Wednesday, October 06, 2010

ငါးသိန်းတန်ဖုန်းကို နမူနာယူဖို့ကောင်း - လူထုစိန်ဝင်း


useinwin.jpg

ဂျီအက်စ်အမ် ဖုန်းဈေး ဆယ်သိန်းအောက်ရောက်တဲ့ထိ ကျသွားပြီဆိုတဲ့ သတင်းတစ်ပုဒ် ဂျာနယ်တစ်စောင်မှာ ဖတ်ရတယ်။ ငါးသိန်းတန်ဖုန်း လျှောက်သူတိုင်းကို ဒီနေ့လျှောက်၊ နက်ဖြန် ချပေးနေတာကြောင့် ခုလို ဈေးတွေ တလဟော ကျသွားတာလို့ သိရတယ်။

အဆင့်အတန်းပြယုဂ်
ဘာကြောင့်ပဲကျကျ ဈေးကျတယ်ဆိုတာ ကောင်းတာပဲ။ စောစောကများ ဂျီအက်စ်အမ် ဖုန်းဈေးက နှစ်ဆယ့်ငါးသိန်း သိန်းသုံးဆယ်လောက်ထိတောင် ရှိသတဲ့။ လျှောက်တိုင်းရတာမဟုတ်တော့ မရှိမဖြစ်လို့ ငှားသုံးရရင် စပေါ်နှစ်သိန်း သုံးသိန်းနဲ့ ငှားခသုံးသောင်း၊ သုံးသောင်းခွဲရှိတယ်လို့ သိရတယ်။ လူတိုင်း ကိုယ်နိုင်တာမဟုတ်လေတော့ ဂျီအက်စ်အမ်ဖုန်းဟာ ဂုဏ်ယူဝင့်ကြွားစရာ အဆင့်အတန်းပြယုဂ် (Status Symbol) ပစ္စည်းတစ်ခုဖြစ်ပြီး မလိုအပ်သူတွေကလည်း ဟန်ရေးပန်ရေးပြဖို့ ငှားပြီးချိတ်ကြတယ်။ အခုတော့ အဆင့်အတန်းပြ ပစ္စည်းနေရာကနေ လျှောကျသွားပြီး နေရာမှန်ကို ရောက်သွားပြီလို့ ပြောရတော့မယ်။ တယ်လီဖုန်းဆိုတာ ပိုက်ဆံရှိသူတွေသာ သုံးရမယ့် ဇိမ်ခံပစ္စည်း မဟုတ်ပါဘူး။ လျှပ်စစ်မီးလိုပဲ လူတိုင်း လိုအပ်တဲ့ လူသုံးကုန်ပစ္စည်း ဖြစ်တယ်။ တချို့နိုင်ငံတွေမှာဆိုရင် ကုန်တိုက်ကြီးတွေက လက်ကိုင်ဖုန်းကို လက်ဆောင်ပေးကြတယ်။ ဖုန်းကတ်တော့ ၀ယ်သုံးပေါ့။

ကားဈေးတွေလည်းကျ
ဖုန်းဈေကျတာနဲ့ တစ်ချိန်တည်း ကားဈေးတွေလည်း ကျပြီးရင်းကျ ဖြစ်နေတာကြောင့် ကားပွဲစားတန်းတောင် လူမစည်တော့ဘူးလို့ ကြားရတယ်။ မနှစ်က တစ်နှစ်လုံးလိုလို သိမ်းထားတဲ့ ကားတွေကို တစ်သုတ်ပြီးတစ်သုတ် လေလံပစ် ရောင်းချပေးခဲ့ပြီး ဒီနှစ်ထဲမှာ လိုင်စင်မဲ့ကားတွေကို အခွန်ဆောင်ပြီး တရားဝင်မှတ်ပုံတင်ခွင့်တွေ လုပ်ပေးခဲ့တာကြောင့် ဈေးတွေ ပြုတ်ကျသွားတာလို့ သိရတယ်။ ဘာအကြောင်းကြောင့်ပဲ ကျကျ ပြုတ်ကျသွားတယ်ဆိုတာ ကောင်းတဲ့အချက် ဖြစ်တယ်။ ငါးသိန်းတန်ဖုန်းလို လူတိုင်းကို ၀ယ်ခွင့်ပေးလိုက်ရင် ဒါ့ထက်တောင် ပိုကျသွားဦးမယ်။ ပစ္စည်းအမျိုးအစားတိုင်းကို ငါးသိန်းတန်ဖုန်းလိုပဲ ဖြစ်စေချင်တယ်။ ဒါမှ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် ပေါ်ပေါက်လာမှာ။

ဆက်ပြီးဆောင်ရွက်ပါဦး
သူများနိုင်ငံက ဆယ်နှစ်ကျော် စီးပြီးသား ကားဟောင်းတစ်စီးကို ကျပ် သိန်းသုံးထောင်ကျော် ဈေးပေါက်တယ်ဆိုတာ လုံးဝ သဘာဝမကျတဲ့ ဈေးဖြစ်တယ်။ ဂျီအက်စ်အမ်ဖုန်း တစ်လုံးကို နှစ်ဆယ့်ငါးသိန်း၊ သိန်းသုံးဆယ်ဆိုတာလည်း သဘာဝမကျဘူး။ အခုတော့ ဒီသဘာဝမကျတဲ့ ဈေးနှုန်းတွေ ပြုတ်ကျသွားတာ ၀မ်းသာစရာ ဖြစ်တယ်။ တစ်ဆင့်ပြီးတစ်ဆင့် တခြား သဘာဝမကျတာတွေပါ သဘာဝကျလာအောင် ဆောင်ရွက်ကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။ ဥပမာ အိမ် ခြံမြေ ဈေးကွက်ဆိုပါတော့။ ရန်ကုန်လို မြို့ကြီးမှာ အိမ်တစ်လုံးနဲ့ ခြံတစ်ကွက်ကို သိန်းပေါင်း သောင်းငါးထောင် နှစ်သောင်း ဈေးပေါက်နေတာမျိုးဟာ ကြောက်ခမန်းလိလိ ဖြစ်ပါတယ်။

ငွေသေတွေ ငွေရှင်ဖြစ်စေချင်
ဒီလောက် ငွေကြေးပမာဏနဲပဆိုရင် အထည်ချုပ်စက်ရုံ အသေးစား အလတ်စားလေးမျိုး ဘယ်နှလုံးလောက်များ ဆောက်လုပ်နိုင်မလဲ။ စာသင်ကျောင်း၊ ဒါမှမဟုတ် ဆေးရုံဘယ်နှခု ဆောက်နိုင်မလဲ။ မိုးခေါင်ရေရှား ဒေသတွေမှာ စက်ရေတွင်းတွေ ဘယ်လောက်များ တူးနိုင်မလဲဆိုတဲ့ အတွေးတွေ မတွေးဘဲ မနေနိုင်ဘူး။ အိမ်ခြံမြေအတွက် မြှုပ်နှံလိုက်တဲ့ငွေဟာ ငွေသေ ဖြစ်သွားတယ်။ ဒီငွေသာ ငွေရှင်ဖြစ်ပြီး လည်ပတ်ရင်းနှီးနေကြမယ်ဆိုရင် လူအထောင်အသောင်းအတွက် အများကြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဘဏ်ထဲ ငွေတိုက်ထဲ မီးခံသေတ္တာထဲက ငွေဟာလည်း လည်ပတ် ရွေ့လျားခြင်းမရှိဘဲ အိပ်နေရင် ဘာမှ တန်ဖိုးမရှိဘူး။ စက္ကူစုတ် သက်သက်ပဲဖြစ်တယ်။ ငွေဆိုတာ မရပ်မနား လည်ပတ်ရွေ့လျားနေမှ တန်ဖိုးရှိတယ်။

လှုပ်မရလို့ ဆုပ်ထားတာ
အိမ်ခြံမြေနဲ့ တိုက်ခန်းဈေးတွေ သဘာဝမကျလောက်အောင် မြင့်တက်နေတာက ပိုက်ဆံထားစရာ နေရာမရှိအောင် ချမ်းသာနေသူတစ်စုက ရင်းနှီးမြှုပ်နှံမှုအဖြစ် ၀ယ်ထားကြတာကြောင့် ဖြစ်တယ်။ တကယ်လို့သာ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် ဖြစ်လာပြီး လုပ်စရာ ကိုင်စရာ စီးပွားရေးလုပ်ငန်းတွေ ပေါများလာရင် ဘယ်သူကမှ ကိုယ့်ငွေကို ငွေသေအဖြစ် ထားမှာမဟုတ်ဘူး။ ငွေဆိုတာက လှုပ်ရှားလေ အမြတ်ထွက်လေ ဖြစ်တယ်။ စီးပွားရေးသမားတိုင်း ကောင်းကောင်းနားလည်ပါတယ်။ လှုပ်မရလို့သာ ဆုပ်ထားကြတာပါ။ လှုပ်လို့ရတာနဲ့ အိပ်နေတဲ့ ငွေအားလုံး နိုးထရှင်သန်လာကြမှာ သေချာပါတယ်။ အဲဒီအခါကျရင် သဘာဝမကျတဲ့ အိမ်ခြံမြေဈေးကွက်တွေလည်း သဘာဝကျသွားပါလိမ့်မယ်။ ငါးသိန်းတန်ဖုန်းလို ဖြစ်အောင် လုပ်ဖို့သာ လိုပါတယ်။ မြန်မြန်လုပ်နိုင်ကြပါစေလို့ ဆုတောင်းနေရပါတယ်။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


ဟဲ့ ဟိုကောင်မကြီး တော်တော်ကဲ
တကတဲ အမေ အဖေ လုပ်တဲ့သူတွေက အသက် ၅၀ ကျော် ၆၀ ကျော် ရှိကုန်ကြပြီ။ သူတို့ကလည်း အလှပြင်ကြတုန်းရှိသေး၊ မလျှော့ကြသေးဘူး။ ဒီတော့ ငယ်တဲ့ သားသမီးတွေကို ဘယ်လိုလုပ်ပြီး ဆုံးမလို့ရမလဲ။ "ဟဲ့ ဟိုကောင်မလေး တော်တော်ကဲ" လို့ဆိုတော့ သူတို့က မကြားတကြား ပြန်ပြီးပြောသတဲ့။ "ဟဲ့ ဟိုကောင်မကြီး တော်တော်ကဲ" တဲ့။ ကဲ ကောင်းနိုင်ကြသေးရဲ့လား။

ကိုယ့်စိတ်ကိုယ် စစ်ဆေးပါ
လူဆိုတာ ကြီးပွားချင်ပေမယ့် လမ်းစဉ်က မတည့်ရင် အလွဲချည်း ဖြစ်နေရတတ်ပါတယ်။ လမ်းစဉ် တည့်သည့်တိုင်အောင် ရှေးကံကလည်း ပါဦးမှ၊ ကိုယ့်စိတ်ကိုယ် စစ်ဆေးပါ။ ကုသိုလ်စိတ်လား အကုသိုလ်စိတ်လားဆိုတာ။

သီလတော့ ဇာတ်လိုက်ပဲ
လူတစ်ယောက်ဟာ ဒါနမရှိပေမယ့် သီလရှိနေရင်ပဲ အပါယ်မရောက်နိုင်ပါဘူး။ ဒါန မရှိတာက အကျိုးမရတာပဲရှိမယ်၊ သီလမပါခဲ့ရင်တော့ အပါယ်လေးပါးကို စိတ်မချရဘူး။ တစ်ခါ ဒါနပြုတဲ့အခါမှာလည်း သီလမပါဘဲနဲ့ ပြုရင် အကျိုးပေး မသန်နိုင်ဘူး။ သီလခြံရံပြီး ပြုတဲ့ဒါနမှ ပိုပြီး အကျိုးပေးသန်နိုင်ပါတယ်။ ဒါကြောင့် သီလကတော့ အခြေခံပဲ။ သီလကတော့ ဇာတ်လိုက်ပဲ။ သီလကို လက်လွတ်လို့ မဖြစ်ဘူး။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


ဟဲ့ ဟိုကောင်မကြီး တော်တော်ကဲ
တကတဲ အမေ အဖေ လုပ်တဲ့သူတွေက အသက် ၅၀ ကျော် ၆၀ ကျော် ရှိကုန်ကြပြီ။ သူတို့ကလည်း အလှပြင်ကြတုန်းရှိသေး၊ မလျှော့ကြသေးဘူး။ ဒီတော့ ငယ်တဲ့ သားသမီးတွေကို ဘယ်လိုလုပ်ပြီး ဆုံးမလို့ရမလဲ။ "ဟဲ့ ဟိုကောင်မလေး တော်တော်ကဲ" လို့ဆိုတော့ သူတို့က မကြားတကြား ပြန်ပြီးပြောသတဲ့။ "ဟဲ့ ဟိုကောင်မကြီး တော်တော်ကဲ" တဲ့။ ကဲ ကောင်းနိုင်ကြသေးရဲ့လား။

ကိုယ့်စိတ်ကိုယ် စစ်ဆေးပါ
လူဆိုတာ ကြီးပွားချင်ပေမယ့် လမ်းစဉ်က မတည့်ရင် အလွဲချည်း ဖြစ်နေရတတ်ပါတယ်။ လမ်းစဉ် တည့်သည့်တိုင်အောင် ရှေးကံကလည်း ပါဦးမှ၊ ကိုယ့်စိတ်ကိုယ် စစ်ဆေးပါ။ ကုသိုလ်စိတ်လား အကုသိုလ်စိတ်လားဆိုတာ။

သီလတော့ ဇာတ်လိုက်ပဲ
လူတစ်ယောက်ဟာ ဒါနမရှိပေမယ့် သီလရှိနေရင်ပဲ အပါယ်မရောက်နိုင်ပါဘူး။ ဒါန မရှိတာက အကျိုးမရတာပဲရှိမယ်၊ သီလမပါခဲ့ရင်တော့ အပါယ်လေးပါးကို စိတ်မချရဘူး။ တစ်ခါ ဒါနပြုတဲ့အခါမှာလည်း သီလမပါဘဲနဲ့ ပြုရင် အကျိုးပေး မသန်နိုင်ဘူး။ သီလခြံရံပြီး ပြုတဲ့ဒါနမှ ပိုပြီး အကျိုးပေးသန်နိုင်ပါတယ်။ ဒါကြောင့် သီလကတော့ အခြေခံပဲ။ သီလကတော့ ဇာတ်လိုက်ပဲ။ သီလကို လက်လွတ်လို့ မဖြစ်ဘူး။

ဓမ္မပဒဂါထာ (၈၇၊ ၈၈)


ကဏှံ ဓမ္မံ ၀ိပ္ပဟာယ၊ သုက္ကံ ဘာဝေထ ပဏ္ဍိတော။
သြကာ အနောကမာဂမ္မ၊ ၀ိဝေကေ ယတ္ထ ဒူရမံ။

တတြာဘိရတိမစ္ဆေယျ၊ ဟိတွာ ကာမေ အကိဉ္စနော။
ပရိယောဒပေယျ အတ္တာနံ၊ စိတ္တက္လေသေဟိ ပဏ္ဍိတော။

စိတ်ဖြူစင်မှ ပညာရှိ
ပညာရှိဆိုတာ
မည်းညစ်တဲ့ အကုသိုလ်တရားကို
ပယ်စွန့်ပြီး
ဖြူစင်တဲ့ ကုသိုလ်တရားကို
ပွားများရပါတယ်။
တပ်မက်မှုဆိုတဲ့
နေရာဟောင်းကနေ
ထွက်ခွာခဲ့ပြီး
တပ်မက်မှုကင်းရာ နိဗ္ဗာန်ကို
ရည်မှန်းတောင့်တရင်းနဲ့ပေါ့။

ပညာရှိဆိုတာ
ကာမဂုဏ်အာရုံတွေ
ကာမဂုဏ်ကြိုက်စိတ်တွေကို
ပယ်စွန့်ပြီး
ဘယ်ကာမဂုဏ်ကြောင့်မှ
မတုန်လှုပ်တဲ့စိတ်နဲ့
လူသာမန်တွေ
မွေ့လျော်နိုင်ခဲတဲ့
ဆိတ်ငြိမ်ရာ နိဗ္ဗာန်မှာ
မွေ့လျော်ပျော်ပိုက်ချင်တဲ့စိတ်
ရှိရပါမယ်။
ပညာရှိဆိုတာ
ကိုယ့်စိတ်ကို
ညစ်နွမ်းနောက်ကျူခြင်းမရှိ
ပကတိဖြူစင်သန့်ရှင်းနေအောင်
ကြိုးစားအားထုတ်ရပါမယ်။

Tuesday, October 05, 2010

စာဖတ်ကြစမ်းပါတဲ့ - ကိုဉာဏ် (ပန်းလောင်မြေ)


readkonyan.png

တစ်နေ့တုန်းက ညီအစ်ကိုလိုဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားစမြည် ပြောဆိုဖြစ်ပါတယ်။ မကြာခဏဆိုသလို ကျွန်တော့်ဆီကနေ စာအုပ်တွေ လာငှားပြီး ဖတ်နေတဲ့သူဆိုပါတော့။ စာအုပ်လာငှားတိုင်းလည်း ဘာစာအုပ် ဖတ်ချင်လို့ ဆိုတာမျိုး ဘယ်တော့မှ ပြောလေ့မရှိပါဘူး။ သူအမြဲပြောတတ်တာကတော့ "အစ်ကိုရေ.. ကျွန်တော့်အတွက် စာအုပ်တစ်အုပ်လောက် ရွေးပေးပါ" တဲ့။ ကျွန်တော့်အတွက် အင်မတန်မှကို ခက်ခဲတဲ့အလုပ် ဖြစ်ပါတယ်။ သူကတော့ ကျွန်တော့်အတွက် ဘာမှအပန်းမကြီးတဲ့အလုပ်လို့ ထင်နေမှာပါပဲ။ သူ့အထင်လေးကို မပျက်စေချင်တဲ့အတွက် ဘာမှမပြောတော့ဘဲ ရွေးပေးလိုက်တာချည်းပါပဲ။ အဲဒီလိုဆိုလေတော့ အခုစာဖတ်နေသူက ထင်ပါလိမ့်မယ်။ စာအုပ်လေးတစ်အုပ် ငှားရတာများ အဲဒီလောက်အထိ ဇာချဲ့နေရသလားရယ်ပေါ့။ ဟုတ်ကဲ့… ရှင်းပြပါ့မယ်။ အဲဒီလို ရှင်းပြချင်တာကြောင့်လည်း ဒီစာလေးကို ရေးဖြစ်ပါတယ်။

စိတ်ဝင်စားမှုချင်း၊ အကြိုက်ချင်း မတူကြဘူး
လူတစ်ယောက်နဲ့တစ်ယောက်ဟာ စိတ်ဝင်စားမှုချင်း၊ အကြိုက်ချင်းမတူကြပါဘူး။ လူငယ်တွေ ပြောလေ့ရှိကြတဲ့ ရယ်စရာစကားနဲ့ ပြောရမယ်ဆိုရင် လူတိုင်း အကြိုက်ချင်းတူနေရင် ရှော့ခ်တွေ ဖြစ်ကုန်ကြမှာပေါ့ဗျ။ လူတွေကိုပဲ ပြောမယ်ဆိုရင်ကို တချို့က ခန္ဓာကိုယ် ပိန်ပိန်ပါးပါး လေးတွေကိုကြိုက်တယ်၊ တချို့ကျတော့ ၀၀ကစ်ကစ်လေးတွေမှ ချစ်တယ်၊ တချို့က အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းတွေကို သဘောကျတယ်၊ တချို့ကျတော့ ခန္ဓာကိုယ် ခပ်သွယ်သွယ်လေးမှ စွဲဆောင်မှုရှိတယ် ထင်ကြတယ်၊ စသည် စသည်ဖြင့်ပေါ့လေ။ လူအမျိုးမျိုး၊ အကြိုက်အမျိုးမျိုး ဆိုပါတော့။ ဒါက လူတွေကိုပြောတာပါ။ စာအုပ်တွေမှာလည်း အဲဒီလိုပါပဲ။ လူတိုင်းဟာ စာပေအမျိုးအစား တစ်ခုတည်းကို ကြိုက်နှစ်သက်ကြသူတွေ မဟုတ်ကြပါဘူး။ တချို့က ရာဇ၀င်တွေ၊ သမိုင်းတွေကို စိတ်ဝင်စားတယ်၊ တချို့ကတော့ ထူးဆန်းထွေလာ ဗဟုသုတတွေကို လိုချင်တပ်မက်တယ်၊ တချို့ကတော့ အပျော်ဖတ်စာတွေကိုပဲ စွဲလန်းတယ်၊ တချို့ကျပြန်တော့ ဘာသာရေးစာပေကလွဲရင် အခြားဘာကိုမှ စိတ်မ၀င်စားဘူး၊ စသည်ဖြင့်ပေါ့လေ။ အဲဒါကြောင့်မို့ အပေါ်မှာ ငြီးခဲ့တဲ့အတိုင်း စာအုပ်လာငှားတဲ့အခါ စာအုပ်ရွေးပေးပါဆိုရင် အခက်တွေ့ရတယ်လို့ ပြောတာပါ။ ကျွန်တော့်ဆီမှာ ၀ယ်ယူစုဆောင်းထားသမျှ စာအုပ်တွေဟာ ကျွန်တော်သဘောကျလို့၊ နှစ်ခြိုက်လို့ပေါ့ဗျာ။ ဘာရွေးစရာ လိုမလဲ။ ဒါပေမယ့် လာငှားတဲ့လူက ကျွန်တော်မှ မဟုတ်တာပဲ။ အဲဒီတော့ ကျွန်တော့်စိတ်နဲ့ယှဉ်ပြီး ဒါလေးကောင်းတယ်ကွ၊ ဒီစာအုပ်က အရမ်းမိုက်တယ်လို့ လုပ်လို့မရပါဘူး။

စာအုပ်မငှားခင် သူ့စိတ်ကို အရင်ငှားရတယ်
အဲဒီတော့ ဘာလုပ်ရသလဲဆိုတော့ သူ့ကိုပြန်ပြီး မေးခွန်းတွေ မေးရတာပေါ့။ ဘယ်လိုစာအုပ်တွေ ဖတ်ဖူးသလဲဆိုတာနဲ့ အဲဒီစာအုပ်တွေထဲက ဘယ်စာအုပ်တွေကို သဘောကျသလဲ။ အဲဒီအချက်က အရမ်းကို ထိရောက်ပါတယ်။ လူသဘောသဘာဝအရ ကိုယ်သဘောကျနှစ်သက်တဲ့ စာအုပ်မျိုးဆိုရင် အမြဲတစေ မှတ်မိနေတတ်တာကိုး။ အဲဒါကြောင့် သူက ဘယ်စာအုပ်တွေကို သူအရမ်းသဘောကျကြောင်း၊ ဘယ်စာအုပ်ကတော့ ထင်သလောက် မကောင်းတဲ့အကြောင်း ပြောတဲ့အခါ သူ့ရဲ့စိတ်ဝင်စားမှုကို ခန့်မှန်းရ လွယ်ကူသွားပါပြီ။ နောက်ထပ်တစ်ခါ အခုလတ်တလော ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေအကြောင်း မေးမြန်းရပါတယ်။ မကြာသေးခင်က ဘယ်လိုစာအုပ်မျိုး ဖတ်ခဲ့သလဲ ဆိုတဲ့အချက်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကာတွန်းတွေ ဖတ်ဖြစ်သလား၊ ဒါမှမဟုတ် ခေါင်းဆောင်တစ်ဦးဦးရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ဖြစ်ခဲ့သလား၊ ဘာသာရေးစာအုပ်လား စသည်ဖြင့်ပေါ့လေ။ သူ့ရဲ့ နောက်ဆုံးစိတ်အခြေအနေကို သိနိုင်တာမို့ပါ။ ကဲ.. မြင်တဲ့အတိုင်းပါပဲဗျာ… စာအုပ်လေးတစ်အုပ် ငှားရတာက ဘာမှအပန်းမကြီးပါဘူး။ မငှားခင် သူ့ကို ဘာဖတ်ခိုင်းရင် သင့်တော်မလဲဆိုတာကို စဉ်းစားရတာ တစ်နည်း သူ့စိတ်ကို အရင်ငှားပြီး ခံစားကြည့်ရတာက ပိုခက်၊ ပိုပင်ပန်းတယ်ဗျ။ ဒါပေမယ့် ကျွန်တော်ပျော်ပါတယ်။ အစပထမပိုင်းတော့ လွဲချော်မှုတွေ ရှိပါတယ်။ ငှားလိုက်တဲ့စာအုပ်ကို မကြိုက်တဲ့အတွက် နောက်နေ့မှာ ပြန်လာပေးတာမျိုး၊ ဖတ်ပြီးတဲ့အချိန်မှာ စာအုပ်က ဘာမက်ဆေ့ခ်ျကို ပေးချင်မှန်း နားမလည်တဲ့အကြောင်း ပြောပြတာမျိုးတွေပေါ့။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ စာအုပ်ငှားပေးရတဲ့ အကြိမ်အရေအတွက် များလာတဲ့အခါမှာ ဘယ်သူလာရင် ဘယ်လိုစာအုပ် ငှားပေးရမယ်ဆိုတာကို တော်တော်လေးကို ကျွမ်းကျင်လာပါတယ်။ လူတစ်ယောက်နဲ့ စကားပြောလိုက်တာနဲ့ သူ့ရဲ့ စိတ်ဝင်စားမှုဟာ ဘာလဲဆိုတာကို အနီးစပ်ဆုံး ခန့်မှန်းနိုင်နေပါပြီ။ ကြွားတာမဟုတ်ပေမယ့် အဲဒီအတွက်တော့ ကျွန်တော့်ကိုယ်ကျွန်တော် ဂုဏ်ယူမိတာ အမှန်ပါ။

မှတ်စုမှတ်တဲ့အကျင့်
တစ်ခါတစ်လေ စာအုပ်ငှားတဲ့ညီငယ်က အားငယ်တဲ့လေသံနဲ့ ပြောတတ်ပါသေးတယ်။ ကျွန်တော်က စာအုပ်တွေသာ ငှားဖတ်နေရတာ၊ အစ်ကို့လို မှတ်စုတွေ ဘာတွေနဲ့ သေချာမှတ်တာ၊ ပြုတာ မလုပ်နိုင်တော့ အကျိုးမရှိဘူး ထင်တာပဲတဲ့။ သူက ကျွန်တော့်ရဲ့ မှတ်စုစာအုပ်တွေကို ဖတ်ဖူးနေလို့ အဲဒါမျိုးပြောတာပါ။ အရင်တုန်းကတော့ စာအုပ်ဖတ်တဲ့လူတွေဟာ စာအုပ်ဖတ်တဲ့အခါ အဲဒီလို မှတ်စုတွေဘာတွေ မှတ်တတ်ကြတယ်လို့ သူတွေးထင်ခဲ့ပုံတောင် မရပါဘူး။ ဒါကလည်း သူကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်မယ်ထင်ပါတယ်။ တချို့တွေက စာအုပ်ပေါင်းများစွာ ဖတ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့မှာ မှတ်စုမှတ်တဲ့အကျင့် မရှိကြပါဘူး။ ကျွန်တော့်အထင် ပြောရမယ်ဆိုရင် စာအုပ်ဖတ်တဲ့လူတိုင်း မှတ်စုတွေဘာတွေ မှတ်ကြတယ်လို့ ပြောနိုင်မယ် မထင်ပါဘူး။ စာအုပ်ကို မဖတ်ရရင် မနေနိုင်လို့သာ စာအုပ်တွေ ဖတ်နေကြတာ။ မှတ်စုထုတ်ဖို့ အချိန်မပေးနိုင်ကြသူတွေလည်း ရှိနိုင်တာပါပဲ။ အဲဒီတော့ မေးစရာတစ်ခု ပေါ်လာပါတယ်။ ဘယ်လိုလူတွေက စာဖတ်တဲ့အခါ မှတ်စုထုတ်တတ်ကြသလဲပေါ့။ ကျွန်တော်ကတော့ အဲဒီညီငယ်ကို အခုလိုပြောလိုက်ပါတယ်။ စာအုပ်ဖတ်တာဟာ ကောင်းတဲ့အကျင့်ပါကွာ။ စာအုပ်ထဲမှာ မှတ်တာ၊ မမှတ်တာထက် ခေါင်းထဲမှာ မှတ်မိနေဖို့၊ ခေါင်းထဲကို ရောက်သွားဖို့က အဓိကလိုရင်းပါ။ တစ်နည်းနည်းနဲ့ ပြန်အသုံးချမယ့်လူတွေ (စာရေးမယ့်လူ၊ သုတေသန လုပ်နေတဲ့သူ၊ စာတမ်းတင်မယ့်သူ စသည်) အတွက်တော့ မှတ်သားစရာလိုလို့ မှတ်သားကြတာ ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် စာဖတ်ပြီးတော့ မှတ်စုမမှတ်တာနဲ့ပဲ စာဖတ်တာဟာ အကျိုးမရှိဘူးလို့ မယူဆသင့်တဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။

စာတခြား လူတခြား တတ်ယောင်ကားတွေကြောင့်
တပ်လိုက်တဲ့ခေါင်းစဉ်ဟာ အနည်းငယ် မာနေမှန်း၊ ရိုင်းနေမှန်းတော့ သိပါတယ်။ ဒါပေမယ့် ဒီခေါင်းစဉ်ကိုပဲ တမင်သုံးပါရစေ။ စာအုပ်တွေ မရေမတွက်နိုင်အောင်ဖတ်ပြီး စာတခြား လူတခြား ဖြစ်နေတဲ့လူတွေကို မြင်တဲ့အခါတိုင်း အလိုလို စိတ်တိုရလွန်းလို့ပါ။ ကိုယ်နဲ့မဆိုင်ဘူးဆိုပေမယ့် သူတို့တွေရဲ့ အသုံးမကျမှုကြောင့် မကြာခဏဆိုသလို စာဖတ်သမားတွေကို ထိခိုက်ရလွန်းလို့ပါ။ ဒီနေ့ခေတ်အချိန်အခါမှာ လူအတော်များများဟာ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကို သိမြင်လာကြပြီ ဖြစ်ပေမယ့် "စာဖတ်တဲ့လူဆိုရင် ဂေါက်တောက်တောက်၊ ကြောင်တောင်တောင်" လို့ မြင်တတ်တဲ့လူ၊ ပြောတတ်တဲ့လူတွေ ရှိနေသေးတယ်ဆိုတာ စာဖတ်သူ သိမယ်ထင်ပါရဲ့။ တစ်ခါသားက ဗီဒီယိုတစ်ခုမှာတောင် စာအုပ်တွေအဖတ်များပြီး ရူးသွားတဲ့သဘောမျိုး ရိုက်ကူးထားလို့ ကျွန်တော်ရေးခဲ့ပါသေးတယ်။ အဲဒီလို ဖြစ်ရတာဟာ စောစောက ကျွန်တော်ပြောတဲ့ စာတခြား လူတခြားတွေကြောင့်ပါ။ "အဲဒီကောင်က စာအုပ်ကြီးသမားကွ" ၊ "အဲဒီကောင်က စာတွေဖတ်ပြီး သူသိ၊ သူတတ်ချည်းပဲ ထင်နေတော့တာ" ၊ "ဟေ့ကောင်တွေ၊ ဟိုကောင့်ကိုတော့ ရှောင်ဟေ့၊ လူတွေ့တာနဲ့ စာအုပ်ထဲက ကျက်ထားတဲ့ စကားလုံးတွေ၊ အတွေးအခေါ်တွေနဲ့ ကိုင်ပေါက်ဖို့ပဲ ကြိုးစားနေတဲ့ကောင်" စသည့် စသည့် စကားသံတွေကို ကြားရတဲ့အခါတိုင်း ကျွန်တော် အတော်စိတ်တိုရတယ်။ ပြောတဲ့လူတွေကို ဒေါသတကြီးနဲ့ ရန်တွေ့ပစ်လိုက်ချင်ပေမယ့် သူတို့ပြောတဲ့ လူတွေကလည်း ပြောသလို ဟုတ်နေလေတော့ ခက်ရတာပေါ့ဗျာ။ ရှေးပညာရှိတစ်ဦးရဲ့ ဆိုစကားကိုပဲ ပြန်ကိုးကားရတော့မှာပေါ့။ "ဘာမှမတတ်တဲ့လူထက် တစ်ပိုင်းတစ်စ တတ်တဲ့လူက ပိုကြောက်ဖို့ကောင်းတယ်" တဲ့။ အကြောင်းအရာတစ်ခုခုကို နှံ့နှံ့စပ်စပ် ထဲထဲဝင်ဝင် ကျွမ်းကျွမ်းကျင်ကျင်လည်း သိတာမဟုတ်ပါဘဲလျက် သိသလောက်ကလေးနဲ့ တတ်ယောင်ကားလုပ်တတ်၊ ပြောတတ်တဲ့သူတွေဟာ စာတခြား လူတခြားတွေ ဖြစ်တတ်ကြပါတယ်။

အသုံးချဖို့သာ အဓိက
စာအုပ်တွေ ဘယ်လောက်အများကြီးပဲ ဖတ်နေဖတ်နေ၊ ဘယ်လိုစာကြီးပေကြီးတွေပဲ ဖတ်ဖူးသည်ဖြစ်စေ ဖတ်ခဲ့သမျှတွေထဲကနေ သင်ခန်းစာမယူတတ်ရင်၊ လက်တွေ့ကို ဆွဲယူအသုံးမချတတ်ရင် မျက်စိညောင်းတာ၊ စာအုပ်ဖိုးကုန်တာပဲ အဖတ်တင်ပါတယ်။ ဘာမှအကျိုးရှိတဲ့ စာဖတ်ခြင်းမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ "ကျွန်တော်က အင်မတန်ဆင်းရဲတယ်၊ အဲဒါကြောင့် ကြီးပွားတိုးတက်ချင်လို့ တက်ကျမ်းတွေကို အကုန်ရှာဖတ်တယ်၊ ဒါပေမယ့် အခုအချိန်ထိ မကြီးပွား၊ မတိုးတက်သေးဘူး" လို့ အငေါ်တူးချင်တဲ့လူတွေ ရှိမှာပါပဲ။ စကားအများကြီးနဲ့ မရှင်းပြချင်ပါဘူး။ သူဖတ်တဲ့စာတွေထဲက အောင်မြင်ရေးနည်းလမ်းတွေကို တကယ်အသုံးမချသေးလို့သာ မအောင်မြင်သေးတာလို့ပဲ ဆိုချင်ပါတယ်။ တကယ့်ကို ဖြစ်ချင်တဲ့လူ၊ အောင်မြင်ချင်တဲ့လူဆိုတာ စာအုပ်တွေ အများကြီးမလိုပါဘူး၊ စကားလေးတစ်ခွန်း၊ နည်းလမ်းလေးတစ်ခု၊ စာအုပ်လေးတစ်အုပ်နဲ့လည်း ဖြစ်မြောက်သွားနိုင်တာမျိုးပါ။ ဒီနေရာမှာ ကံတရားကိုလည်း ကျွန်တော်တို့ မေ့လျော့လို့ မဖြစ်ပါဘူး။ ကံ ဉာဏ် ၀ီရိယ လို့ ဆိုထားတယ်မဟုတ်လား။

အပျော်ဖတ် ၀တ္ထုတွေမှာလည်း ကောင်းကွက်တွေ ရှိပါတယ်
"ကျွန်တော်က အဲဒီလိုစာအုပ်တွေ မဖတ်ဘူးဗျ။ ၀တ္ထုတွေတော့ဖတ်တယ်" လို့ ပြောလာမယ့်လူတွေလည်း ရှိမှာပါပဲ။ ဟုတ်တော့လည်း ဟုတ်သားဗျ။ ၀တ္ထုဖတ်တာလည်း စာဖတ်တာပဲလေ။ ခွဲခြားခွဲခြားလုပ်လို့ ဘယ်ဖြစ်မလဲ။ အချို့သော အပျော်ဖတ် ၀တ္ထုတွေဟာ ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ ရေးထားတာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါဖြင့်ရင် အဲဒီလို စာအုပ်တွေထဲက ဘယ်လိုကောင်းတဲ့အချက်တွေကို ယူနိုင်မှာလဲလို့ မေးစရာရှိတယ်။ ကျွန်တော်ဆိုရင်တော့ ပြန်ဖြေမိမှာပါပဲ။ အနည်းဆုံးအနေနဲ့ ၀တ္ထုထဲမှာပါတဲ့ ဇာတ်ကောင်ကို ကြည့်ပြီးတော့ သင်ခန်းစာ ယူနိုင်တာပေါ့လို့။ နည်းနည်းများ ရှုပ်သွားမလား မသိပါဘူး။ ကျွန်တော်ဖတ်ဖူးသမျှ ပြောရမယ်ဆိုရင်တော့ ဘယ်ဝတ္ထုထဲမှာမှ အဓိကဇာတ်ကောင်တွေဟာ လောကကြီးအတွက် အသုံးမ၀င်ကြသူတွေ မဟုတ်ကြပါဘူး။ အနည်းဆုံးတော့ သူ့မိသားစုအတွက်၊ သူ့ရပ်ကွက်အတွက်၊ သူ့သူငယ်ချင်းတွေအတွက် တစ်နည်းနည်းနဲ့ အသုံးဝင်နေကြတဲ့ လူတွေချည်းပါပဲ။ အချို့သော ၀တ္ထုတွေမှာ ဆိုးပေးမိုက်ကမ်းနေတဲ့ ဇာတ်ကောင်တွေ ရှိတယ်လေလို့ ပြောချင်ကြပါလိမ့်မယ်။ ကျွန်တော့်အတွေ့အကြုံအရ ဆိုရင်တော့ ဘယ်လောက်ပဲ ၀တ္ထုတစ်အုပ်လုံး မိုက်ကမ်းခဲ့ပါစေ… နောက်ဆုံးမှာတော့ အမြင်မှန်ရတာ၊ လိမ္မာသွားတာမျိုးနဲ့ ဇာတ်သိမ်းတတ်ပါတယ်။ ကြုံတောင့်ကြုံခဲ အချို့သော စာအုပ်များမှာတော့ နောက်ဆုံးဇာတ်သိမ်းတဲ့အထိ အမြင်မှန်ရတာမျိုး၊ လိမ္မာသွားတာမျိုး မရှိပဲ ဖြစ်နေတာမျိုးတွေ ရှိနေတတ်ပါသေးတယ်။ ဒါပေမယ့် အဲဒီလို ဇာတ်ကောင်တွေဟာလည်း ဘ၀ဇာတ်သိမ်း မလှမပနဲ့ ပြီးသွားတတ်ကြတာချည်းပါပဲ။ ဘယ်လောက်ညံ့တဲ့ စာရေးဆရာပဲ ဖြစ်စေဦးတော့ ဟစ်တလာလို လူမျိုးကို လူ့လောကရဲ့ သူရဲကောင်းအဖြစ်၊ သူတော်ကောင်းအဖြစ် ပုံဖော်ကြမယ် မထင်ပါဘူး။ ကဲ… အဲဒီလို သင်ခန်းစာတွေကို ထုတ်ယူလို့ မရနိုင်ဘူးလား။ ကိုယ်ကရော လူ့ဘ၀ နေတဲ့အခိုက်မှာ ဘယ်လိုဇာတ်ကောင်မျိုး ဖြစ်ချင်ခဲ့တာလဲ။

ဘယ်လိုစာတွေ ဖတ်ရမှာလဲ
စာဖတ်တဲ့အကြောင်းကို အပေါ်မှာ အတော်များများ ရေးခဲ့ပေမယ့်လည်း သိပ်တော့ ကျေနပ်လှတယ် မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မြန်မာ့လူနေမှု ပတ်ဝန်းကျင်မှာ စာဖတ်ကြဖို့ကိုတော့ တိုက်တွန်းတတ်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုစာအုပ်မျိုးတွေ ဖတ်ရမယ်၊ ဘယ်အသက်အရွယ်မှာ ဘယ်လိုစာအုပ်မျိုး ဖတ်သင့်တယ် စတာမျိုးကိုတော့ အကြံပေးတဲ့လူ၊ ရေးသားတဲ့သူ အင်မတန်မှ နည်းပါးပါတယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ စာအုပ်အညွှန်းတွေ ရေးကြတာပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒီစာအုပ်တွေဟာ လူတိုင်းအတွက် လက်လှမ်းမမီတဲ့ဟာတွေ၊ လူတိုင်းစိတ်ဝင်စားတဲ့ အရာတွေ မဟုတ်တာတော့ သေချာပါတယ်။ အားမနာတမ်း ပြောရမယ်ဆိုရင် ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက သူတို့လက်ဆောင်ရတဲ့ စာအုပ်တွေလောက်ကိုသာ ပြန်ညွှန်းကြတာပါ။ တစ်ခါတစ်ရံမှသာ အချို့သော စာရေးဆရာကြီးတွေက နိုင်ငံရေးလုပ်မယ်ဆိုရင် ဘယ်လိုစာအုပ်မျိုးတွေကို လေ့လာသင့်တယ်၊ စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်ထားရင်တော့ ဘယ်လိုစာအုပ်မျိုးကို ဖတ်သင့်တယ် စသည်ဖြင့် ရေးတတ်ကြပါတယ်။ ဒါကလည်း သူ့နယ်ပယ်အလိုက်သာ အသုံးဝင်တာမျိုးပါ။ အဲဒီတော့ လူတစ်ယောက်ကို ခင်ဗျားက တိုက်တွန်းပြီဆိုပါတော့။ "စာဖတ်ကွ" လို့ပေါ့။ အဲဒီတော့ သူက ပြန်မေးပါလိမ့်မယ်။ "ဘာလိုစာတွေ ဖတ်ရမှာလဲ" တဲ့။ ခင်ဗျား ဘယ်လိုပြန်ဖြေမလဲ။

တော်စတွိုင်းထက် တက္ကသိုလ်ဘုန်းနိုင်က ပိုနီးစပ်ပါတယ်
တစ်ခါတလေ လာလာချည်သေးတယ်၊ "မသေခင် ဖတ်သွားရမည့် စာအုပ် ၁၀၀" တဲ့။ ရေးထားတာက မြန်မာဘာသာနဲ့၊ ဘာသာပြန်ပြီး ရေးတဲ့လူကလည်း မြန်မာစာရေးဆရာ၊ ထုတ်ဝေတာကလည်း မြန်မာပြည်မှာ၊ အဲဒီစာအုပ်ကို ဖတ်မှာကလည်း မြန်မာစာဖတ်ပရိသတ်၊ အဲ… ဒါပေမယ့် အဲဒီစာအုပ်ထဲမှာ ညွှန်းထားတာက မြန်မာစာအုပ် တစ်အုပ်မှ မပါဘူး။ မြန်မာလိုရေးတဲ့ စာအုပ်တွေကိုတောင် တစ်နိုင်ငံလုံးကလူတွေ ဖတ်ကြပါ၊ ဖတ်ကြပါလို့ တိုက်တွန်းနေရတဲ့ အချိန်မျိုးမှာ အင်္ဂလိပ်ဝတ္ထုစာအုပ်ကြီးတွေကို မသေခင် ဖတ်သွားပါဦးဆိုတော့ ဘာပြောရမှန်းကို မသိတော့ပါဘူးဗျာ။ မြန်မာလို ဘာသာပြန်ထားတဲ့ စာအုပ်တွေ ရှိတာပဲလေလို့ ပြန်ပြောကြပါလိမ့်မယ်။ အဲဒီစာအုပ်တွေရဲ့ ဈေးနှုန်း၊ စာအုပ်အနေအထားတွေဟာ လူဦးရေ သန်းဘယ်လောက်အတွက် လွယ်လွယ်ကူကူ ဖတ်နိုင်မလဲဆိုတာ စဉ်းစားသင့်ကြပါတယ်။ အဲဒီလို ညွှန်းမယ့်အတူတူတော့ War and Peaceတို့၊ Gone with the wind တို့၊ The Jungle တို့၊ The Roots တို့ကို ညွှန်းမယ့်အစား ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သား၊ မင်းဆွေရဲ့ ဓား၊ ညိုမြရဲ့ကုန်းဘောင်ရှာပုံတော်၊ ရွှေဥဒေါင်းရဲ့ ဘ၀တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူ့ကျွန်မခံပြီ၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ၊ ခင်ဆွေဦးရဲ့ တို့တိုင်းဌာနီ၊ ဂျာနယ်ကျော်မမလေးရဲ့ သူ စတဲ့စာအုပ်တွေကို ညွှန်းပါတော့လားဗျာ။ အခုတော့ သူများရေးထားတဲ့ စာအုပ်အညွှန်းကိုပဲ ဘာသာပြန်ပြီး ထပ်ဆင့်ညွှန်းနေတော့ တစ်မျိုးကြီးဖြစ်ရတယ်ဗျ။ အဲဒီလို ရေးနေတဲ့လူတွေကို စော်ကားတာ မဟုတ်ရပါဘူး။ သူတို့တွေ အဲလိုတွေ ရေးနေလို့သာလည်း ကျွန်တော်တို့တွေက စာအုပ်တွေကို ရွေးချယ်ဖတ်ရှုခွင့် ရနေကြတာပါပဲ။ စော်ကားသလို ဖြစ်ခဲ့ရင် လက်အုပ်ချီမိုးပြီး ဒီနေရာကနေ တောင်းပန်ကန်တော့ပါတယ်။ အဲဒီလို စာရေးဆရာကြီးတွေရဲ့ ကျေးဇူးတွေ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆိုတဲ့အထဲမှာ လူတိုင်းမဟုတ်ကြသေးပါ။ ကျွန်တော်ပြောချင်တာကို နားလည်ကြမယ် ထင်ပါရဲ့။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ မြန်မာစာပေဟာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာတာ မဟုတ်ပါဘဲလျက်၊ ခိုင်ခိုင်မာမာ ရှိနေပါလျက်နဲ့ "မြန်မာလူမျိုးတစ်ဦး အနေဖြင့် မသေခင် ဖတ်သွားသင့်သော မြန်မာစာအုပ် ၁၀၀" ဆိုတဲ့ စာအုပ်ညွှန်းတစ်ခုတောင် ပြုစုဖို့ မဖြစ်နိုင်ဘူးလားလို့ တွေးမိလို့ပါ။

စနစ်တကျ စာဖတ်ကျင့်ပျိုးထောင်ရရင်
သူများနိုင်ငံက ပညာရေးစနစ်တွေမှာ ဘယ်အတန်းမှာ ဘယ်စာအုပ်ကို မဖတ်မနေရဆိုပြီး ပြဋ္ဌာန်းထားတာတွေ ရှိတယ်လို့ သိရပါတယ်။ တက္ကသိုလ်တွေမှာလည်း မဖတ်မဖြစ် ဖတ်ရမယ့် စာအုပ်စာရင်းကို ဆရာတွေက ကျောင်းသားတွေကို ပေးထားလေ့ရှိပါသတဲ့။ ဖတ်ပြီးပါပြီဆိုပြီး လိမ်လို့ညာလို့ ရမယ်မထင်လိုက်ပါနဲ့။ သူတို့စနစ်နဲ့သူတို့ ညာလို့မရအောင် စီမံထားပြီးသားပါတဲ့။ နောက်ပြီးတော့ ရှေးရှေးတုန်းက စာအုပ်တွေကိုပဲ ထပ်ခါတလဲလဲ ပြန်ညွှန်းနေတာမျိုး မဟုတ်ပါဘူးတဲ့။ ဒီနေ့ထွက်တဲ့စာအုပ်ဟာ ဖတ်သင့်တဲ့စာအုပ်၊ အကျိုးရှိတဲ့ စာအုပ်မျိုးဆိုရင် နောက်နေ့မှာ ကျောင်းပညာရေးဘုတ်အဖွဲ့က ဘယ်အတန်းပညာ အဆင့်အတွက် ဖတ်သင့်တဲ့စာအုပ်ဆိုပြီး ပြဋ္ဌာန်းပေးတတ်ပါသတဲ့။ ထားပါတော့လေ… ဒါတွေက ပညာရေးတွေရော၊ စနစ်တွေရော.. နည်းနည်းရှုပ်သလိုဖြစ်ပါတယ်။ ကိုယ်တွေက အဲဒါတွေကို ပြုပြင်နိုင်တာမှ မဟုတ်တာပဲ။ အလှမ်းမဝေးဘဲ နီးစပ်တာတွေကိုပဲ စဉ်းစားကြည့်တဲ့အခါ စာရေးဆရာကြီးတွေကိုပဲ သတိရမိတာပါပဲ။ စာရေးဆရာတွေဟာ စာစုံဖတ်ကြတာကိုး။ တစ်ယောက်တည်းနဲ့တော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ စာရေးဆရာတွေ ၀ိုင်းဝန်းစုပေါင်းပြီး ဘယ်လိုအသက်အရွယ်၊ ဘယ်အတန်းပညာအဆင့်မှာ ဘယ်လိုစာအုပ်မျိုးကို မဖတ်မဖြစ် ဖတ်သင့်တယ်ဆိုပြီး ပြုစုရေးသားကြလျှင်ဖြင့် အနာဂတ် ကလေးငယ်တွေအတွက် အင်မတန်မှပဲ အကျိုးရှိမယ်လို့ ယူဆမိပါတယ်။ အနီးစပ်ဆုံး ဥပမာပေးရမယ်ဆိုရင် ကွန်ပျူတာပညာရပ်ကို သင်ကြားပေးတဲ့အခါမှာ Beginner အဆင့်မှာ ဘယ်အကြောင်းအရာ၊ Advanced အဆင့်မှာ ဘယ်လိုအကြောင်းအရာ စသည်ဖြင့် သူ့ Level အလိုက် တစ်ဆင့်ချင်း တက်သွားတာမျိုးပေါ့။ Advanced အဆင့်ကို ရောက်ပြီဆိုရင်တော့ သူ့ဟာသူ ပရိုဂရမ်မာပဲလုပ်လုပ်၊ ဒီဇိုင်နာပဲလုပ်လုပ်၊ စာစီစာရိုက်ပဲလုပ်လုပ်၊ စက်ပြင်တဲ့လူပဲလုပ်လုပ်… သူ့ဝါသနာ၊ သူ့အခြေအနေနဲ့ သူပေါ့လေ။ စာဖတ်တာကိုလည်း ကလေးအရွယ်မှာ အခြေခံကစပြီး ဘယ်စာအုပ်တွေဖတ်၊ အလယ်တန်းလောက်မှာ ဘယ်စာအုပ်တွေဖတ်၊ အထက်တန်းမှာ ဘယ်လိုစာအုပ်တွေကိုဖတ်၊ တက္ကသိုလ်တန်းမှာ ဘယ်လိုစာအုပ်တွေဖတ် စသည်ဖြင့် တစ်ဆင့်ချင်းတစ်ဆင့်ချင်း စာဖတ်ကျင့် ပျိုးထောင်သွားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက်၊ ကျွန်တော်တို့ရဲ့ အနာဂတ် ရင်သွေးငယ်တွေအတွက် ဘယ်လောက်အကျိုးရှိမလဲလို့ တွေးကြည့်မိပါတယ်။

သကြားဆိုတာ
ပြောချင်တာကတော့ ကိုယ့်သူငယ်ချင်းတွေကိုဖြစ်စေ၊ ကိုယ့်ရဲ့ ညီငယ်၊ ညီမငယ်တွေကိုဖြစ်စေ၊ ကိုယ့်သားသမီးတွေကိုဖြစ်စေ၊ ကိုယ့်တပည့်တွေကိုဖြစ်စေ၊ ကိုယ့်ရဲ့လက်အောက်ဝန်ထမ်းတွေကိုဖြစ်စေ စာဖတ်ကြစမ်းပါလို့ တိုက်တွန်းကြပါ။ အဲ.. အဲဒီလို တိုက်တွန်းရုံနဲ့ တာဝန်ကျေပြီလို့ မမှတ်ယူကြဘဲ သူတို့တွေ ဘယ်လိုစာအုပ်မျိုးတွေ ဖတ်သင့်သလဲဆိုတာကိုပါ အကြံပေးကြစေချင်ပါတယ်။ ကူညီကြစေချင်ပါတယ်။ စာဖတ်ဖို့တော့ တိုက်တွန်းကြပါရဲ့။ ဘယ်လိုဖတ်ရမလဲ၊ ဘာတွေဖတ်ရမလဲဆိုတဲ့ အကြံပေးမှုမရှိ၊ စာဖတ်နိုင်တဲ့ အနေအထား၊ ပတ်ဝန်းကျင်တွေ မဖန်တီးပေးဘူး နိုင်ဆိုရင်တော့ သကြားဆိုတာ ဘာမှန်းမသိတဲ့လူကို "သကြားဆိုတာ သိပ်ချိုတာကွ" လို့ ခဏခဏ ပြောနေတာနဲ့ တူနေပါလိမ့်မယ်။ တကယ်တမ်းဖြစ်သင့်တာက "သကြားကိုယူ၊ သူ့ကိုပြ၊ ပါးစပ်ထဲကို ခွံ့ပေးပြီး အဲဒါသကြားကွ" လို့ ပြောလိုက်တာဖြစ်မယ်လို့ ယုံကြည်မိတာပါပဲ။ ကျွန်တော့်ရဲ့ အတွေးသက်သက်မျှပါ။ ဝေဖန်အကြံပြုမှုတွေကိုလည်း လက်ကမ်းကြိုလျက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၄ ရက်၊ တနင်္လာနေ့။
ညနေ ၆ နာရီ ၁၃ မိနစ်တွင်ပြီး၏။

ဥပဒေသိက လူရေးလှ - ဦးကျော်ဇေယျ


အမေး။
လူတစ်ဦးသည် မိမိကိုယ်ကို ထိပါးလာလျှင်သော်လည်းကောင်း၊ ထိပါးရန် ခြိမ်းခြောက်လာလျှင်သော်လည်းကောင်း ကာကွယ်ခုခံခွင့် ရှိသလား။
အဖြေ။
ကာကွယ်ခုခံခွင့် ရှိပါသည်။
[မောင်ခွေး(ခ)ထွန်းကြည် နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၄၂၈]

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။
ခွဲစိတ်ကုဆရာဝန် ဦးဖြူက လူနာတစ်ယောက်အား အသက်ရှင်နိုင်ခွင့်မရှိဟု သဘောရကြောင်းကို သဘောရိုးဖြင့် အကြောင်းကြားခြင်းကြောင့် လူနာသည် ထိတ်လန့်၍ သေဆုံး၏။ ဦးဖြူသည် ပြစ်မှုကျူးလွန်ရာ ရောက်ပါသလား။
အဖြေ။
ဦးဖြူသည် ပြစ်မှုကျူးလွန်ရာ မရောက်။
[ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၉၃]

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။
အိမ်လခပေးရန် ပျက်ကွက်သည့် အိမ်ငှားအား လိမ်လည်မှုဖြင့် တရားစွဲနိုင်ပါသလား။
အဖြေ။
လိမ်လည်မှုဖြင့် တရားစွဲဆိုခြင်း မပြုနိုင်။ တရားမကြောင်းအရသာ အရေးယူရမည်။
[ဦးမျိုးသန်း နှင့် ပြည်ထောင်စု၊ ၁၉၇၄၊ တရားရေးစာစောင်၊ အတွဲ ၂၊ စာ ၇]

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။
ဇနီးကို မသင်္ကာသဖြင့် ခရီးထွက်မည်ဆိုပြီး ချောင်းဖမ်းရာ တရားခံအား ညအချိန် အိမ်ပေါ်၌မိသည်။ ထိုစဉ်က တရားလို၏ ဇနီးသည် အိမ်ကို လက်ရှိဖြစ်၍ ဇနီး၏ ခွင့်ပြုချက်အရ လာခြင်းဖြစ်သောကြောင့် တရားခံသည် ကျော်နင်းမှု ကျူးလွန်းခြင်းမဟုတ် ဆိုသည်မှာ မှန်နိုင်သလား။
အဖြေ။
တရားလို၏ ဇနီးသည် အိမ်ကို လက်ရှိဖြစ်သော်လည်း တရားလိုအနေနှင့်လည်း လက်ရှိမဟုတ်ဟု မဆိုနိုင်သည့်အပြင် တရားခံသည် တရားလို၏ဇနီး ဖိတ်ခေါ်၍လာခြင်း ဖြစ်သော်လည်း တရားလို၏ အခွင့်အရေးကို ဆန့်ကျင်ကာ လင်ရှိမယားအား ကျူးလွန်ရန် လာခြင်းဖြစ်၍ ပြစ်မှုကျူးလွန်ရန် အကြံဖြင့် ၀င်ရောက်သည်ဟု ယူဆရမည် ဖြစ်ပေသည်။
[ချာတာဆင်းဒါမိုင်း နှင့် အစိုးရ၊ (၁၉၁၇-၂၀) အထက်မြန်မာပြည်စီရင်ထုံး၊ စာ ၁၉၄]

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။
အစေခံ မဟုတ်ဘဲ အစေခံဖြစ်သည်ဟု ပြောဆိုသုံးနှုန်းခြင်းသည် အသရေဖျက်မှု မြောက်ပါသလား။
အဖြေ။
အသရေဖျက်မှု မြောက်ပေသည်။
[ဒေါ်ချို နှင့် ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၂၃၂]

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


winstonchurchillquote.png

ameliafawcettquote.png

သမိုင်းကို ဘယ်သူဖန်တီးတာလဲ - လူထုစိန်ဝင်း


useinwin.jpg

သမိုင်းကိုဖန်တီးတာ ဘယ်သူလဲ။ လူစွမ်းကောင်းတွေလား၊ ပြည်သူပြည်သား လူအများလား။ ဒီမေးခွန်းကို အငြင်းပွားခဲ့ကြတာ နှစ်ပရိစ္ဆေဒတွေ မနည်းတော့ဘူး။ ယေဘုယျခြုံပြီး ပြောရရင် လက်ယာသမားတွေက ရုစဗဲ့လို၊ ချာချီလို ဧရာမပုဂ္ဂိုလ်ကြီးတွေက သမိုင်းကို ဖန်တီးပုံဖော်တာလို့ ဆိုကြပြီး လက်ဝဲသမားတွေက သမိုင်းဖန်တီးရှင်ဟာ ပြည်သူတွေသာ ဖြစ်တယ်လို့ ယုံကြတယ်။

အဖြေမထွက်တဲ့ ငြင်းခုန်မှု
နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ကြပေမယ့် အဖြေထွက်မလာဘူး။ နှစ်ဖက်စလုံးက ကိုယ့်အယူအဆကိုယ် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခဲ့ကြတယ်။ နှစ်ဆယ်ရာစု ကုန်ဆုံးခါနီး နောက်ဆုံးဆယ်စုနှစ်နဲ့ နှစ်ဆယ်တစ်ရာစုရဲ့ ပထမဆုံး ဆယ်စုနှစ်များအတွင်းရောက်တော့ နည်းပညာ တိုးတက်မှုများဟာ မကြုံစဖူး အံ့သြစရာ ကောင်းလောက်အောင်ကို ခုန်ပျံကျော်လွှား ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ကွန်ပျူတာအင်တာနက် ဆက်သွယ်ရေးပညာရပ် တိုးတက်မှုကြောင့် အချိန်နဲ့ အကွာအဝေးဆိုတာ လူတွေအတွက် အတားအဆီး တစ်ခုသဖွယ် ဖြစ်မနေတော့ဘူး။ ကမ္ဘာ့အရှေ့စွန်းနဲ့ အနောက်စွန်းမှာ နေသူနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စကားပြောနိုင်ကြတယ်။ လန်ဒန်က ဘောလုံးကွင်းမှာ ကန်နေတဲ့ ဘောလုံးပွဲကို လန်ဒန်သားတွေနဲ့ တစ်ချိန်တည်း ၀ါးဘလောက်သောက် ရွာသားတွေလည်း ကြည့်နိုင်တယ်။

သူဌေးသမီးရှာဖို့မလို
အင်တာနက်နဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေက အချိန်နဲ့ အကွာအဝေးကို ပျောက်ကွယ်သွားအောင် လုပ်လိုက်နိုင်ပြီလို့တောင် ပြောနိုင်တယ်။ အဆင့်မြင့်ပညာရပ်တွေ သင်ယူဖို့ ငွေကုန်ကြေးကျ အများကြီး ခံစရာ မလိုတော့သလို သူဌေးသမီး အပျိုကြီးကို ထမင်းထုပ်သိုးအောင် လိုက်ရှာစရာလည်း မလိုတော့ဘူး။ ပင်လယ်ကူးသင်္ဘောကြီးကို တစ်လလောက် ကြာအောင်စီးပြီး ဘိလပ်ရွှေမြို့တော်ကြီးအရောက် သွားနေဖို့လည်း မလိုတော့ဘူး။ အိုးမကွာ အိမ်မကွာနဲ့ သင်ယူချင်တဲ့ ပညာရပ်ကို အွန်လိုင်းက သင်လို့ရနေပြီ။ အောက်စဖို့ တက္ကသိုလ်ကြီးက ဘွဲ့ယူချင်သလား၊ လန်ဒန်တက္ကသိုလ်ကြီးကပဲ ယူချင်သလား။ ဒါမှမဟုတ် အမေရိကန်မှ အမေရိကန်ဆိုလည်း ဟားဗတ်က ယူမလား၊ ယေးလ်နဲ့ စတန်းဖို့က ယူမလား။ ပရင့်စတန်နဲ့ ဘာကလေက ယူမလား။ ကြိုက်ရာရွေးယူလို့ရတယ်။ ကွန်ပျူတာတစ်လုံး ရှိဖို့ပဲလိုတယ်။ တခြားဘာမှ မလိုဘူး။ ပိုက်ဆံလည်း များများစားစား မကုန်ဘူး။

ဣစာသယဓာတ်လုံး
လူတွေက ဒီခေတ်ကို နည်းပညာခေတ်လို့ ခေါ်ကြတယ်။ တချို့ကတော့ ပညာခေတ်လို့ ခေါ်တယ်။ လက်ကိုင်တယ်လီဖုန်းလေး တစ်လုံးရှိရင် လုပ်ချင်တာကို ဘယ်သူမဆို စိတ်ရှိတိုင်း လုပ်နိုင်တယ်။ ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံသွားဖို့ မလိုဘူး။ သီချင်းနားထောင်ဖို့ ကက်ဆက်တွေ၊ ဓာတ်စက်တွေ ရှိဖို့မလိုဘူး။ အင်တာနက်သုံးဖို့ ကွန်ပျူတာရှာစရာ မလိုဘူး။ စာဖတ်ချင်လို့ စာကြည့်တိုက် သွားစရာ မလိုဘူး။ ဈေးဝယ်ဖို့ ကုန်တိုက်ကြီးမှာ ခြေညောင်းခံ လျှောက်စရာ မလိုဘူး။ လက်ကိုင်ဖုန်းလေး တစ်လုံးရှိရုံနဲ့ ဘာမဆို လုပ်လို့ရတယ်။ လက်ကိုင်ဖုန်းဆိုတာ ဒီခေတ်ရဲ့ ဣစ္ဆာသယဓာတ်လုံး ဖြစ်တယ်။

ဥုံဖွဆို အကုန်ဖြစ်
ဖုန်းတစ်လုံးနဲ့ ဘာမဆိုလုပ်လို့ရတဲ့အတွက် လူတိုင်းဟာ တန်ခိုးရှင် ဖြစ်လာတယ်။ ဥုံဖွဆိုပြီး ဘာမဆို ကိုယ့်ရှေ့ရောက်အောင် လုပ်နိုင်တယ်။ ဒါကြောင့် သူရဲကောင်းတွေနဲ့ လူစွမ်းကောင်းတွေရဲ့ခေတ် နိဂုံးချုပ်သွားပြီ။ ဒီခေတ်က ပြည်သူ့အာဏာ (People Power) ခေတ် ဖြစ်သွားပြီလို့ ကြွေးကြော်သူတွေက ကြွေးကြော်ကြတယ်။ ကြွေးကြော်လောက်အောင်လည်း နည်းပညာတွေက တစ်နေ့တခြား တိုးတက်လာတယ်။ တိုကျိုမြို့က နှလုံးခွဲစိတ် ကုသဖို့လိုတဲ့ လူနာကို နယူးယောက်ဆေးရုံက နှလုံးခွဲစိတ်ကု ဆရာဝန်ကြီးက ကွန်ပျူတာကတစ်ဆင့် တိုကျိုဆေးရုံ ခွဲစိတ်ခန်းထဲက စက်ရုပ်ကို ညွှန်ကြားစေခိုင်းပြီး ခွဲစိတ်ကုသတဲ့ အဝေးထိန်းခွဲစိတ်မှု (Virtual Surgery)တောင် လုပ်လို့ရနေပြီဖြစ်တယ်။

အပိုင်စီးထားလို့ မရတော့
ကိုယ်နဲ့ဆိုင်တဲ့ သတင်းမီဒီယာ နယ်ပယ်မှာတောင် အခုဆို "လူထု သတင်းသမား"(Citizen Journalist) ဆိုတာတွေ တစ်ပုံကြီး။ သတင်းစာဂျာနယ် လက်ကိုင်ရှိတယ်ဆိုပြီး ခေါင်းတမော့မော့၊ ရင်တကော့ကော့ လုပ်နေလို့ မရတော့ဘူး။ "ခက်ဖွယ်ရယ်ကြုံ၊ လက်နက်ကယ် စုံအညီနဲ့" ဆိုတဲ့ လံကြုပ်သတင်းမျိုးတွေလည်း လွှင့်ချင်တိုင်း လွှင့်လို့မရတော့ဘူး။ တိမ်ကြားမင်းခေါင် ပေါ်ပေါက်လာတယ် ဆိုတာမျိုးနဲ့လည်း လုပ်စားလို့ မရတော့ဘူး။ လက်ဖက်ရည်ဆိုင်ထဲမှာ တွေ့ရသမျှ လူငယ်တိုင်းဟာ "ဘလော့ဂါ" လေးတွေ ဖြစ်ချင်ဖြစ်နေတတ်တယ်။ ဘက်စ်ကားပေါ်မှာ ကိုယ့်နား ကပ်ထိုင်သွားတဲ့ ကောင်မလေးကလည်း  Facebook ကတစ်ဆင့် ဝေဖန်ချက်၊ ထင်မြင်ချက်တွေ မှန်မှန်ရေးနေတဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ရှေးကလို "ခွင်" တစ်ခွင်ကို အပိုင်စီးထားလို့ မရတော့ဘူး။ လူတိုင်းရဲ့ခေတ်၊ ပြည်သူ့ခေတ် ဖြစ်နေပြီ။

ကြက်တူရွေးလို
ဒါကိုရည်စူးပြီး သူရဲကောင်းတို့ခေတ်၊ လူစွမ်းကောင်းတို့ခေတ် ကုန်ဆုံးသွားပြီ။ နိဂုံးချုပ်သွားပြီလို့ ကြွေးကြော်သူများက ကြွေးကြော်နေကြတာ ဖြစ်တယ်။ ဒါပေမဲ့ ခက်တာက အဲဒီ ကြွေးကြော်သူ အများစုဟာ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ ဒဿနရယ်လို့ မယ်မယ်ရရ မရှိတာဘဲ ဖြစ်တယ်။ သူတို့က သူများရေးတဲ့ စာအုပ်တွေဖတ်ပြီး၊ ကြက်တူရွေးလို နှုတ်တိုက်ရွတ်နေကြတာ ဖြစ်တယ်။ ဟိုက နိဂုံးဆိုရင် ဒီမှာလည်း အားလုံးနိဂုံးဆို လိုက်အော်ကြတာပဲ။ အော်တဲ့သူ သုံး-လေးယောက် ဆုံမိပြီဆိုရင်တော့ အားလုံးနိဂုံး၊ နိဂုံးနဲ့ ယိမ်းကနေသလို ဖြစ်နေတော့တယ်၊ လူရယ်စရာကြီးပေါ့။

နောက်လိုက်ကောင်း ဖြစ်အောင်လုပ်
လူစွမ်းကောင်းခေတ် နိဂုံးချုပ်သွားပြီလို့ အော်နေတဲ့ ရပ်ကွက်ကပဲ သမိုင်းကို ပြည်သူတွေက ရေးတယ်ဆိုတဲ့ အယူအဆကို ပြက်ရယ်ပြု ပြောဆိုသံတွေ ထွက်လာတာ တလောလေးက ခပ်သဲ့သဲ့ ကြားလိုက်ရတယ်။ လူထုဆိုတာ အများစုက ခေါင်းဆောင်တွေ ဖောက်တဲ့လမ်းပေါ် တက်လျှောက်ကြတာပဲ ဖြစ်တယ်။ ချာချီလို၊ ရုစဗဲ့လို ခေါင်းဆောင်ကောင်းတွေကြောင့် ဒုတိယကမ္ဘာစစ်ကြီးကို နိုင်အောင်တိုက်နိုင်ခဲ့တာ ဖြစ်တယ်၊ ပညာတတ်ပြီး အမြော်အမြင် ရှိသူတွေကိုသာ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ရမယ်။ လူထုဆိုတာယေဘုယျအားဖြင့် ပညာရည်အဆင့် နိမ့်ကျတယ်။ ခေါင်းမဆောင်နိုင်ဘူး။ ခေါင်းမဆောင်သင့်ဘူးလို့ ဆိုကြပြီး လူထုအနေနဲ့က နောက်လိုက်ကောင်း ဖြစ်အောင်သာ ကြိုးစားသင့်တယ်လို့ ဆုံးမသြ၀ါဒ ပေးကြတယ်။

ခေါမ၊ ရောမခေတ် အယူအဆ
ပညာခေတ် ဆိုတဲ့စကားကို ခုတုံးလုပ်ပြီး ရေပေါ်ဆီလူတန်းစား အခွင့်ထူးခံတစ်စုက သူတို့ရဲ့ရေပေါ်ဆီနေရာကို ကာကွယ်နေကြတာပါ။ သူတို့အယူအဆက ဘာနဲ့တူနေသလဲဆိုတော့ ပညာရှင်တွေကသာ တိုင်းပြည်ကိုအုပ်ချုပ်သင့်တယ်ဆိုတဲ့ ခေါမခေတ်၊ ရောမခေတ်က အယူအဆတွေနဲ့ ထပ်တူထပ်မျှပါပဲ။ နှစ်ဆယ့်တစ်ရာစုခေတ် လူထုဟာ ခေါမ၊ ရောမခေတ်က ကျွန်တွေ မဟုတ်ကြတော့ဘူးဆိုတာ သူတို့မသိကြဘူး။ ရေပေါ်ဆီ (အီလစ်) တွေလိုပဲ အင်တာနက်ခေတ်၊ ပညာခေတ်ကြီးကို ဖြတ်သန်းလာခဲ့ကြတယ် ဆိုတာကိုလည်း နားမလည်ကြဘူး။ လူငယ်ဘလော့ဂါလေးတွေက ဂျာနယ်တိုက်ထဲက အယ်ဒီတာကြီးတွေထက်တောင် နည်းပညာလှိုင်းတွေထဲမှာ ကူးခတ်လှုပ်ရှား နိုင်ကြတယ်။ လှိုင်းလုံးကြီးတွေ ဘယ်လောက်ကြီးကြီး၊ ကောင်းကောင်း စီးနင်းလိုက်ပါ နိုင်ကြတယ်ဆိုတာလည်း မသိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တတွေက ငါမှတစ်ပါး တခြားမရှိဆိုတဲ့ တိမ်သလာတွေဖုံးပြီး အောက်ခြေလွတ်နေကြတာကိုး။

အောက်ခြေလွတ်တော့ လူတွေကိုအထင်သေးတယ်။ နေရာတကာ အပေါ်စီးကကြည့်တယ်။ လူတွေဟာ အသိဥာဏ်ဗဟုသုတ နည်းကြရှာတယ်။ ပညာမဲ့ကြရှာတယ်။ သနားပါတယ်။ ငါမကယ် သေဖွယ်သာ ရှိတော့တယ်လို့ အထင်ရောက်လာတယ်။

နားကလောလွန်း
လူတွေကို အထင်သေးတဲ့စိတ်နဲ့ အတူတူ တစ်ပြိုင်တည်း ပေါ်ထွက်လာတာက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့စိတ် ဖြစ်တယ်။ နေရာတိုင်းမှာ ငါသာသိတယ်။ ငါသာတတ်တယ်။ ငါသာ လုပ်နိုင်တယ်ဆိုပြီး ဘ၀င်မြင့်လာတယ်။ တစ်တိုင်းတစ်ပြည်လုံးက လူတွေကို တပည့်လို့ ယူဆပြီး နေရာတိုင်း ဆရာကြီးလုပ်ချင်တယ်။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ့်မိသားစုတစ်စု လွတ်မြောက်ရေးအတွက် ပြည်ပနိုင်ငံတွေမှာ နေကြတဲ့ မြန်မာတချို့က ပိုဆိုးသေးတယ်။ သူတို့မှ ပညာရှင်၊ သူတို့မှ ဒီမိုကရေစီသူရဲကောင်း။ ဟိုရောက်မှ လက်ပူတိုက်ပေးတဲ့ သင်တန်းတွေတက်၊ ဒီမိုကရေစီ သမ္မာကျမ်းတွေ အာဂုံဆောင်ပြီး ကြက်တူရွေးပညာရှင် လုပ်နေကြတာ နားကလောလွန်းလှတယ်။

ကြောက်လို့ထွက်ပြေးတာ ဘယ်သူလဲ
ကိုယ့်အကြောင်းနဲ့ကိုယ် နိုင်ငံခြားသွားနေကြတာ နေပါ။ ဘာမှ ပြောစရာမရှိပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်။ ကိုယ့်စီးပွား ကိုယ်ရှာပြီး အေးအေးနေကြပါ။ အထဲက လူတွေကို အတုံးအအတွေလို့ သဘောထားပြီး ဒီမိုကရေစီ ဂုရုကြီးတွေ မလုပ်ကြပါနဲ့။ အထဲကလူတွေ ကြောက်နေကြတယ် ဆိုတဲ့စကားတော့ ယောင်လို့တောင် မပြောပါနဲ့။ ကြောက်လို့ထွက်ပြေးတာ ဘယ်သူတွေလဲဆိုတာ တစ်နိုင်ငံလုံး သိကြပါတယ်။ အင်တာနက်ခေတ်၊ ဂလိုဘယ်ခေတ်နဲ့ ပါးစပ်က အမြှုပ်ထွက်အောင် အော်နေကြပေမယ့် အင်တာနက်ရဲ့ အစွမ်းကိုတော့ ဘာမှသေချာရေရာ သိကြတာ မဟုတ်ပါဘူး။ ဒါကြောင့် ဂုရုကြီး လုပ်နေကြတာ။

ဖြီးတာကို ဖြီးမှန်းသိ
အင်တာနက်ကို မြန်မာလူငယ်တွေ ကောင်းကောင်း အသုံးချတတ်ပါတယ်။ အင်္ဂလန်က၊ အမေရိကန်က၊ သြစတြေးလျက၊ စင်ကာပူက ကွန်ပျူတာမဟာဘွဲ့ရတဲ့ လူငယ်တွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ အင်တာနက်ကို အသုံးချပြီး ကိုယ်လိုချင်တဲ့ ပညာရပ်မျိုးစုံကို လေ့လာနေကြပါတယ်။ လူတွေဟာ အထူးသဖြင့် လူငယ်တွေဟာ မတုံး မအ ကြတော့ဘူး။ ဖြီးတာကို ဖြီးမှန်းသိတယ်။ လိမ်တာကို လိမ်မှန်းသိတယ်။ ဘယ်သူတွေဟာ ခြံစည်းရိုးပေါ် ခွထိုင်ပြီး နှစ်ဖက်စလုံးက ပေးစာကမ်းစာကို စားသောက်နေကြတာလဲ ဆိုတာလည်း သိတယ်။ ဘယ်သူတွေ နှစ်ဖက်ချွန် လုပ်နေတာလဲ ဆိုတာလည်းသိတယ်။ ဒီခေတ်က (Citizen Journalist) လူထုသတင်းသမားခေတ်လေ။ လူတွေကြားမှာ သတင်းတွေဟာ မရပ်မနား အစုန်အဆန် စီးဆင်းနေကြပါတယ်။

ကွန်ယက်ထဲမှာ သိန်းချီရှိ
သတင်းကို စီအင်န်အင်န် တစ်ခုတည်းက ဖန်တီးတဲ့ခေတ် ကုန်ဆုံးသွားပြီ။ အယ်လ်ဂျာဇီးရား (aljazeera) လည်း ပေါ်နေပြီ။ ၀က်ဘ်ဆိုက်တွေနဲ့ ဘလော့ဂ်တွေလည်း ကွန်ရက်ထဲမှာ သိန်းနဲ့ချီ ရှိနေကြပြီ။ အမေရိကမှာနေမှ နယူးယောက်တိုင်း ဖတ်နိုင်တဲ့ခေတ် နိဂုံးချုပ်သွားပြီ။ ဂျက်(ကွမ်းခြံကုန်း) ရဲ့ ၀ါးဘလောက်သောက်ကလည်း နယူးယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်၊ ကြိုက်တဲ့သတင်းစာ ရွေးဖတ်နိုင်တဲ့ခေတ် ရောက်နေပြီ။ ဒီခေတ်ဟာ လူစွမ်းများခေတ်၊ သူရဲကောင်းများခေတ် မဟုတ်တော့သလို ခေတ်ပျက် ဂုရုတွေရဲ့ခေတ်လည်း မဟုတ်တော့ဘူး။ အင်တာနက်က ကမ္ဘာကြီးတစ်ခုလုံးကို လူထုခေတ်အဖြစ် ပြောင်းပစ်လိုက်ပြီ။

ဗိုလ်ချုပ်က သမိုင်းဖန်တီးတာလား
ဒါကို နားမလည်ဘဲနဲ့ သမိုင်းဆိုတာ ချာချီလို၊ ရုစဗဲ့လို ခေါင်းဆောင်ကြီးတွေက ဖန်တီးတာ။ လူထုဆိုတာ နောက်လိုက်တွေ သက်သက်ပဲလို့ ပြောနေကြတာ ဖြစ်တယ်။ ဒီဂုရုတွေက ဗိုလ်ချုပ်အောင်ဆန်းလို၊ သခင်ဖိုးလှကြီးလို၊ ဆရာစံလို ပုဂ္ဂိုလ်တွေကို လက်ညှိုးထိုးပြလေ့ ရှိတယ်။ ရေနံမြေသပိတ်ကြီးကို သခင်ဖိုးလှကြီးက ဖန်တီးသယောင် ပြောဆိုကြတယ်။ တကယ်က ရေနံမြေသပိတ်ကြီးက သခင်ဖိုးလှကြီးဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ကို မွေးထုတ်ခဲ့တာ ဖြစ်တယ်။ တို့ဗမာ အစည်းအရုံးကြီးကို သခင်အောင်ဆန်းက မွေးထုတ်လိုက်တာ မဟုတ်ဘူး။ တို့ဗမာအစည်းအရုံးကြီးက ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်းကို မျိုးချစ်နိုင်ငံရေးသမား တစ်ယောက်ဖြစ်အောင် ဖန်တီးပေးလိုက်တာ ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်းရယ်လို့ ဖြစ်လာအောင်လည်း ၁၉၃၆ ကျောင်းသားသပိတ်ကြီးက မွေးထုတ်လိုက်တာ ဖြစ်တယ်။ အလားတူပဲ ဂျဒ်ဆင်ကောလိပ် ကျောင်းသားလေး မောင်အောင်ကျော်ကိုလည်း အာဇာနည် ဗိုလ်အောင်ကျော်ဖြစ်အောင် ကျောင်းသားလှုပ်ရှားမှုကြီးက မွေးထုတ်ခဲ့တာ ဖြစ်တယ်။ မောင်အောင်ဆန်း၊ မောင်အောင်ကျော်တို့က ကျောင်းသားလှုပ်ရှားမှုကြီးကို မွေးထုတ်လိုက်တာ မဟုတ်ဘူး။

သခင်အဖွဲ့ စတင်တည်ထောင်သူ
တို့ဗမာ အစည်းအရုံးကြီးကို စတင်တည်ထောင်ပြီး "သခင်" ဆိုတဲ့ အမည်ကို စပြီးသုံးခဲ့သူက စာရေးဆရာကြီး သခင်ဘသောင်းဆိုတဲ့ လူတော်ကြီး တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ သူတို့ဟာ တို့ဗမာအစည်းအရုံးကြီးနဲ့ ကင်းကွာသွားပြီး လွတ်လပ်ရေး တိုက်ပွဲတွေနဲ့လည်း အဆက်ပြတ်သွားခဲ့တယ်။ တိုက်ပွဲနဲ့ အဆက်ပြတ်သွားတာနဲ့ လူထုနဲ့လည်း အလှမ်းကွာဝေးသွားခဲ့တယ်။ ၁၉၆၀ခုနှစ် အိမ်စောင့်အစိုးရခေတ် တည်မြဲ-သန့်ရှင်းတို့ ယှဉ်ပြိုင်ကြတဲ့ ရွေးကောက်ပွဲမှာ သူဟာ နတ်မောက်မဲဆန္ဒနယ် တစ်သီးပုဂ္ဂလ အမတ်လောင်းအဖြစ် ၀င်ရောက်အရွေးခံရာမှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးမဲ အရေအတွက်တောင် မရလိုက်ပါဘူး။ အဲဒါကြောင့် တင်ထားတဲ့ အာမခံကြေးတောင် ပြန်မရတော့ဘဲ အဆုံးခံလိုက်ရပါတယ်။

အထင်အရှား သိနိုင်တယ်
သခင်ဘသောင်းဆိုတာ အင်မတန် ထူးချွန်ထက်မြက်တဲ့ စာရေးဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးသမိုင်းကို မဖန်တီးနိုင်ရုံသာမက သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးကိုတောင် သူ့စိတ်ကြိုက် မဖန်တီးနိုင်ခဲ့ပါဘူး။ ထူးချွန်တဲ့ ခေါင်းဆောင်တွေက သမိုင်းကို ဖန်တီးတာလား၊ သမိုင်းက ခေါင်းဆောင်တွေကို မွေးထုတ်ပေးလိုက်တာလား ဆိုတဲ့အချက်ကို ကိုအောင်ဆန်း၊ ကိုအောင်ကျော်တို့နဲ့ ဆရာသခင်ဘသောင်းရဲ့ ဖြစ်ကြောင်းကုန်စင်ကို လေ့လာလိုက်ရုံနဲ့ အထင်အရှား သိနိုင်ပါတယ်။ ဒါနဲ့တောင် မက်ထရိုပိုလစ်တန် အီလစ်တွေက မသိဘူးဆိုတာတော့ ထူးဆန်းမနေဘူးလား။

အပေါ်လွှာကိုပဲ နီးစပ်အောင်
အသေအချာ သုံးသပ်ကြည့်ရင်တော့ မထူးဆန်းဘူးဆိုတာ သိနိုင်တယ်။ သဘာဝကျစွာ ဖြစ်ပေါ်လာတာပါပဲ။ အဲဒီမြို့ကြီးသားလူလည် ရေပေါ်ဆီ အီလစ်တွေဆိုတာက ခေတ်တိုင်းခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာပဲ ဝေ့၀ဲနေခဲ့ကြတယ်။ ဘယ်လွတ်လပ်ရေး တိုက်ပွဲစဉ်တွေမှာမှ ပါဝင်ခဲ့ဖူးခြင်း မရှိပါဘူး။ အပေါ်ယံလွှာမှာပဲ ဝေ့၀ဲနေသူတွေ ဖြစ်တာကြောင့် အောက်ခြေလူထု လူတန်းစားတွေနဲ့လည်း တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းပမာ အလှမ်းကွာဝေးပါတယ်။ လူထုကို အထင်သေးပြီး ဘယ်တော့မှ နီးစပ်အောင် မကြိုးစားပါဘူး။ အောက်ခြေအစား အပေါ်လွှာကိုပဲ နီးစပ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပြီး ရေပေါ်ဆီ လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ရယ်စရာ ဖြစ်မနေဘူးလား
အဲဒီလို ရေပေါ်ဆီလူတန်းစားတွေကပဲ သမိုင်းကို ပြည်သူလူထုအများက ဖန်တီးတာဆိုတဲ့ အယူအဆကို ပြက်ရယ်ပြုခဲ့ကြတာ ဖြစ်တယ်။ ပညာရှင်တွေကသာ တိုင်းပြည်ကို အုပ်ချုပ်ပြီး လူထုတွေကတော့ နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားကြဖို့ လိုတယ်လို့ ပါးစပ်က အမြှုပ်တစီစီထွက်အောင် အော်ဟစ်နေကြတာဖြစ်တယ်။ ဂလိုဘယ်အင်တာနက်ခေတ်၊ လူထုသတင်းသမားများရဲ့ ခေတ်မှာတောင် လူစွမ်းကောင်း ခေါင်းဆောင်ကောင်းတွေက သမိုင်းကို ဖန်တီးတယ်လို့ ပြောနေတာကတော့ ရယ်စရာဖြစ်မနေဘူးလား။

စိတ်ချမ်းသာမင်္ဂလာ (၈)ပါးဆေး (၂၁ ရာစုအတွက် ကျန်းမာရေးလက်ဆောင်)


(၁) မေတ္တာကရုဏာစိတ် - (၁) ကျပ်သား။
လောကကို မေတ္တာကရုဏာစိတ် အပြည့်ရှိရပါမယ်။ တစ်စုံတစ်ယောက်ဟာ လောကကို မေတ္တာကရုဏာ မထားနိုင်ရင်၊ လူမဖြစ်နိုင်ပါဘူး။

(၂) စိတ်ကောင်းစေတနာ - (၂) ကျပ်သား။
စိတ်ကောင်းစေတနာနဲ့ သူတစ်ပါးကို ကူညီရပါမယ်။

(၃) မှန်ကန်တဲ့စိတ်ထား - (၃) ကျပ်သား။
လူတိုင်းလူတိုင်း စိတ်ဓာတ်မှန်ကန်ဖို့ လိုပါတယ်။

(၄) သည်းခံသက်ညှာစိတ် - (၄) ကျပ်သား။
သည်းခံသက်ညှာတတ်ခြင်းဟာ စိတ်ဓာတ်မှန်ထက် ပိုကဲရပါမယ်။ ဘာကြောင့်လည်းဆိုတော့ လူတိုင်းဟာ သူတော်စင်မှ မဟုတ်ပေပဲကိုး။ လူတွေဟာ လောဘသားတွေ အများကြီး။ ကိုယ်က သဘောထားမကြီးလို့ မဖြစ်ဘူး။ သူတစ်ပါးကိုလည်း သက်ညှာရမယ်။

(၅) မိဘကို ရိုသေစိတ်
ဘယ်နှကျပ်သားထည့်ထည့် များလေကောင်းလေ။ သားသမီးဝတ် ကျေပွန်ရမယ်။ မိဘကို ရိုသေရမယ်။ ကျွန်တော်တို့ "သက်ကြီးများရဲ့ ဇိမ်ကျမှု အဆင့်ကို သုတေသနပြုရာမှာ တွေ့ရှိတဲ့ အရေးအကြီးဆုံး အချက်ကတော့ ငွေကြေးတို့ ရာထူးဂုဏ်သိန်တို့ မဟုတ်ပါဘူး။ ရိုသေကိုင်းရှိုင်း သိတတ်တဲ့ သားသမီးတစ်ဦးဦး အနားမှာရှိရင် ဘိုးဘွားတိုင်း စိတ်ချမ်းမြေ့ ပျော်ရွှင်ရတာချည်းပဲ။ ဒီအချက် အရေးအကြီးဆုံးပါပဲ။ မသိတတ်တဲ့ သားသမီးကျပြန်တော့လည်း ဘယ်နှယောက်ရှိရှိ အလကားပဲ။ ရိုသေကိုင်းရှိုင်းခြင်းနဲ့ ပတ်သက်လို့ သာဓကတစ်ခု ပြပါရစေ။ တစ်ခါမှာတော့ ဟောင်ကောင်က မန်နေဂျာကြီးတစ်ယောက်နဲ့ ဆုံမိတော့ ကျွန်တော်က မေးပါတယ်။ သူတို့အနေနဲ့ ၀န်ထမ်းတွေကို ဘယ်လိုရွေးချယ်သလဲပေါ့။ ကျွန်တော်ထင်ထားတာက နိုင်ငံခြားဘာသာစကား ကျွမ်းကျင်ရမယ်။ ကွန်ပျူတာ ကျွမ်းကျင်ရမယ်ပေါ့။ မဟုတ်ဘူးခင်ဗျာ။ သူ့အဖြေက "ကျွန်တော် အရေးတကြီး အဓိကထားတာက "မိဘကိုရိုသေခြင်း" ရှိမရှိဆိုတဲ့ စံနဲ့ တိုင်းတာရွေးချယ်တယ်။ ကိုယ့်မိဘကိုတောင် ကိုယ်မရိုသေတဲ့သူက တခြားသူတွေအပေါ် ကောင်းနိုင်ပါ့မလား။ မုချ - ဒီလူဟာ မထီမဲ့မြင် လုပ်တတ်တဲ့ လူစားမျိုး။ ကိုယ့်အဖေ ကိုယ့်အမေောတင်မှ မရိုသေတတ်တဲ့ဟာ။ ဒါကြောင့် ၀န်ထမ်းရွေးချယ်တဲ့အခါ - ဦးဆုံးကြည့်တာက မိဘကို ရိုသေခြင်း ရှိ-မရှိဆိုတဲ့ အချက်ကိုပါပဲ။ မိဘကို ရိုသေ၊ သားသမီးဝတ်ကျေတဲ့ လူတိုင်းဟာ လူကောင်းပဲ ဖြစ်ရမယ်။ သူဟာ ကိုယ်ကျင့်သိက္ခာ ပျက်ပြားတဲ့ အုလပ်ကို သူ မလုပ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ မိဘကို ရိုသေတယ်။ သူလူကောင်းပဲ" တဲ့။ မိဘကို ရိုသေကိုင်းရှိုင်းခြင်းဆိုတာ အရှေ့တိုင်းရဲက ချစ်စရာကောင်းတဲ့ လှပတဲ့ ကိုယ်ကျင့်တရားပါပဲ။

(၆) ရိုးသားဖြောင့်မတ်စိတ် - အသင့်အတင့်
လူဟာ ရိုးလွန်းအားကြီးလည်း မဖြစ်ဘူး။ ရိုးလွန်းတော့ နုံအ,ရာ ရောက်တယ်။ မဖြစ်ဘူး။ မရိုးဖြောင့်ပြန်ရင်လည်း မဖြစ်ဘူး။

(၇) လူ့အဖွဲ့အစည်းကို ပေးဆပ်လိုစိတ် (လောကကို အကျိုးပြုလိုစိတ်)
ပေးဆပ်အကျိုးပြုလေ ကောင်းလေပါ။ ဒီဆေးမယ် ဘယ်လောက်ထည့်ထည့် ကိစ္စမရှိဘူး။

(၈) ကျေးဇူးတုံ့ပြန်ခြင်းကို မမျှော်လင့်တဲ့စိတ်

အဲဒီဆေး (၈)မယ်ကို "ပေါ့ပါးတဲ့ စိတ်ဒယ်အိုး" ထဲ ထည့်ပြီး မီးမျှင်းမျှင်းနဲ့ ဖြည်းဖြည်းချင်းလှော်။ မတူးမခြစ်အောင် လှော်။ ကျေညက်အောင် တွေးခေါ်စဉ်းစား။ ပြီးတော့မှ "တရားမျှတခြင်း - ဆုံ" ထဲမှာ ထည့်ထောင်း။ မှုန့်မှုန့်ညက်ညက်ဖြစ်အောင် ထောင်း။ ကျေညက်လေ ပိုကောင်းလေ။ "အတန်တန် စဉ်းစားခြင်းဆေးမှုန့်" ကို ရမယ်။ "ပကာသနကင်းခြင်း-ဂုဏ်သတ္တိ" ရှိတယ်။ လူဟာ အလုပ်မလုပ်မီ အတန်တန် စဉ်းစားတတ်ကြတယ် မဟုတ်လား။ ပကာသနကင်းပြီး တည်တည်ငြိမ်ငြိမ် ရှိတာ ပိုကောင်းတယ် မဟုတ်လား။ ဒီဆေးမှုန့် ကွမ်းသီးလုံးခန့်ကို "ဖော်ရွေမှု-အရည်" နဲ့ တစ်နေ့ (၂)ကြိမ် သောက်။ သာယာတဲ့ မနက်ခင်းမှာ တစ်ကြိမ်၊ လှပတဲ့ ညနေခင်းမှာ တစ်ကြိမ်သောက်။ စိတ်ဝိညာဉ်ကို သန့်ရှင်းစေတယ်။ စေ့စပ်သေချာစေတယ်။ ဘ၀မှာ အရသာရှိရှိ နေရမယ်။ အသက်ရှည်ရှည် နေရမယ်။ ရောဂါရှင်း ဘေးကင်းစေမယ်။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


နိုင်ငံခြားငွေ ယိုပေါက်တွေပဲ
အကျင့်စာရိတ္တတွေက အတော်ကို ယိုယွင်းလာကုန်ကြပြီ။ ဘုန်းကြီးတွေဘက်ကရော လူတွေဘက်ရော နှစ်ဖက်စလုံးပဲ။ တတ်နိုင် တတ်နိုင်သလို ငွေကို စာရိတ္တ ယိုယွင်းတဲ့ဘက်မှာ အသုံးချကြသတဲ့။ အမျိုးသမီးတွေဘက်ကို ကြည့်လိုက်ကြပါဦး၊ အအိုရော အပျိုရော ခွဲခြားမရအောင် ၀တ်လိုက်ကြတာ၊ အလှပြင်လိုက်ကြတာ၊ သူတို့တွေ လှချင်ကြသလောက် နိုင်ငံခြားငွေ ယိုပေါက်တွေပဲ။

ထိုင်ပြီး ဆုတောင်းလို့ရမလား
လူတွေက ကျင့်တော့ မကျင့်ချင်ဘဲနဲ့ နိဗ္ဗာန်ကျတော့ "ရလိုရပါ၏" လို့ ဆုတောင်းနေကြတယ်။ ကျင့်စဉ်လမ်းမှ မရှိဘဲနဲ့ မှန်းပြီး ဆုတောင်းနေလို့ အချောင်လိုချင်ရာ ရောက်သွားမှာပေါ့။ မဂ္ဂင်ရှစ်ပါး ဉာဏ်စဉ်ဆယ်ပါး လမ်းစဉ်အတိုင်း သွားကြရမှာ။ နေကြ ထိုင်ကြတဲ့အခါမှာတော့ ပေါ့ပေါ့နေ၊ ပေါ့ပေါ့သွား၊ ပေါ့ပေါ့စားပြီးတော့ လိုချင်တဲ့အခါကျမှ ထိုင်ပြီး ဆုတောင်းလို့ ရမလား။ သူဌေးဖြစ်ချင်တဲ့သူဟာ ထိုင်ပြီး ဆုတောင်းနေရုံနဲ့ မရ၊ ကိုယ်တိုင်လက်တွေ့ အလုပ်လုပ်မှ ဖြစ်ချင်ရာ ဖြစ်ရသလိုပေါ့။

ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး
လောကမှာ ကဲ့ရဲ့သူဆိုတာ စကားမပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။ နှိုင်းနှိုင်းချိန်ချိန် တိုင်းတိုင်းဆဆ ပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။ စကားတွေ သိပ်ပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။ တကယ်တော့ ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး။
ဒီတော့ ကဲ့ရဲ့မှာကို တွေးကြောက်မနေနဲ့။ ကိုယ်ကသာ အလုပ်မှန်ကန်နေပေ့စေ။ ကြောက်စရာမလို၊ စိတ်အား သေးနုပ်တဲ့သူတွေဆိုတာ ကဲ့ရဲ့တတ်စမြဲပဲ။ အဲဒါမျိုးကိုပြောတာ။ "လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်းလည်း၊ လူကောင်းတစ်ယောက် ချီးမွမ်းပျောက်၏"။ လူကောင်းတစ်ယောက် ချီးမွမ်းမှုကိုသာ အရေးစိုက်ပါ။

ဓမ္မပဒဂါထာ (၈၆)


ယေ စ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနော။
တေ ဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ။

နာပြီး ကျင့်မှ နိဗ္ဗာန်ရ
မြတ်စွာဘုရား ကောင်းစွာသေချာဟောထားတဲ့
တရားဒေသနာတွေကို
ကောင်းစွာနာကြားပြီး
အဲဒီတရားနဲ့အညီ
သေချာကျင့်ကြံတဲ့သူတွေသာ
ကူးမြောက်နိုင်ဖို့ ခဲ့ယဉ်းတဲ့
သေမင်းရဲ့နေရာ
သံသရာဒီဘက်ကမ်းကို
ကူးမြောက်ကျော်လွန်ပြီး
နိဗ္ဗာန်တည်းဟူသော
တစ်ဖက်ကမ်းကို
ဆိုက်ရောက်နိုင်ကြပါတယ်။

Monday, October 04, 2010

ကိုဉာဏ် မှတ်စုများ (၄၊ အောက်တိုဘာ၊ ၂၀၁၀)


မှတ်စု (၁)
ဆောင်းပါးအမည် - ကျွန်တော်နှင့် လိုသောရေ (အယ်ဒီတာ့စကား)
ရေးသူ - ညိုထွန်းလူ၊ အယ်ဒီတာချုပ်
နေရာ - မန္တလေးအရုဏ်ဦးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၃၈၊ ၂၉-၉-၂၀၁၀၊ စာမျက်နှာ-၄၊ ၂၅
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
လျှပ်စစ်မီးနှင့် ရေမီတာမှ ရေလာသည့်အချိန်နှစ်ခု တိုက်ဆိုင်ဖို့အရေးသည် လူ့ပြည်မှ အပ်ဖျားနှင့် နတ်ပြည်မှ အပ်ဖျားချင်းထိဖို့ အခွင့်အရေးထက် ပိုမိုခက်ခဲလှသည့် ကံကောင်းမှုဖြစ်သည်ဟူ၍ ဆိုလိုက်လျှင် လွန်ရာကျလေမလား မသိ။

ကျွန်တော်တို့နိုင်ငံတွင် ရန်ကုန်နှင့် မန္တလေးလို လူဦးရေတိုးတက်များပြားလာသည့် နေရာများတွင် ရေသုံးစွဲမှုနှုန်းထား အခြေအနေနှင့် အနာဂတ်ကို ကြိုတင်စဉ်းစားကြရတော့မည် ဆိုသည့်အကြောင်းပင် ဖြစ်သည်။

လွန်ခဲ့သည့် ၃ နှစ်လောက်က သတင်းဆောင်းပါးတစ်ပုဒ်တွင် နိုင်ငံအစိုးရများအနေဖြင့် ရေအရင်းအမြစ်ကို အမျိုးသားလုံခြုံရေး ကိစ္စအဖြစ် ရှုမြင်ဖို့ တိုက်တွန်းကြောင်း၊ မကြာခင်မှာ ကမ္ဘာကြီးဟာ ရေချိုအကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဟု ပညာရှင်များက သတိပေးထားသည့်အကြောင်းကို ဖတ်လိုက်ရသေးသည်။

ပညာရှင်များကတော့ ကမ္ဘာပေါ်မှာ အချို့မြစ်တွေ မျိုးတုံးပျောက်ကွယ်သွားနိုင်၍ မည်သို့ ကာကွယ်ကြမည်နည်းဟု သတိပေး ဆွေးနွေးထားကြသည်။ မျိုးတုန်းပျောက်ကွယ်သွားနိုင်သည့် မြစ်များတွင် အာရှက ယန်စီ၊ ဂင်္ဂါ၊ အိန္ဒု၊ ဗြဟ္မပုတ္တမြစ်များအပြင် ဧရာဝတီမြစ်လည်း ထိုစာရင်းထဲမှာ ပါဝင်လျက်ရှိသည်။

လူဦးရေ များပြားလွန်းသည့်အချိန် ဧရာဝတီမြစ်၏ ကျန်းမာရေး ဖောက်သွားပါက ကြီးမားသော အခက်အခဲဖြင့် ကြုံတွေ့နိုင်ပါသည်။

သဘာဝ၏ သယံဇာတတွေကလည်း သူ့အတိုင်းအတာ အကန့်အသတ်နှင့်သူ ရှိသည်။ ဗုံးဗောလအော သုံးချင်တိုင်းသုံး၍ မရ၊ ယခု ရရှိနေသည့် ရေသယံဇာတတွေကလည်း ရာသီဥတု ဖောက်ပြန်သွားလျှင် လိုသလောက် ရမှာမဟုတ်တော့ပေ။ သည်တော့ ရေသယံဇာတတွေ ရှိနေဖို့အရေးအတွက် မြစ်တွေ၊ ချောင်းတွေနှင့် အင်းအိုင်များ၊ ကန်များ၏ ကျန်းမာရေးကောင်းမှ ဖြစ်ချိမ့်မည်။ ကျန်းမာရေးကောင်းအောင်လည်း စောင့်ရှောက်ကြရပါမည်။

flowerline.gif

မှတ်စု (၂)
ဆောင်းပါးအမည် - အမည်မဖော်လိုသူ ကိုစိုးမြင့်နှင့် ၇ ရက် သားသမီးများသို့
ရေးသူ - မောင်သာချို
နေရာ - 7Day News ဂျာနယ်၊ အတွဲ-၉၊ အမှတ်-၂၈၊ စက်တင်ဘာ ၃၀၊ ၂၀၁၀၊ စာမျက်နှာ-၃၀
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကမ္ဘာကျော် ရုပ်ရှင်မင်းသား ကွန်ဖူးစတား ဂျက်လီ၏ စကားတစ်ခွန်းကိုပဲ ထပ်မံကိုးကားပါရစေ။ If everyone gives one yuan every month, it will add up to billions. တဲ့။ တစ်လကို တစ်ယွမ်ပဲ လူတစ်ယောက်စီကထည့်၊ သန်းထောင်ပေါင်းများစွာ ဖြစ်သွားမှာတဲ့။ ကျွန်တော်တို့ကရော။ တစ်လငွေတစ်ထောင် သိပ်မခက်သူတွေ တော်တော်များများ ရှိပါသည်။ မေတ္တာချင်းဆက်ပြီး ၀န်းရံလိုက်လျှင် လူတော်တော်များများကို ပညာသင်ပေးနိုင်၊ လူတော်တော်များများကို စားဝတ်နေရေး ဖြေရှင်းပေးနိုင်၊ လူတော်တော်များများကို မျက်ရည်သုတ်ပေးနိုင်မည်ဆိုတာက ဧကန်မုချ ဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ ဘာကြောင့် မဆက်စပ်မိကြသေးတာတဲ့လဲ။ ငွေတစ်ထောင်က မခက်၊ ဆက်စပ်မိဖို့က ခက်နေပုံရပါသည်။
flowerline.gif

မှတ်စု (၃)
ဆောင်းပါးအမည် - ရွေးချယ်ခွင့်ပါဝါကို ကိုင်ထားသူများ
ရေးသူ - မောင်ဝံသ
နေရာ - ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၃၊ ၃၀ စက်တင်ဘာ ၂၀၁၀၊ စာမျက်နှာ-၃
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဟိုး အတော်ကြာကြာတုန်းက သဘောကျခဲ့ဖူးတဲ့ ကာတွန်းတစ်ကွက်ကို ပြန်သတိရမိတယ်။ အင်မတန် ဆင်းရဲလွန်းလို့ ထမင်းဖိုးတောင် ပြည့်စုံမှုမရှိတဲ့ လူတစ်ယောက်ဟာ လမ်းလျှောက်လာရင်း သူတောင်းစားက သူ့ဆီက တောင်းတာနဲ့ ကြုံရတယ်လေ။ "အစ်ကိုကြီးရယ်၊ ထမင်းဖိုးလေး တစ်ပြားတစ်ချပ်လောက် စွန့်ကြဲတော်မူပါ" ဆိုတော့ အဲဒီလူဆင်းရဲဟာ အများကြီး အားရှိသွားသတဲ့။ "အောင်မာ... ငါဟာ ခေတဲ့လူ မဟုတ်ဘူး။ ငါဟာ အတောင်းခံရသူပေပဲ၊ ငါပေးနိုင်သလောက်တော့ ပေးလိုက်မှ အတောင်းခံရတဲ့ အဆင့်အတန်းရှိသူ ဖြစ်တော့မပေါ့" လို့ စဉ်းစားကာ သူ့အိတ်ကပ်ထဲ နောက်ဆုံးလက်ကျန် ပိုက်ဆံတစ်မတ်ကို ပေးလှူလိုက်ပါသတဲ့။

ရွေးကောက်ပွဲမှာ မဲပေးတာကျတော့ အဲဒီဥပမာထက် မြင့်တယ်။ ကိုယ်စားလှယ်လောင်းတွေဟာ အလုပ်လျှောက်ထားပြီး အင်တာဗျူး လာဖြေသူတွေနဲ့ တူတယ်။ မဲပေးခွင့်ရှိသူတွေက ဘာနဲ့တူသလဲဆိုတော့ အင်တာဗျူးဖြေသူများရဲ့ အရည်အချင်းကို စစ်ဆေးပြီး ရွေးခြင်း ပယ်ခြင်း ဆုံးဖြတ်ရတဲ့ ဒါရိုက်တာအဖွဲ့ဝင် လူကြီးတွေနဲ့ တူတယ်။

အဲဒီသဘောကို မသိနားမလည်တဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ ခုချိန်ထိ မဲဆန္ဒရှင်တွေကို သဟောက်သဟန်း လုပ်ချင်တုန်းပဲတဲ့ဗျ။ တချို့နေရာတွေက ကြားရတဲ့ သတင်းတွေက တယ်မဟန်ဘူး။ ခုခေတ်မှာ ခြောက်တိုင်း မကြောက်၊ မြှောက်တိုင်းလည်း မမြောက်သူတွေ အများကြီး ရှိနေပြီဆိုတာ လက်တွေ့ကြုံမှ သူတို့ သိသွားမှာ ဖြစ်တယ်ဗျ။
flowerline.gif

မှတ်စု (၄)
ဆောင်းပါးခေါင်းစဉ် - ဗိုလ်ချုပ်ပြောသည့် နိုင်ငံရေးသမားဟူသည်
ရေးသူ - M-015
စာကိုး - (၂၇၊ ၂၊ ၇၁)၊ ရွှေတူဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၁) မှ
နေရာ - မော်နီတာဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၉၊ ၁၂-၉-၂၀၁၀၊ စာမျက်နှာ-၁၁
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
(ဂျပန်ပြည်တွင် ရဲဘော်သုံးကျိပ် စစ်ပညာစတင်သင်ခိုက် တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လရောင်နှင့် ဗိုလ်မင်းခေါင်တို့ တွေ့ဆုံစကားပြောကြစဉ်)
ဗိုလ်မင်းခေါင်မှ "နိုင်ငံရေးဆိုတာ ဘာလဲ" ဟု ၀င်ထောက်မေးလိုက်ရာ ဗိုလ်ချုပ်က "လူတိုင်းကတော့ တိုင်းရေးပြည်ရေးကိုသာ နိုင်ငံရေးလို့ တွက်ထားကြတယ်။ အမှန်ကတော့ ကိုယ့်ဘ၀ ရပ်တည်ရေးကစပြီး ကိုယ့်အိမ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်မကြီးတစ်ခုလုံးရဲ့ လူမှုရေးကိစ္စပဲ။ နိုင်ငံရေးစကားနဲ့ပြောရင်တော့ လူတွေ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု အားလုံးဟာ နိုင်ငံရေးပေါ့ကွ" ဟု ရှင်းပြပြီး ဆက်လက်၍ နိုင်ငံရေးသမားဟူသည် ဆိုသည့်အကြောင်းအရာကို အခုလို ရှင်းပြခဲ့သည်။
၁။ တိုင်းပြည်ကျရောက်နေတဲ့ဘေးကို တကယ်စွန့်စားပြီး ကယ်တင်ချင်တဲ့စိတ်ဓာတ်မျိုး အမြဲရှိရမယ်။
၂။ အလုပ်လုပ်ကိုင်တဲ့နေရာမှာ ရိုးသားမှု အပြည့်အ၀ ရှိရမယ်။
၃။ စွန့်စားရမယ့်နေရာမှာလည်း ဇွဲသတ္တိနဲ့ပြည့်စုံပြီး ကိုယ်ကျိုးစွန့်၊ အသက်ကိုစွန့်ရဲတဲ့ စိတ်မျိုးလည်း မွေးတတ်ရမယ်။
၎။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲ အမှန်လို့ မယူဆတဲ့ စိတ်ထားမျိုး မွေးတတ်ရမယ်။
၅။ ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ မျိုးချစ်စိတ်လည်း ရှိရမယ်။

အရေးအကြီးဆုံးကတော့ အဲဒီ (၅)ချက်ပဲ။ ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံကတော့ လုပ်ရင်းကိုင်ရင်း လေ့လာရင်းနဲ့ ရနိုင်ပါတယ်ဟု အဆုံးသတ် ပြောကြားခဲ့သည်။
flowerline.gif

မှတ်စု (၅)
ဆောင်းပါးအမည် - လူငယ်နိုင်ငံရေးနှင့် ကိုယ်ကျင့်သီလ
ရေးသူ - မောင်ဝံသ
နေရာ - ပေါ်ပြူလာနယူးစ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၃၈၊ စက်တင်ဘာ ၃၀၊ ၂၀၁၀၊ စာမျက်နှာ-Supplement C
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
စေတနာသန့်သန့်နဲ့ပဲ ပြောရမယ်ဆိုရင် ဒီနေ့ခေတ် လူငယ်အတော်များများဟာ ရည်မှန်းချက်ပန်းတိုင်ရယ်လို့ မည်မည်ရရမရှိ၊ ကိုယ်ဘယ်လမ်းကို လျှောက်နေတယ်ဆိုတာလည်း ရေရေရာရာ မသိဘဲ အချိန်တွေ ကုန်နေကြတယ်လို့ ပြောချင်တယ်ဗျာ။

ရည်မှန်းချက်ပန်းတိုင်ဆိုတာ ဘာဖြစ်ချင်သလဲ၊ တစ်ခုခုဖြစ်အောင် လုပ်ဖို့ ဦးတည်ချက်ထားရှိတာကို ပြောတာပါ။ ကျွန်တော်မေးကြည့်တဲ့ လူငယ်တချို့ဟာ မင်း ဘာလုပ်ချင်သလဲလို့ မေးရင်တောင် ချက်ချင်းဖြေဖို့ အဖြေမရှိဘူးဗျ။

တိုင်းပြည်တိုးတက်ရေးမှာ တိုင်းသူပြည်သားတွေရဲ့ ကိုယ်ကျင့်သီလဟာ အရေးကြီးဆုံးပဲလို့ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက ရေးခဲ့ဖူးတယ်ဗျ။ အဲဒါကို လူအများနားလည်တဲ့ အသုံးအနှုန်းနဲ့ ဆောင်ပုဒ်လုပ်ပေးခဲ့တယ်လေ။ "စိတ်ကောင်းရှိဖို့ ပထမ" တဲ့။ စိတ်ကောင်းရှိမှ ကောင်းတဲ့အလုပ် လုပ်မှာကိုး။ စိတ်ကောင်းမရှိသူတွေကျတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်မျိုးကိုပဲ မွေးတယ်။ အဲသလို လူမျိုးတွေဟာ မဟုတ်တာ လုပ်ခိုင်းရင်လည်း လုပ်တာပဲ။ မှန်တယ်မှားတယ် ဘာမှ မစဉ်းစားတော့ဘူး။ မစဉ်းစားဆို မှန်သလား မှားသလားတောင် ခွဲခြားနိုင်စွမ်း မရှိကြဘူးလေ။ စိတ်ကောင်းရှိသူကတော့ မဟုတ်တာ လုပ်ရမှာကို သိပ်ကြောက်တယ်။

ခင်ဗျားတို့က နိုင်ငံရေး နိုင်ငံရေး နိုင်ငံရေးချည်းပဲ အော်နေတယ်။ နိုင်ငံရေးဝင်လုပ်မယ့် လူတွေ ကိုယ်ကျင့်သီလရှိဖို့ လူငယ်ဘ၀ကတည်းက ယဉ်ကျေးလိမ္မာဖို့ ပိုအရေးမကြီးဘူးလား။ စိတ်ကောင်းမရှိတဲ့ လူတွေ နိုင်ငံရေးမှာ လူတွင်ကျယ်ဖြစ်နေရင် တိုင်းပြည်အတွက် အန္တရာယ်ပဲ ဖြစ်မယ်မဟုတ်လားဗျာ။
flowerline.gif

မှတ်စု (၆)
ဆောင်းပါးအမည် - ရခိုင်ပြည်နယ် မေယုတောင်တန်းနှင့် ဆင်ဖြူတော်များကောက်ကြောင်း
ရေးသူ - သန်းလှိုင် (စစ်တွေ)
နေရာ - Weekly ELEVEN News ဂျာနယ်၊ အတွဲ-၆၊ အမှတ်-၁၊ ၆-၁၀-၂၀၁၀၊ စာမျက်နှာ-၁၈
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
မြန်မာနိုင်ငံတွင် တောရိုင်းဆင်များ ကျက်စားနေထိုင်ရာ တောတောင်ဒေသ မြောက်မြားစွာရှိသော်လည်း ဤ မေယုတောင်ကြော၌သာ ဆင်ဖြူများ မကြာခဏ တွေ့ရှိလာခြင်းသည် ဘာကြောင့်လဲဆိုသည့်အတွေးက မေးခွန်းများစွာနှင့် မွေးဖွားလာခဲ့မိပါသည်။

ဆင်ဖြူတော်ပေါ်ထွက်လာခဲ့ရာ ဒေသတစ်ခုအဖြစ် မှတ်တမ်းတင်အပ်သော မေယုတောင်တန်းသည်လည်း မြန်မာ့သမိုင်းအပါအ၀င် ကမ္ဘာ့သမိုင်း၌ပင် မှတ်တမ်းတင်ထိုက်ပြီ ဖြစ်ပေသည်။

ထို့အတူ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မှ ပေါ်ထွက်မလာသော ဆင်ဖြူတော်များသည် တစ်စီးမဟုတ်ဘဲ ငါးစီးအထိပင် မေယုတောင်တန်းမှ ပေါ်ပေါက်လာခြင်းသည် မမေ့အပ်သော ဒေသတစ်ခု ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးအသွင်ဆောင်သော အဖြူရောင်နှင့်အတူ တိုးတက်ပြောင်းလဲလာမည့် အခြေအနေ အရပ်ရပ်မှာလည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် အဖိုးထိုက်တန်သော အချိန်ကာလတစ်ခုသို့ ရောက်ရှိနိုင်ရေးမှာလည်း အရေးပါလှကြောင်း။
flowerline.gif
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကိုဉာဏ်မှတ်စုများသည် ဖတ်ခဲ့မိသော ဂျာနယ်များ၊ စာအုပ်များမှ သဘောကျမိသည့် အကြောင်းအရာ၊ အတွေးပွားစေခဲ့သည့် အကြောင်းအရာများကို မှတ်မှတ်သားသား ထားရမည့် မှတ်စုများအဖြစ် မှတ်စုရေးထာခြင်းမျှသာ ဖြစ်ပါသည်။ အပြည့်အစုံ ပြန်လည်ဖော်ပြထားသည် မဟုတ်ဘဲ ကျွန်ုပ်သဘောကျသည်များကိုသာ ထုတ်နုတ်ကူးယူထားခြင်း ဖြစ်သည့်အတွက် အချို့နေရာများတွင် အဓိပ္ပါယ်လွဲမှားမှုများ၊ မူရင်းစာအပေါ် ထိခိုက်မှုများ၊ မပြည့်မစုံ မတိမကျဖြင့် သို့လောသို့လော ဖြစ်ရသည်များ ကြုံရပါသည်ဆိုလျှင် မူလစာရေးသူနှင့် ဘလော့ဂ်ဖတ်ရှုသူများအား အနူးအညွတ် တောင်းပန်အပ်ကြောင်းပါခင်ဗျား။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၄ ရက်၊ တနင်္လာနေ့။
ည ၁၀ နာရီ ၄၈ မိနစ်တွင်ပြီး၏။

ပွဲဆူသောခေတ်၏ နိဂုံး - မောင်စူးစမ်း


endofmassing.png

ပွဲဆူလျှင်
နိုင်ငံရေးတွင် ရေပန်းစားသော ဝေါဟာရနှစ်ပါး ရှိသည်။ Rhetoric လေလုံးအာဝဇ္ဇန်းနှင့် Hypocrisy သီလကြောင်ခြင်းတို့ဟူ၍ ဖြစ်သည်။ လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်တော့မည်။ ရွေးကောက်ပွဲ ဆန့်ကျင်သူတို့က ရွေးကောက်ပွဲ သပိတ်မှောက်ရန် လှုံ့ဆော်လျက်ရှိရာ သူတို့၌ အစားထိုးပြသော (အော်လ်ထာနေးတစ်) မရှိပေ။ ရွေးကောက်ပွဲနည်းလမ်းကို ဆန့်ကျင်ခြင်းလော သို့တည်းမဟုတ် လက်ရှိအစိုးရက ကျင်းပပေးသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းလော မသဲကွဲပေ။

မည်သို့ပင်ဖြစ်စေ အခြားအစားထိုးပြစရာ နည်းလမ်းတွေမရှိဘဲ ရွေးကောက်ပွဲ ဆန့်ကျင်ခြင်းသည် လေလုံးထွားခြင်းသာ ဖြစ်သည်။ သင်္ကြန်အမြောက်ပစ်ပြီး လေနှင့် မီးရှူးမီးပန်းပစ်ကြခြင်း Rhetoric သာ ဖြစ်၍ အခြေခံဝါဒီဆန်သည်။ မီးရှူးမီးပန်းပစ်ကြခြင်းသည် ပွဲဆူလိုသောသဘောကို ပြသည်ဖြစ်၍ ခေတ်ပျက်လျှင်ကြိုက်သော အခြေအနေမဲ့တို့၏ စိတ်ထားမျိုးဖြစ်သည်။ နတ္ထိဝါဒသည် ၂၁ ရာစု စစ်ပွဲ၌ ပွဲမတိုးတော့ပေ။ ပွဲဆူလျှင်ကြိုက်သော စိတ်ထားနှင့် အမြင်တို့သည် အဆင့်အတန်း မရှိပေ။

အန္တိမ
ရွေးကောက်ပွဲဆန့်ကျင်သူတို့ကား တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ဟုဆိုပြီး အကြောင်းပြသည်။ တရားမျှတမှုကို မိမိကိုယ်တိုင်ကလည်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါဘဲလျက် ဤအချက်ကို လက်ကိုင်ပြုသည်မှာ သီလကြောင်ရာ ပြသည်။ နိုင်ငံရေးဆိုသည်မှာ အစွန်းမရောက်သင့်ပေ။ တော်ရုံသင့်ရုံ၊ အလယ်အလတ်ဖြစ်ထိုက်သည်။ အစွန်းရောက်ခြင်းသည် နိဂုံးမကောင်းကြောင်း မြန်မာ့နိုင်ငံရေးက သင်ခန်းစာပေးပြီးဖြစ်ရာ ၂၁ ရာစု၌ အစွန်းရောက်ခြင်းသြဇာ ကျဆင်းနေသည်။

ရွေးကောက်ပွဲကို ရှုမြင်သုံးသပ်နည်း ငါးနည်းရှိသည်။ ပထမနည်းသည် Normative နည်းဟုခေါ်၍ စံအဖြစ်၊ စည်းမျဉ်းအဖြစ် ရှုမြင်သည်။ ဒီမိုကရက်စံသည် ရွေးကောက်ပွဲဟု သတ်မှတ်ပုံမျိုးဖြစ်သည်။ တစ်နည်းပြောလျှင် ဒီမိုကရေစီ၌ ရွေးကောက်ပွဲသည် အန္တိမနည်းဖြစ်သည်။ အပြောင်းအလဲ အရပ်ရပ်ကို ရွေးကောက်ပွဲတို့မှတစ်ဆင့် ဖြစ်ထွန်းစေရမည်။ ဒုတိယနည်းသည် ရွေးကောက်ပွဲသည် မဟာဗျူဟာမြောက် ရှုထောင့်မှကြည့်သော ဖြစ်ရပ်ဖြစ်သည်။ နိုင်ငံရေးလုပ်ငန်းတို့သည် အမျိုးမျိုးရှိရာ ဤလုပ်ငန်းစဉ်က မဟာဗျူဟာမြောက် သက်ရောက်မှုတို့ကို မွေးထုတ်သည်။ တတိယနည်းသည် ရွေးကောက်ပွဲကို မူဝါဒပေါ်လစီများ မွေးထုတ်အကောင်အထည်ဖော်ရန် မီဒီယန်အဖြစ် မြင်ခြင်းဖြစ်သည်။

ပါရာဒိုင်းအသစ်
စတုတ္ထနည်း၌ ရွေးကောက်ပွဲသည် ပါဝါအာဏာအပြောင်းအလဲကို ရည်ညွှန်းသည်။ တစ်နည်းပြောလျှင် ရွေးကောက်ပွဲသည် သက်ဆိုင်ရာပလေယာတို့၏ အားစမ်းပွဲဖြစ်သည်နှင့်အညီ အင်အားနှိုင်းယှဉ်ချက်နှင့် ချိန်ခွင်လျှာတို့ကို အစစ်အမှန်အတိုင်း ပေါ်လွင်စေသည်။ ပဉ္စမနည်းတွင် ရွေးကောက်ပွဲသည် အဓိကစိုးမိုးသော ပါရာဒိုင်းကို မွေးထုတ်မည်ဖြစ်၍ ပလေယာတို့သည် ဂိမ်းသစ်ရှိ စည်းမျဉ်းသစ်တို့ဖြင့် ကစားရနိုင်စေသည်။ နိုဝင်ဘာလ ၇ ရက်နေ့အပြီး ပေါ်ပေါက်မည့် ပါရာဒိုင်းသစ်သည် လွှတ်တော်သုံးရပ် နိုင်ငံရေးဖြစ်သည်။ ဤနိုင်ငံရေး၏ ကံကြမ္မာကို စောင့်ကြည့်ရမည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်သော ပါရာဒိုင်းအသစ်တွင် ပလေယာတို့က ကစားကြရမည်။ ဤနေရာ၌ ပလေယာတို့သည် အတွေ့အကြုံနှင့် ကစားမလား၊ သီအိုရီသစ် ဖော်ထုတ်၍ ကစားမလား စောင့်ကြည့်ရမည်။

အဓိကအားဖြင့် မျိုးဆက်သစ်တို့က ပါရာဒိုင်းသစ်ဖြင့် နိုင်ငံရေးဂိမ်းကို ကစားကြရမည်ဖြစ်သည်။ ထိုသို့ မကစားခင် မျိုးဆက်သစ်တို့သည် ပါရာဒိုင်းသစ်အကြောင်းကို ဓမ္မဓိဋ္ဌာန်ကျကျ၊ ယထာဘူတကျကျ၊ လက်တွေ့ကျကျ ကြည့်ကြရမည်။ မဟာနိုင်ငံရေးသီအိုရီ၊ မဟာတန်ဖိုးတို့သည် အံဝင်ကြလိမ့်မည် မဟုတ်ပေ။ စိတ်ခံစားမှုဖြင့် အခြေခံသရုပ်တို့ကို မကြည့်အပ်။

ပကတိအစစ်အမှန်သည် စစ်ဘက်မှ ကြိုးကိုင်သော ဒီမိုကရေစီဖြစ်သည်။ ဤအစစ်အမှန်ကို အသိအမှတ်ပြု၍ မဟာဗျူဟာရှုထောင့်ဖြင့် အနာဂတ်နိုင်ငံရေး (၀ါ) ပါတီစုံနိုင်ငံရေးကို ရှုမြင်သုံးသပ်ရန် ဖြစ်သည်။ စိတ်ကူးယဉ်ယူနီဗာဆယ် စံကြီးတို့က အနာဂတ် မြန်မာ့နိုင်ငံရေးကို ပုံလောင်းမည်မဟုတ်။ ထိုအစား လွှတ်တော်နိုင်ငံရေးနှင့် စစ်ဘက်ပါဝင်မှုက ပိုပြီး သြဇာညောင်းလာပါလိမ့်မည်။
မောင်စူးစမ်း
အညွှန်း - Harvard Series

ဘိုစိတ်ပေါက်ပြီး ဘိုယိမ်းကနေကြလို့ - လူထုစိန်ဝင်း


useinwin.jpg

မြန်မာနိုင်ငံရဲ့ လူဦးရေဟာ အခု ၂၀၁၀ ပြည့်နှစ်မှာ သန်း ၆၀ နီးပါး ရှိနေပြီလို့ သိရတယ်။ ၁၉၆၀ ခုနှစ်ဆီလောက်က လူဦးရေ သန်း ၂၀ ကျော် ရှိရာကနေ နှစ်ပေါင်း ၅၀ အတွင်းမှာ သန်း ၄၀ တိုးတက်လာတဲ့ သဘောဖြစ်တယ်။

သမိုင်းမှာ အများဆုံးပဲ
စီးပွားရေးသမားမဟုတ်လို့ ငါးရှဥ့် ဘယ်လောက်ပို့တယ်၊ ကဏန်း ဘယ်လောက်ရောင်းရတယ် ဆိုတဲ့အကြောင်းတွေ ရေးမလို့ မဟုတ်ပါဘူး။ စာနယ်ဇင်းသမား တစ်ယောက်ဖြစ်လို့ စာနယ်ဇင်းတွေအကြောင်း စဉ်းစားမိတာပါ။ ဒီနေ့ ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်းစုံ ၁၅၀ ၀န်းကျင် ရှိသလို၊ မဂ္ဂဇင်း "သဗ္ဗနံ"ပေါင်းစုံလည်း ၁၅၀ ၀န်းကျင် ရှိတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းသမိုင်းမှာ ဘယ်ခေတ် ဘယ်အခါကမှ ဒါလောက် များပြားတဲ့ ဂျာနယ် မဂ္ဂဇင်းတွေ တစ်ချိန်တည်း တစ်ပြိုင်တည်း မထွက်ဖူးလေတော့ အရေအတွက် အနေနဲ့တော့ အားရစရာ အလွန်ကောင်းတယ်။ ၀မ်းသာစရာ ဖြစ်တယ်။ ဒါပေမယ့် အရည်အသွေး အနေနဲ့ ပြောရရင်တော့ ၀မ်းသာလောက်တဲ့ အနေအထားထိ မရောက်သေးဘူးလို့ ပြောရလိမ့်မယ် ထင်ပါတယ်။

၅၀၀ ကုန်အောင် မရောင်းရ
ဘာကိုကြည့်ပြီး ဒီလို ပြောတာလဲဆိုတော့ ဂျာနယ် မဂ္ဂဇင်းတွေ ရောင်းရတဲ့စောင်ရေကို ကြည့်ပြီး ပြောတာပါ။ မဂ္ဂဇင်းတွေကို အရင်ဆုံး ပြောပါမယ်။ အရေအတွက်အားဖြင့် ၁၅၀ လောက် ရှိပေမယ့် အဲဒီထဲက ငါးပုံလေးပုံမကတဲ့ မဂ္ဂဇင်းတွေဟာ စောင်ရေ ၁၀၀၀ တောင် ကုန်အောင် မရောင်းကြရပါဘူး။ အုပ်ရေ ၅၀၀ ပဲ ရိုက်ပြီး လက်ဆောင်ပေးတာ အပါအ၀င် အုပ်ရေ ၂၀၀ လောက်ပဲကုန်တဲ့ မဂ္ဂဇင်းတောင် ရှိပါတယ်။ လုံးချင်းစာအုပ်တွေလည်း အလားတူပါပဲ။ ၆၀ ခုနှစ်၊ ၇၀ ခုနှစ်တွေ အတွင်းကလို ဘာစာအုပ်ပဲရိုက်ရိုက် အနည်းဆုံးအုပ်ရေ ၂၀၀၀ ရိုက်တဲ့ခေတ် မရှိတော့ပါဘူး။ အုပ်ရေ ၁၀၀၀ ပဲ ရိုက်ကြတော့တယ်။ တချို့ အုပ်ရေ ၅၀၀ ပဲ ရိုက်ကြတယ်။ ဒါတောင် ကုန်အောင်ရောင်းရတာ မဟုတ်ဘူး။

လူတစ်ရာ တစ်ယောက်ဝယ်ရင် ၆ သိန်း
ဂျာနယ်တွေလည်း သိပ်မထူးပါဘူး။ အများစုက ထောင်ဂဏန်းလောက်သာ ရိုက်ကြရပါတယ်။ အများဆုံး ရောင်းရတယ်ဆိုတဲ့ ဂျာနယ်တွေတောင် ၁ သိန်း ရိုက်ရတယ်လို့ မရှိသေးပါဘူး။ လေးငါးခြောက်သောင်းလောက်ပဲ ရောင်းရပါတယ်။ အများစုက ကြော်ငြာကို မျှော်ကိုးပြီး မှေးလုပ်နေကြတာ ဖြစ်တယ်။ မျှော်ရင်းမျှော်ရင်းနဲ့ ကြော်ငြာမရလို့ ဆယ့်လေးငါးစောင်ထုတ်ပြီး ရပ်သွားတာတွေလည်း မနည်းတော့ပါဘူး။ လူဦးရေ သန်း ၆၀ လောက် ရှိတဲ့နိုင်ငံမှာ စောင်ရေ ၆၀၀၀၀ လောက်ပဲ ရောင်းရတယ်ဆိုတော့ အတော့်ကို နည်းပါတယ်။ လူ ၁၀၀ မှာ ၁ ယောက်နှုန်း ၀ယ်ဖတ်တယ်ဆိုရင်တောင် သန်း ၆၀ ဆိုရင် စောင်ရေ ၆ သိန်းလောက် ထုတ်ရမှာဖြစ်တယ်။ အခု စောင်ရေ ၆ သောင်းလောက်ဆိုတော့ လူ ၁၀၀ မှာ ၀ယ်ဖတ်သူဟာ ဒသမ ၀၁ သာ ရှိတဲ့သဘော ဖြစ်ပါတယ်။ စိတ်မကောင်းစရာပါပဲ။

လက်တစ်ဆုပ်စာအတွက်သာ လုပ်လို့
အကြောင်းတွေကတော့ အများကြီး ရှိမှာပါ။ အဲဒီထဲက တစ်ခုကတော့ ဂျာနယ်မဂ္ဂဇင်းတွေက တိုင်းပြည်ရဲ့ လူများစုကြီးအတွက် ဦးတည်ရည်စူးပြီး ထုတ်တာမဟုတ်ဘဲ မြို့နေပညာတတ် လက်တစ်ဆုပ်စာအတွက်ပဲ ရည်ရွယ်ထုတ်ဝေတဲ့သဘော ဖြစ်နေတာလို့ပဲ ထင်မြင်ယူဆတယ်။ လက်တစ်ဆုပ်စာအတွက်ပဲ လုပ်တဲ့အတွက် လက်တစ်ဆုပ်စာလောက်ကပဲ ၀ယ်ဖတ်ကြတာ နေမှာပေါ့။ လက်တစ်ဆုပ်စာအတွက်ပဲ ရည်ရွယ်တယ်လို့ ပြောရတာက ဒီလိုပါ။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က မြို့ငယ်လေးတွေနဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ ဒါမှမဟုတ် သီးနှံကုန်သွယ်ရေး လုပ်ငန်းနဲ့ အသက်မွေးကြသူတွေ ဖြစ်ပါတယ်။

ဖိနပ်ဝယ်တာ၊ စကတ်ဝယ်တာ
ကျေးလက်ဒေသနေ လူတွေက မော်ဒယ်တွေ ဖိနပ်ဝယ်ထွက်တာ၊ စကတ်ဝယ်ထွက်တာမျိုးတွေကို စိတ်မ၀င်စားပါဘူး။ အလှူမှာ ရှင်လောင်းလှည့်ဖို့ မြင်းငှားရင် ဘယ်ဈေးရှိတယ်၊ ဆင်ငှားရင် ဘယ်ဈေးပေါက်တယ်၊ ဘယ်သူ့အလှူမှာ ဘာကျွေးပြီး ဘယ်ဆိုင်းငှားမယ်၊ ဘုရားပွဲကျရင် ဘယ်အငြိမ့်၊ ဘယ်ဇာတ် ငှားမယ်ဆိုတာမျိုးတွေပဲ သူတို့အတွက် အရေးကြီးတာပါ။ လေးဖြူတို့၊ ဖြူဖြူကျော်သိန်းတို့ကို သဘောကျပေမယ့် သူတို့ဆီ ရောက်တာမှ မဟုတ်တာ။ ငှက်ပျောတောမင်းသားနဲ့ ဆိုင်းမင်းသမီးကိုပဲ သူတို့က မျှော်ကြတယ်။

မအပ်မရာတွေ
ဂျာနယ်တွေထဲမှာပါတဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေကလည်း သူတို့နဲ့ မအပ်မရာတွေဆိုတော့ ၀ယ်ဖတ်ပြီး ဘာလုပ်ရမှာလဲ။ သူတို့ စိတ်ဝင်စားတာက မြေဆီဈေး၊ ပိုးသတ်ဆေးဈေး၊ ကောက်စိုက်သမဈေး၊ ရေစုပ်စက်ငှားခဈေး၊ နွားဈေး၊ ကျွဲဈေး၊ ဆိတ်ဈေး၊ ၀က်ဈေး။ ဂျာနယ်တွေထဲ ပါတာက LED တီဗီ၊ Flat TV ၊ လေအေးစက်၊ အ၀တ်လျှော်စက်၊ ရေခဲသေတ္တာ၊ ဒစ်ဂျစ်တယ်ကင်မရာ၊ အမ်ပီသရီး၊ အမ်ပီဖိုး၊ မိုဘိုင်းဖုန်း ဆိုတာတွေရဲ့ ဈေးနှုန်းတွေချည်းပဲ။ ၀ယ်ဖို့၊ စိတ်ဝင်စားဖို့ ဆိုတာထား LED တို့ Flat တို့ ဆိုတာတွေဟာ ဘာမှန်းတောင် သိတာမဟုတ်ကြဘူး။

ခေါင်းစဉ်က စ မဖတ်တတ်
တခြားသိစရာတွေ ပါတယ်ဆိုပေမယ့် ခေါင်းစဉ်ကစပြီး ဘာတွေမှန်းမသိတော့ ဖတ်ချင်စိတ် ဘယ်ရှိမှာလဲ။ "UMFCCI နဲ့ JICA တွေ့ဆုံဆွေးနွေး" တဲ့။ "Designer Juliet နဲ့ One Second Interview" တဲ့။ "ဂရပ်စ်ရု(တ်)ကို အရောက်သွားပါ" တဲ့။ "Infrastructure တွေ မပြည့်စုံသေး" တဲ့။ ကဲ အဲဒါတွေက ဘာတွေလဲ။ မြန်မာအများစု နားလည်ပါ့မလား။ မြို့က ပညာတတ်တစ်ယောက်တောင် စီးပွားရေး လောကထဲက မဟုတ်ရင် UMFCCI ဆိုတာ ဘာမှန်း သိမယ်မထင်ဘူး။ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်ကြီးများအသင်းကို မြန်မာလို အတိုကောက်ရေးလို့ မရဘူးလား။ သူတို့အသင်းက ပေးမထားလည်း စာနယ်ဇင်းတွေက ပေးလိုက်ပေါ့။ ရှေးက ဖဆပလတို့၊ မဆလ တို့ဆိုတာ သတင်းစာတွေက ရေးရင်းနဲ့ တွင်သွားကြတာတွေပဲ။ UMFCCI ကို "ကစလသ" လို့ ပေးလိုက်ရင် မဖြစ်ဘူးလား။ ဒါမှမဟုတ်လည်း "ကုန်သည်ကြီးများနဲ့ ဂျပန်အဖွဲ့ တွေ့ဆုံဆွေးနွေး" လို့ ရေးရင် လူတိုင်း နားလည်နိုင်တာပေါ့။

မန်းလေပြဲလေ
ဂျာနယ်နာမည်တွေ ဘိုလိုမှည့်ကြတာကို ရေးရင်းရေးရင်းနဲ့ အခုဆို သတင်းခေါင်းစဉ်တွေအထိ ဘိုလိုရေးပြီး တပ်ကုန်ကြပြီ။ "ပြောလေကဲလေ၊ မန်းလေပြဲလေ" ဆိုတဲ့ကိန်း ဆိုက်နေပြီ။ ဒါလောက် ဘိုဖြစ်ချင်ကြရင် တစ်စောင်လုံး ဘိုလိုရေးပြီး ထုတ်ကြပါတော့လား။ ပြောတဲ့လူကပဲ လွန်သလား။ ကြည့်ပါဦး။ "ဂရတ်စ်ရု(တ်)" တဲ့။ ရေးထားပုံက။ အမှတ်တမဲ့ ဖတ်ပြီး ကြောင်သွားတယ်။ နောက်မှ grassroots ဆိုတာကို မြန်မာအသံထွက်ပြီး ရေးလိုက်တာပါလားလို့ သိလိုက်တယ်။ အခြေခံတို့၊ အောက်ခြေတို့ ရေးလို့မရဘူးလား။ မြန်မာစာ သတ်ပုံမှားတာတွေတောင် ပြောမကုန်နိုင် ဖြစ်နေတဲ့အထဲ အင်္ဂလိပ်စာလုံးပေါင်းတွေပါ သတ်ပုံမှားကြတော့ ဘာအဓိပ္ပါယ်မှကို မှန်းကြည့်လို့ မရနိုင်တော့ဘူး။

ဘိုယိမ်းကနေကြလို့
နာဂစ်ဘေးဆိုးကြီး ကြုံတွေ့ရပြီးနောက်ပိုင်းမှာ ရေကြောင်းကူးသန်း သွားလာနေသူတွေနဲ့ ကျေးလက်ဒေသက တောင်သူလယ်သမားတွေ၊ ရေလုပ်သားတွေဟာ မိုးလေ၀သ သတင်းကို ရေဒီယိုကတစ်ဆင့် မပျက်မကွက် နားထောင်လာကြတယ်။ အဲဒီမတိုင်ခင်ကဆိုရင် မိုးလေ၀သ သတင်းကို ဘယ်သူမှ စိတ်ဝင်စားတာ မဟုတ်ပါဘူး။ အခုတော့ မိုးလေ၀သ သတင်းဟာ နားထောင်ဖို့ လိုအပ်တယ်ဆိုတာ သိလာကြတဲ့အတွက် နားထောင်လာကြတယ်။ မြန်မာစာဖတ် ပရိသတ်က ဂျာနယ်တွေအပေါ်မှာ မိုးလေ၀သ သတင်းလောက် စိတ်ဝင်စားလာကြပြီဆိုရင် စောင်ရေ ၆ သိန်း ထုတ်ရဖို့ မခက်တော့ပါဘူး။ ဒါပေမယ့် အခုလို ဂျာနယ်တွေ ဘိုစိတ်ပေါက်ပြီး ဘိုယိမ်းကနေလို့ကတော့ ဒသမ ၀၁ ကနေ တက်လာစရာအကြောင်း မမြင်မိပါဘူးလို့ပဲ ပြောလိုက်ချင်ပါတယ်။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


နိုင်ငံခြားကိုမှ အထင်ကြီးချင်ကြတယ်
ဘုန်းကြီးတို့မှာလည်း စည်းကမ်းတွေက အပြည့်အစုံ ရှိပါတယ်။ စာထဲမှာ၊ ဘုရားဟော ကျမ်းစာတွေထဲမှာ အများကြီးပဲရှိတယ်။ ဒါပေမယ့် မလိုက်နာကြဘူး။ ကိုယ့်ရှိတဲ့ ယဉ်ကျေးမှုကို အထင်မကြီးကြဘူး၊ နိုင်ငံခြားကိုမှ အထင်ကြီးချင်ကြတယ်။ အဲဒါကစပြီး မှားနေတာပဲ။ ဒါတွေကို အကုန်လုံး ပြင်ကြရမှာ။ ဒီလို ပြင်နိုင်ဖို့အတွက် တို့ဘုန်းကြီးတွေက ခေါင်းဆောင်နိုင်ကြမလားလို့ မျှော်လင့်နေတာ၊ မဟုတ်ကြဘူး။ သူတို့တွေက စိတ်ထားသေးသိမ်ကြတယ်။
ဒါတွေကြောင့် ဘုန်းကြီးက ပြောပြောနေတာ၊ "စိတ်ထားကို ကြီးကြီးထားကြစမ်းပါဟဲ့၊ ကျယ်ကျယ်ပြန့်ပြန့် ထားကြစမ်းပါဟဲ့၊ စည်းစနစ် ရှိကြစမ်းပါဟဲ့၊ လုံ့လ၀ီရိယ ရှိကြစမ်းပါဟဲ့" လို့။

သတိဆိုတဲ့ကြိုး
နွားဆိုးနွားမိုက်ကလေးနဲ့ တူတဲ့စိတ်ကို သတိဆိုတဲ့ ကြိုးနဲ့ချည်ပြီးတော့ ကမ္မဋ္ဌာန်းတိုင်မှာ တုပ်ထားကြပါ။ ပေါ့ပေါ့ချည် လျော့လျော့ချည်တယ်ဆိုရင်တော့ လွတ်လွတ်သွားနိုင်တယ်၊ မမေ့နဲ့ မလျော့နဲ့။

သူတို့က လိုက်နာကြတာကိုး
တို့မြန်မာတွေရဲ့အကျင့်က အချိန်ကို သိပ်ပြီး မလေးစားချင်ကြဘူး၊ ဒါကြောင့်လည်း ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ကြရတာပဲ။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး အားလုံးအရေးတွေဟာ အကုန်နောက်ကျကျန်ရစ်တယ်။ ဒါလည်း အေးအေးဆေးဆေး နေကြတုန်းပဲ။  အများက ပြောကြတယ်၊ "အင်္ဂလိပ်တွေက သိပ်ပြီး စည်းကမ်းကြီးကြတာပဲ" တဲ့။ ဒါ ဆန်းတော့ မဆန်းပါဘူး။ စည်းကမ်းသတ်မှတ်တဲ့အတိုင်း သူတို့က လိုက်နာကြတာကိုး။

ဓမ္မပဒဂါထာ (၈၅)


အပ္ပကာ တေ မနုေဿသု၊ ယေ ဇနာ ပါရဂါမိနော။
အထာယံ ဣတရာ ပဇာ၊ တီရမေ၀ါနုဓာဝတိ။

နိဗ္ဗာန်ရောက်သူ နည်းနည်းလေး
လူတွေထဲမှာ
နိဗ္ဗာန်တည်းဟူသော
ဟိုတစ်ဖက်ကမ်းကို
တက်လှမ်းကူးမြောက်နိုင်တဲ့သူက
နည်းနည်းပါးပါးလေးပါ။
နိဗ္ဗာန်ကူးနိုင်သူတို့မှတစ်ပါး
ကျန်တဲ့သူတွေကတော့
သက္ကာယဒိဋ္ဌိတည်းဟူသော
ဒီဘက်ကမ်းမှာပဲ
တ၀ဲလည်လည်နဲ့
ခေါက်တုံ့ခေါက်ပြန်
ပြေးလွှားသွားလာနေကြပါတယ်။

Saturday, October 02, 2010

မိနစ်ဝက် (၃)မျိုး၊ နာရီဝက် (၃) မျိုး


သိပ္ပံပညာရှင်တွေ အမြဲပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အသက်ကြီးသူတွေ - "မိနစ်ဝက် (၃) မျိုး၊ နာရီဝက် (၃) မျိုးကို သတိပြုပါ" တဲ့။

မိနစ်ဝက် (၃) မျိုးဆိုတဲ့ စကားလုံးဟာ တစ်ပြားတစ်ချပ်မှ ကုန်ကျစရာမလိုဘဲ အသက်ပေါင်းများစွာကို ကယ်တင်နိုင်တယ်။ လူအတော်များများဟာ နေ့ခင်းနေ့လည်မှာ အကောင်း၊ နေ့ခင်းမှာ ဘာမှမဖြစ်ဘူး။ ညကျတော့ ဆုံးပြီတဲ့။ ဟင် မနေ့ကမှ သူ့ကို တွေ့ခဲ့သေးတယ်။ ဘယ်နှယ့်ဆုံးပြီလဲ။ ညဥ့်နက်မှာ အိမ်သာသွားဖို့ ရုတ်တရက် ထလိုက်ရာမှာ အမလေး ဦးနှောက်တွင်း သွေးလျော့သွားတယ်။ ခန္ဓာကိုယ်အနေအထားကြောင့် ဖြစ်ရတဲ့ သွေးတိုးနိမ့်ကျသွားမှုကြောင့် ဦးနှောက်တွင်း သွေးဝင်နည်းပြီး မူးလဲသွားတာ၊ တချို့လဲကျပြီး ခေါင်းခွံကွဲကြေသွားမယ်။ တချို့ နှလုံး ရုတ်တရက် ရပ်သွားမယ်။ ဒါဆိုရင် သိပ္ပံပညာရှင်တွေ ဘာဖြစ်လို့ မိနစ်ဝက် (၃)မျိုး ဆိုတာကို အကြံပြုကြတာလဲ။

ကျွန်တော်တို့က နှလုံးခုန်နှုန်းတိုင်းတာ မှတ်တမ်းပြုစက် (ECG) နဲ့ ဂရုတစိုက် လေ့လာလိုက်တော့ တွေ့ရှိရတာက နေ့ခင်းနေ့လည်တွေမှာ နှလုံးခုန်နှုန်းဟာ ပုံမှန်ပဲ၊ ညပိုင်းကျတော့ လူတော်တော်များများမှာ ရုတ်တရက် နှလုံးမှာ သွေးအားလျော့နည်းသွားတာ တွေ့ရတယ်။ နှလုံးကျုံ့မှု စောနေတယ်။ ဘယ်လိုအကြောင်းကြောင့် ဖြစ်ရတာလဲ။ အော်... သူ ရုတ်တရက် ကုတင်က ထလိုက်တော့ ချက်ချင်းပဲ သွေးဖိအား ကျဆင်းသွားတယ်။ ဦးနှောက်တွင်း သွေးလျော့နည်း ချို့တဲ့သွားမယ်။ နှလုံးခုန်ရပ်သွားမယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက မိနစ်ဝက် (၃)မျိုးကို အကြံပြုတာ ဖြစ်ပါတယ်။

မိနစ်ဝက် (၃) မျိုး
နိုးနိုးချင်း ကုတင်ပေါ်က မထပါနဲ့။ မိနစ်ဝက် ဆက်လှဲနေပါ။
မိနစ်ဝက်ပြည့်ရင် ထထိုင်ပါ။ မိနစ်ဝက် ထိုင်ပါ။
ပြီးမှ ခြေထောက်တွဲလောင်းချပြီး မိနစ်ဝက် နေပါ။
မိနစ်ဝက် သုံးမျိုးပြီးမှ လိုရာထသွားပါ။

(မှတ်ချက်။ တစ်ညလုံး ညသိပ်ထားသော မော်တော်ကားလို မနက်ချက်ချင်းစက်နှိုးပြီး မောင်းသွား၍ မရပါ။ စက်ကို ပူအောင် raise လုပ်ရပါတယ်။ ထို့အတူ လူကြီးများသည် နိုးနိုးချင်းချင်း ရုတ်တရက် ချက်ချင်းထသွားက မသင့်လျော်ဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ မိနစ်ဝက်ဆိုသည်မှာ တစ်မှ သုံးဆယ်ထိ ရေတွက်လျှင် မိနစ်ဝက်ဖြစ်ပါသည်။ - - - - - ဘာသာပြန်သူ)

မိနစ်ဝက် (၃) မျိုးကို လိုက်နာကျင့်သုံးတာ တစ်ပြားတစ်ချပ်မှ မကုန်ဘူး။ ဦးနှောက်တွင်း သွေးယုတ်လျော့ ကျဆင်းတာလည်း မဖြစ်တော့ဘူး။ နှလုံးလည်း ဘာမှမဖြစ်ဘူး။ မလိုလားအပ်တဲ့ လဲကျကွဲကြေ သေဆုံးရမှုတွေ အများကြီး လျော့နည်းသွားမယ်။ မလိုလားအပ်တဲ့ နှလုံးသွေးကြောပိတ်ရောဂါတို့၊ လေဖြတ်တာတို့ မဖြစ်တော့ဘူး။

နာရီဝက် (၃) မျိုး
(၁) မနက်အိပ်ရာထပြီးတဲ့နောက် နာရီဝက် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။ အနှေးပြေးတာမျိုး လုပ်ပေးပါ။ အနည်းဆုံး သုံးကီလိုမီတာ (၂ မိုင်နီးပါး) အောက် မလျော့ပါစေနဲ့။ ဒါမှမဟုတ် တခြား ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။

(၂) နေ့လည်ပိုင်းမှာ နာရီဝက် အိပ်ပါ။ ဒါကတော့ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝအချိန်ဇယားအရ လိုအပ်ချက် ဖြစ်ပါတယ်။ နေ့လည် နာရီဝက် အိပ်ခြင်းဖြင့် တစ်ညနေလုံး လန်းဆန်းနေပါလိမ့်မယ်။ သက်ကြီးရွယ်အိုတွေ ပိုလို့တောင် လိုအပ်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သက်ကြီးရွယ်အိုတွေက ည-ညတွေမှာ စောစာအိပ် စောစာထတော့ အအိပ်အနေ နည်းတယ်။ ဒါကြောင့် နေ့လည်ပိုင်းမှာ ဖြည့်စွက်အိပ်စက် အနားယူသင့်တယ်။

(၃) ညနေဘက် ၆ နာရီ ၇ နာရီလောက်မှာ နာရီဝက် ဖြည်းဖြည်းလမ်းလျှောက်ပေးခြင်းအားဖြင့် ညည အိပ်လို့ ပိုကောင်းမယ်။ နှလုံးသွေးကြောပိတ်ရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်ပွားနှုန်း လျော့နည်းစေတယ်။

အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၁၀ ချန်ပီယံ ရတနာပုံအသင်းအား ချီးကျူးဂုဏ်ပြုခြင်း


ပထမဆုံးပြောချင်တာက ဘယ်သူပြောခဲ့မှန်းမသိတဲ့ ဆိုရိုးစကားတစ်ခုကို ကျေးဇူးတင်ချင်တာပါ။ အခြားမဟုတ်ပါဘူး။ "ဘယ်တော့မှ မဖြစ်တာထက်စာရင် နောက်ကျတာက ပိုကောင်းတယ်" တဲ့။ သိုးဆောင်းစကားပုံပဲဖြစ်ဖြစ်၊ မျက်နှာဖြူစကားပုံပဲဖြစ်ဖြစ်၊ မျက်နှာမည်းစကားပုံပဲဖြစ်ဖြစ် အဲဒီဆိုရိုးစကားက ဆိုးတော့ မဆိုးဘူးဗျ။ နောက်ကျပြီဆိုရင် အဲဒါလေး သုံးလို့ရတာပေါ့လေ။ အခုလည်း ကျွန်တော်ကိုဉာဏ် အဲဒီဆိုရိုးစကားလေး သုံးပါရစေဦး။

ရတနာပုံအသင်းက အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားကို ရတာဖြင့် ကြာလှပြီ။ ကျွန်တော်ကိုဉာဏ်က အခုမှ တစ်ရေးနိုးထပြီး ဂုဏ်ပြုတာတွေ၊ ချီးကျူးတာတွေ လုပ်နေလေတော့ မိုးလွန်မှ ထွန်ချတယ်လို့ ဆိုကြဦးမယ် ထင်ပါရဲ့။ ကဲပါဗျာ... ဆိုချင်သလိုသာ ဆိုကြပါတော့။ မှတ်တမ်းတစ်ခုအနေနဲ့ ဂုဏ်ပြုရေးသားလိုက်ချင်တာကြောင့် ဒီပို့စ်ကို ရေးပါတယ်။

ရူးရူးမူးမူး အားပေးနေတဲ့ ရတနာပုံ ပရိသတ်တွေအတွက်.... တစ်ခဲနက် အားပေးခဲ့ကြတဲ့ မြန်မာဘောလုံးပရိသတ်တွေအတွက်...... ကိုယ့်မြေ၊ ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်ရှေ့မှာ အနိုင်မခံ၊ အရှုံးမပေးဘဲ အရိုးကြေကြေ၊ အရေခန်းခန်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၁၀ ကို လက်ဝယ်ပိုင်ပိုင် ရယူနိုင်ခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု ရတနာပုံဘောလုံးအသင်းကို အထူးပင် ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

scup.jpg

အာရှအဆင့်ကလပ်အသင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးသော အောင်မြင်မှုဖလား ရရှိခဲ့မှု၊ ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိ၊ ပေးဂိုးမရှိစံချိန်ဖြင့် ချန်ပီယံဆုဖလား ရရှိခဲ့သော အောင်မြင်မှု၊ စတင် ကျင်းပခဲ့သည့်နှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း (၆-ကြိမ်ဆက်) ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည့် အင်အားကြီးအသင်းတစ်ခုကို အနိုင်ယူနိုင်ခဲ့သည့် ရတနာပုံအသင်း၏ အံ့သြဖွယ်အောင်မြင်မှု၊ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည့် အဆင့်အတန်းရှိသည့် ပြိုင်ပွဲတစ်ခုကို အောင်အောင်မြင်မြင် ကျင်းပပြုလုပ်ပေးနိုင်ခဲ့သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အားထုတ်ကြိုးပမ်းမှုနှင့် တာဝန်ရှိသူများ၏ ပံ့ပိုးပေးမှု၊ ရတနာပုံအသင်းကို နိုင်ငံအသင်းအလား တစ်ခဲနက် ညီညီညွတ်ညွတ် အားပေးခဲ့ကြပြီး အောင်မြင်မှုအတွက် မုဒိတာပွားကာ ၀မ်းသာဂုဏ်ယူပေးခဲ့ကြသည့် ကလပ်အသင်းအသီးသီး၏ ပရိသတ်များ၏ အံ့သြဖွယ်ရာအားပေးမှု၊ စသည့် စသည့် အကြောင်းခြင်းရာများအတွက် ၀မ်းမြောက်ဂုဏ်ယူရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ရတနာပုံအသင်း၏ အောင်မြင်မှုမှသည် မြန်မာဘောလုံးအသင်း၏ အောင်မြင်မှုတိုင်အောင် ဆက်လှမ်းလျှောက်လှမ်း နိုင်ပါစေကြောင်း ..........။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်၊ စနေနေ့။
နေ့လည် ၃ နာရီ ၂၂ မိနစ်တွင်ပြီး၏။

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


balzacquote.png

martinseligmanquote.png

သမိုင်း-ခေါင်းဆောင်နှင့် ရာဇပလ္လင် ထိုင်ခွင့်ရသူ


နိုင်ငံတိုင်း၏ သမိုင်းဖြစ်စဉ်တွင် သမိုင်းလိုအပ်ချက်နှင့်အတူ ဒေသအလိုက်၊ အဖွဲ့အစည်းအလိုက် ခေါင်းဆောင်များ ပေါ်ပေါက်လာကြသည်။ ထိုဒေသ၊ အဖွဲ့အစည်းတို့ကို ရှေ့ဆောင်သူများသည် နောင်အခါ တိုင်းပြည်ခေါင်းဆောင်များ ဖြစ်လာကြသည်။ တိုင်းပြည်ခေါင်းဆောင်သူများသည်ပင် တိုင်းပြည်၏ အကြီးအကဲများ ဖြစ်လာကြသည်။ ထိုသူများအနက် အချို့သည် ရာဇပလ္လင်တွင် ထိုင်ခွင့်ရသူများ ဖြစ်လာကြသည်။

ထိုဖြစ်စဉ်ကိုကြည့်လျှင် ခေါင်းဆောင်တိုင်း ရာဇပလ္လင်ထက်သို့ ရောက်ရှိလာကြသည်ဟု မဆိုနိုင်ကြောင်း တွေ့ရသည်။

ခေါင်းဆောင်နှင့် ရာဇပလ္လင်ကိစ္စကို စဉ်းစားသောအခါ ခေါင်းဆောင်သည် သမိုင်းလိုအပ်ချက်နှင့် ထိုသူတို့၏ "အရည်အသွေး" (သတ္တိ၊ ဗျတ္တိ) ကြောင့် ထင်ရှားလာရခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ရာဇပလ္လင်ထက်တွင် ထိုင်ခွင့်ရသူသည် ထိုသူတို့၏ "ကုသိုလ်ကံကြောင့်" ဟု အကြောင်းရင်း၌ ခံသောကြောင့် အရည်အသွေးထက် ရှေးကုသိုလ်ကံက အဓိကကျသည်ဟု ဆိုနိုင်သည်။ ဤအချက်ကို သာမန်အားဖြင့် ပြောလိုက်လျှင် ဗြုန်းခနဲ လက်ခံနိုင်ရန် ခဲယဉ်းမည်ဖြစ်သော်လည်း စေ့စပ်သေချာသော အတွေးဖြင့် ဖြစ်စဉ်များကို ကျနစွာစဉ်းစားလျှင် မှန်ကန်ကြောင်း တွေ့ရမည်ဖြစ်၏။

နိုင်ငံတိုင်း၏ ခေါင်းဆောင်ဆိုသူ၊ အကြီးအကဲဆိုသူ၊ ရာဇပလ္လင်တွင် ထိုင်ခွင့်ရသူများသည် ထိုပုဂ္ဂိုလ်တို့နှင့် ခေတ်ပြိုင်ပေါ်ခဲ့သော ခေါင်းဆောင်များထက် သတ္တိ၊ ဗျတ္တိအရာတွင် ခေါင်းတစ်လုံး ပိုမြင့်သည်ဟု ရဲရဲကြီး ဆိုနိုင်သူ မရှိသလောက် ရှားသောကြောင့်ဖြစ်သည်။

သမိုင်းလိုအပ်ချက်အရ ပေါ်ပေါက်ခဲ့သော ခေါင်းဆောင်များသည် သတ္တိရော၊ ဗျတ္တိပါ ကောင်းသောကြောင့် ထင်ရှားလာခဲ့ကြသော်လည်း ဆိုခဲ့သည့်အတိုင်း နိုင်ငံအကြီးအကဲအဖြစ် ရာဇပလ္လင်နှင့် အကြောင်းကြောင်းကြောင့် ထိုင်ခွင့်မရဘဲ သမိုင်းစာမျက်နှာတွင် မော်ကွန်တင်ခွင့်ဖြင့်သာ ကျေနပ်ကြရသည်။ [ထိုသူများ ကိုယ်တိုင်ကလည်း ခေါင်းဆောင်အဖြစ် လိုအပ်ချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုထက်ပို၍ အခွင့်အရေး ဆိုရလျှင် မမျှော်မှန်းခဲ့သောကြောင့်လည်း ဖြစ်သည်။]

အချို့သောသူတို့သည် ရှေးဦးဆုံး သမိုင်းစာမျက်နှာ၌ ပထမတန်း ခေါင်းဆောင် မဖြစ်ခဲ့သော်လည်း အခြေအနေနှင့် သူတို့၏ မျှော်မှန်းချက်အရ ထိပ်ဆုံးတန်း အကြီးအကဲများ ဖြစ်လာပြီး ပလ္လင်ထက်၌ ထိုင်ခွင့်ရခဲ့ကြသည်။

ဤနေရာတွင် "မော်ကွန်းတင်ခွင့်" သည် အရေးပါလှ၏။ သမိုင်းစာမျက်နှာများတွင် ဘယ်လိုရေးထိုးခြင်း ခံရသနည်း ဟူသောအချက်မှာ ရာဇပလ္လင်ထိုင်ခွင့်ထက် တန်ဖိုး ရှိလှသည်။ သမိုင်းစာမျက်နှာထက်မှ သူရဲကောင်းသည် ရာဇပလ္လင်ထက်မှ မင်းဆိုးမင်းညစ်ထက် တန်းဖိုးရှိလှ၏။ ထိုအချက်ကို လက်ခံလျှင် အထက်က ဆိုခဲ့သော ခေါင်းဆောင်နှင့် ပလ္လင်ထိုင်ခွင့်ရသူသည် တခြားစီဖြစ်ကြောင်း လက်ခံနိုင်မည်ဖြစ်၏။

ဤကား နိုင်ငံသမိုင်းနှင့် ပတ်သက်၍ ဆိုခြင်းဖြစ်၏။ လူတစ်ဦးချင်းအနေဖြင့်ကား မိမိဘ၀တွင် ရွှေအိမ်နန်းနှင့် စံရခြင်းနှင့် လူအများအတွက် လိုအပ်သောသူ ဖြစ်ရခြင်း ကွာခြားသကဲ့သို့ ဖြစ်၏။ ဤအချက်ကို အချို့က ကြီးပွားခြင်းနှင့် အဖိုးတန်ခြင်းဟု ခွဲခြားသတ်မှတ်ကြသည်။ အတွေးအခေါ်နှင့် စာပေပညာရှင်တို့က ဒုတိယအမျိုးအစားကို ပို၍ အလေးထားကြသည်။

ခေါင်းဆောင်ကောင်းများလျှင် တိုင်းပြည်အတွက် ကောင်း၍ ရာဇပလ္လင်ထက် ထိုင်လိုသူများလျှင် တိုင်းပြည်အတွက် ကောင်းသောလက္ခဏာ မဖြစ်ပေါ်လာနိုင်ပေ။ ထိုအချက်သည် တစ်ဦးချင်းအတွက် အရေးပါသလို တိုင်းပြည်အတွက် အဓိကကျလေသည်။

သမိုင်းဟူသည် ရပ်မနေပေ။ ဆက်၍ ဆက်၍သာ ဖြစ်နေသည်။ ထို့ကြောင့် သမိုင်းထဲမှ ကျွန်ုပ်တို့သည် ခေါင်းဆောင်ကောင်းများအကြောင်း ဖတ်ရှုသိရှိပြီး၍ ဖြစ်ပေါ်လာမည့် ခေါင်းဆောင်များကို မျှော်လင့်နေကြပေသည်။

မှာပါရစေ ပြောပါရစေ - မိုးဟိန်း (သားဂျာနယ်ကျော်)


(၁)
ကိုယ်သေရင် မငိုနဲ့၊
ပါးစိုရုံရှိမှာပေါ့။
သပိတ်မသွတ်နဲ့
လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့
ပြန်လိုက်ရမယ့် အစားမဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊
သံသရာကြီးမှာ လည်ခဲ့သူ။

(၂)
ကိုယ်သေရင် မငိုနဲ့၊
ကြိုကြိုပြီး သေထားသူ။
"ဘုရားရှင်ရဲ့ဂုဏ်တော်" ကို
မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့၊
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့၊
ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာ ကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

[၁၃၇၂ ခုနှစ်၊ ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)]

* * * * * * * * *
moehein.jpg
မိုးဟိန်း (သားဂျာနယ်ကျော်) သည် ဂျာနယ်ကျော် ဦးချစ်မောင် နှင့် ဂျာနယ်ကျော် မမလေး တို့၏ အငယ်ဆုံးသား ဖြစ်ပါသည်။ ကဗျာများ၊ စာများ အများအပြား ရေးသားခဲ့ပြီး ပရိဟိတလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သူဟု သိရပါသည်။ ဆရာကြီးနန္ဒာသိန်းဇံ၏ စာအုပ်တစ်အုပ် (ခယောင်းလမ်းကို ဖြတ်ကျော်ခြင်း) ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်ဟု သိရပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော ကဗျာများအတွက် အမေရိကန်နှင့် အာစီယံမှ ချီးမြှင့်သော ဆုများလည်း ရရှိခဲ့သည်ဟု သိရပါသည်။ ဦးမိုးဟိန်း (သားဂျာနယ်ကျော်) သည် လည်ချောင်းကင်ဆာ ရောဂါဖြင့် ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ပါသည်။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


ကျင့်တရားကျတော့ နည်းပါးသွားပြီ
ဘုန်းကြီးတို့ မြန်မာပြည်မှာ ဟောလိုက်တဲ့တရားတွေ၊ နာလိုက်ကြတဲ့ တရားတွေ အနှံ့အပြားပဲ။ ဟောတရား၊ နာတရားတွေ ပေါကြပါတယ်။ ကျင့်တရားကျတော့ နည်းပါးသွားပြီ။ တကယ်တော့ ကျင့်ဖို့အတွက် ဟောတာ၊ ကျင့်ဖို့အတွက်ပဲ နာရတာ၊ ကိုယ်ကျင့်အဖြစ် မရောက်သမျှ တရားတွေက ဘယ်လောက်ကောင်းကောင်း လိုရင်းရောက်ပြီ၊ ပြည့်စုံပြီလို့ မဆိုနိုင်သေးပါဘူး။

တွေဝေနေကြတယ်
အခုလို အသိဉာဏ်ရှိတဲ့ ဘ၀ကို ရတဲ့အခိုက် အခွင့်ကောင်းတွေကို လက်လွတ်မကုန်ပါစေနဲ့၊ ဘုရားသာသနာတော်ကြီးနဲ့ တွေ့တဲ့အခိုက် လိုချင်တာ ရနိုင်တုန်း ရအောင်ယူလိုက်ကြစမ်းပါ။

သမာဓိ
မြန်မာလူမျိုးတွေက သမာဓိကို အသုံးမချတတ်တော့ အလုပ်ကို စိတ်ရှည်ရှည်နဲ့ မလုပ်ချင်ကြဘူး။

စိတ်ကို အလိုလိုက်လို့ပဲ
စိတ်ကို ထိန်းမထားလို့ရှိရင် ရေထဲမှာ လှုပ်ရှားနေတဲ့ လှိုင်းကြက်ခွပ်များလို လှုပ်ရှားနေတယ်။ လှုပ်ရှားနေရုံတင် မကဘူး၊ နောက်တော့ ဒုက္ခပေးတတ်တယ်။ အဲဒါ စိတ်ကို အလိုလိုက်လို့ပဲ။ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် စိတ်ကို ဆုံးမခြင်းမရှိလျှင် ဒုက္ခနဲ့ ရင်ဆိုင်ကြရမယ်။

လေ့ကျင့်ကြည့်ကြစမ်းပါ
စိတ်ကို မြင့်မြတ်ကြီးထွားလာစေချင်ရင် ဘုရားကို များများအာရုံပြု၊ မေတ္တာများများပို့လို့ရှိရင် ရုပ်လည်း ကြည်လင်တယ်၊ စိတ်လည်း ကြည်လင်တယ်။ ဉာဏ်ပညာတွေပါ ကြည်လင်ပြီး ထက်မြက်လာလိမ့်မယ်။ လေ့ကျင့်ကြည့်ကြစမ်းပါ။ မရဏဿတိဆိုတဲ့ တရားကိုတော့ မလွတ်ရုံလောက်ပဲ လုပ်ကြပါ။

ဓမ္မပဒဂါထာ (၈၄)


န အတ္တဟေတု နပရဿ ဟေတု၊
န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။
န ဣေစၧယ် အဓေမၼန သမိဒၶိမတၱေနာ၊
သ သီလ၀ါ ပည၀ါ ဓမ္မိကော သိယာ။

တရားရှိရင် မတရားမလိုချင်
မိမိတည်းဟူသော အကြောင်းကြောင့်လည်း
မကောင်းမှု မပြုတဲ့သူ၊
သူတစ်ပါးတည်းဟူသော အကြောင်းကြောင့်လည်း
မကောင်းမှု မပြုတဲ့သူ၊
သားသမီးကိုလည်း
မကောင်းမှုဖြင့် မလိုချင်တဲ့သူ၊
ပစ္စည်းဥစ္စာကိုလည်း
မကောင်းမှုဖြင့် မလိုချင်တဲ့သူ၊
တိုင်းပြည်ကိုလည်း
မကောင်းမှုဖြင့် မလိုချင်တဲ့သူ၊
မိမိရဲ့ ပြည့်စုံမှုကိုလည်း
မတရားမှုဖြင့် မလိုချင်တဲ့သူ၊
အဲဒီလို ဘာကိုမှ
မတရား မလိုချင်တဲ့သူသာလျှင်
သီလရှိသူ၊ ပညာရှိသူ၊ တရားရှိသူ ဖြစ်ပါတယ်။

Friday, October 01, 2010

ကျွန်တော်ကြိုက်သော ကာတွန်းတစ်ကွက်


ပို့စ်ခေါင်းစဉ်ကို ဖတ်ပြီးတော့ ရောက်လာတဲ့လူတွေကတော့ ကျွန်တော့်ကို မေတ္တာပို့ကြတော့မှာပဲ။ ဘာလို့လဲဆိုတော့ ကာတွန်းတစ်ကွက်ဆိုပြီး ဘာကာတွန်းမှ တွေ့ရမှာ မဟုတ်လို့ပါ။ အင်း... ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ ဂျာနယ်မှာပါတဲ့ ကာတွန်းကို အဲဒီအတိုင်း ပြန်တင်ပေးဖို့ အဆင်မပြေတဲ့အတွက် အဲဒီကာတွန်းအကြောင်းကို ပြန်ပြောပြမလို့ဗျ။ အစကတည်းက ဘာမှမပြောဘဲ နေရင်လည်း အကောင်းသားဗျ။ နော်? အခုတော့ ကာတွန်းကို မကြည့်ရဘဲ ကျွန်တော်လျှာရှည်ထားတာတွေကို ဖတ်နေရတယ်လေ။ ကျွန်တော်ကလည်း ကာတွန်းကိုသာ ပြန်တင်ပေးနိုင်ရင် အခုလို စကားတွေ ရှည်နေရမှာ မဟုတ်ပါဘူးဗျာ။ နားလည်ပေးကြပါဦး။

ဒီအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၃၊ စာမျက်နှာ-၄ မှာ ဖတ်ရတဲ့ကာတွန်းလေးပါ။ ရေးတဲ့လူကတော့ လက်မှတ်ထိုးပုံအရဆိုရင် ကောင်းထက် ဖြစ်လိမ့်မယ် ထင်ပါတယ်။ မှားနေရင်လည်း ပြင်ပေးကြပါ။

ကာတွန်းကို စကားပြောနဲ့ ပြန်ရှင်းပြတယ်ဆိုပေမယ့် ကာတွန်းကိုမကြည့်လို့ သူ့ရသ လျော့သွားတာမျိုးတော့ မရှိဘူးလို့ ထင်တာပါပဲ။ အင်းလေ... သူ့ဟာနဲ့သူ မူရင်းအတိုင်း ကြည့်ရတာတော့ အကောင်းဆုံးဖြစ်မှာပါ။ ဒါပေမယ့်လည်း အခုတော့ စာလုံးတွေနဲ့ပဲ ကာတွန်းကို ပုံဖော်ခံစားကြည့်လိုက်ကြပါဦးဗျာ။

ကာတွန်းမှာ လူသုံးဦးပုံ ဆွဲထားတယ်ခင်ဗျ။ ဇာတ်ကောင် သုံးကောင်ပေါ့လေ။ လူတစ်ယောက် ရပ်နေတယ်။ မြန်မာဝတ်စုံ အပြည့်အစုံနဲ့ ဆိုပါတော့။ တိုက်ပုံနဲ့ ခေါင်းပေါင်းနဲ့ပေါ့လေ။ လက်ကြီးပိုက်ပြီး ခန့်ခန့်ကြီး ပြုံးလို့ နေသဗျ။

အဲ.. သူနဲ့ ခပ်လှမ်းလှမ်းမှာတော့ လူငယ်နှစ်ယောက် မတ်တတ်ရပ်ပြီး စကားပြောနေကြတယ်။ တစ်ယောက်သောလူငယ်က အပေါ်မှာပြောတဲ့ လူကြီးကို လက်ညှိုးထိုး ညွှန်ပြပြီး အခြားတစ်ယောက်ကို စကားပြောနေတဲ့ဟန်ပါ။ သူပြောတဲ့ ဒိုင်ယာလော့ခ်လေးက ဒီလိုပါတဲ့ခင်ဗျား။

* - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - *

အဲဒီလူလေ... ပါတီထောင်ထားတာ...
ပါတီနာမည်က.... "ရေလိုက်ငါးလိုက် ပါတီ" တဲ့
မူဝါဒက... "ရောယိမ်းလိုက်... ဘသားယိမ်းလိုက်" တဲ့
ကြွေးကြော်သံက.... "မိုးရွာတုန်းရေခံ၊ လသာတုန်း ဗိုင်းငင်၊ နေပူတုန်း စပါးလှမ်း" တဲ့
ကဲ... မနိပ်ဘူးလား....


* - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - *

ဟုတ်ကဲ့.... နိပ်-မနိပ်တော့ မသိပါဘူး။ ကျွန်တော်ကိုဉာဏ်ကတော့ အူနှိပ်ပြီးတော့ကို ရယ်လိုက်ရပါတယ်ဗျာ။ ဖတ်ရတာက ညအိပ်ရာဝင်ခါနီးမှာ စာကြည့်မီးအိမ်နဲ့ဗျ။ အဲဒီကာတွန်းကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်ဖြင့် မေ့ပြီးတော့ အော်ရယ်လိုက်မိတာကိုးဗျ။ ပြီးတော့မှ ညဥ့်နက်သန်းခေါင် လူခြေတိတ်ချိန်မှန်း သတိပြန်ဝင်ရတယ်။

ဒါပေမယ့် အဲဒီကာတွန်းနဲ့ပဲ မရယ်ရဘဲ စိတ်ညစ်ရပြန်တယ်။ ဟော... ကိုဉာဏ်က လုပ်ချလိုက်ပြန်ပြီ။ စောစောက ရယ်ရတယ်ဆိုပြီး အခုကျတော့ စိတ်ညစ်ရပြန်ပြီလို့ မတွေးကြပါနဲ့။ ကျွန်တော်က မနေနိုင်မထိုင်နိုင် သူငယ်ချင်းတစ်ယောက်ကို အဲဒီကာတွန်းကို ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်မိတယ်။ တိုက်တွန်းဆိုတာ စကားအဖြစ် သုံးတာပါ။ မဖြစ်မဖြစ် ဖတ်ခိုင်းတာပါ။ ဂျာနယ်ကို လက်ကကိုင်ပြီး သူ့ကိုအတင်းခေါ်ပြီး ရော့ အဲဒီကာတွန်း ဖတ်ကြည့်ဆိုပြီး အတင်းဖတ်ခိုင်းတာဗျ။ သူက ဖတ်ကြည့်ပါတယ်။ ဒါပေမယ့် မရယ်ဘူးဗျ။ ဖတ်ပြီးပြီတဲ့။ ပြန်ပေးတယ်။ ကျွန်တော် တော်တော်ကြောင်သွားတယ်။ ဘယ်လိုလဲ သဘောကျလားဆိုတော့ မဆိုးပါဘူးတဲ့။ ကျွန်တော်သိလိုက်တယ်။ သူစိတ်ဝင်စားမှု မရှိဘူးကိုး။ သက်ပြင်းရှည်ကြီးပဲ ချလိုက်မိပါတယ်။

ဘာပဲဖြစ်ဖြစ် ကာတွန်းကတော့ တကယ်ရယ်ရတာပါဗျာ။ တွေးကြည့်လေ...သဘောကျလေ... နှစ်ခြိုက်လေ... ရယ်ရလေပါပဲ။ အဲ... အခုစာဖတ်သူလည်း စိတ်ဝင်စားမှု မရှိရင်တော့ ရှိပါစေတော့ဗျာ။ အစားကောင်းစားရလို့ ခင်ဗျားကို သတိရလိုက်မိတဲ့ သဘောရယ်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်၊ သောကြာနေ့။
ညနေ ၅ နာရီ ၂၀ မိနစ်တွင်ပြီး၏။

ဂဠုန်ဦးစောက သမီးဘေဘီစောထံ နောက်ဆုံးပေးစာ


ချစ်သမီးထံသို့
ချစ်သမီးအတွက် အနည်းငယ် ရေးရဦးမည်။ သမီးသည် ငယ်စဉ်မှစ၍ သူတစ်ပါးအသက်ကို မသတ်ဘဲ အမြဲရှောင်ကြဉ်လာခဲ့သလို၊ မိမိ၏ အသက်ထက်ဆုံး မည်သည့်အခါမှ သူတစ်ပါးအသက်ကို မသတ်ပါဟူ၍ မြတ်စွာဘုရား ရှေ့တော်၌ နေ့စဉ်နေ့တိုင်း အဓိဋ္ဌာန်ပြုပါ။ မြင့်မြတ်သော သီလဖြစ်၏။ လူ့အသက်ကို သတ်ခြင်းမှလည်း ရှောင်ကြဉ်ရမည်။ တိရစ္ဆာန်တို့ အသက်ကို သတ်ခြင်းမှလည်း ရှောင်ကြဉ်ရမည်။ ဤတွင် တစ်ခု ပြောရဦးမည်။ တချို့လူတို့ အထင်မှား၊ အမြင်မှား ဖြစ်နေသည်မှာ ကြက်၊ ၀က်၊ ငှက်၊ ဘဲ စသော တိရစ္ဆာန်များကို မိမိတို့ စားသောက်ဖို့အတွက် သတ်လျှင် အပြစ်ရှိသည်။ ငရဲကြီးသည်။ ဘုန်းကြီးဆွမ်းကျွေးဖို့၊ အလှူလုပ်ဖို့ဆိုလျှင် ငရဲမကြီးဘူး၊ ငရဲကြီးလျှင်လည်း နည်းနည်းပါးပါးသာ ကြီးသည်။ အလှူဒါန ကောင်းမှုက အားကြီးလှသဖြင့် ထိုအနည်းငယ်မျှသော ငရဲသည် ပျောက်သွားတာပဲဟု အယူမှားပြီး သူတစ်ပါးအသက် သတ်ဖို့ ၀န်မလေးကြပေ။ ဤအယူဝါဒသည် မှား၏။ ဘာကိစ္စအတွက်ပင် ဖြစ်စေကာမူ မည်သည့်သတ္တ၀ါ၏ အသက်ကိုမျှ မသတ်ထိုက်၊ သတ်လျှင် ငရဲကြီးမည်။ အပြစ်ဖြစ်သည်။ ဤသို့ သူ့အသက် သတ်ခြင်းမှ ရှောင်ကြည်ပါ၏။ တစ်သက်လုံး ရှောင်ကြဉ်ပါသည် ဟူ၍ အဓိဋ္ဌာန်ပြုပြီးနောက် သူ့ဥစ္စာ ခိုးခြင်းမှ ရှောင်ကြဉ်ပါ၏။ တစ်သက်လုံး ရှောင်ကြဉ်ပါသည် စသည်ဖြင့် ငါးပါးသီလ အစဉ်အတိုင်း စိတ်တွင် စွဲစွဲမြဲမြဲထား၍ တစ်သက်လုံး မသေမချင်း လုံခြုံအောင် စောင့်ထိန်းပါ။

သမီးအတွက် ပစ္စည်းရှာခဲ့သည်
ငါ့သမီး ကြီးလာလျှင် ၀တ်ချင်သလို ၀တ်နိုင်ဖို့၊ စားချင်သလို စားနိုင်ဖို့၊ အိမ်ကောင်းကောင်း၊ မော်တော်ကား ကောင်းကောင်း၊ စိန်ရွှေ အ၀တ်အစား ကောင်းကောင်း ၀တ်နိုင်၊ စားနိုင်ဖို့၊ သူများအောက် မကျဖို့၊ ဟန်နှင့်ပန်နှင့် ခန့်ခန့်ညားညား တင့်တယ်စွာ နေထိုင်နိုင်အောင် သမီးအတွက် ရည်ရွယ်၍ ပိုက်ဆံစုလာခဲ့သည်။ မကုန်တန်တာ မကုန်ဖို့ သတိထားကာ ပစ္စည်းဥစ္စာ စုလာခဲ့သည်။

ယခု ငါ့သမီးအတွက် အတော်အတန် ပစ္စည်းပေးနိုင်သဖြင့် ၀မ်းသာပါ၏။

၅ ပါးသီလ အမွေ
ထိုသို့သော ပစ္စည်း ဥစ္စာများထက် အဆပေါင်း ရာထောင်သိန်းသန်းမက အဖိုးတန်သော အမွေကို ဒယ်ဒီပေးခဲ့မည်။ ထိုအမွေကား ငါ့သမီး မသေမချင်း ၅ ပါးသီလ လုံခြုံရန်ဖြစ်သည်။ ၅ ပါးသီလ လုံခြုံလျှင် မသေခင် လူ့ပြည်၌နေစဉ် မျက်နှာမငယ်ရဘဲ၊ သီလတန်ခိုးတော်နှင့် အသက်ရှည်မည်၊ လူချစ်လူခင် များမည်။ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ အမြဲရှိမည်။ ဥစ္စာစီးပွား တိုးတက်မည်။ ၅ ပါးသီလကို နေ့စဉ် လုံခြုံစွာ စောင့်ထိန်းရမည့်အပြင် ၀ါတွင်း၊ ၀ါပ ရှစ်ပါး သိျုွ့ဟုတ် ဆယ်ပါးဥပုသ် စောင့်ပါ။ နေ့စဉ် မှန်မှန် ဘုရားရှိခိုးပါ။ လူနတ်ဗြဟ္မာ သတ္တ၀ါ အားလုံးကို နေ့စဉ် မေတ္တာပို့ပါ။ မကောင်းသော စိတ်တို့ကို ပယ်ဖျောက်၍ ကောင်းသောစိတ်တို့ကို မွေးမြူပါ။ အကုသိုလ် ဒုစရိုက်ဟူသမျှ ရှောင်ပါ။ ကုသိုလ် သုစရိုက် အမှုများကိုသာလျှင် အားထုတ်ပါ။

စိတ်ထက်သောအမျိုး
နောက်အရေးကြီးတာတစ်ခု သမီးအား ဒယ်ဒီ မှာခဲ့ဦးမည်။ ဒယ်ဒီတို့အမျိုးသည် အဖေမျိုး၊ အမေမျိုး နှစ်ဖက်သော အမျိုးတို့ စိတ်အလွန်ထက်ကြသည်။ စိတ်ကောင်း ရှိကြသည်။ သို့သော် သူတစ်ပါး စော်ကားလာလျှင် မခံချင်သော စိတ်ထားက အလွန်အားကြီးကြ၏။ စိတ်ပြင်းထန်၏။ သူများတကာက တစ်ချက်ရိုက်လျှင် ကိုယ်က အချက် ၂၀ ပြန်ရိုက်ချင်သည်။ သူတစ်ပါးက တစ်ချက်ထုလျှင် ကိုယ်က အချက် ၅၀ ပြန်ထုလိုက်ရမှ စိတ်ကျေနပ်သည်။ လက်စား ပြန်မချေရလျှင် တစ်သက်လုံး မမေ့နိုင်၊ မစားနိုင်၊ မနေနိုင်သလို ရှိကြသည်။ သူများကို သွား၍ မစော်ကားနှင့်။ သူများတကာက ကိုယ့်ကို စော်ကားလျှင် ပြန်ချရမည်ဟု အဆင့်ဆင့် အမွေပေးခဲ့သည့်အလား ဒယ်ဒီတို့တစ်မျိုးလုံး ဤသို့ချည်း ရှိကြသည်ကို တွေ့ရ၊ မြင်ရ၊ ကြားရသည်။ ငါ့သမီး ဤသို့ သဘောမရှိလေနှင့်။ မိမိကို စော်ကားမည်ထင်သူနှင့် အပေါင်းအဖော် မလုပ်နှင့်။ အကယ်၍ တစ်စုံတစ်ယောက်က ရန်မူလာလျှင် သည်းခံပါ။ သည်းခံခြင်းသည်ပင်လျှင် ကုသိုလ်ရေး ဖြစ်တော့၏။ သည်းခံသူသည်သာ အနိုင်ရ၏။ ငါတို့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး၏ အလိုတော်၊ တရားတော်နှင့် အညီဖြစ်၏။ လူသာဓု၊ နတ်သာဓု ခေါ်၏။ သတ္တ၀ါအားလုံးအား မေတ္တာထားသူ၊ မိမိရန်သူအပေါ် သည်းခံနိုင်သူကို နတ်များက စောင့်ရှောက်သည်။ နတ်များက မ,စ၏။ သူတော်ကောင်းတို့က ချီးမွမ်း၏။ သာဓုခေါ်ကြ၏။

သူယုတ်မာများနှင့် မပေါင်းသင်းနှင့်
မည်သူနှင့်မဆို စကားပြောရာတွင် သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး၊ ပျော့ပျော့ပျောင်းပျောင်း၊ ဣနြေ္ဒရရ၊ တည်တည်ကြည်ကြည်၊ ချိုသာစွာ ပြောဆိုပါ။ လူကြီးလူကောင်းတို့၏ သမီး၊ ဆွေကောင်း မျိုးကောင်းတို့ ဆိုသည်မှာ ဤသို့ ပြောဆိုရမည်။ ဣနြေ္ဒနှင့် နေထိုင်ရမည်။ သူယုတ်မာများနှင့် အပေါင်းအသင်း မလုပ်ရ။ သူတော်ကောင်းတို့ကို ဆည်းကပ်ပါ။

သူယုတ်မာဆိုသော စကားကို သမီးနားလည်ထားဖို့ ရှင်းပြရဦးမည်။ သူယုတ်မာ ဆိုသည်မှာ လူဆင်းရဲတွေကို ဆိုလိုသည်မဟုတ်။ တချို့လူချမ်းသာ ဖြစ်သော်လည်း သူယုတ်မာ ဖြစ်နေတတ်၏။ အချို့ မည်မျှဆင်းရဲစေကာမူ၊ သူယုတ်မာမဟုတ်၊ သူတော်ကောင်း ဖြစ်၏။ သူယုတ်မာ ဆိုသောစကား၌ များစွာ ကျယ်ဝန်းသော အဓိပ္ပါယ်ရှိ၏။ သူယုတ်မာတို့သည် သစ္စာမရှိကြ၊ သီလမရှိကြ၊ ထို့ကြောင့် သမီးသည် သူယုတ်မာထဲ မပါအောင် သစ္စာရှိရမည်။ သီလရှိရမည်။ အကျင့်စာရိတ္တ ကောင်းရမည်။ သမီးသည် သီလရှိသူ မှန်လျှင်၊ သစ္စာရှိသူဖြစ်လျှင်၊ အကျင့်စာရိတ္တနှင့် ပြည့်စုံလျှင် သူတော်ကောင်းတစ်ယောက် ဖြစ်တော့၏။ သူတော်ကောင်းဆိုလျှင် သိကြားနတ်အပေါင်း ချစ်မြတ်နိုးကြ၏။ ရဟန်းရှင်လူ သူတော်ကောင်းအပေါင်းတို့၏ မေတ္တာကို ခံယူရ၏။ လူမိုက်တစ်သောင်း ကဲ့ရဲ့ငြားသော်လည်း လူလိမ္မာတစ်ယောက် ချီးမွမ်းလျှင် ပျောက်၏ ဆိုသောစကားကို သတိပြုပါ။ လောက၌ လူမိုက်တွေ၊ လူညံ့လူဖျင်းတွေ အလွန်များ၏။ သတိထားပါ။

နောက်အမွေတစ်ခု
အရေးအကြီးဆုံး၊ အဖိုးအတန်ဆုံ၊ နောက်အမွေတစ်ခု ပေးရဦးမည်။ ထိုအမွေကား အခြားမဟုတ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အမြဲဆည်းကပ်ရမည်။ ဤခေတ်၊ ဤအခါကြီးကား ဘုရား၊ တရားကို သိသူ၊ သံဃာတော်များကို ကိုးကွယ်သူ၊ ရတနာသုံးပါးကို ကိုင်းရှိုင်းသူ အလွန် နည်းပါး၏။ အလွန်ရှား၏။ အထူးသဖြင့် ၀မ်းနည်းစရာ ကောင်းတော့၏။

လူ့ဘ၀ကို ရဖို့ အလွန်ခဲယဉ်း၏။ ဘုရားသာသနာနှင့် ကြုံကြိုက်ဖို့ရာ အလွန်ခဲယဉ်း၏။ ယခု သမီးတို့မှာ လူ့ဘ၀ကို ကံအားလျော်စွာ ရောက်လာ၏။ အလွန် အဘိုးတန်သည့် မြတ်စွာဘုရား သာသနာတော်ကြီးနှင့် ကြုံကြိုက်လျက်ရှိ၏။ မသေမီ နေရသမျှ အချိန်ကလေးအတွင်းမှာ ရတနာသုံးပါးကို နေ့ရောညဥ့်ပါ ဆည်းကပ်ကိုးကွယ်ပါ။ ၀ိပဿနာ တရားများ အားထုတ်ပါ။

မြတ်စွာဘုရား၏ ဗုဒ္ဓသာသနာတော်ကြီး၏၀န်ကို ထမ်းဆောင်လျက် ရှိကြကုန်သော ဆရာတော် သံဃာတော်များကို အမြဲကိုးကွယ် ဆည်းကပ်ပါ။ အလှူဒါန ပြုပါ။

လိမ္မာစွာ နေရစ်ပေတော့
မြန်မာပြည်၌ ဘုန်းတော်ကြီးတွေ များနိုင်သလောက် များအောင် ပဉ္စင်းခံ၊ ရှင်ပြုတို့ကို ငါ့သမီး တတ်နိုင်သလောက် လုပ်ပါ။ ရဟန်းဖြစ်ပြီးလျှင် ကိုယ်တော်အရှင်မြတ်များကို ဆွမ်းကျွေးခြင်း၊ သင်္ကန်းလှူခြင်း၊ ကျောင်းဆောက်ကိုးကွယ်ခြင်း၊ ပေးလှူခြင်းများ ပြုလုပ်ပါ။ သူတော်ကောင်းများသော နိုင်ငံအဖြစ်နှင့် မြန်မာပြည်သည် ကမ္ဘာတွင် ထင်ရှားပါစေ။ ဤသို့ဖြစ်ရန် ငါ့သမီးသည် တတ်နိုင်သမျှ ပါဝင်ကူညီပါ။ ဆောင်ရွက်ပါ။ ဘုရားသာသနာတော် အကျိုး၊ သတ္တ၀ါများ၏ အကျိုး၊ မိမိကိုယ်ကျိုးအတွက် ဖြစ်ပေမည်ဟူ၍ တစ်သက်လုံး မှတ်ထားပါ။ ဘုန်းတော်ကြီးများသည် ဗုဒ္ဓမြတ်စွာဘုရား၏ တပည့်များ၊ သားကောင်းရတနာများ ဖြစ်ပေသည်။ သမီးသည် ဆရာတော်၊ သံဃာတော် အရှင်မြတ်များကို အမြဲကိုးကွယ်ပါ။ ဆည်းကပ်ပါ။ လှူဒါန်းပါ။ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ် ကောင်းမှုများကို အမြဲအားထုတ်ပါ။ ဤကား ငါ၏ ချစ်သမီးအား ပေးအပ်ခဲ့သော အမွေပင်တည်း။

လိမ္မာစွာနေရစ်ပေတော့ ချစ်သမီး
မောင်စော

* * * * * * * * * * * * * * * * * *
၆-၅-၁၉၄၈ ရက်နေ့ထုတ် သံတော်ဆင့် သတင်းစာ၌ ပါရှိသည့် မူရင်းအတိုင်း ပြန်လည်တင်ဆက်ပေးထားကြောင်း ဆရာတက္ကသိုလ်စိန်တင်က ရေးသားထားပါသည်။

RELATED:
ဂဠုန်ဦးစောက ဇနီးထံ နောက်ဆုံးပေးစာ

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


mothertheresaquote.png

edwardheathquote.png

တိုင်းပြည်နှင့် လူမျိုး တိုးတက်ဖို့


လူတွေပဲဖြစ်စေ၊ တိုင်းပြည်တွေပဲဖြစ်စေ၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးသည့် အချက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် သိဖို့ ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် သိဖို့ဆိုရာ၌ ကိုယ် တော်တာ၊ တတ်တာတွေချည်း သိနေ၍ မပြီး၊ ကိုယ်ဘာညံ့သည်၊ ဘယ်နေရာတွေ လိုသည်၊ ဘာတွေ ပြုပြင် ဖြည့်ဆည်းရမည် စတာတွေလည်း သိဖို့လိုသည်။

တချို့က ကိုယ့်ကိုယ်ကိုယ် သိပ်တော်သည်၊ တတ်သည် ထင်ကြသည်။ အလုပ်ကျတော့ မလုပ်။ အဲသည်ခါ သူများလောက် ဘယ်တော့မှ မဖြစ်မြောက်။

ဖွံ့ဖြိုးတိုးတက်သည့် တိုင်းပြည်များမှာ အလုပ်လုပ်သော စိတ်သည် အမျိုးအရိုး၏ အသွေးအသားထဲမှာပင် ပါနေသလား ထင်ရသည်။ အလုပ်ကို ၀န်ထုပ်ဝန်ပိုးဟု သူတို့ သဘောမထားကြ။ အနုပညာရှင်၊ အတတ်ပညာရှင်များရော လုပ်ငန်းသမားများပါ ပညာအလုပ်၊ စီးပွားအလုပ်ကို ထက်သန်မှု အပြည့်နှင့် ကျားကုတ်ကျားခဲ လုပ်ကြသည်။

တချို့လူမျိုးကတော့ အလုပ်လုပ်ရသည်ကို ဒုက္ခတစ်ခု ခံစားနေရသည်ပမာ သဘောထားကြသည်။ အလုပ်လုပ်မှ ရမည်ဆိုလျှင် နေပါစေ၊ မရလျှင်လည်း ကိစ္စမရှိဟု ဆိုချင်ကြသည်။ အဲသည်တော့ တကယ်လည်း မရကြ။

တစ်ခါက ကော်စကာရီကာနိုင်ငံတွင် တရုတ်တိုင်ပေမှ စိုက်ပျိုးရေး ပညာရှင်အဖွဲ့တစ်ဖွဲ့ ရောက်လာပြီး စံပြစပါးခင်းတစ်ခု စိုက်ပျိုးသည်။ သူတို့ စိုက်ခင်းက စပါးနှံတွေ ခိုင်ဖြီး လှပပြီး အထွက်နှုန်းကလည်း ကော်စကာရီကာ ထုံးစံထက် အဆမတန် သာလွန်နေရာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက လယ်သမားတွေ ဖိတ်ခေါ်၍ စိုက်ခင်းကို ပြကြသည်။ လာကြည့်သူများကလည်း စိုက်ခင်းက တရုတ်တိုင်ပေ လယ်လုပ်သားတွေ လုပ်ငန်းကျွမ်းကျင်တာရော၊ အထွက်နှုန်းကောင်းတာကိုပါ သဘောကျကာ ချီးမွမ်းစကား ဆိုကြသည်။

သို့သော် ကော်စကာရီကာသား စစ်စစ်ဟု ဆိုရမည့် ပုဂ္ဂိုလ်တစ်ယောက်ကတော့ တရုတ်တိုင်ပေ လယ်သမားတစ်ယောက်ကို မေးသည်။ "ခင်ဗျား တစ်ရက်မှာ ဘယ်နှနာရီ အလုပ်လုပ်ရသလဲ"

"၁၂ နာရီ" ဟု တရုတ်တိုင်ပေသားက ဖြေသည့်အခါ ကော်စကာရီကန်က ပြုံး၍ မှတ်ချက်ချသည်။ "အဲသလောက် လုပ်မှတော့ ဘယ်သူမဆို ဖြစ်တာပေါ့ဗျာ" ဟူ၍။

အလုပ်မလုပ်ဘဲ အောင်မြင်သည့် နည်းလမ်းဆိုလျှင်တော့ သူစိတ်ဝင်စားမည်၊ သို့မဟုတ်လျှင်တော့ ဘာလုပ်မည်လဲ ဟူသောသဘော။

တချို့လူမျိုးကတော့ မလုပ်တာ မဟုတ်။ သို့သော် ၀တ္တရားကျေလုပ်သည်။ မအောင်မြင်သည့်အခါကျတော့ ဟိုလူ့အပြစ်ပုံချ၊ သည်လူ့အပြစ်ပုံချ။

ကိုယ့်အပြစ်ကို သူများ ပုံချရာ၌ ဗိုလ်စွဲသွားသည့် ကိုလံဘီယာပြည်က ဇာတ်လမ်းတစ်ပုဒ် ရှိသည်။

ကိုလံဘီယာမှာ နွားပေါသည်။ ထို့ကြောင့် သားရေထွက်သည်။ သို့သော် သူတို့ သားရေပစ္စည်းလုပ်ငန်းက ပြည်ပသို့ တိုးမပေါက်။

ကိုလံဘီယာသည် တောင်အမေရိက မြောက်ဖျားမှာရှိသည်။ သူ့အထက်ဘက် သိပ်မဝေးသော နေရာမှာ ဧရာမ သားရေပစ္စည်း ဈေးကွက်ကြီး ရှိသည်။ အမေရိကန်ပြည်။

သည်ဈေးကွက်ကြီးထဲ ၀င်တိုးနိုင်လျှင် ချမ်းသာပြီ။

ထို့ကြောင့် အစိုးရနှင့် သားရေလုပ်ငန်းသမားများက သူတို့ပစ္စည်း ဘာကြောင့် တိုးမပေါက် ဖြစ်နေရသလဲ စူးစမ်းလေ့လာပြီး တိုးပေါက်အောင် လုပ်နိုင်မည့် နည်းလမ်းများ ရှာဖွေတင်ပြပေးရန် ကုမ္ပဏီတစ်ခုကို ငှားရမ်းခိုင်းစေသည်။

ကုမ္ပဏီသည် နယူးယောက်မြို့မှာရှိသည့် နိုင်ငံတကာမှ သားရေပစ္စည်း အ၀ယ်တော်များနှင့် အမေရိကန်ပြည် အနှံ့အပြားရှိ သားရေအိတ် အရောင်းဆိုင်များမှ ပုဂ္ဂိုလ်ပေါင်း ထောင်ချီ၍ တွေ့ဆုံမေးမြန်းသည်။

ထိုမေးမြန်းချက်များမှ ရရှိသည့် အချက်အလက်အားလုံးကို အနှစ်ချုပ် ကြည့်လိုက်သည့်အခါ အဖြေတစ်ခု ရှင်းရှင်းလင်းလင်း ထွက်လာသည်။ ယင်းက ကိုလံဘီယာနိုင်ငံလုပ် သားရေအိတ်များသည် အရည်အသွေး ညံ့ဖျင်းပြီး ဈေးအလွန်ကြီးနေသည်ဟု ဟူ၍ ဖြစ်သည်။

သို့နှင့် ကုမ္ပဏီက သည်ချို့ယွင်းချက်ကို ကုစားနိုင်မည့် နည်းလမ်းရှာဖွေရန် ကိုလံဘီယာပြည်ဘက်သို့ ပြည်လှည့်ပြီး စုံစမ်းရေး လုပ်ရသည်။

သားရေအိတ်လုပ်ငန်းရှင်များအား "ခင်ဗျားတို့ ပစ္စည်းက ကွာလတီမမီဘူးဗျာ။ ဈေးကျတော့ များနေတယ်။ အဲဒါ ဘာကြောင့်လဲ" မေးသည့်အခါ။

"အဲဒါ ကျွန်တော်တို့အပြစ် မဟုတ်ဘူးဗျ" ဟု ဖြေကြသည်။ အဲဒါ သားရေလုပ်ငန်းရှင်တွေကြောင့် ဖြစ်တာဗျ။ သူတို့ သားရေတွေက ညံ့တယ်။ အာဂျင်တီးနားသရေဆိုရင် သိပ်ကောင်းတာ။ ဒါပေမယ့် အစိုးရက ပြည်တွင်း သားရေလုပ်ငန်းကို အကာအကွယ် ပေးတဲ့အနေနဲ့ ပြည်ပသားရေကို သွင်းကုန်ခွန် အများကြီးကောက်တော့ ကျွန်တော်တို့ မ၀ယ်နိုင်ဘူး။ ပြည်တွင်းဖြစ် သားရေအညံ့ကိုပဲ မတန်တဲ့ဈေးပေးပြီး သုံးနေရတယ် စသဖြင့် သူတို့က ထောက်ပြကြသည်။

သို့နှင့် သားရေလုပ်ငန်းရှင်များထံ သွားကြပြန်သည်။ သူတို့ကိုမေးတော့ သူတို့ကလည်း မဆိုင်းမတွပင်။ "ကျွန်တော်တို့အပြစ် မဟုတ်ဘူးဗျ" ဟု ဆိုပြန်သည်။ ဘယ်သူ့အပြစ်လဲမေးတော့ သားသတ်ရုံများနှင့် ဆိုင်သည်တဲ့။ သားသတ်လုပ်ငန်းရှင်တွေက အသားကရသော အမြတ်ကို အဓိကထားပြီး လုပ်ကိုင်ကြသူများဖြစ်ရာ သားရေခွာသည့်အခါ ဂရုမစိုက်ကြ။ အဲသည်တော့ အနာအဆာ အပွန်းအပဲ့ များသည်။ သားရေနယ်သမားက ရသည့် သားရေနှင့်ပဲ အလုပ်လုပ်ရတာ ဖြစ်သည်ဟု ရှင်းပြသည်။

ကိုင်း၊ ဒါဖြင့် သားသတ်ရုံတွေဆီ သွားကြစို့ဆိုပြီး သားသတ်သမားများကို မေးတော့ သားရေခွာတဲ့ အလုပ်တော့ ကျုပ်တို့လည်း ကောင်းကောင်း လုပ်တတ်တာပေါ့ဗျာ။ အခု ကိစ္စက ကျုပ်တို့ အပြစ်မဟုတ်၊ ခြံပိုင်ရှင်တွေကြောင့် ဖြစ်တာဟု ဆိုကြပြန်သည်။ ခြံပိုင်ရှင်တွေက နွားသူခိုးကို ကြောက်တော့ သူတို့နွားတွေမှာ ခြံတံဆိပ် နှိပ်ကြသည်။ သံနဲ့လုပ်တဲ့ ခြံတံဆိပ်တုံးကို မီးရဲရဲဖုတ်ပြီး နွားအရေပြားမှာ ကပ်တာပေါ့ဗျာ။ နွားသူခိုးတွေက နွားမှာပါတဲ့ အသားတံဆိပ်ကို ဆင်တူယိုးမှား နောက်တံဆိပ်တစ်မျိုးနဲ့ ထပ်နှိပ်ပြီး ပုံဖျက်တတ်တယ်။ အဲဒီတော့ အလွယ်တကူ မလုပ်နိုင်အောင် ခြံရှင်က သူ့နွားတွေမှာ အသားတံဆိပ်ကို တစ်ခုထက်မက နှိပ်ကြတော့ အရေပြားတွေ ပျက်စီးတာပေါ့ဗျာဟု ရှင်းပြကြသည်။

သို့နှင့်၊ စုံစမ်းသူတွေ နွားခြံရှင်များထံ သွားကြပြန်သည်။ ပြဿနာက သူတို့ဆီမှာ လက်စသတ်လိမ့်မည်ဟု မှတ်ယူကြသည်။ သူတို့မှာတော့ နောက်ထပ်လွှဲချစရာ လူမကျန်တော့ဘူး မဟုတ်လား။

သို့သော်၊ ခြံပိုင်ရှင်များကလည်း ကျွန်တော်တို့အပြစ် မဟုတ်ပါဘူးဗျာဟု ဆိုပြန်သည်။

ဒါဖြင့် ဘယ်သူ့အပြစ်တုန်းဆိုတော့ "နွားတွေဗျာ" တဲ့။ နွားတွေက စဉ်းစားဉာဏ်မရှိ၊ ကိုယ့်အရေပြား ပျက်စီးမှာ၊ အဲဒီက ဆက်ပြီး ကိုလံဘီယာ သားရေအိတ်လုပ်ငန်းကြီး ထိခိုက်မှာတွေ သူတို့ မသိ။ အဲသည်တော့ မှတ်ကိုက်၍ ယားသည့်အခါတိုင်း နွားခြံ သံဆူးကြိုးကို နာနာတိုးကြသည်။ ဒါကို သူတို့လည်း ဘာမှမတတ်နိုင်ဟု ဆိုကြသည်။

သုတေသနလုပ်သည့် ကုမ္ပဏီကတော့ တိတိကျကျ ဖော်ပြစရာ အကြောင်းရင်းကို သိသွားပြီ။ ကိုလံဘီယာက သားရေပစ္စည်းလုပ်ငန်းကြီး မအောင်မြင်ရခြင်းသည် ကိုလံဘီယာက နွားတွေ ဉာဏ်နည်းသောကြောင့် ဖြစ်သည်။

သို့သော် နွားတွေ ဉာဏ်ရှိလာအောင် လုပ်ဆောင်ရန် နည်းလမ်းကိုကား ၎င်းတို့ ရှာမပေးနိုင်ခဲ့။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမျိုးတို့၏ ဓလေ့စရိုက်များကို ဆက်စပ်လေ့လာသော ပညာရှင်တို့ကမူ မိမိ အလုပ်ကို အကောင်းဆုံးလုပ်မည်ဟု သဘောမထား၊ အပြစ်တင်စရာ လူရှာမရလျှင် နွားကို ပုံချသော စိတ်ဓာတ်မျိုးနှင့်ကား ဘယ်တိုင်းပြည်၊ ဘယ်လူမျိုးမှ တိုးတက်လာစရာ အကြောင်းမရှိဟု ကောက်ချက်ချကြပါသည်။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


သူတော်ကောင်းတို့ရဲ့ နိုင်ခြင်း
သူတော်ကောင်းတို့ရဲ့ နိုင်ခြင်းဆိုတာ နှလုံးအေးအေးနဲ့ ပြုံးပြုံးကလေး မေတ္တာနဲ့ နိုင်ခြင်း၊ သည်းခံလိုက်လို့ နိုင်ခြင်းကိုသာ ခေါ်ပါတယ်။

လက်လှမ်းမီရာ
ကုသိုလ်ဆိုတာ လိုလည်း လိုချင်ရပါတယ်။ ၀ါသနာလည်း ရှိရပါတယ်။ ကိုယ်နဲ့လက်လှမ်းမီရာ ကုသိုလ်တွေ နေ့စဉ် အားထုတ်ကြပါ။

လူတွေဟာ အတွက်လွဲနေကြတယ်
သီလဆိုတာ ဒါနထက် ပိုပြီး အားကိုးရပါတယ်။ အားကိုးရမှာကို အားမကိုးကြဘဲနဲ့ ဟိုးလေးတကျော်ကျော် လူသိနတ်ကြား ဒါနကို ပြုလုပ်ပြီးတော့ အားကိုးနေကြတယ်။ လူတွေဟာ အတွက်လွဲနေကြတယ်နော၊ ဒါနဘက်မှာ ၀ါသနာကြီးသလောက် သီလဘက်မှာကျတော့ ချွတ်ယွင်းနေကြပါတယ်။ သီလမပါရင် စိတ်ချမ်းသာမှု မရနိုင်ပါဘူး။ သေခါနီးလေ သီလက အားကိုးရလေပဲ။

ဓမ္မပဒဂါထာ (၈၃)


သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ၊
န ကာမကာမာ လပယန္တိ သန္တော။
သုခေန ဖုဋ္ဌာ အထ ၀ါ ဒုခေန၊
န ဥစ္စာဝစံ ပဏ္ဍိတာ ဒဿယန္တိ။

အမြဲတည်ငြိမ်မှ သူတော်ကောင်း
ပညာရှိသူတော်ကောင်းတွေဟာ
ခန္ဓာငါးပါး စတဲ့
သဘောတရားအားလုံးနဲ့ ပတ်သက်ပြီး
တွယ်တာတပ်မက်မှုကို
တကယ့်ကို စွန့်လွှတ်နိုင်ကြပါတယ်။
ပညာရှိသူတော်ကောင်းတွေဟာ
ကာမဂုဏ်ရလိုစိတ်နဲ့
မပြောသင့်တဲ့စကားတွေ
လုံးဝ မပြောဆိုကြပါဘူး။
ပညာရှိသူတော်ကောင်းတွေဟာ
ချမ်းသာနဲ့ပဲတွေ့တွေ့
ဆင်းရဲနဲ့ပဲ ကြုံကြုံ
ဝမ်းသာတဲ့ အမူအရာ
ဝမ်းနည်းတဲ့ အမူအရာ
လုံးဝ မပြကြပါဘူး။

 
Web Statistics