက်သစ်နှင့် ပတ်သက်သော အယူအဆသည်လည်း အသေးစိတ် အစစ်အဆေး ခံလာရသည်။ မျိုးဆက်သစ်ကို ဘယ်လိုနားလည်ရမည်နည်းဟု စိန်ခေါ်ကြည့်လာသည်။ မျိုးဆက်သစ်ဆိုပြီး ယေဘုယျပြောလို့ မရပြီ။ မျိုးဆက်သစ်အပေါ် အနက်အဓိပ္ပါယ် ဖွင့်ဆိုမှုဋီကာကို တောင်းဆိုကြသည်။

နှစ် ၃၀
မျိုးဆက်သစ်ဖွဲ့စည်းမှုက ထွေပြားသည်။ မျိုးဆက်သစ်၏ နိုင်ငံရေးအရ အရေးကြီးပုံကို ပြောဆိုသည်မှာ မျိုးဆက်သစ်၏ နိုင်ငံရေးသက်တမ်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ မျိုးဆက်သစ်၏ နိုင်ငံရေးသက်တမ်းသည် နှစ် ၃၀ ရှိသည်ဟု ပညာရှင်တို့က ခန့်မှန်းသည်။ ဤနိုင်ငံရေးသက်တမ်း နှစ် ၃၀ ကိုပင် ၁၅ နှစ်စီ နှစ်ပိုင်းခွဲသည်။ ပထမပိုင်းသည် မျိုးဆက်သစ်၏ နိုင်ငံရေးလောကထဲ ၀င်ရောက်ပုံ၊ ကျင်လည်ပုံအပိုင်း ဖြစ်သည်။ ပထမပိုင်း၌ မိမိအရင် ရောက်ပြီး နိုင်ငံရေးအာဏာ ရရှိနေသူတို့အား စိန်ခေါ်ဆန့်ကျင်ရသည်။ အတိုက်အခံ ပြုရသည်။

ဒုတိယ ၁၅ နှစ် ပိုင်း၌ မိမိတို့ကိုယ်တိုင် အာဏာရရှိလာသည်။ အာဏာရရှိလာ၍ နောက်မျိုးဆက်သစ်၏ ဝေဖန်တိုက်ခိုက်မှုကို ခံရသည်။ ဤသို့အားဖြင့် မျိုးဆက်သစ်က အတိုက်အခံနေရာနှင့် အာဏာနေရာကို အလှည့်နှင့်ယူ၊ အလှည့်နှင့် အာဏာရနေရာမှ ဆင်းပေးရသည့် ဖြစ်စဉ်ကို နိုင်ငံရေးစက်ဝိုင်းလို့ ခေါ်သည်။ စက်ဝိုင်းပုံသဏ္ဌာန်ကို သဘောမတူသော ပညာရှင်တို့က မျိုးဆက်သစ်တို့ အရွှေ့အပြောင်းကို ဟိုဘက်ယိမ်း ဒီဘက်ယိမ်းသော ဒန်းလွှဲခြင်းအဖြစ် မြင်သည်။ သို့ဖြင့် မျိုးဆက်ဖြစ်ထွန်းမှု ပုံသဏ္ဌာန်သည် စက်ဝိုင်းလား၊ ဒန်းလွှဲခြင်းလားဟု အငြင်းပွားနေကြသည်။

ဝိရောဓိနှင့် ပဋိပက္ခ
မျိုးဆက်သစ်ဖြစ်ထွန်းမှုသည် ဆိုခဲ့ပါအတိုင်း အငြင်းပွားလျက် ရှိသည်။ ခေတ်ကာလအလိုက် ပေါ်ထွန်းသော ဖြစ်ရပ်ကြီးနှင့် အိုင်ဒီယာကြီးတို့၏ သြဇာသက်ရောက်မှုကိုလည်း ထည့်သွင်းရေးသားကြသည်။ မျိုးဆက်သစ် အရွှေ့အပြောင်း (စက်ဝိုင်းသဏ္ဌာန်ဖြစ်စေ၊ ဒန်းလွှဲပုံသဏ္ဌာန်ဖြစ်စေ) ကို သြဇာလွှမ်းမိုးသော ခေတ်ရေစီးကြောင်းနှင့် ဖြစ်ရပ်ကြီးတို့ကို ရှာဖွေကြည့်ကြသည်။ သဘောမှာ အပြောင်းအလဲကို တောင်းဆိုသော ဆန့်ကျင်ဘက်ပဋိပက္ခတို့ကို ရှာဖွေတွေ့ရှိရန် ဖြစ်သည်။

မျိုးဆက်သစ်အရွှေ့အပြောင်း လွှမ်းမိုးသောခေတ်ကာလ အိုင်ဒီယာနှင့် ဖြစ်ရပ်ကြီးတို့သည် ၀ိရောဓိနှင့် ပဋိပက္ခတို့ကို မွေးထုတ်တတ်လေရာ ထိုမှတစ်ဆင့် အပြောင်းအလဲကို တောင်းဆိုသော အသံတို့ကို မွေးထုတ်သည်။ ထို့ကြောင့် ဒီမိုကရေစီခေါင်းဆောင်မှုဖြစ်စေ၊ အမြော်အမြင်ရှိသော ခေါင်းဆောင်မှုဖြစ်စေ ထိုသို့ အပြောင်းအလဲကို တောင်းဆိုသော အသံတို့ကို အချိန်မီ ကောင်းမွန်မှန်ကန်စွာ နားစွင့်နိုင်ရမည်။ ပါဝါတန်ခိုးဖြင့် နားစွင့်ရန်မလိုဟု ထင်လျှင်မှားမည်။

လာမည့် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် အာဏာရှိသူတို့က အပြောင်းအလဲပြုလုပ်ရန် ဆိုသောအသံကို နားစွင့်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုရမည်။
အညွှန်း - The Cycles of American Politics On A+M Schlesingn

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


စံနမူနာပြ
သူများကို ဆုံးမဖို့ဆိုတာ ကိုယ်တိုင်ကလည်း စည်းကမ်းရှိရတယ်။ ဆရာသမား မိဘများက တပည့် သားသမီးများကို ဆုံးမလို့ မရဘူးဆိုတာ ကိုယ်တိုင် ဆုံးမတဲ့အတိုင်း မနေလို့ပဲ။ ကိုယ့်ဘက်က ဘာမျှချို့ယွင်းချက် မရှိစေရဘူး။ စံနမူနာပြ လိုက်နာကျင့်သုံးပြရမှာ။ သူများကိုတော့ ပြောပြီး ကိုယ်က မလိုက်နာဘူးဆိုလျှင် ဘယ်ဟုတ်လိမ့်မလဲ။ ဒါတွေ အရေးကြီးတယ်။

ရင့်မှ မှည့်တဲ့အသီး
အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် ဖြည်းဖြည်းနဲ့ ဇွဲရှိရပါတယ်။ ဒါမှလည်း ကြာရှည်ခံပါတယ်။ ရင့်မှ မှည့်တဲ့အသီးဟာ ချိုသလိုပေါ့။

အောင်မြင်လာကြရစမြဲပါပဲ
ကိုယ့်ရဲ့အစွမ်းအစကို စနစ်တကျ ဖော်ထုတ်အသုံးပြု၊ ဇွဲနဲ့ကြိုးစားလျှင် သတိ၊ ၀ီရိယ၊ ဉာဏ်ပညာတို့နဲ့ တွဲဖက်ပြီး အသုံးပြုလျှင် တစ်ချိန်မှာ အောင်မြင်လာကြရစမြဲပါပဲ။

ဓမ္မပဒဂါထာ (၈၂)


ယထာပိ ရဟဒေါ ဂမ္ဘီရော၊ ၀ိပ္ပသန္နော အနာဝိလော။
ဧ၀ံ ဓမ္မာနိ သုတွာန၊ ၀ိပ္ပသီဒန္တိ ပဏ္ဍိတာ။

တရားနာရင် စိတ်ကြည်လင်
အင်မတန်နက်တဲ့
ပင်လယ်သမုဒ္ဒရာရေဟာ
လုံးဝ နောက်ကျုခြင်းမရှိ
ပကတိ အထူးကြည်လင်သလို
ပညာရှိသူတော်ကောင်းတွေဟာလည်း
မြတ်စွာဘုရားဟောကြားတော်မူတဲ့
တရားတော်တွေကို
နာကြားရတဲ့အခါ
စိတ်ညစ်နွမ်းခြင်း ကင်းပြီး
အထူးကြည်လင်ကြပါတယ်။

Wednesday, September 29, 2010

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


emersonquote.png

shakespearequote.png

ချစ်ခြင်းယိုင် - နန္ဒာသိန်းဇံ


လှတဲ့အကြောင်းတွေ လှတာတွေကို အများကြီးပြောတတ်တယ်၊ ဒါပေမယ့် လှတယ်ဆိုတာ ဘာလဲလို့ မေးလာတဲ့အခါ ချက်ချင်းအဖြေပေးဖို့ ခက်နေတတ်တယ်။ လှတယ်ဆိုတာ ဘာလဲဆိုတဲ့ ဖွင့်ဆိုချက် Definition ပေးဖို့ ခက်တယ်။

တချို့ကတော့ "လှတယ်" ဆိုတာ အကျိုးပြုနိုင်မှု စွမ်းရည်တစ်မျိုးမျိုး ရှိခြင်းဖြစ်တယ်လို့ ဖွင့်ဆိုကြတယ်။ အလှဆိုသည်မှာ အကျိုးပြုနိုင်စွမ်းရည် ရှိခြင်းလို့ ဖွင့်ဆိုတဲ့သဘောပေါ့။

ဥပမာ... အမျိုးသမီးတစ်ဦးရဲ့ မျက်တောင်ဟာ ရှည်ပြီးကော့နေရင် ဒီမျက်တောင် ကော့ကော့ကလေးကို လှတယ်လို့ မြင်တယ်။ ဘာကြောင့် လှတာလဲဆိုရင် မျက်တောင်တိုတိုထက် ရှည်ရှည်ကော့ကော့ကလေးဟာ "မျက်စိ" ကို ဖုံ၊ အမှိုက် စသည့် အန္တရာယ်တို့မှ ကာကွယ်ပေးနိုင်စွမ်းမှု ရှိလို့တဲ့။ ဒီလို ကာကွယ်မှု ပေးနိုင်စွမ်းတာ၊ မျက်လုံးကို အကျိုးပြုနိုင်မှု စွမ်းရည်ရှိတာဟာပဲ "အလှ" တဲ့။

ယောက်ျားမှာ ကျန်းမာသန်စွမ်းခြင်း၊ ယောက်ျားပီသခြင်းအဖြစ်နဲ့ ကြွက်သားဖွဲ့စည်းမှု ပေါ်ပေါ်လွင်လွင် ရှိတယ်။ ယောက်ျားပီသခြင်းဟာ "အလှ" ဖြစ်နေတယ်။ ဘာလို့လှတာလဲဆိုတော့ အဲဒီယောက်ျားရဲ့ ကျန်းမာသန်စွမ်းခြင်းဟာ အလုပ်ကောင်းစွာ လုပ်နိုင်ခြင်း၊ အန္တရာယ်တွေကို ခုခံတိုက်ခိုက်နိုင်ခြင်းဟာ အကျိုးပြုတဲ့ အစွမ်းသတ္တိ ရှိလို့ပဲတဲ့။ မိန်းမမှာတော့ ယောက်ျားလို ကြွက်သားဖွဲ့စည်းမှု မပေါ်လွင်ဘူး။ သူ့ခန္ဓာမှာ ဖုံးလွှမ်းထားတဲ့ အဆီပြင်တစ်မျိုး ရှိနေလို့ မိန်းကလေးဟာ အသားအရေ စိုးပြေပျော့ပျောင်း နူးညံ့နေတယ်။ ဒီအဆီပြင်ဟာ အစာရေစာ ပြတ်လပ်တဲ့အခါမှာ မိမိကိုယ်ထဲမှာ ကိုယ်ဝန်ဆောင်ထားတဲ့ သား၊ သမီးအတွက်တော့ အသက်ဆက်ရှင်နေနိုင်အောင် ဖန်တီးပေးနိုင်စွမ်း ရှိတယ်တဲ့။ ဒီလို အကျိုးပြုနိုင်စွမ်းတဲ့ အစွမ်းရှိလို့ အမျိုးသမီးရဲ့ အသားအရေ နူးညံ့ပျော့ပျောင်း စိုပြည်လန်းဆန်းခြင်းကို "လှတယ်" လို့ မြင်လာတာတဲ့။ ဒီနည်းအတူပဲ အမျိုးသမီးရဲ့ ရင်သား ပြည့်ဝဖွံ့ဖြိုးခြင်းဟာ သားသမီးငယ် အသက်ရှင်ဖို့အတွက် နို့ချိုတိုက်ကျွေးနိုင်ခြင်းဆိုတဲ့ အကျိုးပြုမှုရှိတယ်။ အမျိုးသမီးရဲ့ တင်ပါး အချိုးတကျ ပြည့်ဖြိုးကျယ်ပြန့်ခြင်းဟာ သားသမီးကို ကောင်းစွာ ကိုယ်ဝန်ဆောင်နိုင်ခြင်းဆိုတဲ့ အကျိုးတရားရှိတယ်။ အကျိုးပြုနိုင်မှု ရှိတယ်။ ဒီလို အကျိုးပြုနိုင်မှုအစွမ်း ရှိနေလို့ ပြည့်ဖြိုးကျယ်ပြန့်တဲ့ တင်ပါးကို လှပတယ်လို့ မြင်လာတာတဲ့။

ဒါကြောင့် အလှဆိုသည်မှာ အကျိုးတစ်စုံတစ်ရာ ပြုနိုင်စွမ်းခြင်း သို့မဟုတ် အလှဆိုသည်မှာ အသုံးဝင်ခြင်း ဖြစ်တယ်လို့ ဖွင့်ဆိုကြတာ ဖြစ်လိမ့်မယ်။

ချစ်တယ်ဆိုတာဟာ အဲဒီ လှတာကို ရယူချင်၊ ပိုင်ဆိုင်ချင်တာ ဖြစ်ပါလိမ့်မယ်။ ပိုပိုလှတာတွေ့တော့ ပိုပိုချစ်သွားတာတွေ ရှိမှာပေါ့။ ငါးစိမ်းမြင်တော့ ငါးကင်ပစ် ဆိုတာမျိုးတွေလည်း ရှိမှာပေါ့။ ဒါဖြင့် ချစ်ခြင်းမှာ ပိုလှတာကို ပိုချစ်တဲ့ သဘောရှိနေတော့ "မေတ္တာ" နဲ့ ခြားနားနေတယ်၊ မေတ္တာမှာက "ပို" သွားတယ်။ "လျော့" သွားတယ်ဆိုတာ မရှိဘူး။

ဗုဒ္ဓစာပေတွေမှာ ဂေါတမမြတ်စွာဘုရားက အင်မတန် လှပတင့်တယ်တဲ့ ဇနပဒကလျာဏီနဲ့ လက်ထပ်တော့မယ့် ညီတော် နန္ဒမင်းသားကို ခေါ်ထုတ်သွားတဲ့အကြောင်း ဖော်ပြထားပါတယ်။ အဲဒီလို ခေါ်သွားလို့ လမ်းတစ်နေရာမှာ မျောက်အိုမကြီး တစ်ကောင်ကို တွေ့တော့ ဂေါတမမြတ်စွာဘုရားက နန္ဒကို "အဲဒီ မျောက်အိုမကြီးနဲ့ ဇနပဒကလျာဏီ ဘယ်သူက ပိုလှသလဲ" လို့ မေးတယ်။ ညီတော်နန္ဒ စိတ်ဆိုးလိုက်မယ့်ဖြစ်ခြင်း၊ တွေးကြည့်လို့ ရပါတယ်။ အင်မတန်လှတဲ့ သူ့ဇနပဒကလျာဏီနဲ့ ဒီမျောက်အိုမကိုများ နှိုင်းပြီး မေးရသလားလို့ပေါ့။ ဒေါသတွေ ဖြစ်မှာပဲ။ ဒါနဲ့ ဂေါတမမြတ်စွာဘုရားက ညီတော်ကို နတ်ပြည်ခေါ်သွားပြီး နတ်သမီးကလေးတွေနဲ့ တွေ့ပေးလိုက်တယ်။ နတ်သမီးဆိုတော့ သိပ်ချောသိပ်လှနေမှာပေါ့။ ဂေါတမမြတ်စွာဘုရားကို ညီတော်က "ဒီနတ်သမီးတွေနဲ့ နှိုင်းစာရင် ဇနပဒကလျာဏီဟာ မျောက်အိုမကြီးလိုပါပဲဘုရား" လို့ ဖြေတယ်တဲ့။ ပြောရက်တယ်၊ ဇနပဒကလျာဏီဟာ မျောက်အိုမကြီးလိုပါပဲတဲ့။

ချစ်ခြင်းဆိုတာ .... ဒီလိုပါပဲ... ဘက်လိုက်တတ်တယ်၊ အလှသာတဲ့ဘက်ကို အလေးသာ ပေးလိုက်တယ်။ ဘက်လိုက်တယ်။ ချစ်ခြင်းဟာ မတည်ငြိမ်ဘူး။ ပို၍ ပို၍ လှတာနဲ့တွေ့ရင် ပို၍ ပို၍ ချစ်ချစ်သွားတယ်။ ချစ်ခြင်းဟာ မခိုင်ခံ့ဘူး။ ယိမ်းယိုင်တယ်။ သစ္စာမဲ့တယ်။ ကတိဖျက်တယ်။ မိန်းမက မလှတော့ဘူးဆိုရင် ယောက်ျားက မြတ်နိုးမှုတွေ လျော့လာတယ်။ ယုယုယယ ကြင်ကြင်နာနာတွေ မရှိဘူးဖြစ်လာတယ်။ ဆူဆူပူပူတွေ လုပ်လာတယ်။ အော်လား၊ ဟစ်လား၊ ဟိန်းလား၊ ဟောက်လားတွေ လုပ်တယ်။ အလျင်ကလို မချစ်တော့လို့ တစ်ဖက်သူကလည်း စိတ်ဆင်းရဲတယ်။ ဟုတ်တယ်၊ အချစ်ဆိုတာ ပြောင်းလဲဖောက်ပြန်တတ်တဲ့ သဘောရှိတယ်။

မေတ္တာကတော့ ယိမ်းယိုင်ဖောက်ပြန်ခြင်း မရှိဘူးတဲ့ဗျ။

ဇာတ်တော်တစ်နေရာမှာ သိပ်ကိုလှပတဲ့ အမျိုးသမီးငယ်ကို လက်ဆောင်ပဏ္ဏာတွေနဲ့ ချစ်ရေးဆိုလာသူရဲ့ ပြုမူပုံကို ဖော်ပြထားတာ ရှိတယ်။ အဲဒီ ချစ်ရေးလာဆိုသူက ပထမအခေါက်မှာ အမျိုးသမီးအတွက် လက်ဆောင်ပဏ္ဏာကို ရွှေလင်ပန်းနဲ့ ထည့်လာတယ်။ အမျိုးသမီးက ငြင်းဆိုလိုက်တယ်။ နောက်တစ်ခေါက် လာပြန်တယ်။ ဒီအခေါက်မှာ လက်ဆောင်ပဏ္ဏာတွေကို ငွေလင်ပန်းနဲ့ ထည့်ယူလာတယ်။ ဒီအခေါက်မှာလည်း အမျိုးသမီးက သူ့ကမ်းလှမ်းချက်ကို ငြင်းပြန်တယ်။ နောက်ဆုံးတစ်ခေါက် လာပြန်တယ်။ ဒီအခေါက်မှာတော့ သူက လက်ဆောင်ပဏ္ဏာတွေကို ကြေးလင်ပန်းနဲ့ ထည့်လာတယ်။

တစ်ခေါက်ထက် တစ်ခေါက် လက်ဆောင်ထည့်ယူလာပုံက ရွှေလင်ပန်းမှ ကြေးလင်ပန်းအဆင့်ကို ဆင်းသွားတယ်။ လက်ဆောင်ယူလာပုံ ညံ့ညံ့လာတာကို အမျိုးသမီးက သိတယ်။ ဒါကို အမျိုးသမီးက နောက်ဆုံးအခေါက်မှာ "ရှင်... ကျွန်မသိက္ခာကို စော်ကားတာလား၊ ဘယ်လိုလဲ" စသည်ဖြင့်ပေါ့ စိတ်ဆိုးပြီး မေးတော့၊ လက်ဆောင်ယူလာသူက သိက္ခာကို စော်ကားခြင်း မဟုတ်ရပါကြောင်း၊ ထိုက်တန်ရာကိုသာ ယူလာခြင်း ဖြစ်တဲ့အကြောင်း၊ အလှဆိုသည်မှာ တစ်နေ့ပြီးတစ်နေ့ ပိုပိုပြီး လှလှသွားတာ မဟုတ်ဘဲ၊ အလှဆိုတာ တစ်နေ့ပြီးတစ်နေ့ လျော့လျော့သွားတဲ့ သဘောသာ ရှိတဲ့အကြောင်း ဒါကြောင့် သူကလည်း လက်ဆောင်တန်ကြေးကို လျော့လျော့ယူခဲ့ခြင်းသာ  ဖြစ်ပါကြောင်း ပြန်ပြောတယ်တဲ့ဗျ။

ဟုတ်မှာပေါ့ဗျာ။ "အလှ" လျော့ရင် တန်ဖိုးလည်း ကျကျသွားတယ်၊ ချစ်ခြင်းကလည်း ယိုင်ယိုင်သွားတတ်တဲ့ သဘောရှိလိမ့်မယ်။ ရင့်ရော်ဟောင်းနွမ်း သွားတတ်တဲ့ သဘောရှိလိမ့်မယ်။ မေတ္တာရဲ့ သဘောကတော့ ယိမ်းတာယိုင်တာ မရှိဘူး၊ ဖောက်ပြန်သွားတာ မရှိဘူး။ ယွင်းယို ဆွေးမြေ့သွားတဲ့ သဘောမရှိဘူးလို့ ဖွင့်ဆိုဖို့ ပလေတိုးရဲ့ Symposium မှာ ဆော့ခရတ္တိက စိစစ်နေတာ။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


အကျိုးရှိရှိ နေသွားကြစမ်းပါ
အခုလူတွေက ဒီအလှ အချော ပညာတတ် အမျိုးမြတ်ဆိုတဲ့ လေးမျိုးလုံး ရှိရှိ မရှိရှိ အကြွားအမော်နဲ့ မာနတွေကို မချကြဘူး။ ဒီတော့ "ခွေးရူးကောင်းစား တစ်မွန်းတည့်" ဆိုတာလို ဖြစ်သွားကုန်တာပေါ့။ ကောင်းတဲ့ဘ၀မှန်း မသိကြဘူး။ ဘ၀ရိက္ခာ မစုဆောင်းတတ်ကြဘူး။ လောကကြီးထဲမှာ နေတဲ့အခိုက် အကျိုးရှိရှိ နေသွားကြစမ်းပါ။ ဘ၀မြင့်တက်လာအောင် ပြုပြင်ကြပါ။ စွမ်းအားရှိသမျှ ဒါနကို ဆည်းပူး၊ သီလကို ဆောက်တည်၊ ဘာဝနာရိက္ခာကို များများစုသွားကြစမ်းပါ။ အလောင်းတော်ကြီးများကို ကြည့်ပြီး အတုယူကြစမ်းပါ။

ယခုအထိ မရပ်ကြသေးဘူး
"ပြဒါး သေ တစ်ဆွေ ၀၊ သံ သေ တစ်ပြည် ၀" ဆိုပြီး ရှင်မထီးနဲ့ ရှင်အဇ္ဇဂေါဏတို့က လုပ်ပြလိုက်ပြန်တော့ ဘာမျှ ယူစရာမရှိအောင် ဖြစ်ကြရတော့တာပေါ့။ "ရွှေတောင် ဖြစ်နေကြမှတော့" ဆိုပြီး လူတွေဟာ မော်ကြွားဝတ်စား ဘုရားတည် ဒါနပြုလာခဲ့ကြတာ၊ အဲဒီခေတ်ကစပြီး ဒါန ဦးကျိုးလာခဲ့တာ ယခုအထိ မရပ်ကြသေးဘူး။

သွားပြီ အ၀ီဝိ
ဘုန်းကြီးရော လူရောပါပဲ၊ မလှူလို့ ငရဲ မရောက်ဘူး၊ သီလ မလုံလျှင်တော့ သွားပြီ အ၀ီစိ။

ဓမ္မပဒဂါထာ (၈၁)


သေလော ယထာ ဧကဃနော၊ ၀ါတေန န သမီရတိ။
ဧ၀ံ နိန္ဒာပသံသာသု၊ န သမိဉ္ဇန္တိ ပဏ္ဍိတာ။

ကျောက်တောင်လိုလူ
အခေါင်းအပေါက်မရှိ
ကျောင်းသားပကတိပြီးတဲ့
တစ်ခဲနက်ကျောက်တောင်ကြီးဟာ
အရပ်ရှစ်မျက်နှာက
တိုက်ခတ်လာတဲ့လေကြောင့်
လုံးဝ မတုန်လှုပ်သလို..
ပညာရှိသူတော်ကောင်းတွေဟာလည်း
ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း
လာဘ်ရခြင်း၊ လာဘ်မရခြင်း
အခြံအရံ အကျော်အစော ရှိခြင်း၊ မရှိခြင်း
ချမ်းသာခြင်း၊ ဆင်းရဲခြင်း
လောကဓံတရားရှစ်ပါးကြောင့်
လုံးဝ မတုန်လှုပ်ကြပါဘူး။

Monday, September 27, 2010

ကိုဉာဏ် မှတ်စုများ [၂၆ ၊ စက်တင်ဘာလ၊ ၂၀၁၀]


မှတ်စု (၁)
ခေါင်းစဉ် - ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း (NDF) ပါတီနှင့် တွေ့ဆုံခြင်း
မေးမြန်းသူ - မင်းကံလှ
နေရာ - TRUE NEWS (သစ္စာ)ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၄၊ ၂၁ စက်တင်ဘာ ၂၀၁၀၊ စာမျက်နှာ-၂၁၊ ၂၂

……….
(အမှန်အတိုင်းပြောရရင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခန်းတွေကို မဖတ်ဖြစ်တာ များပါတယ်။ ပါတီခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်လောင်းတွေဟာ ဒါလိုပဲ ဖြေတတ်၊ ပြောတတ်ကြသလားလို့ မေးရလောက်အောင် အဖြေတွေ၊ အပြောတွေက တူနေတတ်ကြလွန်းလို့ပါ။ ဆိုင်တယ်ထင်တဲ့ ဥပမာတစ်ခု ပေးရမယ်ဆိုရင်တော့ ရုပ်ရှင်မင်းသမီးငယ်လေးတွေ၊ မင်းသားငယ်လေးတွေကို အင်တာဗျူးတဲ့အခါ ချစ်သူမရှိသေးပါဘူးလို့ အားလုံးနီးနီးက တစ်ပုံစံတည်း ဖြေကြပုံမျိုးပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်းတော့ အဲဒီလို အင်တာဗျူးတွေကို ဂရုတစိုက် ဖတ်ဖြစ်တတ်ပါတယ်။ ဘယ်သူက ဘယ်လိုပြောခဲ့သလဲဆိုတာ နောင်တစ်ချိန်မှာ အသုံးဝင်လာမယ်လို့ ထင်လို့ပါ။ တော်တော်ကြာ နောင်ကျတော့မှ ဘယ်တုန်းက ပြောခဲ့တယ်လေဆိုရင် ပြန်ရှာပြီး ဖတ်နေရမှာစိုးတဲ့အတွက် အခုကတည်းက အချိန်ပေးပြီးတော့ကို သေသေချာချာ ဖတ်ဖြစ်နေပါတယ်။ သဘောကျတာတွေလည်းရှိ၊ သဘောမကျတာတွေလည်း ရှိပေါ့ဗျာ။ ပြီးခဲ့တဲ့အပတ်ထုတ် သစ္စာဂျာနယ်မှာ ဖတ်ရတဲ့ အင်တာဗျူးထဲက ကောက်နုတ်ချက်လေးတွေကို ဖတ်ကြည့်ဖို့ ဝေငှပါရစေဦး။

NLD ခွဲထွက်လို့ အများသိကြတဲ့ NDF က ခေါင်းဆောင်တစ်ဦးရဲ့ ပြောကြားချက်လေးနဲ့ ဖွင့်ပါရစေ။ တွေးစရာကောင်းလွန်းလို့ ခဏခဏ ဖတ်ကြည့်မိ၊ တွေးကြည့်နေမိပါတယ်။ အဟောင်းတွေကို ဖက်တွယ်ထားဆဲ လူတွေကတော့ ဒါကို ဖတ်ပြီးရင် ကြိုက်ကြမယ် မထင်ဘူး။ ဖတ်ကြည့်ပါဦး။)

"ကျွန်တော်တို့ နိုင်ငံရေးတာဝန် မကျေတာတွေကို ပေးဆပ်ဖို့အတွက် ဒီပါတီကို ထောင်ပြီးတော့ ဒီမိုကရေစီ တံခါးပေါက်ကို ဖွင့်တာပါ။ ဘယ်လောက် ဖွင့်နိုင်မယ်၊ မဖွင့်နိုင်ဘူးဆိုတာ ပြည်သူပေါ်မှာလည်း မူတည်တယ်" တဲ့။ (ကဲ… ဘယ်လောက်များ စဉ်းစားစရာ ကောင်းလိုက်သလဲ။)

(အောက်က ကောက်နုတ်ချက်တွေကိုတော့ ကျွန်တော့်အမြင်တွေ ထည့်ရေးမနေတော့ပါဘူးဗျာ။ ဒီအတိုင်းပဲ တင်ပြလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။)

ပြည်သူ့လွှတ်တော်မှာ ၀င်ပြိုင်ဖို့က ၃၃၀ ပဲ ရှိပါတယ်။ သူတို့မှာ တစ်ထောင်ပဲရှိရှိ၊ နှစ်ထောင်ပဲရှိရှိ ပြည်သူ့လွှတ်တော်မှာ ၃၃၀ ပဲ ပြိုင်ရမှာပါ။ ကျွန်တော်တို့လည်း ပြည်သူ့လွှတ်တော်မှာ တစ်ရာကျော်ရှိတယ်။ ဦးအိုက်ပေါင်းပါတီက ၅၇ ယောက်လောက် ရှိတယ်။ ဦးသုဝေပါတီက ၃၀ လောက် ရှိတယ်။ ဒီ့ပြင် ဒီမိုကရက်တစ်ပါတီတွေနဲ့ ပေါင်းလိုက်ရင် ၃၀၀ ကျော်လောက် ရှိတယ်။ သုံးရာချင်းပြိုင်တာက သိပ်မဆန်းပါဘူး။ လွှတ်တော်ထဲမှာ ပြည်သူကသာ တကယ်လို့ တကယ်တမ်းဒီမိုကရေစီပေးနိုင်မယ့် လူတွေကိုပဲ ရွေးချယ်ချင်လို့ရှိရင် ပြည်သူဟာ အမှန်အကန် ရွေးတယ်ပေါ့ဗျာ။ ပြည်သူဟာ ပိုက်ဆံနောက်လိုက်ပြီးတော့ ရွေးမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူးပေါ့။

ဥပဒေပြုအာဏာကို နှစ် နှစ်ဆယ်ကြာမှ ပေးလာတဲ့ နိုင်ငံသားအခွင့်အရေးကို ယူပြီးတော့ မဲမပေးဘဲနဲ့ ၀င်မပြိုင်ဘဲနဲ့ လွှတ်လိုက်မယ်ဆိုလို့ရှိရင် ခင်ဗျားတို့ပဲ အုပ်ချုပ်ပါတော့လို့ ပေးလိုက်သလို ဖြစ်သွားမှာပေါ့။ အဲဒီအခါမှာ ဘယ်သူနစ်နာမလဲ၊ ပြည်သူပဲ နစ်နာမှာပေါ့။ ထဲထဲဝင်ဝင် ပြောနိုင်တာကတော့ ကျွန်တော်တို့ပါတီရဲ့ အဓိက သဘောထားကတော့ အခြေခံဥပဒေကို ပြင်ဖို့ပါပဲ။ နှစ်ဆယ်ရာခိုင်နှုန်းသော အမတ်များက တောင်းဆိုလို့ရှိရင် အခြေခံဥပဒေပြင်ရေးကို ဆွေးနွေးလို့ရပြီ။ ဘယ်လိုအခြေအနေ လုပ်မယ်ဆိုတာ လွှတ်တော်ထဲမှာ အချေအတင် ဆွေးနွေးဆုံးဖြတ်လို့ရပြီ။

ဥပဒေပြုအာဏာကို ကျွန်တော်တို့ ကိုင်တွယ်နိုင်ပြီ ဆိုလို့ရှိရင် ဒါတွေအားလုံးကို ဖြေရှင်းသွားလို့ရတာပေါ့။ အဲဒီအခါကျမှ Anti Trust Law (လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးဥပဒေတွေ) လုပ်လို့ရမယ်။ ဂက်စ်ကရတဲ့ ၀င်ငွေတွေနဲ့ ကျွန်တော်တို့က တစ်နှစ်ဆိုလို့ရှိရင် run လုပ်လို့ရပြီ။ အပြင်ထုတ်မရောင်းလို့ရှိရင် ပြည်တွင်းမှာ အလုံအလောက်ရပြီ။ ရေကတော့ မိုးပေါ့။ ဒါတွေက ဥပဒေပြုအာဏာသာ ပိုင်စိုးပြီဆိုရင် မမှန်ကန်တဲ့ မတရားတဲ့ဟာတွေကို ဖယ်ရှားနိုင်မှာပါ။

ကျွန်တော်တို့က ဥပဒေတစ်ခုအောက်မှာ လုပ်နေရတာဆိုတော့ ဒါကို တွန်းလှန်ဖို့ လွှတ်တော်ထဲ သွားချင်တာကိုး။ အခက်အခဲတွေ ကျော်ချင်လို့ လွှတ်တော်ထဲသွားတာကိုး။ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ လိုချင်လို့ လွှတ်တော်ထဲသွားတာကိုး။

လမ်းမမှာ အော်လို့ရှိရင် မရနိုင်ပါဘူး။ စိတ်ဓာတ်ကို လျှော့ချလို့မရဘူးလေ။ အနှစ် နှစ်ဆယ်လုံးလုံး ကျွန်တော်တို့ အားပြိုင်နိုင်ငံရေး၊ ထိပ်တိုက်ရင်ဆိုင်ရေး လုပ်ခဲ့ပြီးပြီ။ ရွာ မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် အချိန်တန်ရင် ရွာ တွေ့လာမှာပါ။
(အခုမရှိတော့တဲ့ တစ်ချိန်က အထင်ကရ နိုင်ငံရေးပါတီကြီးတစ်ခုမှာ ကာလအတန်ကြာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင် ဆောင်ရွက်ခဲ့ကြသူတွေရဲ့ စကားသံတွေပါ။)

ဒီမိုကရေစီနိုင်ငံတစ်ခုကို သွားမယ်ဆိုလို့ရှိရင် တရားဝင်တဲ့ နိုင်ငံရေးပါတီတစ်ခု ရှိကိုရှိနေရမယ်။ ဒီပါတီဟာ ချက်ချင်းလုပ်နိုင်တာ မလုပ်နိုင်တာ အပထား။ ဒီပလက်ဖောင်းတစ်ခုကတော့ ရှိကိုရှိသင့်တယ်။ ဘာကြောင့်လဲ၊ နိုင်ငံရေးဆိုတာ အမြဲတမ်း တသမတ်တည်း မဟုတ်ဘူး။ အခုဖြစ်နေတဲ့ အခြေအနေဟာ အမြဲတမ်းရှိနေမှာ မဟုတ်ဘူး။ လူသော်လည်းကောင်း၊ မူသော်လည်းကောင်း၊ အခြေအနေသော်လည်းကောင်း အပြောင်းအလဲဆိုတာ ရှိလာမှာပဲ။ ကျွန်တော်တို့ ခေါင်းထဲမှာ ရှိနေတာတွေလည်း ပြောင်းလဲလာမှာပဲ။

ဒီမိုကရေစီရဲ့ အကျိုးကျေးဇူးကိုတော့ ခံစားချင်ကြတယ်။ သွားရည်ကျကြတယ်။ သို့သော် ဒီမိုကရေစီသွားမယ့် လမ်းကြောင်းမှာ ၀ိုင်းပြီးတော့ ဒီမိုကရေစီလမ်းကြောင်းကို ရောက်အောင်လုပ်မယ် ဆိုတဲ့အခါကျတော့ အမျိုးမျိုးဖြစ်လာရော။ ရွေးကောက်ပွဲဆိုတာဟာ ဘာပဲဖြစ်ဖြစ် ကောင်းသည်ဖြစ်စေ၊ လောလောဆယ်မှာ မကောင်းသည်ဖြစ်စေ၊ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ ဒါဟာ ဒီမိုကရေစီရဲ့ လက္ခဏာတစ်ခုပဲ။ ဒီမိုကရေစီသွားမယ့် လမ်းကြောင်းမှာ ရွေးကောက်ပွဲမပါဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခု မကောင်းရင်လည်း နောက်တစ်ခါ ဒီထက်ကောင်းအောင် လုပ်မယ်။ အခုတစ်ခါလည်း ငါတို့ အတတ်နိုင်ဆုံး ကောင်းအောင်လုပ်ရမယ်။ မရလည်း နောက်တစ်ခါ ဒီထက်ကောင်းအောင် လုပ်မယ်။ ဒီလိုပဲ သွားကြမယ်ဆိုတဲ့ ဇွဲနဲ့ ရည်မှန်းချက် မရှိဘဲနဲ့တော့ ရောက်မှာမဟုတ်ဘူး။

ကိုယ့်ဘေးနိုင်ငံတွေကိုကြည့်၊ အာဏာရှင်တွေ လက်အောက်ကနေပြီးတော့ ဘယ်လိုရုန်းထွက်ခဲ့ကြသလဲ။ ဗြုန်းကနဲ နတ်ရေကန်ထဲ ကျသွားသလိုတော့ မဖြစ်ပါဘူး။ အဲဒီလို အမြင်မရှိဘဲနဲ့ နိုင်ငံရေးမလုပ်ပါဘူး။

(အပေါ်မှာဖော်ပြခဲ့တာတွေက တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားတာတွေထဲက ကောက်နုတ်ထားချက်တွေပါ။ စာမျက်နှာ ၂၁ မှာ မပြီးသေးတဲ့အတွက် စာမျက်နှာ ၂၂ ကို ညွှန်းလို့ ဆက်ဖတ်ရပါတယ်။ အဲဒီလို ဖတ်နေရင်းနဲ့ အစပိုင်းမှာတော့ သူ့အဆက်နဲ့သူ ဟုတ်နေတာပါပဲ။ မဟုတ်တာက အောက်ဆုံးနား ရောက်လာတဲ့အခါမှာ ဖတ်ရတဲ့ မေးခွန်းတွေနဲ့ ဖြေထားတာတွေပါပဲ။ NDF က ပုဂ္ဂိုလ်နှစ်ဦးကို မေးမြန်းမှုတွေကို ဖော်ပြနေရာကနေ ဘယ်ကိုဘယ်လို ရောက်သွားမှန်း မသိလောက်အောင် ဆက်စပ်လို့မရ ဖြစ်သွားရပါတယ်။ ဦးခင်မောင်ဆွေ ဖြေဆိုထားတယ်ဆိုတဲ့အောက်မှာ ပါနေတဲ့ စာသားအချို့ကို ဖတ်ကြည့်ပါဦး။)

အန်ကျယ်တို့ပါတီက လူမျိုးရေးကို အခြေခံထားတဲ့ ပါတီ။ သိပ်ပြီးတော့ မူဝါဒဘာညာပြောနေလဲ သိပ်ပြီးတော့ စိတ်မ၀င်စားကြပါဘူး။

(ကဲ… ကျွန်တော့်မှာ ဖတ်နေရင်း ဘယ်လိုဖြစ်သွားရမလဲဆိုတာ စဉ်းစားသာကြည့်ပါတော့ဗျာ။ နောက်တစ်ခုက အပေါ်မှာသေချာဖတ်ရင် သတိထားမိတဲ့လူတွေ ရှိပါလိမ့်မယ်။ အခြားမဟုတ်ပါဘူး။ အန်ကျယ်ဆိုတဲ့ စာလုံးပေါင်းအမှားပါ။ ကိုဉာဏ်က သူများကိုကျတော့ ပြောပြီးတော့ သူကျတော့ စာလုံးပေါင်းတောင် မှန်အောင်မရိုက်ဘူးလို့ အပြစ်တင်မစောစေချင်ပါဘူး။ ဂျာနယ်ထဲမှာ ပါတဲ့အတိုင်း သူတို့က အန်ကျယ်ဆိုတော့ ကျွန်တော်ကလည်း အန်ကျယ်လိုက်ရတာပါ။)

(ဘာမှအဆက်အစပ် မရှိပေမယ့် အဲဒီအောက်မှာ ပါတဲ့အကြောင်းအရာတစ်ခုကလည်း စိတ်ဝင်စားစရာကောင်းသား။ ဖတ်ကြည့်ပါဦးလားဗျ။)

ဖွဲ့စည်းပုံအခြေခံကတော့ အစိုးရက စစ်အစိုးရကိုး။ ဥပမာ - အန်ကယ်က အစိုးရဖြစ်တယ်ဆိုရင်လည်း အန်ကယ့်သဘောပဲ ကြိုက်တာဆွဲမှာပဲ။ သဘာဝကျပါတယ်။ ဒီအပေါ်မှာ ကြည့်ပြီးတော့ ကြိုက်တာ မကြိုက်တာကတော့ ထားလိုက်တော့။ တိုင်းရင်းသားတွေပေါ်မှာက ကောင်းပါတယ်။ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီးတော့ အန်ကယ်သဘောကျပါတယ်။ အကုန်လုံး ဦးစားပေးထားပါတယ်။ အဲဒါကို သိပ်သဘောကျပါတယ်။

(အောက်ဆုံးနားမှာ ဖတ်ရတဲ့ဟာတစ်ခုကိုလည်း ဖတ်ကြည့်ပါဦး-)
"စည်းရုံးရေးလုပ်တဲ့အခါမှာ ပြည်သူတွေက လက်ခံတယ်။ ကျားဖြူကို မဲပေးမယ်နော်၊ မဲပေးမယ်နော် ဆိုတာတွေ ပြောကြတော့ ၀မ်းသာရပါတယ် " တဲ့။

(ကဲ… မမိုက်ပေဘူးလား။ တွေ့ဆုံဆွေးနွေးတာက NDF က ပုဂ္ဂိုလ်နှစ်ဦးကို။ ဟော… ပြောနေလိုက်တာက ကျားဖြူတွေရော၊ လူမျိုးရေးတွေရော။ အပြစ်ရှာသလို ဖြစ်နေတဲ့ ကျွန်တော်ကိုဉာဏ်ပဲ လွန်သလား၊ ပြည်သူတွေက နိုင်ငံရေးကို စိတ်မ၀င်စားကြဘူးလို့ အပြောခံရမှာစိုးလို့ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကာမှ တလွဲတွေဖတ်ရအောင်လုပ်တဲ့ ဂျာနယ်ကပဲ လွန်သလားဆိုတာ အခုဘလော့ဂ်ဖတ်သူကပဲ စဉ်းစားကြည့်ပါဗျာ။ ဒီအမှားကတော့ လုံးဝကို မမှားသင့်တဲ့အမှားလို့ ထင်ပါတယ်။ စာလုံးပေါင်းမှားတာ၊ နာမည်လွဲနေတာမျိုးကို နားလည်ပေးလို့ရပါတယ်။ အခုလို ဘာမှမဆိုင်တာတွေ လွဲနေတာကိုတော့ လုံးဝကို မဖြစ်သင့်ဘူးလို့ မြင်မိပါတယ်။ တစ်ခုခုကို ပြောချင်လို့ အကိုးအကားနဲ့ ပြောတဲ့အခါ ပုံနှိပ်မီဒီယာအဖြစ် ထုတ်ဝေထားတဲ့ ဒီဂျာနယ်မှာ ဒီလူတွေက ဒီလိုပြောထားပါတယ်ဆိုပြီး ငြင်းခုန်ကုန်ကြရင် မခက်ပေဘူးလား။ ကျွန်တော်က အတွေးချော်ပြီး အစိုးရိမ်လွန်နေတာလည်း ဖြစ်ကောင်းဖြစ်မှာပါလေ။ သို့ပေသောကြောင့် ကျွန်တော်ဖတ်မိ အပြစ်ရှိသည် လို့ပဲ မှတ်ယူလိုက်ပါတယ်။)

မှတ်စု (၂)
ဆောင်းပါးအမည် - ၉၀ နီး လီကွမ်းယူရဲ့ အာဘော်အချို့
ရေးသူ - မောင်ဝံသ
နေရာ - TRUE NEWS (သစ္စာ) ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၄၊ မှန်တာပြောသစ္စာ၊ စာမျက်နှာ-၂၄

…………..
လီဟာ ရုပ်ပိုင်းဆိုင်ရာ အတော်ကျလာပြီဖြစ်ပေမယ့် တတ်နိုင်သလောက် ကျန်းမာရေး လိုက်စားတယ်။ ရေကူးတယ်။ စက်ဘီးစီးတယ်၊ အနှိပ်ခံတယ်၊ အဲဒါတွေထက် သူ့ကိုပိုပြီး ကျန်းမာစေတဲ့ ဆေးကတော့ တစ်နေ့တစ်နေ့ နာရီနဲ့အမျှ အစည်းအဝေးတွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ မိန့်ခွန်းပြောရတာတွေကို ဆက်တိုက်လုပ်နေတာပါပဲ။ ပြည်တွင်းမှာရော ပြည်ပမှာပါ လှည့်လည်စည်းဝေးနေတာ ဖြစ်တယ်။

"ကျုပ်သိတယ်၊ ကျုပ်နားလိုက်ရင် တောင်စောင်းက လိမ့်ကျသလို ကျသွားတော့မှာပဲ" လို့ သူကပြောတယ်။ သူဟာ နားနေချိန်ရယ်လို့ မထားဘဲ အလုပ်ကို ဇယ်ဆက်သလို လုပ်နေလို့ ကျန်းမာနေတယ်။

"ကျွန်တော်လုပ်ခဲ့သမျှတွေဟာ အမှန်ချည်းပဲလို့ မပြောချင်ပါဘူး။ ဒါပေမယ့် လုပ်ခဲ့သမျှဟာ ဂုဏ်သိက္ခာအတွက် လုပ်ခဲ့တာတွေပါ" လို့ သူက ပြောတယ်။

တရုတ်စကားပုံတစ်ခုကို လီက ကိုးကားပြီး ပြောတယ်။

"လူတစ်ယောက်ကို သူ့အခေါင်း အဖုံးပိတ်ချိန်အထိ မဆုံးဖြတ်ပါနဲ့၊ အခေါင်းအဖုံးပိတ်ပြီးမှ အကောင်းအဆိုး အကဲဖြတ်ပါ" လို့ ပြောတယ်။

"ကျုပ်ကတော့ အခေါင်းအဖုံး ကျုပ်အပေါ် မပိတ်ခင်အထိ မိုက်မဲတာတွေကို လုပ်ကောင်းလုပ်နေဦးမှာ" ပါတဲ့ဗျာ။

မှတ်စု (၃)
ဆောင်းပါးအမည် - နိုင်ငံခြားကမှာတဲ့ အမေ့ပါးက သနပ်ခါး
ရေးသူ - လူထုစိန်ဝင်း
နေရာ - နေရာ - TRUE NEWS (သစ္စာ) ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၄၊ စာမျက်နှာ-၂၄၊ ၂၅

…………
ရန်ကုန်မြို့ကြီးမှာလည်း ဘယ်နေရာကြည့်လိုက်၊ ကြည့်လိုက် ကြေးအိုးဆိုင်တွေ၊ အကင်ဆိုင်တွေနဲ့ ခုနစ်လွှာပေါက်စီဆိုင် ဆိုတာတွေချည်း တွေ့နေရတယ်။ နေရာကောင်းကောင်း သားသားနားနား ဆိုင်ကြီးတွေမှာဆိုရင်တော့ ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကင်နဲ့ ဘီယာကောင်းကောင်း၊ ၀ိုင်ကောင်းကောင်းတွေ ရတယ်။ အရှေ့တိုင်းစာဆိုရင် ဆူရှီးထမင်းလိပ်၊ ကိုရီးယားကင်ချီနဲ့ ပဲခေါက်ဆွဲ၊ ယိုးဒယားကြက်ဆီထမင်း နေရာတိုင်းလိုလိုမှာ ရတယ်။ မုန့်ဖက်ထုပ်လို၊ မုန့်ပေါင်းလို၊ မုန့်လင်မယားလို၊ မုန့်စိမ်းပေါင်းလို စားချင်ရင်တော့ လမ်းကြိုလမ်းကြားတွေမှာ မနည်းလိုက်ရှာမှ တွေ့နိုင်တော့တယ်။

ရန်ကုန်မြို့ကြီးမှာ ဘယ်စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်ဝင်ဝင်၊ ဘယ်နိုက်ကလပ်နဲ့ ကာရာအိုကေဆိုင်သွားသွား မြန်မာသံ၊ မြန်မာသီချင်း မကြားရဘူး။ ဘာတွေမှန်းမသိတဲ့ စုပေါင်းစပ်ပေါင်း "ကကတစ် သီချင်း" တွေပဲ ကြားရတယ်။
……………
သင်္ကြန်ပွဲတော်ဆိုရင်လည်း အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ တော်တော်ခမ်းခမ်းနားနား စည်စည်ကားကား ကျင်းပကြတယ်။ မြန်မာအကတွေ မြန်မာသီချင်းတွေနဲ့ ဖျော်ဖြေကြတယ်။ မြန်မာအစားအစာတွေနဲ့ တည်ခင်းဧည့်ခံကြတယ်။ တူးပို့တူးပို့ အသံလည်း မြူးမြူးကြွကြွ ပေါ်ထွက်နေတယ်။

မြန်မာ့ယဉ်ကျေးမှု ကမ္ဘာပြန့်
ဒါတွေ စဉ်းစားမိတိုင်း ၀မ်းသာရတယ်။ အားတက်ရတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ မြန်မာ့ရိုးရာ အစားအစာတွေဟာ ဘယ်တော့မှ ပျောက်ကွယ်မသွားနိုင်ဘူးဆိုတာ သေချာတယ်။ ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမှာ မှေးမှိန်သွားတောင် နယူးယောက်၊ ၀ါရှင်တန်၊ ဖလော်ရီဒါ၊ အယ်လ်အေနဲ့ ဆန်ဖရန်စစ္စကို၊ လန်ဒန်နဲ့ ပဲရစ်၊ စတော့ဟုမ်းနဲ့ အော်စလို၊ ဆစ်ဒနီနဲ့ မဲလ်ဘုန်း၊ ပါ့သ်နဲ့ ကင်ဘာရာ၊ ဇင်းမယ်နဲ့ မဲဆောက် စတဲ့ မြို့ကြီးတွေမှာ ထွန်းကားစည်ပင်နေကြမှာပဲ။ ဗုဒ္ဓဘာသာဟာ အိန္ဒိယနိုင်ငံမှာ စတင်ခဲ့တာ ဖြစ်ပေမယ့် မျက်မှောက်ခေတ်ကာလမှာ မူရင်း အိန္ဒိယမှာ မှေးမှိန်သွားပြီး ကမ္ဘာ့နေရာအနှံ့မှာ ထွန်းကားစည်ပင်နေတယ် မဟုတ်လား။

……….
မြန်မာ့ယဉ်ကျေးမှုရဲ့ အနာဂတ်ကို တွေးပြီး ကြည်နူးပီတိတွေ ဖြာဝေနေဆဲမှာပဲ ရုတ်တရက် နားထဲကို စူးစူးဝါးဝါး အသံတစ်ခု တိုးဝင်လာတဲ့အတွက် အရသာ ပျက်သွားတယ်။ ဘာသံပါလိမ့်လို့ နားထောင်လိုက်တော့ ကမ္ဘာ့ဖလား ဘောလုံးသီချင်းကို ခိုးကူးထားတဲ့ သီချင်းသံဖြစ်နေမှန်း သိလိုက်ရလို့ ပင့်သက်ချလိုက်မိတယ်။

မှတ်စု (၄)
သတင်းခေါင်းစဉ် - တရုတ်စီးပွားရေး၏ အရွယ်ပမာဏ
ရေးသူ - စိုးအုပ်
နေရာ - TRUE NEWS (သစ္စာ) ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၄၊ စာမျက်နှာ-၃၅

………..
စီးပွားရေးလုပ်ငန်းတွေအကြောင်း အစီရင်ခံစာ ရေးသားပြုစုဖို့ဆိုတာ စီမံကိန်း စီးပွားရေးစနစ်ကို ကျင့်သုံးနေချိန်နဲ့ စီးပွားရေးမှာ နယ်ပယ်တွေ နှိုင်းယှဉ်ချက်အရ နည်းပါးနေသေးတဲ့ အချိန်မှာတော့ ပိုမိုလွယ်ကူခဲ့ပါတယ်။

အခုအချိန်မှာ တရုတ်စီးပွားရေးဟာ အဲဒီလို မဟုတ်တော့ပါဘူး။ ပိုပြီး ပွင့်လင်းလွတ်လပ်၊ ပိုပြီး အရင်းရှင်ဆန်တဲ့ စီးပွားရေး ဖြစ်လာခဲ့ပါပြီ။ ဘယ်သူမဆို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်နိုင်ပြီး စီးပွားရေးလုပ်ငန်း တစ်ခုလုံးဟာလည်း အချိန်တိုအတွင်းမှာ ဖွံ့ဖြိုးတိုးတက်သွားနိုင်ပါတယ်။ အဲဒီအခြေအနေက စီးပွားရေးကို ခြေရာကောက်ရာမှာ အစိုးရကို အခက်အခဲ တွေ့စေပါတယ်။ "ဥပမာတစ်ခု ပြောရရင် တစ်နိုင်ငံလုံး စီးပွားရေး စန်းပွင့်နေချိန်မှာ ရှင်က စားသောက်ဆိုင်တစ်ခု ဖွင့်လိုက်တယ်ဆိုပါစို့။ ဘယ်သူကမှ ရှင့်ဆီလာပြီး ရှင့်လုပ်ငန်း အခြေအနေအကြောင်း သတင်းပို့ဖို့ ပြောမှာ မဟုတ်ဘူး။ ဒါပေမယ့် စီးပွားရေးလည်း ကျဆင်းသွားရော ဆိုင်လည်း ဖရိုဖရဲဖြစ် ဘယ်သူကမှလည်း သတိပြုမိကြတော့မှာ မဟုတ်ဘူးလို့ သူမ (တရုတ်ပြုပြင်ပြောင်းလဲရေး ဖောင်ဒေးရှင်းမှ ၀န်ဇောင်လူး) က ပြောပါတယ်။

"ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတစ်နိုင်ငံက ဘယ်လောက် ပံ့ပိုးနိုင်သလဲ ဆိုတဲ့ကိစ္စက အဲဒီနိုင်ငံရဲ့ စီးပွားရေးအရွယ်အစား ကိစ္စထက် ပိုအရေးကြီးပါတယ်။ အဲဒီရှုထောင့်ကကြည့်ပြီး ပြောရရင် တရုတ်ဟာ ဂျပန်ကို လွန်ခဲ့တဲ့ နှစ်အတန်ကြာလောက် ကတည်းက ကျော်လွန်ခဲ့ပြီဆိုတာ သေချာပါတယ်" လို့ သူက ပြောပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၃ နာရီ ၂၀ မိနစ်တွင်ပြီး၏။

အလှဟူသည် - မောင်ဟေမာ


မလှမည်စိုး၊ လှအောင်ကြိုးရင်း
တစ်မိုးချုပ်ရ၊ စိတ်ကြောင့်ကြနှင့်
ငါ့ညီမငယ် မစံပယ်။

အဘယ်သို့လျှင်၊ သင်ပြုပြင်က
အသွင်လှမည် ထင်သနည်း။

လက်သည်းချွန်ကာ၊ ဆေးဆိုးကာနှင့်
မျက်နှာသခြယ်၊ လှဖို့ရွယ်၍
ထည်ဝါပလွှား၊ ရောင်တောက်ကြွားကို
ဝတ်စားပြုပြင်၊ သင်ဆင်ယင်လည်း
အမြင်မလှ ရှိတတ်စွ။

မိဘမောင်ဘွား၊ မကူအားဘဲ
ဝတ်စားခြယ်သ၊ ဟန်ရေးပြဖို့
လမ်းမသို့ထွက်၊ နေ့ရက်ဆက်၍
ယွင်းပျက်တာဝန်၊ မကျေပွန်သော်
အလွန်မလှ ရှိတတ်စွ။

အလှသည်ကား၊ ပင်ကိုအားပင်
ဝတ်စားသွယ်သွယ်၊ ရောင်စုံခြယ်လည်း
တကယ်မလှ၊ အရွယ်ကျနှင့်
ကွယ်ပသောခါ၊ ဘယ်သူလာ၍
လှပါသည်ဟု ပြောအံ့နည်း။

ကျရာနေရာ၊ ကိုယ့်ဝန်တာကို
ကျေစွာရွက်ထမ်း၊ အလှပန်းပင်
မနွမ်းမညှိုး၊ နေမထိုး၍
တန်ဖိုးရှိစွ ဂုဏ်ရှိစွ။

ငါတို့ညီမ၊ မြစံပယ်ငဲ့
မလှပန်းလျှင်၊ လှပန်းထင်၍
အမြင်ကွဲလွဲ၊ အကဲပိုပို
ဆန်းဆိုသမျှ၊ ၀တ်စားပြ၍
မလှမည်စိုး၊ လှအောင်ကြိုးရင်း
မိုးချုပ်နေကုန်၊ ချိန်မကုန်နှင့်
လူ့ဘုံအတွက်၊ တာဝန်ဆက်၍
ထက်မြက်ရွက်ထမ်း၊ အလှပန်းကို
ဆင်မြန်းနိုင်ဖို့၊ ပြုပြင်စို့။

အရင်းရှင်စနစ်နှင့် ဒီမိုကရေစီအတွဲအစပ် လက်တွေ့ပြဿနာ - မောင်စူးစမ်း


mgsusan.jpg
တန်ဖိုးနှစ်မျိုး
ဒီမိုကရေစီအကြောင်းပြောလျှင် အရင်းရှင်စနစ်အကြောင်း တွဲပြောမည်။ သို့ဖြင့် ဒီမိုကရေစီနှင့် အရင်းရှင်စနစ်တို့သည် မဟာမိတ်လား၊ နှစ်ခုကြား တင်းမာမှုတွေ မရှိဘူးလား၊ ၀ိရောဓိတွေမရှိဘူးလား စသည်ဖြင့် မေးခွန်းတွေမေးကြသည်။ ဤကိစ္စကို သိရှိရန်အလို့ငှာ အရင်းရှင်စနစ်၏ တန်ဖိုးတို့က ဘယ်အရာတွေနည်း။ ဒီမိုကရေစီ၏ တန်ဖိုးတို့မှာ ဘယ်အရာတွေနည်းဟု ခွဲခြားသိရှိရန်လိုသည်။

အရင်းရှင်စနစ်၏ တန်ဖိုးတို့မှာ (၁) ပုဂ္ဂလိကပိုင်ဆိုင်မှု၏ မြင့်မြတ်မှု၊ (၂) အမြတ်အများဆုံး ရရှိရေး၊ (၃) ဖရီးမားကတ် (လွတ်လပ်ရေးဈေးကွက်) ကို ကိုးကွယ်မှု၊ (၄) အင်အားကောင်းသူ ရှင်သန်ရေးတို့ဟူ၍ ဖြစ်သည်။ ဒီမိုကရေစီ၏ တန်ဖိုးတို့မှာ (၁) တန်းတူညီမျှရေး၊ (၂) လွတ်လပ်ခွင့်၊ (၃) လူမှုတာဝန်သိစိတ်ရှိမှုနှင့် (၄) ပြည်သူ့အကျိုးနှင့် လူမှုဖူလုံရေးနှင့် စောင့်ရှောက်ရေး (၀ဲလ်ဖယ်ယား) တို့ဟူ၍ ဖြစ်သည်။

ဘုံ
ဆိုခဲ့ပါအတိုင်း တန်ဖိုးချင်းခြားနားသဖြင့် အရင်းရှင်စနစ်နှင့် ဒီမိုကရေစီတို့ကြား တင်းမာမှုတို့ ရှိစေကာမူ ဤတင်းမာမှုတို့သည် တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက် ချေမှုန်းကြလောက်သည်အထိ မရောက်ကြပေ။ အရင်းရှင်စနစ်နှင့် ဒီမိုကရေစီတို့ကြား ပဋိပက္ခတို့သည် ညှိနှိုင်းလို့ရသည့် အခြေအနေမျိုး ရှိသည်။

အရင်းရှင်စနစ်နှင့် ဒီမိုကရေစီတို့သည် သက်ဦးစံပိုင် ရှင်ဘုရင်ပဒေသရာဇ်စနစ်ကို တွန်းလှန်ခဲ့ရာ၌ မဟာမိတ်အဖြစ် လက်တွဲခဲ့ကြသည်။ ဤသို့ လက်တွဲရင်း စနစ်နှစ်ရပ်သည် ဘုံယုံကြည်ချက်ကို လက်ခံလာကြသည်။ ဤဘုံယုံကြည်ချက်မှာ (၁) လူတစ်ဦး၏ လွတ်လပ်ခွင့်၊ (၂) ပြည်သူလူထု၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ (၃) အာဏာအကန့်အသတ်ရှိသော အစိုးရနှင့် (၄) ဥပဒေရှေ့မှောက်၌ တန်းတူအခွင့်အရေး ရှိခွင့်တို့ဟူ၍ ဖြစ်သည်။

ငါးဆင့်
အရင်းရှင်စနစ်နှင့် ဒီမိုကရေစီတို့သည် ကိုယ့်လမ်းကိုယ်သွားရင်း ခြားနားမှုများပေါ်စေကာမူ တစ်နည်းပြောလျှင် တင်းမာမှုများ ပေါ်စေကာမူ ၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ဖြိုချဖျက်ဆီးပစ်ချရန် မလိုလားကြပေ။ သို့ဖြင့် ဒီမိုကရေစီကို ပို၍ လိုလားသူသည် အရင်းရှင်စနစ်ကို သံယောဇဉ်နည်းသူ ဖြစ်တတ်သည်။ အရင်းရှင်စနစ်ကို ပို၍လိုလားသူသည် ဒီမိုကရေစီကို သံယောဇဉ်နည်းသူ ဖြစ်နေတတ်သည်။ ဒီမိုကရေစီနှင့် အရင်းရှင်စနစ်ကို ဆတူ၊ အလေးတူ လိုလားခြင်းမျိုး မရှိစေကာမူ အမေရိကန် အရင်းရှင်စနစ်၌ ဒီမိုကရေစီ ပါဝင်သည်။ အလားတူစွာပင် အမေရိကန်ဒီမိုကရေစီ၌ အရင်းရှင်စနစ် ပါဝင်သည်။ အရင်းရှင်စနစ်နှင့် ဒီမိုကရေစီသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောဖြစ်ပါသည်။

မြန်မာနိုင်ငံ၌ ဖြစ်စဉ်သည် အောက်ပါအတိုင်း ဖြစ်ခဲ့သည်။ ဖြစ်နေဆဲဖြစ်သည်။
(၁) လစ်ဘရယ်ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး (အရင်းရှင်စနစ်)
(၂) စစ်ဘက်အာဏာသိမ်းမှု၊
(၃) ဆိုရှယ်လစ်စနစ်နှင့် တစ်ပါတီအာဏာရှင်စနစ်၊
(၄) စစ်ဘက်အာဏာရှင်စနစ်နှင့် ဈေးကွက်စီးပွားရေး (အရင်းရှင်စနစ်)
(၅) ရွေးကောက်ပွဲအပြီး၌ စစ်ဘက်စပွန်ဆာ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး (အရင်းရှင်စနစ်)

ခေါင်းဆောင်မှု
အခြားနိုင်ငံတို့၏ သင်ခန်းစာကိုယူလျှင် မြန်မာနိုင်ငံ၌ ဖြစ်ထွန်းမည့် လမ်းညွှန်ဒီမိုကရေစီနှင့် အရင်းရှင်စနစ်တို့ အတွဲသည် တင်းမာမှုတွေ ရှိလင့်ကစား ချောမောပြေပြစ်လိမ့်မည်ဟု မျှော်လင့်ရသည်။ အကြောင်းမှာ ပါလီမန်နိုင်ငံရေးနှင့် ဒီမိုကရေစီခေါင်းဆောင်မှုတို့သည် အရင်းရှင်စနစ် ပြဿနာတို့ကို ဖြေရှင်းနိုင်သော စွမ်းရည်ရှိလိမ့်မည်ဟု ယူဆရသောကြောင့် ဖြစ်သည်။

ဆိုရှယ်လစ်စနစ်၌ ပါတီခေါင်းဆောင်မှုသည် ပြဿနာတို့ကို မဖြေရှင်းနိုင်။ ယခုပေါ်မည့် အရင်းရှင်စနစ်၌ မြင်ကွင်းက တစ်မျိုးဖြစ်စရာ အကြောင်းရှိသည်။
မောင်စူးစမ်း (၉-၉-၂၀၁၀)
အညွှန်း - The Cycles of American History Democracy

နိုင်ငံသားတိုင်း စီးပွားရှာခွင့်


မြန်မာနိုင်ငံရှိ များစွာသော ပြည်သူတို့၏ လိုလားချက်မှာ "ယခုထက် ပိုမိုကောင်းမွန်သော ဘ၀" ဆီသို့ ဆောင်ကြဉ်းပေးနိုင်မည့် ရေခံမြေခံကောင်းသော စနစ်ဖြစ်သည်။ "ဒီမိုကရေစီရရှိရေး" ဟု အမည်တပ်၍ ပြောကြားနေခြင်းမှာ ဒီမိုကရေစီရလျှင် ထိုကိစ္စ ပြေလည်သွားလိမ့်မည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်ပါသည်။

နိုင်ငံသားတိုင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလုပ်လုပ်ကိုင်နိုင်ခွင့်အတွက် မက်လုံး၊ အခွင့်အလမ်း၊ အာမခံချက်များ စီစဉ်ပေးနိုင်သည့်နေ့သည် နိုင်ငံသားတိုင်း ၀င်ငွေတိုး ပန်းတိုင်ရောက်ပြီး နိုင်ငံတော်လည်း ပန်းတိုင်ရောက်မည့်နေ့ ဖြစ်ပါသည်။

ယခုရွေးကောက်ပွဲသည် အဆိုပါ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းအတည်ပြုပေးမည့် လွှတ်တော်များအတွက် ရွေးကောက်ပွဲဖြစ်ရာ နိုင်ငံသားတိုင်း အလွယ်တကူ စီးပွားရှာခွင့်ကို အဆုံးအဖြတ်ပေးမည့် ဥပဒေပြုအဖွဲ့အစည်း ပေါ်ပေါက်ရေးအတွက် အရေးကြီးပါသည်။

ထိုလွှတ်တော်ထဲတွင် နိုင်ငံသားတိုင်း ကြီးပွားချမ်းသာစေချင်သော စေတနာရှိသူ အလုံအလောက် ရောက်ရှိနေခဲ့လျှင် နိုင်ငံသားတိုင်း ၀င်ငွေတိုးရေးသည် ဖြစ်နိုင်ခြေ ရှိပါသည်။

ဤကိစ္စ ဖြစ်မြောက်ရေးသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် "ပြည်သူလူထုက မည်သို့ပြုမူသနည်း" ဆိုသော အချက်တွင် မူတည်နေပါကြောင်း အထူးဖော်ပြလိုပါသည်။

အယ်ဒီတာ (၂၂-၉-၂၀၁၀)

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


ဆွမ်တော်တင်ကို စားသောက်ကောင်းပါတယ်
"ဘုရားဆွမ်းတော်တင်စာ မစားကောင်းဘူး" တဲ့။ ဘုရားကျောင်းဒကာ အနာထပိဏ်၊ ကျောင်းအမ ၀ိသာခါတို့ဆိုတာ ခဏခဏ အိမ်ပင့်၊ ဘုရားအမှူးရှိတဲ့ သံဃာတွေ အိမ်ပင့်ဆွမ်းကပ်ပြီးတော့ ဘုရားက ကျန်တဲ့ဆွမ်းကြွင်းဆွမ်းကျန်တွေ စားကြတာပဲ။ ဘာလို့ မစားကောင်းရမှာလဲ။ ဒါကြောင့် ဘုရားကိုဆွမ်းတော်တင်လျှင် တစ်ပါးစာ ၀လောက်အောင် ကျကျနန ပြင်ပါ၊ တင်ပါ။ ပြီးလောက်တဲ့အချိန်မှာ ဆွမ်းတော်တင်ကို ချပြီး စားသောက်ကောင်းပါတယ်။

နတ်တင်နှင့် ဘုရားတင်
တို့မြန်မာတွေမှာ ဆွမ်းတော်မတင်ခင်က နတ်ကိုးကွယ်မှုနဲ့ လာခဲ့ကြတာဆိုတော့ ရောနေတယ်၊ ဘုရားနဲ့ စပ်လာလျှင် နတ်ပွဲထက် သန့်ရှင်းဖို့ လိုအပ်တာပေါ့။ ဒီကနေ့တင်တဲ့ဆွမ်း မနက်ဖြန်ရောက်အောင် ထားတာလည်း မကောင်းဘူး၊ ကြွက်နှိုက်တတ်တယ်၊ အများအားဖြင့် ပုဂံခေတ်က အစွဲတွေ မပျောက်နိုင်လို့ နတ်တင်နှင့် ဘုရားတင် ရောထွေးရှုပ်ပွေနေကြတာ။

ဒါကို အတုယူကြစမ်းပါ
လူ လူ ဘုန်းကြီး ဘုန်းကြီး၊ အရှည်ကို မျှော်ရပါတယ်။ ဘ၀ပဒေသာ ပန်းခြံကြီးနဲ့တူတဲ့ လူ့ဘ၀ကို ပစ်မထားကြပါနဲ့။ ကိုယ်စိုက်ထားတဲ့ ပန်းခြံကြီးထဲက ကိုယ်လိုချင်တဲ့ ပန်းကို ခူးပြီး မလိုချင်တာ မကောင်းတာကို ထားခဲ့သလိုပေါ့။ လောကီအာရုံ ကာမဂုဏ်တွေကို ဖယ်ထားခဲ့ပြီး ပါရမီပန်းတွေကို နေ့စဉ် လှလှပန်ဆင်သွားကြဖို့ပါပဲ။ ဘုရားအလောင်းနဲ့ ဆွေမျိုးတော်တွေက ဘ၀ပါရမီပန်းတွေကို ဆင်မြန်းပြီး လာခဲ့ကြတယ်၊ ဒါကို အတုယူကြစမ်းပါ။

ဓမ္မပဒဂါထာ (၈၀)


ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။

ကိုယ့်ဘ၀ကိုယ် ပုံသွင်းပါ
မြောင်းသွယ်သမားတွေက
မြောင်းတူးပြီး
လိုချင်တဲ့နေရာအရောက်
ရေကို ဆောင်ယူကြပါတယ်။
မြားလုပ်သမားတွေက
အပူပေးပြီး
ကောက်နေတဲ့မြားကို
ဖြောင့်အောင် ပြုလုပ်ကြပါတယ်။
သစ်ရွေသမားတွေက
သစ်အကြမ်းထည်ကို
ဖြတ်တောက်ခုတ်ရွေပြီး
ကိုယ်လိုရာ ပုံသွင်းကြပါတယ်။
အသိဉာဏ်သမားတွေက
ဒါတွေကို နမူနာယူပြီး
ယဉ်ကျေးလိမ္မာအောင်
ကိုယ့်ကိုယ်ကိုယ် ဆုံးမကြပါတယ်။

Saturday, September 25, 2010

ပန်းတိုင်းပွင့်ပါစေ - လူထုစိန်ဝင်း


useinwin.jpg

ညီညွတ်ရေးဆိုတဲ့ စကားကို မြန်မာလူမျိုးက သိပ်အလေးထားကြတယ်။ လူကြီးသူမများနဲ့ စကားပြောတဲ့အခါတိုင်း ညီညီညွတ်ညွတ် နေထိုင်ကြဖို့ပဲ ဆုံးမလေ့ရှိတယ်။ စာတွေဖတ်တဲ့အခါတိုင်းလည်း ညီညွတ်ရေးကိုပဲ ဦးစားပေး ရေးကြသားကြတာ တွေ့ရတယ်။

ကရုဏာဒေါသောနဲ့
တစ်ခါတလေ မချင့်မရဲနဲ့ အားမလိုအားမရဖြစ်ပြီး ပြစ်တင်ကဲ့ရဲ့ ပြောဆိုလေ့ရှိတယ်။ မြန်မာတွေ မညီညွတ်လို့ သူတစ်ပါးလက်အောက် ရောက်ခဲ့ရတာလည်း သင်ခန်းစာ မယူကြဘူး။ ခုထိ မညီညွတ်ကြဘူးဆိုပြီး စိတ်ပျက်လက်ပျက် ပြောတာတွေလည်း မကြာခဏ ကြားရတယ်။ ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့အတွက် မချင့်မရဲပြောတာ၊ တိုင်းပြည်တိုးတက်စေချင်လွန်းလို့ ကရုဏာဒေါသော ပြောလိုက်တာမှန်း သိသာပါတယ်။ စေတနာကလည်း လေးစားစရာ ကောင်းပါတယ်။ ဒါပေမယ့် နောင်လာနောက်သား လူငယ်တွေ တစ်လွဲအဓိပ္ပါယ်ကောက်ပြီး လုပ်ရပ်တွေ လွဲမှားကုန်မှာ စိုးရိမ်စရာ ဖြစ်နေပါတယ်။

ဝါဒဖြန့်ချက်တွေ
ပထမအချက် အဓိပ္ပါယ်ကောက် လွဲမှားနိုင်တာက "မြန်မာတွေ မညီညွတ်လို့ သူတစ်ပါးလက်အောက် ရောက်ရတယ်" ဆိုတဲ့စကား ဖြစ်ပါတယ်။ ဒီစကားက အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ သိမ်းပိုက်ပြီးစ အချိန်ကစပြီး အင်္ဂလိပ်နယ်ချဲ့ စစ်တပ်ရဲ့ ၀ါဒဖြန့်ချိရေးသမားတွေ၊ သူလျှိုတွေနဲ့ အင်္ဂလိပ်လက်ပါးစေ မြန်မာမျိုးဖျက်တွေ တွင်တွင်ထုတ်လွှင့်ခဲ့တဲ့ စကားတွေဖြစ်တယ်။ သူတို့ရဲ့ မတရားနယ်ချဲ့ ကျူးကျော်မှုကို ဖုံးကွယ်ဖို့အတွက် ဆင်သေကို ဆိတ်ရေနဲ့ ဖုံးတာဖြစ်တယ်။ မန္တလေးရွှေမြို့တော်ကို သိမ်းပိုက်တော့လည်း မင်းညီမင်းသားတွေကို သတ်ဖြတ်တဲ့ မင်းဆိုးမင်းညစ်လက်က မြန်မာတွေကို ကယ်တင်ရသလိုလို ၀ါဒဖြန့်ခဲ့ကြတယ်။ ကင်းဝန်နဲ့ အပေါင်းပါတွေက ၀ိုင်းဝန်း ကူညီခဲ့ကြတယ်။

ရွှေစလွယ်ရမင်းတဲ့
တကယ်တော့ မင်းညီမင်းသားတွေ သတ်တဲ့ကိစ္စ၊ အင်္ဂလိပ်တွေ သစ်ခိုးတာ ဖမ်းတဲ့ကိစ္စ စတဲ့အကြောင်းပြချက်တွေက ဆင်ခြေဆင်လက်တွေသာ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် နယ်ချဲ့စနစ်ရဲ့ သဘာဝအရ အနှေးနဲ့အမြန် တစ်နိုင်ငံလုံးကို သိမ်းဖြစ်အောင် သိမ်းပိုက်မှာ ဖြစ်ပါတယ်။ မတရားကျူးကျော် သိမ်းပိုက်တာကို ဖုံးကွယ်ဖို့အတွက် နယ်ချဲ့သမားရဲ့ ၀ါဒဖြန့်မှိုင်းလုံးတွေကို မသိနားမလည်တဲ့ သူတချို့က အဲဒီခေတ် အဲဒီအခါကတည်းက အင်္ဂလိပ်ကို ကယ်တင်ရှင်များအဖြစ် ယုံမှတ်ပြီး အင်္ဂလိပ်ခြေထောက်ကို ဖက်ခဲ့ကြတယ်။ စစ်ကဲတော်ကြီးတို့၊ ကျက်သရေဆောင် ရွှေစလွယ်ရမင်း (KSM) တို့၊ အမှုထမ်းကောင်းမင်း (ATM) တို့ ဆိုတဲ့ ရာထူးရာခံကြီးတွေကို ဂုဏ်ယူဝင့်ကြွားခဲ့ကြတယ်။

အင်္ဂလိပ်ကို ကျေးဇူးတင်ရမယ်တဲ့
သခင်ကိုယ်တော်မှိုင်း၊ သခင်နု၊ သခင်ဗဟိန်း၊ သခင်စိုး၊ သခင်သန်းထွန်း တို့တစ်တွေရဲ့ တို့ဗမာအစည်းအရုံးကြီးက နယ်ချဲ့ဆန့်ကျင်ရေးနဲ့ တိုင်းပြည်လွတ်လပ်ရေးအတွက် နည်းမျိုးစုံသုံးပြီး ဆောင်ရွက်နေကြချိန်မှာတောင် မြန်မာနိုင်ငံကို ပဒေသရာဇ်စနစ်အောက်က လွတ်မြောက်အောင် လုပ်ပေးပြီး လွတ်လပ်တဲ့ အရင်းရှင် စီးပွားရေးစနစ်နဲ့ မိတ်ဆက်ပေးတဲ့အတွက် အင်္ဂလိပ်တွေကို ကျေးဇူးတင်ရမယ်လို့ ပြောဟောသူတွေက ပြောဟောနေကြသေးတယ်။ နောက်ဆုံး လွပ်လပ်ရေးရတဲ့အချိန်မှာတောင် ဓနသဟာယ အဖွဲ့ကြီးထဲ နေပြီး အင်္ဂလိပ်ဘုရင်ကို နိုင်ငံအကြီးအကဲအဖြစ် ဦးထိပ်တင်မထားဘဲ လုံးဝလွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ လုပ်ရမလားဆိုပြီး အပြစ်တင်ဝေဖန်သူတွေ အတော်များများ ရှိသေးတယ်။ ညီညွတ်ဖို့ပြောတာ ကောင်းပါတယ်။ ဒါပေမယ့် "မြန်မာတွေ မညီညွတ်လို့ ကျွန်ဖြစ်ရတာ" ဆိုတဲ့ ကောက်ချက်မှားကိုတော့ မပြောဖြစ်အောင် သတိထားသင့်ပါတယ်။ တရားခံကို ဖျောက်ပစ်လိုက်သလို ဖြစ်နေလို့ ပြောရတာပါ။

ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်
ဒုတိယအချက် ပြောချင်တာက ညီညွတ်ရေးဆိုတဲ့ စကားဟာ စကားလှပြီး နားဝင်ချိုပေမယ့် လက်တွေ့မှာတော့ လူတွေကို ၀န်ထုပ်ဝန်ပိုလို ဖြစ်စေတတ်ပါတယ်။ ညီညွတ်ရေး ထိခိုက်မှာစိုးလို့ဆိုပြီး ပြောသင့်ပြောထိုက်တာတွေကို မပြောရဲ မဆိုရဲ ဖြစ်သွားတတ်ပါတယ်။ အဲဒီကတစ်ဆင့် လူတောမတိုးရဲတဲ့ လူကြောက်တွေ ဖြစ်သွားနိုင်ပါတယ်။ ဒီခေတ် လူအဖွဲ့အစည်း တစ်ရပ်လုံးက ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်နေကြတယ်။ လူတိုင်း လူတိုင်း မိမိတို့ရဲ့ ကိုယ်ပိုင်အယူအဆကို လွတ်လပ်စွာ ကိုင်စွဲပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ရှိခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေထဲက တစ်ခုဖြစ်တယ်။

ပန်းတိုင်းပွင့်ရမယ်
ရေကိုသားလို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဟာ စကားအဖြစ်သာ ရှိနိုင်တာဖြစ်တယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့ စကားအတိုင်း လူတစ်ကိုယ် စိတ်တစ်မျိုးရှိကြတာ သဘာဝတရားမို့ အမြင်အယူအဆ သဘောထား မတူကွဲပြား ခြားနားကြတာ အဆန်းမဟုတ်ဘူး။ အမှားမဟုတ်ဘူး။ အပြစ်လည်း မဟုတ်ဘူး။ လူတစ်ဦးချင်းဆီက မတူကွဲပြားခြားနားတဲ့ အတွေးအမြင်တွေ ပေါ်ထွက်လာတာ ကောင်းတယ်။ ၀မ်းသာအားရ ကြိုဆိုရမယ်။ ပန်းတိုင်း ပွင့်စေရမယ်။ မတူကွဲပြားတဲ့ အတွေးအမြင် အယူအဆတွေ ပေါင်းစပ်ပြီး အားလုံးနှစ်သက် လက်ခံနိုင်တဲ့ တူညီမှုတစ်ခုကို စုပေါင်းရှာဖွေခြင်းဟာ ဒီမိုကရေစီကျင့်စဉ် ဖြစ်တယ်။

ယိမ်းသမားတွေ ဖြစ်ကုန်မယ်
ကိုယ်နဲ့မတူတိုင်း ရန်သူလို့ သတ်မှတ်ရင် ဘယ်သူမှ ပြောရဲဆိုရဲ ရှိမှာမဟုတ်တော့ဘူး။ လူတွေအားလုံးဟာ ရောယိမ်းလိုက် ဘသားယိမ်းလိုက်နဲ့ ယိမ်းသမားတွေ ဖြစ်ကုန်ကြလိမ့်မယ်။ တစ်သွေး တစ်သံ တစ်မိန့်ဆိုတဲ့ အာဏာရှင်စနစ် ပေါ်ထွန်းလာမှာ သေချာတယ်။ အတွေးအမြင် အယူအဆတွေ မတူကွဲပြားကြတာနဲ့ အဖွဲ့အစည်း တစ်ရပ်၊ ပါတီတစ်ခု၊ နိုင်ငံတစ်နိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတာ မဟုတ်ဘူး။ ဒီမိုကရေစီကျင့်စဉ်ကို သဘောမပေါက်လို့သာ ကွဲကြပြဲကြ တိုက်ကြ ခိုက်ကြတာပါ။ ဂျပန်ပြည်က လစ်ဘရယ် ပါတီကြီးဆိုတာ အယူအဆ မတူတဲ့ ဂိုဏ်းဂဏတွေ တစ်ဒါဇင်လောက် တရားဝင်ရှိနေတဲ့ ပါတီကြီး ဖြစ်ပါတယ်။ ပါတီထဲမှာ အမြဲတမ်း ငြင်းခုန်နေကြတယ်။ ဒါပေမယ့် အယ်လ်ဒီပီ ပါတီဆိုတဲ့ အလံကိုတော့ အားလုံး ဦးညွတ်အလေးပြုကြတယ်။ စစ်ပြီးခေတ်က ဒီနေ့ထိ ဂျပန်မှာ အကြီးဆုံးပါတီကြီးအဖြစ် ရပ်တည်နေဆဲ ဖြစ်တယ်။

ပြိုင်ဘက်ဟာ ရန်သူမဟုတ်
အမေရိကန်သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ဟာ သမ္မတရွေးပွဲကာလက တစ်ဦးနဲ့တစ်ဦး သူနိုင်ကိုယ်နိုင် မီးကုန်ယမ်းကုန် ပြိုင်ခဲ့ကြတဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လက်တွဲလုပ်ကိုင်နေကြတာပဲ မဟုတ်လား။ ဒီမိုကရက်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ဆိုရင် ရီပတ်ဘလစ်ကန်သမ္မတ ဂျော့ဘုရှ်ခန့်ခဲ့တဲ့ ရီပတ်ဘလစ်ကန် တစ်ယောက်ဖြစ်တယ်။ ပြိုင်ဘက်ပါတီကလူမို့ ရန်သူလို့ သဘောမထားပါဘူး။ ဒါ ဒီမိုကရေစီကျင့်စဉ်ပါပဲ။ လူတိုင်းဆီက မတူကွဲပြားခြားနားတဲ့ အတွေးအမြင် အယူအဆမျိုးစုံ ပေါ်ထွက်လာတာ ကောင်းတဲ့ကိစ္စ၊ ကြိုဆိုရမယ့်ကိစ္စပါ။ ညီညွတ်ရေးဆိုတဲ့ အစွဲကြီးနဲ့ တုပ်နှောင်မထားစေချင်ဘူး။ ဒါမှ ပန်းတိုင်းပွင့်နိုင်မှာ ဖြစ်ကြောင်းပါ။

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


johnfkennedyquotes.png

socratesquote.png

နိုင်ငံတော်အုပ်ချုပ်ရေး (သို့မဟုတ်) အစိုးရစနစ် (၃)မျိုး - ဒေါက်တာနေဇင်လတ်


nayzinlatt.jpg

အစိုးရအဖွဲ့ဆိုသည်မှာ နိုင်ငံတစ်ခု၏ အုပ်ချုပ်ရေးအာဏာကို ရယူကျင့်သုံးသော နိုင်ငံရေးအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ထိုသို့ အစိုးရအဖွဲ့တစ်ခုကို ဖွဲ့စည်းရန်မှာလည်း နိုင်ငံရေးပါတီများက ရွေးကောက်ပွဲများ၌ ယှဉ်ပြိုင်၍ အနိုင်ရပါတီက အစိုးရဖွဲ့ရန် အခွင့်အရေး ရရှိကြသည်။

အမတ်ဆိုတာ
"အမတ်"၊ "ပါလီမန်အမတ်" ဟု အသုံးများသော ရွေးကောက်ခံကိုယ်စားလှယ်များသည် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးသော အစိုးရအဖွဲ့ဝင်များ မဟုတ်ကြချေ။ လွှတ်တော်ကိုယ်စားလှယ်၊ (ဥပဒေပြုလွှတ်တော်) ပါလီမန်၏ အဖွဲ့ဝင်များသာ ဖြစ်သည်။ ဤအမတ်များ၏ အဓိကအလုပ်မှာ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးသော အစိုးရအဖွဲ့ကို (ဥပဒေပြုခြင်းဖြင့်) ထိန်းကျောင်းရန် (Check & Balance) ဖြစ်သည်။ နောက်တာဝန်တစ်ခုမှာ တရားစီရင်ရေး မျှတမှု ရှိ မရှိကို စောင့်ကြည့်ရန်ဖြစ်သည်။

အမတ်မင်းများ၏ နောက်တာဝန်တစ်ခုမှာ Interest Group ခေါ် အကျိုးပြုအဖွဲ့များ၊ တစ်နည်းဆိုရလျှင် Civil Society ဟူသော မြို့ပြလူမှု အဖွဲ့အစည်းများနှင့် အမြဲထိတွေ့၍ ၎င်းတို့ထံမှ လက်တွေ့ဖြစ်ပျက်နေမှု၊ အကြံဉာဏ်များရယူကာ အစိုးရအဖွဲ့ကို အကြံဉာဏ်ပေးခြင်း၊ ကြားနာစစ်ဆေးခြင်း (Hearing) တို့ကို လုပ်ဆောင်ရန် ဖြစ်သည်။

လွှတ်တော်ဘယ်နှရပ်
အဓိကထင်ရှားသော စနစ်နှစ်မျိုးရှိသည်။
(၁) လွှတ်တော်တစ်ရပ်တည်းရှိသော ဥပဒေပြုအဖွဲ့ (Unicameral System)
(၂) လွှတ်တော်နှစ်ရပ်ရှိသော ဥပဒေပြုအဖွဲ့ (Bicameral System) တို့ ဖြစ်သည်။

လွှတ်တော်နှစ်ရပ်အပြင် လွှတ်တော် သုံးရပ်၊ ငါးရပ် (Three chambers / Five Chambers) စနစ် ကျင့်သုံးဖူးသော နိုင်ငံများ ရှိခဲ့သော်လည်း မအောင်မြင်ခဲ့။ လွှတ်တော်ဟုဆိုသော ပါလီမန်သည် ဥပဒေပြုအာဏာ ကိုင်စွဲထားသော ပြည်သူ့ကိုယ်စားပြုနေရာဖြစ်သည်။

အစိုးရအဖွဲ့
အစိုးရအဖွဲ့ဆိုသည်မှာ နိုင်ငံရေးပါတီများမှတစ်ဆင့် ယှဉ်ပြိုင်၍ အနိုင်ရပါတီမှ အုပ်ချုပ်မှုအာဏာ အသုံးပြုနိုင်ခြင်းငှာ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ပါလီမန်စနစ်တွင် အနိုင်ရပါတီ၏ ခေါင်းဆောင် သို့မဟုတ် ခေါင်းဆောင်မှ တာဝန်ပေးအပ်သူက အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သည်။ အစိုးရအဖွဲ့ အကြီးအကဲကို ၀န်ကြီးချုပ်/အဓိပတိတို့က ဦးဆောင်သည်။ အမေရိကန် သမ္မတစနစ်တွင်မူ သမ္မတကို သီးခြားပြည်သူတို့က ရွေးချယ်တင်မြှောက်သည်။ သမ္မတ၊ ၀န်ကြီးချုပ်တို့က အစိုးရအဖွဲ့ဝင်များကို (၎င်းတို့၏ ပါတီနှင့် ညှိနှိုင်း၍) သီးခြားလွတ်လပ်စွာ ခန့်အပ်နိုင်သည်။ များသောအားဖြင့် ပြင်ပ ပြည်သူများထဲမှာ ၀န်ကြီး၊ အကြံပေးများကို ခန့်အပ်လေ့ရှိပြီး အမတ်များထဲမှလည်း ၀န်ကြီး ၀န်လေးများ ဖြစ်နိုင်သည်။

အစိုးရစနစ်
(၁) သမ္မတစနစ် (Presidential System)
အစိုးရအဖွဲ့အကြီးအကဲသည် သမ္မတဖြစ်သည်။ နိုင်ငံတော်အုပ်ချုပ်ရေးအာဏာပိုင်၏ အကြီးအကဲလည်း ဖြစ်သည်။ အမေရိကန်သမ္မတစနစ်တွင် သမ္မတကို သီခြားပြည်သူများက တိုက်ရိုက်တင်မြှောက်သဖြင့် ဥပဒေပြုအဖွဲ့အတွက် သမ္မတက တာဝန်ခံခြင်း မရှိ၊ လွှတ်တော်များမှ သမ္မတကို ဖယ်ရှားခွင့်မရှိ။

အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို သမ္မတက ခန့်ထားနိုင်သည်။ လွှတ်တော်သို့ သမ္မတက အဆိုပြုရ၏။ များသောအားဖြင့် လုပ်ငန်းနည်းစဉ်အရသာ လွှတ်တော်က ကြားနာပြီး သမ္မတခန့်ထားလိုသူကို အတည်ပြုပေးသည်။

presidentialv.jpg

အားသာချက်မှာ သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်ထားသည်ဖြစ်ရာ တော်ရုံကိစ္စများဖြင့် သမ္မတကို ရာထူးမှ မဖယ်ရှားနိုင်။ Nixon Watergate အရေးအခင်းသည် အရပ်ရပ်သော ဖိအားများကြောင့် နုတ်ထွက်ပေးခဲ့ရခြင်း ဖြစ်သည်။

အားနည်းချက်မှာ လွှတ်တော်တွင် သမ္မတနှင့် ဆန့်ကျင်ဘက်ပါတီက အမတ်ဦးရေ များပြားနေပါလျှင် တော်ရုံအတည်ပြုချက် မရနိုင်၊ များစွာညှိနှိုင်း ဆောင်ရွက်ရသည်။ လေ့လာသူနှင့် ပညာရှင်များ အဆိုအရ သမ္မတစနစ်တွင် သမ္မတတစ်ဦး၏ လုပ်ပိုင်ခွင့်သည် ပါလီမန်စနစ်၏ ၀န်ကြီးချုပ်တစ်ဦးထက် ပိုသည်ဟု ဆိုသည်။ သို့သော် အင်္ဂလန်တွင် မာဂရက်သက်ချာ ၀န်ကြီးချုပ် ဖြစ်စဉ်က အမတ်အများစုကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည်မို့ သူမလက်ထက် ၀န်ကြီးချုပ်၏ သြဇာကို အမေရိကန်သမ္မတများကပင် ပြန်၍ အားကျခဲ့ရသည်ဟု ဆိုစမှတ်ရှိခဲ့သည်။

သမ္မတ၏လက်ထောက် ဒု-သမ္မတတစ်ဦး ရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် သမ္မတ သေဆုံး၊ နုတ်ထွက်လျှင် ထိုသက်တမ်း ကျန်ရှိသောအချိန်ထိ ဒု-သမ္မတက အစားဝင် ဆောင်ရွက်သည်။

မြန်မာနိုင်ငံ၏ အနာဂတ်အစိုးရစနစ်တွင် သမ္မတတစ်ဦး၊ ဒုတိယသမ္မတနှစ်ဦး ထားရှိသည့်စနစ် ဖြစ်သည်။ သမ္မတကို ပ်ြညသူက တိုက်ရိုက်ရွေးချယ်ခြင်း၊ လွှတ်တော်တွင်းမှ ဒုတိယသမ္မတ သုံးဦးအနက် တစ်ဦးကို ပြန်လည်ရွေးချယ်၍ သမ္မတခန့်အပ်သည့် စနစ်ဖြစ်သည်။

သမ္မတစနစ်ကို အနောက်ဥရောပ၊ လက်တင်အမေရိက နိုင်ငံများက ကျင့်သုံးပြီး ယခင် ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံများမှ အရင်းရှင်စနစ်သို့ ပြောင်းလဲလာသော နိုင်ငံများတွင်လည်း သမ္မတစနစ်ကို ကျင့်သုံးကြသည်။ နောက်ပိုင်း သမ္မတစနစ် ကျင့်သုံးမှုအပေါ် နိုင်ငံများက အာရုံရှိစွာ ပိုမိုစိတ်ဝင်စားလာကြသည်။

(၂) ပါလီမန်စနစ်
Parliamentary System ဖြစ်သည်။ ပါလီမန်စနစ်တွင် အစိုးရအဖွဲ့၏ အကြီးအကဲသည် ၀န်ကြီးချုပ်ဖြစ်သည်။ ၀န်ကြီးချုပ်ကို အမေရိကန်သမ္မတကဲ့သို့ ပြည်သူမှ တိုက်ရိုက် မတင်မြှောက်၊ ပါတီများ ရွေးကောက်ပွဲကို ဖြတ်သန်းယှဉ်ပြိုင်ကြပြီး လွှတ်တော်တွင် အမတ်အများဆုံးရသော ပါတီ၊ တစ်နည်း အနိုင်ရပါတီ၏ အကြီးအကဲက အလိုအလျောက် ၀န်ကြီးချုပ်ဖြစ်လာသည်။ ပါတီအကြီးအကဲ၏ တာဝန်ပေးချက်အရ အခြားသူမှလည်း ၀န်ကြီးချုပ် ဖြစ်ခွင့်ရှိသည်။ ပါတီ၏ ဒုတိယအကြီးအကဲမှာ နိုင်ငံခြားရေး ၀န်ကြီးရာထူးကို ရယူလေ့ရှိသည်။

parliamentary.jpg

ဤစနစ်၏ အားသာချက်မှာ လွှတ်တော်နှစ်ရပ်တွင် အမတ်အများစုကို ရရှိထားသဖြင့် လွှတ်တော်ကို အလိုလို ချုပ်ကိုင်ပြီးသား ဖြစ်သွားသည်။ ၀န်ကြီးချုပ်နှင့် လွှတ်တော်အမတ်အများစုသည် တစ်ပါတီတည်းမှဖြစ်၍ ၀န်ကြီးချုပ်၏ အဆိုပြုချက်တို့ကို လွှတ်တော်များမှ ပယ်ချလေ့မရှိ။

အားနည်းချက်မှာမူ ၀န်ကြီးချုပ်ကို ပြည်သူက တိုက်ရိုက် တင်မြှောက်သည် မဟုတ်ဘဲ အမတ်အများစုရသော ပါတီမှ ခေါင်းဆောင်မှာ ၀န်ကြီးချုပ်ဖြစ်ရ၍ ၀န်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်မှုဖြင့် ဖြုတ်ချနိုင်သည်။ သို့သော်လည်း ဖြစ်ခဲလှသည်။ ဗြိတိန်၏ ပါလီမန်သက်တမ်းတစ်လျှောက် ၀န်ကြီးချုပ် ချိန်ဘာလိန်လက်ထက်က တစ်ကြိမ်တည်းသာ ဖြုတ်ချခြင်း ခံခဲ့ရဖူးသည်။

ဝန်ကြီးချုပ်သည် အနိုင်ရပါတီမှ ဖြစ်ရသည်ဖြစ်၍ ဥပဒေပြုအဖွဲ့၊ ပါလီမန်ကို တိုက်ရိုက်တာဝန်ခံရသည်။ အင်္ဂလန်တွင် ၀န်ကြီးချုပ်သည် အစိုးရအဖွဲ့၏ အကြီးအကဲ (Head Government) ဖြစ်ပြီး ဘုရင်မကြီး အဲလစ်ဇဘတ်သည် နိုင်ငံ၏ အကြီးအကဲ (Head of State)ဖြစ်သည်။

နှစ်ပါတီစနစ်၊ နှစ်ပါတီခွဲစနစ် (Two and one half party system) တို့တွင် ပြဿနာမရှိလှချေ။ တစ်ပါတီက အစိုးရဖွဲ့ပြီး ကျန်ပါတီက အတိုက်အခံဖြင့် လွှတ်တော်မှ ထိန်းညှိနိုင်သည်။ နှစ်ပါတီခွဲဆိုသည်မှာ ကျန် အင်အားအသင့်အတင့်ရှိ ပါတီကို ဆိုလိုသည်။ ပါတီများတွင် အင်အားမတိမ်းမယိမ်းရှိလျှင် လွှတ်တော်ထဲမှ ညွန့်ပေါင်းဖွဲ့ရလျှင် အစိုးရအဖွဲ့သည် အင်အားတစ်စုံတစ်ရာ လျော့နည်းတတ်သည်။ အစိုးရ၏ အုပ်ချုပ်ရေးအာဏာ မထက်မြက်တတ် (Big govt.) ဟူသော တောင့်တင်းသော အစိုးရမျိုး ဘယ်တော့မှမဖြစ်နိုင်။

လေ့လာသူများ၏ တွေ့ရှိချက်အရ ပါလီမန်စနစ်တချို့သည် သမ္မတစနစ်ပြုရေး ဆောင်ရွက်နေကြသည်ဟု ဆိုသည်။ Parliamentary Systems to "Presidentialization" ဟု ဆိုသည်။ သမ္မတစနစ်ကို ပိုမိုနှစ်သက် သဘောကျလာသည့် သဘောဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြခံမှအစအဆုံး မပြင်နိုင်၍ စနစ်တွင်း လုပ်ပုံကိုင်ပုံကို သမ္မတစနစ်အား မှီးခြင်းမျိုး ဖြစ်သည်။

ပါလီမန်သည် ပြင်သစ်မှ ဆင်းသက်လာသည်။ မူလစာလုံးမှာ Parlement ဖြစ်သည်။ Parler (to speak) နှင့် Parlement သည် (to discussion) ဖြစ်သည်။ လွှတ်တော်သုံးရပ်ရှိလျှင် Tricameral ဟု ခေါ်သည်။

ပါလီမန်တွင် အယုံအကြည်မရှိအဆို "Vote of no Confidence" ကို တင်သွင်းသည်။ ဂျာမန်တို့၏ စနစ်တွင် အဓိပတိဟူသော Chancellor သည် ဗြိတိသျှစနစ် ၀န်ကြီးချုပ်ထက် ပို၍ သြဇာကြီးမားသည်။ အယုံအကြည်မရှိ အဆိုကို "Constructive No Confidence" ဟု ဆိုသည်။ ပို၍ တည်ငြိမ်မှုရသော စနစ်ဟု သုံးသပ်ကြသည်။

(၃) ရောစပ်စနစ်
Hybrid System သည် သမ္မတစနစ်နှင့် ပါလီမန်စနစ်နှစ်ခုကို ကောင်းရာများယူ၍ ရောစပ်ထားသော စနစ်ဖြစ်သည်။ သမ္မတ။ ၀န်ကြီးချုပ်တို့ကို ထားရှိသည်။ တရုတ်၊ ရုရှားတို့ ကျင့်သုံးသည်။ ပြင်သစ်၊ အစ္စရေးကျင့်သုံးသည်။ အစ္စရေး ကျင့်သုံးမှုတွင် မအောင်မြင်သဖြင့် စနစ်ပြောင်းခဲ့သည်။ လေ့လာသူများ အဆိုအရ ဤရောစပ်စနစ်တွင် ပြုပြင်မှုများစွာ ပြုရဦးမည်ဟုဆိုသည်။ သမ္မတစနစ်လောက် အားမကောင်းသေးဟု ဆိုသည်။

နှိုင်းယှဉ်ချက်
အမေရိကန်တို့၏ သမ္မတစနစ်တွင် သမ္မတ၌ ပါဝါအများအပြား ရှိသော်လည်း သမ္မတကို လွှတ်တော်က ကောင်းစွာထိန်းညှိထားနိုင်သည်။ ပါလီမန်စနစ်၌မူ အနိုင်ရပါတီ၏ ခေါင်းဆောင်က ၀န်ကြီးချုပ်ဖြစ်၍ အလိုအလျောက် လွှတ်တော်ကို ထိန်းချုပ်ပြီးဖြစ်သည်။ အမေရိကန်သမ္မတစနစ်၌ သမ္မတ၏ အဆိုပြုချက်ကို လွှတ်တော်က ဈေးဆစ်၊ ကန့်ကွက်နိုင်သော်လည်း ပါလီမန်၌ လုပ်ငန်းသဘောအရသာ ဆွေးနွေးပြီး အတည်ပြုပေးတတ်သည်။ အမေရိကန်ကွန်ဂရက်သည် ဥပဒေပြုမှုအာဏာပေါ် အဓိကထားသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့မှာ မူအရ ပါဝါအညီအမျှ ရှိကြသည်ဟု ယူဆပြီး (Three coequal) ဟု ဆိုသည်။

ကွန်ဂရက်အဖွဲ့ဝင်များကို ပါတီများမှ ရွေးချယ်ကြပြီး အကြောင်းအရာကိစ္စ တစ်ခုခုအတွက် မဲပေးဆုံးဖြတ်သည့်အခါ ပါတီစွဲမထားဘဲ လွတ်လပ်သော စိတ်ဆန္ဒတို့ဖြင့် မဲပေးဆုံးဖြတ်ကြလေ့ ရှိသည်။ တရုတ်နိုင်ငံတွင် လွှတ်တော်တစ်ရပ်သာ ထားရှိသည့် Unicameral (One Chamber) ဖြစ်သည်။

ဆွီဒင် (Riksdas)၊ အစ္စရေး (Knesset) တို့ ဖြစ်သည်။ ယူဂိုဆလားဗီးယားတွင် လွှတ်တော်ငါးရပ် (Five Chambered Parliament) ဖြစ်ပြီး တောင်အာဖရိကတွင် လွှတ်တော်သုံးရပ် ထားရှိခဲ့ကြဖူးသည်။ မအောင်မြင်ခဲ့ကြချေ။

အမေရိကန်သမ္မတစနစ်နှင့် အင်္ဂလိပ်တို့၏ ပါလီမန်စနစ်တွင် လွှတ်တော်နှစ်ရပ် (Bicameral System) စနစ်ဖြစ်သည်။ ပါလီမန်တွင် အထက်လွှတ်တော်ကို House of Lords၊ ဂျာမနီတွင် Bundesrat၊ အမေရိကန်တွင် Senate ဟု ခေါ်သည်။ အောက်လွှတ်တော်ကို အင်္ဂလန်တွင် House of Commons၊ ဂျာမနီတွင် Bundestag၊ အမေရိကန်တွင် House of Representative ဟု ခေါ်သည်။ လွှတ်တော်နှစ်ရပ်ပေါင်းကို အမေရိကန်တို့က Congress ဟု ဆိုပြီး ဗြိတိသျှက Parliament ဟု ဆိုသည်။ ယေဘုယျအားဖြင့် အောက်လွှတ်တော်က အထက်လွှတ်တော်ထက် ပို၍ သြဇာကြီးမားသည်။

လွှတ်တော်နှစ်ရပ်၏ ရည်ရွယ်ချက်မှာ Federal System တွင် အထက်လွှတ်တော်သည် ဖက်ဒရယ်၏ အစိတ်အပိုင်း ဖြစ်လာပြီး အောက်လွှတ်တော်မှာ လူဦးရေကို အခြေပြုသည်။ ဒေသဆိုင်ရာ အုပ်ချုပ်မှုနယ်မြေ (Districts) များကို ကိုယ်စားပြုသည်။ အမေရိကန်ရှိ ဆီးနိတ်ဟုခေါ်သော အထက်လွှတ်တော်က ပြည်နယ်များ (States) ကို ကိုယ်စားပြုပြီး၊ House ဟု ခေါ်သော အောက်လွှတ်တော်က ပြည်သူ (People) ကို ကိုယ်စားပြုသည်။

အရေးကြီးသည်မှာ လွှတ်တော်များတွင် တာဝန်ထမ်းဆောင်ကြမည့် အမတ်မင်းများသည် ဥပဒေပြုအာဏာကို ကောင်းစွာ ကျင့်သုံးနိုင်ကြရန်ဖြစ်ပြီး Interest Group ဟု ခေါ်သော အကျိုးပြုအဖွဲ့များနှင့် ဆက်စပ်ကာ အုပ်ချုပ်ရေးအဖွဲ့ကို ကောင်းစွာ ထောက်ပံ့နိုင်ရန်၊ ထိန်းညှိနိုင်ကြရန် ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်သည် ရွေးကောက်ပွဲများမှတစ်ဆင့် ဖြစ်လာကြမည့် အမတ်မင်း (Congressman) တို့၏ ကိုယ်ပိုင်အရည်အသွေးများ၊ မြော်မြင်နိုင်မှုများနှင့် ဥပဒေပြုအာဏာပေါ် ကောင်းစွာကျင့်သုံးနိုင်မှုတွင် များစွာ မူတည်နေပါသည်။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


ပူဇော်ကိုးကွယ်ရကျိုးနပ်မှာ
ဘုရားရဲ့အကြောင်း၊ ဘုရားရဲ့ဂုဏ်ပုဒ်တွေ၊ ဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်ကြီး၊ ဘုရားရဲ့ မြင့်မြတ်ပုံတွေကို စုံအောင် လေ့လာကြဖို့ လိုတယ်။ အဲဒီလို လေ့လာသိရှိပြီးတော့ ရုပ်တုတော် ပုံတော်တွေအတွင်း ဂုဏ်တော်တွေသွင်းပြီး ကြည်ညိုတတ်ကြရမှာ။ အဲဒီတော့မှလည်း ဆင်းတု ရုပ်တုတော်တို့ကို ပူဇော် ကိုးကွယ်ရကျိုး နပ်မှာ။ အဲဒီလို သိတော့မှလည်း သာသနာတော်ရဲ့ အကျိုးကြီးမားပုံကို ပိုပြီး သိနိုင်မှာပဲ။

ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်း
ဒါနပြုတဲ့နေရာမှာ သံသရာ မရှည်အောင်တော့ ပြုရမှာနော။ ဒါနက သံသရာရှည်စေတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဆုတောင်းက ရှည်အောင် ဆုတောင်းလို့ ရှည်သွားတာပါ။ အခု အများအားဖြင့် ဆုတောင်းနေကြတာက "ဒီသမီး၊ ဒီသား၊ ဒီမယား၊ ဒီဆွေမျိုးနဲ့ ဘ၀ဆက်တိုင်း မကွဲမကွာ ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်း၊ ဆင်ဖြစ်သော်လည်း တစ်ကျွန်းတည်း" စသည်ဖြင့် ဆုတောင်းနေကြလို့ ရှည်ကြတာပါ။ ဆုတောင်းတာက သံသရာရှည်ကြောင်း ဆုတောင်းတာကိုး။

"နိဗ္ဗာနပစ္စယော ဟောတု" က လိုရင်းပါ
လာကတည်း ကိုယ့်အတွက်ရချင်လို့ ဆိုတာက ပါနေတယ်။ အမှန်က အဲသည်လို စိတ်မထားပါနဲ့။ စိတ်ထားရမှာက ဆင်းရဲသူတွေကို ဝေငှပေးကမ်းတယ်ဆိုလျှင် သူတို့ရဲ့ ပြည့်စုံမှုကိုသာ ဦးစားပေးပါ။ အကျိုးပေးက သူ့ဘာသာသူ လာမှာပါ။ တားလို့ မရပါဘူး။ ဆုတောင်းပြန်လို့ရှိလျှင်လည်း "နိဗ္ဗာနပစ္စယော ဟောတု" က လိုရင်းပါ။ လိုရင်းကိုပဲ ဆုတောင်းပေါ့။ ဒါက ဦးတည်ချက်ပန်းတိုင် ပျောက်မသွားရုံပါပဲ။ တကယ်တော့ ဆုတောင်းနေရုံနဲ့ ပြီးတာ မဟုတ်ပါဘူး။ ရနိုင်လောက်အောင်လုပ်မှ ရတာပါ။

ဓမ္မပဒဂါထာ (၇၉)


ဓမ္မပီတိ သုခံ သေတိ၊ ၀ိပ္ပသန္နေန စေတသာ။
အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။

ဓမ္မရေစင် စိတ်ကြည်လင်
တရားဓမ္မတည်းဟူသော
အမြိုက်ရေစင်ကို
သောက်သုံးရတဲ့သူဟာ
အထူးကြည်လင်တဲ့စိတ်နဲ့
ချမ်းချမ်းသာသာ
နေထိုင်ရပါတယ်။
အသိဉာဏ်ကြီးတဲ့
ပညာရှိပုဂ္ဂိုလ်ဟာ
ဘုရားအစရှိတဲ့
အရိယာသူတော်ကောင်းတွေ
ဟောကြားတော်မူတဲ့
သတိပဌာန်တရား စတဲ့
ဗောဓိဉာဏ်ရကြောင်း တရားတွေမှာ
နေ့ညမပြတ် အခါခပ်သိမ်း
အချိန်တိုင်း အချိန်တိုင်း
မွေ့လျော်ပျော်ပိုက်ပါတယ်။

Friday, September 24, 2010

မြန်မာဘောလုံးသတင်းများ


ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး ပြီးသွားကတည်းက ဘောလုံးအကြောင်းနဲ့ အဆက်ပြတ်သလို ဖြစ်နေခဲ့ပါတယ်။ အခြားအကြောင်းအရာတွေကို စိတ်ဝင်စားမှု ပိုနေတဲ့အတွက် အားကစားဂျာနယ်ကိုတောင် သေချာမဖတ်ဖြစ်ပါဘူး။ အင်တာနက်မှာလည်း ဘယ်နေ့က ဘယ်ပွဲမှာ ဘယ်လိုရလဒ်နဲ့ ပြီးသွားသလဲ ဆိုတာလောက်ကိုပဲ ကြည့်ဖြစ်တော့တယ်။ ဒီနေ့တော့ အကြောင်းတိုက်ဆိုင်လာတဲ့အတွက် မြန်မာဘောလုံး သတင်းလေးတွေအကြောင်း နည်းနည်းပါးပါး ရေးလိုက်ပါတယ်ဗျာ။ အချိန်ပေးပြီး ရေးထားတာ မဟုတ်တဲ့အတွက် ဖတ်လို့မကောင်းရင်၊ အချက်အလက်တွေ လိုနေရင် နားလည်ပေးကြပါဗျို့။

(၁)
ဒီနေ့ညနေမှာ ကျွန်တော်တို့မြန်မာနိုင်ငံကိုယ်စားပြု ရတနာပုံအသင်းဟာ AFC President's Cup ပထမအကြိုဗိုလ်လုပွဲအဖြစ် တာဂျစ်ကစ္စတန်ကလပ် ဗာကတ်ရှ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အနိုင်ရတဲ့အသင်းဟာ ဒုတိယအကြိုဗိုလ်လုပွဲက အနိုင်ရလာတဲ့အသင်းနဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အခုပွဲစဉ်တွေကို အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ကြည့်ရှုမယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ သူများအသင်းတွေကိုပဲ အားပေးနေရတဲ့ မြန်မာပရိသတ်တွေအတွက် ကိုယ့်မြန်မာဘောလုံးအသင်း ယှဉ်ပြိုင်မှာကို အားပေးကြည့်ရှု နိုင်ကြတဲ့အကြောင်း သတင်းပေးတာပါ။ ဒီနေ့ ရတနာပုံအသင်းရဲ့ ပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသမယ်လို့ ဂျာနယ်အချို့မှာ ဖတ်ရပါတယ်။ ညနေကျရင်တော့ အားပေးရပါဦးမယ်။ ရတနာပုံ အောင်မြင်ပါစေ....။
၂၄-၉-၂၀၁၀ (သောကြာနေ့)
ပထမအကြိုဗိုလ်လုပွဲ
ရတနာပုံ (မြန်မာ) - ဗာကတ်ရှ် (တာဂျစ်ကစ္စတန်)
ဒုတိယအကြိုဗိုလ်လုပွဲ
ဒိုဒွိုင်းဘစ်ရှက် (ကာဇက်စတန်) - အိုင်တီတီယူ (တာ့ခ်မင်နစ္စတန်)

(၂)
၂၀၁၀ မြန်မာနေရှင်နယ်လိဂ်ကတော့ အသင်း (၁၁)သင်း ပါဝင်ကစားလျက် ရှိပါတယ်။ အသင်းအများစုဟာ ပွဲစဉ်(၁၅)ပွဲစဉ် ယှဉ်ပြိုင်ကစားပြီးတဲ့ အချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးကို ရတနာပုံအသင်းက ရယူထားတာကို တွေ့ရပါတယ်။ ရမှတ်ပေါင်း ၃၄ မှတ်နဲ့ ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ကမ္ဘောဇအသင်းက ရမှတ်ပေါင်း ၃၀ နဲ့ ရပ်တည်လျက် ရှိပါတယ်။ အောက်ဆုံးနေရာမှာတော့ အမှတ်မရသေးတဲ့ ဇွဲကပင်အသင်း ရှိနေပြီး သူ့အပေါ်ကပ်လျက် ဒုတိယနောက်ဆုံး နေရာမှာတော့ ၅ မှတ် ရရှိထားတဲ့ နေပြည်တော်အသင်း ရှိနေပါတယ်။ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်တွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ယှဉ်ပြိုင်ကစားနေတာ ဖြစ်ပါတယ်။

(၃)
အရင်တုန်းက တိုက်ဂါးဖလားလို့ နာမည်တွင်ခဲ့ပြီး ဒေသတွင်း နိုင်ငံအလိုက် ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ၂၀၁၀ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကို ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့က ပူးတွဲအိမ်ရှင် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်မယ့် အဲဒီပြိုင်ပွဲအတွက် ပွဲစဉ်ဇယား ရေးဆွဲပြီးတဲ့အခါ အုပ်စုတွင်း တွေ့ဆုံမှုအခြေအနေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
အုပ်စု (က)
အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ခြေစစ်ပွဲပထမရအသင်း
အုပ်စု (ခ)
ဗီယက်နမ်၊ စင်ကာပူ၊ မြန်မာ၊ ခြေစစ်ပွဲဒုတိယရအသင်း

မြန်မာအသင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကတော့-
၂-၁၂-၂၀၁၀ - ဗီယက်နမ် နှင့် မြန်မာ
၅-၁၂-၂၀၁၀ - မြန်မာ နှင့် စင်ကာပူ
၈-၁၂-၂၀၁၀ - မြန်မာ နှင့် ခြေစစ်ပွဲဒုတိယရအသင်း

AFC President's Cup ပြိုင်ပွဲဝင် ရတနာပုံအသင်းနှင့် AFF Suzuki Cup 2010 ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အသင်းတို့ အောင်မြင်ကြပါစေကြောင်းနှင့် မြန်မာနိုင်ပြီဟု ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်လိုက်ချင်ကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ သောကြာနေ့။
နံနက် ၁၁ နာရီ ၀၁ မိနစ်တွင်ပြီး၏။

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


aungsanquote.png

henrybrooksadamsquote.png

ကွဲပြားခြင်းနှင့် ခွဲခြားခြင်း


လူမှာ ထူးခြားသော အချက်တစ်ခုက မိမိအမျိုးအနွယ်နှင့် မိမိယဉ်ကျေးမှု ထုံးဓလေ့များကို မြတ်နိုး တန်ဖိုးထားခြင်း ဖြစ်သည်။

အဲဒါသည် မိမိအမျိုးအနွယ် တည်တံ့ရေးအတွက် လိုအပ်ချက် ဖြစ်သော်လည်း သည်စိတ်ဓာတ်၏ ဘေးထွက်သက်ရောက်မှုအဖြစ် မိမိနှင့် မတူကွဲပြားသော တခြားမျိုးနွယ်များအပေါ် ခွဲခြားစိတ် ဖြစ်ပေါ်တတ်သည်။

မွန်ဂိုလီယံနွယ်ဖွားတွေက မိမိ အသားအရောင်ကို အနေတော်ဟု မှတ်ယူသည်။ ဥရောပ လူဖြူ၏ အသားအရောင်မျိုးကို ဖြူရော်ရော်ဟု သူ သဘောမကျ။ အာဖရိကသားကျတော့ မည်းလိုက်တာဟု မြင်သည်။

သို့သော် အာဖရိကသားတွေ သွားမေးလျှင် အသားဆိုတာ မည်းမှဟု ဆိုလိမ့်မည်။ အာဖရိကသို့ ပထမဆုံး ရောက်သွားသည့် လူဖြူသည် နီဂရိုးများအမြင်၌ အသားအရေ ပြည့်ပြည့်စုံစုံ ပါမလာသူ တစ်ဦးပမာ အံ့သြစရာ ဖြစ်လိမ့်မည်။

သို့သော် "အလှအပဟူသည် အရေပြား တစ်လွှာစာမျှသာ" ဟူသော စကားလို လူလူချင်း ကွဲပြားမှုကလည်း အပေါ်ယံ သွင်ပြင်လောက်မှာသာ ရှိသည်။ အဲဒါကလွဲလျှင် လူဟူသည် တစ်မျိုးတည်းသာပဲ ဖြစ်သည်။ သတ္တဗေဒအရ ပြောလျှင် သတ္တ၀ါမျိုးစိတ် (species) တစ်ခုတည်း။ ဘယ်သူကမှ ဘယ်သူ့ထက်မသာ။

လူဖြူ-လူဝါ-လူမည်း ကလေးသုံးယောက်ကို မွေးစကတည်းက တစ်နေရာမှာ အတူနေ၊ အတူစား၊ အတူသင်ကြားပေးလျှင် ဘယ်သူ့ထက် ဘယ်သူမှ ညံ့စရာ မရှိ။

သို့သော် လူတွေဆိုတာက နေရင်းဒေသ၊ ပတ်ဝန်းကျင် သဘာဝ၊ ပြောဆိုသည့် ဘာသာစကား၊ မှတ်သားခဲ့သည့် အစဉ်အလာ စတာတွေ အကြောင်းပြုကာ ကိုယ့်မျိုးနွယ်စုနှင့် ပတ်သက်လျှင် အစွဲအလမ်း သံယောဇဉ်တွေ အကောင်းမြင်စိတ်တွေ များတတ်ကြသည်။ မိမိလူမျိုး အမြင့်ဆုံးရောက်ဖူးသည့် အနေအထားကို မှတ်သားကာ တို့က ရာဇ၀င်ဂုဏ်ရောင် ဘယ်လို ပြောင်ခဲ့တာဟု ၀င့်ကြွားချင်တတ်သည်။ သူ့လူမျိုးမှာလည်း သူ့ရာဇ၀င် အစဉ်အလာနှင့် သူ ရှိတာကို မသိ၊ သူများ၏ ညံ့ကွက်ကိုသာ သတိထားမိနေတတ်သည်။

ထို့ကြောင့်လည်း လူမျိုးတိုင်းလိုလိုမှာ သူတစ်ပါးလူမျိုးနှင့် စပ်လျဉ်း၍ လှောင်ပြောင်ပြောဆိုစရာ ဟာသပုံပြင်များ ရှိကြခြင်း ဖြစ်သည်။ ဘယ်လူမျိုးက သိပ်နုံတာ၊ ဘယ်လူမျိုးက ဘယ်လောက် ကပ်စေးနှဲတာ စသဖြင့်။

သည်ပုံပြင်တွေသည် ကိုယ်က အလှောင်ခံရနေရာက မဟုတ်လျှင် ရယ်ရသည်။ သို့သော် ပုံပြင်ထဲပါတာကို တစ်ဖက်လူမျိုး၏ စရိုက်သဘာဝ အမှန်ဟု မှတ်ယူလျှင် လွဲသွားဖို့ များသည်။

ဥပမာတစ်ခု နားထောင်ကြည့်ပါ။
လမ်းထောင့် တစ်နေရာမှာ လူလေးယောက် ရပ်နေသည်။ လူလေးယောက်၊ လူမျိုးလေးမျိုး။ အမေရိကန်၊ ရုရှား၊ တရုတ်နှင့် အစ္စရေး။
သတင်ထောက်တစ်ယောက် သူတို့အနား ရောက်လာပြီး မေးသည်။
"ခွင့်ပြုပါခင်ဗျာ... အသားပြတ်လပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ သဘောထားအမြင်တွေ သိပါရစေ"
အမေရိကန်က ပြန်မေးသည်။ "ပြတ်လပ်တယ်ဆိုတာ ဘာလဲဗျ"
ရုရှားက မေးသည်။ "အသားဆိုတာ ဘာလဲဗျ"
တရုတ်က "သဘောထားအမြင်ဆိုတာ ဘာလဲဗျ"
အစ္စရေးကတော့ "ခွင့်ပြုပါခင်ဗျာ ဆိုတာ ဘာတုန်းဗျ" တဲ့။
ပုံပြင်က ဒါပဲဖြစ်သည်။

သူ ဘာပြောသလဲ ထပ်ဖွင့်ရသော်၊
အမေရိကန်တွေသည် "ပြတ်လပ်မှု" ဆိုတာ ဘာမှန်းမသိလောက်အောင် အလျှံပယ်ကြွယ်ဝသူတွေ ဖြစ်သည်။ ရုရှားတွေကတော့ မစားရတာ ကြာသဖြင့် "အသား" ဆိုတာ မကြားဖူးသလို ဖြစ်နေသည်။ တရုတ်ကတော့ ကိုယ့်သဘော ကိုယ့်အယူအဆကို တစ်ခါမှ ပြောခွင့်မရသဖြင့် ဘာမှန်း မသိကြ။ အစ္စရေးကတော့ ယဉ်ကျေးမှုမရှိ၊ "ခွင့်ပြုပါခင်ဗျာ" ဆိုသော အသုံးအနှုန်းကို နားမလည်... ဟူ၍ ဖြစ်သည်။

သို့သော် အဲဒါတွေက ဘယ်လောက်မှန်သလဲ။
အလျှံပယ်ကြွယ်ဝသည် ထင်ရသော အမေရိကန်တွေ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း စီးပွားရေး ကျဆင်းသည့်ဒဏ်ကို အလူးအလဲ ခံနေရသည်။ ကွန်မြူနစ်စနစ် ခွဲတမ်းခေတ်က အသားငတ်ခဲ့သော ရုရှားပြည်မှာ ယနေ့ အသားမပြတ်တော့။ တစ်ချိန်က ဗဟိုဦးစီးစနစ် တင်းကျပ်လှသည့် တရုတ်ပြည်မှာလည်း ယခင်နှင့်စာတော့ အများကြီး ပြောခွင့်ဆိုခွင့်ရပြီ။
အဲ၊ အစ္စရေးတွေကော။ ရိုင်းတုန်းပဲလား။

သည်ပုံပြင်ကို ဖတ်ရသည်က အစ္စရေး၏ စီးပွားရေး တိုးတက်မှုအကြောင်း ဖော်ပြသည့် Start-Up Nation ဆိုသော စာအုပ်မှာဖြစ်သည်။ အစ္စရေးကောင်းကြောင်း ရေးသည့်စာအုပ်မှာ အစ္စရေးမကောင်းကြောင်း ပြောသည့် ပုံပြင်ကို ဘာကြောင့် ဖော်ပြသလဲ။

ကောင်းသောဘက်က အဓိပ္ပါယ်ယူပြီး ပြောချင်သောကြောင့် ဖြစ်သည်။

သူက၊ အစ္စရေးတွေသည် ရိုင်းတာမဟုတ်၊ သူတို့မှာ ပဋိသန္ဓာရစကား ပြောနေဖို့ အချိန်မရှိခြင်းသာ ဖြစ်သည်၊ အစ္စရေးသည် တိုင်းပြည်သေးသည်၊ လူနည်းသည်၊ ထို့ကြောင့် တိုင်းပြည်ကို ကာကွယ်ဖို့၊ တိုင်းပြည် အင်အားရှိဖို့၊ တစ်ဦးချင်း တိုးတက်ဖို့၊ တစ်ဦးချင်း ကြီးပွားချမ်းသာဖို့ မပြတ်လှုပ်ရှားနေရသည်၊ နိုင်ငံတကာ စီးပွားရေးနယ်ပယ်မှာ ယှဉ်ပြိုင်နိုင်ဖို့ မပြတ် တီထွင် ကြံဆနေရသည်။ ကြံဆ၍ ရသမျှကို ချက်ချင်းထ အကောင်အထည် ဖော်ရသည်၊ ထို့ကြောင့်လည်း ရန်သူတွေ ၀ိုင်းဝိုင်းလည်ကာ စစ်ပွဲတွေ မကြာခဏ ဆင်နွှဲနေရသော အစ္စရေးသည် စီးပွားရေးတွင် ကမ္ဘာ့ထိပ်တန်း၌ ရှိနေခြင်း ဖြစ်သည်၊ စသဖြင့် ရေးသည်။

အဲသည်တော့ "ခွင့်ပြုပါခင်ဗျာ" သည် ခင်ဗျားတို့ ကျုပ်တို့မှာ အရေးကြီးသော ယဉ်ကျေးမှု ဖြစ်သော်လည်း အစ္စရေးအဖို့တော့ ယဉ်ကျေးမှု စာရင်းထဲတွင် မပါဟု ဆိုလိုသော သဘောဖြစ်သည်။

သည်လိုပဲ၊ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုတွေ မတူကြ။ ဒါကို အကြောင်းပြုပြီး သူ့လူမျိုးက ရိုင်းသည်၊ တို့လူမျိုးက ယဉ်ကျေးသည်၊ တို့အမျိုးက မြင့်မြတ်၍၊ သူ့အမျိုးက နိမ့်ကျသည် စသဖြင့် ခွဲခြား၍ မရ။
အဲဒါတွေသည် အမှန်ဟု မူသေယူ၍ မရ။

သို့သော်၊ ခေတ်အဆက်ဆက်ပင် လူတွေ၏ အတ္တစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေကို အသုံးကျကာ အစွဲကြီးသော ပုဂ္ဂိုလ်တို့က ခွဲခြားမှု၊ နှိပ်ကွပ်မှုတွေ ပြုလုပ်ခဲ့ကြသည်။

ဟစ်တလာခေတ် ဂျာမနီမှာ ဂျူးလူမျိုးများကို သန်းချီ သတ်ဖြတ်သည်အထိ ခွဲခြားနှိပ်ကွပ်မှု လွန်ကဲခဲ့သည်။ တောင်အာဖရိကမှာ အပတ်တိုက်ခေါ် အသားအရောင် ခွဲခြားမှုစနစ်ကို ကာလရှည်ကြာ ကျင့်သုံးခဲ့သည်။ အမေရိကန်ပြည်တွင် လူမည်းများကို ကျေးကျွန်အဖြစ် ခိုင်းစေခဲ့သည်။

လွဲမှားသော အစွဲအလမ်းများပေါ်တွင် အခြေခံသည့် အဲသည် မတရားသော လုပ်ရပ်များ အားလုံးပင် နောက်ဆုံး၌ အရှုံးနှင့် အဆုံးသတ်ခဲ့သည်။

ကမ္ဘာ၌ လူမျိုးတစ်မျိုးနှင့်တစ်မျိုး မတူညီခြင်း၊ ကွဲပြားခြင်းသည် အရှိအမှန် အနေအထားဖြစ်သည်။ သို့သော် ခွဲခြားခြင်းကား မတရားမှု ဖြစ်ပါသည်။

ပြည်သူ့ခေတ်အယ်ဒီတာ
၁၅၊ ၉၊ ၂၀၁၀

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


ဘုရားက ကြိုက်မတဲ့လား
လူတွေက ခက်တယ်၊ ဘုရားပန်း ညှိုးတာထက် နတ်ပန်းညှိုးမှာ ကြောက်ကြတယ်။ နတ်က ယခုလက်ငင်း မဟုတ်လုပ်မှာကိုး။ ဒီလိုပဲ သူတို့ ယုံကြည်နေကြတယ်။ ဗုဒ္ဓဘာသာတွေလို့ အမည်ခံကြပေမယ့် မိရိုးဖလာစွဲလာခဲ့တဲ့ နတ်အစွဲက မကျွတ်ကြဘူး။ အခုခေတ် ရှင်လောင်းဆင်တာ တွေကလည်း ဘယ်လိုတွေမှန်း မသိဘူး၊ လူစင်စစ်က နတ်လိုလို သိကြားလိုလို ဖြစ်အောင် ဆင်နေကြတယ်။ သူတို့ အထင်ကြီးကြတာကိုး။ ပြီးတော့ ကိုးကွယ်တဲ့ ဘုရားဆင်းတုကိုလည်း နတ်ရုပ်လိုပဲ အချွန်တွေ အတက်တွေနဲ့ လုပ်ထားကြတယ်။ ဘုရားက ကြိုက်မတဲ့လားလို့ စဉ်းစားကြည့်ကြပါ။
ယခု လူတွေက ဘုရားဆင်းတုကို အရုပ်လောက်သာ မြင်နေကြတော့ ခက်တာပေါ့။

တညံညံ တကျက်ကျက်
ဘုရားရှင်ကိုယ်တော်မြတ်က တိတ်ဆိတ်ငြိမ်သက်မှုကို ကြိုက်ပါတယ်ဆိုမှ အခုခေတ် ကျောင်းဝင်းထဲ ပွဲအမျိုးမျိုး ခံ၊ တညံညံ တကျက်ကျက် လုပ်နေကြတယ်။ ဒါဟာ တို့နိုင်ငံထဲ သာသနာတော်မရောက်ခင်က လုပ်ကြတဲ့ နတ်ပူဇော်တဲ့ ပွဲမျိုးပဲ။

ဘယ် ဒါနစစ်လိမ့်မလဲ
"ပေးတယ်" ဆိုပေမယ့်လည်း သမီးရည်းစားပေးတဲ့ အပေးမျိုးတော့ မဟုတ်စေရဘူး။ သမီးရည်းစားပေးတာက ဒါနဆိုပေမယ့် ဒါနအစစ် မဟုတ်ဘူး။ သူ့အတွက်တော့ မချစ်တဲ့သူ ချစ်ခင်လာစေနိုင်တာပေါ့။ အဲဒီအကျိုးတော့ ရမှာပဲ။ ဒါပေမယ့် ကုသိုလ်တော့ ရချင်မှ ရမယ်။ သူ့စိတ်ကမှ မရိုးဘဲကိုး။ ပေးကမ်းတိုင်း အလှူမထင်လိုက်လေနဲ့။ တွန့်ဆုတ်တွန့်ဆုတ် ဒါနမျိုးကျတော့ အကျိုးပေးတဲ့အခါ မထက်သန်ဘူး။ ပေးကမ်းတုန်းကလို ထက်ထက်သန်သန်နဲ့ ပေးကမ်းခဲ့မှ အကျိုးပေးတော့လည်း ထက်သန်တယ်။ တချို့ ကြောက်လို့ ပေးရတာမျိုးလည်း ရှိသေးတယ်။ ဒါတွေကျတော့ ဘယ် ဒါနစစ်လိမ့်မလဲ။

ဓမ္မပဒဂါထာ (၇၈)


န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရသုတ္တမေ။

မိတ်ကောင်းကိုသာ ပေါင်းသင်းပါ
မကောင်းမှု အကုသိုလ်နဲ့ပဲ
မွေ့လျော်ပျော်ပိုက်တဲ့
မိတ်ဆွေဖျင်း မိတ်ဆွေညံ့တွေထံ
လုံးဝ မချဉ်းကပ်ပါနဲ့။
မလုပ်သင့်တာတွေလုပ်ဖို့
အတင်းတိုက်တွန်းတတ်တဲ့
မိတ်ဆွေဆိုး မိတ်ဆွေယုတ်တွေကို
လုံးဝ မပေါင်းသင်းပါနဲ့။
ကောင်းမှုကုသိုလ်နဲ့ပဲ
မွေ့လျော်ပျော်ပိုက်တဲ့
မိတ်ဆွေကောင်း မိတ်ဆွေမွန်တွေထံ
အမြဲမပြတ် ချဉ်းကပ်ပါ။
လုပ်သင့်တာတွေလုပ်ဖို့
အတင်းတိုက်တွန်းတတ်တဲ့
မိတ်ဆွေထူး မိတ်ဆွေမြတ်တွေကို
မခွဲမခွာ ပေါင်းသင်းပါ။

Thursday, September 23, 2010

သူလိုကိုယ်လို ကမ္ဘာကြီး - ချမ်းငြိမ်း


ဒူမွန်ကတော့ "ရိုက်ညီနောင်" လို လေယာဉ်ပျံကို စတင်ဖန်တီးခဲ့သူလို့ အသိအမှတ်ပြု ခံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဇရာပိုင်းရောက်လာချိန် သူတွေ့ရှိကြိုးပမ်းခဲ့တဲ့ လေယာဉ်ပျံနဲ့ စစ်ပွဲတွေမှာ ဗုံးကြဲချပြီး လူတွေသေအောင် အသုံးချနေကြတာ တွေ့ရတော့ ယူကျုံးမရဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။
(တေးရေး သုခမိန်လှိုင်၊ မောင်သစ်မင်း၏ တေးမြုံငှက် စာအုပ်မှ)

လွန်ခဲ့တဲ့ တစ်ပတ်လောက်က မီဒီယာတွေပေါ်မှာ သတင်းတစ်ခု တက်ခဲ့ပါတယ်။ ပမာဏကြီးမားတဲ့ ဂြိုဟ်သိမ်နှစ်ခုဟာ ကမ္ဘာနဲ့ အနီးကပ်ဆုံး အကွာအဝေးတစ်ခုက ဖြတ်သန်းသွားတယ်ဆိုတဲ့ သတင်းပါပဲ။ ဖြစ်ပြီးမှ သိရတာဆိုတော့ လူတွေ ထိတ်လန့်တုန်လှုပ်မှု သိပ်တော့မရှိပါဘူး။ ဒါပေမယ့် အဲဒီသတင်းဟာ မိမိတို့ရဲ့ ကမ္ဘာကြီးပေါ်မှာ နေထိုင်မှုအတွက် သေချာမှုရော ရှိပါရဲ့လားဆိုတဲ့ သတိပေးချက် ပေါ်ထွက်လာသလိုပါပဲ။ တစ်ဆက်တည်းမှာပဲ ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းရဲ့ မကြာသေးမီက ထုတ်ပြန်ပြောကြားချက်ကိုလည်း အမှတ်ရမိစေပါတယ်။ စတီဖင်ဟော့ကင်း ဆိုသူကတော့ ၂၀ ရာစုမှာ သြဇာတိက္ကမ အရှိဆုံး အတော်ဆုံးလို့ သတ်မှတ်ကြတဲ့ သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်း ပြီးရင် ကမ္ဘာမှာ အတော်ဆုံး သဘောတရားရေးရာ ရူပဗေဒပညာရှင်တစ်ဦးပါ။ ၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကာလနဲ့အချိန်၊ မက္ကင်းနစ်နဲ့ ဘလက်ဟိုးလို့ခေါ်တဲ့ စကြ၀ဠာထဲက တွင်းနက်ကြီးတွေအကြောင်း အထူးပြု လေ့လာခဲ့သူပါ။ သူဟာ ကျောင်းသားဘ၀မှာပဲ အာရုံကြော ချို့ယွင်းမှုကြောင့် မသန်စွမ်းဖြစ်ကာ ဘီးတပ်ကုလားထိုင်လေးပေါ်မှာ ဘ၀တစ်လျှောက်လုံး နေခဲ့ရသူပါ။ ဒါပေမယ့် သူဟာ အင်မတန်ထူးချွန်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အိုင်းစတိုင်းဟာ သူ့ရဲ့ နှိုင်းရဓမ္မတရား၊ ရီလေတီဗီတီကို သူထိုးတဲ့ တယောလေးထဲ ထည့်ထားတယ်လို့ ဆိုကြသလို ဟော့ကင်းဟာလည်း သူ့ရဲ့ ရူပဗေဒနဲ့ ပတ်သက်တဲ့ ကမ္ဘာကြီးပေါ် တွေးခေါ်ရှုမြင်ပုံတွေကို ဘီးတပ်ကုလားထိုင်လေးပေါ် တင်ထားတယ်လို့တောင် ပြောရမယ့် ပုဂ္ဂိုလ်မျိုးပါ။ ဟော့ကင်းက "လူသားမျိုးနွယ်အတွက် ကြီးမားတဲ့အန္တရာယ်ကြီးကို ကျွန်တော် မြင်နေပါတယ်။ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ကာလရှည် ရပ်တည်နိုင်ရေး နည်းလမ်းကတော့ အာကာသထဲကို ဖြန့်ကြက်ဖို့ပါပဲ" လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သူဘာကြောင့် ဒီလိုပြောကြား ရပါသလဲ။
stephenhawking.jpg

တစ်နေ့က အိမ်မှာရှိတဲ့ စာအုပ်ပုံကိုရှင်းတုန်း နိုင်ငံခြားမဂ္ဂဇင်းတစ်စောင်က စာမဲ့ကာတွန်း ရုပ်ပုံတစ်ခုကို အသေအချာ ကြည့်မိပါတယ်။ ကာတွန်းက ၂၀ ရာစု အစောပိုင်း လက်ရာတစ်ခုပါ။ ပြောရရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်က ကာတွန်း၊ ပုံမှာ ကလေးကို ချီပိုးထားတဲ့ မိန်းမတစ်ယောက်ဟာ ကမ္ဘာကြီးကိုလည်း ကျောပေါ်မှာ မနိုင်မနင်း တင်ထမ်းထားတာပါ။ အဲဒီ ကမ္ဘာလုံးကြီးပေါ်မှာတော့ ယောက်ျားနှစ်ယောက်ဟာ သူသေကိုယ်သေ ဓားနဲ့ ခုတ်ထစ်နေကြတဲ့ ပုံပါပဲ။ အဓိပ္ပါယ်ကတော့ ၂၀ ရာစု ကမ္ဘာကြီးမှာ ယောက်ျားတွေ စစ်မက်ဖြစ်ပွားနေချိန် မိန်းမတွေက နောက်ပိုင်းတာဝန် အ၀၀ကိုယူပြီး သားသမီးတွေပါ ထိန်းကျောင်းနေရတဲ့ ဖြစ်စဉ်ကို သရုပ်ဖော်ထားခြင်းပါပဲ။ အတော်လေး ထိမိတဲ့ ကာတွန်းပါ။ သိကြတဲ့အတိုင်း ၂၀ ရာစုအတွင်းမှာ ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့တယ် မဟုတ်လား။ အဲဒီကာလတွေကို ရည်ညွှန်းပြီး ကာတွန်းဆရာက ရေးဆွဲခဲ့တာပါ။ တစ်နည်းပြောရရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက ကမ္ဘာကြီးရဲ့ သရုပ်သကန် အစစ်အမှန်ကို ဖော်ကျူးထားတဲ့ပုံပါ။ အခုနှစ်ပေါင်းများစွာ ကျော်လွန်လာပြီးတဲ့နောက် ၂၁ ရာစုကို ရောက်ရှိလာခဲ့ပါပြီ။ ကမ္ဘာကြီးဟာ ဟိုတုန်းက အချိန်တွေနဲ့ နှိုင်းစာရှု ဘာများပြောင်းလဲခဲ့ပါသလဲ။ ကာတွန်းထဲကအတိုင်း ဆက်လက်ကျန်ရှိနေမြဲလား။ သိသာထင်သာ မြင်သာရှိတဲ့ နည်းပညာပိုင်း တိုးတက်မှုတွေ၊ ဆေးသိပ္ပံ တိုးတက်မှုအချို့ ရှိခဲ့ပေမယ့် ယနေ့ကမ္ဘာကြီးကတော့ အခြေခံဖြတ်သန်းမှု ဘာမှကို မပြောင်းလဲသေးပါဘူး။ ဆိုရရင် ပိုလို့သာ ဆိုးလာတယ်လို့ပဲ ပြောရမှာပါ။ ယနေ့ ကမ္ဘာကြီးကို ကြည့်ပါ။

အစာရေစာ ငတ်မွတ်ခေါင်းပါးမှု၊ စစ်မက်ဖြစ်ပွားမှု၊ အေ့စ်ရောဂါ၊ သစ်တောပြုန်းတီးမှု၊ သယံဇာတ ရှားပါးလာခြင်း၊ ငလျင်၊ မုန်တိုင်းကြီးများ၊ ရေနံယိုဖိတ်မှုများ၊ တောမီးအကြီးအကျယ် လောင်ကျွမ်းမှု၊ ပါကစ္စတန်ရေကြီးမှု၊ အာဖရိကတိုက်ရှိ ကလေးသူငယ်များ အာဟာရချို့တဲ့မှုများကြောင့် နေ့စဉ် သေဆုံးနေခြင်း၊ လူမျိုးဖြုတ်စစ်ပွဲများ၊ အလုပ်လက်မဲ့ပြဿနာ၊ အကြမ်းဖက်ဝါဒ၊ အသေခံဗုံးခွဲ တိုက်ခိုက်မှုများ….။

ကမ္ဘာကြီးဟာ အကြီးအကျယ် နာကျင်ကိုက်ခဲနေပါပြီ။ အဲဒီဖြစ်စဉ်တွေနဲ့အတူ လူသားတွေ ကြားထဲမှာလည်း လောဘ၊ ဒေါသ၊ ဣဿာ မစ္ဆရိယတွေနဲ့ ကျပ်ခဲနေလိုက်တာ၊ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေနဲ့ မွန်းကျပ်လိုက်တာ။ တကယ်တော့ နေစကြ၀ဠာထဲကကြည့်ရင် ကမ္ဘာကြီးဟာ အမြဲဆူပွက်နေတဲ့ ရေနွေးအိုးကြီး တစ်ခုလို မြင်တွေ့ရမှာပါ။

တစ်နေ့ကပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ထွက်ရှိခဲ့ဖူးတဲ့ မောင်သစ်မင်းရေးတဲ့ တေးမြုံငှက် စာအုပ်လေး ပြန်ဖတ်မိပါတယ်။ အဲဒီစာအုပ်ရဲ့ အမှာစာကိုတော့ တေးရေး သုခမိန်လှိုင် (သိဒ္ဓိတ္ထလှိုင်) က ရေးသားပေးခဲ့တာပါ။ အဲဒီအမှာမှာ ၂၀ ရာစု ကမ္ဘာကြီးအကြောင်းကို သူ့အမြင် Opinion ပုံစံမျိုးနဲ့ ရေးသားခဲ့တာပါ။ ဒီအမှာကို ဖတ်ရတော့ အခုနှစ်ပေါင်း ၃၀ ကျော်လာချိန်မှာလည်း ကမ္ဘာကြီးဟာ ဘာမှ သိပ်မပြောင်းလဲသေးဘူးဆိုတာ အထူးသဖြင့် လူသားတွေရဲ့ အခြေခံစိတ်ဓာတ်တွေဟာ ဘာမှ သိပ်မပြောင်းလဲသေးဘူးဆိုတာ တွေးမိပါတယ်။ စတီဖင်ဟော့ကင်းကလည်း ဒါကို ဆိုလိုတာပါ။ ဒီလိုသာ ရှေ့ဆက်သွားနေရင် ရာစုနှစ်ခုအတွင်း လူတွေရဲ့ မိုက်မဲမှု၊ လူတွေရဲ့ ဗြဟ္မစိုရ်တရား ခေါင်းပါးလာမှုကြောင့် လူသားမျိုးနွယ်ကြီး တစ်ခုလုံး ကြေပျက်သွားနိုင်တယ် ဆိုတာပါပဲ။ သည်ဖြစ်ရပ်တွေကြောင့်ပဲ နိုင်ငံကျော် တေးပြုစာဆို မြို့မငြိမ်းဟာ ဘီးကျိုးလေးတစ်ချောင်း၊ အ၀တ်အထည်လေး အနည်းငယ်နဲ့ ဖိနပ်လေးတစ်ရန်ကို သစ်ပင်တစ်ပင်ရဲ့ သောက်ရေအိုးစဉ် ရှေ့မှာ ထားခဲ့ပြီး လော်လီကားကြီးတစ်စီးရဲ့ ဘီးအောက်မှာ သူ့ခေါင်းကို ထိုးဝင်ခံခဲ့တာပါ။ ကမ္ဘာကြီးကို သူနားလည်သိရှိသွားချိန်မှာ လူတွေကို နားလည်သွားချိန်မှာ မြို့မငြိမ်းဟာ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ပဲ ဆိုရမှာပါ။ တကယ်တမ်း ကျွန်တော်တို့ မေ့နေတာကတော့ လူသန်းပေါင်း ခြောက်ထောင်ကျော် တင်ဆောင်ထားတဲ့ ကမ္ဘာဆိုတဲ့ မိမိတို့နေထိုင်ရာ ဂြိုဟ်ဟာ ရပ်တည်နေတာ မဟုတ်။ တစ်နာရီ မိုင်ခြောက်သောင်းနှုန်းနဲ့ အာကာသထဲ အမြန်ရွေ့လျား နေတယ်ဆိုတာပါပဲ။ ကမ္ဘာလို ဂြိုဟ်တွေလည်း နေစကြ၀ဠာထဲမှာ ထောင်သောင်းချီ ပြေးလွှားသွားနေကြတာပါ။ တကယ်တော့ လူမဆိုထားနဲ့ ကမ္ဘာကြီးတောင် သူလိုကိုယ်လို ကမ္ဘာကြီးမဟုတ်လား။

ဧည့်သည်ဝတ်၊ အိမ်ရှင်ဝတ်၊ တယ်လီဖုန်းဆက်သူဝတ်


ဧည့်သည် ၀တ္တရား (၅) ပါး
သင့်တော်ချိန်သွား၊ မေတ္တာပွား၍...
စကားမရှေ(ရှည်)၊ သိမ်မွေ့စေပြီး
ကူလေအိမ့်ရှင်၊ ၀တ်ငါးအင်
အစဉ်မှတ်သား ဧည့်သည်များ။

အိမ်ရှင် ၀တ္တရား (၄) ပါး
ပျူငှာစွာကြို၊ စားစရာကိုကျွေး
နေရာပေး၍၊ နွေးထွေးစကား
ပြောဖော်ကြားမှ၊ လေးပါးစိတ်ဓာတ်
အိမ်ရှင်မှတ်။

တယ်လီဖုန်းဆက်သူ ၀တ္တရား (၅) ပါး
နံပါတ်မှန်ပါ၊ မှားအခါတောင်းပန်
ကိုယ့်နာမည်ပြော၊ စကားကြောမရှေ(ရှည်)
လေသံမကျယ်၊ ဤငါးသွယ်
မှတ်ဖွယ် ဖုန်းဆက်ကြသူများ။

[မှတ်ချက်] - မြန်မာမှုတွင် မိဘ၀တ်ငါးပါး၊ သားသမီးဝတ်ငါးပါး၊ ဆရာ့ဝတ်ငါးပါး၊ တပည့်ဝတ်ငါးပါး စသည်တို့ကို ကဗျာစပ်ဆိုထားခြင်း ရှိသော်လည်း အထက်ပါ မိတ်ဆွေ၊ ဧည့်သည်၊ အိမ်ရှင် တယ်လီဖုန်းဆက်သူတို့၏ ၀တ္တရားများကို စပ်ဆိုထားကြောင်း မတွေ့မိသေးသဖြင့် ဤသို့ရေးစပ်ပါသည်။

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


voltairequote.png

johnadamsquote.png

အစိုးရကောင်းနှင့် အတိုက်အခံကောင်း - မောင်စူးစမ်း


goodgovgoodanti.png

ဗဟိုချက်မ
ဒီမိုကရေစီ၏ ဗဟိုချက်မသည် လွှတ်တော်နိုင်ငံရေးဖြစ်သည်။ သို့သော် လွှတ်တော်နိုင်ငံရေးပုံသဏ္ဌာန် ရှိရုံဖြင့် ဒီမိုကရေစီသည် လုံလောက်ပြီဟု မပြောဆိုနိုင်ပေ။ လွှတ်တော်၌ အာဏာရပါတီအပြင် အတိုက်အခံ နိုင်ငံရေးပါတီ အဖွဲ့အစည်းတို့လည်း ရှိရန်လိုအပ်သည်။ အတိုက်အခံ ပါတီစနစ်ရှိမှ ဒီမိုကရေစီ၏ ယုတ္တိပေါ်လွင်နိုင်သည်။ အတိုက်အခံရှိမှ တိုးတက်သည်။ အတိုက်အခံရှိမှ ဒီမိုကရေစီမြောက်သည်ဟူသော ဆိုရိုးစကားတို့သည် ဒီမိုကရေစီ၏ လက္ခဏာကို ပြောပြခြင်းဖြစ်သည်။

သို့ဖြင့် ဒီမိုကရေစီသည် အစိုးရကောင်းကို ရည်ညွှန်းရုံမဟုတ်ဘဲ အတိုက်အခံကောင်းကိုလည်း ရည်ညွှန်းသည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့က အာဏာချိန်ခွင်လျှာ ညှိရေးကို ဇောင်းပေးပြီး ရှင်းပြလေ့ရှိသည်။ အာဏာရှင်ချိန်ခွင် ပြဿနာတွင် လွှတ်တော်အစိုးရနှင့် တရားစီရင်ရေးတို့အကြား ချိန်ခွင်လျှာမျှရေးကို ပိုပြီး အလေးပေးပြောကြသည်။ ခေတ်သစ် လူ့အဖွဲ့အစည်း၌ အတိုက်အခံ နိုင်ငံရေးပါတီ ရှိခြင်းကို ချိန်ခွင်လျှာထိန်း ကိရိယာတစ်ပါးအဖြစ် အသိအမှတ် ပြုလာသည်။

အနည်းနှင့် အများ
သို့ဖြင့် ဒီမိုကရေစီ၌ အစိုးရကောင်းများ ပေါ်ထွန်းရေးက ပိုအရေးကြီးသလား သို့တည်းမဟုတ် အတိုက်အခံကောင်း ပေါ်ထွန်းရေးက အရေးပိုကြီးသလားဟု အငြင်းအခုံဖြစ်ကြသည်။ လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်း၌ လွှတ်တော်နိုင်ငံရေး ပေါ်တော့မည်။ အချို့က ဤလွှတ်တော်နိုင်ငံရေးမှ အစိုးရကောင်း ပေါ်ထွန်းလာရေးကို အလေးပေးစဉ်းစားသည်။ အချို့က ပကတိအခြေအနေနှင့် အကန့်အသတ်တို့ကို ထည့်သွင်းစဉ်းစားပြီး အတိုက်အခံကောင်း ပေါ်ထွန်းလာရေးကို အလေးပေးသည်။

စင်စစ်၌ လာမည့်ရွေးကောက်ပွဲ ရလဒ်များအဖြစ် အစိုးရကောင်းလည်း ပေါ်ပေါက်သင့်သည်။ အတိုက်အခံကောင်းလည်း ပေါ်ပေါက်သင့်သည်။ စာရေးသူအမြင်၌ အစိုးရကောင်း ပေါ်ထွန်းရေးသည် အတိုက်အခံကောင်း ပေါ်ထွန်းရေးပေါ်တွင် အနည်းနှင့်အများ မှီတည်နေလိမ့်မည်ဟု ယူဆသည်။ အစိုးရကောင်း ပေါ်ထွန်းရေးနှင့် အတိုက်အခံကောင်း ပေါ်ထွန်းရေးတို့သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန်အလှန်သဘော မှီတည်နေကြလေရာ အစိုးရကောင်းပေါ်လျှင် အတိုက်အခံကောင်း ပေါ်ထွက်လာရမည်ဟု ယေဘုယျ ယူဆစရာရှိသည်။ အပြန်အလှန်အားဖြင့် အတိုက်အခံကောင်းက အစိုးရကောင်း ပေါ်ထွန်းရန် စေ့ဆော်သည်ဟု ယူဆနိုင်သည်။

အတွဲလေးတွဲ
စိတ်ကူးယဉ်မှု သဘောအရပြောလျှင် အစိုးရကောင်းနှင့် အတိုက်အခံကောင်း နှစ်မျိုးစလုံး ဖြစ်ထွန်းလျှင် အကောင်းဆုံးဟု ခံစားနိုင်သည်။ သို့ရာတွင် နိုင်ငံရေး၌ အကောင်းဆုံးစံတို့ဖြင့် မစဉ်းစားသင့်ပေ။ ဖြစ်နိုင်ခြေရှိသော စံတို့ကိုသာ ရွေးချယ်ရသည်။ အစိုးရနှင့် အတိုက်အခံတို့ကြား ဖြစ်နိုင်ခြေရှိသော အတွဲစုကို ဖော်ပြရလျှင် အောက်ပါအတိုင်း လေးမျိုးရှိနိုင်မည်ဟု ခန့်မှန်းရသည်။
(၁) အစိုးရကောင်းနှင့် အတိုက်အခံကောင်း အတွဲ
(၂) အစိုးရကောင်းနှင့် အတိုက်အခံအညံ့ အတွဲ
(၃) အတိုက်အခံကောင်းနှင့် အစိုးရအညံ့ အတွဲ
(၄) အတိုက်အခံအညံ့နှင့် အစိုးရအညံ့ အတွဲ

စဉ်းစားပုံ သုံးမျိုး
အကဲခတ်သမားတို့ကြား၌ အချို့က အစိုးရပိုင်း၏ အကောင်းနှင့်အညံ့ကို အလေးပေး စဉ်းစားသည်။ အချို့က အတိုက်အခံဘက်က အကောင်းနှင့်အညံ့ပိုင်းကို အလေးပေး စဉ်းစားသည်။ လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် အစိုးရကောင်း ပေါ်ထွန်းလာမည်ကို ဦးစားပေးစဉ်းစားသလို အချို့က အတိုက်အခံကောင်း ပေါ်ထွန်းလာရေးကို ဦးစားပေး စဉ်းစားသည်။ အစိုးရကောင်းနှင့် အတိုက်အခံကောင်း ပေါ်ထွန်းရေးပြဿနာ စဉ်းစားလျှင်
(၁) နိုင်ငံရေးပါတီတို့၏ အရည်အချင်းနှင့် ပြည်သူလူထု၏ ဗဟုသုတပညာ အရည်အသွေးပေါ်တွင် မူတည်စဉ်းစားရသည်။ ဤနေရာ၌ ပြည်သူလူထု၏ ရွေးချယ်မှုက အဓိကဖြစ်ရန် ရှိသော်လည်း တကယ့်လက်တွေ့၌ အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းတို့၏ အရည်အသွေးက အဆုံးအဖြတ်ပေးမည်ဟု ယူဆရသည်။
(၂) နောက်တစ်ချက်မှာ နိုင်ငံရေးစနစ်၏ အင်စတီကျူးရှင်းနှင့် ပါရာဒိုင်းတို့ကလည်း အစိုးရကောင်းနှင့် အတိုက်အခံကောင်း ပေါ်ထွန်းရေးကို ပြဋ္ဌာန်းပါလိမ့်မည်။
(၃) တတိယအချက်အနေဖြင့် မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု အနေအထားကလည်း အစိုးရကောင်း၊ အတိုက်အခံကောင်း ပေါ်ထွန်းရေးကို ပြဋ္ဌာန်းဖွယ်ရှိသည်။
Ref: DEMOCRACY by Bernard Crick

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


လူကြီးလူကောင်း
လူကြီးလူကောင်းတွေနဲ့ စကားပြောတဲ့အခါ ကိုယ်ခန္ဓာနဲ့ ခေါင်း၊ ခြေကို ငြိမ်ငြိမ်ထားရတယ်။ လက်ကားရား ခြေကားရား မလုပ်ရဘူး။ ခြေထောက်ကြီးတွေ ရှေ့ကိုလည်း ထုတ်မထားနဲ့၊ နောက်ကိုလည်း ပြန်သွင်းမထားနဲ့၊ ဘာပြုလို့လဲဆိုတော့ ခြေထောက်ကြီးတွေ ရှေ့ထုတ်ထားလျှင် မယဉ်ကျေးရာ ရောက်သွားမှာပေါ့။ တစ်ခါ နောက်ကို သွင်းထားပြန်တော့လည်း ကြောက်ရွံ့နေရာ ရောက်ပြန်ရော။ ဒါကြောင့် အနေတော်ဖြစ်အောင် ပုံမှန်ကျအောင် သတိရှိစေရတယ်။ မျက်နှာကလည်း မချိုမချဉ် မလုပ်ရဘူး။ ကိုယ့်အချိုးအစားအတိုင်း မှန်မှန်ထားရမယ်။ စကားပြောတော့လည်း တိုတိုနဲ့ လိုရင်းပဲ ပြောရတယ်။ မပြီးနိုင်မစီးနိုင် လေမရှည်စေရဘူး။ ကိုယ့်အမူအရာအားလုံးဟာ လူကြီးလူကောင်း ပီသနေစေရမယ်။

ဘယ်မှာ မွဲနိုင်လိမ့်မလဲ
မြတ်စွာဘုရား မိန့်ကြားတော်မူတာက "စားဦးစားဖျား အနည်းငယ်မျှ ခွဲလှူလို့ မွဲသွားတဲ့သူ ၉၁ ကမ္ဘာအတွင်းမှာ တစ်ယောက်မျှ မရှိဘူး" တဲ့။
ဟုတ်ပါတယ်၊ ဘုရားကိုယ်တော်မြတ်ကြီး မိန့်တော်မူတာ မှန်တာပေါ့။ ကိုယ့်အိမ်သူအိမ်သား မိသားစုအတွက် ချက်ထားတဲ့အထဲက အနည်းငယ်မျှ အနည်းငယ်မျှ ခွဲလှူရုံနဲ့ ဘယ်မှာ မွဲနိုင်လိမ့်မလဲ။ အခုခေတ် မတန်တဆ ကြွေးယူပြီး ရှင်ပြုအလှူတွေ လုပ်တာမျိုးသာ မွဲချင်မွဲသွားနိုင်ပါတယ်။

သိပ်ပြီး သိုမှီးမထားကြပါနဲ့
"ပေးကမ်းလှူဒါန်းခြင်း" ဆိုတာ (ဒါနံ သဗ္ဗတ္ထသာဓကံ) ဆိုတဲ့အတိုင်း အရာခပ်သိမ်းကို ပြီးစေနိုင်တယ်။ မယဉ်ကျေးသူကို ယဉ်ကျေးစေနိုင်တယ်။ လူအများက လေးစားချစ်ခင်စေနိုင်တယ်။ ကိစ္စအ၀၀ကို အောင်မြင်စေနိုင်တယ်။ မပေးမကမ်း မလှူဒါန်းလျှင်တော့ ပြောင်းပြန်အကျိုးရမှာပေါ့။ အဲဒါကြောင့် ကိုယ့်ရှိတဲ့ပစ္စည်း သိပ်ပြီး သိုမှီးမထားကြနဲ့။

ဓမ္မပဒဂါထာ (၇၇)


သြ၀ဒေယျာ နုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊
အသတံ ဟောတိ အပ္ပိယော။

အဆုံးအမ ကြိုက်မှ သူတော်ကောင်း
အကြောင်းကိစ္စ ပေါ်လာရင်လည်း
ဆုံးမတတ်ရမယ်။
အကြောင်းကိစ္စ မပေါ်ခင်မှာလည်း
သွန်သင်တတ်ရမယ်။
မျက်မှောက်မှာလည်း
ဆုံးမတတ်ရမယ်။
မျက်ကွယ်ကနေလည်း
သွန်သင်တတ်ရမယ်။
တစ်ကြိမ်တစ်ခါလည်း
ဆုံးမတတ်ရမယ်။
အကြိမ်ကြိမ်အခါခါလည်း
သွန်သင်တတ်ရမယ်။
မကောင်းမှုအကုသိုလ် မလုပ်အောင်လည်း
တားမြစ်တတ်ရမယ်။
ကောင်းမှုကုသိုလ်လုပ်အောင်လည်း
တိုက်တွန်းတတ်ရမယ်။
အဲဒီလို ဆုံးမသွန်သင်တတ်တဲ့သူကို
ပညာရှိသူတော်ကောင်းတွေ
သိပ်ကို ချစ်မြတ်နိုးကြတယ်။
ပညာမဲ့ သူညံ့ဆိုးတွေကတော့
လုံးဝ သဘောမကျကြဘူးပေါ့။
(အတိုချုပ်)
ဆုံးမတတ်ရမယ်။
သွန်သင်တတ်ရမယ်။
မကောင်းတာမလုပ်အောင်
တားမြစ်တတ်ရမယ်။
ကောင်းတာလုပ်အောင်
တိုက်တွန်းတတ်ရမယ်။
အဲဒီလိုလူကို
သူတော်ကောင်းတွေ ချစ်တယ်။
သူညံ့ဆိုးတွေ မချစ်ဘူး။

Wednesday, September 22, 2010

ဖူးချိန်တန်ဖူး ပွင့်ချိန်တန်ပွင့် ဉာဏ်တံခါးဖွင့် - ဦးသန်းထွတ် (ပါမောက္ခ-ငြိမ်း)


()
ကျွန်တော်ငယ်စဉ် ပညာသင်ရွယ်တွင် ကျွန်တော့်မိခင် ၀ယ်လေ့ရှိသော တို့စရာကို သတိရမိပါသည်။ တို့စရာအမည်မှာ ညံပွင့်ချဉ် ဖြစ်ပါသည်။ ခဏခဏ ၀ယ်လွန်း၍ ကျွန်တော်က "အစ်မကလည်းဗျာ၊ နေ့တိုင်း ညံပွင့်ချဉ်ချည်း ၀ယ်နေတာပဲ" ဟု ပြောမိပါသည်။ ကျွန်တော်တို့ အောက်အရပ်သားများက မိခင်ကို အစ်မဟူ၍ ခေါ်လေ့ရှိပါသည်။ ကျွန်တော့်မိခင် ပြန်ဖြေလိုက်ပုံကို ယနေ့တိုင် ကြားယောင်လျက် ရှိပါသေးသည်။

"ဒါမှ သား ဉာဏ်ပွင့်ပြီး ဉာဏ်ကောင်းမှာပေါ့"

ကျွန်တော်သည် ဉာဏ်ကောင်းချင်သည်မှာ အမှန်ဖြစ်ပါသည်။ ညံပွင့်ချဉ်ကိုလည်း အားရပါးရ တို့၍တို့၍ စားခဲ့မိပုံများကို တွေးမိ၍ ပြုံးမိပါသေးသည်။

()
ယခု ဆောင်းပါးရေးလိုစိတ် ပေါ်ရသည်မှာ ဆရာတက်တိုး၏ "သူတို့ အတွေးအခေါ် မှတ်စုများ" စာအုပ်ပါ "ကျောင်းမှာ ကျရှုံးသူများ" (School Failures) အကြောင်းကို ဖတ်မိသောကြောင့် ဖြစ်ပါသည်။

"အလွန်ဉာဏ်ထိုင်း၍ မျှော်လင့်ချက် မရှိတော့ဟု မှတ်ယူရသော ကလေးတစ်ယောက်ကို သွန်သင်၍ မရနိုင်လျှင် စိတ်မပျက်ပါနှင့်။ သည်းခံပြီး ဆက်ကြိုးစားပါ။ ဗြိတိသျှကလေးရောဂါကု ဆရာဝန်ကြီး ရော်နယ်အစ်လင်းဝပ် ပြုစုထားသော ကျောင်းမှာကျရှုံးသူများ စာရင်းကို ဖတ်ရှုသုံးသပ်ပါ"

ကျောင်းမှာ ကျရှုံးသူများစာရင်းကို ဖတ်ကြည့်မိပါသည်။ စိတ်ဝင်စားဖွယ် အလွန်ကောင်းလှသည်။

()
ကျောင်းမှာ စာလုံးပေါင်းသတ်ပုံ အလွန်ညံ့ဖျင်းသူနှစ်ဦးဟု သတ်မှတ်ခံရသူများမှာ အိုင်ယာလန်နိုင်ငံသား ကဗျာဆရာကြီး ယိတ်စ (William Butter Yeasts) ဟူ၍ နောင်အခါ ကျော်ကြားလှသော စာဆိုတော်ကြီးတစ်ဦးနှင့် အိုင်ယာလန်နိုင်ငံသား ပြဇာတ်ဆရာကြီး ဖြစ်လာမည့် ကမ္ဘာကျော်ပုဂ္ဂိုလ် ဘားနတ်ရှော (George Bernard Shaw, 1856-1950) တို့ ဖြစ်ပါသည်။

()
ကျောင်းတွင် သင်္ချာဘာသာရပ်၌ အလွန်ညံ့ဖျင်းသူများဟူ၍ သတ်မှတ်ခံရသော တပည့်လေးဦးသည် နောင်အခါ အမေရိကန် နိုင်ငံရေးခေါင်းဆောင်၊ ပညာရှိကြီး ဘင်ဂျမင်ဖရင်ကလင် (Benjamin Franklin, 1706-1790) ဖြစ်လာသည်။ ပြင်သစ်ပန်းချီဆရာကြီး ပက်ဗလိုပီကာဆို (Pablo Picasso, 1881-1970) ဖြစ်လာသည်။ သြစတြီးယားနိုင်ငံသား စိတ်ပညာဆရာကြီး အဲလ်ဖရက်အက်ဒလား (Alfred Adler, 1870-1937) ဖြစ်လာသည်။ ဆွစ်လာလန်နိုင်ငံသား စိတ်ပညာဆရာကြီး ကားလ်ဂုစတပ်ဗ်ယွန်းဂ် (Carl Gustav Jung, 1870-1950) ဖြစ်လာသည်။

()
ပညာဉာဏ် ညံ့ဖျင်းလှ၍ သင်မရနိုင်တော့ဟု ဆုံးဖြတ်ကာ ကျောင်းထုတ်ခံရသူ သုံးဦးမှာ ဂျာမန်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstin, 1879-1955)၊ အမေရိကန် စာရေးဆရာကြီး အဂ္ဂါးအယ်လင်ပိုး (Edgar Allan Poe, 1807-1849)၊ ဗြိတိသျှကဗျာဆရာကြီး ရှယ်လီ (Persey Byashe Shelley, 1792-1822) တို့ ဖြစ်သည်။

()
စာသင်ခန်းထဲတွင် ဘယ်အခါ စစ်ဆေးစစ်ဆေး ဉာဏ်ရည်အဆင့်မှာ ဘိတ်ဆုံး (Bottom of Class) ဖြစ်သူ တစ်ဦးမှာ နောင်အခါ အမေရိကန် တီထွင်မှုပါရဂူကြီး သောမတ်စ်အဲလ်ဗားအက်ဒီဆင် (Thomas Alva Edison, 1847-1931) ဖြစ်လာသည်။

()
အတန်းထဲတွင် ဉာဏ်လေးသူ (Mentally Slow) အဖြစ် ဆရာ၏ သတ်မှတ်ခြင်းခံရသူ ကျောင်းသားကလေးမှာ နောင်အခါ သိပ္ပံပညာကျော် အိုင်းစတိုင်း ဟူ၍ ထင်ပေါ်ကျော်ကြားသူ ပုဂ္ဂိုလ်ကြီး ဖြစ်လာသည်။

()
အတန်းထဲတွင် စိတ်ကူးယဉ်သမား (Dreamer) ဟူ၍ ဆရာ၏ သတ်မှတ်ချက်ကို ခံယူခဲ့ရသော ကျောင်းသားကလေးမှာ နောင်သောအခါ ပြင်သစ် ပန်းချီဆရာကြီး ပေါလ်ဂေါကင်း (Paul Gaugin, 1849-1903) ဖြစ်လာသည်။

()
ကျောင်းစာသင်ခန်းတွင် ထုံထိုင်း၍ သုံးမရသူ (Dull and Imept:) ဟူ၍ ဆရာ၏ သတ်မှတ်မှုကိုခံရသော ကလေးသည် နောင်အခါ ရေနွေးငွေ့စက်ကို တီထွင်သူ ဗြိတိသျှအင်ဂျင်နီယာ ဂျိမ်းစ်ဝပ်တ် (James Watt, 1736-1819) ဖြစ်လာကာ ကမ္ဘာ့လူသားတို့အတွက် အသုံးအကျဆုံးသော ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့ပေသည်။

ထိုစာတို့သည် Learning, The Magazine For Creative Teaching တီထွင်ဖန်တီးမှုဆိုင်ရာ သင်ကြားမှုမဂ္ဂဇင်းမှ ကောက်နုတ်ချက် ဖြစ်ပါသည်။ ထိုကောက်နုတ်ချက်ကို ဖတ်မိရာက ကျွန်တော်သည် ကျွန်တော့်မိခင် ငယ်စဉ်က ဉာဏ်ကောင်းအောင် ကျွေးခဲ့ဖူးသော ညံပွင့်ချဉ်ကို ပြေး၍ သတိရမိပါသည်။ တဆက်တည်းမှာပင် ဆိုကရေးတီးပြိုင်ပွဲတွင် ပထမဆုရသော မင်းသားလေး မောင်ပေါက်မဲကိုလည်းကောင်း၊ ဆိုင်းဆရာကြီး စိန်မျက်ပြူးတို့ အဖွဲ့ကိုလည်းကောင်း သတိရမိပါတော့သည်။

ကုမုဒြာပန်းသည် လရောင်ဆမ်းမှ ပွင့်ပါသည်။ ပိတောက်ပန်းသည် တန်ခူးလှမှာမှ ပွင့်ပါသည်။ စကားဝါပန်းသည် ကဆုန်လတွင် လှိုင်လှိုင်ပွင့်ပါသည်။ ၀ါခေါင်လတွင် ခတ္တာပန်း၊ တော်သလင်းလတွင် ယင်းမာပန်း၊ အင်ကြင်းပန်း၊ တန်ဆောင်မုန်းလတွင် ခ၀ဲပန်း၊ သဇင်ပန်းမှာ နတ်တော်လတွင် ပွင့်သည်။ ပြာသိုလတွင် ခွာညိုပန်း၊ တပို့တွဲတွင် ပေါက်ပန်း၊ လက်ပံပွင့်၊ တပေါင်းလမှာတော့ သရဖီပန်းပွင့်သည်။ သူ့ရာသီနှင့်သူ ဖူးကြ၊ ပွင့်ကြ၊ လောကကို အလှဆင်ကြသလို ဉာဏ်တံခါးကိုဖွင့်၊ ဉာဏ်ပန်းကို ပွင့်နိုင်ကြပါစေ။

တင်စားသုံးနှုန်းသော မြန်မာဝေါဟာရများ


နာမ်ပုဒ်များ
ဒေ၀ဒတ်ကျေးဇူးရှင် ပြစ်မှားသူ
တေမိနှုတ်နည်းသူ
စူစကာအစားကျူးသူ
မဟော်သဓာဉာဏ်ကြီးသူ
ဝေဿန္တရာအလှူရက်ရောသူ
ဇောတိကချမ်းသာသူ
မာတင်္ဂအတောင်းအရမ်းထူသူ
အဇာတသတ်မိဘစော်ကားသူ
ဝေဿကာရကုန်းခေါ်သူ
ဦးပုညအခါပေးသူ
အညှာအချက်အချာဖြစ်သူ
လေအိုးစကားပြောလွန်းသူ
ပိဋကတ်အိုးကွဲပညာရှိဟန်ဆောင်သူ
ခဲမူးစေ့အပြစ်မကင်းစင်သူ
ခြကောင်မိမိပိုင်သောပစ္စည်း စားသုံးဖျောက်ဖျက်သူ
လောက်ကောင်သစ္စာဖောက်သူ
ဂြိုဟ်ကောင်အနှောင့်အယှက်ပေးသူ
ကပ်စေးနဲစေ့ပွတ်စေးနဲသူ
အခြောက်မိန်းမရှာ
ညမွှေးပန်းပြည့်တန်ဆာ

ကြိယာပုဒ်များ
ကြာခိုသည်ဖောက်ပြန်သည်
ကြိုးကိုင်သည်ဦးစီးချယ်လှယ်သည်
ကောက်သင်းကောက်သည်အပြီးသတ်စုသိမ်းသည်
ကျွဲမြီးတိုသည်စိတ်ဆိုးသည်
ခေါင်းပုံဖြတ်သည်ဖြတ်လျှပ်စားသည်
ခြေရာတိုင်းသည်တုနှိုင်းသည်
ခြံခုန်သည်နယ်ပြောင်းသည်
ချွတ်နင်းသည်တိတ်တဆိတ်ဝင်သည်
ပလ္လင်ခံသည်တင်ကြို စကားခင်းသည်
စခန်းသွားသည်လုပ်ဆောင်သည်
စက်ပုန်းခုတ်သည်လျှို့ဝှက်လုပ်သည်
စန်းပွင့်သည်ချစ်ခင်သူပေါသည်
ဇော်ဆွဲသည်ထူးချွန်သည်

ကြိယာဝိသေသနပုဒ်များ
အိတ်သွန်ဖာမှောက်အလုံးစုံ
မျောက်သစ်ကိုင်းလွတ်မှီခိုမဲ့စွာ
လိပ်ခဲတဉ်းလဉ်းမပြီးမပြတ်ဘဲ
ကရွတ်ကင်းလျှောက်မဆုံးနိုင်ဘဲ
တောင်စဉ်ရေမရအစီအစဉ်မရှိ
ခရေစေ့တွင်းကျအသေးစိတ်လျက်
ကရားရေလွှတ်သွက်လက်စွာပြောခြင်း
အမျှင်မပြတ်တဆက်တည်း
ရေလာမြောင်းပေးမြှူးကမ်းလမ်းကြောင်းလျက်
ချီတုံချတုံမပြတ်မသားဘဲ
မီးလောင်လေပင့်မြှောက်ပင့်လျက်
ကွင်းလုံးကျွတ်လုံးဝ
မတုန်တက်သေးမလှုပ်မရှားဘဲ

စာမှော်လား၊ ပေါ့ပ်စာဖတ်ခန်းလား - မောင်စူးစမ်း


magicofreading.png

ဘာကြောင့်စာဖတ်
ပညာကိုသိချင်၍ စာဖတ်လျှင် သမားရိုးကျ အနက်အဓိပ္ပါယ်ရှိသော စာကြည့်တိုက်သို့ သွားသင့်သည်။ ခေတ်ပေါ်ဂျာနယ်၊ မဂ္ဂဇင်းတို့ကို အခန်းတစ်ခန်း၌ ဖတ်လျှင် အင်ဖော်မေးရှင်း ဖတ်ခန်းဖြစ်မည်။ စာတော့ စာပါပဲ။ ထိုစာကို စာရေးသူက နှစ်မျိုးခွဲကြည့်မိသည်။ ဒါကလည်း အကြောင်းရှိသည်။ စာရေးသူသည် ဂျာနယ်၊ မဂ္ဂဇင်းအစုံ၌ ဆောင်းပါးတွေ ရေးသားနေရသဖြင့် ဂျာနယ်၊ မဂ္ဂဇင်းတွေ အများကြီးရသည်။ အားပေးလိုသည့် သဘောဖြင့် စာနယ်ဇင်းတို့ကိုလည်း ၀ယ်သည်။

ဤသို့ မိမိရရှိသော ဂျာနယ်၊ မဂ္ဂဇင်းအစုံကို စာရေးသူနှင့် ရင်းနှီးသော ကျေးလက်စာကြည့်တိုက် သုံးတိုက်သို့ ပို့ပေးသည်။ အိမ်နီးချင်း ဖတ်လိုသူများကို ဂျာနယ်၊ မဂ္ဂဇင်းတွေ ပေးလိုက်သည်။ သို့ဖြင့် စာရေးသူလက်ထဲမှ ဂျာနယ်၊ မဂ္ဂဇင်းတွေ သူများလက်ထဲ ရောက်ရှိသွားသောအခါ သူတို့ ဘာကြောင့်များ စာဖတ်ရသနည်းဟု ဆင်ခြင်ဖြစ်သွားသည်။

မှားမလားတော့ မသိ။ စာရေးသူက ကောက်ချက်တစ်ခုတည်းသာ ဆွဲသည်။ "သူတို့ အင်ဖော်မေးရှင်းတွေ သိချင်လို့ ဂျာနယ်၊ မဂ္ဂဇင်းတွေ ဖတ်သည်" ဟူ၍။ ထို့ကြောင့် ဂျာနယ်၊ မဂ္ဂဇင်းတို့ကို အခြေခံထားသော မည်သည့် စာကြည့်တိုက်ကိုမဆို အင်ဖော်မေးရှင်း အခြေပြုစာကြည့်ခန်း ဖြစ်သည်ဟု ယူဆမိသည်။ ဤနေရာတွင် ပညာနှင့် အင်ဖော်မေးရှင်း ခွဲခြားပြီး စာရေးသူက နားလည်ထားသည်။ ထို့ကြောင့် စာဖတ်ခြင်း နှစ်မျိုးရှိလိမ့်မည်ဟု မြင်သည်။ ပညာဗဟုသုတ ရချင်၍ စာဖတ်ခြင်းနှင့် အင်ဖော်မေးရှင်း သိချင်၍ စာဖတ်ခြင်း ဟူ၍ဖြစ်သည်။

စည်ကားအောင်
ယခုခေတ်က ကပြားခေတ်၊ မျိုးစပ်ခေတ်၊ Hybrid ဟု ခေါ်သည်။ ပေါင်းဆုံကြခြင်း (Convergence) လို့လည်း ခေါ်သည်။ တစ်မျိုးတည်း၊ တစ်ပါးတည်း သီးသန့် ဘာနှင့်မျှ မရောဘဲ ရပ်တည်နိုင်သော သဘောက ရှာမှရှားသွားပြီ။ ထို့ကြောင့် ဤအရောအစပ်တို့ကို ထင်ဟပ်ပေးသော စကားလုံးအသစ်တို့လည်း ပေါ်လာသည်။ ဥပမာ - Retailainment ဆိုသော စကားမျိုး၊ လက်လီအရောင်းဆိုင်တို့တွင် ဖျော်ဖြေရေးတစ်ရပ် ဖြစ်နေရခြင်းကို ညွှန်းသည်။ စူပါမတ်ကက်၊ ဟိုင်ပါမတ်ကက်၊ ကုန်တိုက်ကြီးတို့တွင် ကုန်ပစ္စည်း ပဒေသာမျိုးစုံကို စက္ခုပသာဒလှအောင် စင်ပေါ်တွင် တင်ပေးရရုံ မဟုတ်ဘဲ ဆိုင်ထဲတွင် မြူးဇစ်ဖွင့်ပေးရသည်။ ဗီဒီယို ပြပေးရသည်။ အဆိုတော်တို့နှင့် ဧည့်ခံရသည်။ ဘောလုံးရာသီတွင် ဆိုင်အတွင်း ရုပ်မြင်သံကြားမှ ဘောလုံးပွဲ ပြပေးရသည်။ လက်လီရောင်းရခြင်းနှင့် ဖျော်ဖြေရေး ရောပေးရခြင်းဖြစ်သည်။

ပုံတူကူသည်လို့ ပြောလျှင်ပြောစေ ပညာအတွက် ရည်ရွယ်သော စာဖတ်ခန်းဖြစ်စေ၊ အင်ဖော်မေးရှင်း သိရန်အတွက် စာဖတ်ခြင်းဖြစ်စေ အခြားပျော်ရွှင်စရာတို့နှင့် ရောပေးထားသင့်သည်ဟု ထင်သည်။ စာဖတ်ခြင်းနှင့် လက်ဖက်ရည်ဆိုင် တွဲသင့်သည်။ မတွဲလည်း အနီးအနား ဖြစ်သင့်သည်။ ရုပ်မြင်သံကြားနှင့် ဂြိုဟ်တု ချန်နယ်လိုင်းတွေ တပ်ထားပေးသင့်သည်။ စာဖတ်ခန်းနှင့် ၀န်းကျင်သည် ပျော်စရာကောင်းပြီး လူစည်ကားနေသင့်သည်။ အင်ဖော်မေးရှင်း သိရန်အတွက် စာဖတ်သော စာဖတ်ခန်းတို့သည် ဆိတ်ငြိမ်မှု သိပ်မလိုပေ။

သို့ဖြင့် စာနယ်ဇင်းတို့တွင် စာအရေးများနေသော စာရေးဆရာအနေဖြင့် ခေတ်ပေါ်စာကြည့်ခန်းတို့၏ သဘောသဘာဝနှင့် အဓိပ္ပါယ်ကို သံယောဇဉ်ပြန်တွယ်ပြီး ဆင်ခြင်ကြည့်မိတော့သည်။

ရုပ်သံနှင့် စာပြိုင်ပွဲ
ပညာလိုချင်၍ စာဖတ်သည်ဖြစ်စေ၊ အင်ဖော်မေးရှင်းလိုချင်၍ စာဖတ်သည်ဖြစ်စေ စာဖတ်လျှင် ကောင်းသည်။ အပျော်ဖတ်ဖတ်၊ အပျင်းပြေဖတ်ဖတ်၊ အချိန်ကုန်စေချင်၍ ဖတ်ဖတ်၊ အမြန်ဖတ်ဖတ် မည်သို့ပင်ဖတ်ဖတ် ကောင်းသည်ဟု စာရေးသူ ထင်သည်။ ရောမခေတ်၊ ခေါမခေတ်က စာကြည့်တိုက်၊ ပေတိုက်၊ ကျောက်စာတိုက်၊ ရှေးဟောင်းစာကြည့်တိုက်ကြီးတို့ကို ကြည့်ပြီး ဤအတိုင်း ဖြစ်စေချင်လို့ မရဟု စဉ်းစားမိသည်။

တစ်နည်းပြောရလျှင် ခေတ်ပေါ် စာကြည့်တိုက်တို့သည် ပေါ့ပ်ဆန်နေသည်ဖြစ်၍ ရှေးဟောင်းစာကြည့်တိုက်တို့၏ ကိုယ်ပွား၊ ရှေးဟောင်း စာကြည့်တိုက်တို့၏ အမွေအနှစ်အဖြစ် မမြင်အပ်ပေ။ ဤသို့ ပေါ့ပ်ဆန်ခိုင်းရသည်မှာလည်း ယနေ့ လူငယ်တွေက သဘာဝဆီ (back to nature) ပြန်လှည့်နေသောကြောင့် ဖြစ်သည်။ အသံ၊ အရုပ်နှင့် စာ ဟူသော မီဒီယမ်သုံးပါးတွင် အသံနှင့် အရုပ်မှာ လူ၏သဘာဝ ဖြစ်သည်။ စာသည် လူက နောက်မှထွင်သော အရာဖြစ်သည်။

ယနေ့လူငယ်တွေ သိပ်ပြီး စာမဖတ်ချင်တော့။ အရုပ်နှင့် အသံဘက် သိပ်ပြီး စိတ်အားထက်သန်နေကြသည်။ ဗီဒီယို၊ တေးဂီတ၊ ရုပ်မြင်သံကြား၊ ဒီဗီဒီ၊ ဗီစီဒီ၊ အီးဗီဒီတွေ ပိုပြီး စိတ်ဝင်စားလာသည်။ ဤသည်မှာ စာဘက် အာရုံထားမှုကိုလည်း လျှော့ပစ်နေသည့် သဘောဖြစ်သည်။ တက္ကနိုလိုဂျီတို့ကလည်း ရုပ်သံဗဟိုပြု၍ တီထွင်မှုတို့ကိုသာ ပြုလုပ်နေကြသည်။ ဆဲလ်ဖုန်း၊ ဒစ်ဂျစ်တယ်ကင်မရာ၊ အိုင်ပေါ့၊ ဂြိုဟ်တု၊ အင်တာနက် မြူးဇစ်ဒေါင်းလုပ် စသည့် ရုပ်သံပစ္စည်းတို့ကသာ အသစ်အဆန်း ထွင်နေသည်။ တက္ကနိုလိုဂျီ တီထွင်သူတို့ကိုယ်တိုင်က သဘာဝဘက်ဆီ ပြန်လှည့်နေသည်။ ရုပ်သံတို့သည် လူ့သဘာဝဖြစ်သည်။

ထို့ကြောင့် လူရော၊ တက္ကနိုလိုဂျီရော၊ ပတ်ဝန်းကျင်တို့ကပါ ရုပ်သံဘက်၊ သဘာဝဘက် ပြန်လှည့်နေချိန်တွင် စာဖတ်မှု၊ စာဖတ်ခန်းတို့သည် ရုပ်သံတို့နှင့် ယှဉ်ပြိုင်နေရသည်။

တစ်နည်းပြောလျှင် စာဖတ်ခြင်း၏ မှော်၊ ပဉ္စလက်၊ The Magic of Reading ကို ပြနိုင်ရမည်။ ဤကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စာဖတ်ခြင်း၏ မှော်ပဉ္စလက်အကြောင်းကို ၀တ္ထုရေးဆရာမ၊ ဘိဇနက်လုပ်ငန်းရှင်နှင့် ဂျာနယ်လစ်တို့က ဝေဖန်ဆွေးနွေးပြကြသည်။ တစ်ယောက်တစ်မျိုးပင်။

ထုံးစံအတိုင်း ဘယ်အချိန်ကစပြီး စာဖတ်ဝါသနာ ပါလာသနည်းဆိုသော မေးခွန်းမှ စသည်။ ၀တ္ထုရေးဆရာမက ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက သူစာဖတ် ဇွဲကြီးပုံကို ပြောသည်။ ဂျာနယ်လစ်က ဘယ်အချိန်ကစပြီး သူစာဖတ်ဝါသနာပါမှန်း မမှတ်မိပါ။ ပဉ္စင်းခံ ဘုန်းကြီးလုပ်မှ စာဖတ်ဝါသနာ ပါလာသည်ဟု ဆိုသည်။ ဘိဇနက်လုပ်ငန်းရှင်ကမူ သူလုံးဝ စာဖတ်ဝါသနာ မပါဟု ဆိုသည်။ စာကိုဖတ်ရမှာ သိပ်ကြောက်သည်။ စာအုပ်ကိုင်ရမှာ ကြောက်သည်။ သို့သော် သူ ရုပ်ပြကာတွန်းတွေတော့ ဖတ်သည်ဟု ဆိုသည်။ ရုပ်ပြကာတွန်းသာဖတ်သော ဘိဇနက်လုပ်ငန်းရှင်က ယခု ထိုင်းနိုင်ငံတွင် အအောင်မြင်ဆုံး လုပ်ငန်းရှင်ကြီး ဖြစ်နေသည်။

ဖိုရမ်ဆွေးနွေးပွဲ ဥက္ကဋ္ဌလုပ်သူက ပညာသည် နည်းသုံးနည်းဖြင့် ရနိုင်ကြောင်း ပြောပြသည်။ (၁) အတွေ့အကြုံမှ တစ်ဆင့်၊ (၂) မေးခွန်းတွေ မေးခြင်းမှတစ်ဆင့်နှင့် (၃) စာဖတ်ခြင်းမှ တစ်ဆင့် ရရှိသည်ဟု ထောက်ပြသည်။ ကမ္ဘာပေါ်ရှိ အကျော်အမော် ပုဂ္ဂိုလ်ကျော်ကြီးတို့ အကြောင်းကို တစ်ထိုင်တည်းနှင့် သိနိုင်သည်။ ဤသည်ပင် စာအုပ်၏ မှော်ဟု ပြောပြသည်။

စာအုပ်မှော်၊ စာဖတ်ခြင်း၏ မှော် တို့တွင် စာကြည့်တိုက်များသို့ သွား၍ စာဖတ်ခြင်းလည်း ပါဝင်ပါလိမ့်မည်။ သဘာဝဘက် ပြန်လှည့်နေသော လူငယ်တို့ကမူ စာအုပ်မှော်အကြောင်း၊ စာဖတ်ခြင်းမှော်အကြောင်းကို ဘယ်လောက် စိတ်ဝင်စားမလဲ မသိရပေ။
Ref: The Economist

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


aungthinquote.png

jonathanswiftquote.png

ဇွဲသတ္တိမရှိရင် ကံက မျက်နှာသာမပေးဘူး - လူထုစိန်ဝင်း


useinwin.jpg

ကျန်းမာရေးကြောင့် အင်္ဂလိပ်စကားပြော သင်တန်းလေး ပိတ်လိုက်ရတဲ့ အချိန်ကစပြီး အထက်တန်း ကျောင်းသားအရွယ်တွေနဲ့ အဆက်ပြတ်သလောက် နီးပါး ဖြစ်သွားတယ်။ အဲဒါကြောင့် ၁၀ တန်းစာမေးပွဲ အောင်စာရင်း ထွက်တာတွေကို အာရုံသိပ်မစိုက်ဖြစ်တော့ဘူး။

အောင်ပြီး မပျော်နိုင်ကြသူတွေ
သင်တန်းလေးရှိစဉ်ကတော့ အောင်စာရင်းထွက်ပြီး သုံးလေးရက်နေတာနဲ့ အောင်တဲ့သူတွေ တစ်ပြုံတစ်မကြီး သင်တန်းတက်ဖို့ ရောက်လာလေ့ရှိတယ်။ တက္ကသိုလ်တက်ဖို့ အချိန်အတော်ကြာ စောင့်နေရခိုက်မှာ အချိန်ကို အလဟဿ မဖြစ်စေဖို့ သင်တန်းကို ရောက်လာကြတာ ဖြစ်တယ်။ ၁၀ တန်း အောင်လို့ ရောက်လာကြတာဆိုပေမယ့် အားလုံးဟာ ပျော်ရွှင်မြူးထူးနေကြတာတော့ မဟုတ်ဘူး။ မျှော်မှန်းထားသလို "ဒီ" တွေ များများ ပါမလာတဲ့အတွက် မျက်နှာ သိပ်မကောင်းသူတွေလည်း ရှိတယ်။ တချို့က ဆေးဝင်ခွင့် မရတော့တဲ့အတွက် ဘ၀ပျက်သလောက်နီးပါး စိတ်ဓာတ်ကျနေတတ်ကြတယ်။ သူတို့လေးတွေကို နှစ်သိမ့်အားပေးပြီး ရှေ့ဆက်ရမယ့် ပညာရေးခရီးအတွက် အကြံပေးလမ်းညွှန် လုပ်ရတယ်။

ဟန်ဆောင်မလိမ်ညာတတ်သေးဘူး
သင်တန်းပိတ်လိုက်တော့ ကလေးချော့တဲ့အလုပ် မလုပ်ရတော့ဘူး။ တစ်ခါတလေတော့ ကလေးတွေကို လွမ်းမိတယ်။ အထက်တန်းကျောင်းသား ကျောင်းသူအရွယ်လေးတွေနဲ့ နေရတာ ပျော်စရာကောင်းတယ်။ သူတို့အရွယ်လေးတွေ အများစုက ဖြူစင်ကြတယ်။ ဟန်ဆောင်တာ လိမ်ညာတာတွေ သိပ်မလုပ်တတ်သေးဘူး။ ၀မ်းနည်းရင် ငိုချလိုက်မယ်၊ ၀မ်းသာရင် ခုန်ပေါက်မြူးထူးနေမယ်ပဲ။ နည်းနည်းကြီးလာရင် ဟန်ဆောင်တယ်၊ လိမ်တတ်ညာတတ်လာတယ်။ ပေါင်းလို့သင်းလို့ သိပ်မကောင်းတော့ဘူး။

အဆက်မပြတ်တဲ့ရေစက်
တစ်နေ့ကတော့ ကျောင်းသားဟောင်း တပည့်ရင်းချာတစ်ယောက် ကလေးတစ်ယောက်နဲ့ အတူရောက်လာတယ်။ သူ့သားတဲ့။ ၁၀ တန်းမှာ ဘာသာစုံဂုဏ်ထူးထွက်ဖို့ မှန်းထားပေမယ့် ဂုဏ်ထူးနှစ်ဘာသာပဲ ရလို့ စိတ်ဓာတ်အကြီးအကျယ် ကျနေတာကြောင့် အကြံတောင်းဖို့ ခေါ်လာတာပါတဲ့။ ရေစက်ကတော့ ဆုံးတယ်မရှိနိုင်ပါလား။ အဖေလုပ်သူကို သွန်သင်ဆုံးမခဲ့၊ အားပေးလမ်းညွှန်ခဲ့ လုပ်လာတာ ဘာမှ မကြာလိုက်သေးဘူး ထင်ရပေမယ့် အခုတော့ သူ့သားတောင် ၁၀ တန်းအောင်တဲ့အရွယ် ရောက်လာပါလား။ အချိန်များ အကုန်မြန်လိုက်တာ။ ဒါကြောင့် အင်္ဂလိပ်တွေက Time Flies လို့ ပြောကြတာနေမှာ။

ကျောင်းနေချင်စိတ် မရှိတော့ဘူးတဲ့
ကလေးကို ဘာဆက်ယူမယ် စိတ်ကူးထားသလဲလို့ မေးလိုက်တော့ ဘာမှ ဆက်မသင်ချင်ဘူး၊ ကျောင်းနေချင်စိတ်တောင် မရှိတော့ဘူးလို့ ဖြေတယ်။ ဘာဆက်လုပ်ချင်သလဲဆိုတော့ မသိဘူးတဲ့။ ဘာသာစုံဂုဏ်ထူးရပြီး ဆေးကျောင်းတက်ချင်တာက ဆရာဝန် မလုပ်မနေရ နိုင်လောက်အောင်ကို စွဲလမ်းနေလို့လားလို့ မေးတော့လည်း သွက်သွက်လက်လက် ဟုတ်ကဲ့ မဖြေဘူး။ သိလိုက်ပါပြီ။ ဒီခေတ်ကလေးများရဲ့ ထုံးစံအတိုင်း၊ ဘာဖြစ်ချင်တယ်၊ ဘာဝါသနာပါတယ်ဆိုတာ ရေရေရာရာ ရှိပုံမရပါဘူး။ သူများက ဆေးဆိုလို့ ရောယောင်ပြီး ဆေးဆိုမှဆေး ဖြစ်နေတဲ့သဘောပါပဲ။

လာပါ၊ လာပါနဲ့ ကြိုကြမှာ
သူက တကယ်ကို ဆရာဝန် မဖြစ်ရ မနေနိုင် ဖြစ်နေတာဆိုရင်လည်း အကြံပေးလို့ ရသေးတယ်။ မိဘက တတ်နိုင်နေတာပဲ၊ ဂျီစီအီးတွေ ဘာတွေ ၀င်ဖြေပြီး နိုင်ငံခြားသွားပြီး သင်နိုင်တာပေါ့။ ဂျီစီအီး ဘာသာစုံ A အဆင့်နဲ့ အောင်လို့ကတော့ ဘယ်နိုင်ငံက ဘယ်ကျောင်းမျိုးလျှောက်လျှောက် "လာပါ၊ လာပါ" နဲ့ ၀မ်းသာအားရ ကြိုဆိုကြမှာ သေချာတယ်။ အဲဒီလို ဘာသာစုံ A နဲ့ အောင်တဲ့သူတွေကို စကောလားရှစ် ပေးချင်တဲ့ ကျောင်းတွေနဲ့ အဖွဲ့အစည်းတွေလည်း အများကြီး ရှိပါတယ်။

ထင်ပေါ်ဝင့်ကြွားချင်လို့
ခက်တာက ဒီခေတ်ကလေးအများစုက ၀ါသနာတို့၊ ဖြစ်ချင်တာတို့ ရေရေရာရာ စွဲစွဲလမ်းလမ်း ရှိမနေကြတာ ဖြစ်တယ်။ ဆေးတက်မှ ဂုဏ်ရှိတယ်လို့ ယူဆတဲ့ခေတ်ထဲမှာ မွေးဖွား ကြီးပြင်းလာတဲ့အတွက် ဆေးတက်ချင်ကြတာပဲ။ တကယ်တမ်း ဆရာဝန်ဖြစ်ချင်စိတ် ထက်ထက်သန်သန် ရှိကြတာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရင်တော့ ထင်ပေါ်ချင်လို့၊ ၀င့်ကြွားချင်လို့ တက်ကြတာတွေ များပါတယ်။ ဒါကြောင့် ဆရာဝန်ဖြစ်ပြီးမှ ဆရာဝန်မလုပ်ဘဲ တခြားအလုပ်တွေ ၀င်လုပ်ကြတာ ဖြစ်တယ်။ ၀ါသနာပါလွန်းလို့ဆိုရင် တခြားအလုပ် ဘယ်လုပ်ပါ့မလဲ။

မိဘက ဖိအားမပေးနဲ့
ကလေးကိုယ်တိုင်က ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ မိဘတွေက သိပ်ပြီး ဖိအားမပေးဖို့ အဖေဖြစ်သူကို ပြောရတယ်။ ကလေးကို သူ ဘာဝါသနာပါပြီး ဘာလုပ်ချင်တယ်ဆိုတာ သေသေချာချာ စဉ်းစားပြီးမှ ရွေးချယ်ဖို့ အချိန်ပေးပါလို့လည်း မှာရတယ်။ ကိုယ်တကယ် ၀ါသနာပါတာကို လုပ်ရမှ စိတ်ပါလက်ပါ လုပ်ပြီး ထူးချွန်ထက်မြက်လာနိုင်မှာပါ။ ဆေးတက်မှ ဂုဏ်ရှိတယ် ဆိုတဲ့ခေတ် ကုန်ဆုံးခါနီး ဖြစ်နေပါပြီ။ အခုတောင် ဆေးက ကျောင်းသားများရဲ့ ဦးစားပေးအဆင့် ၁ နေရာမှာ မရှိတော့ပါဘူး။ အဆင့် ၃၊ ၄ နေရာလောက် ဖြစ်နေပါပြီ။

ထူးချွန်မှ နေရာရမယ်
အရေးကြီးတာက ဘယ်ဘာသာ ယူတယ်ဆိုတာ မဟုတ်ဘူး။ ယူတဲ့ ဘာသာရပ်ကို ထူးထူးချွန်ချွန် တတ်ကျွမ်းနားလည်ဖို့ ဖြစ်တယ်။ ဒီခေတ်က သူလိုငါလို ရွက်ကြမ်းရေကျို အဆင့်လောက်နဲ့ လူရာဝင်ဖို့ မလွယ်ကူတော့ဘူး။ ဘယ်နယ်ပယ်မှာမဆို ထူးချွန်မှ နေရာရနိုင်တယ်။ ထူးချွန်ဖို့ဆိုတာက စိတ်ပါလက်ပါ ကြိုးစားပမ်းစား လုပ်ဖို့လိုတယ်။ ဘယ်သူမဆို ကိုယ်ဝါသနာမပါတဲ့ အလုပ်မျိုးဆိုရင် စိတ်ပါလက်ပါ လုပ်ချင်စိတ် မရှိပါဘူး။

ဇွဲသတ္တိမရှိသူကို ကံက မျက်နှာသာမပေး
သူများယောင်လို့ လိုက်ယောင်တဲ့ သူမျိုးနဲ့ ကံပေးသမျှ ယူမယ်ဆိုတဲ့ သူမျိုးဟာ ဘယ်တော့မှ လူတစ်လုံးသူတစ်လုံး မဖြစ်နိုင်ပါဘူး။ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက် အခိုင်အမာ ရှိသူများသာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်ပါတယ်။ ပိုင်းဖြတ်ချက် ခိုင်မာရင် နည်းလမ်းရှာမတွေ့ဘဲ မနေပါဘူး။ လူငယ်တွေအနေနဲ့ ရည်မှန်းချက်ပန်းတိုင် ပြတ်သားခိုင်မာရင် လိုရာခရီးကို မရောက်ဘဲ မနေဘူးဆိုတာ စိတ်ချယုံကြည်သင့်တယ်။ ကံပေးသမျှ ယူမယ်ဆိုရင်တော့ ဘာမှ မရမှာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ဇွဲသတ္တိမရှိသူကို ကံက ဘယ်တော့မှ မျက်နှာသာ ပေးလေ့မရှိလို့ ဖြစ်ပါတယ်။

 
Web Statistics