Thursday, March 04, 2010

မြန်မာ့ပင်မရေစီးကြောင်းအသစ်၏ ပုံသဏ္ဌာန် - မောင်စူးစမ်း


ဒေါင်လိုက် အလျားလိုက်
၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်သည်။ ပါတီစုံရသည်မှာ အမြင်ချင်း၊ သဘာဝချင်း ကွဲပြားခြားနားသောကြောင့် ဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာစကား၌ Cleavage ဟု ခေါ်သည်။ ကွဲပြားခြားနားမှုကို ဒေါင်လိုက်နှင့် အလျားလိုက်ဟူ၍ နှစ်မျိုးခွဲကြည့်သည်။ ဒေါင်လိုက်ကွဲပြားခြားနားမှုသည် ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေးသမိုင်း စသည့် ယဉ်ကျေးမှုစံညွှန်းတို့ကို အခြေခံသည်။ အလျားလိုက် ကွဲပြားခြားနားမှုဆိုသည်မှာ လူတန်းစား၊ ၀င်ငွေ၊ ပညာအဆင့်အတန်း၊ မြို့ပြနှင့် ကျေးလက်အလုပ်အကိုင် အမျိုးအစား စသည့် စီးပွားရေးနှင့် လူမှုရေးအလွှာတို့ကို အခြေခံသည်။

ပေါ်ပေါက်မည့် နိုင်ငံရေးပါတီတို့သည် ဒေါင်လိုက်နှင့် အလျားလိုက် ကွာခြားမှုအတိုင်းအတာအလိုက် ရွေးကောက်ပွဲနိုင်ငံရေးတွင် ဖြတ်သန်းလှုပ်ရှားရတော့မည် ဖြစ်သည်။ တစ်နည်းပြောရလျှင် ရွေးကောက်ပွဲတွင် ဖော်ပြပါ ဒေါင်လိုက်နှင့် အလျားလိုက်ကွဲပြားခြားနားမှုကို ယက်ဖောက်ကြရမည်ဖြစ်လေရာ ဤယက်ဖောက်မှု လက်ရာကိုကြည့်ပြီး ဒီမိုကရေစီ၏ ရင့်ကျက်ခိုင်မာမှုကို အကဲဖြတ်နိုင်သည်။

အကန့်အသတ်အခြေစိုက်
မြန်မာ့နိုင်ငံရေးသမိုင်း အထူးသဖြင့် ရွေးကောက်ပွဲသမိုင်းတွင် စံထားကြည့်အပ်သော အခြေအနေသုံးပါး ရှိခဲ့သည်။ ၎င်းတို့မှာ (၁) နိုင်ငံရေးအိုင်ဒီအိုလိုဂျီများ၊ (၂) အင်စတီကျူးရှင်းခေါ် အဖွဲ့အစည်းများနှင့် (၃) လူပုဂ္ဂိုလ် (Personalities) တို့ ဖြစ်ကြသည်။ နိုင်ငံရေးခေတ် ရွေးကောက်ပွဲတို့၌ လက်ဝဲလက်ယာ အိုင်ဒီအိုလိုဂျီတို့ဖြင့် ဆူညံခဲ့သည်။ လူပုဂ္ဂိုလ်တို့ကလည်း အရေးပါ အရာရောက်ခဲ့သည့် နောက်ပိုင်းရွေးကောက်ပွဲတို့၌ စစ်တပ်ကို အင်စတီကျူးရှင်းက ထူးထူးခြားခြား ပုံသဏ္ဌာန်ဆောင်လာသည့် ဖြစ်ရပ်တို့ကို ပုံလောင်းလာသည်။

သို့ဖြင့် မြန်မာ့ရွေးကောက်ပွဲနိုင်ငံရေးတွင် (၁) အိုင်ဒီအိုလိုဂျီ၊ (၂) အင်စတီကျူးရှင်း နှင့် (၃) လူပုဂ္ဂိုလ်တို့၏ အခန်းကဏ္ဍကို ပကတိအခြေအနေအတိုင်း အကဲခတ်နိုင်ကြရန် လိုသည်။ ဤသို့ အကဲခတ်ရာ၌ အကန့်အသတ် Limitations တို့အပေါ် အခြေခံထားကြည့်ရန် လိုလိမ့်မည်ဟု ယူဆသည်။

လေ့လာသုံးသပ်မှုတို့၌ စွမ်းပကားအလားအလာ Potentials တို့အပေါ် အခြေခံထားကြည့်ခြင်းနှင့် အကန့်အသတ်တို့အပေါ် အခြေခံထားကြည့်ခြင်းတို့ဟူ၍ နှစ်မျိုးရှိလေရာ ပေါ်ထွန်းမည့် မြန်မာ့ဒီမိုကရေစီသည် လမ်းညွှန်ခံဒီမိုကရေစီ (Guided Democracy) ဖြစ်သည့်အလျောက် အကန့်အသတ်တို့အပေါ် အခြေခံထား၍ သုံးသပ်ကြည့်ခြင်းက ပိုပြီး ယထာဘူတကျမည်ဟု ယူဆသည်။ အကန့်အသတ်တို့ကိုမြင်မှ အကန့်အသတ်တို့ကို ကျော်ဖြတ်သောနည်းတို့ကို သိမည်။

ပင်မရေစီးကြောင်း
အထက်တွင်ဖော်ပြသော အလျားလိုက်၊ ဒေါင်လိုက် ကွဲပြားခြားနားမှုတို့သည် ရွေးကောက်ပွဲနိုင်ငံရေး၌ လည်းကောင်း၊ ပေါ်ပေါက်မည့် လွှတ်တော်များ နိုင်ငံရေး၌လည်းကောင်း လမ်းဆုံကန့်လန့်ဖြတ်ကြရတော့မည်။ Intersection ဟု ခေါ်သည်။ ထို့ကြောင့် လွှတ်တော်တို့ကို "ညှိနှိုင်းစေ့စပ်ရာဖိုရမ်" Engagement Forums များအဖြစ် သတ်မှတ်နားလည်ကြသည်။ ကွဲပြားခြားနားမှုအမျိုးမျိုးကို လွှတ်တော်အတွင်း၌ ဖြေရှင်းကုစားနိုင်မည်ဟုဆိုလျှင် ဒီမိုကရေစီသည် အခြားနိုင်ငံရေးနည်းလမ်းတို့ကို ဖယ်ထုတ်ပစ်နိုင်သည်။

မြန်မာ့နိုင်ငံရေး၌ နိုင်ငံရေးနည်းလမ်းတွေ အစုံရှိနေသည်။ နိုင်ငံရေးလုပ်ငန်းတွေ အစုံရှိနေသည်။ (၁) ပြည်ပရောက် ပြည်ပအားကိုးလုပ်ငန်း၊ (၂) ပြည်ပမှ သူပုန်လုပ်ငန်း၊ (၃) ပြည်တွင်းသူပုန်လုပ်ငန်း (၄) လမ်းပေါ်နိုင်ငံရေးလုပ်ငန်း (၅) ပြည်တွင်းတရားဝင်လုပ်ငန်းတို့ဟူ၍ ဖြစ်သည်။ ဤသို့ မျိုးစုံရှိသော နိုင်ငံရေးလုပ်ငန်းနှင့် လုပ်နည်းတို့သည် ပေါ်ထွန်းမည့် ရွေးကောက်ပွဲနိုင်ငံရေး (၀ါ) လွှတ်တော်နိုင်ငံရေးမည်သော ပင်မရေစီးကြောင်းထဲ၌သာ စိုက်စိုက်မတ်မတ် ပျော်ဝင်ကြမည်ဟုဆိုလျှင် ဒီမိုကရေစီအတွက် အလားအလာကောင်းမည်ဟု ယူဆရသည်။ ရွေးကောက်ပွဲနှင့် လွှတ်တော်နိုင်ငံရေးသည် တစ်ခုတည်းသော ဗဟိုပင်မရေစီးကြောင်းဖြစ်၍ ဤရေစီးကြောင်းကိုသာ ဗဟိုထားကြရမည်။

စိစစ်သုံးသပ်မှုပါဝါ
ဤဗဟိုပင်မရေစီးကြောင်းသည် အသစ်ဖြစ်လို့ ပါရာဒိုင်းအသစ်လို့လည်း ခေါ်လို့ရသည်။ ခွင်သစ်ဟုပြောနိုင်သည်။ ယခုအခါ ဆန်းစစ်လေ့လာမှုသည် နည်းပြောင်းသွားသည်။ ယခုအချိန်အထိ ဖြစ်ရပ်တစ်ရပ်၊ အိုင်ဒီယာတစ်ပါးကိုကြည့်လျှင် ခိုင်လုံမှု Validity ကို ကြည့်သည်။ ယုတ္တိခိုင်လုံမှုကို အဓိကထားခြင်း ဖြစ်သည်။ ယခု အတွေးအခေါ်တစ်ခု သို့မဟုတ် ဖြစ်ထွန်းမှုတစ်ခုကိုကြည့်လျှင် ဆီလျော်မှု Relevancy ကိုကြည့်သည်။

အကျိုးအကြောင်း ခိုင်လုံသည်၊ မခိုင်လုံသည်ထက် ပကတိအခြေအနေနှင့် ဆီလျော်သည် မဆီလျော်သည်ဆိုသော အချက်ကို အခြေခံထားကြည့်သည်။

ပါရာဒိုင်းအသစ်တွင် အတိတ်သည် သိပ်ပြီးဆီလျော်ဖွယ် မရှိပေ။ ထို့ကြောင့် ဆီလျော်မှုရှိ၊ မရှိကို ပစ္စုပ္ပန်နှင့် အနာဂတ်တို့အပေါ် ပြောင်းပေးကြည့်ရတော့မည်။ ဤအလို့ငှာ တွေးခေါ်နည်းတစ်ရပ်ကို အဆိုပြုပြောဆိုသည်။ ဆီလျော်မှုကို တိုင်းဆနိုင်ရန်အလို့ငှာ ပကတိအစစ်အမှန်ကို နက်နက်နဲနဲ စိစစ်သုံးသပ်နိုင်ရန် လိုသည်။ အနာဂတ်ကို ကောင်းမွန်စွာ ခန့်မှန်းနိုင်ရန် လိုသည်။ Deeper analysis of reality and better prediction of future ဟု ဆိုသည်။ ၎င်းကို စိစစ်နိုင်မှုပါဝါဟု ခေါ်သည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေး၏ ရှေ့အလားအလာကို သုံးသပ်ရာ၌ အတိတ်ကို အညွှန်းအဖြစ် အသုံးမပြုဘဲ ပကတိအစစ်အမှန်ကို နက်နက်နဲနဲ သုံးသပ်ပြီး အမှန်နှင့် နီးစပ်သော အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ရန်လိုသည်။

ဤသုံးသပ်မှုသည် ကန့်သတ်ချက်တို့အပေါ် ဖိုးကပ်(စ်) လုပ်လိုက်သည်။ အကန့်အသတ်မရှိ အခြေခံလစ်ဘရယ် ဖြစ်ထွန်းမှုကို မှန်းဆလို့မရနိုင်သောကြောင့် ဖြစ်သည်။

ဖြစ်ထွန်းမည့် ဒီမိုကရေစီသည် လစ်ဘရယ်ဒီမိုကရေစီမဟုတ်။ လမ်းညွှန်ခံဒီမိုကရေစီ (Guided Democracy) ဖြစ်မည်ဖြစ်သောကြောင့် ဖြစ်သည်။

အညွှန်း - ISS Journal

ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၅) အမှတ် (၂၄)

မောင်စူးစမ်း
ရွေးကောက်ပွဲနိုင်ငံရေး
စာမျက်နှာ - ၇၅ မှ ၈၃

အခုတလော…


(၁)
အခုတလော...
အပတ်စဉ်ထုတ်ဂျာနယ်တွေမှာ ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးတွေ မဖတ်ရတာ နှစ်ပတ်ရှိသွားပြီ။ အပတ်စဉ် ရန်ကုန်တိုင်းမ်နဲ့ The Voice ကို ရပြီဆိုတာနဲ့ အရင်ဆုံးလုပ်တဲ့အလုပ်က ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးကို ရှာဖတ်ခြင်းပါ။ တစ်ပတ်တစ်ပတ် ဆရာမောင်စူးစမ်းက ဦးနှောက်ကိုဘာတွေဆွမလဲလို့ စိတ်ဝင်တစားနဲ့ စောင့်စားရတာဟာ ထီဖွင့်မယ့်ရက်ကို စောင့်နေရသူတစ်ဦးရဲ့ မျှော်လင့်မှုမျိုးနဲ့ပါ။ အသက်ကကြီးပြီဆိုတော့ ဆရာမောင်စူးစမ်း နေထိုင်မကောင်း ဖြစ်နေသလားဆိုတဲ့ အတွေးမျိုးလည်း တွေးမိပါတယ်။ မဟုတ်ပါစေနဲ့ပေါ့။ စာဖတ်သူတွေရဲ့ ဦးနှောက်တွေကို ဆွနိုင်ဖို့အတွက် အသစ်အသစ်တွေကို အချိန်ယူပြီး စဉ်းစားတွေးတော ရေးသားနေတာ ဖြစ်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။

(၂)
အခုတလော...
မန္တလေးFM ကို အရမ်းကို သဘောကျနေမိတယ်။ အခန်းထဲမှာ ရှိနေချိန်ဆိုရင် ရေဒီယိုကို အမြဲတမ်းဖွင့်ထားဖြစ်တယ်။ သီချင်းတွေကတော့ FM လိုင်းတိုင်းမှာ လွှင့်နေတာဆိုတော့ သိပ်ပြီးမထူးပါဘူး။ အစီအစဉ်တွေကတော့ အခြားFM တွေထက် နည်းနည်းပိုထူးသလိုပါပဲ။ အမြဲတမ်းလည်း ဆန်းစစ်နေအောင် ဖန်တီးနေတာကို တွေ့နေကြားနေရတယ်။ သုမောင်ရဲ့ သြော်.. ဒါနဲ့ စကားမစပ်၊ သန်းမြတ်စိုးရဲ့ သီချင်းဟောင်းတွေကို ပြန်တင်ဆက်တဲ့အစီအစဉ်၊ ကလေးတွေအတွက် ကဗျာရွတ်၊ ပုံပြင်ပြော၊ ဘုရားစာရွတ် လုပ်ပေးတဲ့အစီအစဉ်၊ ပရိသတ်တွေက လေလှိုင်းကတစ်ဆင့် တိုက်ရိုက်သီချင်းတောင်းတဲ့ အစီအစဉ်၊ အဆိုတော်တစ်ဦးချင်းစီရဲ့ အကြိုက်ဆုံးသီချင်းတွေကို မေးမြန်းပြီး ထုတ်လွှင့်ပေးတဲ့ အစီအစဉ်တွေကို သဘောကျနေမိတယ်။ နောက်တစ်ခု မန္တလေးအက်ဖ်အမ်မှာ ကျွန်တော်စိတ်အ၀င်စားဆုံးနဲ့ သဘောအကျဆုံးတစ်ခုက အစီအစဉ်တင်ဆက်သူတစ်ယောက်ရဲ့ "ကျေးဇူးတင်ပါတယ်ရှင့်" ဆိုတဲ့ လေယူလေသိမ်းနဲ့ ပြောဟန်ဆိုဟန်ကိုပါ။ ဘယ်သူမှန်းမသိပေမယ့် အဲဒီအမျိုးသမီးပြောတဲ့ "ကျေးဇူးတင်ပါတယ်ရှင့်" ဟာ အခြားလူတွေ ပြောသလိုမျိုး မဟုတ်ဘူးဆိုတာကတော့ အသေအချာပါပဲ။

(၃)
အခုတလော...
ရာသီဥတုက ပူစပ်ပူလောင်နဲ့ နေရထိုင်ရတာ အတော်ခက်ပါတယ်။ ပူတာလည်းမဟုတ်၊ အေးတာလည်းမဟုတ်တဲ့ အဲဒီအရသာဟာ အတော်ကိုဆိုးပါတယ်။ လူကိုလည်း အလကားနေရင်း ဒေါသထွက်စေတယ်လို့ ထင်မိတယ်။ နည်းနည်းပူလာတော့ ချွေးလေးတွေကလည်း မစို့တစို့ ဖြစ်လာတော့တာပေါ့။ အဲဒီတော့ အင်္ကျီတွေမှာ ချွေးနံ့တွေစွဲချင်လာပါတယ်။ သစ်ရွက်ကလေးတွေ အပင်ပေါ်ကနေ အလုအယက်ကြွေကျလာတဲ့ ရှုခင်းတွေကို မြင်ရတော့ လွမ်းရမလို၊ ဆွေးရမလို၊ ငိုရမလို၊ ရယ်ရမလိုပါပဲ။ သြော်... ဆယ်ကျော်သက်လည်း မဟုတ်တော့ပါဘဲလျက်နဲ့လေ။ ခက်ပါနဲ့နော်။

(၄)
အခုတလော...
ဘီးနှစ်လုံးနဲ့ စီးတော်ယာဉ်တွေအတွက် ဆီသွားထည့်တော့ ဆီဈေးတက်သွားပြီတဲ့။ အရင်ထက် ၂၀၀ ကျပ်တောင် ပိုပေးလိုက်ရတယ်။ တော်တော်လည်း အံ့သြသွားတယ်။ "ဟာ... ဆီဈေးတွေကျနေတာ မဟုတ်ဖူးလား" လို့ ပြန်မေးမိတော့ မဟုတ်ပါဘူးတဲ့။ ဘာကြောင့်ပါ၊ ဘယ်ဈေးက ဘယ်လိုတက်သွားလို့ စသဖြင့် အလွတ်ကျက်ထားတဲ့ စကားလုံးတွေကို ပြန်ရွတ်ပြပါတယ်။ ကျွန်တော့်မှာ မကျေမနပ်နဲ့ "မနေ့ကပဲ ဂျာနယ်ထဲမှာ ဆီဈေးတွေ ထိုးကျသွားတဲ့အကြောင်း ဖတ်လိုက်ရသေးတယ်၊ မဟုတ်သေးပါဘူးကွာ" လို့ ရေရွတ်မိတော့ အတူပါလာတဲ့ သူငယ်ချင်းက "အဲဒါ ဂျာနယ်ပေါ်မှာ ကျတာလေ၊ အပြင်မှာ ကျချင်မှ ကျမှာပေါ့ကွ" တဲ့။ အစာမကြေပေမယ့် ငြိမ်နေလိုက်ပါတယ်။ "ဘယ်သူသေသေ ငတေမာပြီးရော" ဆိုတဲ့စကားက ခေါင်းထဲကနေ ပြူတစ်ပြူတစ်နဲ့ ထွက်လာလို့ အတင်းမောင်းလွှတ်လိုက်ရတယ်။

(၅)
အခုတလော...
ဘလော့ဂ်အတွက် ပို့စ်တွေကိုပဲ ထိုင်ရေးဖြစ်နေတယ်။ အရင်ကဆို စာသင်ချိန်မပါတဲ့နေ့တွေမှာ စာဖတ်လိုက်၊ ဗီဒီယိုလေးကြည့်လိုက်၊ သီချင်းလေးနားထောင်လိုက်နဲ့။ ပြီးခဲ့တဲ့ နှစ်ရက်-သုံးရက်ကတော့ ကွန်ပျူတာရှေ့မှာ အချိန်ပြည့်ထိုင်ပြီးတော့ကို မထတမ်း စိတ်ကူးပေါ်သမျှကို ချရေးဖြစ်ခဲ့တယ်။ တစ်ခုရေးပြီးလို့ ပြီးမလားအောက်မေ့တယ်၊ နောက်တစ်ခုက ရေးချင်လာပြန်ရော။ "အတွေးဆိုတာမျိုးက မဆုံးနိုင်ပါလား" လို့ တွေးမိသွားတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၄ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၁ နာရီ ၅၂ မိနစ်တွင်ပြီး၏။

Wednesday, March 03, 2010

မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ - လူထုစိန်ဝင်း


ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်းသုံးယောက် ရောက်လာတယ်။ တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေက၊ နောက်တစ်ယောက်ကတော့ တိုင်ပေမှာ လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူဖြစ်တယ်။ တိုင်ပေကတစ်ယောက်ကတော့ တရုတ်နှစ်သစ်ကူး အချိန်ရောက်တိုင်း ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့ ထွက်သွားပြီးကတည်းက အခုမှ ပထမဆုံးအကြိမ် ပြန်တွေ့ရတာဖြစ်တယ်။

ဗမာစကားပီသတဲ့လူတွေ
သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာဆိုတော့ စကားတွေပြောလို့ မကုန်အောင်ဖြစ်နေကြတယ်။ အဲဒီလိုစကားပြောကြရင်းက တစ်ခုသတိထားလိုက်မိတယ်။ ဂျပန်ကလာတဲ့ တပည့်မက ဗမာစကားကို ဘာသံမှမ၀ဲဘဲ ပီပီသသကြီး ပြောနေတဲ့အချက်ဖြစ်တယ်။ အခုတလော ရေဒီယိုကနေ ကြားကြားနေရတဲ့ ဂျပန်ရောက်ဗမာတွေရဲ့ စကားပြောသံတွေဟာ ဂျပန်သံ ၀ဲဝဲနေကြတာတွေ့ရတယ်။ စကားပြောရင်း နောက်ဆုံးစကားလုံးကျရင် အသံကို သံရှည်ဆွဲသွားပြီးမှ ရုတ်တရက် ရပ်ပစ်လိုက်ကြတယ်။ ဂျပန်စကားပြောနေကျမို့ နေမှာပဲလို့ မှတ်ထင်နေတယ်။ ဟော အခုတစ်ယောက်ကတော့ ဘာသံမှမ၀ဲဘဲ ဗမာစကားကို ဗမာလိုပဲ ပီပီသသကြီးကို ပြောနေလိုက်တာ အံ့သြတောင်သွားရတယ်။ တကယ်တော့ သူက ဗမာတောင်မဟုတ်ပါဘူး။ လားရှိုးဇာတိ မြန်မာပြည်ပေါက် တရုတ်မလေးပါ။ စက်မှုတက္ကသိုလ်က ဗိသုကာဘွဲ့ရပြီး ၁၉၈၈ ခုနှစ် မတိုင်မီကတည်းက ဂျပန်ကို ထွက်သွားတာဖြစ်ပါတယ်။ အခုရောက်လာတဲ့ သုံးယောက်စလုံး တရုတ်မလေးတွေပါ။ တိုင်ပေမှာနေသူကလည်း ဟိုမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။ ဘာသံမှ မ၀ဲပါဘူး။

ဗမာစကားမပီသတဲ့ဗမာတွေ
အသံမ၀ဲရုံတင်မဟုတ်ဘူး။ သူက မြန်မာပြည်ကိုလည်း ချစ်ပါတယ်။ နှစ်ကူးချိန်ရောက်တိုင်း တစ်နှစ်တစ်ခေါက် ရောက်အောင်ပြန်ပါတယ်။ ရောက်တာနဲ့ သူ့ဇာတိ ဇီးကုန်းကိုပြန်ပြီး ငယ်စဉ်က ဆရာသမားတွေကို လိုက်လံတွေ့ဆုံပြီး ကန်တော့ပါတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပါတယ်။ သူက တိုင်ပေက အဆင့်မြင့် နိုင်ငံတကာဟိုတယ်ကြီးတစ်ခုမှာ မန်နေဂျာအဆင့် ရာထူးရထားပါတယ်။ ဒါပေမဲ့ သူများတကာတွေလို မိဘဆွေမျိုးတွေပါခေါ်ပြီး ဟိုမှာမနေပါဘူး။ တစ်ယောက်တည်းပဲ နေပါတယ်။ သူတို့တစ်တွေလို နှစ်ပေါင်းနှစ်ဆယ်၊ အစိတ် နိုင်ငံခြားသွားနေတဲ့ မြန်မာပြည်ပေါက် တရုတ်မလေးတွေက ဗမာစကား ပီပီသသပြောပြီး မြန်မာပြည်ကို ချစ်နေကြပေမယ့်၊ လွန်ခဲ့တဲ့ လေးငါးနှစ်ကမှ နိုင်ငံခြားရောက်သွားတဲ့ ဗမာစစ်စစ်တွေက ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောနေကြတာကိုတော့ ဘယ်လိုမှ နားမလည်နိုင်တာ အမှန်ပါပဲ။

မြန်မာပြည်နဲ့မတန်ဘူးတဲ့
တချို့များ ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောရုံတောင်မကပါဘူး။ သူတို့တတ်ထားတဲ့ ပညာတွေဟာ မြန်မာပြည်နဲ့ မတန်အောင် မြင့်နေတဲ့အတွက် ပြန်လာလည်း အချည်းနှီးပဲလို့တောင် ပြောတတ်ကြသေးတယ်။ တတ်ထားတဲ့ပညာနဲ့ လူသားတွေကို အကျိုးပြုနေဖို့ပဲလိုတယ်။ ဘယ်နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့အမြင်မျိုး မထားသင့်ဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဂလိုဘယ်အမြင် ရှိဖို့လိုတယ်။ ဟိုနိုင်ငံသား၊ ဒီနိုင်ငံသားဆိုတဲ့ သတ်မှတ်ချက်တွေဟာ ခေတ်နဲ့မညီတော့ဘူး။ လူသားအားလုံးဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေပဲလို့ ကြည့်တတ်မြင်တတ်ရမယ်လို့လည်း ပြောလေ့ရှိကြတယ်။ အရှက်မရှိလို့ မျက်နှာပြောင်တိုက်ပြီး ပြောနေကြတာပါ။ ကိုယ့်ရပ်ကိုယ့်ရွာက ကိုယ့်ဆွေမျိုး အသိုင်းအ၀ိုင်းကိုတောင် အကျိုးပြုချင်တဲ့ စေတနာမရှိတဲ့သူမျိုးက ကမ္ဘာ့လူသားတွေကို အကျိုးပြုမယ်လို့ ပြောနေတာကို ဘယ်သူက ယုံမှာလဲ။

သူများတွေပါ အမြီးပြတ်စေချင်လို့
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်း ကိုယ်နေချင်ရာနေ၊ ကိုယ်လုပ်ချင်တာလုပ်၊ ကိုယ့်အပူမဟုတ်လို့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် အမြီးပြတ်တာကို ဆိတ်ဆိတ်မနေဘဲ သူများတွေပါ အမြီးလိုက်ဖြတ်ဖို့ တောင်ပြောမြောက်ပြော လျှောက်ပြောနေတာတွေတော့ သည်းမခံနိုင်ဘူး။ ဒါပေမဲ့ တော်ပါသေးတယ်။ အဲဒီလို အမြီးပြတ်တွေက လက်တစ်ဆုပ်စာလောက်သာရှိလို့။ နိုင်ငံခြားရောက် မြန်မာလူငယ်တွေ အများစုကတော့ သူတို့လိုမဟုတ်ကြဘူး။ ကြိုးစားပမ်းစား အလုပ်တွေလုပ်ပြီး မိဘတွေကို ကျေးဇူးဆပ်နေကြရှာတာပါ။ တချို့များ အလုပ်နှစ်မျိုးပြောင်းပြီး တစ်နေ့ကို ၁၆ နာရီလောက်အထိကို လုပ်ကြရရှာတာ။ တချို့ကျတော့လည်း အလုပ်တစ်ဖက်လုပ်ရင်းနဲ့ ကျောင်းတက် ပညာသင်လိုက်ကြသေးတယ်။ ဒီကြားထဲကတောင် မိဘတွေဆီ လစဉ်မပျက်မကွက် လှမ်းပြီးကန်တော့နေကြတာ ချီးကျူးစရာကောင်းလှတယ်။

တွံတေးသိန်းတန်ကြိုက်ကြလွန်းလို့
အနှစ်နှစ်ဆယ်၊ အစိတ် နိုင်ငံခြားသွားမယ့်သူတွေကို အင်္ဂလိပ်စကားပြောသင်တဲ့ ဆရာလုပ်ခဲ့တာဆိုတော့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ကျောင်းသူကျောင်းသားတွေ ထောင်နဲ့ချီပြီး ရှိနေကြပါတယ်။ မြန်မာပြည်ဟာ သူတို့ပညာနဲ့ မထိုက်တန်သေးလို့ ပြန်မလာဘူးလို့ ပြောတဲ့သူ ကိုယ့်ကျောင်းသူ ကျောင်းသားထဲက လေးငါးယောက်ထက် မပိုပါဘူး။ အများစုက မြန်မာပြည်ကို လွမ်းတသသနဲ့ နေ,နေကြတာချည်းပါ။ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းခွေတွေဆို ကိုယ်ကသာ နားမထောင်တာ တပည့်တွေမှာလို့ ခဏခဏ ၀ယ်ပို့နေရတယ်။ တချို့များ ကြံကြံဖန်ဖန် ကျောက်ငရုတ်ဆုံနဲ့ လဲမှို့ခေါင်းအုံးတောင် မှာလို့ပို့ရတယ်။ အမေရိကန်မှာမွေးပြီး ဟိုမှာပဲကြီးတဲ့ တစ်ဦးတည်းသော မြေးယောက်ျားလေးကတောင် မြန်မာပြည်က အချဉ်ထုပ်တွေနဲ့ လက်ဖက်သုပ်ကို သိပ်ကြိုက်တာ။ ''များများနဲ့ မြန်မြန်ပို့ပါ ဖိုးဖိုး'' လို့ ဖုန်းဆက်တိုင်း ပြောလေ့ရှိပါတယ်။

သူတို့ပြန်လာကြမှာပါ
အဖေဗမာ၊ အမေဗမာဆိုတော့ မြေးကလေးရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက ဗမာ့သွေးတွေချည်း မဟုတ်လား။ ဇာတိသွေးဆိုတာ ပျောက်ခဲပါတယ်။ ဗမာသွေးမနှောတဲ့ တပည့်မလေးတွေတောင် မြန်မာ့မြေမှာမွေး၊ မြန်မာ့လေကိုရှူ၊ မြန်မာ့ရေကိုသောက်ပြီး မြန်မာ့ဆန်ကို စားခဲ့ကြတာ ဖြစ်လေတော့ မြန်မာပြည်ကိုပဲ လွမ်းတသသ ဖြစ်နေကြတာပါ။ အခွင့်သာတိုင်း မြန်မာပြည်ကို ပြန်လာကြပါတယ်။ ကိုယ့်နိုင်ငံအပြင်ထွက်ပြီး နိုင်ငံစုံရောက်ဖူးလေလေ မြန်မာပြည်လောက် နေချင်စရာကောင်းတဲ့ ပျော်စရာကောင်းတဲ့နိုင်ငံ မရှိဘူးဆိုတာ သိလေလေဖြစ်တာကြောင့် တစ်နေ့မှာ သူတို့ပြန်လာကြမှာပါ။ မြန်မာပြည်ဟာ သူတို့ပညာနဲ့ မထိုက်တန်သေးဘူးဆိုတဲ့ လူတွေကိုလည်း စကားတစ်ခွန်း ပြောချင်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်မျိုးတွေဟာ မြန်မာလူမျိုး ဖြစ်ဖို့ထိုက်တန်တဲ့ အဆင့်မဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။

အနတ္တကို ဦးထိပ်ထား
မြန်မာလူမျိုးဖြစ်ဖို့ဆိုတာ လွယ်တယ်ထင်သလား။ ဗြဟ္မစိုရ်တရားနဲ့ ဟီရိသြတပ္ပတရားတွေကို နားလည်သဘောပေါက်ပြီး လိုက်နာကျင့်သုံးမှ မြန်မာလူမျိုးစစ်တာ။ နိုင်ငံခြားမှာ ဘယ်လောက်အကြာကြီးနေနေ ဒီတရားတွေကို လိုက်နာကျင့်ကြံနေသရွေ့ မြန်မာလူမျိုးလို့ ခေါ်နိုင်တယ်။ ဒီတရားတွေကို လုံးဝပစ်ပယ်ပြီး 'ဘယ်သူသေသေ ငတေမာပြီးရော' ဆိုတဲ့ စိတ်ဓာတ်မျိုး ထားသူဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာနေလည်း မြန်မာလူမျိုးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ မြန်မာစိတ်၊ မြန်မာစရိုက်ရဲ့ အနှစ်သာရက 'အတ္တ' ကို ပယ်ခွာခြင်းဖြစ်တယ်။ ဗုဒ္ဓဆုံးမခဲ့တဲ့ 'အနတ္တ' တရားကို ဦးထိပ်ထားကြတယ်။ ''ဘယ်သူသေသေ ငတေမာပြီးရော'' စိတ်က 'အတ္တ' လွန်ကဲမှု ဖြစ်တယ်။ လူအများဘာဖြစ်ဖြစ် 'ငါ' ကောင်းစားဖို့သာအဓိက ဆိုတဲ့စိတ်ဖြစ်တယ်။ ဒီလူမျိုးတွေက မျောက်ပြဆန်တောင်း လုပ်တာမျိုးကိုလည်း ရှက်ရကောင်းမှန်း မသိဘူး၊ ကြောက်ရကောင်းမှန်းလည်း မသိဘူး။ မေတ္တာ၊ ကရုဏာ၊ စေတနာ ဆိုတာတွေလည်း နားမလည်ပါဘူး။ ဒီလူမျိုးတွေဟာ မြန်မာလို့အခေါ်ခံရဖို့ မထိုက်တန်သူတွေပါ။

Weekly Eleven News Journal
အတွဲ (၅) အမှတ် (၂၁)၊ March 3, Wednesday, 2010
စာမျက်နှာ-၂၂

Gtalk အတွေးစာသားများ စုစည်းမှု (၄)


ဂျီတော့ခ်က စာသားလေးတွေ မတင်သေးဘူးလားလို့ ခဏခဏမေးနေကြတဲ့ မိတ်ဆွေတွေအတွက် ထပ်မံစုစည်းလို့ ရသမျှကို တင်ပေးလိုက်ပါတယ်နော်။ ဖတ်ဖူးပြီးရင်လည်း ထပ်ဖတ်လိုက်ပေါ့ဗျာ။ ခင်ဗျားရေးထားတဲ့ စာသားတွေပါနေရင်လည်း မသိချင်ယောင်ဆောင်ပြီးသာ ဖတ်လိုက်။း)

မြန်မာပြည်သည် အလွန်ပျော်စရာကောင်းသော နိုင်ငံတစ်ခုဖြစ်ပါသည်။
မီးလာလျှင် ပျော်ရသည်။
ရေလာလျှင် ပျော်ရသည်။
အင်တာနက်ကွန်နက်ရှင်း ကောင်းလျှင်လည်း ပျော်ရသည်။

ချောတာတွေ လိုချင်ရင်
မင်းသားတွေ ရှိတယ်.....
ပိုက်ဆံရှိတာ လိုချင်ရင်
သူဌေးသားတွေ ရှိတယ်.....
အပြောချိုတာ လိုချင်ရင်
ပွဲစားတွေရှိတယ်.....
ချစ်တာကိုမှ လိုချင်ရင်
ငါပဲ ရှိလိမ့်မယ်ချစ်သူ.....။

နောက်ထပ် ထပ်မဆုံချင်သူများကို block ပါမည် ..
ဆုံဆည်းသည့်ကံ ကုန်သည်ဟု သဘောထားပေးပါ ....။

Money grows on tree.
(လိုက်ဆို... အကြိမ် ၃၀၀၀၊ ကျွန်န်ုပ်တို့သည် မြန်မာပြည်တွင်နေသည့် မြန်မာများပီပီ... မြန်မာပြည်အင်တာနက်ကို သည်းခံ၍သုံးစွဲပါမည်)

အခြားတစ်ယောက်နဲ့ Q နေလို့ Busy ပြထားတာကို မသိဘူးမှတ်မနေနဲ့။း(

ချစ်တယ်လို့ ပြောတာကို စိတ်ဆိုးသလား။
အဲဒါဆိုလည်း နင့်ကို မုန်းတယ်... မုန်းတယ်.... မုန်းတယ်။ အကြိမ်တစ်ထောင် မုန်းတယ်။
အခုတော့ နင်ပျော်သွားပြီလား။း)

မျှော်နေသူမောလှပါတယ်။ ဘာမှာလဲ ချစ်တဲ့သူရယ်... အမြဲတမ်းစောင့်နေတယ်... မင်းသိရဲ့လား။


မိန်းမဖျက်တော့ ပြည်ပျက်တယ်တဲ့။
ဘယ်သူ့ကြောင့်လဲတော့ မသိဘူး။ ပျက်တော့ပျက်နေပြီ။

အချို့က ချစ်လျက်နဲ့ ကွဲကြတယ်... ဒါပေမယ့်.... မုသားတွေပါတယ် ...။
အချို့က ကွဲလျက်နဲ့ ချစ်ကြတယ်... ဒါပေမယ့်.... မာနတွေပါတယ် ....။
အချို့က ဝေးလျက်နဲ့ နားလည်ကြတယ်... ဒါပေမယ့်.... အချစ်ဆိုတာပါတယ် ...။


ကောင်းတဲ့စာသားလေးတွေဖတ်မိတဲ့အခါ သတိတရနဲ့ ကျွန်တော့်ဆီကို အော့ဖ်လိုင်းမက်ဆေ့ခ်ျ ပို့ပေးထားတတ်သူတွေ၊ အီးမေးလ်ကို ပို့ပေးသူတွေ၊ အတင်းကာရော လက်ဆွဲခေါ်ပြီး စာအုပ်ထဲမှာ ကူးရေးခိုင်းသူတွေ စသည်ဖြင့် ကူညီကြသူ၊ အားပေးကြသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၈ နာရီ ၄၀ မိနစ်တွင်ပြီး၏။

အပြစ်မြင်တတ်တဲ့ ကျွန်တော် ???


သူငယ်ချင်းတွေကတော့ ပြောကြတယ်။ မင်းကတဖြည်းဖြည်းနဲ့ ဂျာနယ်လစ်တွေနဲ့ တူလာပြီတဲ့။ တကယ်တမ်း သူတို့ပြောတာက ပိုပြင်းထန်တယ်။ ကျွန်တော်အမြဲဖတ်နေကျ ဂျာနယ်တစ်ခုရဲ့ နာမည်တပ်ပြီးတော့ကို ပြောကြတာ။ တွေ့ကရာကို အပြစ်လိုက်မြင်နေပုံမျိုးနဲ့ ခေါင်းစဉ်တပ်ကြတယ်။ တကယ်တမ်းပြောရရင် ဂျာနယ်လစ်တွေဟာ သူများအမှားကိုပဲ လိုက်ရှာပြီး ရေးနေကြသူတွေလို့ ကျွန်တော်က မယူဆပါဘူး။ သူတို့မှာလည်း သူတို့အလုပ်နဲ့ ပတ်သက်ပြီး စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ရှိကြပါတယ်။ ဂျာနယ်လစ်တစ်ယောက် ဖြစ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ ထားပါတော့လေ။ ဂျာနယ်လစ်အကြောင်း ပြောဖို့မဟုတ်ပါဘူး။ တစ်ခုခုဆိုရင် အပြစ်မြင်တတ်လွန်းတယ်လို့ ပြောတတ်ကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေအတွက် ပိုပြီးတော့ ပြောစရာဖြစ်အောင် လုပ်လိုက်ပါဦးမယ်။ တခြားတော့ မဟုတ်ပါဘူး။ မနေ့က သတင်းစာဖတ်နေရင်းနဲ့ အမှတ်တမဲ့ တွေ့လိုက်မိတဲ့ အမှားလေးတွေပါ။ မပြောတော့ဘူးလို့ နေတာပါပဲ။ ဒါပေမယ့် စိတ်ထဲမှာ တနုံ့နုံ့ကြီးဖြစ်နေလို့ တင်ပေးလိုက်တာပါ။ အရာရာကို တကူးတက အပြစ်ရှာပြီး လိုက်ကြည့်တာမျိုး မဟုတ်တာတော့ အသေအချာပါပဲ။ ဒါပေမယ့်ဗျာ... ကျွန်တော့်ကျမှပဲ အမှားတွေက လာလာတွေ့နေရတာ အတော်ဆိုးတယ်။ အချို့သူငယ်ချင်းတွေကဆို ကျွန်တော့်ကို မင်္ဂလာဆောင်ဖိတ်စာတွေ၊ အလှူဖိတ်စာတွေ၊ ကလေးမွေးနေ့ဖိတ်စာတွေ ပေးဖို့အတွက် လက်တွန့်နေကြတယ်။ သူတို့ဘာသာ လုပ်ထားတုန်းက အကောင်းသား၊ ကျွန်တော့်ကိုဖိတ်လိုက်မိကာမှ ဘယ်နားမှာ စာလုံးပေါင်းမှားနေတယ်၊ ခုနှစ်ကို အဲလိုမရေးရဘူး၊ ရေးထားတာ သဒ္ဒါမမှန်ဘူး စသဖြင့် ထောက်ပြပြောဆိုမိတာကိုး။ အချို့က ဘာမှမပြောဘူး၊ အချို့က ကျေးဇူးတင်စကား ဆိုကြတယ်၊ အချို့ကတော့ ကျွန်တော့်ကို တစ်ခါတည်း စလံသသွားတဲ့ ပုံစံမျိုးနဲ့ ကြည့်ကြတယ်။ အခင်မင်တွေတောင် ပျက်ကုန်ပါရောလား။ မှန်တာကိုတော့ မှန်တဲ့အတိုင်း ပြောရမှာပါပဲလေ။ အခင်မင်ပျက်တာလောက်ကို အရေးလုပ်မနေနိုင်ပါဘူး။ ဟိုတုန်းက ပုဂ္ဂိုလ်ကြီးတွေလိုမျိုး အမှန်တရားအတွက် အသက်ကို စွန့်ရဲတဲ့သူလည်း မဟုတ်ရပါဘူး။ ဒါပေမယ့် အမှန်တရားအတွက် အခင်မင်ပျက်တာ၊ စိတ်ဆိုးသွားတာလောက်တော့ ရင်းရဲတဲ့သတ္တိလေး ရှိပါသေးတယ်။ အဲဒါကြောင့်လည်း တွေ့မိတဲ့ အမှားလေးတွေကို ထောက်ပြပြောဆိုမိတာပါနော်။

(၁)
russiancurrency.png
ပုံမှာမြင်ရတဲ့အတိုင်းပါပဲ... [ရုရှားရူပီးငွေ]လို့  သုံးနှုန်းထားတာကို ကျွန်တော့်မျက်စိကလည်း ပေါက်ပေါက်ရှာရှာကို မြင်ဖြစ်အောင် မြင်လိုက်မိပါသေးတယ်။ အင်တာနက်မှာ ရှာကြည့်တော့လည်း ရုရှားငွေကို ရူပီးလို့ ဘယ်လိုမှကို အသံထွက်လို့ မရပါဘူး။ အိန္ဒိယငွေဆိုရင်လည်း အကောင်းသား။ အနီးစပ်ဆုံး ကျွန်တော်ထွက်လို့ရတာကတော့ ရုရှားငွေကို [ရူဘယ်လ်]လို့ပဲ အသံထွက်ရပါတယ်။ Ruble ဆိုတဲ့ စကားလုံးကို ရူပီးလို့ အသံထွက်လို့ရတယ်ဆိုရင်လည်း ကျွန်တော့်အမှားပဲ ဖြစ်ပါစေတော့။
[၂-၃-၂၀၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ-၆]


(၂)
carlingcup2010final.png
၂၀၁၀ ကာလင်းဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက အက်စတွန်ဗီလာအသင်းကို [နှစ်ဂိုး-တစ်ဂိုး] နဲ့ အနိုင်ရသွားတယ်ဆိုတာကို အားလုံးနီးပါးလောက် သိကြပါတယ်။ ဒါပေမယ့်ဗျာ ကျွန်တော်တို့ မန်ယူခမြာလည်း ဖလားသာ ရသွားရှာတယ်။ အက်စတွန်ဗီလာကို အနိုင်မကန်သွားနိုင်ရှာဘူးကိုး။ နှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ အေဗီလာက အနိုင်မရဘဲ တစ်ဂိုးပဲရခဲ့တဲ့ မန်ယူက ဘာကိစ္စ ဖလားရသွားသလဲဆိုတာကို ဒီသတင်းကိုပဲ ဖတ်တဲ့လူတွေအတွက်တော့ ပုစ္ဆာတစ်ပုဒ် ဖြစ်သွားနိုင်ပါတယ်။
[၁-၃-၂၀၁၀ ရက်နေ့ထုတ် The New Light of Myanmar၊ စာမျက်နှာ-၁၄]


(၃)
နောက်တစ်ခုကတော့ Eleven Journal မှာ ဖတ်လိုက်ရတဲ့ ကြော်ငြာတစ်ခုပါ။ လူမင်းကို ကိုယ်စားလှယ်ဆိုလား၊ သူတို့ရဲ့ သံတမန်ဆိုလား ခန့်အပ်ထားတယ်ဆိုတဲ့ အသိပေးကြေညာချက်ပါ။ အဲဒီကြော်ငြာရဲ့ ခေါင်းစဉ်မှာ စာလုံးကြီးတွေပြူးနေအောင် ရေးထားတာလေးကို ပြောချင်တာပါ။ မြန်မာစာရေးတဲ့နေရာမှာ "ကြော်ငြာ" ဆိုတာနဲ့ "ကြေညာ" ဆိုတာကို နေရာမှန်အောင် မသုံးကြဘဲ အရောရောအထွေးထွေး သုံးတတ်ကြပါတယ်။ တီဗီမှာ၊ မဂ္ဂဇင်းမှာ ကြော်ငြာတာဟာ ကြော်ငြာပါ။ ထုတ်ပြန်ချက်တွေ၊ အသိပေးချက်တွေကိုတော့ ကြေညာရပါတယ်။ ဟော... အခုတော့ သူတို့က အခန့်သား ရေးထားလိုက်ပုံများက "အသိပေး ကြေငြာချက်" တဲ့။ အင်တာနက်ကွန်နက်ရှင်းကြောင့် အဲဒီဂျာနယ်ကို ဒေါင်းလုဒ်မချနိုင်သေးတဲ့အတွက် လောလောဆယ် သည်းခံလိုက်ကြပါဦး။ ကျွန်တော့်မှာရှိတဲ့ ဂျာနယ်ကိုပဲ စကင်ဖတ်ပြီး တင်ပေးနိုင်ဖို့ ကြိုးစားလိုက်ပါဦးမယ်။
ကွန်နက်ရှင်းက စိတ်ကောင်းဝင်နေတဲ့အတွက် ဂျာနယ်ကို ဒေါင်းလုဒ်ချလို့ရပါပြီ။ နေရာချန်ခဲ့တဲ့ ပုံနေရာကို တင်ပေးလိုက်ပါပြီနော်
[၁၇-၂-၂၀၁၀ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ ၅ အမှတ် ၁၉၊ စာမျက်နှာ-၃၇]

ကဲ... ဒီလောက်နဲ့ပဲ တော်ပါပြီဗျာ။ ကျွန်တော်ကပဲ အပြစ်မြင်နေတယ်ပဲ ဆိုလိုက်ကြပါစို့။ မြင်တယ်ဆိုတာကလည်း မရှိရင် ဘယ်မြင်လိမ့်မလဲနော်။ ရှိနေတဲ့အမှားကို မြင်မိတယ်ဆိုတာ မြင်တဲ့လူရဲ့ အမှားတော့ ဟုတ်ဟန်မတူဘူးလို့ ကျွန်တော်က ယုံကြည်မိတာပါပဲ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၂ နာရီ ၅၂ မိနစ်တွင်ပြီး၏။

Golden Words For Us


သင့်ရဲ့အလုပ်ကို ချစ်မြတ်နိုးပါ။ ဒါပေမယ့် သင့်လုပ်နေတဲ့ ကုမ္ပဏီကိုတော့ မချစ်ပါနဲ့။
ဘာကြောင့်လဲဆိုတော့.....
သင်လုပ်နေတဲ့ကုမ္ပဏီဟာ ဘယ်အချိန်မှာ သင့်ကိုချစ်နေတာတွေ ရပ်သွားမယ်ဆိုတာ မသိနိုင်လို့ပါပဲ။
===============================================(ဒေါက်တာ အဗ္ဗဒူကလန်)

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က ဘာလဲ?
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေပေါ့။
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို သင်ဘယ်လို ချမှတ်နိုင်ခဲ့သလဲ?
အတွေ့အကြုံအရပေါ့။
အတွေ့အကြုံတွေကိုရော သင်ဘယ်လိုရခဲ့သလဲ?
မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေဆီကပေါ့။
===============================================(ဒေါက်တာ အဗ္ဗဒူကလန်)

ဘယ်သူတွေ မင်းအကြောင်းတွေးနေသလဲဆိုတာ မင်းအတွက် အရေးမကြီးဘူး။
ဒါပေမယ့်.....
သူတို့တွေ မင်းအကြောင်းတွေးနေဖို့အတွက် မင်းဘာတွေ လုပ်ခဲ့သလဲဆိုတာကတော့ မင်းအတွက် အရေးကြီးတယ်။
===============================================(စတန်လေ ဖားရက်ဒ်)

မိန်းမတစ်ယောက်ရဲ့ အချစ်ဦး ဖြစ်ခွင့်ရတဲ့ ယောက်ျားဟာ ကံထူးသူကြီးပေါ့။
ယောက်ျားတစ်ယောက်ရဲ့ နောက်ဆုံးချစ်သူ ဖြစ်ခွင့်ရတဲ့ မိန်းမကတော့ မဟာကံထူးရှင်ပါ။
===============================================(ချားလ် ဒစ်ကင်းစ်)

သင့်ရဲ့ စိတ်ပျက်ဝမ်းနည်းဖွယ်ရာ အချိန်တွေကို သဲသောင်ပြင်မှာ မှတ်တမ်းတင်ပြီး၊ ပျော်ရွှင်ကြည်နူးဖွယ်ရာ အချိန်တွေကိုတော့ ကျောက်တုံးထက်မှာ ကမ္ဗည်းရေးထိုးလိုက်ပါ။
===============================================(ဂျော့ ဘားနတ်ရှော)

အောင်မြင်တဲ့လူတစ်ဦးရဲ့ နှလုံးသားထဲမှာ မပြောပြဖြစ်တဲ့ နာကျင်မှုတစ်ခု ရှိနေတတ်တယ်။
===============================================(ဘီလ် ဂျက်ကော့စ်)

မင်းရဲ့ အတ္တတွေအတွက် မင်းချစ်တဲ့လူတစ်ယောက်ကို ဆုံးရှုံးရတာထက်
မင်းချစ်တဲ့လူတစ်ယောက်အတွက် မင်းရဲ့အတ္တတွေကို အရှုံးပေးလိုက်ရတာက ပိုကောင်းပါတယ်။
===============================================(ဂျွန် ကိစ်)

ပျော်ရွှင်နေတဲ့အချိန်မှာ ကတိမပေးမိပါစေနဲ့။
ဝမ်းနည်းနေတဲ့အချိန်မှာ ဘာမှပြန်မပြောမိပါစေနဲ့။
စိတ်တိုနေတဲ့အချိန်မှာ ဘာဆုံးဖြတ်ချက်မှ မချမိပါစေနဲ့။
ဘာကိုပဲဖြစ်ဖြစ် နှစ်ကြိမ်နှစ်ခါ ပြန်စဉ်းစားပါ။ ဉာဏ်အမြော်အမြင်နဲ့ ဆုံးဖြတ်ပါ။

**************************
အင်တာနက်ပေါ်မှာ တွေ့တာလေးတွေကို ကောင်းနိုးရာရာ ဘာသာပြန်ပေးထားတာပါ။ ကျေနပ်ပျော်ရွှင်နိုင်ကြပါစေနော်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁၂ နာရီ ၃၆ မိနစ်တွင်ပြီး၏။

အို...လူသား ဘာလဲ၊ ဘယ်လဲ - ကိုဉာဏ် (ပန်းလောင်မြေ)


ခေါင်းစဉ်ကိုဖတ်ပြီးတဲ့အချိန်မှာ စာဖတ်သူအနေနဲ့ တစ်မျိုးတော့ ဖြစ်သွားမလားမသိပါဘူး။ ဟုတ်ကဲ့... အဲဒီခေါင်းစဉ်ကိုပေးမိတဲ့ ကျွန်တော်တောင် ချီတုံချတုံနဲ့ ဒီခေါင်းစဉ်အတိုင်းပဲ ထားရမလား၊ ဒါမှမဟုတ် အခြားခေါင်းစဉ်တစ်ခုကို ပြောင်းရမလားဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ပြောချင်နေတဲ့အကြောင်းအရာက နောက်ဆုံးမှာ ဒီခေါင်းစဉ်ကိုပဲ လာနွယ်နေတာမို့ ဒီအတိုင်းပဲ ထားလိုက်ပါတယ်နော်။ ဆုံးအောင်ဖတ်ပြီးသွားရင်တော့ ဒီခေါင်းစဉ်ကို နားလည်သွားမယ်လို့ မျှော်လင့်ရတာပါပဲလေ။

ဒီပို့စ်ရဲ့ ကုန်ကြမ်းက ဒီလို၊ ဒီလို
တစ်ရက်က လ္ဘက်ရည်ဆိုင်ထိုင်ရင်း ဆိုင်ရှင်အစ်ကိုကြီးက လက်အိတ်အသစ်ကြီး ၀တ်ထားတဲ့အတွက် စကြ၊ နောက်ကြတာပေါ့။ အဲဒီမှာ အစ်ကိုကြီးက သူ့လက်အိတ်နဲ့ပတ်သက်ပြီး ဘာပြန်ပြောလဲဆိုတော့ "ဒီမှာတွေ့လား၊ ကျားရုပ်ဗျ၊ ကျားနှစ်ရောက်သွားပြီလေ" ဆိုပြီး လက်အိတ်ပေါ်က ကျားရုပ်ကြီးကို ဂုဏ်ယူဝံ့ကြွားစွာ ပြပါတယ်။ တကယ့်ကို စိတ်တူကိုယ်တူ အပေါင်းအသင်းတွေဆိုရင်တော့ အချေအတင် ဆွေးနွေးငြင်းခုန်ဖြစ်မှာ အသေအချာပါပဲ။ ဒါပေမယ့် အသက်အားဖြင့်ရော၊ အတွေ့အကြုံအားဖြင့်ပါ ကိုယ့်ထက်အများကြီး ပိုကြီးရင့်တဲ့ လူတစ်ယောက်ကို အတိုက်အခံလုပ်ပြီး ပြန်မပြောဖြစ်ခဲ့ပါဘူး။ စိတ်ထဲမှာတော့ ပြောချင်စိတ်တွေ တဖွားဖွား ဖြစ်မိတာပေါ့ဗျာ။ အဲဒီတဖွားဖွားစိတ်ကလေးတွေကို အခုလို ပို့စ်တစ်ခုရေးပြီး ဖွင့်အံထုတ်လိုက်ခြင်း ဖြစ်ကြောင်းပါခင်ဗျား။

တစ်ခုတော့ ကြိုတင်ပြောကြားပါရစေ။ ကျွန်တော့်အယူအဆ၊ ကျွန်တော့်ခံယူချက်သက်သက်သာ ဖြစ်တဲ့အတွက် အများစုနဲ့ လုံးဝကို အယူအဆတူနိုင်မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်သိတယ်ဆိုတာပါ။ အချို့အတွက်ဆိုရင် သူတို့ကို စော်ကားသလိုတောင် ဖြစ်နေမယ်ဆိုတာ တွေးမိပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ စော်ကားပုတ်ခတ်လိုခြင်းမရှိဘဲ ကျွန်တော်ယုံကြည်ရာ အတွေးသက်သက်ကိုသာ ရေးသားခြင်းဖြစ်ပါတယ်။

အရုပ်များ နှင့်လူသား
အားလုံးသိပြီးသား အကြောင်းအရာတစ်ခုပါ။ ကိုယ့်ဝန်းကျင်မှာလည်း မကြာခဏဆိုသလို မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူး၊ ကြားဖူး နေမှာပါ။ အချို့ဆိုရင် ကိုယ်တိုင်တောင် အဲဒီအဖြစ်အပျက်တွေထဲမှာ ပါဝင်နေမှာ အသေအချာပါ။ အခြားတော့ မဟုတ်ပါဘူး။ အရုပ်တွေကိစ္စပါ။ ဘာအရုပ်တွေလည်းလို့မေးရင် အစုံလို့ပဲ ဖြေရမှာပါပဲ။ လက်တစ်ဆစ်ခန့် ဘုရားဆင်းတုတော်တွေကစပြီး အကောင်မျိုးစုံ၊ ပုံသဏ္ဌာန်မျိုးစုံ၊ စုံမှစုံပါပဲ။ အားလုံးရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါ။ ယုံကြည်မှုတစ်ခုအရ ဆောင်ထားခြင်း ဖြစ်ပါတယ်။ အချို့က ကျန်းမာရေးအတွက်၊ အချို့က အောင်မြင်မှုအတွက်၊ အချို့က စီးပွားလာဘ်လာဘအတွက်၊ အချို့က ပီယအတွက်၊ အချို့က ကံကောင်းမှုအတွက် စသည်စသည်ဖြင့်ပေါ့ဗျာ။ ယုံကြည်မှုအမျိုးမျိုးနဲ့ပေါ့။ သူတို့ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ လူဆိုတာ ကိုယ်ယုံကြည်ရာကို ကိုယ့်စိတ်ကြိုက် လုပ်ခွင့်ရှိတာပဲ မဟုတ်လား။ ဒါပေမယ့်လည်း ဘာမှအသက်မရှိတဲ့ ကျားရုပ်ကလေးတွေ၊ နဂါးအရုပ်ကလေးတွေ၊ ဂဠုန်အရုပ်ကလေးတွေ၊ ခြင်္သေ့ရုပ်ကလေးတွေ၊ စတဲ့အရုပ်ကလေးတွေက ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ပြုပြင်ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ကြတာဟာ နည်းနည်းများ စဉ်းစားဉာဏ်မဲ့ရာ ရောက်နေမလားလို့ပါ။

ကိန်းဂဏန်း နှင့် လူသား
နောက်တစ်မျိုးကတော့ ကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ပါ။ လူတွေကလည်း လူတွေပါပဲဗျာ။ ဘာတွေမှန်းလည်း မသိပါဘူး။ အတော်လည်း ရယ်စရာကောင်းတယ်။ နံပါတ် ၇ ကိုကျတော့ Lucky Seven တဲ့။ နံပါတ် ၁၃ ကျပြန်တော့ Unlucky Number ဆိုပြီး ဂဏန်းတန်းစားခွဲခြားမှု လုပ်ကြပြန်ပါရောလား။ တစ်ချို့ကျတော့လည်း စုံဂဏန်းမှတို့၊ မဂဏန်းမှတို့ ဆိုတဲ့လူတွေလည်း ရှိသေးတယ်။ သုညဆိုတာ ဘာမှမရှိတဲ့အရာမို့ သုညပါတာတွေကို ရှောင်တဲ့လူတွေလည်း မနည်းဘူး။ ဘယ်လောက်အထိလဲဆိုရင် ကြက်ဥ၊ ဘဲဥ၊ ငုံးဥဟာ သုညနဲ့တူလို့ စာမေးပွဲဖြေဖို့သွားခါနီး၊ အင်တာဗျူးဖြေဖို့သွားခါနီးတွေမှာ အဲဒီဥတွေကို မစားရဘူးဆိုတဲ့ လူတွေက ရှိသေးသဗျ။ ဘယ်နှယ့်ဗျာ ကမ္ဘာဦးကတည်းက ကြက်တွေ၊ ဘဲတွေ၊ ငုံးတွေက အဲဒီလိုပဲ ဥလာကြတာပဲ။ လူသားတွေအတွက် လေးထောင့်တွေ၊ ချွန်ချွန်တွေပဲ ဥပေးရဦးမလိုလိုပဲ။ အခုလည်း ကြည့်ပါဦး… နောက်ဆုံးပေါ် ရူးသွပ်မှုတစ်ခုက ဘာလဲဆိုတော့ [၁၀-၁၀-၁၀] တဲ့။ ကဲ… ဘယ်လောက်တောင်များ တွေးတတ်လိုက်ကြသလဲနော်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့ကို ရေးတဲ့အခါ ၁၀-၁၀-၁၀ (10-10-10) လို့ ရေးကြမှာပဲလေဗျာ။ ဘာများထူးဆန်းလို့လဲ။ ဒါပေမယ့် အမှတ်တရတို့၊ ကြုံတောင့်ကြုံခဲတို့၊ တစ်သက်မှာ တစ်ခါပဲ ကြုံရတာတို့ ဆိုတဲ့စကားတွေက လာသေးတယ်။ ဘယ်ရက်ကများ ကျွန်တော်တို့ဘ၀မှာ နှစ်ခါပြန်ထပ်ဖူးတာ ရှိလို့လည်းဗျာ။ ဥပမာ- ခင်ဗျားမွေးနေ့ဟာ [00-00-0000] ဆိုပါတော့။ အဲဒီနေ့ဟာ သေသွားတဲ့အထိ ဘယ်နှစ်ခါများ ပြန်ထပ်ဖူးလို့လဲ။ ကြုံတောင့်ကြုံခဲမှ တကယ့်ကို ကြုံတောင့်ကြုံခဲပါဗျာ။ ကုန်လွန်သွားတဲ့အချိန်ဆိုတာ ဘယ်တုန်းကမှ ပြန်ရရိုးထုံးစံမရှိပါဘူးဗျ။ တစ်ခုမေးချင်တာက အခု ကျွန်တော်တို့လူသားတွေ အရေးတယူလုပ်နေတဲ့ ကိန်းဂဏန်းတွေဆိုတာ မိုးပေါ်ကကျလာတာ မဟုတ်ပါဘူး။

အရောင်များ နှင့် လူသား
လာပြန်ပြီ နောက်တစ်မျိုး၊ အရောင်တွေပါတဲ့ခင်ဗျား။ အာလုံးသိကြတဲ့အတိုင်းပါပဲ… ဘယ်အရောင်က ဘာဖြစ်စေတယ်၊ ဘယ်အရောင်က နိမိတ်မကောင်းဘူး၊ ဘယ်အရောင်က လူနဲ့မတည့်ဘူး စသည်ဖြင့် လူတွေကဲကြ၊ သဲကြတာကို ကြုံဖူးကြမှာ မလွဲမသွေပါပဲ။ စိတ်ပညာသဘောအရ အရောင်တွေဟာ လူတွေအပေါ် လွှမ်းမိုးမှုရှိတယ်ဆိုတာကို ကျွန်တော်လုံးဝကို လက်ခံပါတယ်။ အစိမ်းရောင်ဟာ လူတွေရဲ့ အမြင်အာရုံကို ငြိမ်းချမ်းစေတယ်တို့၊ အဖြူရောင်ဟာ လူတွေရဲ့စိတ်ကို ကြည်လင်စေတယ်တို့ စသည်ဖြင့်ပေါ့။ ဒါပေမယ့် အရောင်တွေကို အဆောင်တစ်ခုလို၊ ယုံကြည်ကိုးကွယ်မှုတစ်ခုလို သတ်မှတ်ကြတာမျိုးကိုတော့ ကျွန်တော် လက်မခံချင်ပါဘူး။ အလှူပွဲအခမ်းအနားတစ်ခုခုကို အနက်ရောင်ဝတ်သွားမိတဲ့အခါ ၀ိုင်းကြည့်ကြတဲ့ လူတွေရဲ့ မျက်လုံးတွေကို ကျွန်တော်မုန်းတယ်။ သူတို့က လူကိုဖိတ်တာလား၊ အ၀တ်အစားအရောင်ကို ဖိတ်တာလား။ အနက်ရောင်ဝတ်လာတဲ့အတွက် သူတို့အလှူပွဲက ပျက်သွားမှာမို့လား။ နာရေးအခမ်းအနားတစ်ခုခုကို အရောင်လွင်လွင်လေးတွေ၊ အထူးသဖြင့် အဖြူရောင်ဝတ်သွားမိတဲ့အခါ ရှုံ့ချတဲ့အကြည့်နဲ့ ကြည့်ကြတဲ့ လူတွေရဲကအကြည့်တွေကို ကျွန်တော်မုန်းတယ်။ အဖြူရောင်ဝတ်ထားတဲ့အတွက် သေနေတဲ့လူအပေါ် ဘာတွေများ ထိခိုက်စရာ ရှိလို့လဲ။ သေတယ်ဆိုတာထက် ဆိုးတဲ့အဖြစ် ရှိသေးလို့လား။ အများစု လက်ခံနေကြသလို အမည်းရောင်ဝတ်သွားရင်ရော သေတဲ့လူက ပြန်ရှင်လာမှာမို့လား။ နောက်တစ်ခုက အမည်းရောင်ကို ဘာကိစ္စနဲ့ အမင်္ဂလာအရောင်အဖြစ် သတ်မှတ်ကြသလဲဆိုတာကို နားမလည်နိုင်ဘူး။ ကျွန်တော်ကတော့ အမည်းရောင်၊ အနက်ရောင်ကို လုံးဝကိုကြိုက်တယ်။ လူတွေသတ်မှတ်ထားကြတဲ့ အရောင်တွေက ကျွန်တော်တို့တွေရဲ့ အဆိုးအကောင်းကို ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုတာ မယုံကြည်တဲ့အတွက် ကျွန်တော့်ကို အပြစ်တင်ကြမယ်ဆိုရင်လည်း ရှိစေတော့ပေါ့ဗျာ။

ပိုက်ဆံ နှင့် လူသား
ဒီအကြောင်းအရာကို ပြောဖို့ကတော့ နည်းနည်းလက်တွန့်မိတယ်။ လူပြောများသလို အငြင်းအခုန်လည်း များနိုင်တဲ့ကိစ္စမို့ပါ။ ပိုက်ဆံဆိုတာ ဘာညာဆိုတာတွေ မပြောတော့ပါဘူး။ ပြောချင်တာကိုပဲ ရောက်အောင်ပြောတော့မယ်။ ပိုက်ဆံဆိုတာ လူသားတွေ ဖန်တီးထားတဲ့ အရာတစ်ခုပါ။ ဘယ်တန်ခိုးရှင်ကမှ ဖန်ဆင်းပေးထားတာမဟုတ်ပါဘူး။ လူသားတွေရဲ့ သတ်မှတ်ချက်သက်သက်ပါ။ အဲဒီပိုက်ဆံကပဲ လူသားတွေရဲ့ ဘ၀ကို ဖျက်ဆီးနိုင်တာ၊ မြှင့်တင်နိုင်တာတွေ လုပ်နိုင်တယ်လို့ လူတွေက ဆိုလာကြတဲ့အခါ ကျွန်တော်မကျေမနပ် ဖြစ်မိတယ်။ Money makes everything! လို့ ဆိုတဲ့လူတွေတောင် ရှိသေးသည်။ မှန်သလား၊ မှားသလား ကျွန်တော်မပြောချင်။ ပြောချင်သည်က ပိုက်ဆံက လူသားတွေကို ဘာမှမလုပ်နိုင်ပါ။ အဲဒီပိုက်ဆံကို ဖန်တီးထားသော လူသားတွေကသာ၊ တစ်နည်း ပိုက်ဆံနောက်က လူသားတွေကသာ လူသားအချင်းချင်း၏ ကံကြမ္မာတွေကို ဖန်တီးနေခြင်း ဖြစ်သည်။ ပိုက်ဆံနောက်ကလူတွေဆိုတော့ သူတို့ချည်းပဲ မဟုတ်ပါ။ ပိုက်ဆံရှေ့ကလူတွေလည်း ထိုအဖြစ်အပျက်မှာ ပါဝင်ကပြ အသုံးတော်ခံနေကြပါသည်။ ပိုက်ဆံဆိုတာ သတ်မှတ်ထားတဲ့ စာရွက်တစ်ရွက်ပါကွာလို့ ကျွန်တော်မပြောချင်ပါ၊ အခြားသူများကိုလည်း ထိုသို့ပြောရန် မတိုက်တွန်းပါ။ သို့သော် ပိုက်ဆံကို ပိုက်ဆံလိုသာ မြင်ကြစေလိုပါသည်။ ပိုက်ဆံသည် ကိုးကွယ်ရာမဟုတ်ပါ။ အသုံးချစရာပစ္စည်းတစ်ခုမျှသာ ဖြစ်ပါသည်။

လူသား နှင့် လူသား
ကျွန်တော်အဓိက ပြောချင်သည်က တဖြည်းဖြည်းနှင့် ပုံပေါ်လာပါပြီ။ ပြောခဲ့သလို လူသားတွေသည် အရုပ်တွေအပေါ်မှာ၊ အရောင်တွေအပေါ်မှာ၊ ကိန်းဂဏန်းတွေအပေါ်မှာ၊ ပိုက်ဆံတွေအပေါ်မှာ၊ အခြားသော အရာတွေအပေါ်မှာ ယုံကြည်နေကြသည်၊ ကိုးကွယ်နေကြသည်။ အပြစ်မတင်ပါ၊ တကယ်ကို အပြစ်မတင်ပါ။ လူသားသည် လူသားပီသမည်သာ ဖြစ်ပါသည်။ ကိုယ့်အသက်ရှင်ရပ်တည်မှုအတွက် မြက်တစ်ပင်ပဲဖြစ်စေ အားကိုးအားထားရှာကြမည်၊ လက်ဆုပ်လက်ကိုင်ပြုကြမည်သာ ဖြစ်ပါသည်။ နားလည်ပါသည်၊ တကယ့်ကို နားလည်ပါသည်။ သို့သော် နားမလည်နိုင်သည်များလည်း များစွာရှိနေပါသည်။ စာဖတ်သူများကလည်း ၀ိုင်းဝန်းအဖြေရှာပေးကြစေလိုပါသည်။ ကိုယ့်ဘာသာကိုယ် ဖြေကြည့်ကြစေလိုပါသည်။

အဘယ့်ကြောင့် လူအချင်းချင်း တွေ့ဆုံကြသည့်အခါ ခွန်းချိုသံသာစကားများဖြင့် ပြုံးပြနှုတ်ဆက်ဖို့ ၀န်လေးနေကြပါသနည်း။
အဘယ့်ကြောင့် လူအချင်းချင်း တစ်ဦးအပေါ်တစ်ဦး လက်ကမ်းကြိုဆိုဖို့၊ ဖေးဖကူညီဖို့ ၀န်လေးနေကြပါသနည်း။
အဘယ့်ကြောင့် လူအချင်းချင်း သံသယမျက်စိဖြင့်မကြည့်ဘဲ ယုံကြည်ရင်းနှီးဖို့ ၀န်လေးနေကြပါသနည်း။
အဘယ့်ကြောင့် လူအချင်းချင်း အငြိုးအတေးကြီးစွာ ပစ်ခတ်သတ်ဖြတ်နေကြပါသနည်း။
အဘယ့်ကြောင့် လူအချင်းချင်း မေတ္တာမထားနိုင်၊ မုဒိတာမပွားနိုင် ဖြစ်နေကြပါသနည်း။
အဘယ့်ကြောင့် လူအချင်းချင်း …………?
အဘယ့်ကြောင့် လူအချင်းချင်း …………?
အဘယ့်ကြောင့် …………………………..?
အဘယ့်ကြောင့် …………………………..?

ခေါင်းစဉ်လေးကို ပြန်ပြောပါရစေ။ အို…လူသား ဘာလဲ၊ ဘယ်လဲ?

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁၀ နာရီ ၀၅ မိနစ်တွင်ပြီး၏။

Tuesday, March 02, 2010

News from Photos, Photos from News


obamainindo.jpg
သိပြီးတဲ့လူတွေအတွက်တော့ ထားလိုက်ပါတော့။ မသိသေးတဲ့လူတွေအတွက် မိတ်ဆက်ပေးရရင် အပေါ်ကရုပ်တုဟာ အမေရိကန်သမ္မတကြီး ဘားရက်အိုဘားမားရဲ့ ငယ်စဉ်ကလေးဘ၀ရုပ်ပုံကို ထုလုပ်ထားတာဖြစ်ပါတယ်။ အမေရိကန်မှာလို့တော့ မထင်လိုက်ပါနဲ့။ အိုဘားမား ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပါတယ်။ အင်း... တရားကျစရာကောင်းလိုက်တာနော်။ အိုးဘားမားသာ အမေရိကန်သမ္မတမဖြစ်ဘဲ ဘင်လာဒင်နဲ့ ပေါင်းပြီး အယ်လ်ကိုင်ဒါးမှာ ခေါင်းဆောင်လုပ်နေရင် ဒီရုပ်တုကို အင်ဒိုနီးရှားကလူတွေ ဘယ်ကလာပြီး ထုလိမ့်မလဲနော်။ အခုတော့ သူက ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ ကမ္ဘာသိ နိုင်ငံခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သွားတာကိုး။ ထားလိုက်ပါတော့လေ။ အစကတော့ အဲဒီရုပ်တုကို မြို့တော်မှာ ထားဖို့အတွက် စီစဉ်နေရာချထားကြတာပါ။ ဒါပေမယ့် ၀ိုင်းဝန်းကန့်ကွက်မှုတွေကြောင့် အိုးဘားမားငယ်စဉ်က စာသင်ခဲ့တဲ့ မူလတန်းကျောင်းလေး အနီးမှာ ထားဖို့အတွက် ဆုံးဖြတ်ခဲ့ကြရပါတယ်။

ကျွန်တော်ကတော့ အဲဒီရုပ်တုအကြောင်းကို တွေးမိတိုင်း တစ်ခုခုကို အလိုမကျသလိုကြီး ဖြစ်မိတယ်ဗျ။ ဘာကိုမှန်းတော့ မသိပါဘူး။ ကိုယ်နဲ့လည်း ဘာမှဆိုင်တာလည်း မဟုတ်ဘဲနဲ့ အလကားနေရင်း သူများနိုင်ငံအကြောင်း တွေးနေမိတာ မနိပ်လှပါဘူးဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်ကော... ဆိုတဲ့မေးခွန်းလေးကိုတော့ စာဖတ်သူကိုယ်တိုင်သာ ဖြေကြည့်စေချင်ပါတယ်။ ဘယ်လိုအဖြေဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်သိနေသလိုပါပဲ။

roxxxy.jpg
အပေါ်ကပုံကတော့ အသစ်တီထွင်ထုတ်လုပ်ထားတဲ့ Roxxxy ဆိုတဲ့ ကမ္ဘာ့ပထမဆုံး အမျိုးသမီး ဖျော်ဖြေရေးစက်ရုပ်ဖြစ်ပါတယ်။ နယူးဂျာစီအခြေစိုက် ကုမ္ပဏီတစ်ခုက အင်ဂျင်နီယာ Douglas Hines ဆိုသူက အချိန် ၂ နှစ်ခွဲခန့်ကြာအောင် သုတေသနပြု ဖန်တီးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အရပ် ၅ ပေ ၇ လက်မ အမြင့်ရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၂၀ ရှိတဲ့ Roxxxy ဟာ သာမန်မိန်းကလေးတစ်ဦးနဲ့မခြား သာယာကျေနပ်မှုပေးနိုင်တယ်လို့ ပြောထားကြပါတယ်။ ဒီအရုပ်တစ်ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ ၇၀၀၀ နဲ့ ၉၀၀၀ ကြားမှာ ကျသင့်မှာ ဖြစ်ပါတယ်။ အမှာစာများစွာ လက်ခံရရှိနေတာကြောင့် ထုတ်လုပ်တဲ့ ကုမ္ပဏီအနေနဲ့ မှာကြားမှုတွေကို ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ပါ့မလားဆိုတာတောင် စိတ်ပူနေကြရတဲ့အထိ အောင်မြင်နေပါသတဲ့။ နောက်တစ်ခုက အဲဒီလိုအရုပ်တွေကို မှာကြားတဲ့အခါမှာ ကိုယ်လိုချင်တဲ့ ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အသားအရေအရောင်၊ ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုချင်းစီရဲ့ အရွယ်အစား စသည်ဖြင့် တောင်းဆိုလို့ရပါသေးသတဲ့။

အချို့ကတော့ ဒါကို နည်းပညာအောင်ပွဲလို့ မြင်နေကြပါတယ်။ လူသားတွေဟာ အရာအားလုံးကို ဖန်ဆင်းချင်သလိုကို ဖန်ဆင်းနေကြပြီလို့ ကျွန်တော်က တွေးနေမိပါတယ်။ ကျွန်တော့်ရဲ့လေသံမှာ ဒေါသသံတွေစွက်နေခဲ့ရင် သေချာတာပေါ့ဗျာ။ လူတွေဟာ သဘာဝတရားဆိုတာကြီးကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ ကြိုးစားနေကြသလား ဆိုတဲ့မေးခွန်းကို စာဖတ်သူက တစ်ချက်လောက် ဖြေကြည့်ပေးစမ်းပါ။

(၃)
zerorupeenote.jpg
ပိုက်ဆံဆိုတာလောက်တော့ အားလုံးသိကြပါတယ်။ ပိုက်ဆံမှာမြင်ရတဲ့ လူပုဂ္ဂိုလ်ကလည်း မြန်မာတွေနဲ့ မစိမ်းလှတဲ့ အိန္ဒိယရဲ့ ခေါင်းဆောင်ကြီးတစ်ဦးပါပဲ။ ဒါပေမယ့် သတိထားကြည့်မိတဲ့လူတွေကတော့ ပိုက်ဆံပေါ်မှာ [သုညရူပီး]လို့ ရေးထားတာကို မြင်ကြရမှာပါ။ ပိုက်ဆံကလည်း သုညရူပီးဆိုတော့ ဘယ်လိုကြီးလဲမသိဘူးလို့ ဖြစ်ကြမှာပေါ့နော်။ ဟုတ်ကဲ့ ဖြစ်ချင်စရာပါ။ ဒါပေမယ့် မဖြစ်ကြပါနဲ့။ အိန္ဒိယနိုင်ငံမှာ ရုံးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ လာဘ်ပေးလာဘ်ယူမှုတွေ များလွန်းတဲ့အတွက် အဲဒီလိုလူတွေကို ပညာပေးဖို့၊ တားဆီးဖို့အတွက် အဲဒီပိုက်ဆံကို တီထွင်ထားတာပါတဲ့။ သတင်းအနေနဲ့ကတော့ အဲဒါပါပဲ။ စိတ်ဝင်စားစရာကောင်းသလို တွေးလည်းတွေးလို့ကောင်းတာပေါ့နော်။

တွေးကြည့်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရော အဲဒီလိုမျိုး [သုညကျပ်] ဆိုတဲ့ပိုက်ဆံ တီထွင်လိုက်ရင် ဘယ်လိုနေမလဲလို့။ စာဖတ်သူလည်း တွေးကြည့်စမ်းပါ။ ကျွန်တော်ကတော့ တွေးရင်းနဲ့ ရယ်နေမိပါတယ်။ စော်ကားတာမဟုတ်ပေမယ့် မျက်စိထဲကို ချက်ချင်းပြေးမြင်မိတာက ဦးထုပ်အဖြူဆောင်းထားတဲ့ လူကြီးတွေကိုပါ။ ဘဲဥလို့လည်း ခေါ်တတ်ကြပါတယ်။ သူတို့ခမြာ မိတ်ဟောင်းဆွေဟောင်းတွေ တွေ့တဲ့အခါတိုင်း လက်ဝါးချင်းရိုက်ပြီး နှုတ်ဆက်ကြရတာ မဟုတ်လား။ အဲဒီလိုနှုတ်ဆက်တဲ့အခါ ..............။ ကိုယ့်ဘာသာကိုယ်သာ တွေးကြည့်ပါတော့ဗျာ။ ကျွန်တော်ကတော့ အိမ်ပြန်ရောက်ပြီး ဘောင်းဘီအိတ်ကပ်ကြီးတစ်ခုလုံးကို အိမ်ကမဟေသီထံ အပြုံးပွင့်တွေနဲ့ အပ်နှံလိုက်တဲ့အထိ တွေးမိလိုက်တယ်ဗျ။း)

****************************************************
တော်ပါပြီဗျာ။ နောက်မှပဲ အခြားသော စိတ်ဝင်စားဖွယ်ရာ ရယ်ရမခက်၊ ပြုံးရမခက် ပေါက်တတ်ကရ သတင်းဓာတ်ပုံလေးတွေကို တင်ပေးပါဦးမယ်။ အခုတော့ နားကြပါဦးစို့နော်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂ ရက်၊ အင်္ဂါနေ့။
ည ၁၁ နာရီ ၀၇ မိနစ်တွင်ပြီး၏။

မြန်မာသတင်းများ


မြန်မာပြည်သူ လေးသန်းကျော်ကို WHO က A(H1N1) ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်

  • ပထမအသုတ်အဖြစ် ကာကွယ်ဆေးအလုံးရေ ကိုးသိန်း ယခုဖေဖော်ဝါရီလကုန်တွင်ရောက်ရှိမည်ဖြစ်ကြောင်း
  • ၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာ
  • ဒုတိယအသုတ်အဖြစ် ကာကွယ်ဆေး သုံးသန်းခွဲကျော် ပေးပို့လှူဒါန်းမည်ဖြစ်
  • ယင်းဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနသို့ တိုက်ရိုက်လှူဒါန်းမည်ဖြစ်ပြီး ရောဂါကူးစက်ခံရရန် နီးစပ်သောသူများကို ဦးစားပေးထိုးနှံပေးမည်ဖြစ်
  • ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ်လဆန်းမှစတင်ပြီး အေတုပ်ကွေးရောဂါကာကွယ်ဆေးများ ထိုးနှံမည်ဖြစ်ကြောင်း အတည်ပြုပြောကြား
  • အဆိုပါကာကွယ်ဆေးသည် တစ်ကြိမ်ထိုးပြီးလျှင် တစ်နှစ်တိတိ ရောဂါကူးစက်ခံရမှုကို ကာကွယ်နိုင်
  • မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်အတွင်းက အေတုပ်ကွေးရောဂါကူးစက်ခံရသူ ၆၉ ဦး ရှိခဲ့ပြီး ယခု ၂၀၁၀ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့ထိ ရောဂါကူးစက်ခံရသူ ၅၆ ဦး ရှိနေပြီဖြစ်သည့်အတွက် အေတုပ်ကွေးရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၅ ဦး ရှိနေပြီဖြစ်ကြောင်း သိရှိရ

***************************Myanmar News***************************

ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများလျှင် နှစ်ရှည်လုပ်ခွင့်ပြုသွားမည်ဟုဆို
  • အဆိုပြုလွှာတင်တဲ့သူ လုပ်ငန်းရှင်တွေအနေနဲ့ ရေရှည်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းအထောက်အထား အခိုင်အမာ တင်ပြရမယ်။ Invest လုပ်တဲ့ ပမာဏ များပြားမယ်ဆိုရင်တော့ နှစ်ရှည်လုပ်ကိုင်ခွင့်ရမယ်။ ပြီးရင်တော့ ဌာနကို ပြန်အပ်ရမယ်
  • နိုင်ငံပိုင်သတင်းစာပါ BOT (Build Operate Transfer) စနစ် လုပ်ကိုင်ခွင့်ပြုရာတွင် အဆိုပြုကုမ္ပဏီများသည် ၎င်းတို့ကိုယ်တိုင် ဆိပ်ကမ်းဆောက်လုပ်ခြင်း၊ ဆိပ်ခံတံတားဆောက်လုပ်ခြင်း၊ ယင်းဆိပ်ကမ်းများ၏ အုပ်ချုပ်စီမံရေးကိစ္စများ ဆောင်ရွက်ခြင်းနှင့် ၀င်ငွေများကို ကိုယ်တိုင်ရှာဖွေမှုများ ပြုလုပ်ရမည်ဖြစ်
  • ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ကိုင်ခွင့်ပြုမည့် ဆိပ်ကမ်းများမှာ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ပန်းဆိုးတန်းနန်းသီတာဆိပ်ကမ်းနှင့် ကျန်းမာရေးဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်းတို့သာမက အလုံဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်းအထိ ဆိပ်ခံတံတား ဆောက်လုပ်နိုင်သည့် ဆိပ်ကမ်းမြေနေရာသစ်များပါ ပါဝင်မည်ဖြစ်

***************************Myanmar News***************************

ကန်ဒေါ်လာတန်ဖိုးကျမှုကြောင့် မြန်မာ့ရွှေဈေး နိုင်ငံတကာဈေးထက်နိမ့်
  • ကမ္ဘာ့ဈေးကွက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၀၀ အထက် မြင့်တက်လျက်ရှိသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေဈေးနှုန်းမှာ မတက်နိုင်ဘဲ အကျဘက်သို့ ဦးတည်လျက်ရှိ
  • အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ ၁၀၀၉ ကျပ် ရှိသည်ဟု ရွှေကုန်သည်များ၏ အဆိုအရသိရှိရ
  • လတ်တလောဈေးကွက်တွင် ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၅၉၇၅၀၀ ရှိ
  • နိုင်ငံတကာဈေးထက် အနည်းဆုံးငွေကျပ် ၅၀၀၀ ခန့်နိမ့်နေကြောင်း ဈေးကွက်သတင်းအချက်အလက်များအရ သိရှိရ
  • ပြည်တွင်းဈေးကွက်တွင် ရွှေအရောင်းအ၀ယ်ကျဆင်းလျက်ရှိပြီး ရွှေရောင်းသူက များလျက်ရှိကြောင်း သိရှိရ

***************************Myanmar News***************************

FM သီချင်းတစ်ကြိမ်လွှင့်လျှင် ၆၅၀ ကျပ် ပေးသွင်းရမည်
  • FM ရေဒီယိုလိုင်းများ၌ မြန်မာသီချင်းတစ်ကြိမ်လွှင့်လျှင် မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ အနုပညာကြေး ၆၅၀ ကျပ်နှုန်း ပေးသွင်းရမည့်အစီအစဉ်ကို ဧပြီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း အဆိုပါအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး မောင်သစ်မင်းက ပြောကြား
  • တစ်ရက်ကို လောလောဆယ် အပုဒ် ၂၀၀ ပတ်ဝန်းကျင်လောက် လွှင့်နေပါတယ်။ တစ်လကို သိန်း ၃၀၊ ၄၀ လောက် ပေးရမယ်လို့ထင်တယ်။ သီချင်းတွေကို စနစ်တကျနဲ့ မှတ်တမ်းတင်နိုင်ဖို့ ကွန်ပျူတာစနစ်တစ်ခု လုပ်နေပါတယ်။ လကုန်ရက်တိုင်း ဂီတအစည်းအရုံးနဲ့ စာရင်းရှင်းရမှာပါဟု ရွှေFM မှ တာဝန်ရှိသူတစ်ဦးကပြောကြား
  • ရရှိသော အနုပညာကြေးများကို ဂီတအစည်းအရုံးအတွက် ၀န်ဆောင်ခအဖြစ် ၁၀ ရာခိုင်နှုန်း၊ သီဆိုသူအတွက် ၂၅ ရာခိုင်နှုန်း၊ တေးရေး ၂၅ ရာခိုင်နှုန်း၊ ထုတ်ဝေသူ ၂၅ ရာခိုင်နှုန်းနှင့် တီးဝိုင်း ၁၅ ရာခိုင်နှုန်း အချိုးကျခွဲဝေပေးသွားမည်ဖြစ်
  • မြန်မာနိုင်ငံရှိ FM အသံလွှင့်ဌာနများမှာ-
  1. City FM
  2. FM ရေဒီယို
  3. မန္တလေးFM
  4. ရွှေFM
  5. ပတ္တမြားFM
  6. ပဉ္စ၀တီFM
  7. ချယ်ရီFM
  • City FM မှာ ၂၀၀၁ ခုနှစ်တွင် အစောဆုံးထုတ်လွှင့်ခဲ့သော အက်ဖ်အမ်ရေဒီယိုလိုင်းဖြစ်သည်။

***************************Myanmar News***************************

အမရပူရကို မန်းစည်ပင်အုပ်ချုပ်မှုအောက် ထည့်သွင်းမည်
  • မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်တွင် ချမ်းမြသာစည်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန် ဟူ၍ မြို့နယ် ငါးမြို့နယ်ရှိ

***************************Myanmar News***************************

မန္တလေးပြည်တွင်းရေကြောင်း သင်္ဘောခရီးစဉ်အချို့ ပုဂ္ဂလိက လုပ်ကိုင်ခွင့်မပြုသေးဟုဆို
  • သတင်းထွက်ပေါ်နေသည့် သင်္ဘောခရီးစဉ်များမှာ- မန္တလေး-ဗန်းမော် ခရီးစဉ်သုံးခု၊ မန္တလေး-ကသာ ခရီးစဉ်၊ မန္တလေး-၀ိုင်းမော် ခရီးစဉ်၊ မန္တလေး-ပြည် ခရီးစဉ်၊ မန္တလေး-ညောင်ဦး ခရီးစဉ်တို့ဖြစ်

***************************Myanmar News***************************

MRTV-3 ရွှေသံလွင်အုပ်စု လုပ်ကိုင်ခွင့်ရ
  • နိုင်ငံပေါင်း ၂၆၀ ကျော်သို့ ထုတ်လွှင့်နေသည်ဟုဆိုသော MRTV-3 ရုပ်သံလိုင်းကို Myanmar International (MI) ဟု အမည်ပြောင်းထားပြီး နိုင်ငံတကာတွင် အောင်မြင်ကျော်ကြားနေသော စင်ကာပူအခြေစိုက် Channel News Asia ရုပ်သံလိုင်းကဲ့သို့ နိုင်ငံတကာတွင် အောင်မြင်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူကဆို
  • Thai com-3 ဂြိုဟ်တုဖြင့် နိုင်ငံတကာသို့ ထုတ်လွှင့်ပြသလျက်ရှိသော MRTV-3 International အစီအစဉ်အား ၂၀၀၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စတင်ထုတ်လွှင့်ခဲ့ပြီး NHK, CCTV ကဲ့သို့သော နိုင်ငံတကာရုပ်သံသတင်းဌာနများနှင့် သတင်းရယူမှုဆိုင်ရာ သဘောတူညီချက်များ ရယူထားကြောင်း သိရ
  • မြန်မာနိုင်ငံတွင် MRTV-3 အပြင် MRTV, MRTV-4 နှင့် MWD ရုပ်သံလိုင်းတို့ ထုတ်လွှင့်လျက်ရှိ

***************************Myanmar News***************************

ပြည်မြို့တွင် အပြင်းစားကြက်လည်လိမ်ရောဂါကြောင့် ရောင်းခွင့်ယာယီပိတ်ထား
  • ကြက်၊ ဘဲ၊ ငုံး (အသားနှင့် ဥ) ရောင်းချခွင့်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပိတ်ထားခြင်းဖြစ်
  • ရောင်းချခွင့်ပိတ်ထားသော ဈေးများမှာ မြို့သစ်ဈေး၊ ကိုးသောင်းဈေး၊ ဈေးကြီး၊ ကသည်းဈေး၊ အောင်မင်္ဂလာဈေးနှင့် ဘုရားဈေးတို့ဖြစ်

***************************Myanmar News***************************

မင်္ဂလာဒုံတွင် ကြက်၊ ဘဲ ရောင်းချခွင့် တားမြစ်
  • ပုလဲဈေး၊ ပတ္တမြားဈေး၊ ၀ါယာလက်ဈေး၊ ပေါက်ကုန်းဈေး၊ ရွှေနံ့သာပျံကျဈေး၊ ရခိုင်ကျောင်းလမ်းပျံကျဈေး အပါအ၀င် စုစုပေါင်း ဈေးငါးဈေးတွင် ကြက်ဘဲရောင်းချခွင့်ပိတ်ပင်ထားကြောင်း ဒေါက်တာအောင်ကြီးက ပြောကြား
  • တိုင်းရင်းကြက် သေဆုံးမှုဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံမြို့နယ် ပြန်လည်နေရာချထားရေးရပ်ကွက်နှင့် သုံးကီလိုမီတာ ၀န်းကျင်ရှိ စားသောက်ဆိုင်များနှင့် ဈေးခြောက်ဈေးတွင် ကြက်၊ ဘဲ၊ ငုံးနှင့် ဘေးထွက်ပစ္စည်း ရွှေ့ပြောင်းသယ်ဆောင် ရောင်းချခြင်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ၂၁ ရက်ကြာ ပိတ်ပင်ထား
  • ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ကြက်၊ ဘဲ ရောင်းချခွင့် ယာယီဆိုင်းငံ့ထားသော ဈေးကြီးများမှာ မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်ရှိ ၀ိဇ္ဇာလမ်းသွယ်ဈေး၊ မြစံပယ်ဈေး၊ (၈)ရပ်ကွက် ရေကူး၊ (၄)ရပ်ကွက် ဇေယျာခေမာဈေး၊ မြောက်ဥက္ကလာပ ကျောက်ရေတွင်းဈေး၊ မြောက်ဥက္ကလာပ (၂)ရပ်ကွက်ဈေး အပါအ၀င် ဈေးကြီးခြောက်ဈေး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ၈ မိုင် ရွှေဘဲစားတော်ဆက် (မြိုင်ဟေ၀န်)၊ စွယ်တော်မြတ်စေတီအနီးရှိ ရွှေမင်္ဂလာ စားသောက်ဆိုင်အပါအ၀င် စားသောက်ဆိုင်ကြီး သုံးဆိုင်၊ Ocean ကုန်တိုက်၊ Junction 8 ကုန်တိုက်၊ ကမ္ဘာအေး ဂမုန်းပွင့်ကုန်တိုက် အပါအ၀င် ကုန်တိုက်ကြီး သုံးခုတို့တွင် ကြက်၊ ဘဲ ရောင်းချခွင့်များ သုံးပတ်ကြာအောင် ဆိုင်းငံ့ထားရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တရားဝင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့

***************************Myanmar News***************************

မန္တလေးကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ၁၀ ရာခိုင်နှုန်း ဈေးကျ
ဈေးနှုန်းများကျဆင်းရခြင်းမှာ အကောက်ခွန်ကင်းလွတ်ခွင့်ပေးခြင်းက တစ်စိတ်တစ်ပိုင်း ပါဝင်နေကြောင်း၊ တရုတ်ထုတ်ပစ္စည်း တစ်မျိုးချင်းစီဖြင့် စုပေါင်းတပ်ဆင်သော ကွန်ပျူတာများ ၀င်ရောက်မှု များပြားခြင်းကြောင့်လည်းဖြစ်ကြောင်း
ယခင်က ၁၇ လက်မ LCD မော်နီတာပါဝင်သည့် ကွန်ပျူတာတစ်စုံလျှင် ငွေကျပ် ခြောက်သိန်းကျော် ရှိနေရာမှ ယခုအခါ ကျပ်ငါးသိန်းခုနစ်သောင်း ၀န်းကျင်သို့ ကျဆင်းလာ

***************************Myanmar News***************************

[ဖော်ပြပါ သတင်းများအားလုံးကို The Voice Weekly ဂျာနယ်၊ အတွဲ ၆ အမှတ် ၁၇ မှ ထုတ်နုတ်ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ အပြည့်အစုံ ပြန်လည်ဖော်ပြခြင်း မဟုတ်သည့်အတွက် သတင်းများအပေါ် နားလည်မှုလွဲမှားခြင်းများ၊ အဓိပ္ပါယ်ပြောင်းလဲခြင်းများ ရှိသွားပါက နားလည်ပေးကြစေလိုပါသည်။ မှားယွင်းနေသည့် အချက်အလက်များအတွက် ထောက်ပြပေးနိုင်ပါသည်]

ကျွန်တော်ကြိုက်သော ပုံပြင်များ (၁၃)


တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်ဟာ သဲကန္တာရတစ်ခုကိုဖြတ်ပြီး အတူခရီးသွားခဲ့ကြပါတယ်။ အတော်အတန် ခရီးပေါက်လာတဲ့အခါ အချင်းချင်း စကားများအငြင်းအခုန်ဖြစ်ကြသည်။ တစ်ယောက်သောသူငယ်ချင်းက အခြားတစ်ယောက်ရဲ့မျက်နှာကို လက်နဲ့ရိုက်လိုက်ပါတယ်။ အရိုက်ခံလိုက်ရတဲ့သူဟာ အလွန်ကိုနာကျင်သွားခဲ့ပေမယ့် ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ဘူး။ ဒါပေမယ့် သဲပေါ်မှာ စာတစ်ကြောင်းရေးလိုက်ပါတယ်။

"ဒီနေ့ ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ကျွန်တော့်မျက်နှာကို ရိုက်နှက်ခဲ့တယ်"

ဒီလိုနဲ့ သူတို့တွေ ဆက်လျှောက်လာခဲ့ကြတာ အိုအေစစ်တစ်ခုကို ရောက်သွားခဲ့တယ်။ တစ်လမ်းလုံး မောပန်းနွမ်းနယ်လာတာဖြစ်လေတော့ ရေချိုးကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ မျက်နှာကိုအရိုက်ခံထားရတဲ့သူဟာ ရေကူးနေရင်းနဲ့ ကြွက်တက်ပြီး ရေနစ်ပါတော့တယ်။ ကျန်တဲ့တစ်ယောက်က သူ့ကိုအချိန်မီ ကယ်တင်လိုက်နိုင်ခဲ့တယ်။ ရေနစ်တဲ့သူဟာ ကျောက်တုံးတစ်ခုပေါ်မှာ စာတစ်ကြောင်းထွင်းပြီး ရေးလိုက်ပါတယ်။

"ဒီနေ့ ကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်းက ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တယ်"

မျက်နှာကို လက်နဲ့ရိုက်ခဲ့ပြီး ရေနစ်တာကို ကယ်တင်ခဲ့တဲ့ သူငယ်ချင်းက နားမလည်နိုင်စွာ မေးမြန်းခဲ့ပါတယ်။
"ငါ...မင်းမျက်နှာကို လက်နဲ့ရိုက်တုန်းက မင်း...သဲပေါ်မှာ စာရေးခဲ့တယ်၊ အခု မင်းရေနစ်နေတာကို ကယ်တင်ခဲ့တော့ ကျောက်တုံးပေါ်မှာ စာရေးတယ်၊ ဘာဖြစ်လို့လဲကွ"

အဲဒီအခါ စာတွေရေးခဲ့တဲ့ သူငယ်ချင်းက ဘာပြန်ပြောလဲဆိုတော့-
"ငါတို့တွေကို တစ်ယောက်ယောက်က ထိခိုက်နာကျင်အောင် လုပ်ခဲ့မယ်ဆိုရင် ငါတို့အနေနဲ့ အဲဒီနာကျင်မှုကို သဲပေါ်မှာပဲ ရေးထိုးမှတ်တမ်းတင်သင့်တယ်၊ ဒါမှလည်း ခွင့်လွှတ်သည်းခံမှု လေနဲ့အတူ အဲဒီနာကျင်မှုတွေ လွင့်စင်၊ ပျောက်ကွယ်သွားမှာဖြစ်တယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ငါတို့အတွက် ကောင်းတာလုပ်ပေးခဲ့တယ်၊ ကျေးဇူးပြုခဲ့တယ်ဆိုရင်တော့ အဲဒါကို ကျောက်တုံးထက်မှာ ကမ္ဗည်းထိုးပြီး မှတ်တမ်းတင်သင့်တယ်။ ဒါမှလည်း ဘယ်လိုလေမျိုးကြောင့်မှ မပျက်စီး၊ မပျောက်ကွယ်သွားမှာဖြစ်တယ်" တဲ့။

************************************
နာကျင်မှုတွေကို သဲပေါ်မှာပဲ မှတ်သားကြဖို့နဲ့ ကျေးဇူးတရားတွေကိုတော့ ကျောက်ထက်အက္ခရာတင်ဖို့အတွက် ကျွန်တော်တို့တွေ ကြိုးစားကြရအောင်လားဗျာ။
************************************
[အင်တာနက်ပေါ်မှာတွေ့တဲ့ SAND & STONE ပုံပြင်ကို ဆီလျော်အောင် မြန်မာပြန်ဆိုထားတာပါ]
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂ ရက်၊ အင်္ဂါနေ့။
ည ၈ နာရီ ၁၆ မိနစ်တွင်ပြီး၏။

ကျွန်တော်နှင့် ၂၀၁၀ - ကိုဉာဏ် (ပန်းလောင်မြေ)


"ကိုဉာဏ် ၂၀၁၀ ကို အတော်လေး အားခဲနေပုံရတယ်"
စီဘောက်မှာရေးထားတဲ့ ကွန်းမန့်တစ်ခုဖြစ်ပါတယ်။ ပထမဆုံးပြောလိုတာက အဲဒီကွန်းမန့်ကို စိတ်ဆိုးဒေါသထွက်လို့ ဒီစာကို ရေးတာမဟုတ်ဘူးဆိုတာကိုပါပဲ။ ကွန်းမန့်ရှင်ရေးမယ်ဆိုရင်လည်း ရေးလောက်ပါတယ်လေ။ ကျွန်တော့်ဘလော့ဂ်မှာ တင်ပေးတဲ့ပို့စ်အများစုကလည်း နိုင်ငံရေးနဲ့သက်ဆိုင်တာတွေ၊ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို တစ်နည်းမဟုတ်တစ်နည်းနဲ့ နှီးနွယ်နေတာတွေ ဖြစ်နေတာကိုး။ အဲဒီအတွက် အချို့ကဆိုရင် ကျွန်တော့်ရဲ့ မြန်မာ့သွေးဘလော့ဂ်ကို နိုင်ငံရေးဘလော့ဂ်လို့တောင် ခေါင်းစဉ်တပ်လိုက်ကြသေးတယ်။ မကြာခဏပြောခဲ့ဖူးသလိုပါပဲ၊ ကိုယ်မြင်တဲ့အပေါ်မှာ ကိုယ်ကြိုက်သလို ခေါင်းစဉ်တပ်နိုင်ပါတယ်လို့။ ဒါပေမယ့် သေချာပေါက်ပြောနိုင်တာကတော့ ရေးနေတဲ့ကျွန်တော်ကိုယ်တိုင်က ဒီဘလော့ဂ်ကို နိုင်ငံရေးဘလော့ဂ်ဖြစ်အောင် လုပ်နေတာမဟုတ်ပါဘူး။ ထို့အတူ မည်သည့်ခေါင်းစဉ်တစ်ခုတည်း အောက်ကိုမှလည်း မရောက်စေချင်ပါဘူး။ အပေါ်ဆုံးမှာ ကျွန်တော်ရေးထားသလို စာဖတ်သမားတစ်ဦးရဲ့ မှတ်စုသက်သက်သာ ဖြစ်ပါတယ်။ စာဖတ်တာကို ဘိန်းစွဲသလိုစွဲ၊ အလုပ်တစ်ခုလို သဘောထားပြီး လုပ်နေတဲ့ ကျွန်တော့်အတွက် စာဖတ်များလာတဲ့အခါ ကိုယ်တိုင်လည်း ပြောပြချင်တာတွေ၊ ဝေမျှချင်တာတွေ ရှိလာတဲ့အတွက် အဲဒီအတွေးတွေ၊ စကားလုံးတွေကို စာနဲ့ရေးပြီး ပြန်ဝေမျှပါတယ်။

ကျွန်တော်နိုင်ငံရေးသမားမဟုတ်
ကျွန်တော်နိုင်ငံရေးသမား မဟုတ်ပါဘူး။ ကျရာတာဝန်ထမ်းရတဲ့ နိုင်ငံ့ဝန်ထမ်းတစ်ဦးသာ ဖြစ်ပါတယ်။ ထို့အတွက် ဘယ်ပါတီကိုကြိုက်တယ်၊ ဘယ်သူ့ကို မကြိုက်ဘူးတွေက ကျွန်တော့်အတွက် သိပ်အရေးမကြီးလှပါ။ ဘယ်သူ့ကိုမှလည်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိပါ။ ထိုသို့ရှိရန်လည်း ကျွန်တော့်အတွက် မလိုအပ်ပါ။ ကျွန်တော့်အားပေးအပ်ထားသည့် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရန်သည် ကျွန်တော်၏ ပင်မအလုပ်ဖြစ်ပါသည်။ ကျွန်တော့်တွင် သင့်တော်သော အလုပ်ရှိပါသည်၊ သူလိုငါလို လူတန်းစေ့နေနိုင်သည့် လစာရရှိနေပါသည်။ ထို့အတွက် နိုင်ငံရေးဆိုတာ ဘာ၊ နိုင်ငံရေးသမားဆိုတာ ဘယ်လို စသည်ဖြင့် စကားလုံး ကြီးကြီးကျယ်ကျယ်တွေ ပြောဆိုနေရန် မလိုအပ်ပါ။ သို့သော် နိုင်ငံရေးကို ကျွန်တော်စိတ်ဝင်စားပါသည်။ နိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံ့အရေးကို စိတ်ဝင်စားခြင်းသည် အပြစ်တစ်ခုမဟုတ်သလို၊ အပိုလုပ်ခြင်းဟုလည်း ကျွန်တော်က မခံယူပါ။ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်နေခြင်းဖြစ်သည်ဟုသာ သဘောထားပါသည်။

ပစ္စုပ္ပန်ကို တည့်တည့်ရှု
ခင်မင်ရင်းနှီးသူအချို့က မကြာခဏဆိုသလိုမေးတတ်သော မေးခွန်းတစ်ခုရှိပါသည်။ "ဘယ်ပါတီကို သဘောကျသလဲ၊ ဘယ်သူက နိုင်ငံ့ခေါင်းဆောင် ဖြစ်လာမယ်ထင်သလဲ" ဆိုသည့်မေးခွန်းပင်။ ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်းပဲ ပြောလိုက်ပါသည်။ "ကျွန်တော်မသိဘူး" ဟူ၍ပင်။ အမှန်တကယ်လည်း ကျွန်တော်မသိသေးပါ။ မရှိသေးသည့်၊ ဖြစ်မလာသေးသည့်အရာတစ်ခုကို ရွေးခိုင်းနေခြင်းသည် မိုက်မဲရာကျသည်ဟု ကျွန်တော်က မြင်ပါသည်။ ၂၀၁၀ မှာ ဘယ်ပါတီတွေ ၀င်ရောက်ယှဉ်ပြိုင်မည်လဲဆိုသည်ကို ဘယ်သူမှ ရေရေရာရာမသိသေး။ ထို့အတူ ဘယ်သူက သမ္မတအရွေးခံမှာလဲ၊ ဘယ်သူက လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမှာလဲဆိုတာလည်း အဝေးကြီးရှိသေးသည်။ ကြိုတင်တွေးတောခြင်း၊ ပြင်ဆင်ခြင်းသည် ကောင်းသည်ဆိုငြားသော်လည်း လက်ရှိပစ္စုပ္ပန်ကို လျစ်လျူရှု၍ အနာဂတ်ကို မျှော်တွေးနေခြင်းကတော့ မကောင်းဟု မြင်မိသည်။

ဘာနဲ့ဆုံးဖြတ်မှာလဲ
ပြောတတ်ကြသေးသည်။ "ကျွန်တော်တို့ကတော့ ဘယ်သူပဲတက်တက် စိတ်မ၀င်စားပါဘူး။ အဓိက,က နိုင်ငံကိုကောင်းအောင် ဦးဆောင်ဦးရွက် လုပ်ပေးနိုင်မယ့်လူ၊ ပြည်သူလူထုကို ပြည့်စုံချောင်လည်အောင် လုပ်ပေးနိုင်မယ့် အစိုးရတက်လာရင် ပြီးတာပါပဲ" ဟု ပြောတတ်ကြသေးသည်။ ပညာမဲ့စကားဟု ကျွန်တော်က အတိအလင်း ဆိုချင်သည်။ မကြိုက်လျှင်လည်း မတတ်နိုင်။ (ဒီခေတ်က ပညာခေတ်ဆိုတာကိုတော့ လူတိုင်းက ပြောတတ်ကြသည်) နိုင်ငံကိုကောင်းအောင် လုပ်ပေးနိုင်-မနိုင်၊ ကိုယ်ရွေးချယ်ပေးလိုက်သော ကိုယ်စားလှယ်များသည် အရည်အချင်းရှိ-မရှိကို ဘာပေတံနှင့် တိုင်းတာကြမည်နည်း။ မဲဆွယ်စဉ်ကာလက အပြောကောင်းတာကို သဘောကျပြီး အဲဒီလူတော့ ကောင်းနိုင်ကောင်းရဲ့ဆိုပြီး မဲထည့်ကြမှာ ဘယ်လောက်ရှိကြဦးမည်မသိ။ ကိုယ်ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်က ဖိုးသင်းမျောက်လုပ်ပြကာမှ ငါတို့မှားသွားပြီဆိုပြီး နောင်တတွေရနေကြဦးမည်။ ပြောချင်သည်က ကိုယ်တွေကိုယ်တိုင်က နိုင်ငံရေးကို မလုပ်နိုင်သည့်တိုင်၊ နိုင်ငံရေးရဲ့ သဘောသဘာဝတွေ၊ နိုင်ငံရေးရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ နိုင်ငံရေးရဲ့ လှည့်ကွက်တွေကို သိနားလည်ထားဖို့ လိုသည်။ သို့မှသာ ကိုယ်တွေကိုယ်စား လုပ်မည့်သူတွေကို မျက်စိမှိတ်ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် ရွေးချယ်ပေးနိုင်မည်။ သူတို့တွေ ဘာတွေလုပ်နိုင်သည်၊ ဘာတွေလုပ်နေသည်ကို အကဲဖြတ်ဆန်းစစ်နိုင်မည်။

လူတိုင်းပြောတဲ့ ၂၀၁၀
သူငယ်ချင်းတစ်ယောက်က မကျေမနပ်နှင့် ပေါက်ကွဲပြသည်။ "ငါတို့မြန်မာတွေကလည်း ဘာတွေလဲကွာ၊ ဆိုက္ကားသမားကလည်း ၂၀၁၀၊ မြင်းလှည်းမောင်းတဲ့ကောင်ကလည်း ၂၀၁၀၊ တက္ကစီသမားကလည်း ၂၀၁၀၊ ရေခဲရေရောင်းတဲ့ကောင်ကလည်း ၂၀၁၀၊ စတိုးဆိုင်ဖွင့်ထားတဲ့သူကလည်း ၂၀၁၀၊ လ္ဘက်ရည်ဆိုင်ထိုင်ရင်လည်း ၂၀၁၀၊ ဘီယာဆိုင်ကျတော့လည်း ၂၀၁၀၊ ဘယ်နေရာပဲဖြစ်ဖြစ် ၂၀၁၀ ကို မိုးမွှန်နေတာပဲ" တဲ့။ သူပြောတာကို ကျွန်တော်သဘောကျမိသည်၊ ထို့အတူ သဘောလည်းမကျ။ ရှုပ်ထွေးမသွားပါနှင့်။ သဘောကျသည်က လူတိုင်းလူတိုင်း နိုင်ငံရေးကို စိတ်ဝင်စားလာတာ၊ လူသားပီပီသသ မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်လိုက်တာကို ဖြစ်ပါသည်။ သဘောမကျသည်ကတော့ "၂၀၁၀ ကို ဘာဖြစ်လို့ မျှော်တာလဲ" ဟု မေးလိုက်တိုင်း ရေရေရာရာမရှိဘဲ "အပြောင်းအလဲဖြစ်မှာလေ" "အစိုးရအသစ်တက်မှာမို့" စသည့် မရေမရာ ဆန်ဖွပ်၊ သန်းတုပ်၊ ဗိုင်းငင်စကားများကိုသာ ကြားရသည်။ "ဖွဲ့စည်းပုံအခြေခံဥပဒေ" ဆိုတာကို ကြားဖူးရုံသာရှိသည်။ အဲဒီစာအုပ်ကိုဖတ်ဖူးသလားဆိုတော့လည်း "တစ်အုပ်လုံးတော့ မဖတ်ဖူးပါဘူး၊ ရပ်ကွက်ထဲမှာ တစ်အိမ်တစ်ယောက် မတက်မနေရတက်ပြီး ရှင်းပြတုန်းကတော့ နားထောင်ဖူးပါတယ်" ဆိုတဲ့လူတွေက ဒုနဲ့ဒေး။ ဖွဲ့စည်းပုံအခြေခံဥပဒေက ခင်ဗျားတို့မျှော်နေတဲ့ ၂၀၁၀ အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲဆိုတာ သိသလားဆိုတော့လည်း မျက်လုံလေးကလည်ကလည်နှင့် ဘာဖြေရမှန်းမသိ။ ကဲ... မြင်တဲ့အတိုင်းပါပဲ။ လူတွေက ၂၀၁၀ အကြောင်းကို နေရာတိုင်းမှာ ပြောကြတယ်၊ ကြုံတဲ့လူတိုင်းနဲ့ ဆွေးနွေးကြတယ်။ ဒါပေမယ့် ၂၀၁၀ အကြောင်းကိုတော့ လူတိုင်းမသိကြဘူး။

နိုင်ငံရေးစာပေ
မကြာသေးသော အချိန်တစ်ခုအထိ ကျွန်တော်တို့ပြည်တွင်းတွင် နိုင်ငံရေးဆိုသော စကားလုံးသည် မတို့ကောင်း၊ မထိကောင်း၊ မစားကောင်း၊ မနမ်းကောင်းသော ပန်းတစ်ပွင့် (၀ါ) အသီးတစ်လုံး ဖြစ်ခဲ့သည်။ သို့သော် ယခုလုံးဝကို ပြောင်းလဲသွားပြီ။ နိုင်ငံရေးဆိုသော စကားလုံးကို ကြိုက်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် ပြောနိုင်ဆိုနိုင်ပြီ၊ ဆွေးနွေးနိုင်ပြီ။ ကြိုက်တဲ့စာအုပ်၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းထက်မှာ နိုင်ငံရေးနှင့် ပတ်သက်သမျှကို ဖတ်နိုင်နေပြီ။ ဘာကြောင့်ဒါကို ပြောရသလဲဆိုတော့ အကြောင်းရှိသည်။ တစ်ချိန်တုန်းက နိုင်ငံရေးဆိုသော စကားလုံးကို ပိတ်ပင်ထားခဲ့စဉ်က ခါးခါးသီးသီး ထောက်ပြဝေဖန်ခဲ့ကြသော အနောက်မျှော်အတိုက်အခံတို့အနေဖြင့် ယခုလို လွတ်လပ်ခွင့်ရလာတော့ နှာစေးနေကြတာကို မြင်ပြင်းကတ်၍၊ စက်ဆုပ်၍ဖြစ်သည်။ ဆိုးတာကို ဝေဖန်လျှင် ကောင်းတာကိုလည်း ချီးကျူးရမည်။ ဒါမှသာ တရားမျှတမည်။ တရားမျှတမှုမရှိပါဘူးဟု တွင်တွင်အော်နေသူတွေကိုယ်တိုင်က တရားမျှတပါရဲ့လားဟု ပြန်မေးလျှင် ကျွန်တော့်ကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပုတ်ခတ်ကြဦးမည်။ ဝေဖန်ကြဦးမည်။ ပြည်တွင်းမှာ နိုင်ငံရေးစာပေတွေ လွတ်လွတ်လပ်လပ် ပြောခွင့်မရခဲ့စဉ်က လက်မထောင်၍ ရေးချင်ရာရေးခဲ့၊ ပြောချင်ရာပြောခဲ့ကြသော ပြည်ပအခြေစိုက် မီဒီယာများ၊ အင်တာနက်စာမျက်နှာများ အနေဖြင့် ယခုလို ပြည်တွင်း၌ အထိုက်အလျောက် လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် ပြုနေသည့်အချိန်တွင် ၀င်ရေးကြဖို့ကောင်းသည်။ ဒါမှလည်း ပြည်သူလူထုက ဝေဖန်ဆန်းစစ်နိုင်မည်။ လက်ရှိအစိုးရမကောင်းကြောင်းသာရေးတတ်ပြီး လက်ခုပ်သံမြှူခဲ့သော သူတို့အနေဖြင့် တကယ်တမ်း နိုင်ငံရေးကို စိတ်ဝင်စားလျှင်၊ တကယ်ပဲ နိုင်ငံကို တိုးတက်စေချင်လျှင်၊ တကယ်ပဲ နိုင်ငံတည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လိုလျှင် မိမိတို့၏ အသိအမြင်များ၊ အယူအဆများကို စာဖတ်သူ (ပြည်သူလူထု)ထံတွင် ချပြကြဖို့ကောင်းသည်၊ အသိတွေပေးကြဖို့ကောင်းသည်၊ ဦးနှောက်တွေကို ဆွကြဖို့ကောင်းသည်။ ယခုတော့ ထိုသို့မဟုတ်ပြီ။ ပြည်တွင်းမှ ရေးနေကြသည့် ပညာရှင်များ၊ စာရေးသူများကို လက်ရှိအစိုးရအလိုကျ ရေးနေသယောင်၊ အခွင့်အရေးတစ်ခုအတွက် လမ်းခင်းနေသယောင်ယောင် ပြောဆိုဝေဖန်ကြတာတွေကို မြင်နေ၊ ကြားနေ၊ ဖတ်နေရသည်။ သူတို့ကိုလည်း ပြန်မေးလိုက်ချင်သည်။ သူတို့တွေ လက်ရှိအစိုးရကို မကောင်းပြောနေ၊ လက်ရှိအစိုးရပြုလုပ်ပေးမည့် ရွေးကောက်ပွဲကို ဆန့်ကျင်နေကြတာကရော ဘယ်သူ့အလိုကျပြောနေ၊ ရေးနေကြတာလဲ။ ဘာအခွင့်အရေးတွေရလို့ အဲဒီလို ပြောနေရေးနေကြတာလဲ။

၂၀၁၀ ကိုဇောင်းပေးပြီး ပို့စ်တွေ ဘာကြောင့်တင်ပေးနေသလဲ
စိတ်မှန်းဖြင့်မဟုတ်ဘဲ တကယ်လက်တွေ့ကြုံရတော့မည့် နိုင်ငံရေးရုပ်လုံးကို အနီးစပ်ဆုံး ပုံဖော်ကြည့်နိုင်ရန်၊ မည်သည့်အစိတ်အပိုင်းကို မည်သို့ထုဆစ်ရမလဲဆိုတာ ကိုယ်တိုင်လုပ်ချင်လုပ်၊ ဒါမှမဟုတ် ကိုယ်စားလုပ်မည့်သူကို လမ်းညွှန်တည့်မတ် အကြံဉာဏ်ပေးနိုင်ရန်၊ ထုချင်သလိုထု ဖြစ်ချင်သလိုဖြစ်လာသော အရုပ်မဟုတ်ဘဲ မိမိလိုချင်သော ပုံစံနှင့် ထပ်တူနီးပါးတူညီသည့် ရုပ်လုံးတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ဘာတွေလိုအပ်မည်၊ ဘာတွေဆောင်ရမည်၊ ဘာတွေရှောင်ရမည်၊ ဘာတွေသတိထားရမည်ကို သိထားစေချင်သော စိတ်တစ်ခုတည်းကြောင့် ကျွန်တော်ဖတ်မိသမျှကို လက်ဆင့်ကမ်းဝေငှပေးနေခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။ နိုင်ငံရေးနှင့် ပတ်သက်ပြီး ကိုယ်တိုင်မသိ၊ မတွေးနိုင်လျှင်တောင်မှ အခြားသိနားလည်သူတွေ ရေးထားသည်များကို ဖတ်သင့်၊ တွေးသင့်၊ ချိန်ဆဝေဖန်သင့်သည်ဟူသော အယူအဆက ကျွန်တော်၏ ယုံကြည်ချက်တစ်ခု ဖြစ်နေပါသည်ခင်ဗျား။

ရွှင်လန်းချမ်းမြေ့ကြပါစေ
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂ ရက်၊ အင်္ဂါနေ့။
နေ့လည် ၂ နာရီ ၁၆ မိနစ်တွင်ပြီး၏။

Farmers' Day 2010


day2010.png

တောင်သူလယ်သမားနေ့ .... မှသည် - ကျော်ဆန်းမင်း


မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မီကတည်းကစ၍ နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍ အမှီပြု၍ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်ပေရာ ခေတ်အဆက်ဆက် အစိုးရများနှင့် နိုင်ငံရေးသမားတို့အတွက် အရေးပါသော လူတန်းစားတစ်ရပ် ဖြစ်နေသည်။

သမိုင်းနောက်ခံ
ပဒေသရာဇ်ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားတို့၏ အသက်မွေးမှုမှာ ကြီးမားသည့် အပြောင်းအလဲမရှိဘဲ တည်ငြိမ်အေးချမ်းခဲ့သော်လည်း အောက်မြန်မာနိုင်ငံကို နယ်ချဲ့တို့ စစ်နှစ်ကြိမ်ပြု သိမ်းပိုက်ပြီးသောအခါတွင် တောင်သူလယ်သမားတို့ဘ၀မှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာသည်။

၁၈၆၉ ခုနှစ်တွင် ဆူးဆက်တူးမြောင်း ဖွင့်လှစ်နိုင်ခဲ့သဖြင့် အရှေ့နှင့်အနောက် ဆက်ဆံရေးမှာ ပိုမိုပွင့်လင်း လွယ်ကူလာသည်။ ယင်းကြောင့် ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည့် အောက်မြန်မာနိုင်ငံမှ ဆန်စပါးကို ပြည်ပတင်ပို့ရန် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ အထက်မြန်မာနိုင်ငံမှ တောင်သူလယ်သမားများ အောက်မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်။

ဆန်စပါးစိုက်ပျိုးမှုအခြေအနေ ကောင်းလာသောအခါတွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံ မြေခွန်တော်လက်စွဲနှင့် မြေနှင့် အခွန်တော်ဥပဒေကို ပြဋ္ဌာန်းကာ ကုန်သည်များအကျိုးကို ဆောင်ရွက်ခဲ့သည်။ ၁၈၈၆ ခုနှစ် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်တွင် ယင်းဥပဒေကိုပင် ဆက်လက်ပြဋ္ဌာန်းခဲ့သည်။

လယ်ယာလုပ်ငန်း တိုးတက်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ မြေများကို
(၁) ဂရန်မြေ (အပိုင်စာချုပ်မြေ)
(၂) အငှားစာချုပ်မြေ
(၃) ယာယီလုပ်ခွင့်ရမြေ
(၄) မြေနုကျွန်းမြေ
(၅) နယ်သစ်ဖွင့်ဒေသမြေ
ဟူ၍ ခွဲခြားသတ်မှတ်ပေးခဲ့သည်။

ယင်းကြောင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ အဆမတန် များပြားလာပြီး မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ လယ်ယာသစ်များ ဖော်ထုတ်လုပ်ကိုင်လာကြသည်။

ယင်းကြောင့် အင်္ဂလိပ်အရင်းရှင်တို့၏ စီးပွားရေး ဖွံ့ဖြိုးလာသော်လည်း ဒေသခံတောင်သူလယ်သမားများဖြစ်သည့် မြန်မာကျေးလက်နေ လူတန်းစားများ၏ ဘ၀မှာ လုပ်ငန်းမကျွမ်းကျင်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက်ဆုံးတွင် လယ်မြေများ ချစ်တီးတို့ထံ ပေးအပ်ခဲ့ရသည်။

၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမားအများစုမှာ လယ်ယာမဲ့ဘ၀သို့ ရောက်ရှိသွားကြရာမှ ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။

ယင်းအရေးတော်ပုံကို ဆရာစံက “သုပဏကဂဠုန်ရာဇာ” ဘွဲ့ခံယူကာ သာယာဝတီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို ခေါင်းဆောင်ခဲ့သည်။

အင်္ဂလိပ်တို့က ယင်းအရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမား အရေးတော်ပုံ ရပ်နားသွားသော်လည်း ယင်းအရေးတော်ပုံကြောင့် မြန်မာနိုင်ငံသားများစိတ်တွင် တော်လှန်ရေးစိတ်ဓာတ်များ နိုးကြားလာခဲ့သည်။

နယ်ချဲ့လက်အောက်တွင် တောင်သူလယ်သမားတို့၏ ဘ၀မှာ အောက်ကျနောက်ကျဖြင့် နေထိုင်ခဲ့ရသည်။

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရကာ ဖဆပလအစိုးရက အုပ်ချုပ်ခဲ့သည်။

လွတ်လပ်ရေးရလျှင်ရချင်း ၁၉၄၈ ခုနှစ်တွင်ပင် ဖ.ဆ.ပ.လ အစိုးရက လယ်ယာအလုပ်သမား အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေနှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေတို့ကို ပြဋ္ဌာန်းပေးကာ လယ်သမားတို့၏ ဘ၀ကို မြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ထူးခြားတိုးတက်မှု မရှိခဲ့ပေ။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ ရယူခဲ့သည့်နောက်ပိုင်း တောင်သူလယ်သမားဘ၀ မြင့်မားစေရေးဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၆၃ ခုနှစ် မတ်လတွင် သီးစားချထားရေးဥပဒေ၊ သီးစားချထားရေးနည်းဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း လက်တွေ့အောင်မြင်မှုမရှိ၍ ၁၉၆၅ ခုနှစ်တွင် ၁၉၆၃ သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ၁၉၆၅ သီးစားချထားရေးဥပဒေကို ထပ်မံထုတ်ပြန်ပေးခဲ့ပြီး တစ်ဧက ချေးငွေနှုန်းထားကိုလည်း ရှစ်ဆအထိ တိုးမြှင့်ပေးခဲ့သည်။ သို့သော် အခြားမူဝါဒအမှားများကြောင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခဲ့ပြီး တာဝန်ကျေစပါး ထုတ်လုပ်သည့်အဆင့် ရောက်ရှိခဲ့သည်။

ပေါ်ပေါက်လာပုံ
တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တော်လှန်ရေးကောင်စီ၏ ၀ါဒသဘောထားကို ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ထိုဝါဒသဘောထား ကြေညာချက်တွင် တောင်သူလယ်သမား၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံဘ၀မှ လွတ်မြောက်စေရန် ရည်ရွယ်၍ ဆိုရှယ်လစ်လောကသစ်ကို တောင်သူလယ်သမား၊ အလုပ်သမားတို့အင်အားဖြင့် တည်ဆောက်မည်ဟု ပါရှိသည်။

ယင်းရည်ရွယ်ချက်ဖြင့် လယ်ယာလုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ပေးခြင်း၊ မြေရှင်စနစ်ဖျက်သိမ်းပေးခြင်း စသဖြင့် လုပ်ဆောင်ပေးခဲ့သည်။

တစ်ဖန် တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားများကို ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစ၍ နှစ်စဉ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ကြသော်လည်း ၁၉၆၄ တွင် ကျင်းပသော တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက ဇန်န၀ါရီလမှာ တောင်သူလယ်သမားများ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် တောင်သူလယ်သမားနေ့ကို တော်လှန်ရေးကောင်စီ စတင်အာဏာရယူသည့် မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပသင့်ကြောင်း တင်ပြရာမှ ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

မတ်လ ၂ ရက်နေ့ရောက်လျှင် တောင်သူလယ်သမားနေ့ အခမ်းအနားကို အစိုးရက ဦးဆောင်၍ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပလေ့ရှိခဲ့သည်။

ဆရာစံကိုယ်ရေးအကျဉ်း
ငယ်နာမည်-မောင်စံရှား
အမည်ရင်းနှင့်ဘွဲ့-ဆရာစံ၊ သုပဏ္ဍကဂဠုနရာဇာ
(ယင်းဘွဲ့အမည် ခံယူကာ အလံတောင်တွင် ဗုဒ္ဓရာဇာမြို့နန်းတည်၍ ဘုရင်အဖြစ်ခံယူပြီး တောင်သူလယ်သမား အရေးတော်ပုံကို ဦးဆောင်)
မိဘအမည်-ဦးကျေး၊ ဒေါ်ဖက်
မွေးရာဇာတိ-စစ်ကိုင်းတိုင်း၊ ဒီပဲရင်းမြို့နယ်၊ သရက်ကန်အရှေ့ရွာ။
ညီအစ်ကိုမောင်နှမ-ငါးဦး
အသက်မွေးလုပ်ငန်း-ဆေးဆရာ၊ ဗေဒင်ဆရာ၊ ကျမ်းပြု
(လက္ခဏုဇုကျမ်းနှင့် ၀ိဇ္ဇာသိပ္ပံအင်္ဂုတ္တရကျမ်း)
ဝံသာနုလုပ်ငန်း-ဓမ္မရက္ခိတအသင်းနှင့် သီရိဥတ္တမ အသင်းများဖွဲ့ခြင်း၊ မော်လမြိုင်ခရိုင် ဂျီစီဘီအေဥက္ကဋ္ဌ
တော်လှန်ရေးလုပ်ငန်း-၁၉၃၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် တောင်သူလယ်သမားထုကို ခေါင်းဆောင်၍ တောင်သူလယ်သမား အရေးတော်ပုံကို ဆင်နွှဲခဲ့သည်။
-ဆရာစံကို အင်္ဂလိပ်အစိုးရက ဖမ်းမိ၍ အင်္ဂလိပ်ဘုရင်ခံအား တော်လှန်ပုန်ကန်မှုဖြင့် အမှုဖွင့်စစ်ဆေးကာ ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သေဒဏ်ပေးခဲ့သည်။

The Voice Weekly ဂျာနယ်
အတွဲ (၆) အမှတ် (၁၇)
Monday, March 1-7, 2010
စာမျက်နှာ - အချပ်ပို(a)

Monday, March 01, 2010

“ကျက်ပါရစေ” တဲ့ - အောင်သင်း


ငွေကြေးရှိန်ဝါပြည့်စုံသော ကျောင်းသူလေးတစ်ယောက်ကို ကျွန်တော် စာသင်ပေးရန် ဖြစ်လာပါသည်။ ထိုမိန်းကလေးသည် ယဉ်ကျေးရည်မွန်ပြီး ဉာဏ်လည်း ထိုက်သင့်သလောက် သွက်လက်ကြောင်းကိုလည်း တွေ့ရပါသည်။ ကျွန်တော့်ထံတွင် သင်ယူလိုသည်က စာစီစာကုံးပင်ဖြစ်သည်။ မြန်မာစာနှင့် ပတ်သက်သော အခြားပြဋ္ဌာန်းစာများအတွက် မလိုတော့။ သူ့မှာ ကျက်မှတ်စရာ မှတ်စုတွေ ဘာတွေကို အခြား (ဆရာတစ်ယောက်ယောက်) ထံမှ ရရှိပြီးဖြစ်သည်။ စာစီစာကုံးကို ကောင်းကောင်းမရေးတတ်၍ ကျွန်တော်က သင်ပေးရမည်ဖြစ်သည်။

ပထမဆုံး သူပြောလိုက်သော စကားက ကျွန်တော့်ကို အံ့အားသင့်သွားစေသည်။

"သမီး စာစီစာကုံးကောင်းကောင်း ရေးတတ်ချင်ပါတယ်ဆရာ။ သူများတွေလို ဖတ်လို့ကောင်းအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့မရေးတတ်ဘူး။ ကျက်ရမှတ်ရမယ့် ကဗျာတို့ဘာတို့လည်း ပေးပါ။ ကျွန်မ ကျက်ပါ့မယ်"

သူ့ကိုကြည့်ရသည်မှာ ဘာမဆို အာဂုံကျက်ပစ်လိုက်တာမျိုး ဖြစ်ပုံရသည်။ ငယ်ငယ်ကလည်း ဆရာပေးလိုက်သော မှတ်စုကို "သည်" "၏" မလွဲ ပြန်ရေးပေးလိုက်လျှင် အမှတ်ပြည့်ရသည်ဟူသော အသိကြီးက ရိုးစွဲသားစွဲ ဖြစ်နေပုံရသည်။ စဉ်းစားဉာဏ်ကို အားကိုးရကောင်းမှန်း မသိတော့ဘဲ မှတ်ဉာဏ်ကိုသာ အားကိုးလာခဲ့ပုံရနေသည်။

သူ့ကိုကြည့်နေရင်း လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်လောက်က တက္ကသိုလ်ကျောင်းသူလေး ချိုချိုကို သွားပြီးသတိရနေမိသည်။ မော်လမြိုင်ကောလိပ်တွင် ဖြစ်ပါသည်။ ဥပစာဒုတိယနှစ် မြန်မာစာလေ့ကျင့်ခန်းတွင် အရေးခိုင်းထားသည်က ညနေဆည်းဆာ ရှုခင်းသာ။ ကျွန်တော်က နည်းပြဆရာဆိုတော့ နည်းပြတန်းကို ၀င်ရသည်ပေါ့။ ချိုချိုရေးထားလိုက်သည်က ကျေးလက်ညနေခင်း နွားရိုင်းသွင်းချိန်အလှ၊ နွားကျောင်းသားကလေးတွေကလည်း နွားကျောပေါ်မှာ တငြိမ့်ငြိမ့်စီးရင်း ပလွေတကျူကျူမှုတ်လိုက်လို့ ကျေးရွာသူကလေးများကလည်း သနပ်ခါးပိန်းကျားလိမ်းပြီး မြစ်ဆိပ်ကို ရေခပ်ဆင်းကြလို့၊ ဤသို့အားဖြင့် လွမ်းမောကြည်နူးဖွယ်ရာ ရေးဖွဲ့ထားပါသည်။ သို့နှင့် ကျွန်တော်က သူ့ကို...

"ချိုချို နင်က ဘယ်ဒေသမှာ နေသလဲ"

"မောင်ငံရပ်ထဲမှာပါ ဆရာ"

"တောရွာတွေ ဘာတွေမှာ နေဖူးသေးသလား"

"မနေဖူးပါဘူးဆရာ"

"အလည်ကော ရောက်ဖူးသလား"

"မရောက်ဖူးပါဘူးဆရာ"

"နွားကျောင်းသားလေးတွေ နွားစီးပြီး ပလွေမှုတ်လာတာကိုကော မြင်ဖူးသလား"

သူကရယ်လျက်
"ဟင့်အင်း... မမြင်ဖူးဘူးဆရာ"

"တောသူကလေးတွေ သနပ်ခါးပိန်းကျားနဲ့ ရေခပ်ဆင်းတာကိုရော မြင်ဖူးသလား"

"ဟင့်အင်း မမြင်ဖူးဘူးဆရာ"

"ဟဲ့ ချိုချိုရဲ့ ဒါဖြင့် နင့်စာစီစာကုံးထဲမှာ နင်ကိုယ်တိုင် ကြုံဖူးတာဆိုလို့ ဘာတစ်ခုမှ မပါပါလား"

"စာစီစာကုံးစာအုပ်တွေထဲမှာ ပါတာတွေကိုဖတ်ပြီး အဲဒီအတိုင်း ရေးလိုက်တာပဲ ဆရာ"

"ချိုချို နင့်အသက် ဘယ်လောက်ရှိပြီလဲ"

"ဆယ့်ရှစ်နှစ်"

"နင့်တစ်သက်မှာ ညနေခင်းတွေ မရေတွက်နိုင်လောက်အောင် ကြုံခဲ့ပြီးပြီ။ ကြည်နူးစရာ ညနေခင်းတွေကိုလည်း ကြုံခဲ့လှပြီ။ တက္ကသိုလ်ကျောင်းသူ တစ်ယောက်လုပ်နေပြီး ကိုယ်တကယ်ကြုံခဲ့ရဖူးတဲ့ ညနေခင်းလေးတစ်ခုအကြောင်းကိုတောင် ဖြောင့်အောင်ရေးမပြတတ်ဘဲ သူများညနေခင်းကို ကူးရေးနေရတယ်ဆိုတော့ ကြားလို့မှ မကောင်းတော့ပါဘူးဟယ်။ နင်တို့တစ်တွေရဲ့ စာစီစာကုံးတွေကို စစ်ဆေးအမှတ်ပေးနေရတာ ငါဖြင့် တကယ်ကို ငြီးငွေ့မိတယ်။ ဖတ်ကြည့်လိုက်ရင် နင်တို့နဲ့ကို မတွေ့ရတော့ဘဲ စာစီစာကုံးစာအုပ်တွေကိုချည်း တွေ့နေရတော့တာပဲ။ ဘယ့်နှယ်ဗျာ ဆောင်းတွင်းချမ်းတာတောင်မှ ကိုယ့်ဘာသာကိုယ် မချမ်းတတ်ကြတော့ဘူး။ ထို့ကြောင့် လက်ဝဲသုန္ဒရ ဘယ်လိုရေးလိုက်တယ်။ ဦးရွှန်းက မည်သို့ဖွဲ့လိုက်တယ်" နဲ့ ရှေးစာဆိုတွေကိုခေါ်ပြီး ချမ်းနေရတယ်။ ကိုယ့်ဘာသာကိုယ် မချမ်းတတ်ကြတော့ဘူး။ ပြောလိုက်တော့ တက္ကသိုလ်ကျောင်းသား၊ ဆောင်းတွင်းချမ်းတာတောင် ကိုယ့်ဘာသာမချမ်းတတ်လို့ လူငှားပြီး ချမ်းနေရတယ်ဆိုတော့ ပြောတောင် မပြောချင်တော့ဘူး"

ကျွန်တော် ထိုကဲ့သို့ မောင်းမဲပြောဆိုခဲ့ဖူးပါသည်။ နောင်အခါ စာစီစာကုံးခေါင်းစဉ်ကို ကျွန်တော်ပေးနိုင်ခွင့် ရှိသည့်အခါ ရောက်လာတော့ လမ်းဘေးရေအိုင် တို့၊ သစ်ငုတ်တိုတစ်ခု တို့၊ အကျွန်ချစ်သော သစ်တစ်ပင် တို့၊ ဆိုတာမျိုးတွေကို ပေးပစ်လိုက်သည်။ မှတ်ကရော။ ကိုယ့်ဘာသာ ရေးကြပေရော့။

ကျိုးကြောင်းပြစာစီစာကုံးတွေ ပေးပြန်တော့လည်း ဖန်တစ်ရောတေနေသည့် အချိန်၏တန်ဖိုး၊ လသာခိုက်ဗိုင်းငင် ဆိုတာမျိုးတွေကို မပေး။ ကိုယ့်တွေ့သင်ခန်းစာတစ်ခု၊ စာဖတ်ရတာ ပျင်းလှပြီ၊ ကျွန်တော်အကြိုက်ဆုံးသရုပ်ဆောင် ဆိုတာမျိုးတွေ ပေးပစ်လိုက်သည်။ သည်တော့ ဘယ်စာစီစာကုံး စာအုပ်ကိုမျှ အားကိုးလို့မရတော့ပြီ။ ကိုယ့်စိတ်ကူးကိုပဲ အားကိုးရတော့သည်။ ပထမတော့ ခေါင်းစဉ်ကို သင်ပုန်းပေါ် ရေးပြလိုက်သည်နှင့် ဟာခနဲ ဟင်ခနဲ ဖြစ်သွားကြသည်။ "ဘာရေးရမှာလဲ" "ဘယ်လိုရေးရမှာလဲ" စသည်ဖြင့် ညည်းလိုက်ညူလိုက်ကြသေးသည်။ နောက်တော့ မရေးလို့ကလည်း မဖြစ်လေတော့ တတ်စွမ်းသမျှ ကြိုးစားပြီး ရေးကြရတော့သည်။

ဤသို့အားဖြင့် တက္ကသိုလ်ကျောင်းသားတွေကို ကိုယ်ပိုင်ဉာဏ်ကျင့်သုံးရလာအောင် ကျွန်တော်လုပ်ခဲ့ဖူးသည်ကို ပြန်လည်သတိရနေမိသည်။ ယခု ကျွန်တော့်ရှေ့တွင် စာစီစာကုံး "ကျက်ပါရစေ" ဆိုသော ကလေးမတစ်ယောက် ထိုင်နေပြန်ပါသည်။

Youth မဂ္ဂဇင်း
အတွဲ (၅) အမှတ် (၃)
မတ်လ၊ ၂၀၁၀
စာမျက်နှာ - ၁၄၃ မှ ၁၄၆

ရွေးကောက်ပွဲ အထိုင်ရွှေ့ရုံမဟုတ် ဆုံချက်ကျဉ်းကျဉ်းနှင့် တင်းကျပ်သူ သတိထား - မောင်စူးစမ်း


ပိုနေမြဲ ကျားနေမြဲရွှေ့
"ရွေးကောက်ပွဲ မရှိတာထက်စာလျှင် ရှိတာက ပိုကောင်းသည်" ဟူ၍ သံတမန်အသိုင်းအ၀ိုင်း၏ ပြောသံကို ကြားလိုက်ရသည်။ ဤမှတ်ချက်၏ ယုတ္တိကို "ပိုနေမြဲ ကျားနေမြဲ" "Status Quo" ကို အထိုင်ရွှေ့ခြင်းသဘောဖြင့် နားလည်မိသည်။ အပြောင်းအလဲတွင် နှစ်မျိုးရှိသည်။ ရေရှည် သို့မဟုတ် အခြေခံကျကျ ပြောင်းလဲခြင်းနှင့် အထိုင်ပြောင်းလဲသွားခြင်းတို့ ဟူ၍ ဖြစ်သည်။ အချိန်ကြာမြင့်စွာ ဖြစ်တည်နေသော အရာတစ်ခုကို ဆက်ထိန်းထားလျှင် ငြီးငွေ့စရာ ကောင်းသွား၍ ငြီးငွေ့စရာကောင်းသော အခြေအနေ (ပိုနေမြဲ ကျားနေမြဲ)ကို တစ်စုံတစ်ခုကြောင့် အထိုင်ပြောင်းစေလျှင်ပင် တိုးတက်မှုတစ်ရပ်အဖြစ် ပြန်ဆိုလေ့ရှိကြသည်။ ဤအဓိပ္ပါယ်ဖြင့် ရွေးကောက်ပွဲမရှိတာထက်စာလျှင် ရှိတာကောင်းသည်ဟု ပြောကြပုံရသည်။

"ပိုနေမြဲ ကျားနေမြဲ" အခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းကြသည်။ အချို့ပညာရှင်တို့က To Disrupt Status Quo ဆိုသောစကားကို သုံးနှုန်းသည်။ ပိုနေမြဲကျားနေမြဲ အနေအထားကို ပွဲဖျက်သည့်သဘောဖြင့် သုံးသည်။ စာရေးသူအမြင်၌ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ပိုနေမြဲ ကျားနေမြဲ အနေအထားကို အထိုင်ပြောင်းလဲစေရုံမျှမက အသွင်းကူးပြောင်းမှု ပုံသဏ္ဌာန်နှစ်ခု၊ သုံးခုကိုလည်း ရောထွေးပေါ်ပေါက်စေလိမ့်မည်ဟု ထင်သည်။ Multiple Transitions ဟု ခေါ်သည်။ ဤသို့ဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ အရေးပါ အရာရောက်မှုကို တွက်ဆကြည့်သည်။

ထိပ်အောက်မှ သဘောတူစနစ်သို့
ရွေးကောက်ပွဲပြီးလျှင် လက်ရှိအစိုးရသည် ပိုနေမြဲကျားနေမြဲ ဖြစ်တော့မည်မဟုတ်ပေ။ စက်ယန္တရားစကားနှင့်ပြောလျှင် အထိုင်ပြောင်းသွားရမည်။ အထိုင်ပြောင်းသွားရုံမျှမက အခြေခံကျသော အသွင်ကူးပြောင်းမှုတို့လည်း ပေါ်လာမည်။ လက်ရှိပိုနေမြဲ ကျားနေမြဲစနစ်၌ စီမံအုပ်ချုပ်မှုစနစ် (System of Government) သည် အမိန့်နှင့် ကွပ်ကဲမှုပုံသဏ္ဌာန် (Command and Control) ပုံသဏ္ဌာန်ဖြစ်သည်။ တစ်နည်းပြောလျှင် ထိပ်အောက်ဆင့်ကဲမှု Top-down Hierarchy ဖြစ်သည်။

ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ပြီးလျှင် လွှတ်တော်တွေ ပေါ်လာမည်။ ဆုံးဖြတ်ချက်နှင့် ပေါ်လစီတို့ကို လွှတ်တော်အသီးသီးတွင်တင်ပြ၍ သဘောတူညီချက် ယူရမည်။ သို့ဖြင့် စီမံအုပ်ချုပ်ပုံစနစ်သည် ထိပ်အောက်ဆင့်ကဲပုံသဏ္ဌာန် (၀ါ) အမိန့်နှင့် ကွပ်ကဲမှုပုံသဏ္ဌာန်မှ သဘောတူညီချက်ဖြင့် အုပ်ချုပ်သောပုံစံ Consensus Building သို့ ပြောင်းလဲသွားမည်။ ပေါ်လစီနှင့် ဆုံးဖြတ်ချက်များချပုံတို့ ပြောင်းလဲသွားမည်ဖြစ်သဖြင့် လာမည့်ရွေးကောက်ပွဲသည် ပိုနေမြဲကျားနေမြဲ အနေအထားအထိုင် ပြောင်းသွားရုံမဟုတ်ဘဲ စနစ်နှင့် ယန္တရားတို့ကိုပါ အပြောင်းအလဲ ဖြစ်စေမည်။

ဤနေရာ၌ ပညာရှင်တို့အဖို့ လေ့လာသုံးသပ်စရာ တစ်ခုပေါ်မည်။ အုပ်ချုပ်မှုစနစ်ကောင်းနှင့် ပေါ်မည့်စနစ်သစ်တို့ကြား စွမ်းရည်ထက်မြက်သူ Efficiency ကို နှိုင်းယှဉ်ကြည့်ရန် ဖြစ်သည်။ ပေါ်ပေါက်မည့် ဒီမိုကရေစီသည် အနောက်တိုင်းပုံသဏ္ဌာန် လစ်ဘရယ်ဒီမိုကရေစီ မဟုတ်ဘဲ စစ်တပ်ပဲ့ကိုင်ဒီမိုကရေစီ (Guided Democracy) ဖြစ်မည်။

တင်းကျပ်ပြီး ဆုံချက်ကျဉ်း
ထို့ကြောင့် ရွေးကောက်ပွဲမှ ရွေးထုတ်မည့် ဒီမိုကရေစီသည် စစ်အစိုးရစနစ်မှ အရပ်သားအစိုးရစနစ် အကူးအပြောင်းမဟုတ်။ စစ်အစိုးရစနစ်မှ စစ်ဘက်စပွန်ဆာပြုသော ဒီမိုကရေစီသို့ အကူးအပြောင်းဖြစ်မည်။ တစ်နည်းပြောလျှင် နိုင်ငံရေးခွင်သစ်ဖြစ်သည်။ ပါရာဒိုင်းအသစ် ဖြစ်မည်။ ထို့ကြောင့် ပါရာဒိုင်းအသစ်တွင် အတိတ်သမိုင်းသည် ဘယ်လောက် အရေးပါအရာရောက်သနည်း။ အခြားနိုင်ငံတို့၏ ခေတ်ပြိုင်အတွေ့အကြုံတို့သည် ဘယ်လောက်တန်ဖိုးရှိပါသနည်းဟု မေးခွန်းတွေ ပေါ်လာသည်။

ထို့အပြင် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီး ပေါ်နိုင်သော မမျှော်လင့်သည့် ပြဿနာတို့ကို ကာယကံရှင်တို့သည် ကျဉ်းကျဉ်းမြောင်းမြောင်းဆုံချက် (Narrow Focus)ဖြင့် မကြည့်ရန် တင်းတင်းကျပ်ကျပ် Rigidly မကြည့်ရန် အထူးလိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးသည် အထူးသိမ်မွေ့သောကြောင့် ဖြစ်သည်။ ရွေးကောက်ပွဲကို ချောချောမွေ့မွေ့ ငြိမ်းငြိမ်းချမ်းချမ်းနှင့် အောင်မြင်စွာ ကျင်းပပြီးစီးသွားရေးအတွက် ကာယကံရှင်တို့ အမြော်အမြင်ကြီးကြရန် လိုသည်။ ပျော့ပျောင်းမှုလိုသည်။ ဤကိစ္စအတွက် လူထု၌ သိပ်ပြီးတာဝန်မရှိဟု ပြောရမည်။

ယခင်လက်ဝဲစကားနှင့်ပြောရလျှင် ရွေးကောက်ပွဲ ချောချောမောမော အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးသည် ကတ္တားပိုင်း (ခေါင်းဆောင်မှု)၌ အဓိကတာဝန်ရှိသည်။ ကမ္မပိုင်း (လူထု)၌ သိပ်ပြီး တာဝန်မရှိပေ။

နိုင်ငံရေးကျိန်စာ
မြန်မာ့ခေတ်ပြိုင်သမိုင်းကို ဒဿနအမြင်နှင့်ကြည့်လျှင် သမိုင်းသည် အပြတ်အတောက်များသည်။ Discontinuous History ဟု ပြောရမည်။ အပြတ်အတောက်များသဖြင့် သမိုင်းကို တစ်ဖြတ်စီ တစ်ဖြတ်စီသာ ကြည့်ရမည်။ သမိုင်းဖြစ်စဉ် တစ်ခုလုံးကိုခြုံပြီး သမိုင်းအစဉ်အလာကို ရှာဖွေခြင်းမျိုးသည် မဆီလျော်နိုင်ပေ။ သမိုင်းတစ်ခုလုံး၏ အမွေအနှစ်ကို တစ်ဦးတည်း၊ တစ်ဖွဲ့တည်းက ထိန်းသိမ်းစောင့်ရှောက်သည် ဟူ၍လည်း မဖြစ်နိုင်ပေ။ ခေတ်အလိုက် အခြေအနေ၊ ခေတ်အလိုက် အနက်အဓိပ္ပါယ် ရှေ့နောက်အဆက်အစပ် Contect တို့ဖြင့်သာ နားလည်အပ်သည်။

ဤနေရာ၌ အရှေ့တိုင်းစဉ်းစားနည်း တစ်နည်းကို ထောက်ပြလာသည်။ ဤနည်းမှာ ပြဿနာထိပ်တိုက် ခေါင်းချင်းဆိုင်ခွေ့၍ ဖြေရှင်းရန်မကြိုးစားဘဲ ပြဿနာ၏ ပတ်ဝန်းကျင်နှင့် အဆက်အစပ် Contect အပေါ် သြဇာညောင်းအောင်ပြုပြီး ဖြေရှင်းသောနည်း ဖြစ်သည်။ စာရေးသူပြောလိုသည်မှာ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတို့ကို ခေါင်းအေးအေးထား၍ စဉ်းစားသုံးသပ်ကြရန် ဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ ပတ်ဝန်းကျင်နှင့် ရှေ့နောက်အဆက်အစပ်တို့အပေါ် အဓိကစူးစိုက်ကြရန် ဖြစ်သည်။ ကျဉ်းမြောင်းစွာ အာရုံစူးစိုက်မှုနှင့် အလျှော့အတင်းထား၊ မထား တင်းတင်းကျပ်ကျပ် ရှုမြင်မှု Narrow Focus and Rigidity တို့ကို ရှောင်ရှားရန်ဖြစ်သည်။ မည်သည့်အရာ၌မဆို နိုင်ငံရေးကျိန်စာ (The Curse of Politics) ရှိနေသည်ကို သတိချပ်အပ်သည်။ ဘာကိုပဲ စဉ်းစားစဉ်းစား နိုင်ငံရေးရှုထောင့်မှလည်း စဉ်းစားရန်လိုပြီ။

ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၅) အမှတ် (၂၂)

မောင်စူးစမ်း
ရွေးကောက်ပွဲနိုင်ငံရေး
စာမျက်နှာ-၆၅ မှ ၇၃ ထိ

စိတ်အားဖြည့် ဓမ္မပဒ


ဓမ္မပဒဂါထာ (၉)
အနိက္ကသာဝေါ ကာသာဝံ၊ ယော ၀တ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝမရဟတိ။

ဖန်ရည်စွန်းသူ ဖန်ရည်ဝတ် မ၀တ်ရ
စိတ်အစဉ်မှာ
ရာဂ, ဒေါသ စတဲ့
ကိလေသာဖန်ရည်
စွန်းထင်းနေတဲ့သူ၊
မျက်စိ, နား, နှာ,
လျှာ, ကိုယ်, စိတ်
ဣနြေ္ဒခြောက်ပါးကို
ယဉ်ကျေးအောင်
မဆုံးမတဲ့သူ၊
စကားကို
မှန်မှန်ကန်ကန်
မပြောဆိုတဲ့သူဟာ
ဖန်ရည်စွန်းတဲ့
အ၀တ်(သင်္ကန်း)ကို
လုံးဝ မ၀တ်ရုံ
မသုံးစွဲထိုက်ပါဘူး။

ဓမ္မပဒဂါထာ (၁၀)
ယော စ ၀န္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝမရဟတိ။

ဖန်ရည်ဝတ်နှင့် ထိုက်တန်သူ
ရာဂ, ဒေါသ စတဲ့
ကိလေသာဖန်ရည်အားလုံးကို
ထွေးအန်စွန့်ပစ်ပြီးတဲ့သူ
စိတ်အစဉ်မှာ
ကိလေသာဖန်ရည်
မစွန်းထင်းတဲ့သူ၊
သီလသိက္ခာ
ကောင်းစွာတည်တဲ့သူ
သီလရှိတဲ့သူ၊
မျက်စိ, နား, နှာ,
လျှာ, ကိုယ်, စိတ်
ဣနြေ္ဒခြောက်ပါးကို
ယဉ်ကျေးအောင် ဆုံးမတဲ့သူ၊
စကားကို မှန်မှန်ကန်ကန်
ပြောဆိုတဲ့သူဟာ
ဖန်ရည်စွန်းတဲ့
အ၀တ်(သင်္ကန်း)နဲ့
တကယ့်ကို ထိုက်တန်ပါတယ်။

(အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့်ဓမ္မပဒ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

ဗြိတိသျှခေတ် (၆)


၁၂၉၈ ခုနှစ်နှင့် ၁၃၀၀ ပြည့်နှစ်များတွင် တက္ကသိုလ်ကျောင်းသားများသည် ပညာရေးစနစ်၏ ချွတ်ယွင်းချက်များကို အကြောင်းပြ၍ သပိတ်မှောက်ခဲ့ကြလေသည်။ ကျောင်းမှထွက်လျှင် အစိုးရကျွန်ခံရန် လမ်းပေါက်တစ်ခုသာပွင့်စေ၍ အဖက်ဖက်တွင် ပညာသင်ကြားလိုသူများ သင်ခွင့်မရနိုင်အောင် စရိတ်ကြီးလေးစေသဖြင့် ကျွန်ပညာဟုသမုတ်ကာ ကျောင်းသားများ မကျေမနပ် ဖြစ်နေခဲ့သည်မှာ ကြာရှည်ခဲ့ပေပြီ။ ကျောင်းသားသည် ပညာသင်ရုံနှင့် မပြီးသေးဘဲ မိမိအမျိုးသား လွတ်မြောက်ရေးအတွက်ပါ တာဝန်ရှိလာသည်ဟုလည်း ခံယူလာခဲ့ကြလေသည်။ ထို့ကြောင့် ပုသိမ်မြို့ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးတွင် ကျောင်းသားများ နိုင်ငံရေးကို ၀င်သင့်သည်ဟု ဆုံးဖြတ်ခဲ့ကြလေသည်။ ကျောင်းသားများသည် ရေနံမြေသပိတ်ကို ထောက်ခံလေသည်။ ကျောင်းသားခေါင်းဆောင်များ အဖမ်းခံရရာမှ သပိတ်မှောက်၍ ရန်ကုန်မြို့ အတွင်းဝန်ရုံးကို ၀ိုင်းဝန်းဆန္ဒပြကြရာတွင် ကျောင်းသားများသည် လုံးဝအကြမ်းဖက်မှုကို မသုံးစေကာမူ နိုင်ငံရေးသမားတို့က ပယောဂစွက်၍ မြင်းစီးပုလိပ်တို့အား လိမ္မော်သီး၊ ခဲတို့ဖြင့် ပစ်ခတ်လေသည်။ နိုင်ငံရေးသမားတို့၏ တိုက်ကွက်မှာ တစ်နည်းနည်းနှင့်ဆူပူ၍ လက်ရှိအစိုးရအဖွဲ့ ဖျက်သိမ်းလျှင် မိမိတို့က အစိုးရဖွဲ့နိုင်ရန်သာလျှင် မျှော်မှန်းထားကြပေသည်။ ထို့ကြောင့် မြင်းစီးပုလိပ်တို့က တုတ်နှင့်ရိုက်၍ လူစုခွဲရာ ကျောင်းသား ဗိုလ်အောင်ကျော် ကျဆုံး၍ ကျောင်းသူကျောင်းသားများ ဒဏ်ရာရရှိခဲ့လေသည်။

ထိုနှစ်ဆန်းပိုင်းအတွင်းကလည်း မော်လ၀ီနှင့် ယောဂီစာတမ်းကို အကြောင်းပြု၍ ကုလားမြန်မာ အဓိကရုဏ်း ဖြစ်ခဲ့လေရာ အင်္ဂလိပ်တို့က အဓိကရုဏ်း နှိမ်နင်းသလိုနှင့် မြန်မာများအား ပစ်ခတ်သတ်ဖြတ်ခြင်း ပြုခဲ့လေသေးသည်။ မြန်မာ ၅၂ ယောက် သေဆုံး၍ အများအပြား ဒဏ်ရာရရှိခဲ့လေသည်။ တိုးတက်လာသော တို့ဗမာအစည်းအရုံး (သခင်ပါတီ)သည် အကြောင်းရင်းမှန်သော ရေနံမြေအလုပ်သမားနှင့် ကျောင်းသားများဘက်မှ ရပ်တည်ကာ အားပေးကူညီကြလေသည်။ ရန်ကုန်မြို့တွင် ဖြစ်ပျက်သော ကျောင်းသားအရေးအတွက် မန္တလေးမြို့တွင် လယ်သမား၊ အလုပ်သမား၊ ကျောင်းသားတို့ အစည်းအဝေးကျင်းပ၍ စီတန်းလမ်းလျှောက်ကြရာ အင်္ဂလိပ်အစိုးရက သေနတ်နှင့်ပစ်ခတ်၍ ရဟန်း ၇ ပါးနှင့် လူ ၁၀ ဦးတို့ ကျဆုံးခဲ့ရလေသည်။ တစ်ပြည်လုံးသည် မျိုးချစ်စိတ် မီးဟုန်းဟုန်းတောက်၍ နေလေတော့သည်။ ကျောင်းသားအချို့လည်း တို့ဗမာအစည်းအရုံးသို့ဝင်ကာ နိုင်ငံရေးကို ခြေစုံပစ်ဝင်၍ ဆောင်ရွက်ကြလေတော့သည်။

ဒေါက်တာဘမော် အစိုးရအဖွဲ့လည်း အခြေမလှသဖြင့် နုတ်ထွက်လိုက်ရပြီး ဦးပု အစိုးရ ဆက်ခံပြန်လေသည်။ ထို့နောက်တွင်ကား ဦးစောအစိုးရ တက်လာပြန်လေသည်။ ထိုအစိုးရများသည် အင်္ဂလိပ်အစိုးရ၏ ၉၁ ဌာန အုပ်ချုပ်ရေး ယန္တရားကိုသာ မောင်းနှင်ရလေသည်။ ဦးစောအစိုးရ လက်ထက်တွင် အုပ်ချုပ်ရေးဌာနများတွင် မြန်မာစာ အသုံးပြုရေး၊ တက္ကသိုလ်တွင် မြန်မာဘာသာ သင်ကြားရေး၊ မူလတန်း မသင်မနေရ ပညာရေးတို့ကို စိုင်းပြင်းလျက်ရှိလေသည်။ လူဝင်လူထွက် ဥပဒေဖြင့် အိန္ဒိယတိုင်းသားများ ၀င်လာမှုကို တားဆီး၍ ဘုန်းတော်ကြီးကျောင်းများအတွက် သစ်များထုတ်၍ ပေးလေသည်။ အုပ်ချုပ်ရေးဘောင်အတွင်းမှ ရနိုင်သမျှကို ဆောင်ရွက်ပေးသော်လည်း လွတ်လပ်ရေးအတွက် အားသစ်ပျိုး၍နေသော သခင်လူငယ်များကိုမူ အားမပေး၊ မထောက်ခံနိုင်ရုံသာမက ဂဠုန်တပ်ဖြင့် အမျိုးမျိုး နှိမ်နင်းခဲ့လေည်။ နိုင်ငံအတွက် မိမိ လုပ်ဆောင်မှသာရမည်ဟူသော အမြင်နှင့် တစ်ကိုယ်တော်ဝါဒကို ထားရှိခဲ့သည်မှာ မဟာအမှားပင် ဖြစ်လေသည်။

မြန်မာတို့၏ လွတ်လပ်ရေးဆန္ဒကား ပြင်းထန်နေလေသည်။ တို့ဗမာအစည်းအရုံးသည် အင်အားကြီးပါတီများနှင့် အင်္ဂလိပ်အစိုးရတို့၏ ဖိနှိပ်မှုအကြားမှ ရုန်းကန်၍ ရည်တည်ရလေသည်။ အကြောင်းရင်းမှန်သောကြောင့် သခင်ကိုယ်တော်မှိုင်း စသော ပုဂ္ဂိုလ်ကြီးများမှအစ ပညာတတ် တက္ကသိုလ်ကျောင်းသားများ မျိုးချစ်စိတ်ထက်သန်၍ ကိုယ်ကျိုးရှာပါတီများကို ရွံ့မုန်းနေသူများ၊ သမာသမတ်ရှိသူများသည် တို့ဗမာအစည်းအရုံးသို့ ၀င်လာကြလေသည်။ တို့ဗမာအစည်းအရုံး၏ အင်အားမှာ တိုးတက်၍သာ လာလေသည်။ အရေအတွက်သာမက စိတ်ဓာတ်မှာလည်း ပြင်းထန်လာလေသည်။ တက်ကြွသော စွန့်စားရဲသူ၊ အနစ်နာခံရဲသူတို့၏ စုဝေးရာအဖွဲ့ ဖြစ်လာလေရာ အင်္ဂလိပ်အစိုးရသည် တို့ဗမာအစည်းအရုံးကို အကြောက်ရွံ့ဆုံး ဖြစ်လာလေသည်။ တို့ဗမာအစည်းအရုံးသည် လွှတ်တော်တွင် အမတ် ၃ ဦးသာ အရွေးခံရ၍ ထိုအမတ်များသည်လည်း လစာမယူကြချေ။ ပြည်သူတို့မှာ ပါတီနိုင်ငံရေးတွင်လည်းကောင်း၊ လူမှုပုဂ္ဂိုလ် နိုင်ငံရေးတွင်လည်းကောင်း နစ်မျောနေခဲ့ကြ၍ အသစ်အဆန်းဖြစ်သော လူငယ်သခင်များကို အထင်မကြီးမိခဲ့ကြပေ။ သို့ရာတွင် ၉၁ ဌာန ရွေးကောက်ပွဲ၏ နောက်ပိုင်းတွင်ကား သခင်များကို ယုံကြည်အားကိုး လာခဲ့ကြလေသည်။ အကယ်၍သာ ဒုတိယကမ္ဘာစစ်မဖြစ်၍ ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့သော် သခင်တို့အင်အားမှာ အကြီးအကျယ် များပြားလာဖွယ်ရှိပေသည်။

၁၃၀၁ ခုနှစ်တွင် အင်္ဂလိပ်တို့သည် နာဇီဂျာမဏီကို စစ်ကြေညာခြင်းဖြင့် ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလျက်ရှိလေသည်။ ထိုအချိန်တွင် တို့ဗမာအစည်းအရုံးသည် လွတ်လပ်ရေးကို တောင်းယူ၍မရ၊ တိုက်ယူမှ ရတော့မည်ဟု သဘောထားခဲ့ပြီးဖြစ်လေရာ "အင်္ဂလိပ်အခက် ဗမာ့အချက်" ဟူသော ကြွေးကြော်သံဖြင့် လျှို့ဝှက်လှုပ်ရှားရုံသာမက လှုံ့ဆော်ခြင်း၊ ဟောပြောခြင်းများလည်း ပြုလုပ်လေသည်။ လက်နက်အကူအညီ ရရေးအတွက် အင်္ဂလိပ်နှင့်ဆန့်ကျင်သော နိုင်ငံသံရုံးများနှင့် လျှို့ဝှက်ဆက်သွယ်ကြလေသည်။ အင်္ဂလိပ်အစိုးရကလည်း လက်လှမ်းမီသမျှ သခင်များကို ထောင်ထဲသို့ ပို့လျက်ရှိလေသည်။

ထိုအချိန်၌ တို့ဗမာအစည်းအရုံးသည် ဂိုဏ်းဂဏပါတီမရွေး လွတ်လပ်ရေးကို မြတ်နိုးလိုလားသူတိုင်း ပါဝင်နိုင်သည့် ဗမာ့ထွက်ရပ်ဂိုဏ်းကို ထူထောင်ခဲ့ကြပြီး၍ အထွေထွေ အတွင်းရေးမှူးအဖြစ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌမှ တို့ဗမာအစည်းအရုံးသို့ ၀င်လာသူ သခင်အောင်ဆန်းအား တာဝန်ပေးလေသည်။ သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးလည်း ဖြစ်လေသည်။ သခင်အောင်ဆန်းသည် ၁၃၀၂ ခုနှစ်တွင် ဇလွန်ညီလာခံမှအပြန် ဒေါင့်ကြီးရွာတွင် တရားဟောပြောရာ ဟင်္သာတ ရာဇ၀တ်ဝန်က ဖမ်းဆီးရန် ၀ရမ်းထုတ်သဖြင့် ရန်ကုန်သို့ ရှောင်တိမ်းလာခဲ့ပြီးနောက် မြန်မာ့လွတ်လပ်ရေးအတွက် ဆောင်ရွက်ရန်ကိစ္စများ အရေးမပြီးမီ အဖမ်းခံရပါက လုပ်ငန်းများ ထစ်ငေါ့မျက်ခြေပြတ်မည် စိုးသဖြင့် မြေလျှိုးလိုက်ရလေသည်။ ထို့နောက်တွင် နိုင်ငံခြားအကူအညီ ရရှိရေးအတွက် နော်ဝေပြည်ပိုင် ဟိုင်လီသင်္ဘောဖြင့် ပြည်ပသို့ ထွက်ခွါသွားခဲ့လေသည်။

သခင်အောင်ဆန်းသည် တရုတ်ပြည် အမွိုင်မြို့တွင် သောင်တင်နေပြီးမှ ဂျပန်နှင့် အဆက်ရ၍ အရပ်ရပ်စီစဉ်ပြီးနောက် မြန်မာနိုင်ငံသို့ လျှို့ဝှက်ပြန်လာကာ လူငယ်ရဲဘော် သုံးဆယ်ခန့်ကို စစ်ရေးလေ့ကျင့်ပေးရန် နိုင်ငံခြားသို့ ပို့ထုတ်ရေးအတွက် မြန်မာနိုင်ငံရှိ ရဲဘော်များနှင့် တိုင်ပင်စီစဉ်လေသည်။ ထိုနည်းဖြင့် ရဲဘော်သုံးကျိပ်မျှ ဟိုင်နန်ကျွန်းတွင် ဂျပန်ထံမှ စစ်ပညာ သင်ကြားနေလေသည်။

************************
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ကြောင်း ရှေ့ပိုင်းပို့စ်များတွင် ဖော်ပြထားသော်လည်း မကြာခဏဆိုသလို မေးမြန်းတတ်ကြသဖြင့် နောင်တင်ပေးသည့် ပို့စ်တိုင်းတွင် စာရေးသူအမည်နှင့် စာအုပ်အမည်ကို ဖော်ပြပေးသွားပါမည်။ ဗြိတိသျှခေတ်အကြောင်းက ဤနေရာတွင် ပြီးဆုံးသွားပြီဖြစ်ပါသည်။ နောက်ထပ် ခေတ် (၅)ခေတ် အကြောင်းပြီးလျှင် မြန်မာရာဇ၀င်အကျဉ်း ပြီးဆုံးတော့မည် ဖြစ်ပါသည်။ မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာ့ရာဇ၀င်ကို အကျဉ်းမျှဖြစ်စေ သိရှိခွင့်ရခြင်း၊ သိရှိထားခြင်းငှာ မဖြစ်မနေ လိုအပ်သည်ဟု ထင်မြင်ယူဆသည့်အတွက် ကန့်ကွက်မှုအမျိုးမျိုးကြားမှ ဤစာအုပ်ကို မပြီးပြီးအောင် တင်ပေးလိုခြင်းဖြစ်ပါသည်။ ယခုချက်ချင်း စိတ်ဝင်စားချင်မှ ၀င်စားပါလိမ့်မည်၊ အသုံးဝင်ချင်မှ ၀င်ပါလိမ့်မည်။ သို့သော် တကယ်တမ်း မြန်မာအကြောင်းသိလိုသည့်အချိန်၊ သိလိုသူများအတွက်မူ အဖိုးတန်လိမ့်မည်ဟု ယုံကြည်ပါသည်။ မြန်မာရာဇ၀င်အကျဉ်းသည် အချစ်ဝတ္ထုတစ်ပုဒ်လောက် စိတ်ဝင်စားဖွယ်ရာ ကောင်းချင်မှ ကောင်းပါလိမ့်မည်။ သို့သော် မြန်မာလူမျိုးတစ်ဦးအနေဖြင့်တော့ တစ်ခေါက်ဖြစ်စေ ဖတ်ဖူး၊ သိဖူးဖြစ်သင့်သည်ဟုတော့ ယုံကြည်နေမိပါသည်။

(ကိုဉာဏ်)

အပေါ်ထပ်အဆောက်အဦအသစ်၊ ကုန်လုပ်ဆက်ဆံရေးအသစ် - အောင်ထွဋ်


ဈေးကွက်စီးပွားရေးစနစ်တွင် နိုင်ငံတော်များ၏ အခန်းကဏ္ဍဆိုသည်မှာ ကုန်လုပ်စွမ်းအားစုများကို ထိုက်သင့်သောဈေးနှုန်းဖြင့် ရှောရှောရှူရှူ ရယူသုံးစွဲနိုင်စေရန် နည်းအမျိုးမျိုးဖြင့် ပါဝင်ကူညီခြင်းကို ဆိုလိုပေသည်။ ထိုသို့ ကူညီခြင်းဖြင့် နိုင်ငံတော်များဘက်မှ ရရှိနိုင်သော အကျိုးကျေးဇူးမှာ Surplus Extraction ဟု ပြောရမည့် အခွန်အကောက်ပုံစံဖြင့် အမြတ်အစွန်းထုတ်ယူခွင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးပုံသဏ္ဌာန်သည် ၁၉၈၉ ခုနှစ်မှစ၍ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသော်လည်း အဓိကကုန်လုပ်စွမ်းအားစု အများစုကို အစိုးရက ထောက်ပံ့နေခဲ့သည်ကို တွေ့ခဲ့ရသည်။ ယခုအခါ အဆိုပါ အစိတ်အပိုင်းများကို ပုဂ္ဂလိကလုပ်ပိုင်ခွင့်များပေးခြင်း၊ ပုဂ္ဂလိကများသို့ လွှဲပြောင်းရောင်းချခြင်းများ ပြုလုပ်နေခဲ့ရာ ကုန်လုပ်စွမ်းအားစုများ ရှောရှောရှူရှူ စရိတ်စကမကြီးဘဲ ရယူသုံးစွဲခွင့်ကို ပြဋ္ဌာန်းသူအဖြစ် ပြောင်းလဲရပ်တည်ရန် ပြင်ဆင်သည့်သဘော ဖြစ်ပေသည်။ ဤနေရာတွင် စရိတ်စကမကြီးဘဲဆိုသော စကားလုံးမှာ အရေးကြီးပါသည်။ ကုန်လုပ်စွမ်းအားစုများကို ရယူသုံးစွဲခွင့် ဈေးကြီးသည်ဆိုသောအချက်ကို အောက်ပါဥပမာတွင် မြင်နိုင်ပါသည်။

နယ်မြို့လေးတစ်မြို့မှ ဒီဇယ်ဆီ မှောင်ခိုရောင်းချသူတစ်ဦးသည် ထိုလုပ်ငန်း တရားဝင်လုပ်ကိုင်ခွင့်ရှိပြီဟု ကောလာဟလသဖွယ် သိရှိရသောကြောင့် "ပန့်ဆိုင်" ထောင်၍ တရားဝင် တခမ်းတနားရောင်းချရန် အကြံရသည်။ လောင်စာဆီရောင်းချသော ဆိုင်သစ်ဖွင့်ခွင့်ရှိ၊ မရှိ မည်သို့ လျှောက်ထားရသည် စသည်များကို မသိရသောကြောင့် တလည်လည်ဖြစ်နေသည်။ လူပေါင်းများစွာ၊ စားပွဲပေါင်းများစွာ၊ အဆင့်ပေါင်းများစွာ၊ ကုန်ကျစရိတ်များစွာ ဖြတ်သန်းပြီးနောက် ထိုသို့ဖွင့်လှစ်ရန်  အသင့်ဖြစ်သွားသည်။

အထက်ဖော်ပြထားသော ဥပမာတွင်ပါရှိသည့် ကုန်ကျစရိတ်များသည် နိုင်ငံရေးဘောဂဗေဒတွင် Transaction Cost ဟု ခေါ်ပါသည်။ ထိုစရိတ်စကများအားလုံးသည် လက်လီဝယ်ယူသူများထံတွင် သွားပေါင်းခြင်းဖြစ်ပေသည်။ ထိုသို့မဟုတ်ပါက ထိုပန့်ဆိုင်ပိုင်ရှင်၏ အမြတ်အစွန်း မြတ်စွန်းခွင့်တွင် မလိုအပ်ဘဲ ဖဲ့ပေးလိုက်ရသည့် အပိုင်းဖြစ်သည်။

နိုင်ငံတော်များသည် ကုန်လုပ်စွမ်းအားစုများကို မထောက်ပံ့တော့ဘူးဟုဆိုလျှင် လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီဖြစ်ရာ အဓိကတာဝန်နှစ်ရပ်သာ ကျန်ပါတော့သည်။

၁။ ပိုင်ဆိုင်ခွင့်နှင့် အမြတ်အစွန်းရယူခွင့်၊ ထုတ်ယူခွင့်မက်လုံး (Property Rights)
၂။ မလိုအပ်သော စရိတ်စကများလျှော့ချပေးခြင်း (Transaction Cost) (စရိတ်စကများစွာ ကုန်ကျပြီးမှ လုပ်ကိုင်ရန် အဆင်ပြေခြင်းသည် မဆန်းပြားချေ၊ စရိတ်စကမကုန်ဘဲ လုပ်ကိုင်ရန် အဆင်ပြေအောင် စီစဉ်ပေးနိုင်ခြင်းသည်သာ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ်၏ Efficiency ဖြစ်သည်။)

အဆိုပါ ကုန်လုပ်စွမ်းအားစုများ ရယူသုံးစွဲခွင့်စီစဉ်ပေးသူ နိုင်ငံတော်နှင့် ရယူသုံးစွဲသူဈေးကွက်တို့၏ ဆက်ဆံရေးသည် "ကုန်လုပ်ဆက်ဆံရေး" ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေးစနစ်ဖြစ်သည်။ တစ်နည်းအားဖြင့် အစိုးရက မည်မျှလုပ်ကိုင်ခွင့်ပြု၍ မည်သို့ အမြတ်အစွန်းထုတ်ယူသည် ဆိုသောအချက် ဖြစ်ပေသည်။ နိုင်ငံရေးစနစ် သို့မဟုတ် အပေါ်ထပ်အဆောက်အဦဆိုသည်မှာ ထိုသို့သော စီးပွားရေးပုံသဏ္ဌာန် အကောင်အထည်ဖော်နိုင်ရန် ဖွဲ့စည်းတည်ဆောက်လုပ်ကိုင်သော စီမံခန့်ခွဲမှုစနစ်ဖြစ်သည်။ ဆိုလိုသည်မှာ ကုန်လုပ်ဆက်ဆံရေး ပုံသဏ္ဌာန်ကြောင့် အပေါ်ထပ် အဆောက်အဦပုံစံ ဤသို့ ဖြစ်သည်ဆိုသော သဘောဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုအခါ ပုဂ္ဂလိကပိုင်ပြုခြင်း လုပ်ငန်းခွင် အရှိန်အဟုန်ရလာသည်နှင့်အမျှ ကုန်လုပ်ဆက်ဆံရေး ပုံသဏ္ဌာန် ပြောင်းလဲသွားတော့မည်ဖြစ်သည်။ ကုန်လုပ်ဆက်ဆံရေးတွင် ဈေးကွက်အင်အားစုများ အားကြီးလာသည်ကို မြင်တွေ့ရတော့မည်ဖြစ်သည်။ ဈေးကွက်အင်အားစုများ အားကြီးလာသောအခါ State နှင့် ဈေးကွက်တို့၏ ကုန်လုပ်ဆက်ဆံရေးပုံသဏ္ဌာန် ဆက်လက်ပြောင်းလဲသွားဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေသည် ကုန်လုပ်ဆက်ဆံရေးရော အပေါ်ထပ် အဆောက်အဦပါ တစ်ပြိုင်နက်ပြောင်းနေခြင်း ဖြစ်ပါသည်။ ယခုတစ်ကြိမ် အပေါ်ထပ်အဆောက်အဦ ပြောင်းခြင်းသည် အသစ်ဖြစ်ပေါ်လာနေသော ကုန်လုပ်ဆက်ဆံရေးနှင့် တိုက်ရိုက်မပတ်သက်ပေ။ အသစ်ဖြစ်ပေါ်လာနေသော ကုန်လုပ်ဆက်ဆံရေးများ၏ အပေါ်ထပ်အဆောက်အဦအပေါ် အကျိုးသက်ရောက်မှုကို အသစ်ထပ်မံမြင်တွေ့ရလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။

The Voice ဂျာနယ်
အတွဲ (၆) အမှတ် (၁၇)
March 1-7, 2010
စာမျက်နှာ-၁၄

နိုင်ငံရေးစေတနာ သဒ္ဓါတရား


ပြည်သူ့ရေးရာ မူဝါဒနယ်ပယ်တွင် Public Policy ဆိုသော စကားလုံးကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့နေရသော ပြဿနာများနှင့် ပတ်သက်၍ အစိုးရက အဆင်ပြေအောင် ဆောင်ရွက်ပေးသော Solution အဖြေဟု အဓိပ္ပါယ်ကောက်ယူပါသည်။

နိုင်ငံအသီးသီးသည် ၎င်းတို့၏ ရေခံမြေခံ၊ ချမ်းသာကြွယ်ဝမှု စသည့် အခြေအနေအရပ်ရပ်ကိုလိုက်၍ ပြည်သူလူထုထံတွင်လည်း အခက်အခဲ အနည်းအများ အတက်အကျ ဖြစ်ပေါ်လေ့ရှိပါသည်။ များသောအားဖြင့် ဆင်းရဲသောနိုင်ငံများတွင် အခက်အခဲများလည်း များပြားလှသည်ဖြစ်ရာ အစိုးရများက ဦးစားပေးအစီအစဉ်များချမှတ်၍ ပြည်သူ့ရေးရာမူဝါဒများ ချမှတ်ပေးရလေ့ရှိပါသည်။

မြန်မာနိုင်ငံသည် LDC စာရင်းဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်သူလူထုအများစုသည် ၀င်ငွေနည်းချို့တဲ့ကြပါသည်။ အခက်အခဲများလည်း တစ်နာရီလုပ်ခလစာမှ လျှပ်စစ်မီးအဆုံး အမျိုးမျိုး ရှိကြပါလိမ့်မည်။ သို့သော် ယခုအခါ မြန်မာနိုင်ငံသည် ဈေးကွက် (Market)ကို နိုင်ငံ၏ အဓိကစီးပွားရေးအင်ဂျင်အဖြစ် နိုင်ငံတော်ဗဟိုပြု စီးပွားရေးပုံသဏ္ဌာန်မှ ဈေးကွက်ဗဟိုပြု စီးပွားရေးပုံသဏ္ဌာန်သို့ ပြောင်းလဲရန် ပြင်ဆင်လျက်ရှိသည်ကို တွေ့မြင်နေရပါသည်။ ကုန်လုပ်စွမ်းအားစုအချို့ ဈေးကြီးသွားသော်လည်း ၀ယ်လိုအားအပြောင်းအလဲ တစ်ခုနှင့်ကြုံ၍ စီးပွားရေးအခွင့်အလမ်းသစ်များလည်း ပေါ်ထွန်းကာ ၀င်ငွေအခွင့်အလမ်းများ ပေါ်ထွန်းလာဦးမည် ဖြစ်ပေသည်။

နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူပညာရှင်တစ်ဦးက "မြန်မာနိုင်ငံဟာ လုံးဝမဆင်းရဲဘူး၊ တို့ ငွေကြေးထောက်ပံ့ရမယ့် နိုင်ငံတစ်နိုင်ငံ မဟုတ်ဘူး" ဟု အလွတ်သဘော မှတ်ချက်ပေးခဲ့ဖူးပါသည်။

ပြည်သူလူထု၏ အခက်အခဲများ ပြေလည်ရန် ပြည်သူ့ရေးရာမူဝါဒနယ်ပယ်တွင် ဖော်ပြလေ့ရှိသော ပုံသေနည်းမှာ Problem + Solution ဖြစ်ပေသည်။ ဆိုလိုသည်မှာ ပြဿနာနှင့်အဖြေ မပေါင်းဆုံလျှင် တိုးတက်ပြောင်းလဲမှု မရှိနိုင်ဆိုသည့် သဘောဖြစ်သည်။ ရှေ့ကသွားခဲ့သော နိုင်ငံများစွာရှိနေသောကြောင့် ပြဿနာများအတွက် အဖြေဆိုသည်မှာ ယနေ့ကာလတွင် မခက်ခဲတော့ပါ။ အမှန်တကယ် ခက်ခဲသည်မှာ ပြဿနာနှင့်အဖြေ မဆုံဆည်းနိုင်ခြင်းသာ ဖြစ်ပေသည်။ ပြဿနာနှင့်အဖြေ ပေါင်းဆုံရေးတွင် အဓိကကျသည်မှာ (+) နှစ်ခု ဆုံဆည်းပေးမည့် တံတားအပေါင်းလက္ခဏာ ဖြစ်ပါသည်။

အဆိုပါ အပြုသဘောဆောင်သည့် အပေါင်းလက္ခဏာ (+) ကို ပြည်သူ့ရေးရာနယ်ပယ်တွင် Political Will ဟု သုံးနှုန်းသည်။ ဆိုလိုသည်မှာ Political Will မရှိလျှင် ပြဿနာနှင့်အဖြေ မပေါင်းဆုံသောကြောင့် အခက်အခဲများလည်း ပြေလည်သွားလိမ့်မည်မဟုတ်ဆိုသည့် သဘောဖြစ်ပါသည်။

၂၀၁၁ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ သုံးရပ်အတွင်းသို့ Political Will ခေါ် အပေါင်းလက္ခဏာဆောင်သည့် နိုင်ငံရေး စေတနာသဒ္ဓါတရား ထက်သန်သူများ ရောက်ရှိလာရေးသည် ရွေးကောက်ပွဲကျင်းပပေးသူများ၊ ရွေးကောက်ပွဲကြီးကြပ်သူများ၊ မဲပေးသူပြည်သူလူထု၊ ပါဝင်ယှဉ်ပြိုင်သူ နိုင်ငံရေးပါတီများနှင့် အုပ်ချုပ်သူအာဏာ၏ အဓိကယန္တယားဖြစ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အတွက် အမည်စာရင်းတင်သွင်းသူများပေါ်တွင် မူတည်မည်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။

အယ်ဒီတာ (၂၀-၂-၂၀၁၀)

The Voice ဂျာနယ်
အတွဲ (၆) အမှတ် (၁၇)
အယ်ဒီတာ့အာဘော်
စာမျက်နှာ-၎

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


၂၃-၂-၂၀၁၀ (အင်္ဂါနေ့)

ဇာတ်ကားအမည် - သတိ.... ချစ်တတ်သည်
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ကိုရွှေမိုးသက်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ ချစ်သုဝေ၊ ရဲအောင်၊ စိုးမိုးကြည်၊ ခေမီကို
(ဝေဖန်မှတ်ချက်)
ကိုရွှေမိုးသက်နဲ့ ကိုဇော် တွဲထားတာဖြစ်တဲ့အတွက် ပေါတောတော မဟုတ်တာတော့ အသေအချာပါပဲ။ မင်းမော်ကွန်းနဲ့ ချစ်သုဝေကို တွဲပေးတတ်တဲ့ သူတို့တွေကိုလည်း ချီးကျူးမိပါတယ်။ အခြားမင်းသားနဲ့ဆိုရင် ဒီဇာတ်ကားဟာ ဒီလောက်ကောင်းမယ်မထင်ဘူး။ သြော်... ပြောချင်ရာတွေ လျှောက်ပြောနေမိတယ်။ ဒီဇာတ်ကားလေးကို ငှားကြည့်စေချင်ပါတယ်။ ပျော်ရွှင်စရာဖြစ်မှာပါ။ အထူးသဖြင့် ချစ်သုဝေရဲ့ ချစ်စဖွယ်ဟန်ပန်၊ အနွဲ့၊ အချွဲတွေ၊ အကြည့်တွေကြားမှာ ကိုကို၊ မောင်မောင်၊ ဦးဦးတို့ ရင်တမမ၊ သက်ပြင်းတချချနဲ့ ကြည့်ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားရဲ့အသက်ဟာ ချစ်သုဝေလို့တောင် ပြောလိုက်ချင်ပါသေးတယ်။ ဇာတ်သိမ်းပိုင်းတစ်ချက်ပဲ တစ်မျိုးကြီးဖြစ်မိတယ်။ အခြားပုံစံတစ်ခုနဲ့ ဇာတ်သိမ်းလိုက်ရင်ပြီးရောဆိုပြီး ကရုဏာဒေါသောလေး ဖြစ်မိပါသေးတယ်။

၂၄-၂-၂၀၁၀ (ဗုဒ္ဓဟူးနေ့)
ဇာတ်ကားအမည် - စည်းရိုး
ဝတ္ထု - ခင်ခင်ထူး
ဇာတ်ညွှန်း - ကိုကျော်၊ အောင်ချမ်းသာ
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ကိုပေါက်၊ အောင်ခိုင်၊ ချိုပြုံး၊ Kညီဦး၊ အေးသီတာ၊ ယွန်းရွှေရည်၊ ကြူကြူသင်း၊ ဦးကျင်ဝမ်
(ဝေဖန်မှတ်ချက်)
ဆရာမ ခင်ခင်ထူးရဲ့ ဇာတ်လမ်းတွေထုံးစံအတိုင်း လူ့ဘ၀ဇာတ်ရုပ်တွေကို ပီပီပြင်ပြင် ဖော်ကျူးထားတဲ့ ဇာတ်လမ်းပါ။ ၀တ္ထုထဲမှာတော့ ဖတ်လို့ကောင်းမကောင်း မဖတ်ဖူးတဲ့အတွက် ကျွန်တော်မသိပါဘူး။ ဗီဒီယိုထဲမှာတော့ ကျော်ရဲအောင်ရဲ့ မိုက်ကန်းကန်းပုံစံတွေကို ကြည့်ရတာ တစ်မျိုးကြီးဖြစ်ရပါတယ်။ အပြင်မှာ တကယ်ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်၊ ဒီနေ့အချိန်မျိုးကြီးမှာ ကြည့်ရတာတော့ တစ်မျိုးဖြစ်နေသလားလို့ပါ။ ဓားပြတွေက ဒီလောက်ခုတ်ထစ်ပြီး ချောက်ထဲပစ်ချလိုက်တာတောင်မှ အသက်မသေဘဲ ရွာကိုမရောက်,ရောက်အောင် ပြန်လာခဲ့တဲ့ ကျော်ရဲအောင်ကို ကြည့်ရတာလည်း တစ်ချိန်က ကျော်ဟိန်း ဇာတ်ကောင်စရိုက်တွေကို ပြန်သတိရမိပါတယ်။ ဦးကျော်နေရာကိုများ ကျော်ရဲအောင်ကို ပေးလိုက်ကြပြီလားမသိ။ ဘာပဲဖြစ်ဖြစ် ကြည့်ပျော်တဲ့ ဇာတ်လမ်းတစ်ခုပါ။

၂၆-၂-၂၀၁၀ (သောကြာနေ့)
ဇာတ်ကားအမည် - မုန်တိုင်းတွေလည်း ငို
ဇာတ်လမ်း - မိုးနီလွင်
ဇာတ်ညွှန်း - မြမြင့်မိုရ်
ဒါရိုက်တာ - မီးပွား
သရုပ်ဆောင်များ - နေတိုး၊ ကျော်ကျော်ဗို၊ သက်မွန်မြင့်
(ဝေဖန်မှတ်ချက်)
မတူညီတဲ့ ဇာတ်ကောင်စရိုက်တွေရဲ့ အားပြိုင်မှုတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ။ တစ်ခုပဲ ပြောစရာရှိတယ်။ သရုပ်ဆောင်နာမည်တွေကို စာတန်းထိုးတော့ နေဆန်း၊ ခင်ဇာခြည်ကျော် ဆိုပြီး တွေ့ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းတစ်ခုလုံးမှာ ဘယ်နေရာမှာမှ နေဆန်းနဲ့ ခင်ဇာခြည်ကျော်ကို မတွေ့လိုက်ရပါဘူး။ ဘယ်သူ့အမှားလဲဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ သက်မွန်မြင့်က နိုင်ငံခြားကို ထွက်ခွါသွားခါနီး နေတိုးကို နှုတ်ဆက်တဲ့ ဇာတ်သိမ်းပိုင်းက စကားပြောခန်းလေးကတော့ ရင်ထဲကို တည့်တည့်ထိပါတယ်။ ကိုယ်တိုင် နားထောင်စေချင်တဲ့အတွက် ရေးမပြတော့ပါဘူး။

ဇာတ်ကားအမည် - အမေများရဲ့ ကောင်းကင်
ဇာတ်လမ်း - အာကာကြီး
ဇာတ်ညွှန်း - မြမြင့်မိုရ်
ဒါရိုက်တာ - ဇော်မျိုး
သရုပ်ဆောင်များ - မြင့်မြတ်၊ မေသန်းနု၊ ထွန်းအိန္ဒြာဗို၊ မျိုးသန္တာထွန်း၊ ဇူဇူးမောင်
(ဝေဖန်မှတ်ချက်)
အမေတွေအများကြီးနဲ့ သားတစ်ယောက်ရှိရင် ဘယ်လိုတွေဖြစ်လာနိုင်သလဲဆိုတဲ့ အတွေးလေးတစ်ချက်ကို ဇာတ်လမ်းဖွဲ့လိုက်တယ်လို့ မြင်မိပါတယ်။ အတွေးက မဆိုးပေမယ့် ဇာတ်အိမ်က သိပ်မခိုင်သလိုကြီး ဖြစ်နေပါတယ်။ အထူးသဖြင့် သူပြောချင်တဲ့ အတွေးလေးကို ပုံပေါ်လာဖို့အတွက် အမေတွေရဲ့ ချစ်ခြင်းမေတ္တာကို တင်ပြရာမှာ နည်းနည်းလေး လိုအပ်နေသလိုပါပဲ။ မြန်မာဆန်တဲ့ ဓလေ့စရိုက်နဲ့ ပတ်သက်ပြီး အငြင်းပွါးဖွယ်ဖြစ်စေမယ့် အယူအဆတစ်ရပ်ကို ပြန်ရှင်းပေးသွားတာကိုတော့ အသိအမှတ်ပြုလိုက်ပါတယ်။ တစ်ချို့အခန်းလေးတွေမှာ ရယ်ရတာကလွဲရင် ထင်သလောက် အားမရတဲ့ ဇာတ်ကားပါ။ မင်းသမီးကြီးတွေခမြာ အကယ်ဒမီကလည်း မရကြရှာလေတော့ လွတ်ပြီလားအောက်မေ့တယ်၊ သားအဖြစ် သရုပ်ဆောင်တဲ့ မြင့်မြတ်က အားပါးတရ ပီပီပြင်ပြင်ကို မွှေးမွှေးပေးတာကို ခံလိုက်ကြရပါရောလား။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁ ရက်၊ တနင်္လာနေ့။
နေ့လည် ၁၂ နာရီ ၅၂ မိနစ်တွင်ပြီး၏။

ကျွန်တော့်အတွေး ကျွန်တော့်ဒဿန (၂) - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
စာအုပ်စာပေ လူ့မိတ်ဆွေတဲ့။
မိတ်ဆွေတွေနဲ့ ခင်ဗျားနဲ့ သဘောထားမတူတာတွေ၊ ရန်ဖြစ်တာတွေ ခဏခဏ ဖြစ်မှာပဲနော်လို့ သူငယ်ချင်းတစ်ယောက်က ကတ်သီးကတ်သတ် လာမေးတယ်။
ရယ်လိုက်ရတာဗျာ။
အတော်လည်း တွေးလိုက်ရပါတယ်။

(၂)
အနာမခံလျှင် အသာမစံရတဲ့။
တစ်သက်လုံး အရိုက်ခံလိုက်၊ ထွန်တုံးအတပ်ခံလိုက်၊ လှည်းဆွဲလိုက်၊ စပါးနယ်လိုက် လုပ်နေရတဲ့ နွားတစ်ကောင်အတွက် ကောက်ရိုးတစ်ထုံး၊ မြက်တစ်ကျုံးဟာ သူ့အတွက် နိဗ္ဗာန်တော့ ဟုတ်ဟန်မတူဘူးလို့ တွေးနေမိတယ်။
ဒါဆို ကျွန်တော်တို့တွေရော...???

(၃)
မှန်မှန်မှားမှား ခေါင်းငုံ့ထား
မှားသော်လည်းမရှုံး လူတို့ ပြုံး၏။
မဟုတ်မခံ ခွန်းတုံ့ပြန်
မှန်သော်လည်းရှုံး လူတို့မုန်း၏ တဲ့။
တက္ကသိုလ်မှာတုန်းက ဆရာတစ်ယောက်က တွေးတွေးဆဆနဲ့ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းပါ။
အဲဒီစကားကို ဆိုကရေးတီးစ်သာ ကြားမိခဲ့ရင် ဘယ်လိုနေမယ်မသိဘူးလို့ တွေးနေမိတယ်။

(၄)
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲတဲ့။
ဘယ်သူက ပြောခဲ့သလဲ မသိဘူး။
အကောင်းနဲ့ အဆိုးဆိုတာ ခွဲမရအောင် ချွတ်စွတ်တူတဲ့ အမြွှာညီအစ်ကိုတွေဆိုတာ အဲဒီလူကို လက်တို့ပြီး ပြောပြချင်နေမိတယ်။

(၅)
အချစ်ဆိုတာ အိုမင်းတယ် မရှိဘူးတဲ့။
ဟုတ်ပါရဲ့။ ချစ်တဲ့လူတွေကသာ အိုမင်းသွားကြတာကလား။

(၆)
လူကို လူလို မြင်တတ်စမ်းပါတဲ့။
ဟုတ်ကဲ့... လူလို မသိတတ်တဲ့ လူတွေကိုရော လူလိုမြင်ရမှာလားဆိုတော့ အကုန်လုံးက ကျွန်တော့်ကို လူသားဆန်တဲ့ မျက်လုံးတွေနဲ့ ၀ိုင်းကြည့်တယ်။

(၇)
နံနက်အရုဏ်ဦး နေထွက်စအချိန်နဲ့ ညနေဆည်းဆာ နေ၀င်ချိန်ဟာ လှပသာယာမှု အရှိဆုံးတဲ့။
မှန်လိုက်လေဗျာ။
မူကြိုကျောင်းနဲ့ သင်္ချိုင်းတွေဟာ ကျွန်တော်တို့အတွက် ပျော်ရွှင်ငြိမ်းချမ်းမှု အပေးနိုင်ဆုံး နေရာတွေပေါ့။

(၈)
ချီးကျူးထိုက်သူကို ချီးကျူးရမယ်၊ ချီးမြောက်ထိုက်သူကို အားပေးချီးမြှောက်ရမယ်တဲ့။
လူတွေပြောတတ်ကြတာပဲ။
မသိချင်ယောင် ဆောင်နေတဲ့လူတစ်ယောက်ကို မေးကြည့်မိတော့ သူကပြန်ပြောတယ်။
"လက်ခုပ်တီးချင်ပေမယ့် ကျွန်တော် လက်နာနေလို့ပါ"တဲ့။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၂၄ မိနစ်တွင်ပြီး၏။

ပန်းလောင်မြေက ပြန်ရောက်ပါပြီ


မရောက်တာကြာပြီဖြစ်တဲ့ မွေးရပ်ဌာနေ ပန်းလောင်မြေကို အလည်တစ်ခေါက် ပြန်သွားခဲ့တဲ့ ကျွန်တော်ကိုဉာဏ် ပြန်ရောက်ပါပြီခင်ဗျ။ ပို့စ်တွေ မတင်ဖြစ်တဲ့ ရက်တွေမှာ မပျက်မကွက်လာရောက် ဖတ်ရှုခဲ့ကြတဲ့ မိတ်ဆွေများကို အားနာပါကြောင်းနဲ့ ကျေးဇူးတင်ပါကြောင်း။ ပို့စ်အသစ်တွေ တင်ပေးနိုင်ဖို့ ကြိုးစားပြင်ဆင်လျက် ရှိကြောင်းပါခင်ဗျား။

လေးစားလျက်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၀၅ မိနစ်။

Friday, February 26, 2010

ကမ္ဘာ့အနိဋ္ဌာရုံအားလုံးရဲ့ တရားခံ - လူထုစိန်ဝင်း


ခုတလော အားကစားဂျာနယ်တွေဖတ်ရတာ စိတ်ဝင်စားစရာကောင်းသလို စိတ်ပျက်စရာလည်း ကောင်းလှတယ်။ စိတ်ဝင်စားစရာအကြောင်းကတော့ ကိုယ်နှစ်သက်သဘောကျတဲ့ ဘောလုံးသမားတွေ ဘယ်အသင်းက ဘယ်အသင်းကို ပြောင်းရွှေ့တယ်ဆိုတဲ့ သတင်းမျိုးဖြစ်တယ်။ စိတ်ပျက်စရာ အကြောင်းကတော့ ဘောလုံးသမားတွေကို လူသားလို သဘောမထားကြတော့ဘဲ သက်မဲ့ကုန်ပစ္စည်းများသဖွယ် ရောင်းဝယ်ဖောက်ကား လုပ်နေကြတဲ့ကိစ္စ ဖြစ်တယ်။

ဈေးကွက်ပရိယာယ်တွေ
အခုရက်ပိုင်းတွေက ဘောလုံးသမားအပြောင်းအရွှေ့ လုပ်ခွင့်ရှိတဲ့ကာလ ဖြစ်လေတော့ ဘောလုံးအသင်းတိုင်း မလိုသူတွေရောင်းထုတ်၊ လိုသူတွေကို လိုက်ဝယ်လုပ်နေကြပါတယ်။ အဲဒီလိုလုပ်ကြရာမှာ ကလပ်အသင်းတွေက ကိုယ်ရောင်းထုတ်ချင်တဲ့ ဘောလုံးသမားကို ဈေးကောင်းရလေအောင် မရောင်းချင်သလို အင်တင်တင်လုပ်ပြလေ့ ရှိကြသလို၊ ဘောလုံးသမားတွေကလည်း သူတို့ လစာကောင်းကောင်း ရစေဖို့အတွက် ဘယ်နိုင်ငံ၊ ဘယ်အသင်းတွေက သူ့ကို ဘယ်လိုမက်လုံးတွေပေးပြီး ကမ်းလှမ်းနေကြောင်း သတင်းလွှင့်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။

လူကုန်ကူးမှုလို
တစ်ခါတလေကျတော့ ကာယကံရှင်ဘောလုံးသမားကိုယ်တိုင်တောင် မသိလိုက်ရဘဲနဲ့ အရောင်းခံရတာမျိုးတွေ ရှိတတ်ပါတယ်။ ဘောလုံးလောက အရောင်းအ၀ယ်ကိစ္စတွေဟာ တစ်ခါတစ်ခါမှာ စက်ဆုပ်စရာကောင်းလောက်အောင် လိမ်ညာလှည့်စားကြတာ၊ မသမာကြတာတွေ မြင်တွေ့ရလေတော့ ဘောလုံးသမား အရောင်းအ၀ယ်ကိစ္စဟာ တရားဝင်ခွင့်ပြုထားတဲ့ "လူကုန်ကူးမှု"မျိုး ဖြစ်နေသလားလို့တောင် အတွေးရောက်မိပါတယ်။

ငွေဝယ်ကျွန်ပမာ
ဘောလုံးသမားကိုယ်တိုင် မသိလိုက်ရဘဲ၊ ဆန္ဒလည်းမရှိပါဘဲနဲ့ အရောင်းခံလိုက်ရတာမျိုးတွေ မြင်တွေ့ရတော့လည်း ဘောလုံးသမားတွေဟာ "ငွေဝယ်ကျွန်"တွေလို ဖြစ်နေပါပေါ့လားဆိုပြီး ရင်ထုမနာ ဖြစ်ရပါတယ်။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ။ တစ်ကမ္ဘာလုံးမှာ အားကစားစစ်စစ်ဆိုတာမျိုး မရှိတော့ဘဲ အားကစားစီးပွားရေးလုပ်ငန်း ဆိုတာမျိုးတွေချည်း ဖြစ်နေကြပြီမဟုတ်လား။ ဒီတော့လည်း မနှစ်မြို့တာတွေကို မေ့ထားပြီး မကြည့်ရမနေနိုင်တဲ့ ဘောလုံးပွဲတွေကို ကြည့်နေရတော့တာပါပဲ။

ကုဋေကြွယ်သူဌေးကြီးတွေ
ဘောလုံးလောကနဲ့ အားကစားလောကကြီးတစ်ခုလုံး စီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်လာတဲ့အတွက် ဘောလုံးသမားတွေနဲ့ အားကစားသမားတွေ ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူအောင် ၀င်ငွေကောင်းကောင်း ရနေကြပြီး ထိပ်တန်းရောက်သူတွေဆိုရင် ကုဋေကြွယ်သူဌေးကြီးတွေတောင် ဖြစ်နေကြပြီ မဟုတ်ဘူးလားလို့ ပြောစရာရှိပါတယ်။ မှန်ပါတယ်။ လစာအမြင့်ဆုံးရ ဘောလုံးသမားတစ်ယောက်ရဲ့ တစ်လ၀င်ငွေဟာ အမေရိကန်သမ္မတ ဒါမှမဟုတ် အင်္ဂလိပ်ဝန်ကြီးချုပ်များရဲ့ တစ်နှစ်တွက် လစာငွေထက်တောင် များပါသေးတယ်။

ကြွက်မိဖို့အဓိက
အားကစားသမားတိုင်းရဲ့ စိတ်ထဲမှာ ကြီးစိုးနေတာက အနိုင်ရဖို့ဆိုတဲ့ စိတ်တစ်ခုတည်းပဲ။ ဘယ်နည်းနဲ့ နိုင်ရ နိုင်ရ နိုင်ဖို့အဓိကပဲ။ ကြောင်ဖြူတာမည်းတာကို အလေးမထားဘူး၊ ကြွက်မိဖို့ အဓိကပဲ။ "ဖဲပလေး"တို့၊ "အားကစားစိတ်ဓာတ်"တို့၊ "လူကြီးလူကောင်းပီသမှု" ဆိုတာတွေ ဆိတ်သုဉ်းကုန်ပြီ။ ဒီခေတ်မှာ အဲဒီစိတ်ဓာတ်တွေအကြောင်း ပြောတဲ့သူဟာ "လူနုံ" "လူအ" ပဲ။ "သိက္ခာနဲ့ ရိက္ခာဝယ်လို့ မရဘူး" ဆိုတဲ့ စကားပဲ ဒီနေ့ နေရာတိုင်းမှာ ကြားနေရတယ်။

အနိဋ္ဌာရုံကမ္ဘာ
အားကစားလောကအကြောင်းပြောလို့ တခြားလောကတွေအကြောင်း ပြောစရာမရှိတာ မဟုတ်ပါဘူး။ ဒီနေ့ ကမ္ဘာကြီးတစ်ခုလုံး ဘယ်ထောင့်၊ ဘယ်နေရာပဲကြည့်ကြည့် ကြီးနိုင်ငယ်ညှဉ်း အနိုင်ကျင့်မှုတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲကြီးငယ်တွေ၊ ကောက်ကျစ်စဉ်းလဲမှုတွေ၊ အရှက်ကင်းမဲ့စွာ လိမ်ညာလှည့်စားမှုတွေ၊ ဘယ်သူသေသေ ငတေမာပြီးရော လုပ်နေကြတာတွေကိုချည်း မြင်တွေ့နေရပါတယ်။ ပြောရမယ်ဆိုရင် အားလုံးအနိဋ္ဌာရုံတွေချည်းပါပဲ။

ပညာစီးပွားရေး၊ ကျန်းမာစီးပွားရေး
ဒီအနိဋ္ဌာရုံအားလုံးရဲ့ အရင်းအမြစ်က ဘာလဲလို့ ဆန်းစစ်ကြည့်တော့ နေရာတကာ "အလွန်အကျွံ စီးပွားရေးဆန်လွန်းမှု" (hypercommercialization) ဖြစ်တယ်လို့ပဲ ယူဆပါတယ်။ အားကစားက စီးပွားရေးလုပ်ငန်းကြီး ဖြစ်သလို ပညာရေးကလည်း စီးပွားရေးလုပ်ငန်းကြီး၊ ကျန်းမာရေးကလည်း စီးပွားရေးလုပ်ငန်းကြီး၊ လူမှုဖူလုံရေးကလည်း စီးပွားရေးလုပ်ငန်းကြီး အရာအားလုံး ပိုက်ဆံရဖို့အဓိကဆိုပြီး လုပ်နေကြတာချည်းပါပဲ။ ကျွန်တော်တို့ရဲ့ မီဒီယာလုပ်ငန်းတွေလည်း ရှေးကလို တိုင်းပြုပြည်ပြုသာသနာပြု (missionary) လုပ်ငန်းမဟုတ်တော့ဘဲ ဧရာမစီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်နေကြပြီလေ။

မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး
လူထုစိန်ဝင်း
စာမျက်နှာ- ၁၂၇ မှ ၁၂၉

My Life


(၁)
ကျွန်တော်ရေးလိုက်တဲ့ [ကလေးတွေ စာဖတ်ကြပါစေ] ဆိုတဲ့ ဆောင်းပါးအတွက် တုံ့ပြန်မှုတွေကို ရှင်းပြနေရတာ အတော်လေးကို စိတ်ကုန်နေမိတယ်။ ကျွန်တော်ရေးထားတဲ့အထဲမှာ ဘာများအမှားပါသွားသလဲလို့ ပြန်ပြန်ဖတ်နေတာ ၄-၅ ခေါက် ရှိနေပြီ။ မှားနေတယ်လို့ ယူဆမိတဲ့ အကြောင်းအရာ မပါဘူးလို့ ယုံကြည်တယ်။ ဒါပေမယ့် ဘယ်သူတွေက ဘာတွေနာနေကြသလဲ ဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်စာကိုဖတ်ပြီး တချို့တချို့တွေ စိတ်ညစ်တယ်၊ စိတ်တိုရတယ်ဆိုတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။
(၂)
အရင်လက ဖွတ်ကလိဒင်္ဂါးအခြေအနေကြောင့် မ၀ယ်ဖြစ်ခဲ့တဲ့ [ဖေမြင့်-စာအုပ်ကမ္ဘာ] ကို ၀ယ်လိုက်ပါပြီ။ မြန်မာကျပ်ငွေ (၄၂၀၀) ပေးရပါတယ်။ စိတ်ထဲမှာ အတော်လေးလည်း ပျော်သွားမိတယ်။ ထွက်ပြီဆိုကတည်းက ဖတ်ချင်နေတဲ့စာအုပ်ကို အခုမှပဲ လက်ဝယ်ပိုင်ပိုင် ကိုင်ရတော့တယ်။ အဖွင့်နှစ်ပုဒ်ဖြစ်တဲ့ [ချစ်စရာ စာကြည့်တိုက်ကလေး] နဲ့ [စာပွဲသဘင်] နှစ်ပုဒ်ဖတ်ပြီးတဲ့အချိန်မှာတင်ကို ပေးခဲ့တဲ့ (၄၂၀၀)ကျပ်အတွက် တန်ပါတယ်လို့ မှတ်ချက်ချလိုက်ပြီ။ ဆရာဖေမြင့်ရဲ့ အရေးအသားပြေပြစ်ကျစ်လျစ်မှုကို အတုမယူဘဲကို မနေနိုင်ဘူး။
စာအုပ်မှတ်တမ်းမှာ အုပ်ရေ - ၁၀၀၀ ဆိုတဲ့အတွက်တော့ တစ်မျိုးကြီးဖြစ်မိတယ်။ တန်ဖိုးဘယ်လောက်ဆိုတာလည်း အချက်အလက် မပါဘူး။
-----------
စာမူခွင့်ပြုချက်အမှတ် - ၄၀၀၅၂၄၁၁၀၉
မျက်နှာဖုံးခွင့်ပြုချက်အမှတ် - ၄၀၀၄၈၂၁၁၀၉
ထုတ်ဝေသူ - ဦးဖေမြင့် (၀၂၂၅၉)၊ ဖေမြင့်စာပေ။
ပုံနှိပ်ခြင်း - ပထမအကြိမ်၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ။
အုပ်ရေ - ၁၀၀၀
-----------
(၃)
ကျောင်းသားတွေရဲ့ စာသင်ကြားမှုနဲ့ ပတ်သက်ပြီး သုတေသနတစ်ခုလုပ်ဖို့ ပြင်ဆင်နေရပါတယ်။ စာသင်နေရတဲ့ ကျောင်းဆရာဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း စိတ်ပါလို့ ၀င်ရောက်လုပ်ကိုင်ဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။ လေးလအတွင်း ရလဒ်တစ်ခုခု ပြနိုင်အောင်ကြိုးစားကြမှာပါ။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာလို့ ဆိုချင်လည်းဆိုပါ။ သုတေသနအဖွဲ့ခေါင်းဆောင်က ကျွန်တော့်စာတွေထဲမှာ မကြာခဏထည့်ရေးတတ်တဲ့ သမိုင်းဒေါက်တာဘွဲ့ရ အစ်ကိုကြီးတစ်ယောက် ဖြစ်နေလို့ပါ။ သူ့ရဲ့ စိတ်ထက်သန်မှုနဲ့ လုပ်ချင်တဲ့ရည်ရွယ်ချက်ကို သိနေတာကြောင့် လက်ခံဖြစ်လိုက်တာပါ။
(၄)
နောက်တစ်ပတ်အတွင်း မပြန်ဖြစ်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေကို မဖြစ်မနေ ပြန်ဖို့ရှိပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ ချစ်သူကို ပြန်တွေ့ရမှာမို့ ရင်ခုန်နေပုံမျိုးနဲ့ ကျွန်တော်ရင်တွေ ခုန်နေမိပါတယ်။ ကျွန်တော်ထိတွေ့ဖူးတဲ့ နေရာဒေသတစ်ခု မဟုတ်တော့မှာတော့ အသေအချာပါပဲ။ ဘာတွေတိုးတက်နေသလဲ၊ ဘာတွေဆုတ်ယုတ်သွားပြီလဲဆိုတာကို စိတ်ဝင်စားနေမိပါတယ်။ ကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံခွင့်ရရင်တော့ အတော်လေးကို ပျော်ရွှင်ရမယ်ထင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်အလုပ်တွေနဲ့ကိုယ် တစ်နယ်တစ်ကျေးတွေမှာ ရောက်နေကြတာမို့ လွယ်မယ်တော့ မထင်ပါဘူး။ ကျွန်တော့်ဒေသလေးမှာ ကဗျာလေးတစ်ပုဒ်တော့ ရေးဖြစ်အောင်ရေးခဲ့မယ်လို့လည်း တေးထားလိုက်ပါတယ်။ အကောင်အထည်ပေါ်ခဲ့ရင်တော့ ဖတ်ကြရဦးမှာပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်၊ သောကြာနေ့။
နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်ပြီး၏။

Thursday, February 25, 2010

စိတ်အားဖြည့် ဓမ္မပဒ


ဓမ္မပဒဂါထာ (၈)
အသုဘာနုပဿိံ ၀ိဟရန္တံ၊ ဣန္ဒြိယေသု သုသံဝုတံ။
ဘောဇနမှိ စ မတ္တညုံ၊ သဒ္ဓံ အာရဒ္ဓ၀ီရိယံ။
တံ ဝေ နပ္ပသဟတိ မာရော၊ ၀ါတော သေလံဝ ပဗ္ဗတံ။

ကျောက်တောင်လိုလူ
ကြုံလာသမျှ အာရုံတိုင်းကို
မတင့်မတယ်ရွံစဖွယ်လို့
အဖန်ဖန် ရှုမြင်တဲ့သူ၊
မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်
ဣနြေ္ဒခြောက်ပါးကို စောင့်စည်းတဲ့သူ၊
အစားအသောက်နဲ့တကွ
ပစ္စည်းဝတ္ထုတွေရဲ့အပေါ်မှာ
အတိုင်းအရှည်သိတဲ့သူ၊
ဘုရား, တရား, သံဃာနဲ့
ကံ, ကံရဲ့အကျိုးကို မတုန်မလှုပ် ယုံကြည်တဲ့သူ၊
ကြိုးစားအားထုတ်မှု ၀ီရိယရှိတဲ့သူကို
ကိလေသမာရ် (စိတ်ကောင်းတွေကို သေအောင်သတ်တတ်တဲ့ ကိလေသာ)က
မလွှမ်းမိုး မနှိပ်စက်နိုင်ပါဘူး။
ဘာနဲ့ ဥပမာတူသလဲဆိုရင်
ကျောက်သားအတိပြီးတဲ့
ကျောက်တောင်ကြီးကို
အင်အားပျော့တဲ့လေက
မလွှမ်းမိုး မဖျက်ဆီးပစ်နိုင်သလိုပါပဲ။

( အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့်ဓမ္မပဒ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြ၍ ဓမ္မဒါန ပြုပါသည်)

 
Web Statistics